တစ်လောကလုံး ဆွေးနွေးငြင်းခုံခြင်း၊ မိစ္ဆာဂိုဏ်း၏ လျှို့ဝှက် လှုပ်ရှားမှုများ
Vol. 11 Ch. 161
~တိုက်ပွဲကြီး ပြီးနောက် 'မဟာယန်' ၏ ပြည်နယ်များတွင်…
ဆွေးနွေးငြင်းခုံသံတို့ ပွက်လောရိုက်နေခဲ့၏။
အထူးသဖြင့် ဓားသမားများ၏ ပံ့ပိုးမှုဖြင့်... ဤတိုက်ပွဲ၏ အသေးစိတ် အချက်အလက်များကို အဆုံးမရှိ ချဲ့ထွင်လိုက်ကြပြီး... ပုံပြောသူများမှတစ်ဆင့် တစ်ပြည်လုံးသို့ ပျံ့နှံ့သွားစေခဲ့သည်...။
မြို့ငယ်လေးများပင် ဤတိုက်ပွဲအကြောင်းကို သိရှိနေကြလေ၏။
"ဒီလိုဗျ... 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'က... ဓားတစ်ချက်တည်းနဲ့ ကောင်းကင်မိုးကြိုးကို ဆင့်ခေါ်လိုက်တာဗျ...။ လောကကြီးကို ဖျက်ဆီးပစ်မယ့် မိုးကြိုးနဂါးကြီးအဖြစ် ပြောင်းလဲသွားပြီး...သက်ရှိအားလုံးကို ဝါးမြိုတော့မလိုပဲ...။ ဒါပေမဲ့... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကတော့... တည်တည်ငြိမ်ငြိမ်ကလေးပဲ... လက်ညှိုးလေးပဲ ညွှန်လိုက်တာ...။ တစ်ခဏအတွင်းမှာပဲ... 'ကောင်းကင်ဘုံဓား' လေးဆယ့်ကိုးစင်း... ကောင်းကင်ယံကို ပျံဝဲသွားပါရော..."
တည်းခိုခန်းထဲတွင်…
မရေမတွက်နိုင်သော လူများက ထို ဇာတ်ကြောင်း ပြောသူကို ဝန်းရံထားကြပြီး... အံ့ဩတကြီး အာမေဍိတ်သံများ ပြုလျက်... သူ့ကို အမြန် ဆက်ပြောရန် တိုက်တွန်းနေကြသည်။
"'ကောင်းကင်ဘုံဓား' တွေက မိုးကြိုးနဂါးကို ခုတ်ပိုင်းဖြတ်တောက်...။ အဲ့ဒီမြင်ကွင်းကတော့ဗျာ... တကယ့်ကို အံ့မခန်းပဲ...။ မြေကြီးတွေတောင် ကွဲအက်ကုန်တာ..."
ဤကဲ့သို့သော ဖော်ပြချက်များမှာ မရေမတွက်နိုင်အောင် များပြားလှ၏။ သတင်းသည် 'အစစ်အမှန်သိုင်းမြို့တော်' မှ 'ချင်ပြည်နယ်' တစ်ခွင်သို့ ရေပန်းစားသွားပြီး... ထိုမှတစ်ဆင့် အခြား ပြည်နယ်များသို့ တိုးချဲ့ပျံ့နှံ့သွားတော့သည်။ ထိုနေ့က မျက်မြင်သက်သေ ပရိသတ်ပေါင်း မရေမတွက်နိုင်အောင် ရှိခဲ့သော်လည်း... 'မဟာယန်' မင်းဆက်ကြီး တစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက... သမုဒ္ဒရာထဲမှ ရေတစ်စက်ပမာသာ ဖြစ်လေသည်။
ပုံပြင်များ ပျံ့နှံ့လာသည်နှင့်အမျှ... အပြောင်းအလဲများ ဖြစ်ပေါ်လာခြင်းမှာ ရှောင်လွှဲ၍ မရနိုင်ပေ။
တိုက်ပွဲကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသူများမှာမူ... ဤသို့ ကြားရသောအခါ... သိနားလည်ဟန်ဖြင့် ပြုံးလိုက်ကြရုံသာ တတ်နိုင်သော်လည်း... သူတို့၏ အတွင်းစိတ်ထဲမှ တုန်လှုပ်မှုမှာမူ ဘယ်သောအခါမှ ပျောက်ကွယ်သွားခြင်း မရှိခဲ့ပါ။
ထိုတိုက်ပွဲကို မြင်တွေ့ခဲ့သူတိုင်း... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ အစွမ်းခွန်အားသည် 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း'မှ သူ၏ အဆင့်ထက် များစွာ သာလွန်နေသည်ကို သိရှိကြလေသည်။
ဤသည်မှာ... လူတိုင်း၏ တညီတညွတ်တည်း သဘောတူညီမှု ဖြစ်နေခဲ့ပြီး ဖြစ်၏။
အဓိက အင်အားစုကြီးများအားလုံးနီးပါး... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' တွင် 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ၏ ထိပ်ဆုံး အယောက်နှစ်ဆယ် စာရင်းဝင် အစွမ်းခွန်အား ရှိကြောင်း... တချိန်တည်းမှာပင် ကောက်ချက်ချလိုက်ကြသည်...။ ၎င်းမှာ အောက်ဆုံးပိုင်း မဟုတ်ဘဲ... 'လော့ဖူ ဓားအရှင်' ထက်ပင် ပိုမို သန်မာနိုင်ဖွယ် ရှိလေသည်။
ဤတိုက်ပွဲတွင်... 'မိုးကြိုး တုန်ဟီး ဓားမ အရှင်' နှင့် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' တို့သည် သဘာဝအတိုင်း အဓိကဇာတ်လိုက်များ ဖြစ်ခဲ့ကြသော်လည်း... 'လော့ဖူ ဓားအရှင်' ၏ လုပ်ရပ်များမှာလည်း တိတ်တဆိတ် ပျံ့နှံ့သွားခဲ့ပြီး... သိရှိသူများကြားတွင် ဟာသတစ်ပုဒ် ဖြစ်စေခဲ့သည်...။ သို့သော်... 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' အဆင့် နှစ်ဆယ့်တစ် ရှိသော ပြိုင်ဘက်ကင်း ဓားသမား တစ်ဦး၏ သြဇာလွှမ်းမိုးမှုမှာ ကြီးမားလှသဖြင့်... မည်သူမျှ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝံ့ခြင်း မရှိခဲ့ကြပါ။
ဤကဲ့သို့ ဝှက်ထားသော ကောလာဟလများကပင်... 'လော့ဖူ ဓားအရှင်' ကို အရူးမဖြစ်သွားရုံတမယ် ဖြစ်စေရန် လုံလောက်နေခဲ့လေပြီ။
'မိုးကြိုးတုန်ဟီး စံအိမ်တော်'သို့ ပြန်လည် ရောက်ရှိသွားပြီးနောက်... 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'သည် သူ၏ 'မိုးကြိုးတုန်ဟီး လျှို့ဝှက်ကျမ်း'အား ပို့ဆောင်ရန် အမိန့်ပေးလိုက်သည်...။
သူသည် သူ၏ ကတိကို မဖောက်ဖျက်ခဲ့သလို... မဖောက်ဖျက်ရဲပါချေ။
'ဓားမ တာအို' မှ စီနီယာ ပုဂ္ဂိုလ်အချို့ လာရောက် လည်ပတ်ကြသည်...။ မည်သူမျှ 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'ကို အပြစ်မတင်ခဲ့ကြ...။ အချို့က လျော်ကြေးငွေများပင် ကမ်းလှမ်းခဲ့ကြသေးသည်...။
အကြောင်းမှာ... ဤသည်မှာ 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'၏ အရည်အချင်း မပြည့်ဝမှုကြောင့် မဟုတ်ဘဲ... ရန်သူက အလွန်အမင်း သန်မာလွန်းနေခဲ့သောကြောင့် ဖြစ်လေသည်။
'ဓားမ တာအို' မှ သခင်ကြီး အများအပြားသည် သူတို့၏ သိုင်းပညာများကို 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'နှင့် မျှဝေခဲ့ကြရာ... တစ်နည်းအားဖြင့်... သူသည် ဘေးဒုက္ခမှ အကျိုးကျေးဇူး ရရှိလိုက်သကဲ့သို့ ဖြစ်သွားခဲ့၏။
သူသည် လက်တစ်ဖက် ဆုံးရှုံးသွားခဲ့သော်လည်း... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' နှင့် တိုက်ပွဲအတွင်း သူ၏ ကန့်သတ်ချက်များကို ချိုးဖျက်နိုင်ခဲ့သည်...။ အကယ်၍ သူသာ ဤ 'ဓားမ တာအို' အမြင်များကို စုပ်ယူနိုင်ခဲ့ပါလျှင်... သူသည် ပိုမို တိုးတက်လာနိုင်ပေဦးမည်။
လာမည့်နှစ်တွင်... 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' သို့ ပြန်လည် ရောက်ရှိလာရန်မှာ
ရှောင်လွှဲမရနိုင်သလို... အဆင့်အနည်းငယ် တက်လာနိုင်ဖွယ်ပင် ရှိနေခဲ့သည်။
ဤအချိန်အတွင်း... လူတိုင်းသည် 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' အကြောင်းကို မဆွေးနွေးဘဲ မနေနိုင်ခဲ့ကြ...။ သူတို့၏ မျက်လုံးများမှာ မနာလိုမှုနှင့် တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေခဲ့၏။
"ကျုပ်... ဟို 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို အဝေးကနေ လှမ်းမြင်လိုက်တယ်...။ မူလကတော့... ဒါက သာမန် ကျောက်တုံး တစ်တုံးပါပဲ...။ ဒီလို ပြောင်းလဲသွားရတဲ့ အကြောင်းရင်းက... လုံးလုံးလျားလျား 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ရဲ့ 'ဓားစိတ်ဆန္ဒ' ကြောင့်ပဲ...။ သူ့ရဲ့ 'ဓားစိတ်ဆန္ဒ' က..."
ဤနေရာသို့ ရောက်သောအခါ... 'ဓားမ တာအို' မှ စီနီယာ ပုဂ္ဂိုလ်ကြီးမှာ တိတ်ဆိတ်သွားခဲ့ပြီး... သူ၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးသွားကာ... ထို့နောက် ဆက်လက် ပြောဆိုလိုက်သည်...။
"...အရမ်း ကြောက်စရာကောင်းတယ်..."
ဤ တိုတောင်းသော စကားလုံး လေးလုံးက... လူတိုင်းကို တိတ်ဆိတ်သွားစေခဲ့သည်။
တစ်စုံတစ်ယောက်က မနေနိုင်ဘဲ အဆိုပြုလိုက်သည်။
" ကျွန်တော်တို့လည်း... 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို အတုခိုးပြီး... 'ဓားမ ကျောက်စာတိုင်' တစ်ခု တည်ထောင်ကြရင် မကောင်းဘူးလား...။ ဓားမသမားတွေ အားလုံး နားလည် သဘောပေါက်နိုင်အောင်လို့လေ...။ မဟုတ်ရင်... အချိန်ကြာလာတာနဲ့အမျှ... ကျွန်တော်တို့တွေ ဓားသမားတွေရဲ့ အရိပ်အောက်မှာ လုံးလုံးလျားလျား ဖုံးလွှမ်းသွားလိမ့်မယ်ဗျ..."
'မိုးကြိုး တုန်ဟီး ဓားမ အရှင်'၏ ဤရှုံးနိမ့်မှုသည်... ဓားမသမားများကို ယခင်က မရှိခဲ့ဖူးသော စည်းလုံးမှု တစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။
'မိုးကြိုး တုန်ဟီး ဓားမ အရှင်'က ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းခါလိုက်၏။
"ကျုပ်တို့... အဲ့ဒါကို လုပ်နိုင်မယ် မထင်ပါဘူး...။ 'ဓားမ စိတ်ဆန္ဒ' ကို နားလည် သဘောပေါက်နိုင်အောင် ထိန်းသိမ်းထားဖို့ဆိုတာ... ဓားမ မိစ္ဆာ' စီနီယာ တစ်ယောက်တည်းပဲ လုပ်နိုင်လိမ့်မယ်...။ ဒါပေမဲ့ ဓားမ မိစ္ဆာ' စီနီယာက... ခြေရာလက်ရာ ရှာရခက်လွန်းပြီး... ဒီလို ကိစ္စမျိုးတွေမှာ သူကိုယ်တိုင် ဝင်ပါချင်မှ ပါမှာပါ..."
"တကယ်ပဲ အံ့ဩဖို့ကောင်းတယ်...။ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က... ဒီလို ပြိုင်ဘက်ကင်းတဲ့ 'ဓားစိတ်ဆန္ဒ' ကို ဘယ်လို နားလည် သဘောပေါက်သွား
ခဲ့တာလဲ မသိဘူး...။ ဖြစ်နိုင်တာကတော့... ရုတ်တရက် ဉာဏ်အလင်းပွင့်သွားတာမျိုး နေမှာ...။ သူ့မှာသာ... ပိုသန်မာတဲ့ ကျင့်ကြံမှုအဆင့် ရှိခဲ့ရင်... နောင်တစ်ချိန်မှာ ဓားမ မိစ္ဆာ' စီနီယာနဲ့တောင် တိုက်ခိုက်
နိုင်လောက်တယ်..."
ထိုသို့ ပြောလိုက်မိသောအခါ... လူတိုင်း စိတ်သက်သာရာ ရသွားကြမိသည်...။
'...တော်ပါသေးရဲ့... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က အသက်ကြီးနေပုံရလို့...။ မဟုတ်လို့... သူသာ ဓားသမားတွေရဲ့ အထွတ်အထိပ်ကို ရောက်သွားခဲ့ရင်... ငါတို့တွေ တကယ် စိတ်ဓာတ်ကျရတော့မှာ...'
ယခု... သူတို့ ဓားသမားများကို တန်ပြန်ရန် တင်ပြနိုင်သည့် တစ်ခုတည်းသော အရာမှာ... 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ၏ အဆင့် သုံး ဖြစ်သူ... ဓားမ မိစ္ဆာ' သာ ဖြစ်လေသည်။
လူတိုင်း ခေါင်းခါလိုက်ကြပြီး...မချိပြုံးလေးများ ပြုံးလိုက်ကြကာ... 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ၏ တည်ရှိမှုကို တန်ပြန်နိုင်ရန်... အခြားသော နည်းလမ်းများကို ရှာဖွေရန် ဆွေးနွေးလိုက်ကြတော့သည်။
...
ပထမဆုံးအကြိမ်အဖြစ်... 'အစစ်အမှန်သိုင်းဂိုဏ်း'သည် မရေမတွက်နိုင်သော အဓိက အင်အားစုများ၏ အမြင်ထဲသို့ ဝင်ရောက်လာခဲ့သည်...။
၎င်းက... ယခင် 'ကောင်းကင်ဘုံဓားသခင်' ၏ မိစ္ဆာများကို ခုတ်သတ်ခဲ့သည့် အဖြစ်အပျက် နှစ်ခုထက် ပိုမို ကြီးမားသော အတိုင်းအတာ ဖြစ်ပါ၏။
မည်သို့ပင် ဆိုစေကာမူ... ပါဝင်ပတ်သက်ခဲ့သော ဇာတ်ဆောင် နှစ်ဦးစလုံးသည်... 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ဝင်ရန် လုံလောက်အောင် အစွမ်းထက်ကြသူများ ဖြစ်သည်...။
အောက်ဆုံး အဆင့်များတွင်ပင် ဖြစ်လင့်ကစား... 'မဟာယန်' တွင်... ဤကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်များမှာ လူသိရှင်ကြား သုံးဆယ့်ခြောက်ဦးသာ ရှိကြောင်း သိရှိထားကြသည်။
ထို့အပြင်... ဤတိုက်ပွဲသည် 'ဓားမ' နှင့် 'ဓား' တို့၏ ပဋိပက္ခကို ကိုယ်စားပြုနေခဲ့သည်။
'မဟာယန်' တော်ဝင်နန်းတော်...၊ 'တာအို' ဂိုဏ်း အသီးသီး...၊ 'တောင်ပိုင်းနယ်စပ် မဟာမိတ်'...၊ 'တာ့ကျွယ် ကျောင်းတော်'၊ 'ဓားမေးမြန်း စံအိမ်'.. ။
ဤ ထိပ်တန်း အင်အားစုများအားလုံး... တိတ်တဆိတ် အစည်းအဝေး ကျင်းပနေခဲ့ကြလေသည်။
ထိုအချိန်တွင်... ခန်းမဆောင် တစ်ခုအတွင်း၌၊
'မိစ္ဆာဂိုဏ်း'မှ အစွမ်းထက် ပုဂ္ဂိုလ်တစ်စုသည်လည်း... ဤကိစ္စကို ဆွေးနွေးနေခဲ့ကြသည်။
ဦးဆောင်သူ နေရာတွင် ထိုင်နေသူမှာ... တစ်ဦးတည်း မဟုတ်ဘဲ... သုံးဦး ဖြစ် လေ၏။ တစ်ဦးမှာ... 'ကြေးဝါ သရဲ မျက်နှာဖုံး' အား ဝတ်ဆင်ထားသည်...။
နောက်တစ်ဦးမှာ... ငွေရောင် တောက်ပနေသော မျက်လုံးများ ပိုင်ဆိုင်ထားပြီး... အချို့ကို စိုးရိမ်ပူပန်စေသော... ခန့်ညားသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ...။
တတိယတစ်ဦးမှာမူ... စိမ်းလန်းသော ဝတ်စုံကို ဝတ်ဆင်ထားသည့်... လူလတ်ပိုင်း အရွယ် လှပသော အမျိုးသမီး တစ်ဦး ဖြစ်၏။...
သူမ၏ အမူအရာ တိုင်းနှင့် အပြုံးတိုင်းတွင် ဆွဲဆောင်မှုရှိလေ၍... စွဲမက်ဖွယ်ရာ အငွေ့အသက် တစ်မျိုးကို သယ်ဆောင်ထားလေသည်။
ဤသူများမှာ... 'မိစ္ဆာဂိုဏ်း' ၏ ဒုတိယ ဂိုဏ်းချုပ် သုံးဦး ဖြစ်ကြပေသည်။
"ကြည့်ရတာ... လွန်ခဲ့တဲ့ တစ်ခေါက်က... အကြီးအကဲဝမ်နဲ့ တခြားငါးယောက်... 'အစစ်အမှန်သိုင်းဂိုဏ်း' ကို သွားတိုက်တုန်းက... ဟို စီနီယာ ထျန်းကျန့် ဆိုတဲ့ ပုဂ္ဂိုလ်... သူ့အစွမ်းတွေ အများကြီး ချုပ်တည်းထားခဲ့ပုံပဲ...။ မဟုတ်ရင်... သူ့တစ်ယောက်တည်းကို အခြေခံပြီး ပြောရရင်တောင်... အကြီးအကဲဝမ်နဲ့ ဟိုငါးယောက်ကို အနိုင်တိုက်နိုင်လောက်တယ်..."
သရဲ မျက်နှာဖုံးနှင့် အသံသည်... ဆိုးယုတ်သော လေသံ ရှိနေခဲ့သည်။
'အစစ်အမှန်သိုင်းဂိုဏ်း' အပေါ် ထိုးစစ်ဆင်မှုကို ယာယီ စွန့်လွှတ်လိုက်ရသော်လည်း... ၎င်းမှာ ဤရန်ငြိုးကို မေ့လျော့လိုက်ပြီဟု အဓိပ္ပာယ် သက်ရောက်ခြင်း မရှိပေ။
သို့သော်... ဤတိုက်ပွဲသည် လောကကို တုန်လှုပ်စေခဲ့ပြီး... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' မှ ပြသလိုက်သော အစွမ်းခွန်အားမှာ... အတိုင်းအတာ တစ်ခုအထိ စိတ်ကူးထက် ကျော်လွန်နေခဲ့သည်...။
နောက်ပိုင်းတွင် ကိုင်တွယ်ဖြေရှင်းလိုလျှင်ပင်... ၎င်းသည် ဖြေရှင်းရန် ခက်ခဲသော ပြဿနာတစ်ခု ဖြစ်နေခဲ့လေပြီ။
ငွေရောင်မျက်လုံးနှင့် အမျိုးသားကမူ
"ဖြစ်နိုင်တာက... အဲ့ဒီတုန်းက... 'မြို့စောင့်မြောက်ပိုင်းဘုရင်' က... 'အစစ်အမှန်သိုင်းတောင်' ကို အလည်အပတ် ရောက်နေလို့... ဒီမြေခွေးအိုကြီးက... သူ့အစွမ်းကို ဖုံးကွယ်ထားခဲ့တာ နေမှာ..."
ဟု သူ၏ ထင်မြင်ချက်အား ထုတ်ဖော်လိုက်သည်။