ဘိုးဘေးခန်းမ
Vol. 21 Ch. 272
ကျန်းရွှမ် စဉ်းစားနေစဉ်မှာပင် တခြားလူများအားလုံး၏ အကြည့်များက သူတို့နှစ်ဦးအပေါ်သို့ ကျရောက်လာသည်။
"နင် ဆိုလိုချင်တာက ဓမ္မရုပ်သွင်နယ်ပယ် ကျင့်ကြံဆင့်ပဲရှိတဲ့ အဲ့ဒီကောင်က ဆုယွမ်ကျဲ့ကို ရိုက်ချက်တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တယ်ပေါ့"
တင့်တယ်လှပသော ရုပ်ရည်ရှိသည့် မိန်းကလေးတစ်ယောက်က ဖုချင်းချင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး သူမ၏မျက်လုံးများအတွင်းတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"ဟုတ်တယ် ကျင်းကျင်း... နင် ငါ့အတွက် လက်စားပြန်ချေပေးရမယ်... ပြိုင်ပွဲစတာနဲ့ နင်က ယန်ဆန်းရှစ်ဆန်းကို အဲ့ဒီကောင်ကို သင်ခန်းစာပေးခိုင်းရမယ်...သူ့ဘာသာသူတောင် မစောင့်ရှောက်နိုင်တော့တဲ့အထိ ရိုက်နှက်ပစ်နိုင်ရင် အကောင်းဆုံးပဲ"
"ကောင်းပြီလေ....ငါ ယန်ဆန်းရှစ်ဆန်းကို နောက်မှ လှုပ်ရှားခိုင်းလိုက်မယ်... ဒါပေမဲ့ အကဲဖြတ်မှုရဲ့အကြောင်းအရာက ဘာဖြစ်မလဲဆိုတာ ငါတို့ အခုထိ မသိသေးဘူး... တကယ်လို့ ပြိုင်ပွဲ မရှိဘူးဆိုရင်တော့ ငါ နင့်ကို ကူညီနိုင်မှာ မဟုတ်ဘူး"
"ခစ် ခစ်....နင် ကတိပေးတယ်ဆိုရင်ပဲ ငါ စိတ်အေးရပြီ... ငါတို့က အခွင့်အရေးတစ်ခုတော့ သေချာပေါက် ရှာတွေ့မှာပါ"
ဖုချင်းချင်းက တောက်ပသောအပြုံးနှင့် ပြောဆိုသည်။
သူတို့ စကားပြောဆိုနေစဉ်တွင် တောင်ဝှေးတစ်ချောင်းကိုင်ထားသော အဘွားအိုတစ်ဦး လျှောက်လှမ်းလာသည်။ သူမသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်ပြီးနောက် ကျန်းရွှမ်နှင့်တခြားလူများကိုကြည့်ကာ ဖြည်းညှင်းစွာ ဦးညွှတ်လိုက်၏။
"မင်းတို့အားလုံးဟာ ကျိုးယီမြို့တော်မှာ နာမည်ကျော်ကြားတဲ့ ပါရမီရှင်တွေပဲ..အစက သဘောတူထားတဲ့ အချိန်အရဆိုရင် အကဲဖြတ်မှုက နောက်ခုနစ်ရက်ကြာမှ ဖြစ်မှာပါ... ဒါပေမဲ့ မိုးကောင်းကင်ယံမှာ နတ်ဘုရားနယ်မြေရဲ့အလင်းတန်းတွေ ရုတ်တရက်ကြီး ထွက်ပေါ်လာတာကြောင့် ငါတို့ ဖုမိသားစုက ဒီအခွင့်အရေးကို လက်လွတ်မခံချင်လို့ အကဲဖြတ်မှုကို ရှေ့တိုးလိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်... ငါတို့ အလျင်စလိုနိုင်သွားရင် ခွင့်လွှတ်ပေးကြပါ"
"သခင်မကြီးဖု....ခင်ဗျားက အရမ်း ယဉ်ကျေးလွန်းနေပါပြီ"
"ဖုမိသားစုက သခင်မလေးတွေရဲ့ အသိအမှတ်ပြုမှုကို ခံရတာက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာတစ်ခုပါ..."
လူများအားလုံးက အပြုံးများဖြင့် တုံ့ပြန်ကြသည်။
ကျန်းရွှမ်က စကားပြောဆိုလိုက်သော အဘွားအိုကို လှမ်းကြည့်လိုက်သည်။ သူမ၏စွမ်းအားသည် ရှစ်ယွမ်ကျင်း သို့မဟုတ် အိုးယန်ဟိုင်တို့နှင့် တန်းတူအဆင့်၌ ရှိမနေနိုင်ချေ။ သို့ရာတွင်မြှောက်ပင့်ခြင်း၌ ကျွမ်းကျင်သော ဖုမိသားစုသည် ဩဇာကြီးမားသော အင်အားစုအမြောက်အများနှင့် မဟာမိတ် ဖွဲ့နိုင်သည်။ တော်ဝင်မိသားစုပင်လျှင် သူတို့ကို လျှော့တွက်ရဲမည် မဟုတ်ချေ။
မင်ကျန်းထောင်၏အဆိုအရ ကံကြမ္မာခန်းမ၏ ဒုခန်းမသခင်နှစ်ဦးလုံးသည် ဖုမိသားစု၏ သမက်များ ဖြစ်ကြသည်။ ဤသည်မှာ လုံလောက်သော သက်သေပင်။
"ဒါက ကျွန်မတို့ရဲ့ မိသားစုခေါင်းဆောင်ပဲ... ဒါပေမဲ့ ကျွန်မရဲ့အဖွားအရင်းမဟုတ်ဘူး...သူက ကျွန်မအဖွားရဲ့အစ်မပဲ... ကျွန်မရဲ့အဖွားအရင်းက ကံကြမ္မာနယ်ပယ် စတုတ္ထအဆင့်မှာရှိပြီးတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်အကြာက ကွယ်လွန်သွားပြီ..."
ဖုယင်ယင်က အသံပေးပို့သည်။
"စိတ်မကောင်းပါဘူး..."
ကျန်းရွှမ်က သူမကို နှစ်သိမ့်လိုက်သည်။
"အစကတော့ ကျွန်မတို့ရဲ့ဘိုးဘေးက မိသားစုခေါင်းဆောင်နေရာကို ကျွန်မရဲ့အဖွားအရင်းဆီ ထားခဲ့မလို့ ရည်ရွယ်ခဲ့တာ... ဒါပေမဲ့ ဘာအကြောင်းကြောင့်မှန်း မသိရဘဲနဲ့ အကြီးဆုံးအဖွားကပဲ ဆက်ခံသူ ဖြစ်သွားတယ်... ဒါကြောင့် ကျွန်မတို့ရဲ့မိသားစုခွဲက အမြဲတမ်း ပစ်ပယ်ခံခဲ့ရတယ်...ပြဿနာတွေကို ရှောင်ဖို့အတွက် ကျွန်မက ငယ်ငယ်ကတည်းက ဟွမ်ယွမ်မြို့ကို ထွက်သွားခဲ့ပြီး ဒီနေရာကို တော်ရုံ ပြန်မလာဖြစ်ဘူး...ကျွန်မ အဆင့်ချိုးဖျက်မှု မလုပ်နိုင်ခဲ့တာက ကျွန်မကို လမ်းညွှန်ပေးမယ့်လူမရှိလို့ပဲ...ဖုချင်းချင်းက အကြီးဆုံးအဖွားရဲ့ မြေးမအရင်းပဲ....ပြီးတော့ သူက ကျွန်မရဲ့ အဖွားနဲ့ ပတ်သက်ပြီးတော့ ကျွန်မကို အမြဲတမ်း အထင်သေးခဲ့တယ်..."
ကျန်းရွှမ် ရုတ်တရက် နားလည်သွားသည်။
ညီအစ်မများ တွေ့ဆုံချိန်တွင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ရန်စစော်ကားနေသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။ ဤသည်မှာမျိုးဆက်ဟောင်းများကြားတွင် ပဋိပက္ခ ရှိနေခြင်းကြောင့်ပင်။
အဘွားအိုက ဆက်လက်၍ ပြောဆိုသည်။
"ငါတို့က အချိန်ကို ရှေ့တိုးလိုက်ပေမဲ့ ငါတို့ဖုမိသားစုက လူတွေအားလုံးကို မမျှမတမှုဆက်ဆံမှာ မဟုတ်ဘူး.. နောက်ဆုံးမှာ ဘယ်သူက ကံကြမ္မာကို အမွေဆက်ခံခွင့်ရတဲ့သူ ဖြစ်သွားပါစေ အကဲဖြတ်မှုမှာ ပါဝင်တဲ့လူတိုင်းက ကျွန်မတို့ဖုမိသားစုနဲ့အတူ ကျီးလန်တောင်ကြားထဲကို ဝင်ရောက်ရမှာ ဖြစ်ပြီးတော့ ရရှိလာတဲ့ ရတနာအားလုံးကို အတူတူမျှဝေယူရမှာပါ"
"ဒါက သိပ်ကောင်းတာပဲ"
"ဖုမိသားစုရဲ့ မြင့်မြတ်မှုကို ကျွန်တော်တို့အားလုံး လေးစားပါတယ်..."
လူများအားလုံး၏မျက်လုံးများ တောက်ပလာကြသည်။ အထူးသဖြင့် ယန်ဆန်းရှစ်ဆန်းသည် စိတ်လှုပ်ရှားနေပုံပင်။
သူ ဖုကျင်းကျင်း၏ညို့ငင်ခြင်းကို ခံခဲ့ရခြင်းသည် ဤအချက်နှင့် များစွာသက်ဆိုင်နေပေ၏။
ကျီးလန်တောင်ကြားသည် ကံကြမ္မာနတ်ဘုရားနယ်မြေများတွင် အဆင့်နှစ်ဆယ့်တစ်ချိတ်ပြီး မရေမတွက်နိုင်သောရတနာများ၏ တည်နေရာလည်းဖြစ်ရာ ထိုနေရာ မည်မျှထိ တန်ဖိုးရှိသည်မှာ သိသာထင်ရှားနေသည်။ ထို့ပြင် သူတို့ ယန်မိသားစု၏အခြေစိုက်စခန်းသည် ကျိုးယီမြို့တော်တွင် မဟုတ်သဖြင့် အကယ်၍ သူတို့ မဆင်မခြင် ဝင်ရောက်ပါက အမြတ်ထုတ်ခံရရန် လွယ်ကူသည်။ ဖုမိသားစု၏ နောက်ခံ အထောက်အပံ့ရှိနေလျှင် တစ်စုံတစ်ယောက်သည် သူတို့အား ပြဿနာရှာချင်လျှင်ပင် နှစ်ခါ ပြန်စဉ်းစားရပေလိမ့်မည်။
ဖုမိသားစုခေါင်းဆောင်က ပြောဆိုသည်။
"ဒီလောက်ထိ အားနာနေဖို့ မလိုပါဘူး...ဒီအကဲဖြတ်မှုက ငါတို့မိသားစုရဲ့ ကံကြမ္မာ အမွေဆက်ခံမှုနဲ့ သက်ဆိုင်တယ်...အရာအားလုံးကို ဘိုးဘေးက ဆုံးဖြတ်ပါလိမ့်မယ်... ကျေးဇူးပြုပြီးတော့ မင်းတို့အားလုံး ငါ့ရဲ့နောက်ကိုလိုက်ပြီး ဘိုးဘေးခန်းမဆီကို လိုက်ခဲ့ကြပါ..."
"ဟုတ်ကဲ့"
လူများအားလုံး အဘွားအို၏နောက်သို့ လိုက်ပါသွားကြပြီး အချိန်တခဏအကြာတွင် သူတို့သည် ဘိုးဘေးခန်းမ၏အဝင်ဝသို့ ရောက်ရှိသွားကြသည်။ ဤနေရာသည် နာမည်ကမ္ဗည်းပြားအမြောက်အများကို ထားရှိသော ခြံဝင်းငယ်လေးတစ်ခုပင်။ ဆံပင်များဖြူဖွေးနေသော အဘွားအိုတစ်ဦး ခုံတန်းလျားပေါ်တွင် လဲလျောင်းနေပြီး သူမ၏မျက်လုံးများကို စုံမှိတ်ထားကာ၊ လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိချေ။
ဖုမိသားစုခေါင်းဆောင်က သူမ၏လေသံကို နှိမ့်လိုက်သည်။
"အမေ... အကဲဖြတ်မှုမှာ ပါဝင်မယ့်သူတွေ ရောက်လာပါပြီ"
ဆံဖြူအဘွားအိုသည် သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး လူများအားလုံးကို ဝေ့ဝိုက်၍ကြည့်လိုက်ပြီး နောက်ဆုံးတွင် ယန်ဆန်းရှစ်ဆန်းအပေါ်၌ အာရုံစိုက်လိုက်သည်။ သူမသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
"ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ...လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ကြိုးပမ်းမှုတွေက အချည်းနှီး မဖြစ်ခဲ့ဘူးလို့ ထင်ရတယ်..."
"အမေရဲ့တွက်ချက်မှုတွေက အပြစ်အနာအဆာကင်းတော့ ပြဿနာမရှိတာက သဘာဝကျပါတယ်..."
ဖုမိသားစုခေါင်းဆောင်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"သူတို့ကို အရင်ဆုံး မိတ်ဆက်ခိုင်းလိုက်ပါ... အနှစ်နှစ်ဆယ် ကြာသွားပြီဆိုတော့.... ငါ သူတို့ကို မမှတ်မိတော့ဘူး..."
ဆံဖြူအဘွားအိုက သူမ၏လက်ကို ဝှေ့ယမ်းလိုက်၏။
ဖုမိသားစုခေါင်းဆောင်က ခေါင်းညိတ်လိုက်ပြီး သူမ၏ခန္ဓာကိုယ်ကိုမတ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
"ဘိုးဘေးက မင်းတို့အားလုံးနဲ့ တွေ့ချင်နေတယ်... ဒါကြောင့် ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးကြပါ"
"ဘိုးဘေးနဲ့မိသားစုအကြီးအကဲကို အရိုအသေပြုပါတယ်...ကျွန်မက ဖုကျင်းကျင်းပါ..ကျွန်မရဲ့ဘေးက ဒီပုဂ္ဂိုလ်ကတော့ ကျိုးယီမြို့တော်ရဲ့ နံပါတ်တစ်ပါရမီရှင် ယန်ဆန်းရှစ်ဆန်းပါ...သူက အသက် ဆယ့်ခြောက်နှစ်ပဲ ရှိသေးပေမဲ့ ကြယ်စင်မြစ်နယ်ပယ်ရဲ့ ပထမအဆင့်ကို ရောက်နေပါပြီ"
ဖုကျင်းကျင်းက ပထမဆုံး ရှေ့သို့တိုးလာပြီး အပြုံးနှင့်မိတ်ဆက်ပေးလိုက်ရာ ယန်ဆန်းရှစ်ဆန်းကလည်း ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရှေ့သို့ထွက်လာသည်။
"ဘိုးဘေး...မိသားစုအကြီးအကဲ..ကျွန်မက ဖုဝေ့ဝေ့ပါ.... ဒါက ကျိုးယီမြို့တော်က တော်ဝင်မိသားစုရဲ့ သတ္တမမင်းသား ရှန်ဝူကျွင်းပါ...သူက အသက်နှစ်ဆယ့်ခုနစ်နှစ်ရှိပြီးတော့ ကြယ်စင်မြစ်နယ်ပယ်ရဲ့ တတိယအဆင့် အစောပိုင်းကို ရောက်နေပါပြီ"
"ဘိုးဘေး... မိသားစုအကြီးအကဲ...ကျွန်မက ဖုချင်းချင်းပါ...ပြီးတော့ ဒါက ဆုယွမ်ကျဲ့ပါ..."
မိန်းကလေးများအားလုံး သူမတို့ကိုယ်သူမတို့နှင့် သူမတို့၏အဖော်များကို မိတ်ဆက်ပေးကြသည်။
အချိန်တခဏကြာ နားထောင်ပြီးနောက် ကျန်းရွှမ် အံ့အားသင့်သွားသည်။
ညို့ငင်ခံထားရသော လူငယ်များသည် ပါရမီရှင်အဆင့်သတ်မှတ်ချက်မှ ထိပ်ဆုံးပါရမီရှင်သုံးဦးနှင့် တော်ဝင်မင်းသားများ ထိပ်သီးပါရမီရှင်များဖြစ်နေကြသည်။ သူတို့အနက်မှ တစ်ဦးသည် ကံကြမ္မာခန်းမသခင်၏သားပင် ဖြစ်နေပေ၏။
တခြားလူများကို ထည့်မပြောလျှင်ပင် ဤပါရမီရှင်အနည်းစုသည် ကျိုးယီအင်ပါယာတစ်ခုလုံး၏ အင်အားအကြီးဆုံး အင်အားစုအားလုံးနီးပါးကို လွှမ်းခြုံထားသည်။
မကြာမီမှာပင် ဖုယင်ယင်၏အလှည့်သို့ ရောက်ရှိလာသည်။
"ကျွန်မက ဖုယင်ယင်ပါ...ပြီးတော့ ဒါက ဟွမ်ယွမ်မြို့ကနေ ကျိုးယီမြို့တော်ကို ခုလေးတင် ရောက်လာတဲ့ ကျန်းရွှမ်ပါ...သူ့ရဲ့ ကျင့်ကြံမှုက ဓမ္မရုပ်သွင်နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာ ရှိပါတယ်"
"ဓမ္မရုပ်သွင်နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်... သူက ဟွမ်ယွမ်မြို့က ဟုတ်လား...ဒါဆို သူက စွမ်းအားမရှိ ဩဇာအာဏာမရှိတဲ့ကောင်ပေါ့"
"ဒီကျင့်ကြံမှုနဲ့လူကို ညို့ငင်ပြီးခေါ်လာဖို့ လိုသေးလို့လား...ယင်ယင်က သူရဲ့လက်တစ်ဖက်ကို ရိုးရိုးလေး ဝှေ့ယမ်းလိုက်ရုံနဲ့ လူတစ်အုပ်ကို ခေါ်ယူနိုင်တာပဲ"
"သူက ခွေးတစ်ကောင် ဖြစ်ဖို့တောင် အရည်အချင်း မမီဘူး...ယင်ယင်က သူ့ကို အကဲဖြတ်မှုမှာ ပါဝင်ဖို့ တကယ်ကြီး ခေါ်လာခဲ့တာပဲ..သူက လက်လျှော့လိုက်ဖို့ ရည်ရွယ်ထားတာလား"
လူများအားလုံး လှောင်ပြောင်ရယ်မောလိုက်ကြသည်။
ဖုမိသားစုဝင်တစ်ယောက်အနေဖြင့် သူမသည် ဤကဲ့သို့လူတစ်ယောက်အပေါ် ညှို့ငင်မှုကို အားကိုးရန် မလိုအပ်ချေ။ သူမ ထုတ်ပြန်ကြေညာလိုက်ရုံဖြင့် ဤအဆင့်မှလူများ အလုအယက် ရောက်လာကြပေမည်။ ဖုယင်ယင်တစ်ယောက်တည်းသာ ဤကဲ့သို့လူစားမျိုးကို ခေါ်ဆောင်လာပေလိမ့်မည်။
"ဓမ္မရုပ်သွင်နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်... ကျွန်မတို့ဖုမိသားစုက အဓိကတပည့်တွေရဲ့ အကဲဖြတ်မှုမှာ ဒီလိုမျိုးကျင့်ကြံသူတွေကို ဘယ်တုန်းက ပါဝင်ခွင့် ပေးခဲ့လို့လဲ"
ဖုမိသားစုခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်သည်။
အဓိကတပည့်များအနေဖြင့် သူမတို့သည် ငယ်စဉ်ကတည်းက သွေးမျိုးဆက်နှစ်ခြင်းခံယူမှုကို ဖြတ်သန်းခဲ့ရသည်။ သူမ၏အရည်အချင်းသည် ရွေးချယ်ခံများအနက် အမြင့်မားဆုံး မဟုတ်ရင်လျှင်ပင် ဤကဲ့သို့ ညံ့ဖျင်းသောလူတစ်ယောက်ကို ခေါ်ဆောင်မလာသင့်ချေ။
လှောင်ပြောင်သရော်မှုများကို မြင်တွေ့ချိန်၌ ဖုယင်ယင်၏မျက်နှာ နီမြန်းသွားပြီး သူမက ရှေ့သို့ထွက်၍ ပြောဆိုလိုက်၏။
"ကျန်းရွှမ်ရဲ့ကျင့်ကြံဆင့်က သိပ်မမြင့်မားပါဘူး... ဒါပေမဲ့... ခုဏလေးတင် သူက ဖုချင်းချင်း ခေါ်လာတဲ့ ဆုယွမ်ကျဲ့ကို အလွယ်တကူ အနိုင်ယူခဲ့တယ်"
ဖုမိသားစုခေါင်းဆောင်က မျက်မှောင်ကြုတ်ပြီး ဖုချင်းချင်းကို လှမ်းကြည့်လိုက်သည်။
"ချင်းချင်း... ယင်ယင် ပြောတာ အမှန်ပဲလား..."
ဖုချင်းချင်းက အလျင်အမြန် ရှင်းပြသည်။
"ယွမ်ကျဲ့က သူ့ထက် အနည်းဆုံး ခုနစ်နှစ် ရှစ်နှစ် ငယ်ပါတယ်... ပြီးတော့ သူက ကျင့်ကြံတာလည်း မကြာသေးဘူး...ပါရမီအရည်အချင်းအရ ပြောရရင် သူက ယင်ယင်ခေါ်လာတဲ့ အလူအိုကြီးထက် သေချာပေါက် ပိုပြီးအစွမ်းထက်တယ်..."
'ပါရမီရှင်တစ်ယောက်ကို ရှေ့အလားအလာ အနာဂတ်တို့နဲ့ တိုင်းတာရတယ်...ငယ်ရွယ်သူကို အနိုင်ကျင့်ဖို့ အသက်အရွယ်ကို အားကိုးနေတာကိုကြည့်ရင် သူက အရည်အချင်း မရှိရုံတင် မကဘူး...သူ့ရဲ့အကျင့်စာရိတ္တကလည်း သိပ် ကောင်းပုံမရဘူး"
ဖုမိသားစုခေါင်းဆောင်က ကျန်းရွှမ်ကို နောက်တစ်ကြိမ်ကြည့်လိုက်ပြီး သူမ၏စိတ်နှလုံးသားထဲမှ လှောင်ပြောင်သရော်လိုက်သည်။
သို့ရာတွင် သူမ၏အတွေးများနှင့် မတူဘဲ ဖုမိသားစုဘိုးဘေးသည် ကျန်းရွှမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အံ့အားတသင့် ရေရွတ်လိုက်သည်။
"အိုက်ယိုး..."