← Chapters

Extra 3.1

Vol. 12 Ch. 137

Extra 3.1

Vol. 12 Ch. 137

စစ်ဘက်ခရိုင်ဝင်း၌။

နွေရာသီ၏ နေ့လယ်ခင်းအချိန်တွင် ပြင်းထန်လှသော နေရောင်ခြည်သည် မြေပြင်ကို အပူရှိန်ဖြင့် ကိတ်မုန့်လိုဖုတ်နေပြီး လမ်းမများပေါ်တွင် လူသူရှင်းလင်နေသည်။ သို့သော်လည်း တက်ကြွလန်းဆန်းနေသော ကလေးတစ်စုသာ ပြေးလွှားဆော့ကစားလျက်ရှိသည်။

ပြင်းပြင်းထန်ထန် ပူလောင်နေသော နေရောင်အောက်တွင် အိမ်သို့လမ်းလျှောက်ပြန်လာသည့် ဖေးကျန့်သည် ထိုကလေးတစ်စုအနားမှ ဖြတ်သန်းသွားခဲ့သည်။ သူသည် သူတို့ထံသို့ ခေတ္တခဏ လှမ်းကြည့်လိုက်သည်။

အကြီးဆုံးကလေးမှာ ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ခန့် ရှိပုံရပြီး သူတို့ထဲတွင် သူ့ညီ ပါဝင်ပုံမရပေ။ ထိုကလေးများအားလုံး နေလောင်ထားပြီး အသားမည်းနေကြသည်ကို သူသတိပြုမိသော်လည်း သူ့ညီမလေးမှာမူ ဖြူဖွေးနူးညံ့ပြီး အရုပ်မလေးတစ်ရုပ်ထက်ပင် ပို၍ချစ်စရာကောင်းလေသည်။ သူတို့ထဲမှ တစ်ယောက်မျှ သူ့ညီမ မဟုတ်သည်မှာ သေချာနေသည်။

ထိုသို့စိတ်အေးသွားကာမှ ဖေးကျန့်သည် သူ၏ ခရီးဆောင်အိတ်ကို သယ်ဆောင်လျက် အိမ်သို့ ဆက်ထွက်လာခဲ့သည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် ကလေးမလေးတစ်ယောက်က သူ့အား ချီတုံချီတုံဖြင့် လှမ်းခေါ်လိုက်သည်ကို သူ ရုတ်တရက် ကြားလိုက်ရသည်။ "အစ်ကိုကြီး?"

ဖေးကျန့် - “…”

သူသည် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လှည့်ကြည့်လိုက်ရာ မီးခိုးရောင်သန်းနေသော ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမ၏ တစ်ကိုယ်လုံး ဖုန်များဖြင့် လူးနေသော်လည်း သူမ၏ မျက်လုံးဝိုင်းကြီးများကမူ အနက်ရောင် စပျစ်သီးများကဲ့သို့ တောက်ပနေပြီး မျက်လုံးလေးများက ကလေးပီပီ လှုပ်ရှားနေသည်။

"...ရှောင်ရှလား?" သူ ထပ်မေးလိုက်သော်လည်း သူမအား သေချာစွာ ကြည့်ရှုပြီးနောက်တွင်တော့ ဖေးကျန့် သည် ထိုကလေးမလေးမှာ သူ့ညီမ ဖေးရှောင်ရှ ဖြစ်ကြောင်း လုံးဝနီးပါး သေချာသွားသည်။

သူသည် သူ့နဖူးကို မပွတ်သပ်ဘဲ မနေနိုင်တော့ပေ။ သူတို့ မတွေ့ဖြစ်သည်မှာ နှစ်နှစ်ခန့် ရှိသွားခဲ့ပြီး သူ၏ ချစ်စရာကောင်းပြီး နူးညံ့သော ညီမလေးသည် ဤကဲ့သို့ ညစ်ပတ်ပေရေနေသော ကလေးတစ်ယောက် ဖြစ်သွားခဲ့တာလား။

၎င်းမှာ အဓိပ္ပာယ်မရှိပေ။ လုနန်သည် အလွန် သန့်ရှင်းသပ်ရပ်သောသူဖြစ်ပြီး အဘွားဝူမှာလည်း.. ထပ်ပြောစရာပင် မလိုပေ။ သူ၏ လှပသော ညီမလေးအား မြေမျောက်လေးတစ်ကောင်အဖြစ် ပြောင်းလဲသွားစေရန် သူ မသိလိုက်သည့် တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့သည်လား။

ထိုကလေးမလေးသည် သူမ၏ လက်ကလေးများကို ပိုက်ထားပြီး ဖေးကျန့်က သူမအား "ရှောင်ရှ" ဟု ခေါ်လိုက်သည်ကို မကျေနပ်သောပုံဖြင့် လူကြီးတစ်ယောက်ကဲ့သို့ အသံပြုကာ ချောင်းဟန့်လိုက်သည်။ "အဟမ်း ကျွန်မနာမည်က တာ့ရှပါ။ ရှင့်နာမည်က ဖေးတာ့ရှရဲ့ အစ်ကို ဖေးရှောင်ကျန့်လား။"

???

ဖေးတာ့ရှ? ဖေးရှောင်ကျန့်?

ဖေးကျန့် မျက်မှောင်ကြုတ်လိုက်ပြီး ရှုပ်ထွေးသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ့လက်များမှာ သူမအား ကောင်းကောင်း ဆွဲလှုပ်ပစ်လိုက်ချင်စိတ်ဖြင့် ယားယံလာသည်။

အကယ်၍သာ သူမသည် ညီလေးတစ်ယောက် ဖြစ်ခဲ့ပါက အစောကြီးကတည်းကပင် သူသည် အင်္ကျီလက်ကိုဆွဲတင်ပြီး ကိုင်တွယ်ဖြေရှင်းပြီးနေလောက်လေပြီ။ သို့သော် ဒါက သူ့ညီမ၊ မွေးကတည်းက သူ အလိုလိုက်ထားခဲ့သော ညီမလေး ဖြစ်နေသည်။ သူသည် သူမအပေါ် လက်ဖျားဖြင့်ပင် မထိရက်ပေ။

နှစ်ပေါင်းများစွာ ကြိုးစားလုပ်ကိုင်ခဲ့ပြီးနောက် စစ်တပ်တွင် ဒု-တပ်ရင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသော ဖေးကျန့်သည် အန္တရာယ်ရှိသော တာဝန်များကို ထမ်းဆောင်ရာမှ ရရှိလာသော သြဇာအရှိန်အဝါ ရှိနေသည်။ မျက်မှောင်ကြုတ်လိုက်ရုံမျှဖြင့် ထိုအရှိန်အဝါသည် ဖေးရှောင်ရှ အနီးရှိ ကလေးတစ်စုကို ချက်ချင်း တုန်လှုပ်သွားစေပြီး မျက်ရည်များ ဝိုင်းလာစေရန် လုံလောက်သည်။

ကံမကောင်းစွာဖြင့် ဖေးရှောင်ရှမှာ မကြောက်ပေ။ သူမ ဖခင်ဖြစ်သူ၏ သြဇာအရှိန်အဝါမှာ သူမအစ်ကိုထက် ပိုပြင်းထန်သည်။ ကလေးများကို ခြောက်လှန့်နေခြင်းက အဘယ်အဓိပ္ပာယ်ရှိမည်နည်း။

ဖေးရှောင်ရှသည် စိတ်မဝင်စားဟန်ဖြင့် နှုတ်ခမ်းစူလိုက်သည်။

မောင်နှမနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ခေတ္တမျှ စိုက်ကြည့်နေကြပြီးနောက် ဖေးကျန့်က မျက်နှာသေဖြင့်ပင် မေးလိုက်သည်။ "ငါတို့ အိမ်ပြန်ကြမလား။"

ကလေးမလေးသည် တစ်ခဏမျှ စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ!"

ထို့နောက် သူမသည် နောက်သို့လှည့်ကာ ကျန်သည့်ကလေးများကို လက်ပြနှုတ်ဆက်လိုက်သည်။ "အားလုံးပဲ အိမ်ပြန်ကြတော့။ ငါ့အစ်ကိုကြီး ပြန်လာပြီ ငါ သူ့ကို ဂရုစိုက်ရဦးမယ်။ ငါ တစ်ယောက်တည်း အိမ်က ထွက်လို့မရတော့ဘူး။"

သတ္တိရှိသော ကလေးတစ်ဦးသည် ခွဲခွာရန် ဝန်လေးနေပြီး နှာတစ်ရှုံ့ရှုံ့ဖြင့် မေးလိုက်သည်။ "အစ်မကြီး ညကျရင် ထွက်ခဲ့ဦးမှာလား။"

ဖေးရှောင်ရှက ပြန်ဖြေလိုက်သည်။ "ကြည့်ကျသေးတာပေါ့။ မင်းတို့ အရင်ပြန်နှင့်ကြ။"

ကလေးတစ်စုမှာ အပြစ်မှ လွတ်ငြိမ်းခွင့် ရသွားသကဲ့သို့ အလျင်အမြန် လူစုခွဲထွက်ခွာသွားခဲ့ကြသည်။

ဖေးရှောင်ရှနှင့် ဖေးကျန့်တို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။ အခြားကလေးများအားလုံး ပျောက်ကွယ်သွားသည့်အခါ ဖေးရှောင်ရှသည် လက်လေးများကို နောက်ပစ်ထားလျက် ဖေးကျန့်ထံသို့ ယုံကြည်မှုအပြည့်ဖြင့် လျှောက်လာခဲ့သည်။ ထို့နောက် သူမ၏ ဖောင်းအိနေသော လက်လေးများကို ဆန့်ကာ သူ့အား မော့ကြည့်လိုက်သည်။ "သွားကြစို့။"

လူကြီးနှင့် ကလေးငယ်တို့သည် တစ်ခဏမျှ အပြန်အလှန် စိုက်ကြည့်နေကြသည်။

“…”

ဤကလေးမလေးသည် အခြားကလေးများရှေ့တွင် မျက်နှာ အပျက်မခံလို၍ ဟန်ဆောင်နေခြင်းလား။ လူအားလုံး ထွက်သွားမှ သူ့အား ချီခိုင်းရန် စောင့်နေခဲ့သည်လား။

ဖေးကျန့်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ သူမ အသက်ဘယ်လောက်ရှိပြီလဲ...

သူသည် သူမအား လျှော့တွက်ခဲ့မိကြောင်း ထင်ရှားသွားသည်။ သို့သော် ဖေးရှောင်ရှသည် လုနန်၏ သမီးဖြစ်သည်ကို ပြန်စဉ်းစားမိသောအခါ ဒါက အလွန် အဓိပ္ပာယ်ရှိသွားသည်။ ဒုတိယ ကလေးဖြစ်သော ကုဟွိုက်သည် ပါရမီရှင်တစ်ယောက် ဖြစ်သည်။ ဖေးရှောင်ရှ ဤကဲ့သို့ အရွယ်နှင့်မလိုက်အောင် စောစီးစွာ နားလည်တတ်လွယ်နေသည်မှာ သဘာဝကျလှသည်။

ဖေးကျန့်သည် သူ့ကံကြမ္မာကို လက်ခံလိုက်ပြီး ညစ်ပတ်နေသော ဘိုးတော်ဘုရားမလေးကို ကောက်ချီရန် ဒူးထောက်ထိုင်ချလိုက်သည်။ အကြောင်းတစ်ခုခုကြောင့် သူသည် အမြဲတမ်း မကောင်းသော နိမိတ်တစ်ခုကို ကြိုတင်ခံစားနေရသည်။

"အစ်ကိုကြီး အစ်ကိုကြီး တင့်ကားမောင်းတတ်လား။ အဖေက ဒုတိယအစ်ကို့အတွက် တစ်စီးလုပ်ပေးထားတယ်။ အဲဒါ အရမ်းမိုက်တာပဲ သမီးအတွက် လုပ်ပေးထားတဲ့ ခွေးရုပ်လေးထက် အများကြီး သာတယ်။"

"အစ်ကိုကြီး အစ်ကိုကြီးမှာ သေနတ်ရှိလား။ အဖေ့မှာ တစ်လက်ရှိတယ် သမီးလည်း တစ်လက်လောက် လိုချင်တယ်။"

"အစ်ကိုကြီး အစ်ကိုကြီး..."

ဖေးရှောင်ရှသည် အလွန် စကားများသူဖြစ်ပြီး သူမ ဤမျှ စကားစများစွာကို မည်သည့်နေရာမှ ရလာသည်ကို ဖေးကျန့် မသိပေ။ သို့သော် ထိုအသေးလေးသည် ညစ်ပတ်နေသော်ငြား သူ့လက်မောင်းထဲတွင် နူးညံ့ သေးငယ်လှသောကြောင့် သူသည် သူမ၏ ဆူညံသော စကားသံများကို ခွင့်လွှတ်ပေးပြီး ရံဖန်ရံခါ တုံ့ပြန်လိုက်သည်။

လမ်းတစ်လျှောက် စကားပြောရင်း လျှောက်လာကြရာ မောင်နှမနှစ်ဦးသည် လျင်မြန်စွာ ရင်းနှီးသွားကြသည်။

သူတို့သည် ရင်းနှီးနေသော တံခါးဝသို့ ရောက်ရှိလာခဲ့ပြီး တံခါးဖွင့်လိုက်သည့်အခါ မြင်တွေ့လိုက်ရသော အတွင်းဘက်မှ မြင်ကွင်းမှာ အပြင်ဘက်မှ လှုပ်ရှားမှုများ၏ သက်ရောက်မှု မရှိဘဲ တက်ကြွလန်းဆန်းသော ပန်းပွင့်များဖြင့် ပြည့်နှက်နေသည်။ ဤခြံဝင်းငယ်လေးထဲမှ လူများအတွက် အပြင်လောက၏ ရှုပ်ထွေးမှုများသည် မသက်ဆိုင်သကဲ့သို့ပင်။

ဒန်းတစ်ခု၏အနီးတွင် သစ်သားစားပွဲတစ်လုံး၏ ဘေး၌ ဝါးကုလားထိုင်တစ်လုံးကို ချထားသည်။ ထိုနေရာတွင် စာအုပ်တစ်အုပ်ကို ကိုင်ထားသော ကောင်လေးတစ်ယောက် ထိုင်နေပြီး သူ၏ ခြေရင်းတွင် အသက်ကြီးနေပြီဖြစ်သော ခွေးတစ်ကောင် လဲလျောင်းနေသည်။ တံခါးဖွင့်သံ ကြားလိုက်ရသောအခါ ခွေးသည် ခေါင်းထောင်ကြည့်လိုက်ပြီး ထိုကောင်လေးကလည်း လိုက်ပါလျက် သူ၏အကြည့်ကို တံခါးဆီသို့ လှည့်လိုက်သည်။

ကောင်လေးသည် အံ့အားသင့်စွာဖြင့် မတ်တပ်ရပ်လိုက်သည်။

နှစ်အနည်းငယ် ကြာမြင့်သွားခဲ့ပြီး ကုဟွိုက်သည် လူငယ်လေးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သည်။ ပန်းပွင့်နေသော သစ်ပင်အောက်တွင် ရပ်နေသော သူ့ပုံစံမှာ ကျောက်စိမ်းရုပ်တုတစ်ခုနှင့် တူနေသည်။

သူ ငယ်စဉ်က ဖြူဖွေးနူးညံ့ပြီး ကောက်ညှင်းလုံးလေးတစ်လုံးနှင့် တူသည်.. ချိုမြိန်ပြီး နူးညံ့ကာ သူ့ကို မြင်သူတိုင်း ကိုက်စားချင်စိတ် ပေါက်သွားစေသည်။

ယခု ကြီးပြင်းလာသောအခါ ထိုကောက်ညှင်းလုံးလေးသည် ချောမောသော ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားခဲ့ပြီး သိမ်မွေ့သော ရုပ်သွင်နှင့် နို့ကဲ့သို့ ဖြူဖွေးသော အသားအရေတို့ကြောင့် သူ့အား မြင်တွေ့ရသူတိုင်းကို နွေရာသီ၏ အပူရှိန်ကြားတွင်ပင် လန်းဆန်းသွားစေသည်။

ဖေးကျန့်သည် သူ့လက်မောင်းထဲမှ ညစ်ပတ်နေသော မျောက်လေးအား ငုံ့ကြည့်ရင်း မရယ်ဘဲ မနေနိုင်တော့ပေ။

"အစ်ကိုကြီး ပြန်လာပြီပေါ့!" ကုဟွိုက်သည် ဖေးကျန့် ကို တွေ့လိုက်ရသဖြင့် အလွန် ပျော်ရွှင်သွားပြီး သူ့ထံမှ ခရီးဆောင်အိတ်ကို ယူရန် အလျင်အမြန် လျှောက်လာခဲ့သည်။

ဖေးကျန့်သည် ယဉ်ကျေးမနေတော့ဘဲ ခရီးဆောင်အိတ်ကို ကုဟွိုက်ထံသို့ ပေးအပ်လိုက်ပြီး ဖေးရှောင်ရှကို လက်တစ်ဖက်ဖြင့် ချီထားရင်း သူ၏ အခြားလက်တစ်ဖက်ဖြင့် ကုဟွိုက်အား ပခုံးမှဖက်ကာ အိမ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

ဖေးကျန့်က မေးလိုက်သည်။ "မင်းတို့အမေနဲ့ အဘိုးကြီး၊ ပြီးတော့ အဘွားဝူတို့ရော နေကောင်းကြရဲ့လား။"

"သူတို့အားလုံး နေကောင်းကြပါတယ်။" ကုဟွိုက်က အလေးအနက် ပြန်ဖြေခဲ့သည်။ "ဒါပေမဲ့ ဒီနှစ်တွေအတွင်း အစ်ကိုကြီး နှစ်သစ်ကူးတောင် ပြန်မလာဘူး။ အားလုံးက အစ်ကိုကြီးကို လွမ်းနေကြတာ။ အဘွားဝူဆို အစ်ကိုကြီး ပြန်လာရင် အစ်ကိုကြီး ကြိုက်တဲ့ ဝက်သားနှပ် ချက်ကျွေးမယ်လို့ ခဏခဏ ပြောနေတယ်။ အမေလည်းအတူတူပဲ။ သူ အဖေ့ရဲ့ ဝိုင်ကောင်းကောင်းတွေ ခိုးသောက်တဲ့အခါ သူ့နဲ့အတူ သောက်ပေးမယ့်သူ မရှိဘူးလို့ ပြောတယ်။"

ဖေးကျီအန်း အတွက်မူ ကုဟွိုက်က ဘာမျှ မပြောခဲ့သော်လည်း ဖေးကျန့် ကိုယ်တိုင်က ထိုအဘိုးကြီး၏ စရိုက်ကို နားလည်ပြီးဖြစ်သည်။ သူ ဘာတွေးနေသည်ကို မခန့်မှန်းနိုင်ခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။ အကယ်၍ ကုဟွိုက်က တစ်နေ့တွင် အဘိုးကြီးက သူ့ကို လွမ်းသည်ဟု ပြောလာမှသာ ပုံမှန်မဟုတ်တော့ပေ။

ဖေးကျန့်၏ မျက်နှာအမူအရာသည် နူးညံ့သွားသည်။ အဝေးသို့ ရောက်နေသည့်အခါ ခရီးသွားတိုင်း အိမ်ကို လွမ်းကြသည်။ အိမ်ဆိုသည်မှာ နေရာတစ်ခုတည်းမဟုတ်ဘဲ မိသားစုရှိသည့် နေရာဖြစ်သည်။ ဖေးကျန့် သည် တိုက်ပွဲတွင် မျက်ရည်မကျသော ယောကျ်ားတစ်ဦး ဖြစ်သော်လည်း ညဘက် တစ်ယောက်တည်း ရှိချိန်တွင် သူ့မိသားစုကို လွမ်းဆွတ်တမ်းတနေဆဲဖြစ်သည်။

သို့သော်လည်း ကုဟွိုက်က လုနန်က သူ့ကို လွမ်းသည်ဟု ပြောသောအခါ ဖေးကျန့် မထီမဲ့မြင် ပြုံးမိသည်။ အဘွား ဝူက သူ့ကို လွမ်းသည်ကို သူ ယုံကြည်သော်လည်း လုနန်? သူမက သူ့ကို တကယ် လွမ်းနိုင်ပါ့မလား။

ဟက် သူမ သူ့ကို အနိုင်ကျင့်ဖို့ လွမ်းနေတာလား။

မောင်နှမသုံးယောက် အိမ်ထဲသို့ ဝင်လာခဲ့ပြီး ဖေးကျန့် သည် ပတ်ဝန်းကျင်ကို အမြန် ကြည့်လိုက်သည်။ အိမ်သည် များများစားစား ပြောင်းလဲသွားခြင်း မရှိပေ။ "လူတွေရော ဘယ်မှာလဲ။"

ကုဟွိုက်သည် ခရီးဆောင်အိတ်ကို ဆိုဖာပေါ်တွင် တင်လိုက်ပြီး ဖေးကျန့် အတွက် ရေတစ်ခွက်ကို စဉ်းစားတွေးတောစွာဖြင့် ငှဲ့ပေးလိုက်သည်။ "အဖေက စစ်အခြေစိုက်စခန်းမှာ။ အမေနဲ့ အဘွား ဝူက ရှောင်ချင်း တောင်ပေါ်ကို ဆေးမြစ်တွေ သွားရှာကြတယ်။ ငါတို့ ဒီမှာ အဲဒီလို ဆေးမြစ်တွေ မရှိဘူး။"

ဖေးရှောင်ရှ နှုတ်ခမ်းစူလိုက်သည်။ "သမီးလည်း ရှောင်ချင်းတောင်ကို လိုက်သွားချင်တာ ဒါပေမဲ့ အမေက ခွင့်မပြုဘူး။"

ဖေးရှောင်ရှသည် ဖေးကျန့်၏ အင်္ကျီလက်ကို ဆွဲရင်း စပ်စုချင်သော မျက်လုံးများဖြင့် ပြောလိုက်သည်။ "လာပါ အစ်ကိုကြီး အမေနဲ့ အဘွား ဝူကို သွားကြိုရအောင်။ အဲဒီ ဆေးမြစ်တွေက လေးတယ်။ သူတို့ချည်းပဲ မသယ်နိုင်လောက်ဘူး။"

ဖေးကျန့်သည် သူမ၏ လည်လွန်းသော အကြံကြောင့် သဘောကျကာ ဖုန်များပေကျံနေသော သူမ၏ မျက်နှာလေးကို မဆွဲညှစ်ဘဲ မနေနိုင်တော့ပေ။

သူသည် ကုဟွိုက်ထံသို့ လှမ်းကြည့်လိုက်ရာ သူကလည်း ရှားပါးစွာပင် စိတ်အားထက်သန်သော အမူအရာဖြင့် သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ဖေးကျန့်သည် ခေတ္တမျှ ဆိုင်းငံ့သွားပြီး ကုဟွိုက်သည်လည်း တောင်ပေါ်သို့ သွားချင်သော်လည်း သူ့ညီမကို စောင့်ရှောက်ရန် ကျန်ရစ်ခဲ့ရသည်ဟု ခန့်မှန်းမိကာ သူ၏ နှလုံးသားသည် နူးညံ့သွားသည်။

သို့သော် ဖေးကျန့် အထင်မှားသွားခဲ့သည်။ လုနန်သည် ကလေးအားလုံးကို တောင်ပေါ်သို့ ခေါ်မသွားခဲ့ခြင်းမှာ သူမ တစ်ယောက်တည်း ကလေးအားလုံးကို မနိုင်မည်စိုး၍ ဖြစ်သည်။ သူမသည် ကုဟွိုက်အား သူ့ညီမကို စောင့်ကြည့်ရန် အိမ်တွင် အတိအကျ ထားခဲ့ခြင်း ဖြစ်သည်။ ကုဟွိုက်သည် တောင်ပေါ်တက်ရန် ဖေးရှောင်ရှလောက် စိတ်မဝင်စားပေ။ သူက အိမ်တွင် စာဖတ်နေရန် ပို၍ နှစ်သက်သည်။ သူ၏ စိတ်အားထက်သန်မှုမှာ သူ့အစ်ကိုနှင့်အတူ အပြင်မထွက်ဖြစ်သည်မှာ ကြာပြီ ဖြစ်သောကြောင့်သာ ဖြစ်သည်။

"ကောင်းပြီ သူတို့ကို သွားကြိုကြမယ်။" ဖေးကျန့်သည် ရေခွက်ကို မော့သောက်လိုက်ပြီး သူ့ညီနဲ့ ညီမ စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ လှုပ်ရှားတက်ကြွစွာဖြင့် ပြောလိုက်သည်။

"ရေး!"ဖေးရှောင်ရှသည် ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။

ရှောင်ချင်း တောင်၏ အခြေတွင် ယွီရွှေ တပ်ဖွဲ့ ရှိသည်။ ရှောင်ချင်းတောင်သို့ ရောက်ရန် သူတို့သည် ယွီရွှေ ရွာကို ဦးစွာ ဖြတ်သန်းသွားရမည်ဖြစ်သည်။

ယွီရွှေ ရွာသို့ ဝင်ရောက်လာသောအခါ ကုဟွိုက်က တောင်ခြေဆီသို့ ဦးဆောင် လမ်းပြသွားသည်။ လမ်းတစ်လျှောက်တွင် ရွာသားအချို့သည် တူညီသော လမ်းကြောင်းအတိုင်း ဦးတည်သွားနေကြပြီး စစ်ဝတ်စုံနှင့် အရပ်ရှည်ရှည် ချောမောသော ဖေးကျန့်ကို စူးစမ်းစွာ ကြည့်ရှုနေကြသည်။

တောင်တက်လမ်းအနီးသို့ ရောက်သောအခါ အိမ်များသည် သေးငယ်သွားပြီး တောင်နှင့် အနီးဆုံး နောက်ဆုံး ခြံဝင်းများထဲမှ တစ်ခုသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် လူအုပ်ကြီးတစ်စု စုရုံးနေသည်။ ခြံဝင်းထဲတွင် ပျော်ပွဲရွှင်ပွဲ အသံများက မင်္ဂလာပွဲတစ်ခု ကျင်းပနေကြောင်း ညွှန်ပြနေသည်။

ဖေးကျန့်သည် ထိုသို့သော ပွဲလမ်းသဘင်များကို စိတ်ဝင်စားသူတစ်ယောက် မဟုတ်သော်လည်း ဖေးရှောင်ရှ၏ စူးစမ်းလိုစိတ်မှာ သိသိသာသာ တက်ကြွနေသည်။ သို့သော် သူနှင့် ကုဟွိုက်တို့သည် နှုတ်မှ မပြောသော်လည်း သဘောတူညီစွာဖြင့် ဒါကို လျစ်လျူရှုကာ သူမအား တောင်ပေါ်သို့ ဆက်၍ဦးဆောင်ခေါ်သွားခဲ့သည်။

တောထဲသို့ ရောက်သောအခါ ဖေးရှောင်ရှသည် နေရာအနှံ့တွင် ရှိနေပြီး ပန်းများခူး မြက်ပင်များ ဆွဲနှုတ် တွေ့သမျှအရာအားလုံးကို လိုက်လံထိတွေ့နေသည်။ လုနန်က သူမကို တောင်ပေါ်သို့ အဘယ်ကြောင့် ခေါ်မလာခဲ့သည်ကို ဖေးကျန့် နောက်ဆုံးတွင် နားလည်သွားပြီး ခေါင်းများ ထိုးကိုက်လာခဲ့သည်။

သူမသည် အဆိပ်ပြင်းသော မြွေတစ်ကောင်နှင့် အလွယ်တကူ တွေ့နိုင်သည့် နက်ရှိုင်းသော ချုံနွယ်ပိတ်ပေါင်းများဆီသို့ ဆွဲဆောင်ခံရပြီး အန္တရာယ်ရှိသော နေရာများဆီသို့ တည့်တည့်မတ်မတ် သွားလေ့ရှိသည့် ပင်ကိုယ်စွမ်းရည် ရှိသည်။

ဖေးကျန့်သည် သူမအား ယောက်ျားလေးအဖြစ် မွေးဖွားလာသင့်သည်ဟု တွေးမိလိုက်သည်။

သူတို့သည် အတော်အတန် လုံခြုံသော နေရာတစ်ခုသို့ ရောက်ရှိပြီးနောက် ရေသောက်လွန်ထားသဖြင့် ဖေးကျန့် သည် ခေတ္တခဏ အပေါ့အပါး သွားရန် လိုအပ်လာသည်။

သူသည် သူ့ညီနှင့် ညီမကို သူပြန်မလာမချင်း ထိုနေရာမှ မရွေ့ရန် ညွှန်ကြားခဲ့သည်။ "ငါပြန်မလာမချင်း ဒီနေရာကနေ မရွေ့နဲ့နော်။" သူကပြောခဲ့သည်။

ဖေးရှောင်ရှ၏ မျက်လုံးများက ဝေ့လည်ကြောင်ပတ် စပြုလာစဉ်မှာပင် ကုဟွိုက်က သူမ၏ခေါင်းကို ဖိထားပြီး သူ့အား အာမခံလိုက်သည်။ "စိတ်မပူပါနဲ့ အစ်ကိုကြီး ကျွန်တော် ရှောင်ရှကို စောင့်ကြည့်ထားလိုက်ပါ့မယ်။"

ဖေးရှောင်ရှက ထိုအမည်ပြောင်ကို မကြိုက်ဘဲ ပြင်ဆင်ပြောလိုက်သော်လည်း သူမ ဆက်ရုန်းကန်ခြင်း မပြုတော့ပေ။ "တာ့ရှပါ!" ဖေးရှောင်ရှသည် သတိလက်လွတ် နေတတ်သော်လည်း တိရစ္ဆာန်တစ်ကောင်ကဲ့သို့ အကဲဆတ်သည်။

မိသားစုထဲတွင် သူမသည် သူမ၏ ဖခင်ကို အကြောက်ဆုံးဖြစ်ပြီး ထို့နောက် အဘွား ဝူ ဖြစ်သည်။ သူမ၏ မိခင်နှင့် ဒုတိယအစ်ကို ကုဟွိုက်ကိုမူ တူညီစွာ ကြောက်ရွံ့သည်။

သူမ၏ အကြီးဆုံးအစ်ကို ဖေးကျန့် မှာမူ သူသည် သူမအား သူတို့၏ ဖခင်နှင့် ဆင်တူသော ခံစားချက်ကို ပေးသည်။ သူတို့ အတူတကွ အချိန်များစွာ မကုန်ဆုံးဖူးသော်လည်း သူမသည် ကုဟွိုက်နှင့် နေရသည်ထက် သူနှင့်အတူ ရှိနေလျှင် ပို၍ သတ္တိရှိသည်ဟု ခံစားရသည်။

ဖေးကျန့် ထွက်သွားပြီးနောက် ဖေးရှောင်ရှသည် နှံကောင်များ ဖမ်းရန် ထိုင်ချလိုက်ပြီး ကုဟွိုက်က အနီးအနားရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်၍ အနားယူနေသည်။

ထိုအချိန်မှာပင် သူတို့၏ အနောက်ဘက် ချုံပုတ်များထဲမှ ထစ်ထစ်ငေါ့ငေါ့ အသံတစ်သံ ထွက်ပေါ်လာသည်။ "ဒ-ဒီမှာ... ဒီမှာပဲ စကားပြောရအောင်... ရွှီ... ရွှီယွဲ့ဟွား မင်း ငါတို့ကို ဘာလုပ်စေချင်တာလဲ။"

ဖေးရှောင်ရှ တောင့်ခဲသွားသည်။ ကုဟွိုက်က သူမအား မတားဆီးနိုင်မီတွင် သူမသည် ချုံပုတ်များထဲသို့ စူးစမ်းလိုစိတ်ဖြင့် ချောင်းကြည့်လိုက်သည်။

ရွှီယွဲ့ဟွား အေးစက်စွာ ရယ်မောလိုက်သည်။ "ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး။ ဒီနေ့က ငါ့ညီမရဲ့ မင်္ဂလာပွဲလေ နင်တို့က သူမကိုရော သူ့သတို့သားကိုပါ အံ့အားသင့်စရာလေးတစ်ခုလောက် ပေးစေချင်လို့။"

သူမ၏ အစီအစဉ်ကို ကြားပြီးနောက် ထိုထစ်အနေသော လူသည် ရွှီယွဲ့ဟွားအား အရူးတစ်ယောက်ကဲ့သို့ ကြည့်လိုက်သည်။ နှစ်ပေါင်းများစွာ သူနှင့် သူ့ညီသည် မကောင်းသော အကြံအစည် အမျိုးမျိုးကို လုပ်ဆောင်ခဲ့ကြသော်လည်း မည်သူမျှ သူတို့ကို ဤကဲ့သို့သော "အံ့အားသင့်စရာ" မျိုးကို လုပ်ဆောင်ရန် တောင်းဆိုခဲ့ဖူးခြင်း မရှိပေ။ "မ-မင်း နေကောင်းရဲ့လား။ ဘ-ဘာလို့ ငါတို့ကို ဒ-ဒ-ဒီလိုမျိုး လုပ်ခိုင်းရတာလဲ။"

ရွှီယွဲ့ဟွားသည် သူ့စကားများကြောင့် ထိခိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် သူမ၏ အရိပ်အမြွက်များကို နားမလည်နိုင်သော ဤငတုံးနှစ်ယောက်အား စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး သူမ၏ ရည်ရွယ်ချက် အမှန်ကို ဖွင့်ဟပြောရန် တွန်းအားပေးခံလိုက်ရသည်။

"ဒါက ရိုးရှင်းပါတယ်။" သူမက ပြတ်သားစွာ ပြောလိုက်သည်။ "ပွဲကျင်းပနေတုန်း သတို့သမီးကို ဘယ်သူမှ ဂရုမစိုက်တဲ့အချိန်မှာ ငါက တခြား မိန်းမတွေကို အာရုံလွှဲထားလိုက်မယ်။ နင်တို့နှစ်ယောက် အနောက်ဘက်ကို ခိုးဝင်ပြီး ရွှီယောက်ကို သတိလစ်အောင် ရိုက်နှက် ပြီးတော့ တောင်ပေါ်ကို သယ်သွားလိုက်။ အဲဒီနောက် နင်တို့ သူ့ကို ကြိုက်သလို လုပ်လို့ရပြီ။"

ရွှီယွဲ့ဟွား၏ သွယ်ဝိုက်သော အဓိပ္ပာယ်မှာ ရှင်းလင်းနေသည်။ ထိုလူနှစ်ဦးစလုံးမှာ လူလွတ်များဖြစ်ကြပြီး သတို့သမီးတစ်ဦးကို တောင်ပေါ်သို့ ခေါ်ဆောင်သွားခြင်းသည် မည်သို့ ဖြစ်မည်ကို စဉ်းစားရန်ပင် မလိုပေ။ သူမသည် ရွှီယောက် ဤကံကြမ္မာမှ လွတ်မြောက်ရန်အတွက် အခွင့်အလမ်း တစ်စုံတစ်ရာမျှ ချန်ထားခြင်း မရှိပေ။

သူတို့၏ အနောက်ဘက် ချုံပုတ်များထဲရှိ ရှောင်ရှသည် မကောင်းသော ရည်ရွယ်ချက်များကို နားမလည်သော်လည်း "သတိလစ်အောင် ရိုက်နှက်" နှင့် "ခိုးဝင်" ကဲ့သို့သော စကားလုံးများက ကောင်းသောအရာ မဟုတ်ကြောင်း သူမအား ပြောပြနေသည်။ သူမ အချက်ပေးရန် အော်ဟစ်တော့မည် အပြုတွင် လက်တစ်ဖက်က သူမ၏ ပါးစပ်ကို လျင်မြန်စွာ ပိတ်လိုက်သည်။

ထိုလက်ပိုင်ရှင်မှာ သူမ၏အစ်ကို ကုဟွိုက် ဖြစ်ပြီး သူလည်း နားထောင်ရန် တိုးတိုးလေး ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူသည် သူ့လက်ညှိုးကို နှုတ်ခမ်းပေါ်တွင် တင်လိုက်ပြီး ရှောင်ရှအား တိတ်တိတ်နေရန် အချက်ပြလိုက်ရာ သူမကလည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်ပြခဲ့သည်။

All Chapters