ကံကြမ္မာ၏ ဒုတိယနယ်ပယ်
Vol. 21 Ch. 266
"ဒါက... မင်းမြင်ခဲ့တဲ့ မြစ်လက်တက်တွေက... သူတို့များ ဖြစ်နေနိုင်လား"
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် အချိန်ကာလသူတော်စင်သည် နောက်ဆုံးတွင် သူ၏တွေဝေမှုမှ လွတ်မြောက်လာပြီး သူ၏မျက်လုံးများသည် အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားပေ၏။
မြစ်လက်တက်အမြောက်အများရှိသော မြစ်တစ်စင်းတွင် အမှန်တကယ်ကို အန္တရာယ်များ ရှိနိုင်သည်။ သို့ရာတွင် ဤမြစ်လက်တက်များသည် ယန်ဇီမြစ် မြစ်ဝါမြစ် မဲခေါင်မြစ် သို့မဟုတ် နိုင်းမြစ်များ၏အဆင့်တွင် ရှိနေပါက ထိုအရာများသည် သာမန်မြစ်လက်တက်များ မဟုတ်တော့ဘဲ ရေအင်ပါယာများ ဖြစ်သွားပေလိမ့်မည်။
"ဒါ... ဒါက..."
ရင်းမြစ်ခန်းမသခင်သည်လည်း ပြောစရာ စကားလုံးများ ပျောက်ဆုံးသွားသည်။
သူတို့၏ရှေ့တွင် ထာဝရအသက် အုပ်စိုးသူအရှင် ဖုန်းယွမ်ဖျင် မြောင်ဟန်ရှန့် ကျိုးချန်း နှင့် တခြားထိပ်သီးပညာရှင်များ မတ်တတ်ရပ်နေကြသည်။ သူတို့၏ကျင့်ကြံဆင့်နှင့် ကောင်းကင်ကံကြမ္မာအပေါ် ကျွမ်းကျင်ပိုင်နိုင်မှုတို့သည် အနည်းငယ် နိမ့်ကျသော်လည်း သူတို့တစ်ဦးချင်းစီသည် သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် နာမည်ကျော်ကြားသော ပုဂ္ဂိုလ်များဖြစ်ကြပြီး ကြီးမားသောစွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။ အကယ်၍ သူတို့အားလုံး အတူတကွပူးပေါင်းလိုက်ပါက လွယ်လင့်တကူ မထိပါးနိုင်သော အင်အားစုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
သူတို့သည် အရေးမပါသော မြစ်လက်တက်များ သို့မဟုတ် ငါးသေးငါးမွှားလေးများဟု ယူဆထားခဲ့ကြသော်လည်း အမှန်တကယ်အားဖြင့် သူတို့နှင့် တန်းတူအဆင့်တွင်ရှိသော ပုဂ္ဂိုလ်များ ဖြစ်နေကြသည်။
"ငါတို့ အရမ်းကို အဆင်အခြင်မဲ့ခဲ့ကြတယ်..."
ရင်းမြစ်ခန်းမသခင်နှင့် အချိန်ကာလသူတော်စင်တို့နှစ်ဦးလုံး စကားမပြောနိုင် ဖြစ်သွားကြသည်။
ကျန်းရွှမ်သည် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းမှန်းသာ ကြိုသိခဲ့လျှင် သူတို့သည် ထိုကဲ့သို့ ခြိမ်းခြောက်ရဲမည် မဟုတ်ပေ။ ဤမျှထိ အရှုပ်အထွေးများ ဖြစ်ပွားပြီးနောက် အစစ်အမှန်လူပြက်များသည် သူတို့ကိုယ်တိုင် ဖြစ်နေပေ၏။
ထိုသို့ဆိုသည့်တိုင် လူတစ်ဦးသည် အဆက်အသွယ်များ မည်မျှထိ ခိုင်မာအားကောင်းစေကာမူ အကယ်၍ သူကိုယ်တိုင်ထံတွင် အင်အားမရှိပါက အရာအားလုံး အဓိပ္ပာယ်မဲ့သွားပေမည်။
"သွားကြစို့...."
ဤနေရာတွင် ဆက်လက်နေထိုင်ခြင်းသည် နောက်ထပ် အရှက်ရစရာများကိုသာ ဖြစ်စေမည်အား သဘောပေါက်လိုက်သဖြင့် ရင်းမြစ်ခန်းမသခင်သည် တုံ့ဆိုင်းမနေတော့ပေ။ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့်အတူ လော့ယိုရှင်းသည် စွမ်းအားလှိုင်းတစ်ရပ်ဖြင့် လွှမ်းခြုံခြင်းခံလိုက်ရပြီး သူတို့နှစ်ဦးသား လေဟာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားကြသည်။
အချိန်ကာလသူတော်စင်သည်လည်း လော့ချီးချီးကို ခေါ်ဆောင်ကာ သူတို့၏နောက်သို့ လိုက်ပါသွားသည်။
"ငါတို့လည်း သွားသင့်ပြီ"
ထာဝရအသက် အုပ်စိုးသူအရှင်သည် နောက်ထပ်ရှင်းပြချက် တစ်စုံတစ်ရာ မပေးတော့ချေ။
ကျိုးချန်း ဖုန်းယွမ်ဖျင် နှင့် တခြားထိပ်သီးပညာရှင်များသည် တစ်ဦးပြီးတစ်ဦး လေဟာနယ်ကို ဆုတ်ဖြဲကာ ထွက်ခွာသွားကြသည်။
အချိန်တခဏအတွင်းမှာပင် ကျန်းရွှမ်၏အပေါင်းအဖော်များဖြစ်သော လျိုယန် ယွမ်ထောင် လုချုံး ဝေ့ရူရန် ကျန်းကျိုးရှောင် ခုန်းရှီယောင် ရှန်ရှောင်ထျန်း ပိုင်ရွမ်ချင်း သောက်လီ ကြက်ပေါက်လေး လော့ယိုရှင်း နှင့် လော့ချီးချီးတို့အားလုံးကို ခေါ်ဆောင်သွားကြသည်။
စွန်းချန် လျှူမင်ယွဲ့ ယုရှောင်ယွီ နှင့် ဟုန်ရီတို့သာလျှင် ကျန်ရစ်ခဲ့လေ၏။
စွန်းချန်၏ကောင်းကင်ကံကြမ္မာအပေါ်ကျွမ်းကျင်ပိုင်နိုင်မှုသည် မည်သည့် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အာရုံစိုက်မှုကိုမျှ မရရှိခဲ့ချေ။ လျှူမင်ယွဲ့နှင့် တခြားလူများမှာမူ ကျန်းရွှမ်၏ သင်ကြားမှုများက သူတို့၏အရည်အချင်းများကို သာမာန်အဆင့်အထက်သို့ မြှင့်တင်ပေးခဲ့သော်လည်း သူတို့သည် အစစ်အမှန်ပါရမီရှင်များနှင့် အလှမ်းကွာဟနေဆဲပင်။
သူတို့၏ကောင်းကင်ကံကြမ္မာအပေါ် နားလည်သဘောပေါက်မှုသည်ပင် အထင်ကြီးဖွယ်ရာ မဖြစ်ခဲ့ချေ။
"ဆရာ... ကျွန်မတို့က ဆရာ့ကို စိတ်ပျက်စေခဲ့မိတယ်..."
လျှူမင်ယွဲ့နှင့်တခြားလူများသည် ရှက်ရွံ့မှုကြောင့် သူတို့၏မျက်နှာများ နီမြန်းသွားကြသည်။
သူတို့သည် တစ်ချိန်က သူတို့ကိုယ်သူတို့ ထူးချွန်ပြီး မည်သည့်နေရာတွင်မဆို ထင်ရှားပေါ်လွင်နိုင်သူများဟု ထင်မှတ်ခဲ့ကြသည်။ သို့ရာတွင် သူတို့ဆရာ၏ တခြားတပည့်များနှင့် တွေ့ဆုံပြီးနောက် ကွာဟချက်သည် သိသာထင်ရှားလှ၏။
ရိုးရှင်းသော စစ်ဆေးမှုတစ်ခုတွင်ပင် ဆရာ၏ယခင်တပည့်များကိုသာ အစွမ်းထက်ပုဂ္ဂိုလ်များက အလုအယက်ခေါ်ဆောင်သွားကြပြီး သူတို့မှာမူ ချန်ထားခံခဲ့ရသည်။
"မင်းတို့က လုံလဝီရိယရှိရှိနဲ့ ကျင့်ကြံနေတဲ့ ကာလပတ်လုံး ငါ့ကို စိတ်ပျက်စေတယ်ဆိုတာ မရှိဘူး"
ကျန်းရွှမ်က နူးညံ့ညင်သာသော အပြုံးဖြင့် သူတို့ကို နှစ်သိမ့်လိုက်သည်။
"စိတ်မပူပါနဲ့ ဆရာ....ကျွန်မက ကြိုးစားမှုကို နှစ်ဆတိုးပြီးတော့ စီနီယာအစ်ကို စီနီယာအစ်မတွေလို အရည်အချင်းရှိလာအောင် ကြိုးစားပါ့မယ်..."
လျှူမင်ယွဲ့က ပြတ်ပြတ်သားသား ထုတ်ပြန်ကြေညာလိုက်သည်။
သူမ၏ဖခင် မရှိတော့သဖြင့် လျှူမိသားစု ပြိုလဲသွားခဲ့ရာ သူမအတွက် ကျန်ရှိနေသည်မှာ ကျန်းရွှမ်၏လမ်းညွှန်မှုအောက်တွင် ကျင့်ကြံခြင်း၌ သူမကိုယ်သူမ အလုံးစုံမြှုပ်နှံထားရန်သာပင်။
"ကျွန်မလည်း အတူတူပဲ...ကျွန်မက ပိုကြိုးစားပြီးတော့ ကစားတာတွေကို လျှော့လိုက်တော့မယ်"
ယုရှောင်ယွီက သူမ၏မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
သူမသည် အရည်အချင်းရှိသော်လည်း အလွန်အကျွံ အဆော့မက်လွန်းသည်။ အဖြူရောင်ကျောက်တုံးမြို့တွင် သူမသည် မည်သည့် ဖိအားမျှ မခံစားခဲ့ရသော်လည်း ယခုချိန်၌မူ သူမ မပြောင်းလဲပါက သူမ၏စီနီယာအစ်ကို စီနီယာအစ်မများကို မဆိုထားနှင့် သောက်လီကိုပင် မီနိုင်မည် မဟုတ်ကြောင်း သဘောပေါက်သွားသည်။
"ကျွန်....ကျွန်တော်လည်း ကြိုးစားပါ့မယ်"
ဟုန်ရီက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်၏။
ကျန်းရွှမ်သည် သူ့အား သူ၏ကံကြမ္မာကို ရွေးချယ်ခွင့် ပေးခဲ့သဖြင့် သူ ဖြုန်းတီးပစ်၍ မဖြစ်ချေ။
သူတို့၏ စိတ်ပိုင်းဖြတ်ထားမှုကို မြင်ချိန်၌ ကျန်းရွှမ်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ဤသည်မှာ သူ့ကို ကျောက်ယာတို့လူစုသည် အစပိုင်းက လမ်းပျောက်နေသော်လည်း တဖြည်းဖြည်း စိတ်ပိုင်းဖြတ်မှု ခိုင်မာလာကြပုံကို အမှတ်ရစေသည်။ သူတို့ထံ၌ ယုံကြည်ချက်များရှိနေလျှင် တောက်ပသောအနာဂတ်သည် လက်လှမ်းမမီနိုင်သည့်အရာ မဟုတ်ချေ။
ဤအချိန်တွင် ပတ်ဝန်းကျင်ရှိ လူအများသည် သူတို့အချင်းချင်း တီးတိုးပြောဆိုနေကြ၏။
"ဘာဖြစ်နေတာလဲ.... ငါတို့ ဒီနေရာကို ဘယ်လိုလုပ်ပြီး ရောက်လာကြတာလဲ"
"ငါလည်း မသိဘူး...ငါတို့ ကံကြမ္မာခန်းမမှာ တာဝန်တွေ လာရှာနေတာများ ဖြစ်နေမလား"
"ဒါက ဖြစ်နိုင်တယ်...ငါတို့ သွားကြည့်ကြရအောင်"
လူအုပ်အကြားမှ လူအမြောက်အများသည် စိတ်ရှုပ်ထွေးနေပုံရပြီး ဤသည်မှာ သူတို့၏ မှတ်ဉာဏ်များကို ရင်းမြစ်ခန်းမသခင်မှ ဖျက်ဆီးပစ်ခဲ့ခြင်းပင်။
ရှစ်ယွမ်ကျင်းနှင့်ချန်ယုဟွမ်ကဲ့သို့ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များပင်လျှင် နားမလည်နိုင် ဖြစ်နေခဲ့သည်။
ရှစ်ယွမ်ကျင်းက မျက်မှောင်ကြုတ်ပြီး ချန်ယုဟွမ်ကို လှမ်းကြည့်လိုက်သည်။
"ဂိုဏ်းခွဲသခင်ချန်...မင်း ငါ့ကို ဒီနေရာဆီ ခေါ်လာတာလား"
"ငါ မှတ်မိသလောက်တော့ အဲ့ဒီလို မဟုတ်ဘူး..."
ချန်ယုဟွမ်က သူ၏ခေါင်းကိုကုတ်ကာ စဥ်းစားလိုက်ပြီးနောက် သူ့ထံ၌ အတွေးတစ်ခု ထွက်ပေါ်လာသည်။
"ခဏနေအုံး....မင်းက ကောင်းကင်ကံကြမ္မာ အကဲဖြတ်မှုတွေကို စစ်ဆေးနေတာ မဟုတ်လား..အခြေအနေ ဘယ်လိုရှိလဲ"
"ဟုတ်တယ်.. ငါ အဲ့ဒါကို စစ်ဆေးနေတာပဲ... ဒါပေမဲ့... ငါက ဘယ်သူ့ကို ခေါ်လာခဲ့တာလဲ"
ရှစ်ယွမ်ကျင်းသည် အတွေးနက်သွားလေ၏။
သူတို့သည် အဖြစ်အပျက်များကို ပြန်လည်ဆက်စပ်ရန် ကြိုးစားနေစဥ်တွင် ယန်ဆန်းရှစ်ဆန်းက သူ၏ခေါင်းကို ပွတ်သပ်လိုက်သည်။
"ငါ တစ်ခုခုကို မေ့နေသလိုပဲ... ထားလိုက်တော့... အနည်းဆုံးတော့ ဒီစမ်းသပ်မှုအတွင်းမှာ ငါက ကြယ်စင်မြစ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တယ်...အခု ကျိုးယီအင်ပါယာက လူငယ်ပါရမီရှင်တွေကြားမှာ ဘယ်သူက ငါနဲ့ ယှဉ်နိုင်မှာလဲ"
လူများအားလုံးသည် အရေးကြီးသော အဖြစ်အပျက်များအနက် အများစုကို မေ့လျော့သွားကြသည်အားမြင်လျှင် ကျန်းရွှမ်က သက်ပြင်းချလိုက်သည်။ သူသည် စွန်းချန်နှင့်တခြားလူများကို ခေါ်ဆောင်လိုက်ပြီး သူ၏နေအိမ်သို့ ပြန်ခဲ့တော့သည်။
ကျန်းအိမ်တော်သို့ ပြန်ရောက်ချိန်၌ ကျန်းရွှမ်သည် သူ၏အခန်းသို့ တန်းတန်းမတ်မတ် သွားလိုက်၏။
သူသည် လျင်မြန်စွာ တိုးတက်ခဲ့သော်လည်း သူ ပို၍ကြိုးစားရန် လိုအပ်နေသေးသည်ဟု ခံစားနေရဆဲပင်။ ထိုသို့မဟုတ်ပါက သူ နောက်ကျကျန်ရစ်ခဲ့မည်ကို စိုးရိမ်မိသည်။
"ကြယ်စင်မြစ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့ကို အာရုံစိုက်တာ ပိုကောင်းလိမ့်မယ်..."
သူသည် ဓမ္မရုပ်သွင်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေလေပြီ။ ဤသည်မှာ သူ နောက်တစ်ဆင့်သို့ တက်လှမ်းရမည့် အချိန်ပင်။
သူ၏ အရှိန်အဟုန်ကံကြမ္မာ စတုတ္ထအဆင့် မိုတောက်ကံကြမ္မာ တတိယအဆင့်နှင့် စီးဆင်းသောအလင်းတန်းကံကြမ္မာ ဒုတိယအဆင့်တို့ကို နားလည်သဘောပေါက်မှုသည် ခိုင်မာသော်လည်း ကောင်းကင်ဘုံသောကကံကြမ္မာသည် သူ၏အားအနည်းဆုံးအပိုင်း ဖြစ်နေဆဲပင်။ ထူးဆန်းသည်မှာ ဤသည်က သူ၏ ရှေ့ဆက်တိုးတက်မှုအတွက် အဓိကသော့ချက်လည်း ဖြစ်နေခြင်းပင်။
သူ ကျင့်ကြံဆင့်မချိုးဖျက်မီ ထိုကံကြမ္မာကို ဒုတိယအဆင့်သို့ မြှင့်တင်ရန် လိုအပ်သည်။
ထို့နောက် သူ၏အသိစိတ်ကို ကောင်းကင်ဘုံစာကြည့်တိုက်ထဲသို့ စေလွှတ်လိုက်သည်။ ကျန်းရွှမ်သည် ကြီးမားပြီး အစွမ်းထက်သော်လည်း ကွန်ရက်ကဲ့သို့ရှုပ်ထွေးနေကာ ပိုးအိမ်တွင်းမှ ထွက်ပေါ်လာရန် စောင့်ဆိုင်းနေသော ပိုးလောင်းကဲ့သို့ ချုပ်နှောင်ခံထားရသည့် ကောင်းကင်ဘုံသောကကံကြမ္မာကို စောင့်ကြည့်လိုက်၏။
သူ ကျင့်ကြံဆင့်ချိုးဖျက်ရန်မှာ ထိုကံကြမ္မာ၏ နက်နဲသော အခြေခံသဘောတရားများကို ဆုပ်ကိုင်ထားရန်နှင့် လုံလောက်သော ကောင်းကင်ကံကြမ္မာစွမ်းအင်များကို စုဆောင်းရန်တို့ လိုအပ်သည်။
သူ၏စိတ်သည် ကောင်းကင်ဘုံသောက၏ ရှုပ်ထွေးသော ချည်မျှင်များကို လိုက်လံ ကြည့်ရှုနေစဉ် ဝေဝါးသော မှတ်ဉာဏ်တစ်ခုက တောင်ထိပ်ပေါ်မှ တောက်ပသော နံနက်ခင်းတစ်ခုအလား ထွက်ပေါ်လာသည်။
သူ၏ယောက္ခမ နယ်ယွမ်၏နံဘေးတွင် မတ်တတ်ရပ်နေရင်း စကားပြောဆိုခဲ့သည့် အချိန်ကို သူ ပြန်လည်၍ အမှတ်ရလိုက်သည်။
"ရင်းမြစ်ကမ္ဘာ... မင်း အာရုံခံလို့ ရလား"
နယ်ယွမ်က အဝေးရှိ မိုးကောင်းကင်ပြင်ကို စူးစိုက်ကြည့်ရင်း မေးမြန်းလိုက်၏။
ကျန်းရွှမ်က တွေဝေတုံ့ဆိုင်းနေပြီးနောက် တုံ့ပြန်အဖြေပေးလိုက်သည်။
"ဟုတ်ကဲ့...ကမ္ဘာသစ်တွေကို ဖန်တီးဖို့ စွမ်းအားတွေအားလုံးက အဲဒီကနေ မြစ်ဖျားခံတာပါ... ဒါပေမဲ့ ဒါက ထူးဆန်းတယ်..ဒီစွမ်းအားကို အပြည့်အဝ မထိန်းချုပ်နိုင်သရွေ့ ဖြေရှင်းလို့မရတဲ့ သိုဝှက်ထားတဲ့ အန္တရာယ်တွေကို ချန်ထားခဲ့တယ်"
ခုန်းရှီက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြလေသည်။
"တစ်ယောက်ယောက်က ငါ့ရဲ့ကံကြမ္မာကို ထိန်းချုပ်ထားပြီးတော့ အချိန်မရွေး ဖြတ်တောက်ပစ်ဖို့ အသင့်ရှိနေသလိုမျိုး ငါ ခံစားရတယ်"
နယ်ယွမ်၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။
"မင်းတို့ရဲ့ အာရုံခံစားမှုတွေက တိကျတယ်... ရင်းမြစ်ကမ္ဘာက တကယ့်ကို ထူးဆန်းတယ်... လွန်ခဲ့တဲ့ နှစ်တွေတုန်းက အဲ့ဒီကမ္ဘာရဲ့ စွမ်းအားကို သုံးစွဲနေတဲ့ လူတစ်ယောက်ရဲ့လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ ငါ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်...မကြာသေးခင်ကပဲ အဲ့ဒီလူက ဘယ်သူလဲဆိုတာနဲ့ ဘာကြောင့် ငါ့ကို ပစ်မှတ်ထားခဲ့လဲဆိုတာ ငါ ဖော်ထုတ်နိုင်ခဲ့တယ်"
ကျန်းရွှမ်နှင့်ခုန်းရှီတို့ ထပ်မံ၍ မေးမြန်းခြင်း မပြုနိုင်မီမှာပင် နယ်ယွမ်က သူ၏လက်ညှိုးကို သူတို့၏နဖူးပေါ်သို့ ဖိကပ်လိုက်ပြီး အလင်းတန်းတစ်ခုကို ထုတ်လွှတ်ပေးလိုက်သည်။
"ငါက အဲ့ဒီအဖြေကို မင်းတို့ရဲ့မှတ်ဉာဏ်တွေထဲမှာ ချိတ်ပိတ်ပြီး ပိတ်လှောင်ထားခဲ့မယ်... မင်းတို့ရဲ့ကျင့်ကြံမှုက လိုအပ်တဲ့အဆင့်ကို ရောက်တဲ့အချိန်ကျရင် မင်းတို့ နားလည်လာလိမ့်မယ်...ဒီကိစ္စကို စောစောစီးစီး သိသွားတာက မင်းတို့ကို အန္တရာယ်နဲ့ ကြုံတွေ့စေနိုင်တယ်"
ထိုစကားနှင့်အတူ နယ်ယွမ်သည် ရင်းမြစ်ကမ္ဘာထဲသို့ ပျောက်ကွယ်သွားပြီး လျှို့ဝှက်ဆန်းကြယ်သော သတိပေးချက်တစ်ခုကို ချန်ထားခဲ့သည်။
"မင်းတို့ ရောက်သွားတဲ့အချိန်ကျရင် ကမ္ဘာသစ်ရဲ့ စွမ်းအားတွေကို မဆင်မခြင် မသုံးမိစေနဲ့... အကျိုးဆက်တွေက ဆိုးရွားနိုင်တယ်"
လက်ရှိအချိန်သို့ သူ၏အသိစိတ်ပြန်ရောက်လာပြီးနောက် ကျန်းရွှမ်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။ ဤမှတ်ဉာဏ်များသည် အပြည့်အဝ ပြန်လည်ဆက်စပ်ရန် အလွန်ပြတ်တောင်းနေသော်လည်း အချိန်တန်လျှင် ရှင်းလင်းလာပေလိမ့်မည်။
ယခုအချိန်တွင် သူသည် ကောင်းကင်ဘုံသောကကံကြမ္မာကို သန့်စင်ရန်သာ အာရုံစိုက်လိုက်၏။ထိုကံကြမ္မာ၏ စိတ်ခံစားမှုဆိုင်ရာချည်မျှင်ကွန်ရက်သည် ပို၍တောက်ပလာပြီး ပို၍ခိုင်မာကာ ပို၍ကြံ့ခိုင်လာသည်။ သူ ဒုတိယအဆင့်သို့ ရောက်ရှိရန် အောင်မြင်ခဲ့လေပြီ။
ထိုသို့ဆိုသည့်တိုင် သူ၏အဆင့်ချိုးဖျက်မှုသည် မပြည့်စုံသကဲ့သို့ သူ ခံစားနေရသည်။ လုံလောက်သော ကောင်းကင်ကံကြမ္မာစွမ်းအင် များ မရှိဘဲ သူ ရှေ့ဆက်၍ တိုးတက်နိုင်မည် မဟုတ်ပေ။ တခြားလူများသည် အလားတူ အဆင့်ချိုးဖျက်မှုများအတွက် စွမ်းအင်တန်းထောင်ပေါင်းများစွာသာ လိုအပ်သော်လည်း သူ့အတွက်ကမူ သန်းဆယ်နှင့်ချီ၍ လိုအပ်ပေ၏။
"ငါ ခုဏက ဘာလို့ သူတို့ဆီကနေ အရင်းအမြစ်တွေ မတောင်းခဲ့မိတာလဲ"
ကျန်းရွှမ်က စိတ်ပျက်လက်ပျက်ဖြင့် သူ၏နဖူးကို ရိုက်လိုက်သည်။
ယခုချိန်၌မူ အချိန်နှောင်းသွားလေပြီ။ သို့ရာတွင် ဤသည်မှာ ကောင်းမွန်သောကိစ္စတစ်ရပ် ဖြစ်ကောင်းဖြစ်နိုင်သည်။ လူသူအများရှေ့တွင် ကောင်းကင်ကံကြမ္မာစွမ်းအင်များကို တောင်းခံခြင်းသည် သံသယများကို ဖြစ်ပေါ်စေနိုင်သည်။ ယခုအချိန်တွင် သူသည် သူ့ထံ၌ ရှိနေသည့်အရာဖြင့်သာ အဆင်ပြေအောင် လုပ်ရပေမည်။
ရုတ်တရက် မြေပြင်တပြင်လုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ခုနစ်ရောင်ခြယ်သက်တံရောင် တိမ်တိုက်တစ်ခု ထွက်ပေါ်လာပြီး ပွင့်လန်းနေသော ကြာပန်းများကဲ့သို့ မိုးကောင်းကင်ကို လင်းထိန်သွားစေသည်။
"အခုက ဘာဖြစ်ပြန်တာလဲ"
ကျန်းရွှမ်သည် နားမလည်နိုင်စွာဖြင့် ပြင်ပသို့ ထွက်လာခဲ့သည်။
'ငါ ဘာမှ မလုပ်ခဲ့ဘူးနော်...ငါ လုပ်ခဲ့မိသေးလား....'