အခန်း (၅၁၁-၅၁၅)
Vol. 35 Ch. 511-515
Chapter 511
ဆရာကြီး ဆူပူကြိမ်းမောင်းခြင်း၏နောက်ကွယ်မှ အကြောင်းအရင်းကို သူတို့အားလုံး နားလည်သဘောပေါက်သွားလေပြီ။
စီနီယာတပည့်များသည် ပြင်ပသို့ထွက်ရန် တရွရွဖြစ်နေသောကြောင့် ဂိုဏ်းအတွင်း၌ ဗြောင်းဆန်နေသည်။
"ဆရာကြီးက ငါတို့ကို ကောင်းကောင်းသင်ပြပေးဖို့အတွက် ပင်ပင်ပန်းပန်းကြိုးစားပြီးနေတာပဲ"
ထိုအချိန်မှာပင် တပည့်တစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။
"ကျမ်းစာဆောင်ထဲမှာ တာအိုကိုလေ့လာဆင်ခြင်တာကနေ ငါတို့ရဲ့ကျင့်ကြံဆင့်စွမ်းအားတွေ တည်တည်ငြိမ်ငြိမ် တိုးတက်လာပေမယ့်...ငါရဲ့စိတ်အခြေအနေက အတားအဆီးတစ်ခုကို ရောက်နေတယ်လို့ ငါ ခံစားမိတယ်...ငါဘယ်လိုပဲလုပ်လုပ် အကြောင်းအရင်းကို ရှာမတွေ့ခဲ့ဘူး"
"ဒါပေမဲ့ အခုကြည့်ရသလောက်တော့ ပြင်ပလောကကို ခဏလောက်ထွက်တာက...ဒီအတားအဆီးကို ဖြတ်ကျော်နိုင်မယ့်ပုံရှိတယ်"
"အမှန်ပဲ...ငါ့မှာလည်း တူညီတဲ့ခံစားချက်မျိုးရှိနေတယ်"
"ကြည့်ရတာတော့ ဆရာကြီးက ဒီကိစ္စကို ရည်ရွယ်ချက်ရှိရှိ သဲလွန်စပေးခဲ့တဲ့ပုံပဲ"
"ငါတို့အပေါ် ဆရာကြီးရဲ့လမ်းညွှန်ပေးမှုကို ဘယ်သူကမှ ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး"
"ကိစ္စကဒီလိုဖြစ်လာမှတော့...စီနီယာအစ်ကိုတို့...ငါတို့ မြန်မြန်လေး ပြင်ပလောကကို ထွက်ကြရအောင်"
"ကောင်းပြီလေ"
စီနီယာတပည့်များသည် ရိုးရှင်းစွာနှင့်သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးနောက် ကျွန်းပေါ်မှနေ၍ တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားတော့သည်။
ကျွန်းငယ်လေးပေါ်ရှိ နေအိမ်များမှလူများသည် ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရလေ၏။
"အင်မော်တယ်မြစ်ကုန်းမြေရဲ့မိုးကောင်းကင်ယံကြီး ပြောင်းလဲတော့မှာကို ငါ စိုးရိမ်မိတယ်"
"အမှန်ပဲ"
သစ်ပင်တစ်ပင်အောက်၌ ကျားကစားနေသော လူအိုကြီးနှစ်ယောက်သည် အဓိပ္ပာယ်အပြည့်ပါသောအကြည့်ဖြင့် ထိုနေရာသို့ စောင်းငဲ့ကြည့်ကာ အချင်းချင်းတီးတိုးပြောဆိုလိုက်ကြသည်။
"ပြင်ပလောကမှာ မင်းရဲ့မျိုးဆက်တွေ ရှိနေသေးလား"
"ငါ့မှာ ရှိတယ်"
"ငါတို့က သတင်းစကားတစ်ခု ပေးပို့ထားရလိမ့်မယ်...သူတို့ကို မတော်တဆရန်မစမိစေဖို့အတွက်ပဲ...မဟုတ်ရင် အကျိုးဆက်တွေက ဆိုးဆိုးဝါးဝါးဖြစ်လာနိုင်တယ်"
"မင်းပြောတာ အမှန်ပဲ..တကယ်လို့ ငါတို့က ဒီသံမဏိပြားကြီးပေါ်ကို ဆောင့်ကန်မိမယ်ဆိုရင် ကောင်းကင်ဘုံတောင် ငါတို့ကို ကာကွယ်နိုင်စွမ်းမရှိမှာကို ငါ ထိတ်လန့်ကြောက်ရွံ့မိတယ်...မင်းရဲ့သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
လူအိုကြီးတယောက်သည် ကျောက်စိမ်းပြာတစ်ခုကိုထုတ်ယူကာ သတင်းစကားတစ်ခုပေးပို့လိုက်၏။
သူ့၏ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်နှင့် တစ်ချိန်တည်းမှာပင် ကျွန်းပေါ်ရှိလူအများစုသည်လည်း ပြင်ပလောကသို့ သတင်းစကားများ ပေးပို့နေကြသည်။
သူတို့၏ရည်ရွယ်ချက်များသည် အနည်းနှင့်အများ တူညီနေသည်။
"ပဉ္စမစီနီယာအစ်မ...မင်း ဘယ်နေရာကိုသွားဖို့ စီစဉ်ထားလဲ"
ကျွန်းငယ်လေးပေါ်မှ ထွက်လာပြီးနောက် တပည့်များသည် လမ်းခွဲ၍ထွက်ခွာရန် စီစဉ်နေကြကာ သူတို့အနက်မှတချို့သည် စုယွင်ယွင်ထံသို့ ကြည့်လိုက်ကြ၏။
"ငါလား...."
စုယွင်ယွင်က ခါးသည်းသောအပြုံးတစ်ခုနှင့် ပြောဆိုသည်။
"ငါက ဆရာကြီးရဲ့ဘေးမှာနေပြီးတော့ သူ့ကို လုပ်ကျွေးပြုစုချင်တာ...ဒါပေမဲ့ ဆရာကြီးရဲ့အလေးအနက်ထားတဲ့ မျက်နှာအမူအယာကို ကြည့်ပြီးတော့....တကယ်လို့ ငါကအပြင်ကိုထွက်ပြီး ငါ့ကိုယ်ငါ နာမည်တစ်လုံးရအောင်မလုပ်ဘူးဆိုရင်....ဆရာကြီးက ငါ့ကို သူ့ရဲ့တပည့်အဖြစ်ကနေ စွန့်ပစ်မှာကို ငါ စိုးရိမ်မိတယ်...ဒါကြောင့် ငါက အရင်ဆုံး ပြင်ပလောကကို တစ်ချက်ထွက်ကြည့်ဖို့ ကြံစည်ထားတယ်"
"မင်းတို့ကရော ဘာလုပ်မှာလဲ"
"ငါက ပကတိနယ်မြေရဲ့ တာလျန့်အင်ပါယာက မင်းသားတစ်ပါးပဲ...အရင်တုန်းကတော့ နန်းမွေဆက်ခံဖို့ကို ငါ့မှာ ရည်မှန်းချက်ကြီးကြီးမားမားမရှိဘူး....ဒါပေမဲ့ အဲဒီအကြောင်းကို စဉ်းစားတွေးတောကြည့်တော့ တကယ်လို့ ငါ့မှာ အဆင့်အတန်း တစ်ခုခုရှိမနေရင် ငါ့ကိုယ်ငါ ဆရာကြီးရဲ့တပည့်လို့ခေါ်ဖို့ ထိုက်တန်မှာမဟုတ်ဘူး...ဒါကြောင့် ငါက ပြန်သွားပြီးတော့ ဧကရာဇ်တစ်ပါးဖြစ်အောင် အရင်ဆုံးလုပ်ရလိမ့်မယ်"
နံပါတ်စဉ်သုံးဆယ့်နှစ်တပည့်က ပြောဆိုသည်။
"အင်း....ငါ့ရဲ့အစီအစဉ်ကလည်း မင်းနဲ့အတူတူပဲ....အခု ပကတိနယ်မြေမှာရှိတဲ့ ငါ့ရဲ့ဂိုဏ်းကိုပြန်ဖို့ ကြံရွယ်ထားတယ်...ငါက အရင်ဆုံး တပည့်ခေါင်းဆောင်နေရာကို အလွယ်လေးယူနိုင်တယ်...ပြီးတာနဲ့ ဂိုဏ်းချုပ်နေရာကို သိမ်းပိုက်ရလိမ့်မယ်....အဲ့ဒီလိုမှပဲ တကယ်လို့ ဆရာကြီးက နောက်အနာဂတ်မှာ ငါ တစ်ခုခုလုပ်ဆောင်ပေးဖို့လိုအပ်မယ်ဆိုရင် ငါက အသုံးဝင်နိုင်လိမ့်မယ်"
တခြားတပည့်တစ်ယောက်က ပြောဆိုသည်။
"ဂျူနီယာညီလေးနှစ်ယောက်ရဲ့ ထိုးထွင်းသိမြင်နိုင်မှုတွေက အရမ်းတိကျတာပဲ"
လီထန်းပိုင်သည် သူ့၏နွားရိုင်းကိုစီးနင်းရင်းရောက်ရှိလာကာ ပြောဆိုသည်။
"ဆရာကြီးက နောက်ထပ်ကြီးမားတဲ့အစီအစဉ်တစ်ခုကို စီစဉ်နေတယ်လို့ ကောလဟာလတွေထွက်ပေါ်နေတာ အချိန်အတော်ကြာနေပြီ...ဆရာကြီးရဲ့တာအိုအောင်မြင်မှုတွေက မိုးကောင်းကင်ကိုလွှမ်းခြုံထားပြီးတော့ အရာအားလုံးကို သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ ထားနိုင်ပေမယ့်...သူ့ရဲ့တပည့်တွေဖြစ်တဲ့ ငါတို့က သူ့ရဲ့ဝန်ထုပ်ဝန်ပိုးတွေနဲ့စိုးရိမ်ပူပန်မှုတွေကို မျှဝေယူသင့်တယ်...တကယ်လို့ ငါတို့ရဲ့လက်အောက်မှာ အင်အားတချို့ကို ထိန်းချုပ်ထားနိုင်မယ်ဆိုရင် နောင်အနာဂတ်မှာ ငါတို့က အဲ့ဒါတွေကို အသုံးပြုပြီးတော့ ဆရာကြီးကို ကူညီနိုင်လိမ့်မယ်"
"စီနီယာအစ်ကိုထန်းပိုင်ရဲ့စကားတွေက အဓိပ္ပာယ်ရှိတယ်"
"ဒီလိုဆိုမှတော့ ငါတို့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေကို အခြေခံပြီး ငါတို့ရဲ့သြဇာအာဏာကိုချဲ့ထွင်ပြီးတော့ ငါတို့ကိုယ်ငါတို့ နာမည်ရအောင် လုပ်ရမယ်"
"ကောင်းပြီလေ"
"ဒါပေမဲ့ မှတ်ထားရမှာက ငါတို့ဂိုဏ်းတူတပည့်တွေအားလုံး အမြဲတမ်း အဆက်အသွယ်ရှိနေရမယ်....တကယ်လို့ ငါတို့ထဲကတစ်ယောက်မှာ တစ်ခုခုဖြစ်ပွားတယ်ဆိုရင် တခြားလူတွေက အမြန်ဆုံးအပြေးသွားပြီး ကူညီပေးရမယ်"
"ဟုတ်ကဲ့....နားလည်ပါပြီ"
ဂိုဏ်းတူတပည့်များအားလုံးသည် တပြိုင်နက်တည်း တုံ့ပြန်လိုက်ကြကာ အလင်းတန်းများအသွင်ပြောင်းလဲ၍ အရပ်မျက်နှာအဘက်ဘက်သို့ဦးတည်ပြီး ပျံသန်းသွားတော့သည်။
"ငါ နောက်ဆုံးတော့ အသုံးမကျတဲ့အချောင်သမားတစ်သိုက်ကို မောင်းထုတ်နိုင်ခဲ့ပြီ"
နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းနေရင်း ရီဖုန်းသည် အလွန်အမင်းစိတ်အခြေအနေ ကောင်းမွန်နေပေ၏။
ယခုအချိန်တွင် မိုးမြေဂိုဏ်းတစ်ဂိုဏ်းလုံးအတွင်း၌ ချင်ဟွမ်ရှင်းနှင့် သန့်ရှင်းရေးလုပ်သောဘုန်းတော်ကြီးမှလွဲ၍ ကျုံးချင် ဝူချန်အန်း ယွင်ဝူနှင့်သူသာလျှင် ကျန်ရှိခဲ့တော့သည်။
ယခုအချိန်၌ အသုံးစရိတ်များအားလုံး များစွာပို၍လျော့ကျသွားပြီဟု ယူဆနိုင်သည်။
ဤသည်မှာ အလွယ်ပြောရပါက ပြီးပြည့်စုံသောဘဝပင်။
အမှန်အားဖြင့်....
ရီဖုန်းအား စိတ်အလှုပ်ရှားစေဆုံးကိစ္စမှာ ဤအချိန်ကာလအတွင်းတွင် စုဆောင်းလာခြင်းမှတဆင့် သူ့ထံတွင် တပည့်ကိုးဆယ့်ကိုးယောက်ရှိလာခြင်းပင်။
ဤသည်မှာ မည်သည့်အရာကို ဆိုလိုခြင်းဖြစ်သနည်း....
အကယ်၍ သူသည် တပည့်တစ်ယောက်ကိုထပ်မံ၍လက်ခံနိုင်ပါက သူ စတင်၍ကျင့်ကြံနိုင်ပေမည်။
သူသည် နောက်ဆုံး၌ သူ အချိန်အတော်ကြာစောင့်မျှော်နေခဲ့ရသော ကျင့်ကြံသူတစ်ယောက် ဖြစ်လာပေတော့မည်။
ထိုကြောင့် ရီဖုန်းသည် နေ့စဉ်နေ့တိုင်း မိုးမြေဂိုဏ်းအတွင်း၌ လဲလျောင်းနေကာ နောက်ဆုံးတပည့်တစ်ယောက် ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူ ယခင်ကစေလွှတ်ခဲ့သော လက်ကမ်းကြော်ငြာများသည် တပည့်ခံရန်ရောက်ရှိလာသော လူအရေအတွက်ထက် ကျော်လွန်နေသည်။တစ်စုံတစ်ယောက်သည် ဤနေရာသို့ လက်ကမ်းကြော်ငြာတစ်စောင်နှင့်အတူ ရောက်ရှိလာနိုင်သည်။
သို့ရာတွင်....
သူ ဆက်လက်၍စောင့်ဆိုင်းနေရင်း အချိန်သုံးလ ကုန်ဆုံးသွားလေပြီ။
သူ့၏တပည့်အရေအတွက်သည် ကိုးဆယ့်ကိုးယောက်၌ရှိနေဆဲပင်။
ဤသည်မှာ ရီဖုန်းကို နေမထိထိုင်မသာဖြစ်သွားစေသည်။
သူသည် ကျင့်ကြံသူတစ်ယောက် ဖြစ်လာတော့ပေမည်။ထို့ကြောင့် နောက်ဆုံးတပည့်တစ်ယောက်ကို ဤနေရာ၌ မည်သည်ကြောင့် သူ ငြိမ်ငြိမ်သက်သက် ထိုင်စောင့်နိုင်မည်နည်း....
နောက်တစ်နေ့၌ ....
ရိုးရှင်းသောအထုပ်အပိုးတချို့ကိုသာ ယူဆောင်ပြီး ရီဖုန်းသည် လုပမ်ဝေတို့အပေါင်းအဖော်တစ်သိုက်နှင့်အတူ မိုးမြေဂိုဏ်းမှ ထွက်ခွာခဲ့တော့သည်။
သူ တွေးတောထားသည်မှာ....
မိုးမြေဂိုဏ်း၏ပြင်ပသို့ တစ်ကြိမ်ထွက်ပြီးနောက်...
သူသည် သာမန်ပါရမီအရည်အချင်းရှိသော တပည့်တစ်ယောက်ကို သေချာပေါက်ရင်ဆိုင်ကြုံတွေ့ရပေမည်။
Chapter 512
ပကတိနယ်မြေ....
တိမ်တိုက်အထွတ်အထိပ်အင်ပါယာ.....
ကျယ်ပြန့်သောတော်ဝင်ခန်းမအတွင်းတွင် ယခုချိန်၌ လူများနှင့်ပြည့်နှက်နေသည်။
ဤသည်မှာ ပကတိနယ်မြေ၏ထိပ်သီးအင်အားစုများမှ လူများပင်။
အကြောင်းအရင်းမှာ တိမ်တိုက်အထွတ်အထိပ်အင်ပါယာသည် ပကတိနယ်မြေအတွင်း၌ အစစ်အမှန်လူဘီလူးကြီးဖြစ်ကာ တခြားအင်ပါယာများသည် လက်ပါးစေအဆင့်၌ရှိနေသောကြောင့်ပင်။
ပကတိနယ်မြေအတွင်းရှိ တခြားဂိုဏ်းများကမူ သူတို့သည် နှစ်စဉ်နှစ်တိုင်း တိမ်တိုက်အထွတ်အထိပ်အင်ပါယာထံသို့ လက်ဆောင်ပဏ္ဏာများ ဆက်သရသည်။
ဤထိပ်သီးခေါင်းဆောင်များကို ဦးဆောင်နေသူမှာ နဂါးဝတ်ရုံဝတ်ဆင်ထားသော တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်ဖြစ်ပေ၏။
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏နံဘေးတွင် အနီရောင်ဆံပင်ရှိကာ အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားသော လူတစ်ယောက်ရှိနေသည်။ ဤသည်မှာ ဖရိုဖရဲခန်းမမှလာသော ဖျက်ဆီးခြင်းအရှင်ပင်။
ကောင်းကင်ဘုံ၏ကြိုတင်သတ်မှတ်ထားသော ရွေးချယ်ခံအရေအတွက် ပြောင်းလဲသွားကာ မူလက လူနှစ်ရာသုံးဆယ့်လေးယောက်၏သေဆုံးသွားခြင်းနှင့် ထွက်ခွာသွားခြင်းတို့ကြောင့် အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်အရေးကိစ္စသည် အလိုအလျောက်ပျက်စီးသွားခဲ့သည်။
ထိုကြောင့် ဖျက်ဆီးခြင်းအရှင်သည် ကြွင်းကျန်သောလူနည်းစုကို တိုက်ရိုက်လူစုခွဲလိုက်ကာ သူသည် တိမ်တိုက်အထွတ်အထိပ်အင်ပါယာသို့ ရောက်ရှိလာပေ၏။
သို့ရာတွင်...
ဤအချိန်အခိုက်အတန့်တွင် အရာအားလုံးကိုအကွက်ချကြံစည်သော ဖျက်ဆီးခြင်းအရှင်နှင့် မြင့်မြတ်သော တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့သည် လူတိုင်းကိုဦးဆောင်ပြီး မြေပြင်ပေါ်၌ ရိုသေလေးစားစွာဒူးထောက်နေသည်။
သူတို့၏ခေါင်းများထက်ရှိ လေထုအတွင်း၌....
လေစုပ်ဝဲတစ်ခု ထွက်ပေါ်လာသည်။
ထိုလေစုပ်ဝဲအတွင်းတွင် ဝိုးတဝါးမျက်နှာကြီးတစ်ခု ထင်ဟပ်လာပေ၏။
"သံတမန်ကို အရိုအသေပြုပါတယ်"
ဤအချိန်အခိုက်အတန့်တွင်...
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်ဖြစ်စေ ဖျက်ဆီးခြင်းအရှင်ဖြစ်စေ သူတို့သည် ရိုသေလေးစားသောလေသံများဖြင့် ပြောဆိုနေကြသည်။
"ဖျက်ဆီးခြင်းအရှင်...ဒီတစ်ကြိမ် အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်မှာ မမျှော်လင့်တဲ့အပြောင်းအလဲတွေ ဖြစ်ခဲ့ပေမယ့်...အရှင်သခင်က မင်းကို အပြစ်မတင်ဘူး....အချိန်အတိုင်းအတာတစ်ခုထိ မင်းက ငါ့ရဲ့ညွှန်ကြားချက်အတိုင်း တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်...ပြီးတော့ မင်းတို့က အင်မော်တယ်မြစ်ကုန်းမြေရဲ့ကံကြမ္မာကို လုယူရမယ်"
အသံနက်ကြီးတစ်သံက အထက်မှထွက်ပေါ်လာခြင်းနှင့်အတူ ဖျက်ဆီးခြင်းအရှင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
"ကျေးဇူးတင်ပါတယ် အရှင်...ကျေးဇူးတင်ပါတယ် သံတမန်ကြီး"
ဖျက်ဆီးခြင်းအရှင်၏မျက်နှာပေါ်တွင် ကျေးဇူးတင်သောအရိပ်အယောင်များဖြင့် ပြည့်နှက်နေကာ သူက ပြောဆိုလိုက်သည်။
"အင်း...တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်...မင်း ငါ ပြောတာကိုကြားလား"
ထိုနောက် ထိုမျက်နှာကြီးသည် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်ဘက်သို့ လှည့်လိုက်၏။
"ဒီငယ်သားက အမိန့်ကိုလိုက်နာပြီးတော့ အရှင့်ရဲ့စိုးရိမ်ပူပန်မှုနဲ့ပြဿနာတွေကို ဖြေရှင်းပေးဖို့အတွက် ဖျက်ဆီးခြင်းအရှင်နဲ့ပူးပေါင်းဆောင်ရွက်ပါ့မယ်"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ရိုသေလေးစားစွာ ပြောဆိုသည်။
"အင်း..."
မျက်နှာကြီးထံမှနေ၍ စိတ်ကျေနပ်မှုရသွားသော အသံတစ်သံ ထွက်ပေါ်လာသည်။
ထိုနောက် အနက်ရောင်မြူခိုးများအကြားမှနေ၍ အလင်းတန်းတစ်တန်းက ခန်းမအတွင်းသို့ဆင်းသက်လာပေ၏။
"ဒါက အင်မော်တယ်မြစ်ကုန်းမြေထဲမှာ ငါတို့ရဲ့အရှင်ထိန်းချုပ်ထားတဲ့ ကံကြမ္မာအင်မော်တယ်အလင်းတိုင်ပဲ...ဒီအလင်းတန်းကနေတဆင့် မင်းတို့တွေက အင်မော်တယ်မြစ်ကုန်းမြေထဲမှာ ငါတို့ရဲ့အရှင် ထိန်းချုပ်ထားတဲ့ ကံကြမ္မာတွေကို အချိန်မရွေးစူးစမ်းရှာဖွေနိုင်တယ်"
ထိုစကားကို ကြားချိန်တွင်....
ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့သည် ထိုနေရာသို့လှမ်းကြည့်လိုက်ကြသည်။
တစ်ကျန်းခန့်မြင့်မားသော ကံကြမ္မာအင်မော်တယ်အလင်းတိုင်တွင် သုံးပုံနှစ်ပုံခန့်တွင် ဖရိုဖရဲအရောင်အသွေးများဖြင့် ပြည့်နှက်နေကြောင်း သူတို့ ရုတ်တရက်တွေ့မြင်လိုက်ရသည်။
ဤသည်ကို သူတို့၏စိတ်နှလုံးသားများအတွင်း၌ နားလည်သဘောပေါက်ပြီးဖြစ်သည်။
ဤထိန်းချုပ်ခံထားရသော ကံကြမ္မာသုံးပုံနှစ်ပုံသည် တိမ်တိုက်အထွတ်အထိပ်အင်ပါယာကြောင့် ဖြစ်နိုင်ချေများသည်။
မည်သို့ပင်ဆိုစေကာမူ တိမ်တိုက်အထွတ်အထိပ်အင်ပါယာသည် ပကတိနယ်မြေအပါအဝင် အင်မော်တယ်မြစ်ကုန်းမြေတခွင်လုံး၌ အစွမ်းထက်ဆုံးအင်အားစုတစ်စုပင်။ဤအရာ၏ထိန်းချုပ်မှုအောက်တွင်ရှိနေသော လက်ပါးစေအင်ပါယာများ လက်အောက်ခံဂိုဏ်းများကို စုစည်းလိုက်ပါက ကုန်းမြေ၏ကံကြမ္မာသုံးပုံနှစ်ပုံကိုသိမ်းပိုက်ထားနိုင်သည်မှာ ကျိုးကြောင်းဆီလျော်ပေ၏။
"ပြီးတော့ ဒါကလမ်းညွန်ချက်ပဲ"
နောက်ထပ် အလင်းတန်းတစ်တန်း ကျရောက်လာသည်နှင့်အတူ ရွှေရောင်သင်္ကေတအက္ခရာများကို ထွင်းထုထားသော ကောင်းကင်ဘုံစာအုပ်တစ်အုပ်က သူတို့နှစ်ယောက်၏ရှေ့သို့ ကျရောက်လာသည်။
"မင်းတို့က ဒီလမ်းညွှန်ချက်တွေအတိုင်း လုပ်ဆောင်ဖို့ လိုအပ်တယ်...မင်းတို့ တစ်စုံတစ်ခုကို အောင်မြင်ပြီးမြောက်တဲ့အချိန်တိုင်း အင်မော်တယ်မြစ်ကုန်းမြေထဲမှာ ငါတို့ရဲ့အရှင်ထိန်းချုပ်နိုင်တဲ့ ကံကြမ္မာတွေ တိုးလာလိမ့်မယ်"
"မင်းတို့ မှတ်ထားရမှာက...."
"မင်းတို့က ကံကြမ္မာအင်မော်တယ်အလင်းတိုင်ကို ပြီးပြည့်စုံခြင်းအဆင့်ထိရောက်အောင် လုပ်ရမယ်...ဘယ်လိုပဲဖြစ်ဖြစ် အင်မော်တယ်မြစ်ကုန်းမြေက တစ်ချိန်တုန်းက အင်မော်တယ်တွေရဲ့နယ်မြေပဲ...ဒါက အခုလက်ရှိအင်မော်ဒယ်နယ်မြေနဲ့တောင် တန်းတူအဆင့်မှာရှိနေတယ်...ဒီကံကြမ္မာအင်မော်တယ်အလင်းတိုင်က အရှင်သခင်အတွက် အရမ်းအရေးကြီးတယ်"
"ငါ မင်းတို့ကို သတိပေးရမယ့် ကိစ္စတစ်ခုရှိသေးတယ်...အရမ်းပေါ်ပေါ်ထင်ထင် မလုပ်ကြနဲ့....အထူးသဖြင့် ကံကြမ္မာတွေကို လုယူတဲ့နေရာမှာ အရှင့်အတွက် ကံကြမ္မာကြွေးတွေ အများကြီးတင်မကျန်အောင် ရှောင်ကြဥ်တဲ့အနေနဲ့....မှောင်ရိပ်ထဲကနေ အကွက်ချကြံစည်တာ အကောင်းဆုံးပဲ...ပြဿနာတွေဖြစ်လာနိုင်တဲ့ ကိစ္စတွေအားလုံးကို ရှောင်ကြဥ်ရမယ်"
"ကံကြမ္မာကို ထိန်းချုပ်ပြီးတော့...ကောင်းကောင်းဆုပ်ကိုင်ထားရမယ်"
မျက်နှာကြီးမှနေ၍ အသံနက်ကြီးဖြင့် သူတို့နှစ်ယောက်ကို ညွှန်ကြားလိုက်၏။
"ငါတို့ လိုက်နာပါ့မယ်"
တိမ်တိုက်အတွတ်အထိပ်ဧကရာဇ်နှင့် ဖျက်ဆီးခြင်းအရှင်တို့က ခေါင်းညိတ်လိုက်ကြသည်။
သူတို့သည်လည်း ကံကြမ္မာ၏အရေးပါပုံကို နားလည်သဘောပေါက်သည်။
ထို့ပြင် ကံကြမ္မာသည် အလွန်အမင်းနက်နဲသိမ်မွေ့ကာ ရက်စက်ကြမ်းကြုတ်သောခွန်အားသက်သက်ဖြင့် ပြီးမြောက်အောင်မြင်နိုင်သောတစ်စုံတစ်ခု မဟုတ်ချေ။
အကယ်၍ ရက်စက်ကြမ်းကြုတ်သောခွန်အားကို အသုံးပြုမည်ဆိုပါက တိမ်တိုက်အထွတ်အထိပ်အင်ပါယာသည် အင်မော်တယ်မြစ်တစ်ခွင်လုံးကို အမြစ်ပြတ်သုတ်သင်နိုင်စွမ်းရှိသည်။ ဤနည်းလမ်းဖြင့် တိမ်တိုက်အထွတ်အထိပ်အင်ပါယာသည် ကုန်းမြေတခွင်လုံး၏ကံကြမ္မာကို သူတို့၏ထိန်းချုပ်မှုအောက်၌ ထားနိုင်သည်။
သို့ရာတွင် သူတို့သည် ထိုကဲ့သို့ပြုလုပ်လိုက်ပါက အကန့်အသတ်မရှိသောကံကြမ္မာကြွေးများ သူတို့ကို ချည်နှောင်နေပေမည်။
ဆန့်ကျင်ဘက်အနေဖြင့် ဆိုးကျိုးသည် ကောင်းကျိုးထက် ပို၍များနေပေမည်။
"ဖျက်ဆီးခြင်းအရှင်...ကြည့်ရတာတော့ မင်းမှာ ပြောစရာတစ်ခုခု ရှိနေတဲ့ပုံပဲ"
ထိုအချိန်မှာပင် မျက်နှာကြီးသည် ဖျက်ဆီးခြင်းအရှင်ဘက်သို့လှည့်ကြည့်ကာ မေးမြန်းလေ၏။
"သံတမန်ကြီး...တစ်ယောက်ယောက်က နောက်ကွယ်ကနေပြီးတော့ ကိစ္စတွေကို အဖျက်အမှောင့်လုပ်နေတယ်လို့ ငါ သံသယဝင်မိတယ်...အထူးသဖြင့် နောက်ဆုံးတကြိမ်တုန်းက အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်ကိစ္စမှာ အဲ့ဒီလိုမျိုးဖြစ်မသွားသင့်ဘူးလို့ ငါ တွေးမိတယ်"
ဖျက်ဆီးခြင်းအရှင်က သတိကြီးစွာထား၍ ပြောဆိုသည်။
"အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်ရဲ့ကိစ္စက အတိတ်မှာကျန်ခဲ့ပြီ...ဒါကြောင့် မင်းရဲ့စိတ်ထဲမှာ အရမ်းကြီးထားနေစရာ မလိုအပ်ဘူး.... အရှင်သခင်ရဲ့ကိစ္စတွေမှာ ကြားဝင်စွက်ဖက်ဝံ့တာဆိုလို့ လူနည်းစုပဲရှိမှာကို ငါ စိုးရိမ်မိတယ်"
"အဆိုးဆုံးအနေနဲ့ တကယ်လို့ တစ်ယောက်ယောက်ရှိနေမယ်ဆိုရင် သူတို့က ဘာမှအရေးမပါတဲ့ ယင်ကောင်ငယ်လေးတွေသက်သက်ပဲ...ဒါကြောင့် မင်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှစိုးရိမ်ပူပန်နေဖို့ မလိုအပ်ဘူး"
အနက်ရောင်လေစုပ်ဝဲကြီးအတွင်းမှနေ၍ ဖြည်းညှင်းစွာ စကားပြောဆိုလိုက်သောအသံက ဆက်လက်၍ထွက်ပေါ်လာသည်။
"မင်း အခုလုပ်ဆောင်ရမယ့်အရာက ငါ ညွှန်ကြားထားတဲ့ကိစ္စကို ပြီးမြောက်အောင်မြင်ဖို့အတွက်ပဲ"
"ဟုတ်ကဲ့"
ဖျက်ဆီးခြင်းအရှင်က ရိုသေလေးစားစွာ ခေါင်းညိတ်လိုက်၏။
သူ့၏စိတ်နှလုံးသားသည်လည်း လုံးလုံးလျားလျား တည်ငြိမ်အေးချမ်းသွားလေပြီ။
ထိုအကြောင်းများကို ပြန်ပြောင်းတွေးကြည့်ပါက ဤသည်မှာ အဓိပ္ပာယ်ရှိပေသည်။
အကယ်၍ အင်မော်တယ်မြစ်ကုန်းမြေအတွင်းတွင် ပြဿနာရှာဝံ့သော တစ်စုံတစ်ယောက်ရှိနေလျှင်ပင် ဤသည်မှာ ကိစ္စကြီးတစ်ရပ်မဟုတ်ချေ။မည်သို့ပင်ဆိုစေကာမူ ထိုလူများသည် အရှင်သခင်ကို အံ့တုနိုင်မည်လော။
သူတို့သည် မည်သည့်နည်းနှင့်မျှ အရှင်သခင်နှင့်အဆင့်တူတွင် ရှိမနေနိုင်ချေ။
ယခုလက်ရှိချိန်တွင် သူလုပ်ဆောင်ရမည်မှာ သံတမန်၏ညွှန်ကြားချက်အတိုင်း အမိန့်များကိုပြီးမြောက်အောင်မြင်အောင် ပြုလုပ်ရန်ပင်။
သံတမန်ထွက်ခွာသွားပြီးနောက် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်နှင့် ဖျက်ဆီးခြင်းအရှင်တို့သည် မတ်တတ်ထရပ်ကာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
"သံတမန်ရဲ့ညွှန်ကြားချက်တွေအရ...ငါတို့ အခုလုပ်ရမယ့် ပထမဆုံးကိစ္စက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအကြာတုန်းက အင်မော်တယ်မြစ်ကုန်းမြေထဲမှာ ချိတ်ပိတ်ခံထားရတဲ့ အဝါရောင်ကောင်းကင်မဟာသားရဲကြီးကို လွှတ်ပေးဖို့ပဲ"
"အဲ့ဒီသားရဲက တစ်ချိန်တုန်းက အရှင်သခင်ရဲ့လမ်းညွှန်မှုကို လက်ခံရရှိထားခဲ့တယ်...ဒါကြောင့် သူ့ကိုလွှတ်ပေးပြီးတာနဲ့ သူက အရှင့်ဆီမှာ တာဝန်ထမ်းဆောင်မှာ သေချာပေါက်ပဲ"
"ပြီးတော့ တကယ်လို့ အဲ့ဒီသားရဲက ချိတ်ပိတ်ခံထားရတာကနေ ပြန်လည်ကောင်းမွန်လာခဲ့ရင် သူ့ရဲ့စွမ်းအားက မင်းနဲ့ငါ့ကိုတောင် ယှဉ်ပြိုင်နိုင်လိမ့်မယ်...သူ့ရဲ့စိတ်ဆန္ဒကို ဖြည့်ဆည်းပေးတာက ကံကြမ္မာအင်မော်တယ်အလင်းတိုင်ကိုလည်း အများကြီးမြင့်တက်သွားစေမှာ သေချာတယ်"
"အဲ့ဒီလိုဆိုရင်တောင် ဒါက လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က မျက်မှောင်ကြုတ်၍ ပြောဆိုသည်။
"အဲ့ဒီသားရဲကို တခြားတစ်ယောက်က ချိတ်ပိတ်ထားခဲ့တာ...တကယ်လို့ ငါတို့က သူ့ကိုလွှတ်ပေးလိုက်မယ်ဆိုရင် ကံကြမ္မာကြွေးတွေကို ခံယူရလိမ့်မယ်....ငါတို့က အရှင့်ကိုကိုယ်စားပြုနေမှတော့ အရှင့်အတွက် ကံကြမ္မာကြွေးတွေ စွန်းထင်းသွားမှာ မဟုတ်ဘူးလား"
"ဒါကြောင့် ငါတို့က ဒီသားရဲကို လွှတ်ပေးဖို့အတွက်...ငါတို့နဲ့ ဘာမှမသက်ဆိုင်တဲ့လူတစ်ယောက်ကို စီစဉ်ရမယ်"
"ဒါက တကယ့်ကို ခက်ခဲတဲ့ပြဿနာတစ်ခုပဲ"
ဖျက်ဆီးခြင်းအရှင်သည်လည်း မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်ပြလေ၏။
"ပြီးတော့ ရှေးဟောင်းစည်းတံဆိပ်တွေကို သာမန်လူတွေက ချေဖျက်နိုင်မှာမဟုတ်ဘူး...ဒါကြောင့် ငါတို့က မှန်ကန်တဲ့လူကို ရွေးချယ်နိုင်ရမယ့်အပြင် တံဆိပ်ကို ဘယ်လိုချိုးဖျက်ရမယ်ဆိုတဲ့ ပြဿနာကြီးနှစ်ခုလုံးကို ရင်ဆိုင်ရမယ်"
သို့ရာတွင်....
ဤကိစ္စ၌ ပြဿနာတချို့ရှိနေသော်လည်း မည်သို့ပင်ဆိုစေကာမူ တိမ်တိုက်အထွတ်အထိပ်အင်ပါယာတစ်ခုလုံးသည် သူတို့၏ထိန်းချုပ်မှုအောက်၌ ရှိနေပေ၏။
ဤကိစ္စများအားလုံးကို လျှို့ဝှက်၍စီစဉ်ရန်မှာဖြစ်နိုင်ချေမရှိသောကိစ္စမဟုတ်ချေ။
Chapter 513
တိမ်တိုက်အထွတ်အထိပ်အင်ပါယာ၏ နည်းလမ်းအမျိုးမျိုးအောက်တွင် လျှို့ဝှက်အကြံအစည်များကို စတင်၍စီစဥ်ခဲ့ကြသည်။
ပထမဆုံး သူတို့သည် တစ်လတာအချိန်ကာလကိုသုံးပြု၍ ရွေးချယ်ခံတစ်ယောက်ကို ရွေးချယ်ခဲ့ကြသည်။
ထိုရွေးချယ်ခံသည် ရွှေအင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူပင်။
ထိုလူကို ကြိုးကိုင်ခြယ်လှယ်ခြင်းမှတဆင့် သူတို့သည် သုံးရက်အတွင်းတွင် လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်၍ရင်ဆိုင်နိုင်ပေမည်။
ဖျက်ဆီးခြင်းအရှင်တို့လူစုသည် စူးစမ်းလေ့လာပြီးနောက် လျှို့ဝှက်နယ်မြေအတွင်းတွင် ဝင်္ကပါအမွေအနှစ်ဆက်ခံမှုတစ်ခုရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့ရသည်။ထို့ကြောင့် နယ်မြေအတွင်းသို့ဝင်ရောက်သွားသူသည် ဤဝင်္ကပါအမွေအနှစ်ကိုရရှိပေမည်။
ဝင်္ကပါအမွေအနှစ်ကိုရရှိပြီးနောက် ထိုလူသည် လဝက်အကြာတွင် အဝါရောင်ကောင်းကင်သားရဲကြီး၏ ချိတ်စည်းတံဆိပ်ကို ဖြတ်ကျော်နိုင်ကာ ဝင်္ကပါဖွဲ့စည်းပုံမှ စွမ်းအားလှုပ်ခတ်မှုများကို အာရုံခံနိုင်ပေမည်။
တိုက်ဆိုင်စွာဖြင့် သူ ရရှိထားသော ဝင်္ကပါအမွေအနှစ်တွင် ဤချိပ်စည်းဝင်္ကပါကို ချိုးဖျက်နိုင်သောနည်းလမ်း ပါဝင်နေမည်ဖြစ်ရာ သူသည် အဝါရောင်ကောင်းကင်မဟာသားရဲကြီးကို လွှတ်ပေးနိုင်နေပေမည်။
"အရာအားလုံးက စီစဉ်ထားတဲ့အတိုင်းပဲ"
ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့သည် ကံကြမ္မာအင်မော်တယ်တိုင်လုံးရှေ့၌ မတ်တတ်ရပ်နေကာ သူတို့၏မျက်နှာများပေါ်တွင် အပြုံးများထင်ဟပ်နေသည်။
ယခုလတ်တလော အချိန်ကာလများအတွင်းတွင် သူတို့သည် စိတ်စွမ်းအားများနှင့်မှော်စွမ်းအားများကို အလွန်အကျွံ အသုံးပြုခဲ့ရသဖြင့် စိတ်ပိုင်းဆိုင်ရာအရ ပင်ပန်းနွမ်းနယ်နေခဲ့သည်။
တစ်ခုသိထားရမည်မှာ....
ဤရိုးရှင်းပုံရသော ဖြစ်စဉ်၏နောက်ကွယ်တွင် ကံကြမ္မာကြွေးကို နည်းနိုင်သမျှနည်းပါးအောင်ပြုလုပ်နိုင်ရန် အံ့အားသင့်ဖွယ်ကောင်းသော တွက်ချက်မှုစွမ်းရည်ကို အသုံးပြုခဲ့ရပြီး အလွန်အမင်းခက်ခဲခဲ့ပေ၏။
တခြားအရာများကို ထည့်မပြောလျှင်ပင် လျှို့ဝှက်နယ်မြေအတွင်း၌ ဝင်္ကပါအမွေအနှစ်ကို ရှာဖွေရန်သက်သက်ဖြင့် အလွန်ကြီးမားစွာ အင်အားစိုက်ထုတ်ခဲ့ရသည်။
သူတို့သည် လျှိူ့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ပြီးနောက် နည်းလမ်းအမျိုးမျိုးဖြင့် ပစ်မှတ်ကိုရှာဖွေပြီးမှသာ လျှို့ဝှက်နယ်မြေမှ ဝင်္ကပါအမွေအနှစ်၏တည်နေရာကို ဘေးကင်းလုံခြုံစွာ ရရှိခဲ့ခြင်းဖြစ်သည်။
အတိုချုပ်ပြောဆိုရလျှင်....
အကယ်၍ တိမ်တိုက်အထွတ်အထိပ်အင်ပါယာ တစ်ခုလုံး၏အင်အားကို အလိုရှိသည့်အတိုင်း အသုံးချခဲ့ခြင်းကြောင့်သာ မဟုတ်ပါက ဤကဲ့သို့ ပြုလုပ်နိုင်မည် မဟုတ်သည့်အပြင် အရာအားလုံးသည်လည်း ပြီးပြည့်စုံစွာဖြစ်ပေါ်လာမည်မဟုတ်ချေ။
သုံးရက်ကြာပြီးနောက်....
လူအမြောက်အများ၏ အာရုံစူးစိုက်မှုအောက်တွင်....
ရွှေအိမ်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူသည် သူတို့၏လမ်းညွှန်မှုအတိုင်း လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။လျှို့ဝှက်နယ်မြေအတွင်း၌ အန္တရာယ်များနှင့် ပြည့်နှက်နေသော်လည်း နောက်ဆုံးရလဒ်သည် သူတို့မျှော်လင့်ထားသည့်အတိုင်းပင်။ဤလူသည် ဝင်္ကပါအမွေအနှစ်ကို အောင်မြင်စွာ လက်ခံရရှိနိုင်ခဲ့လေ၏။
"ကြည့်လိုက်အုံး...ကံကြမ္မာအင်မော်တယ်အလင်းတိုင်လုံးက ပြောင်းလဲသွားပြီ"
ထိုလူသည် ဝင်္ကပါအမွေအနှစ်ကို အောင်မြင်စွာလက်ခံရရှိလိုက်သည့် အချိန်အခိုက်အတန့်တွင် ကံကြမ္မာအလင်းတိုင်လုံးမှ ဖရိုဖရဲအရောင်များ အနည်းငယ် မြင့်တက်လာသည်။ထိုအခြင်းအရာကို တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ရှာဖွေတွေ့ရှိသဖြင့် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
ဖျက်ဆီးခြင်းအရှင်သည်လည်း ထိုနေရာသို့ ကြည့်လိုက်၏။
တိကျသေချာစွာပင်....
ဤအချိန်အခိုက်အတန့်၌ အလင်းတန်းများတောက်ပနေသော ကံကြမ္မာအင်မော်တယ်အလင်းတိုင်အတွင်းရှိ ဖရိုဖရဲအရောင်အသွေးများသည် ယခင်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်မြင့်တက်လာသည်။
ဤမြင့်တက်လာမှုသည် အနည်းငယ်မျှသာဖြစ်သော်လည်း မြင့်တက်လာခြင်းဖြစ်နေပေ၏။
ဤသည်ကြောင့် ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့၏ မျက်နှာများပေါ်တွင် အပြုံးများထင်ဟပ်လာသည်။
ဤသည်မှာ အတိတ်နမိတ်ကောင်းတစ်ခုပင်။
သူတို့၏အင်အားစိုက်ထုတ်ခဲ့မှုများသည် အလဟဿမဖြစ်ဟု သက်သေပြနေခြင်းလည်းဖြစ်ပေ၏။
သူတို့၏ကြိုးစားခဲ့မှုအတွက် နောက်ဆုံး၌ ဆုလာဘ်များ ရရှိလာလေပြီ။
"လျှို့ဝှက်နယ်မြေထဲကို ဝင်သွားတဲ့လူကြောင့် ကံကြမ္မာအလင်းတိုင်လုံးထဲက ဖရိုဖရဲအရောင်အသွေးတွေ မြင့်တက်မလာသင့်ဘူး...ဒါပေမဲ့ ဒါက ငါတို့အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုကနေ သက်ရောက်မှုတွေ ထွက်ပေါ်လာတာပဲဖြစ်မယ်...အဝါရောင်ကောင်းကင် မဟာသားရဲရဲ့ချိတ်စည်းတံဆိပ်ကို ချိုးဖျက်ပြီးတဲ့အချိန်ကျရင် ဖရိုဖရဲအရောင်အသွေးတွေ ဘယ်လောက်ထိတိုးလာမလဲဆိုတာ တွေးတောကြည့်ဖို့တောင်အရမ်းခက်ခဲတယ်"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
"အမှန်ပဲ...ငါတို့ ဆက်ပြီးစောင့်ကြည့်ကြတာပေါ့"
ဖျက်ဆီးခြင်းအရှင်၏ မျက်လုံးများအတွင်းတွင်လည်း အလင်းရောင်များ တောက်ပနေသည်။
"နောက်ထပ်ကတော့ ငါတို့က ချိတ်ပိတ်ထားတဲ့နယ်မြေကို ဖြတ်ကျော်နိုင်မယ့်အချိန်ကို စောင့်ဆိုင်းရမယ်"
ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့၏ စိတ်အားထက်သန်နေသော မျှော်လင့်စောင့်စားခြင်းအောက်တွင် နောက်ထပ်ဆယ်ရက် အလျှင်အမြန်ကုန်ဆုံးသွားခဲ့သည်။
"ဧကရာဇ်နဲ့ဖျက်ဆီးခြင်းအရှင်တို့ကို သတင်းပို့ပါတယ်....ပစ်မှတ်က ချိတ်စည်းတံဆိပ်ကိုရောက်ဖို့ တစ်ရက်ပဲလိုတော့တယ်...တကယ်လို့ မမျှော်လင့်ထားတဲ့ကိစ္စတွေ ဖြစ်မလာဘူးဆိုရင် သူက မနက်ဖြန်မှာ အဲ့ဒီနေရာကို ရောက်သွားလိမ့်မယ်"
တိမ်တိုက်အထွတ်အထိပ် တော်ဝင်နန်းတော်အတွင်းတွင် လူအများသည် နာရီအနည်းငယ်ကြာတိုင်း သတင်းများလာပို့လေ၏။
ဤအချိန်အခိုက်အတန့်တွင် သတင်းပို့ရန်အတွက် လက်အောက်ငယ်သားတစ်ယောက် ရောက်ရှိလာသည်။
"ဟား ဟား ဟား...."
"ကောင်းတယ်...အရမ်းကောင်းတယ်..."
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ သူ့၏လက်ကိုဝှေ့ယမ်းလိုက်သည်။
"ဒီနေရာမှာရှိတဲ့ မင်းတို့အားလုံးက ဒီအစီအစဥ်ကြီးအတွင်းမှာ ကြီးမားတဲ့အကျိုးဆောင်မှုတွေ ပြုလုပ်ခဲ့တယ်...မင်းတို့လုပ်ခဲ့တဲ့ အကျိုးဆောင်မှုတွေကို အခြေခံပြီးတော့ ဆုလာဘ်တွေချီးမြှင့်မယ်"
"ဧကရာဇ်ကို ဂုဏ်ပြုပါတယ်...ဖျက်ဆီးခြင်းအရှင်ကို ဂုဏ်ပြုပါတယ်...အောင်ပွဲရရှိမှာ သေချာနေပြီ"
လူတိုင်းသည် မြေပြင်ပေါ်၌ဒူးထောက်ကာ ကျယ်လောင်စွာ ချီးမွမ်းဂုဏ်ပြုလိုက်ကြသည်။
ဤအချိန်အခိုက်အတန့်တွင် တော်ဝင်နန်းတွင်းတစ်ခုလုံး ပျော်ရွှင်မှုအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
"ဟား ဟား ဟား...အားလုံးပဲ ထကြတော့"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် သူ့၏လက်ကိုဝှေ့ယမ်းပြီးနောက် လက်ရှိနေရာတွင် ရှိနေသောလူများအားလုံးကို ညင်သာသောအားလှိုင်းတရပ်က တွဲထူပေးလေသည်။
ထို့နောက် သူသည် ဖျက်ဆီးခြင်းအရှင်ကိုကြည့်ကာ အော်ဟစ်လိုက်၏။
"ဖျက်ဆီးခြင်းအရှင်...ဒီနေရာမှာ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းပြီးတော့ ကံကြမ္မာအင်မော်တယ်အလင်းတိုင်လုံးထဲက ကံကြမ္မာစွမ်းအားတွေ မြင့်တက်လာတာကို ငါတို့ အတူကြည့်ကြစို့"
"ကောင်းပြီလေ"
ဖျက်ဆီးခြင်းအရှင်က ပြုံးရွှင်နေသောမျက်နှာဖြင့် တုံ့ပြန်သည်။
အင်မော်တယ်မြစ်ဖရိုဖရဲကျောက်စာတိုင်ကို အသက်သွင်းပြီးချိန်မှစတင်၍ လွဲချော်မှုများ တစ်ခုပြီးတစ်ခု ဖြစ်ပွားနေခဲ့သည်။အရာအားလုံး ချောချောမွေ့မွေ့မဖြစ်ပွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
မိုးကောင်းကင်ယံအတွင်း၌.....
အလင်းတန်းနှစ်တန်းဖြတ်သန်းသွားကာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ပင်။
အမျိုးသားသည် ခမ်းနားထည်ဝါစွာဝတ်ဆင်ထားကာ သာလွန်ထူးကဲသောအရှိန်အဝါမျိုးရှိသည်။
အမျိုးသမီးသည် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ သူမ၏နံဘေးပတ်ဝန်းကျင်တွင် ခပ်ဖျော့ဖျော့အရှိန်အဝါတစ်ရပ် ရစ်သိုင်းလွှမ်းခြုံနေသည်။သူမ၏မျက်လုံးတစ်စုံသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်များ၏ အရောင်အသွေးများကို ထုတ်ဖော်ပြသနေသော ကြယ်ပွင့်များအလားပင်။
အကယ်၍ မိုးမြေဂိုဏ်းမှတပည့်များ ဤနေရာတွင်ရှိနေပါက သူတို့သည် မိုးမြေဂိုဏ်း၏ သတ္တမမြောက်တပည့် ကျားကျားချင်နှင့် ဆဋ္ဌမမြောက်တပည့် မိုထျန်ကျီးတို့ဖြစ်ကြောင်း သိရှိကြပေမည်။
"ဆဋ္ဌမစီနီယာအစ်မ...လအနည်းငယ်အတွင်းမှာ ဂိုဏ်းတူတပည့်တွေက အခန်းကဏ္ဍအမျိုးမျိုးမှာ အောင်မြင်မှုတွေ ရရှိကုန်ကြပြီ...ဒါပေမဲ့ ငါက အခုထိ ဘာမှမလုပ်နိုင်သေးဘူး"
ကျားကျားချင်က စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုလေသည်။
"ကံကောင်းထောက်မပြီးတော့ အရင်တုန်းက ဒီနေရာမှာ လွန်ခဲ့တဲ့ ရှေးဟောင်းခေတ်ကာလတွေကတည်းက အသက်ရှင်သန်ခဲ့တဲ့ မူလဘူတမှော်သားရဲကြီးတကောင်ကို ချိတ်ပိတ်ထားတယ်လို့ ရှေးဟောင်းမှတ်တမ်းတွေမှာ ငါ ဖတ်ခဲ့ရတယ် ....ဒါကြောင့် ဒီချိတ်စည်းတံဆိပ်ကို ချိုးဖျက်ဖို့အတွက် ငါက စီနီယာအစ်မရဲ့အကူအညီကို လိုအပ်တယ်"
"မူလဘူတမှော်သားရဲလား"
မိုထျန်ကျီးသည် သူမ၏နူးညံ့သေးသွယ်သောလက်ချောင်းများကို ရွေ့လျားကာ ပြောဆိုသည်။
"ဒါက ရက်စက်ကြမ်းကြုတ်တဲ့ မှော်သားရဲတစ်ကောင်ပဲ...သူ့ကိုသိမ်းသွင်းနိုင်ဖို့အတွက် နင့်မှာ ယုံကြည်ချက်ရှိလား"
"စီနီယာအစ်မ....ဘာမှ မစိုးရိမ်ပါနဲ့...အဲ့ဒီမှော်သားရဲက ခေတ်ကာလတွေ အများကြီးကြာအောင် ချိတ်ပိတ်ခံထားရတယ်...သူ့ရဲ့ခွန်အားက သူ့ရဲ့အထွတ်အထိပ်အဆင့်ကနေ ဆယ်ပုံတစ်ပုံလောက်ထိ လျော့ကျနေပြီ...ငါက သူ့ကို ကောင်းကောင်းကိုင်တွယ်နိုင်စွမ်း ရှိပါတယ်"
ကျားကျားချင်က အပြုံးနှင့်ဆက်လက်ပြောဆိုသည်။
"ငါက သူ့ကိုသိမ်းသွင်းပြီးတာနဲ့ သူ့ရဲ့ကျန်းမာရေး ပြန်ပြီးကောင်းမွန်လာအောင် ပြုစုပျိုးထောင်ပေးမယ်...သူ့ရဲ့ခွန်အားတွေ ပြန်ရလာတဲ့အချိန်ကျရင် အနာဂတ်မှာ ဆရာကြီးရဲ့မဟာအစီအစဉ်ကြီးအတွက် အသုံးဝင်လာနိုင်တယ်"
"တကယ်လို့ တခြားအထွေအထူးကိစ္စမရှိဘူးဆိုရင်လည်း ငါက အနည်းဆုံးတော့ သူ့ကိုဖမ်းဆီးပြီး ဆရာကြီးစားဖို့အတွက် စတုတ္ထစီနီယာအစ်ကိုကို ချက်ပြုတ်ခိုင်းလို့ရတယ်...ဆရာကြီးက ခုလိုမျိုးတောရိုင်းအသားတွေကို အရမ်းနှစ်သက်တယ်ဆိုတာ ငါ မှတ်မိတယ်"
"ဂျူနီယာမောင်လေးက အရမ်းတွေးတောတတ်တာပဲ"
မိုထျန်ကျီးက အသိအမှတ်ပြုသည်အနေဖြင့် ခေါင်းညိတ်လိုက်၏။
"ဂျူနီယာမောင်လေးက ဆရာကြီးအတွက် အမြဲတမ်း တွေးတောပေးနေတာက...နင့်ရဲ့ဝတ္တရားကျေပွန်မှုကို ပြသနေတာပဲ...ဒါကြောင့် ငါက နင့်ရဲ့တောင်းဆိုမှုကို ငြင်းဆန်မှာမဟုတ်ဘူး"
"သွားကြစို့...ငါတို့ အဲ့ဒီနေရာကိုသွားပြီးတော့ ချိတ်စည်းတံဆိပ်ကို ချက်ချင်းချိုးဖျက်ကြရအောင်"
Chapter 514
သူတို့နှစ်ယောက်သည် အလွန်လျှင်မြန်စွာဖြင့် ချိတ်ပိတ်ထားသောနေရာ၏အထက်ရှိ လေဟာနယ်အတွင်းသို့ ရောက်ရှိလာခဲ့သည်။
"စီနီယာအစ်မ...အဆင်ပြေရဲ့လား"
ကျားကျားချင်က မေးမြန်းသည်။
သူ့၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ရှိနေသည်။
မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် ရှေးဟောင်းရက်စက်ကြမ်းကြုတ်မှော်သားရဲကြီးကို ချိတ်ပိတ်ထားသောနေရာပင်။ဤကဲ့သို့ချိတ်စည်းတံဆိပ်မျိုးကို သာမန်နည်းလမ်းများဖြင့် ချေဖျက်၍ရမည်မဟုတ်ချေ။
"ဂျူနီယာမောင်လေးက စိုးရိမ်လွန်နေတာပဲ"
"ဒီလိုမျိုးရှုပ်ထွေးတဲ့ ဝင်္ကပါဖွဲ့စည်းပုံတွေကို စကားလုံးတစ်လုံးတည်းနဲ့ ခွဲခြားလို့မရဘူး"
"ဒါပေမဲ့ နင်က တိတိကျကျတွက်ချက်ပြီးတော့ အဖြေကိုရှာဖွေနိုင်သရွေ့ ဒါကို အလွယ်တကူချိုးဖျက်နိုင်လိမ့်မယ်"
မိုထျန်ကျီးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူမ၏မေးကိုမော့ပြီး ပြောဆိုသည်။
"စီနီယာအစ်မ...မင်း သင်ယူခဲ့တဲ့ သင်္ချာပညာရပ်က တကယ့်ကိုပဲ အရမ်းဆန်းကြယ်တာလား"
ကျားကျားချင်က အံ့အားတစ်သင့်မေးမြန်းသည်။
"အမှန်ပဲပေါ့"
"သင်္ချာပညာရပ်က အရာအားလုံးကို လွှမ်းခြုံထားပြီးတော့ အရာရာတိုင်းကို ချိုးဖျက်နိုင်တယ်...ပြောရမယ်ဆိုရင် ဝင်္ကပါငယ်လေးတစ်ခုကို ချိုးဖျက်ဖို့ဆိုတာ အရမ်းလွယ်ကူတယ်...ဒါကိုအဓိပ္ပာယ်ဖော်ဖို့အတွက် ပေါင်း နုတ် မြှောက် စား ထပ်ညွှန်း ထပ်ကိန်းရင်း အစပြုပြီးတော့ နည်းလမ်းတွေ အများကြီးရှိတယ်"
"ပြီးတော့ အမှန်အတိုင်းပြောရမယ်ဆိုရင် သဘာဝကိန်းဂဏန်းအစုမှာ လုပ်ဆောင်ချက်တွေ မရေမတွက်နိုင်အောင် ရှိနေတယ်...ယေဘုယျသင်္ချာပညာရပ်မှာ လုပ်ဆောင်ချက်တွေကို ဒွိစုံကိန်းစနစ်အနေနဲ့ သတ်မှတ်ထားတယ်....ဒွိစုံကိန်းတွေ အဆမတန်များပြားတာကြောင့် လုပ်ဆောင်ချက်တွေလည်း အရမ်းများပြားတယ်"
မိုထျန်ကျီးက စိတ်ရှည်လက်ရှည်ရှင်းပြသည်။
သို့ရာတွင် ကျားကျားချင်သည် မည်သို့မျှ နားလည်သဘောပေါက်နိုင်စွမ်းမရှိချေ။
"စီနီယာအစ်မ...မင်း ပြောသွားတာတွေက အရမ်းရှုပ်ထွေးတယ်...ငါ နည်းနည်းလေးတောင် နားမလည်ဘူး...ဒါပေမဲ့ မင်းက ဒီလောက်ထိ အများကြီးနားလည်သဘောပေါက်ထားမှာတော့ သင်္ချာပညာရပ်မှာ မင်းက ကြီးမားတဲ့အောင်မြင်မှုကို ရရှိထားလောက်တယ်...ဟုတ်တယ်မလား"
ကျားကျားချင်က မေးမြန်းသည်။
"နင် အဲ့ဒီလောက်ထိ အထင်မကြီးစမ်းပါနဲ့"
မိုထျန်ကျီးက ကူကယ်ရာမဲ့စွာဖြင့် ခါးသည်းစွာပြုံးလိုက်သည်။
"အချိန်အကြာကြီး လေ့လာသင်ယူပြီးတဲ့နောက်မှာ ငါက အခြေခံအဆင့်ကိုတောင် မပိုင်နိုင်သေးဘူး...ဒီပညာရပ်ရဲ့အဆင့်ခွဲခြားပုံအရဆိုရင် လအခုအချိန်မှာ ငါက အများဆုံးအနေနဲ့ အလယ်တန်းကျောင်းသားတစ်ယောက်အဆင့်ပဲ ရှိနေလိမ့်မယ်"
"ဒီအဆင့်ရဲ့အထက်မှာ အထက်တန်း တက္ကသိုလ် ဘွဲ့လွန်နဲ့ ပါမောက္ခတန်းစတဲ့ ပိုပြီးမြင့်မားတဲ့အဆင့်တွေ ရှိနေတုန်းပဲ"
ထိုစကားကိုပြောဆိုနေစဉ်တွင် မိုထျန်ကျီး၏လှပသောမျက်လုံးများအတွင်း၌ ရူးသွပ်စွဲလမ်းသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
ထို့နောက် မိုထျန်ကျီးသည် စိတ်တည်ငြိမ်မှုပြန်လည်ရရှိသွားခြင်းနှင့်အတူ သူမသည် ကျားကျားချင်ကိုခေါ်ဆောင်ပြီး ဝင်္ကပါကိုချိုးဖျက်ကာ ချိတ်ပိတ်ထားသောနေရာအတွင်းသို့ တိတ်တဆိတ်ဝင်ရောက်ခဲ့တော့သည်။
"စီနီယာအစ်မ...မင်းက တကယ့်ကို အရမ်းထူးချွန်တာပဲ"
မိုထျန်ကျီးသည် ချိတ်စည်းတံဆိပ်ကို လွယ်လင့်တကူချိုးဖျက်လိုက်သည်ကိုကြည့်ပြီး ကျားကးချင်သည် စိတ်အားထက်သန်စွာဖြင့် ပြောဆိုလိုက်၏။
"ဒါက ဘာမှမဟုတ်သေးဘူး...ဒီဝင်္ကပါဖွဲ့စည်းပုံက ခက်ခဲတယ်ဆိုပေမယ့်...အချိန်အရမ်းကြာညောင်းလာတာကြောင့် ဒီဝင်္ကပါရဲ့စွမ်းအားတွေက စပြီးခင်းကျင်းတဲ့အချိန်ရဲ့ဆယ်ပုံတစ်ပုံပဲ ကျန်တော့တယ်"
မိုထျန်ကျီးက ပွင့်ပွင့်လင်းလင်း ရှင်းပြသည်။
"စီနီယာအစ်မ...ဒါတောင်မှ မင်းက အရမ်းအထင်ကြီးစရာကောင်းတာပဲ"
ကျားကျားချင်က စိတ်လှုပ်ရှားစွာပြောဆိုသည်။
"ပြီးတော့ အခုအချိန်မှာ မင်းက အလယ်တန်းကျောင်းသားအဆင့်ပဲ ရှိသေးတယ်...တကယ်လို့ မင်း အရင်ကပြောခဲ့တဲ့ အထက်တန်းနဲ့တက္ကသိုလ်လိုအဆင့်မျိုးကို မင်း ကျွမ်းကျင်သွားမယ်ဆိုရင်...ဘယ်လိုတုန်လှုပ်ချောက်ချားတဲ့နယ်ပယ်မျိုးကို မင်းရောက်သွားမလဲဆိုတာ ငါ မသိတော့ဘူး"
မိုထျန်ကျီးက ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်သည်။
ဤကဲ့သို့ပညာရပ်နယ်ပယ်သည် တည်ငြိမ်စွာလေ့လာသင်ယူခြင်းမှတဆင့်သာ ဖြည်းညှင်းစွာအောင်မြင်ပြီးမြောက်နိုင်သည်။
ထိုအချိန်မှာပင် ချိတ်ပိတ်ခံထားရသောနယ်မြေအတွင်းရှိ လေဟာနယ်မှနေ၍ ပြင်းထန်သောလေပြင်းတစ်ခု မြင့်တက်လာသည်။
တချိန်တည်းမှာပင် လွမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါတစ်ရပ် နိုးထလာပေ၏။
ရုတ်ချည်းဆိုသလိုပင် မိုထျန်ကျီးနှင့်ကျားကျားချင်တို့သည် ပြင်းထန်သောအန္တရာယ်အငွေ့အသက်တစ်ခု သူတို့ထံသို့ တိုးဝင်လာသည်ကို ခံစားမိလေ၏။ဤသည်မှာ အမှောင်ထုအတွင်းမှနေ၍ မျက်လုံးတစ်စုံသည် သူတို့အားစူးစိုက်ကြည့်နေသည့်အလားပင်။
"ဂျူနီယာမောင်လေး....မင်း အဆင်သင့်ဖြစ်ပြီလား"
မိုထျန်ကျီးက နူးညံညင်သာစွာမေးမြန်းသည်။
"စီနီယာအစ်မ ဘာမှ မစိုးရိမ်ပါနဲ့...ကျေးဇူးပြုပြီးတော့ ငါနဲ့ကပ်ပြီး လိုက်ခဲ့ပေးပါ"
ကျားကျားချင်က အပြုံးနှင့်ပေါ့ပေါ့ပါးပါး ပြောဆိုသည်။ထို့နောက် သူသည် ဖိအားအရှိန်အဝါကိုလျစ်လျူရှုပြီး ရှေ့သို့လျှောက်လှမ်းသွားလိုက်သည်။
မိုထျန်ကျီးသည် ကျားကျားချင်၏နောက်မှနေ၍ ထပ်ချပ်မကွာကပ်လိုက်သွားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူမသည် ဝင်္ကပါကို ချိုးဖျက်နိုင်စွမ်းသာရှိသည်။မှော်သားရဲများကိုသိမ်းသွင်းရမည့်အချိန်သို့ ရောက်ရှိလာစဉ်တွင်မူ သူမထံတွင် အစွမ်းအစကင်းမဲ့နေသည်။
သို့ရာတွင် ဤကဲ့သို့ ရှေးဟောင်းမဟာသားရဲကြီးတစ်ကောင်ဖြင့် ရင်ဆိုင်ရချိန်၌ သူမ၏ဂျူနီယာမောင်လေး မည်ကဲ့သို့သိမ်းသွင်းမည်ကို သူမမြင်တွေ့လိုသည်။
သူတို့နှစ်ယောက်သည် လမ်းတလျှောက်လုံးအဝါရောင်သဲများပေါ်မှ လျှောက်လှမ်းလာခဲ့သည်။
သူတို့သည် လမ်း၏အဆုံးသတ်သို့ရောက်ရှိချိန်၌ ကျားကျားချင်သည် ရပ်တန့်လိုက်ကာ အေးအေးလူလူအသံဖြင့် အော်ဟစ်ပြောဆိုသည်။
"ပုန်းနေတာကိုရပ်ပြီး ထွက်လာခဲ့တော့"
"ဟမ့်..."
"လူသားလေးနှစ်ယောက်က ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ရဲ့နယ်မြေထဲကို ကျူးကျော်ပြီးဝင်လာဝံတာလဲ....မင်းတို့က သေချင်နေတာလား"
မိုးကောင်းကင်ယံအတွင်းတွင် ကြက်သွေးရောင်မျက်လုံးတစ်စုံထွက်ပေါ်လာကာ မောက်မာထောင်လွှားသောအကြည့်ဖြင့် သူတို့နှစ်ယောက်ကို ငုံကြည့်လေသည်။
"မင်း ဒီလိုမျိုးမပြောခင်...အရင်ဆုံး မင်းရဲ့အခြေအနေကို မင်း ပြန်စဉ်းစားသင့်တယ်"
ကျားကျားချင်က ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။
"နှစ်ပေါင်းများစွာကြာအောင် မင်းကိုချိတ်ပိတ်ထားတဲ့ ချိတ်စည်းတံဆိပ်က အခုပျက်စီးသွားပြီ...တကယ်လို့ မင်းရဲ့အခုလက်ရှိအခြေအနေက အကောင်းပကတိဖြစ်နေမယ်ဆိုရင် ဘာလို့ ရေမြောင်းထဲမှာ ပုန်းအောင်းပြီးတော့ ငါတို့ကိုခြိမ်းခြောက်နေတာလဲ"
"ဒါကြောင့် ပြောရမယ်ဆိုရင်...မင်းရဲ့အခုလက်ရှိအခြေအနေက ကောင်းမွန်နေမှာမဟုတ်ဘူး...တကယ်လို့ ချိတ်စည်းတံဆိပ်က ပျက်ပြယ်သွားပြီဆိုရင်တောင် မင်း အပြင်ကိုထွက်မလာရဲဘူးမဟုတ်လား"
"မင်း...."
မဟာသားရဲကြီး၏အသံ တိမ်ဝင်သွားသည်။
သူသည် အနည်းငယ်ထိတ်လန့်ကြောက်ရွံ့သွားပေ၏။
သူ့၏ယခုလက်ရှိအခြေအနေကို ကျားကျားချင်က အတိအကျထွင်းဖောက်မြင်နိုင်ခဲ့သည်။
"မင်းက ဘယ်သူလဲ"
"မင်း ဒီနေရာကို ဘာရည်ရွယ်ချက်နဲ့ ရောက်လာတာလဲ"
ကြက်သွေးရောင်မျက်လုံးတစ်စုံသည် သူတို့နှစ်ယောက်ကို စူးစိုက်၍ကြည့်နေကာ အသံနက်ကြီးဖြင့် မေးမြန်းသည်။
"ဘာမှ ကြောက်မနေနဲ့....ငါတို့က မင်းကို ထိခိုက်နာကျင်အောင် လုပ်မှာမဟုတ်ဘူး"
ကျားကျားချင်က ပြောဆိုသည်။
"ဒီနေရာထိ ငါတို့ မင်းကို အထူးသီးသန့် လာပြီးရှာဖွေရတာက မင်းနဲ့ဆွေးနွေးစရာရှိလို့ပဲ"
"ဟမ့်...ငါက ဘယ်တော့မှ လူသားတွေနဲ့အပေးအယူမလုပ်ဘူး"
မဟာသားရဲကြီးက အေးစက်စက်အသံဖြင့်တုံ့ပြန်သည်။
"မင်း အပေးအယူလုပ်တယ် မလုပ်ဘူးဆိုတာကမင်းအပေါ်မှာ မူတည်တယ်...မင်းရဲ့သွေးမျိုးဆက်ကို ဆက်ပြီးတည်ရှိမနေချင်စေဘူးဆိုရင် မင်း ဒါကို မလုပ်လို့ရတယ်"
ကျားကျားချင်က အလျင်လိုခြင်းမရှိဘဲ ဆက်လက်၍ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် မဟာသားရဲကြီး၏အသံသည် ရုတ်တရက် အလွန်အမင်းစိတ်လှုပ်ရှားစ ပြုလာသည်။
"ငါရဲ့သွေးမျိုးဆက်ကို ဆက်ပြီးတည်ရှိစေနိုင်ဖို့ မင်းမှာ နည်းလမ်းတစ်ခု ရှိနေတာလား"
"သေချာတာပေါ့"
ကျားကျားချင်က ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"ငါ ဒါကိုမယုံကြည်ဘူး"
မဟာသားရဲကြီးက အသံနက်ကြီးဖြင့် ပြောဆိုလိုက်၏။
"ဒါဆိုရင် ငါ မင်းကို သက်သေပြပေးမယ်"
"မင်းက ဒါကို ဘယ်လိုသက်သေပြမှာလဲ"
"ဒါက ကြက်ဥတစ်လုံး...သာမာန်ကြက်ဥတစ်လုံးပဲ"
ကျားကျားချင်သည် သူ့၏လက်ကိုဆန်တန်းကာ ကြက်ချေးများကပ်နေသော ကြက်ဥတစ်လုံးကို ထုတ်ယူလိုက်သည်။
"ဒါက သာမန်ကြက်ဥတစ်လုံးဆိုတာ ငါ သိတာပေါ့"
အဝါရောင်ကောင်းကင်သားရဲကြီး၏ ဖုံးကွယ်ထားသောအရှိန်အဝါများ ပျံ့နှံလာကာ အသံနက်ကြီးတစ်သံ ထွက်ပေါ်လာသည်။
"ဒါပေမဲ့ သာမန်ကြက်ဥတစ်လုံးက ဘာကိုသက်သေပြနိုင်မှာမလို့လဲ"
"ဒီသာမန်ကြက်ဥကနေ ငါက နဝမကောင်းကင်နတ်ဘုရားဖီးနစ်သွေးမျိုးဆက်ပါတဲ့ ကြက်ကလေးတကောင်ကို ပေါက်ဖွားလာအောင် လုပ်နိုင်တယ်"
ကျားကျားချင်က ယုံကြည်ချက်ရှိစွာပြောဆိုသည်။
"ဒါက မဖြစ်နိုင်ဘူး"
အဝါရောင်ကောင်းကင်သားရဲကြီးက အော်ဟစ်လိုက်သည်။
ဤသည်မှာ အလွယ်ပြောရပါက အခြေအမြစ်မရှိသောကိစ္စပင်။
"မင်းက အရမ်းအသိဥာဏ်ခေါင်းပါးတဲ့ကောင်ပဲ"
ကျားကျားချင်က အဝါရောင်ကောင်းကင်သားရဲကြီးကို မျက်စောင်းထိုး၍ကြည့်လိုက်သည်။
"ငါတို့ဆရာကြီးရဲ့ မှတ်တမ်းစာအုပ်တွေထဲမှာပါတဲ့ မျိုးစပ်ခြင်းနည်းစနစ်ကို အသုံးပြုမယ်ဆိုရင် သဘောတရားအရ ဘယ်မျိုးစိတ်ကိုမဆို မျိုးပွားနိုင်တယ်"
"တကယ်လို့ မင်း ဒါကိုမယုံကြည်ဘူးဆိုရင် မင်း စောင့်ကြည့်လို့ရတယ်"
ကျားကျားချင်သည် စကားပြောဆိုရင်း သူ့၏သိုလှောင်လက်စွပ်ကို အနည်းငယ်လှုပ်ခါလိုက်ရာ 'ကွတ် ကွတ်'အော်မြည်သံနှင့်အတူ သူယူဆောင်လာသော ကြက်မတစ်ကောင်ထွက်လာသည်။
"ငါ သားဖောက်တာကို..မင်း စောင့်ကြည့်နေစမ်း"
ကျားကျားချင်က မသိမသာပြုံးလိုက်သည်။
ထို့နောက် သူသည် ကြမကြီးအား ကြက်ချေးများပေကျံနေသောကြက်ဥကို ဝပ်ကာသားဖောက်စေသည်။
"ဂျူနီယာမောင်လေး...မင်း အဲ့ဒီကြက်ဥကို နည်းနည်းလောက် သန့်ရှင်းရေးလုပ်လို့မရဘူးလား"
မိုထျန်ကျီးက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်၏။
"စီနီယာအစ်မ...မင်း မှားနေပြီ...ဒီကြက်ဥပေါ်ကကြက်ချေးတွေက ကြက်မကို ဒီကြက်ဥအပေါ် ချစ်ခင်တွယ်တာပြီးတော့ ရင်းနှီးမှုတွေ ပိုပြီးရစေတာကြောင့်...သူက ဒါကို မြန်မြန်ပေါက်ဖွားစေလိမ့်မယ်"
ကျားကျားချင်က ရှင်းပြလေသည်။
သူသည် ခေါင်းထက်ရှိ မယုံတစ်ဝက်ယုံတစ်ဝက်ဖြစ်နေသောအကြည်ကို အနည်းငယ်မျှဂရုမစိုက်ချေ။သူသည် အခိုင်အမာယုံကြည်ချက်ရှိသောအမူအယာဖြင့် နေရာတွင်ထိုင်ချကာ ကြက်ဥမှသားပေါက်လာရန် စောင့်ဆိုင်းနေတော့သည်။
Chapter 515
အချိန်များ တရွေ့ရွေ့ကုန်ဆုံးနေသည်။
မိုးကောင်းကင်ယံအတွင်းရှိ ကြက်သွေးရောင်မျက်လုံးတစ်စုံသည် ကြက်ဥကိုဝပ်နေသောကြက်မကို မယုံတစ်ဝက်ယုံတစ်ဝက်အကြည့်ဖြင့် စူးစိုက်ကြည့်နေသည်။
မိုထျန်ကျီးသည်လည်း ကျားကျားချင်၏နောက်တွင် ပလ္လင်ခွေထိုင်နေလေ၏။
ကျားကျားချင်သည် သာမာန်ကြက်ဥမှနေ၍ နဝမကောင်းကင်ဖီးနစ်သွေးမျိုးဆက်ရှိသော ကြက်ပေါက်တစ်ကောင်ကို ပေါက်ဖွားစေနိုင်သည်နှင့်ပတ်သက်ပြီး သူမ သံသယမရှိချေ။
မည်သို့ပင်ဆိုစေကာမူ မိုးမြေဂိုဏ်းအတွင်း၌ ဤနည်းလမ်းဖြင့်ပေါက်ဖွားလာသော ကြက်တစ်သိုက်ရှိနေဆဲပင်။ဆရာကြီးသည် ထိုကြက်များကို ကြော်စားခြင်းမှ မှိုများဖြင့်စွပ်ပြုတ်လုပ်ခြင်းအထိ တစ်လလုံးလုံး ချီယီထုံကို ချက်ပြုတ်ခွင့်ပြုထားသည်။
သူမအား ပို၍ဇဝေဇဝါဖြစ်စေသည်မှာ အဝါရောင်ကောင်းကင်သားရဲကြီး၏ မျိုးဆက်ဆက်လက်ပြန့်ပွားစေလိုသောအတွေးကို ကျားကျားချင် မည်သည်ကြောင့်သိနေသည်ဟူသော အချက်ပင်။
သူမသည် ထပ်မံ၍တောင့်ခံနိုင်စွမ်းမရှိတော့သောကြောင့် ကျားကျားချင်ကို တိုးညှင်းစွာမေးမြန်းလိုက်သည်။
"ဒါက ရိုးရှင်းပါတယ်....ဘယ်သားရဲမဆို သူတို့ရဲ့မျိုးဆက်တွေကို ဆက်ပြီးထိန်းသိမ်းချင်တာက သူတို့ရဲ့မွေးရာပါအကျင့်စရိုက်တမျိုးပဲ"
"ကျမ်းစာဆောင်ထဲက 'ကြက်ငှက်များ မွေးမြူနည်း'နဲ့ 'တိရစ္ဆာန်များ၏အတွင်းစိတ်များကို အသေးစိတ်ကျကျ ထွင်းဖောက်ရှုမြင်ခြင်း'ဆိုတဲ့စာအုပ်တွေကို လေ့လာဆင်ခြင်ပြီးတဲ့နောက်မှာ ငါက ဘယ်သားရဲရဲ့အတွေးတွေကိုမဆို သူတို့ရဲ့မျက်လုံးတွေ ဒါမှမဟုတ် အပြုအမူတစ်ခုကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သိနိုင်တယ်"
"ဝက်မတကောင်က မရပ်မနားအော်မြည်နေပြီဆိုရင် ဒါက သူတို့ရဲ့မိတ်လိုက်ရာသီ ဖြစ်တယ်ဆိုတဲ့အရာမျိုးတွေပဲ"
"ဒါ့ကြောင့် ငါက အဝါရောင်ကောင်းကင်သားရဲရဲ့အတွေးတွေကို အသေးစိတ်အချက်အလက်တွေကနေတဆင့် သိနိုင်တယ်....ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှ ထူးဆန်းတာမရှိဘူး"
"ဒါ့ပြင် အဝါရောင်ကောင်းကင်က လွန်ခဲ့တဲ့ခေတ်ကာလပေါင်းများစွာကနေ ရှင်သန်လာခဲ့တဲ့ သားရဲတစ်ကောင်ပဲ....ဒီလိုသားရဲမျိုးတွေက အင်မော်တယ်မြစ်ကုန်းမြေထဲမှာ မျိုးတုန်းပျောက်ကွယ်သွားလောက်ပြီ....ဒါကြောင့် သူ့ရဲ့မျိုးဆက်ကို ဘယ်လိုဆက်ပြီးပြန့်ပွားအောင် လုပ်ရမယ်ဆိုတာ သူ့ရဲ့နှလုံးသားအနှောင်အဖွဲ့တစ်ခု ဖြစ်နေမှာပဲ"
ကျားကျားချင်က ဤကိစ္စများအားလုံးကို မိုထျန်ကျီးအား စိတ်ရှည်လက်ရှည်ရှင်းပြလေသည်။
"ငါသိပြီ"
"ဂျူနီယာမောင်လေးက အရမ်းတော်တာပဲ"
မိုထျန်ကျီး၏မျက်နှာပေါ်တွင် နားလည်သဘောပေါက်သွားသော အမူအယာမျိုးထင်ဟပ်လာကာ သူမ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီ ကျားကျားချင်ကို ပြောဆိုလေ၏။
ယနေ့တွင် ကျားကျားချင်၏ရှင်းပြချက်များမှတဆင့် သူမသည် အမြင်ကျယ်လာခဲ့သည့်အပြင် သူမ၏အသိပညာဗဟုသုတများလည်း တိုးတက်လာခဲ့သည်။
ထိုအချိန်မှာပင်.....
ကြက်မကြီးသည် ကတော်ကတော်အော်ဟစ်ကာ ဝပ်နေရာမှထလိုက်သည်။
ကျားကျားချင်သည် ကြက်မကို နောက်သို့အလျှင်အမြန်ဆွဲယူကာ ရယ်မောလိုက်၏။
"မင်း စောင့်ကြည့်နေလိုက်တော့"
ထိုစကားကိုကြားချိန်တွင်...
အဝါရောင်ကောင်းကင်သားရဲ၏ ကြီးမားသောမျက်လုံးသူငယ်အိမ်များသည် ကြက်ဥထံတွင်သာ အခိုင်အမာစူးစိုက်၍ ကျရောက်နေသည်။
ခရက်....
တိုးညှင်းသော အက်ကွဲသံတစ်သံမြည်ဟီးလာသည်။
ထို့နောက် ကွဲအက်သွားသော ဥခွံများအကြားမှနေ၍ အရောင်အသွေးစုံလင်သော အမွှေးများရှိသည့် ကြက်တစ်ကောင်ထွက်လာသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ရသည်။
ထိုကြက်ပေါက်လေး အခွံအတွင်းမှထွက်လာသည်နှင့် ပုန်းအောင်းနေသော အဝါရောင်ကောင်းကင်သားရဲကြီး၏မျက်လုံးများ ပြူးကျယ်သွားသည်။
သူ့၏ဧရာမခန္ဓာကိုယ်ကြီး အထိန်းအကွပ်မဲ့စွာ တုန်ရီသွားပေ၏။
ဤကြက်ပေါက်လေးတွင်....
အမှန်တကယ်ကိုပင် နဝမကောင်းကင်နတ်ဘုရားဖီးနစ်သွေးမျိုးဆက် ရှိနေသည်။
ဤသည်မှာ အမှန်တကယ်ကို မယုံကြည်နိုင်ဖွယ်ကိစ္စတစ်ရပ်ပင်။
"ဘယ်လိုလုပ်ပြီးတော့...မင်း ဒါကို ဘယ်လိုလုပ်ပြီးတော့ အောင်မြင်အောင်လုပ်လိုက်တာလဲ"
အဝါရောင်ကောင်းကင်သားရဲကြီး၏ စိတ်နှလုံးသားတစ်ခုလုံး ကမောက်ကမဖြစ်နေကာ သူက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။
"ဒါက ဘယ်လိုပေါက်ဖွားလာတယ်ဆိုတာ ကိစ္စမရှိဘူး...အဓိကသော့ချက်က မင်းရဲ့မျက်လုံးရှေ့မှာ ငါက နဝမကောင်းကင်နတ်ဘုရားဖီးနစ်သွေးမျိုးဆက်ပါတဲ့ ကြက်ပေါက်တကောင်ကိုမွေးနိုင်တယ်ဆိုတာပဲ...ဒါကြောင့် တကယ်လို့ ငါ ဆန္ဒရှိတယ်ဆိုရင် မင်းရဲ့မျိုးဆက်တွေကို အလွယ်တကူ ပေါက်ဖွားစေနိုင်တယ်ဆိုတာ မင်း ယုံကြည်သင့်တယ်"
ကျားကျားချင်က အေးအေးလူလူအသံဖြင့် ပြောဆိုသည်။
"ဒါပေမဲ့ ငါ့မျိုးနွယ်ရဲ့သွေးမျိုးဆက်က ဒီလောကကြီးထဲမှာ ငါတစ်ကောင်တည်းပဲကျန်တော့တယ်...ဘယ်လိုလုပ်ပြီးတော့ ငါတစ်ကောင်တည်းနဲ့ မျိုးဆက်ပြန့်ပွားအောင် လုပ်နိုင်မှာလဲ"
အဝါရောင်ကောင်းကင်သားရဲကြီးက အလျင်စလိုမေးမြန်းသည်။
"ဒါက လွယ်ပါတယ်...ငါက မင်းရဲ့သွေးမျိုးဆက်ကိုယူပြီးတော့ စမ်းသပ်ပြွန်ထဲကိုထည့်လိုက်ရုံပဲ"
"စမ်းသပ်ပြွန်ဆိုတာက ဘာလဲ"
"ငါပြောပြရင်လည်း မင်း နားလည်မှာမဟုတ်ဘူး...ငါက မင်းရဲ့မျိုးဆက်ကို အလွယ်တကူပြန့်ပွားပေးနိုင်တယ်ဆိုတာကိုပဲ မင်း သိဖို့လိုအပ်တယ်"
အဝါရောင်ကောင်းကင်သားရဲကြီးသည် သူ့၏ကြီးမားသောလည်မျိုကို လှုပ်ရှားလိုက်၏။
ထိုနောက် သူက ပါးစပ်တစ်လုတ်အပြည့် တံတွေးများ မြိုချလိုက်သည်။
သူ့၏စိတ်နှလုံးသားအတွင်းတွင် စိတ်လှုပ်ရှားမှုများရှိနေကာ မျှော်လင့်တောင့်တခြင်း မယုံကြည်နိုင်ခြင်းတို့ဖြင့်လည်း ပြည့်နှက်နေသည်။
ဤသည်မှာ အမှန်ပင်။
မည်သည့်သားရဲမျိုးစိတ်မဆို မျိုးတုံးပျောက်ကွယ်သွားခြင်းကို ရှောင်ရှားလိုသည်မဟုတ်လော....
ထို့ပြင် သူသည် မရေမတွက်နိုင်သောခေတ်ကာလများစွာ အသက်ရှင်သန်လာပြီးနောက် ရှားပါးသောရှေးဟောင်းသွေးမျိုးဆက်ရှိသည့် သားရဲတစ်ကောင်ပင်။မည်သည်ကြောင့် သူ့၏မျိုးဆက်များ ဆက်၍ပြန့်ပွားမည်ကို သူ မလိုချင်ဘဲနေမည်နည်း။
ထို့ကြောင့် အဝါရောင်ကောင်းကင်သားရဲကြီးသည် သူ့၏အသက်ရှုနှုန်းကို ထိန်းသိမ်းကာ တည်ကြည်လေးနက်စွာဖြင့် ကျားကျားချင်ကိုကြည့်ပြီး မေးမြန်းသည်။
"ဒါဆိုရင် မင်းက ငါ့ကို ဘာလုပ်စေချင်တာလဲ"
"မင်းက ငါ့ဆီမှာ အကြွင်းမဲ့အစေခံပေးရမယ်"
ကျားကျားချင်က ဖြည်းညှင်းစွာဖြင့် လေသံမှန်မှန်ပြောဆိုသည်။
"ပြီးတော့...ငါ မင်းကို တစ်ခုပြောပြထားမယ်...ငါ့ရဲ့ မြင့်မြတ်တဲ့ဆရာကြီးက တောရိုင်းအသားတွေကို နှစ်ခြိုက်တယ်...တကယ်လို့ သူက မင်းရဲ့အသားကို သဘောကျနေမယ်ဆိုရင်....ငါ့ဆရာကြီးရဲ့ညစာစားပွဲပေါ်မှာ တည်ခင်းဖို့အတွက် မင်းရဲ့ခန္ဓာကိုယ်ကို ချွင်းချက်မရှိ ဆက်သရမယ်"
"သေချာတာတစ်ခုကတော့..."
"မင်းကို ပြန်ပေးဆပ်တဲ့အနေနဲ့....မင်းရဲ့မျိုးဆက်တွေ ဆက်ပြီးပြန့်ပွားအောင် ငါက ကူညီပေးမယ်"
ထိုစကားများကို ပြောဆိုပြီးနောက်....
ကျားကျားချင်က ယုံကြည်ချက်ရှိစွာ သူ့၏ခေါင်းကိုမော့လိုက်သည်။
သူသည် အဝါရောင်ကောင်းကင်၏မျက်လုံးများကို အေးဆေးတည်ငြိမ်စွာကြည့်ပြီး အဖြေကိုစောင့်ဆိုင်းနေလေ၏။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
အဝါရောင်ကောင်းကင်သားရဲကြီး၏ ပြင်းထန်သောအသက်ရှုသံကိုသာ ကြားနိုင်သည်။
အချိန်တခဏကြာ တိတ်ဆိတ်ငြိမ်သက်နေကြီးနောက် အဝါရောင်ကောင်းကင်သားရဲကြီး၏အသံ ထွက်ပေါ်လာသည်။
"ကောင်းပြီလေ..."
"မင်းရဲ့တောင်းဆိုချက်ကို ငါ သဘောတူတယ်...ဒါပေမယ့် မင်းရဲ့ကတိစကားကို မင်း စောင့်ထိန်းရမယ်"
အဝါရောင်ကောင်းကင်သားရဲကြီးက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"သေချာတာပေါ့"
ကျားချင်ချင်က အပြုံးနှင့် ခေါင်းညိတ်ပြပြီးနောက် ဆက်လက်၍ပြောဆိုလိုက်၏။
"မင်းရဲ့ကျင့်ကြံဆင့်က မတည်ငြိမ်သေးဘူး...ပထမဆုံး မင်း တစ်ရက်လောက် အနားယူပြီးကုသလိုက်အုံး...မနက်ဖြန်ကျရင် ငါ မင်းကို လာခေါ်မယ်"
"ကောင်းပြီလေ....ပြဿနာမရှိဘူး"
အဝါရောင်ကောင်းကင်သားရဲကြီးက သဘောတူညီလိုက်သည်။
"စီနီယာအစ်မ...သွားကြစို့"
ကျားကျားချင်က နူးညံညင်သာစွာ ပြောဆိုသည်။
မိုထျန်ကျီးက ခေါင်းညိတ်ပြကာ သူမ၏ဂျူနီယာမောင်လေးကိုကြည့်ပြီး သူမ၏မျက်လုံးအတွင်း၌ ထူးဆန်းသောအလင်းရောင်များ တောက်ပနေသည်။
ယနေ့တွင် ကျားကျားချင်၏လုပ်ဆောင်ချက်များသည် သူမအား သူ့အပေါ် လေးစားကြည်ညိုမှုများ ဖြစ်ပွားလာစေသည်။
ယခင်က ကျားကျားချင်သည် ပြင်းထန်သောတိုက်ပွဲကြီးတစ်ခုကို ရင်ဆိုင်ရမည်ဟု သူမ တွေးထင်ခဲ့သည်။သို့ရာတွင် ကျားကျားချင်သည် မိုးမြေဂိုဏ်း၏ထူးခြားသောဝှက်ဖဲများကို မှီခိုအားထား၍ ခေါင်းမာသောအဝါရောင်ကောင်းကင်သားရဲကြီးကို သိမ်းသွင်းနိုင်ခဲ့သည်။
ဤမျှထိ အလွန်လွယ်ကူမည်ဟု သူမ မျှော်လင့်မထားမိချေ။
နောင်တစ်ချိန်တွင် ဆရာကြီးသည် တောရိုင်းအသားစားလိုချိန်၌ အဝါရောင်ကောင်းကင်သားရဲကြီးသည် ညစာစားပွဲ၌ အသုံးတော်ခံရမည်ဟုပင် ကျားကျားချင်က မဆိုင်းမတွ ပြောဆိုခဲ့သည်။
ကြည့်ရသည်မှာ သူသည် အဝါရောင်ကောင်းကင်သားရဲကြီး ဒေါသထွက်မည် သို့မဟုတ် သဘောမတူညီမည်ကို အနည်းငယ်မျှ စိုးရိမ်ပူပန်မှုမရှိသည့်အလားပင်။
အဝါရောင်ကောင်းကင်သားရဲကြီးကို ထိန်းချုပ်နိုင်သော သူ့၏အကွက်ချကြံစည်မှုနှင့်တွက်ဆနိုင်မှုစွမ်းရည်တို့သည် သူမကို အံ့အားသင့်သွားစေပေ၏။
မျှော်လင့်ထားသကဲ့သို့ပင်....
သူမတို့ဆရာကြီး၏ တပည့်များအကြားတွင် သေးနုပ်ညံဖျင်းသူဟူ၍ တစ်ယောက်တစ်လေမျှ မပါဝင်ချေ။
သူတို့အားလုံးသည် အမှန်တကယ်ကို မွန်းစတားဆန်သော ပါရမီရှင်များပင်။
ကျားကျားချင်နှင့်မိုထျန်ကျီးတို့ ထွက်ခွာသွားပြီးနောက် ချိတ်ပိတ်ထားသောနယ်မြေတစ်နေရာ ကွဲထွက်သွားကာ အက်ကွဲကြောင်းအတွင်းမှနေ၍ ကြီးမားသောချော်ရည်သားရဲကြီးတစ်ကောင်ထွက်လာသည်။
ဤသည်မှာ အဝါရောင်ကောင်းကင်၏အစစ်အမှန်ခန္ဓာကိုယ်ပင်။
လတ်ဆတ်သောပြင်ပလေကို ခံစားရင်း အဝါရောင်ကောင်းကင်သားရဲသည် သူ့၏စွမ်းအားများကို ကျင့်ကြံလိုက်၏။
သူ့၏မျက်လုံးအတွင်း၌ စိတ်မရှည်မှုအရိပ်အယောင်တချို့ပင် ထင်ဟပ်နေသည်။
ခေတ်ကာလပေါင်းများစွာ ချိတ်ပိတ်ခံထားရပြီးနောက် သူ၏အထွတ်အထိပ်စွမ်းအားကို ပြန်လည်ရရှိလျှင်ပင် ဤဘဝသက်တမ်းသည် ကုန်ဆုံးတော့မည်ဖြစ်သဖြင့် ပို၍ကြီးမားသောအောင်မြင်မှုများကို ရရှိနိုင်တော့မည်မဟုတ်ကြောင်း သူ သိရှိထားသည်။
ဤသည်မှာ အမှန်တကယ်ကို ပုပ်သိုးဆွေးမြည့်နေသော ကံကြမ္မာပင်။
ဤဘဝတစ်ခုကိုအသုံးပြုကာ သူ့၏မျိုးဆက်များ ဆက်လက်တည်တံ့နေစေရန်နှင့် အလဲအလှယ်လုပ်ခြင်းသည် ထိုက်တန်ပေ၏။
မျက်တောင်တစ်ခတ်စာအတွင်းတွင် အချိန်တစ်ရက် ကုန်ဆုံးသွားလေပြီ။
ဤအချိန်အခိုက်အတန့်တွင် တိမ်တိုက်အထွတ်အထိပ်အင်ပါယာ၏ တော်ဝင်မြို့တော်၌ လူများဖြင့်ပြည့်နှက်နေသည်။
ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့ဦးဆောင်သော လူများအားလုံး၏မျက်နှာများပေါ်တွင် မျှော်လင့်စောင့်စားခြင်းများနှင့် ပြည့်နှက်နေသည်။
အချိန်အတော်ကြာ အကွက်ချကြံစည်ပြီးနောက်.....
သူတို့သည် နောက်ဆုံး၌ ဤနေ့သို့ ရောက်ရှိလာလေပြီ။