အခန်း (၅၆၆-၅၇၀)
Vol. 38 Ch. 566-570
Chapter 566
အချိန်တစ်ခဏကြာပြီးနောက် ရီဖုန်းသည် သူ့၏ကံကြမ္မာရမှတ်များအားလုံးကို အသုံးပြုလိုက်လုနီးပါးပင်။
သူက သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် စူးစိုက်၍ကြည့်လိုက်သည်။
နောက်ထပ်အချိန်အခိုက်အတန့်၌ သူ အလွန်ရင်းနှီးကျွမ်းဝင်သော အိမ်တစ်လုံးက မြေပြင်ပေါ်၌ ထွက်ပေါ်လာသည်။
ရီဖုန်းသည် သူ့၏မျက်လုံးများကို ပွတ်သပ်လိုက်၏။
သူ အမြင်မှားခြင်းမဟုတ်ကြောင်း ရှာဖွေတွေ့ရှိမိသည်။
"သောက်ချေးပဲ..."
သူက မြေပြင်ပေါ်သို့ ခြေဆောင့်နင်းကာ အော်ဟစ်ကြုံဝါးလိုက်သည်။
"ငတုံး...ငါက တကယ်ကို ငတုံးတစ်ကောင်ပဲ..ဒီခွေးစနစ်က ငါ့ကို ထပ်ပြီးလှည့်စားသွားပြန်ပြီ"
"ဒါက ငါ့အတွက် ပေးတဲ့အိမ်လား"
"ငါ့ရဲ့အိမ်ကို ငါ့ဆီပြန်ပေးဖို့ တကယ်ကြီး လိုအပ်လို့လား"
"ခွေးစနစ်...ငါ မင်းကို သတ်ပစ်ချင်တယ်"
အချိန်တခဏကြာသည်အထိ ရီဖုန်း၏ဒေါသများ ပျက်ပြယ်သွားခြင်းမရှိချေ။
နောက်ဆုံး၌ သူ့၏ဒေါသများ အနည်းငယ်လျော့ကျသွားပြီးနောက် ရီဖုန်းက သူ နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့သော သိုင်းပညာခန်းမကို ကြည့်လိုက်သည်။သူသည် အံ့တင်းတင်းကြိတ်လိုက်ကာ ထပ်မံ၍ဒေါသထွက်လာလုနီးပါးပင်။
ဤအိမ်သည် သူ့၏ကံကြမ္မာရမှတ်အမြောက်အများကို အသုံးပြု၍ လဲလှယ်ခဲ့ရသောအိမ် ဖြစ်နေသလော....
သူ့၏ကိုယ်ပိုင်အိမ်အတွက် လဲလှယ်နိုင်ရန်ခသူ၏ကံကြမ္မာရမှတ်များကို အသုံးပြုခဲ့ရသည်။
စနစ်သည် သူ့အား လှည့်စားမည်ဟု သူ စဉ်းစားတွေးတောထားသော်လည်း ဤမျှထိ တရားလွန်မည်ဟု သူ မျှော်လင့်မထားမိချေ။
စနစ်သည် သူ့အား လှည့်စားရုံသာမက သူ့၏အမျက်ဒေါသများကို ပွင့်အံ့ထွက်လုနီးပါး အလွန်အမင်းတရားလွန်မည်ဟု သူ တွေးထင်မထားခဲ့ချေ။
"သောက်ချေးပဲ..."
သူသည် ကံကြမ္မာရမှတ် အမြောက်အများကိုအသုံးပြုပြီး လဲလှယ်ခဲ့သည်မှာ ယခုကြည့်ကြည့်တော့မှ သူ၏ကိုယ်ပိုင်သိုင်းပညာခန်းမဖြစ်နေသည်။ထို့ပြင် သိုင်းပညာခန်းမအတွင်း၌ မည်သည့်အရာမျှ ရှိမနေချေ။
သူသည် များသောအားဖြင့် ချက်ပြုတ်ခြင်း ပန်းချီဆွဲခြင်း စာရေးခြင်းနှင့် ပန်းပုထုခြင်းတို့ကို ဤသိုင်းပညာခန်းမအတွင်း၌ ပြုလုပ်လေ့ရှိသည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ အိမ်အတွင်း၌ရှိသည့် အရာများအားလုံး ပျောက်ကွယ်သွားလေပြီ။
စနစ်ကို ထပ်မံ၍ကျိန်ဆဲပြီးနောက် ရီဖုန်းသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိသွားသဖြင့် ကံကြမ္မာစတိုးဆိုင်ကို ထပ်မံ၍ဖွင့်လိုက်၏။
သူသည် ဂရုတစိုက် စူးစမ်းလေ့လာပြီးနောက် သူ မျှော်လင့်ထားသကဲ့သို့ပင် ကံကြမ္မာစတိုးဆိုင်ကို သုံးဆိုင်ခွဲခြားထားသည်အား သူ မြင်တွေ့လိုက်ရသည်။
ပထမစတိုးဆိုင်သည် သူ နေထိုင်သည့်နေရာကို သူကိုယ်တိုင် ပြန်လည်ရွေးယူရသော လုပ်ဆောင်ချက်ပင်။
ဒုတိယစတိုးဆိုင်တွင် သူ သေမျိုးလောကအတွင်း၌ ပြုလုပ်ခဲ့သော အရာအားလုံးရှိနေသည်။
ပန်းချီကားများ လက်ရေးလှစာရွက်များ လက်နက်များ အစရှိသဖြင့်....
ထိုအရာများကို ကံကြမ္မာရမှတ်များဖြင့် လဲလှယ်ပါက အနိမ့်ဆုံးဆယ်မှတ်အတွင်းမှနေ၍ အမြင့်ဆုံးအမှတ်တစ်ရာအထိ ရှိနေသည်။
"အရမ်းတော်တယ်"
ရီဖုန်းက ဒေါသဖြင့်အော်ဟစ်ရယ်မောကာ ချီးမွမ်းစကား ပြောဆိုလိုက်သည်။
"စနစ်...မင်းက အရမ်းတော်တာပဲ"
သူသည် သူ့ခြေထောက်၏နံဘေး၌ အိပ်ပျော်နေသောဖားပြုတ်ကို ငုံကြည့်လိုက်၏။
သူ့၏စိတ်အတွင်း၌ မီးခတ်ကျောက်မှမီးပွားများ ပွင့်ထွက်လာသည့်အလား ခံစားလိုက်ရကာ တစ်စုံတစ်ခုကို အမှတ်ရသွားသည်။
သူ၏သိုင်းပညာခန်းမ အနောက်ဘက်ခြံဝန်းအတွင်း၌ ရေတွင်းတစ်ခုရှိနေသည်။သူသည် လုပမ်ဝေကို ထိုရေတွင်းအတွင်းသို့ မကြာခဏပစ်ချလေ့ရှိပေ၏။
ကြည့်ရသည်မှာ ထိုနေရာတွင် ဤဖားပြုတ်နှင့် တထပ်တည်းတူညီနေသော ဖားပြုတ်တကောင်ရှိနေပုံပင်။
ရီဖုန်းက ကံကြမ္မာစတိုးဆိုင်ကို ပိတ်လိုက်တော့သည်။သူသည် ထိုစတိုးဆိုင်ကို ထပ်မံ၍မမြင်တွေ့လိုတော့ချေ။
သူသည် ဒေါသကြောင့် အရာအားလုံးကို ကျွန်းထိုးမှောက်ခုံလုပ်မိမည်အား သူ စိုးရိမ်နေမိသည်။
သူသည် မျက်လုံးစုံမှိတ်ကာ အသက်ပြင်းပြင်းရှိုက်ပြီး ဖြည်းညှင်းစွာရှူထုတ်လိုက်၏။
"သွားစမ်း...."
သူသည် ခြေထောက်အနီးရှိ ဖားပြုတ်ကို ကန်ကျောက်လိုက်ကာ အဝေးသို့လွင်ထွက်သွားစေသည်။
ထိုဖားပြုတ်သည် အဝါရောင်သဲများဖြင့်ပြည့်နှက်နေသောလေထုကို ကွေးကောက်၍ဖြတ်သန်းကာ ပျောက်ကွယ်သွားတော့သည်။
ပြင်းထန်သောလေများကြောင့် ရီဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံး ရှုပ်ပွသွားသည်။
အချိန်တခဏကြာပြီးနောက် သူသည် လေပြင်းများတိုက်ခတ်နေကာ အမှောင်ထုကြီးကလွှမ်းခြုံနေသော အရိပ်ကျွန်းကို တချက်ကြည့်ပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"လောကကြီးက အရမ်းလှပတယ်..ဒေါသမထွက်နဲ့....အရမ်း ဒေါသမထွက်စမ်းနဲ့"
ထို့နောက် သူသည် နောက်သို့ပြန်လှည့်ကာ သိုင်းပညာခန်းမအတွင်းသို့ ဝင်ခဲ့တော့သည်။
ရင်းနှီးကျွမ်းဝင်သော အိမ်လေးတစ်လုံးဖြစ်နေဆဲပင်။
သို့ရာတွင် ဤသည်မှာ သိုင်းပညာခန်းမတစ်ခုတည်းသာဖြစ်ပြီး သိုင်းပညာခန်းမ၏အနောက်ဖက်ခြံဝင်းပင်လျှင် ပါဝင်လာခဲ့ခြင်းမရှိချေ။
အိမ်၏ကြမ်းပြင်ပေါ်တွင် မျိုးစေ့နှင့်အပင်ပေါက်အမျိုးမျိုးတို့ဖြင့် ပြည့်နှက်နေသည်။
ထိုအရာများသည် အစောပိုင်းက စနစ်၏စတိုးဆိုင်မှနေ၍ ရီဖုန်းလဲလှယ်ခဲ့သော အရာများပင်။
သူသည် အပင်ပေါက်များနှင့်မျိုးစေ့များအားလုံးကို ယူဆောင်ကာ မတ်တတ်ထရပ်လိုက်၏။
အကယ်၍ တစ်စုံတစ်ယောက်မှနေ၍ ဤအရာများသည် မိုးမြေဂိုဏ်းမှ ယူဆောင်လာခြင်းဖြစ်သည်ဟု သူ့အား ပြောဆိုပါက သူ အံ့အားသင့်သွားမည် မဟုတ်ချေ။
အိမ်ကိုထားရှိရန်အတွက် ရီဖုန်း ရွေးချယ်လိုက်သည်မှာ နေရာကောင်းတခုဖြစ်ပြီး အရိပ်ကျွန်းတကျွန်းလုံး၏ လေကွယ်ရာအရပ်ရှိ မြင့်မားသော တောင်ကုန်းတစ်လုံးပေါ်တွင်ဖြစ်သည်။ထိုတောင်ကုန်း၏နောက်ဘက်တွင်ရှိသော မြေပြင်ပေါ်တွင် သူ ထွန်ယက်စိုက်ပျိုးရန် ပြင်ဆင်ထားသည်။
နောက်တစ်နေ့မနက်တွင် သူသည် မြေပြင်ကိုတူးဆွ၍မြေလှန်ခြင်း ရေများကိုသယ်ဆောင်၍မြေကြီးများကိုစိုစွတ်စေခြင်း အပင်များကိုပျိုးထောင်ရန် သစ်သားများကိုခုတ်ဖြတ်ခြင်းစသော အလုပ်များကို လုပ်ဆောင်ခဲ့သည်။
သူ့အတွက် ကျွန်းပေါ်ရှိရာသီဥတုသည် အဝါရောင်သဲများ ပြည့်နှက်နေသောလေထုက တစ်ချိန်လုံး ဖြတ်သန်းတိုက်ခတ်နေကာ နေရောင်ခြည်ကို တကြိမ်တခါမျှ မမြင်တွေ့ရသည်မှလွဲ၍ အရာအားလုံးအဆင်ပြေသည်။ရေအတွက်ကမူ အနက်ရောင်ရှိနေသည်မှလွဲ၍ မည်သည့်ဘေးထွက်ဆိုးကျိုးမျှ မရှိချေ။
မည်သို့ပင်ဆိုစေကာမူ သူသည် ထိုရေကို အချိန်အတော်ကြာ သောက်သုံးပြီးနောက် မည်သည့်ပြဿနာမျှ မရှိတော့ပေ။
ရီဖုန်းသည် စတိုးဆိုင်မှလဲလှယ်ခဲ့သော မျိုးစေ့များအပင်ပေါက်ရန် ခြံစည်းရိုးအတွက် သစ်ပင်များဖြတ်တောက်ရန်နှင့် တောင်ကုန်းတစ်ခုလုံး၏ အနောက်ဘက်ကိုကာရံ၍ အိမ်၏အနောက်ဖက်ခြံဝင်းတို့ပြုလုပ်ရန်တို့အတွက် အချိန်လဝက်ခန့် အသုံးပြုခဲ့ရသည်။
နောက်တစ်နေ့တွင် ခြံဝန်းအတွင်း၌ ပေါင်းပင်တချို့ပေါက်နေသည်မှာလွဲ၍ မျိုးစေ့များအားလုံးသည် မြေပြင်ကိုဖောက်ထွက်ကာ အညှောင့်ပေါက်နေသည်ကို ရီဖုန်းက တွေ့မြင်မိသည်။ထိုအရာများကို ရေလောင်းပြီးနောက် သူသည် အိမ်အတွင်းသို့ ပြန်လာခဲ့လေ၏။
ဝါး....
ရီဖုန်းသည် သန်းဝေကာ အိပ်ယာပေါ်၌လှဲချပြီး အနားယူလိုက်တော့သည်။
ဤရက်များအတွင်းတွင် သူသည် ခြံဝန်းအတွင်း၌ စိုက်ပျိုးရေးကိစ္စများ ပြုလုပ်ပြီးအလုပ်ရှုပ်နေခဲ့သည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ ထိုအရာများအားလုံးကို ပြုလုပ်ပြီးဖြစ်သဖြင့် သူ ယခင်က မကြည့်ခဲ့မိသည့် တတိယစတိုးဆိုင်ရှိနေသေးကြောင်း သူ အမှတ်ရသွားသည်။
အချိန်တခဏကြာခန့် တွေဝေနေပြီးနောက် သူသည် ကူကယ်ရာမဲ့စွာဖြင့် သိချင်စိတ်ပြင်းပြသွားသည်။ထိုကြောင့် စနစ်အတွင်းရှိ တတိယစတိုးဆိုင်ကို ကြည့်ရန်အတွက် သူ ဖွင့်လိုက်တော့သည်။
ရီဖုန်းသည် အိပ်ယာပေါ်၌ ပက်လက်လှန်ကာ သက်သောင့်သက်သာရှိသော အနေအထားသို့ ပြောင်းလဲလိုက်၏။
ကံကြမ္မာစတိုးဆိုင်အတွင်းမှ ပစ္စည်းများကို ကြည့်ရှုစစ်ဆေးပြီးနောက် သူ့၏မျက်လုံးများ တောက်ပသွားသည်။
သူသည် ရုတ်တရက် အိပ်ယာပေါ်မှ ထထိုင်လိုက်၏။
တတိယစတိုးဆိုင်...အင်မော်တယ်နယ်မြေမှ မည်သည့်နေရာကိုမဆို ကြုံရာကျပန်း ပို့ဆောင်ပေးနိုင်ခြင်း
လိုအပ်သော ကံကြမ္မာရမှတ်...အမှတ်တစ်ထောင်
"ယေး...ငါက ဒီအခွင့်အရေးကို တိုက်ရိုက်လဲလှယ်လို့ရတာပဲ"
သူက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
"ဒါဆိုရင် ငါက ပင်လယ်နက်ကို ဖြည်းဖြည်းချင်းဖြတ်ကူးဖို့အတွက် ရိက္ခာသုံးနှစ်စာကို ပြင်ဆင်ဖို့ မလိုတော့ဘူး"
ရီဖုန်းသည် ကြိုးစားကြည့်ရန်အတွက် စိတ်အားထက်သန်နေသည်။
ထို့နောက် သူ့၏မျက်လုံးများသည် စကားလုံးတချို့ပေါ်သို့ ထပ်မံ၍ကျရောက်သွားသည်။
"ကြုံရာကျပန်း...."
သူသည် တီးတိုးရေရွတ်လိုက်ကာ ဤကျယ်ပြန့်သော အင်မော်တယ်နယ်မြေအတွင်းတွင် စနစ်မှကြုံရာကျပန်း ပို့ဆောင်ပေးမည်ဟုခဖော်ပြထားသလော....
ဤစနစ်ကို သူ မှီခိုအားထား၍ရမရ မသေချာချေ။
Chapter 567
ရီဖုန်းသည် အင်မော်တယ်နယ်မြေသို့ ကြုံရာကျပန်းပို့ဆောင်ပေးမည်ဟူသော အချက်နှင့်ပတ်သတ်ပြီး အလွန်စိတ်ရှုပ်ထွေးနေသည်။
သူသည် ကုတင်ပေါ်၌ လဲလျောင်းရင်း အချိန်အတော်ကြာသည်အထိ လူးလိမ့်နေခဲ့သည်။
ဤခွေးစနစ်သည် လုံးလုံးလျားလျား ကျိုးကြောင်းဆီလျော်မှုမရှိသည့်အပြင် လှည့်စားမှုများစွာ ရှိနေပေ၏။သို့ရာတွင် မည်သည့်အရာကိုမျှ မပြုလုပ်ဘဲ ကောင်းမွန်သောကိစ္စများ ရောက်ရှိလာမည်မဟုတ်ချေ။
ရီဖုန်းသည် နံဘေးတစ်ဖက်သို့တိမ်းစောင်းကာ အနောက်ဘက်ခြံဝန်းအတွင်းရှိ အစိမ်းရောင်လယ်ကွင်းများထံသို့ ကြည့်လိုက်သည်။
ဤနေရာတွင် မျှော်လင့်ချက်တချို့ ကျန်ရှိနေဆဲပင်။
ဤကဲ့သို့ ဆိုးရွားသောနယ်မြေတစ်ခုအတွင်းတွင် စနစ်၏စတိုးဆိုင်မှ သူ လဲလှယ်ခဲ့သော မျိုးစေ့များ အညှောင့်ပေါက်နေကာ အပင်ပေါက်များသည်လည်း ရှင်သန်ကြီးထွားစပြုနေလေပြီ။
သူ ရရှိထားသော လူသားအင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်အခြေခံသည်လည်း အချည်းနှီးဖြစ်သွားလေပြီ။
ရီဖုန်းက သူ့၏လက်သီးကိုဆုပ်ကာ စဥ်းစားတွေးတောလိုက်၏။
တခြားစကားပြောင်းဆိုရလျှင် ဤစနစ်သည် တစ်ခါတစ်ရံ၌ လှည့်စားမှုများပြုလုပ်တက်သည်မှလွဲ၍ စိတ်ပျက်ဖွယ်ရာတစ်ခုမဟုတ်ချေ။
အချိန်အတော်ကြာ စဥ်းစားတွေးတောပြီးနောက် ရီဖုန်းသည် အိပ်ယာပေါ်မှထထိုင်ကာ သူ့၏မျက်လုံးအတွင်း၌ စိတ်ပိုင်းဖြတ်ထားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
အသီးမှ အစေ့ထွက်လာမလာ ဟူသည်ကို သူ ကြိုးစားကြည့်ရပေမည်။
မည်သို့ပင်ဆိုစေကာမူ သူ့၏အိမ်မက်သည် ဤသရဲတစ္ဆေဆန်သော နေရာကြီးမှ ထွက်သွားနိုင်ရန်ပင်။
ရီဖုန်းသည် ဤအလောင်းအစားကို ပြုလုပ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
သို့ရာတွင်....ကံကြမ္မာရမှတ်များကို မည်သည့်နေရာက ရရှိနိုင်မည်နည်း။
ယခင်က ကံကြမ္မာရမှတ်များ ရရှိလာသည့် အရင်းအမြစ်သည် သူ့၏အမည်ခံတပည့်ထံမှဖြစ်ကြောင်း သူ အမှတ်ရနေဆဲပင်။
ထို့နောက် သိပ်မကြာမီအချိန်တွင် ထိုရမှတ်များကို အင်မော်တယ်မြစ်ကုန်းမြေအတွင်းမှ ထပ်မံ၍ရရှိလာခဲ့သည်။
မည်ကဲ့သို့ ရရှိလာသည်ကိုမူ သူ မသိရှိချေ။
သူ့၏နာမည် ထင်ရှားကျော်ကြားလာစေရန်ကို...တပည့်များပင် ပြုလုပ်နိုင်လေရာ သူကိုယ်တိုင်လည်း လုပ်ဆောင်နိုင်မည်မဟုတ်လော.....
ရီဖုန်းသည် အိပ်ယာပေါ်မှထကာ ဝံပုလွေသားမွှေးဝတ်ရုံကို ခြုံလွှမ်းလိုက်သည်။
သူသည် ကြိုးစားကြည့်ရန်အတွက် ပြင်ပသို့ထွက်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ အရိပ်ကျွန်းသည် အင်မော်တယ်နယ်မြေအတွင်း၌ ရှိနေသည်။အကယ်၍ သူ့ကိုယ်သူ နာမည်ထင်ရှားကျော်ကြားအောင် ပြုလုပ်ပါက စနစ်သည် သူ့အား ကံကြမ္မာရမှတ်များ ထပ်မံ၍ပေးမည်မှာ သေချာပေါက်ပင်။
ဝေခွဲရခက်မှုများ ဇဝေဇဝါဖြစ်မှုများနှင့်အတူ ရီဖုန်းသည် အချိန်အတော်ကြာ အိမ်တွင်းအောင်းနေရာမှ ပြင်ပသို့ထွက်လိုက်သည်။
လေပြင်းများတိုက်ခတ်မှုကြောင့် ရီဖုန်းသည် သူ့၏ခန္ဓာကိုယ်ပေါ်သို့ ဝံပုလွေအရေခွံကို တင်းတင်းကြပ်ကြပ်ရစ်ပတ်ကာ အရိပ်ကျွန်း၏နက်ရှိုင်းသောနေရာသို့ ဦးတည်၍သွားလိုက်၏။
...
နေ့လည်ခင်း၌ လေပြင်းများ အနည်းငယ်အားပျော့သည်။ရီဖုန်းသည် သဲကန္တာရအတွင်းမှ ခြုံပုတ်များကို ဖြတ်သန်းသွားစဥ်တွင် မိုးကောင်းကင်ယံအတွင်း၌ လင်းတများ ပျံသန်းနေကာ ဇီးကွက်များ အော်မြည်နေသည်ကို တွေ့မြင်လိုက်ရသည်။
ဂီး....
ထိုလင်းတများသည် မိုးကောင်းကင်ယံကို လွှမ်းခြုံနေသည်အထိ အလွန်များပြားသည်။
သဲများအကြားမှနေ၍ မြွေတစ်ကောင်သည် လျှာကိုပြူတစ်ပြူတစ်လုပ်ကာ ရီဖုန်းထံသို့ တိုးဝင်လာသည်။
ရီဖုန်းသည် အောက်သို့ငုံကြည့်ပြီးနောက် သန္ဓေပြောင်းသဲကန္တာရထိုက်ပန်းမြွေကို တွေ့မြင်မိသဖြင့် ထိတ်လန့်သွားသည်။
ဤမြွေသည် အလွန်အမင်း အဆိပ်ပြင်းသည်ကို ရီဖုန်းက သိရှိထားသည်။ထို့ကြောင့် သူသည် တုတ်တစ်ချောင်းကိုကောက်ယူကာ ထိုမြွေကို အဝေးသို့ ဂရုတစိုက်ဖယ်ရှားလိုက်၏။
"ထွက်သွားစမ်း...မဟုတ်ရင် ငါ မင်းကို သတ်မယ်"
မြွေကိုအဝေးသို့မောင်းထုတ်ပြီးနောက် ရီဖုန်းသည် ခြေလမ်းနှစ်လှမ်းခန့် ရှေ့သို့တိုးလိုက်စဉ်မှာပင် လူတစ်ယောက်သည် သူ့၏လက်ကိုဝှေ့ယမ်းကာ လင်းတများအား မောင်းထုတ်နေသည်ကို သူ မြင်တွေ့မိသည်။
ထိုလူ၏ခန္ဓာကိုယ်သည် လင်းတများ၏ကိုက်ခြင်းကိုခံထားရသဖြင့် သွေးသံတရဲရဲဖြစ်နေကာ ပြိုလဲကျလုမတတ် ဖြစ်နေလေပြီ။
ထိုလင်းတများသည် ဆာလောင်နေသည်မှာ အချိန်အတော်ကြာမြင့်နေပုံရပြီး ထိုလူသေဆုံးသည့်အထိ စောင့်ဆိုင်းမနေနိုင်ကြသဖြင့် စားသောက်ရန် ရောက်ရှိလာခြင်းဖြစ်သည်။
ဤအရိပ်ကျွန်းပေါ်သို့ ရောက်ရှိလာသောမည်သူမဆို အင်မော်တယ်များပင်။ထိုအင်မော်တယ်များသည် သူတို့၏ကျင့်ကြံဆင့်အခြေခံကိုအသုံးမပြုနိုင်သဖြင့် သေမျိုးများနှင့်တူညီနေလေရာ ထိုသားရဲများ၏အနိုင်ကျင့်ခြင်းကို ခံရလေ၏။
ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းထံတွင် တရားမျှတမှုကို ရှာဖွေပေးလိုသောစိတ်ဆန္ဒမျိုး ပေါက်ဖွားလာသည်။
တစ်ပါးသူများကို ကူညီပေးခြင်းသည် သူ့ဘဝ၏ဆောင်ပုဒ်ပင်။
အမှန်အားဖြင့် သူ လမ်းတလျှောက်လုံး စဉ်းစားနေခဲ့သည့် ကံကြမ္မာရမှတ်များရရှိလျှင် ပို၍ကောင်းမွန်ပေမည်။မည်သို့ပင် ဆိုစေကာမူ ဤသည်မှာ သူတပါးကို ကူညီခြင်းမဟုတ်လော....
ရီဖုန်းသည် သူ့၏ခန္ဓာကိုယ်ပေါ်မှ ဝံပုလွေအရေခွံကိုဖယ်ရှားကာ ရှေ့သို့တိုးလိုက်သည်။ထို့နောက် သူသည် ဝံပုလွေအရေခွံကိုဝှေ့ယမ်း၍ လင်းတများကို မောင်းထုတ်လိုက်၏။
သူ့ကိုကိုက်ရန်လာသော လင်းတတစ်ကောင် သည် ဝံပုလွေအရေခွံဖြင့် ရိုက်နှက်ခံရခြင်းကြောင့် သေဆုံးသွားခဲ့သည်။
ရီဖုန်း၏ဝံပုလွေအရေခွံဖြင့် လက်ပြန်ရိုက်ချက်ကြောင့် နောက်ထပ်လင်းတတစ်ကောင် ထပ်မံ၍သေဆုံးသွားသည်။
ရိုက်ချက်အနည်းငယ်ပြုလုပ်ပြီးနောက် လင်းတအသေးကောင်များ မြေပြင်ပေါ်၌ပြန့်ကြဲနေသည်။တခြားလင်းတများသည် အခြေအနေမကောင်းသည်ကို မြင်တွေ့သဖြင့် အဝေးသို့ပျံသန်းသွားကာ မလှမ်းမကမ်းမှသာ စောင့်ကြည့်နေကြတော့သည်။
လင်းတများကို မောင်းထုတ်ပြီးနောက် ရီဖုန်းသည် သွေးသံတရဲရဲဖြစ်နေကာ ပင်ပန်းနွမ်းနယ်စွာဖြင့် လဲကျသွားသော သူ့ရှေ့ရှိလူကို ကြည့်လိုက်သည်။
"ဒီကညီအစ်ကို...အဆင်ပြေရဲ့လား"
ရီဖုန်းက မေးမြန်းသည်။
သွေးသံတရဲရဲဖြစ်နေကာ အသက်ကိုမနည်းလုရှူနေရသောလူကိုကြည့်ပြီး ရီဖုန်းက သူမေးမြန်းလိုက်သောမေးခွန်းသည် တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ရုတ်တရက် ခံစားမိသည်။
ထိုကြောင့် သူ့၏စကားလမ်းကြောင်းကို ပြောင်းလဲကာ ပြောဆိုလိုက်၏။
"ညီအစ်ကို...မင်းကို ကြည့်ရတာ အဆင်ပြေပုံမရဘူး...ငါ့ရဲ့နေရာကို လိုက်လာပြီးတော့ နှစ်ရက်လောက် အနားယူလိုက်ပါလား"
ထိုလူသည် သူ၏ခေါင်းကိုခါယမ်းကာ အားနည်းနေသော ဖျော့တော့တော့အသံဖြင့် တုံ့ပြန်သည်။
"ငါ့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...ဒါက ငါ့ရဲ့အရည်အချင်းမပြည့်ဝမှုကြောင့်ပါ...မင်းရဲ့သနားကြင်နာမှုကို ငါ ပြန်ပြီးမပေးဆပ်နိုင်မှာကို ငါ စိုးရိမ်မိတယ်"
"ဒါက ဘာမှ ပြန်ပေးဆပ်စရာမလိုပါဘူး...မတရားတာကိုတွေ့ရင် ဝင်ပြီးကူညီတာက လူသားတစ်ယောက်ဖြစ်တဲ့ ငါ့ရဲ့စည်းမျဉ်းပဲ"
ရီဖုန်းက ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုသည်။
သူသည် စကားပြောဆိုနေရင်း သူ့၏နားကိုစွင့်ကာ 'သူတပါးကိုကူညီခြင်းအတွက် ကံကြမ္မာရမှတ်ငါးရာ ဆုလာဘ်ချီးမြှင့်သည်'ဟူသော စနစ်၏အသံ ထွက်ပေါ်လာစေရန် စောင့်ဆိုင်းလိုက်သည်။
သို့ရာတွင် အချိန်အတော်ကြာသည်အထိ မည်သည့်အသံမျှ ထွက်ပေါ်မလာချေ။
ထိုလူသည် သူ၏ခေါင်းကိုမော့ကာ မလှမ်းမကမ်းနေရာ၌ ပျံသန်းနေသော စူးရှရှမျက်လုံးများရှိသည့် လင်းတများကို တစ်ချက်ကြည့်လိုက်၏။
"ငါ့ကိုကယ်တင်ပေးခဲ့တဲ့ကျေးဇူးကို ငါ့ရဲ့စိတ်ထဲမှာ မှတ်ထားပါ့မယ်...ဒါပေမဲ့ မင်း ဒီနေရာကနေ မြန်မြန်ထွက်သွားသင့်တယ်"
ထိုလူက ပြောဆိုသည်။
"အဲ့ဒီလင်းတတွေကို ကြည့်လိုက်...သူတို့က ငါ ဒီနေရာမှာ သေသွားမယ့်အချိန်ကို စောင့်ဆိုင်းနေကြတာပဲ"
"တကယ်လို့ မင်း ငါ့ကိုခေါ်သွားမယ်ဆိုရင် မင်းလည်း ပင်ပန်းနွမ်းနယ်လာလိမ့်မယ်...မင်း ပင်ပန်းနွမ်းနယ်လာပြီဆိုတာနဲ့ အဲ့ဒီလင်းတတွေက ရောက်လာပြီးတော့ မင်းနဲ့ငါကို စားကြလိမ့်မယ်"
ထိုလူက ပြောဆိုသည်။
"ဒါကြောင့် ကျေးဇူးရှင်...မင်း ထွက်သွားပါတော့"
"ငါ ထွက်သွားရင် မင်း ဘယ်လိုလုပ်မှာလဲ"
ရီဖုန်းသည် ထွက်သွားရန်အတွက် စဉ်းစားတွေးတောထားခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ အချိန်အတော်ကြာစောင့်ဆိုင်းခဲ့သည့်တိုင် စနစ်ထံမှနေ၍ ကံကြမ္မာရမှတ်များ ဆုချီးမြှင့်သည့်အသံ ထွက်ပေါ်လာခြင်းမရှိပေ။
ဤသည်မှတဆင့် တခြားလူများအားကူညီခြင်းဖြင့် ကံကြမ္မာရမှတ်များ မရရှိနိုင်ကြောင်း သူ နားလည်သဘောပေါက်သွားသည်။
"မင်း တခြားနေရာကိုသွားပြီးတော့ အသက်ရှင်သန်အောင်နေပါ"
ထိုလူကပြောဆိုကာ သူ၏မျက်လုံးအတွင်း၌ စိတ်ပျက်အားငယ်ပြီး ကြေကွဲဝမ်းနည်းသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
"အဲ့ဒီလင်းတကောင်တွေ ငါ့ကိုပဲ စားကြပါစေ...ငါရဲ့ကျေးဇူးရှင်ဖြစ်တဲ့ မင်းက အန္တရာယ်ထဲကို မကျစေရဘူး"
ထိုလူက ရီဖုန်းကိုကြည့်ကာ ထပ်မံ၍တိုက်တွန်းလိုက်သည်။
"ကျေးဇူးရှင်...မြန်မြန်လေး ထွက်သွားပါတော့"
"မင်းပြောတဲ့စကားက မဆိုးဘူး...."
ရီဖုန်းက တီးတိုးရေရွတ်ကာ သူ့၏ဝံပုလွေအရေခွံကို ပြန်၍ခြုံလွှမ်းလိုက်၏။
"ဒါက ငါ့ရဲ့စိတ်ကို မလှုပ်ရှားစေပေမယ့်...မင်းက ကျေးဇူးတရားကို တုံ့ပြန်ပေးဆပ်တတ်တဲ့လူမျိုးလို့ ယူဆနိုင်တယ်"
သူသည် ထိုသို့ပြောဆိုရင်း ထိုလူကိုတွဲထူလိုက်သည်။
"ငါ မင်းကို ခေါ်သွားပေးမယ်"
သန္ဓေပြောင်းသဲကန္တာရထိုက်ပန်းမြွေသည် လျှာကိုပြူတစ်ပြူတစ်လုပ်ရင်း ရီဖုန်းတို့အနီးသို့ ချဉ်းကပ်လာသည်။ထိုမြွေသည် သဲများ၏အောက်၌ ပုန်းအောင်းနေသဖြင့် မည်သူမျှ မြင်တွေ့နိုင်မည်မဟုတ်ချေ။
"ဘာမှ မစိုးရိမ်နဲ့...ငါက အဲ့ဒီလင်းတတွေကို သတ်လိုက်မယ်"
ရီဖုန်းက ပြောဆိုသည်။
သူသည် ထိုလူကိုခေါ်ဆောင်ကာ အဝေးသို့ထွက်ခွာခဲ့တော့သည်။
"အဲ့ဒီလင်းတတွေအကြောင်းကို ထပ်ပြီးမပြောနဲ့တော့...တကယ်လို့ ဝံပုလွေအုပ်ကြီး ရောက်လာရင်တောင်မှ ငါ မင်းကို လုံခြုံအောင်ထားနိုင်တယ်"
ထိုလူသည် ရုတ်တရက် ရီဖုန်းကို တွန်းထုတ်လိုက်၏။ထို့နောက် သူသည် ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် ရီဖုန်း၏ခန္ဓာကိုယ်ပေါ်မှ ဝံပုလွေအရေခွံကို စူးစိုက်၍ကြည့်လိုက်သည်။
"ဒါက....ဝံပုလွေအရေခွံလား...."
သူသည် အံ့အားသင့်တုန်လှုပ်သွားကာ သူ့၏ခေါင်းကိုမော့ပြီး အလေးအနက်ထားသောအကြည့်ဖြင့် ရီဖုန်းကိုကြည့်လေသည်။
"မင်း အဲ့ဒီဝံပုလွေကို သတ်ခဲ့တာလား"
"တခြား ဘာဖြစ်နိုင်လို့လဲ"
ရီဖုန်းက တည်ငြိမ်စွာတုံ့ပြန်ကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဝံပုလွေအရေခွံကိုပုတ်ပြပြီး ဆက်လက်ပြောဆိုသည်။
"ငါ ကြွားဝါပြီး ပြောတာမဟုတ်ဘူး...ငါ့ရဲ့အိမ်မှာ ဒီလိုမျိုး ဝံပုလွေအရေခွံတွေ အပုံလိုက်ရှိတယ်...ငါ ဟင်းချက်ဖို့မီးမွှေးရင် ဒီဝံပုလွေအရေခွံတွေက အရမ်းမီးတောက်လွယ်တယ်"
အရိပ်ဝံပုလွေသည် ဤကျွန်းပေါ်တွင် မည်သည့်အရာအား ဆိုလိုသည်ကို ထိုလူသည် ကောင်းစွာသိရှိထားပေ၏။
ကျင့်ကြံဆင့်အခြေခံစွမ်းအားကို အသုံးပြုကာ အရိပ်ဝံပုလွေများကို အမဲလိုက်ပြီးသတ်ဖြတ်နိုင်သူ...
ကျင့်ကြံဆင့်အခြေခံကို အသုံးပြုကာ ဤအရိပ်ကျွန်းပေါ်၌ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်သူ...
အင်မော်တယ်နယ်မြေ၌ ဤကဲ့သို့ ထိပ်သီးတည်ရှိမှုကြီးတစ်ယောက်၏အကြောင်းကို သူ တစ်ကြိမ်တစ်ခါမျှ ကြားခဲ့ဖူးခြင်းမရှိချေ။
"ဒီနိမ့်ကျတဲ့လူက ဖုန်းကျန်းပါ...စီနီယာရဲ့နာမည်ကို မေးလို့ရမလား"
ထိုလူသည် ဖြောင့်တန်းစွာ မတ်တတ်ထရပ်နိုင်ရန် အကောင်းဆုံးကြိုးစားကာ ဦးညွှတ်အရိုအသေပြုပြီး ရီဖုန်းကို မေးမြန်းလေသည်။
"ငါ့ရဲ့နာမည်က ရီဖုန်းပါ"
ရီဖုန်းကလည်း တုံ့ပြန်ဦးညွှတ်၍ ပြောဆိုလိုက်သည်။
"ရီဖုန်း..."
ဖုန်းကျန်းသည် တီးတိုးရေရွတ်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိသွားကာ ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် ရီဖုန်းကို စူးစိုက်၍ကြည့်လေသည်။
"ရီဖုန်း...မင်းက ဆရာကြီးရီလား...."
သိပ်မကြာသေးမီအချိန်က အင်မော်တယ်နယ်မြေအတွင်း၌ အင်အားစုအသစ်တစ်ခု ထွက်ပေါ်လာခဲ့သည်။အင်မော်တယ်နယ်မြေမှလူများမည်မျှထိအစွမ်းထက်သည်ဖြစ်စေ ထိုအင်အားစုအသစ်အား အရှုံးပေးခဲ့ရသည်။
ထိုအင်အားစုမှအဖွဲ့ဝင်များသည် သူတို့၏လက်များကို တိမ်တိုက်များအသွင်ပြောင်းလဲ၍ အင်မော်တယ်နယ်မြေ၏ လေနှင့်မိုးကို ဖန်တီးနိုင်စွမ်းရှိလေရာ သူတို့သွားသည့် မည်သည့်နေရာတွင်မဆိုရှိနေသော အင်မော်တယ်များသည် သူတို့၏နာမည်ကို ကြားသိလေ၏။
သို့ရာတွင် သူတို့သည် အင်မော်တယ်မြစ်ကုန်းမြေအတွင်းရှိ မိုးမြေဂိုဏ်းမှဆရာကြီးရီ၏တပည့်များသာဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည်အလွန်အမင်း မြင့်မြတ်သောဆရာကြီးရီသည် မည်သူမည်ဝါဖြစ်သည်ကို မေးမြန်းပါက မျိုးရိုးနာမည်သည် ရီဖြစ်ပြီး နာမည်သည် ဖုန်းဖြစ်သည်ဟု သိရှိရပေမည်။
ဖုန်းကျန်းသည် ဤကဲ့သို့ ကြီးမားသောအခွင့်အရေးတစ်ခုကို ရရှိသဖြင့် အံ့အားသင့်နေကာ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသောကြောင့် သူ့၏ဒဏ်ရာများကို အချိန်တခဏကြာခန့် မေ့လျော့သွားခဲ့သည်။
"ဟုတ်လား...မင်းက ငါ့ရဲ့ဇာတိမြို့ကလူလား...မင်းက ငါ့ကို ဘယ်လိုလုပ်ပြီး သိနေတာလဲ"
ရီဖုန်းသည် အံ့အားသင့်သွားကာ တစ်ချိန်တည်းမှာပင် ပျော်ရွှင်သွားသည်။ဤကဲ့သို့ငှက်များပင် မစင်မစွန့်သော နေရာတနေရာတွင် သူ့အားသိရှိသော တစ်စုံတစ်ယောက်ကို တွေ့နိုင်ရန်မှာ အလွန်အမင်းခက်ခဲသည်။
ဤကဲ့သို့ ရောင်းရင်းမိတ်ဆွေတစ်ယောက်နှင့် ဆုံတွေရန်မှာ မလွယ်ကူလှချေ။
"ငါ သိတာပေါ့"
ဖုန်းကျန်းက အလွန်အမင်းဝမ်းသာသွားကာ အံ့အားတသင့် ပြောဆိုသည်။
"ဆရာကြီးရီရဲ့နာမည်ကို မသိတဲ့လူဆိုလို့ ဘယ်သူရှိမှာလဲ...စီနီယာက အင်မော်တယ်မြစ်ကုန်းမြေထဲက မိုးမြေဂိုဏ်းချုပ်မဟုတ်လား"
သူနှင့်နေရာတူမှလာသော လူတစ်ယောက်ဖြစ်သည်မှာ သေချာသလောက်ရှိနေသဖြင့် ရီဖုန်း၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။
"အမှန်ပဲ....ငါက အင်မော်တယ်ကုန်းမြေကလာတဲ့သူပဲ...ဒါနဲ့ မင်း ငါ့ရဲ့အကြောင်းကို ဘယ်နေရာကနေ ကြားဖူးတာလဲ"
ရီဖုန်းက ဝမ်းသာအားရရယ်ပြုံးကာ မေးမြန်းလိုက်သည်။
"ညီအစ်ကိုဖုန်းကလည်း ပင်ကျင်းမြို့က လူပဲလား"
သူသည် သိုင်းအင်ပါယာနယ်ပယ်သို့ ရောက်ရှိခဲ့သောအချိန်မှစတင်၍ ပင်ကျင်းမြို့၏ မိုးကောင်းကင်ယံအတွင်း၌ နေ့စဉ်နေ့တိုင်း ပျံသန်းခဲ့သည်။
ဖုန်းကျန်းသည် သူ့အား အလွန်အမင်းကြည်ညိုလေးစားနေသည်ကို ကြည့်ခြင်းအားဖြင့် ဖုန်းကျန်းသည် ပင်ကျင်းမြို့မှလာသော လူတစ်ယောက်သာဖြစ်ပေမည်။
"ကြည့်ရတာတော့ မင်း အခုထိ သိသေးပုံမရဘူး...မင်းရဲ့...."
'တပည့်'ဟူသောစကားလုံးကို သူ ဖွင့်ဟပြောဆိုတော့မည့်အချိန်မှာပင် ဖုန်းကျန်းသည် ရုတ်တရက် သူ့၏သွားများကို တင်းတင်းကြပ်ကြပ်စေ့ကာ အသက်ရှူမွန်းကြပ်သွားခဲ့သည်။
ထို့နောက် သူ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ရီဖုန်းသည် အံ့အားသင့်တုန်လှုပ်သွားကာ ရှေ့သို့အလျင်အမြန်တိုး၍ စစ်ဆေးလိုက်၏။ ရုတ်တရက် ဖုန်းကျန်း၏အောက်မှနေ၍ အရိပ်တစ်ခုထွက်ပေါ်လာကာ မြှားတစ်စင်းအလား သူ့ထံသို့ တိုးဝင်လာသည်။
ရီဖုန်းသည် အလွန်လျှင်မြန်စွာတုံ့ပြန်လိုက်ကာ ထိုအရာကိုဖမ်းဆုပ်ပြီး အဝေးသို့လွှတ်ပစ်လိုက် သည်။ထိုအချိန်ကျမှသာ ထိုအရာသည် သူရင်းနှီးကျွမ်းဝင်သော မြွေတစ်ကောင်ဖြစ်နေကြောင်း သိရှိလိုက်ရသည်။
အမ်...
ဤသည်မှာ သူအစောပိုင်းက မောင်းထုတ်ခဲ့သော သန္ဓေပြောင်းသဲကန္တာရထိုက်ပန်းမြွေ မဟုတ်လော....
ဤသည်မှာ အလွန်နောက်ကျသွားပြီဟု ဆိုနိုင်သော်လည်း သူသည် ထိုမြွေပေါ်သို့ ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန် ဆောင့်နင်းလိုက်၏။
သူ့ထံတွင် ကျင့်ကြံခြင်းစွမ်းအားမရှိသော်လည်း အကယ်၍ သိုင်းပညာအကြောင်း ပြောရမည်ဆိုပါက စနစ်၏အဆင့်သတ်မှတ်ချက်အရ သူသည် နတ်ဘုရားများနှင့်ယှဉ်ပြိုင်နိုင်သောအဆင့်တွင် ရှိနေသည်။
ရီဖုန်းသည် အံ့တင်းတင်းကြိတ်ကာ ထိုမြွေအား သူ့၏ခြေထောက်ဖြင့် ဆောင့်နင်းလေသည်။သူ၏ခြေထောက်အောက်၌ ထိုမြွေသည် အသွေးအသားများအဖြစ် တစ်စစီကြေမွှပျက်စီးသွားပြီဖြစ်ကြောင်း သတိပြုမိမှသာ သူ ရပ်တန့်ပြီး အသက်ပြင်းပြင်းတချက်ရှိုက်လိုက်သည်။
"ဒါက သနားစရာပဲ..."
သူသည် မြေပြင်ပေါ်၌လဲကျနေသော ဖုန်းကျန်း၏အလောင်းကို ကြည့်လိုက်၏။
"ငါက ညီအစ်ကိုတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရတယ်....သူက ပင်ကျင်းမြို့ကလူတစ်ယောက် ဖြစ်နေရုံတင်မကဘူး...ငါ့ကို ကြည်ညိုလေးစားတဲ့ လူတစ်ယောက်လည်း ဖြစ်နေတယ်...ဒါပေမဲ့ သူက မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပျောက်ကွယ်သွားခဲ့ပြီ"
"ဒါက အရမ်းသနားဖို့ကောင်းတာပဲ"
ရီဖုန်းသည် နောင်တကြီးစွာရမိခြင်းကြောင့် သက်ပြင်းတချက်ရှိုက်လိုက်၏။
Chapter 568
ရီဖုန်းက ထိုလူ၏အလောင်းကို စူးစိုက်၍ကြည့်လိုက်သည်။
ထိုလူ၏အဝတ်အစားများသည် လင်းတများကြောင့် အစိတ်စိတ်အမွှာမွှာ စုတ်ပြဲနေလေပြီ။
ထိုအကြောင်းကို စဥ်းစားတွေးတောပြီးနောက် ရီဖုန်းသည် ထိုလူ၏အဝတ်အစားများကိုချွတ်ကာ သူ့၏ဝံပုလွေအရေခွံကို ခြုံလွှမ်းပေးလိုက်သည်။
ရီဖုန်းသည် ထွက်ခွာရန် ဟန်ပြင်လိုက်သည့်အချိန်တွင် ထိုအဝတ်အစားများ၏အောက်၌ စာအုပ်တစ်အုပ်ရှိနေကြောင်း တွေ့မြင်မိသည်။
သူသည် သိချင်စိတ်ပြင်းပြစွာဖြင့် ရှေ့သို့တိုးကာ စာအုပ်ကို ကောက်ယူလိုက်၏။
ကောင်းကင်ဘုံနတ်ဆိုး ခန္ဓာကိုယ်...
ဝိုး...ဒီနာမည်ကိုကြည့်ရတာ အရမ်းမိုက်တာပဲ...
ဤသည်မှာ သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်နေသလော.....
ရီဖုန်းက စာအုပ်ကိုဖွင့်လိုက်ပြီးနောက် သူ့ရှေ့၌ထွက်ပေါ်လာသော စာလုံးများကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားသည်။
ကောင်းကင်ဘုံ နတ်ဆိုးခန္ဓာကိုယ်...ဤနည်းစနစ်ကို ကျင့်ကြံပြီးနောက် ဒဏ်ရာအနာတရရှိမည်ကို တားဆီးကာ ခုခံကာကွယ်နိုင်ပေမည်။ထို့ပြင် ပြီးပြည့်စုံမှုအဆင့်၌ မဖျက်ဆီးနိုင်သော ဗာဂျရာခန္ဓာကိုယ်ကို ပိုင်ဆိုင်ရပေမည်။
ဒဏ်ရာမရအောင် ခုခံကာကွယ်နိုင်ခြင်း....
ရီဖုန်း၏မျက်လုံးများ တောက်ပသွားသည်။
ဤသည်မှာ အကယ်၍ တစ်စုံတစ်ယောက်သည် ဤနည်းစနစ်ကို လေ့ကျင့်ပါက တိုက်ခိုက်ရာတွင် မည်သူကိုမျှ ထိတ်လန့်ကြောက်ရွံရတော့မည်မဟုတ်ဟု ဆိုလိုသည်မဟုတ်လော....
ဤခံစားချက်မှာ လွန်စွာကောင်းမွန်သည်။
ကံကြမ္မာရမှတ်တစ်ထောင်ဖြင့် လဲလှယ့်ရမည့်အရာသည် သူ့အားလှည့်စားခြင်းမပြုပါက သူသည် ဤနေရာမှထွက်ခွာသွားနိုင်လျှင် ပြဿနာတချို့ကို ဖန်တီးနိုင်ပေမည်။သူ ပျင်းရိငြီးငွေ့သောအချိန်၌ ဘဝ၏အစစ်အမှန်အဓိပ္ပါယ်ကို ရှာဖွေနိုင်ပေမည်။
သူ ရန်သူများနှင့် ရင်ဆိုင်ရလျှင်ပင် ရိုက်နှက်ခံရခြင်းကြောင့် သေဆုံးသွားရမည်ကို စိုးရိမ်ပူပန်နေရန် မလိုအပ်တော့ချေ။
အလွန်များပြားသော အန္တရာယ်များနှင့် ကြုံတွေ့ရပါက သူ ဤအရိပ်ကျွန်းသို့ ပြန်လာနိုင်သည်။
ရီဖုန်းသည် ထိုကိစ္စများကို ပို၍တွေးတောမိလေလေ ပို၍ခံစားရလေလေပင်။
ပြောရမည်ဆိုလျှင်...ဤအရိပ်ကျွန်းသည်....ဖြစ်နိုင်သည်မှာ....
သူ့၏ဘဝတလျှောက်လုံး အခြေချရမည့် နေရာတစ်ခု ဖြစ်သွားနိုင်သည်။
ရီဖုန်းက မတ်တတ်ထရပ်ကာ အလေးအနက်ထား၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
အဝေးတစ်နေရာတွင် ပြင်းပြင်းထန်ထန်တိုက်ခတ်နေသော သဲမုန်တိုင်းကြီးရှိနေကာ လေဆင်နှာမောင်းတစ်ခုက ရွေ့လျားနေပြီး တိမ်တိုက်များ ထူထပ်သည်။လေထုသည် ဓားသွားလေးများ ရောယှက်နေသည့်အလား ထက်ရှစွာ တိုက်ခတ်နေပေ၏။
ဤနေရာတွင် ပတ်ဝန်းကျင်အခြေအနေ အမှန်တကယ်ကို ကောင်းမွန်သည်။
ရီဖုန်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်နေသည်။နေမင်းကြီးမရှိသဖြင့် နေပူခံရမည်ကို သူ စိုးရိမ်ရန်မလိုအပ်သည့်အပြင် မိုးရွာသွန်းခြင်းမရှိသောကြောင့် မိုးရေစိုစွတ်မည်ကိုလည်း သူ စိုးရိမ်ရန် မလိုအပ်ချေ။
ကျော်ကြားမှုနှင့်ဓနဥစ္စာအတွက် တခြားလူများနှင့် ယှဥ်ပြိုင်နေရန် မလိုအပ်ပေ။
ယခုချိန်၌ ကျွန်းပေါ်တွင် လူစည်ကားခြင်းမရှိသောကြောင့် သူ တခြားလူများနှင့် အငြင်းပွားရမည်ကို စိုးရိမ်ရမည်မဟုတ်ချေ။
ထို့ပြင် အကယ်၍ ကျွန်းပေါ်တွင် တခြားလူများရှိနေလျှင်ပင် သူတို့သည် မှော်စွမ်းအားများကို အသုံးပြုနိုင်မည်မဟုတ်ပေ။
သူ့၏သိုင်းပညာအရည်အချင်းသည် နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်တွင် ရှိနေသဖြင့် အကယ်၍ ကောင်းကင်ဘုံဧကရာဇ် ရောက်ရှိလာလျှင်ပင် သူ့အား အစ်ကိုကြီးဟုခေါ်ရပေမည်။
ရီဖုန်းသည် ပို၍ကြည့်လေလေ ဤနေရာသည် နှစ်လိုဖွယ်ကောင်းသည်ဟု သူ ပို၍ခံစားရလေလေပင်။
ဤသည်မှာ အရိုးရှင်းဆုံးပြောရပါက သူ့၏ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် အနောက်ဘက်ဥယျာဥ်လေးတစ်ခုပင်။
ရီဖုန်းသည် သူ့၏ခန္ဓာကိုယ်ကို ပြန်လည်တည့်မတ်ပြီးနောက် သူ ကောက်ယူခဲ့သောစာအုပ်ကို ကောက်ယူကာ ထွက်ခွာခဲ့တော့သည်။
...
...
ရီဖုန်းသည် အရိပ်ကျွန်းကို ထပ်မံ၍လှည့်ပတ်သွားကာ ကံကြမ္မာရမှတ်များ ရရှိနိုင်မည့် တစ်စုံတစ်ခုကိုရှာဖွေရန် ကြိုးပမ်းလိုက်သည်။
သို့ရာတွင် အချိန်တစ်ရက် ကုန်ဆုံးသွားသည့်တိုင် မည်သည့်အကျိုးကျေးဇူးမျှ မရရှိခဲ့ချေ။
မိုးကောင်းကင်ယံ မှောင်မည်းစပြုလာသည်ကိုကြည့်ပြီး သူ အိမ်သို့ပြန်လာခဲ့တော့သည်။
အိမ်အတွင်းသို့ ဝင်ရောက်ပြီးနောက် ကျင့်ကြံခြင်းနည်းစနစ်စာအုပ်ကိုဖွင့်ကာ စတင်၍ ကျင့်ကြံလိုက်၏။
ဤသည်မှာ ကျင့်ကြံခြင်းဟု ပြောဆိုသော်လည်း အမှန်အားဖြင့် သူသည် စာအုပ်ကိုဖွင့်၍ ဖတ်ရှုခြင်းသာဖြစ်သည်။
ရီဖုန်းသည် မည်ကဲ့သို့ကျင့်ကြံရမည်ကို မသိရှိချေ။
အကြောင်းအရင်းမှာ.....
သူသည် တကြိမ်တစ်ခါမျှ မကျင့်ကြံဘူးသောကြောင့်ပင်။
သူ၏ခန္ဓာကိုယ်တွင်ရှိနေသော ကျင့်ကြံဆင့်အခြေခံသည် စနစ်မှပေးအပ်ထားခြင်းဖြစ်ပေ၏။
သို့ရာတွင် သူသည် များစွာစဉ်းစားတွေးတောခြင်းမပြုချေ။စာအုပ်ကိုဂရုတစိုက်ဖတ်ရှုပြီးနောက် အတွင်း၌ဖော်ပြထားသော ကျင့်ကြံနည်းစနစ်အတိုင်း သူ စတင်၍ကျင့်ကြံလိုက်တော့သည်။
သူသည် တည်ကြည်လေးနက်စွာဖြင့် ပလ္လင်ခွေထိုင်ကာ သူ့၏မျက်လုံးများကို မှေးထားသည်။
သူ၏မျက်လုံးများကို မှေးလိုက်သောအချိန်တွင် မည်သည့်အရာကို စတင်၍ပြုလုပ်ရမှန်းမသိသဖြင့် စိတ်မကျေနပ်စွာဖြင့် သန်းဝေကာ သူ ငိုက်မျဥ်းပြီး အိပ်ပျော်သွားလေ၏။
နောက်တစ်နေ့နံနက်တွင် ရီဖုန်းသည် နိုးထလာပြီးနောက် ဆက်လက်၍ကျင့်ကြံရန် စဥ်းစားတွေးတောလိုက်သည်။
အမှန်ပင်...သူ ဆက်၍ကျင့်ကြံရပေမည်။
ရီဖုန်းသည် ခါးမတ်မတ်ထိုင်ကာ ဆက်လက်၍ကျင့်ကြံရန် ဟန်ပြင်လိုက်စဥ်မှာပင် သူ့၏အသားအရေကို သူ ရုတ်တရက် တွေ့မြင်မိသည်။
မူလကဖြူဖွေးသော သူ့၏အသားအရေသည် ကြေးနီရောင်သို့ ပြောင်းလဲနေပေ၏။
တစ်ညကုန်လွန်သွားရုံဖြင့်....
"အမ်...."
ရီဖုန်းသည် ဆတ်ခနဲမတ်တတ်ထရပ်လိုက်ပြီးနောက် သူ့ထံတွင် မသိနားမလည်မှုများဖြင့် ပြည့်နှက်နေသည်။
သူသည် လက်နှစ်ဖက်ကိုမြှောက်ပြီး ဘယ်ညာစူးစိုက်ကြည့်ပြီးနောက်....ဤသည်မှာ...သူ့၏အသားအရည် အရောင်ပြောင်းလဲသွားခြင်းပင်။
ဤကျွန်းပေါ်တွင် မည်သည့်နေရောင်ခြည်မှမရှိလေရာ မည်သည်ကြောင့် ဤကဲ့သို့ ဖြစ်လာရသနည်း.....
သူ မတော်တစ တစ်စုံတစ်ခုကိုစားခဲ့မိသဖြင့် အဆိပ်သင့်ခြင်း ဖြစ်နေသလော....
သို့ရာတွင် သူ မသိရှိသော ထူးဆန်းသည့်အရာတစ်ခုကိုမျှ သူ မစားမိသည်မှာ သိသာထင်ရှားလှ၏။
ဤကြောက်မက်ဖွယ်ကောင်းသောကိစ္စသည် သူ စားသောက်ခဲ့သည့်အရာများမှ တဖြည်းဖြည်းသက်ရောက်မှုရှိလာခြင်းလည်း မဖြစ်နိုင်ပေ။
ရီဖုန်းသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိသွားသဖြင့် အိပ်ယာပေါ်ရှိ ကျင့်ကြံခြင်းနည်းစနစ်စာအုပ်ကို ကောက်ယူကာ လှန်လှော၍ဖတ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ယမန်နေ့ညက အိပ်ပျော်မသွားမီအချိန်ထိ ပြင်းပြင်းထန်ထန် ကျင့်ကြံနေခဲ့သည်မဟုတ်လော....
ထိုကိစ္စမှလွဲ၍ တခြားမည်သည့်အရာမျှ ရှိမနေချေ။
စာအုပ်အဆုံးထိဖတ်ပြီးချိန်တွင် နောက်ဆုံးစာမျက်နှာ၌ သူ အဖြေကို ရှာတွေ့ခဲ့သည်။
ကောင်းကင်ဘုံနတ်ဆိုးခန္ဓာကိုယ် ကျင့်ကြံနည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်ပါက ထိုလူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အသားအရေသည် ကြေးနီခေါင်းလောင်းတစ်လုံးအလား ကြေးနီရောင်သို့ ပြောင်းလဲသွားပေမည်။
"ပြီးပြည့်စုံခြင်းအဆင့်လား...."
ရီဖုန်းသည် ထိုအခြင်းအရာကိုမြင်တွေ့ချိန်၌ အလွန်အမင်း အံ့အားသင့်သွားသည်။
"အိုး အမေရေ...ငါက တစ်ညတည်းနဲ့ ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံလိုက်တာလား"
"ဒါက ငါ ပြင်းပြင်းထန်ထန် ကြိုးစားလို့ ရလာခဲ့တာပဲ"
ရီဖုန်းက စာအုပ်ကိုကိုင်ရင်း ရယ်မောလိုက်၏။
"ကြည့်ရတာတော့ ငါ ပြင်းပြင်းထန်ထန်ကြိုးစားတာက အလဟဿဖြစ်မသွားတဲ့ပုံပဲ...ငါက တစ်ညတည်းနဲ့ ပြီးပြည့်စုံခြင်းအဆင့်ကိုရောက်အောင် တကယ်ကြီးကျင့်ကြံနိုင်ခဲ့တယ်"
ရီဖုန်းသည် အလွန်ပျော်ရွှင်နေကာ သူ့၏ပါရမီထူးချွန်မှုအတွက် သက်ပြင်းရှိုက်နေမိသည်။
တစ်ညတည်းဖြင့် သူသည် ကောင်းကင်ဘုံနတ်ဆိုးခန္ဓာကိုယ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည်။
သူသည် ယခင်ကဲ့သို့ ကျင့်ကြံရန်အတွက် ပါရမီအရည်အချင်းမရှိသော အမှိုက်ကောင်မျိုး မဟုတ်တော့ပုံရသည်။
ဤနည်းလမ်းဖြင့် သူ့ထံတွင် ထူးချွန်သောပါရမီအရည်အချင်းရှိနေခြင်းနှင့်အတူ အင်မော်တယ်နယ်မြေအတွင်းရှိ တခြားကျင့်ကြံနည်းစနစ်များကိုလည်း သူ လွယ်လင့်တကူ ကျင့်ကြံနိုင်ပေမည်။
ထို့ကြောင့် သူသည် လုံလောက်သော ကံကြမ္မာရမှတ်များကို စုဆောင်းနိုင်သရွေ့ သူ လုပ်ဆောင်ရမည့် ပျော်ရွှင်ဖွယ်ရာများ အမြောက်အများရှိလာပေမည်။
ဥပမာအနေဖြင့် အကယ်၍ သူ ပြင်ပသို့ထွက်နိုင်ပါက သူ့၏သာလွန်ထူးကဲသော ပါရမီအရည်အချင်းဖြင့် ကောင်းမွန်သောဂိုဏ်းကြီးတစ်ဂိုဏ်းအတွင်းသို့ ဝင်ရောက်နိုင်ပေမည်။
သူ ဂိုဏ်းကြီးတစ်ဂိုဏ်းအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် တပည့်ခေါင်းဆောင်တစ်ယောက်ဖြစ်လာရန်မှာ ပြဿနာတစ်ရပ်မဟုတ်နိုင်ချေ။သူသည် ထိုဂိုဏ်းအတွင်း၌ ပို၍အစွမ်းထက်သော ကျင့်ကြံနည်းစနစ်များကို ရှာဖွေနိုင်ပေမည်။ရှေးဦးစွာ သူသည် ကျင့်ကြံနည်းစနစ်ပေါင်း တစ်ထောင့်ရှစ်ရာခန့် ကျင့်ကြံရပေမည်။
ထိုဂိုဏ်းအတွင်း၌ မိန်းမလှလေးအမြောက်အများရှိနေပါက ပို၍ကောင်းမွန်ပေမည်။ထိုသို့ဖြစ်လာပါက သူသည် ကျင့်ကြံနေစဉ်အတောအတွင်း၌ သူ့၏ကိုယ်ပိုင်ဆွဲဆောင်နိုင်မှုကို မှီခိုအားထား၍ လှပချောမောသောဂျူနီယာညီမလေးများနှင့်သူ့အကြားတွင် ရှုပ်ထွေးသောအတွေးများ ရှိလာနိုင်သည်။
တချိန်တည်းမှာပင် အင်မော်တယ်နယ်မြေ၏နယ်နှင်ဒဏ်ပေးသောနေရာဟု လူသိများသော ဤအရိပ်ကျွန်းသည်လည်း သူ့၏ကိုယ်ပိုင်အနောက်ဖက်ခြံဝန်း ဖြစ်လာပေမည်။
အန္တရာယ် သို့မဟုတ် တစ်စုံတစ်ခုဖြင့် သူ ကြုံတွေ့ရပါက ဤနေရာသို့ အပြေးပြန်လာနိုင်သည်။
သူ့၏အနာဂတ်တွင် အလားအလာအပြည့်ပင်။
အမှန်အားဖြင့် ဤစိတ်ကူးယဉ်မှုများအားလုံးသည် စနစ်၏မှီခိုအားထားရမှုအပေါ် အခြေခံသည်။
စနစ်သည် သူ့အားမလှည့်စားသရွေ့....
မဟုတ်သေး...အလွန်အမင်းစိတ်ပျက်အောင်မလုပ်သရွေ့ အရာအားလုံးသည် သူ့၏အစီအစဉ်အတိုင်း ဆက်သွားနေပေမည်။
ရီဖုန်းသည်အ ချိန်တခဏကြာခန့် စဉ်းစားတွေးတောလိုက်၏။
အဆုံးသတ်၌ သူ၏မျှော်လင့်ချက်များအားလုံးကို စနစ်အပေါ်၌ ပုံအပ်မထားရန် သူ ဆုံးဖြတ်လိုက်သည်။
ဤသည်မှာ အမှားအယွင်းများမှတဆင့် သူ သင်ယူခဲ့ရသောအရာပင်။
သူသည် လှည့်စားမှုများစွာကို ခံယူရပြီးနောက် သူ ပို၍ဥာဏ်ကောင်းလာလေပြီ။
ထို့ကြောင့် ကံကြမ္မာရမှတ်များ လုံလောက်မည့်အချိန်ကို စောင့်ဆိုင်းနေစဉ်အတောအတွင်း၌ ရီဖုန်းသည် အပင်များစိုက်ပျိုးပြီး ဝံပုလွေများကိုသတ်ဖြတ်ကာ ရိက္ခာများကို စတင်၍စုဆောင်းလိုက်တော့သည်။
နေ့စဉ်နေ့တိုင်း မနက်မှညအချိန်အထိ သူသည် အမဲလိုက်ခြင်း စိုက်ပျိုးခြင်းတို့သည် အေးအေးလူလူ အချိန်ကုန်ဆုံးသွားစေခဲ့သည်။
Chapter 569
ကျန်းကျီသည် အချိန်အတော်ကြာသည်အထိ စိတ်တည်ငြိမ်နိုင်ခြင်းမရှိချေ။
လူသားအင်မော်တယ်တစ်ယောက်မှနေ၍ လွယ်လင့်တကူ ထိန်းချုပ်နိုင်သော ငါးများသည်မည်သည်ကြောင့် တခြားလူများအား သတ်ဖြတ်နိုင်သည်ကို သူမ ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိပေ။
ဤသံသယစိတ်ဖြင့် ကျန်းကျီသည် အရိပ်ကျွန်းပေါ်၌ ရက်ပေါင်းများစွာကုန်ဆုံးခဲ့သည်။
ပင်လယ်နက်အတွင်းရှိငါးများကို စားသောက်၍ရသဖြင့် သေမျိုးများ၏နည်းလမ်းများကို အသုံးပြုကာ အသက်ရှင်သန်နိုင်မည်ဟု သူမ မူလက တွေးထင်ခဲ့သည်။သို့ရာတွင် ထိုကံကြမ္မာဆိုးကြီး ကြုံတွေ့ခဲ့ရသည့်နေ့မှစတင်ပြီး သူမသည် ပင်လက်နက်အနီးသို့ မချဥ်းကပ်ဝံ့တော့ချေ။
အသက်ရှင်သန်နိုင်ရန်အလို့ငှာ ကျန်းကျီသည် သူမ၏မှော်စွမ်းအားများကို ဆက်လက်၍ ထိန်းသိမ်းထားနိုင်စွမ်းမရှိတော့ပေ။
သူမသည် အရိပ်ကျွန်းပေါ်ရှိ သန္ဓေပြောင်းသားရဲအမြောက်အများ၏တိုက်ခိုက်မှုကို ခံယူခဲ့ရသင့်အပြင် အစာရေစာငတ်ပြတ်ခြင်းကြောင့် တစ်နေ့ထက်တစ်နေ့ သူမ ပို၍အားနည်းလာခဲ့သည်။
သူမ ဆာလောင်မွတ်သိပ်နေသည်မှာ အချိန်အတော်ကြာမြင့်နေပြီ ဖြစ်သောကြောင့် သူမ၏နှုတ်ခမ်းများ အက်ကွဲနေကာ အရိပ်ကျွန်းပေါ်၌ ခြေဦးတည်ရာလျှောက်သွားနေခဲ့သည်။
ဤကဲ့သို့အခြေအနေမျိုးတွင် ပြင်းထန်သောသဲမုန်တိုင်းအကြား၌ လမ်းလျှောက်ပါကာ ကျွန်းပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော လင်းတများ၏စားခြင်းခံရမည်ကို သူမ သိရှိထားသည်။
ထို့ကြောင့် သူမသည် တောအုပ်အတွင်းရှိ သဲကန္တာရခြုံပုတ်များအကြားမှသာ လျှောက်လှမ်းခဲ့သည်။
ကျန်းကျီသည် တောအုပ်အတွင်းသို့ ဝင်လိုက်စဉ်၌ ကြက်သေသေသွားခဲ့သည်။
တောအုပ်အတွင်း၌ပြန့်ကြဲနေသော အရိပ်ဝံပုလွေအလောင်းများကိုကြည့်ပြီး ယုံကြည်နိုင်စွာဖြင့် သူမ၏မျက်လုံးများ ပြူးကျယ်သွားသည်။
ယခင်က သူမ မြင်တွေ့ခဲ့ရသည်မှာ ဝံပုလွေအလောင်းသုံးလောင်းသာဖြစ်သည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ တောအုပ်အတွင်းရှိအရိပ်ဝံပုလွေအလောင်းများသည် ရေတွက်ရန်အတွက်ပင် လွန်စွာများပြားနေသည်။
ဤကိစ္စကိုပြုလုပ်ခဲ့သူမှာ မည်ကဲ့သို့လူစားမျိုးဖြစ်သနည်း....
ဤကျွန်းပေါ်တွင် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော တည်ရှိမှုကြီးတစ်ခု အမှန်တကယ်ရှိနေသလော....
ကျန်းကျီသည် ဝေခွဲရစွာဖြင့် ဝံပုလွေတစ်ကောင်၏အလောင်းအနီးသို့ သတိကြီးစွာထား၍ ချဉ်းကပ်လိုက်၏။
သူမသည် တံတွေးများကိုမြိုချကာ နံဘေးတစ်ဖက်သို့ချထားသော ကလီစာများကို ကောက်ယူလိုက်သည်။ထို့နောက် သူမသည် ထင်းခြောက်များကောက်ပြီး မီးမွှေးကာ ထိုအရာများကို မီးကင်၍စားသောက်လိုက်တော့သည်။
ထို့နောက် ကျန်းကျီသည် တောအုပ်အတွင်း၌တစ်ယောက်တည်းထိုင်ကာ စဉ်းစားတွေးတောလိုက်သည်။
သူမသည် လူသားအင်မော်တယ်လူငယ်ကို ရှာဖွေရန် ရည်ရွယ်ထားသည်။
သူသည် ထိုငါးများကိုက်ခြင်းကို ခံရပြီးနောက် မည်သည်ကြောင့် ဘေးကင်းလုံခြုံနေသည်ကို သိရှိနိုင်ရန်အတွက် သူမသည် သူနှင့်မျက်နှာချင်းဆိုင်တွေ့၍ မေးမြန်းရန် ကြံရွယ်ထားသည်။
ကျန်းကျီသည် ဆုံးဖြတ်ချက်ချပြီးနောက် တွေဝေတုံ့ဆိုင်ခြင်းမရှိဘဲ ထွက်ခွာခဲ့တော့သည်။
တောအုပ်အတွင်းမှ ထွက်လာပြီးနောက် အချိန်တခဏအကြာမှာပင် ကျန်းကျီသည် အလောင်းတလောင်းကို တွေ့မြင်မိသဖြင့် ရပ်တန့်လိုက်သည်။
ထိုအလောင်း၏အထက်တွင်ရှိနေသော လင်းတများကို သူမ မောင်းထုတ်လိုက်၏။
သူမက အေးစက်တင်းမာသောမျက်နှာဖြင့် သူမရှေ့ရှိအလောင်းကို စူးစိုက်၍ကြည့်နေလေသည်။
ထိုအလောင်း၏ခန္ဓာကိုယ်တစ်ဝက်ခန့်ကို ဝံပုလွေအရေခွံတစ်ခုက လွှမ်းခြုံထားသည်။
အလောင်းသည် လင်းတများ၏စားခြင်းကို ခံရသဖြင့် အရိုးများသာ ကျန်ရှိတော့သည်။
ထိုအရိုးများအပြင် တောက်ပသောအရောင်အသွေးရှိသည့် ဝံပုလွေအရေခွံသည် အလွန်အမင်း သိသာထင်ရှားပေ၏။
ကျန်းကျီသည် ဆောင့်ကြောင့်ထိုင်ကာ ထိုဝံပုလွေအရေခွံကို ကောက်ယူပြီးနောက် ဂရုတစိုက်စစ်ဆေးလိုက်သည်။
"ဒီဝံပုလွေအရေခွံက....."
သူမသည် ထိုသို့ရေရွတ်ပြီးနောက် သူမ၏မျက်လုံးများ တည်ငြိမ်အေးဆေးသွားကာ အံ့အားတသင့် ပြောဆိုသည်။
"ဒါက တကယ့်ကို သူ့ရဲ့ဝံပုလွေအရေခွံ ဖြစ်နေတာပါလား"
ထိုသို့ပြောဆိုပြီးနောက် ကျန်းကျီက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လေသည်။
"ဟူး....သူ သေသွားပြီ"
ထိုလူငယ် မည်သည်ကြောင့် ဘေးကင်းလုံခြုံနေသည်ကို သူမ အလွန်အမင်း သိချင်စိတ်ပြင်းပြနေခဲ့သည်။သို့ရာတွင် ယခုကြည့်ကြည့်တော့မှ သူသည် သူမထက်အရင် သေဆုံးသွားခဲ့လေပြီ။
ဤအရိပ်ကျွန်းပေါ်၌ လူသားအင်မော်တယ်တစ်ယောက်သည် ဤမျှထိအချိန်ကြာမြင့်စွာ အသက်ရှင်သန်နေခဲ့သည်မှာ မဆိုးလှချေ။
ကျန်းကျီသည် အနည်းငယ် စိတ်ပျက်သွားလေ၏။သူမသည် ဝံပုလွေအရေခွံကိုဖယ်ရှားပြီးနောက် အရိုးများကိုကောက်ယူလိုက်သည်။ထို့နောက် သူမသည် ထိုအရိုးများကို ဝံပုလွေအရေခွံဖြင့်ရစ်ပတ်ကာ ကျောက်တုံးကြီးတစ်တုံးအောက်ရှိ မြေပွသောနေရာ၌ မြှုပ်နှံပေးခဲ့သည်။
"ဒီအရိပ်ကျွန်းကနေ နင် တခြားနေရာကို မသွားနိုင်တော့ဘူး"
သူမသည် အရိုးများကို မြှုပ်နှံထားသောနေရာကိုကြည့်ပြီး တီးတိုးရေရွတ်ကာ ဤနေရာသို့ ကြုံရာကျပန်းပို့ဆောင်ခံလိုက်ရသည့် လူငယ်အကြောင်းကို တွေးတောနေမိသည်။
"ဒါက နင့်ရဲ့ဘဝပဲ...နင် အေးအေးချမ်းချမ်းအနားယူပါတော့"
ထို့နောက် သူမ၏မျက်လုံးများကို စုံမှိတ်လိုက်သည်။
ရုတ်တရက် အလွန်ကျယ်လောင်သော ဟိန်းဟောက်သံများကိုကြားမိသဖြင့် ကျန်းကျီ အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။
သူမ မြေပြင်ပေါ်မှ ခုန်ထလိုက်၏။
သူမသည် အလျင်အမြန်လျှောက်လှမ်းရင်း ဟိန်းဟောက်သံများ ထွက်ပေါ်နေသောနေရာသို့ ကြည့်လိုက်သည်။
ရုတ်ချင်းဆိုသလိုပင် သူမ အမှတ်ရသွားသည်။
ဤအသံသည် ပင်လယ်နက်ကြီးထံမှ ထွက်ပေါ်နေခြင်းပင်။
ဤသည်မှာ ပင်လယ်နက်ကြီး၏အော်မြည်သံ သက်သက်မဟုတ်ဘဲ တစ်စုံတစ်ခု နိုးထလာသော ဟိန်းဟောက်သံပင်။
အရိပ်ကျွန်းသို့ သူမ ရောက်ရှိမလာသေးမီအချိန်တုန်းက ရှေးဟောင်းစာအုပ်အတွင်း၌ သူမဖတ်ရှုခဲ့ရသော မှတ်တမ်းများအကြောင်းကို အမှတ်ရသွားသည်။
အရိပ်ကျွန်း၏ပင်လယ်နက်ကြမ်းခင်းတွင် နတ်ဆိုးဟုအမည်တွင်သည့် ဧရာမတစ္ဆေသားရဲကြီးတစ်ကောင်ရှိနေသည်။ထိုသားရဲကြီးကို ကြည့်ရသည်မှာ ဧရာမစပါးကြီးမြွေတစ်ကောင်နှင့်တူညီပြီး အတောင်ပံလေးဖက်နှင့်ခြေထောက်ခြောက်ချောင်းရှိကာ ပင်လယ်နက်၏အောက်ခြေ၌ အိပ်မောကျနေသည်။
ထိုသားရဲကြီး နိုးထလာသောအချိန်တွင် မိုးကောင်းကင်ယံကို ဝါးမြိုနိုင်ပြီး နေရောင်ခြည်ကို ကွယ်ပျောက်စေနိုင်စွမ်းရှိသည်။
ဤနတ်ဆိုးသည် နှစ်တစ်ထောင်လျှင်တစ်ကြိမ် နိုးထပေ၏။သူ နိုးထလာသောအချိန်တွင် ကျွန်းတစ်ကျွန်းလုံးပေါ်တွင်ရှိသော သက်ရှိများအားလုံး၏အနှစ်သာရကို ဝါးမြိုသည်။
သူ့၏ဟိန်းဟောက်သံသည် မိုးကောင်းကင်ယံအနှံ့ ပျံ့နှံ့သွားကာ လေပြင်းမုန်တိုင်းကြီးတစ်ခု တိုက်ခတ်လာသည့်အလားပင်။
ကျန်းကျီသည် နောက်သို့ ထပ်ခါတလဲလဲဆုတ်နေကာ သူမ၏မျက်နှာသည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ဖြူရော်နေပေ၏။
သူမ အဆုံးသတ်ရတော့ပေမည်။
ဤသည်မှာ နတ်ဆိုးတစ်ကောင်ပင်...
ဤသည်မှာ ကံကြမ္မာဆိုးကြီးတစ်ခုပင်....
သူမသည် မည်သည့်ကံကြမ္မာဆိုးကြောင့် ဤနတ်ဆိုးကြီး နိုးထလာသည့်အချိန်နှင့် ရင်ဆိုင်ကြုံတွေ့ရသနည်း....
ထိုနတ်ဆိုးကြီး နိုးထလာချိန်တွင် ကျွန်းပေါ်တွင်ရှိသော သက်ရှိများအားလုံး ချွင်းချက်မရှိသေဆုံးရပေမည်။သက်ရှိများအားလုံးသည် ညှိုးနွမ်းခြောက်သွေ့နေသော အရိုးများဖြစ်သည်အထိ အနှစ်သာရများ စုပ်ယူခြင်းခံရပေမည်။
သူမသည် အစောပိုင်းက တခြားလူ၏အရိုးများကို ကောက်ယူပြီးမြှုပ်နှံပေးကာ သနားနေခဲ့သည်မှာ မည်မျှထိ ရယ်ရွှင်ဖွယ်ကောင်းသနည်း။
...
...
ပင်လယ်နက်၏အထက်တွင် ပြင်းထန်သောအနက်ရောင်လှိုင်းလုံးကြီးများ တဝုန်းဝုန်းထနေကာ အဆိပ်များကိုသိပ်သည်းထားသည့် အရည်များအလားပင်။ဤအရာကို တစ်ချက်ကြည့်မိရုံဖြင့် သက်ရှိများအားလုံး၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုများကို ပေါက်ဖွားစေနိုင်သည်။
အနက်ရောင်လှိုင်းလုံးများ မြင့်တက်လာသည်မှာ ပေထောင်နှင့်ချီသောအမြင့်ထိ ရောက်ရှိနေလေပြီ။
လှိုင်းလုံကြီးများအတက်အကျ ဖြစ်နေသောအချိန်တွင် ကြီးမားသော နက်ပြာရောင်ပုံရိပ်တစ်ခုက ပင်လယ်နက်အတွင်း၌ ထွက်ပေါ်လာသည်။
နတ်ဆိုး၏အပြာရောင်အကြေးခွံများက ပင်လယ်နက်အတွင်း၌ တောက်ပနေသည်။
ရုတ်တရက် နတ်ဆိုး၏ခန္ဓာကိုယ်သည် ပင်လယ်ပြင်မှခုန်ထွက်လာကာ ကြီးမားသောလှိုင်လုံးကြီးများမှတစ်ဆင့် မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းသွားသည်။နတ်ဆိုး၏သွေးနီရောင်မျက်လုံးများအတွင်းတွင် လျှို့ဝှက်ဆန်းကြယ်မှုများစီးဆင်းနေကာ အရာအားလုံးကို တိုက်စားနိုင်သည့်အလားပင်။
သူသည် အချိန်တခဏကြာပြီးနောက် ဝါးမြိုခြင်းကိုပြုလုပ်ရန် ပြင်ဆင်လိုက်သည်။
တစ်ချိန်တည်းမှာပင် ပင်လယ်အတွင်း၌ အိပ်မောကျနေသော ဖားပြုတ်တကောင်သည် ကြီးမားသောလှိုင်းလုံးကြီးများကြောင့် ပက်လက်လန်သွားသည်။
ထိုဖားပြုတ်၏ အဖြူရောင်ဝမ်းဗိုက်သားများ ထွက်ပေါ်လာပေ၏။
"အုံး...အွမ်..."
ဖားပြုတ်သည် ပက်လက်လန်သွားသဖြင့်အလွန်အမင်း စိတ်မကျေမနပ်ဖြစ်နေကာ သူ့၏အိပ်မက်ကောင်းကို နှောက်ယှက်ခံရသည့်အလားပင်။
သူက ပတ်ဝန်းကျင်ကို လှည့်ပတ်၍ကြည့်လိုက်သည်။
သူ၏မျက်လုံးအကြည့်သည် မိုးကောင်းကင်ယံအတွင်း၌ ပျံသန်းနေသော ကြီးမားသည့် နက်ပြာရောင်ပုံရိပ်ကြီးထံသို့ ကျရောက်သွားသည်။
"အွမ်...."
ဖားပြုတ်သည် ခြေထောက်များကိုအားယူ၍ထောက်ကာ ထိုနေရာသို့ ကူးခတ်သွားတော့သည်။
Chapter 570
နတ်ဆိုးသည် လေထုအတွင်း၌ပျံသန်းကာ ဟိန်းဟောက်နေသဖြင့် လေပြင်းထန်လာကာ လှိုင်းလုံးကြီးများထလာသည်။
ပင်လယ်နက်တစ်ခုလုံး တုန်ခါစပြုလာပေ၏။
"အုံး...အွမ်...."
ပင်လယ်ပြင်အတွင်း၌ ကူးခတ်နေသော ဖားပြုတ်သည် ခေါင်းမော့ကာ နတ်ဆိုးကိုကြည့်ပြီး စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ကြည့်ရသည်မှာ ဤဖားပြုတ်ငယ်သည် လျစ်လျှူရှုခံထားရခြင်းကြောင့် မကျေမနပ်ဖြစ်နေသည့်ပုံပင်။
ဖားပြုတ်တစ်ကောင်၏အသံ မဆိုထားနှင့် ဤအချိန်အခိုက်အတန့်တွင် အရိပ်ဝါးမြိုဝံပုလွေများ၏အူသံများကိုပင် နတ်ဆိုး၏ဟိန်းဟောက်သံက ဖုံးလွှမ်းသွားခဲ့သည်။၊
ထိုအသံများကို အနည်းငယ်မျှ မကြားနိုင်ချေ။
သို့ရာတွင် အထူးဆန်းဆုံးကိစ္စမှာ ဖားပြုတ်ငယ်လေးတစ်ကောင်၏အသံသည် နတ်ဆိုး၏ဟိန်းဟောက်သံကိုထွင်းဖောက်ကာ သူ့၏နားအတွင်းသို့ ရှင်းရှင်းလင်းလင်း ကျရောက်သွားခြင်းပင်။
လေထုအတွင်းတွင်ရှိနေသော နတ်ဆိုးသည် သူ့၏ခေါင်းကို အောက်သို့ငုံကာ သွေးနီရောင်မျက်လုံးတစ်စုံဖြင့် ဖားပြုတ်ကိုကြည့်လိုက်သည်။
လေထုအတွင်း၌ ပျံသန်းနေသော ဧရာမနတ်ဆိုးနှင့် နှိုင်းယှဥ်ပါက ပင်လယ်နက်အတွင်းတွင်ရှိနေသော ဖားပြုတ်သည် အားနည်းပြီး မမြင်ရနိုင်လုနီးပါးသေးငယ်သည်။
"အွမ်..."
ဖားပြုတ်သည် လည်ပင်းကိုဆန့်တန်းပြီး နတ်ဆိုးထံသို့ကြည့်ကာ ထပ်မံ၍အော်ဟစ်လိုက်၏။သူ့၏စိတ်မကျေမနပ်ဖြစ်မှုကို ရှင်းရှင်းလင်းလင်း ဖော်ပြနေခြင်းပင်။
နတ်ဆိုး၏ခန္ဓာကိုယ် ရွေ့လျားသွားကာ ဖားပြုတ်၏အထက်သို့ ရောက်ရှိသွားသည်။
"ဖားပြုတ်လေး...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ဒီနတ်ဘုရားကိုကြည့်ပြီး အော်ဝံ့တာလဲ"
နတ်ဆိုး၏ပါးစပ်မှနေ၍ ပြင်းထန်သောအထင်အမြင်သေးမှုနှင့် သရော်တော်တော်ပြောဆိုလိုက်သံတစ်သံ ထွက်ပေါ်လာသည်။
"ဒါပေမယ့်...ဒီအရိပ်ကျွန်းပေါ်မှာ သန္ဓေမပြောင်းသေးတဲ့ သားရဲတစ်ကောင်က ဘယ်လိုလုပ်ပြီး ရှိနေတာလဲ"
"ဒါက စိတ်ဝင်စားစရာပဲ"
သူ ထိုသို့ပြောဆိုလိုက်ချိန်တွင် သူ့၏ပါးစပ်အတွင်းမှ ထူထပ်သိပ်သည်းသော တံတွေးတစ်စက်က ဖားပြုတ်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
ဖားပြုတ်သည် ထိတ်လန့်တုန်လှုပ်သွားကာ ရေအတွင်းသို့ အလျှင်အမြန်ပြေးဝင်ပြီး သူ့၏နောက်ကျောကို ပြင်းပြင်းထန်ထန်ပွတ်တိုက်လိုက်၏။
"အမ်...."
"မင်းက ငါ့တံတွေးရဲ့တိုက်စားတာကို မခံရဘူး...ဒါဆိုရင် ငါက မင်းကို ဆော့ကစားလို့ရနိုင်တယ်"
နတ်ဆိုးက ဆက်လက်၍ပြောဆိုသည်။
"ကြည့်ရတာတော့ မင်းမှာ ဘာစွမ်းအားမှ ရှိပုံမရဘူး"
နတ်ဆိုး၏ပါးစပ်အတွင်းမှနေ၍ သိပ်သည်းသောအရည်များ ထွက်ပေါ်လာကာ အစောပိုင်းက သန့်ရှင်းထားသော ဖားပြုတ်၏နောက်ကျောပေါ်သို့ ထပ်မံ၍ကျရောက်သွားသည်။
"ငါက ဒီအရိပ်ကျွန်းပေါ်မှာရှိတဲ့ သက်ရှိတွေအားလုံးရဲ့အနှစ်သာရကို ဝါးမြိုပြီးတဲ့အချိန်ထိ မင်း စောင့်နေစမ်း"
သို့ရာတွင် သူ့၏စကားအဆုံးမသတ်ရသေးမီမှာပင် ဖားပြုတ်၏ပါးစပ်မှနေ၍ အပ်ချည်တစ်ချောင်းစာခန့် ပါးလွှာသောလျှာတစ်ချောင်း အလွန်လျှင်မြန်စွာ ထွက်ပေါ်လာကာ နတ်ဆိုးကိုရစ်ပတ်သွားသည်။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သွေးနီရောင်ပါးစပ်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး နတ်ဆိုးကို ဝါးမြိုသွားတော့သည်။
သာမန်မျက်စိဖြင့် မမြင်နိုင်သောအရှိန်ဖြင့် ဤကိစ္စ ဖြစ်ပျက်သွားခဲ့သည်။
လေထုအတွင်း၌ ပျံသန်းနေသောနတ်ဆိုးသည် သေဆုံးသွားသောအချိန်ထိ ကြက်သေသေနေဆဲပင်။
သူသည် မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ပျောက်ကွယ်သွားခဲ့ရသော်လည်း မည်သည်ကြောင့်ဟု မသိရှိခဲ့ရချေ။
ပင်လယ်နက်အတွင်း၌ တဝုန်းဝုန်းထနေသော လှိုင်းလုံးကြီးများလည်း ပြန်လည်၍ တည်ငြိမ်သွားခဲ့သည်။
ကြွင်းကျန်ခဲ့သည်မှာ ပင်လယ်နက်အတွင်း၌ ကူးခတ်ရင်း အော်ဂလီဆန်စွာပျို့အန်နေသော ဖားပြုတ်တစ်ကောင်ပင်။
သူ၏မျက်နှာထက်တွင် အထင်အမြင်သေးသောအမူအယာတစ်ရပ်ရှိနေပြီး သူ့၏လည်ချောင်းအတွင်းမှနေ၍ အရာအားလုံးကို အန်ထုတ်နိုင်ရန် ဆုတောင်းနေခဲ့သည်။
"မဟုတ်ဘူး...မဟုတ်ဘူး...မဟုတ်ဘူး..."
ဤအော်ဂလီဆန်ဖွယ်ကောင်းသော အနံ့အသက်ကို ဖိနှိပ်နိုင်ရန်အတွက် သူ တစ်စုံတစ်ခုကို ပြုလုပ်ရပေမည်။
ဖားပြုတ်သည် သူ့၏ခြေထောက်တိုလေးများကိုလှုပ်ရှားကာ ပင်လယ်နက်၏နက်ရှိုင်းသောနေရာထံသို့ ကူးခတ်သွားလေသည်။
အဝေးတစ်နေရာတွင် ထိတ်လန့်ကြောက်ရွံစွာ မတ်တတ်ရပ်နေသော ကျန်းကျီသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိလေ၏။
ဟိန်းဟောက်သံ ပျောက်ကွယ်သွားပြီးနောက်ဖိအားအရှိန်အဝါသည်လည်း ပျက်ပြယ်သွားခဲ့သည်။သူမသည် အလွန်အံ့အားသင့်တုန်လှုပ်နေကာ သူမ၏မျက်လုံးအတွင်း၌ ဇဝေဇဝါအရိပ်အယောင်များ ထင်ဟပ်နေသည်။
သို့ရာတွင် သူမ၏ယခုလက်ရှိအခြေအနေဖြင့် မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသည်ကို ဖော်ထုတ်နိုင်ရန်အတွက် သူမထံတွင် အရည်အချင်းမရှိချေ။
တစ်ချိန်တည်းမှာပင်...
ပင်လယ်နက်၏ အဆုံးသတ်တွင်ရှိနေသော ချိုင့်ဝှမ်းကြီးတခုအတွင်း၌ လူတစ်ယောက် ပလ္လင်ခွေထိုင်နေသည်။
ထိုလူ၏ခေါင်းထက်တွင် ဆံပင်တစ်ပင်မျှရှိမနေဘဲ အနက်ရောင်အမှတ်အသားတစ်ခုသာရှိနေပေ၏။
ထိုလူကိုကြည့်ရသည်မှာ အလွန်လျှို့ဝှက်ဆန်းကြယ်သည်။
သူ့၏ထူးဆန်းသောမျက်နှာနှင့် ပြောင်ချောနေသောဦးခေါင်းအပြင် သူ့၏လက်များပေါ်တွင်လည်း ထူးဆန်းသောအမှတ်အသားမျိုးစုံရှိနေသည်။
ဤအမှတ်အသားများသည် ထူးဆန်းသောပုံသဏ္ဍာန်များရှိကာ ရုပ်ဆိုးပြီးထူးဆန်းသောမှော်သားရဲများ၏ပုံပန်းသွင်ပြင်များပင်။
ဤအချိန်အခိုက်အတန့်တွင် သူ့၏လက်မောင်းပေါ်တွင်ရှိနေသည့် ကြောက်မက်ဖွယ်ကောင်းသော အမှတ်အသားတစ်ခု ရုတ်တရက်ပျောက်ကွယ်သွားသည်။
သူ၏မျက်လုံးတစ်စုံကို ရုတ်တရက်ဖွင့်လိုက်သောအချိန်တွင် အနက်ရောင်ရှိမနေဘဲ အဖြူရောင်များသာ ရှိနေသဖြင့် ကြည့်ရသည်မှာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။
"နတ်ဆိုးရဲ့အရှိန်အဝါက ဘာလို့ပျောက်ကွယ်သွားတာလဲ"
သူသည် ထိုသို့ပြောဆိုရင်း သူ၏လက်မောင်းကိုကြည့်လိုက်သည်။
မူလက သူ၏လက်မောင်းပေါ်တွင်ရှိနေသော နတ်ဆိုးအမှတ်အသားသည် ယခုလက်ရှိချိန်၌ ပျောက်ကွယ်သွားလေပြီ။
ကတုံးပြောင်လူကြီး၏မျက်နှာ ထိတ်လန့်တုန်လှုပ်မှုကြောင့် ဖြူရော်သွားသည်။
"နတ်ဆိုးက သေသွားပြီ...ဘယ်လိုဖြစ်သွားတာလဲ"
သူသည် မျက်လုံးစုံမှိတ်ကာ နတ်ဆိုး၏အရှိန်အဝါကို အာရုံခံရန် ကြိုးပမ်းလိုက်သည်။သို့ရာတွင် နတ်ဆိုးသည် သေဆုံးသွားရုံသာမက အလောင်းကိုပင် ရှာမတွေ့နိုင်တော့လေရာ မည်သည့်အရှိန်အဝါမျှ သူအာရုံခံ၍မရချေ။
ထိုလူသည် သူ့၏မျက်လုံးများကို တဖန်ပြန်၍ဖွင့်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင် သူ့၏ခေါင်းထက်ရှိ အမှတ်အသားတစ်ခု ရုတ်တရက် မျောလွင့်သွားသည်။
ထိုအမှတ်အသားသည် တဖြည်းဖြည်းကြီးမားလာကာ မြူခိုးများလွှမ်းခြုံနေသည့် ဖရိုဖရဲနတ်ဆိုးတစ်ကောင်အဖြစ်သို့ ရောက်ရှိသွားသည်။
ဖရိုဖရဲနတ်ဆိုးသည် ကတုံးပြောင်လူကြီး၏ရှေ့တွင် ဝပ်တွားလိုက်၏။
"အရှင်....ကျွန်တော်ကိုဆင့်ခေါ်တာက ဘာအမိန့်ပေးစရာရှိနေလို့လဲ"
"ကျွန်းပေါ်ကိုသွားပြီးတော့ နတ်ဆိုး ဘာဖြစ်သွားတာလဲဆိုတာ သွားကြည့်စမ်း"
ကတုံးပြောင်လူကြီးက အမိန့်ပေးသည်။
"ဟုတ်ကဲ့"
ဖရိုဖရဲနတ်ဆိုးက တုံ့ပြန်ပြီးနောက် မြေပြင်ပေါ်မှ ပျောက်ကွယ်သွားတော့သည်။
ရုတ်ချည်းဆိုသလိုပင် ဖရိုဖရဲနတ်ဆိုးသည် ချိုင့်ဝှမ်းအတွင်းမှထွက်ခွာကာ ပင်လယ်နက်ထံသို့ ရောက်ရှိသွားသည်။
ဖရိုဖရဲနတ်ဆိုးသည် ပင်လယ်နက်၏အထက်၌ ပျံသန်းကာ နတ်ဆိုး၏အရှိန်အဝါကို နေရာအနှံ့အပြား၌ ရှာဖွေလိုက်သည်။
သို့ရာတွင် သဲလွန်စတစ်ခုတစ်လေကိုမျှ သူ ရှာမတွေ့ချေ။
ဖရိုဖရဲနတ်ဆိုးသည် နတ်ဆိုး၏အသိုက်ထံသို့သွားရန် ရည်ရွယ်လိုက်သည်။
သူ လှုပ်ရှားလိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုက သူ့ကို ရစ်ပတ်ထားလေ၏။
ဖရိုဖရဲနတ်ဆိုးသည် လှုပ်ရှားလိုသော်လည်း သူ မည်သို့မျှ ရုန်းကန်၍မရသည်ကို သိရှိသွားသည်။
"မဟုတ်ဘူး..."
သူသည် အောက်သို့ငုံကာ ပတ်ဝန်းကျင်ကိုကြည့်လိုက်စဉ်တွင် သူ၏မျက်လုံးအကြည့်က ဖားပြုတ်တကောင်ပေါ်သို့ ကျရောက်သွားသည်။
ထိုအချိန်ကျမှသာ ဤဖားပြုတ်ငယ်လေး၏ပါးစပ်မှ ဆန့်တန်းထားသော ပါးလွှာသည့်လျှာသည် သူ့အားရစ်ပတ်မိနေကြောင်း သူ နားလည်သဘောပေါက်သွားသည်။
ဖရိုဖရဲနတ်ဆိုးသည် အလွန်ဒေါသထွက်သွားလေ၏။
"ဖားပြုတ်ငယ်လေးတစ်ကောင်ကများ....ဘယ်လိုသတ္တိမျိုးနဲ့ ဒီနတ်ဘုရားရဲ့ရှေ့မှာ ပြဿနာရှာဝံ့တာလဲ"
နောက်ထပ်အချိန်အခိုက်အတန့်တွင် ဖားပြုတ်က သူ့၏လျှာကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
"ဟမ့်....မင်းက ကြောက်ရကောင်းမှန်းတော့ သိသားပဲ"
ဖရိုဖရဲနတ်ဆိုးက စိတ်မကျေမနပ်ဖြင့် ပြောဆိုသည်။
"သနားဖို့ကောင်းတာတစ်ခုကတော့ ဒါက အရမ်းနောက်ကျသွားပြီ"
ထိုသို့ပြောဆိုပြီးနောက်...
ဖရိုဖရဲနတ်ဆိုးသည် ဖားပြုတ်ကိုရိုက်ပုတ်ရန်အတွက် သူ့၏လက်ကို ဆန့်တန်းလိုက်၏။
ဖားပြုတ်သည် တုံ့ပြန်ခြင်းမရှိချေ။သူ၏ပါးစပ်ကို အကြိမ်အနည်းငယ်ခန့်ကျွတ်စုပ်ကာ ဖရိုဖရဲနတ်ဆိုးကိုစောင့်ကြည့်ပြီး သူ၏မျက်လုံးများတောက်ပနေသည်။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လေထုအတွင်းတွင်ရှိနေသော ဖရိုဖရဲနတ်ဆိုး ပျောက်ကွယ်သွားတော့သည်။
ဖားပြုတ်ငယ်လေးသည် စိတ်ကျေနပ်မှုရရှိသွားပုံဖြင့် လေချဥ်တက်လိုက်၏။
တချိန်တည်းမှာပင် တောင်ကြားအတွင်းတွင်ရှိနေကာ မျက်လုံးစုံမှိတ်ထားသော ကတုံးပြောင်လူကြီး၏ပါးစပ်မှ သွေးတလုတ်အန်ထွက်လာသည်။
ထို့နောက် သူသည် ထိတ်လန့်တကြား မတ်တတ်ထရပ်ကာ သူ့၏ကတုံးပြောင်ကို တို့ထိလိုက်သည်။
ဖရိုဖရဲနတ်ဆိုးသည် မည်သည်ကြောင့် ရုတ်တရက်ကြီး ပျောက်ကွယ်သွားသနည်း....
မည်သည့်ကိစ္စများဖြစ်ပျက်နေသနည်း။
ကတုံးပြောင်လူကြီးသည် ပလ္လင်ခွေထိုင်ကာ သူ့၏မျက်လုံးများကိုစုံမှိတ်ပြီး သူ့၏လက်ဖြင့်လက်ဟန်သင်္ကေတတချို့ကို ဖွဲ့စည်းကာ စကားလုံးတချို့ကို တီးတိုးရေရွတ်လိုက်၏။
အချိန်တစ်ခဏကြာပြီးနောက် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိလေဟာနယ် ရုတ်တရက်တွန့်လိမ်စပြုလာသည်။
"အချိန်နောက်ပြန်သွားခြင်းစွမ်းအား...အသက်ဝင်စမ်း....."
Thank For Reading.