ရိုက်ချက်တစ်ချက်ဖြင့် ရှုံးနိမ့်ခြင်း
Vol. 21 Ch. 271
သူတို့နှစ်ဦးသာမက တံခါးဝရှိ အစောင့်များနှင့် ရထားလုံးမောင်းသမားများပင်လျှင် ဤမြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် စူးစိုက်၍ကြည့်နေကြသည်။
တခြားသူများကို ညှို့ငင်ခြင်းသည် သူတို့အား ဆန္ဒအလျောက် ပေးဆပ်စေရန် ပြုလုပ်ခြင်းမဟုတ်လော...
မည်သည်ကြောင့် ဖုယင်ယင်သည် တစ်ဖက်လူ၏ခံစားချက်ကို အစဥ်အမြဲ ထည့်သွင်းစဉ်းစားနေသနည်း...
ပတ်ဝန်းကျင်ရှိလူများ၏ အမူအယာများကို လျစ်လျူရှုပြီးနောက် ဖုယင်ယင်က အပြုံးနှင့် ကျန်းရွှမ်ကို ကြည့်ကာ မေးမြန်းသည်။
"ရှင် ဘယ်လိုသဘောရလဲ... ဒါက အဆင်ပြေရဲ့လား.... တကယ်လို့ ရှင် မပြိုင်ချင်ဘူးဆိုရင် ကျွန်မတို့ မပြိုင်ဘဲ နေလို့ရတယ်"
"အမ်.. ဒီယှဉ်ပြိုင်တာက ငါ့အတွက် ဘာထိခိုက်မှု ရှိမှာ မဟုတ်ဘူး"
သူမသည် သူ စိတ်မဆိုးစေရန် သတိကြီးစွာထား၍ ကြိုးစားနေသည်အား မြင်တွေ့ချိန်၌ ကျန်းရွှမ်က မြေခွေးညှို့ငင်ကံကြမ္မာသည် သူ တွေးထင်ထားသလောက် မဆိုးလှဟု ရုတ်တရက် ခံစားလိုက်ရသည်။
ဖုယင်ယင်သည် သက်ပြင်းချလိုက်ပြီး ဖုချင်းချင်းဘက်သို့ လှည့်ကာ ပြောဆိုပြောသည်။
"တတိယညီမ ငါ အဆင်ပြေတယ်...နင်က ယှဉ်ပြိုင်ချင်နေမှတော့ စလိုက်ကြရအောင်...နင်က ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ"
ဖုချင်းချင်းက အေးစက်စက်နှာမှုတ်ပြီးနောက် ဆုယွမ်ကျဲ့ဘက်သို့ လှည့်ကြည့်လိုက်၏။
"သူ့ကို ကောင်းကောင်း ရိုက်နှက်လိုက်..ဘာမှ ထိန်းချုပ်မထားနဲ့...နင် ရှုံးခဲ့ရင်တော့ နင်ကို ငါ ဘယ်တော့မှ စကားထပ်မပြောတော့ဘူး"
"စိတ်မပူပါနဲ့"
ဆုယွမ်ကျဲ့၏မျက်လုံးများ တောက်ပသွားသည်။
"ငါ မရှုံးစေရပါဘူး"
ထိုသို့ပြောဆိုပြီးနောက် သူသည် ကျန်းရွှမ်ထံသို့ ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်ပြီး သူ၏မျက်လုံးများထဲတွင် ဇဝေဇဝါအရိပ်အယောင်များ ရှိနေသည်။
"ငါတို့ အရင်က တစ်နေရာရာမှာ တွေ့ဖူးကြလား"
သူ ယန်ဆန်းရှစ်ဆန်းနှင့် တိုက်ခိုက်ခဲ့စဉ်က ကံကြမ္မာခန်းမအတွင်းတွင် ဖြစ်ပြီး ကျန်းရွှမ်လည်း ထိုနေရာတွင် ရှိနေခဲ့သည်။ သူတို့သည် စကားမပြောခဲ့ကြသော်လည်း ခဏတဖြုတ်တွေ့ဆုံမှုတစ်ခု ဖြစ်ခဲ့လေ၏။
"တိုက်ခိုက်တော့"
ကျန်းရွှမ်သည် ရှင်းပြရန် စိတ်မဝင်စားသဖြင့် ပျင်းတိပျင်းရွဲလေသံဖြင့် ပြောဆိုလိုက်သည်။
"မင်းက ငါ ဘယ်သူလဲဆိုတာ မသိပုံရတယ်... ဒါကြောင့် မင်း ဒီလိုမျိုး ပြုမူရဲတာပဲ"
ဆုယွမ်ကျဲ့ကလ အေးစက်စက် အော်ငေါက်လေသည်။
"အမှန်အတိုင်း ပြောရရင် ငါက ကြယ်စင်မြစ်ပါရမီရှင်စာရင်းမှာ တစ်ချိန်က ဒုတိယအဆင့် ရှိခဲ့တယ်... ငါ အဆင့်မတက်ခင်က ကြယ်စင်မြစ်နယ်ပယ် ပထမအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို တိုက်ခိုက်နိုင်ခဲ့တယ်... အခု ငါ အဆင့်တက်တာ အောင်မြင်သွားပြီဆိုတော့ ဒုတိယအဆင့် ကျင့်သူတွေကိုတောင် ရင်ဆိုင်နိုင်ပြီ...မင်းက ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ ထိုက်တန်တယ်လို့ ထင်နေလား"
ဖုချင်းချင်းက မျက်မှောင်ကြုတ်လိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေ ထပ်မပြောနဲ့တော့...မြန်မြန် တိုက်ခိုက်တော့"
"ဟုတ်ကဲ့...ချင်းချင်းက ပြောမှတော့ ငါ အချိန်မဆွဲတော့ဘူး"
ဆုယွမ်ကျဲ့သည် ထပ်ခါတလဲလဲ ခေါင်းညိတ်ပြီး လက်သုံးချောင်း ထောင်ပြလိုက်၏။
"သုံးကွက်ပဲ....သုံးကွက်အတွင်းမှာ မင်း ငါ့ကို ဒူးထောက်တောင်းပန်စေရမယ်"
ထိုသို့ပြောဆိုပြီးနောက် သူသည် သူ၏လက်ကို လေထုထဲတွင် ဝှေ့ယမ်းလိုက်ရာ အစွမ်းထက်သော လက်ဝါးရိုက်ချက်တစ်ခု ကျဆင်းလာသည်။
ဤလက်ဝါးရိုက်ချက်သည် သူ ကံကြမ္မာခန်းမတွင် အသုံးပြုခဲ့သည်ထက် များစွာပို၍ အားကောင်းပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါနှင့် စွမ်းအားတို့ ပါဝင်သည်။ ထိုအရာ မကျရောက်မီမှာပင် သုံးမီတာအချင်းရှိသော လေနံရံကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"စကားများလိုက်တာ"
ကျန်းရွှမ်က ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး ကြီးမားသောလှုပ်ရှားမှုများကို မပြုလုပ်ဘဲ သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
ဘုန်း....
အစွမ်းထက်သော လေနံရံကြီးသည် ချက်ချင်း ပျောက်ကွယ်သွားပြီးနောက် ဆုယွမ်ကျဲ့သည် ပါးဖြတ်ရိုက်ခံလိုက်ရကာ နံဘေးသို့ လွင့်စင်သွားပြီး ရထားလုံးနှင့် ဝင်တိုက်မိသည်။
"ဘာ..."
"ဓမ္မရုပ်သွင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ရဲ့ လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ ကြယ်စင်မြစ်နယ်ပယ်မှာရှိတဲ့ ဆုယွမ်ကျဲ့ကို လွင့်ထွက်သွားစေတာလား"
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ဤမြင်းကွင်းကို စောင့်ကြည့်နေသူများအားလုံးသည် မျက်လုံးအပြူးသား ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး သူတို့ မြင်တွေ့လိုက်ရသည်ကို မယုံကြည်နိုင် ဖြစ်နေကြသည်။
သူတို့သည် တစ်ဖက်သတ် အခြေအနေတစ်ခုကို မျှော်လင့်ထားကြသော်လည်း ကျန်းရွှမ်ဘက်သို့ ဦးတည်သွားလိမ့်မည်ဟု မည်သည့်အချိန်ကမျှ တွေးထင်မထားခဲ့ဖူးချေ။
ဖုချင်းချင်းသည်လည်း အံ့အားသင့်သွားပြီး ဆုယွမ်ကျဲ့ကို စူးစိုက်ကြည့်ရင်း ဒေါသကြောင့် သူမ၏မျက်နှာ နီမြန်းသွားသည်။
"နင်က အမှိုက်ပဲ... နင်ရဲ့အသက်အရွယ် ဒါမှမဟုတ် ကျင့်ကြံဆင့်နယ်ပယ်တူတဲ့လူတွေထဲမှာ ဘယ်သူမှ နင့်ကို အနိုင်မယူဘူးလို့ ခုဏလေးကတင် ပြောခဲ့တာ မဟုတ်လား...ဘယ်လိုလုပ်ပြီးတော့ နင့်ထက် အားနည်းတဲ့လူတစ်ယောက်ကိုတောင် အနိုင်မယူနိုင်တာလဲ"
"ငါ..."
ဆုယွမ်ကျဲ့သည် ရုန်းကန်၍ မတ်တတ်ထရပ်လိုက်ပြီး သူ၏မျက်နှာ နီတလှည့်ဖြူတလှည့် ဖြစ်နေသည်။ ထို့နောက် သူသည် အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်၏။
"ငါ ခုဏက သတိလက်လွတ် ဖြစ်သွားလို့ပါ... ချင်းချင်း စိတ်မပူပါနဲ့...ဒီတစ်ကြိမ်တော့ ငါ သေချာပေါက် နိုင်မှာပါ"
ထိုသို့ပြောဆိုပြီးနောက် သူသည် အသက်ပြင်းပြင်းရှိုက်လိုက်ရာ ကြယ်စင်မြစ်နယ်ပယ်၏ စွမ်းအားသည် သူ၏မရီဒါန်းများမှတစ်ဆင့် တလိမ့်လိမ့်ထလာပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"တုံးအတဲ့ကောင်... ငါက မင်းကို ခုဏက လွှတ်ပေးထားတာ...ဒီတစ်ကြိမ်တော့ ငါက သနားညှာတာမှာ မဟုတ်ဘူး"
ဝှစ်...
သူ၏စကားများ မဆုံးမီမှာပင် သူသည် ကျန်းရွှမ်ထံသို့ ပြေးဝင်သွားပြီး သူ၏အစွမ်းထက်ဆုံး နည်းစနစ်ဖြစ်သော အစွန်းငါးရပ်လက်ဝါးနည်းစနစ်၏ပုံရိပ်ယောင်လေးခုကို ဖန်တီးပြီး သူ၏လက်ကို ဆန့်တန်းလိုက်သည်။
ဤနည်းစနစ်၏အထွက်အထိပ်အဆင့်တွင် လက်ဝါးပုံရိပ်ယောင်ငါးခုကို ထင်ဟပ်စေနိုင်ပြီး တစ်ဖက်လူသည် ခုခံရန် မဖြစ်နိုင်သလောက်နီးပါးပင်။ သူသည် ဤနည်းစနစ်၏ အထွတ်အထိပ်အဆင့်သို့ မရောက်သေးသော်လည်း အလွန်မြင့်မားသော အဆင့်တွင် ရှိနေဆဲပင်။
သူ ယန်ဆန်းရှစ်ဆန်းနှင့် တိုက်ခိုက်ခဲ့စဉ်က ဤအဆင့်သို့ ရောက်ရှိခဲ့ပြီး ယခုတစ်ကြိမ်တွင် သူ အနိုင်ရမည်ဟု ယုံကြည်မှု ရှိခဲ့သည်။
"လဲကျသွားစမ်း..."
သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ၏အသံ မဆုံးမီမှာပင် သူ၏မျက်နှာပေါ်တွင် လက်တစ်ဖက် ရုတ်တရက် ထွက်ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။
ဘန်း....
သူသည် ဆယ်မီတာကျော်အကွာသို့ တဖန်ထပ်၍ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
"မင်း...."
ဆုယွမ်ကျဲ့ထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူ မတ်တတ်ထရပ်ရန် ရုန်းကန်နေစဉ်မှာပင် ကျန်းရွှမ်သည် သူ၏ရှေ့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ကျန်းရွှမ်၏လက်ဝါးမှ ပေါ့ပေါ့ပါးပါးထွက်လာသော ဖိအားတစ်ရပ်သည် သူ၏အရိုးများကို ကြေမွှသွားနိုင်သည့်အလား လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားတစ်ရပ်ကို ခံစားမိစေသည်။
"ငါ...ငါ အရှုံးပေးပါတယ်"
ဤတိုက်ခိုက်မှုဒဏ်ကို သူ မည်သို့မျှ တောင့်မခံနိုင်မှန်း သိလိုက်ရသဖြင့် ဆုယွမ်ကျဲ့က လျှင်မြန်စွာ အော်ဟစ်လိုက်သည်။
ဝုန်း...
ဖိအားအရှိန်အဝါသည် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားပေ၏။ ကျန်းရွှမ်သည် ယခုအချိန်၌ ဖုယင်ယင်၏နံဘေးသို့ ပြန်ရောက်နေပြီး သူသည် လက်တစ်ချောင်းကိုမျှ မလှုပ်ရှားခဲ့သည့်အလား တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေသည်။
"အမှိုက်...နင်က အမှိုက်ကောင်ပဲ"
ဖုချင်းချင်း ဒေါသထွက်နေသည်။ ဤပါရမီရှင်ဟုခေါ်သော လူသည် တိုက်ခိုက်မှု တစ်ခုတည်းဖြင့် အရှုံးပေးလိမ့်မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။ သူမ၏မျက်နှာသည် အထင်အမြင်သေးမှုများကြောင့် နီမြန်းနေပေ၏။
"တတိယညီမ....ခုဏ လောင်းကြေးကိစ္စက ဘယ်လိုလဲ"
ဖုယင်ယင်က ဖုချင်းချင်းကို လှမ်းကြည့်ရင်း အပြုံးနှင့် မေးမြန်းလိုက်သည်။
"ငါ...."
ဖုချင်းချင်းက ဆုယွမ်ကျဲ့ဘက်သို့ လှည့်ကြည့်လေသည်။
"နင် အခုချက်ချင်း ဒူးထောက်တောင်းပန်လိုက်တော့လေ...နင် မြန်မြန်မလုပ်သေးဘူးလား...နင်က တကယ်ကြီး ငါ့ကို အရှက်ခွဲချင်နေတာလား"
"ဟုတ်ကဲ့"
ဆုယွမ်ကျဲ့သည် ရှက်ရွံ့နေပုံရသော်လည်း နောက်ဆုံးတွင် အမျိုးသမီးနှစ်ဦး၏ရှေ့၌ ဒူးထောက်လိုက်၏။ သူ၏ဒူးများ ခွေယိုင်ပြီး မြေပြင်ပေါ်သို့ ကျရောက်သွားသည်။
"တောင်းပန်ပါတယ်..ငါ အဆင်အခြင်မဲ့ခဲ့တာပါ....ဒါက ချင်းချင်းနဲ့ ဘာမှ မဆိုင်ပါဘူး..."
"ဟွန့်..."
တောင်းပန်စကားကို ကြားပြီးနောက် ဖုချင်းချင်းသည် ဤနေရာ၌ ဆက်မနေလိုတော့ပေ။ သူမသည် သူမ၏အင်္ကျီလက်ကို ခါယမ်းလိုက်ပြီး နောက်သို့ချာခနဲလှည့်ကာ အိမ်တော်အတွင်းသို့ဦးတည်၍ လျှောက်လှမ်းသွားတော့သည်။
"ချင်းချင်း...ချင်းချင်း...."
ဆုယွမ်ကျဲ့သည် ကျန်းရွှမ်နှင့်ဖုယင်ယင်တို့ကို စိတ်ရှုပ်ထွေးသောအမူအယာဖြင့် ကြည့်လိုက်ပြီးနောက် သူမ၏နောက်သို့ အလျင်အမြန် လိုက်ပါသွားသည်။
"ဒါက..."
ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်သည်။
"ဒီလိုမျိုး လွယ်လွယ်ကူကူ ညှို့ငင်ခံရတဲ့လူက ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်သေးတယ်ဆိုတာ သေချာရဲ့လား...သူက ဘယ်လိုလုပ် ရှေ့ဆက်တိုးတက်လာပြီးတော့ ပိုပြီးသန်မာအားကောင်းလာနိုင်မှာလဲ"
ကျင့်ကြံခြင်းဆိုသည်မှာ စဉ်ဆက်မပြတ် စိန်ခေါ်မှုများ၏ လုပ်ငန်းစဉ်တစ်ခုပင်။ ပါရမီရှင်အားလုံးထံ၌ မာန်မာနရှိကြပြီး သူတို့ထံတွင် မယိမ်းယိုင်သော စိတ်နှလုံးသား ရှိကြသည်။ ဤကဲ့သို့ စိတ်နှလုံးသားမျိုးဖြင့်သာ သူတို့သည် လက်ရှိအဆင့်ထက်ကျော်လွန်ပြီး ရှေ့ဆက်နိုင်ပေမည်။
ဤဆုယွမ်ကျဲ့သည် ယခင်က ယန်ဆန်းရှစ်ဆန်းနှင့် တိုက်ခိုက်စဥ်တွင် မာန်မာနကြီးပြီး မယိမ်းယိုင်သော စိတ်နှလုံးသားရှိကာ သူ့ထံတွင် မောက်မာထောင်လွှားမှုများနှင့် ပြည့်နှက်နေခဲ့သည်။ သို့ရာတွင် ယခု၌မူ သူသည် အမျိုးသမီးတစ်ယောက်၏အမိန့်များအားလုံးကို နာခံနေပေ၏။ သူ့ကို ဒူးထောက်ခိုင်းရင် ဒူးထောက်ပြီး သူမ စေခိုင်းသမျှ အရာကို လုပ်ဆောင်ပေးကာ မျက်နှာချိုသွေးနေသော လူတစ်ယောက်အလားပင်။
သူထံတွင် ယခင်က အရည်အချင်း ရှိခဲ့လျှင်ပင် အချိန်ကြာလာသည်နဲ့အမျှ သူသည် များစွာပို၍အားနည်းလာပြီး နောက်ဆုံး၌ သာမန်လူတစ်ယောက်အဖြစ် မှေးမှိန်သွားပေလိမ့်မည်။
"ကျွန်မ မသိဘူး...."
ဖုယင်ယင်က ခေါင်းခါလိုက်ပြီးနောက် ကျန်းရွှမ်ကို လေးစားသောအကြည့်ဖြင့် ကြည့်လိုက်သည်။
"ဒါပေမဲ့ ရှင် ပြောတာ မှန်တယ်... ကျွန်မက ရှင့်ရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်တယ်"
"သွားကြစို့"
ကျန်းရွှမ်သည် ဤမိန်းမကို မတော်တဆ ညှို့ငင်မိပြီးနောက် သူမသည် အချစ်ကြောင့် အရူးတစ်ယောက် ဖြစ်သွားကြောင်း သိလိုက်ရသည်။ နောက်ထပ် မေးခွန်းများ ထပ်မေးနေလျှင်ပင် အဓိပ္ပာယ်မရှိမှန်း သူ သိရှိသောကြောင့် စကားမပြောတော့ဘဲ ရှေ့ရှိခြံဝန်းဆီသို့ လျှောက်လှမ်းသွားလိုက်၏။
မကြာမီမှာပင် သူတို့သည် ကျယ်ဝန်းသော ခန်းမတစ်ခုသို့ ရောက်ရှိလာပြီး ကျန်းရွှမ်သည် ဖုချင်းချင်းနှင့် ဆုယွမ်ကျဲ့တို့ ရောက်နှင့်နေပြီးဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။ ခန်းမအတွင်း၌ တခြားအမျိုးသမီးငါးဦးလည်း ရှိနေပြီး တစ်ဦးထက်တစ်ဦး ပို၍လှပကြကာ မည်သည့်နတ်ဘုရားမနှင့်မဆို ယှဉ်ပြိုင်နိုင်သော ခန္ဓာကိုယ်အချိုးအစားများ ရှိကြသည်။
ဤသည်မှာ မိန်းမလှအင်ပါယာတစ်ခုထဲသို့ ဝင်ရောက်သွားသကဲ့သို့ ခံစားရပြီး ထိုနေရာမှ လေထုပင်လျှင် မူးယစ်ရီဝေစေကာ ဆွဲဆောင်မှု ရှိနေသည်။
ကျန်းရွှမ်သည် သူ၏ထိုးထွင်းသိမြင်မျက်လုံးကို အသုံးပြု၍ သူ၏ရှေ့မှ အမျိုးသမီးများကို စစ်ဆေးကြည့်ရှုလိုက်သည်။
ဖုယင်ယင် ပြောခဲ့သည့်အတိုင်း သူမတို့အနက်မှ လေးဦးသည် မြေခွေးညှို့ငင်ကံကြမ္မာ၏ဒုတိယအဆင့်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားပြီး ကျန်သုံးဦးမှာမူ ပထမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေကြသည်။
ဤညီအစ်မခုနစ်ဦးစလုံးသည် အလွန်အမင်း လှပကြပြီး တစ်ဦးချင်းစီသည် စွဲမက်ဖွယ်ကောင်းသော အလှတရားများ ပိုင်ဆိုင်ထားကြသည်။ သူမတို့အနက်မှနှစ်ဦးသည် ဖုယင်ယင်နှင့်ပင် တန်းတူချောမောလှပမှုမျိုးရှိနေပြီး သူမတို့၏ ခန့်ညားထည်ဝါသောအရှိန်အဝါများသည် သူမထက် သာလွန်နေနိုင်သည်။
မူလက ကျန်းရွှမ်သည် ဖုယင်ယင်၏ချစ်မြတ်နိုးမှုကို ရရှိနိုင်ခဲ့သဖြင့် သူ့ကိုယ်သူ ယုံကြည်ချက်ရှိခဲ့သော်လည်း ဤမိန်းကလေးများကို မြင်တွေ့ပြီးနောက် သူ၏ယုံကြည်မှုများ ယိမ်းယိုင်သွားသည်။
'အမွေဆက်ခံခွင့် ရဖို့အတွက် ငါ့ရဲ့စွမ်းအားက တစိတ်တပိုင်းလောက်ပဲ....ပိုပြီးအရေးကြီးတာက ဖုယင်ယင်ဘက်မှာ ဘာဖြစ်မလဲ ဆိုတာပဲ... ငါက သူ့ကို ဒုတိယအဆင့်ကို အမြန်ဆုံး နားလည်သဘောပေါက်အောင် ကူညီပေးရမယ်ထင်တယ်'
သူမတို့အားလုံးသည် ဖုယင်ယင်လောက်နီးပါး လှပကြပြီး တချို့သည် သူမတို့၏အပြုအမူများတွင် ပို၍ပင် ဆွဲဆောင်မှုရှိကြသည်။ မြေခွေးညှို့ငင်ကံကြမ္မာ၏ ဒုတိယအဆင့်သို့ တက်လှမ်းခြင်းမရှိဘဲ ဖုယင်ယင်သည် သူမတို့အပေါ်တွင် အသာစီး ရရှိနိုင်မည် မဟုတ်ပေ။
အဆင့်တက်ရန်အတွက် တခြားလူများကို အောင်မြင်စွာ ညှို့ငင်ရန် လိုအပ်ပြီး ပစ်မှတ်သည် ပါရမီရှင်တစ်ဦး ဖြစ်ပါက အကောင်းဆုံးပင်။
ကျန်းရွှမ်က အခန်းကို ဝေ့ဝိုက်ကြည့်ပြီး စစ်ဆေးလိုက်သည်။
ဖုယင်ယင် ပြောခဲ့သည့်အတိုင်း ကျန်ရှိသော ညီအစ်မခြောက်ဦးသည် နောက်လိုက်များကို ခေါ်ဆောင်လာခဲ့ကြပြီး သူတို့အားလုံးသည် အရည်အချင်း ရှိကြကာ အသက်အကြီးဆုံးမှာ သုံးဆယ်ထက်မကျော်ချေ။ သူတို့အားလုံးသည် ကြယ်စင်မြစ်နယ်ပယ်သို့ ရောက်ရှိနေကြပြီး ပါရမီရှင်စာရင်းမှ ယခင်နံပါတ်တစ် ဖြစ်ခဲ့သူ ဖေးလင် နံပါတ်နှစ်ရခဲ့သူ ဆုယွမ်ကျဲ့တို့အပြင် သူတို့ကို အနိုင်ယူခဲ့သော ယန်ဆန်းရှစ်ဆန်းလည်း ပါဝင်သည်။
ဤယန်ဆန်းရှစ်ဆန်းသည် အမှန်တကယ်ကိုပင် သူတို့အနက် အမြင့်မားဆုံး အရည်အချင်းကို ပိုင်ဆိုင်ထားသည်။ အကယ်၍ သူ့ကို ညှို့ငင်နိုင်ခဲ့ပါက ဖုယင်ယင်သည် ချက်ချင်းအဆင့်တက်သွားပေလိမ့်မည်။
သို့ရာတွင် သူသည် ဤနေရာတွင် ရှိနေပြီ ဖြစ်သောကြောင့် ညှို့ငင်ခံထားရပြီးသည်မှာ သိသာထင်ရှားပြီး သူ၏တန်ဖိုးကို ဆုံးရှုံးသွားခဲ့သည်။
ကျန်းရွှမ်သည် ယန်ဆန်းရှစ်ဆန်းကို လှမ်းကြည့်လိုက်၏။
မြေခွေးညှို့ငင်ကံကြမ္မာ၏ ဒုတိယအဆင့်ကို နားလည်သဘောပေါက်ထားသော အမျိုးသမီးတစ်ဦးက သူ၏နံဘေးတွင် မတ်တတ်ရပ်နေသည်။ သူမသည် ရိုးရှင်းသော အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဖုချင်းချင်းကဲ့သို့ ထုထဲသောမျက်နှာချေများ သို့မဟုတ် ဖုယင်ယင်ကဲ့သို့ ပါးလွှာသော ဝတ်စုံများဖြင့် ပြင်ဆင်မထားချေ။ သို့ရာတွင် သူမသည် သူမ၏ အလှတရားနှင့်ပေါင်းစပ်ကာ ထူးခြားသော ဆွဲဆောင်မှုတစ်ရပ်ကို ပေးစွမ်းနိုင်သည့် ကျက်သရေရှိသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။
မာန်မာနကြီးသော ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးဖြစ်သည့် ယန်ဆန်းရှစ်ဆန်းကို သူမက ထောင်ချောက်ဆင်နိုင်ခဲ့ပြီး သူသည် သူမ၏နောက်သို့ တက်ကြွစွာ လိုက်ပါနေခြင်းမှာ အံ့အားသင့်စရာ မရှိတော့ချေ။
အကယ်၍ ဖုယင်ယင်သာ သူမကို ညှို့ငင်နိုင်ခဲ့ပါက ဤသည်မှာ ဒုတိယအဆင့်သို့တက်လှမ်းရန် ပြဿနာကို ဖြေရှင်းပေးနိုင်ရုံသာမက အမွေဆက်ခံခွင့် ပြိုင်ပွဲတွင် သူမကို သိသိသာသာ အသာစီးရရှိစေပေမည်။
မြေခွေးညှို့ငင်ကံကြမ္မာ၏ ဒုတိယအဆင့်ကို ကျွမ်းကျင်ပိုင်နိုင်မှုနှင့်အတူ ကျန်းရွှမ်သည် တစ်စုံတစ်ဦးကို ညှို့ငင်ခြင်း၏အနှစ်သာရသည် ကျားမ မခွဲခြားဘဲ သူတို့ကို လုံးလုံးလျားလျား သစ္စာစောင့်သိစေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။
ဖုယင်ယင်သည် သူ၏ ညှို့ငင်ခြင်းကို ခံထားရပြီးဖြစ်ကာ "သစ္စာရှိသော ခွေး" တစ်ကောင်ကဲ့သို့ သူ့ကို ဆန္ဒအလျောက် အစေခံနေပြီ ဖြစ်သောကြောင့် သူမအတွက် တခြားအမျိုးသားများကို ညှို့ငင်ရန်မှာ အလွန်အမင်း မသင့်လျော်ချေ။
"ငါ နည်းလမ်းတစ်ခု ရှာရမယ်"
ကျန်းရွှမ်သည် အလေးအနက် စဥ်းစားတွေးတောလိုက်၏။