ကြွေလွင့်ပုလဲများ
Vol. 21 Ch. 275
"ထားလိုက်တော့..ဒီကံကြမ္မာအပေါ် ငါ့ရဲ့တိုးတက်လာမှုနဲ့ဆိုရင် မြေခွေးညို့ငင်နည်းစနစ်တွေကို နားလည်မှုက သိသိသာသာ တိုးတက်လာပြီ....ငါ ဖုယင်ယင်ကို သင်ပေးမယ်ဆိုရင် သူက အဆင့်ချိုးဖျက်ဖို့ ပိုပြီးလွယ်ကူသွားလိမ့်မယ်"
မည်သည့်တိုးတက်မှုမဆို အမြဲတစေ ကောင်းမွန်သောအရာပင်။ ကျန်းရွှမ်သည် အချိန်တခဏကြာခန့် စိတ်ပျက်ပြီးနောက် ထိုအကြောင်းကို ဆက်မစဉ်းစားတော့ချေ။ ထို့ပြင် သူ ဆက်စဉ်းစားရန် အချိန်လည်း မရှိတော့ပေ။ ဘိုးဘေးပူဇော်ပွဲအခမ်းအနား ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် မြေခွေးတစ်သောင်းကျင်းကို မကြာမီ ဖွင့်တော့ပေမည်။
"ဒါက မြေခွေးတစ်သောင်းကျင်းပဲ..."
ဖုမိသားစုခေါင်းဆောင်က ရှေ့သို့ခြေတစ်လှမ်း တိုးလိုက်ပြီး လေဟာနယ်အတွင်းသို့ ညင်သာစွာ ဖမ်းဆုပ်လိုက်ရာ ခြံဝင်းထဲရှိ ရေတွင်းတစ်တွင်းက လူများအားလုံး၏ရှေ့တွင် ထွက်ပေါ်လာသည်။
"ဒါက မြေခွေးတစ်သောင်းကျင်းလား..ဒါက တော်တော်လေးသေးငယ်တာပဲ"
"ဒီအထဲမှာ ဘာအန္တရာယ်များ ရှိနေနိုင်မှာလဲ"
"မိသားစုခေါင်းဆောင်က ဒီနေရာထဲမှာ ရင်းမြစ်သားရဲတွေ ရှိတယ်လို့ ပြောခဲ့တယ်မဟုတ်လား"
လူများအားလုံး စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ကြသည်။
သူတို့၏ရှေ့မှ ရေတွင်းတွင် အဖွင့်ကျဥ်းပြီး အချင်းတစ်မီတာခန့်သာ ရှိသည်။ လူတစ်ဦး ဝင်နိုင်သော်လည်း နှစ်ဦးဝင်ရန် ခက်ခဲပေလိမ့်မည်။ ဤကဲ့သို့သော နေရာမျိုးသည် မည်သည်ကြောင့် အန္တရာယ်များနိုင်မည်နည်း။ ထို့ပြင် မည်သည့် ကြောက်မက်ဖွယ်ကောင်းသော ရင်းမြစ်သားရဲများ ဤနေရာအတွင်းတွင် ရှိနေနိုင်မည်နည်း။
"မင်းတို့ လျှော့မတွက်ကြနဲ့... ငါက အန္တရာယ်များတယ်လို့ ပြောပြီးမှတော့ ဒါက ငါ ချဲ့ကားပြီး ပြောနေတာ မဟုတ်ဘူး"
စကားပြောဆိုမှုများကို ကြားဖြတ်ပြီး ဖုမိသားစုခေါင်းဆောင်က ရှင်းပြသည်။
"မြေခွေးတစ်သောင်းကျင်းထဲမှာ 'ကြေလွင့်ပုလဲ' လို့ခေါ်တဲ့ အထူးအရာတစ်ခု ရှိတယ်...ဒါက မြေခွေးညို့ငင်ကံကြမ္မာကို ကျင့်ကြံတဲ့နေရာမှာ အရမ်းအထောက်အကူဖြစ်တယ်.. အဲ့ဒီအရာက နီညိုရောင်သစ်ပင်တွေပေါ်မှာ ပေါက်ရောက်ပြီးတော့ မြေပေါ်ကို ကျတာနဲ့ ကျောက်တုံးအဖြစ် ပြောင်းသွားပြီးတော့ အကျိုးသက်ရောက်မှုတွေကို ဆုံးရှုံးသွားတယ်... ဒီတစ်ကြိမ်မှာ မင်းတို့ရဲ့တာဝန်က အဲ့ဒီပုလဲတွေကို ရှာဖွေဖို့ပဲ...မင်းတို့ ပိုပြီးရှာတွေ့လေလေ မင်းတို့ရဲ့ရလဒ်တွေ ပိုကောင်းလေလေပဲ... ဒါ့ပြင် မင်းတို့ရဲ့အရည်အချင်းတွေ ထင်ရှားပေါ်လွင်လာပြီးတော့ အမွေဆက်ခံခွင့်ရနိုင်ဖို့ အခွင့်အရေး ပိုများလာလိမ့်မယ်"
"ကြွေလွင့်ပုလဲလား..."
"မိသားစုခေါင်းဆောင်...ကျွန်မတို့က ဒီအရာကို ဘယ်လို ရှာဖွေရမလဲ"
မိန်းကလေးတစ်ယောက်က စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်သည်။
"ဒါကလလွယ်ပါတယ်..မင်းတို့ရဲ့ မြေခွေးညို့ငင်ကံကြမ္မာ နည်းစနစ်ကို အသုံးပြုလိုက်ပါ...ဒါဆိုရင် မင်းတို့ အဲ့ဒီအရာကို အာရုံခံနိုင်လိမ့်မယ်... ဒါပေမဲ့... မင်းတို့ရဲ့ကံကြမ္မာကို အသက်သွင်းလိုက်တာနဲ့ မြေခွေးစိမ်းတွေကို ဆွဲဆောင်မိလိမ့်မယ်....မင်းတို့ရဲ့ပစ်မှတ်က ကြွေလွင့်ပုလဲတွေဆိုတာ သူတို့ သိသွားရင် သူတို့က မင်းတို့ကို ဖျက်ဆီးနိုင်တဲ့အထိ ရပ်တန့်မှာ မဟုတ်ဘူး"
ဖုမိသားစုခေါင်းဆောင်က ဆက်လက်၍ ရှင်းပြသည်။
"ဒါ..."
တခြားလူများသည် အခြေအနေကို လျှော့တွက်ဝံ့ခြင်း မရှိတော့ဘဲ သူတို့၏မျက်နှာအမူအယာများ ပို၍တည်ကြည်လေးနက်လာသည်။
ဖုမိသားစုခေါင်းဆောင်က ထိုမြေခွေးစိမ်းများတွင် ကြယ်စင်မြစ်နယ်ပယ်စွမ်းအားမျိုး ရှိသည်ဟု ပြောဆိုခဲ့ပေ၏။ မြေခွေးစိမ်းတစ်ကောင်တည်းဆိုရင် သူတို့ စီမံခန့်ခွဲနိုင်သော်လည်း အကောင်ရေအမြောက်အများရှိနေလျှင် အမှန်တကယ်ကို ခက်ခဲပေလိမ့်မည်။
"ဝင်ကြတော့"
ဖုမိသားစုခေါင်းဆောင်က သူမ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ရေတွင်း၏အဝမှ ဝင်္ကပါတစ်ခုကို အသက်သွင်းလိုက်သည့်အလား ခပ်ဖျော့ဖျော့အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။
"ကျွန်မ အရင် သွားလိုက်မယ်"
ဖုကျင်းကျင်းက ရှေ့သို့တိုးလာပြီး ခုန်ချရန် ဟန်ပြင်လိုက်၏။
ဖုမိသားစုခေါင်းဆောင် သူမကို ဟန့်တားလိုက်ပြီး ပြောဆိုသည်။
"ဒီအောက်မှာ ကူးပြောင်းရေးဝင်္ကပါတစ်ခု ရှိတယ်....တစ်ယောက်ယောက် ဝင်တဲ့အချိန်တိုင်း မတူညီတဲ့နေရာတွေကို ရောက်သွားတယ်.... အဖွဲ့ဖွဲ့ထားတဲ့ လူနှစ်ယောက်အနေနဲ့ မင်းတို့က လူကွဲမသွားအောင် အတူတူဝင်ရမယ်"
"အတူတူ ဝင်ရမှာလား"
ဖုကျင်းကျင်းက မျက်မှောင်ကြုတ်လိုက်သည်။
"အမှန်ပဲ"
ဖုမိသားစုခေါင်းဆောင်က ခေါင်းညိတ်ပြသည်။
"ကောင်းပြီလေ..."
ဖုကျင်းကျင်းက ယန်ဆန်းရှစ်ဆန်းဘက်သို့ လှည့်ကြည့်လိုက်ရာ သူသည် ကျန်းရွှမ်ကို "ဆူပူကြိမ်းမောင်း"ရန် အချိန်မဖြုန်းတော့ဘဲ အလျင်အမြန် ရောက်လာသည်။
ရေတွင်းဝသည် ကျဉ်းမြောင်းသောကြောင့် သူတို့ အတူတကွဝင်ရောက်ရန် ပူးကပ်၍နေရပေမည်။ စိတ်လှုပ်ရှားပြီး စိတ်အားထက်သန်နေသော ယန်ဆန်းရှစ်ဆန်းသည် ဖုကျင်းကျင်း၏ခါးကို သူ၏လက်ဖြင့် ပွေ့ဖက်ပြီး ရေတွင်းထဲသို့ ခုန်ဆင်းလိုက်၏။
အလင်းတန်းတစ်ချက် လင်းလက်လာပြီးနောက် သူတို့နှစ်ဦး ချက်ချင်းပျောက်ကွယ်သွားသည်။
ထို့နောက် ဖုချင်းချင်းနှင့်ဆုယွမ်ကျဲ့တို့ ဝင်ရောက်သွားကြသည်။
ဖုဝေ့ဝေ့နှင့် သတ္တမမင်းသားရှန်ဝူကျွင်းတို့ နောက်မှ လိုက်ပါသွားကြ၏။
မကြာမီမှာပင် ကျန်းရွှမ်၏အလှည့်သို့ ရောက်လာသည်။
"သွားကြစို့..."
ဖုယင်ယင်၏မျက်နှာသည် ပန်းသီးတစ်လုံးကဲ့သို့ နီမြန်းနေသည်။
"အင်း..."
ကျန်းရွှမ်က ခေါင်းညိတ်လိုက်ပြီး သူမဆီသို့ လျှောက်သွားကာ သူ မည်သို့ဆက်လုပ်ရမည်ကို စဉ်းစားနေစဉ်မှာပင် သူ၏ခါးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်အား ခံစားလိုက်ရသည်။ ထိုမိန်းကလေးသည် သူ၏ရင်ဘတ်ပေါ်တွင် နွေးထွေးမှုနှင့်နူးညံ့မှုကို ခံစားရသည်အထိ သူ့အား ပွေ့ဖက်ထားပေ၏။
"မင်းက ငါ့ကို အခွင့်အရေး ယူနေတာပဲ..."
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်ရင်း မနှစ်မြို့ဟန် ပေါက်နေသည်။
"တောင်းပန်ပါတယ်..ကျွန်မတို့က မြေခွေးတစ်သောင်းကျင်းထဲကို ဝင်ဖို့ပဲ လိုတာပါ... ကျွန်မတို့ အဲ့ဒီနေရာကို ရောက်တာနဲ့ လက်လွှတ်ပေးပါ့မယ်..."
ဖုယင်ယင်က သူမ၏လေသံကို နှိမ့်ပြီး အလျင်အမြန်ရှင်းပြလိုက်၏။
ဤကိစ္စ ရှည်ကြာလေလေ သူသည် သူမထံမှ ပို၍ 'အသားယူခံ"ရလေလေ ဖြစ်မည်ကို သိသောကြောင့် ကျန်းရွှမ်သည် စကားများပြောဆို၍ အချိန်ဖြုန်းမနေတော့ချေ။ သူသည် ပေါ့ပေါ့ပါးပါး ခုန်လိုက်ပြီး အလင်းတန်းတစ်တန်း လင်းလက်သွားမှုနှင့်အတူ သူတို့နှစ်ယောက်လည်း ပျောက်ကွယ်သွားသည်။
"ဒီကျန်းရွှမ်က ဖုယင်ယင်ရဲ့ ညို့ငင်မှုအောက် တကယ်ကြီး ကျရောက်နေပေမဲ့ သူကိုကြည့်ရတာ နည်းနည်းမလိုလားသလိုပဲ"
ဖုမိသားစုဘိုးဘေးက ဤမြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေသည်။
ပုံမှန်ဆိုရင် ညို့ငင်ခံရသူတစ်ယောက်သည် သူ၏"နတ်ဘုရားမ" နှင့် နီးစပ်ချင်စိတ် ပြင်းပြနေပေလိမ့်မည်။ သို့ရာတွင် ကျန်းရွှမ်ကမူ စိတ်လှုပ်ရှားနေပုံ မပေါ်ချေ။ ထို့ပြင် သူသည် ဤကိစ္စကို မလိုလားပုံပင်ရသဖြင့် သူမကို လုံးလုံးလျားလျား စိတ်ရှုပ်ထွေးသွားစေသည်။
မူးဝေသော ခံစားချက်တစ်ခု လွှမ်းမိုးလာပြီးနောက် ကျန်းရွှမ်က သူ၏မျက်လုံးများကို ပြန်ဖွင့်လိုက်ချိန်၌ သူသည် နက်ရှိုင်းသော လှိုဏ်ဂူတစ်ခုထဲသို့ ရောက်နေသည်အား မြင်တွေ့လိုက်ရသည်။ ဤလှိုဏ်ဂူသည် အကျယ်မီတာ ၃၀ ကျော်ရှိပြီး အမြင့် ၁၀ မီတာကျော် ရှိသည်။ အမိုးမှ ကျောက်စက်ပန်းဆွဲများ တွဲလောင်းကျနေပြီး စိုစွတ်နေကာ လေတိုက်ခတ်သံများ အဝေးမှ ပျံ့လွင့်လာသည်။
လှိုဏ်ဂူသည် အလွန်လင်းထိန်ခြင်း မရှိသော်လည်း သူ၏ကျင့်ကြံဆင့်စွမ်းအားဖြင့် ပတ်ဝန်းကျင်ကို ရှင်းလင်းစွာ မြင်နိုင်သောကြောင့် ပြဿနာ မရှိချေ။
သူ၏ရင်ခွင်ထဲရှိ မိန်းကလေးကို ငုံကြည့်လိုက်ပြီးနောက် ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်၏။
"မင်း လက်မလွှတ်ပေးသေးဘူးလား..."
"ဟုတ်ကဲ့"
ဖုယင်ယင်သည် ရှက်ရွံ့နေပုံပေါက်ပြီ သူမ၏ ပွေ့ဖက်ထားမှုကို အလျင်အမြန် လွှတ်ပေးလိုက်သည်။
"ကျွန်မ... ကျွန်မက ဒီလိုလုပ်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး.. ဘိုးဘေးက ကျွန်မတို့ဝင်ဖို့ နီးနီးကပ်ကပ်နေဖို့ လိုတယ်လို့ ပြောခဲ့လို့ပါ..."
ကျန်းရွှမ်က သူမအား စကားစုဖြတ်ရန် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ကြွေလွင့်ပုလဲတွေကို ရှာကြစို့"
"အင်း..."
ဖုယင်ယင်က ရှေ့သို့ကြည့်လိုက်သည်။
လှိုဏ်ဂူအတွင်းတွင် ကျဉ်းမြောင်းပြီး ကွေ့ကောက်သော လမ်းကြောင်းများ ရှည်လျားစွာ ရှိနေသည်။ အစပိုင်းတွင် လမ်းခွဲသုံးခုရှိပြီး ထို့နောက် လမ်းခွဲနှစ်ခု ထပ်မံ၍ ရှိနေပေ၏။ ဤသည်မှာ ဝင်္ကပါဆန်ပြီး လမ်းမှားရွေးချယ်မိပါက လမ်းပျောက်ရန် လွယ်ကူသည်။
ဖုယင်ယင်သည် မြေခွေးညို့ငင်ကံကြမ္မာနည်းစနစ်ကို လျင်မြန်စွာ အသက်သွင်းသော်လည်း အချိန်တခဏအကြာတွင် သူမက ရှက်ရွံ့စွာဖြင့် ကျန်းရွှမ်ကို ပြန်လှည့်ကြည့်လေသည်။
"ကျွန်မ... ဘာကိုမှ အာရုံမခံမိဘူး.... ကျွန်မတို့ ကြုံရာလမ်းကြောင်းတစ်ခုကို ရွေးပြီးတော့ စစ်ဆေးကြည့်သင့်လား"
သူမ၏ ကံကြမ္မာအပေါ် ထိန်းချုပ်နိုင်မှု အားနည်းသည်ကို သိရှိထားသော ကျန်းရွှမ်က ခေါင်းခါလိုက်သည်။ ထို့နောက် သူ၏ကောင်းကင်ဘုံစာကြည့်တိုက်ကို အသက်သွင်းလိုက်၏။ မကြာမီမှာပင် ကံကြမ္မာ စွမ်းအားလှိုင်းများ ဆက်စပ်သွားပြီး ပါးလွှာသော ကြိုးမျှင်တစ်ခုအဖြစ် ဖွဲ့စည်းသွားကာ လမ်းကြောင်းများအနက်မှ တစ်ခုဆီသို့ ဆန့်တန်းသွားသည်။
"သွားကြစို့..."
သူသည် ဖုယင်ယင်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ထိုလမ်းကြောင်းဆီသို့ လျှောက်လှမ်းသွားလိုက်သည်။
သူတို့၏အပေါ်ရှိ လှိုဏ်ဂူအမိုးမှ ရေစက်များ မဆက်မပြတ်ကျနေပြီး တဖြောက်ဖြောက်အသံများ ထွက်ပေါ်နေသည်။ သူတို့၏ခြေအောက်ရှိ မြေပြင်သည် အနည်းငယ် စိုစွတ်နေပြီး သူတို့ လျှောက်လှမ်းလိုက်သည်နှင့် တရှပ်ရှပ်အသံများ မြည်နေပေ၏။
ဤနေရာတွင် ကြယ်စင်မြစ်နယ်ပယ် ရင်းမြစ်သားရဲများ ရှိလိမ့်မည်ကို သိထားသောကြောင့် ကျန်းရွှမ်က သတိကြီးစွာထားနေသည်။ သူတို့သည် လမ်းခွဲတစ်ခုသို့ရောက်တိုင်း သူ ရပ်တန့်လိုက်ပြီး ရုတ်တရက် ချုံခိုတိုက်ခိုက်ရမည်ကို ကြောက်ရွံသဖြင့် ဂရုတစိုက် စစ်ဆေးလေ့ရှိသည်။ ကံကောင်းခြင်းကြောင့်လော သို့မဟုတ် မြေခွေးစိမ်းအရေအတွက် နည်းပါးခြင်းကြောင့်လော မသိရသော်လည်း သူတို့သည် လမ်းခွဲ တော်တော်များများ ဖြတ်ကျော်ခဲ့သည့်တိုင် မည်သည့်အရာကိုမျှ မတွေ့ခဲ့ရချေ။ ထို့ပြင် သူတို့သည် ကြွေလွင့်ပုလဲများကိုလည်း မတွေ့ခဲ့ရသည့်အပြင် သာမန်သစ်ပင်တစ်ပင်ကိုပင် မတွေ့ခဲ့ရပေ။
နောက်ထပ်လမ်းကြောင်းသုံးခုသို့ သွားပြီးနောက် ကျန်းရွှမ်တို့နှစ်ယောက်သည် ဤနေရာတွင် အချိန်များစွာကြာမြင့်သွားခဲ့သော်လည်း မည်သည့်အရာကိုမျှ အရိပ်အယောင်ပင် မမြင်ခဲ့ရချေ။
"တစ်ခုခုတော့ မှားနေပြီ"
ကျန်းရွှမ်က ရပ်တန့်လိုက်သည်။
"ထူးဆန်းတယ်.... ကျွန်မတို့တွေ ဒီလောက်ထိကြာအောင် လမ်းလျှောက်နေခဲ့တာ ကံကောင်းပြီးတော့ မြေခွေးစိမ်းတွေနဲ့ မတွေ့ရင်တောင် သူတို့ချန်ထားခဲ့တဲ့ ခြေရာလက်ရာတစ်ခုခုတော့ ရှိသင့်တယ်.... ဒါပေမဲ့ ကျွန်မတို့ ဘာမှ မတွေ့ရဘူး... ပြီးတော့ ဒီနေရာမှာ လေဝင်လေထွက်နဲ့ရေ ရှိပေမဲ့ နေရောင်ခြည် မရှိဘူး... မိသားစုခေါင်းဆောင် ပြောခဲ့တဲ့ ကြွေလွင့်ပုလဲပင်တွေက ဒီနေရာမှာ တကယ်ကြီး ရှိနိုင်ပါ့မလား"
ဖုယင်ယင်က မျက်မှောင်ကြုတ်လိုက်သည်။
သူမသည် ညို့ငင်မှုဒဏ်ကို ခံရသော်လည်း ဆင်ခြင်တုံတရား ရှိနေဆဲပင်။ အကယ်၍ ကျန်းရွှမ်သာ မဟုတ်ခဲ့ပါက သူမသည် ဤမျှထိ လွယ်လင့်တကူ ညှို့ငင်ခံရမည် မဟုတ်ချေ။
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
ဤမိန်းကလေး၏ ကံကြမ္မာအပေါ် ထိန်းချုပ်မှုသည် နိမ့်ပါးသောကြောင့် ကြွေလွင့်ပုလဲများကို ရှာမတွေ့နိုင်သည်အား သူ နားလည်နိုင်သည်။ သို့ရာတွင် သူသည် မြေခွေးညှို့ငင်ကံကြမ္မာ၏ ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး သူ၏ကံကြမ္မာစွမ်းရည်သည် ဖုမိသားစုတွင် အကောင်းဆုံးများအနက်မှ တစ်ခုပင်။ အကယ်၍ သူ မရှာနိုင်ပါက တခြားလူများ အောင်မြင်ရန်မှာ အခွင့်အရေး မရှိသလောက်နီးပါးပင်။
'တစ်ခုခုတော့ မှားနေပြီ'
'ဒါက ပြဿနာကြီး တစ်ခုပဲ'
Thank For Reading.