အခန်း (၅၄၆-၅၅၀)
Vol. 37 Ch. 546-550
Chapter 546
"မဟုတ်သေးဘူး...ဒါတင်မကသေးဘူး"
"အစတုန်းက အင်ပါယာရဲ့လက်အောက်ခံအင်ပါယာငယ်တွေဖြစ်တဲ့ ထျန်းလုံအင်ပါယာ ချောင်ချုံးအင်ပါယာ ထျန်းဟွာအင်ပါယာနဲ့ ဖုန်းယွင်အင်ပါယာတိုက ပုန်ကန်ခဲ့တယ်"
"သူတို့က ဝူထျန်းရဲ့စစ်တပ်နဲ့ ပူးပေါင်းသွားကြပြီ"
"ကင်းထောက်တွေဆီကရတဲ့ သတင်းတွေအရ ဝူဂိုဏ်းချုပ် ထျန်းရီဂိုဏ်းချုပ် ထျန်းလုံဧကရာဇ် ချောင်ချုံးဧကရာဇ် ထျန်းဟွာဧကရာဇ် ဖုန်းယွင်ဧကရာဇ် ယွမ်ကျွင်း ဝူထျန်းနဲ့ တခြားသူတွေအများကြီးက အတူတကွစုဝေးနေကြတယ်...သူတို့က မီးပုံပွဲကျင်းပပြီးတော့ ကခုန်နေကြတယ်"
"သူတို့ရဲ့အမူအယာတွေအရကြည့်ရင် သူတို့ကိုကြည့်ရတာ အရမ်းပျော်ရွှင်နေတဲ့ပုံပဲ"
"ဘာ....."
ထိုသတင်းများကိုကြားချိန်တွင်....
ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့၏မျက်နှာ ဖြူရော်သွားကာ ဒယိမ်းဒယိုင်ဖြစ်သွားပြီး မြေပြင်ပေါ်သို့လဲကျသွားတော့လုမတတ်ပင်။
"ဘာလို့ ဒီလိုတွေဖြစ်လာတာလဲ...."
"ဘာလို့ ဒီလိုဖြစ်ရတာလဲ"
သူတို့သည် မယုံကြည်နိုင်မှုဖြင့် ညည်းတွားကာ သူတို့၏အသံများတွင် စိတ်ပျက်အားငယ်ခြင်းများနှင့် ပြည့်နှက်နေသည်။
ဤအချိန်အခိုက်အတန့်တွင် သူတို့နှစ်ယောက်ကိုကြည့်ရသည်မှာ နှစ်ပေါင်းများစွာကြာအောင် အိုမင်းသွားပုံရသည်။
တစ်ချိန်တည်းမှာပင် သူတို့၏အနီးရှိ ကံကြမ္မာအင်မော်တယ်အလင်းတိုင်သည်လည်း ပြောင်းလဲသွားခဲ့ပေ၏။
သူတို့နှစ်ယောက်သား ထိုနေရာသို့ တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
နိမိတ်လက္ခဏာများ အချိန်တခဏကြာ ပြောင်းလဲနေပြီးနောက် ကံကြမ္မာအင်မော်တယ်အလင်းတိုင်အတွင်းရှိစွမ်းအားများ ရုတ်တရက်ထိုးကျသွားသည်။
နောက်ဆုံး၌ မှိန်ဖျော့ဖျော့အလင်းရောင်လေးမျှသာ ကြွင်းကျန်သည့်အထိပင်။
ဤမှိန်ပျပျအလင်းရောင်သည် တိမ်တိုက်အထွတ်အထိပ်အင်ပါယာ ဆက်လက်၍တည်ရှိနေသောကြောင့် ကြွင်းကျန်ခြင်းဖြစ်သည်။အကယ်၍ တစ်ရက်တွင် တိမ်တိုက်အထွတ်အထိပ်အင်ပါယာ မတည်ရှိတော့ပါက ဤနောက်ဆုံးမှိန်ဖျော့ဖျော့အလင်းရောင်သည် ပျောက်ကွယ်သွားပေမည်။
သူတို့နှစ်ယောက်သည် အားအင်ချည့်နဲ့စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားကာ သူတို့၏မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။
ဤအချိန်ကာလအတောအတွင်းတွင် သူတို့သည် အင်အားကြီးစွာစိုက်ထုတ်၍ တန်ကြေးအမြောက်အများပေးဆပ်ခဲ့သဖြင့် ကံကြမ္မာအင်မော်တယ်အလင်းတိုင်ကို မကြာမီ ပြီးပြည့်စုံအောင်လုပ်နိုင်မည်ဟု မျှော်လင့်ခဲ့သည်။
သို့ရာတွင် သူတို့သည် ဤကဲ့သို့ရလဒ်မျိုး ရရှိလာမည်ဟု မျှော်လင့်မထားမိချေ။
သိသာထင်ရှားစွာပင်...
သူတို့သည် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ကြသည်။
သိသာထင်ရှားစွာပင်...
သူတို့သည် ကံကြမ္မာစာအုပ်၏လမ်းညွှန်မှုအတိုင်း လုပ်ဆောင်ခဲ့ကြသည်။
"တစ်ယောက်ယောက်ကတော့ ပြဿနာရှာနေပြီ"
ဖျက်ဆီးခြင်းအရှင်သည် ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။
"ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ တစ်စုံတစ်ယောက် ရှိနေနိုင်တယ်"
"အင်မော်တယ်ဖရိုဖရဲကျောက်စာတိုင် ကိစ္စကတည်းက....ဒီအရာတွေအားလုံးရဲ့နောက်ကွယ်မှာ တစ်ယောက်ယောက်က အဖျက်အမှောင့်လုပ်နေတယ်လို့ ငါ အာရုံခံမိတယ်...ဒီလိုမှမဟုတ်ရင် ခုလိုမျိုးကိစ္စတွေ ဖြစ်လာမှာမဟုတ်ဘူး"
ထိုစကားများကိုကြားချိန်တွင် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည်လည်း မျက်လုံးအပြူးသားဖြစ်သွားသည်။
ဤကိစ္စများ၏နောက်ကွယ်တွင် အဖျက်အမှောင့်လုပ်နေသည့် မမြင်နိုင်သောလက်တစ်စုံရှိသည်ဟု ဖျက်ဆီးခြင်းအရှင် ယခင်ကပြောဆိုခဲ့စဥ်တွင် သူ မယုံကြည်ခဲ့ချေ။သူသည် ဤကိစ္စကို အပြစ်မှရှောင်လွှဲရန် ပြောဆိုသည့် ဆင်ခြေတစ်ခုသက်သက်ဟုသာ သူ တွေးထင်ခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌....
သူသည် ဖျက်ဆီးခြင်းအရှင်၏စကားများကို ယုံကြည်လက်ခံသွားလေပြီ။
အကြောင်းအရင်းမှာ ဤအချိန်ကာလအတောအတွင်းရှိ အဖြစ်အပျက်များအားလုံးကို ဆက်စပ်ကြည့်ပါက သံသယဖြစ်ဖွယ်တစ်စုံတစ်ခုကို သူတို့ တွေ့မြင်နိုင်သောကြောင့်ပင်။
အရာရာတိုင်းသည် သူတို့၏ အစီအစဉ်များအတိုင်း ဖြစ်နေသည်မှာ သိသာထင်ရှားသော်လည်း အရေးကြီးသော အချိန်အခိုက်အတန့်များတွင် မမျှော်လင့်ထားသော အပြောင်းအလဲများ အမြဲတစေရှိနေသည်။
အကယ်၍ ဤသည်မှာ တစ်ကြိမ် သိုမဟုတ် နှစ်ကြိမ်ဖြစ်ပွားပါက တိုက်ဆိုင်မှုဟုဆိုနိုင်သည်။
သို့ရာတွင် မည်သည့်ကိစ္စမဆို ဤသို့ဖြစ်နေခြင်းမှာ တိုက်ဆိုင်မှုသက်သက် မဖြစ်နိုင်တော့ချေ။
ယခုအချိန်တွင် သူတို့ အကြွင်းမဲ့သေချာသွားလေပြီ။
ကိစ္စများအားလုံး၏နောက်ကွယ်တွင် အရာအားလုံးကို ကြိုးကိုင်ခြယ်လှယ်နေသည့် မမြင်နိုင်သောလက်တစ်စုံရှိနေသည်။
"ငါတို့ ဘာလုပ်သင့်လဲ"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ဖျက်ဆီးခြင်းအရှင်ကိုကြည့်လိုက်၏။
"ဟမ့်...ငါတို့က အရှင့်အတွက် အလုပ်လုပ်ပေးနေတာ...ပြဿနာရှာတဲ့ ဘယ်သူမဆို အရှင့်ကို ဖီဆန်တာပဲ...အဲ့ဒီလူကို ငါတို့တွေ့အောင် ရှာရမယ်"
ဖျက်ဆီးခြင်းအရှင်ကပြောဆိုကာ စိတ်ပိုင်းဖြတ်လိုက်ခြင်းနှင့်အတူ သူ့၏မျက်လုံးများ စူးရှတောက်ပလာပြီး သူ့၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။
"အမှန်ပဲ...ငါတို့က အဲ့ဒီလူကို ရှာဖွေဖော်ထုတ်ရမယ်...မဟုတ်ရင် ငါတို့က ဘာတစ်ခုကိုမှ အောင်မြင်ပြီးမြောက်အောင် လုပ်နိုင်မှာမဟုတ်ဘူး"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က အလျှင်အမြန် သဘောတူညီလိုက်သည်။
"မင်းက ငါ့ရဲ့အမိန့်ကိုလိုက်နာပြီးတော့ ဝင်္ကပါတစ်ခုကို ခင်းကျင်းရမယ်"
ဖျက်ဆီးခြင်းအရှင်သည် အလျှင်အမြန်မတ်တတ်ထရပ်ကာ အမိန့်ပေးလေသည်။
"ငါ့ကို မြင့်မြတ်အရှင်ချီးမြှင့်ထားတဲ့ ကောင်းကင်ဘုံစွမ်းအားတွေကို အသုံးပြုပြီး အဲ့ဒီလူကို ခြေရာခံနိုင်ဖိုအတွက် ဝင်္ကပါတစ်ခုရဲ့စွမ်းအားကို ငါ အသုံးပြုရလိမ့်မယ်....အဲ့ဒီလူက ကိစ္စတွေအားလုံးရဲ့နောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်နေမှတော့ ခြေရာလက်ရာတွေ ကျန်နေနိုင်တယ်...ငါတို့က သူ့ကို သေချာပေါက် ရှာတွေ့နိုင်လိမ့်မယ်"
"ကောင်းပြီလေ...ငါ အဲ့ဒီကိစ္စကို ချက်ချင်းဆောင်ရွက်လိုက်မယ်"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် ဤကိစ္စ၏အတိမ်အနက်ကို နားလည်သဘောပေါက်ထားသဖြင့် လျစ်လျှူရှုဝံ့ခြင်းမရှိချေ။
အမိန့်များကိုထုတ်ပြန်ကာ သုံးရက်တိုင်တိုင် ပြင်ဆင်ပြီးနောက် တိမ်တိုက်အထွတ်အထိပ်အင်ပါယာမှ အစွမ်းထက်ကျင့်ကြံသူအမြောက်အများ နန်းတော်အတွင်း၌ စုဝေးနေကြသည်။
"ဝင်္ကပါ...အသက်ဝင်စမ်း"
ဤတစ်ကြိမ်တွင် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်ကိုယ်တိုင် ဦးဆောင်ခဲ့လေ၏။
သူ့၏အောက်တွင် အစွမ်းထက်ကျင့်ကြံသူအမြောက်အများသည် သူတို့၏စွမ်းအားများများကို ဝင်္ကပါအတွင်းသို့ တပြိုင်နက်တည်း ထည့်သွင်းလိုက်ကြသည်။
ဖျက်ဆီးခြင်းအရှင်သည် ထိုဝင်္ကပါ၏အလယ်ဗဟို၌ မတ်တတ်ရပ်နေပေ၏။
"ကောင်းကင်ဘုံ ကြယ်တာရာစွမ်းအား..."
"အသက်ဝင်စမ်း"
သူ့၏လက်ဝါးဖြင့် လက်စည်းတံဆိပ်များကို ဖွဲ့စည်းပြီးနောက် အော်ဟစ်ကြုံးဝါးသံတစ်သံနှင့်အတူ တိမ်တိုက်အထွတ်အထိပ်မြိုတော်၏အထက်ရှိ မိုးကောင်းကင်ယံ ရုတ်တရက်မှေးမှိန်သွားသည်။
ပိန်းပိတ်သည်အထိ မှောင်မည်းစပြုလာပေ၏။
သို့ရာတွင် ဖျက်ဆီးခြင်းအရှင်၏စွမ်းအားများအောက်တွင် အချိန်တခဏကြာပြီးနောက် အနက်ရောင်မိုးကောင်းကင်ယံအတွင်းတွင် မှိန်ပျပျအလင်းရောင်များ ထင်ဟပ်လာသည်။
ကြယ်များ စတင်၍ ထွက်ပေါ်လာကာ....
ကြယ်များ လင်းလက်တောက်ပလာသည်နှင့်အတူ လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတအမြောက်အများ ထွက်ပေါ်လာပေ၏။
"အကျိုးနဲ့အကြောင်း...."
"ရှာဖွေစမ်း...."
ဖျက်ဆီးခြင်းအရှင်သည် ကောင်းကင်ဘုံသဘာဝလွန်ပုံရိပ်များကို စောင့်ကြည့်ကာ ကြယ်များ၏စွမ်းအားများကို အသုံးပြု၍ ကံကြမ္မာစွမ်းအား လှုပ်ခတ်မှုများနှင့် ဆက်စပ်နေသော တစ်စုံတစ်ယောက်ကို ခြေရာခံလိုက်သည်။
ရုတ်ချည်းဆိုသလိုပင်....
မိုးကောင်းကင်ယံအတွင်း၌ ပုံရိပ်များ သတင်းအချက်အလက်များဖြင့် ပြည့်နှက်သွားတော့သည်။
ထိုနေရာတွင် တော်ဝင်သင်္ချိုင်းဂူမှထွက်လာသော ဝူထျန်း၏ပုံရိပ်ရှိနေသည်။
ထိုနေရာတွင် အဝါရောင်ကောင်းကင်သားရဲကြီးကို သိမ်းသွင်းခဲ့သော ကျားကျားချင်နှင့်မိုထျန်ကျီးတို၏ပုံရိပ်များလည်း ရှိနေပေ၏။
ထိုနေရာတွင် တိမ်တိုက်အထွတ်အထိပ်အင်ပါယာ၏ မြေအောက်နန်းတော်အတွင်းတွင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသော ယွမ်ကျွမ်းရှိနေသည်။
ထိုနေရာတွင် မြူခိုးဂိုဏ်း၏တောင်တန်းများအကြားမှ တောင်ထိပ်တစ်ခုပေါ်တွင် မတ်တတ်ရပ်ကာ သူ့၏လက်ကိုတစ်ချက်ဝှေ့ယမ်းပြီး ထောင်သောင်းချီသောတပည့်များကို အမိန့်ပေးနေသည့် မီးခိုးရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်ရှိနေသည်။
ထိုပြင် ယခုလတ်တလောအချိန်မှ နန်းတက်လာခဲ့သော ချောင်ချုံးအင်ပါယာနှင့်ဖုန်းယွင်အင်ပါယာတို့မှ ဧကရာဇ်များ၏ပုံရိပ်များလည်းရှိသည်။
"မဟုတ်ဘူး...သူတို့ထဲက တစ်ယောက်မှ မဟုတ်ဘူး"
ဖျက်ဆီးခြင်းအရှင်သည် မျက်လုံးစုံမှိတ်ပြီး တီးတိုးရေရွတ်ကာ သူ့၏ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်၏။
ဤလူများအားလုံးသည် အပေါ်ယံမြင်တွေ့ရသည့် ရန်သူတော်များပင်။
သူ့ရှာဖွေနေသည်မှာ သူတို့၏နောက်ကွယ်တွင်ရှိနေသည့် ကြိုးကိုင်ခြယ်လှယ်သူပင်။
သို့ရာတွင်....
ထိုသက်ရှိများမှတဆင့် အရေးကြီးသော သဲလွန်စတစ်ခုကို သူ ရရှိခဲ့သည်။
ဤသည်မှာ ကံကြမ္မာစွမ်းအားလှုပ်ခတ်မှုများတွင် ထိုလူများအားလုံးသည် အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်နေသည်။ထိုပြင် ကိစ္စရပ်များနောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်သူသည် သူတို့နှင့် ဆက်စပ်နေပေ၏။
ထိုကြောင့် ဤလူများအားလုံးနှင့် အဆက်အစပ်ရှိသူသည် ကိစ္စရပ်များအားလုံး၏နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်သူ ဖြစ်ပေမည်။
"အားလုံးပဲ....မင်းတို့ရဲ့စွမ်းအားတွေကို ထိန်းချုပ်မထားဘဲနဲ့ ထုတ်ဖော်အသုံးပြုကြစမ်း"
ဖျက်ဆီးခြင်းအရှင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူ့၏နဖူးမှနေ၍ ချွေးများ ယိုစီးကျနေသည်။
ကောင်းကင်ဘုံသဘာဝလွန်ပုံရိပ်များဖြင့် ခြေရာခံခြင်းကြောင့် သူ့၏စွမ်းအား အမြောက်အများကို အသုံးပြုခဲ့ရသည်မှာ သိသာထင်ရှားလှ၏။
ကိစ္စရပ်များအားလုံး၏နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်သူသည် သာမာန်လူတစ်ယောက်မဖြစ်နိုင်ဘဲ အမှောင်ထုအတွင်း၌ နက်ရှိုင်းစွာပုန်းအောင်းနေပေမည်။သူ့ကို ရှာဖွေဖော်ထုတ်ရန်မှာ လွယ်ကူသော တာဝန်တစ်ရပ်မဟုတ်ချေ။
"အားလုံးပဲ....ငါ့ရဲ့အမိန့်ကို နာခံကြစမ်း...မင်းတို့ရဲ့စွမ်းအားတွေကို ဘာထိန်ချန်ထားမှုမှမရှိဘဲ ထုတ်ဖော်အသုံးပြုရမယ်....ဒီကိစ္စတွေရဲ့နောက်ကွယ်မှာရှိတဲ့ ကြိုးကိုင်ခြယ်လှယ်သူကို ဖော်ထုတ်နိုင်တာနဲ့...ငါ မင်းတို့ကို ဆုလာဘ်တွေ ရက်ရက်ရောရောချီးမြှင့်မယ်"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် ဆေးလုံးတစ်လုံးကိုဝါးမြိုကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
တခြားသူများသည် အံ့တင်းတင်းကြိတ်ကာ မည်သည့်ထိန်ချန်ထားမှုမျှမရှိဘဲ သူတို့၏စွမ်းအားများကို ဝင်္ကပါအတွင်းသို ထည့်သွင်းလိုက်ကြ၏။
သူတို့အားလုံး၏ အတူတကွပူးပေါင်းဆောင်ရွက်မှုအောက်တွင် မိုးကောင်းကင်ယံအတွင်းရှိ ကောင်းကင်ဘုံသဘာဝလွန်ပုံရိပ်များ သိသာထင်ရှားစွာ တောက်ပစပြုလာသည်။
မိုးကောင်းကင်ယံအတွင်း၌....
ပုံရိပ်များ ကွက်တိကွက်ကျား ပေါင်းစပ်စပြုလာပေ၏။
"တောင့်ခံထားစမ်း..."
"ငါတို့က အဲ့ဒီလူနဲ့ပတ်သက်တဲ့ ကဏဦးသတင်းအချက်အလက်တွေကို ရနေပြီ...မကြာခင်မှာ ငါတို့ ဒါကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်တော့မယ်"
ဖျက်ဆီးခြင်းအရှင်က အံ့တင်းတင်းကြိတ်ကာ အော်ဟစ်လိုက်သည်။
အချိန်အတော်ကြာသည်အထိ မရပ်မနားကြိုးစားပြီးနောက် ဝိုးတဝါးပုံရိပ်များသည် နောက်ဆုံး၌ ကြည်လင်ပြတ်သားစပြုလာသည်။
"ငါတို့ သူ့ကို ရှာတွေ့ပြီ"
ထိုမြင်ကွင်းကိုကြည့်ပြီး ဖျက်ဆီးခြင်းအရှင်သည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။
တိမ်တိုက်အထွတ်အထိပ်အင်ပါယာမှ လူများသည်လည်း ဝမ်းသာပျော်ရွှင်သွားကာ စိတ်သက်သာရာရသွားသည့် သက်ပြင်းတစ်ချက်ရှိက်ပြီး မိုးကောင်းကင်ယံထံသို့ မော့ကြည့်လိုက်ကြသည်။
ပထမဆုံးထွက်ပေါ်လာသောပုံရိပ်သည် လူပုလေးတစ်ယောက်ပင်။
အလွန်ထူးဆန်းစွာ ဝတ်ဆင်ထားကာ....
ဖင်ကျပ်ဘောင်းဘီရှည်....
ခွာမြင့်ဘွတ်ဖိနပ်....
Chapter 547
နောက်ထပ်ထွက်ပေါ်လာသောအရာမှာ....
တံခါးဝတွင်လဲလျောင်းကာ သူ့၏အမြှီးကို စိတ်အားထက်သန်စွာ ဝှေ့ယမ်းနေသော ခွေးတစ်ကောင်....
မြင်ကွင်းသည် လှုပ်ခတ်သွားကာ....
တစ်ဖန်ထပ်၍ ပြောင်းလဲသွားပေ၏။
နောက်ထပ်ထွက်ပေါ်လာသည်မှာ ခြေချောင်းအချောင်းလေးဆယ်ခန့်ရှိပြီး သူ့၏ခန္ဓာကိုယ်ကိုကွေးကောက်ကာ ခြေသည်းများကို သေသပ်အောင်တိနေသည့် ကင်းခြေများတစ်ကောင်...
ထိုကင်းခြေများ၏နောက်တွင် မြေပြင်ပေါ်၌ ပျင်းရိငြီးငွေ့စွာ လဲလျောင်းနေကာ သူ့၏ဗိုက်သားပေါ်တွင် စက်ဝိုင်းများရေးဆွဲနေသည့် ဝက်ဝံနက်ကြီးတစ်ကောင်....
နောက်ဆုံး၌...
မြင်ကွင်းသည် ပျောက်ကွယ်သွားလေ၏။
ဝင်္ကပါ၏စွမ်းအားနှင့် ပုံရိပ်များအားလုံးလည်း ပျက်ပြယ်သွားတော့သည်။
မိုးကောင်းကင်ယံသည် ကြည်လင်သောအခြေအနေသို့ တစ်ဖန်ပြန်၍ ရောက်ရှိလာသည်။
သို့ရာတွင် တိမ်တိုက်အထွတ်အထိပ်နန်းတော်တစ်ခုလုံးအတွင်း၌ ရှိနေသောလူတိုင်း အလွန်စိတ်လှုပ်ရှားနေသည်။
တိမ်တိုက်အထွတ်အထိအထိပ်ဧကရာဇ်သည် မိုးကောင်းကင်ယံသို့ လက်ညှိးညွှန်ပြကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။
"ဟား ဟား ဟား...ငါတို့က သူတို့ကို ရှာတွေ့ပြီ အဲ့ဒီလေးယောက်ပဲ...အခုလိုမျိုး ကြီးမားတဲ့လှည့်ကွက်တွေကို ဘယ်လိုလူမျိုးတွေ လုပ်ခဲ့တာလဲလို့ ငါ သိချင်နေတာ...လက်စသတ်တော့ အဲ့ဒီလေးယောက် ဖြစ်နေတာပဲ"
"အရှင်ဧကရာဇ်ကို ဂုဏ်ပြုပါတယ်...ဖျက်ဆီးခြင်းအရှင်ကို ဂုဏ်ပြုပါတယ်...အရှင်တို့က ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာရှိတဲ့ ကြိုးကိုင်ခြယ်လှယ်သူတွေကို ရှာတွေ့ခဲ့ပြီ"
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်... အဲ့ဒီလေးယောက်က ငါတို့တိမ်တိုက်အထွတ်အထိပ်အင်ပါယာကို ဆန့်ကျင်ဝံ့တယ်...သူတို့ကို သတ်ပစ်ရမယ်"
"အမှန်ပဲ....ငါတို့က သူတို့ကိုသတ်ရမယ်"
"အဲ့ဒီမောက်မာထောင်လွှားတဲ့ အရူးကောင်လေးကောင်ကို ဖမ်းဆီးဖို့အတွက် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေကို ချက်ချင်းစေလွှတ်ဖို့ ငါ အကြံပြုချင်တယ်"
ဤအချိန်အခိုက်အတန့်တွင် လက်ရှိနေရာ၌ ရှိနေသည့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအားလုံး စိတ်အားထက်သန်စွာ ကြွေးကြော်လိုက်ကြသည်။သူတိုသည် ပြင်ပသိုထွက်ခွာကာ ထိုသက်ရှိလေးကောင်ကို ဖမ်းဆီးရန်အတွက် တရွရွဖြစ်နေကြလေ၏။
တခြားတစ်ဖက်တွင်....
မောပန်းနွမ်းနယ်နေသော ဖျက်ဆီးခြင်းအရှင်၏မျက်နှာထက်တွင် ဝမ်းသာပျော်ရွှင်သော အပြုံးတစ်ခု ထင်ဟပ်လာသည်။
ဤကိစ္စအတွက် တန်ကြေးပေးဆပ်ရသည်မှာ ကြီးမားခဲ့သော်လည်း ဤအစီအစဉ်သည် အလဟဿမဖြစ်ခဲ့ချေ။
သူ့၏ကြယ်တာယာစွမ်းအားများမှတဆင့် နောက်ဆုံး၌ သူသည် ကိစ္စရပ်များအားလုံး၏နောက်ကွယ်ရှိ ကြိုးကိုင်ခြယ်လှယ်သူများကို ရှာဖွေတွေ့ရှိခဲ့လေပြီ။
သို့ရာတွင် တချို့သော အကြောင်းအရင်းများကြောင့်....
ဤနတ်ဆိုးသားရဲသုံးကောင်နှင့် လူတစ်ယောက်သည် သူ့အတွက် အနည်းငယ်ရင်းနှီးကျွမ်းဝင်နေသည်ဟု သူ ခံစားမိသည်။
အထူးသဖြင့် ဖင်ကျပ်ဘောင်းဘီနဲ့ခွာမြင့်ဘွတ်ဖိနပ်ကို ဝတ်ဆင်ထားသောတယောက်သည် သူနှင့်အလွန်ရင်းနှီးသည်ဟု သူ ခံစားမိလေ၏။
သို့ရာတွင် သူသည် ဤအချိန်အခိုက်အတန့်တွင် ထိုသက်ရှိများနှင့်ပတ်သက်ပြီး မည်သည့်အသေးစိတ်အချက်အလက်ကိုမျှ ပြန်လည်တွေးတော၍မရချေ။
ထိုကြောင့် သူ ထပ်မံ၍ စဉ်းစားတွေးတောမနေတော့ချေ။
ဖြစ်နိုင်သည်မှာ သူသည် ဤနတ်ဆိုးသားရဲသုံးကောင်နှင့်လူတစ်ယောက်ကို အကြိမ်ပေါင်းများစွာ တိတ်တဆိတ်ရင်ဆိုင်ခဲ့ရဖူးသဖြင့် ဤကဲ့သို့ ရင်းနှီးကျွမ်းဝင်သောခံစားချက်မျိုး ရရှိနေခြင်းဖြစ်ပေမည်။
အချိန်တခဏခန့် အနားယူပြီးနောက် ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့သည် နန်းတော်အတွင်းသို့ ပြန်လာခဲ့ကြသည်။
"ဒါဆိုရင် ငါတို့ ဘယ်လိုစီစဥ်ကြမလဲ"
ဖျက်ဆီးခြင်းအရှင်က မေးမြန်းသည်။
"ငါတို့က သူတို့ကို ဘယ်နည်းနဲ့မှ အလွတ်မပေးနိုင်ဘူး"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် အေးစက်စက်ရယ်မောပြီး သူ့၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။
"ဒီကိစ္စကို ငါတို့ ဘယ်လိုမျိုး သေသေချာချာ ဆောင်ရွက်ကြမလဲ"
ဖျက်ဆီးခြင်းအရှင်က အေးအေးလူလူပြောဆိုသည်။
"အဲ့ဒီနတ်ဆိုးသားရဲသုံးကောင်နဲ့လူတစ်ယောက်က ကံကြမ္မာစွမ်းအားတွေကို အနှောက်အယှက်ပြုနိုင်စွမ်းရှိနေမှတော့ သူတို့က သာမာန်သက်ရှိတွေ မဖြစ်နိုင်ဘူး....သူတို့ရဲ့ပုံပန်းသွင်ပြင်တွေကလွဲပြီးတော့...ငါတို့က သူတို့နဲ့ပတ်သတ်ပြီး ဘာမှမသိရသေးဘူး....ဒါကြောင့် ငါတို့က သူတို့ကို မဆင်မခြင်ထိပ်တိုက်သွားရင်ဆိုင်ဖို့ဆိုတာ ဥာဏ်ရှိတဲ့လုပ်ရပ်မျိုး မဟုတ်ဘူး"
"မင်း ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ စိတ်အေးအေးထားပါ..ငါ့မှာ အစီအစဥ်တစ်ခုရှိတယ်"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်၏နှုတ်ခမ်းထောင့် မြင့်တက်သွားကာ အပြုံးနှင့်ပြောဆိုသည်။
"အော်...."
ဖျက်ဆီးခြင်းအရှင်က သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်၏။
"ငါ့ရဲ့တိမ်တိုက်အထွတ်အထိပ်အင်ပါယာ မြေအောက်နန်းတော်အောက်မှာ သဘာဝသတ်ဖြတ်ခြင်းဝင်္ကပါတစ်ခုရှိတယ်....အဲ့ဒီနေရာမှာ ပတ်ဝန်းကျင်အနေအထား ကြမ်းတမ်းပြီးတော့ စိတ်ဝိညာဥ်စွမ်းအားတွေ ကင်းမဲ့နေတယ်...ဒါ့ပြင် ရှေးဟောင်းအကြွင်းအကျန် နတ်ဆိုးစိတ်ဝိညာဥ်တွေကလည်း ပြန့်ပွားနေတယ်...မင်းနဲ့ငါဆိုရင်တောင် အဲ့ဒီထဲမှာ ခုနစ်ရက်ထက်ပိုပြီး တောင့်ခံနိုင်မှာမဟုတ်ဘူး"
"ဒါကြောင့် ငါတို့က လုပ်ဆောင်ဖို့လိုတာက သူတို့ကို ရှာဖွေပြီးတာနဲ့....အရင်ဆုံး ဝင်္ကပါတွေကိုအသုံးပြုပြီးတော့ သူတို့ကို ချိတ်ပိတ်ပြီးဖမ်းချုပ်ရမယ်....သူတို့ကို ဖမ်းချုပ်ပြီးတာနဲ့ ငါတို့ တိမ်တိုက်အထွတ်အထိပ်အင်ပါယာရဲ့ ထိပ်တန်းအဆင့်ရတနာကို အသက်သွင်းပြီးတော့ သူတို့ကို မြေအောက်နန်းတော်ရဲ့သတ်ဖြတ်ခြင်းဝင်္ကပါထဲကို တိုက်ရိုက်ပိုဆောင်လိုက်မယ်"
"အဲ့ဒီနည်းလမ်းနဲ့...ငါတို့က အင်အားစိုက်ထုတ်မှုတွေ ဒါမှမဟုတ် ငါတို့ရဲ့အသက်ကိုစွန့်စားစရာတွေ မလိုဘဲနဲ့ သူတို့ကို သေတွင်းထဲတွန်းပိုနိုင်လိမ့်မယ်"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က အေးအေးလူလူ ရှင်းပြသည်။
"အရမ်းကောင်းတဲ့ အကြံအစည်ပဲ"
ဖျက်ဆီးခြင်းအရှင်၏မျက်လုံးများ တောက်ပသွားကာ လေးစားကြောင်းပြသသည့်အနေဖြင့် သူ့၏ပေါင်ကို ရိုက်ပုတ်လိုက်၏။
"အဲ့ဒီနတ်ဆိုးသားရဲသုံးကောင်နဲ့လူတစ်ယောက် သေသွားတာနဲ့....ကံကြမ္မာစွမ်းအားတွေကို ပြန်ပြီးရယူနိုင်လိမ့်မယ်...ဒါက ငါတို့အတွက် ဘာအင်အားမှ စိုက်ထုတ်စရာမလိုတဲ့ကိစ္စပဲ"
"ဟား ဟား ဟား...."
"သိပ်ကောင်းတယ်...အရမ်းကောင်းတာပဲ...."
.....
ဆောင်ကြာမြိုင်တစ်ခု၏အောက်၌....
ခိုးကြောင်ခိုးဝှက်ဝင်လာသော အရိပ်လေးရိပ် ထွက်ပေါ်လာသည်။
"အစ်ကိုကြီး...မင်းက အရမ်းအတင့်ရဲတာပဲ"
"သခင်ဆီကနေ ရွှေပြားဆယ်ပြားကို တကယ်ကြီးခိုးလာခဲ့တယ်....တကယ်လို့ သူ အဲ့ဒီကိစ္စကိုသိသွားရင် မင်းကို သတ်ပစ်လိမ့်မယ်"
ခွေးက စိုးရိမ်ပူပန်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"ဘာကြောက်စရာရှိလို့လဲ....လှပတဲ့ပီအိုနီပန်းပွင့်လေးတွေအောက်မှာ သေရတဲ့ လူတစ်ယောက်က....သရဲတစ္ဆေဖြစ်ရရင်တောင် မြူးကြွနေလိမ့်မယ်"
လုပမ်ဝေသည် သူ့၏လက်နှစ်ဖက်ကိုဝှေ့ယမ်းပြီး ခါးထောက်ကာ တိုးညှင်းသောအသံဖြင့်ပြောဆိုသည်။
"ဒါပြင်....ဒီဆန်ကုန်မြေလေးကောင်က ခုချိန်မှာ အရင်ထက်ပိုပြီး ဥာဏ်ကောင်းသွားပြီ...တကယ်လို တစ်ခုခုဖြစ်နေတယ်ဆိုရင် ငါက တစ်နေရာရာကိုသွားပြီး ခဏလောက်ရှောင်နေလိမ့်မယ်"
"အော်...."
အောင်းချင်၏မျက်လုံးများ တောက်ပသွားကာ သူက အံ့အားတသင့်ရေရွတ်လိုက်၏။
"အစ်ကိုကြီးမှာ အကြံကောင်းတစ်ခု ရှိနေတာများလား"
"ဘာအကြံကောင်းမှ မရှိဘူး...ဒါပေမယ့် ငါတို့ အခု မုန်တိုင်းဖြစ်လာမှာကို ရှောင်ကြရအောင်"
လုပမ်ဝေက ခါးထောက်ကာ ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။
အရိုးစုတစ်ကောင်နှင့် နတ်ဆိုးသားရဲသုံးကောင်သည် ဝါးခမောက်များကိုဝတ်ဆင်ပြီး ဒယိမ်းဒယိုင်ဖြင့် သူတို့ရှေ့မလှမ်းမကမ်းအကွာရှိ အနီရောင်အလင်းတန်းများထွက်ပေါ်နေသောနေရာသို့ ဝင်ရောက်သွားတော့သည်။
"တော်သင့်ပြီ...တော်သင့်ပြီ..."
"ငါ အရမ်းပင်ပန်းနေပြီ...."
"ဟီး ဟီး ဟီး....ကောင်မလေး....ငါ မင်းကို ဖမ်းမိပြီ...."
"ဟီး ဟီး ဟီး...ဟား ဟား ဟား....ဒါက အရမ်းကြီးတယ်..."
သီးသန့်ခန်းတစ်ခန်းအတွင်း၌....
တေးဂီတသံများ ကခုန်နေသံများနှင့် အထိန်းအကွပ်မဲ့စွာ သောက်စားမြူးထူးပြီး ညီအစ်ကိုတစ်သိုက် အလွန်ပျော်ရွှင်နေကြသည်။
သို့ရာတွင် အန္တရာယ်သည် အခန်း၏ပြင်ပမှနေ၍ ချဥ်းကပ်လာလေပြီ။
ဤညတွင် စစ်ဆင်ရေးတစ်ခုကိုလုပ်ဆောင်ရန်အတွက် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် အင်အားများခြိုးခြံချွေတာခဲ့ခြင်းမရှိချေ။
ပထမဆုံး သူတို့သည် ဆောင်ကြာမြိုင်ကို ဝိုင်းရံခဲ့ကြသည်။
ထိုနောက် ပတ်ဝန်းကျင်တွင် ဝင်္ကပါများကို ခင်းကျင်းခဲ့လေ၏။
ဖျက်ဆီးခြင်းအရှင်နှင့်တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့ကိုယ်တိုင် ဝင်္ကပါများခင်းကျင်းနေစဥ်တွင် ဆောင်ကြာမြိုင်၏နံဘေးပတ်လည်၌ အတားအဆီးတစ်ခုစိုက်ထူကာ အတွင်းရှိလူများ မည်သည့်နှောက်ယှက်မှုမျိုးကိုမျှ စုံစမ်းထောက်လှမ်းမိခြင်းမရှိစေရန် တားဆီးဟန့်တားခဲ့သည်။
"ဝင်္ကပါခင်းကျင်းနေတာ ဘယ်လိုအခြေအနေရှိလဲ"
ဖျက်ဆီးခြင်းအရှင်က မေးမြန်းသည်။
"ပြီးပြည့်စုံလု နီးပါးပဲ"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က အပြုံးနှင့် တုံ့ပြန်သည်။
"ဒီဝင်္ကပါ ပြီးပြည့်စုံသွားတာနဲ့ ကြီးမားတဲ့သံလှောင်အိမ်ကြီးတစ်ခု ဖြစ်လာပြီးတော့...အထဲမှာပိတ်လှောင်ခံထားရတဲ့ ဘယ်သူမဆို ဘယ်လိုမှလွတ်မြောက်နိုင်မှာမဟုတ်ဘူး...ဒါပြီးတာနဲ့ ကူးပြောင်းရေးဝင်္ကပါအသက်ဝင်လာပြီးတော့...အဲ့ဒီအရူးလေးကောင်ကို မြေအောက်နန်းတော်ရဲ့သတ်ဖြတ်ခြင်းဝင်္ကပါထဲကို တိုက်ရိုက်ပိုဆောင်လိမ့်မယ်"
ဖျက်ဆီးခြင်းအရှင်က စိတ်လှုပ်ရှားစွာဖြင့် ပြုံးလိုက်သည်။
"အရယ်ရဆုံးအပိုင်းကတော့ အဲ့ဒီအရူးတွေက သူတို့ဒုက္ခရောက်ရတော့မယ်ဆိုတာ မသိဘဲနဲ့ ...အပျော်အိမ်ထဲမှာ ပျော်ရွှင်မြူးထူးနေကြတာပဲ"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က သရော်တော်တော်ပြောဆိုသည်။
"သူတို့က ဘယ်လိုအသက်ထွက်သွားတယ်ဆိုတာကိုတောင် သိလိုက်ကြမှာမဟုတ်ဘူး"
"အရမ်းကြီးပျော်မနေနဲ့အုံး...နောက်ဆုံးအချိန်အခိုက်အတန့်မရောက်ခင်အထိ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာမလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"
ဖျက်ဆီးခြင်းအရှင်သည် သူ့၏လက်ဝါးကိုအောက်သို့နှိပ်ကာ တည်ကြည်လေးနက်စွာဖြင့်သတိပေးစကား ပြောဆိုလိုက်သော်လည်း သူ့၏မျက်နှာပေါ်တွင် အပြုံးများဝေဆာနေဆဲပင်။
အချိန်တခဏကြာပြီးနောက် ဝိုးတဝါးပုံရိပ်ယောင်တစ်ခုသည် တိတ်ဆိတ်ငြိမ်သက်စွာ ရောက်ရှိလာကာ ဖျက်ဆီးခြင်းအရှင်ထံဦးတည်ပြီး ခေါင်းညိတ်ပြလေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီးနောက် သူတို့နှစ်ယောက်သည် အကြည့်ခြင်းဖလှယ်လိုက်ကြ၏။
သူတို့၏လက်ဝါးများကို ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ဝင်္ကပါမှနေ၍ အဝေးသို့ သူတို့အားလုံး တပြိုင်နက်တည်း ဆုတ်ခွာလိုက်သည်။
ဝင်္ကပါ၏ပြင်ပတွင် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်သည် မှော်မန္တန်များကိုရွတ်ဆိုကာ ကြီးမားသော ကူးပြောင်းရေးအဆောင်လက်ဖွဲတစ်ခုကို ဆင့်ခေါ်လေသည်။
"ပလာလာလာလာလာ......"
မှော်မန္တန်ရွတ်ဆိုသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ကူးပြောင်းရေးဝင်္ကပါမှနေ၍ တောက်ပသောအလင်းတန်းများ ဖြာထွက်လာကာ အပျော်အိမ်တစ်အိမ်လုံးကို လွှမ်းခြုံသွားသည်။
"ဆက်ပြီးဆိုကြ...ဆက်ပြီးကကြစမ်း..."
အခန်းအတွင်း၌ လုပမ်ဝေသည် သေရည်များကို သူ့၏အရိုးများအပေါ် သွန်းလောင်းနေကာ အလွန်အမင်း ပျော်ရွှင်မြူးထူးနေသည်။တခြားသူများသည်လည်း မူးယစ်ရီဝေကာ သူတို့၏ခန္ဓာကိုယ်များ ယိမ်းယိုင်နေစဉ်မှာပင် အလင်းတန်းတစ်တန်းက သူတို့ထံသိုတိုးဝင်လာကာ အတွင်းသို့ သူတို့အားလုံးကို ဆွဲခေါ်သွားသည်။
"အိုက်ယား....ဘာဖြစ်တာလဲ"
"ကောင်မလေး...ငါ့ရဲ့ကောင်မလေးတွေ ဘယ်ရောက်သွားတာလဲ"
"အစ်ကိုကြီး ဒါက အရမ်းမြန်တယ်...ငါ ပျို့အန်ချင်နေပြီ"
"ချင်...ခဏလောက် တောင့်ခံထားအုံး"
"ငါ့ရဲ့ခြေထောက်...ငါ့ရဲ့ခြေထောက်တစ်ချောင်း ပျောက်သွားပြီ...အစ်ကိုကြီး ငါ့ကိုကူညီပြီးတော့ အဲ့ဒါကို ရှာပေးပါအုံး"
နတ်ဆိုးသုံးကောင်နှင့်အရိုးစုတစ်ကောင်သည် မူးယစ်ရီဝေနေသောအခြေအနေတွင် တိမ်တိုက်အထွတ်အထိပ်အင်ပါယာ မြေအောက်နန်းတော်၏ သတ်ဖြတ်ခြင်းဝင်္ကပါအတွင်းသို့ အလျှင်အမြန်ပိုဆောင်ခြင်း ခံလိုက်ရသည်။
"ဟား ဟား ဟား...."
သူတို့သည် သေလုဆဲဆဲအခြေအနေတွင် စကားများ ပြောဆိုနေကြဆဲဖြစ်သည်ကိုကြည့်ပြီး ဖျက်ဆီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့သည် သရော်တော်တော်အော်ဟစ်ရယ်မောလိုက်ကြ၏။
Chapter 548
အရာအားလုံးဖြေရှင်းပြီးနောက်....
ဖျက်စီးခြင်းအရှင်နှင့် တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်တို့သည် နန်းတော်အတွင်း၌ ဝိုင်အရက်များသောက်ကာ ဂုဏ်ပြုပွဲကျင်းပနေတော့သည်။
"ဟား ဟား ဟား....."
"ဒီအောင်မြင်မှုကို ရခဲ့တဲ့အတွက် ပျော်စရာပဲ"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က အပြုံးနှင့်ပြောဆိုသည်။
"ဝမ်းသာပါတယ်....ဒါပေမဲ့ မင်းရဲ့မြေအောက်နန်းတော် သတ်ဖြတ်ခြင်းဝင်္ကပါက လုံခြုံစိတ်ချလိုရပါ့မလား""
ဖျက်ဆီးခြင်းအရှင်က သံသယဖြင့် မေးမြန်းသည်။
"ဘာမှ မစိုးရိမ်နဲ့""
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က ယုံကြည်ချက်အခိုင်အမာရှိသောအသံဖြင့် ပြောဆိုလေ၏။
"ဒီသတ်ဖြတ်ခြင်းဝင်္ကပါက လွန်ခဲ့တဲ့ခေတ်ကာလပေါင်းများစွာကတည်းက ကျန်ရှိနေခဲ့တာ...ကြီးမားတဲ့ပျက်စီးခြင်းတွေကို ရင်ဆိုင်ကြုံတွေ့ရပြီးတဲ့နောက်မှာ အဲ့ဒီနေရာက ကွယ်လွန်သူစိတ်ဝိညာဥ်နဲ့ ပြည့်နှက်နေတဲ့ တသီးတခြားကမ္ဘာငယ်လေးတစ်ခုဖြစ်လာတယ်...ဒါက ဘယ်လိုသက်ရှိမျိုးမှ ရှိမနေနိုင်တဲ့နေရာတစ်နေရာပဲ"
"ဒါ့ပြင်....."
"ငါက အဲ့ဒီနေရာကို စောင့်ကြပ်ဖိုအတွက်ငါ့ရဲ့တပည့်မခုနှစ်ယောက်ကို အထူးသီးသန့်စေလွှတ်ထားတယ်"
"မင်းပြောတဲ့သူတွေက ပါရမီအရည်အချင်းရှိပြီးတော့ တစ်ယောက်ချင်းဆီမှာ သဘာဝညှို့ဓာတ်တွေ ပိုင်ဆိုင်ထားတယ်လို့ လူသိများတဲ့...တိမ်တိုက်အထွတ်အထိပ်အင်ပါယာရဲ့မိန်းမလှခုနစ်ယောက်လား"
ဖျက်ဆီးခြင်းအရှင်၏မျက်ခုံးများ မြင့်တက်သွားသည်။
"အမှန်ပဲ...ငါ သူတို့ကို စေလွှတ်ထားတယ်"
"အဲ့ဒီနေရာမှာ သေးငယ်တဲ့ပြဿနာလေးတစ်ခု ဖြစ်လာရင်တောင်..သူတို့က ငါတို့ဆီကို ချက်ချင်းအကြောင်းကြားလိမ့်မယ်"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က အပြုံးနှင့်ပြောဆိုသည်။
"ဒါက အရမ်းကောင်းတာပဲ"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ် စီစဉ်ထားသော အစီအစဉ်များကို နားထောင်ပြီးနောက်ဖျက်ဆီးခြင်းအရှင်သည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
"အတိုချုပ်ပြောရရင် ဘာမှ စိတ်ပူစရာမရှိဘူး....သူတို့ သေကိုသေရလိမ့်မယ်"
တိမ်တိုက်အထွတ်အထိပ်ဧကရာဇ်က သူ့၏ဝိုင်အရက်ခွက်ကိုမြှောက်ကာ ပြုံးလိုက်သည်။
"ဟား ဟား ဟား....မင်းပြောတာအမှန်ပဲ သူတို့သေကိုသေရမယ်"
ထိုအခြင်းအရာကိုကြည့်ပြီးနောက် ဖျက်ဆီးခြင်းအရှင်သည်လည်း သူ့၏ဝိုင်အရက်ခွက်ကိုမြှောက်လေသည်။
သူတို့နှစ်ယောက်သည် ခွက်ချင်းတိုက်၍ ဝိုင်အရက်များ သောက်လိုက်ကြတော့သည်။
တသီးတခြား သတ်ဖြတ်ခြင်းဝင်္ကပါအတွင်း၌...
မူးယစ်ရီဝေနေသော လုပမ်ဝေတို့လေးယောက်သည် ဆယ်နာရီကျော်ကြာအောင် အိပ်ပျော်ပြီးနောက် နိုးထလာကြသည်။
"အစ်ကိုကြီး...ကြည့်ရတာတော့ ငါတိုတွေဖမ်းဆီးခံထားရပုံပဲ"
ဝက်ဝံနက်သည် သူ့၏ရင်ဘတ်မှနံရိုးများကို လက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် သူ့၏ခေါင်းကိုကုတ်ရင်း ပြောဆိုသည်။
"ဘာမှ မစိုးရိမ်နဲ့....တကယ်လို့ ငါတိုဖမ်းဆီးခံရရင်တောင် ငါ ဒီနေရာမှာရှိနေသရွေ့ ဘာပြဿနာမှမရှိစေရဘူး"
ကင်းခြေများသည် သူ့၏ခန္ဓာကိုယ်ကိုလှန်ကာ သူ့၏ခြေထောက်များကို ဝှေ့ယမ်းပြီး အမှု့မထားသောလေသံဖြင့် ပြောဆိုသည်။
"ဒါက အမှန်ပဲ...ဒီနေရာကိုကြည့်ရတာ တော်တော်လေး ပျော်စရာကောင်းမယ်ပုံပဲ"
ခွေးသည်လည်း ရှေ့သို့ထွက်လာကာ ဝင်ရောက်ပြောဆိုသည်။
"အစ်ကိုကြီးက သခင်ရဲ့ရွှေပြားတွေကိုခိုးခဲ့တာမဟုတ်လား...ပြီးတော့ ဒီကိစ္စကိုမမိသွားအောင် တစ်နေရာရာမှာသွားပြီး ပုန်းအောင်းနေမယ်လို့ အစ်ကိုကြီးက ပြောခဲ့တယ်လေ...ဒီနေရာမှာနေမယ်ဆိုရင် ငါတို့ပုန်းအောင်းနေနိုင်တာပဲ မဟုတ်လား"
"ငါပြောတာ ဟုတ်တယ်မလား"
ထိုသို့ပြောဆိုပြီးနောက်...
ခွေးသည် လုပမ်ဝေကို ကြည့်လိုက်၏။
"အမှန်ပဲ.."
"ဒါက ငါ တွေးတောထားတာနဲ့ အတူတူပဲ..... ဒါပေမဲ့ ငါက သခင် မမိအောင် ပုန်းအောင်းနေတဲ့အချိန်မှာ ပျော်စရာတချို့ ရှိနေစေချင်တယ်"
လုပမ်ဝေသည် သူ၏လက်များပေါ်မေးထောက်၍ ဟိတ်ဟန်များသောအမူအယာဖြင့် ခေါင်းညိတ်ပြလေသည်။
"အစ်ကိုကြီး....ငါတို့ကို ပြောပြပါ....ဒီနေရာမှာ ဘယ်လိုပျော်စရာမျိုးတွေ ရှာမလိုလဲ"
ခွေးနှင့်တခြားသားရဲနှစ်ကောင်သည် လုပမ်ဝေ၏နံဘေးပတ်လည်၌ အလျှင်အမြန်စုဝေးလိုက်ကြသည်။
"ဟီး ဟီး...ဒါက ငါတို့ အရင်ဆုံးရှာကြတာပေါ့"
လုပမ်ဝေက အပြုံးနှင့်ပြောဆိုသည်။
ထိုနောက် လုပမ်ဝေသည် သူ့၏အရိုးစုလက်ဝါးကိုမြှောက်ကာ ထွင်းဖောက်မြင်ရသည်အထိကြည်လင်ပြတ်သားသော အရာတစ်ခုကိုဆုပ်ကိုင်ကာ ပြင်းပြင်းထန်ထန် ဖျစ်ညှစ်လိုက်သည်။
လုပမ်ဝေ၏ ဖျစ်ညစ်ခြင်းကိုအချိန်တခဏကြာခန့် ခံရပြီးနောက် သူ့၏လက်အတွင်းရှိ ကြည်လင်သောအရာသည် လူပုံသဏ္ဍာန်ပုံရိပ်ယောင်အဖြစ်သို ပြောင်းလဲသွားကာ စူးရှရှအသံတစ်သံထွက်ပေါ်လာသည်။
"ငါ့ကို လွှတ်ပေးစမ်း"
"ငါက ဘယ်သူ့ရဲ့လက်အောက်ငယ်သားလဲဆိုတာ မင်းတို သိကြလား"
"ငါက ဒီတသီးတခြားလောကထဲမှာ စွမ်းအားအကြီးဆုံးဖြစ်တဲ့ စိတ်ဝိညာဥ်ဘုရင်ရဲ့ လက်အောက်ငယ်သားတစ်ယောက်ပဲ.... တကယ်လို့ မင်းတို့ ငါ့ကို မြန်မြန်လွှတ်မပေးဘူးဆိုရင် စိတ်ဝိညာဉ်ဘုရင်က မင်းတို့ကို အလွတ်ပေးမှာမဟုတ်ဘူး"
သို့ရာတွင်...
သူ၏စကားအဆုံးသတ်သွားသောအချိန်မှာပင်...
လုပမ်ဝေ၏ပါးစပ်မှနေ၍ ရုတ်တရက် အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
"မင်းပြောနေတဲ့ စိတ်ဝိညာဉ်ဘုရင်ဆိုတာ ဒီကောင်လား"
ထိုစကားကိုကြားချိန်တွင်....
အစောပိုင်းက အော်ဟစ်နေသော ကွယ်လွန်သူစိတ်ဝိညာဉ်သည် သူ ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုနေသည့် စိတ်ဝိညာဥ်ဘုရင်သည် မည်သည့်အချိန်က လုပမ်ဝေ၏ဖမ်းဆီးခြင်းကိုခံလိုက်ရမှန်း သူ မသိလိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။
ဂေ့...
မည်သည်ကြောင့် ဤသို့ ဖြစ်လာသနည်း။
ကွယ်လွန်သူစိတ်ဝိညာဥ်သည် သူ့၏ဦးရေပြား တင်းကျပ်လာသကဲ့သို့ ခံစားမိသည်။
စိတ်ဝိညာဥ်ဘုရင်သည် ဤတားမြစ်ကမ္ဘာငယ်လေးအတွင်း၌ အစွမ်းထက်ဆုံး ကွယ်လွန်သူစိတ်ဝိညာဉ်တစ်ကောင်ပင်။
"စိတ်...စိတ်...စိတ်ဝိညာဉ်ဘုရင်...ဘယ်လိုလုပ်ပြီးတော့ အခုလို ဖြစ်သွားတာလဲ"
သူသည် စိတ်ဝိညာဥ်ဘုရင်ကို စူးစိုက်ကြည့်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုသည်။
"ပါးစပ်ပိတ်ထားစမ်း"
စိတ်ဝိညာဉ်ဘုရင်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။
ထိုနောက် သူ၏ပါးစပ်ကိုဖွင့်ဟကာ ထိုကွယ်လွန်သူစိတ်ဝိညာဥ်ကို တစ်လုတ်တည်းဖြင့် ဝါးမြိုလိုက်တော့သည်။
သူသည် တံတွေးအနည်းငယ်မြိုချပြီးနောက် ကပ်ဖားရပ်ဖားအပြုံးမျိုးပြုံးကာ လုပမ်ဝေကို ကြည့်လိုက်သည်။
"အရှင်...ငါ သူ့ကို မသိပါဘူး"
"အော်...မင်းရဲ့ပုံစံက တစ်မျိုးပါလား"
ထိုမြင်ကွင်းကိုကြည့်ပြီးနောက် လုပမ်ဝေသည် လေးစားသောအကြည့်ဖြင့် စိတ်ဝိညာဥ်ဘုရင်ကိုကြည့်လေသည်။ထိုနောက် သူ့၏လက်ဝါးကိုဖြန့်ကာ စိတ်ဝိညာဥ်ဘုရင်ကို မြေပြင်ပေါ်သို ပစ်ချလိုက်၏။
"အရှင့်ကို ကျေးဇူးတင်ပါတယ်"
စိတ်ဝိညာဉ်ဘုရင်သည် လွတ်လပ်မှုကိုပြန်လည်ရရှိပြီးနောက် စိတ်သက်သာရာရသွားကာတိတ်တဆိတ် သက်ပြင်းတစ်ချက်ရှိက်လိုက်သည်။
ဤအခြေအနေမှာ မဆိုးလှချေ။
ကံကောင်းထောက်မစွာဖြင့် သူ အလျှင်အမြန်တုံ့ပြန်နိုင်ခဲ့သည်။
ထိုသို့မဟုတ်ပါက သူ သေဆုံးသွားပေမည်။
အစောပိုင်းက သူသည် တခြားကွယ်လွန်သူစိတ်ဝိညာဥ်တစ်ကောင်ကို ပျော်ရွှင်စွာဖြင့်ဝါးမြိုနေစဉ်တွင် ရုတ်တရက်မည်သည့်နေရာမျှ ထွက်ပေါ်လာမှန်းမသိရသော လက်ဝါးတစ်ဖက်မှ သူ့ကိုဖမ်းဆုပ်သွားခဲ့သည်။
သူ ကြုံတွေ့ခဲ့ရသော တုန်လှုပ်ချောက်ချားဖွယ်ဖြစ်ရပ်ကို ပြန်တွေးမိချိန်တွင် သူ့ရှေ့ရှိ တည်ရှိမှုကြီးကို သူမည်သို့မျှရန်စစော်ကား၍မရကြောင်း နားလည်သဘောပေါက်သွားသည်။
"အရှင်တို့....ဒီနေရာကို ဘာကိစ္စရှိလိုလာခဲ့တာလဲဆိုတာ ငါ သိခွင့်ရမလား"
စိတ်ဝိညာဉ်ဘုရင်က မြေပြင်ပေါ်၌ဒူးထောက်ကာ အပြုံးနှင့်ပြောဆိုသည်။
"ငါက ဒီတသီးတခြားကမ္ဘာငယ်လေးထဲမှာ အစွမ်းထက်ဆုံး ကွယ်လွန်သူစိတ်ဝိညာဉ်ပါ...တကယ်တော့ ငါရဲ့ခွန်အားက ပြောပြဖိုတောင်မထိုက်တန်ပါဘူး ..အရှင်တို့ရဲ့ရှေ့မှာတော့ ငါက ဂျူနီယာညီလေးတစ်ယောက်အဆင့်ပါပဲ...အခုပြောပြတယ်ဆိုတာ တကယ်လို့ အရှင်တို့က ငါ့ရဲ့အကူအညီကို လိုအပ်တယ်ဆိုရင်..ငါက နည်းနည်းလောက် ကူညီပေးနိုင်တယ်ဆိုတာကို သိစေချင်တာပါ..ဟီး ဟီး...ဟီး ဟီး ဟီး..."
"အော်...ငါတို့ ဒီနေရာကိုလာခဲ့တာ အလည်အပတ်သက်သက်ပဲ....ရက်နည်းနည်းလောက်နေပြီးရင် ငါတို့ ထွက်သွားမယ်"
လုပမ်ဝေက သူ့၏လက်ကိုမြှောက်ကာ ပြောဆိုသည်။
"ဒါပေမဲ့ ဒီဆန်ကုန်မြေလေးက မင်းကိုသဘောကျမိတယ်...နောင်အနာဂတ်မှာ ငါတို့က မင်းကို မိတ်ဆွေတစ်ယောက်လို ဆက်ဆံမှာပါ"
"ဒီနိမ့်ကျတဲ့တစ်ယောက်က အရှင်တိုရဲ့မိတ်ဆွေဖြစ်ရတာ ကြီးမားတဲ့ကံကြမ္မာကောင်းတစ်ခုပါ... တကယ်လို့ အရှင်တိုမှာ အမိန့်ပေးချင်တာရှိတယ်ဆိုရင် လွတ်လွတ်လပ်လပ် တောင်းဆိုလို့ရပါတယ်"
စိတ်ဝိညာဉ်ဘုရင်က ခေါင်းညိတ်ပြပြီးနောက် ဦးညွှတ်အရိုအသေပြုကာ ပြောဆိုသည်။
"အော် ဒါဆိုရင် ဒီနေရာကိုလာခဲ့အုံး....ငါ မင်းကို မေးစရာရှိတယ်"
လုပမ်ဝေက လက်ယပ်ခေါ်လိုက်သည်။
စိတ်ဝိညာဉ်ဘုရင်သည် အလျှင်စလို ချဉ်းကပ်သွားလိုက်၏။
"ဒီဆန်ကုန်မြေလေးက မင်းကို မေးမယ်..မင်း ငါ့အတွက် မိန်းကလေးတစ်ယောက်လောက် စီစဉ်ပေးနိုင်မလား"
ထိုသို့ပြောဆိုပြီးနောက် လုပမ်ဝေသည် သူ့၏ရင်ကိုကော့ကာ ညင်သာသောအသံဖြင့်ပြောဆိုသည်။
"ငါ့ရဲ့တောင်းဆိုမှုက ဒါလေးပါပဲ..ငါက အရမ်းချောမောခန့်ညားပြီးတော့ သနားကြင်နာတတ်တယ်မဟုတ်လား"
လုပမ်ဝေ၏စကားကို ကြားချိန်တွင်...
ရုတ်ချည်းဆိုသလိုပင် စိတ်ဝိညာဉ်ဘုရင်သည့် အကျပ်ရိုက်သွားလေ၏။
"အင်း...အရှင် ငါတို့ရဲ့ပုံစံကိုလည်း ကြည့်ပါအုံး....ဘယ်လိုလုပ်ပြီးတော့ ဒီနေရာမှာ မိန်းကလေးတွေ ရှိနိုင်မှာလဲ"
စိတ်ဝိညာဉ်ဘုရင်က ခါးသည်းစွာပြောဆိုသည်။
"မိန်းကလေးတွေ မရှိဘူးလား"
လုပမ်ဝေသည် ရုတ်တရက်မကြည်မသာဖြစ်သွားကာ အေးစက်တင်းမာသောမျက်နှာဖြင့် ပြောဆိုလိုက်သည်။
"ဒါဆိုရင် မင်းတို့ အဲ့ဒီကိစ္စတွေကို သာမန်အခြေအနေတွေမှာ ဘယ်လို ဖြေရှင်းကြလဲ"
"အရှင် အဲဒီကိစ္စကို မပြောပါနဲ့အုံး"
စိတ်ဝိညာဉ်ဘုရင်က ခါးသည်းစွာပြောဆိုသည်။
"ငါက အသားမစားရတာတောင် ခေတ်ကာလတွေအများကြီး ကြာနေပြီ"
စိတ်ဝိညာဉ်ဘုရင်၏ စိတ်ပျက်လက်ပျက်ပုံပန်းသွင်ပြင်ကိုကြည့်ပြီးနောက် မူလက ဒေါသထွက်နေသော လုပမ်ဝေသည် သူ့ထံသို့ နှစ်သိမ့်ပေးသောအကြည့်မျိုးဖြင့် တချက်ကြည့်လိုက်သည်။
"မင်း တော်တော်လေး ခံစားခဲ့ရမှာပဲ...ညီအကို ငါ နားလည်ပါတယ်"
"ဒါပေမဲ့ ငါက မင်းကိုသင်ပြပေးချင်နေတုန်းပဲ...မင်း ဒီကိစ္စကို ရုပ်ပိုင်းဆိုင်ရာအရ မလုပ်နိုင်ဘူးဆိုရင်တောင်....စိတ်ပိုင်းဆိုင်ရာအရ နှစ်သိမ့်မှုရဖိုအတွက် မင်း မိန်းကလေးတချို့ကို ရှာသင့်တယ်"
"အရှင်သင်ပေးတာက အမှန်ပါပဲ...ငါ့ကို သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
စိတ်ဝိညာဉ်ဘုရင်သည် ထပ်ခါတလဲလဲ ဦးညွှတ်အရိုအသေပြုကာ ခေါင်းညိတ်ပြလေသည်။သူသည် လုပမ်ဝေအတွက် မိန်းကလေးတစ်ယောက်စီစဉ်မပေးနိုင်သဖြင့် သူ့အား ရိုက်သတ်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေဆဲပင်။
သို့ရာတွင် ထိုအချိန်မှာပင်....
သူသည် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားသဖြင့် သူ့၏မျက်လုံးများ တောက်ပသွားသည်။
"အရှင်...ငါ့မှာ အကြံတစ်ခုရှိတယ်"
သူက အော်ဟစ်လိုက်သည်။
"အော်..."
လုပမ်ဝေသည် အံ့အားတသင့်ရေရွတ်ကာ စိတ်ဝိညာဉ်ဘုရင်ကို ကြည့်လိုက်၏။
"ဒီတသီးတခြားကမ္ဘာငယ်လေးရဲ့အပြင်မှာ မိန်းကလေးခုနစ်ယောက်ရှိတယ်...သူတို့အားလုံးက ချောမောလှပပြီးတော့ အရမ်းဒေါသကြီးတယ်"
Chapter 549
"အော် တကယ်လား"
လုပမ်ဝေက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းသည်။
"ငါက အရှင်တို့ကို လိမ်ညာမပြောဝံ့ပါဘူး"
စိတ်ဝိညာဥ်ဘုရင်သည် မြေပြင်ပေါ်၌ ဒူးထောက်ကာ သတိကြီးစွာထား၍ပြောဆိုသည်။
"သူတို့ခုနှစ်ယောက်က ဒီတသီးတတခြားနယ်မြေရဲ့အစွန်အဖျားမှာ ပလ္လင်ခွေထိုင်ပြီးတော့ ကျင့်ကြံနေကြတယ်...တခါတရံမှာ သူတို့က လေ့ကျင့်ဖိုအတွက် တသီးတခြားနယ်မြေထဲကို ဝင်လာကြတယ်...သူတို့တွေက နိမ့်ကျပြီးတော့ အစွမ်းအစကင်းမဲ့တာကြောင့်....ငါနဲ့တစ်ခါမှ အဆက်အဆံမရှိခဲ့ဖူးဘူး...ဒါကြောင့် အရှင်က သူတို့ကို လှုပ်ရှားလိုရတယ်"
"ပြောရမယ်ဆိုလျှင် ဒီနယ်မြေထဲမှာ နေ့တိုင်း ဒီလိုမျိုးရပ်တည်လာတာ ဆယ်နှစ်ကျော်လောက်ကြာနေပြီ"
"သူတို့အားလုံးက ခြေတံရှည်လေးတွေရှိတဲ့ မိန်းမလှလေးတွေပဲ"
စိတ်ဝိညာဥ်ဘုရင်၏စကားကိုကြားချိန်တွင် လုပမ်ဝေသည် စိတ်ကျေနပ်သွားသောအမူအယာဖြင့် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
"အရှင်က သူတို့ကိုကြိုက်နှစ်သက်တယ်ဆိုမှတော့...ဒီနိမ့်ကျတဲ့သူက သူတို့ကို ဖမ်းပေးရမလား"
စိတ်ဝိညာဉ်ဘုရင်က ထပ်မံ၍မေးမြန်းသည်။
"ခဏစောင့်အုံး...ငါ့ကိုယ်ငါ သပ်သပ်ရပ်ရပ်ဖြစ်အောင် အရင်လုပ်လိုက်အုံးမယ်"
လုပမ်ဝေက သူ့၏လက်များကို အောက်သို့နှိမ့်ကာ သူ့၏ဖင်ကြပ်ဘောင်းဘီရှည်ကို ဆွဲတင်လိုက်သည်။ထိုနောက် သူ့၏ခန္ဓာကိုယ်ကိုညွှတ်ကိုင်း၍ သူ့၏ခွာမြင့်ဖိနပ်ကိုသုတ်ကာ အလွန်ချောမောခန့်ညားသောဟန်ပန်ကို ပြုလုပ်ပြီးနောက် မေးမြန်းလိုက်သည်။
"ချင်...ငါ့ကို ကြည့်ပါအုံး....ဒီနေ့အစ်ကိုကြီးရဲ့ပုံစံကို ကြည့်ရတာ ဘယ်လိုနေလဲ"
"အရမ်းကောင်းတယ်...ဒါပေမယ့် ပြီးပြည့်စုံအတွက်က နည်းနည်းတော့လိုအပ်နေတုန်းပဲ"
ခွေးသည် စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြလေသည်။ထိုနောက် သူသည် ကင်းခြေများနှင့်အတူ လုပမ်ဝေကို လှည့်ပတ်၍ကြည့်လိုက်သည်။
ခွေးသည် ပထမဆုံး လုပမ်ဝေ၏ဘောင်းဘီရှည်ကို နှစ်ကြိမ်ခန့်ပွတ်သပ်ပြီးနောက် ဘောင်းဘီရှည်မှထွက်နေသော ချည်စနှစ်စကို ဖြတ်လိုက်၏။
ကင်းခြေများသည် သူ့ကိုယ်သူ ပို၍သေးငယ်အောင်ပြုလုပ်ကာ လုပမ်ဝေ၏ရင်ဘတ်ပေါ်၌ လဲလျောင်းလိုက်သည်။ထိုနောက် သူ့၏ခန္ဓာကိုယ်ကို စက်ဝိုင်းပုံသဏ္ဍာန်ကွေးကောက်ကာ ပူးကပ်ပြီး အသည်းပုံအဖြစ်သို ပြောင်းလဲသွားသည်။
ထိုအရာများကိုပြုလုပ်ပြီးနောက် ခွေးက လက်ခုပ်တီးကာ ပြောဆိုသည်။
"ဒါက ပြီးပြည့်စုံသွားပြီ...အစ်ကိုကြီးက လောကကြီးထဲမှာ ချောမောခန့်ညားဆုံးသူပဲ"
"ဟား ဟား ဟား..."
လုပမ်ဝေသည် ခါးထောက်ကာ စိတ်ကျေနပ်စွာဖြင့်အော်ဟစ်ရီမောလိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီးနောက် စိတ်ဝိညာဉ်ဘုရင်၏မျက်လုံးအကြည့် ရွေ့လျားသွားသည်။ထိုနောက် သူသည် လုပမ်ဝေကို လက်မထောင်ပြကာ စိတ်လှုပ်ရှားနေသောအသံဖြင့် ပြောဆိုသည်။
"အရှင်က တကယ့်ကို ချောမောခန့်ညားတဲ့လူပဲ...တကယ်လို့ ငါ ငယ်ငယ်တုန်းက အရှင့်ရဲ့မျက်နှာနဲ့စိတ်နေစိတ်ထားမျိုး တစ်သောင်းပုံတစ်ပုံရှိခဲ့ရင်တောင် ဒီဘဝအတွက် အရမ်းစိတ်ကျေနပ်စရာဖြစ်နေမှာဘဲ"
"အမှန်ပဲ....ငါက မင်းလိုရိုးသားတဲ့လူမျိုးကို အရမ်းသဘောကျတယ်"
လုပမ်ဝေက အသိအမှတ်ပြုသည့်အနေဖြင့် စိတ်ဝိညာဥ်ဘုရင်ကို တစ်ချက်ကြည့်လိုက်သည်။
ဤသည်မှာ စိတ်ဝိညာဉ်ဘုရင်ကို သူ့၏ပါးစပ်နားရွက်သိုတက်ချိတ်လုမတတ် ပြုံးရွှင်သွားစေသည်။
"အရှင် ခဏစောင့်နေအုံး...ငါက အရှင့်အတွက် အဲ့ဒီမိန်းကလေးတွေကို သွားဖမ်းပေးမယ်"
စိတ်ဝိညာဉ်ဘုရင်၏မျက်လုံးများ ရွေ့လျားသွားကာ သူ့၏စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက်ကြီးမားသွားသည်။ထိုနောက် သူသည် လေဟာနယ်အတွင်း၌ ကြီးမားသောလေမုန်တိုင်းကြီးတစ်ခုအသွင် ပြောင်းလဲကာ တသီးတခြားနယ်မြေ၏အစွန်အဖျားသို့ ဦးတည်ပြီး တိုက်ခတ်သွားတော့သည်။
ထိုလေမုန်တိုင်းကြီးဖြတ်သွားသည့် မည်သည့်နေရာတွင်မဆို....
တသီးတခြားနယ်မြေအတွင်းရှိ မရေမတွက်နိုင်သော ကွယ်လွန်သူစိတ်ဝိညာဥ်များသည် မြေပြင်ပေါ်၌ဝပ်တွားနေကြကာ ခေါင်းမထောင်ဝံ့ကြချေ။
ဤအချိန်အခိုက်အတန့်တွင် တသီးတခြားနယ်မြေ၏အစွန်အဖျား၌....
မိန်းကလေးခုနစ်ယောက် ပလ္လင်ခွေထိုင်နေသည်။
သူမတို့အားလုံးသည် ဖြူဖွေးသောသွားများနှင့် နီမြန်းသောနှုတ်ခမ်းများရှိကာ အနီ အပြာ ခရမ်းနှင့်အစိမ်းစသဖြင့် မတူညီသောအရောင်အသွေးများရှိသည့် ဝတ်စုံများကို ဝတ်ဆင်ထားသည်။
သူမတို့ထံတွင် သဘာဝအလျောက် ညို့ဓာတ်ရှိသောခန္ဓာကိုယ်များအပြင် သူမတို့၏အဝတ်အစားများကို ရက်ရက်စက်စက်ဖော်ထားသဖြင့် သူမတို့၏နူးညံ့ချောမွေ့သောအသားအရေများ ပေါ်လွင်နေသည်။ အထူးသဖြင့် သူမတို့၏ရေမြွေကဲ့သို့ သေးသွယ်သောခါးများတွင် ချက်များကို လှစ်ဟပြထားသဖြင့် သူမတို့ထံတွင် ပြင်းထန်သော ညှို့ငင်နိုင်စွမ်းရှိနေသည်။
"အဲ့ဒီသက်ရှိတွေကို ဒီနယ်မြေထဲမှာပိတ်လှောင်ထားတာ နာရီနှစ်ဆယ်ကျော်နေပြီ...ဘာတွေဖြစ်ကုန်ပြီလဲဆိုတာ ငါ မသိဘူး"
အနီရောင်ဝတ်စုံဝတ် မိန်းကလေးတစ်ယောက်က ရေရွတ်လိုက်သည်။
"ငါလည်း သေချာမသိဘူး....ဖြစ်နိုင်တာတော့ သူတို့တွေက စိတ်ဝိညာဥ်တွေရဲ့လက်ထဲမှာ သေသွားလောက်ပြီ"
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော တခြားမိန်းကလေးတစ်ယောက်က ပြောဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ညီအစ်မခုနစ်ယောက်က ဒီနယ်မြေထဲကို အမြဲတမ်းဝင်လေ့ရှိတယ်ဆိုပေမယ့်...နက်ရှိင်းတဲ့နေရာကို သွားဖို့နေနေသာသာ အထဲမှာ တစ်နာရီကြာအောင်တောင် မနေနိုင်ခဲ့ဘူး"
"နင်တို့က ရန်သူတွေကို လျှော့တွက်နေကြတုန်းပဲလား....ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဆရာတောင် အလေးအနက်ထားရတဲ့ ရန်သူတွေပဲ"
သူမတို့၏နံဘေးတွင်ရှိနေသော အပြာရောင်ဝတ်စုံဝတ် မိန်းကလေးက ပြောဆိုလေ၏။
"ဒါကြောင့် နင်တို့ ပေါ့ပေါ့ဆဆမနေကြနဲ့....ဘာလှုပ်ရှားမှုတွေ ရှိတယ်ဆိုတာကို အချိန်မလပ် စောင့်ကြည့်နေရမယ်"
"ဟူး....."
အနီရောင်ဝတ်စုံဝတ်မိန်းကလေးသည် ခေါင်းညိတ်လိုက်သော်လည်း တစ်စုံတစ်ခုကိုအမှတ်ရသွားပုံဖြင့် ညင်သာစွာသက်ပြင်းတစ်ချက်ရှိက်လေသည်။
"သတ္တမညီမလေးက ဘာလိုသက်ပြင်းချနေတာလဲ"
အပြာရောင်ဝတ်စုံဝတ်မိန်းကလေးက မေးမြန်းသည်။
"ငါ တွေးကြည့်နေတာပါ...ငါတို့က လွတ်လပ်မှုကို တားမြစ်ကန့်သတ်ခံထားရပြီးတော့ ဒီနယ်မြေထဲကနေ ထွက်မသွားနိုင်တဲ့လူတွေနဲ့ အတူတူပဲမဟုတ်လား"
အနီရောင်ဝတ်စုံဝတ်မိန်းကလေးက မျက်မှောင်ကြုတ်၍ ပြောဆိုသည်။
"မတူတာတစ်ခုကတော့ သူတို့က တသီးတခြားနယ်မြေထဲမှာ ရှိနေပြီးတော့ ငါတို့က နယ်မြေပြင်ပမှာ ရှိနေတာပဲ"
ထိုစကားကိုကြားချိန်တွင်....
တခြားမိန်းကလေးများအားလုံး၏ လှပသောမျက်လုံးလေးများ မှေးမှိန်သွားသည်။
သူမတို့ ခံစားနေရသည့်ဒုက္ခများကို မည်သူက သိနိုင်မည်နည်း.....
ထိုအချိန်မှာပင် အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပွားလာသည်။တသီးတခြားနယ်မြေမှနေ၍ ပြင်းထန်သောစွမ်းအားမုန်တိုင်းတစ်ခု ထွက်ပေါ်လာကာ သူမတို့ရှိနေသောနေရာသိုဦးတည်၍ တိုက်ခတ်လာသည်။
"အဲ့ဒါက ဘာလဲ"
မိန်းကလေးခုနစ်ယောက်သည် ချက်ချင်းမတ်တတ်ထရပ်ကာ သူမတို့၏လှပသောမျက်နှာလေးများပေါ်တွင် ထိတ်လန့်ကြောက်ရွံသော အရိပ်အယောင်များ လွှမ်းခြုံသွားသည်။
"ဖြစ်နိုင်တာတော့...ဖြစ်နိုင်တာတော့ ဒါက ဒီတသီးတခြားနယ်မြေထဲမှာနေတဲ့ အစွမ်းထက်ဆုံးနဲ့လျှို့ဝှက်ဆန်းကြယ်ဆုံး စိတ်ဝိညာဥ်ဖြစ်တဲ့ စိတ်ဝိညာဥ်ဘုရင်လား...."
အနီရောင်ဝတ်စုံဝတ်မိန်းကလေးက စူးစိုက်ကြည့်ပြီး ပြောဆိုသည်။
"သူ့ရဲ့ပစ်မှတ်က ငါတို့ဖြစ်နေတဲ့ပုံပဲ"
"သူက ဒီနယ်မြေထဲကနေ ဖောက်ထွက်တော့မှာလား....."
သို့ရာတွင် ထိုအသံများ ကျရောက်သွားသောအချိန်မှာပင်.....
လေပြင်းမုန်တိုင်းသည် နယ်မြေအတားအဆီးကိုတိုက်ရိုက်ချိုးဖျက်၍ သူမတို့အား ဖြတ်သန်းတိုက်ခတ်သွားသည်။သူမတို့သည် အနည်းငယ်မျှ ခုခံကာကွယ်နိုင်စွမ်းမရှိဘဲ လေထုအတွင်းသို့မြောက်တက်သွားကာ တသီးတခြားနယ်မြေ၏နက်ရှိုင်းသောနေရာအတွင်းသို့ ဆွဲခေါ်သွားခြင်း ခံလိုက်ရတော့သည်။
အချိန်မည်မျှကြာမြင့်ခဲ့သည်ကို မည်သူမျှ မသိနိုင်ချေ။
ညီအစ်မခုနစ်ယောက် နိုးလာသောအချိန်တွင် သူမတို့၏ရှေ့၌ ပြင်းထန်သောစွမ်းအားလှိုင်းများ လှုပ်ခတ်နေသည်ကို မြင်တွေ့မိလေ၏။
"ဒါက တသီးတခြားနယ်မြေရဲ့အတွင်းပိုင်းမဟုတ်လား"
"ငါတို့က တသီးတခြားနယ်မြေရဲ့အတွင်းကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
"တသီးတခြားနယ်မြေထဲမှာနေတဲ့ စိတ်ဝိညာဉ်ဘုရင်က ငါတို့ကို တစ်ခုခုလုပ်ခဲ့တယ်ဆိုတာ ငါ မှတ်မိနေတုန်းပဲ"
ညီအစ်မခုနှစ်ယောက်သည် နိုးထလာပြီးနောက် ထိတ်လန့်တကြားဖြင့် တစ်ယောက်တစ်ပေါက် ပြောဆိုလိုက်ကြသည်။
ထိုအချိန်မှာပင်...
အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။
"အိုး....မိန်းမလှလေးခုနစ်ယောက် နိုးလာပြီလား....စိတ်ဝိညာဥ်ငယ်လေး....ပတ်ဝန်းကျင်အခြေအနေ ကောင်းမွန်လာအောင် မြန်မြန်ဖန်တီးစမ်း"
"ဟုတ်ကဲ့"
စိတ်ဝိညာဥ်ဘုရင်က တုံ့ပြန်ပြီးနောက် အမိန့်ပေးလိုက်သည်။
"ပတ်ဝန်းကျင်အခြေအနေ ဖန်တီးမယ့်အဖွဲ့ လာခဲ့စမ်း"
ထိုအသံကျရောက်သွားသည်နှင့် ပတ်ဝန်းကျင်တွင် စိတ်ဝိညာဥ်အမြောက်အများ စုဝေးလာသည်။
ထိုနောက် ညီအစ်မခုနစ်ယောက်၏ ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးအကြည့်များအောက်တွင် ထိုစိတ်ဝိညာဥ်များ၏ခန္ဓာကိုယ်များပေါ်တွင် တစ္ဆေမီးတောက်များ ထွက်ပေါ်လာသည်။
"တေးဂီတအဖွဲ လာခဲ့စမ်း"
စိတ်ဝိညာဥ်ဘုရင်က ထပ်မံ၍ အော်ဟစ်လိုက်သည်။
စိတ်ဝိညာဥ်အမြောက်အများ ထပ်မံ၍ရောက်ရှိလာကာ သူတို့၏ပါးစပ်များမှနေ၍ အသံအမျိုးမျိုး ထွက်ပေါ်လာသည်။ထိုအသံများကို ပေါင်းစပ်လိုက်ချိန်တွင် လူအများ မကဘဲမနေနိုင်ဖြစ်စေမည့် စည်းချက်ကျသောတေးဂီတသံတစ်သံ မျောလွင့်လာသည်။
နောက်ဆုံး၌....
မိုးကောင်းကင်ယံအတွင်း၌ မိုးခြိမ်းသံကဲ့သို ကျယ်လောင်သောအသံတစ်သံ မြည်ဟီးလာသည်။
ထိုနောက် လုပမ်ဝေသည် မိုးကောင်းကင်ယံအတွင်းမှဆင်းသက်လာကာ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
"မိန်းမလှလေးခုနစ်ယောက်ကို တွေ့ရတာဝမ်းသာပါတယ်...ငါက လုပမ်ဝေပါ"
Chapter 550
တောက်ပနေသောအလင်းတန်းများသည် မိန်းကလေးခုနစ်ယောက်ကို မျက်လုံးအပြူးသား ဖြစ်သွားစေသည်။
သူမတို့သည် ထိုအသံကိုကြားချိန်တွင် စကားပြောဆိုသူကို ကြည့်လိုက်ကြပြီးနောက် သူမတို့ခုနစ်ယောက်လုံး ကြက်သေသေသွားသည်။
"ဒီနေ့ည ကြယ်စင်တွေ တောက်ပနေတယ်..ငါ မင်းကို ချစ်တယ်...မဟုတ်ဘူး...ငါ့ရဲ့နှလုံးသားက မင်းအတွက်အချစ်တွေနဲ့ ပြည့်နေတယ်"
လုပမ်ဝေသည် သူ့၏လက်ချောင်းများကိုကွေးကာ သူ့၏ရင်ဘတ်ပေါ်ရှိ အနက်ရောင်ဝတ်ရုံကို ညင်သာစွာမတင်လိုက်သည်။
သူ့၏ရင်ဘတ်ပေါ်တွင် အနက်ရောင်နှလုံးသားတစ်ခုရှိနေကာ 'ဒုတ် ဒုတ်....'ဟူသောအသံနှင့်အတူ အဆက်မပြတ်ခုန်နေသည်။
"မိန်းမလှလေးတွေကို မေးပါရစေ...မင်းတို့က ဒီဆန်ကုန်မြေလေးနဲ့အတူ တွဲကချင်ကြလား..."
မိန်းကလေးခုနစ်ယောက်သည် မျက်လုံးအပြူးသားဖြင့် လုပမ်ဝေကိုကြည့်ကာ ထိတ်လန့်တုန်လှုပ်နေကြသည်။
ဤ...ဤ...ဤအနက်ရောင်ဝတ်ရုံဝတ်လူပုလေးသည် သူမတို့ဆရာသခင်ကြောင့် သတ်ဖြတ်ခြင်းဝင်္ကပါအတွင်းသို့ ထည့်သွင်းခြင်းခံထားရသည်မဟုတ်လော။သူသည် ဤဝင်္ကပါအတွင်း၌ နာရီနှစ်ဆယ်ကျော် နေထိုင်ပြီးသည့်တိုင် ဘေးကင်းလုံခြုံနေဆဲဖြစ်သလော။
မဟုတ်သေး....သူသည် ဘေးကင်းလုံခြုံနေရုံသာမက ဤသတ်ဖြတ်ခြင်းဝင်္ကပါအတွင်းတွင် သေရေးရှင်ရေးကို ထိန်းချုပ်နိုင်သည့် အစွမ်းထက်ဆုံး စိတ်ဝိညာဥ်ဘုရင်ကိုပင် ဖိနှိပ်ထားနိုင်ခဲ့သည်။
စိတ်ဝိညာဉ်ဘုရင်သည် သူ့၏နံဘေးရှိ အနက်ရောင်ဝတ်ရုံဝတ်လူအား ကပ်ဖားရပ်ဖားလုပ်နေသည်ကို လူတိုင်းတွေ့မြင်နေရသည်။
ဤအနက်ရောင်ဝတ်ရုံဝတ် လူပုလေးသည် မည်မျှထိ အစွမ်းထက်နေသနည်း....
သူသည် သူမတို့ မတွေးဝံ့လောက်သည်အထိ အစွမ်းထက်သူတစ်ယောက် ဖြစ်သလော....
မိန်းကလေးခုနစ်ယောက်ထံမှ တုံ့ပြန်မှုမရှိသည်ကိုကြည့်ပြီး လုပမ်ဝေက စိတ်ပျက်လက်ပျက်အမူအယာဖြင့် သူ့၏ခေါင်းကို ခါယမ်းလိုက်သည်။
"တကယ်လို့ မင်းတို့က ငါနဲ့အတူတွဲမကဘူးဆိုရင်တောင်...မင်းတို့က အရမ်းစွဲမက်စရာကောင်းတာကြောင့် ငါရဲ့နှလုံးသားလေး မူးယစ်ရီဝေနေပြီ"
ထိုနောက် သူ့၏ခေါင်းကို နောက်သို့လှန်ကာဟိတ်ဟန်ထုတ်ပြီး ထပ်မံ၍ပြောဆိုလိုက်၏။
"အရူးတွေကသာ အလှတရားရဲ့မူးယစ်ရီဝေမှုကို မသိကြတာ မဟုတ်လား"
"ငါတို့ ဘာလုပ်သင့်လဲ"
အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးက ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးမြန်းသည်။
ဤကဲ့သို့ အစွမ်းထက်သောလူတစ်ယောက်နှင့်တွေ့ဆုံရချိန်တွင် သူမတို့၏ကံဆိုးကံကောင်းကို ကြိုမသိနိုင်သဖြင့် သူမတို့အားလုံး ထိတ်လန့်ကြောက်ရွံ့နေသည်။
"ဒီသတ်ဖြတ်ခြင်းဝင်္ကပါကြီးက ဘယ်လောက်ထိ အန္တရာယ်များတယ်ဆိုတာ တခြားလူတွေ မသိပေမဲ့ ငါတို့ ကောင်းကောင်းသိထားတယ်မဟုတ်လား"
အနီရောင်ဝတ်စုံဝတ်မိန်းကလေးက တခြားမိန်းကလေးများကိုကြည့်ပြီး ပြောဆိုသည်။
"ငါတို့ရဲ့ကျင့်ကြံဆင့်တွေက နိမ့်ပါးခြင်းမရှိပေမယ့် သာမာန်နေ့ရက်တွေမှာဆိုရင် ဒီနေရာမှာတစ်နာရီပြည့်အောင် မနေနိုင်ခဲ့ဘူး...ငါတို့ကသတ်ဖြတ်ခြင်းဝင်္ကပါရဲ့အစွန်အဖျားကျတဲ့နေရာကိုပဲ ဝင်ရောက်ခဲ့ဖူးတယ်...အဲဒီလူရဲ့စွမ်းအားက အရမ်းနက်နဲသိမ်မွေ့တယ်...ငါတို့က သူ့ကို ဆန့်ကျင်ပြီးတိုက်ခိုက်မယ်ဆိုရင် ကြက်ဥတွေနဲ့ ကျောက်တောင်ကိုပေါက်သလို ဖြစ်နေမှာပဲ"
"သတ္တမညီမလေး မင်း ဘာကိုဆိုလိုတာလဲ"
"သူ့ဆီ သွားမယ်"
"အမ်...ဒါက...."
အပြာရောင်ဝတ်စုံဝတ်မိန်းကလေး၏မျက်နှာ ဖြူရော်သွားသည်။
"တကယ်လို့ ဆရာသာ ဒီကိစ္စကိုသိသွားရင်...ငါတို့ခုနစ်ယောက်လုံး သေရမှာ သေချာပေါက်ပဲ"
"အဲ့ဒီလူက သတ်ဖြတ်ခြင်းဝင်္ကပါထဲမှာ ဘာထိခိုက်နာကျင်မှုမှ မရရုံတင်မကဘူး...စိတ်ဝိညာဉ်ဘုရင်ကိုတောင် ဖိနှိပ်ထားနိုင်တယ်...အဲ့ဒီလိုမျိုး လူတစ်ယောက်က ဆရာထက်ပိုပြီး အစွမ်းထက်မှာ မဟုတ်လား"
အနီရောင်ဝတ်စုံမိန်းကလေးက ပြောဆိုကာ သူမ၏နံဘေးတွင်ရှိနေသော မိန်းကလေးခြောက်ယောက်ကမူ တွေဝေတုံ့ဆိုင်းနေသည်။သို့ရာတွင် သူမသည် သူမ၏ခါးကိုလှုပ်ယမ်း၍ ရှေ့သို့လျှောက်လှမ်းသွားလေပြီ။
"ဒီအစ်ကိုကြီးကိုကြည့်ရတာ အရမ်းချောမောခန့်ညားတာပဲ...သူ့လိုလူမျိုးကို ငါ အရင်က တစ်ခါမှမမြင်ဖူးဘူး"
သူမသည် ခါးလှုပ်ယမ်းကာ လုပမ်ဝေထံသို့ လျှောက်လှမ်းသွားသည်။သူမ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် အနီရောင်ဝတ်စုံအောက်နားစ လှုပ်ယမ်းသွားခြင်းနှင့်အတူ ဖွံ့ထွားသောခန္ဓာကိုယ်အလှ ထွက်ပေါ်လာသည်။သူမ၏ကြီးမားပြီး လုံးဝန်းသော တင်ပါးများသည် အလွန်လှပသောကောက်ကြောင်းတစ်ခုနှင့် လှုပ်ခါနေပေ၏။
တခြားမိန်းကလေးခြောက်ယောက်လုံး ကြက်သေသေသွားသည်။သတ္တမညီမလေး၏ သစ္စာဖေါက်မှုသည် အလွန်လျှင်မြန်နေသည် မဟုတ်လော။
လုပမ်ဝေသည်လည်း ကြက်သေသေနေလေ၏။ သူသည် အနီရောင်ဝတ်စုံဝတ်မိန်းကလေးကိုကြည့်ကာ သူ့ထံ၌မရှိသော တံတွေးများကိုမြိုချနေမိသည်။
"အစ်ကိုကြီးက အရမ်း ဆွဲဆောင်မှုရှိတာပဲ"
အနီရောင်ဝတ်စုံဝတ်မိန်းကလေးကပြောဆိုကာ လုပမ်ဝေ၏ရင်ဘတ်ကို ပုတ်လိုက်သည်။
'ငါ့လက် နာလိုက်တာ'
'သောက်ရေးမပါတဲ့ အရိုးတွေ'
"အစ်ကိုကြီးရဲ့ရင်ဘတ်က အရမ်းသန်မာတာပဲ ...ငါရဲ့လက်နုနုလေးတွေနဲ့ ငါ ဒါကိုတောင့်မခံနိုင်ဘူး...အစ်ကိုကြီး ငါ့ရဲ့ဒဏ်ရာကို မြန်မြန်လေးမှုတ်ပေးပါအုံး"
အနီရောင်ဝတ်စုံဝတ်မိန်းကလေး၏ခန္ဓာကိုယ်သည် ပျော့ခွေသွားပြီး လုပမ်ဝေ၏လက်မောင်းအကြားသို့ ကျရောက်သွားသည်။ထို့နောက်သူမ၏ဖြူဖွေးပြီးနူးညံ့သေးသွယ်သောလက်ချောင်းကို လုပမ်ဝေ၏ရှေ့သို့ မြှောက်ပြလိုက်သည်။
"ဒါက အရမ်းမိုက်တယ်...အခုက မှုတ်ပေးရမယ့်အချိန်ပဲ"
လုပမ်ဝေသည် ပျော်ရွှင်စွာဖြင့်ရယ်မောကာ အနီရောင်ဝတ်စုံဝတ်မိန်းကလေး၏လက်ချောင်းကို မှုတ်ပေးလိုက်၏။
သူမ၏လက်ချောင်းထိပ်မှနေ၍ ပြင်းထန်သော စွမ်းအားတစ်လှိုင်း တိုးဝင်လာကာ သူမ၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားကာ သူမ၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားသည်။
"ငါ...ငါ...ငါ.....ငါ အဆင့်ချိုးဖျက်တော့မှာပါလား"
နောက်ထပ်အချိန်အခိုက်အတန့်တွင် သူမ၏ကျင့်ကြံဆင့် ချိုးဖျက်နိုင်တော့မည်ဖြစ်ကြောင်း သူမ နားလည်သဘောပေါက်သွားသည်။
ထို့နောက် သူမ၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်သောအရှိန်အဝါတစ်ရပ် ပျံ့နှံ့သွားသည်။
"ကောင်း...ကောင်းကင်အင်မော်တယ်...."
သူမ၏နောက်တွင်ရှိနေသော တခြားမိန်းကလေးခြောက်ယောက်သည် ထိတ်လန့်တကြားအော်ဟစ်လိုက်ကြ၏။
တစ်ခုသိထားရမည်မှာ သူမတို့သည် လူသားအင်မော်တယ်များဖြစ်သော်လည်း သတ္တမညီမလေးသည် ကျင့်ကြံဆင့်ချိုးဖျက်ထားသည်မှာ မကြာသေးချေ။
လူသားအင်မော်တယ်နယ်ပယ်မှနေ၍ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ရန်မှာ မဖြစ်နိုင်ချေ။ထိုကျင့်ကြံဆင့်နယ်ပယ်မှ ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ တိုက်ရိုက်ချိုးဖျက်ခြင်းကိုမူ သူမတို့အားလုံး တွေးတောခဲ့ဖူးခြင်းပင်မရှိသော ကိစ္စတစ်ရပ်ပင်။
ယခုချိန်၌....ဤကိစ္စသည် အသက်တစ်ရှိုက်စာခန့်သာ ကြာမြင့်ခဲ့သည်။
"အစ်မကြီး...ငါတို့ ဘာဆက်လုပ်သင့်လဲ"
အပြာရောင်ဝတ်စုံဝတ်မိန်းကလေးက အလျင်စလိုမေးမြန်းသည်။
"သတ္တမညီမလေးရဲ့လုပ်ရပ်က အမှန်ပဲ...ဒါ့ပြင် ဆရာက ငါတို့ကို တပည့်တွေလိုမျိုး ဘယ်တော့မှမဆက်ဆံခဲ့ဘူး...ငါတို့ကို တစ်နှစ်ပတ်လုံး ဒီသတ်ဖြတ်ခြင်းဝင်္ကပါကို စောင့်ကြပ်ခိုင်းထားတယ်...ဒါက ငါတို့အတွက် ထိခိုက်နာကျင်မှုမရှိစေဘဲနဲ့ အကျိုးကျေးဇူးရလာစေနိုင်တဲ့ ကိစ္စပဲ"
ခရမ်းရောင်ဝတ်စုံဝတ်မိန်းကလေးက ပြောဆိုသည်။
"နင်တို့ သေချာစောင့်ကြည့်ကြစမ်း...တကယ်လို့ ငါတို့က သူ့ရဲ့မျက်လုံးထဲကိုဝင်အောင် မလုပ်နိုင်ဘူးဆိုရင်...သတ္တမညီမလေးတစ်ယောက်တည်းကပဲ အကျိုးကျေးဇူးတွေ ရသွားလိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် သူမသည် သူမ၏ခေါင်းမှဆံထိုးကိုဆွဲဖြုတ်လိုက်ရာ သူမ၏နက်မှောင်သောဆံပင်ရှည်များသည် ရေတံခွန်ကဲ့သို့ ဖြာကျလာပေ၏။ထို့နောက် သူမ၏ဆံပင်များကို အရောင်အသွေးစုံလင်သော တစ္ဆေမီးတောက်များအကြား၌ ခါယမ်းလိုက်သည်။
ထို့နောက် သူမ၏ဆံပင်များကို ဘေးတစ်ဖက်သို့ခါထုတ်ကာ လုပမ်ဝေထံသို့လျှောက်လှမ်းသွားပြီး ဆွဲဆောင်မှုရှိသောအသံဖြင့် ပြောဆိုသည်။
"ခုဏက ငါ့ရဲ့မျက်လုံးထဲကို အမှုန်တွေ မတော်တဆဝင်သွားတယ်...အစ်ကိုကြီးက ငါ့ကို ကူညီပြီးတော့ ဒါကိုမှုတ်ထုတ်ပေးနိုင်မလား...."
အချိန်တစ်ခုကြာသည်အထိ ယခင်က တိတ်ဆိတ်ငြိမ်သက်ပြီး မှောင်မည်းနေသော ဤသတ်ဖြတ်ခြင်းဝင်္ကပါကြီးသည် ယခုချိန်၌ တစ္ဆေမီးတောက်များဖြင့် တောက်ပနေကာ တေးဂီတသံများဖြင့် ပျော်ရွှင်မြူးထူးဖွယ်ဖြစ်နေသည်။
အနက်ရောင်ဝတ်ရုံဝတ်လူတစ်ယောက်၏ နံဘေးပတ်လည်၌ လူတစ်စု ဝိုင်းရံ၍ကခုန်နေကြသည်။
အနက်ရောင်ဝတ်ရုံဝတ်လူသည် သူ့၏လက်နှစ်ဖက်ကို ဘယ်ညာ အပေါ်အောက်ထိလှုပ်ယမ်းကာ ကခုန်နေသည်။
လုပမ်ဝေ၏ပါးစပ်မှထွက်လာသော ရယ်မောသံသည် သတ်ဖြတ်ခြင်းဝင်္ကပါတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်နေပေ၏။
သုံးရက် သုံးညကြာမြင့်ပြီးနောက် လုပမ်ဝေသည် လှုပ်ယမ်း၍ကခုန်နေဆဲဖြစ်သော်လည်း မိန်းကလေးခုနစ်ယောက်သည် တောင့်မခံနိုင်တော့ချေ။
ဖျော်ဖြေရေးအဖွဲ့ဝင်များဖြစ်သည့် စိတ်ဝိညာဥ်များသည်လည်း ပင်ပန်းနွမ်းနယ်ကာ မူးမေ့လဲကျလုမတတ် ဖြစ်နေလေပြီ။
စိတ်ဝိညာဥ်ဘုရင်သည် ထပ်မံ၍ တောင့်မခံနိုင်တော့ချေ။
"ဒီအရှင်ရဲ့စွမ်းအားက တော်တော်လေးကောင်းတာပဲ"
"အရှင်...အနားယူကြရအောင်...."
သူသည် မောပန်းသည်မှာ သေလုမတတ်ဖြစ်နေသဖြင့် ကူကယ်ရာမဲ့စွာ ပြောဆိုလိုက်၏။
လုပမ်ဝေက စိတ်မကျေမနပ်ဖြင့် စိတ်ဝိညာဥ်ဘုရင်ကို ကြည့်လိုက်သည်။
"စိတ်ဝိညာဥ်လေး...မင်းရဲ့ခန္ဓာကိုယ်အခြေအနေက အရမ်းဆိုးတာပဲ"
"ဒါက ဒီလိုပါ....အရှင်နဲ့ ဘယ်သူက ယှဥ်ပြိုင်နိုင်မှာလဲ.....အရှင်က ကိုးရက်ဆက်တိုက်ကခုန်ရင်တောင် တက်ကြွလန်းဆန်းနေမှာပဲ...လောကကြီးထဲမှာရှိတဲ့ ဘယ်သူကမှ အရှင့်ကို ယှဥ်ပြိုင်နိုင်မှာမဟုတ်ဘူး"
စိတ်ဝိညာဥ်ဘုရင်က ပြောဆိုသည်။
"တကယ်တော့ ငါက အရှင့်အတွက် တွေးပြီးပြောတာပါ...အရှင်က အရမ်းထူးချွန်တော့ မိန်းကလေးတွေက ခံနိုင်ရည်ရှိမှာမဟုတ်ဘူး...သူတို့ကို နားခိုင်းလိုက်ပါအုံး...တကယ်လို့ အရှင်က သူတို့သေတဲ့အထိ ကစားနေမယ်ဆိုရင်....လှပတဲ့ပန်းပွင့်လေးခုနစ်ပွင့်ကို လွမ်းဆွတ်နေရမယ် မဟုတ်လား"
"မင်းပြောတာ အဓိပ္ပါယ်ရှိတယ်"
လုပမ်ဝေသည် သဘောတူညီကာ ရပ်နားလိုက်သည်ကိုကြည့်ပြီး သူ့၏နံဘေးတွင်ရှိနေသူတိုင်း စိတ်သက်သာရာရသွားသည်။
ညီအစ်မခုနစ်ယောက်သည် မြေပြင်ပေါ်သို့ တိုက်ရိုက်လဲကျသွားကာ အသက်အမောတကော ရှုရှိုက်နေရတော့သည်။
သောက်ရေးမပါလှစွာ အလွန်အကြူး ကခုန်ခဲ့ရသည်မဟုတ်လော....
သူတို့အားလုံး အနားယူနေသည်မှာ အချိန်တခဏကြာသွားသောအချိန်တွင် ကင်းခြေများက ကျောက်တုံးတစ်တုံးပေါ်သို့ တက်လိုက်သည်။ထို့နောက် သူ့၏ခန္ဓာကိုယ်ကွေးကောက်သွားကာ မြေပြင်တစ်နေရာသို့ခုန်ဆင်းပြီး တိုးဝင်လိုက်ရာ ထိုနေရာရှိ မြေသားများခုံးထသွားသည်။
အချိန်တခဏကြာပြီးနောက် သူသည် အထက်သို့ပြန်တက်လာကာ တောက်ပနေသောမျက်လုံးတစ်စုံဖြင့် လုပမ်ဝေကိုကြည့်ပြီး ကခုန်လိုက်၏။
"အစ်ကိုကြီး....အစ်ကိုကြီး...ဘယ်လောက်တောင် ကောင်းတဲ့ကိစ္စလဲ"
"ဘာကိစ္စရှိလို့လဲ"
"ငါ ခုဏက မြေကြီးထဲမှာ ငွေတွေရှိနေတာကိုအနံ့ခံမိတယ်"
ကင်းခြေများက ပြောဆိုသည်။
"အော်...."
လုပမ်ဝေသည် ကျောက်တုံးပေါ်မှခုန်ချကာ စိတ်လှုပ်ရှားစွာပြောဆိုလိုက်၏။
"ငွေလား...အဲ့ဒါက ဘယ်နေရာမှာလဲ"
"ဒါက ဒီနေရာကနေဆိုရင် တစ်သီးတခြားနယ်မြေရဲ့တောင်ဘက်အစွန်ဆုံးပိုင်းမှာ ရှိနေတယ်"
ကင်းခြေများက နံဘေးတစ်ဖက်သို့ လက်ညှိုးညွှန်ပြကာ ပြောဆိုသည်။
"ငါတို့ သွားရှာကြမလား"
"သွားကြစို့...."
လုပမ်ဝေက သူ့၏လက်ချောင်းကိုမြှောက်ကာ မိုးကောင်းကင်ယံတစ်နေရာသို့ ညွှန်ပြလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် တသီးတခြားနယ်မြေအတွင်းရှိ မည်းမှောင်နေသောမြူခိုးထုကြီး ပျက်ပြယ်သွားကာ ထူထပ်သိပ်သည်းသောသတ်ဖြတ်လိုခြင်းအရှိန်အဝါများသည်လည်း ပျောက်ကွယ်သွားလေ၏။
ပတ်ဝန်းကျင်တွင်ရှိနေသူများအားလုံး ကြက်သေသေသွားသည်။
ဤသည်မှာ....ဤသည်မှာ နှစ်ပေါင်းများစွာကြာသည်အထိ မည်သူမျှ ချိုးဖျက်နိုင်ခြင်းမရှိသော သတ်ဖြတ်ခြင်းဝင်္ကပါကြီးတစ်ခု မဟုတ်လော...
လက်ချောင်းတစ်ချောင်းမျှဖြင့်...ဤသည်မှာ အနည်းငယ်လွန်ကဲနေသည် မဟုတ်လော....
ဤကဲ့သို့ ဝင်္ကပါကြီးအားချိုးဖျက်ခြင်းသည် သူ ပြင်ပလောကမှ ညီအစ်မခုနစ်ယောက်ကို ဖမ်းဆီးခဲ့သည်နှင့်မတူညီဘဲ အစစ်အမှန်ချိုးဖျက်ခြင်းပင်။
စိတ်ဝိညာဉ်ဘုရင်သည် ဤနေရာ၌ ခေတ်ကာလပေါင်းများစွာကြာမြင့်အောင် လှောင်ပိတ်ခံထားရသဖြင့် မည်မျှထိကြာမြင့်ခဲ့သည်ကို သူ မေ့လျော့နေလေပြီ။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ယခုကြည့်ကြည့်တော့မှ ဤနေရာ၏အတားအဆီးသည် ကျိုးပျက်သွားပြီဖြစ်သောကြောင့် မြူခိုးများပျက်ပြယ်ကာ ကြည်လင်သွားသောအချိန်၌ အလင်းရောင်များဝင်ရောက်လာသည်။
ဤနေရာတွင် နေ့နှင့်ည မည်ကဲ့သို့လည်ပတ်သည်ကို သူ မေ့လျော့လုနီးပါး ဖြစ်နေလေပြီ။မှောင်မည်းနေသော သတ်ဖြတ်ခြင်းဝင်္ကပါအတွင်း၌ရှိနေသော စိတ်ဝိညာဥ်များသည်အလင်းရောင်ကို မည်သည်ကြောင့် ခံစားနိုင်မည်နည်း။
စိတ်ဝိညာဉ်ဘုရင်သည် စူးရှကျယ်လောင်စွာ ငိုကြွေးမြည်တမ်းလိုက်ခြင်းနှင့်အတူ လုပမ်ဝေကိုစောင်းငဲ့၍ ကြည့်လိုက်သည်။
သူ့၏စိတ်အတွင်း၌ လျှပ်စီးမိုးကြိုးတစ်စင်း ရိုက်ခတ်သွားသကဲ့သို့ ခံစားမိလေ၏။
"အရှင်...အရှင်...ငါ မသေချင်သေးဘူး"
စိတ်ဝိညာဉ်ဘုရင်သည် စူးရှကျယ်လောင်စွာအော်ဟစ်ကာ ငိုကြွေးမြည်တမ်းရင်း လုပမ်ဝေ၏လက်မောင်းကို သူ့၏လက်များဖြင့်ဆုပ်ကိုင်လိုက်၏။
"ငါက ချောမောခန့်ညားပြီးဆွဲဆောင်မှုရှိတဲ့အရှင်အတွက် နွားတကောင်မြင်းတကောင်လို လုပ်ကျွေးပြုစုချင်သေးတယ်...လောကကြီးထဲမှာ ပြိုင်ဘက်ကင်းဖြစ်တဲ့အရှင်က စောစောကတည်းက ရောက်မလာခဲ့တာ ငါ့ရဲ့ဘဝအတွက် အကြီးမားဆုံးနောင်တပဲ...အရှင် ရပ်လိုက်ပါတော့"
လုပမ်ဝေသည် သူ့အား တစ်ချက်ပင်စောင်းငဲ့ကြည့်ခြင်းမပြုချေ။သူ့၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများက စိတ်ဝိညာဥ်ဘုရင်၏ခန္ဓာကိုယ်ကို ရစ်သိုင်းလွှမ်းခြုံသွားသည်။
"သွားစမ်း...မင်း သွားပြီးတော့ ရွှေပြားတွေသွားရှာစမ်း"