← Chapters

နတ်ဘုရားနယ်မြေ၌ စီးဆင်းနေသောအလင်းတန်းများ

Vol. 21 Ch. 267

နတ်ဘုရားနယ်မြေ၌ စီးဆင်းနေသောအလင်းတန်းများ

Vol. 21 Ch. 267

မိုးကောင်းကင်ယံပေါ်ရှိ တိမ်တိုက်များသည် နေဝင်ချိန်ကဲ့သို့ လှပသော အရောင်အသွေးများဖြင့် တောက်ပနေပြီး မိုးကုတ်စက်ဝိုင်းမှ ပျံ့နှံ့လာကာ မိုးကောင်းကင်၏ အစိတ်အပိုင်းတော်တော်များများကို လင်းထိန်သွားစေသည်။

"ဘာဖြစ်နေတာလဲ"

ကျန်းရွှမ် တစ်ယောက်တည်းသာ ထိုထူးခြားမှုကို သတိပြုမိသည် မဟုတ်ဘဲ ကျန်းအိမ်တော် ရှိ လူများအားလုံးလည်း ထိတ်လန့်တကြား ဖြစ်သွားကြသည်။ စွန်းချန် လျှူမင်ယွဲ့ နှင့် တခြားလူများသည် သူတို့၏အခန်းများထဲမှ ထွက်လာကြပြီး သူတို့သည် အံ့အားသင့်နေကာ စူးစမ်းလိုစိတ်များဖြင့် မိုးကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။

သူတို့ရှေ့မှ မြင်ကွင်းသည် သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ သာလွန်ထူးကဲသော တစ်စုံတစ်ရာ ဖြစ်ပျက်နေခြင်း၏ လက္ခဏာရပ် ဖြစ်ကြောင်း သိသာထင်ရှားသည်။

"ရတနာတစ်မျိုးမျိုး မွေးဖွားလာတာများ ဖြစ်နေမလား"

စွန်းချန်က မှန်းဆလိုက်သည်။

"မဖြစ်နိုင်ဘူး..."

ကျန်းရွှမ်က ခေါင်းခါလိုက်၏။

ရတနာများသည် ထိုကဲ့သို့သော တောက်ပမှုကို ထုတ်လွှတ်နိုင်သော်လည်း ဤမျှထိ ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်စေရန်မှာ ပြိုင်ဘက်ကင်းအဆင့်ရှိသည့် ရတနာတစ်ခု လိုအပ်ပေမည်။ ထိုအရာမှ ထွက်ပေါ်လာသော ဖိအားသက်သက်ကိုပင် လူအများ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ထို့ပြင် ဤအဆင့်ရှိသော ရတနာတစ်ခု ထွက်ပေါ်လာပါက မကြာသေးမီက ထွက်ခွာသွားသော ကျိုးချန်းနှင့်တခြားလူများသည် သေချာပေါက် ပြန်လည်ရောက်ရှိလာကြပေမည်။ သူတို့သည် ဤကိစ္စကို သတိမမူမိဘဲနေမည် မဟုတ်ချေ။

"ဒါဆို နတ်ဘုရားသားရဲတစ်ကောင် ရောက်လာတာများ ဖြစ်နေမလား"

စွန်းချန်က ဆက်လက်၍ မှန်းဆလိုက်၏။

ခုနစ်ရောင်ခြယ်သက်တံရောင်အလင်းကို မင်္ဂလာရှိခြင်း၏လက္ခဏာရပ် တစ်ခုအဖြစ် ယူဆထားကြသည်။ ဤသည်မှာ ပုံမှန်အားဖြင့် ရတနာများ ဆေးပင်များ သို့မဟုတ် နတ်ဘုရားသားရဲများ ရှိနေခြင်းတို့ကို ညွှန်ပြသည်။ သူသည် တခြားဖြစ်နိုင်ခြေများကို မစဉ်းစားနိုင်တော့ချေ။

"ဖြစ်နိုင်ပါတယ်..."

ကျန်းရွှမ်သည် အချိန်တခဏကြာမျှ စဉ်းစားလိုက်သော်လည်း အဖြေတစ်ခုကို မရရှိနိုင်ခဲ့ချေ။ သူသည် စွန်းချန်အား ပြင်ပသို့ထွက်၍ သတင်းအချက်အလက်တချို့ စုဆောင်းရန် ခိုင်းစေတော့မည်အချိန်တွင် အစေခံတစ်ဦးက အခန်းထဲသို့ အလျင်အမြန် ဝင်ရောက်လာသည်။

"သခင်လေး....မင်ကျန်းထောင်လို့ခေါ်တဲ့ လူတစ်ယောက်က သခင်လေးကိုတွေ့ဖို့ ရောက်နေပါတယ်"

"သူ့ကို ဝင်ခွင့်ပေးလိုက်"

ကျန်းရွှမ်က လက်ဟန်ပြလိုက်သည်။ မကြာမီမှာပင် မင်ကျန်းထောင်သည် အစေခံ၏ ဦးဆောင်မှုဖြင့် ဝင်ရောက်လာပေ၏။ သူသည် အခန်းထဲသို့ ဝင်ရောက်လာသည်နှင့် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး လေးစားစွာ နှုတ်ဆက်လိုက်သည်။

"အရှင်ကျန်း..."

"အင်း..."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။ ပုံမှန်အားဖြင့် မင်ကျန်းထောင်သည် အရေးကြီးသော အကြောင်းပြချက် မရှိပါက သူ့ထံသို့ လာရောက်လည်ပတ်လေ့ မရှိပေ။ သူ၏ ရုတ်တရက် ရောက်ရှိလာမှုက အရေးတကြီး သတင်းတစ်ခုကို အရိပ်အမြွက် ပြသနေသည်။

ကျန်းရွှမ်၏ မေးခွန်းထုတ်လိုသော အကြည့်ကို သတိပြုမိသဖြင့် မင်ကျန်းထောင်က အလျင်အမြန် ရှင်းပြသည်။

"စီနီယာအစ်ကိုက တစ်နေ့လုံး အရှင့်ရဲ့ တည်နေရာကို စုံစမ်းမေးမြန်းနေတယ်လို့ ကျွန်တော် သတင်းရထားတယ်..."

"ဒါက ငါ သိပြီးသားပါ..."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

မိုပိုင်ယဲ့သည် အလုံးစုံသိမြင်ဂိုဏ်းသို့ မမျှော်လင့်ဘဲ ရောက်လာပြီး မိုဟုန်ကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ သူတို့သည် သူ၏တည်နေရာကို ရှာဖွေတွေ့ရှိသွားပြီဖြစ်ကြောင်း သိသာထင်ရှားသည်။

"ကျွန်တော် သိသလောက်တော့ ကျွန်တော်ရဲ့ဆရာ... ကျွန်တော်ရဲ့ဆရာက အရှင့်ကို တိုက်ခိုက်ဖို့ ကြံစည်နေနိုင်တယ်"

မင်ကျန်းထောင်သည် အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းသွားပြီးနောက် သူ၏စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုလိုက်၏။

မိုဟုန်ကို အနိုင်ယူရန် ချယ်ရီနီနည်းစနစ်ကို အတင်းအကြပ် အသုံးပြုခဲ့ပြီးနောက် သူသည် အစပိုင်းတွင် ရှည်ရှည်ဝေးဝေး မစဉ်းစားမိခဲ့ချေ။ သို့ရာတွင် နောက်ပိုင်းဤ သူသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သဘောပေါက်မိပြီး မိုဟုန်၏မကြာသေးမီက လုပ်ဆောင်မှုများကို လျှို့ဝှက်စွာစုံစမ်းခဲ့သည်။ ထို့နောက် သူ၏သံသယများ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့လေ၏။

ကျန်းရွှမ်က ရိုးရှင်းစွာ တုံ့ပြန်အဖြေပေးလိုက်သည်။

"ငါ ဒါကို ခန့်မှန်းပြီးသားပါ"

သူသည် မိုဟုန်နှင့် တိုက်ခိုက်စဉ်က မိုတောက် နည်းစနစ်ကို မသုံးခဲ့သော်လည်း ထိုနည်းစနစ်အပေါ် သူ၏နားလည်သဘောပေါက်မှုက သူ့အား တိုက်ခိုက်မှုများကို ကြိုတင်၍ရှောင်ရှားနိုင်စေခဲ့သည်။ ဤသည်မှာ တခြားတစ်ဖက်အား သဲလွန်စအချို့ကို ထုတ်ဖော်ပေးလိုက်ခြင်း ဖြစ်နိုင်သည်။

လင်းပုယန်ကို သတ်လိုက်သည့် အချိန်မှစ၍ ကျန်းရွှမ်သည် မိုပိုင်ယဲ့နှင့်သူ၏ကြားမှ ဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန် မျှော်လင့်ချက်အား လက်လွှတ်လိုက်လေပြီ။ သူတို့အကြား၌ ပဋိပက္ခများ ဖြစ်လာမည်ကို ရှောင်လွှဲ၍မရနိုင်ချေ။

"ဒါဆို... ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ"

မင်ကျန်းထောင်၏မျက်နှာအမူအယာတွင် စိုးရိမ်ပူပန်မှုများ ရောယှက်နေသည်။

မိုပိုင်ယဲ့က သူ့ကို မှားယွင်းသော ဓားနည်းစနစ်များအားသင်ကြားပေးခဲ့သော်လည်း သူ၏ဆရာ ဖြစ်နေဆဲပင်။ တခြားတစ်ဖက်တွင် ကျန်းရွှမ်သည် အလွန်ကြောက်မက်ဖွယ်သော စွမ်းအားရှိပြီး သူ့အပေါ်တွင် ကြီးမားသော ကျေးဇူးတရားများကို ပြသခဲ့သည်။ ထိုလူနှစ်ဦးစလုံးနှင့် သူ့အကြားတွင် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းရန်မှာ သူ့အတွက် အကျပ်အတည်းတစ်ခု ဖြစ်နေသည်။

"မင်းက ငါ့ရဲ့အထောက်အထားကို သူ့ကို မသိမသာ ထုတ်ဖော်ပြနိုင်တယ်... သူသာ လိမ္မာပါးနပ်ရင် မင်းကို ထောက်ထားပြီးတော့ ငါ ဒီကိစ္စကို လျစ်လျူရှုလိုက်မယ်...မဟုတ်ဘူးဆိုရင်တော့... မိုတောက်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ကို အစားထိုးပစ်ဖို့ ငါ ဝန်လေးနေမှာ မဟုတ်ဘူး"

ကျန်းရွှမ်က သူ၏လက်များကိုနောက်ပစ်ထားပြီး သူ၏လေသံသည် တည်ငြိမ်နေပေ၏။

ဤအချိန်တွင် သူသည် မိုတောက်ဂိုဏ်း၏ဂိုဏ်းချုပ်ကို အနိုင်ယူရန် ယုံကြည်ချက် မရှိသေးချေ။ သို့ရာတွင် သူ့အတွက် တစ်လ သို့မဟုတ် ထို့ထက်ပိုသော အချိန်အနည်းငယ်ရရှိပါက သူတို့၏ နောက်တစ်ကြိမ်တွေ့ဆုံမှုမှ ရလဒ်သည် ယခုကဲ့သို့ မသေချာမရေရာဖြစ်တော့မည် မဟုတ်ချေ။

ယခုအချိန်တွင် သူ လိုအပ်သည်မှာ အချိန်ပင်။ သူသည် မင်ကျန်းထောင်ကို အစောပိုင်းက သက်ညှာပေးခဲ့သည့် အကြောင်းရင်းမှာ သူ့ကို သတင်းစကားပေးပို့သော ဆက်သားအဖြစ် အသုံးပြုရန်ပင်။

"ဟုတ်ကဲ့..."

ဤပြတ်သားသော ပြောဆိုမှုကြောင့် မင်ကျန်းထောင် အနည်းငယ်ထိတ်လန့်တုန်လှုပ်သွားသည်။

"တခြားကိစ္စ ရှိသေးလား"

အရေးကြီးသောကိစ္စကို ဖြေရှင်းပြီးနောက် ကျန်းရွှမ်က သူ၏လေသံကိုလျှော့ကာ မေးမြန်းလိုက်သည်။

"မရှိပါဘူး...တခြား ဘာမှ မရှိတော့ပါဘူး...ကျွန်တော့်ကို သွားခွင့်ပြုပါအုံး"

မင်ကျန်းထောင်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုပြီးနောက် အလျင်အမြန် ထွက်ခွာသွားသည်။

သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျန်းရွှမ်သည် အနီးအနားတွင် မတ်တတ်ရပ်နေသော စွန်းချန်ထံသို့ လှည့်ကြည့်လိုက်သည်။

"မင်းအတွက် တာဝန်သုံးခုရှိတယ်...ပထမဆုံးက မိုတောက်ဂိုဏ်းရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ လူတစ်ယောက်ကို ထားရမယ်...သူတို့က ငါတို့အပေါ်မှာ ရန်လိုတဲ့ လှုပ်ရှားမှုတွေ လုပ်လာရင် ငါ့ကို ချက်ချင်း အကြောင်းကြားပါ...ဒုတိယကိစ္စက ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို ဘယ်နေရာကနေ အမြောက်အများ ဝယ်လို့ရမလဲဆိုတာ ရှာဖွေပါ...တတိယကိစ္စက မိုးကောင်းကင်ယံမှာ ထွက်ပေါ်လာတဲ့ ဒီသဘာဝလွန်ဖြစ်ရပ်ကို ဘယ်အရာက ဖြစ်စေတာလဲဆိုတာ စုံစမ်းပါ"

"ဟုတ်ကဲ့...."

စွန်းချန်က သူ၏လက်သီးကိုပူးဆုပ်ပြီး ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ရန် ထွက်ခွာသွားသည်။

သူ၏ကိုယ်ပိုင်စွမ်းရည်များဖြင့် မိုတောက်ဂိုဏ်းကို တိုက်ရိုက်သူလျှိုလုပ်ရန် မဖြစ်နိုင်သော်လည်း သတင်းအချက်အလက်များကို သင့်တင့်သော ဈေးနှုန်းဖြင့် လွယ်လင့်တကူ ဝယ်ယူနိုင်သည်။ ဤတာဝန်သည် အထူးတလည် ခက်ခဲခြင်း မရှိပေ။

တစ်နာရီခန့်ကြာပြီးနောက် စွန်းချန်သည် ရေးကြီးသုတ်ပျာဖြစ်နေသော မျက်နှာအမူအယာဖြင့် အလျင်အမြန် ပြန်ရောက်လာသည်။

"ဘာဖြစ်တာလဲ"

ကျန်းရွှမ်က စွန်းချန်၏ ပုံမှန်မဟုတ်သော အမူအယာကို သတိပြုမိသဖြင့် မျက်မှောင်ကြုတ်လိုက်၏။

"သခင်လေး...မိုးကောင်းကင်ယံမှာ ထွက်ပေါ်လာတဲ့ သဘာဝလွန်ဖြစ်ရပ်အကြောင်းကို ကျွန်တော် သိလာခဲ့ပြီ...ဒါက ခုန်းရှီနဲ့ ပတ်သက်နေပုံရတယ်..."

စွန်းချန်က သတင်းပို့သည်။

"အသေးစိတ် ရှင်းပြစမ်း"

ကျန်းရွှမ်၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။

မိုးကောင်းကင်ယံပေါ်မှ သဘာဝလွန်ဖြစ်ရပ်သည် ဆက်လက်၍တည်ရှိနေရုံသာမက မိုးကုတ်စက်ဝိုင်းတွင် တောက်လောင်နေသော မီးတိမ်တိုက်အလား အချိန်နှင့်အမျှ ပို၍ပင် တောက်ပလာခဲ့သည်။

"ကျန်းရွှမ်...ကျန်းရွှမ်..."

စွန်းချန် အသေးစိတ် မရှင်းပြနိုင်မီမှာပင် ခြံဝန်း၏အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ အမျိုးသမီးတစ်ဦး ထွက်ပေါ်လာပြီး သူမကို တားဆီး၍မရပုံပေါက်သော အစေခံတစ်ဦးက သူမ၏နောက်မှ လိုက်ပါလာသည်။

"သခင်လေး..."

အစေခံက ရှင်းပြရန် ကြိုးစားသော်လည်း ချက်ချင်းဆိုသလိုပင် လျစ်လျူရှုခြင်းခံလိုက်ရသည်။

ထိုခေါ်သံကို ကြားလျှင် ကျန်းရွှမ်က ထိုအမျိုးသမီးကို လှည့်ကြည့်လိုက်သည်။ သူမ၏ ရင်သပ်ရှုမောဖွယ်ကောင်းသော မျက်လုံးများအတွင်းတွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေပေ၏။

"ရှင်က ကျန်းရွှမ်လား..."

"မင်း ထွက်သွားတော့"

ကျန်းရွှမ်က အစေခံကို လက်ဝှေ့ယမ်းပြလိုက်သည်။ သူသည် အတင်းအကြပ် ဝင်ရောက်လာသော အမျိုးသမီးကို ကြည့်ပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်၏။

"သခင်မလေးဖုက ဘာကိစ္စကြောင့် ကြိုတင် အသိမပေးဘဲနဲ့ ရောက်လာတာလဲ"

ဧည့်သည်သည် ဟွမ်ယွမ်မြို့ရှိ မှောင်ခိုစျေး၏ အရှင်မဖုယင်ယင်ပင်။

"ဒါဆို ရှင် တကယ်ကြီး ဖြစ်နေတာကိုး... ရှင်က ကျွန်မ စိတ်ကူးထားတာထက် ပိုချောမောပြီး နုပျိုလိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့ဘူး..."

ဖုယင်ယင်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

ယခင်က သူမသည် သူ့ကို လင်းပုယန်အဖြစ် ရုပ်ဖျက်ထားသည်ကိုသာ မြင်ဖူးခဲ့သည်။ သူ ငယ်ရွယ်သည်ကို သူမ သိခဲ့သော်လည်း ဤမျှထိ ချောမောခန့်ညားပြီး ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေလိမ့်မည်ဟု သူမ မျှော်လင့်မထားပေ။

"အဟမ်း..."

ကျန်းရွှမ်က မလုံမလဲဖြင့် ချောင်းဆိုးလိုက်၏။

သူ အလွန်အကျွံ ချောမောခန့်ညားနေခြင်းသည် သူ ထိန်းချုပ်နိုင်သည့်အရာ မဟုတ်ချေ။

ဒါက ငါ့အတွက် တကယ့်ကို ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ....

"ကျွန်မ ရှင်ကိုပြောဖို့ အရေးကြီးကိစ္စ ရှိတယ်... ကျွန်မတို့ ဟွမ်ယွမ်မြို့မှာ ဆွေးနွေးခဲ့တဲ့ ကိစ္စ...ဒါက အကျုံးဝင်နေတုန်းပဲမလား"

ဖုယင်ယင်က တိုက်ရိုက်မေးမြန်းလိုက်ပြီး သူမ၏ အစောပိုင်းအံ့အားသင့်မှုသည် အာရုံစူးစိုက်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

"ကျွန်မတို့မိသားစုရဲ့ ရွေးချယ်မှုပြိုင်ပွဲကို ဒီနေ့ နေ့လယ်မှာ စတင်မယ်လို့ ကြေညာလိုက်ပြီ... ရှင် ကျွန်မကို ကူညီဖို့ အချိန်ပေးနိုင်မလား"

"ဒီနေ့ နေ့လယ်လား..."

ကျန်းရွှမ် အံ့အားသင့်သွားသည်။

ယခင်က သူတို့သည် လဝက်အကြာတွင် ဖုမိသားစု၏ ဆက်ခံသူရွေးချယ်ပွဲ၌ သူ ကူညီပေးမည်ဟု သဘောတူခဲ့ကြသည်။ ယခုချိန်၌ သူ သဘောတူခဲ့သည့်အချိန်မှ အချိန်ခြောက်ရက် ခုနစ်ရက်ခန့်သာ ကုန်လွန်သေးသည်။ ဤမျှထိ ကြီးမားသော မိသားစုကိစ္စကြီးတစ်ခုကို လွယ်လင့်တကူ ရှေ့သို့တိုးလိုက်နိုင်သလော။

"အမှန်ပဲ..."

ဖုယင်ယင်၏မျက်နှာအမူအယာသည် စိတ်လောနေမှုနှင့်ကူကယ်ရာမဲ့မှုတို့ နှစ်မျိုးလုံး ရောယှက်နေသည်။

"ကျွန်မက သေသေချာချာ ပြင်ဆင်ပြီးတော့ ရှင့်ရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးဖို့ စီစဉ်ထားခဲ့တာပါ.. ဒါပေမဲ့ ကျွန်မ အခွင့်အရေး မရသေးခင်မှာပဲ ဒီသတင်းက ရောက်လာခဲ့တယ်..."

"ဆက်ခံသူရွေးချယ်ပွဲတွေက ပုံမှန်အနေနဲ့ဆိုရင် တင်းကြပ်ပြီးတော့ သေသေချာချာ စီစဉ်ထားတာ...ဘာလို့ ရုတ်တရက်ကြီးပြောင်းလဲသွားတာလဲ"

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။ ဤကိစ္စသည် ပုံမှန်မဟုတ်ဘဲ အလွန်ဖြစ်ကတတ်ဆန်းနိုင်ပေ၏။

ဖုယင်ယင်က မိုးကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။

"ဒါတွေအားလုံး ဒီသဘာဝလွန်ဖြစ်ရပ်ကြောင့်ပဲ"

"အမ်...."

ကျန်းရွှမ်၏စူးစမ်းလိုစိတ်များ ပို၍ပြင်းပြလာသည်။

"ဒီမိုးကောင်းကင်ယံပေါ်က အလင်းရောင်ကို 'နတ်ဘုရားနယ်မြေရဲ့အလင်းတန်း' လို့ ခေါ်တယ်... ဒါက ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေရဲ့ဗဟိုချက် အသက်ဝင်လာလို့ ဖြစ်ပေါ်လာတာပဲ"

ဖုယင်ယင်က ရှင်းပြသည်။

"နတ်ဘုရားနယ်မြေရဲ့အလင်းတန်း...ဗဟိုချက် အသက်ဝင်လာတာ... မင်းက ကျီးလန်တောင်ကြားအကြောင်းကို ပြောနေတာလား"

ကျန်းရွှမ်သည် နားလည်သဘောပေါက်သွားသဖြင့် သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။ သူသည် စွန်းချန်ထံသို့ အလျင်အမြန်လှည့်ကြည့်လိုက်ရာ စွန်းချန်က အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။ စိတ်လှုပ်ရှားမှုနှင့်မျှော်လင့်ချက်လှိုင်းလုံးတစ်ခုက သူ၏စိတ်နှလုံးသားအတွင်းတွင် ပြည့်နှက်လာသည်။

ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေ၏ ဗဟိုချက် အသက်ဝင်လာမှု... ဤသည်မှာ ခုန်းရှီသည် ထိုအရာကို သန့်စင်တော့မည့်အဓိပ္ပာယ် ဖြစ်နေသလော။

ကျိုးယီအင်ပါယာအနီးတွင် လူအများ သိရှိထားသည့် ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေမှာ ကျီးလန်တောင်ကြားပင်။ ခုန်းရှီသည် လိုက်လံဖမ်းဆီးခံခဲ့ရပြီး ထိုနေရာအတွင်းသို့ ရောက်ရှိသွားသည့်အချိန်မှစ၍ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

ကျန်းရွှမ်သည် ခုန်းရှီကို ကယ်တင်ရန် ဤနေရာသို့ ခက်ခဲပင်ပန်းစွာ ခရီးနှင်လာခဲ့သည်။ သို့ရာတွင် သူသည် ထိုနယ်မြေထဲသို့ ဝင်ရောက်ရန်နည်းလမ်းကို မရှာဖွေနိုင်မီမှာပင် ခုန်းရှီက ထိုနေရာ၏ဗဟိုချက်ကို အသက်ဝင်စေခဲ့လေပြီ။ ဤသည်မှာ ခုန်းရှီ၏ သန့်စင်ခြင်းလုပ်ငန်းစဉ်သည် ပြီးဆုံးလုနီးပါးဖြစ်နေပြီး အောင်မြင်မှုနှင့်နီးကပ်နေပြီဟု အဓိပ္ပာယ်ရနိုင်သလော။

အကယ်၍ ထိုသို့ဆိုလျှင် ဤသည်မှာ မယုံကြည်နိုင်ဖွယ်ကောင်းသော သတင်းကောင်းပင်။

All Chapters