အလုံးအရင်းဖြင့် ရောက်ရှိလာခြင်း၊ ကောင်းကင်ဘုံဓားသခင်၏ မိုးကြိုးတုန်ဟီးအား တုန်လှုပ်စေခြင်း (၂)
Vol. 11 Ch. 154
~ထိုအချိန်တည်းမှာပင်... မြို့စောင့်မြောက်ပိုင်းဘုရင်သည် ဤသားငယ်လေးအပေါ် မည်မျှအထိ ချစ်ခင်အလိုလိုက်နေသည်ကို တာအိုဆရာလုံရှန်း တိတ်တခိုး အံ့ဩနေမိတော့သည်။
မြို့စောင့်မြောက်ပိုင်းဘုရင်က ခေါင်းခါလိုက်ရင်း ရယ်မောလိုက်ပြီး... တာအိုဆရာလုံရှန်းနှင့် အေးအေးဆေးဆေး စကားစမြည် ပြောဆိုနေခဲ့၏။
ထို့နောက် လီလင်သည် နင်ချီ၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။ အစစ်အမှန်သိုင်းတောင် တစ်ခုလုံးတွင်... သူနှင့် အရင်းနှီးဆုံးမှာ နင်ချီသာ ဖြစ်လေသည်။ ပြီးခဲ့သည့်တစ်ခေါက် လည်ပတ်စဉ်က... သူသည် နင်ချီနှင့် စကားပြောရသည်ကို ပျော်မွေ့ခဲ့သော်လည်း... ယခုအခါတွင်မူ နင်ချီ၏ ဘေး၌ ကျွမ်းချန် ရှိနေခဲ့ပြီ ဖြစ်သည်။
"ဒါက ငါ့ရဲ့ ဆယ်ယောက်မြောက် ဂျူနီယာညီလေး... ကျွမ်းချန်တဲ့..."
နင်ချီက မိတ်ဆက်ပေးလိုက်သည်။
လီလင်သည် အစပိုင်းတွင် ယဉ်ကျေးမှုအရသာ ပြုံးပြလိုက်မိ၏။
သို့သော်... မကြာမီမှာပင်...။
သူသည် ကျွမ်းချန်နှင့် တီးတိုး စကားစမြည် ပြောဆိုနေခဲ့တော့သည်။ နှစ်ဦးလုံးတွင် 'ဓားတာအို' အပေါ် တူညီသော စိတ်အားထက်သန်မှုများ ရှိနေကြသည်။
စကားအနည်းငယ် ပြောဆိုပြီးနောက်မှာပင်... သူတို့သည် စိတ်ချင်းတူသော ဝိညာဉ်မိတ်ဆွေများ ဖြစ်ကြောင်း သဘောပေါက်သွားကြပြီး... တွေ့ဆုံရန် နောက်ကျလွန်းလှသည်ဟု ခံစားလိုက်ရကာ... နင်ချီကိုပင် ဘေးဖယ်ထားလိုက်ကြတော့သည်။
နင်ချီမှာမူ ခေါင်းခါလျက် ပြုံးလိုက်မိရုံသာ တတ်နိုင်ခဲ့၏။
'အေးပေါ့... ဓားသမားအချင်းချင်းပဲ... ငါက ဘာဝင်ပြောစရာ ရှိမှာလဲလေ...'
သို့သော်လည်း... သူ စိတ်ထဲမထားခဲ့ပါ။
မြို့စောင့်မြောက်ပိုင်းဘုရင်နှင့် လီလင်တို့ တောင်ပေါ်သို့ တက်လာခဲ့သည့် အချိန်မှစ၍... သူသည် မြို့စောင့်မြောက်ပိုင်းဘုရင်ကို အကဲခတ်လေ့လာနေခဲ့သည်။
နင်ချီ၏ လက်ရှိ အစွမ်းခွန်အားမှာ... မြို့စောင့်မြောက်ပိုင်းဘုရင်နှင့် ပထမဆုံး တွေ့ဆုံခဲ့စဉ်ကထက် အဆပေါင်းများစွာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီ ဖြစ်သည်။ ထိုစဉ်အခါက... သူသည် အကြီးအကဲဝမ်ကို နှိမ်နင်းရန် 'အမြုတေတု' ၏ စွမ်းအားအပေါ် မှီခိုခဲ့ရ၏။ သို့သော် ယခုအခါတွင်မူ... သူသည် ထိုသို့သော အရာကို အားစိုက်ထုတ်စရာ မလိုဘဲ လုပ်ဆောင်နိုင်နေပြီ ဖြစ်သည်။
နင်ချီ၏ အာရုံခံစားမိမှုထဲတွင်... မြို့စောင့်မြောက်ပိုင်းဘုရင်၏ အရှိန်အဝါသည် ချုပ်တည်းထားပြီး တည်ကြည်လေးနက်လှကာ... အလွန်အမင်း စွမ်းအားကြီးမားလှပေသည်...။
အမှန်တကယ်ပင်...မိမိ တွေ့ကြုံခဲ့ဖူးသမျှထဲတွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ် ဖြစ်၏။
'ဒါပေမဲ့... အရင်က ထင်ထားသလောက်တော့ မယှဉ်နိုင်စရာကြီး မဟုတ်ပါဘူး...။ 'သွေးကျောက်စိမ်း ဆေးလုံး' နည်းနည်းလောက် ထပ်စားပြီးရင်... ငါ့ရဲ့ 'ကျောက်စိမ်းအရည် ပင်လယ်'က နောက်တစ်ဆင့် ထပ်တိုးတက်သွားသင့်တယ်...။ အဲ့ဒီအခါကျရင် သူ့ကို ယှဉ်ပြိုင် တိုက်ခိုက်ဖို့ လုံလောက်လောက်ပြီ...'
နင်ချီက သူ၏ စိတ်ထဲတွင် အတွေးနက်နေမိသည်။
သူသည် အကြည့်များကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး... လူအုပ်၏ စကားပြောသံများကို
နားထောင်နေလိုက်၏။ မြို့စောင့်မြောက်ပိုင်း ဘုရင်သည် မာနထောင်လွှားသူ တစ်ဦး မဟုတ်ပေ...။ သူကပင် ဦးဆောင်၍ 'မြောက်ပိုင်း လူရိုင်းများ' နှင့် ပတ်သက်သော လျှို့ဝှက်ကိစ္စ အချို့ကို မျှဝေပေးခဲ့ရာ... လူတိုင်း၏ အမြင်ကို ပိုမို ကျယ်ပြန့်သွားစေခဲ့သည်။
တာအိုဆရာလုံရှန်းသည် မြို့စောင့်မြောက်ပိုင်းဘုရင်၏ လာရောက်လည်ပတ်မှုကို မငြင်းပယ်ခဲ့ပါ။ တစ်နည်းအားဖြင့်... ဤသည်မှာ ချစ်ကြည်ရေး လက်ဆောင် တစ်ခု ဖြစ်ပြီး... အကယ်၍ သူတို့သာ မြို့စောင့်မြောက်ပိုင်းဘုရင်နှင့် ဆက်သွယ်မှုတစ်ခု ထူထောင်နိုင်ခဲ့ပါလျှင်... ၎င်းက 'အစစ်အမှန်သိုင်းဂိုဏ်း' ကို ပိုမို တည်ငြိမ်စေမည် မဟုတ်ပါလော။
မြို့စောင့်မြောက်ပိုင်းဘုရင်နှင့် လီလင်တို့သည် 'အစစ်အမှန်သိုင်းတောင်' တွင် အခြေချ နေထိုင်ကြသည်။
တောင်ပေါ်သို့ တက်ရောက်ခဲ့သည့် ပထမနေ့ပြီးနောက်... မြို့စောင့်မြောက်ပိုင်းဘုရင်မှာ လူမြင်ကွင်းသို့ ထွက်ပေါ်လာခြင်း ရှားပါးသွားသော်လည်း... လီလင်မှာမူ ကျွမ်းချန်၏ နောက်သို့ လိုက်ပါရင်း... 'အစစ်အမှန်သိုင်းတောင်' ပေါ်တွင် ဆူညံ ပျော်ပါးနေခဲ့တော့သည်။
လီလင်သည် 'မျောက်ဖြူ' ဖြစ်သော 'ယွမ်ထျန်းရှန်း' နှင့်လည်း မိတ်ဆွေဖြစ်သွားခဲ့ပြီး... တောင်ပေါ်တွင် မျောက်ဖြူကြီးနှင့်အတူ မွှေနှောက်ချောက်ခြားကာ... လီလင်အား 'အစစ်အမှန်သိုင်းတောင်' ကို ပို၍ ပို၍ **
သံယောဇဉ်တွယ်လာစေခဲ့သည်။ ဤနေရာသည် ဘုရင့်စံအိမ်တော်တွင် နေရသည်ထက် များစွာ ပို၍ သက်သောင့်သက်သာ ရှိလှသည်ဟု လီလင် ခံစားမိလေ၏။
'မြို့စောင့်မြောက်ပိုင်း ဘုရင့်စံအိမ်တော်' တွင်... သူသည် လေးစားရသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသော်လည်း... သူနှင့်အတူ ကစားဖော် ရွယ်တူ အနည်းငယ်သာ ရှိခဲ့သည်။ မြို့စောင့်မြောက်ပိုင်းဘုရင်မှာ သူ၏ အချိန်အများစုကို 'မြောက်ပိုင်း လူရိုင်းများ' ကို ကာကွယ် စောင့်ကြပ်ရင်း ကုန်ဆုံးနေရပြီး...လီလင့်ကို အဖော်ပြုပေးရန် အချိန် မရှိခဲ့ပေ။
သို့သော် 'အစစ်အမှန်သိုင်းတောင်' ပေါ်တွင်မူ... ဝတုတ်တုတ်လေး ဖြစ်သော ကျွမ်းချန်က တစ်ခါတစ်ရံ ဆိုးဆိုးရွားရွား ပြောင်နောက်တတ်ပြီး... လီလင်ကို မြို့စောင့်မြောက်ပိုင်းဘုရင်၏ သားတော်အဖြစ် လုံးဝ သဘောမထားပေ...။
မျောက်ဖြူကလည်း သူ့ကို ရံဖန်ရံခါ နောက်ပြောင်တတ်ရာ... လီလင်ကို ကပျာကယာ ဖြစ်စေပြီး ဖုန်များဖြင့် ဖုံးလွှမ်းသွားစေခဲ့သည်။
နင်ချီသည် တိတ်ဆိတ်စွာသာ ကြည့်နေလိုက်သည်။
'ငါကတော့ မြို့စောင့်မြောက်ပိုင်းဘုရင်က 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်'.. ကို တိတ်တဆိတ် လာရှာမလားလို့ စိုးရိမ်နေတာ...။ အခုတော့ သူက သူ့ ဧည့်သည်တော်အခန်းထဲမှာပဲ အေးအေးဆေးဆေး နေနေပါလား...။ ဟူး... တော်ပါသေးရဲ့...'
နင်ချီသည် မူလက မြို့စောင့်မြောက်ပိုင်းဘုရင်က 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို တိတ်တဆိတ် လာရောက် ရှာဖွေမည်ကို စိုးရိမ်နေခဲ့သော်လည်း... မြို့စောင့်မြောက်ပိုင်းဘုရင်မှာ သူ၏ ဧည့်သည်တော် အခန်းထဲတွင်သာ နေထိုင်နေသည်ကို သိရှိလိုက်ရသောအခါ စိတ်သက်သာရာ ရသွားခဲ့ပြီး... မြို့စောင့်မြောက်ပိုင်းဘုရင် အပေါ်တွင်ပင် ပို၍ အမြင်ကြည်လင်လာခဲ့သည်။
နင်ချီသည် 'မိုးကြိုး တုန်ဟီး ဓားမ အရှင်' နှင့် သက်ဆိုင်သော ကိစ္စကို စိတ်အနှောင့်အယှက် မဖြစ်ဘဲ... သူ၏ တည်ငြိမ်သော ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်နေခဲ့၏။
...
အချိန်တို့ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။
လောကကြီးထဲမှ 'ဓား' နှင့် 'ဓားမ' တို့၏ ပဋိပက္ခသည် နောက်ဆုံးတွင် အရေးကြီးသော အမှတ်တစ်ခုသို့ ရောက်ရှိလာခဲ့တော့သည်။
အခြေအနေမှာ ထိန်းချုပ်မရနိုင်တော့သည့် အစွန်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း လူအများအပြား အာရုံခံမိလာကြပြီး... 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'အနေဖြင့် လှုပ်ရှားရန် တောင်းဆိုသံများ ပိုမို ကျယ်လောင်လာခဲ့သည်။ နောက်ဆုံး... တစ်နေ့တွင်... 'ဓားမ တာအို’ မှ စီနီယာတစ်ဦး 'မိုးကြိုးတုန်ဟီး စံအိမ်တော်' သို့ သွားရောက် လည်ပတ်သည်ကို တစ်စုံတစ်ယောက် မြင်တွေ့လိုက်ရလေသည်။
နောက်တစ်နေ့တွင်...
စိန်ခေါ်လွှာတစ်စောင်ကို ပေးပို့လိုက်တော့သည်။
'နောက်ထပ် လဝက်အကြာတွင်... 'အစစ်အမှန်သိုင်းတောင်' ၌ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' အား တိုက်ပွဲတစ်ခုသို့ ဖိတ်ခေါ်အပ်ပါသည်။'
'လေးစားစွာဖြင့်၊ မိုးကြိုးတုန်ဟီး ဓားမအရှင်။'
ချက်ချင်းဆိုသလိုပင်...
သိုင်းလောက၏ လေထုအခြေအနေသည် ယခင်က မကြုံဖူးလောက်အောင် တင်းမာသွားခဲ့သည်။
ဓားမသမားများနှင့် ဓားသမားများ နှစ်ဖက်လုံး အရူးအမူး ဖြစ်သွားကြ၏။
သူတို့သည် ဤအခိုက်အတန့်ကို စောင့်မျှော်နေခဲ့ကြသော်လည်း... 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'ထံမှ အမှန်တကယ် စိန်ခေါ်လွှာသည် 'အစစ်အမှန်သိုင်းတောင်' သို့ ရောက်ရှိလာသောအခါ... စိတ်လှုပ်ရှားမှုကို မခံစားဘဲ နေရန် ခက်ခဲလှပေသည်။
မရေမတွက်နိုင်သော လူတို့သည် စိတ်အားထက်သန်စွာ စောင့်မျှော်နေကြပြီး... လူအများအပြားမှာ လောင်းကြေးများပင် စတင် ထပ်နေကြပြီ ဖြစ်သည်။
'အစစ်အမှန်သိုင်းမြို့တော်' သသည် နောက်တစ်ကြိမ် တဖန်... လှုပ်ရှားမှုများဖြင့် ဆူညံပွက်လောရိုက်သော နေရာတစ်ခု ဖြစ်လာခဲ့ပြန်သည်။
'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ဝင် အစွမ်းထက် ပုဂ္ဂိုလ်များကြားမှ တိုက်ပွဲတစ်ပွဲသည် အလွန်တရာ ရှားပါးလှသည်...။ ထို့အပြင် ဤတိုက်ပွဲသည် 'ဓား' နှင့် 'ဓားမ' တို့၏ ပဋိပက္ခကို ကိုယ်စားပြုနေသည်ကိုတော့ ထည့်ပြောစရာပင် လိုမည် မဟုတ်ပါ။ မည်သည့်ဘက်က နိုင်သည်ဖြစ်စေ... အခြားတစ်ဖက်သည် အနည်းဆုံးတော့ လာမည့် နှစ်အနည်းငယ်အတွင်း နှိမ့်ချစွာ နေထိုင်ရတော့မည် ဖြစ်ပြီး... မာန်ပါပါနှင့် စကားပြောဆိုနိုင်တော့မည် မဟုတ်ပေ။
ဤအခိုက်အတန့်တွင်... ကောလာဟလများ ထွက်ပေါ်လာခဲ့သည်။
"ဓားမသမားတွေက သိုင်းသမား ကျင့်ဝတ်ကို မပြဘူးကွ...။ တစ်ယောက်ယောက်က 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'ကို ပြိုင်ဘက်ကင်းတဲ့ ရတနာ ဓားမတစ်လက် သွားပေးထားတယ်တဲ့...။ ဒါက မတရားဘူး.."
ဓားသမားများမှာ မကျေမနပ် ဖြစ်နေကြသည်။
ဓားမသမားများက ပြန်လည်ချေပကြသည်။
"မင်းတို့ မကျေနပ်ရင်... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' အတွက်လည်း နတ်ဘုရားဓားတစ်လက် သွားရှာပေးလိုက်ကြပါလား...။ ငါတို့ ဘာတစ်ခွန်းမှ ဝင်ပြောမှာ မဟုတ်ဘူး...။ သိုင်းပြိုင်ပွဲတွေမှာ... ဓားတွေ ဓားမတွေဆိုတာလည်း ကိုယ့်ရဲ့ ခွန်အား အစိတ်အပိုင်းတစ်ခုပဲကွ.."
ဓားသမားများမှာ ချက်ချင်းပင် ဆွံ့အသွားကြတော့သည်။
သူတို့သည် စီနီယာ ဓားသမား တစ်ဦးဦးက လုံလုံလောက်လောက် စွမ်းဆောင်ပေးနိုင်ပါစေဟုသာ မျှော်လင့်နိုင်ကြတော့၏။
အမှန်တကယ်ပင်...။
တစ်စုံတစ်ယောက်သည် 'အစစ်အမှန်သိုင်းတောင်' ပေါ်သို့ တက်ရောက်လာခဲ့သည်...။ ထိုသူမှာ လီလင်၏ အသိမိတ်ဆွေဟောင်း... 'လော့ဖူ ဓားအရှင်' ပင် ဖြစ်လေသည်။
အဝေးဆီမှ... အထက်စီးဆန်သော အရိပ်အယောင်သန်းနေသည့် 'လော့ဖူ ဓားအရှင်' ကို ကြည့်ရင်း... လီလင်က နင်ချီအား မသိမသာ ရေရွတ်
ညည်းညူလိုက်သည်။
"ကျွန်တော် သူ့ကို မကြိုက်ဘူးဗျ...။ သူက စကားပြောရင် အရမ်း ဟန်များတယ်လို့ ခံစားရတယ်...။ တစ်နေ့နေ့မှာ သူ့ရဲ့ ဓားသိုင်းပညာက ပြိုင်ဘက်ကင်း ဖြစ်လာတော့မယ့် ပုံစံမျိုးနဲ့ အမြဲတမ်း နေနေတာ..."
မြို့စောင့်မြောက်ပိုင်းဘုရင်သည် တစ်ချိန်က 'လော့ဖူ ဓားအရှင်' ကို စံအိမ်တော်သို့ ဖိတ်ခေါ်ပြီး လီလင်အား လမ်းညွှန်ပေးရန် ကြိုးစားခဲ့ဖူးသော်လည်း... လီလင်က စိတ်ဝင်စားခြင်း မရှိခဲ့ပေ။
လီလင်၏ ပြောပြချက်အား နင်ချီက ခပ်ဖွဖွ ရယ်မောလိုက်သည်။
ယခင်က သူ 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' မှ မိတ်ဆက်စာကို ဖတ်ဖူးသည်...။ 'လော့ဖူ ဓားအရှင်' ကို အမှန်တကယ်ပင် လူငယ်တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်...။ အသက်ပင် နှစ်ရာ့ငါးဆယ် မပြည့်သေး...။ 'ကောင်းကင်ဘုံလူသားနယ်ပယ်' ၏ သက်တမ်း နှစ် ရှစ်ရာကို ထည့်တွက်လိုက်လျှင်... ဤသည်မှာ ထွန်းလင်းတောက်ပလာသော နေမင်းပမာ ဖြစ်ပြီး... မြင့်မားသော 'ဓားတာအို' ကျင့်ကြံမှုနှင့် အလားအလာများ ပိုင်ဆိုင်ထားပေသည်။
'လော့ဖူ ဓားအရှင်' သည် သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ထားလျက်... တာအိုဆရာလုံရှန်းကို ကြည့်လိုက်သည်။
"စစ်မှန်သူ လုံရှန်း... 'စစ်မှန်သူ ထျန်းကျန့်' ကို အပြင်ထွက်ဖို့ သွားဖိတ်ခေါ်ပေးပါ..."
သူ၏ စကားများတွင် အထက်စီးဆန်သော လေသံ အနည်းငယ် ပါဝင်နေခဲ့၏။
တာအိုဆရာလုံရှန်းက တည်ငြိမ်စွာ ပြန်လည် ဖြေကြားလိုက်သည်။
"ကျွန်တော် ခင်ဗျားကို နားလည်ပေးဖို့ တောင်းဆိုရပါလိမ့်မယ်...။ စီနီယာ ထျန်းကျန့်က တသီးတခြား နေရတာကို ပိုနှစ်သက်ပါတယ်...။ တကယ်လို့ သူကိုယ်တိုင်က အပြင်မထွက်ချင်ဘူးဆိုရင်... ကျွန်တော်လည်း သူ့ကို အတင်းအကျပ် လုပ်လို့မရပါဘူး ခင်ဗျာ..."
'လော့ဖူ ဓားအရှင်' က မျက်မှောင်ကြုတ်လိုက်ပြီး " 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'က လာစိန်ခေါ်တဲ့ အချိန်ကျရင်လည်း သူ အပြင်ထွက်မပြဖို့ စီစဉ်ထားတာလား"
ဟု ဆိုသည်။
တာအိုဆရာလုံရှန်းက ပြုံးလိုက်ရုံသာ ပြုံးလိုက်သည်။
"စီနီယာ ထျန်းကျန့်မှာ သူ့ရဲ့ ကိုယ်ပိုင် တွေးဆချက်တွေ ရှိမှာပါ ခင်ဗျာ..."
'လော့ဖူ ဓားအရှင်' သည် တာအိုဆရာလုံရှန်းကို ခပ် စူးစူး စိုက်ကြည့်လိုက်ပြီး... အသက်ရှူချိန် အနည်းငယ်ကြာမျှ ရပ်တန့်နေခဲ့ပြီးနောက်... ခပ်တိုးတိုး ပြောလာသည်။
"ခင်ဗျား သိသင့်တယ်...။ တစ်ယောက်ယောက်က 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'ကို ဓားမတစ်လက် သွားပေးထားတယ်...။ အရမ်းကို အားကောင်းတဲ့ ဓားမတစ်လက်ပဲ...။ အဲ့ဒီဓားမသာ သူ့လက်ထဲမှာ ရှိနေရင်... 'စစ်မှန်သူ ထျန်းကျန့်' က သူ့ရဲ့ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်တော့မှာ...။ ကျုပ် ဒီကိုလာတာက သူ့ကို ဓားတစ်လက် လာငှားတာ..."