အခန်း (၄၉၆-၅၀၀)
Vol. 34 Ch. 496-500
Chapter 496
ဖရိုဖရဲနယ်မြေအတွင်း၌....
ဖျက်ဆီးခြင်းအရှင်သည် သူ့၏ခေါင်းထက်ရှိ ကြယ်မြေပုံကိုမော့ကြည့်ကာ စတင်၍တွက်ချက်လိုက်၏။
နေ့ဝက်ခန့်ကြာပြီးနောက် ဖျက်ဆီးခြင်းအရှင်သည် ဆဲရေးတိုင်းထွာလိုက်တော့သည်။သူ မည်သည့်အရာကိုမျှ တွက်ချက်၍မရချေ။
"အရှင်...ဖြစ်နိုင်တာတော့ တခြားတစ်ယောက်ကြောင့် အပြောင်းအလဲတွေ ဖြစ်သွားတာများလား"
ထိုအချိန်မှာပင် မြေပြင်ပေါ်၌ဒူးထောက်နေသည့် ငွေရောင်မျက်နှာဖုံးစွပ်နှင့်လူက သိချင်စိတ်ပြင်းပြစွာဖြင့် ပြောဆိုလိုက်၏။
"မင်း ဒါက ဘာကိုဆိုလိုတာလဲ"
ဖျက်ဆီးခြင်းအရှင်က အသံနက်ကြီးဖြင့် မေးမြန်းသည်။
"ငါ ဆိုလိုတာက...ဖြစ်နိုင်တာတော့ တခြားတစ်ယောက်က အရှင့်ရဲ့အစီအစဥ်ကို သိသွားပြီးတော့ တမင်ဖျက်ဆီးတာများ ဖြစ်နေမလား"
ငွေရောင်မျက်နှာဖုံးစွပ်ဖြင့်လူက အဓိပ္ပါယ်ပါသောစကားကို ပြောဆိုသည်။
"တခြားတစ်ယောက်လား"
ဖျက်ဆီးခြင်းအရှင်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားကာ သူက အလေးအနက်ထား၍ မေးမြန်းလိုက်၏။
"ဥပမာအနေဲ့ပြောမယ်ဆိုရင် ဘယ်သူဖြစ်နိုင်လဲ"
"အရင်တုန်းက မြောက်ပင်လယ်ကုန်းမြေမှာ သေမျိုးတစ်ယောက်ရဲ့စွမ်းအားနဲ့ အရှင့်ရဲ့ရုပ်သေးခုနစ်ရုပ်ကို သတ်ဖြတ်လိုက်တဲ့ လူကို အရှင်မှတ်မိသေးလား....သူက သစ်သားပန်းပုရုပ်လေးတွေနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအားကို အသုံးပြုပြီးတော့ ပကတိနယ်မြေထဲက ပိုင်ယန်နန်းတော်ကိုတောင် ဖျက်ဆီးခဲ့တယ်မဟုတ်လား"
"ပြီးတော့ ဗဟိုကုန်းမြေမှာ မဟာသားရဲလေးကောင်ကို သူတစ်ယောက်တည်းနဲ့ ဖိနှိပ်ခဲ့တဲ့ အနက်ရောင်ဝတ်ရုံဝတ်လူ....သူက အရှင်နဲ့တောင် လက်ဝါးရိုက်ချက်ခြင်း ဖလှယ်ခဲ့သေးတယ်မဟုတ်လား"
မျက်နှာဖုံးစွပ်လူက ခန့်မှန်းပြောဆိုသည်။
"မဖြစ်နိုင်ဘူး"
မျက်နှာဖုံးစွပ်လူ၏အသံ ကျရောက်သွားသောအချိန်တွင် ဖျက်ဆီးခြင်းအရှင်က ချက်ချင်းပြန်လည်ချေပသည်။
"အဲ့ဒီလူနှစ်ယောက်ရဲ့အရည်အချင်းတွေက ထူးခြားတယ်ဆိုပေမယ့်....ငါ အားနည်းနေတဲ့အချိန်မှာတောင် သူတို့က ငါ့ကို ဒဏ်ရာရအောင်ပဲ လုပ်နိုင်ခဲ့တယ်...ဒါကြောင့် သူတို့ရဲ့အစစ်အမှန်စွမ်းအားက သာမာန်အဆင့်မှာပဲရှိမယ်"
"ထပ်ပြောရမယ်ဆိုရင်...အဲ့ဒီလူနှစ်ယောက်က ဒီနေရာကိုလာပြီးတော့ အလင်းတိုင်လုံးထဲကိုဝင်ဖို့ အရည်အချင်းမမီဘူး...ဘယ်လိုလုပ်ပြီးတော့ သူတို့မှာ ဒီကိစ္စကြီးကို လွှမ်းမိုးနိုင်တဲ့ အရည်အချင်းမျိုးရှိမှာလဲ"
"ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်....သူတို့က ငါ့ရဲ့မျက်လုံးထဲကိုဝင်ဖို့တောင် အရည်အချင်းမပြည့်မီဘူး"
ထိုစကားကိုကြားချိန်တွင် မျက်နှာဖုံးစွပ်လူသည် သူ့၏ပါးစပ်ကိုပိတ်လိုက်၏။
အတိတ်တွင် လွန်ခဲ့သောခေတ်ကာလများအတွင်း၌ ဖျက်ဆီးခြင်းအရှင်သည် ဤခေတ်ကာလတွင် အင်မော်တယ်မြစ်ကုန်းမြေသည် မကြုံစဖူးအထွတ်အထိပ်သို့ ရောက်ရှိမည်ဟု ဟောကိန်းထုတ်ခဲ့သည်။
ဤခေတ်ကာလအတွင်းတွင် နတ်ဘုရားများဖြစ်ရန် အရည်အချင်းပြည့်မီသော လူနှစ်ရာသုံးဆယ့်လေးယောက် ထွက်ပေါ်လာပေမည်။
ဤအရေအတွက်ကို ကြိုတင်သတ်မှတ်ပြီးသားပင်။
ဤသည်ထက် ပို၍လျော့၍မရချေ။
ထိုလူနှစ်ယောက်သည် ဤလူနှစ်ရာသုံးဆယ့်လေးယောက်စာရင်း၌ မပါဝင်သဖြင့် သူတို့သည် ကောင်းကင်ဘုံ၏ကောင်းချီးပေးခြင်းကို ခံရသူများမဟုတ်ပေ။
သူတို့သည် ကောင်းကင်ဘုံ၏ကောင်းချီးပေးမှုကိုပင် မရရှိလေရာ မည်သည်ကြောင့် ဤကိစ္စကြီးအပေါ် လွှမ်းမိုးနိုင်မည်နည်း။
အကယ်၍....
သူတို့သည် နတ်ဘုရားများ ဖြစ်နှင့်ပြီးပြီဆိုပါက ဤစာရင်းတွင် ပါဝင်မည်မဟုတ်ချေ။
သို့ရာတွင် ဤသည်မှာ ဖြစ်နိုင်ချေရှိသလော.....
"ဒါဆိုရင် အရှင်....ဘာလို့ အခုရောက်လာတဲ့လူတွေက ဒီလောက်ထိ နည်းနေရတာလဲ"
မျက်နှာဖုံးစွပ်လူက မေးမြန်းသည်။
"ငါ့ရဲ့နက္ခတ်ဗေဒတွက်ချက်မှုတွေမှာ ဘာပြဿနာမှ မရှိဘူး....ငါက ဘာလျှို့ဝှက်အန္တရာယ်ကိုမှ သတိမပြုမိဘူး...တစ်ခုတည်းသောဖြစ်နိုင်ချေကတော့ အချိန်မကျသေးလို့ပဲ"
ဖျက်ဆီးခြင်းအရှင်က ထိုစကားပြောဆိုနေစဥ်တွင် သူ့၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
"အချိန်မကျသေးတာလား"
မျက်နှာဖုံးစွပ်လူ၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားကာ ရိုသေလေးစားစွာ မေးမြန်းလိုက်၏။
"အရှင်က ဘာ့ကိုဆိုလိုတာလဲ"
"ဒီနေရာကိုလာဖူးတဲ့ ကောင်းချီးခံလူအနည်းစုကလွဲပြီးတော့ သူတို့ထဲက အများစုက လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ နိုးထလာခဲ့တာ....အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်မဖွင့်ခင် တစ်နှစ်အချိန်ကျန်သေးတယ်"
ဖျက်ဆီးခြင်းအရှင်က ရှင်းပြသည်။
"ဒါကြောင့် ခုထိရောက်မလာသေးတဲ့လူတွေက ခုထိမနိုးထသေးတဲ့လူတွေပဲ"
ထိုစကားကိုကြားချိန်တွင် မျက်နှာဖုံးစွပ်လူသည် ချက်ချင်းနားလည်သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်သည်။
အမှန်တကယ်ကိုပင်....
ယခုရောက်ရှိလာသော လူတစ်ရာကျော်သည် လွန်ခဲ့သောနှစ်နှစ်အတွင်းတွင် နိုးထလာခဲ့သူများဖြစ်ပေ၏။ဤနေရာသို့ ရောက်ရှိမလာသေးသူများသည် ယခုထိတိုင် နိုးထလာခြင်းမရှိသေးသူများဖြစ်မည်ဟူသောအချက်မှာ ကျိုးကြောင်းဆီလျော်သည်။
မည်သို့ပင်ဆိုစေကာမူ နိုးထမလာမီအချိန်တွင် သူတို့သည် သာမာန်လူများအဖြစ်သာရှိနေမည်ဖြစ်ကာ တချို့ဆိုလျှင် သူတို့၏နောက်ခံကိုပင် သိရှိကြမည်မဟုတ်ချေ။
ထို့ကြောင့် သူတို့သည် နိုးထမလာသေးသဖြင့် ဤနေရာသို့ ရောက်ရှိမလာသည်မှာ သဘာဝကျသောကိစ္စပင်။
"ဒါကြောင့် ငါတို့ စောင့်ကြည့်ကြတာပေါ့"
ဖျက်ဆီးခြင်အရှင်၏စိတ်နှလုံးသား တည်ငြိမ်နေကာ သူက ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"ခုရက်အနည်းငယ်အတွင်းမှာ အလင်းတိုင်တွေထဲက လူအရေအတွက် ပြောင်းလဲနေလိမ့်မယ်...တစ်နှစ်ဆိုတဲ့အချိန်ကာလအတွင်းမှာ လူနှစ်ရာသုံးဆယ့်လေးယောက်ကို စုစည်းဖို့လုံလောက်တယ်"
"ဒီလိုဆိုမှတော့....အရှင့်ရဲ့အရင်က စိုးရိမ်ပူပန်ခဲ့မှုတွေက မလိုအပ်တဲ့ပုံပဲ"
မျက်နှာဖုံးစွပ်လူက ပြောဆိုသည်။
"ငါ ခုဏက တကယ့်ကိုပဲ အတွေးလွန်သွားခဲ့မိတယ်"
ဖျက်ဆီးခြင်းအရှင်က ခေါင်းညိတ်ပြကာ ပြတ်ပြတ်သားသား ပြောဆိုသည်။
"စိတ်ရှည်ရှည်ထားကြတာပေါ့....အချိန်ကျလာရင် အခွင့်ကောင်းကြီးတစ်ခု ရောက်လာလိမ့်မယ်"
အနီရောင်နတ်ဘုရားအလင်းတိုင်တစ်လုံးအတွင်း၌ ယွင်ယောင်ယောင်က ပလ္လင်ခွေထိုင်နေသည်။
သူမ၏နံဘေးတွင် အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးတစ်ယောက် ထိုင်နေလေ၏။သူမသည် ဇီသာတစ်လက်ကိုကြိုးညှိနေကာ သူမ၏အဖြူရောင်ဝတ်စုံသည် နှင်းကဲ့သို့ဖြူဆွတ်နေပြီး မြင့်မြတ်သောအရှိန်အဝါတစ်ရပ်ရှိနေသည်။
ယွင်ယောင်ယောင်ပင်လျှင် သူမရှေ့ရှိ မိန်းကလေးသည် အလွန်လှပချောမောသည်ကို သူမ ဝန်ခံလိုက်မိသည်။
ယွင်ယောင်ယောင်၏အကြည့်ကို အာရုံခံမိသဖြင့် အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးသည် သူမ၏ခေါင်းကိုလှည့်ကြည့်ကာ နူးညံညင်သာစွာပြုံးပြလေ၏။
"ငါက ပိုင်ဖျောင်ဖျောင်...."
ယွင်ယောင်ယောင်သည်လည်း အပြုံးနှင့်ခေါင်းညိတ်ပြကာ နူးညံညင်သာစွာ ပြောဆိုသည်။
"ယွင်ယောင်ယောင်..."
သူမတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ခေါင်းညိတ်ပြလိုက်ကြသည်။
ဤနေရာသို့ရောက်ရှိလာသူများသည် ထူးချွန်ထက်မြက်ပြီး နောင်အနာဂတ်တွင် မိတ်ဆွေရောင်းရင်းများ ဖြစ်လာနိုင်ကြောင်း လူတိုင်း သိရှိထားသည်။
သူမတို့အချင်းချင်း နှုတ်ဆက်ပြီးနောက် ယွင်ယောင်ယောင်၏အကြည့်သည် နံဘေးပတ်ဝန်းကျင်သို့ တဖန်ထပ်၍ကျရောက်သွားပေ၏။
အနီရောင်နတ်ဘုရားအလင်းတိုင်လုံးဆယ့်ရှစ်လုံးအနက် ခုနစ်လုံးတွင်သာ လူများရှိနေသည်။
သူမနှင့်ပိုင်ဖျောင်ဖျောင်အပြင် တခြားလူငါးယောက် ရှိနေပေ၏။
ဤှလူငါးယောက်ကိုကြည့်ရသည်မှာ တစ်ဖွဲ့တည်းဖြစ်ပုံသည်။ယွင်ယောင်ယောင်သည် ဤလူငါးယောက်၏မျိုးနွယ်ကို မသိရှိသော်လည်း သူတို့၏အသားအရေသည် မည်းနက်နေကာ သူတို့၏ခန္ဓာကိုယ်များသည် တုတ်ခိုင်ထွားကျိုင်းပြီး အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားကာ အနက်ရောင်ခမောက်ဝိုင်းကြီးများကို ဆောင်းထားသည်။
အတိုချုံး၍နှုတ်ဆက်လိုက်ကြပြီးနောက် ယွင်ယောင်ယောင်သည် သူတို့၏နာမည်များကို သိရှိလိုက်ရသည်။
ဤလူငါးယောက်သည် ညီအကိုများဖြစ်ပြီး သူတို့၏နာမည်များမှာ ကျန်းရီ ကျန်းအာ ကျန်းစန်း ကျန်းစီ နှင့် ကျန်းဝူတို့ပင်။
သူတို့သည် ပကတိနယ်မြေ၏ဟိုင်ဖေးမျိုးနွယ်စုမှလူများဖြစ်ကာ ညီအကိုငါးယောက် အစဥ်အမြဲနီးကပ်စွာနေထိုင်ပြီး သူတို့၏လက်နက်များအဖြစ် ခေါင်းတလားများကို အသုံးပြုသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့ငါးယောက်ကို ကြည့်ရသည်မှာ အငြင်းပွားနေပုံရသည်။
ထိုကဲ့သို့ငြင်းခုန်ရင်း ညီအကိုငါးယောက်သည် လေဟာနယ်ကိုဆုတ်ဖြဲ၍ ဖရိုဖရဲနယ်မြေမှထွက်ခွာကာ သူတို့လာခဲ့သောနေရာဖြစ်သည့် ဟိုင်ဖေးမျိုးနွယ်သို့ ပြန်လည်ရောက်ရှိသွားသည်။
မည်သို့ပင်ဆိုစေကာမူ ဖရိုဖရဲနယ်မြေအတွင်းသို့ သူတို့သည် လွတ်လပ်စွာ အသွားအပြန်လုပ်နိုင်ပေ၏။သူတို့သည် အနီရောင်နတ်ဘုရားအလင်းတိုင်လုံးများ၏ အသိအမှတ်ပြုမှုကို ခံယူပြီးဖြစ်သဖြင့် သူတို့၏နေရာကို မည်သူကမျှ လုယူနိုင်မည်မဟုတ်ချေ။
"ပဉ္စမညီလေး...တစ်နှစ်အတွင်းမှာ အင်မော်တယ်မြစ် ဖရိုဖရဲကျောက်စာတိုင်က ပွင့်လာတော့မယ်...မင်းက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
ကျန်းရီ၏မျက်နှာ သုန်မှုန်နေကာ သူက ကျန်းဝူကိုကြည့်ပြီး အသံနက်ကြီးဖြင့် မေးမြန်းသည်။
"ဒါက အမှန်ပဲ...ပဉ္စမညီလေး...ဒါက သောက်ရေးမပါတဲ့ လက်ကမ်းကြော်ငြာလေးတစ်ခုလေ...ဒါကို မင်းရခဲ့တယ်ဆိုရင်တောင် ဘာဖြစ်လာမှာမလို့လဲ...ငါတို့က အခုအနီရောင်အလင်းတိုင်လုံးတွေကို သိမ်းပိုက်ပြီးပြီ...တစ်ချိန်ချိန်ကျရင် ငါတို့က နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်မှာပဲ"
တခြားအစ်ကိုများသည်လည်း ဒေါသတကြီးဖြင့် သူ့အား တညီတညွတ်တည်း အကြံပေးကြသည်။
လွန်ခဲ့သော အချိန်အနည်းငယ်ခန့်တွင် သူတို့ငါးယောက်သည် နားလည်ရခက်သော လက်ကမ်းကြော်ငြာငါးစောင်ကို ရရှိခဲ့သည်။
ဤလက်ကမ်းကြော်ငြာများသည် မည်သည့်နေရာမှ ရောက်ရှိလာသည်ကို သူတို့ မသိရှိချေ။သို့ရာတွင် သူတို့၏ပဉ္စမညီလေးသည် ထိုလက်ကမ်းကြော်ငြာကို စွဲလမ်းနေပြီး မိုးမြေဂိုဏ်းသို့သွားမည်ဟု ခေါင်းမာမာဖြင့် ပြောဆိုနေသည်။သူတို့ မည်မျှပင် ဖြောင့်ဖျနေပါစေ ပဉ္စမညီလေးသည် လက်သင့်ခံခြင်းမရှိချေ။
"အစ်ကိုကြီးတို့....မင်းတို့ ဘယ်လိုတွေပြောနေကြတာလဲ....ငါတို့အားလုံး လက်ကမ်းကြော်ငြာတွေကို ရခဲ့တယ်လေ...အဲ့ဒီဂိုဏ်းနဲ့ပတ်သတ်ပြီးတော့ တစ်ခုခုထူးခြားနေတယ်လို့ မင်းတို့မထင်ဘူးလား"
"အဲ့ဒီလက်ကမ်းကြော်ငြာတွေမှာ ဒီလောကကြီးထက်သာလွန်တဲ့ ကြီးမားတဲ့စွမ်းအားတွေ ပါဝင်နေတယ်....ဒီအရာတွေကို ဘာနဲ့လုပ်ထားတယ်ဆိုတာတောင် ငါတို့မသိဘူး...အဲ့ဒီမိုးမြေဂိုဏ်းက သာမာန်နေရာတစ်ခုဖြစ်မယ်လို့ မင်းတို့ ထင်နေကြတာလား"
ကျန်းဝူက ပြန်လည်ချေပသည်။
"အဲ့ဒီလက်ကမ်းကြော်ငြာတွေက တကယ့်ကို ထူးခြားတယ်....တကယ်လို့ ဒါတွေသာ အရင်ကရောက်လာရင် ငါတို့လည်း မင်းနဲ့အတူ အဲ့ဒီနေရာကို သွားမိမှာပဲ...ဒါပေမယ့် အခုချိန်မှာ အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်က ပွင့်တော့မယ်....ကျောက်စာတိုင်ကို လေ့လာဆင်ခြင်ရမယ့်အချိန်မှာ ဂိုဏ်းတစ်ဂိုဏ်းကို သွားဝင်တာက ပိုပြီးကောင်းမယ်လို့ မင်း တကယ်ကြီးတင်နေတာလား"
ကျန်းရီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"အမှန်ပဲ....ပဉ္စမညီလေး...ငါတို့ကို ဖျက်ဆီးခြင်းအရှင်ကိုယ်တိုင် လက်ခံပြီးပြီး...ငါတို့မှာ ကြီးမားတဲ့အရည်အချင်းတွေရှိတယ်လို့ သူက ပြောခဲ့တယ်....ငါတို့က ဖရိုဖရဲကျောက်စာတိုင်ကို ကောင်းကောင်းလေ့လာဆင်ခြင်နိုင်တာနဲ့ နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်မှာ သေချာပေါက်ပဲ...ဒါက ငါတို့ အောင်မြင်ကျော်ကြားလာနိုင်တဲ့ အခွင့်အရေးကောင်းတစ်ခုလေ...ဘာလို့ ဒါကို လက်လွှတ်ရမှာလဲ"
ကျန်းအာကလည်း ကျန်းဝူအား ဖြောင့်ဖျရန် ကြိုးစားလိုက်၏။
"ဟမ့်...ငါ အထင်တော့ အဲ့ဒီကောင်က ဘယ်နည်းနဲ့မှ လူကောင်းတစ်ယောက်မဖြစ်နိုင်ဘူး....ဖျက်ဆီးခြင်းအရှင်တဲ့လား....ဘယ်လိုလူကောင်းမျိုးမှာ ဒီလိုနာမည်မျိုးရှိမှာလဲ"
ကျန်းဝူက လက်မခံလိုသောစကားကို ပြောဆိုသည်။
"ဒါက နာမည်လေးတစ်ခု သက်သက်ပဲလေ....ဖျက်ဆီးခြင်းအရှင်က အင်မော်တယ်မြစ်ကုန်းမြေအတွက် ပင်ပင်ပန်းပန်းအလုပ်လုပ်ပေးခဲ့တယ်...မင်းက သူ့ကို ဘာလို့ ဒီလိုပြောရတာလဲ"
ကျန်းရီ၏မျက်နှာပေါ်တွင် ရှက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။
"ငါ ဂရုမစိုက်ဘူး....ဘယ်လိုပဲဖြစ်ဖြစ် အမှောင်ထုထဲက စွမ်းအားတချို့က ငါ့ကို မိုးမြေဂိုဏ်းဆီသွားဖို့ တိုက်တွန်းနေတယ်...ဒါကြောင့် ငါက ဘာကိစ္စပဲရှိနေနေ မိုးမြေဂိုဏ်းကို သွားရမယ်"
ကျန်းဝူက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"အစ်ကိုကြီးတို့...ငါ မင်းတို့ကို အကြံပေးပါရစေ...အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်က ငါတို့အတွက်မဟုတ်ဘူး....ပြီးတော့ ဖျက်ဆီးခြင်းအရှင်ကိုကြည့်ရတာ လူကောင်းတစ်ယောက်နဲ့မတူဘူး...မင်းတို့လည်း ငါနဲ့အတူ မိုးမြေဂိုဏ်းကိုလိုက်ခဲ့တာ ပိုကောင်းလိမ့်မယ်"
"မင်း...."
ကျန်းရီသည် ဒေါသထွက်သွားကာ တင်းမာခက်ထန်စွာ မေးမြန်းလိုက်၏။
"ပဉ္စမညီလေး...မင်းက ငါတို့ညီအကိုငါးယောက် ကျိန်ဆိုထားတာကို ဖောက်ဖျက်ပြီးတော့ ခုလိုမျိုး ခွဲခွာသွားချင်တာလား"
"အမှန်ပဲ....ငါက မိုးမြေဂိုဏ်းဆီ သွားကိုသွားရမယ်...အစ်ကိုကြီးတို့လေးယောက်က အဲ့ဒီနေရာကို ငါနဲ့အတူလိုက်ခဲ့မယ်လို့ ငါ မျှော်လင့်တယ်"
ကျန်းဝူက ပြတ်ပြတ်သားသား ပြောဆိုသည်။
"ကောင်းပြီ....မင်းက ငါတို့ညီရင်းအစ်ကိုသွေးစည်းမှုကို လျစ်လျှူရှုပြီးတော့ အဲ့ဒီနေရာကိုသွားဖို့ ခေါင်းမာနေမှတော့ မင်း သွားတော့...ဒါပေမယ့် အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်ကို လေ့လာဆင်ခြင်မယ့်အစား အဲ့ဒီနေရာကိုသွားတာက...မိုးကောင်းကင်ပေါ်ကကျလာတဲ့အခွင့်အရေးကို မင်း လက်လွှတ်ရတာပဲ....မင်းနဲ့အတူ ငါတို့ကို သွားစေချင်တဲ့ကိစ္စကတော့ ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ကိစ္စပဲ"
ကျန်းရီက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထို့နောက် ကျန်းရီက သူ့၏လက်ကိုဝှေ့ယမ်းလိုက်ရာ မိုးမြေဂိုဏ်းမှပေးပို့လိုက်သော သူ့၏လက်ကမ်းကြော်ငြာသည် သူ့၏လက်အတွင်း၌ ထွက်ပေါ်လာပေ၏။ထို့နောက် သူသည် ထိုအရာကို သူတို့၏နောက်ရှိ အကန့်အသတ်မရှိသော ချောက်နက်ကြီးအတွင်းသို့ ပစ်ချလိုက်သည်။
ဤသည်မှာ ဟိုင်ဖေးမျိုးနွယ်စု၏ တားမြစ်နယ်မြေပင်။ဤနေရာတွင် ချော်ရည်များ ပြင်းပြင်းထန်ထန် ဆူပွက်နေကာ ချက်ချင်းဆိုသလိုပင် လက်ကမ်းကြော်ငြာကို ဝါးမြိုသွားပြီး ပိတ်လှောင်သွားတော့သည်။
"ဒီဘဝတသက်စာမှာ လုံးဝမဖြစ်နိုင်ဘူး"
သူက စကားတစ်လုံးချင်း ထပ်မံ၍ပြောဆိုလိုက်၏။
လက်ကမ်းကြော်ငြာကို လှောင်ပိတ်လိုက်သော ကျန်းရီ၏လုပ်ရပ်သည် ဤအချိန်အခိုက်အတန့်တွင် သူ့၏ဆုံးဖြတ်ချက်ကို ကိုယ်စားပြုနေသည်။
Chapter 497
"အစ်ကိုကြီးကျန်းရီ....မင်း...ဟူး...."
ကျန်းဝူသည် စိတ်ရှုပ်ထွေးနေသောအကြည့်ဖြင့် ကျန်းရီ၏လုပ်ရပ်များကိုကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။
သို့ရာတွင် ကျန်းဝူသည် ထွက်ခွာခဲ့ဆဲပင်။
ဤသည်မှာ သူ့၏သွေးရင်းညီအစ်ကိုဆက်ဆံရေးအပေါ် သူ ဂရုမစိုက်ခြင်းကြောင့်မဟုတ်ဘဲ အမျိုးအမည်မသိသောနေရာမှလာသည့် ခံစားချက်တစ်ခုကို သူ အခိုင်အမာမယုံကြည်သောကြောင့်ပင်။မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ခံစားချက်မျိုးသည် အလွန်လေးနက်ခြင်းမရှိသဖြင့် တခြားကျင့်ကြံသူများအတွက် ထင်ယောင်ထင်မှားဖြစ်စေနိုင်သည်။
မိုးမြေဂိုဏ်း၌....
ရီဖုန်းသည် နောက်မှီကုလားထိုင်ပေါ်၌ ပျင်းရိငြီးငွေ့စွာ လဲလျောင်းနေကာ စိတ်အေးလက်အေးဖြင့် သူ့၏မျက်လုံးကိုမှေးထားသည်။
သူသည် အိပ်ပျော်နေခြင်းမရှိဘဲ တပည့်များကို မသိမသာနှင့်သိသိသာသာ စောင့်ကြည့်နေခြင်းဖြစ်သည်။
နွားစီးသူက စီး၍ ရွှံဖြင့်ကစားနေသူများက ကစားနေကြသည်။
ရီဖုန်းသည် ဤတမူထူးခြားသော တပည့်များအကြောင်းကို ပို၍စဥ်းစားတွေးတောမိလေလေ မှားယွင်းသည်ဟု ပို၍ခံစားမိလေလေပင်။
ဤသည်မှာ သောက်ရေးမပါလောက်အောင်ပင် လွဲမှားနေပေ၏။
အကျိုးအကြောင်းသင့်သင့် ပြောဆိုရလျှင် ဂိုဏ်းတစ်ဂိုဏ်းသို့ ဝင်ရောက်လာသော သာမာန်လူငယ်တစ်ယောက်သည် ကျင့်ကြံခြင်းနှင့်သိုင်းပညာနည်းစနစ်များကို စိတ်ရောကိုယ်ပါ ကူညီပေးသင့်သည်မဟုတ်လော....
အစပိုင်းတွင် ရီဖုန်းသည် ထိုတပည့်များကို ရှောင်ကြဥ်နေခဲ့လေ၏။
မည်သို့ပင်ဆိုစေကာမူ အကယ်၍ ဤနေရာသို့ရောက်ရှိလာသောလူများသည် သူ့အား ကျင့်ကြံနည်းစနစ်များနှင့်ပတ်သက်ပြီး မေးမြန်းပါက သူ မည်ကဲ့သို့ပြုလုပ်ရမည်ကို အမှန်တကယ်မသိရှိချေ။အနည်းဆုံးအနေဖြင့် သူသည် သူတို့အား ဝေဝါးဝါးပြောဆိုကာ အချိန်တခဏခန့် လှည့်စားထားနိုင်ရုံသာရှိပေမည်။
ယခုလက်ရှိချိန်တွင် လက်ကမ်းကြော်ငြာအစောင်ငါးဆယ်ကို စေလွှတ်ပြီးနောက် သူ့၏တပည့်အရေအတွက်သည် ခြောက်ဆယ် ခုနစ်ဆယ်ခန့်ထိ ရောက်ရှိလာခဲ့သည်။သို့ရာတွင် မည်သည့်တပည့်တစ်ယောက်ကမျှ သူ့အား ကျင့်ကြံနည်းစနစ်များနှင့်ပတ်သက်ပြီး လာရောက်မေးမြန်းခြင်းမပြုချေ။ထို့ပြင် မည်သည့်တပည့်တစ်ယောက်ထံတွင်မျှ ကျင့်ကြံခြင်းအပေါ်စိတ်အားထက်သန်မှုကို အနည်းငယ်မျှ ထုတ်ဖော်ပြသခြင်းမပြုပေ။
ဤသည်မှာ တစ်စုံတစ်ခု လွဲမှားနေလေပြီ။
ဂိုဏ်းတစ်ဂိုဏ်းအတွင်းသို့ ဝင်ရောက်လာပြီးနောက် ကျင့်ကြံလိုစိတ်မရှိဘဲ ကျမ်းစာဆောင်အတွင်းတွင် ဝတ္ထုများနှင့်ရုပ်ပြကာတွန်းစာအုပ်များကို တနေကုန်ဖတ်နေသးဟူ၍ ရှိပါသလော....
"ငါ အခု နားလည်သွားပြီ"
ရုတ်တရက် ရီဖုန်းသည် တစ်စုံတစ်ခုကိုတွေးတောမိသွားကာ သူ့၏ပေါင်ကိုရိုက်ပုတ်ပြီး ဆတ်ခနဲထထိုင်လိုက်၏။
ဤတပည့်များသည် အစကတည်းက သာမာန်အရည်အချင်းသာရှိသူများဖြစ်ရာ အခြေခံအားဖြင့် သူတို့သည် ရေသာခိုအချောင်လိုက်ပြီး သေမည့်အချိန်ကို စောင့်ဆိုင်းနေသူများပင်။
ထို့ကြောင့် သူတို့ ဤနေရာသို့ရောက်လာသည်မှာ သက်တောင်သက်သာနေရရုံသက်သက် ဖြစ်နေသလော....
ဤှကဲ့သို့ စဥ်းစားမိချိန်တွင်....
ဤခန့်မှန်းချက်သည် အမှန်ဖြစ်နိုင်သည်ဟု ရီဖုန်းက ခန့်မှန်းမိလေ၏။
သောက်ရေးမပါလှစွာပင်....
ဤခွေးမသားလေးများသည် အမှန်တကယ်ကို ရုန့်ရင်းကြမ်းတမ်းကာ သူတို့သည် ဂိုဏ်းအတွင်းသို့ဝင်ရောက်ပြီးနောက် ကျင့်ကြံရန် အနည်းငယ်မျှ ကြံရွယ်မထားဘဲ သူ့ထံမှ ကပ်ရပ်စားရန် ရောက်လာခြင်းဖြစ်သည်။
ဤအချိန်အခိုက်အတန့်တွင် ချမ်းသာကြွယ်ဝသော ရီဖုန်းကဲ့သို့ တစ်စုံတစ်ယောက်ပင်လျှင် အနိုင်ကျင့်ခံရသကဲ့သို့ ခံစားမိလေ၏။
"လာကြစမ်း"
ရီဖုန်းက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဆရာကြီး....ငါ မင်းအတွက် ဘာလုပ်ပေးရမလဲ"
ချင်ဟွမ်ရှင်းက ရိုသေလေးစွာမေးမြန်းသည်။
"ငါ့ရဲ့ရှေ့ကိုလာဖို့ တပည့်တွေအားလုံးကို ဆင့်ခေါ်လိုက်စမ်း"
ရီဖုန်းက တည်ကြည်လေးနက်စွာ အမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့"
ချင်ဟွမ်ရှင်းသည် အမိန့်ကိုနာခံပြီးနောက် ပြင်ပသို့ပြေးထွက်ကာ တပည့်များအားလုံးကို စုဝေးလိုက်သည်။
ကျမ်းစာဆောင်အတွင်း၌....
ကျန်းဝူသည် ချိတ်ပိတ်ခံထားရသော နတ်ဆိုးတစ်ကောင်အလား ကျမ်းစာဆောင်အတွင်း၌ နစ်မြုပ်နေသည်။
သူသည် လက်ကမ်းကြော်ငြာနှင့်အတူ မိုးမြေဂိုဏ်းအတွင်းသို့ ဝင်ရောက်ပြီးချိန်မှစ၍ သူသည် ကျမ်းစာဆောင်အတွင်း၌ တနေကုန်အချိန်ကုန်ဆုံးနေခဲ့သည်။
ကျမ်းစာဆောင်အတွင်းရှိ အရာရာတိုင်း သူ့အား အံ့အားသင့်စေပေ၏။
သူသည် သူ့၏ကိုယ်ပိုင်လမ်းကြောင်းကို ရှာမတွေ့သေးသော်လည်း သူ့၏ကျင့်ကြံဆင့်နှင့်တခြားနယ်ပယ်များသည် မီးကျည်တစ်ခုအလား ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့သည်။
"ငါက ငါလျှောက်လှမ်းရမယ့် ကိုယ်ပိုင်လမ်းကြောင်းကို ခုထိရှာမတွေ့သေးပေမယ့်...ဒီကျယ်ပြန်တဲ့ကျမ်းစာဆောင်ထဲမှာ ငါ လိုအပ်တဲ့အရာရှိမှာ သေချာတယ်"
ကျန်းဝူ၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
ထိုအချိန်တုန်းက သူသည် လက်ကမ်းကြော်ငြာနှင့်အတူ မိုးမြေဂိုဏ်းအတွင်းသို့ဝင်ရောက်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့မိသဖြင့် သူ အလွန်ကံကောင်းကြောင်း ခံစားမိသည်။
ထိုသို့မဟုတ်ပါက သူသည် ယခုချိန်တွင် ဤကဲ့သို့ကောင်းချီးပေးမှုများကို မည်သည်နည်းဖြင့် ရရှိနိုင်မည်နည်း....
"ဟူး...တကယ်လို့ ငါ့ရဲ့အစ်ကိုလေးယောက်ပါ ဒီနေရာကို အတူလိုက်လာရင် ဘယ်လောက်ထိကောင်းမလဲ"
"ဒီမိုးမြေဂိုဏ်းနဲ့နှိုင်းယှဥ်ရင် အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်က ဘာမလို့လဲ...ငါ ကိုင်ထားတဲ့ ဘာသာစကားစာအုပ်ထဲမှာပါတဲ့ မဟာတာအိုသက်သက်ကတင် အင်မော်တယ်မြစ်ကျောက်စာတိုင်က ယှဥ်ပြိုင်နိုင်မယ့်အရာမျိုးမဟုတ်ဘူး"
ထိုအချိန်မှာပင် ချင်ဟွမ်ရှင်း၏ကျယ်လောင်သောအသံက ပြင်ပမှထွက်ပေါ်လာသည်။
"တပည့်တွေအားလုံး မိုးမြေဂိုဏ်းရဲ့ခန်းမကိုလာပြီးတော့ သူ့ကိုတွေ့ဖို့ ဂိုဏ်းချုပ်က အမိန့်ပေးလိုက်တယ်"
"တပည့်တွေအားလုံး မိုးမြေဂိုဏ်းရဲ့ခန်းမကိုလာပြီးတော့ သူ့ကိုတွေ့ဖို့ ဂိုဏ်းချုပ်က အမိန့်ပေးလိုက်တယ်"
ထိုအသံကိုကြားချိန်တွင် ကျမ်းစာဆောင်အတွင်း၌ စိတ်ရောကိုယ်ပါနစ်မြုပ်နေသော လူများအားလုံး မတ်တတ်ထရပ်လိုက်ကြသည်။ပြင်ပတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးနေသူများသည် သူတို့၏ပေါက်ပြားများကို အောက်သို့ချလိုက်ကြကာ နွားစီးနေသူများသူလည်း နွားများပေါ်မှ ခုန်ချလိုက်ကြသည်။
ကျန်းဝူ၏မျက်လုံးများသည်လည်း တောက်ပသွားပေ၏။
သူသည် ဂိုဏ်းချုပ်ကို သူ့အားတပည့်အဖြစ်လက်ခံသည့်နေ့က တစ်ကြိမ်သာတွေ့မြင်ခဲ့ဖူးသည်။ဤတစ်ကြိမ်ဖြင့်ပင် သူ့ကို အံ့အားသင့်မှုများ ရရှိစေခဲ့သည်။ယနေ့၌ သူသည် ဂိုဏ်းချုပ်ကို ထပ်မံ၍တွေ့ဆုံနိုင်ရန် ကံကြမ္မာကောင်းကြီးရရှိလေပြီ။
အချိန်တခဏအကြာမှာပင်....
တပည့်များအားလုံးသည် မိုးမြေခန်းမရှေ့ရှိ ရင်ပြင်အတွင်း၌ စုဝေးလိုက်ကြ၏။
သူတို့တစ်ယောက်ချင်းစီ၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်မှုနှင့်ရိုသေလေးစားမှုများ ထင်ဟပ်နေကာ ရီဖုန်း၏သင်ကြားမှုကိုခံယူရန် စောင့်ဆိုင်းနေကြသည်။
"ခုလတ်တလောမှာ မင်းတို့လေ့ကျင့်နေကြတာ ဘယ်လိုအခြေအနေရှိလဲ"
ရီဖုန်းက မတ်တတ်ထရပ်ကာ တပည့်များအားလုံးကို ဝေ့ဝိုက်ကြည့်ပြီး အလေးအနက်ထားသောအသံဖြင့် မေးမြန်းလိုက်သည်။
မည်သူကမျှ အဖြေပေးခြင်းမရှိချေ။
ရီဖုန်းက မျက်မှောင်ကြုတ်လိုက်၏။
ဤလူများသည် လေ့ကျင့်ရာ၌ များစွာအောင်မြင်မှုရရှိထားရန် သူ တစိုးတစိမျှ သူ မျှော်လင့်မထားချေ။သူတို့အားလုံး စုဝေးနေချိန်တွင် အခြေခံလေ့ကျင့်နည်းစနစ်များကို ထုတ်ဖော်ပြသ၍ သူ့အား လှည့်စားရန်ပင် တစ်ယောက်မှ ထွက်မလာသလော။
ဤအမှိုက်တစ်သိုက်ကိုကြည့်ရသည်မှာ တစ်ဦးတစ်ယောက်ကမျှ သူ့၏စကားများကို အလေးအနက်ထားပုံမရချေ။
"အဲ့ဒီနေရာက တစ်ယောက်...မင်းရဲ့နာမည်ကဘာလဲ...ငါ့ကို ထပ်ပြောစမ်း"
ရီဖုန်းသည် တပည့်တစ်ယောက်ကို သာမာန်ကာလျှံကာ လက်ညှိုးညွှန်ကာ အော်ဟစ်လိုက်သည်။
"မင်းရဲ့ခွန်အားကုန်သုံးပြီးတော့ ငါ့ရဲ့ရှေ့မှာ ခုတ်ပိုင်းပြစမ်း"
"ဟုတ်ကဲ့ပါ ဆရာကြီး"
နံပါတ်သုံးဆယ့်ရှစ်တပည့်သည် ရိုသေလေးစားစွာဖြင့် ရှေ့သို့ထွက်လာကာ သူ့၏လက်အတွင်းရှိ ဆေဘာဓားကိုမြှောက်၍ သူ့ရှေ့ကိုဦးတည်ကာ ခုတ်ပိုင်းလိုက်၏။
ဝှစ်....
စူးရှသောလေတိုးသံတစ်သံက လေဟာနယ်အတွင်း၌ မြည်ဟီးသွားသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ကြွင်းကျန်သော ဂိုဏ်းတူတပည့်များအားလုံး ခေါင်းညိတ်လိုက်ကြသည်။
ဤဓားချက်သည်...
အလွန်အထင်ကြီးဖွယ်ကောင်းပေ၏။
ဤကျွန်းပေါ်ရှိ လေဟာနယ်အတွင်းမှ လေထုကိုလှုပ်ခတ်စေသဖြင့် ကြည့်ရသည်မှာ ဤသုံးဆယ့်ရှစ်သည် ဆေဘာဓားအရှင်တစ်ယောက် ဖြစ်ပုံရသည်။
သို့ရာတွင် ရီဖုန်းထံတွင် တင်းမာခက်ထန်သောမျက်နှာအမူအယာ ထင်ဟပ်နေဆဲဖြစ်ပြီး သူသည် စကားတစ်ခွန်းမျှ မှတ်ချက်ပြုခြင်းမရှိချေ။ထိုအစား သူသည် တခြားတပည့်တစ်ယောက်ကို လက်ညှိုးညွှန်ကာ ထပ်မံ၍အော်ဟစ်လိုက်၏။
"မင်း....ထွက်လာပြီးတော့ ဒီသစ်သားတိုင်ကို ရိုက်စမ်း"
"ဟုတ်ကဲ့ပါ ဆရာကြီး"
နံပါတ်နှစ်ဆယ့်ကိုးတပည့်သည် ရှေ့သို့ထွက်လာကာ အလေးအနက်ထားသောမျက်နှာအမူအယာဖြင့် အနီးရှိ သစ်သားတိုင်တစ်တိုင်ကို ရိုက်ပုတ်လိုက်သည်။
သစ်သားတိုင်သည် ဖြည်းညှင်းစွာလည်သွားသော်လည်း ထိုတပည့်ကိုကြည့်ရသည်မှာ စွမ်းအားများ အလွန်အမင်းကုန်ခမ်းသွားပုံရကာ သူ့၏ခန္ဓာကိုယ်တွင် ချွေးများဖြင့်ရွှဲနစ်နေသည်။
ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင်...
ကျန်းဝူ၏မျက်လုံးအတွင်း၌ လောင်ကျွမ်းနေသောအပူလှိုင်းများ ထင်ဟပ်လာသည်။
ဤစီနီယာအကိုနှစ်ဆယ့်ကိုး၏စွမ်းအား အလွန်အစွမ်းထက်သည်ကိုကြည့်ပြီး သူ တိတ်တဆိတ်ထိတ်လန့်တုန်လှုပ်သွားသည်။
ဤသစ်သားတိုင်သည် အနည်းဆုံး အဆင့်မြင့်အင်မော်တယ်ရတနာဖြစ်ကာ မဟာတာအို၏စွမ်းအားပါဝင်နေပြီး ရိုက်ချက်များကိုပင် တန်ပြန်နိုင်စွမ်းရှိသည်။
မည်သို့ပင်ဆိုစေကာမူ အကယ်၍ သူသည် ထိုသစ်သားတိုင်ကို ရိုက်နှက်ပါက တစ်ကြိမ်လည်ပတ်အောင်ပြုလုပ်နိုင်လျှင်ပင် အလွန်ကောင်းမွန်သည်ဟု ယူဆနိုင်ပေ၏။
"နောက်တစ်ယောက်...လူလဲစမ်း"
ရီဖုန်း၏မျက်နှာသည် အမူအယာကင်းမဲ့နေဆဲဖြစ်ကာ ကြိုးစားကြည့်ရန်အတွက် နောက်ထပ်တပည့်တစ်ယောက်ကိုခေါ်လိုက်သည်။
သို့ရာတွင်....
နောက်ထပ် တစ်ယောက်ပြီးတစ်ယောက်....
ခုနစ်ယောက် ရှစ်ယောက်ခန့် ဆက်တိုက်ကြိုးစားကြည့်ပြီးနောက် ရလဒ်သည် ယခင်က နံပါတ်နှစ်ဆယ့်ကိုးနှင့် ထပ်တူထပ်မျှပင်။
ရီဖုန်း၏မျက်နှာ သုန်မှုန်နေပြီး မျက်မှောင်ကြုတ်ထားကာ နောက်ဆုံး၌ သူ ဆက်လက်၍သည်းမခံနိုင်တော့သဖြင့် ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းလိုက်သည်။
"အသုံးမကျဘူး....အသုံးမကျတဲ့ အမှိုက်ကောင်တစ်သိုက်ပဲ...နည်းနည်းလေးတောင် သုံးမရတဲ့ကောင်တွေ....."
ထိုစကားကိုကြားချိန်တွင် တပည့်များအားလုံး ရှက်ရွံစွာဖြင့် ခေါင်းငုံလိုက်ကြကာ ငြင်းဆန်လိုသောအရိပ်အယောင်မျိုး အနည်းငယ်မျှ ထုတ်ဖော်ပြသဝံ့ခြင်းမရှိချေ။
အမ်....
ဤဂိုဏ်းတူတပည့်များကို အမှိုက်ကောင်များဟု ဆိုသလော....
ယခုလတ်တလောမှ အသစ်ရောက်ရှိလာသော ကျန်းဝူသည် အနည်းငယ်ဇဝေဇဝါဖြစ်သွားလေ၏။
ဤဂိုဏ်းတူတပည့်များသည် အလွန်အစွမ်းထက်သည်မှာ သိသာထင်ရှားသော်လည်း ဆရာကြီးသည် မည်သည်ကြောင့် သူတို့ကို အမှိုက်ကောင်များဟု ဆူပူကြိမ်းမောင်းနေသနည်း။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင်...
သူ နောက်ဆုံး၌ နားလည်သဘောပေါက်သွားသည်။
ဒေါသထွက်နေသော ရီဖုန်းသည် ခြေထောက်တစ်ဖက်တည်းဖြင့် သစ်သားတိုင်ကို ကန်ကျောက်လိုက်သည်။ထိုသစ်သားတိုင်သည် အလွန်လျှင်မြန်စွာ ချာလပတ်လည်သွားပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားပေ၏။
ထို့နောက် သစ်သားတိုင်သည် လဲကျသွားသောအချိန်မှာပင်....
ခရက်....
ကျန်းဝူသည် ထိတ်လန့်တုန်လှုပ်သွားကာ သူ့၏ဦးရေပြား တင်းကြပ်သွားသည်။
ဆရာကြီး၏စွမ်းအားကို သူ မျက်မြင်ကိုယ်တွေ့ကြုံရသော ပထမဆုံးအကြိမ်သည် ဤကဲ့သို့မြင်ကွင်းတစ်ခုဖြစ်နေမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်ထားမိခြင်းမရှိချေ။
သူတို့ အင်အားကုန်သုံး၍ ရိုက်ပုတ်လျှင်ပင် လှုပ်သည်ဆိုရုံမျှလှုပ်သော အနိမ့်ဆုံးအနေဖြင့် အဆင့်မြင့်အင်မော်တယ်ရတနာဖြစ်သည့် သစ်သားတိုင်သည် ဆရာကြီး သာမာန်ကာလျှံကာ တစ်ချက်ကန်ကျောက်ရုံမျှဖြင့် ကြေမွှပျက်စီးသွားခဲ့သလော....
အံ့အားသင့်ဖွယ် မရှိတော့ချေ။
ဂိုဏ်းတူတပည့်များသည် အလွန်သန်မာအားကောင်းသည့်တိုင် ဆရာကြီး၏မျက်လုံးအတွင်း၌ အမှိုက်ကောင်များ ဖြစ်နေဆဲပင်။
ကြည့်ရသည်မှာ....
သူ ပြင်းပြင်းထန်ထန် ကြိုးစားရမည့်ပုံပင်။
ထိုသို့မဟုတ်ပါက သူသည် အမှိုက်ကောင်ဖြစ်ရန်ပင် အရည်အချင်းပြည့်မီမည်မဟုတ်ချေ။
ခေါင်းငုံထားကြသော တပည့်တစ်စုကိုကြည့်ပြီး ရီဖုန်း၏စိတ်အတွင်း၌ ပို၍ဒေါသထွက်လာသည်။
မည်သည့်တပည့်တစ်ယောက်ထံတွင်မျှ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒမရှိချေ။
အကယ်၍ သူတို့ထံတွင် တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒ အနည်းငယ်ရှိနေပါက သူ အမှိုက်ကောင်များဟု ဆူပူကြိမ်းမောင်းသည့်အတွက် သူတို့သည် ချေပကာ အနည်းငယ်ပြန်လည်ချေပသင့်သည်မဟုတ်လော။
သို့ရာတွင် သူတို့သည် ခေါင်းများကိုငုံထားပြီး သူ့၏ဆူပူကြိမ်းမောင်းမှုကို တိတ်ဆိတ်ငြိမ်သက်စွာ ခံယူနေကြလေ၏။
ဤသည်မှာ မည်သည့်အရာကို ရည်ညွှန်းခြင်းဖြစ်သနည်း။
ဤတပည့်များသည် သေခြင်းတရားကိုထိုင်စောင့်နေသည့်အဆင့်သို့ ရောက်ရှိနေကာ သူတို့၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ ကင်းမဲ့နေကြောင်း ညွှန်ပြနေခြင်းပင်။
ပြောင်ပြောင်တင်းတင်းပြောဆိုရလျှင် သူသည် ယနေ့တွင် ဤနေရာ၌ သူတို့အားစုဝေးစေခြင်းမှာ သူတို့အား စမ်းသပ်ရန်ဖြစ်ပေ၏။
ထို့နောက် ဤစမ်းသပ်မှုဖြင့် သူ၏အတွေးများကို သက်သေပြနိုင်ပေမည်။
ဤအမှိုက်တစ်သိုက် ဤနေရာသို့ရောက်လာခြင်းမှာ ကပ်ပါးရပ်ပါးနေရုံသာဖြစ်ပြီး မည်သည့်တပည့်တစ်ယောက်ထံတွင်မျှ ကျင့်ကြံသူတစ်ယောက်၏အားကောင်းသော စိတ်နှလုံးသားရှိမနေချေ။
ရီဖုန်းသည် ထိုတပည့်များကိုကြည့်ကာ သူ့၏မျက်လုံးအတွင်း၌ စိတ်မကျေနပ်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
မူလက သူကျင့်ကြံနိုင်သည်နှင့် သူတို့အား ကျင့်ကြံနည်းစနစ် တစ်ခုနှစ်ခုသင်ကြားပေးမည်ဟု စဉ်းစားတွေးတောထားခဲ့သည်။သို့မှသာလျှင်သူတို့၏မျှော်လင့်ချက်များ အလဟဿဖြစ်တော့မည်မဟုတ်ချေ။
သို့ရာတွင် ယခုကြည့်ရသလောက် သူတို့အားသင်ကြားပေးသည်မှာ အသုံးဝင်မည့်ပုံမရချေ။
လူတစ်ရာပြည့်သွားချိန်တွင် သူသည် ဤအမှိုက်ကောင်များအားလုံးကို မောင်းထုတ်ရန်ဆုံးဖြတ်လိုက်သည်။
မည်သည့်တပည့်တစ်ယောက်ကိုမျှ ချန်ထားမည်မဟုတ်ချေ။
Chapter 498
ရီဖုန်း၏ဆူပူကြိမ်းမောင်းခြင်းကိုခံရပြီးနောက် တပည့်များသည် လူစုခွဲလိုက်ကြကာ သူတို့၏မျက်နှာများပေါ်တွင် စိတ်မချမ်းမြေ့သော စိတ်ရှုပ်ထွေးသော အမူအယာများရှိနေသည်။
"ဟူး....ကြည့်ရတာတော့ ငါတို့ရဲ့ကြိုးစားမှုကို နှစ်ဆလောက်မြှင့်တင်ဖို့ လိုအပ်တဲ့ပုံပဲ"
စုယွင်ယွင်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"အမှန်ပဲ...ဆရာကြီးဆူတယ်ဆိုတာက ငါတို့ကို ကောင်းစေချင်လို့ပဲ...သူက ငါတို့ကို အထူးချွန်ဆုံးလူတွေ ဖြစ်စေချင်တယ်...ငါတို့က ဆရာကြီးကို အပြစ်တင်လို့မရဘူး"
လီကျင်းက စိတ်ခံစားချက်အပြည့်ဖြင့် ထောက်ခံလေသည်။
"စီနီယာအစ်ကို...အဲ့ဒီလိုပြောဖို့ မလိုပါဘူး...ငါတို့က ဘယ်လိုလုပ်ပြီးတော့ ဆရာကြီးကို အပြစ်တင်နိုင်မှာလဲ"
"သေချာတာပေါ့....ပြီးတော့ ငါတို့ကို ဆရာကြီးဆူတာက အချိန်မှန်မှာ ရောက်လာတာပဲ...ငါက နည်းနည်းလေး မာနထောင်လွှားလာပြီးတော့ ငါ့ရဲ့အရင်အတွေးအခေါ်တွေအပေါ်မှာ စိတ်ကျေနပ်နေမိတယ်...ဒါပေမယ့် အခုချိန်မှာ ဆရာကြီးဆူတာကို ကျေးဇူးတင်ရမယ်....ငါက ရုတ်တရက်ကြီး နိုးထလာခဲ့ပြီ"
တခြားတပည့်တစ်ယောက်ကလည်း ထောက်ခံပြောဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ကြိုးစားမှုတွေကို နှစ်ဆတိုးရမယ်...ဆရာကြီးရဲ့မျှော်လင့်ချက်တွေကို စိတ်ပျက်အောင်လုပ်လို့မဖြစ်ဘူး...ငါတို့က 'အမှိုက်ကောင်'ဆိုတဲ့ နာမည်ကနေ ရုန်းထွက်နိုင်အောင် ငါတို့ကြိုးစားရမယ်"
"နင်ပြောတာ အမှန်ပဲ"
စုယွင်ယွင်၏မျက်စိသူငယ်အိမ်များ ကျဥ်းမြောင်းသွားကာ သူမက ဆက်လက်၍ပြောဆိုလေ၏။
"တကယ်လို့ ငါတို့က ဆရာကြီးရဲ့အဆင့်ကို မမှီနိုင်ဘူးဆိုရင်တောင်...အနည်းဆုံးတော့ ငါတို့က စီနီယာအစ်ကိုကြီးကို အမှီလိုက်ရမယ်...သူ ဖြတ်တောက်ခြင်း ခုတ်ပိုင်းခြင်း လွှဲယမ်းခြင်းလုပ်တဲ့ ဓားချက်တစ်ချက်စီတိုင်းမှာ နက်နဲသိမ်မွေ့တဲ့စွမ်းအားတွေ ပါဝင်နေတယ်...အဲ့ဒီလိုအဆင့်မျိုးကို ငါတို့ ဘယ်အချိန်မှရောက်နိုင်မလဲဆိုတာ ငါ သိချင်မိတယ်"
လီကျင်းက ထောက်ခံလေသည်။
"အမှန်ပဲ...ဒုတိယစီနီယာအကိုကြီးရဲ့ 'ကိုယ်ပွားနည်းစနစ်'က ပြီးပြည့်စုံခြင်းအထွတ်အထိပ်အဆင့်ကိုရောက်နေပြီ...တကယ်လို့ သူ့ရဲ့ကိုယ်ပွားတွေအားလုံးကို ထုတ်လွှတ်လိုက်မယ်ဆိုရင်...အင်မော်တယ်မြစ်ကုန်းမြေရဲ့လူဦးရေ နှစ်ဆတိုးသွားမှာကို ငါ စိုးရိမ်မိတယ်...ငါတို့ရဲ့ဆရာကြီးကလွဲပြီးတော့ ဒီလောကကြီးထဲမှာ သူ့ကိုသတ်နိုင်မယ့်လူဆိုလို့ အနည်းစုပဲရှိလောက်တယ်"
"ငါတို့ အခုထက်ပိုပြီးနှစ်ဆလောက် ပြင်းပြင်းထန်ထန် ကြိုးစားမှရမယ်"
"အမှန်ပဲ...ကြိုးစားကြစို့"
"ခုချိန်ကစပြီးတော့...ငါက တစ်ရက်ကို ဆယ့်နှစ်နာရီအချိန်ယူပြီးတော့ ကျမ်းစာဆောင်ထဲမှာ အချိန်ကုန်ဆုံးတော့မယ်"
"ငါလည်းအတူတူပဲ.. ငါက ' ကောင်းကင်ဘုံလွှမ်းခြုံခြင်းမှတ်တမ်း'ကို အမြန်ဆုံးပြီးအောင်ဖတ်ရမယ်"
တပည့်များသည် အချင်းချင်းစကားပြောဆိုပြီးနောက် ကျမ်းစာဆောင်အတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ပြန်ဝင်သွားသည်ကိုကြည့်ပြီး ရီဖုန်းသည် သက်ပြင်းတစ်ချက်ရှိုက်ကာ မယုံကြည်နိုင်မှုဖြင့် သူ့၏ခေါင်းကိုဆုပ်ကိုင်လိုက်၏။
"အမှိုက်ကောင်တစ်သိုက်ပဲ"
သူတို့အား အဖတ်ဆယ်၍ မရနိုင်တော့ချေ။
...
ဖရိုဖရဲနယ်မြေအတွင်း၌....
ဖျက်ဆီးခြင်းအရှင်က သူ့၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
"အရှင်...."
ဖျက်ဆီးခြင်းအရှင်က သူ့၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
"အရှင်"
ငွေရောင်မျက်နှာဖုံးစွပ်လူက ချဥ်းကပ်သွားကာ ရိုသေလေးစားစွာ ဒူးထောက်လိုက်၏။
"ဘယ်လောက်ကြာသွားပြီလဲ"
ဖျက်ဆီးခြင်းအရှင်က တည်ငြိမ်အေးဆေးစွာ မေးမြန်းသည်။
"အရှင်...တစ်လကြာသွားပါပြီ"
ငွေရောင်မျက်နှာဖုံးစွပ်လူက ရိုသေလေးစားစွာ တုံ့ပြန်အဖြေပေးသည်။
"တစ်လ...."
ဖျက်ဆီးခြင်းအရှင်၏နှုတ်ခမ်းထက်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ထင်ဟပ်လာသည်။
သူ့၏တွက်ချက်မှုများအရ ဤတစ်လအချိန်အတွင်းတွင် ဖရိုဖရဲခန်းမ၌ လူများပို၍ရောက်ရှိနေပေမည်။အကယ်၍ ကံကြမ္မာကောင်းကြီးသည် သူ့၏ဘက်တွင်ရှိနေပါက ဤအချိန်အတောအတွင်းတွင် ဆယ်နှင့်ချီသော နိုးထသူများ ရှိနေသင့်သည်။အကယ်၍ သူ အတည်းငယ်ကံဆိုးပြီး နိုးထလာသူများ နည်းပါးနေလျှင်ပင် ခန်းမအတွင်းရှိ လူအရေအတွက်သည် သိသိသာသာ မြင့်တက်နေပေမည်။
ထို့ကြောင့် ဖျက်ဆီးခြင်းအရှင်သည် စိတ်ဓာတ်တက်ကြွနေပေ၏။
သူသည် အလွန်နူးညံသိမ်မွေ့သောစိတ်ဝိညာဥ်တစ်ခုအဖြစ်သို့ ပြောင်းလဲကာ ပျော်ရွှင်စွာဖြင့် ဖရိုဖရဲခန်းမထံသို့ ထွက်ခဲ့တော့သည်။
သူ့၏အကြည့်သည် ခန်းမတစ်ခုလုံးထံသို့ ဝေ့ဝိုက်၍ကျရောက်သွားသည်။
သို့ရာတွင် ခန်းမအတွင်း၌ သူတို့၏စိတ်များကိုနစ်မြုပ်ကာ ကျင့်ကြံနေသူများအားလုံး၏ မျက်နှာများကိုကြည့်ပြီး ဖျက်ဆီးခြင်းအရှင်၏မျက်နှာ ချက်ချင်းသုန်မှုန်သွားသည်။
"ဘာ...ဘာတွေဖြစ်နေတာလဲ"
သူသည် ဒေါသကြောင့် အော်ဟစ်လိုက်တော့လုနီးပါးပင်။
အလင်းတိုင်လုံးများအတွင်းရှိ လူအရေအတွက်သည် တိုးမလာရုံသာမက.....
သူတို့အနက်မှ တစ်ယောက်ပင်လျှင် ပျောက်ကွယ်သွားခဲ့သလော....
ထို့ပြင် သူ့အား ဒေါသထွက်စေဆုံးအရာမှာ ပျောက်ဆုံးသွားသောလူသည် အနီရောင်အလင်းတိုင်လုံးအတွင်းမှ ဖြစ်နေခြင်းပင်။
ဤသည်မှာ သူ့၏အရေးကြီးဆုံး နယ်ရုပ်တစ်ရုပ်ဖြစ်ပေ၏။
ဖျက်ဆီးခြင်းအရှင်သည် သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် ကျန်းရီထံသို့ အစွမ်းထက်သောသတင်းစကားတစ်ခုကို ပေးပို့လိုက်သည်။
အနီရောင်အလင်းတိုင်လုံးအတွင်း၌ နက်ရှိုင်းစွာလေ့လာဆင်ခြင်နေသော ကျန်းရီသည် စိတ်အားထက်သန်သောအမူအယာဖြင့် သူ့၏ခေါင်းကိုမော့လိုက်၏။
ဖျက်ဆီးခြင်းအရှင်သည် သူ့အား ဆင့်ခေါ်လိုက်သလော....
သူ့၏ညီများကို အကြောင်းကြားပြီးနောက် ကျန်းရီသည် ဖျက်ဆီးခြင်းအရှင်၏အမိန့်အရ ဖရိုဖရဲနယ်မြေ၏အတွင်းပိုင်းသို့ ဝင်လိုက်သည်။
"ကျန်းရီ...."
"အရှင့်ကို အရိုအသေပြုပါတယ်"
ကျန်းရီက ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလေသည်။
"အရမ်းကောင်းတယ်....ထုံးတန်းစဥ်လာတွေ လုပ်နေစရာမလိုဘူး"
နူးညံညင်သာသော အားလှိုင်းတစ်ရပ်က ကျန်းရီကို မတင်သွားကာ ဖျက်ဆီးခြင်းအရှင်၏အသံက ဖရိုဖရဲနယ်မြေအတွင်းမှ ထွက်ပေါ်လာသည်။
"ကျန်းရီ....မင်းရဲ့ညီအကိုငါးယောက်ထဲကတစ်ယောက် ဘယ်ပျောက်သွားတာလဲ"
ထိုစကားကိုကြားချိန်တွင် ကျန်းရီ၏မျက်နှာအမူအယာ မသိမသာပျက်ယွင်းသွားကာ သူ့၏နှုတ်ခမ်းကို အနည်းငယ်ကိုက်ပြီး ပြောဆိုသည်။
"ဖျက်ဆီးခြင်းအရှင်ကို သတင်းပို့ပါတယ်....ငါ့ရဲ့ပဉ္စမညီလေးက ကိုယ်ရေးကိုယ်တာကိစ္စတချို့ကို ဆောင်ရွက်စရာရှိတာကြောင့် အပြင်ကိုသွားတယ်....သူက အဲ့ဒီကိစ္စတွေကို ဖြေရှင်းပြီးတာနဲ့ ပြန်လာပါလိမ့်မယ်"
"ဒါဆိုရင်လည်း ကောင်းပြီလေ"
ဖျက်ဆီးခြင်းအရှင်က နူးညံညင်သာစွာ ပြောဆိုသည်။
"ဒါပေမယ့် ဒီအချိန်အတောအတွင်းမှာ...အပြင်ကို အရမ်းကြီးလျှောက်မသွားကြနဲ့.....အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင် ပွင့်လာဖို့က အချိန်တစ်နှစ်တောင်မလိုတော့ဘူး....တကယ်လို့ မင်းတို့ ဒီနေရာမှာရှိမနေဘူးဆိုရင် ကြီးမားတဲ့အခွင့်အရေးကို လွဲချော်သွားလိမ့်မယ်...ဒါက နှစ်တစ်ထောင်မှာ တစ်ကြိမ်ပဲရနိုင်တဲ့ အခွင့်အရေးပဲ"
"အမှန်ပါပဲ...ဖျက်ဆီးခြင်းအရှင်ရဲ့စိုးရိမ်ပူပန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်....ငါကတစ်ယောက်ယောက်ကို ပဉ္စမညီလေးဆီစေလွှတ်ပြီးတော့ သူ့ကို အမြန်ဆုံးပြန်လာဖို့ အကြောင်းကြားလိုက်ပါ့မယ်"
"အရမ်းကောင်းတယ်"
ကျန်းရီ ထွက်ခွာသွားပြီးနောက် ဖျက်ဆီးခြင်းအရှင်သည် ဖရိုဖရဲခန်းမထံသို့ပြန်ထွက်လာကာ သူ့၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ပျောက်ဆုံးသွားသော လူတစ်ယောက်အကြောင်းကို ဖြေရှင်းနိုင်ခဲ့သော်လည်း ဤတစ်လအချိန်အတွင်းတွင် နိုးထလာသောသက်ရှိများ တိုးမလာသည့်ကိစ္စသည် သူ့၏မျက်နှာအမူအယာကို အနည်းငယ်ပျက်ယွင်းသွားစေသည်။
"အရှင်....ဘာမှမစိုးရိမ်ပါနဲ့....ဒါက အစကတည်းက ဖြစ်နိုင်ချေရှိတဲ့ကိစ္စပဲ...နိုးထတယ်ဆိုတာက တိကျတဲ့အချိန်ကာလမရှိဘူး...အခုလတ်တလောမှာ သက်ရှိအနည်းငယ်ပဲ နိုးထကြပေမယ့်...အချိန်ကြာလာတာနဲ့အမျှ သူတို့တွေ ပိုပြီးနိုးထလာကြမှာပါ"
ငွေရောင်မျက်နှာဖုံးစွပ်လူက မြေပြင်ပေါ်တွင်ဒူးထောက်ကာ ရိုသေလေးစားစွာ ပြောဆိုသည်။
"အရမ်းကောင်းတယ်"
ဖျက်ဆီးခြင်းအရှင်က ခေါင်းညိတ်လိုက်၏။
တစ်လကြာသွားသည့်တိုင် ဖရိုဖရဲခန်းမအတွင်းရှိ လူအရေအတွက် တိုးမလာခြင်းမှာ ဤအကြောင်းအရင်းကြောင့်ဖြစ်ပေမည်။ဤကိစ္စအပေါ် များစွာအာရုံစိုက်နေရန်မလိုချေ။မည်သို့ပင်ဆိုစေကာမူ အကယ်၍ တစ်လအတွင်းတွင်လူအရေအတွက်တိုးမလာလျှင်ပင် အာရုံစူးစိုက်၍ နောက်ထပ်တစ်လကို ထပ်မံစောင့်ဆိုင်းသည်က ပို၍ကောင်းမွန်ပေမည်။ကံကြမ္မာရှိသည်ဟု ကြိုတင်သတ်မှတ်ထားခံရသော လူနှစ်ရာ့သုံးဆယ့်လေးယောက်ရှိနေသည်။အချိန်ကျလာပါက သူတို့အားလုံးသည် ဤနေရာ၌ စုစည်းမိကာ သက်ဝင်လှုပ်ရှားလာပေမည်။
တခြားတစ်ဖက်တွင် ကျန်းရီသည် ဖရိုဖရဲခန်းမအတွင်းသို့ ပြန်သွားလေ၏။
"အစ်ကိုကြီး ဘာပြဿနာရှိလို့လဲ...ဘာလို့ ဖျက်ဆီးခြင်းအရှင်က မင်းကို တွေ့ချင်တာလဲ"
ကြွင်းကျန်သောကျန်းညီအစ်ကိုများက အလျှင်အမြန်မေးမြန်းသည်။
"ဒါက ငါတို့ရဲ့ပဉ္စမညီလေးနဲ့ ပတ်သက်တာပဲ"
ကျန်းရီက မျက်မှောင်ကြုတ်ကာ ပြောဆိုသည်။
"ဖျက်ဆီးခြင်းအရှင်နဲ့ စကားပြောဆိုတာကနေတဆင့် သူက ငါတို့ငါးယောက်လုံးကို တန်ဖိုးထားတယ်ဆိုတာ ငါ ပြောနိုင်တယ်...ငါတို့ရဲ့ အငယ်ဆုံးညီလေး ပျောက်နေတာကြောင့် သူက အရမ်းစိုးရိမ်ပူပန်နေတယ်"
ထိုစကားကိုပြောဆိုရင်း ကျန်းရီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
ထို့နောက် သူက ဆက်လက်၍ပြောဆိုလိုက်၏။
"ဒုတိယညီလေး တတိယညီလေး စတုတ္ထညီလေး.... ငါတို့ရဲ့ညီအငယ်ဆုံးလေး ကြီးပြင်းလာတာကို ကလေးဘဝကနေပြီးတော့ ငါတို့ကစောင့်ကြည့်နေခဲ့ရတာ....သူ့ရဲ့အသက်က ငယ်သေးတာကြောင့် ထင်ရာစိုင်းတက်တာကိုကြည့်ပြီး ငါတို့ သူ့စိတ်တိုင်းကျ လွှက်ပေးထားလို့ မရသင့်ဘူး...သူ့ကို လမ်းလွဲသွားခွင့် မပြုသင့်ဘူး....အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်ကို လာနိုင်တဲ့အခွင့်အရေးက နှစ်တစ်ထောင်မှာ တစ်ကြိမ်ပဲရတာ....ငါတို့ သူ့ကို ပြန်ခေါ်မှရမယ်"
"အစ်ကိုကြီးပြောတာ အမှန်ပဲ...ငါတို့ရဲ့ညီငယ်လေး ဒီလိုဖြစ်တာကို ငါတို့ စောင့်ကြည့်နေလို့မရဘူး"
"အမှန်ပဲ...ဒီလိုမျိုး ကြီးမားတဲ့အခွင့်အရေးကို လွဲချော်ခံလို့မဖြစ်ဘူး"
"အစ်ကိုကြီးတွေဖြစ်တဲ့ ငါတို့က သူ့ကို ကူညီပေးရမယ်"
တခြားညီအစ်ကိုများသည်လည်း တစ်ယောက်ပြီးတစ်ယောက်ပြောဆိုကာ ကျန်းရီ၏အတွေးများကို ထောက်ခံလိုက်သည်။
"ဒါဆိုရင်...မင်းတို့ထဲက သူ့ကို ဘယ်သူသွားခေါ်မှာလဲ"
ကျန်းရီက သူ့၏ညီများကိုကြည့်ကာ ပြောဆိုသည်။
"အစ်ကိုကြီး...ငါ သွားမယ်"
ကျန်းစီက အခိုင်အမာ ပြောဆိုလေ၏။
"ငါက ညီငယ်လေးကို သေချာပေါက် ပြန်ခေါ်လာခဲ့မယ်"
"ကောင်းတယ်...ကျန်းစီ...ဒီကိစ္စက မင်းအပေါ်ကို မူတည်သွားပြီ"
ကျန်းရီက စိတ်သက်သာရာရသွားသည်။
"ဒါပေမဲ့ မင်း မှတ်ထားရမှာက....မင်းက ငါတို့ရဲ့ညီအငယ်ဆုံးလေးနဲ့ အနီးစပ်ဆုံးဆက်ဆံရေးရှိတယ်...မင်းက သူ့ရဲ့လွှမ်းမိုးမှုအောက်ကို ကျသွားပြီးတော့ သူ့လို ဖြစ်မလာစေနဲ့"
"အစ်ကိုကြီး....မင်း ဘာပြောတာလဲ...ဘယ်လိုလုပ်ပြီးတော့ ငါက ညီငယ်လေးလို ဖြစ်သွားရမှာလဲ"
ကျန်းစီက အပြုံးနှင့် သူ့၏ရင်ဘတ်ကိုပုတ်ကာ ပြောဆိုလိုက်သည်။
"မင်းတို့အားလုံးက ဒီနေရာမှာနေပြီးတော့ ငါ့ဆီက သတင်းကောင်းကို စောင့်နေကြပါ...ငါက ညီငယ်လေးကိုခေါ်ပြီးတော့ အမြန်ဆုံးပြန်လာခဲ့မယ်"
Chapter 499
ကျန်းစီသည် ဖရိုဖရဲနယ်မြေမှ ထွက်ခွာခဲ့လေ၏။
သူသည် သူပိုင်ဆိုင်သော မိုးမြေဂိုဏ်း၏ဝင်ခွင့်လက်ကမ်းကြော်ငြာကိုကိုင်ကာ လိပ်စာအတိုင်း လမ်းတလျှောက်လုံး ပျံသန်းသွားလိုက်သည်။
နှစ်ရက်ကြာပြီးနောက်....
ကျန်းစီသည် မိုးမြေဂိုဏ်း၏အနီးသို့ ရောက်ရှိလာသည်။
သူသည် ကျောက်စိမ်းပြားတစ်ပြားကိုထုတ်ကာ ကျန်းဝူကို ဆက်သွယ်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် ကျန်းဝူသည် ကျမ်းစာဆောင်အတွင်း၌ စာအုပ်များကို မွှေနှောက်နေလေသည်။သူသည် သူ့၏ကိုယ်ပိုင်တာအိုကို ရှာမတွေ့သေးသော်လည်း သူ့၏ခွန်အားသည် တစ်လအတွင်း သိသိသာသာ မြင့်တက်လာခဲ့သည်။
ထို့ပြင် မိုးမြေဂိုဏ်းအတွင်းရှိအခြေအနေများသည် အလွန်အမင်းကောင်းမွန်သည်ဟု သူ ခံစားမိသည်။
ဂိုဏ်းတူတပည့်များအကြားတွင် အသေးအမွှားရန်ပွဲ သို့မဟုတ် လိမ်လည်လှည့်ဖျားမှုတို့ပင် တစ်ကြိမ်တစ်ခါမျှ ဖြစ်ပွားခဲ့ဖူးခြင်းမရှိချေ။သူသည် နောက်ကျမှဝင်လာသော ဂျူနီယာတစ်ယောက်ဖြစ်သော်လည်း စီနီယာအစ်ကိုအစ်မများသည် သူ့အား အနိုင်ကျင့်ခြင်းမပြုပေ။ထိုအစား သူတို့သည် သူ့အပေါ် ခင်မင်ရင်းနှီးစွာ ဆက်ဆံကြလေ၏။
ရံဖန်ရံခါ၌ စတုတ္တစီနီယာအစ်ကိုချီယီထုံမှနေ၍ သူ့အတွက် ချက်ပြုတ်ပေးသည်။ဆယ့်လေးယောက်မြောက်စီနီယာအစ်ကိုရှန်းနွန်၏ဟင်းရွက်ဥယျာဥ်နံဘေးမှ ဖြတ်သွားစဥ်တွင် သူ့အား ရေငတ်ပြေစေရန်အတွက် ဖရဲသီးများကို ရွေးချယ်၍ခူးဆွတ်ပေးလေ့ရှိသည်။
သူ့အား ကြက်ပေါက်လေးတစ်ကောင်ပေးထားသော သတ္တမစီနီယာအစ်ကိုကြီး ကျားချင်လည်းရှိနေသည်။ထိုကြက်ပေါက်ကို အရွယ်ရောက်သည်အထိ မွေးမြူပြီးနောက် နဝမကောင်းကင်ဖီးနစ်အဖြစ်ပြောင်းလဲကာ သားရဲတစ်ကောင်အဖြစ် အသုံးပြုနိုင်ကြောင်း သူ ကြားထားသည်။
"ဘယ်လောက်တောင် အံ့အားသင့်ဖို့ကောင်းလိုက်လဲ"
ကျန်းဝူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
မိုးမြေဂိုဏ်းသို့လာရန် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့ခြင်းမှာ ဤဘဝတသက်တာတွင် သူ ပြုလုပ်ခဲ့မိသည့် အမှန်ကန်ဆုံးဆုံးဖြတ်ချက်ပင်။
ထိုအချိန်မှာပင် သူ အသုံးမပြုသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော အသံပေးပို့ခြင်းကျောက်စိမ်းပြား ရုတ်တရက် တောက်ပလာသည်။
"အမ်..."
"စတုတ္ထအစ်ကိုကြီးလား..."
"စတုတ္ထအစ်ကိုကြီးက တကယ်ရောက်လာတာလား...."
ကျန်းဝူသည် အလွန်ပျော်ရွှင်သွားပေ၏။
သူသည် အခွင့်အရေးတစ်ခုကိုရှာဖွေကာ သူ့၏အစ်ကိုများအားလုံးကို ဤနေရာသို့လာရန် သွားရောက်၍ခေါ်ဆောင်လိုသည်။သူ့၏ကျင့်ကြံဆင့်ဆက်တိုက်ချိုးဖျက်နေမှုများကြောင့် သူ့ထံတွင် အချိန်မရှိသေးသောကြောင့်သာ သူ ပြန်သွားမခေါ်ခဲ့ခြင်းဖြစ်သည်။
မကြာမီမှာပင် သူတို့နှစ်ယောက်သည် ကျွန်းငယ်လေးနှင့် မလှမ်းမကမ်းအကွာတွင် တွေ့ဆုံမိလေ၏။
ယခင်က သူတို့အကြားတွင် မကျေလည်မှုတချို့ရှိခဲ့သော်လည်း အလွန်အမင်းဆက်ဆံရေးကောင်းခဲ့သူနှစ်ယောက်ဖြစ်သောကြောင့် သူတို့ တွေ့ဆုံချိန်တွင် တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ နှုတ်ဆက်လိုက်ကြသည်။
"ပဉ္စမညီလေး...အစ်ကိုကြီးနဲ့တခြားအစ်ကိုတွေအားလုံး မင်းကို ဘယ်လောက်ထိ စိုးရိမ်ပူပန်နေတယ်ဆိုတာ မင်း သိလား"
ကျန်းစီက အပြစ်တင်စကားပြောဆိုသည်။
"ဒါကြောင့် ငါ ဒီတကြိမ် ဒီနေရာကိုလာခဲ့တာ မင်းကို ပြန်ခေါ်ဖို့ပဲ...ဘယ်လိုပဲဖြစ်ဖြစ် အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်က တစ်နှစ်အတွင်းမှာ ပွင့်လာတော့မယ်...ဒါက ငါတို့ဘဝတစ်သက်စာမှာ တစ်ကြိမ်ပဲရနိုင်တဲ့ အခွင့်အရေးကြီးပဲ...ဒါကို ငါတို့ လွဲချော်ခံလို့မဖြစ်ဘူး"
"ငါ့ကို ပြန်ခေါ်သွားမလိုလား"
ကျန်းဝူက သူ့၏ခေါင်းကို အလျှင်အမြန်ခါယမ်းကာပြောဆိုသည်။
"စတုတ္ထအစ်ကို...မင်း ဘာတွေ ပြောနေတာလဲ..ငါက ဒီနေရာမှာ အခြေတကျဖြစ်နေပြီ"
"အခြေတကျ ဖြစ်နေပြီလား"
ကျန်းစီက မျက်မှောင်ကြုတ်ကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"ပဉ္စမညီလေး...မင်းက အမြဲတမ်းနုံအပြီးရိုးသားတယ်ဆိုတာ ငါ သိတယ်....ဒါပေမယ့် မင်းက အကျိုးနဲ့အပြစ်ကိုတော့ ခွဲခြားနိုင်သင့်တယ်လေ...ဟုတ်တယ်မလား"
"စတုတ္ထအကို....ငါက အဲ့ဒါကိုအရမ်းတိတိကျကျ ခွဲခြားနိုင်တာကြောင့် ပြန်မလာချင်တာပဲ"
ကျန်းဝူက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
ကျန်းစီက ကူကယ်ရာမဲ့စွာဖြင့် သူ့၏ခေါင်းကို ခါယမ်းလိုက်သည်။
ကျန်းဝူကို မည်သည့်အရာမှနေ၍ လှည့်စားထားသည်ကို သူ အမှန်တကယ်ကို မသိရှိတော့ချေ။
မည်သည်ကြောင့် သူ ဤမျှထိခေါင်းမာနေသနည်း.....
ယခုချိန်တွင် တခြားအခွင့်အရေးရှိနေသည်ဆိုလျှင်ပင် အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာကို လေ့လာဆင်ခြင်ခြင်းထက် တခြားမည်သည့်အရာက ပို၍ကောင်းမွန်မည်နည်း။ဤသည်မှာ အနည်းငယ်မျှ လွဲချော်မခံသင့်သော အခွင့်အရေးကြီးပင်။
"စတုတ္ထအစ်ကို....ငါ့ရဲ့စကားတွေကို မင်း မယုံကြည်ဘူးဆိုတာ ငါ သိတယ်...ဒါပေမဲ့ ကျေးဇူးပြုပြီးတော့ ငါနဲ့အတူလိုက်ခဲ့ပြီး မိုးမြေဂိုဏ်းကို တစ်ချက်ကြည့်ကြည့်ပါလား...ဒါဆိုရင် ငါ ဘာလို့ ဒီဆုံးဖြတ်ချက်ကိုချတယ်ဆိုတာ မင်း သိသွားလိမ့်မယ်"
ကျန်းဝူက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ပဉ္စမညီလေး....ငါ အကြံပေးတာကို နားထောင်ပြီးတော့ ငါနဲ့အတူ ပြန်လိုက်ခဲ့စမ်းပါ....မင်းက အရမ်းငယ်သေးတာကြောင့် ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မခွဲခြားနိုင်သေးဘူး"
ကျန်းစီက အလေးအနက်ထားသောလေသံဖြင့် ဖြောင့်ဖျလေ၏။
"စတုတ္ထအစ်ကို....ငါ မင်းကို ထပ်ပြောအုံးမယ်....ငါနဲ့အတူ လိုက်ခဲ့ပြီးတော့ တစ်ချက်လောက်ကြည့်ကြည့်ပါ....မင်း ကြည့်ပြီးတာနဲ့ ငါ ပြောတာကို မင်းယုံသွားလိမ့်မယ်"
ကျန်းဝူက တည်ကြည်လေးနက်စွာဖြင့် ကျန်းစီကိုကြည့်ကာ ထပ်မံ၍ပြောဆိုလေသည်။
"ကောင်းပြီ...ကောင်းပြီလေ...ငါ မင်းနဲ့အတူလိုက်ပြီး တစ်ချက်ကြည့်ကြည့်မယ်"
ကျန်းဝူသည် အလွန်ခေါင်းမာနေသည်ကိုကြည့်ပြီး ကျန်းစီက သူ့၏လက်ကိုဝှေ့ယမ်းကာ သဘောတူညီလိုက်သည်။
မိုးမြေဂိုဏ်းတွင် မည်သည့်အရာများကို ဖုံးကွယ်ထားကာ သူ့၏ပဉ္စမညီလေးကို ယခုကဲ့သို့လှည့်စားထားရန် မည်သည့်ထင်ယောင်ထင်မှားအရာများကို ဖန်တီးထားသည်အား သူ တစ်ချက်ကြည့်လိုသည်။
သူတို့နှစ်ယောက်သည် ကျွန်းထံသို့ဦးတည်၍ လျှောက်လှမ်းခဲ့ကြသည်။
သူတို့နှစ်ယောက်သည် ရေအိုင်နံဘေးသို့ ရောက်ရှိလာချိန်၌ မိုးမြေဂိုဏ်းမှအားလှိုင်းတစ်ရပ် ဆင်းသက်လာသည်။
"ဒါက....."
ကျန်းစီ၏မျက်နှာပေါ်တွင် ထိတ်လန့်တကြားဖြစ်သွားသောအမူအယာတစ်ရပ် ချက်ချင်းထင်ဟပ်လာသည်။
အကြောင်းအရင်းမှာ ဤလေဟာနယ်အတွင်းတွင် သူ့၏စွမ်းအားကို အလွန်အမင်း ဖိနှိပ်ခံထားရသောကြောင့်ပင်။
မဟုတ်သေး...အတိအကျပြောဆိုရလျှင် ဤသည်မှာ ဖိနှိပ်မှုမဟုတ်ချေ။
ဤသည်မှာ ပတ်ဝန်းကျင်ရှိလေဟာနယ်အတွင်းမှ ဥပဒေသများ ပြောင်းလဲသွားခြင်းဖြစ်သည်။
ယခင်က သူသည် လေဟာနယ်ကို လွယ်လင့်တကူ ဆုတ်ဖြဲနိုင်သော်လည်း ဤနေရာရှိလေဟာနယ်သည် အလွန်အမင်း ကျစ်လစ်သိပ်သည်းနေပေ၏။မြေဆွဲအားသည်လည်း သိသိသာသာ ပြောင်းလဲနေသည်။သူသည် ယခင်က ပျံသန်းနိုင်သော်လည်း ယခုချိန်တွင် ဤနေရာ၌ တစ်ပေခန့်သာ ခုန်နိုင်တော့သည်။
"ဟား ဟား ဟား...စတုတ္ထအစ်ကို...ဘာမှထိတ်လန့်နေစရာမလိုပါဘူး....ငါတို့မိုးမြေဂိုဏ်းတစ်ဂိုဏ်းလုံးရဲ့လေဟာနယ်က အင်မော်တယ်မြစ်ကုန်းမြေနဲ့ သီးခြားစီတည်ရှိတယ်....ဒီနေရာက လေဟာနယ်ရဲ့ကျစ်လစ်သိပ်သည်းမှုက အင်မော်တယ်နယ်မြေထက်တောင် ပိုပြီးအားကောင်းတယ်...ဒါကြောင့် အင်မော်တယ်နယ်မြေက ထိပ်သီးတည်ရှိမှုကြီးတစ်ယောက် ဒီနေရာကိုရောက်လာရင်တောင် အများဆုံးအနေနဲ့ သူက ခုန်ပေါက်သွားနိုင်ရုံပဲရှိတယ်"
ကျန်းဝူက တစ်ချက်ရယ်မောကာ အလျှင်အမြန်ရှင်းပြသည်။
"ဟမ့်...ဘယ်သူက ကြောက်နေလို့လဲ...ဒါက ငါ အခုမှရောက်ခါစမလို့ ကျင့်သားမရတာပဲ"
ကျန်းစီက သူ့၏လက်ကိုဝှေ့ယမ်းကာ မောက်မာထောင်လွှားစွာဖြင့် သူ့၏ခေါင်းကိုတိမ်းစောင်းပြီး တည်ငြိမ်စွာပြောဆိုသည်။
သို့ရာတွင် သူသည် အစောပိုင်းက အမှန်တကယ်ကို ထိတ်လန့်ကြောက်ရွံနေပေ၏။
သို့ရာတွင် ဤကိစ္စသက်သက်ဖြင့် သူ မည်သည်ကြောင့် အရေးစိုက်ရမည်နည်း....
မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် သာမာန်မဖြစ်နိုင်ကြောင်း ကျန်းစီ ခန့်မှန်းမိသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ထိုသို့မဟုတ်ပါက သူ့၏ညီငယ်လေးသည် အခြေအမြစ်မရှိဘဲ ထင်ယောင်ထင်မှားဖြစ်နေမည်မဟုတ်ပေ။
ဤလေဟာနယ်ကမူ...
ဟမ့်....
အင်မော်တယ်မြစ်ကုန်းမြေသည် ကြီးမားသောပျက်စီးခြင်းများကို အကြိမ်များစွာကြုံတွေ့ပြီးနောက် အစွမ်းထက်တည်ရှိမှုအမြောက်အများ မွေးဖွားလာခဲ့သည်။ထို့ကြောင့် ဤကဲ့သို့ ထူးခြားသော လေဟာနယ်နယ်မြေတစ်ခုကို ထိန်းသိမ်းထားနိုင်သည်မှာ အံ့အားသင့်ဖွယ်မရှိချေ။
ထို့ကြောင့် မိုးမြေဂိုဏ်းသည် မည်မျှထိ အစွမ်းထက်သည်ကို ဤလေဟာနယ်တစ်ခုတည်းဖြင့် သက်သေပြနိုင်မည်မဟုတ်ချေ။
ဤဂိုဏ်း၏စွမ်းအားကို အမှန်တကယ် သက်သေပြနိုင်မည့်အရာမှာ ကျွန်းပေါ်တွင်ရှိနေသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ၏အရေအတွက်ပင်။
ဤကျွန်းပေါ်တွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ မည်မျှထိများများ ရှိနေသနည်း...
ကြည့်ရသည်မှာ ထိုကဲ့သို့တည်ရှိမှုမျိုး များစွာရှိနေပုံမရချေ။
တချို့တလေ ရှိကောင်းရှိနေနိုင်သည်။
သို့ရာတွင် စွမ်းအားကြီးမားသော ထိပ်သီးကျင့်ကြံသူများ အမြောက်အများ ရှိနေနိုင်မည်မဟုတ်ပေ။
ဤသည်မှာ ကျန်းစီ၏အတွေးများပင်။
သူသည် ကျန်းဝူ၏နောက်သို့ သာမန်ကာလျှံကာလိုက်သွားပြီး ဝါးဖောင်တစ်ခုပေါ်သို့တက်ကာ လှေသမားကို အထင်အမြင်သေးသောအမူအယာဖြင့် စောင်းငဲ့၍ကြည့်လိုက်သည်။
ဤလှေသမားသည် လူအိုကြီးတစ်ယောက်ဖြစ်ပြီး ကြည့်ရသည်မှာ အိုမင်းမစွမ်းဖြစ်နေပုံပင်။
သူသည် ဤလူအိုကြီးထံမှနေ၍ စွမ်းအားအမြောက်အများကို အာရုံမခံမိသဖြင့် သူ သာမန်ကာလျှံကာ စောင်းငဲ့၍ကြည့်လိုက်ခြင်းဖြစ်သည်။
သို့ရာတွင် အိုမင်းမစွမ်းဖြစ်နေပုံရသော ထိုလူအိုကြီးရုတ်တရက်လှုပ်ရှားမှုကြောင့် သူ၏မျက်လုံးအိမ်များကျွတ်ကျလုမတတ်အလွန်အမင်း ထိတ်လန့်သွားသည်။
ထိုလူအိုကြီးသည် ကမ်းခြေ၌ မတ်တတ်ရပ်နေသည်ကို သူ မြင်တွေ့မိလေ၏။သူသည် ပထမဆုံးအနေဖြင့် ထိုးဝါးတစ်ချောင်းကိုအသုံးပြုကာ ဝါးဖောင်ကို ကမ်းခြေမှနေ၍ အဝေးကိုရွေ့လျားသွားစေသည်။ထိုဝါးဖောင်သည် ရေစီးကြောင်းနှင့်အတူ ကမ်းခြေမှနေ၍ အဝေးသို့မြောသွားပြီးနောက် လူအိုကြီးသည် ကမ်းခြေပေါ်သို့ သူ့၏ခြေထောက်ချကာ တစ်ချက်ဆောင့်နင်းလိုက်သည်။သူသည် လေထုအတွင်းသို့ သုံးပေခန့်မြောက်တက်သွားသည်။
ထို့နောက် သူသည် ဝါးဖောင်ပေါ်သို့ တည်ငြိမ်စွာဆင်းသက်ကာ ကျွန်းငယ်လေးထံသို့ ဦးတည်၍ လှော်ခတ်ခဲ့တော့သည်။
ဤအချိန်အခိုက်အတန့်တွင် ကျန်းစီသည် သူ့ရှေ့ရှိလူအိုကြီးကိုကြည့်ကာ သူ့၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။
"ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ...သူက အရမ်းအစွမ်းထက်တာပဲ"
ကျန်းစီ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကာ သူက အထစ်ထစ်အငေါ့ငေါ့ပြောဆိုလိုက်သည်။
သူသည် သူကိုယ့်သူ အလွန်သန်မာအားကောင်းသည်ဟု ယူဆထားသော်လည်း ဤလေဟာနယ်အတွင်းတွင် သူ့၏ခွန်အားကုန်စိုက်ထုတ်သည့်တိုင် တစ်ပေခန့်အမြင့်အထိသာ ခုန်ပေါက်နိုင်စွမ်းရှိသည်။
သို့ရာတွင် ဤလူအိုကြီးသည် အင်အားစိုက်ထုတ်မှုမရှိဘဲ ခြေတစ်ချက်ဆောင့်ရုံဖြင့် သုံးပေခန့်အမြင့်ကို ခုန်သွားနိုင်ခဲ့သည်။ အကယ်၍ ဤလူအိုကြီးသည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူမဟုတ်ပါက သူသည် မည်သည့်အဆင့် ဖြစ်သွားမည်နည်း။
"လူငယ်လေး....ဘာမှ ထိတ်လန့်နေစရာမလိုပါဘူး...ငါက အိုမင်းနေတဲ့ လှေသမားတစ်ယောက်ပါပဲ"
လူအိုကြီးသည် သူ့၏မုတ်ဆိတ်ကိုပွတ်သပ်ရင်း တည်ငြိမ်စွာဖြင့် ကျန်းစီကို စောင်းငဲ့ကြည့်ကာ ရယ်မော၍ပြောဆိုသည်။
ကျန်းစီသည် တောင်းပန်သည့်အပြုံးဖြင့် လူအိုကြီးကိုကြည့်ကာ အလျှင်အမြန်ဦးညွှတ်အရိုအသေပြုလိုက်၏။
ထို့နောက် သူသည် ကျန်းဝူကို နံဘေးသို့ အလျှင်အမြန်ဆွဲခေါ်ကာ တီးတိုးပြောဆိုလိုက်သည်။
"ပဉ္စမညီလေး...အဲ့ဒီလူက အရမ်းအစွမ်းထက်တာကို မင်း ငါ့ကို ဘာလို့မပြောတာလဲ...ခုဏက ငါ သူ့ကို အပြစ်ပြုမိတော့လုနီးပါးပဲ"
"စတုတ္ထအစ်ကို..ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ စိတ်ပူနေစရာမလိုပါဘူး....မင်း စိတ်အေးအေးထားပါ"
ကျန်းဝူက သူ့ကို နှစ်သိမ့်ပေးလေသည်။
"မင်း ဒါတွေကို တဖြည်းဖြည်းရင်းနှီးသွားလိမ့်မယ်"
"တဖြည်းဖြည်းရင်းနှီးသွားလိမ့်မယ်ဆိုတာ ဘာကိုဆိုလိုတာလဲ...ငါက မင်းကို ပြန်ခေါ်ဖို့ ဒီနေရာကိုရောက်လာတာဆိုပေမယ့် အကြောင်းအရင်းမရှိဘဲနဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို ရန်စစော်ကားမှာမဟုတ်ဘူး"
ကျန်းစီက စိုးရိမ်ပူပန်စွာပြောဆိုသည်။
"အိုက်ယား...စတုတ္ထအစ်ကို...ဒါက တကယ့်ကိုပဲ ကိစ္စကြီးတစ်ခု မဟုတ်ပါဘူး...ဒီနေရာမှာရှိတဲ့ လူအိုကြီးတွေက ယဉ်ကျေးသိမ်မွေ့ပြီးတော့ဆက်ဆံရလွယ်ကူတယ်"
ကျန်းဝူက သူ့ကို ထပ်ခါတလဲလဲ နှစ်သိမ့်ပေးလေသည်။
ကျန်းဝူ၏အဆက်မပြတ်နှစ်သိမ့်ပေးမှုများနှင့် လူအိုကြီးသည် ဒေါသထွက်ပုံမရသည်ကို ကြည့်ပြီး ကျန်းစီသည် နောက်ဆုံး၌ စိတ်သက်သာရာရသွားသည်။
ကျန်းစီသည် စိတ်သက်သာရာရသွားပြီးနောက် သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။
"ဒါပေမဲ့ ပဉ္စမညီလေး...အဲ့ဒီလူအိုကြီးက အရမ်းအစွမ်းထက်တယ်...သူက မင်းတို့ မိုးမြေဂိုဏ်းရဲ့ထိပ်သီးတည်ရှိမှုကြီး တစ်ယောက်ပဲဖြစ်မယ်...ဟုတ်တယ်မလား"
"အနည်းဆုံးတော့ သူက မဟာအကြီးအကဲတစ်ယောက်ရဲ့အဆင့်မှာ ရှိနေတယ်မလား"
Chapter 500
"မဟာအကြီးအကဲလား"
ကျန်းဝူသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အချိန်တခဏကြာခန့် ကြက်သေသေသွားပြီးနောက် တုံ့ပြန်လိုက်၏။
"စတုတ္ထအစ်ကို...မင်း ငါ့ကို နောက်နေတာလား...ငါတို့မိုးမြေဂိုဏ်းရဲ့မဟာအကြီးအကဲက လက်သီးတစ်ချက်တည်းနဲ့ အင်မော်တယ်မြစ်ကုန်းမြေကို ဖျက်ဆီးနိုင်တယ်...ဒီလူအိုကြီးကတော့ သူက ငါတို့မိုးမြေဂိုဏ်းကိုတောင်မဝင်နိုင်တဲ့ လှေသမားတစ်ယောက်ပဲ"
"ပဉ္စမညီလေး...မင်း ဘာလို့ ခုလိုစကားမျိုး ပြောရတာလဲ"
ထိုစကားကိုကြားချိန်တွင် ကျန်းစီသည် စိုးရိမ်ပူပန်သွားကာ အလျှင်အမြန်ပြောဆိုလိုက်သည်။
"မင်းက စီနီယာကို ဘယ်လိုလုပ်ပြီးတော့ ဒီလိုစကားမျိုးပြောနိုင်တာလဲ....တကယ်လို့ စီနီယာစိတ်ဆိုးသွားရင် ဘယ်လိုလုပ်ကြမလဲ...."
သို့ရာတွင် သူ့၏စကား အဆုံးမသတ်သေးမီမှာပင် သူ့၏ရှေ့ရှိ လူအိုကြီးသည် အပြုံးနှင့် သူ့ကိုကြည့်ကာ ပြောဆိုသည်။
"လူငယ်လေး....သူ ပြောသွားတာတွေက မမှားပါဘူး...ငါက လှေသမားတစ်ယောက်ပဲ"
"မိုးမြေဂိုဏ်းကို ဝင်နိုင်ဖို့ဆိုတာကတော့....."
သူသည် အဝေးတစ်နေရာရှိ မိုးမြေဂိုဏ်း၏တံခါးမကြီးကိုကြည့်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ဒါက ငါ့ရဲ့ဘဝတသက်လုံး မက်ခဲ့ရတဲ့ အိမ်မက်တစ်ခုပဲ....ဒါပေမယ့် ကံဆိုးချင်တော့ ငါ့ရဲ့ပါရမီအရည်အချင်းက မလုံလောက်ဘူး...ဒီဘဝအတွက်တော့ ငါက ဒါကို အိမ်မက်တစ်ခုအနေနဲ့ ထိန်းသိမ်းထားနိုင်ရုံပဲ တတ်နိုင်တော့မယ်"
"ဒါပေမဲ့....ဒီနေရာမှာ လှေလှော်ခွင့်ရတာကပဲ ငါ့အတွက် အကြီးမားဆုံးဂုဏ်ယူစရာဖြစ်နေပါပြီ..."
"ဘာ....စီနီယာက တကယ့်ကို....."
ကျန်းစီသည် ဤကိစ္စကို မယုံကြည်နိုင်တော့ချေ။သူသည် ကျန်းဝူကို ထပ်မံ၍ အလျှင်အမြန်ဆွဲခေါ်ကာ မေးမြန်းလိုက်၏။
"ပဉ္စမညီလေး....မင်း ငါ့ကို မလိမ်ဘူးဆိုတာ သေချာလား"
"အဲ့ဒီလူအိုကြီးက ခုလိုမြေဆွဲအားအောက်မှာ သုံးပေအမြင့်ကို ခုန်နိုင်တယ်...အနည်းဆုံးတော့ သူက နက်နဲသိမ်မွေ့အင်မော်တယ်နယ်ပယ်မှာ ရှိနေလိမ့်မယ်...သူက တကယ့်ကို လှေသမားတစ်ယောက်လား"
"ဟုတ်တယ်လေ....ငါက ဘာလို့ မင်းကို လိမ်ရမှာလဲ...တကယ်လို့ မင်း ငါ့ကိုမယုံဘူးဆိုရင် အဲ့ဒီနေရာကို တစ်ချက်ကြည့်လိုက်အုံး"
ကျန်းဝူက ရယ်မောကာ ပြောဆိုသည်။
ထိုစကားကို ကြားချိန်တွင်....
ကျန်းစီသည် ကျန်းဝူ လက်ညှိုးညွှန်ပြသောနေရာသို့ ကြည့်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် သူ့၏မျက်လုံးများ ပြူးကျယ်သွားသည်။
ကျွန်းငယ်လေးပေါ်၌ သက်လတ်ပိုင်းအရွယ် မိန်းမကြီးများ စုဝေးနေကာ တေးဂီတစည်းချက်နှင့်အညီခုန်ပေါက်ပြီး ရေအိုင်နံဘေး၌ တညီတညွတ်တည်း ကနေကြသည်။
တေးဂီတ၏အထွတ်အထိပ်အချိန်သို့ ရောက်ရှိလာချိန်၌....
မိန်းမကြီးတစ်စုလုံးသည် စိတ်အားတက်ကြွစွာဖြင့် ခုန်ဆပါက်လိုက်ကြသည်။
'အမ်....'
ကျန်းစီ၏မျက်လုံးအိမ်များ ကျွတ်ထွက်လုမတတ်ဖြစ်သွားကာ သူသည် ကျယ်လောင်စွာ အော်ဟစ်မိတော့လုမတတ်ပင်။
ဤကခုန်နေသောမိန်းမကြီးများကို သူ ကြည့်နေသောပုံမှာ သူသည် မယုံကြည်နိုင်ဖွယ် ညှို့အားပြင်းထန်သော ပြိုင်ဘက်ကင်းအလှလေးများကိုကြည့်နေသည့်အလားပင်။
တစ်ခုသိထားရမည်မှာ....
ဤကျွန်းပေါ်ရှိ ပြင်းထန်သောမြေဆွဲအားကြောင့် ဤမိန်းမကြီးများ ယခုကဲ့သို့ ခုန်ပေါက်ကခုန်နေရန်မှာ အလွန်အမင်းခက်ခဲပေမည်။
ဤသည်မှာ သာမာန်လူတစ်ယောက်သည် ဂျင်တစ်ထောင်ခန့်လေးသော ဝန်ထုပ်ကြီးကိုထမ်း၍ အင်အားစိုက်ထုတ်ရခြင်းမရှိဘဲ အဆက်မပြတ်ခုန်ပေါက်နေသည်နှင့် တူညီပေ၏။
ဤသည်မှာ မည်သည့်အရာကို သက်သေပြနေခြင်းဖြစ်သနည်း....
ဤှမိန်းမကြီးများသည် အလွန်အစွမ်းထက်ကာ အနည်းဆုံးအနေဖြင့် သူ့ရှေ့ရှိ လှေသမားလူအိုကြီးနှင့် တန်းတူအဆင့်တွင်ရှိနေကြောင်း သက်သေပြနေခြင်းပင်။
"သူတို့က...အဲ့ဒီမိန်းမကြီးတွေက ဘယ်သူတွေလဲ"
ဤအချိန်အခိုက်အတန့်တွင် ကျန်းစီသည် တုန်ရီနေသောလက်ချောင်းဖြင့် မိန်းမကြီးများကိုညွှန်ပြကာ ကျန်းဝူကို မေးမြန်းလိုက်သည်။
"သူတို့က ငါတို့မိုးမြေဂိုဏ်းထဲက သာမာန်မိန်းမကြီးတချို့ပဲ...သူတို့က တစ်ခါတရံမှာ ငါတို့ဂိုဏ်းထဲကိုလာပြီးတော့ အမှိုက်ကောက်တာတွေ တခြားဝေယျာဝစ္စတွေ လုပ်ပေးတယ်...ဒီလောက်ပါပဲ...စတုတ္ထအစ်ကို ဒီလောက်ထိ အံ့အားသင့်နေစရာ မလိုပါဘူး"
ကျန်းဝူက ရယ်မောကာ နူးညံညင်သာစွာ ရှင်းပြလေသည်။
"အမှိုက်တွေကောက်ပြီးတော့ ဝေယျာဝစ္စတွေကို ကူလုပ်ပေးတာလား"
ကျန်းစီသည် သူ့၏တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်၏။
မည်သည်ကြောင့်ဟု သူ မသိရှိသော်လည်း ကျန်းဝူ၏စကားများကိုကြားပြီးနောက် သူ့သည် သူ့၏ချစ်လှစွာသောညီငယ်လေးကို ထုရိုက်ချင်စိတ် ပေါက်ဖွားလာသည်။
ဤစကားများသည် သောက်ရေးမပါလောက်အောင်ပင် ဟိတ်ဟန်များလွန်းပေ၏။
သို့ရာတွင် ကျန်းဝူ၏အလေးအနက်ထားသော လေသံမှတဆင့် ဤသည်မှာ ချဲ့ကားပြောဆိုနေခြင်းမဟုတ်ဘဲ အမှန်ကိုအမှန်အတိုင်း ပြောဆိုနေခြင်းဖြစ်ကြောင်း သူ ခံစားမိသည်။
ထို့ပြင် ကျန်းဝူ၏မျက်နှာပေါ်ရှိ အမှုမထားသကဲ့သို့ တည်ငြိမ်အေးဆေးသောအမူအယာသည် ဟိတ်ဟန်ထုတ်နေခြင်းမဖြစ်နိုင်ချေ။
ဤသည်မှာ လှေသမားဖြစ်စေ ကခုန်နေသောမိန်းမကြီးများဖြစ်စေ သူတို့သည် သာမာန်ဖြစ်ပြီး မိုးမြေဂိုဏ်း၌ အခြေခံအကျဆုံးလူများဖြစ်ကြောင်း ပြသနေခြင်းပင်။
"ပဉ္စမညီလေး...မင်း ငါ့ကို တကယ်မလိမ်ဘူးဆိုရင် ငါ့ကိုပြောပြစမ်းပါ"
ကျန်းစီက တည်ကြည်လေးနက်စွာဖြင့် ကျန်းဝူကိုကြည့်ကာ စကားတစ်လုံးချင်းမေးမြန်းသည်။
"မိုးမြေဂိုဏ်းကလူတွေအားလုံး ငါ မြင်နေရတဲ့ လူတွေလိုမျိုး အစွမ်းထက်တာလား"
"အဲ့ဒီလို မဟုတ်ပါဘူး"
ကျန်းဝူက တုံ့ပြန်သည်။
"အဲ့ဒီလိုဆိုရင် ကောင်းတာပေါ့"
ကျန်းစီက စိတ်သက်သာရာရသွားကာ သူ့၏ရင်ဘတ်ကို ပုတ်လိုက်သည်။
အကယ်၍ ကျန်းဝူပြောဆိုသည်မှာ အမှန်ဖြစ်ပါက ဂိုဏ်းအတွင်းတွင် လှေသမားနှင့်လက်တိုလက်တောင်းအဒေါ်ကြီးများသည်သာ နက်နဲသိမ်မွေ့အင်မော်တယ်များဖြစ်နေလျှင်ပင် မိုးမြေဂိုဏ်းသည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းပေ၏။
သို့ရာတွင် ကျန်းဝူ နောက်ထပ်ပြောဆိုလိုက်သော စကားတစ်ခွန်းကြောင့် သူ ရုတ်တရက် ကြက်သေသေသွားသည်။
"ဒီလူအိုကြီးတွေနဲ့အဒေါ်ကြီးတွေက ဘယ်လိုလုပ်ပြီးတော့ ငါတို့မိုးမြေဂိုဏ်းကို ကိုယ်စားပြုနိုင်မှာလဲ...မင်း ခုမြင်နေရတာတွေက ငါတို့မိုးမြေဂိုဏ်းရဲ့အဖျားအနားလေးတွေပဲ"
"ဘယ်လိုပဲဖြစ်ဖြစ် ဘယ်ဂိုဏ်းရဲ့ လှေသမားတွေနဲ့လက်တိုလက်တောင်းလုပ်တဲ့သူတွေက ဂိုဏ်းတစ်ဂိုဏ်းလုံးကို ကိုယ်စားပြုမှာလဲ"
ကျန်းဝူသည် ထိတ်လန့်တုန်လှုပ်နေသော ကျန်းစီကို ကျွန်းပေါ်သို့ခေါ်ဆောင်သွားကာ ကျွန်း၏ဓလေ့ထုံးစံများကို မိတ်ဆက်ပေးလိုက်သည်။
"ကြည့်လိုက်...ဒါက ကျူးရုံပဲ...သူ့ရဲ့လက်ထဲက ဝက်သတ်ဓားကို အစကတော့ အလယ်အလတ်အဆင့်အင်မော်တယ်ပစ္စည်းတစ်ခုလို့ ငါ ထင်ခဲ့တာ...ဒါပေမယ့် အခုကျတော့ အဆင့်မြင့်အင်မော်တယ်ပစ္စည်း ဒါမှမဟုတ် ဒီထက်ပိုအဆင့်မြင့်တဲ့အရာတစ်ခု ဖြစ်နိုင်တာကို ငါ ရှာဖွေဖော်ထုတ်နိုင်ခဲ့တယ်"
ကျန်းဝူက ဆက်လက်၍ ရှင်းပြလေ၏။
"ဒီနေရာကို ငါ ပထမဆုံး စရောက်တဲ့အချိန်မှာ ငါ ထိတ်လန့်သွားခဲ့တယ်...ဒါပေမယ့် အခုတော့ ငါ ကျင့်သားရနေပြီ....ဘယ်လိုပဲဖြစ်ဖြစ် ဒီကျွန်းပေါ်မှာ အဲ့ဒီအဆင့်ရတနာမျိုးတွေ အများကြီးရှိနေတယ်"
ကျန်းစီသည် ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် ကျူးရုံ၏လက်အတွင်းရှိ ဝက်သတ်ဓားကိုကြည့်ကာ သူ့၏မျက်လုံးအိမ်များ ကျွတ်ထွက်တော့လုမတတ်ပင်။
သူ့၏ဘဝတသက်လုံးတွင် ဤကဲ့သို့ အဆင့်မြင့်မှော်ရတနာမျိုး တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။
"ကြည့်လိုက်အုံး...အဲ့ဒီချိန်ခွင်ကလည်း အဆင့်မြင့်အင်မော်တယ်မှော်ရတနာတစ်ခုပဲ...ပြီးတော့ ဟိုလူအိုကြီးရဲ့လက်ထဲကတောင်ဝှေး...ရှေ့ကမိန်းမကြီးရဲ့ခေါင်းပေါ်က အဆင်တန်ဆာတွေ အဲ့ဒီလိုရတနာတွေက အရမ်းများလွန်းတာကြောင့် ငါ တစ်ခုချင်းစာရင်းမပြုစုနိုင်တော့ဘူး ...မင်းကိုယ်တိုင်သာ တစ်ချက်ကြည့်လိုက်တော့"
ကျန်းဝူက သာမန်ကာလျှံကာ ပြောဆိုလိုက်သည်။
ထိုစကားကိုကြားချိန်တွင်....
ကျန်းစီသည် ရှေ့သို့စူးစိုက်၍ကြည့်လိုက်၏။
တိကျသေချာစွာပင် သူ့ရှေ့ရှိ မြင်သမျှအရာအားလုံးသည် သူ့အတွက် ထိတ်လန့်တုန်လှုပ်ဖွယ်ရာနဲ့မယုံကြည်နိုင်ဖွယ်ရာဖြစ်နေသည်။
"မြန်မြန်ကြည့်လိုက်အုံး"
ကျန်းစီသည် ထိတ်လန့်တုန်လှုပ်နေရာမှ ရုန်းထွက်နိုင်ခြင်းမရှိသေးသော အချိန်မှာပင် ကျန်းဝူက သူ့ကို ထပ်မံ၍ဆွဲခေါ်လေသည်။
ထို့ကြောင့် သူသည် နံဘေးဘက်သို့ အလျင်အမြန်ကြည့်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် သူ့၏မျက်လုံးများ ပြူးကျယ်သွားပေ၏။
သူသည် မစင်ပုံးတစ်စုံကိုထမ်းလာကာ အလွန်လျင်မြန်စွာပြေးလွှားနေသော လူကြီးတစ်ယောက်ကို တွေ့မြင်မိသည်။ထိုလူကြီးသည် အလုပ်ရှုပ်နေပုံရကာ သူ၏အသက်အရွယ်ထက်ကျော်လွန်၍ ဖျတ်လတ်တက်ကြွနေသည်။
ကျန်းစီ၏ခန္ဓာကိုယ်တစ်ခုလုံး ဇောချွေးများဖြင့် ရွှဲနစ်သွားတော့သည်။
ဤမစင်ပုံးသယ်ဆောင်သူကိုကြည့်ပြီး ကျန်းစီသည် အလွန်ထိတ်လန့်တုန်လှုပ်ကာ ကြက်သေသေသွားသည်။
သူ့၏လက်အတွင်းရှိ မစင်ပုံးများကိုသယ်ဆောင်ရင်း ခုန်ပေါက်သွားလာနေကာ သူတချက်ခုန်လိုက်တိုင်း ခုနစ်ပေခန့်အကွာသို့ရောက်ရှိသွားပေ၏။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုလူကြီးသည် လမ်း၏အဆုံးသတ်၌ ပျောက်ကွယ်သွားခဲ့သည်။
ဤကဲ့သို့ ဖျတ်လတ်တက်ကြွမှုမျိုးကို ကခုန်နေသောမိန်းမကြီးများနှင့်လှေသမားတို့ ယှဉ်ပြိုင်နိုင်မည်မဟုတ်ချေ။
"အရမ်းကြောက်ဖို့ကောင်းတာပဲ"
ကျန်းစီက ကူကယ်ရာမဲ့စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
"အမှန်ပဲ...အဲ့ဒီလှေသမားတွေ မိန်းမကြီးတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင်....ဒီလူကြီးက ငါတို့မိုးမြေဂိုဏ်းရဲ့အစစ်အမှန်အဖွဲ့ဝင်တစ်ယောက်လို့ ယူဆလို့ရတယ်...သူက ငါတို့ဂိုဏ်းရဲ့ မစင်သယ်ယူပို့ဆောင်ရေး အထူးတာဝန်ခံပဲ...အရင်တုန်းက ငါတို့မဟာအကြီးအကဲရဲ့ချီးမွမ်းမှုကို သူက ရခဲ့ဖူးတယ်...ဒီလိုဂုဏ်ကျက်သရေမျိုးကို ရဖို့ဆိုတာ ငါတို့ဂိုဏ်းတစ်ဂိုဏ်းလုံးမှာ အရမ်းရှားပါးတယ်...ငါနဲ့ငါ့ရဲ့စီနီယာတွေတောင်မှ သူ့ကိုမြင်တွေ့တဲ့အချိန်မှာ တာဝန်ခံလုလို့ ရိုရိုသေသေခေါ်ရတယ်"
ကျန်းဝူက ပွင့်ပွင့်လင်းလင်းရှင်းပြလေ၏။
"ဒါပေမဲ့ တာဝန်ခံလုက ငါတို့မိုးမြေဂိုဏ်းဝင်မဟုတ်သေးဘူး...ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ဂိုဏ်းမှာ နဂါးတွေကျားတွေ ပုန်းအောင်းနေတယ်... ဂိုဏ်းချုပ်နဲ့စီနီယာအစ်ကိုတွေအပြင် ထူးထူးခြားခြားပုံပန်းသွင်ပြင်တွေရှိတဲ့ ဆန်ကုန်မြေလေး လေးယောက်အဖွဲ့ရှိတယ်...ပြီးတော့ ဂိုဏ်းရဲ့အစောင့်အရှောက်နတ်ဘုရားသားရဲမန်မန်...ဂိုဏ်းကိုလာရန်စတဲ့ ဘယ်သူ့ကိုမဆိုတိုက်ခိုက်တဲ့ အကြီးအကဲချင်....တကယ်တော့ အနောက်ဘက်ခြံဝင်းမှာ လှည့်ပတ်သွားလာနေတဲ့ မသင်္ကာစရာကောင်းတဲ့ ပုံပန်းသွင်ပြင်နဲ့ဘုန်းတော်ကြီးကလည်း အရမ်းအစွမ်းထက်တယ်"
"ညီလေး...မင်းပြောနေတာကို ရပ်လိုက်တော့"
ကျန်းစီသည် ကျန်းဝူ၏ပါးစပ်ကို သူ့၏လက်ဖြင့်ပိတ်ကာ စိတ်အားထက်သန်နေသောမျက်နှာအမူအယာဖြင့် ပြောဆိုလိုက်သည်။
"ငါ့ကို ပြောစမ်းပါ...ငါ မိုးမြေဂိုဏ်းထဲကို ဘယ်လိုဝင်လို့ရနိုင်မလဲ"