← Chapters

Extra 2.3

Vol. 12 Ch. 136

Extra 2.3

Vol. 12 Ch. 136

"မဖြစ်နိုင်တာ မေမေ သမီးကို ဘာလို့ အဲ့လိုတွေးရတာလဲ။ သမီးက မေမေ့ရဲ့ ကလေးလေး မဟုတ်တော့ဘူးလား။" ဖေးရှောင်ရှက ခါးထောက်လိုက်သည်။

ဖေးကျန့်က ခနဲ့တဲ့တဲ့ ရယ်ပြီး ပြောလိုက်သည်။ "တော်စမ်းပါ ဖေးရှောင်ရှ ငါတို့မိသားစုထဲမှာ နင့်ရဲ့ ဆိုးညစ်တဲ့ စာရိတ္တကို အကုန်သိကြတယ်ကွ။"

"လာပြီး စားကြတော့။" ထမင်းစားပွဲ၏ ဦးထိပ်ဆုံးနေရာရှိ ဖေးကျီအန်းက စားပွဲကို ခေါက်လိုက်သည်။

ထိုအခါ လူငယ်လေးများ ချက်ချင်း ဆော့ကစားနေခြင်းကို ရပ်တန့်လိုက်ပြီး ငြိမ်သက်စွာ ထိုင်လိုက်ကြသည်။

ဖေးရှောင်ရှက သူမ၏ အစ်ကိုနှစ်ယောက်ကို မျက်တောင်တစ်ဖက် မှိတ်ပြလိုက်သည်။ မောင်နှမသုံးယောက်သည် သူတို့၏ မိခင်က ဖခင်ထံသို့ လျှောက်သွားပြီး ထိုင်ချလိုက်သည်ကို ကြည့်နေကြသည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူတို့၏ ဖခင်က သူမ၏ လက်ကို ဆုပ်ကိုင်ထားလိုက်သည်။

ကုဟွိုက်သည် ထိုအမျိုးသမီး၊ ယခုအချိန်အထိ ဓာတ်ပုံထဲတွင်သာ တွေ့ဖူးခဲ့သော ထိုတစ်ယောက်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။

အသက်အရွယ်အရဆိုလျှင် သူမသည် သုံးဆယ်ကျော်အရွယ် ရှိသင့်ပေပြီ။ သို့သော် အချိန်တရားက သူမ၏ မျက်နှာပေါ်တွင် အမှတ်အသားများ ချန်ထားခဲ့ခြင်း မရှိပေ။ သူမ၏ အသားအရေသည် ချောမွေ့နူးညံ့နေဆဲဖြစ်ပြီး သူမ၏ မျက်လုံးများသည် ဘဝ၏ အခက်အခဲများ မထိတွေ့ဖူးသကဲ့သို့ တောက်ပ ကြည်လင်နေသည်။

သူမသည် ကောင်းမွန်စွာ နေထိုင်နေရသည်မှာ ထင်ရှားပြီး လက်တွေ့ဘဝမှ လုနန်နှင့် လုံးဝ ကွာခြားလှသည်။

ကုဟွိုက်သည် သူမက ဖေးကျီအန်းကို သဘာဝကျကျ ပြုံးပြနေသည်ကို ကြည့်နေခဲ့သည်။ တုံ့ပြန်မှုအနေဖြင့် ဖေးကျီအန်း၏ အေးစက်သောပုံစံသည် သူ၏ အကြည့်က လုနန်နှင့် ဆုံသည့်အခိုက်တွင် အရည်ပျော်သွားပုံရသည်။ သူ၏ အမူအရာသည်... နူးညံ့သိမ်မွေ့သည်ဟုပင် ဆိုရမည်။

နူးညံ့သိမ်မွေ့ခြင်းလား။

ကုဟွိုက်သည် သူ မျက်စိမှားနေသည်ဟုပင် ထင်မိမတတ် ဖြစ်သွားသည်။ သူသည် "နူးညံ့သိမ်မွေ့သော" ဟူသော စကားလုံးက ဖေးကျီအန်းကို ဖော်ပြနိုင်လိမ့်မည်ဟု မည်သည့်အခါကမျှ စိတ်ကူးမယဉ်ဖူးခဲ့ပေ။

အကယ်၍ ထိုသူက သံမဏိကဲ့သို့ လျစ်လျူရှုတတ်ပြီး မာကျောသော ဖေးကျန့်ကဲ့သို့ တစ်ယောက်ယောက် ဖြစ်ခဲ့ပါလျှင် နူးညံ့သော အမူအရာကို ပြသခြင်းက ကုဟွိုက်ကို ထိတ်လန့်စေမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ဖေးကျန့်၏ အစောပိုင်း အေးစက်မှုသည် ဖေးကျီအန်းကို အတုခိုးခြင်းမျှသာဖြစ်ပြီး အတင်းအကျပ် ဟန်ဆောင်ထားခြင်းသာ ဖြစ်သည်။ ဘဝ၏ ရုန်းကန်မှုများကို တွေ့ကြုံပြီးနောက် ထိုအေးစက်မှုသည် ဖေးကျန့်ကို သတ်မှတ်ဖော်ပြသော မာကျောပြီး ထူးခြားသည့် လက္ခဏာတစ်ခု ဖြစ်လာခဲ့သည်။

သို့သော် ဖေးကျီအန်းနှင့်မူ ကွဲပြားသည်။ ကုဟွိုက် အတွက်မူ ဖေးကျီအန်း၏ အေးစက်မှုသည် အစစ်အမှန်ဖြစ်သည် ... အထီးကျန်ဆန်ပြီး ချဉ်းကပ်ရခက်ကာ မည်သူမျှ သူနှင့် နီးစပ်နိုင်ခြင်း မရှိအောင် ဝေးကွာလှသည်။

ပိုက်ဆံနှင့် အာဏာသည် သူ့အတွက် ဆွဲဆောင်မှု မရှိပုံရသည်။ သူသည် ဆန္ဒများ သို့မဟုတ် လိုအပ်ချက်များ မရှိသော နတ်ဘုရားတစ်ပါးနှင့် တူသည်။ ထိုကဲ့သို့သော ဘဝ၏ အဓိပ္ပာယ်ကား ဘာများဖြစ်နိုင်မည်နည်း။

ပြီးတော့ အမှန်ပင် ထိုသို့ဖြင့်ပင် သူ သေဆုံးသွားခဲ့သည်။

ကုဟွိုက် မမျှော်လင့်ထားခဲ့သည်မှာ သူ၏ အိပ်မက်များထဲတွင် ဖေးကျီအန်းက ထိုကဲ့သို့သော တစ်ဖက်ခြမ်းကို ပြသနိုင်လိမ့်မည်ကိုပင်။ ဖေးကျန့်ပင်လျှင် လုံးဝ ကွဲပြားခြားနားသော လူတစ်ယောက် သူ၏ မောင်နှမများအပေါ် ချစ်ခင်သော အစ်ကိုကြီးတစ်ယောက် ဖြစ်နေခဲ့သည်။

ဒါက ရယ်စရာကောင်းသော်လည်း ငြင်းမရနိုင်အောင် လှပနေသည်။ ထိုအလှတရားက ကုဟွိုက်ကို မုန်းတီးစေခဲ့သည်။

ဒါက ရူးသွပ်စရာပင်။

ကုဟွိုက်၏ မျက်နှာထားသည် တဖြည်းဖြည်း အမှောင်ကျလာသည်။ သူသည် ဤကဲ့သို့သော ယောင်မှားဖွယ် အလှတရားမျိုးကို မည်သည့်အခါကမျှ မလိုချင်ခဲ့ပေ။

"ဒုတိယအစ်ကို အစ်ကို့မျက်နှာထားက ကြောက်စရာကြီး" ဖေးရှောင်ရှက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

လုနန်နှင့် ဖေးကျန့် နှစ်ဦးစလုံး သူ့ဆီသို့ လှမ်းကြည့်ခဲ့ကြသည်။ ကုဟွိုက်သည် အလိုအလျောက် ခေါင်းငုံ့လိုက်ပြီး သူ၏ အမူအရာကို ထိန်းချုပ်လိုက်သည်။

မိဘနှစ်ပါးစလုံးရှိပြီး စည်းလုံးသော မောင်နှမ သံယောဇဉ်ရှိသော ကုဟွိုက်သည် ထိုကဲ့သို့သော မိသားစု ပတ်ဝန်းကျင်တွင် နေထိုင်ရသဖြင့် သန့်ရှင်းပြီး အပြစ်ကင်းစင်နေသင့်သည်။ သူသည် ဖေးရှောင်ရှ ပြောခဲ့သော "ကြောက်စရာ" အမူအရာကို မပြသသင့်ပေ။

"ရှောင်ဟွိုက်? သား နေမကောင်းဘူးလား။" လုနန်က စိုးရိမ်တကြီး မေးလိုက်သည်။

ကုဟွိုက်၏ လက်ချောင်းများ အနည်းငယ် လှုပ်ရှားသွားပြီးနောက် လက်သီးတစ်လုံးအဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ဒါက အိပ်မက်တစ်ခုသာ... သူက "ကုဟွိုက်" မဟုတ်သည့် အချက်ကို အဘယ်ကြောင့် ဖုံးကွယ်ထားရမည်နည်း။

"...ကျွန်တော် အဆင်ပြေပါတယ်။"

ခဏတာ ရုန်းကန်ပြီးနောက် သူ၏ ဆုပ်ထားသော လက်များ ဖြေလျော့သွားပြီး သူ၏ အနည်းငယ် ရှည်လျားသော ဆံပင်ရှေ့မွေးများက ကုဟွိုက်၏ မျက်နှာကို ဖုံးကွယ်သွားသဖြင့် သူ၏ အမူအရာကို မြင်ရန် ခက်ခဲသွားစေသည်။

သူသည် ဤအိပ်မက်က မည်မျှအထိ အဓိပ္ပာယ်မရှိသည်ကို ကြည့်ချင်ရုံသာ ဖြစ်သည်။

"ဒါဆို ကောင်းတာပေါ့။"

လုနန်က မောင်နှမ သုံးယောက်၏ ခေါင်းများကို တစ်ချက် ကြည့်လိုက်ပြီး အကြံပြုလိုက်သည်။ "ဒီနေ့ မေမေ ရှားရှားပါးပါး အားနေတယ်။ ဒီတော့ အားလုံးကို ဆံပင်ညှပ်ပေးရင် ဘယ်လိုလဲ။"

ရှောင်ရှက ပထမဆုံး လက်ထောင်လိုက်သည်။ "ဟုတ်! သမီးလည်း မေမေ့ကို ဆံပင်ညှပ်ပေးစေချင်တယ်။ ဒုတိယအစ်ကိုရဲ့ နောက်ဆုံးတစ်ခေါက်က ပုံစံလိုမျိုး။ သမီးလည်း ချောမောတဲ့ ကောင်လေးတစ်ယောက် ဖြစ်ချင်လို့။"

ဖေးကျန့်က ကြားဖြတ်ပြောလိုက်သည်။ "ဟားဟား ဒုတိယ ညှပ်တုန်းကတော့ သူက ချောမောတဲ့ကောင်လေး ဖြစ်သွားတာ။ ဒါပေမဲ့ နင် ညှပ်လိုက်ရင်တော့ နင်က ပေါက်ကျော်မလေး ဖြစ်သွားမှာ။"

ဖေးကျန့်က ရှောင်ရှကို စနောက်နေခြင်း ဖြစ်သည်။

သမီးက ဖခင်၏ ရုပ်ရည်ကို ယူလေ့ရှိသည်မှာ အံ့ဩစရာ မဟုတ်ဘဲ ဖေးရှောင်ရှသည်လည်း ခြွင်းချက် မဟုတ်ပေ။ ဖေးကျီအန်းသည် ထိပ်တန်းအဆင့် ချောမောသော အမျိုးသားတစ်ဦးဖြစ်ပြီး ထင်ရှားသော မျက်ခုံးနှင့် အရိုးအဆစ်များ ရှိရာ ဖေးရှောင်ရှတွင်ပင် သူမ အပြည့်အဝ မကြီးပြင်းသေးသော်လည်း လှပနေစေလိမ့်မည်။

သို့သော် ရှောင်ရှသည် နွေရာသီ တလျှောက်လုံး အပြင်တွင် ကစားရင်း အသားညိုသွားခဲ့သည်။ သူမ၏ ဆံပင်သည် နူးညံ့ပြီး ရှည်လျားသော်လည်း အကယ်၍ ဆံပင်တို ညှပ်လိုက်ပါက ဖေးကျန့် စနောက်သကဲ့သို့ "ပေါက်ကျော်မလေး" တစ်ယောက်ကဲ့သို့ အမှန်တကယ် ဖြစ်သွားလိမ့်မည်။

ရှောင်ရှက မျက်ဖြူလှန်လိုက်ပြီး ပရိယာယ်ကြွယ်စွာ ပြုံးလိုက်သည်။ "အစ်ကိုကြီး မေမေက သမီးတို့ကို ဆံပင် ညှပ်ပေးမယ်လို့ ပြောတယ်။ အစ်ကို ထုံးစံအတိုင်း ခိုးပြီး ထွက်ပြေးဖို့တော့ အစီအစဉ်မရှိဘူးမလား။"

ဖေးကျန့်က မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

ဒီကောင်မလေး မင်းရဲ့ အစ်ကိုကြီးကိုတောင် လှည့်ကွက်တွေ သုံးတတ်နေပြီပေါ့။

"ဒါဆို ကောင်းတာပေါ့။" ရှောင်ရှက ကျေနပ်စွာဖြင့် ပြောလိုက်သည်။

"အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ အစ်ကိုကြီးရဲ့စကားက ယုံလို့ရလောက်မှာပါ။"

စားနေစဉ် စကားမပြောရ၊ အိပ်နေစဉ် စကားမပြောရပေ။

မနက်စာစားပြီးနောက် လူတိုင်းက အဘွားဝူဟု ခေါ်ကြသော သက်ကြီးရွယ်အို အမျိုးသမီးက ဗီရိုထဲမှ ညှပ်စက်များ ကတ်ကြေးများနှင့် ပလတ်စတစ် ခြုံထည်တစ်ခုကို ထုတ်ယူလိုက်ပြီး တာဝန်အတွက် အပြည့်အစုံ ပြင်ဆင်ထားသည်။

ဖေးကျီအန်းနှင့် အန်တီဝူတို့ကိုပါ ထည့်သွင်းတွက်ချက်လျှင် လုနန်သည် ခေါင်းငါးလုံးကို ကိုင်တွယ်ရမည် ဖြစ်သည်။ သူမ တစ်ခဏမျှ စဉ်းစားလိုက်ပြီး ၎င်းသည် အလွန်ပင်ပန်းလိမ့်မည်ဟု သိလိုက်သောကြောင့် ညှပ်စက်ကို ဖေးကျန့်ဆီသို့ ကမ်းပေးလိုက်သည်

"အကြီးဆုံးက ဒီမှာ။ မင်းနဲ့ မင်းအဖေက ညှပ်စက်ကိုသုံးပြီး အချင်းချင်း ညှပ်ပေးလိုက်ကြ။ ဘာပဲဖြစ်ဖြစ် စစ်သားတွေဆိုတော့ ဘာဆန်းပြားတဲ့ ဆံပင်ပုံစံမှ မထားနိုင်ဘူးလေ။"

"ဒါကို သားအဖကြားက ဆက်ဆံရေး တိုးတက်စေတယ်လို့ပဲ သဘောထားလိုက်ပေါ့။" လုနန်က ထပ်ပြောလိုက်သည်။

ဖေးကျန့် - "???"

သူသည် အသက် သုံးဆယ် ရှိနေပြီဖြစ်ပြီး သုံးနှစ် မဟုတ်ပေ။ သူက သူ့အဖေနဲ့ ဆက်ဆံရေး တိုးတက်အောင် လုပ်နေရဦးမည်လား။

သူ စိတ်ထဲတွင် မြည်တွန်တောက်တီးနေသော်လည်း ဖေးကျန့်သည် ညှပ်စက်ကို ယူလိုက်ဆဲပင်။ လုနန်၏ စေ့စပ်သေချာပြီး ဂရုတစိုက် ညှပ်ပေးသော နည်းလမ်းနှင့် ယှဉ်လျှင် သူက လျင်မြန်ပြီး တိုက်ရိုက်ကျသော နည်းလမ်းကို ပိုသဘောကျသည်။ သူနှင့် သူ့အဖေ အချင်းချင်း ဆံပင်ညှပ်ပေးခြင်းက ဖေးကျန့်အတွက် အဆင်ပြေစေသည်။

ဖေးကျီအန်းက တုံ့ပြန်ခြင်း မရှိသော်လည်း လုနန် ပျင်းရိနေသည်ကို ခန့်မှန်းမိသည်။ သူမသည် မိသားစုတစ်စုလုံး၏ ဆံပင်ကို ညှပ်ပေးရန် စိတ်အားထက်သန်စွာ ကမ်းလှမ်းခဲ့သော်လည်း မစတင်မီမှာပင် သူမသည် နှစ်ယောက်ကို တွန်းထုတ်လိုက်လေပြီ။

ကောင်းလေသည်... အခက်အခဲများနှင့် ရင်ဆိုင်ရလျှင် နောက်ဆုတ်ခြင်းသည် လုနန်၏ ပုံစံပင်။

ကလေးများကို ထိုင်ခုံများ ရွှေ့ခြင်းနှင့် ရေခပ်ခြင်း တာဝန်ကို ပေးအပ်ခဲ့သည်။ လုနန်နှင့် ဖေးကျီအန်း တို့သည် ရေဇလုံများ ယူရန် ရေချိုးခန်းသို့ သွားခဲ့ကြသည်။

အထဲသို့ ရောက်သည်နှင့် လုနန်က လက်ပိုက်ပြီး ဖေးကျီအန်းကို စိုက်ကြည့်လိုက်သည်။ "ရှင် ခုနက ရှင့်စိတ်ထဲမှာ ကျွန်မကို မကောင်းပြောနေတာလား။"

ဖေးကျီအန်းက ဖြတ်ခနဲ ပြုံးလိုက်သည်။ "ကိုယ်က မင်းကို ဘာလို့ မကောင်းပြောရမှာလဲ။"

လုနန်က ငတုံး မဟုတ်ပေ။ သူက ဝန်ခံချက်တစ်ခုကို ဖျားယောင်းနေမှန်း သူမ သိသည်။ ထို့ကြောင့် သူမ မေးကို မာနကြီးစွာ မော့ထားလိုက်သည်။ "အော် ကျွန်မ သတိမထားမိဘူးလို့ မထင်နဲ့။ ရှင့်ကို ကျွန်မ ကောင်းကောင်းသိတယ်။ ရှင့်မျက်နှာကို ကြည့်တာနဲ့ ကျွန်မ သိနိုင်တယ်။ ရှင် ခုနက ကျွန်မကို မကောင်းပြောနေတာ။ ဖုံးကွယ်ဖို့ မကြိုးစားနဲ့။"

ထိုသို့ဖြင့် လုနန်သည် ခက်ထန်လာပြန်သည်။ "ကျွန်မကို မကောင်းမပြောရဘူး !"

ဖေးကျီအန်းက ညင်သာစွာ ရယ်လိုက်ပြီး လုနန်ကို ညင်ညင်သာသာ ပွေ့ဖက်လိုက်ကာ သက်ပြင်းချလိုက်သည်။ "ဒီလိုနဲ့ နှစ်တွေ အများကြီး ကြာခဲ့ပြီပဲ။"

အချိန်သည် မြစ်ရေစီးဆင်းသကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွားသည်။ သူ၏ ဘဝတွင် နောက်ထပ် ဆယ်စုနှစ် မည်မျှ ကျန်တော့သည်လား သူ မသိသော်လည်း သူ လုပ်နိုင်သမျှမှာ ပစ္စုပ္ပန်ကို တန်ဖိုးထားပြီး သူမကို ပို၍ ကောင်းမွန်စွာ ဆက်ဆံရန်သာ ဖြစ်သည်။

လုနန်သည်လည်း ခြေဖျားထောက်လိုက်ပြီး ဖေးကျီအန်း၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။ ကလေးတစ်ယောက်ကဲ့သို့ သူမ၏ မျက်နှာကို အနမ်းတောင်းသလို လှည့်လိုက်သည်။ "ဒီမှာ။"

သူမ၏ ပါးကို နမ်းမည့်အစား ဖေးကျီအန်းက သူမ၏ နှာခေါင်း၊ သူမ၏ နှုတ်ခမ်း ထို့နောက် သူမ၏ နီရဲသော နှုတ်ခမ်းများကို ညင်သာစွာ နမ်းလိုက်သည်...

ဧည့်ခန်းထဲတွင် ကုဟွိုက်က ဖေးရှောင်ရှကို ထိုင်ခုံများ ရွှေ့ရာတွင် ကူညီပေးနေပြီး ဖေးကျန့်က ရေခပ်ရန် မီးဖိုချောင်သို့ သွားခဲ့သည်။

အပေါ်ယံတွင် ဖေးရှောင်ရှသည် ပေါ့ပေါ့ပါးပါး နေတတ်ပုံရသော်လည်း သူမသည် အမှန်တကယ်တွင် အလွန် ထက်မြက်သူ ဖြစ်သည်။ သူမသည် သူမ၏ အစ်ကိုလတ်တွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိပြီး တိုက်ရိုက် မေးလိုက်သည်။

"ဒုတိယအစ်ကို အစ်ကို ပျော်မနေဘူးလား။"

ကုဟွိုက်သည် သူမ၏ ထက်မြက်သော အကဲခတ်တော်မှုကြောင့် အံ့အားသင့်သွားသော်လည်း ဂရုမစိုက်ဟန်ဖြင့် တုံ့ပြန်လိုက်သည်။ "ဘာလို့ အဲ့လို ပြောတာလဲ။"

"ဒီတိုင်း ခံစားချက်သက်သက်ပါ။"

ဖေးရှောင်ရှက သူမ၏ မေးကို ကုတ်ပြီး အလေးအနက် ပြောလိုက်သည်။ "သမီး ကြီးလာရင် ရဲအရာရှိတစ်ယောက် ဖြစ်လာမှာ။"

ကုဟွိုက်သည် သူမ၏ စကားများကြောင့် မရယ်ဘဲ မနေနိုင် ဖြစ်သွားရသည်။ ဒါက သွေးသားတော်စပ်မှုကြောင့် ဖြစ်စေ သို့မဟုတ် အိပ်မက်၏ လွှမ်းမိုးမှုကြောင့် ဖြစ်စေ သူသည် ဖေးရှောင်ရှကဲ့သို့ ညီမငယ်တစ်ယောက် အမှန်တကယ် ရှိစေချင်မိသည်။ သူမ၏ လှုပ်ရှားမှုတိုင်းသည် အလွန် ချစ်စရာကောင်းလှသည်။

သူ လက်ဆန့်ထုတ်လိုက်သော်လည်း လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။ သူ လက်ပြန်ရုတ်မည့်ဆဲဆဲတွင် ဖေးရှောင်ရှက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး လူကြီးတစ်ယောက်လို ခေါင်းခါကာ သူမ၏ ခေါင်းကို သူ၏ လက်ထဲသို့ တွန်းထိုးထည့်လိုက်သည်။

"တော်ပြီ တော်ပြီ။ အစ်ကိုက သမီးဆံပင်ကို ကိုင်ချင်နေမှန်း သမီး သိပါတယ်။ ဟုတ်တယ်လေ သမီးက ဒီလောက် ချစ်စရာကောင်းတာကို ဘယ်သူက သမီးဆံပင်ကို မကိုင်ချင်ဘဲ နေမှာလဲ။"

"အစ်ကိုက သမီးရဲ့ အစ်ကိုဖြစ်နေပြီး စိတ်မကောင်းဖြစ်နေတာမို့ သမီးရဲ့ ထက်မြက်ပြီး တန်ဖိုးရှိတဲ့ ခေါင်းလေးကို မဆိုင်းမတွ ကိုင်ခွင့်ပေးလိုက်မယ်။ ဟူး.. တစ်ခါတစ်လေ ဒီလောက် လှနေတာက ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ..."

သူမ၏ မြည်တွန်တောက်တီးမှုများ ရှိနေသော်လည်း ဖေးရှောင်ရှသည် ကြောင်လေးတစ်ကောင်ကဲ့သို့ ပြုမူကာ သူမ၏ ခေါင်းကို ကုဟွိုက်၏ လက်ဖဝါးဖြင့် ပွတ်သပ်နေပြီး သူမ၏ မျက်လုံးများမှာ ကျေနပ်မှုဖြင့် မှေးစင်းနေသည်။

ကုဟွိုက်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင် သူမ၏ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။

ပြတင်းပေါက်မှ လေနုအေးများ တိုက်ခတ်ဝင်ရောက်လာပြီး ကုဟွိုက်သည် အိပ်မက်ထဲတွင် နွေဦး ရာသီဖြစ်နေသည်ကို ရုတ်တရက် သတိပြုမိသွားသည်။

"ညီမလေးက ဘာလို့ ရဲအရာရှိ ဖြစ်ချင်ရတာလဲ။" ကုဟွိုက်က မေးလိုက်သည်။

ဖေးရှောင်ရှက သူ့ကို နားမလည်သလို ကြည့်လိုက်သည်။ "သမီးက မိသားစုထဲမှာ အထက်မြက်ဆုံး လူတွေထဲက တစ်ယောက်လေ။ ဒီလို ကြီးမြတ်တဲ့ အရည်အချင်းကို ဘယ်လို အလဟဿ အဖြစ်ခံနိုင်မှာလဲ။ ဟုတ်ပါတယ် သမီးက ရှားလော့ခ်ဟုန်းလို အမှုတွေကို ဖြေရှင်းပြီး လူဆိုးတွေကို ဖမ်းမှာပေါ့။"

သူက တိုးညှင်းစွာ မေးလိုက်သည်။ "တကယ်လား။ ဒါဆို ဆယ့်ခြောက်နှစ်အရွယ် ကုဟွိုက် ကကော။"

"အစ်ကိုလား။ အစ်ကို တက္ကသိုလ်က ဘွဲ့ရရင် ကျေးလက်ဒေသကို သွားပြီး ကျေးရွာ အရာရှိတစ်ယောက် ဖြစ်လာမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ညီမလေးတို့ ပြည်သူ့အကျိုးကို အတူတူ ထမ်းဆောင်ကြဖို့နဲ့ အစ်ကိုကြီးနဲ့ မပေါင်းဖို့ သဘောတူခဲ့ကြတယ် မဟုတ်ဘူးလား။"

ဖေးရှောင်ရှက သူမ၏ ဒုတိယအစ်ကိုကို သံသယဝင်စွာ ကြည့်လိုက်ပြီး သူက ထိုအစီအစဉ်ကို တကယ် မေ့သွားပြီလားဟု တွေးနေမိသည်။

"နောက်ဆုံးအပိုင်းက နင် ထပ်ထည့်လိုက်တာ။ ငါ ဘယ်တုန်းကမှ အဲ့လို မပြောခဲ့ဘူး။"

ကုဟွိုက်က သူ၏ လက်ကို ပြန်ရုတ်လိုက်ပြီး ထိုင်ခုံကို ရွှေ့ရန် သွားလိုက်သည်။

ဖေးရှောင်ရှက အနေရခက်စွာ ခေါင်းကုတ်လိုက်ပြီး နောက်ထပ် ထိုင်ခုံတစ်လုံးကို ယူကာ ကုဟွိုက် နောက်သို့ လိုက်သွားသည်။ "အင်း ဒါက သမီးပြောချင်တဲ့ သဘောတရားပါပဲ..."

ဖေးကျန့်၊ ကုဟွိုက်နှင့် ဖေးရှောင်ရှတို့ ထိုင်ခုံများအားလုံးကို ရွှေ့ပြီး ရေခပ်ပြီးသည့်နောက် လုနန်နှင့် ဖေးကျီအန်းတို့လည်း ရေချိုးခန်းထဲမှ ထွက်လာကြသည်။

လုနန်က လက်လှမ်းယပ်ပြီး ကုဟွိုက်ကို ခေါ်လိုက်သည်။ "ဟွိုက်ဟွိုက် သား အရင်ဆုံးလာ။"

"..." ကုဟွိုက် တောင့်တင်းသွားသည်။ သူ့ကို တကယ်ပဲ ထိုသို့ ခေါ်လိုက်ခြင်းလား။ သူ အိပ်မက်ထဲ ရောက်နေမှန်း သိနေပြီ မဟုတ်လား? သို့သော် သူက သူ့အမေကို ဟွိုက်ဟွိုက်ဟု ခေါ်စေချင်နေတုန်းပင်။

လုနန်က သူ၏ အမူအရာကို သတိမထားမိပေ။ "လာလေ ဆိုဖာပေါ်မှာ လှဲလိုက် ဒါမှ မေမေ မင်းဆံပင်ကို လျှော်ပေးလို့ရမှာ။"

ကုဟွိုက်၏ မျက်နှာသည် ရှုပ်ထွေးသွားပြီး ဆိုဖာဆီသို့ လျှောက်သွားခဲ့သည်။

"ဘာရပ်လုပ်နေတာလဲ။ လှဲလေ။" လုနန်က ရေ၏ အပူချိန်ကို စမ်းသပ်ရင်း ထပ်ပြောလိုက်သည်။ ကုဟွိုက် မလှုပ်မယှက် ဖြစ်နေသည်ကို မြင်သောအခါ သူမ ထပ်ပြောလိုက်သည်။

ဤတစ်ကြိမ်တွင် ကုဟွိုက်သည် နာခံစွာ လှဲချလိုက်ပြီး ရေနွေးနွေးများက သူ၏ ဆံပင်ကို စိုစွတ်သွားစေကာ သူ့မိခင်၏ ညင်သာသော လက်ချောင်းများက ဆံမျှင်များကြားထဲသို့ ထိုးဖောက် ဝင်ရောက်လာခဲ့သည်။

ထိတွေ့မှုသည် အလွန် အစစ်အမှန်ဆန်ပြီး ကုဟွိုက် သည် သူ့ကိုယ်သူ ဆက်လှည့်ဖြားနိုင်ခြင်း မရှိတော့ပေ။ ဤသည်မှာ သူ၏ အိပ်မက် မဟုတ်ဘဲ သူက အခြားတစ်ယောက် ဖြစ်လာသော တကယ့် ကမ္ဘာတစ်ခု ဖြစ်နိုင်သည်။

ချစ်ခင်သော မိသားစုမှ ပျော်ရွှင်သော ဆယ်ကျော်သက်တစ်ဦး သက်တောင့်သက်သာရှိသော ဘဝတွင် နေထိုင်ကာ ဖြောင့်မတ် ကြင်နာတတ်ပြီး စံနမူနာများနှင့် ရည်မှန်းချက်များ ရှိသည်။ မည်မျှ မနာလိုဖွယ် ကောင်းလိုက်ပါသနည်း။

သူ၏ ဘဝသည် အခြားသောလမ်းတစ်ခု ရှိနိုင်ခဲ့သည်ကို သူ သဘောပေါက်လိုက်သည်။

"မေမေ..." ကုဟွိုက်သည် ပထမဆုံးအကြိမ်အဖြစ် သူ၏ မိခင် မျက်လုံးများကို တည့်တည့် ကြည့်လိုက်ပြီး သူတို့၏ တူညီသော မျက်လုံးများ ဆုံမိသွားခဲ့သည်။ "မေမေ" ဟူသော စကားလုံးသည် သဘာဝအတိုင်း ထွက်ပေါ်လာသည်။

"အင်း။" လုနန်က ညင်သာစွာ တုံ့ပြန်လိုက်သည်။

"ဘဝမှာ လမ်းမှားကို လျှောက်မိပြီး အမှားတွေ လုပ်မိရင် နောက်ပြန်လှည့်လို့ ရနိုင်မလား။"

လုနန်က ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။ "ရတာပေါ့။ ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်လို အမှားမျိုးပဲ လုပ်ခဲ့လုပ်ခဲ့ ရပ်တန့်ဖို့ အမှားကို ပြင်ဆင်ဖို့ အပြစ်ဖြေဖို့ ပြီးတော့ အသစ်ကနေ ပြန်စဖို့ တကယ့် သတ္တိရှိဖို့ လိုတယ်။"

"လမ်းမှားကို ဆက်လျှောက်ဖို့ အတင်းအကျပ် လုပ်နေပြီး ဆက်သွားဖို့ကလွဲလို့ ရွေးချယ်စရာ မရှိဘူးလို့ ပြောနေတဲ့သူတွေက သူတို့ရဲ့ ကြောက်ရွံ့မှုအတွက် ဆင်ခြေပေးနေတာပဲ။"

သူမ စကားမဆုံးမီမှာပင် ကုဟွိုက်သည် မျက်လုံးများ မှိတ်လိုက်ပြီး အိပ်ပျော်သွားခဲ့သည်။ လုနန်က မရယ်ဘဲ မနေနိုင် ဖြစ်သွားရသည်။

"ဒီကောင်လေးက ပြန်အိပ်ပျော်သွားပြန်ပြီ။ မင်းဆံပင်ကို လျှော်ပေးတိုင်း မင်းက အိပ်ပျော်သွားတာပဲ။ ဘယ်လောက်တောင် သက်တောင့်သက်သာ ရှိနေလို့လဲ။"

လုနန်က ဖေးရှောင်ရှ၏ ဆံပင်ကို လျှော်ပြီး ညှပ်ပေးပြီး နောက်ဆုံးတွင် ကုဟွိုက် နိုးလာခဲ့သည်။ သူ အပျင်းကြောဆန့်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ အံ့အားသင့်စွာ ပြောလိုက်သည်။

"ငါ ပြန်ရောက်လာပြီ။"

ဖေးရှောင်ရှက သူ့ကို လှောင်ပြောင်လိုက်သည်။ "ပြန်ရောက်လာပြီ။ ဟုတ်လား။ ဒုတိယအစ်ကို အသ်ကို အိပ်မက်မက်နေတာ ဖြစ်ရမယ်။ အစ်ကို အိပ်မက်ထဲမှာ ဘယ်နေရာကို သွားလည်ခဲ့တာလဲ။"

ကုဟွိုက်သည် ခဏမျှ တုံ့ဆိုင်းသွားပြီး မေးလိုက်သည်။ "အဲ့ဒါက အိပ်မက်တစ်ခုပဲလား။"

ကုဟွိုက်သည် သူ၏ အိပ်မက်ထဲမှ မြင်ကွင်းကို တွေးတောရင်း ရှုပ်ထွေးမှုကို ဘေးဖယ်ထားလိုက်သည်။ "ကံကောင်းတာက ဒါက အိပ်မက်တစ်ခုပဲ... ဒါပေမဲ့ ငါ ဘယ်လိုလုပ် ဧည့်ခန်းထဲကို ရောက်နေတာလဲ။"

"အစ်ကို ငတုံးလား။ မေမေက အစ်ကို့ဆံပင်ကို လျှော်ပေးတယ် ပြီးတော့ အစ်ကို အိပ်ပျော်သွားတယ်။ ဟဲ ငါ့ဆံပင်ပုံစံသစ်ကို ကြည့်လိုက် မလှဘူးလား။" ဖေးရှောင်ရှက ခေါင်းခါပြီး သူမ၏ ဒုတိယအစ်ကိုကို ဂုဏ်ယူစွာ ပြသလိုက်သည်။

ကုဟွိုက် တောင့်တင်းသွားပြီး နံရံပေါ်ရှိ နာရီကို လှမ်းကြည့်လိုက်ရာ မနက် ဆယ်နာရီ ရှိနေသည်ကို တွေ့လိုက်ရသည်။

ကုဟွိုက်က ဖေးရှောင်ရှကို မေးလိုက်သည်။ "ဒီနေ့ ဘယ်နေ့လဲ။"

သူမက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ "၁၀ ရက်နေ့။"

၁၀ ရက်နေ့တွင် နေ့တစ်ဝက်သာ ကုန်ဆုံးသေးသော်လည်း ညကတည်းက ယခုအချိန်အထိ သူ၏ စိတ်ထဲတွင် မှတ်ဉာဏ် တစ်စုံတစ်ရာ မရှိပေ။

ဒါက တကယ်ပဲ အိပ်မက်တစ်ခု ဖြစ်ခဲ့တာလား။

ထိုအရာက အိပ်မက် မဟုတ်ခဲ့ပေ။

ကုဟွိုက် ထိုအရာသည် အိပ်မက် မဟုတ်ကြောင်း အပြည့်အဝ သိရှိနေသည်။

"နိုးပြီလား။" ဖေးကျန့်က ကုဟွိုက်ကို ထူးထူးခြားခြား နူးညံ့သော လေသံဖြင့် ပြောလိုက်သည်။

လွန်ခဲ့သော ခဏက ကုဟွိုက်သည် စကားစပြောသော်လည်း ရုတ်တရက် သူ၏ ပခုံးပေါ် မှီလိုက်ပြီး အိပ်ပျော်သွားခဲ့သည်။ ဖေးကျန့်က သူ့ကို မနှိုးချင်သောကြောင့် နာရီဝက်ခန့် စောင့်ဆိုင်းခဲ့သည်။

ကုဟွိုက် မော့ကြည့်လိုက်ရာ ဖေးကျန့်၏ မျက်နှာကို သူ့ရှေ့ တည့်တည့်တွင် တွေ့လိုက်ရသည်။ သူသည် မထီမဲ့မြင်ဟန်ဖြင့် မျက်နှာလွှဲလိုက်ပြီး မြေပြင်မှ ထရပ်လိုက်သည်။

"အဟမ်း..."

သက်တမ်းတစ်ဝက်ကြာ ပြိုင်ဘက်များ ဖြစ်ခဲ့ကြရာ ကုဟွိုက်က ဤအမူအရာကို ပြသသောအခါ ဖေးကျန့်သည် သူ့ကို ချက်ချင်း ထိုးချင်စိတ် ပေါက်သွားသည်။ ဒါ သူ ရင်းနှီးသော ကုဟွိုက်ပင် ဖြစ်သည်။

ဒါဆို ခုနက နာခံတတ်သော ညီလေးသည် အလိမ်အညာတစ်ခုသာ ဖြစ်သည်။ ဖေးကျန့်သည် သူ၏ ဇာတ်လမ်းကို ယုံကြည်လုနီးပါး ဖြစ်သွားခဲ့သည်။

ဖေးကျန့်၏ မျက်နှာ အမှောင်ကျသွားသည်။ "ကုဟွိုက် မင်း တကယ်ကြီးလား။ မင်း အသက်ကြီးနေပြီ အခုထိ ဇာတ်လမ်းတွေ လုပ်ပြီး လှည့်ကွက်တွေ သုံးနေတုန်းပဲ။ တော်တော်ပျော်စရာ ကောင်းလို့လား။"

ကုဟွိုက်သည် ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ သူ၏ မိခင်နှင့် ပထွေး၏ အုတ်ဂူများနှင့် ရှေ့မှ ပန်းများကို တွေ့သောအခါ သူ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဒူးထောက်လိုက်သည်။

ဖေးကျန့် မျက်မှောင်ကြုတ်လိုက်သည်။ သူတို့ ရောက်ရှိလာစဉ်က တစ်ကြိမ် ဒူးထောက်ခဲ့ပြီး ဖြစ်သော်လည်း ကုဟွိုက်၏ ယခု အပြုအမူသည် ဟန်ဆောင်မှုတစ်ခု မဟုတ်သကဲ့သို့ ဖြစ်နေသည်။

"အဟမ်း ခင်ဗျား... သူ ခင်ဗျားကို ပြောပြခဲ့တဲ့ ဇာတ်လမ်းကို ကျွန်တော့်ကို ပြောပြနိုင်မလား။" ကုဟွိုက်က တိုးညှင်းစွာ မေးလိုက်သည်။

ဖေးကျန့် အံ့အားသင့်သွားပြီး မယုံနိုင်စရာ အတွေးတစ်ခု သူ၏ စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။ "မင်း ဘာကို ဆိုလိုတာလဲ။ ခုနက ဇာတ်လမ်းကို ငါ့ကို ပြောပြခဲ့တာ မင်း မဟုတ်ဘူးလား။"

"အင်း အဲ့ဒါ ကျွန်တော် မဟုတ်ဘူး။" ကုဟွိုက်က ငြင်းဆိုခြင်း မပြုပေ။

ဖေးကျန့် တောင့်တင်းသွားပြီး အချိန်အတော်ကြာပြီးနောက် သူ ပြောလိုက်သည်။ "ငါ သိသားပဲ... သူက မင်းနဲ့ မတူဘူး။"

သူသည် ကုဟွိုက်၏ ရှင်းပြချက်ကို အမှန်တကယ် လက်ခံခဲ့ပြီး ထိုကဲ့သို့သော ထူးဆန်းအံ့ဖွယ် ဇာတ်လမ်းကို ယုံကြည်ခဲ့သည်။

"သူက ဘယ်လို လူစားမျိုးလဲ။" ကုဟွိုက်က မေးလိုက်သည်။

ကုဟွိုက်နှင့် ရန်ဖြစ်နေကျ ဖေးကျန့်သည် စဉ်းစားမနေဘဲ ဖြေလိုက်သည်။ "သူက မင်းထက် အများကြီး သာတယ်။ ညင်သာပြီး ရိုးသားတယ် သူ့မှာ မင်းရဲ့ ကောက်ကျစ်မှုတွေ ထက်မြက်မှုတွေ တစ်ခုမှ မရှိဘူး။"

"ဟုတ်တယ် သူက ကျွန်တော့် သာပါတယ်။" ကုဟွိုက်က ခါးသက်စွာ ရေရွတ်လိုက်သည်။

ဒါက အမှန်တကယ် မနာလိုဖွယ်ရာ ဖြစ်သည်။

ကုဟွိုက်သည် သုံးကြိမ်တိုင်တိုင် ဦးညွှတ်ပြီးနောက် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူ လှည့်ထွက်ပြီး သုဿန်ထွက်ပေါက်ဆီသို့ လျှောက်သွားသည်။

ဖေးကျန့် နောက်တစ်ကြိမ် အံ့အားသင့်သွားပြန်သည်။ ဤသည်မှာ သူ သိသော ကုဟွိုက် ဟုတ်သေးရဲ့လား။ သူက ဘယ်တုန်းက အလျှော့ပေးခဲ့ဖူးလို့လဲ။

"မင်း ငါ့ဇာတ်လမ်းကို နားမထောင်တော့ဘူးလား။ ဘာလဲ စိတ်မဝင်စားတော့ဘူးလား။"

ကုဟွိုက် ရပ်တန့်လိုက်ပြီး သူ့ကို ပြန်လှည့်ကြည့်လိုက်သည်။ "ခင်ဗျား စကားမပြောဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား။"

'ကောင်းပြီ' ဖေးကျန့် တွေးလိုက်မိသည်။ 'နောက်ဆုံးတော့ ပုံမှန်အခြေအနေ ပြန်ရောက်သွားပြီ။' "ငါ မင်းကို ပြောပြမယ်။"

ဖေးကျန့်က ကုဟွိုက်ကို အမီလိုက်ရင်း ပြောလိုက်သည်။

သူတို့ နှစ်ယောက် ဘေးချင်းယှဉ်လျက် လျှောက်သွားကြပြီး တစ်ယောက်က ဇာတ်လမ်းကို ပြောပြကာ နောက်တစ်ယောက်က တိတ်ဆိတ်စွာ နားထောင်နေသည်။

သူတို့ သုဿန်မှ ထွက်ခွာသည့်အချိန်တွင် ဇာတ်လမ်း ပြီးဆုံးသွားပြီ ဖြစ်သည်။

သူတို့ ဤမျှ ငြိမ်းချမ်းစွာ အတူတကွ လမ်းလျှောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ထိုသည်က ထူးဆန်းစွာ အသစ်အဆန်း ဖြစ်နေသလို ခံစားရသည်။

သူတို့ မခွဲခွာမီ ဖေးကျန့်က ကုဟွိုက်ကို မေးလိုက်သည်။ "မင်းက သူ မဟုတ်ဘူးလို့ ပြောတယ် ဒါဆို သူ ဘယ်ရောက်သွားလဲ။"

ကုဟွိုက်က ညင်သာစွာ ချောင်းဆိုးပြီး ရိုးသားစွာ ပြောလိုက်သည်။ "သူက သူပိုင်တဲ့နေရာ သူ့ဇာတ်လမ်းဆီကို ပြန်သွားပြီ။"

ဖေးကျန့် ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။ "အဖေ့ရဲ့ ဂူဗိမာန်ပေါ်က အန်တီ လုရဲ့ ဓာတ်ပုံကို မင်း မှတ်မိလား။ သူက အဲ့ဒါကို အဖေ ဖွက်ထားခဲ့တာလို့ ပြောတယ်။ သူ့အပြောအရ သူ့ကမ္ဘာမှာပဲဖြစ်ဖြစ် ငါတို့ကမ္ဘာမှာပဲဖြစ်ဖြစ် အဖေက အန်တီ လုကို အမြဲတမ်း ချစ်ခဲ့တယ်။ ဒါပေမဲ့ ဘာလို့ အဆုံးသတ်တွေက ဒီလောက် ကွာခြားသွားရတာလဲ။ ဘယ်နေရာမှာ လွဲချော်သွားခဲ့တာလဲ။"

"အဖေက အန်တီလုကို အမြဲတမ်း သဘောကျခဲ့တယ်ဆိုရင် ဒါဆို ဘာလို့..."

ကုဟွိုက်က အဝေးသို့ လှမ်းကြည့်လိုက်သည်။ "ဘယ်သူ သိနိုင်မှာလဲ.."

ဖေးကျန့်က ကုဟွိုက်ကို ထူးဆန်းစွာ ကြည့်လိုက်ပြီး ဤအတွေ့အကြုံပြီးနောက် ကုဟွိုက်သည် မှောင်မိုက်မှုနှင့် စွဲလမ်းမှု နည်းပါးသွားပုံရသည်ဟု ခံစားမိသည်။ "မင်း ဒေါသမထွက်ဘူးလား။ မင်းရဲ့ သေးသိမ်တဲ့ စိတ်ထားနဲ့ဆို မင်း သူ့ကို မုန်းလိမ့်မယ်လို့ ငါ ထင်ခဲ့တာ။"

ကုဟွိုက်သည် ဖေးကျန့်ကို ပြန်ဖြေရန် စိတ်မဝင်စားတော့ပေ။ သူသည် ဆယ့်ခြောက်နှစ်အရွယ် ကုဟွိုက်၏ ကမ္ဘာတွင် ယာယီ ရှင်သန်ခဲ့ရသော်လည်း သူ ဘယ်တုန်းကမျှ မခံစားဖူးခဲ့သော မိသားစု ချစ်ခြင်းမေတ္တာကို ခေတ္တမျှ ခံစားခဲ့ရပြီး ထိုအရာများကို ရုတ်တရက် ဆုံးရှုံးလိုက်ရသော်လည်း ကုဟွိုက် ခံစားရသမျှမှာ မနာလိုမှုနှင့် မကျေနပ်မှုသာဖြစ်ပြီး အမုန်းတရား မဟုတ်ပေ။

သူသည် ဆယ့်ခြောက်နှစ်အရွယ် ကုဟွိုက် မဟုတ်တော့ပေ။ လုနန် ချစ်သော သားသည် သူဖြစ်သော်လည်း သူက ထိုသူ မဟုတ်ပေ။ မာနကြီးသော ကုဟွိုက်သည် သူ့ကိုယ်သူ မပိုင်ဆိုင်သော အချစ်ကို ခေတ္တမျှ ခိုးယူခွင့် ပေးခဲ့ပြီး အခြားကမ္ဘာတစ်ခုတွင် တစ်စုံတစ်ယောက်က သူ့ကို ချစ်ခဲ့သည်ဟု သူ့ကိုယ်သူ ပြောကြားခဲ့သည်။

ထို့အပြင် သူသည် ဤကမ္ဘာတွင် အထီးကျန်ရန် ကံကြမ္မာပါသူ တစ်ဦးတည်း မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် သူ၏ ဘေးတွင် ရပ်နေသည်။ သူ့ဘဝ၏ ရန်သူ သူ့အစ်ကို။

အပြန်လမ်းတွင် ကုဟွိုက်သည် သူ၏ လက်အောက်ငယ်သားထံမှ ဖုန်းကို လက်ခံ ဖြေကြားလိုက်သည်။

"ဟယ်လို၊ ကျားကြီး၊ အစီအစဉ်ကို ဖျက်လိုက်၊ ပြီးရင် လူတွေကို ပြန်ဆုတ်ခိုင်းလိုက်။"

အခြားတစ်ဖက်မှ အံ့အားသင့်သော အသံ ထွက်ပေါ်လာသည်။

"အစ်ကိုကြီး အစ်ကိုကြီး စဉ်းစားပြီးပြီလား။ ကျွန်တော် ပြောသားပဲ ဒါက စွန့်စားရတာနဲ့ မတန်ဘူးလို့။ ကောင်းပြီ ကျွန်တော် ညီအစ်ကိုတွေကို အခု ပြန်ဆုတ်ခိုင်းလိုက်မယ်။"

"စကားမစပ်... အစ်ကိုကြီး အစ်ကိုကြီးရဲ့ ကျန်းမာရေး... ကျွန်တော် ဒီလိုပြောတာကို စိတ်မဆိုးပါနဲ့။ ဒါပေမဲ့ ကျန်းမာရေးက အရာအားလုံးအတွက် အခြေခံပဲ။ ကျွန်တော်တို့ရဲ့ ဘဝတွေက ရှည်လျားပါတယ် ဒီကိစ္စကို ထပ်ပြီး မနှောင့်နှေးပါနဲ့တော့။"

ကုဟွိုက် ခဏရပ်တန့်သွားပြီး ညင်သာစွာ ချောင်းဆိုးလိုက်ကာ ပြောလိုက်သည်။ "ကောင်းပြီ။"

ဖုန်းချပြီးနောက် ကုဟွိုက်က ယာဉ်မောင်းကို ညွှန်ကြားလိုက်သည်။

"ငါ့ကို ဆေးရုံ ပို့ပေး။"

ကြောက်ရွံ့သူတစ်ယောက် ဖြစ်ရခြင်းထက် သူက ရဲရင့်သော လူတစ်ယောက် ဖြစ်ချင်သည်။ သူ၏ ဘဝသည် လုံးလုံးလျားလျား မပျက်စီးသေးပေ။

ခိုးယူခဲ့သော အချစ်သည် သနားစရာကောင်းသော ကုဟွိုက်အတွက် လုံလောက်စွာ တန်ဖိုးရှိပြီး ထိုအရာက သူ့ကို ရှေ့ဆက်တိုးရန် ထောက်ပံ့ပေးဖို့ လုံလောက်ပါ၏။

All Chapters