အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်၊ သတ္တဝါအပေါင်း၏ ဉာဏ်ပညာဖြင့် လောင်စာဖြည့်ခြင်း (၃)
Vol. 11 Ch. 159
~ထိုအခိုက်အတန့်၌ 'လော့ဖူ ဓားအရှင်' ၏ မျက်နှာမှာ အနည်းငယ် ပုပ်သိုးနေကာ စိတ်တိုတိုနှင့် ကျိန်ဆဲနေခဲ့၏။
"ဒီ 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ကို ဘယ် ငတုံးက အဆင့်သတ်မှတ်ထားတာလဲ။ ဒါက 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' အဆင့် သုံးဆယ့်ခြောက်ရဲ့ အစွမ်းလို့ ခင်ဗျားတို့ ကျုပ်ကို ပြောမလို့လား..."
သူ့စိတ်ထဲတွင်... 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'၏ နေရာတွင်သာ သူ့ကိုယ်သူ အစားထိုးလိုက်မည်ဆိုလျှင်... သူလည်း ရှုံးနိမ့်သွားနိုင်သည်ဟု ခံစားနေရသည်။
ယခုလေးတင်က 'ဓားစိတ်ဆန္ဒ' သည် သူ၏ နှလုံးသားကိုပင် ကြောက်ရွံ့တုန်လှုပ်ကာ ခုန်ပေါက်သွားစေခဲ့သည်တကား။
ဤ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်'.. မှာ... ဓားတစ်လက်တည်း အပေါ်တွင်သာ စွဲလမ်းရူးသွပ်နေသော အရူးတစ်ယောက်နှယ် ဖြစ်နေပြီး... နားလည်နိုင်စွမ်းမရှိလောက်အောင် သန့်စင်လှသော 'ဓားစိတ်ဆန္ဒ' ကို ပိုင်ဆိုင်ထားပေသည်။
'သေစမ်း... ငါ့မှာတော့... လွန်ခဲ့တဲ့ ရက်နည်းငယ်က 'အစစ်အမှန်သိုင်းတောင်' ပေါ်မှာ သွားပြီး ဟန်ရေးပြခဲ့မိသေးတယ်...။...အီးဟီးဟီး...'
'လော့ဖူ ဓားအရှင်’သည် လွန်ခဲ့သော ရက်အနည်းငယ်က 'အစစ်အမှန်သိုင်းတောင်' ပေါ်မှ သူ၏ လုပ်ရပ်များကို ပြန်လည် သတိရလိုက်မိရာ... နှုတ်ခမ်းများ မဲ့သွားခဲ့ပြီး... ရှင်းမပြတတ်အောင်ပင် လူပြက် တစ်ဦးကဲ့သို့
ခံစားလိုက်ရကာ... နောင်တရမိပါတော့၏။
ဤကဲ့သို့သော အတွေးများသည် 'လော့ဖူ ဓားအရှင်' ကဲ့သို့သော လူများကြားတွင်သာ မက... အထူးသဖြင့် ထို 'ကောင်းကင်ဘုံလူသားနယ်ပယ်' မှ ကျွမ်းကျင်သူများအားလုံး... အားလုံးသည် ထပ်တူထပ်မျှ ခံစားနေကြရလေသည်။
'မိုးကြိုး တုန်ဟီး ဓားမ အရှင်'သည် သူ၏ ခန္ဓာကိုယ်ထဲမှ အားနည်းမှုကို ခံစားနေရ၏။... အထူးသဖြင့် သူ၏ ဟာလာဟင်းလင်း ဖြစ်နေသော ဘယ်ဘက်လက်မောင်းနေရာကို ကြည့်ကာ... သူ၏ နှလုံးသားထဲတွင် အလွန်တရာ ခါးသီးသွားမိသည်...။
သို့သော်... သူသည် မည်သည့် အမုန်းတရားကိုမျှ မပိုက်ဆိုင်ထားဘဲ... ထိုအစား ကျေးဇူးတင်သော ခံစားချက်ကိုပင် ခံစားလိုက်ရ၏။
သူသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး... ခါးသီးစွာ ဆိုလိုက်သည်။
"ဒီ 'မိုးကြိုးတုန်ဟီး'က... တာအို ရောင်းရင်းရဲ့ သက်ညှာပေးမှုအတွက် ကျေးဇူးတင်ပါတယ်..."
(ဘာသာပြန်သူ မှတ်ချက်။ ။ တရုတ်သိုင်းလောကတွင်
‘တာအို ရောင်းရင်း’ ဟူသော အသုံးအနှုန်းမှာ အသက်အရွယ်တူတူ သို့မဟုတ် အဆင့်အတန်းတူတူ ကျင့်ကြံသူအချင်းချင်းကို ရင်းနှီးလေးစားစွာ ခေါ်ဝေါ်သော အသုံးအနှုန်း ဖြစ်ပါသည်။)
ယခုလေးတင်က ထိုဓားချက်က...
သူ့ကို အလွယ်တကူ သတ်ပစ်နိုင်ခဲ့ပါသည်...။ သို့သော် အဆုံးတွင်... ၎င်းသည် သူ၏ လက်မောင်းတစ်ဖက်တည်းကိုသာ ဖြတ်တောက်လိုက်ပြီးနောက် ပျောက်ကွယ်သွားခဲ့၏...။
တစ်ဖက်လူက သေစေလောက်သော တိုက်ကွက်ကို မသုံးလိုခဲ့ကြောင်း 'မိုးကြိုးတုန်ဟီး' သဘာဝအတိုင်း နားလည်လိုက်လေသည်။
နင်ချီ၏ မျက်နှာမှာ တည်ငြိမ်နေခဲ့သည်။
လူတိုင်း၏ ရှေ့မှောက်တွင်... သတ်ဖြတ်ခြင်းမှာ အမှန်တကယ်ပင် မသင့်တော်ပါ...။ မည်သို့ပင် ဆိုစေကာမူ... 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'သည် တစ်နည်းအားဖြင့်... လောကကြီးရှိ ဓားမသမား အားလုံးကို ကိုယ်စားပြု၍ လာခဲ့ခြင်း ဖြစ်သည်...။
အကယ်၍ သူ့ကိုသာ သတ်ဖြတ်လိုက်ပါလျှင်... အချို့လူများက အခွင့်အရေးကောင်းယူ၍ ပြဿနာ ရှာကောင်း ရှာလာနိုင်ပေသည်...။
နင်ချီသည် ကြောက်ရွံ့သူ အလွန် နည်းပါးသော်လည်း... ဓားမသမားများထဲတွင်... ကောက်ကျစ်သော အမူအရာရှိသည့် ဓားမ မိစ္ဆာ' ... 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ၏ အဆင့် ၃ ရှိနေခဲ့ရာ... ၎င်းက နင်ချီအား အနည်းငယ် စိုးရိမ်ပူပန်စေခဲ့သည်...။ ထို့ကြောင့် သူသည် ချုပ်တည်းမှုကို ပြသရန် ရွေးချယ်လိုက်ခြင်း ဖြစ်လေသည်။
'အခု ကြည့်ရတာတော့... ဒီ 'ဓားမအရှင်' လူကြီး... နည်းနည်း အသိတရား ရှိသေးပုံပဲ...'
အကယ်၍ 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'သာ ပညာမဲ့သူ ဖြစ်ခဲ့ပါလျှင်... နောက်ပိုင်းတွင် ဖြေရှင်းရန် အချိန်ရှာလိုက်ရုံသာ ရှိသည်။ နင်ချီ စိတ်ထဲမထားခဲ့ပေ။ လက်ရှိတွင်မူ... ဤ 'ဓားမအရှင်' သည် အသိတရား အနည်းငယ် ရှိနေသေးပုံရ၏။
'ကောင်းကင်ဘုံ ဓားသခင်’၏ အကြည့်များမှာမူ... ယခင်ကကဲ့သို့ပင် တည်ကြည်လေးနက်နေဆဲ ဖြစ်လေသည်။
'မိုးကြိုး တုန်ဟီး ဓားမ အရှင်'သည် အနည်းငယ် တုန်ယင်သွားပြီး... သူ၏ နှုတ်ခမ်းထောင့်မှ ခါးသီးမှုမှာ ပို၍ အားကောင်းလာခဲ့သည်။
လက်ထဲမှ 'ကောင်းကင်မိုးကြိုး ဓားမ' ကို နှမြောတသစွာ ကြည့်လိုက်မိသည်...။ သူသည် ဤ ပြိုင်ဘက်ကင်း ရတနာ ဓားမကြောင့် စိန်ခေါ်ရန် ရောက်လာခဲ့ခြင်း ဖြစ်သော်လည်း... ယခုအခါတွင်မူ...သူ့ လက်ထဲတွင် နွေးတောင် မနွေးသေးခင်မှာပင်... ၎င်းကို အခြားတစ်ယောက်ထံ ပေးအပ်ရတော့မည် ဖြစ်သည်။
သူသည် မိမိသဘောအလျောက် လာရောက် စိန်ခေါ်ခဲ့ခြင်း ဖြစ်ပြီး... ယခု ရှုံးနိမ့်၍ အသက်ချမ်းသာခွင့် ရခဲ့ပြီးဖြစ်ရာ... သူသည် လျော်ကြေးတစ်စုံတစ်ရာ ပေးအပ်ခြင်းကို သဘာဝအတိုင်း ရှောင်လွှဲ၍ မရနိုင်တော့ပေ။
'မိုးကြိုး တုန်ဟီး ဓားမ အရှင်'သည် သူ၏ စိတ်ကို ဆုံးဖြတ်လိုက်ပြီး... သူ၏ အသံသည် ကောင်းကင်ယံကို ဖြတ်သန်း ပဲ့တင်ထပ်သွားခဲ့သည်။
"ကျုပ် လာစိန်ခေါ်ခဲ့ပါတယ်...။ ဒါပေမဲ့ ကျုပ်ရဲ့ အရည်အချင်းတွေက နိမ့်ကျခဲ့ပါတယ်...။ ကျုပ်ကို အသက်ချမ်းသာပေးခဲ့တဲ့အတွက်... ဒီဓားမကို တာအို ရောင်းရင်းကို ကျေးဇူးတင်တဲ့အနေနဲ့ ပေးအပ်ပါတယ်..."
လူတိုင်း အံ့အားသင့်သွားကြသည်။
'မိုးကြိုး တုန်ဟီး ဓားမ အရှင်'၏ လက်ထဲမှ 'ကောင်းကင်မိုးကြိုး ဓားမ' သည် လေထဲသို့ ပျံတက်သွားပြီး... မျက်စိတစ်မှိတ်အတွင်းမှာပင် 'ကောင်းကင်ဘုံ ဓားသခင်’၏ ရှေ့မှောက်သို့ ပျံဝဲသွားသည်ကို တွေ့လိုက်ကြရသည်...။
၎င်းသည် ခပ်တိုးတိုး မြည်သံပေးလျက်ရှိပြီး... ဓားမပေါ်တွင် ဝှက်ထားသော မိုးကြိုးများမှာ... လက်နက်ချ အညံ့ခံလိုသော ရည်ရွယ်ချက်ကို ထုတ်လွှတ်နေသကဲ့သို့ ဖြစ်နေ၏။
နင်ချီ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှု အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
'အိုး... ဒါကတော့ မဆိုးဘူးပဲ...'
ယခုလေးတင်က 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'လှုပ်ရှားလိုက်စဉ်... နင်ချီသည် ဂရုတစိုက် လေ့လာခဲ့သည်...။
ဤ 'ကောင်းကင်မိုးကြိုး ဓားမ' သည် အမှန်တကယ်ပင် ပြိုင်ဘက်ကင်း ရတနာ ဓားမတစ်လက် ဖြစ်ပြီး... ထူးခြားသော သတ္တုဖြင့် ပြုလုပ်ထားကာ... 'မိုးကြိုး စွမ်းအင်'အား လမ်းကြောင်း
ပေးနိုင်ပုံရသည်...။ အကယ်၍ ဂရုတစိုက် လေ့လာခဲ့ပါလျှင်... ယခင် 'စိမ်းပြာ နက်နဲ ရတနာ ချပ်ဝတ်'ကဲ့သို့ပင်... အသီးအပွင့် ကောင်းများ သေချာပေါက် ရရှိပေလိမ့်မည်။
နင်ချီသည် ယဉ်ကျေး သမှု ပြုမနေတော့ပါ...။
‘ ငါကသာ အဖိုးအခ တစ်စုံတစ်ရာ မတောင်းဆိုခဲ့ရင်... နောင်ကျရင် ဘယ်ကမှန်း မသိတဲ့ ကလေကချေတွေကပါ ငါ့ကို လာစိန်ခေါ်နေကြဦးမလား...။ ’
အတွေး တစ်ချက်ဖြင့်...'ကောင်းကင်ဘုံ ဓားသခင်’သည် သူ၏ လက်ရှည်ဝတ်ရုံစကို ဝှေ့ယမ်းလိုက်ပြီး... 'ဓားစိတ်ဆန္ဒ' ဖြင့် 'ကောင်းကင်မိုးကြိုး ဓားမ' ကို ပွတ်သပ်လိုက်ကာ... ၎င်းကို သူ၏ ဘေးတွင် နားခိုစေလိုက်သည်။
ရတနာ ဓားမကြီး အခြားတစ်ယောက်၏ လက်ထဲသို့ ရောက်ရှိသွားသည်ကို မြင်တွေ့ရသောအခါ... 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'သည် ပို၍ပင် ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်...။
'ငါ့မိန်းမကို... တခြားတစ်ယောက်လက်ထဲ ကိုယ့်လက်နဲ့ကိုယ် ထည့်ပေးလိုက်ရသလိုပါလားကွာ...'
သို့သော် တာအို ရောင်းရင်း ထျန်းကျန့်'က 'ကောင်းကင်မိုးကြိုး ဓားမ' ကို လက်ခံလိုက်သောကြောင့်... သူသည် တိတ်တဆိတ် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
သို့သော်...'ကောင်းကင်ဘုံ ဓားသခင်’၏ မည်သည့် စိတ်ခံစားမှုမှ ကင်းမဲ့နေသော မျက်လုံးများကို ကြည့်လိုက်မိသောအခါ... သူသည် အေးစက်မှု တစ်ခုကို မခံစားမိဘဲ မနေနိုင်တော့ပေ...။
'မဖြစ်သေးဘူး... ဒီလူကြီးက ငါ့ကို မကျေနပ်သေးတဲ့ပုံပဲ...။ ငါ့ရဲ့ မိုးကြိုးကျမ်းပါ ပေးလိုက်မှပဲ...။ ဒါမှ... သူ ငါ့ကို နောက်ထပ် လာမသတ်မှာ...'
ခဏမျှ စဉ်းစားလိုက်ပြီးနောက်... 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'သည် တစ်ဖန် ထပ်မံ၍ ဆိုလိုက်ပြန်သည်။
" တာအိုရောင်းရင်း ထျန်းကျန့်... စံအိမ်တော်ကို ပြန်ရောက်တာနဲ့... ကျွန်တော် လူတစ်ယောက်ကို လွှတ်ပြီး... တောင်းပန်တဲ့အနေနဲ့... ကျွန်တော့်ရဲ့ 'မိုးကြိုးတုန်ဟီး လျှို့ဝှက်ကျမ်း' ကို လာပို့ခိုင်းလိုက်ပါ့မယ်..."
လူတိုင်း၏ မျက်နှာအမူအရာများမှာ နားလည်ရ ခက်သွားကြသည်။
'မိုးကြိုး တုန်ဟီး ဓားမ အရှင်'မှာ... သိသိသာသာပင် ကြောက်ရွံ့တုန်လှုပ်ပြီး အညံ့ခံလိုက်ပြီ ဖြစ်ကြောင်း... မုန်တိုင်းကို ငြိမ်သက်စေရန်နှင့်... ဤအမူအရာဖြင့်'ကောင်းကင်ဘုံ ဓားသခင်’၏ ဒေါသကို ငြိမ်းသတ်လိုကြောင်း... သူတို့ သိလိုက်ကြသည်...။
အကြောင်းမှာ... ယခုလေးတင်က တိုက်ပွဲထဲတွင်... ထို 'ကောင်းကင်ဘုံဓား' ကိုးစင်း၏ ကြောက်မက်ဖွယ်ရာကို... 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'ကိုယ်တိုင်မှ လွဲ၍ မည်သူမျှ အမှန်တကယ် ခံစားမိနိုင်မည် မဟုတ်သောကြောင့်တည်း။
မိမိကိုယ်တိုင် လာရောက် စိန်ခေါ်ပြီး ရှုံးနိမ့်သွားသောအခါ... ရတနာများဖြင့် လျော်ကြေးပေးရခြင်းမှာ သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခု ဖြစ်၏။ သို့သော်... 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'ကဲ့သို့... ဓားမတစ်လက် ပေးရုံသာမက... သိုင်းပညာကျမ်းပါ ထပ်မံ ပေးအပ်ခြင်းမျိုးမှာမူ... ရှားပါးလှပေသည်။
ဤသည်မှာလည်း'ကောင်းကင်ဘုံ ဓားသခင်’၏ မခန့်မှန်းနိုင်သော အစွမ်းခွန်အားကို သွယ်ဝိုက်သောအားဖြင့် သက်သေပြနေခဲ့သည်။
'ကောင်းကင်ဘုံ ဓားသခင်’သည် ပထမဆုံးအကြိမ်အဖြစ် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်...။
အချို့သူများမှာ... အမြဲတစေ တည်ကြည်လေးနက်နေသော ထိုမျက်နှာအမူအရာ အနည်းငယ် ပျော့ပြောင်းသွားသည်ကိုပင် တွေ့မြင်လိုက်ရသကဲ့သို့ ထင်မှတ်လိုက်ကြရာ... 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'၏ တင်းမာနေသော နှလုံးသားကို အလွန်အမင်း သက်သာရာ ရသွားစေခဲ့သည်။
'တော်ပါသေးရဲ့...။ သူသာ ငါ့အပေါ် ဒေါသ မပြေသေးဘဲ... နောက်မှ ဓားတစ်ချက်တည်းနဲ့ လာခုတ်သတ်သွားခဲ့ရင်... ငါက ဘယ်သူ့ဆီ သွားပြီး တိုင်ကြားရတော့မှာလဲ...'
အစမှ အဆုံးထိ... 'ခုတ်ပိုင်းစေ' ဟူသော စကားလုံးတစ်လုံးမှလွဲ၍...'ကောင်းကင်ဘုံ ဓားသခင်’သည် အခြား မည်သည့် စကားလုံးကိုမျှ ထပ်မံ ပြောကြားခဲ့ခြင်း မရှိပေ။
ခေါင်းညိတ်ပြီးနောက်...'ကောင်းကင်ဘုံ ဓားသခင်’သည် ရုတ်တရက် လှုပ်ရှားလိုက်သည်။
ရုတ်ချည်းပင် သူ၏ ဘေးမှ 'ကောင်းကင်မိုးကြိုး ဓားမ' သည်... မျက်စိကျိန်းလောက်သော အလင်းတန်းများအဖြစ် ပေါက်ကွဲထွက်လာခဲ့လေ၏။ 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'၏ လက်ထဲတွင် ရှိနေစဉ်ကထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေသကဲ့သို့ ထင်ရသည်...။
လူတိုင်း၏ မျက်နှာအမူအရာများ တင်းမာသွားကြပြီး... 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'မှာ အနည်းငယ် ထိတ်လန့်သွားမိသည်...။
'မဟုတ်... မဟုတ်မှလွဲရော... 'ကောင်းကင်မိုးကြိုး ဓားမ' ကို ယူပြီးတာတောင်... သူ... သူ... ငါ့ကို မကျေနပ်သေးဘူးလား...'
'ကောင်းကင်ဘုံ ဓားသခင်’သည် 'ကောင်းကင်မိုးကြိုး ဓားမ' ကို ယူပြီးသည့်တိုင်... ကျေနပ်မှု မရှိသေးခြင်း ဖြစ်နိုင်မည်လော။
သို့သော် လျင်မြန်စွာပင်... လူတိုင်း ဆွံ့အသွားကြတော့သည်။
'ကောင်းကင်ဘုံ ဓားသခင်’သည်... ထိုဓားမကို ဓား တစ်လက်အဖြစ် အသုံးပြုလိုက်သည်ကိုသာ တွေ့လိုက်ကြရ၏...။
'ကောင်းကင်မိုးကြိုး ဓားမ' သည်... ပြိုင်ဘက်ကင်းသော 'ဓားစိတ်ဆန္ဒ' ကို ထုတ်လွှတ်လိုက်ပြီး တပြိုင်နက်... ပေပေါင်း ထောင်ချီ ရှည်လျားသော မိုးကြိုး ဓားမြစ်ကြီး တစ်စင်းအဖြစ် အောက်သို့ ဒိုင်ဗင်ထိုးဆင်းသွားကာ... 'အစစ်အမှန်သိုင်းတောင်' ၏ ဝင်ပေါက် တံခါးမကြီး မတိုင်မီ ပေ ဒါဇင်များစွာ အကွာရှိ ကြီးမားသော ကျောက်တုံးကြီးတစ်တုံးအား ဝင်ရောက် ပစ်ခွင်းသွားခဲ့သည်...။
နဂါးတစ်ကောင်၏ ခန့်ညားထည်ဝါမှုဖြင့် လှည့်ပတ်သွားပြီး... ကောင်းကင်ယံ တစ်ခွင်လုံး ခရမ်းရောင် အလင်းတန်းများဖြင့် ပြည့်နှက်သွားကာ... မြင်ကွင်းအားလုံးကို ဖုံးကွယ်သွားစေခဲ့သည်။
ခရမ်းရောင် အလင်းတန်းများ မှိန်ဖျော့သွားသောအခါ... 'ကောင်းကင်မိုးကြိုး ဓားမ' သည် အပေါ်သို့ ပြန်တက်
လာခဲ့ပြီး...'ကောင်းကင်ဘုံ ဓားသခင်’၏ ဘေးတွင် ကပ်လျက်... 'အစစ်အမှန်သိုင်း' တောင်နောက်ဘက်ခြမ်းသို့ ကျဆင်းသွားကာ... နောက်ထပ် မည်သည့် လှုပ်ရှားမှုမျှ မရှိတော့ပေ။
လူတိုင်းသည် ကျောက်တုံးကြီး ရှိခဲ့ရာ နေရာသို့ လှမ်းကြည့်လိုက်ကြသည်။
သူတို့သည် စိတ်အားတက်ကြွသွားခြင်းကို မထိန်းချုပ်နိုင်တော့ပေ။
ပေ ဒါဇင်များစွာ ကြီးမားသော ထိုကျောက်တုံးကြီးသည် ပျောက်ကွယ်သွားခဲ့ပြီး... ၎င်း၏ နေရာတွင်... ဓားကျောက်စာတိုင်ကြီးတစ်ခု ရပ်တည်နေခဲ့လေပြီ...။
ထိုကျောက်စာတိုင်ပေါ်တွင်... ရိုးရှင်းသော စကားလုံး နှစ်လုံးတည်းသာ ရှိနေခဲ့သည်။
'အစစ်အမှန်သိုင်း' …
စာလုံး တစ်ချက်ချင်းစီတိုင်းမှာ ရိုးရှင်းလှသော်လည်း... အစွမ်းထက်လှသော 'ဓားစိတ်ဆန္ဒ' တို့ဖြင့် ပြည့်နှက်နေခဲ့သည်။
တစ်စုံတစ်ယောက်သည် သူ၏ အကြည့်များကို အာရုံစိုက်လိုက်မိရာ... ကြိုတင် ပြင်ဆင်မထားမိသည့် တစ်ခဏအတွင်းမှာပင်... သူ၏ စိတ်ဝိညာဉ်သည် ကောင်းကင်ဘုံ ဓားတစ်လက်၏ ခုတ်ပိုင်းခြင်းကို ခံလိုက်ရသလို ခံစားရပြီးနောက် ရှုပ်ထွေး ပရမ်းပတာ ဖြစ်သွားကာ... သူ၏ ဦးနှောက်မှာ ဗလာနတ္ထိ ဖြစ်သွား
ခဲ့သည်...။
အကယ်၍သာ ထိုအထဲတွင် မကောင်းသော ရည်ရွယ်ချက် မရှိခဲ့ပါလျှင်... ၎င်းသည် အရေပြား ဖြူဖျော့သွားပြီး နှလုံးသား တုန်လှုပ်သွားရုံမျှသာ ဖြစ်ပေမည်...။
သို့သော်... အကယ်၍သာ ရှိခဲ့ပါလျှင်... သူတို့၏ မျက်လုံးများသည် 'ဓားစိတ်ဆန္ဒ' ၏ ထိုးနှက်ခြင်းကို ခံလိုက်ရပြီး... အဆုံးမရှိသော သွေးများသာ စီးကျလာပေလိမ့်မည်တကား။