အခန်း (၅၀၆-၅၁၀)
Vol. 34 Ch. 506-510
Chapter 506
ကြယ်များ၏ မကြုံစဖူးစွမ်းအားတရပ်က လေဟာနယ်အတွင်းသို့ ပျံ့နှံ့သွားသည်။
မိုးကောင်းကင်ယံတခွင်လုံးသည် ကြယ်မြေပုံကြီးတချပ်အဖြစ်သို့ ပြောင်းလဲသွားပေ၏။
လောကကြီးကိုဖျက်ဆီးနိုင်သော စွမ်းအားရှိသည့် ဖျက်ဆီးခြင်းအရှင်၏မျက်နှာပင်လျှင် ရှုပ်ထွေးသောတွက်ချက်မှုများ ပြုလုပ်နေခြင်းကြောင့် သိသာသောအရှိန်နှုန်းဖြင့် ဖြူရော်လာခဲ့သည်။
သို့ရာတွင်....
သူသည် အကောင်းဆုံးကြိုးစားပြီး ဆေးလုံးများ ဆယ်နှင့်ချီ၍သောက်သုံးခဲ့သည့်တိုင် တစ်စုံတစ်ခုကိုမျှ ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။
ဖန်ရှောင်ထျန်း မည်ကဲ့သို့သေဆုံးသွားသည်ကိုသူ မသိရှိပေ။
ဟိုင်ဖေးမျိုးနွယ်စုမှ ညီအကိုငါးယောက်၏စိတ်ဆန္ဒကိုယ်ပွားများ မည်သည်ကြောင့် ပြန်ရုပ်သိမ်းသွားသည်ကိုလည်း သူ မသိရှိရချေ။
ဤကိစ္စများအတွက် ပြဿနာ၏အစအနတစ်ခုတလေကိုမျှ သူ ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိပေ။
"ဒီလောကကြီးထဲမှာ ဘာတွေဖြစ်နေတာလဲ"
ဖျက်ဆီးခြင်းအရှင်၏ခန္ဓာကိုယ် တုန်ရီနေသည်။သူသည် ဤကဲ့သို့လေးလံမှုမျိုးကို ခံစားမိသည်မှာ ပထမဆုံးအကြိမ်ပင်။
အမှောင်ထုအတွင်း၌ နောက်ကွယ်မှနေ၍ အရာရာတိုင်းကို ထိန်းချုပ်နေသော လက်မည်းကြီးတစ်စုံရှိနေသည့်အလားပင်။
သို့ရာတွင်...
သူသည် အရာအားလုံးကို ခြယ်လှယ်နိုင်သော ဖျက်ဆီးခြင်းအရှင်မဟုတ်လော....
"ဒီကိစ္စထဲမှာ ဘယ်သူဝင်ရှုပ်နေတာလဲ"
ဖျက်ဆီးခြင်းအရှင်၏မျက်နှာသည် ရေညှစ်ထားသောအဝတ်စုတ်တစ်ခုအလား ရှုံတွနေသည်။
သို့ရာတွင် သူ၏စိတ်အတွင်း၌ လွန်ခဲ့သောခေတ်ကာလအဆက်ဆက်အတွင်းရှိ အင်မော်တယ်မြစ်ကုန်းမြေမှ အစွမ်းထက်သောတည်ရှိမှုကြီးများအားလုံးကို စစ်ဆေးပြီးသည့်တိုင် ဤလူကို ရှာတွေ့ခြင်းမရှိချေ။
အကြောင်းအရင်းမှာ မည်သည့်သဲလွန်စမျှမကျန်ရှိဘဲ သူ့၏အစီအစဉ်ကို နှောက်ယှက်နိုင်သောစွမ်းအားမျိုးရှိသူဟူ၍ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေသောကြောင့်ပင်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုလူသည် သူ့၏ကြယ်မြေပုံတွက်ချက်မှုများအောက်မှ လွတ်မြောက်နေခဲ့သည်။
"အရှင် ဘာတွေဖြစ်နေတာလဲ....အတိအကျ ပြောပြနိုင်မလား"
ထိုအချိန်မှာပင် မြေပြင်ပေါ်၌ဒူးထောက်နေသော ငွေရောင်မျက်နှာဖုံးစွပ်လူသည် စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလေ၏။
"ကိစ္စတွေက ဒီလိုဖြစ်လာမှာတော့ ငါက မင်းကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခိုင်းရုံပဲရှိတော့တယ်"
ဖျက်ဆီးခြင်းအရှင်သည် အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် တည်ကြည်လေးနက်စွာပြောဆိုသည်။
"အမ်....ဒါပေမဲ့ ငါက ရွေးချယ်ခံတစ်ယောက် မဟုတ်ဘူးလေ"
ငွေရောင်မျက်နှာဖုံးစွပ်လူက အံ့အားတသင့်ပြောဆိုလိုက်၏။
"ဒါဆိုရင်လည်း ငါက နည်းလမ်းတစ်ခုရှာပြီးတော့ မင်းကို ရွေးချယ်ခံတယောက်ဖြစ်အောင် လုပ်ရလိမ့်မယ်"
ဖျက်ဆီးခြင်းအရှင်က မျက်မှောင်ကြုတ်လိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ဒီနေရာကိုဖြည့်တင်းဖို့အတွက် လူတစ်ယောက်လိုအပ်တယ်...မင်းက ငါ့အပေါ်မှာ သစ္စာစောင့်သိလာခဲ့တာ နှစ်တွေအများကြီးကြာခဲ့ပြီ...ဒါကြောင့် ဒါက မင်းအတွက် ငါက ဆုလာဘ်ချီးမြင့်တာလို့ ယူဆနိုင်တယ်"
ထိုစကားကိုကြားချိန်တွင်....
ငွေရောင်မျက်နှာဖုံးစွပ်လူ၏ မျက်လုံးများတောက်ပသွားကာ ချက်ချင်းဆိုသလိုပင် ဒူးထောက်အရိုအသေပြုလိုက်သည်။
"အရှင့်ကို ကျေးဇူးတင်ပါတယ်"
"ဒါပေမဲ့ မင်းမှာ တာဝန်တစ်ခုမရှိတာတော့မဟုတ်ဘူး"
ဖျက်ဆီးခြင်းအရှင်က တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"အရှင်....ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ညွှန်ကြားပေးပါ"
ငွေရောင်မျက်နှာဖုံးစွပ်လူက ပျာပျာသလဲပြောဆိုသည်။
"ငါက ကောင်းကင်ဘုံရဲ့ရွေးချယ်ခံ အစားထိုးတဲ့နည်းစနစ်ကို အသုံးပြုပြီးတော့ မင်းရဲ့အရှိန်အဝါတွေအားလုံးကို ဖုံးကွယ်လိုက်မယ်...ဒါက မင်းကို ရွေးချယ်ခံတယောက်ဖြစ်သွားစေရုံတင်မကဘူး မင်းကို အပြည့်အဝ ပြောင်းလဲသွားစေမယ်....ပြီးတော့ မင်းနဲ့ငါကြားမှာရှိတဲ့ ပတ်သက်ဆက်နွယ်မှုကို ဘယ်သူမှခြေရာမခံနိုင်အောင် လုပ်ရမယ်"
ဖျက်ဆီးခြင်းအရှင်က အလေးအနက်ထား၍ ပြောဆိုသည်။
ငွေရောင်မျက်နှာဖုံးစွပ်လူ၏မျက်လုံးများ တောက်ပသွားကာ သူက အံ့အားတသင့်ပြောဆိုလိုက်၏။
"အရှင်...မင်း ဆိုလိုတာက....."
"ဒါက အမှန်ပဲ...ဒီကိစ္စတွေရဲ့နောက်မှာ ဘယ်သူရှိနေလဲဆိုတာ ငါ မင်းကို ရှာဖွေဖော်ထုတ်စေချင်တယ်"
ဖျက်ဆီးခြင်းအရှင်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"အဲ့ဒီလူက ငါ့ကိုဆန့်ကျင်ချင်မှတော့ သူက ရွေးချယ်ခံတွေကို ပစ်မှတ်ထားမှာ သေချာပေါက်ပဲ...တကယ်လို့ မင်းက ရွေးချယ်ခံတွေကြားထဲမှာ ရောယောင်ပြီးဝင်နေမယ်ဆိုရင် ငါကိုယ်တိုင်စုံစမ်းတာထက် သဲလွန်စတွေရှာဖို့ ပိုပြီးလွယ်ကူလိမ့်မယ်"
"နားလည်ပါပြီ"
မြေပြင်ပေါ်၌ဒူးထောက်နေသော ငွေရောင်မျက်နှာဖုံးစွပ်လူသည် တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြလေသည်။
"ကောင်းပြီလေ...မင်း ကောင်းချီးပေးမှုကိုခံယူဖို့ အဆင်သင့်ပြင်လိုက်တော့"
ဖျက်ဆီးခြင်းအရှင်၏ အလေးအနက်ထားသောအသံကြီး ထွက်ပေါ်လာသည်နှင့်အတူသူ့၏လက်ကိုဝှေ့ယမ်းလိုက်ရာ ဖရိုဖရဲနယ်မြေအတွင်း၌ လေပြင်းများတဝုန်းဝုန်းတိုက်ခတ်လာသည်။ထို့နောက် မဟာတာအို၏စွမ်းအားများ ပျံ့နှံ့သွားကာ ငွေရောင်မျက်နှာဖုံးစွပ်လူကို လွှမ်းခြုံသွားပေ၏။
ထို့နောက်မှနေ၍ မိုးကောင်းကင်ယံကို လွှမ်းခြုံနေသော မိုးကြိုးအလင်းတန်းများက ငွေရောင်မျက်နှာဖုံးစွပ်လူထံသို့ တလိမ့်လိမ့်စီးဝင်လာသည်။
ဤမြင်ကွင်းသည်....
ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ခံယူသည့်မြင်ကွင်းနှင့် အလွန်အမင်း တူညီနေသည်။
ဤကောင်းချီးပေးမှုကို ခံယူပြီးနောက် သူပြန်လည်မွေးဖွားလာပေမည်။
ကသောင်းကနင်းဖြစ်နေသောကိစ္စများ ငြိမ်သက်သွားချိန်တွင် ငွေရောင်မျက်နှာဖုံးစွပ်လူ၏ ပုံပန်းသွင်ပြင် လုံးလုံးလျားလျားပြောင်းလဲသွားသည်။သူ့၏မျက်နှာပေါ်ရှိ မျက်နှာဖုံးသည်လည်း ပျောက်ကွယ်သွားကာ ငယ်ရွယ်သောပုံပန်းသွင်ပြင်တစ်ခုက အစားထိုးနေရာဝင်ယူနေခဲ့သည်။
"သွားတော့"
ဖျက်ဆီးခြင်းအရှင်က သူ့၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဟုတ်ကဲ့"
သူ့ကိုယ်သူ ထျန်းရှီယွမ်ဟု အမည်ပေးထားသောလူငယ်သည် ဖရိုဖရဲနယ်မြေ၏အတွင်းပိုင်းမှ ထွက်ခွာသွားပြီးနောက် ဖရိုဖရဲခန်းမအတွင်းသို့ ရောက်ရှိသွားသည်။သူသည် မူလက ဖန်ရှောင်ထျန်းထိုင်ခဲ့သော အပြာရောင်အင်မော်တယ်အလင်းတိုင်လုံးအတွင်း၌ ဝင်ထိုင်လိုက်၏။
ထိုမြင်ကွင်းကိုကြည့်ပြီး...
ဖျက်ဆီးခြင်းအရှင်သည် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်၏။
သို့ရာတွင် တစ်ချိန်တည်းမှာပင် သူ့၏နှုတ်ခမ်းထောင့်မှနေ၍ သွေးစီးကြောင်းတစ်ကြောင်း ယိုစီးကျလာသည်။
သူသည် မိုးကောင်းကင်ကို လိမ်လည်လှည့်ဖျားသည့် နည်းလမ်းကိုအသုံးပြုခဲ့ပြီး ဖန်ရှောင်ထျန်း၏နေရာတွင် ထျန်းရှီယွင်ကိုအစားထိုးခဲ့ခြင်းကြောင့် သူ့အတွက် ကြီးမားသောထိခိုက်မှုဖြစ်စေခဲ့သည်မှာ သိသာထင်ရှားသည်။
သို့ရာတွင် သူ့ထံ၌ ရွေးချယ်စရာမရှိတော့သဖြင့် ထိုသို့သာပြုလုပ်ရပေမည်။
သူ့အားဆန့်ကျင်နေသည့် ကိစ္စရပ်များ၏ နောက်နောက်ကွယ်ရှိလူသည် အလွန်အမင်းအစွမ်းထက်သည်ကို သူ ခံစားမိသည်။ဖျက်ဆီးခြင်းအရှင်ဖြစ်သော သူပင်လျှင် ထိုလူကို ပေါ့ပေါ့ဆဆသဘောထားဝံ့ခြင်းမရှိချေ။
အကယ်၍ သူသည် ဤလူ့အားထွက်လာစေရန်မျှားမခေါ်ပါက သူ့၏အစီအစဉ်များတွင် ပို၍ကြီးမားသော အပြောင်းအလဲများနှင့် ရင်ဆိုင်ရပေမည်။
ထျန်းရှီယွင်ကို သူ့၏ဝှက်ဖဲအဖြစ် အသုံးပြုပါက ဤလူအားရင်ဆိုင်ရန် ပို၍လွယ်ကူသွားပေမည်။
ထိုအကြောင်းကိုတွေးတောရင်း ဖျက်ဆီးခြင်းအရှင်၏နှုတ်ခမ်း တွန့်ကွေးသွားကာ သူ့၏နှုတ်မှ ရေခဲတမျှအေးစက်သောအသံတစ်သံ ထွက်ပေါ်လာသည်။
"ငါ့ကိုဆန့်ကျင်တဲ့ ဘယ်သူမဆို ငါ မင်းကိုသေချာပေါက်မျှားခေါ်မယ်"
Chapter 507
လဝက်နီးပါးခန့်ရှာဖွေပြီးနောက် ကျန်းရီသည် နောက်ဆုံး၌ လက်ကမ်းကြော်ငြာကိုရှာတွေ့ကာ မိုးမြေဂိုဏ်းအတွင်းသို့ အောင်မြင်စွာဝင်ရောက်နိုင်ခဲ့သည်။
ဂိုဏ်းအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် ကျန်းရီသည်လည်း တခြားညီလေးယောက်ကဲ့သို့ စာကြည့်ဆောင်အတွင်း၌သာ တနေကုန်နစ်မြောနေသည်။
"ဟူး...."
"ဒါကို လာကြည့်ကြပါအုံး"
ထိုအချိန်မှာပင် ကျန်းစန်းသည် သူ့၏လက်အတွင်း၌ ကျောက်စိမ်းပြားတစ်ခုကိုကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် အံ့အားတသင့်ရေရွတ်လိုက်သည်။
ထိုစကားကိုကြားချိန်တွင် တခြားကျန်းညီအစ်ကိုများသည် နံဘေးပတ်လည်သို့ အလျှင်အမြန်စုဝေးလာကြ၏။
ထိုရုပ်ပုံကျောက်စိမ်းပြားပေါ်၌ မြင်ကွင်းတစ်ခုကို ပြသနေသည်။
အေးစက်စက်လေများအကြားတွင် ချောက်ချားဖွယ်အသံများနှင့် အတူယှဥ်တွဲ၍ ဦးထုပ်မြင့်ဆောင်းထားကာ တည်ကြည်လေးနက်သော အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားသည့် လူငါးယောက်ကို ဝိုးတဝါးတွေ့မြင်နိုင်သည်။
ခေါင်းဆောင်လုပ်သူ၏လက်အတွင်းတွင် တောင်ဝှေးတစ်ချောင်းကိုကိုင်ထားကာ တခြားလူလေးယောက်၏ပခုံးများထက်တွင် အနက်ရောင်ခေါင်းတလားများကို သယ်ဆောင်ထားသည်။
နတ်ဆိုးသံစဥ်တစ်ခုနှင့်အတူ သူတို့သည် ပြီးပြည့်စုံစွာ သဟဇာတကျကျ လှုပ်ရှားနေကြပြီး သူတို့၏လုပ်ရပ်များသည် ပေါင်းစည်းနေကာ တညီတညွတ်တည်းဖြစ်နေသည်။
"တာအို...."
"ဒါက တာအိုပဲ...ဒါက ငါတို့တွေ အချိန်အကြာကြီး ရှာဖွေခဲ့တဲ့ တာအိုပဲ"
ကျန်းဝူက ကျယ်လောင်စွာ အံ့အားတသင့် အော်ဟစ်လိုက်သည်။
တခြားကျန်းညီအစ်ကိုများသည်လည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသည်။
အကြောင်းအရင်းမှာ ကျန်းဝူပြောဆိုသည်မှာ အမှန်ဖြစ်နေပြီး အကြည့်တစ်ချက်ဖြင့် ဤသည်က သူတို့၏တာအိုဖြစ်ကြောင်း သူတို့ သိရှိသောကြောင့်ပင်။
ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့သော ခံစားချက်တစ်ခုဖြစ်ပေ၏။
အကြည့်တစ်ချက်ဖြင့်ပင် ဤသည်မှာ သူတို့နှင့် သက်ဆိုင်ခြင်းရှိမရှိ အတပ်ပြောနိုင်သည်။
သူတို့မျက်စိရှေ့ရှိ ဤတာအိုသည် သူတို့အတွက် အံ့ဝင်ခွင်ကျပင်။
ဤအချိန်အခိုက်အတန့်တွင် ကျမ်းညီအစ်ကိုငါးယောက်သည် ခေါင်းတလားများကိုသယ်ဆောင်လာသော အနက်ရောင်ဝတ်စုံဝတ်လူများ၏မြင်ကွင်းကို ထပ်ခါတလဲလဲကြည့်နေလေ၏။သူတို့သည် တကြိမ်ကြည့်ပြီးတိုင်း ပို၍နက်ရှိုင်းသော ထိုးထွင်းသိမြင်မှုများကို ရရှိခဲ့သည်။
တစ်ချိန်တည်းမှာပင် သူတို့၏စွမ်းအားများသည်လည်း ခုန်ပျံကျော်လွှား၍ မြင့်တက်လာသည်။
ထိုအချိန်မှာပင် ကျန်းအာ၏ကျောက်စိမ်းပြားမှ အလင်းရောင်များတောက်ပလာသည်။
ဤသည်မှာ ဖရိုဖရဲခန်းမအတွင်းတွင် ကျန်ရှိနေခဲ့သော မိတ်ဆွေကောင်းတစ်ယောက်ထံမှ စာတစ်စောင်ဖြစ်ပေ၏။သူတို့ငါးယောက်သည်မည်သည်ကြောင့် အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်အား လေ့လာဆင်ခြင်ရမည့်အခွင့်အရေးကို လက်လွှတ်ခြင်းကို မေးမြန်းစုံစမ်းထားပြီး ထိုကိစ္စ၏နောက်ကွယ်တွင် ဖုံးကွယ်ထားသောအကြောင်းရင်းရှိမရှိ သူ သိလိုသည်။
"ဒီစာကို ဘယ်သူပို့လိုက်တာလဲ"
ကျန်းရီက မေးမြန်းသည်။
"အစ်ကိုကြီး...ဒါက ပိုင်ယောင်ပါ...ငါတို့ ဘာလို့ဖရိုဖရဲခန်းမကနေ ထွက်လာတာလဲဆိုတာ သူက မေးမြန်းထားတယ်...မိုးမြေဂိုဏ်းအကြောင်း သူကိုပြောသင့်မပြောသင့်နဲ့ သူ့ကို ဒီနေရာစီလာဖို့ဖိတ်ခေါ်ရမလားဆိုတာကို ငါ စဉ်းစားနေတယ်....ဘယ်လိုပဲဖြစ်ဖြစ် ပိုင်ယောင်နဲ့ငါတို့ညီအစ်ကိုတွေကြားမှာ အမြဲတမ်း ဆက်ဆံရေးကောင်းတခုရှိခဲ့တယ်...မင်းတို့ ဘယ်လိုသဘောရလဲ"
"အင်း...ငါတို့နဲ့ပိုင်ယောင်ကြားမှာရှိတဲ့ ဆက်ဆံရေးက တကယ့်ကိုပဲ ကောင်းမွန်တယ်...တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ငါတို့က သူ့ကို ဒီနေရာဆီ ဖိတ်ခေါ်သင့်တယ်လို့ ငါ ထင်တယ်"
ကျန်းစန်းကလည်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
ကျန်းရီနဲ့ကျန်းစီတို့က ကျန်းဝူကို ကြည့်လိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ ကျန်းဝူသည် အငယ်ဆုံးဖြစ်သော်လည်း သူသည် သူတို့၏အမာခံကျောရိုး ဖြစ်နေလေပြီ။
"မိုးမြေဂိုဏ်းက လုပ်တဲ့လုပ်ရပ်တွေမှာ တစ်ခုခုကို ဖုံးကွယ်ထားတာ ဒါမှမဟုတ် တစ်ခုခုကိုထိန်းချုပ်ထားတာမျိုး ဘယ်တော့မှမရှိဘူး...ဂိုဏ်းရဲ့တပည့်တွေ ဖြစ်လာပြီဆိုတာနဲ့ ငါတို့အားလုံးက အတူတူပဲ...ဒါကြောင့် တကယ်လို့ ငါတို့က သူ့ကိုပြောလိုက်မယ်ဆိုရင်တောင် ဘာပြဿနာမှမရှိဘူး...တကယ်လို့ သူ့ဆီမှာ ဂိုဏ်းကို ဝင်နိုင်တဲ့ လက်ကမ်းကြော်ငြာရှိနေမယ်ဆိုရင် ငါတို့ သူ့ကို ဖိတ်ခေါ်လို့ရတယ်"
"တကယ်တော့ သူ့မှာ လက်ကမ်းကြော်ငြာမရှိဘူးဆိုရင်လည်း ကိစ္စမရှိဘူး...ကျွန်းပေါ်ကိုလာပြီးတော့ အမှိုက်တချို့ကို ကောက်လိုက်ရုံနဲ့ အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်ကို လေ့လာဆင်ခြင်တာထက် ပိုပြီးကောင်းမွန်တဲ့ အခွင့်အရေးတချို့ ရရှိနိုင်တယ်"
"ကောင်းပြီလေ"
ကျန်းအာက ခေါင်းညိတ်လိုက်သည်။
ထို့နောက်ကျန်းအာသည် မိုးမြေဂိုဏ်းအတွင်း၌ သူတို့မြင်ခဲ့ကြားခဲ့ရသမျှအရာအားလုံးနှင့် ယခုလက်ရှိ သူတို့၏ခွန်အားကို ပိုင်ယောင်ထံသို့ အကြောင်းကြားလိုက်သည်။
ထိုသတင်းစကားကိုကြားရချိန်တွင် ပိုင်ယောင်သည် အံ့အားသင့်တုန်လှုပ်သွားပေ၏။
သူသည်လည်း စိတ်မငြိမ်မသက်ဖြစ်စပြုလာသည်။
တစ်လအတွင်း၌ နက်နဲသိမ်မွေ့အင်မော်တယ်တစ်ယောက်ဖြစ်လာသည်မှာ မယုံကြည်နိုင်ဖွယ်ရာပင်။သို့ရာတွင် ကျန်းရီတို့လူစု၏ အကျင့်စရိုက်ကို သူ ကောင်းစွာသိရှိထားသည့်အပြင် သူတို့သည် သူ့အား လှည့်စားရန်အကြောင်းအရင်းမရှိသည်ကို သူ နားလည်သဘောပေါက်သည်။
ထို့ပြင်အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင် ပွင့်လာရန်မှာလည်း အချိန်အတော်ကြာ လိုအပ်နေဆဲပင်။
ထို့ကြောင့် သူသည် မည်သည်ကြောင့် ထိုနေရာသို့ သွား၍မကြည့်ရမည်နည်း။
ဤသို့ဖြင့် နောက်တစ်နေ့တွင် အပြာရောင်အင်မော်တယ်အလင်းတိုင်လုံးအတွင်းရှိ ပိုင်ယောင်သည် စတင်၍ထွက်ခွာခဲ့တော့သည်။သူသည် မိုးမြေဂိုဏ်းထံသို့ ခရီးထွက်ရာ၌ သူတစ်ယောက်တည်း သွားသည်မဟုတ်ချေ။
ပိုင်ယောင်သည် အစဉ်အမြဲမိတ်ဆွေဖွဲ့ရသည်ကို သဘောကျနှစ်ခြိုက်သူဖြစ်ပေ၏။ဖရိုဖရဲခန်းမအတွင်းသို့ မဝင်ရောက်သေးသောအချိန်ကပင် သူ့ထံတွင် မိတ်ဆွေတချို့ ရှိနေပြီးဖြစ်သည်။ ဖရိုဖရဲခန်းမအတွင်းသို့ ဝင်ရောက်ပြီးနောက် သူသည် မိတ်ဆွေအမြောက်အများကို ထပ်မံ၍ရရှိခဲ့သည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် သူနှင့်အတူ သူ့၏မိတ်ဆွေများအားလုံးကို ခေါ်ဆောင်လာခဲ့သည်။
ဤခရီးကိုထွက်လာသည်မှာ လူဆယ်ယောက်ကျော်ခန့် ရှိပေ၏။
နှစ်ရက်အတွင်း၌ ပိုင်ယောင်နှင့်သူ၏မိတ်ဆွေဆယ်ယောက်ကျော်သည် ကျွန်းပေါ်သို့ ရောက်ရှိလာခဲ့သည်။
သူတို့ထံတွင် လက်ကမ်းကြော်ငြာများမရှိသော်လည်း ကျွန်းပေါ်သို့ ခြေချပြီးသည်နှင့် ချွင်းချက်မရှိဘဲ သူတို့သည် ဤနေရာ၌ အခြေချနေထိုင်ရန် ပြင်ဆင်လိုက်ကြသည်။
သို့ရာတွင်....
ပိုင်ယောင်၏မိတ်ဆွေများတွင်လည်း မိတ်ဆွေများထပ်ရှိနေပြီး ဤသတင်းစကားသည် ပျံ့နှံ့သွားမည်ဟု မည်သူမျှ မျှော်လင့်မထားမိကြချေ။
တစ်လခန့်အချိန်ကာလအတွင်းတွင် မိုးမြေဂိုဏ်း၏ကျွန်းပေါ်၌ လူငါးဆယ်ခြောက်ဆယ်ခန့် ရောက်ရှိလာခဲ့သည်။ဤသည်မှာ ယခင်ကကြီးကျယ်ခမ်းနားသော ဖရိုဖရဲခန်းမကြီးကို လူကျဲပါးကာ တိတ်ဆိတ်ငြိမ်သက်သွားစေသည်။
ဖရိုဖရဲခန်းမ၏ အတွင်းပိုင်းလေဟာနယ်အတွင်း၌.....
ထျန်းရှီယွင်သည် မြေပြင်ပေါ်၌ ဒူးထောက်နေကာ သူ့၏ခန္ဓာကိုယ် တုန်ရီနေသည်။
"အသုံးမကျတဲ့ အမှိုက်ကောင်...မင်း အသုံးဝင်တာ ဘာရှိလဲ"
"မင်းကို ရွေးချယ်ခံတစ်ယောက် ဖြစ်လာဖို့အတွက် ငါက ကြီးမားတဲ့တန်ကြေးကို ပေးဆပ်ခဲ့ရတယ်....ဒါကိုတောင် မင်းက တာဝန်ထမ်းဆောင်ဖို့ နည်းနည်းလေးတောင် ရည်ရွယ်ချက်မရှိဘူး...တစ်လအတွင်းမှာ ဆယ်နဲ့ချီတဲ့လူတွေကို မင်းက ဆုံးရှုံးသွားစေခဲ့တယ်"
ဖျက်ဆီးခြင်းအရှင်၏ ဖိအားအရှိန်အဝါဆင်းသက်လာသဖြင့် မြေပြင်ပေါ်၌ဒူးထောင်နေသော ထျန်းရှီယွင်ထံမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။
"အရှင် ငါ မှားပါတယ်...ငါ မှားသွားပါတယ်...ငါတကယ့်ကို အမှားကျူးလွန်ခဲ့မိတယ်"
ထျန်းရှီယွင်သည် ထပ်ခါတလဲလဲတောင်းပန်နေကာ သူ့၏နဖူးပြင်မှနေ၍ ဇောချွေးများယိုစီးကျနေသည်။
"ငါ မင်းကို မေးမယ်...ဒီတကြိမ်မှာ လူတွေအများကြီးပျောက်သွားတာ မင်း သဲလွန်စတစ်ခုခုကိုရှာတွေ့လား"
ဖျက်ဆီးခြင်းအရှင်က အသံနက်ကြီးဖြင့်မေးမြန်းသည်။
"အရှင် ငါ....ငါက ဖရိုဖရဲကျောက်စာတိုင်ကထုတ်လွှတ်တဲ့စွမ်းအားတွေကို မှီခိုပြီးတော့ အင်မော်တယ်အလင်းတိုင်လုံးထဲမှာ ကျင့်ကြံနေခဲ့တာ...ငါ့ရဲ့မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ သူတို့တွေအားလုံး မရှိတော့ဘူး...ငါက...."
ထျန်းရှီယွင်၏ပါးစပ်မှနေ၍ တုန်ရီနေသောအသံထွက်ပေါ်လာပြီးနောက် သူ့၏မျက်နှာပေါ်သို့ ရိုက်ချက်ပြင်းပြင်းတချက် ကျရောက်လာသည်။
"အသုံးမကျတဲ့ အမှိုက်ကောင်....ငါက ဘာအကြောင်းအရင်းမှမရှိဘဲ မင်းကို ရွေးချယ်ခံတစ်ယောက်ဖြစ်အောင် လုပ်ပေးထားမှာလား...."
"ဒါက မင်း သူတို့တွေကြားထဲကို ရောယောင်ဝင်ပြီးတော့ ငါ မသိနိုင်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းဖို့အတွက်ပဲ...မင်းက ဘာလို့ အင်မော်တယ်အလင်းတိုင်လုံးထဲမှာ ကျင့်ကြံနေတာလဲ"
"သောက်ရေးမပါတဲ့အရူးကောင် မင်းက တံခါးပိတ်ကျင့်ကြံချင်သေးတာလား"
ဖျက်ဆီးခြင်းအရှင်သည် စကားပြောဆိုနေရင်း ပို၍ဒေါသထွက်လာပေ၏။
မူလက သူ့၏အဆင့်အတန်းကြောင့် သူ့၏စိတ်တည်ငြိမ်မှုများ ဆုံးရှုံးမသွားစေရန် ထိန်းသိမ်းထားခဲ့သည်။သို့ရာတွင် ခန်းမအတွင်း၌ လူအနည်းငယ်သာ ကျန်ရှိတော့ကြောင်းကို မြင်တွေ့ပြီးနောက် သူသည် ထျန်းရှီယွင်ကို နေရာမှာပင် ရိုက်သတ်လိုစိတ်များ ပေါက်ဖွားလာသည်။
သူသည် ဤကိစ္စအတွက် ခေတ်ကာလပေါင်းများစွာ စီစဉ်ခဲ့ရပြီး အရာများအားလုံးသည် သူ့၏အပတ်တကုတ် အင်အားစိုက်ထုတ်ခဲ့မှုများပင်။
"အရှင် ငါ မှားသွားပါတယ်....ကျေးဇူးပြုပြီးတော့ ငါ့ကို ခွင့်လွှတ်ပေးပါ...ငါ့ကို တခြားအခွင့်အရေးတစ်ခု ပေးပါ...နောက်ထပ် ဘာဆက်လုပ်ရမယ်ဆိုတာ ငါ သိပါပြီ"
ထျန်းရှီယွင်သည် မြေပြင်ပေါ်၌ဒူးထောက်ပြီး ဦးတိုက်အရိုအသေပြုနေကာ သူ့၏မျက်နှာပေါ်တွင် ဆုံးဖြတ်ချက်ချထားသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
"ဟမ့်..."
"ဒီနေရာကနေ အခုချက်ချင်း ထွက်သွားစမ်း...ငါ မင်းကို နောက်ထပ် အချိန်တစ်လပေးမယ်...တကယ်လို့ မင်း ဘာသဲလွန်စကိုမှ ရှာမတွေ့သေးဘူးဆိုရင် သွားသေလိုက်တော့"
ဖျက်ဆီးခြင်းအရှင်၏ ဒေါသတကြီးအော်ဟစ်လိုက်သောအသံနက်ကြီး ထွက်ပေါ်လာသည်။
ထျန်းရှီယွင်၏ခန္ဓာကိုယ် တုန်ရီသွားကာ နောက်သို့ အလျှင်အမြန်ဆုတ်ခွာလိုက်၏။
Chapter 508
အင်မော်တယ်အလင်းတိုင်လုံးများထံသို့ ပြန်လာပြီးနောက် ထျန်းရှီယွင်၏ပထမဦးစားပေးကိစ္စမှာ ဖရိုဖရဲခန်းမအတွင်းမှ တခြားသူများနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ရန်ပင်။
ဤတစ်ကြိမ်တွင် သူ့၏ကြောင်သူတော်မျက်နှာဖုံးကို လုံးလုံးလျားလျားစွန့်ပစ်ထားကာ သူတို့တစ်ယောက်ချင်းစီကို ရိုးရိုးသားသားဆက်ဆံကာ မိတ်ဖွဲ့ပြီး တစ်စုံတစ်ယောက်ကိုမျှ လက်လွှတ်မခံခဲ့ချေ။
အကြောင်းအရင်းမှာ တခြားသူများသည် သူ့အားယုံကြည်မှသာ သူတို့ကြုံတွေ့ရသောအရာများကို မျှဝေခြင်းမှတဆင့် သူ သဲလွန်စရနိုင်မည်ဖြစ်ကြောင်းကို နားလည်သဘောပေါက်သောကြောင့်ပင်။
ထို့ကြောင့် သူသည် ယခုလက်ရှိချိန်တွင် အပြာရောင်အင်မော်တယ်အလင်းတိုင်လုံးအတွင်း၌ရှိနေကာ မည်သည့်သဲလွန်စမျိုးကိုမျှ ရှာမတွေ့သည့်တိုင် မိတ်ဆွေစစ်တချို့ကို ရရှိခဲ့သည်။
လဝက်ခန့်ကြာပြီးနောက် တစ်စုံတစ်ယောက်သည် နောက်ဆုံး၌ သူ့အား လာရှာလေ၏။
"ညီအကို ထျန်းရှီယွင်...."
"ညီအကိုယွမ်ချန်း...."
"ထျန်း....ငါတို့တွေအချင်းချင်း သိကျွမ်းခဲ့ကြတာ အချိန်တိုလေးပဲ ရှိသေးပေမယ့် ငါတို့က နှစ်တွေအကြာကြီး ခင်မင်ရင်းနှီးခဲ့တဲ့ မိတ်ဆွေတွေလိုခံစားရတယ်...ငါက မင်းကို အရင်းနှီးဆုံးမိတ်ဆွေတစ်ယောက်လို့ သတ်မှတ်ထားတယ်....ဒါကြောင့် ငါ့မှာ ကောင်းတာတစ်ခုရှိနေရင် မင်းနဲ့အတူ ဝေမျှချင်တယ်မင်း စိတ်ဝင်စားမလားဆိုတာ ငါ သိချင်မိတယ်"
ထျန်းရှီယွင်၏မိတ်ဆွေ ယွမ်ချန်းကပြောဆိုသည်။
"အော်...."
"ဒါက ဘာသတင်းကောင်းမလို့လဲ"
ထျန်းရှီယွင်က အလျှင်အမြန် မေးမြန်းသည်။
ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်ပြီးနောက် မည်သူမျှ အာရုံစူးစိုက်ခြင်းရှိမနေသည်ကို သေချာအောင် ပြုလုပ်ပြီးနောက် ယွမ်ချန်းက တိုးညှင်းသောအသံဖြင့် ပြောဆိုသည်။
"ထျန်း...တခြားလူတွေက ဖရိုဖရဲနယ်မြေထဲကနေ ဘာလို့ထွက်သွားလဲဆိုတာ မင်း သိလား"
"အဲ့ဒီကိစ္စကို မင်း သိနေတာလား"
ထျန်းရှီယွင်က စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။
"အမှန်ပဲ...မနေ့က ငါ သတင်းတချို့ကိုရခဲ့တယ်"
ယွင်ချန်းက ပြောဆိုသည်။
"ငါရဲ့မိတ်ဆွေကောင်းတယောက်က ငါ့ကို အကြောင်းကြားခဲ့တယ်...အခုကြည်ကြည်တော့မှ သူတို့က တခြားနေရာကောင်းတခုကို ရှာတွေ့သွားတာပဲ...အဲ့ဒီနေရာမှာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေနဲ့ ပြည့်နှက်နေတယ်...အင်မော်တယ်ရတနာတွေက နေရာအနှံ့အပြားမှာ ပြန့်ကျဲနေပြီးတော့ အရာအားလုံးကို စီမံကွပ်ကဲနေတဲ့ အစွမ်းထက်ဆရာကြီးတစ်ယောက်လည်း ရှိနေတယ်...သူတို့အားလုံးက အဲ့ဒီနေရာမှာခိုလှုံဖို့အတွက် သွားကြတာပဲ"
ထိုစကားကိုကြားချိန်တွင် ထျန်းရှီယွင်၏မျက်လုံးများ တောက်ပသွားသည်။
သူ့၏အင်အားစိုက်ထုတ်ခဲ့မှုများသည် အလဟဿမဖြစ်တော့ဟု သူ တွေးတောမိလေ၏။
အနည်းဆုံးအနေဖြင့် သူ သဲလွန်စတစ်ခုကိုရှာဖွေတွေ့ရှိလေပြီ။
သို့ရာတွင် ထျန်းရှီယွင်သည် တည်ငြိမ်အေးဆေးမှုကို ထိန်းသိမ်းထားဆဲဖြစ်ကာ သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
"ဒီလောက်ထိ အံ့အားသင့်ဖို့ကောင်းနေတာ ဘယ်နေရာမလို့လဲ...ဒါက အမှန်ပဲလား"
"ဒါက မှားလားမှန်လားဆိုတာ ငါ မသိဘူး...ဒီကိစ္စကို ငါ့ရဲ့မိတ်ဆွေက ပြောခဲ့တာပဲ...ဒါပေမဲ့ ဒီလောက်ထိ လူတွေအများကြီး သွားနေမှတော့ငါလည်းပဲ ငါ့ရဲ့ကံကို စမ်းကြည့်ချင်တယ်"
ယွင်ချန်းက ပြောဆိုသည်။
"ပြီးတော့ မင်းရဲ့အကျင့်စရိုက်အရ ပြောရမယ်ဆိုရင်....ထျန်း ငါက ဒီသတင်းကို မင်းနဲ့အတူမျှဝေဖို့ ဆုံးဖြတ်ခဲ့တယ်....မင်း အဲ့ဒီနေရာကို ငါနဲ့အတူ လိုက်ခဲ့ပြီးတော့ တချက်ကြည့်ချင်မလားဆိုတာ ငါ သိချင်မိတယ်"
"ကောင်းပြီလေ...ညီအစ်ကိုယွင်က အဲ့ဒီနေရာအကြောင်းကို အရမ်းအမွှန်းတင်နေမှတော့ ငါက မင်းနဲ့အတူလိုက်ခဲ့မယ်"
ထျန်းရှီယွင်သည် စိတ်လှုပ်ရှားမှုကို ခံစားမိလေ၏။
သူ့၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ဤတစ်ကြိမ်တွင် ကိစ္စရပ်များ၏နောက်ကွယ်၌ ရှိနေသည့်လူအား မျှားခေါ်နိုင်မည့် သဲလွန်စကို သူ ရှာဖွေတွေ့ရှိခဲ့သည်ဟု အတပ်ပြောနိုင်သည်။
တခြားလူများသည် ဖရိုဖရဲနယ်မြေမှ ထျန်းရှီယွင် ထွက်ခွာသွားတော့မည်ကို မြင်တွေ့ချိန်၌ သူတို့သည် မတ်တတ်ထရပ်ကာ စုံစမ်းမေးမြန်းလိုက်ကြသည်။
"မင်း ဘယ်နေရာကို သွားမလို့လဲ"
"ဟုတ်တယ်...ထျန်း...ဘာလုပ်စရာကိစ္စရှိလို့လဲ"
"မင်းမှာ အရေးကြီးကိစ္စတစ်ခုရှိနေလို့လား"
သူတို့၏စိုးရိမ်ပူပန်စွာပြောဆိုနေသော အသံများက သူ့၏နားအတွင်းသို့ ဝင်ရောက်လာသည်။
"အိုး...အားလုံးပဲ ဘာမှ မစိုးရိမ်ကြပါနဲ့...ငါက အပြင်မှာ ကိစ္စတချို့ ဆောင်ရွက်စရာရှိနေတာကြောင့်ပါ....ရက်နည်းနည်းလောက်ကြာရင် ငါ ပြန်လာခဲ့မယ်"
ထျန်းရှီယွင်သည် ချိုသာယဥ်ကျေးစွာဖြင့် အလျှင်အမြန်တုံ့ပြန်သည်။
"ကိုယ်ရေးကိုယ်တာကိစ္စလား...ထျန်း မင်းမှာ ပြဿနာတချို့ ရှိနေတာလား"
"အမှန်ပဲ....မင်း ငါတို့ရဲ့အကူအညီကို လိုအပ်လား"
"တကယ်လို့ မင်းက ငါတို့ရဲ့အကူအညီကို လိုအပ်တယ်ဆိုရင် စကားတစ်ခွန်းပြောလိုက်ရုံပဲ...ငါတို့အားလုံးက မင်းကို ကူညီပေးမယ်"
"ထျန်း...မင်းက အမြဲတမ်းရိုးသားဖြူစင်ပြီးတော့ ငါတို့အပေါ်မှာ သနားကြင်နာတယ်..ငါတို့အချင်းချင်းသိကျွမ်းတာ အချိန်မကြာသေးပေမယ့် မင်းက မိတ်ဆွေကောင်းတစ်ယောက်လို့ ငါတို့အားလုံး ယူဆထားတယ်...တကယ်လို့ မင်းမှာ ပြဿနာတစ်ခုခုရှိတယ်ဆိုရင် ဘာမှတွေဝေမနေဘဲနဲ့ ငါတို့ကို အသိပေးပါ"
သူတို့သည် ထျန်းရှီယွင်ကို အာရုံစူးစိုက်နေကြကာ စုံစမ်းမေးမြန်းနေကြပြီး စိုးရိမ်ပူပန်စွာပြောဆိုနေကြသည်။
ဤအခြေအနေသည် မရိုးဖြောင့်သောစိတ်သဘောရှိသည့် ထျန်းရှီယွင်ကို နွေးထွေးသောခံစားချက်မျိုး ရရှိစေသည်။
လူကောင်းတစ်ယောက်ဖြစ်ကာ မိတ်ဆွေများများဖွဲ့ခြင်းသည် ကောင်းမွန်သောရွေးချယ်မှုတစ်ခု ဖြစ်သော်လည်း သူသည် လူမိုက်တစ်ယောက် ဖြစ်နေသည့်အချက်ကို သူ ပြန်လည်တွေးတောမိသည်။
ထျန်းရှီယွင် ထွက်ခွာသွားလေပြီ။
သူသည် ယွင်ချန်း၏နောက်သို့လိုက်၍ မိုးမြေဂိုဏ်းထံဦးတည်ကာ ထွက်ခွာခဲ့သည်။
ဤတစ်ကြိမ်တွင် သူတို့နှစ်ယောက်တည်း ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
ယွင်ချန်း၌ မိတ်ဆွေအမြောက်အများမရှိဘဲ သုံးလေးယောက်ခန့်သာရှိသည်။ထို့ကြောင့် သူသည် ဖရိုဖရဲခန်းမအတွင်းမှ ထွက်ခွာလာခြင်းချိန်တွင် ထျန်းရှီယွင်တစ်ယောက်တည်းကိုသာ ခေါ်ဆောင်လာခြင်းဖြစ်ပေ၏။
အချိန်တခဏအကြာမှာပင် သူတို့နှစ်ယောက်သည် ကျွန်းငယ်လေးနှင့် မလှမ်းမကမ်းအကွာသို့ ရောက်ရှိလာခဲ့သည်။
ထျန်းရှီယွင်၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
"ဒါက အန္တရာယ်များတဲ့နေရာတစ်ခု ဖြစ်နေပါစေ...ငါ ထျန်းရှီယွင်က ဒီနေ့ ဒီကိစ္စကို ကျော်ဖြတ်နိုင်ရမယ်"
"ဒီကျွန်းပေါ်မှာ ဘယ်လိုလျှို့ဝှက်ချက်မျိုးတွေ ရှိနေလဲဆိုတာ ငါ ကြည့်ချင်တယ်"
"ဖျက်ဆီးခြင်းအရှင်....ကျေးဇူးပြုပြီးတော့ စိတ်အေးအေးထားပါ"
"ငါက မင်းကိုကူညီပြီးတော့ ဒီကျွန်းပေါ်ကကိစ္စတွေကို နှံ့နှံ့စပ်စပ် စုံစမ်းစစ်ဆေးပေးမယ်"
နောက်ဆုံး၌ ထျန်းရှီယွင်သည် ယွင်ချန်းနှင့်အတူ ကျွန်းပေါ်သို့ ရောက်ရှိလာခဲ့သည်။
"ဟား ဟား ဟား..ကျွန်းပေါ်ကနေ ကြိုဆိုပါတယ်"
"မင်းတို့နှစ်ယောက်ကို ဘယ်သူလမ်းညွှန်လိုက်တယ်ဆိုတာ ငါ မသိဘူး"
"အိုး...ဒါက ငါ့ရဲ့မိတ်ဆွေကောင်း ယွင်ချန်းပဲ"
"ဒါက ငါ့ရဲ့မိတ်ဆွေကောင်းထျန်းရှီယွင်...."
"ဒါဆိုရင် ဒါက ညီအစ်ကိုယွင်နဲ့ ညီအစ်ကိုထျန်းတို့ပေါ့...ဟား ဟား ဟား ကြိုဆိုပါတယ် ကြိုဆိုပါတယ်....မင်းတို့နှစ်ယောက်မှာ ကောင်းမွန်တဲ့အကဲဖြတ်နိုင်မှုတွေ ရှိနေတာပဲ....အခုချိန်ကစပြီး ငါတို့က မိသားစုတွေဖြစ်သွားပြီ"
ကျွန်းပေါ်သို့ရောက်ရှိသွားပြီးနောက် သူတို့နှစ်ယောက်ကို နွေးထွေးစွာဆီးကြိုနှုတ်ဆက်ခြင်းခံရသည်။
အကြောင်းအရင်းမှာ ဖရိုဖရဲခန်းမအတွင်းမှထွက်ခွာသွားသောလူများသည် ကျွန်းပေါ်၌ သေးငယ်သောအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းပြီးပြီဖြစ်သောကြောင့်ပင်။
ဤလူများထံတွင် မည်သည့်မရိုးဖြောင့်သောလှုပ်ရှားမှုမျိုးမျှမရှိချေ။
သူတို့သည် တူညီသောနေရာမှ လာရောက်ခဲ့ခြင်းဖြစ်သောကြောင့် ရင်းနှီးစွာဆီးကြိုနှုတ်ဆက်ကြခြင်းပင်။
ဤနွေးထွေးမှုသည် မူလက ကျွန်းကိုစုံစမ်းရန်ရောက်လာခြင်းဖြစ်သော ထျန်းရှီယွင်ကို အနည်းငယ်ရှက်ရွံသွားစေသည်။သူသည်လကျွန်းပေါ်ရှိလူများနှင့် စတင်၍မိတ်ဖွဲ့လိုက်၏။
သူတို့ထံတွင် အချိန်ကောင်းတစ်ခု ရရှိခဲ့သည်။
သူတို့သည် တစ်ညလုံးပေါက်စားကာ ပျော်ရွှင်မြူးတူးနေကြလေ၏။
နောက်တစ်နေ့တွင်....
သူသည် ကျွန်းနှင့်ပတ်သက်သော ယေဘုယျသတင်းအချက်အလက်တချို့ကို ရရှိပြီးနောက် ဤနေရာတွင် မိုးမြေဂိုဏ်းရှိနေကြောင်း သူ သိရှိခဲ့ရသည်။
"ငါက ဒီကျွန်းနဲ့ပတ်သက်ပြီးတော့ အနည်းအကျဥ်းနားလည်သဘောပေါက်သွားပြီ"
"ဒီနေရာမှာ တကယ့်ကို ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ ရှိနေပြီးတော့ မိုးမြေဂိုဏ်းလို့ခေါ်တယ်"
"ငါက ဒီကိစ္စကို ဖျက်ဆီးခြင်းအရှင်ဆီ အမြန်ဆုံးသတင်းပို့ရမယ်"
သို့ရာတွင် သူ ကျွန်းပေါ်မှထွက်ခွာပြီးသတင်းစကားတစ်ခု ပေးပို့တော့မည့်အချိန်မှာပင် တစ်စုံတစ်ယောက်သည် သူ့အား ဝိုင်အရက်သောက်ရန်အတွက် ဆွဲခေါ်သွားခဲ့သည်။
"ဒါက ငါ ဒီကျွန်းပေါ်မှာ နေချင်လို့မဟုတ်ဘူး....ဒါပေမဲ့ ငါက သူတို့ရဲ့ဧည့်ဝတ်ကျေပွန်မှုကို မလွန်ဆန်နိုင်ဘူး...ငါ မနက်ဖြန်ကျမှ ပြန်မယ်ဆိုရင်လည်း ဘာဖြစ်လာမှာမလို့လဲ.... ဖျက်ဆီးခြင်းအရှင်ကို သတင်းပို့ဖို့ တစ်ရက်လောက်နောက်ကျတာက အခြေအနေတွေအားလုံးကို ဘာမှသက်ရောက်မှုရှိမှာမဟုတ်ဘူး"
ထျန်းရှီယွင်သည် ထိုကဲ့သို့ စဉ်းစားတွေးတောကာ တခြားလူများနှင့် သောက်စားရန်အတွက် သွားလိုက်တော့သည်။
နောက်ထပ်တစ်ည သောက်စားပြီးနောက်....
မနက်စောစော၌...
တစ်စုံတစ်ယောက်သည် အမှိုက်များအကြားမှ ကောင်းနိုးရာရာများကို မွှေနှောက်ရှာဖွေရန်အတွက် စိတ်အားထက်သန်စွာဖြင့် သူ့အား ဆွဲခေါ်သွားခဲ့သည်။
"အဲ့ဒီလူတွေက အမှိုက်တွေကြားထဲမှာ မွှေနှောက်ရှာဖွေရမှာကို အရမ်းစိတ်အားထက်သန်နေတဲ့ပုံပဲ...အဲ့ဒီနေရာမှာ ဖုံးကွယ်ထားတဲ့လှုပ်ရှားမှုတွေ ရှိနေနိုင်တယ်"
"ဖျက်ဆီးခြင်းအရှင်....ငါ တစ်ရက်လောက်ထပ်ပြီးနောက်ကျအုံးမယ်..ရန်သူရဲ့အကြောင်းကို သိထားတာက တိုက်ပွဲတစ်ရာကို အောင်မြင်နိုင်ဖို့အတွက် အဓိကသော့ချက်ပဲ"
ထျန်းရှီယွင်သည် ထိုကဲ့သို့တွေးတောကာ တခြားလူများ၏လှုပ်ရှားမှုများအတွင်း၌ ပူးပေါင်းပါဝင်လိုက်တော့သည်။
သို့ရာတွင်...
အမှိုက်များအကြားမှ မွှေနှောက်ရှာဖွေခြင်း၏ပထမရက်မှာပင် သူသည် ကျင့်ကြံဆင့်ချိုးဖျက်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း သူ ရုတ်တရက်နားလည်သဘောပေါက်သွားသည်။
ထိုနောက် သူသည် ခုနစ်ရက်တိုင်တိုင် အမှိုက်များအကြား၌ ဆက်လက်၍မွှေနှောက်ရှာဖွေတော့သည်။
ခုနစ်ရက်ကြာပြီးနောက်...
ဤကျွန်းသည် သူ စိတ်ကူးယဉ်တွေးတောထားသည်ထက် များစွာပို၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းကြောင်း သူ ရှာဖွေတွေ့ရှိမိသည်။
ဤသည်မှာ အလွယ်ပြောရပါက သူ့၏စိတ်ကို ထိုးနှက်ခံရခြင်းပင်။
"တကယ်လို့ ငါက ဖျက်ဆီးခြင်းအရှင်ကို သတင်းမပို့ဘူးဆိုရင် ကိစ္စကြီးတစ်ခုခု ဖြစ်ပွားလာတော့မယ်"
"ဒါပေမဲ့ ငါ့ကို တစ်ရက်လောက်ပိုပြီး အမှိုက်ကောက်ခွင့်ပြုပါ"
"ဖျက်ဆီးခြင်းအရှင်....ငါ့ရဲ့ခွန်အားတွေ ပိုပြီးမြှင့်တင်နိုင်ရင် ငါက မင်းအတွက် ပိုပြီးကောင်းကောင်းတာဝန်ထမ်းဆောင်ပေးနိုင်လိမ့်မယ်"
Chapter 509
ဤသို့ဖြင့်...
နောက်ထပ်ခုနစ်ရက်ကြာမြင့်ပြီးချိန်တွင်...
"ညီအစ်ကိုတို့ သွားကြစို့...ဒီနေ့ မိုးမြေဂိုဏ်းကနေ အမှိုက်တွေကို ထပ်ပြီးစွန့်ထုတ်လိုက်ပြီ...တကယ်လို့ ငါတို့ အခုချိန်မှာ မသွားဘူးဆိုရင် အရမ်းနောက်ကျသွားလိမ့်မယ်"
သူ့၏သိုလှောင်လက်စွပ်အတွင်းတွင် ရတနာများဖြင့် ပြည့်နှက်နေသည်ကိုကြည့်ပြီး ထျန်းရှီယွင်သည် အလွန်စိတ်ကျေနပ်နေပေ၏။
ထို့ပြင် ယခုလက်ရှိချိန်တွင် သူသည် ကျွန်းပေါ်၌ နာမည်အတော်အသင့်ရရှိနေလေပြီ။
သူ့၏ကျင့်ကြံဆင့်စွမ်းအားများ မြင့်တက်လာရုံသာမက သူ့၏စိတ်နေသဘောထားတစ်ခုလုံးသည်လည်း ပြောင်းလဲသွားခဲ့သည်။
သူသည် နေ့စဉ်နေ့တိုင်း စိုးရိမ်ကြောင့်ကြမှုကင်းစွာနေထိုင်ပြီး ရံဖန်ရံခါ သူ့၏မိတ်ဆွေများနှင့်သောက်စားခြင်း သို့မဟုတ် ကျွန်းပေါ်ရှိ တခြားလူများနှင့်ကျားကစားခြင်းတို့ကိုပြုလုပ်သည်။
ဘဝသည် လွတ်လပ်ပေါ့ပါးကာ အံ့အားသင့်ဖွယ်ရာများဖြင့် ပြည့်နှက်နေပေ၏။
နေ့ရက်များကို ဤအတိုင်း ဖြတ်ကျော်ခဲ့ပြီးနောက်....
နောက်ထပ် အချိန်တစ်လကုန်ဆုံးသွားလေပြီ။
ယခုလက်ရှိအချိန်၌ သူသည် ကျွန်းပေါ်မှလူများနှင့် အပြည့်အဝရောနှောနေကာ သူ့ကိုယ်သူ ဒေသခံတစ်ယောက်ဟု တွေးထင်နေမိသည်။မိုးမြေ၏တံခါးများသည်လည်း သူ့၏ကံကြမ္မာ ဖြစ်လာပေ၏။
ယနေ့တွင်...
သူသည် ကွဲကြေနေသော ပန်းချီကားတစ်ချပ်ကို တွေ့မြင်ခဲ့ရသည်။
ပန်းချီကားအတွင်းရှိ မဟာတာအို၏နက်နဲသိမ်မွေ့သောအမှန်တရားများမှတဆင့် သူ ထိုးထွင်းသိမြင်မှုတချို့ကို ရရှိခဲ့သည်။သူသည် သိုလှောင်လက်စွပ်ကိုဖွင့်ကာ ပန်းချီကားအစအနများကို ဂရုတစိုက်ထည့်သွင်းပြီး ထိုအရာများမှတဆင့်ကျင့်ကြံရန်အတွက် နေရာတစ်ခုရှာဖွေရန်တွေးတောလိုက်၏။
သို့ရာတွင် သူ သိုလှောင်လက်စွပ်ကို ဖွင့်လိုက်သောအချိန်မှာပင် သူ အချိန်အတော်ကြာ မကြည့်ခဲ့မိသော သတင်းပို့ကျောက်စိမ်းပြားမှ အလင်းရောင်များတောက်ပနေသည်ကို သတိပြုမိသွားသည်။
ဤအလင်းတန်းလှုပ်ခတ်မှုများအရ အကဲဖြတ်ကြည့်ပါက ယခုချိန်ထိတိုင် သူ နားမထောင်ရသေးသော အသံသတင်းစကားဆယ်ခုကျော် ရှိနေပုံရသည်။
ဤသတင်းပို့ကျောက်စိမ်းပြားသည် သူနှင့်ဖျက်ဆီးခြင်းအရှင်အကြားမှ အထူးသီးသန့်ဆက်သွယ်ရေးပစ္စည်းကရိယာပင်။
"သေစမ်း...ဖျက်ဆီးခြင်းအရှင်က ငါ့ရဲ့တုံ့ပြန်မှုကို စောင့်ဆိုင်းနေတုန်းပဲ"
ထျန်းရှီယွင်သည် အသိစိတ်ပြန်ဝင်လာကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
သူ့၏မျက်နှာပေါ်တွင် နောင်တရနေသောအရိပ်အယောင်တချို့ ထင်ဟပ်လာပေ၏။
"ငါ ဒါကို မေ့သွားခဲ့မယ်လို့ ငါ မယုံကြည်နိုင်ဘူး....ငါက တကယ်ကို့ တန်ဖိုးမရှိတဲ့ ခွေးမသားတစ်ကောင်ပဲ"
ထျန်းရှီယွင်သည် သူ့ကိုယ်သူကျိန်ဆဲကာ သူ့ပါးသူ ဖြတ်ရိုက်လိုက်၏။
"ဘာလို့ ငါက အမှိုက်တွေကိုပဲကောက်ပြီးတော့ဖျက်ဆီးခြင်းအရှင်ဆီက အရုပ်လေးနဲ့ပတ်သက်ပြီး မေ့သွားရတာလဲ"
'ဆက်လက်၍ ကောက်ယူမည်'ဟူသော ပြတ်ပြတ်သားသားအော်ဟစ်သံတစ်သံနှင့်အတူ သူသည် အခွင့်အရေးများရရန်အတွက် အမှိုက်များကို ဆက်လက်၍ မွှေနှောက်ရှာဖွေလေသည်။အလင်းတန်းများတောက်ပနေသောကျောက်စိမ်းပြားကိုမူ သူ့၏ခြေထောက်အောက်၌ နင်းခြေလိုက်သည်။
သို့ရာတွင် ကျောက်စိမ်းပြား ကြေမွပျက်စီးသွားသော အချိန်အခိုက်အတန့်၌ ဖျက်ဆီးခြင်းအရှင်က ရုတ်တရက် သူ့၏မျက်လုံးများကို ဖွင့်လိုက်သည်။
"ဘာတွေ ဖြစ်သွားတာလဲ"
"အဲ့ဒီကောင်ကို ဖော်ထုတ်ခံလိုက်ရတာများလား"
ဖျက်ဆီးခြင်းအရှင်၏မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။
ထျန်းရှီယွင်သည် သဲလွန်စများရှာဖွေရန်အတွက် စေလွှတ်ထားသည့် သူ၏ဝှက်ဖဲတချပ်ပင်။
သို့ရာတွင် ထျန်းရှီယွင်သည် သူ့၏အသံသတင်းစကားများကို တုံ့ပြန်မှုမရှိခဲ့ရုံသာမက ယခုအချိန်တွင် ကျောက်စိမ်းပြားသည်လည်းဖျက်ဆီးခြင်းခံလိုက်ရလေပြီ။
ဤသည်မှာ ထျန်းရှီယွင်သည် တစ်စုံတစ်ယောက်၏ ဖမ်းဆီးခံရခြင်း သို့မဟုတ် သတ်ဖြတ်ခံရခြင်းတို့ ဖြစ်နိုင်သည်ဟု ဆိုလိုခြင်းပင်။
ဖျက်ဆီးခြင်းအရှင်၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်သောအမူအယာများ တစတစကြီးထွားလာသည်။
ဤကဲ့သို့ ဝှက်ဖဲကောင်းတချပ်ကို ကိုင်ထားနိုင်ရန်မှာ ခက်ခဲသဖြင့် သူ အလဟဿဖြုန်းတီးပစ်လိုခြင်းမရှိချေ။
အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရန်အတွက် သူသည်ထပ်မံ၍ ကောင်းကင်ဘုံကြယ်တာယာများ၏စွမ်းအားများကို အသုံးပြုလိုက်သည်။
"ထျန်းရှီယွင်....."
"စုံစမ်းစစ်ဆေးစမ်း...."
ရုတ်ချည်းဆိုသလိုပင်....
ကောင်းကင်ဘုံကြယ်တာယာများ၏ စွမ်းအားများ မြင့်တက်လာသည်။
အနည်းဆုံးအနေဖြင့် ဤစုံစမ်းစစ်ဆေးမှုမှတဆင့် ထျန်းရှီယွင်သည် လက်ရှိတွင် မည်သည့်အခြေအနေ၌ရှိနေသည်ကို ထုတ်ဖော်ပြသနိုင်ပေမည်။
သူ သေဆုံးသွားသည် သို့မဟုတ် အသက်ရှင်သန်နေသည်ဖြစ်စေ ချိတ်ပိတ်ခံရသည် သို့မဟုတ် ထိန်းချုပ်ခံရသည်ဖြစ်စေ တုံ့ပြန်ချက်တချို့ရှိလာမည်မှာ သေချာပေါက်ပင်။
သို့ရာတွင် တဝုန်းဝုန်းလှုပ်ခတ်နေသော ကောင်းကင်ဘုံကြယ်တာယာစွမ်းအားများကိုကြည့်ကာ ဖျက်ဆီးခြင်းအရှင်သည် သူ့၏စိတ်နှလုံးသားအတွင်းမှနေ၍ အဖြေတစ်ခုကို ခန့်မှန်းပြီးဖြစ်သည်။
ဖြစ်နိုင်ခြေရှိသည်မှာ ထျန်းရှီယွင်၏လက်ရှိအခြေအနေသည် ကံကောင်းသည်ထက် ကံဆိုးဖို့က ပို၍များနေသည်။
နောက်ထပ်အချိန်အခိုက်အတန့်၌.....
ရလဒ်များ ထွက်ပေါ်လာလေပြီ။
သို့ရာတွင် သူ့၏ရှေ့၌ ထွက်ပေါ်လာသောရလဒ်များကိုကြည့်ပြီး ဖျက်ဆီးခြင်းအရှင်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပေ၏။
ထျန်းရှီယွင်သည် သက်ရှိထင်ရှားရှိနေကာ ကျန်းမာသန်စွမ်းနေရုံသာမက သူ့၏ကျင့်ကြံဆင့်နယ်ပယ်ပင်လျှင် အဆင့်များစွာမြင့်တက်နေခဲ့သည်။
သောက်ရေးမပါလှစွာပင် ဒေါသထွက်စရာအကောင်းဆုံးကိစ္စမှာ သတင်းပို့ကျောက်စိမ်းပြားသည် ထျန်းရှီယွင်၏ခြေထောက်အောက်၌ ကြေမွှပျက်စီးသွားခြင်းဖြစ်ကြောင်း ကောင်းကင်ဘုံကြယ်တာယာစွမ်းအားများက သူ့ရှေ့၌ပြသလိုက်ခြင်းပင်။
"သောက်ချေးပဲ"
ဖျက်ဆီးခြင်းအရှင်က ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သည်။
သူ့၏ဒေါသများအလွန်ကြီးမားနေသဖြင့် နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်းတွင် ပေါက်ကွဲသံများ အဆက်မပြတ်ပဲ့တင်ထပ်နေသည်။
သူသည် ထျန်းရှီယွင်၏လှည့်စားခြင်းကိုခံရမည်ဟု တစ်ကြိမ်တခါမျှ တွေးတောထားမိခြင်းမရှိချေ။
ထိုထက်ပို၍ ရယ်ရွှင်ဖွယ်ကောင်းသည်မှာ သူသည် မျှော်လင့်ချက်များအားလုံးကို ထျန်းရှီယွင်ပေါ်ထားရှိပြီး သတင်းတစ်စုံတစ်ခုရရှိလာမည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ခြင်းပင်။
"ကြည့်ရတာတော့ နောက်ကွယ်မှာ ပုန်းအောင်းနေတဲ့တည်ရှိမှုကြီးကို လျှော့တွက်လို့မရတော့တဲ့ပုံပဲ"
"သူက ထျန်းရှီယွင် ငါ့ကိုဆန့်ကျင်လာအောင်တောင် အလှည့်အပြောင်းလုပ်နိုင်တယ်...ဒါက ဘယ်လိုအရည်အချင်းမျိုးလဲ"
သို့ရာတွင်...
မကြာမီမှာပင် သူ့၏စိတ်ပြန်လည်တည်ငြိမ်သွားသည်။
အကြောင်းအရင်းမှာ ထျန်းရှီယွင်နှင့်နှိုင်းယှဉ်ပါက သူ ပို၍အလေးအနက်ထားရမည့်ကိစ္စများ အဆင့်တခုထိ ဖွံ့ဖြိုးတိုးတက်လာသည်ကို ခံစားမိသောကြောင့်ဖြစ်သည်။သူသည် မဟာအစီအစဥ်ကြီးအတွက် ထိန်းချုပ်မှုကို ဆုံးရှုံးသွားပြီးလေပြီ။
မည်သည့်ကိစ္စတစ်ခုတစ်လေမျှ သူ့၏အစီအစဉ်အတိုင်း ဖြစ်မလာခဲ့ချေ။
သို့ရာတွင်....
ဤသည်မှာ သူ့၏ကိုယ်ပိုင်ရည်ရွယ်ချက်မဟုတ်ဘဲ ဤကိစ္စများ၏ နောက်ကွယ်တွင်ရှိနေသော မြင့်မြတ်အရှင်သည် ကောင်းကင်ဘုံကြယ်တာယာများမှတဆင့် သတင်းအချက်အလက်များကို သူအား ဝိုးတဝါးထုတ်ဖော်ပြသနေခြင်းကြောင့်ပင်။
အကယ်၍ သူ့၏ကိုယ်ပိုင်အကွက်ချကြံစည်မှုများ ပျက်စီးသွားခဲ့လျင်ပင် ဤသည်မှာ ကိစ္စတစ်ခုသာဖြစ်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ဤကိစ္စများ၏နောက်ကွယ်တွင်ရှိနေသော မြင့်မြတ်အရှင်၏အစီအစဉ်များတွင် အမှားအယွင်းတစ်ခုရှိနေသလော....
"ငါက အဲ့ဒီမြင့်မြတ်အရှင်နဲ့ထပ်ပြီးဆက်သွယ်ဖို့ လိုအပ်မှာကို ငါ စိုးရိမ်မိတယ်"
"ဒီတကြိမ်မှာ ငါက ဘယ်လိုမျိုးအရေးပါတဲ့ သတင်းအချက်အလက်တွေ ရမလဲဆိုတာ ငါ သိချင်တယ်"
ဖျက်ဆီးခြင်းအရှင်သည် ကောင်းကင်ဘုံကြယ်တာယာစွမ်းအားများနှင့် ထပ်မံ၍ဆက်သွယ်လိုက်သည်။
သို့ရာတွင် ဤတကြိမ်၌ ယခင်နှင့်မတူညီဘဲ သူသည် မြေပြင်ပေါ်၌ဒူးထောက်ပြီး မိုးကောင်းကင်ယံကိုမော့ကြည့်ကာ ဝပ်တွားလိုက်၏။
သူသည် စူးရှရှအသံဖြင့် ရေရွတ်နေရင်း သူ့၏အသားအရေသည် သာမန်မျက်စိဖြင့်မြင်နိုင်သောအရှိန်နှုန်းဖြင့် ဖြူဖျော့သွားသည်။
ထိုအချိန်မှာပင်.....
ကောင်းကင်ဘုံကြယ်တာယာများအကြား၌ မူမမှန်မှုတစ်ရပ် ဖြစ်ပွားလာခဲ့သည်။
ကောင်းကင်ဘုံကြယ်တာယာစွမ်းအားများသည် သိပ်သည်းသွားကာ တဖြည်းဖြည်းနှင့် ဖျက်ဆီးခြင်းအရှင်၏ခေါင်းထက်၌ ပြောင်းလဲနေသောကိန်းဂဏန်းများ၏ပုံသဏ္ဍာန် ထွက်ပေါ်လာသည်။
"ဒီအရာတွေက မိုးကောင်းကင်ရဲ့ကြိုတင်သတ်မှတ်ထားတဲ့ ရွေးချယ်ခံအရေအတွက်မဟုတ်လား"
"မြင့်မြတ်အရှင်က ကောင်းကင်ဘုံရဲ့ကြိုတင်သတ်မှတ်ထားတဲ့ ရွေးချယ်ခံအရေအတွက်ပြောင်းလဲသွားတယ်လို့ ငါ့ကို ပြောချင်တာလား"
"ဒါပေမဲ့ တကယ်လို့ တစ်ယောက်သေဆုံးသွားတာက ငါ့ရဲ့ထိန်းချုပ်မှုထက် ကျော်လွန်နေတယ်ဆိုရင်တောင် အရေအတွက်က နှစ်ရာသုံးဆယ့်သုံးယောက်ဖြစ်နေမှာ မဟုတ်လား"
"ဒီသတင်းအချက်အလက်ကို ထပ်ပြီးဖော်ပြနေစရာ မလိုဘူးလေ....ဟုတ်တယ်မလား"
ဖျက်ဆီးခြင်းအရှင်သည် မိုးကောင်းကင်ယံအတွင်း၌ထွက်ပေါ်နေသော ကိန်းဂဏန်းများကိုကြည့်ရင်း တီးတိုးရေရွတ်လိုက်၏။
အချိန်များကုန်ဆုံးလာကာ....
ကိန်းဂဏန်းများ အဆက်မပြတ်ပြောင်းလဲနေဆဲပင်။
မကြာမီမှာပင် ထိုကိန်းဂဏန်းများသည် တစ်ရာကျော်သို့ ရောက်ရှိသွားသည်။
တစ်ရာ့ငါးဆယ်...နှစ်ရာ....နှစ်ရာငါးဆယ်....သုံးရာ....
ကြည့်ရသည်မှာ ကောင်းကင်ဘုံကြယ်တာယာစွမ်းအားများသည် ကောင်းကင်ဘုံ၏ရွေးချယ်ခံအရေအတွက် အသစ်ပြောင်းလဲသွားသည်ကိုသူ့အား ပြသလိုခြင်းဖြစ်ပေမည်။
ဖျက်ဆီးခြင်းအရှင်၏မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက်ဖြစ်သွားသော အမူအယာတစ်ခုထင်ဟပ်လာသည်။
မြင့်မြတ်အရှင်သည် ဤဖုံးကွယ်နေသောတည်ရှိမှုကြီးကို ရှာဖွေရန်အတွက် အရေးကြီးသောသဲလွန်စတစ်ခုကို သူ့အားပေးမည်ဟု သူ တွေးထင်ခဲ့သည်။ကောင်းကင်ဘုံ၏ရွေးချယ်ခံများ အရေအတွက်ကို အဓိပ္ပာယ်မဲ့ပြသနေမည်ဟု သူ မျှော်လင့်မထားမိချေ။
မည်သို့ပင်ဆိုစေကာမူ ယခုလက်ရှိချိန်တွင် သူ့အတွက် ဤလူအရေအတွက်သည် အဓိကသော့ချက်မဟုတ်တော့ပေ။
ဖန်ရှောင်ထျန်းမှလွဲ၍ ကောင်းကင်ဘုံ၏ကြိုတင်သတ်မှတ်ခံထားရသော ရွေးချယ်ခံအရေအတွက်သည် မည်သည့်ကွဲလွဲမှုမျှရှိမည်မဟုတ်ချေ။ယခုလက်ရှိချိန်တွင် ဤလူ့အရေအတွက်ကို ထပ်မံ၍ပြသနေခြင်းသည် မလိုအပ်သောကိစ္စပင်။
နောက်ဆုံး၌....
ကိန်းဂဏန်းများသည် နှစ်ရာသုံးဆယ့်သုံးသို့ ရောက်ရှိလာခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် ထိုကိန်းဂဏန်းအရေအတွက်သည် ရပ်တန့်သွားမည်ဟု ဖျက်ဆီးခြင်းအရှင်က တွေးထင်ထားသော်လည်း ဆက်လက်၍မြင့်တက်နေပေ၏။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုကိန်းဂဏန်းအရေအတွက်သည် နှစ်ရာသုံးဆယ့်လေးသို့ ရောက်ရှိသွားသည်။
"အမ်...."
"ဖြစ်နိုင်တာတော့ ထျန်းရှီယွင်ကိုလည်း အခုထည့်တွက်ခံရတာလား"
ဖျက်ဆီးခြင်းအရှင်သည် ထိုကဲ့သို့ခန့်မှန်းမိလေ၏။
သို့ရာတွင် သူ့၏မျှော်လင့်ချက်ထက် ကျော်လွန်နေကာ ကိန်းဂဏန်းအရေအတွက်သည် အံ့အားသင့်ဖွယ်စွာ ဆက်လက်၍ပြောင်းလဲနေသည်။ဤသည်မှာ လူနှစ်ရာသုံးဆယ့်လေးယောက်ထက် ကျော်လွန်သွားပြီး အသက်တစ်ရှိုက်စာအချိန်အတွင်းမှာပင် လူသုံးရာကျော်သို့ ရောက်ရှိသွားသည်။
ဤကိစ္စကို အစောပိုင်းက ပေါ့ပေါ့ပါးပါး တွေးတောနေခဲ့သော ဖျက်ဆီးခြင်းအရှင်သည် သူ့၏ခန္ဓာကိုယ်ထုံကျင်လာသည်ကို ခံစားမိလေ၏။
Chapter 510
"ကောင်းကင်ဘုံရဲ့ရွေးချယ်ခံ အရေအတွက်က တကယ်ကြီး တိုးလာတာပါလား"
ဖျက်ဆီးခြင်းအရှင်က မယုံကြည်နိုင်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
"အိုး ဘုရားရေ...ဘယ်လိုလုပ်ပြီးတော့ ဒီလောက်အချိန်တိုလေးအတွင်းမှာ ကောင်းကင်ဘုံရဲ့ရွေးချယ်ခံ အရေအတွက်ကသိသိသာသာကြီး တိုးလာတာလဲ"
ဖျက်ဆီးခြင်းအရှင်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။
ဖျက်ဆီးခြင်းအရှင်သည် သူ့၏ခေါင်းပေါက်ကွဲလုမတတ် ခံစားနေရလေ၏။
ကောင်းကင်ဘုံ၏ရွေးချယ်ခံ လူအရေအတွက်ကို နောက်ဆုံးတစ်ကြိမ် သူ တွက်ချက်စဉ်တွင် လူနှစ်ရာသုံးဆယ့်လေးယောက်သာရှိကြောင်း သူ သိရှိပြီးဖြစ်သည်။
ဤလူအရေအတွက်သည် ကူးပြောင်းသူများနှင့်ပြန်လည်ဝင်စားလာသူများကဲ့သို့ အထူးသီးသန့်အဆင့်အတန်းရှိသူများအပါအဝင် ခေတ်အဆက်ဆက်မှစုစည်းလာမှုကို ကိုယ်စားပြုသည်။သူတို့၏လက်ရှိစွမ်းအားသည် အလွန်အစွမ်းထက်ခြင်းမရှိသော်လည်း သူတို့အားလုံးတွင် သာမန်လူများနှင့်ကွဲပြားခြားနာသည့် ထူးခြားသောကံကြမ္မာနှင့်အနာဂတ်အလားအလာတို့ကို အမွေဆက်ခံထားသည်။
ဤလူများသည် ကောင်းကင်ဘုံ၏ ချီးမြှောက်ခံလူငယ်များဖြစ်ပြီး နတ်ဘုရားများ၏မျက်နှာသာပေးမှုကို ရရှိထားသည်။
သို့ရာတွင်....
ကောင်းကင်ဘုံ၏ရွေးချယ်ခံများကို ခေတ်အဆက်ဆက် စုစည်းလာခဲ့သည့်တိုင် လူနှစ်ရာသုံးဆယ့်လေးယောက်သာရှိသည်။သို့ရာတွင်ယခုအချိန်၌ ဆယ်စုနှစ်တစ်စုကြာမြင့်ပြီးနောက် လူအရေအတွက်သည် သုံးရာကျော်သို့ မြင့်တက်လာသည်။
တခြားစကားပြောင်းဆိုရလျှင် ဆယ်နှစ်ဟူသော တိုတောင်းသည့်အချိန်ကာလအတွင်း ကောင်းကင်ဘုံ၏ရွေးချယ်ခံ အယောက်ခြောက်ဆယ်ကျော် ထပ်မံ၍ထွက်ပေါ်လာခဲ့ခြင်းပင်။
ဤသည်မှာ မည်မျှထိရူးသွပ်ဖွယ်ကောင်းသော အခန်းကဏ္ဍမျိုး ဖြစ်သနည်း။
သို့ရာပင် သူ၏ဦးရေပြားများကို ပို၍ထုံကျင်လာစေသည်မှာ ကိန်းဂဏန်းများသည် သုံးရာ၌ရပ်တန့်မသွားခြင်းပင်။
ထို့အစား ပို၍ပင်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသောအရှိန်ဖြင့် ကိန်းဂဏန်းများ ဆက်လက်၍မြင့်တက်နေပေ၏။
သုံးရာ...ငါးရာ....တစ်ထောင်...
နှစ်ထောင်...သုံးထောင်...လေးထောင်....
နောက်ဆုံး၌ လူအရေအတွက် တစ်သောင်းကျော်လွန်သွားလေပြီ။
ဖျက်ဆီးခြင်းအရှင်သည် အလွန်အမင်းထိတ်လန့်တုန်လှုပ်စွာဖြင့် ပင့်သက်ရှိုက်လိုက်မိသည်။သူ၏ထိတ်လန့်တုန်လှုပ်မှုကို ဖော်ပြရန်အတွက် စကားလုံးကိုပင် သူ ရှာဖွေနိုင်စွမ်းမရှိတော့ချေ။
နောက်ဆုံး၌ ဖျက်ဆီးခြင်းအရှင်သည် လုံးလုံးလျားလျား ထုံကျင်သွားတော့သည်။
ဤကိန်းဂဏန်းများသည် တစ်သောင်းကျော်လွန်လာပြီးနောက် မီးကျည်တစ်ခုအလားဆက်လက်၍ အရူးအမူးမြင့်တက်နေသည်။
ငါးသောင်း...ခုနစ်သောင်း..ခုနစ်သောင်းခွဲ....
နောက်ဆုံး၌ ထိုကိန်းဂဏန်းများသည် ကိုးသောင်းကိုးထောင်ကိုးရာကိုးဆယ့်ကိုးအရောက်၌ ရပ်တန့်သွားသည်။
ဖျက်ဆီးခြင်းအရှင်သည် သူ့၏ခြေထောက်များပျော့ခွေသွားသည်ကို ခံစားမိကာ သူ့၏ခန္ဓာကိုယ်တစ်ခုလုံး အထိန်းအကွပ်မဲ့စွာဖြင့် တုန်ရီနေသည်။
ကောင်းကင်ဘုံကြယ်တာယာများ၏စွမ်းအားသည် ကောင်းကင်ဘုံ၏ရွေးချယ်ခံအရေအတွက် အသစ်တဖန်ပြောင်းလဲသွားကြောင်း သူ့အား အသိပေးသည်ကို သူနောက်ဆုံး၌ နားလည်သဘောပေါက်သွားသည်။
အကြောင်းအရင်းမှာ ဤတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော လူအရေအတွက်ကြောင့် လောကကြီးတစ်ခွင်လုံး အက်ကွဲသွားစေနိုင်သော အပြောင်းအလဲတစ်ခု ဖြစ်ပွားလာနိုင်သောကြောင့်ပင်။
အရာအားလုံး ဖရိုဖရဲဖြစ်နေလေပြီ။
အကြွင်းမဲ့ဖရိုဖရဲဖြစ်ခြင်း.....
ကိစ္စရပ်များအားလုံး၏အစီအစဉ်များ ယခုလက်ရှိချိန်၌ လုံးလုံးလျားလျား ကသောင်းကနင်းဖြစ်သွားလေပြီ။
ယခင်က ကောင်းကင်ဘုံ၏ရွေးချယ်ခံ လူနှစ်ရာသုံးဆယ့်လေးယောက်ကို စုဆောင်းနိုင်ရန် သူသည် ခေတ်ကာလပေါင်းများစွာ အချိန်ယူခဲ့ရသည်။
သို့ရာတွင် ဆယ်စုနှစ်တစ်စုစာအချိန်ကာလအတွင်းတွင် ဤလူအရေအတွက်သည် တစ်သိန်းနီးပါးထိ မြင့်တက်သွားပေ၏။
ဤသည်မှာ သူ၏နားလည်သဘောပေါက်နိုင်စွမ်းထက် လုံးလုံးလျားလျားကျော်လွန်သွားသည်။
ကောင်းကင်ဘုံ၏ချီးမြှောက်ခံ လူငယ်တစ်ယောက်တွေ့ရှိမှုကပင် ကုန်းမြေတခွင်လုံး၌ ကသောင်းကနင်းကိစ္စတချို့ကို ဖြစ်ပွားစေနိုင်သည်။
တူညီသောခေတ်ကာလအတွင်း၌ ကောင်းကင်ဘုံ၏ချီးမြှောက်ခံ လူအရေအတွက်တစ်သိန်းခန့် တည်ရှိနေသောကြောင့် လောကကြီးကို တုန်ခါစေသော အင်အားစုတစ်ရပ် ထွက်ပေါ်လာမည်ကို တွေးတောကြည့်နိုင်သည်။
"အင်အားစုလား...."
"ဒါက မဖြစ်နိုင်ဘူး"
"ဒီကျွန်းပေါ်မှာရှိတဲ့လူတိုင်းက မိသားစုတွေပဲ...ဒီဘဝတစ်သက်စာအတွင်းမှာ သူတို့အကြား ကြီးမားတဲ့ပဋိပက္ခတွေ ဖြစ်လာမှာမဟုတ်ဘူး"
ငါးမျှားခြင်းနှင့်ပတ်သက်ပြီး စကားစမြည်ပြောဆိုနေစဉ်တွင် လုချင်ရှန်းသည် ဖြစ်လာနိုင်ချေရှိသော ပဋိပက္ခများနှင့်ပတ်သက်ပြီးသူ့၏စိုးရိမ်ပူပန်မှုများကို ဖွင့်ဟခဲ့သည်။ရီဖုန်းသည် ပြုံးရုံသာပြုံးပြကာ မှောင်မည်းနေသောမိုးကောင်းကင်ယံကို မော့ကြည့်ပြီး ပြောဆိုလိုက်၏။
"ပြန်ကြစို့...တော်တော်လေးနောက်ကျနေပြီ"
"ဟုတ်ကဲ့ပါ ဆရာကြီး"
လုချင်ရှန်းသည် ငါးမျှားသည့်ပစ္စည်းများကို အလျှင်အမြန်ထုပ်ပိုးသိမ်းဆည်းကာ ရီဖုန်း၏နောက်သို့ အပြေးလိုက်သွားခဲ့သည်။
မိုးမြေဂိုဏ်းသို့ပြန်ရောက်ပြီးနောက် မူလကစိတ်ကောင်းဝင်နေသော ရီဖုန်းသည် ဒေါသမထွက်ဘဲမနေနိုင်တော့ချေ။
ယခုအချိန်၌ သူ့၏တပည့်များအပေါ် စိတ်မကျေမနပ်ဖြစ်မှုများ ပို၍ကြီးထွားလာခဲ့သည်။
နောက်ဆုံးတစ်ကြိမ်တွင် သူတို့အားလုံးကိုစုဝေးစေကာ ဆူပူကြိမ်းမောင်းပြီးနောက် သူတို့သည်ရက်အနည်းငယ်ကြာသည်အထိ ကောင်းကောင်းမွန်မွန်ပြုမူမည်ဟု သူ ယူဆခဲ့သည်။အနည်းဆုံးအနေဖြင့် သူ စိတ်ကျေနပ်မှုရရှိစေရန်အတွက် သူတို့အားလုံးသည် ဟန်ဆောင်နေသင့်ပေ၏။
သို့ရာတွင် ယခုလက်ရှိအချိန်၌ သူ့၏တပည့်များသည် ပို၍ပို၍ဒေါသထွက်ဖွယ်ကောင်းလာသည်။
ယခင်က သူတို့သည် ပြင်ပသို့ထွက်၍ လှုပ်ရှားမှုတချို့ပြုလုပ်သည်ကို အနည်းဆုံးအနေဖြင့် သူ မြင်တွေ့ဖူးသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့သည် တစ်နေကုန်တစ်နေခမ်း ဝတ္ထုများရုပ်ပြကာတွန်းများကိုဖတ်ကာ စာကြည့်ဆောင်အတွင်း၌သာ ခိုအောင်းနေကြသည်။
သူတို့သည် ဆရာဖြစ်သူ၏စကားကို သိသိသာသာ လျစ်လျှူရှုထားခြင်းမဟုတ်လော....
ဤသည်ကြောင့် ရီဖုန်းကို အဆုံးမရှိဒေါသထွက်သွားစေသည်။
"ချင်ဟွမ်ရှင်း...သူတို့အားလုံးကို စုဝေးလိုက်စမ်း"
ရီဖုန်းက မကြည်သာသောအသံဖြင့် အမိန့်ပေးသည်။
ရုတ်ချည်းဆိုသလိုပင် ချင်ဟွမ်ရှင်း၏အသံက မိုးမြင့်ဂိုဏ်းတခွင်လုံးအနှံ့ ပဲ့တင်ထပ်သွားသည်။
ထိုအသံကိုကြားချိန်တွင် စာကြည့်ဆောင်အတွင်း၌ရှိနေသောလူတိုင်း ခေါင်းထောင်ကြည့်လိုက်ကြ၏။
"မြန်မြန်...မြန်မြန်လေး....ဆရာကြီးက ငါတို့ကို ခေါ်နေတယ်"
"ငါတို့ ဆရာကြီးကို ထပ်ပြီးတွေ့ရတော့မယ်"
"ဒီတစ်ကြိမ်မှာ ဆရာကြီးက ငါတို့ကို ဘာတွေညွှန်ကြားမလဲဆိုတာ ငါ သိချင်မိတယ်"
အချိန်တခဏအကြာမှာပင် ဆယ်နှင့်ချီသောတပည့်များသည် ဂိုဏ်းရင်ပြင်၌စုဝေးကာ ရီဖုန်း၏သင်ပြမှုကိုခံယူရန် စောင့်ဆိုင်းနေကြသည်။
ဤအသုံးမကျသော ကပ်ပါးရပ်ပါးတစ်သိုက်စုဝေးနေသည်ကိုကြည့်ပြီး ရီဖုန်း၏ဒေါသများကို လောင်စာထည့်ပေးလိုက်သည့်အလားပင်။
"မင်းတို့အားလုံးက စာကြည့်ဆောင်ထဲမှာပဲတစ်နေကုန် ဝိုင်းဖွဲ့ပြီးနေနေကြတာ ဘာပျော်စရာတွေရှိနေလို့လဲ...မင်းတို့က အသုံးမကျတဲ့ အမှိုက်ကောင်တွေလား"
ရီဖုန်းက ဆူပူကြိမ်းမောင်းလိုက်သည်။
"မင်းတို့ ဘယ်လောက်ထိဆိုးဝါးနေတဲ့အခြေအနေကို ရောက်နေပြီလဲဆိုတာ မင်းတို့ကိုယ်မင်းတို့ပြန်ကြည့်ကြစမ်း"
"မင်းတို့....မင်းတို့တွေက ဝဖြိုးလာပြီးတော့ အပျင်းကြီးတဲ့ ဘုတ်ထိုင်းကောင်တွေ ဖြစ်လာပြီ"
"ဘာလို မင်းတို့တွေ လေကောင်းလေသန့်တချို့ရအောင် အပြင်ကိုမထွက်ကြတာလဲ"
"အပြင်မှာရှိနေတဲ့ မိန်းမပျိုလေးတွေက မလှလို့လား ဒါမှမဟုတ် လေထုက မင်းတို့အားလုံးအတွက် လုံလောက်အောင် မလတ်ဆတ်လို့လား"
ရီဖုန်းက တင်းမာခက်ထန်သောမျက်နှာဖြင့် ဆူပူကြိမ်းမောင်းလိုက်၏။
"သေချာတာကတော့ အဲ့ဒါက စာကြည့်ဆောင်ထဲမှာ ပုတ်သိုးဆွေးမြည့်အောင်နေတာထက် ပိုကောင်းတယ်မဟုတ်လား....မင်းတို့ အပြင်ကိုထွက်ပြီးတော့ မင်းတို့ ယူစရာရှိတာကိုယူပြီး လုပ်ချင်တဲ့ကိစ္စတစ်ခုကို ရှာဖွေပြီးလုပ်ဆောင်နေတာက ခုလိုနေတာထက် ပိုကောင်းမယ်မဟုတ်လား"
"ငါ မင်းတို့အားလုံးကို ရှင်းရှင်းလင်းလင်းပြောလိုက်မယ်....ဒီနေ့ကနေစပြီးတော့ မင်းတို့တွေပျင်းရိငြီးငွေ့တဲ့အပြုအမူတွေနဲ့ ရေသာခိုနေတာကို ငါ ဖမ်းမိမယ်ဆိုရင်...မင်းတို့ရဲ့အထုပ်တွေကို သိမ်းဆည်းပြီးတော့ ထွက်သွားတော့"
ရီဖုန်းသည် ရေခဲတမျှအေးစက်သောအသံဖြင့် အဆုံးသတ်စကားကို ပြောဆိုပြီးနောက်နောက်သို့ချာခနဲလှည့်ကာ ထွက်ခွာသွားတော့သည်။
သူတို့သည် မိုးမြေဂိုဏ်းအတွင်းသို့ဝင်ရောက်ပြီးသည်နှင့် သူ့ထံမှပါးပါးလှီး၍ အချောင်ခိုစားသောက်နေနိုင်မည်ဟု သူတို့ ထင်နေကြသလော....
ဤသည်မှာ မဖြစ်နိုင်ချေ။
ရီဖုန်းထွက်ခွာသွားပြီးနောက် တပည့်များအားလုံးသည် တိတ်တဆိတ်တိုင်ပင်ဆွေးနွေးလိုက်ကြ၏။
"ဆရာကြီးက ဘာကိုဆိုလိုချင်တာလဲ"
"အမှန်ပဲ...ဆရာကြီးက ပုံမှန်ဆိုရင် ကြမ်းကြမ်းတမ်းတမ်း ပြောဆိုဆက်ဆံတဲ့လူမဟုတ်ဘူး....သူ ဘာလို့ ဒီနေ့ကျမှ ရုတ်တရက်ကြီး ခုလောက်ထိတင်းမာခက်ထန်နေတာလဲ"
တပည့်များအားလုံး၏မျက်နှာများပေါ်တွင် အလေးအနက်ထားသော မျက်နှာအမူအယာများရှိနေကာ သူတို့အားလုံးသည် အကြောင်းအရင်းကို မှန်းဆနေကြသည်။
ထိုအချိန်မှာပင် စုယွင်ယွင်က ရှေ့သို့တိုးလာကာပြောဆိုသည်။
"ဆရာကြီးပြောတာ မှန်တယ်လို့ ငါ ထင်တယ်...ငါတို့ ပြင်ပလောကကို ပိုပြီးထွက်သင့်တယ်"
"အမ် စီနီယာအစ်မ ...ဒါဆိုရင် ဆရာကြီးက ဘာကိုဆိုလိုတာလဲ"
လူတိုင်းသည် စုယွင်ယွင်ကိုကြည့်ကာ မေးမြန်းလိုက်ကြ၏။
"ဒါပေမဲ့ ဆရာကြီး ငါတို့ကို အပြင်ကိုထွက်ခိုင်းတဲ့အဓိပ္ပာယ်အတိအကျက...သူက ငါတို့ကို ဘာလုပ်စေချင်တာလဲ"
"ဆရာကြီးက ဒါကို အရမ်းရှင်းရှင်းလင်းလင်းပြောသွားခဲ့တယ် မဟုတ်ဘူးလား"
"မင်းတို့အတွက် ယူစရာရှိတဲ့အရာကို ယူဆောင်ပါ"
"ဒါက အမှန်ပဲ....ငါတို့ တစ်ခုခုကို ရှာဖွေပြီးလုပ်ဆောင်ရမယ်"
စုယွင်ယွင်က အဓိပ္ပါယ်အပြည့်ပါသောစကားကို ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် တပည့်များအားလုံးသည် နားလည်သဘောပေါက်သွားကာ သူတို့၏မျက်လုံးများ တောက်ပသွားသည်။
ဤသည်မှာ အမှန်ပင်။
ဆရာကြီး၏တပည့်များ မိုးမြေဂိုဏ်း၏တပည့်များဖြစ်သော သူတို့သည် မည်သည်ကြောင့် ဂိုဏ်းအတွင်း၌ နေ့စဉ်နေ့တိုင်း ကျဉ်းကျဉ်းကျပ်ကျပ် နေထိုင်နေရမည်နည်း.....
သူတို့သည် ပြင်ပလောကသို့ထွက်၍ ကုန်းမြေတစ်ခွင်လုံးအနှံ့ သူတို့၏နာမည်များကို ထင်ရှားကျော်ကြားလာအောင် ပြုလုပ်သင့်သည်။သူတို့သည် ကုန်းမြေတခွင်လုံးကို သူတို့၏ခြေဖဝါးအောက်၌ သိမ်းပိုက်နိုင်ရန်ပင် လုပ်ဆောင်ရပေမည်။
Thank or Reading.