နာမည် ကျော်ကြားမှုက လောကကို တုန်လှုပ်စေခြင်း၊ ဓားနှင့် ဓားမ တိုက်ပွဲ (၄)
Vol. 11 Ch. 152
~"ဟုတ်ပါတယ်...။ ကျွန်မတို့ရဲ့ သြဇာအာဏာကို အရင် မတည်ဆောက်ထားရင်... နောက်ဆက်တွဲ လုပ်ဆောင်စရာတွေကို ဆက်လုပ်ဖို့ နည်းလမ်းရှိမှာ မဟုတ်ပါဘူး..."
မြွေအဘွားက တစ်ဖန် ပြန်လည် တုံ့ဆိုင်းသွားပြန်၏။
"ဒါပေမဲ့... 'မိစ္ဆာဂိုဏ်း' တစ်ခုတည်းကိုပဲ သီးသန့် ပစ်မှတ်ထားမှာ သေချာရဲ့လားရှင့်"
ထိုစဉ် 'တောင်ပိုင်းနယ်စပ် သူတော်စင်မလေး' သည် နေရာမှ ထရပ်လိုက်ပြီး... ပြတင်းပေါက် အပြင်ဘက်မှ ရှုခင်းများကို ငေးကြည့်ရင်း ခပ်ဖွဖွ ရယ်မောလိုက်လေသည်။ သူမ၏ မျက်နှာကို ဖုံးလွှမ်းထားသော ပဝါစလေး လေတွင် လွင့်ခနဲ ဖြစ်သွားကာ... ပြိုင်ဘက်ကင်းသော ရေခဲတမျှ အေးစက်လှသည့် အလှတရား၏ တစ်စိတ်တစ်ဒေသမှာ ပေါ်လွင်သွားခဲ့၏။
"ဘယ်ဟုတ်ပါ့မလဲ အဘွားရယ်... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' အဆင့်စာရင်းဝင်သွားတာကို အဘွား သတိထားမိလိုက်ရဲ့လား..."
"ဒီအဘွား သတိထားမိလိုက်တာပေါ့...။ အခုမှ အဆင့် သုံးဆယ့်ခြောက် ဝင်လာတာဆိုပေမယ့်... ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်တဲ့ အစွမ်းမျိုး ရှိနေတယ်ဆိုတာကိုတော့ ပြသနေတာပဲ...။ သူတော်စင်မလေးက ဒါကို အတည်ပြု စစ်ဆေးဖို့ ကြံစည်နေတာလား။ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သိုင်းကွက် ထုတ်သုံးတာကိုသာ မြင်လိုက်ရရင်... သူ့မှာ တကယ်ပဲ ဖုံးကွယ်ထားတဲ့ စွမ်းအင် အနှစ်သာရ ရှိ၊ မရှိ ဆိုတာကို ဒီအဘွားကြီး ဆုံးဖြတ်နိုင်ပါတယ်..."
မြွေအဘွားသည်လည်း အလွန်တရာ သတိကြီးနေဟန် တူ၏။ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သည် လက်ရှိတွင် ဓားသမား တစ်ဦး၏ စွမ်းအားကိုသာ ပြသထားသော်လည်း... သူ တစ်စုံတစ်ခု ဖုံးကွယ်ထားခြင်း ရှိ၊ မရှိကို မည်သူမျှ မသိနိုင်ပေ။
..တကယ်လို့... သူသာ 'အဆိပ်ဓား စစ်မှန်သူ' တစ်ယောက် ဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ...။..
အဓိက အကြောင်းရင်းမှာ... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သည် ယခင်က အဆိပ်စွမ်းအင်များ သုံးစွဲကျွမ်းကျင်သည်ဟု ကျော်ကြားသော 'မိစ္ဆာဂိုဏ်း' မှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးနှင့် ထိတွေ့ဆက်ဆံခဲ့ဖူးခြင်းကြောင့်... တစ်နည်းတစ်ဖုံ စိတ်မလုံမခြုံ ဖြစ်နေစေခြင်းတည်း။
တစ်ချက် ကြည့်လိုက်ရုံပါပင်။... မည်သူ၏ စွမ်းအင် အနှစ်သာရကမှ ဒီအဘွား၏ ရတနာမြွေနှစ်ကောင် လက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပေ...။
သူတော်စင်မလေးက ခပ်ဖွဖွ ရယ်မောလိုက်ပြန်သည်။
"အဟင်းဟင်း။။ကျွန်မတို့ ကိုယ်တိုင် ဝင်လှုပ်ရှားစရာ မလိုပါဘူး...။ ကျွန်မတို့အတွက် အလုပ်လာလုပ်ပေးမယ့်သူ အလိုလို ပေါ်လာမှာပါ..."
မြွေအဘွားမှာ နားမလည်နိုင် ဖြစ်သွား၏။
သူတော်စင်မလေးက ဆက်လက်ရှင်းပြသည်။
"'မဟာယန်' မှာ 'ဓားမ' နဲ့ 'ဓား' ကြားက ရန်ပွဲက ရှည်ကြာလှပါပြီ...။ ဒီတစ်ခါ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' အဆင့်စာရင်း ဝင်လာတာက မီးပွားတစ်ခု ဖြစ်သွားစေခဲ့တယ်။ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကြောင့် နေရာပျောက်သွားခဲ့ရတဲ့ 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'ကလည်း ဒီကိစ္စကို လက်ခံဖို့ သဘာဝအတိုင်းပဲ ဆန္ဒရှိမှာ မဟုတ်ဘူးလေ...။ ဓားမသမား အများအပြားကလည်း တောင်းဆိုနေကြတာနဲ့... လှုပ်ရှားဖို့ တရားဝင် အကြောင်းပြချက်လည်း ရှိနေပြီဆိုတော့... သူတို့တွေ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို မုချ စိန်ခေါ်လာကြလိမ့်မယ်..."
"အချိန်တန်တဲ့အခါ... ကျွန်မတို့က အဲ့ဒီနေရာမှာ ရှိနေပေးဖို့ပဲ လိုတာပါ...။ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ရဲ့ အတုအစစ်ကို သဘာဝအတိုင်း ခွဲခြား သိမြင်နိုင်မှာပဲ...။ တကယ်လို့ သူက ဒီကိစ္စနဲ့ ဘာမှ မပတ်သက်ဘူးဆိုတာ အတည်ဖြစ်သွားရင်... ကျွန်မတို့ 'အစစ်အမှန်သိုင်းဂိုဏ်း' အပေါ်မှာ အချိန်ဖြုန်းနေစရာ မလိုတော့ဘူးပေါ့...။ အဲ့ဒီအစား... 'မိစ္ဆာဂိုဏ်း' အတွက် လက်ဆောင် တစ်ခု သွားပြင်ဆင်ကြတာပေါ့..."
သူတော်စင်မလေး၏ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းရောင်များ လျှပ်ခနဲ ဖြတ်ပြေးသွားပြီး... သူမ၏ အနက်ရောင် ဝတ်စုံရှည်ကြီးမှာ သတ်ဖြတ်လိုသော အငွေ့အသက် အနည်းငယ်ဖြင့် လှုပ်ခတ်သွားခဲ့၏။
'တောင်ပိုင်းနယ်စပ် သူတော်စင်မလေး' တစ်ယောက်အနေဖြင့်... 'မိစ္ဆာဂိုဏ်း' ၏ လက်ထဲတွင် ဤကဲ့သို့သော ဆုံးရှုံးမှုကြီးမျိုး ကြုံတွေ့ခဲ့ရပြီးနောက်... ဤကိစ္စကို ဒီအတိုင်း လွှတ်ထားမည် မဟုတ်သည်မှာ သေချာလှသည်။
'ချင်ပြည်နယ်' သို့ ဤတစ်ခေါက် လာရောက်ခြင်းတွင် တာဝန်တစ်ခု ပါလာခဲ့သည်...။ မည်သည့်အရာမျှ မလုပ်ဆောင်ရဘဲ အရှက်တကွဲဖြင့် ပြန်ထွက်သွားရန်မှာ ဖြစ်နိုင်ချေ မရှိပေ။
"ဒါဆို... ကျွန်မတို့က ဘာလုပ်ရမှာလဲ...။"
"မီးလောင်ရာ လေပင့်ပေးပြီး... ပွဲထိုင်ကြည့်နေရုံပေါ့...အဘွားရယ်"
သူမက ငွေခေါင်းလောင်းသံလေးများပမာ ခပ်တိုးတိုး ရယ်မောလိုက်သည်။
...
လောကတစ်ခွင်လုံးရှိ 'ဓား' နှင့် 'ဓားမ' တို့၏ ပြိုင်ဆိုင်မှုကြီးမှာ တစ်စထက်တစ်စ ပို၍ ပြင်းထန်လာခဲ့သည်...။ ထိုလေညွှန်ရာက မည်သည့်နေရာမှ စတင်ခဲ့သည်ကို မည်သူမျှ မသိသော်လည်း... ရုတ်တရက် ဆိုသလိုပင် ပြင်းထန်သော မုန်တိုင်းတစ်ခုအဖြစ် ကြီးထွားလာခဲ့တော့၏။
အစပိုင်းတွင်တော့... နာမည်မရှိသော ဂျူနီယာအချို့၏ အချင်းများမှုမျှသာ ဖြစ်သည်။
တဖြည်းဖြည်းနှင့်... အတိုင်းအတာ တစ်ခုအထိ ကျော်ကြားသော ကျွမ်းကျင်သူအချို့ ပါဝင်လာကြပြီး... ထို့နောက်တွင်မူ... ကာလရှည်ကြာ ကျော်ကြားပြီးဖြစ်သော သခင်ကြီးအချို့ပင် ဝင်ရောက်လာခဲ့ကြသည်...။
အချို့က အခြေအနေများ မမှန်ကန်တော့ကြောင်း အာရုံခံမိကြသော်လည်း... ထိုရေစီးကြောင်းထဲသို့ မျောပါသွားခဲ့ကြရလေပြီ။
သိုင်းလောကထဲတွင်... တစ်ခါတစ်ရံ မိမိတစ်ကိုယ်တည်းအတွက်သာ စဉ်းစား၍ မရနိုင်...။ တစ်ခါတစ်ရံတွင် မိမိ၏ ဂိုဏ်း၊ မိမိ၏ မျိုးနွယ်အတွက် ထည့်သွင်း စဉ်းစားရလေသည်။ မိမိတို့၏ အရှိန်အဝါ အားနည်းနေပါက အနိုင်ကျင့် ဗိုလ်ကျခံရနိုင်ခြေ များပြားပြီး... အခြားသူများကို မိမိတို့အပေါ် အကြိမ်ကြိမ် လွှမ်းမိုးခွင့် ပေးရတတ်လေသည်။
တဖြည်းဖြည်းနှင့်... 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'အနေဖြင့် ရှေ့ထွက်လာပြီး 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို စိန်ခေါ်ရန်... ဓားမသမားများ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် တောင်းဆိုကြသော ဓားမသမားများ ပို၍ ပို၍ များပြားလာခဲ့သည်။
မည်သည့်အချိန်က စတင်ခဲ့သည်ကိုပင် မည်သူမျှ မသိလိုက်ကြပါ...။
အခြေအနေ၏ လားရာမှာ ပြောင်းလဲသွားခဲ့ပြီး... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' နှင့် 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'တို့သည်... ယခုအခါ 'ဓားမ' နှင့် 'ဓား' ပြိုင်ဆိုင်မှု၏ အဆုံးစွန်သော တိုက်ပွဲကြီးကို ကိုယ်စားပြုနေသကဲ့သို့ ဖြစ်လာခဲ့လေသည်။
လူများစွာက ဤအခြေအနေမှာ ထိန်းချုပ်မရနိုင်တော့ကြောင်း သဘောပေါက်လာကြသော်လည်း... မည်သူမျှ တားဆီး၍ မရနိုင်တော့ပေ။
သို့တိုင်... 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'မှာမူ... ယခုထက်ထိ တုံ့ပြန်ခြင်း မရှိသေးဘဲ... မပြတ်မသား ဝေခွဲမရ ဖြစ်နေပုံ ရလေသည်။
—--------
ထိုစဉ်….
'အစစ်အမှန်သိုင်းတောင်' ပေါ်တွင်...
ဤသတင်းများက သူတို့ထံသို့လည်း ရောက်ရှိလာခဲ့သည်မှာ သေချာပါ၏။
'အစစ်အမှန်သိုင်းဂိုဏ်း' မှ တပည့်များမှာ မခံမရပ်နိုင် ဖြစ်နေကြသည်။
သူတို့သည် ဓားမကို သုံးသည်ဖြစ်စေ၊ ဓားကို သုံးသည်ဖြစ်စေ... ပထမဆုံးနှင့် အရေးကြီးဆုံးမှာ သူတို့သည် 'အစစ်အမှန်သိုင်းဂိုဏ်း' ၏ တပည့်များ ဖြစ်ကြသည်။ အပြင်လူများက သူတို့၏ အခြေခံအုတ်မြစ်ကို လာရောက် စိန်ခေါ်လိုခြင်းသည်... သူတို့ကို သဘာဝအတိုင်း ဒေါသထွက်စေခဲ့သည်။
သို့သော်... သူတို့အားလုံး 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'သာ လာရဲလာကြည့်ပါစေ... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က သူ့ကို အားစိုက်ထုတ်စရာ မလိုဘဲ ဖိနှိပ်နိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်နေကြသည်။
သူတို့သည် 'ကောင်းကင်ဘုံဓားသခင်' ၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးကြပြီး ဖြစ်ရာ... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' အပေါ်တွင် ရှင်းပြမရနိုင်သော လေးစား ကြည်ညိုမှုများ ရှိနေကြသည်။ လူအများစုကမူ... 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' က 'စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်' ကို အဆင့် သုံးဆယ့်ခြောက် နေရာတွင်သာ ထားရှိခြင်းသည်... သူ့ကို လျှော့တွက် အထင်သေးလွန်းသည်ဟုပင် ခံစားနေကြလေ၏။
တာအိုဆရာလုံရှန်းမှာတော့ ခါးသက်စွာ ပြုံးလိုက်မိသည်...။ သူ... အစောတုန်းက ပျော်ရွှင်ခဲ့မိတာတွေ အရမ်း စောသွားခဲ့ပြီဟု ခံစားလိုက်ရ၏။
နာမည် ကျော်ကြားခြင်းက ကောင်းပါသည်...။ သို့သော်... မလိုလားအပ်သော စိန်ခေါ်မှုများကို ဆင့်ခေါ်နေခြင်းကတော့ မကောင်းလှ...။
မူလကတော့... ဤသို့ ဖြစ်လာစရာ အကြောင်းမရှိ...။ ဤသည်မှာ 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ၏ သာမန် အစားထိုးမှုတစ်ခုမျှသာ ဖြစ်သည်။
သို့သော်... 'ဓား' နှင့် 'ဓားမ' ပြိုင်ဆိုင်မှုကြီးနှင့် တိုက်ဆိုင်သွားသည့်အခါ... မမြင်နိုင်သော ဝဲဂယက် တစ်ခုထဲသို့ မတော်တဆ တိုက်စား မျောပါသွားခဲ့ရခြင်း ဖြစ်တန်ရာ၏။
ယခုအခါ တာအိုဆရာ လုံရှန်းသည် ညနက်သန်းခေါင်အချိန်တွင် 'တာအိုရှာဖွေခြင်း ကျောင်းတော်' ထဲသို့ ခြေချ လျှောက်လှမ်းလာခဲ့သည်။
နင်ချီသည် ကျင့်ကြံနေဆဲ ဖြစ်၏။
'ချီစွမ်းအင်' များက မိုးကြိုးများပမာ လှိမ့်ဝင်နေခဲ့ပြီး... ထိုတိုးညှင်းသော လှုပ်ရှားမှုကပင် တာအိုဆရာလုံရှန်းကို အနည်းငယ် စိုးရိမ်ပူပန်စေခဲ့သည်...။ နင်ချီက ဖြည်းညှင်းစွာ မျက်လုံး ဖွင့်လိုက်၏။ သူ၏ဆရာ ဘာကြောင့် ရောက်လာသည်ကို သူ ကြိုတင် သိရှိနေပြီးသား ဖြစ်သည်။
"ကိုးလေး... 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'က မင်းကို တကယ်ကြီး လာစိန်ခေါ်ခဲ့ရင် ဘယ်လိုလုပ်မလဲ" တာအိုဆရာလုံရှန်းက တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေပြီးမှ ဆက်ပြောသည်။
"ဆရာတို့... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က တောင်ပေါ်ကနေ ထွက်ခွာသွားပြီ... လောကကြီးထဲ လှည့်လည်သွားလာနေတယ်လို့ ပြောလိုက်ရမလား"
သူ့တပည့်က မနိုင်မှာကို စိုးရိမ်နေခြင်းတော့ မဟုတ်...။ သို့သော် ဤကိစ္စက အာရုံစိုက်မှုများစွာကို ဆွဲဆောင်လာလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်က 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ တကယ့် မူလလက္ခဏာကို သိရှိသွားခဲ့ပါက... ၎င်းသည် ဆုံးရှုံးမှု တစ်ခု ဖြစ်လိမ့်မည်...။ ထို့ထက် ပိုမိုကြီးမားသော ဒုက္ခများကိုပင် ဖိတ်ခေါ်လာနိုင်သေးသည်။
ထိုအစား... မျက်နှာ အနည်းငယ် အပျက်ခံလိုက်ခြင်းက... ပိုကြီးမားသော ဆုံးရှုံးမှုကို စွန့်စားရခြင်းထက် ပိုကောင်းလိမ့်မည်။
နင်ချီမှာမူ အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်...။ အဆင့်စာရင်း ဝင်ခြင်းကြောင့် ဒုက္ခများ ရောက်လာမည်ကို စိုးရိမ်နေခဲ့ရာ... မမျှော်လင့်ဘဲ ဒုက္ခက အမှန်တကယ် ရောက်ရှိလာခဲ့လေပြီ။
သို့တိုင်... သူ ဤကိစ္စကို ထိန်းချုပ်၍ မရနိုင်ပါ...။ ကံကောင်းထောက်မစွာ... သူ 'ပုံသဏ္ဌာန်မဲ့ ချီခန္ဓာ' ကို ဖန်တီးထားရန် ကြိုတင် တွေးမြင်နိုင်ခဲ့ပါ၏။
"ဆရာ... အဲ့ဒီလို လုပ်တာက ပညာရှိရာ မရောက်ပါဘူး..."
သူ နေရာမှ ထရပ်လိုက်ပြီး... ပြုံးလျက် ခေါင်းခါလိုက်ကာ... တာအိုဆရာလုံရှန်း၏ ဘေးတွင် အတူတူ လမ်းလျှောက်လိုက်သည်။
"ဒီကိစ္စက ရှောင်လွှဲလို့ မရတော့ပါဘူး...။ 'ဓား' နဲ့ 'ဓားမ' ပြိုင်ဆိုင်မှုကလည်း ပေါက်ကွဲထွက်ဖို့ နေရာတစ်ခု လိုအပ်နေပါတယ်...။ တကယ်လို့ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သာ 'အစစ်အမှန်သိုင်းတောင်' မှာ မရှိဘူးဆိုရင်... 'အစစ်အမှန်သိုင်းတောင်' က ငြိမ်းချမ်းမှု ရှိတော့မှာ မဟုတ်ဘဲ... အနာဂတ်မှာ မရေမတွက်နိုင်တဲ့ စပ်စုတဲ့ မျက်လုံးတွေကို ဖိတ်ခေါ်နေသလို ဖြစ်ပြီး... စိန်ခေါ်မှုတွေလည်း အဆက်မပြတ် ရောက်လာနေဦးမှာပါပဲ...။ ဒုက္ခက တကယ် ရောက်လာပြီဆိုမှတော့... လာတုန်းမှာ ပိတ်ဆို့ပြီး... ဖုံးကွယ်ထားရမယ့် အချိန်ကျရင် ဖုံးကွယ်ထားရုံပဲပေါ့..."
"တကယ်လို့ 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'သာ တကယ် ရောက်လာခဲ့ရင်... နိုင်အောင် တိုက်ရုံတင် မဟုတ်ဘဲ... အပြတ်အသတ် နိုင်အောင် တိုက်ရပါလိမ့်မယ်...။ မဟုတ်ရင်... နောင်မှာ အဆုံးမရှိတဲ့ ဒုက္ခတွေ ဆက်လာနေဦးမှာပဲ..."
နင်ချီ့ စကားအား ကြားတော့ တာအိုဆရာလုံရှန်းက စိုးရိမ်စွာ ပြောလာသည်။
"ဒါပေမဲ့... တိုက်ပွဲကို လာကြည့်ကြမယ့် 'ကောင်းကင်ဘုံအဆင့်' ကျွမ်းကျင်သူတွေလည်း မနည်းမနော ရှိနေမှာ... အဲ့ဒီအခါ မင်းရဲ့ တကယ့် မူလလက္ခဏာ ပေါ်သွားမှာ မစိုးရိမ်ဘူးလား"
နင်ချီက ပြုံးလိုက်ပြီး ဆို၏။
"ဆရာ... စိတ်ချပါ...။ ကျွန်တော့်မှာ ယုံကြည်မှု ရှိပါတယ်..."
နင်ချီ၏ အသံမှာ တည်ငြိမ်နေခဲ့သည်။
သူသည် ဒုက္ခကို မကြိုက်ခြင်းသာ ဖြစ်သည်...။ ကြောက်ရွံ့နေခြင်းကား မဟုတ်...။ ဒုက္ခက ရောက်လာပြီ ဖြစ်သောကြောင့်... ဖြေရှင်းလိုက်ရုံသာ...။
သို့တိုင်... သူကတော့ 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'သည် ဤမျှလောက် အသိဉာဏ်တိမ်သူ မဟုတ်စေရန်... ကျော်ကြားမှု အချို့အတွက်နှင့် စိန်ခေါ်မှု လုပ်ရလောက်သည်အထိ မတိမ်စေရန် မျှော်လင့်နေဆဲ ဖြစ်သည်။
တာအိုဆရာလုံရှန်း၏ စိုးရိမ်ပူပန်မှုများမှာ ချက်ချင်းပင် လျော့ပါးသွားခဲ့ပြီး... ကျေနပ်အားရသော အမူအရာတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူသည် နင်ချီ၏ ခေါင်းကို ပုတ်ပေးချင်လိုက်သော်လည်း... နင်ချီ၏ အရပ်မှာ သူ၏ ပခုံးအထိပင် ရောက်နေပြီ ဖြစ်ကြောင်း သတိပြုလိုက်မိသည်။
သူ ကိုယ်တိုင်ပင် သတိမထားလိုက်မိသည့် အချိန်အတွင်းမှာပင်... သူ၏ တပည့်ငယ်လေးသည် 'အစစ်အမှန်သိုင်းဂိုဏ်း' ၏ အဓိက ကျားကန်ပေးထားသော တိုင်လုံးကြီး တစ်လုံးအဖြစ် အမှန်တကယ် ဖြစ်လာခဲ့ချေပြီတကား...။