← Chapters

မငြင်းပယ်နိုင်သော သနားဖွယ်ကောင်းမှု

Vol. 21 Ch. 268

မငြင်းပယ်နိုင်သော သနားဖွယ်ကောင်းမှု

Vol. 21 Ch. 268

'ငါတို့ပြောနေတာက ခုန်းရှီအကြောင်းပဲ...တကယ်လို့ သူသာ အကြွင်းမဲ့ စွမ်းအားကို ရလာနိုင်ခဲ့ရင် သူက တခြား ဘယ်သူ့ထက်မဆို ပိုပြီး အားကိုးရလိမ့်မယ်...အနည်းဆုံးတော့ ငါက ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို ရှာဖွေဖို့အတွက် ဒီလောက်ထိ သနားစရာကောင်းလောက်အောင် လျှောက်သွားနေစရာ မလိုတော့ဘူး'

"ဟုတ်တယ်...ဒါက ကျီးလန်တောင်ကြားပဲ"

ကျန်းရွှမ်၏အတွေးများကို မသိဘဲ ဖုယင်ယင်က အတည်ပြုလိုက်ကာ ခေါင်းညိတ်ပြလေ၏။

"အဲ့ဒီနေရာ အသက်ဝင်လာတာက... မင်းတို့မိသားစုရဲ့ဆက်ခံသူရွေးချယ်ပွဲကို စောပြီး လုပ်တာနဲ့ ဘာဆိုင်လို့လဲ"

ကျန်းရွှမ်သည် အစပထမ၌ စိတ်လှုပ်ရှားနေပြီးနောက် သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

"ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေကို ပြင်ပနယ်မြေ အတွင်းပိုင်းနယ်မြေနဲ့ ဗဟိုချက်နယ်မြေဆိုပြီး ခွဲခြားထားတယ်...ဗဟိုချက်နယ်မြေ အသက်ဝင်လာတယ်ဆိုတဲ့ အဓိပ္ပာယ်က တစ်ယောက်ယောက်က ပြင်ပနဲ့ အတွင်းပိုင်းနယ်မြေတွေကို ချိုးဖျက်ဝင်ရောက်သွားပြီလို့ ဆိုလိုတာပဲ...ဗဟိုချက်နယ်မြေကို ချိုးဖျက်ဝင်ရောက်ပြီးတာနဲ့ နယ်မြေတစ်ခုလုံးကိုသန့်စင်နိုင်ပြီးတော့ အမွေဆက်ခံသူကို ပြိုင်ဘက်ကင်းတဲ့ စွမ်းအားတွေ ပေးအပ်လိမ့်မယ်"

ဖုယင်ယင်က ရှင်းပြသည်။

"ကျီးလန်တောင်ကြားက နတ်ဘုရားနယ်မြေတွေ အားလုံးထဲမှာ အဆင့်နှစ်ဆယ့်တစ်ချိတ်တယ်...ဒါက အဲ့ဒီနယ်မြေရဲ့ အဆင့်အတန်းနဲ့စွမ်းအားကို သက်သေပြနေတာပဲ.. တစ်ယောက်ယောက်က ဒါကို သန့်စင်နိုင်ခဲ့ရင် အကျိုးကျေးဇူးတွေက စိတ်ကူးယဥ်တွေးတောကြည့်လို့ ရနိုင်တာထက် ပိုတယ်...ဒါကြောင့် နတ်ဘုရားနယ်မြေရဲ့အလင်းတန်း ပေါ်လာတဲ့အချိန်မှာ ကျိုးယီအင်ပါယာထဲက ထိပ်သီးမိသားစုတွေအားလုံးရဲ့အစီအစဉ်တွေကို နှောင့်ယှက်လိုက်သလို ဖြစ်သွားတယ်...ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ တွက်ချက်ထားမှုတွေအရ အဲ့ဒီဖရိုဖရဲကံကြမ္မာကျင့်ကြံသူက အထဲမှာ သေဆုံးသွားရမှာ....ဒီလို ရလဒ်မျိုး ထွက်လာလိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်မထားခဲ့ဘူး"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

ခုန်းရှီသည် လိုက်လံဖမ်းဆီးခံရပြီး ကျီးလန်တောင်ကြားထဲသို့ ဝင်ရောက်သွားစဥ်အချိန်တွင် သူသည် ရင်းမြစ်ကမ္ဘာအတွင်းသို့ ဝင်ရောက်လာခါစဖြစ်ပြီး ကျန်းရွှမ်ကဲ့သို့ပင် ကျင့်ကြံမှု၏အစောပိုင်းအဆင့်တွင်သာ ရှိနေသေးသည်။ ဤကဲ့သို့ကျင့်ကြံဆင့်မျိုးနှင့် ယခုကဲ့သို့ အန္တရာယ်များသော နေရာအတွင်းသို့ တွန်းပို့ခံလိုက်ရခြင်းသည် သေလမ်းသို့သွားခိုင်းခြင်းနှင့် သေချာပေါက်တူညီနေပေမည်။ မည်သူကမျှ သူ့အတွက် မျှော်လင့်ချက်များ မထားကြသည်မှာ အံ့အားသင့်စရာကိစ္စတစ်ရပ် မဟုတ်ချေ။

သို့ရာတွင် လူများအားလုံး၏ထင်မြင်ချက်များနှင့် ဆန့်ကျင်ပြီး သူသည် သူတို့အားလုံး မှားယွင်းခဲ့ကြောင်း သက်သေပြခဲ့လေ၏။

သူသည် ပြင်ပနှင့်အတွင်းပိုင်းနယ်မြေများကို ချိုးဖျက်နိုင်ခဲ့ရုံသာမက ဗဟိုချက်နယ်မြေကိုလည်း အသက်ဝင်စေခဲ့သည်။

ဖုယင်ယင်က ဆက်လက်၍ ပြောဆိုသည်။

"သက်ဝင်လှုပ်ရှားနေတဲ့ ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေရဲ့ ဗဟိုချက် အခွံခွာထားတဲ့ သစ်အယ်သီးတစ်လုံးလိုပဲ...အဲ့ဒီနယ်မြေရဲ့ အတားအဆီးတွေနဲ့ အကာအကွယ်တွေ ပျောက်ကွယ်သွားပြီးတော့ ရတနာတွေကို ထုတ်ဖော်ပြသထားတာနဲ့တူတယ်.... ကျွန်မတို့ဖုမိသားစုက ဒီအခွင့်အရေးကို လက်လွတ်မခံချင်ဘူး....ဒါကြောင့် ကျွန်မတို့လည်း အဲ့ဒီနယ်မြေထဲကို ဝင်ရောက်ခွင့်ရဖို့ ကြိုးစားခဲ့ကြတယ်... ဒါပေမဲ့ ဘယ်သူက ဝင်ခွင့်ရမလဲ ဘယ်သူ့ရဲ့စကားကို နားထောင်ရမလဲ ဆိုတာကို ဆုံးဖြတ်ဖို့က အရေးကြီးတဲ့ကိစ္စ ဖြစ်လာတယ်....ဒါကြောင့် ဒီရွေးချယ်ပွဲကို ရှေ့တိုးလိုက်တာပဲ...ဒါက တစ်ဖက်မှာ သင့်တော်တဲ့ ဆက်ခံသူကို ရှာဖွေဖို့ ဖြစ်ပြီးတော့ တခြားတစ်ဖက်မှာတော့ အရည်အချင်းရှိတဲ့လူတွေကို ပိုပြီးစုဆောင်းနိုင်ဖို့နဲ့ ပိုပြီးကြီးမားတဲ့ အကျိုးကျေးဇူးတွေကို ရယူနိုင်ဖို့ပဲ"

ကျန်းရွှမ်သည် နားလည်သဘောပေါက်သွားသော်လည်း စိတ်မသက်မသာဖြစ်မှုကိုလည်း ခံစားလိုက်ရသည်။

"ဗဟိုချက်နယ်မြေအသက်ဝင်လာတာကနေ စစ်မှန်တဲ့အမွေဆက်ခံမှုအထိက အချိန်ဘယ်လောက်ကြာလဲ"

"ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေကို အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးရဲ့ အကြွင်းအကျန်စိတ်ဝိညာဥ်စွမ်းအားတွေနဲ့ ဖွဲ့စည်းထားတာ... ဒါကြောင့် ဗဟိုချက်နယ်မြေမှာ ကြီးမားတဲ့ စွမ်းအင်တွေ ရှိတယ်...အဲ့ဒီနေရာ အသက်ဝင်လာတာနဲ့ အစွမ်းထက်တဲ့ စိတ်ဆန္ဒတစ်ရပ် ထွက်ပေါ်လာပြီးတော့ မိုးကောင်းကင်ယံမှာ သက်တန့်ရောင်အလင်းတန်းတွေ ဖွဲ့စည်းသွားလိမ့်မယ်... ဒီအချိန်ကာလအတွင်းမှာ အဲ့ဒီနေရာကို ချဉ်းကပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...ပြီးတော့ ဒီဖြစ်စဉ်က သုံးရက်လောက် ကြာတယ်.. ဒါကြောင့် ဗဟိုချက်နယ်မြေကို ရောက်အောင် ကြိုးစားပြီးတော့ အကျိုးကျေးဇူးတွေကို ရယူဖို့ အစောဆုံး ကြိုးစားနိုင်မယ့်အချိန်က သုံးရက်နောက်ပိုင်းမှပဲ...အဲ့ဒီမတိုင်ခင် အတင်းအကြပ် ဝင်သွားရင် အန္တရာယ်များလိမ့်မယ်...ပြီးတော့ နယ်မြေတစ်ခုလုံးကို အပြည့်အဝ သန့်စင်ဖို့ဆိုရင် အနည်းဆုံးလဝက်ကနေ တစ်လလောက်ထိ ကြာလိမ့်မယ်"

ဖုယင်ယင်က အသေးစိတ်ကျကျ ရှင်းပြသည်။

ကျန်းရွှမ်သည် သက်ပြင်းချလိုက်သော်လည်း သူ၏ မျက်လုံးများထဲမှ စိုးရိမ်ပူပန်မှုများကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။

ခုန်းရှီသည် ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေကို သန့်စင်ပြီးသွားပြီဟုထင်ကာ သူ စိတ်လှုပ်ရှားနေခဲ့သော်လည်း ယခုအချိန်အထိ မအောင်မြင်သေးပုံရသည်။

အစွမ်းထက်ပုဂ္ဂိုလ်များနှင့် အင်အားစုများ ထိုနေရာသို့ ဝင်ရောက်သွားခြင်းဖြင့် အရာရာတိုင်းကို ပိုပြီးရှုပ်ထွေးသွားစေပေလိမ့်မည်။

"ကျန်းရွှမ်....ရှင် ကျွန်မကို ကူညီနိုင်မလား... ကျွန်မ အောင်မြင်ပြီးတော့ ကျွန်မမိသားစုရဲ့ အမွေအနှစ်တွေကို ရခဲ့ရင် ရှင့်အတွက်လည်း အကျိုးကျေးဇူးတွေ အများကြီးရလိမ့်မယ်... ဖုမိသားစုက ရှင့်ရဲ့ကျောထောက်နောက်ခံဖြစ်လာပြီးတော့ ရှင် နတ်ဘုရားနယ်မြေထဲကို ဝင်ရောက်နိုင်ဖို့နဲ့ အခွင့်အလမ်းတွေကို ဆုပ်ကိုင်နိုင်ဖို့ ကူညီပေးပါ့မယ်"

ဖုယင်ယင်က သူ့ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

"အင်း..."

ကျန်းရွှမ် တွေဝေတုံ့ဆိုင်းသွားသည်။

သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်များကို အသည်းအသန် လိုအပ်နေပေ၏။ အကယ်၍ ဖုမိသားစုမှ သူ့ကို ထောက်ပံ့ပေးနိုင်လျှင် သူ ကြယ်စင်မြစ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန် ပို၍လွယ်ကူသွားပေလိမ့်မည်။ နတ်ဘုရားနယ်မြေထဲသို့ ရောက်သည်နှင့် သူတို့၏နောက်ခံ အထောက်အပံ့ဖြင့် သူ ခုန်းရှီကိုလည်း ကူညီပေးနိုင်ပေမည်။ ဤသည်မှာ တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဥ်ပင်။

"ငါ မင်းကို ကူညီနိုင်မယ်ဆိုတာ သေချာလို့လား" အချိန်တခဏကြာမျှ စဥ်းစားတွေးတောနေပြီးနောက် ကျန်းရွှမ်က ထပ်မံ၍မေးမြန်းလိုက်၏။

ဖုယင်ယင်၏မျက်နှာပေါ်တွင် ဇဝေဇဝါအရိပ်အယောင်များ ထင်ဟပ်လာသည်။

"ရိုးရိုးသားသား ပြောရရင်...ကျွန်မ လုံးဝမသေချာဘူး...ကျွန်မ မိသားစုဆီ ပြန်ရောက်သွားတဲ့အချိန်မှာ သူတို့က ပါရမီရှင်တွေ အများကြီးကို ဖိတ်ခေါ်ထားတယ်ဆိုတာ သိလိုက်ရတယ်...ကြယ်စင်မြစ်ပါရမီရှင်စာရင်းက ထိပ်ဆုံး သုံးယောက်လုံး အဲ့ဒီမှာ ရောက်နေတယ်.... သူတို့တစ်ယောက်ချင်းစီက ထူးကဲတဲ့ အရည်အချင်းတွေ ရှိပြီးတော့ သာမန်မဟုတ်ကြဘူး"

"ကြယ်စင်မြစ်ပါရမီရှင်စာရင်းက ထိပ်ဆုံး သုံးယောက်လား...."

ကျန်းရွှမ်က မျက်လုံးလှန်ကြည့်လိုက်သည်။

"အမှန်ပဲ"

ဖုယင်ယင်၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်သွားပေ၏။

"အထူးသဖြင့် အဆင့်တစ်နေရာချိတ်ထားတဲ့ ယန်ဆန်းရှစ်ဆန်းပဲ...သူ့ရဲ့ရှေ့အလားအလာက အကန့်အသတ်မရှိဘူး... ပြီးတော့ သူက ကြယ်စင်မြစ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ပြီးသွားပြီ..သူ့ရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းပဲ... ဒါက အရမ်းခက်ခဲမယ်လို့ ရှင် ထင်ရင် ကျွန်မတို့ရဲ့ အရင်က သဘောတူညီချက်ကို ဖျက်သိမ်းလို့ ရတယ်...ကျွန်မ ရှင့်ကို ဆက်ပြီး ဒုက္ခမပေးတော့ပါဘူး...ဒါပေမဲ့ ရှင် စီမံခန့်ခွဲနိုင်မယ်လို့ ထင်ရင်တော့ ကျွန်မ အရင်ကပေးထားတဲ့ ကတိတွေ အားလုံး အကျုံးဝင်နေတုန်းပဲ"

"ငါ လုပ်မယ်"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

ဟွမ်ယွမ်မြို့တွင် သူတို့ ဆွေးနွေးခဲ့စဥ်၌ သူမသည် ကံကြမ္မာချပ်ပြားငါးထောင်ကို အခကြေးငွေအဖြစ် ကမ်းလှမ်းခဲ့သည်။ ဤသည်မှာ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း သန်းငါးဆယ်နှင့် ညီမျှပေ၏။

ဤကဲ့သို့ အကျိုးအမြတ်များသော ကမ်းလှမ်းမှုတစ်ခုကို မည်သူက ငြင်းပယ်မည်နည်း..

"တကယ်လား... ရှင်က ကျွန်မအတွက် စွန့်စားရဲတယ်ပေါ့"

ကျန်းရွှမ် လွယ်လင့်တကူ သဘောတူလိုက်သည်အား မြင်တွေ့ချိန်၌ ဖုယင်ယင်၏မျက်လုံးများသည် မယုံကြည်နိုင်မှုနှင့်ကျေးဇူးတင်မှုတို့ ရောယှက်ပြီး တောက်ပသွားသည်။ မကြာမီမှာပင် ကျန်းရွှမ်သည် ထူးဆန်းပြီး ဆွဲဆောင်မှုရှိသော စွမ်းအားတစ်ရပ်ဖြင့် လွှမ်းခြုံခြင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

မြေခွေးညို့ငင်ကံကြမ္မာ... ကောင်းကင်ကံကြမ္မာ၏ဆွဲဆောင်မှု..

ဤအမျိုးသမီးသည် သူ့ကို သူမ၏သစ္စာခံ နောက်လိုက်တစ်ယောက် ဖြစ်လာအောင် ကြိုးစားနေဆဲ ဖြစ်ပုံရသည်။

"ဒါဆိုရင် အန္တရာယ်ထဲကို ဝင်ရမှာပေါ့... ဒါဆို ငါ မလုပ်တော့ဘူး"

ကျန်းရွှမ်က ခေါင်းခါလိုက်သည်။

"..."

ဖုယင်ယင်၏မျက်ခွံများ တုန်ရီသွားသည်။

သူမသည် သူမ၏အစစ်အမှန်သွင်ပြင်ကို ပြသခြင်းဖြင့် သဘောတူညီချက်တစ်ခုကို ရရှိရုံမျှသာ မဟုတ်ဘဲ သူ၏သစ္စာစောင့်သိမှုကို အမှန်တကယ် ရရှိနိုင်လိမ့်မည်ဟု တွေးထင်ခဲ့သည်။ သို့ရာတွင် သူမ နောက်တစ်ကြိမ် ကျရှုံးခဲ့ရလေ၏။

"ရှင့်ရဲ့နှလုံးသားထဲမှာ ကျွန်မအတွက် နေရာတစ်နေရာတောင် မရှိဘူးလား"

ဖုယင်ယင်က နှုတ်ခမ်းစူလိုက်ရင်း သူမ၏မျက်နှာပေါ်တွင် ကြေကွဲဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားသည်။ ဝမ်းနည်းပူဆွေးမှု တမ်းတမှုတို့ဖြင့် ပြည့်နှက်နေသော သူမ၏အကြည့်တွင် "မငြင်းပယ်နိုင်သော သနားဖွယ်ကောင်းမှု"ဟု သိကြသော မြေခွေးညို့ငင်ကံကြမ္မာမှ နည်းစနစ်တစ်ခုကို သယ်ဆောင်လာသည်။

အကြည့်တစ်ချက်တည်းဖြင့် မည်သည့်ယောကျ်ားသား၏ စိတ်နှလုံးသားထဲတွင်မဆို သနားကြင်နာမှုကို ဖြစ်ပေါ်စေနိုင်သည်။

"ရှိတာပေါ့...မင်း ရှိပါတယ်..."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

ဖုယင်ယင်၏မျက်နှာ တောက်ပသွားသော်လည်း သူမ မတုံ့ပြန်နိုင်မီမှာပင် သူမသည် သူ၏ နောက်ဆက်တွဲစကားများကို ကြားလိုက်ရလေ၏။

"ဒါက ကံကြမ္မာပြားငါးထောင်လေ..."

သူမ၏အမြင်အာရုံ မှောင်ကျသွားပြီး ဒေါသထွက်လာသည်။

သူမ၏ညို့ငင်နိုင်စွမ်းသည် သူမတို့ညီအစ်မခုနစ်ယောက်အနက် အပြင်းထန်ဆုံး မဟုတ်သော်လည်း ဤသည်မှာ ယောကျ်ားများနှင့် မိန်းမများနှစ်မျိုးလုံးကို ယိမ်းယိုင်သွားစေသည်အထိ လုံလောက်စွာ အစွမ်းထက်သည်။ သို့ရာတွင် ဤနေရာတွင်မူ သူသည် သူမထက် ကံကြမ္မာပြားများကို ပို၍စိတ်ဝင်စားနေသည်။

"ရွေးချယ်ပွဲက ဒီနေ့နေ့လယ်မှာ စတင်မယ်လို့ မင်း ပြောခဲ့တာမဟုတ်လား... ငါတို့ အခုမသွားရင် နောက်ကျလိမ့်မယ်"

ကျန်းရွှမ်က အရေးမစိုက်သော အမူအယာဖြင့် သူ၏လက်ကိုဝှေ့ယမ်းရင်း စကားစဖြတ်လိုက်သည်။

ဖုယင်ယင်သည် စိတ်ပျက်သွားသော်လည်း မလွှဲမရှောင်သာ ကိစ္စဖြစ်သဖြင့် ခေါင်းညိတ်လိုက်၏။

ကျန်းရွှမ်၏အရည်အချင်းသည် အထင်ကြီးဖွယ်ကောင်းသော်လည်း သူမသည် သူ့ကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ခြင်း၏ အဓိက အကြောင်းအရင်းမှာ သူသည် သူမ၏ညို့ငင်မှုကို ခုခံနိုင်စွမ်းရှိနေသောကြောင့်ပင်။ အကယ်၍ သူမသည် သူ့ကို မယိမ်းယိုင်စေနိုင်ပါက တခြားလူများလည်း မယိမ်းယိုင်စေနိုင်ဟု ယူဆရသည်။ အနည်းဆုံးအနေဖြင့် ယခင်က ဖြစ်ပျက်ခဲ့ဖူးသကဲ့သို့ သူမ၏ညီအစ်မများက သူ့ကို လုယူသွားမည်အား သူမ စိုးရိမ်ရန် မလိုတော့ချေ။

အာရုံစိုက်ခံရမှုကို ရှောင်ရှားနိုင်ရန်အတွက် ဖုယင်ယင်သည် ရထားလုံးတစ်စီးကိုစီးကာ ဤနေရာသို့ လာခဲ့သည်။ သောက်လီ မရှိတော့သဖြင့် ကျန်းရွှမ်သည် သူမ၏နောက်သို့ လိုက်ပါပြီး ရထားလုံးအတွင်းသို့ တက်လိုက်သည်။

ဤရထားလုံးသည် သက်သောင့်သက်သာ ရှိပြီး အတွင်း၌ မွှေးရနံ့သင်းသင်းလေး ရနေသည်။ ရထားလုံးအတွင်းတွင် ထိုင်နေရင်း ကျန်းရွှမ်သည် မိန်းမလှတစ်ဦးနှင့်အတူ မျှဝေ၍ထိုင်နေရသည်အား အနည်းငယ်မျှ စိတ်အနှောင့်အယှက်ဖြစ်ပုံမရချေ။ ထိုအစား သူသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏စိတ်အာရုံကို ကောင်းကင်ဘုံစာကြည့်တိုက်ထံသို့ ပို့ဆောင်လိုက်၏။

မရေမတွက်နိုင်သော စာအုပ်များကြားတွင် စိတ်ခံစားမှုဆိုင်ရာချည်မျှင်များ၏ ကွန်ရက်တစ်ခုက စီးဆင်းနေသော စွမ်းအင်မြစ်တစ်စင်းကို ပိုးအိမ်တစ်ခုကဲ့သို့ ရစ်ပတ်ကာ ထောင်ချောက်ဆင်ဖမ်းဆီးထားသည်။

"ဒါက... မြေခွေးညို့ငင်ကံကြမ္မာလား"

ကျန်းရွှမ် ကြက်သေသေသွားသည်။

ဤသည်မှာ အမျိုးသမီးများအတွက် သီးသန့် ကံကြမ္မာ မဟုတ်လော။ မည်သည်ကြောင့် သူသည် ဤအရာကို နားလည်သဘောပေါက်သွားခဲ့သနည်း။

ဤသည်မှာ သူသည်လည်း တခြားလူများကို ညှို့ငင်ပြီး သွေးဆောင်ဖြားယောင်းရမည်ဟု ဆိုလိုသလော...

ထိုအတွေးသည် ကျန်းရွှမ်အား မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားစေပြီး သူ့ကို စိတ်မသက်မသာဖြစ်မှုများဖြင့် ပြည့်နှက်သွားစေသည်။

ဤသည်မှာ သူထံ၌ အလွန်အကျွံ ယောကျ်ားဆန်သော မာန်မာနရှိနေခြင်းကြောင့် မဟုတ်ဘဲ မြေခွေးညို့ငင်ကံကြမ္မာဆိုသည်မှာ ပင်ကိုသဘာဝအားဖြင့် မိန်းမဆန်သောကြောင့်ပင်။ လင်းပုယန်အဖြစ် ရုပ်ဖျက်ခဲ့သည့် သူ၏အချိန်များက သူ့ကို ပြောင်းလဲသွားစေခဲ့ကာ...ယခုချိန်၌ သူ့ကို ပိုပြီး မိန်းမဆန်သွားစေခဲ့လျှင် မည်သို့ဖြစ်လာမည်နည်း။

သူသည် သူ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ကာ ကျုံကျုံလေးထိုင်ပြီး ပန်းထိုးနေသည့် ပုံစံကို စိတ်ကူးယဥ်တွေးတောကြည့်မိသည်။ ထို့နောက် သူ၏မျက်နှာ ရှုံမဲ့သွားကာ မျက်ရည်များ ယိုစီးကျလာလုမတတ်ပင်။

ဤအချိန်တွင် ဖုယင်ယင်သည် ရထားလုံးထဲသို့ ဝင်ရောက်လာခါစပင်။ သူမ၏ အစောပိုင် ရှက်ရွံ့မှုများကို ငြိမ်သက်စေပြီးနောက် သူမက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူမ၏ဝတ်ရုံကို စတင် ၍ဖြေလျှော့လိုက်သည်။

"ပူလိုက်တာ..."

သူမ၏ဝတ်ရုံသည် အနည်းငယ် လျှောကျသွားပြီး သူမ၏ ဖြူဖွေးသောပခုံးများနှင့် ရင်သား၏ နူးညံ့သောအကွေ့အဝိုက်များ လှစ်ဟနေသည်။

သူမသည် စကားလုံးများဖြင့် သူ့ကို မညို့ငင်နိုင်လျှင် အပြုအမူများက အလုပ်ဖြစ်လိမ့်မည် မဟုတ်လော...

သူမသည် စိတ်ကျေနပ်စွာဖြင့် ခံစားလိုက်ရပြီး၊ သူမ၏တစ်ဖက်မှ လူငယ်လေးထံသို့ လှမ်းကြည့်လိုက်သည်။ သူ၏မျက်နှာအမူအယာသည် မယုံနိုင်မှုမှ ဝမ်းနည်းပူဆွေးမှုသို့ ပြောင်းလဲသွားပြီး သူ ငိုချတော့မည့်ပုံပေါက်နေသည်ကို သူမ မြင်တွေ့လိုက်ရသည်။

"..."

ဖုယင်ယင် ကြောင်သွားသည်။

ဒါက ဘာဖြစ်သွားတာလဲ...ငါ အဝတ်အစား ချွတ်တာကို မြင်လိုက်ရတာက သူ့ကို ပျို့အန်ချင်စိတ် ပေါက်သွားစေတာလား....

ဒါဆို... သူက မိန်းမတွေကို စိတ်မဝင်စားတာများလား...

All Chapters