ဖုချင်းချင်း
Vol. 21 Ch. 270
ကျန်းရွှမ်၏မျက်လုံးများရှေ့တွင် အရာအားလုံး အမှောင်ကျသွားပြီး သူသည် သွေးတစ်လုတ်အန်ထုတ်မိလုနီးပါးပင်။
ဒါက ဘာကြီးလဲ...
သူ ဒီကံကြမ္မာကို တကယ်ကြီး မကျင့်ကြံချင်ဘူး...
ဒါက အရမ်းနူးညံ့လွန်းတယ်...
သို့ရာတွင် ဤကဲ့သို့ဖြစ်နေသည့်တိုင် သူ တိတ်တဆိတ် အဆင့်တက်သွားခဲ့သည်။
သူ၏နှလုံးသားထဲတွင် စူးရှသော နာကျင်မှုတစ်ခု ခံစားလိုက်ရပြီး ဤကိစ္စကို မည်ကဲ့သို့ ဖုံးကွယ်ရမည်ကို စဉ်းစားနေစဉ်မှာပင် ဖုယင်ယင်ထံမှ ကြည်ညိုလေးစားသော အကြည့်ကို သူ တွေ့လိုက်ရသည်။ သူမ၏မျက်လုံးများသည်စူးရှတောက်ပနေပေ၏။
"ကျန်းရွှမ်....ရှင် ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"
မြေခွေးညှို့ငင်ကံကြမ္မာကို ကိုယ်တိုင်ကိုယ်ကျ ကျင့်ကြံဖူးသူဖြစ်ရာ သူမသည် ကျန်းရွှမ်၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအားကို အလိုအလျောက် ခံစားမိသည်။ သူ၏လက်ရှိကံကြမ္မာကျင့်ကြံဆင့်သည် သူမထက် များစွာပို၍သာလွန်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
"ငါ...."
ကျန်းရွှမ်သည် သူ၏နဖူးကို ပွတ်သပ်လိုက်ပြီး ရှင်းပြချင်သော်လည်း မည်ကဲ့သို့ ပြောဆိုရမည်ကို မသိတော့ချေ။ ထိုကြောင့် သူသည် မျက်ခုံးပင့်ပြီး စကားလမ်းကြောင်းလွှဲလိုက်၏။
"ငါ ပြောခဲ့တဲ့ ချို့ယွင်းချက်တွေကို မှတ်မိလား... အမြန်ဆုံး ပြင်ဆင်လိုက်တော့.."
"ဟုတ်ကဲ့"
ဖုယင်ယင်သည် နူးညံ့သိမ်မွေ့သောအမူအယာဖြင့် ညင်သာစွာ တုံ့ပြန်အဖြေပေးပြီးနောက် သူမ၏ကိုယ်နေဟန်ထားကို ဆက်လက်၍ ထိန်းညှိနေသည်။ သို့ရာတွင် အကျိုးသက်ရောက်မှုမှာ အနည်းငယ်သာ ရှိနေပုံရသည်။ သူမထံ၌ တိုးတက်မှုအနည်းငယ် ရှိလာသော်လည်း သိသိသာသာ မဟုတ်ချေ။
'လှုပ်ရှားမှုတွေ မှန်ရဲ့လား..အမှားအယွင်းတွေ အားလုံး ပြင်ပြီးပြီလား...ဘာလို့ သူက အခုထိ ဒုတိယအဆင့်ကို မတက်လှမ်းနိုင်သေးတာလဲ'
သူမ၏လှုပ်ရှားမှုများကို အချိန်တခဏကြာ ထိန်းညှိပေးပြီးနောက် ထိုမိန်းကလေး၏အနေအထားသည် ပြီးပြည့်စုံလုနီးပါး ဖြစ်နေလေပြီ။ သို့ရာတွင် သူမသည် တိုးတက်မှုမရှိဘဲ ပထမအဆင့်၏ အထွတ်အထိပ်တွင်သာ ရှိနေသည်ကို တွေ့ရချိန်၌ ကျန်းရွှမ် နားမလည်နိုင် ဖြစ်သွားသည်။
'သူ့ရဲ့အရည်အချင်းက အရမ်းညံ့နေလို့လား... ဒီလို လမ်းညွှန်မှုနဲ့တောင်မှ သူက အဆင့်မတက်နိုင်ဘူးလား...'
"အခု မင်းမှာ အဆင့်တက်ချင်တဲ့ စေ့ဆော်မှုမျိုးရှိလား"
သူ သည်းမခံနိုင်တော့သဖြင့် မေးမြန်းလိုက်၏။
"နည်းနည်းလေးတောင် မရှိဘူး...ကျွန်မ အမှားတစ်ခုခု လုပ်မိလို့လား...ကျေးဇူးပြုပြီးတော့ ကျွန်မကို သေချာလေး လမ်းညွှန်ပေးပါ...ကျွန်မ ပြင်ပါ့မယ်"
ဖုယင်ယင်၏အကြည့်သည် ရေကဲ့သို့ နူးညံ့ချောမွေ့နေသည်။
သူမ၏ပုံစံကို မြင်တွေ့ချိန်၌ ကျန်းရွှမ်သည် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။ သူက အစမ်းသဘောဖြင့် မေးမြန်းလိုက်၏။
"တကယ်လို့ မင်းက အမွေဆက်ခံခွင့် မရခဲ့ရင်တောင် ငါ့ကို ကံကြမ္မာချပ်ပြားငါးထောင် ပေးမှာလား"
"ဘာမှစိတ်မပူပါနဲ့....ရှင် လိုချင်တယ်ဆိုရင် ကျွန်မက ခိုးရမယ်ဆိုရင်တောင် ရှင့်အတွက် ခိုးပေးမှာပါ"
ဖုယင်ယင်က ပြတ်ပြတ်သားသား တုံ့ပြန်အဖြေပေးသည်။
"ငါက အိမ်ထောင်ရှိပြီးသား လူတစ်ယောက်ပဲ"
ကျန်းရွှမ်က ဆက်လက်၍ ပြောဆိုသည်။
"ဒါက အရေးမကြီးပါဘူး...ရှင် အိမ်ထောင်ရှိတာပဲဖြစ်ဖြစ် မရှိတာပဲဖြစ်ဖြစ် အရေးမကြီးဘူး... ကျွန်မက ရှင့်ရဲ့နောက်ကို လိုက်ခွင့်ရမယ်....ရှင့်ရဲ့အမိန့်ကို နာခံခွင့်ရမယ်... ရှင့်ကို စကားပြောခွင့်ရမယ်ဆိုရင် ဒါက ကျွန်မအတွက် လုံလောက်နေပါပြီ"
ဖုယင်ယင်သည် အချစ်နွံအတွင်းတွင် အပြည့်အဝ နစ်မြုပ်နေသူတစ်ယောက်အလား သရုပ်ဆောင်ကာ အလျင်အမြန် ပြောဆိုလေသည်။
ကျန်းရွှမ် တိတ်ဆိတ်သွားသည်။
ကောင်းလိုက်တာ...ကြည့်ရသည်မှာ သူသည် ဤအမျိုးသမီးကို မတော်တဆ ညှို့ငင်မိသွားသည့်ပုံပင်။
သူသည် ကံကြမ္မာဒုတိယအဆင့်ကို ချောချောမွေ့မွေ့ အဆင့်တက်သွားနိုင်ပြီး သူမကမူ အဆင့်မတက်သေးသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။
မြေခွေးညှို့ငင်ကံကြမ္မာအရ သူမသည် အောင်မြင်စွာ ညှို့ငင်နိုင်မှသာ အဆင့်တက်နိုင်ပေမည်။ သို့ရာတွင် သူသည် သူမကို သင်ကြားပေးနေစဥ်၌ သူမအား သူ့အပေါ် ပို၍ပို၍လေးစားလာစေခဲ့သည်။
အချိန်တခဏအကြာတွင် ရလဒ်သည် သူ၏ မျက်စိရှေ့တွင် ထွက်ပေါ်လာပေ၏။
ဤနေရာတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း....
"ထားလိုက်တော့....တခြားတစ်ယောက်ယောက်ကို သွားညှို့ငင်လိုက်ပါ...ငါ့အပေါ်မှာ ဒီနည်းစနစ်ကို ထပ်ပြီးမသုံးနဲ့တော့"
သူမ၏အဝတ်အစားများကို ပြုပြင်ပေးပြီးနောက် ကျန်းရွှမ်က သူ၏နဖူးကို ပွတ်သပ်လိုက်သည်။
ရထားလုံးသည် နာရီဝက်ခန့် ရှေ့သို့ဆက်သွားပြီးနောက် ကြီးမားသော အိမ်ကြီးတစ်လုံး၏ရှေ့တွင် ရပ်တန့်သွားသည်။
ဤအချိန်တွင် တခြားရထားလုံးတစ်စီးသည်လည်း တံခါးဝရှေ့တွင် ရပ်တန့်နေပေ၏။ မြင်းလေးကောင်ဆွဲသော ထိုရထားလုံးသည် ခမ်းနားထည်ဝါစွာ အလှဆင်ထားပြီး သာမန်ရထားလုံး မဟုတ်သည်မှာ သိသာထင်ရှားသည်။
"တတိယသခင်မလေး...ကျွန်တော်တို့ ရောက်ပါပြီ"
ရထားလုံးမောင်းသမားသည် ရထားလုံးပေါ်မှ အလျင်အမြန် ဆင်းလာပြီး မြင်းများကိုကိုင်ထားပြီး ရိုသေလေးစားသော အမူအယာဖြင့် ပြောဆိုသည်။
"အင်း..."
ရထားလုံးအတွင်းမှ နူးညံညင်သာသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ငါ ဆင်းချင်ပြီ"
"ဟုတ်ကဲ့"
အမျိုးသားတစ်ဦး၏တုံ့ပြန်ပြောဆိုသံ ထွက်ပေါ်လာပြီး ရထားလုံး၏လိုက်ကာကို မတင်လိုက်သည်။ အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦးသည် ရထားလုံးထဲမှ ထွက်လာပြီး ခုန်ချကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်၏။
သူသည် ရထားလုံးအတွင်းမှအတွက် ခြေနင်းတုံးတစ်ခုအဖြစ်ပင် သူ၏ဆန္ဒအလျောက် ပြုမူခဲ့သည်။
အကယ်၍ ကျန်းရွှမ်သာ သူ့ကို မြင်လိုက်လျှင် ယခင်က ယန်ဆန်းရှစ်ဆန်းနှင့် ယှဉ်ပြိုင်ခဲ့ဖူးသော ကြယ်စင်မြစ်ပါရမီရှင်စာရင်း၏ ဒုတိယနေရာမှ ဆုယွမ်ကျဲ့ ဖြစ်ကြောင်း ချက်ချင်း မှတ်မိပေလိမ့်မည်။
ဤအချိန်တွင် ဆုယွမ်ကျဲ့၏အရှိန်အဝါသည် မြင့်တက်လာပြီး သူသည်လည်း ကြယ်စင်မြစ်နယ်ပယ်သို့ ရောက်ရှိကာ အဆင့်တက်သွားခဲ့လေပြီ။
အလွန်အချိုးအစားကျသော ကိုယ်လုံးကိုယ်ပေါက်နှင့် လှပသော မျက်နှာရှိသည့် မိန်းကလေးတစ်ဦးသည် သူ၏ကျောကို နင်းကာ မြေပြင်ပေါ်သို့ ဆင်းသက်ပြီး ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ဆုယွမ်ကျဲ့သည် အလျင်အမြန် မတ်တတ်ထရပ်လိုက်ပြီး မျက်နှာချိုသွေးသော အမူအယာဖြင့် သူမကို ကူညီပေးသည်။
"ချင်းချင်း"
ချင်းချင်းဟု အမည်ရသော မိန်းကလေးက ခေါင်းညိတ်လိုက်သည်။
"ဒုတိယအစ်မလည်း ပြန်ရောက်နေပြီလား"
ရထားလုံးကန့်လန့်ကာ ပွင့်သွားပြီး ဖုယင်ယင် ထွက်လာသည်။ သူမသည် ရထားလုံးရှေ့သို့ ခြေလှမ်းနှစ်လှမ်း လျှောက်လှမ်းသွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။
"မြန်မြန် ဆင်းလာတော့..."
ချင်းချင်း "...."
ဆုယွမ်ကျဲ့"..."
သူတို့နှစ်ဦးသာမက ကျန်းရွှမ်သည်လည်း အံ့အားသင့်သွားပြီး သူ၏မျက်နှာ နီမြန်းသွားသည်။
"အမြန်ထတော့"
"ဟုတ်ကဲ့"
ဖုယင်ယင်သည် စိတ်အလိုမကျစွာဖြင့် မတ်တတ်ထရပ်လိုက်ပြီး ကျန်းရွှမ်သည် ရထားလုံးပေါ်မှ ရှက်ကိုးရှက်ကန်းဖြင့် ခုန်ဆင်းလိုက်သည်။
ဖုယင်ယင်သည် မမျှော်လင့်ဘဲ ညှို့ငင်ခံရပြီးနောက် သူမကိုယ်သူမ လေးစားမှုများအားလုံး ဆုံးရှုံးသွားခဲ့သည်။ အချစ်နွံအတွင်း၌ အလွန်အမင်း နစ်မြုပ်နေသူတစ်ဦးထံတွင် မည်သည့်ကျိုးကြောင်းဆင်ခြင်နိုင်မှုမျိုးမျှ မရှိတော့သည်မှာ အမှန်ပင်။
သူ၏အတွေးများကို မသိဘဲ ဖုယင်ယင်သည် သူ့ထံသို့ ရောက်လာပြီး သူ့ကို ကူညီ၍ပေးလေသည်။ သူတို့နှစ်ဦးသည် အိမ်တော်၏တံခါးမကြီးထံသို့ လျှောက်လှမ်းသွားလိုက်ကြ၏။
"ဒုတိယအစ်မ"
ထိုအချိန်တွင် ဖုချင်းချင်း လျှောက်လှမ်းလာသည်။
"တတိယညီမ"
ဖုယင်ယင်က ရပ်တန့်လိုက်ပြီး ကျန်းရွှမ်ဘက်သို့ အပြုံးနှင့်လှည့်ကြည့်ကာ ရှင်းပြသည်။
"ဒါက ကျွန်မရဲ့တတိယညီမ ဖုချင်းချင်းပါ"
ကျန်းရွှမ် လှမ်းကြည့်လိုက်ပြီး သူမ၏အလှကြောင့် အံ့အားသင့်သွားသည်။
ဆုယွမ်ကျဲ့က သူမ၏ခြေရင်းတွင် သူ၏ဆန္ဒအလျောက် ကျရောက်နေခြင်းမှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။
"ဒုတိယအစ်မ....ဒါက အစ်မ ခေါ်လာတဲ့ ပါရမီရှင်လား...သိပ်ပြီးမထူးခြားသလိုပဲ...သူက အသက်ကြီးတယ်...ကျင့်ကြံမှု နိမ့်ကျတယ်...ပြီးတော့ ကောင်းကောင်းမနာခံတတ်ဘူး"
ဖုချင်းချင်းက ကျန်းရွှမ်ကို မထီမဲ့မြင်အကြည့်ဖြင့် ကြည့်လိုက်၏။
"နင် ဘာကို ဆိုလိုတာလဲ"
ဖုယင်ယင်က မျက်မှောင်ကြုတ်လိုက်သည်။
ဖုချင်းချင်းက ခေါင်းမော့လိုက်ရာ သူမ၏လှပပြီး ငန်းတစ်ကောင်ကဲ့သို့ ကျော့ရှင်းသည့်လည်တိုင် ပေါ်လွင်လာသည်။
"ဘာမှ မဟုတ်ဘူး...ငါက အမှန်တရားကို ပြောပြတာ...ကြယ်စင်မြစ်ပါရမီရှင်စာရင်းမှာ အဆင့်နှစ်ချိတ်တဲ့ ဒီဆုယွမ်ကျဲ့က နက်နဲသိမ်မွေ့တဲ့ ကျင့်ကြံမှုရှိတယ်... သူကသာ ငါတို့နဲ့ ထိုက်တန်တဲ့လူပဲ....နင် ခေါ်လာတဲ့ လူအိုကြီးလို မဟုတ်ဘူး"
"လူအိုကြီး... နင်က ဘယ်သူ့ကို လူအိုကြီးလို့ ခေါ်နေတာလဲ... ကျန်းရွှမ်က အစွမ်းထက်ပြီး ပြိုင်ဘက်ကင်းတဲ့ အရည်အချင်း ရှိတယ်...နင့်ရဲ့လူက ဘယ်လောက်ပဲ ငယ်ငယ် ရုပ်လှရုံသက်သက်ပဲ....ကြည့်ကောင်းပေမယ့် အသုံးမကျဘူး"
ဖုယင်ယင် ဒေါသူပုန်ထသွားသွားသည်။
'နင် ငါ့ကို ကြိုက်သလိုပြောလို့ရတယ်... ဒါပေမဲ့ ငါ့ရဲ့စံပြပုဂ္ဂိုလ်ကို အသုံးမကျဘူးလို့တော့ ပြောလို့မရဘူး'
"နင်ကမှ အသုံးမကျတာ...နင်ရော နင့်လူရောအသုံးမကျဘူး"
ဖုယင်ယင်က အံ့တင်းတင်းကြိတ်လိုက်သည်။
"နင်..."
ဖုချင်းချင်းသည် အလွန်ဒေါသထွက်နေသဖြင့် အသက်ပြင်းပြင်းရှိုက်နေရသည်။
ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ကျန်းရွှမ်သည် အနည်းငယ် အနေရခက်သကဲ့သို့ ခံစားလိုက်ရသည်။ အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်စပြုလာသည်။
ဖုချင်းချင်းသည် ဒေါသထွက်နေသော်လည်း မြိုသိပ်လိုက်ပြီး သူမ၏အင်္ကျီလက်စကို ခါယမ်းကာ ခေါင်းမော့ရင်ကော့၍ မတ်မတ်ရပ်လိုက်၏။
"ငါ နင်နဲ့ ငြင်းခုံမနေတော့ဘူး... ဒီကျန်းရွှမ်က အရမ်းထူးခြားတယ်လို့ နင် ပြောမှတော့ သူက ဆုယွမ်ကျဲ့နဲ့ ယှဉ်ပြိုင်ရဲလားလို့ ငါ သိချင်မိတယ်"
"ဘယ်လို ယှဉ်ပြိုင်ကြမှာလဲ"
ဖုယင်ယင်က မေးမြန်းသည်။
"သိုင်းပြိုင်ပွဲပေါ့.... ဘယ်သူမဆို ပိုပြီးသန်မာတဲ့ စွမ်းအား ရှိတဲ့လူက ပါရမီရှင်ပဲ ရှုံးတဲ့သူက ဒီနေရာမှာ ဒူးထောက်ပြီး တောင်းပန်ရမယ်"
ဖုချင်းချင်းက အေးစက်စက် နှာမှုတ်လိုက်သည်။
"ဒူးထောက်ပြီး တောင်းပန်ရမှာလား"
ဖုယင်ယင်က သူမ၏ခေါင်းကို ခါယမ်းလိုက်၏။
"မဟုတ်ဘူး.... ဒါက လက်မခံနိုင်စရာပဲ"
"နင် လက်မခံရဲဘူးလား"
ဖုချင်းချင်းက သရော်တော်တော်ပြုံးလေသည်။
"နင် ကြောက်နေတယ်ဆိုရင် ဝန်ခံလိုက်လေ.. ဒီ ကျန်းရွှမ်က အသုံးမကျတဲ့လူတစ်ယောက်ဆိုတာ နင် ဝန်ခံလိုက်ပါလား...”
"ငါတို့ လက်မခံရဲတာ မဟုတ်ဘူး.... ဒါပေမဲ့ ငါတို့ ရှုံးခဲ့ရင် ငါက ဒူးထောက်ပြီး တောင်းပန်မယ်.... ကျန်းရွှမ် လုပ်စရာ မလိုဘူး"
ဖုယင်ယင်က ပြောဆိုသည်။
ဖုချင်းချင်း..."..."
ဆုယွမ်ကျဲ့..."...."