အခန်း (၅၇၆-၅၈၀)
Vol. 39 Ch. 576-580
Chapter 576
ရီဖုန်းသည် အော်ဟစ်ရယ်မောမိတော့လုမတတ်ပင်။
ကြည့်ရသည်မှာ သူ လုပ်ဆောင်ခဲ့သောကိစ္စများသည် အချည်းနှီးဖြစ်သွားပုံမရချေ။
သို့ရာတွင် သူ နားလည်သဘောပေါက်ထားသော ကိစ္စတစ်ခု ကျန်ရှိနေသည်။
ဤအချိန်အခိုက်အတန့်သည် နောက်ဆုံးမဟုတ်ချေ။သူ နောက်ထပ်ပြုလုပ်မည့် ကိစ္စကသာ အရေးအကြီးဆုံးအရာပင်။
ထိုကြောင့် သူသည် မဆင်မခြင်ပြုမူခြင်းမရှိဘဲစိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
"ကောင်းတယ်...အရမ်းကောင်းတယ်..."
ရီဖုန်းသည် ရိုးရှင်းစွာခေါင်းညိတ်ပြရုံသာဖြစ်သော်လည်း ကုံးချန်အတွက် အလွန်ဝမ်းသာပျော်ရွှင်ဖွယ်ရာ ဖြစ်သွားခဲ့သည်။
အစောပိုင်းက ရီဖုန်း၏ဆိုလိုရင်းကို သူ အဓိပ္ပာယ်ကောက် မမှားခဲ့သည့်အတွက် သူ တိတ်တဆိတ်ဝမ်းသာပျော်ရွှင်နေမိသည်။
"အင်း....ငါတို့ အပေးအယူတစ်ခုလုပ်ကြမလား"
ရီဖုန်းက သံရှည်တစ်ချက်ဆွဲ၍ မေးမြန်းသည်။
"စီနီယာ...ကျေးဇူးပြုပြီး ရှင်းပြပေးပါအုံး"
ကုံးချန်က ရိုသေလေးစားစွာ တုံ့ပြန်သည်။
"အင်း...ဒီကျွန်းပေါ်မှာ အသက်ရှင်နေထိုင်ရတာ အရမ်းခက်ခဲတယ်ဆိုတာ မင်းလည်းသိမှာပါ...ဟုတ်တယ်မလား"
ရီဖုန်းက အဓိပ္ပါယ်အပြည့်ဖြင့် ပြောဆိုသည်။
"မင်းလည်း မြင်တွေ့ဖူးတာပဲ...တကယ်လို့ မင်းက ငါ့ရဲ့နောက်ကိုလိုက်မယ်ဆိုရင် အဲ့ဒီကိစ္စက အခက်အခဲရှိတော့မှာမဟုတ်ဘူး"
ထိုစကားကိုကြားချိန်တွင်...
အောက်သို့ခေါင်းငုံကာ စောင့်ဆိုင်းနေသော ကုံးချန်၏မျက်လုံးများ ပြူးကျယ်သွားသည်။
"စီနီယာ...ဒါက ဘာကိုဆိုလိုချင်တာလဲ"
"ကောင်းပြီလေ"
ရီဖုန်းက လိုရင်းအချက်ကို တဲ့တိုးပြောဆိုလိုက်တော့သည်။
"ငါက မင်းကို ငါ့ရဲ့နောက်လိုက် ဖြစ်စေချင်တယ်"
"မင်းက ငါ့ရဲ့နောက်လိုက်ဖြစ်လာရင်....ဒီကျွန်းပေါ်မှာ မင်း ဘေးကင်းကင်းနဲ့နေနိုင်ဖို့ ငါ အာမခံတယ်"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ကုံးချန်ကို ကြည့်လိုက်သည်။
သူ၏စိတ်နှလုံးသားအတွင်း၌ တိတ်တဆိတ်ခန့်မှန်းထားသည်မှာ ပြန်လည်ဝင်စားခြင်းအင်မော်တယ်တစ်ယောက်ဖြစ်သော ကုံးချန်သည် ဤကဲ့သို့ အခွင့်အရေးအနည်းငယ်မျှဖြင့် မည်သည်ကြောင့် သူ၏နောက်လိုက် ဖြစ်လာနိုင်မည်နည်း။
သို့ရာတွင် သူ လေးလေးနက်နက် စဉ်းစားတွေးတောခြင်း မပြုရသေးမီမှာပင် ကုံးချန်သည် ဘုန်းခနဲမြည်သံတစ်သံနှင့်အတူ မြေပြင်ပေါ်၌ ဒူးထောက်လိုက်မည်ဟု သူ မျှော်လင့်မထားမိချေ။
"စီနီယာ...ငါက ဆန္ဒရှိပါတယ်"
သူ၏အသံတွင် အလွန်အမင်းစိတ်လှုပ်ရှားသောအရိပ်အယောင်များ ရောယှက်နေသည်။
ထို့ပြင် စိတ်ဆန္ဒပြင်းပြခြင်းနှင့် ဝမ်းသာပျော်ရွှင်ခြင်းတို့လည်း ရှိနေပေ၏။
ကုံးချန်၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး ရီဖုန်းက လုံးလုံးလျားလျား အံ့အားသင့်တုန်လှုပ်သွားသည်။
ပြန်လည်ဝင်စားခြင်း အင်မော်တယ်အဆင့်ကျင့်ကြံသူ....
သူ့အား သိမ်းသွင်းရန် ဤမျှထိ လွယ်ကူသလော....
အစားအစာ အနည်းငယ်မျှဖြင့် သူသည်ချက်ချင်း ဒူးထောက်အရိုအသေပြုလိုက်လေပြီ။
မည်သို့ပင်ဆိုစေကာမူ ကုံးချန်ထံတွင် သူ၏နောက်လိုက်လုပ်ရန် ဆန္ဒရှိနေသဖြင့် ဤသည်မှာ ရီဖုန်းအတွက် ကောင်းမွန်သောကိစ္စတစ်ရပ်ပင်။
ပြန်လည်ဝင်စားခြင်း အင်မော်တယ်....
ဤသည်မှာ ထိပ်သီးတည်ရှိမှုကြီးတစ်ခုပင်။
အမှန်အားဖြင့်....
ရီဖုန်းသည် ဤထိပ်သီးတည်ရှိမှုကြီးအား သူ့၏နောက်လိုက်အဖြစ် လက်ခံလိုသော အကြောင်းအရင်းမှာ သူ ပြင်ပသို့ထွက်နိုင်ရန်အတွက် လမ်းတစ်လမ်းဖောက်လိုသောကြောင့်ပင်။
တွေးတောကြည့်ပါက...
သူသည် အရိပ်ကျွန်းမှထွက်နိုင်သောအခွင့်အရေးကိုယူ၍ ဤထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကို သူ့၏နောက်လိုက်ဖြစ်အောင် ဆွဲဆောင်ရပေမည်။
ဤနေရာအစုတ်အပြတ်ကြီးမှ ထွက်ခွာပြီးနောက် ပြင်ပသို့အရောက်တွင် သူ့အား ကာကွယ်စောင့်ရှောက်ပေးမည့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ရှိနေပါက ပို၍ကောင်းမွန်မည်မဟုတ်လော....
ဤလူသည် နောက်တစ်ချိန်တွင် ပြင်ပသို့ထွက်ပြီးနောက် စိတ်ပြောင်းလဲသွားမည်ကို စိုးရိမ်သဖြင့် သူသည် ကုံးချန်ကို နေရာမှာပင် ကျိန်ဆိုခိုင်းခဲ့သည်။
ဤကျိန်ဆိုခြင်းကိစ္စသည် အင်မော်တယ်နယ်ပယ် ကျင့်ကြံသူများအတွက် အသုံးဝင်ဆဲဖြစ်သည်ကို သူ သိရှိထားပေ၏။
ဤနည်းလမ်းဖြင့် သူ စိုးရိမ်ပူပန်ရန် မလိုအပ်တော့ချေ။
နောက်ရက်များအတွင်း၌....
ရီဖုန်း၏အနောက်ဖက်ခြံဝန်း၌ ကုံးချန်တစ်ယောက် အလုပ်ရှုပ်နေတော့သည်။
ရီဖုန်းအား အလွန်စိတ်ကျေနပ်စေသောအရာမှာ ကုံးချန်သည် အလွန်သိလွယ်တက်လွယ်ပြီး နေ့စဉ်သန့်ရှင်းရေးလုပ်ခြင်း သစ်ပင်ပန်းမန်များရေလောင်းခြင်းတို့ကို မခိုမကပ်ပြုလုပ်ခြင်းကြောင့်ပင်။
အရိုးရှင်းဆုံးပြောရပါက ကုံးချန်သည် အလုပ်ကြိုးစားသူတစ်ယောက်ပင်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် နေ့ရက်များ ကုန်ဆုံးသွားလေပြီ။
"အုံး အွမ်..."
"ဖရူး ဖရူး..."
"မင်းရဲ့နာမည်ကို ပြောင်းထားတယ်မဟုတ်လား..."
"အတည်မပြုရသေးဘူး..."
"မင်း...ခရုအိုကြီး..."
ဖားပမ်ဝေသည် ဒေါသတကြီးဖြင့် ပင်လယ်နက်အတွင်းသို့ ခုန်ဆင်းကာ ရေနက်ပိုင်းသို့ ကူးခတ်သွားတော့သည်။
မန်မန်သည် မျက်စောင်းထိုးကြည့်ကာ သူ့၏မျက်လုံးများကို မှိတ်လိုက်၏။
နံဘေးတစ်ဖက်တွင်ရှိနေကာ ဘိုးဘေးနှစ်ပါးကြားမှ စကားပြောဆိုနေမှုကို နားထောင်နေသော ကုံးချန်သည် အသက်ပင်ရဲရဲမရှုဝံ့ချေ။
ဤဘိုးဘေးနှစ်ပါး မည်မျှထိ အစွမ်းထက်သည်ကို သူ မည်သည့်နည်းဖြင့် သိရှိနိုင်မည်နည်း.....
ထိတ်လန့်ကြောက်ရွံမှုကြောင့် သူ့၏သွားများပင် တဂတ်ဂတ်ရိုက်နေလေပြီ။
ဖားပမ်ဝေသည် ပင်လယ်နက်အတွင်းသို့ ခုန်ဆင်းသွားသည်ကို ကြည့်ပြီးနောက် သူသည် မျက်နှာသုတ်ပဝါတစ်ထည်ကိုယူကာ မန်မန်၏အနီးသို့ တုန်တုန်ရီရီဖြင့် ချဥ်းကပ်လိုက်၏။
"ဆရာကြီးမန်မန်....ငါက မင်းရဲ့ခန္ဓာကိုယ်ကို သုတ်ပေးပါ့ရစေ"
မန်မန်က သူ့၏မျက်ခွံများကို ဖြည်းညှင်းစွာဖွင့်ကြည့်ပြီးနောက် တဖန်ပြန်၍ပိတ်လိုက်သည်။
ထိုအခြင်းအရာကိုကြည့်ပြီး...
ကုံးချန်က မန်မန်၏ခန္ဓာကိုယ်ကို ဂရုတစိုက် သုတ်ပေးလေသည်။
သို့ရာတွင် အချိန်တခဏကြာပြီးနောက် မန်မန်က သူ့၏မျက်လုံးများကို တဖန်ပြန်၍ဖွင့်လိုက်သည်။
"ငါ မင်းကို တစ်ခုလောက်မေးချင်တယ်"
"ဆရာကြီးမန်မန် ဆန္ဒရှိသလို မေးလို့ရပါတယ်"
"ခရုပမ်ဝေ....အဲ့ဒီနာမည်က ခေါ်လို့ကောင်းလား..."
"ဆရာကြီးမန်မန်ကို အဖြေပြန်ပေးပါရစေ...အဲ့ဒီနာမည်က အရမ်းကောင်းပြီးတော့ ဆရာကြီးမန်မန်ရဲ့အကျင့်စရိုက်နဲ့လည်း ကိုက်ညီတယ်"
ကုံးချန်က ရိုသေလေးစားစွာ တုံ့ပြန်သည်။
မန်မန်၏မျက်လုံးများ တောက်ပသွားပြီးနောက်....
စိတ်ကျေနပ်စွာဖြင့် သူ့၏မျက်လုံးများကို မှိတ်လိုက်၏။
အင်မော်တယ်နယ်မြေ တစ်နေရာ၌....
မြင့်မားသော ရဲတိုက်ကြီးတစ်ခု၏အောက်တွင် ခြင်္သေ့ရုပ်ထုများ ရှိနေသည့်အလား....
အနက်ရောင်ဝတ်ရုံဝတ် သက်ရှိလေးကောင်သည် မကျေမချမ်းဖြင့် မြေပြင်ပေါ်၌ထိုင်နေကာ သူတို့နံဘေးရှိ လေထုအတွင်း၌ စိတ်ဝိညာဥ်တစ်ကောင် မျောလွင့်နေသည်။
သူတို့၏အနက်ရောင်ဝတ်ရုံများပေါ်တွင် ဖုန်အလိမ်းလိမ်းကပ်နေကာ သူတို့ကိုကြည့်ရသည်မှာ ရှက်ရွံနေပုံပင်။
သူတို့ထံတွင် စိတ်ပျက်ညှိုးငယ်ခြင်းများဖြင့် ပြည့်နှက်နေပေ၏။
"ချင်....."
"ငါ ဒါကို နားမလည်နိုင်ဘူး"
"ဘာလို့ ခုလိုကိစ္စတွေ ဖြစ်လာတာလဲ"
လုပမ်ဝေသည် သူ့၏ပေါင်ကိုရိုက်ပုတ်ကာ မတ်တတ်ထရပ်ပြီး မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။
"မင်း ပြောကြည့်စမ်း...ငါတို့ညီအစ်ကိုတွေက ရွှေပြားတွေအများကြီး ရခဲ့တာကြောင့် ဒီအင်မော်တယ်နယ်မြေမှာ ပျော်ပျော်ရွှင်ရွှင်နဲ့လွတ်လွတ်လပ်လပ်နေနိုင်ခဲ့မယ်လို့ ငါ ထင်ထားခဲ့တာ...ဒါပေမယ့် သောက်ရေးမပါတာက ဒီနေရာအစုတ်အပြတ်ကြီးမှာ ရွှေပြားတွေကို သုံးလို့မရဘူး...အင်မော်တယ်သလင်းကျောက်တွေကိုပဲ သုံးလို့ရတယ်တဲ့လား"
"အစ်ကိုကြီး...ပြောနေတာကို ရပ်လိုက်တော့...ဆောင်ကြာမြိုင်က မိန်းကလေးက ငါ့ကိုဟန့်တားပြီးတော့ အရင်တစ်ခေါက်တုန်းက အကြွေးကို ချက်ချင်းပေးဖို့တောင်းနေတယ်"
ခွေးသည် သူ့၏နားထင်ကိုပွတ်ပြီး ဝမ်းနည်းကြေကွဲစွာ ပြောဆိုသည်။
"အစ်ကိုကြီးတို့....ငါ ဗိုက်ဆာတယ်...ငါ ဆာလောင်မွတ်သိပ်နေတာ အချိန်အတော်ကြာနေပြီ"
ဝက်ဝံနက်သည် ခေါင်းမော့ကာ ကြေကွဲဝမ်းနည်းသော အမူအယာဖြင့် လုပမ်ဝေကိုကြည့်လိုက်၏။
"အစား...အစား...အစား...မင်းသိတာက စားဖို့ပဲ....အစ်ကိုကြီးက ခုထိ အကြွေးတွေကိုတောင် ပြန်မဆပ်ရသေးဘူး....ဘယ်လိုလုပ်ပြီး စားစရာရှိမှာလဲ"
ကင်းခြေများက ဝက်ဝံနက်ကို မျက်စောင်းထိုး၍ကြည့်လေသည်။
ဝက်ဝံနက်သည် ဝမ်းနည်းကြေကွဲစွာဖြင့် သူ့၏ခေါင်းကို အောက်သို့ငုံကာ မြေပြင်ပေါ်ရှိမြက်ပင်များကို ဆွဲနှုတ်ပြီး သူ့၏ပါးစပ်အတွင်းသို့ တစ်ပင်ပြီးတစ်ပင်ထည့်လိုက်သည်။
"ငါက အစ်ကိုကြီးရဲ့နောက်ကိုလိုက်ရင် အောင်မြင်မယ်လို့ ထင်ခဲ့တာ...."
"အခုကတော့....."
"ဟူး...."
လေထုအတွင်း၌ မျောလွင့်နေသော စိတ်ဝိညာဥ်ဘုရင်သည် မိုးကောင်းကင်ယံကိုမော့ကြည့်ကာ သက်ပြင်းရှိုက်လိုက်၏။
Chapter 577
ရီဖုန်းသည် နောက်မှီကုလားထိုင်၌လဲလျောင်းကာ နောင်အနာဂတ်တွင် သူ ပြင်ပလောကသို့ထွက်သွားနိုင်ပါက သူ့၏နံဘေးတွင် ပြန်လည်ဝင်စားခြင်းအင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်မှ အကာအကွယ်ပေးနေမည်ကို တွေးတောမိချိန်တွင် သူ အလွန်ပျော်ရွှင်သွားသည်။
သို့ရာတွင် တစ်ယောက်ဖြင့် လုံလောက်ခြင်းမရှိချေ။
အကယ်၍ ကုံးချန်ကဲ့သို့လူများ များများစားစားရှိလာပါက ပို၍ကောင်းမွန်ပေမည်။
ထို့ကြောင့်....
သူသည် ခေါင်းငုံ၍ ပေါက်ပြားဖြင့်မြက်ပေါက်နေသော ကုံးချန်ကို ကြည့်လိုက်သည်။
"ကုံးချန်....ငါ မင်းကို ပြောစရာရှိတယ်...ငါက အင်မော်တယ်နယ်မြေကို ပထမဆုံးအကြိမ် ရောက်လာခဲ့တယ်....ဒါကြောင့် ငါက လူတစ်စုလိုအပ်နေတယ်"
ရီဖုန်းက အေးအေးလူလူပြောဆိုသည်။
"စီနီယာက ဘာကိုဆိုလိုတာလဲ"
ကုံးချန်သည် သူ့၏လက်အတွင်းရှိ ပေါက်ပြားကိုချကာ ရီဖုန်းကို စူးစိုက်၍ကြည့်လိုက်၏။
ဖြစ်နိုင်သည်မှာ....
ဤစီနီယာသည် တစ်စုံတစ်ခုကို စီစဉ်နေခြင်း ဖြစ်နေသလော....
"ငါ ဆိုလိုချင်တာက ...အဲ့ဒီကိစ္စအတွက်ကြောင့် ဒီကျွန်းပေါ်မှာ မင်းတစ်ချက်လောက် လိုက်ကြည့်ပေးနိုင်မလား....ငါ့အတွက် မင်း ဘယ်သူ့ကိုဆွဲခေါ်ပေးနိုင်မလဲ...မင်းရဲ့အသိအကျွမ်းတွေထဲမှာ တခြားအင်မော်တယ်နယ်ပယ် ကျင့်ကြံသူတွေ ရှိနေသေးလား"
ရီဖုန်းက အပြုံးနှင့်မေးမြန်းသည်။
တိကျသေချာစွာပင်...
ကုံးချန်သည် သူ့၏ခန့်မှန်းချက် မှန်ကန်နေသောကြောင့် တိတ်တဆိတ် ထိတ်လန့်တုန်လှုပ်သွားသည်။
ဤအချိန်အခိုက်အတန့်တွင် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ရည်မှန်းချက်ပန်းတိုင်တစ်ခုကို ချမှတ်လိုက်သည်။သူသည် အစွမ်းကုန်ကြိုးစားကာ အခွင့်ကောင်းတစ်ခုရှာ၍ နောင်အနာဂတ်တွင် ဤစီနီယာ၏ညာလက်ရုံးတစ်ယောက်ဖြစ်လာအောင် လုပ်ဆောင်ရပေမည်။
"အဲ့ဒီရွေးချယ်ခံတွေအတွက် လိုအပ်ချက်တစ်ခုခုများ ရှိနေမလား"
ကုံးချန်က မေးမြန်းသည်။
"ဒါက တောင်းဆိုချက်လေးတစ်ခုပါပဲ"
ရီဖုန်းက သူ့၏မေးကိုပွတ်သပ်ကာ တည်ငြိမ်စွာပြောဆိုသည်။
"လိုအပ်ချက်က တခုတည်းပဲရှိတယ်...မင်းနဲ့တူတဲ့လူမျိုးတွေဖြစ်ပြီးတော့ အကျင့်စရိုက်အရမ်းမဆိုးရွားရဘူး"
မည်သို့ပင်ဆိုစေကာမူ ဤအချိန်အခိုက်အတန့်တွင် သူ၏တစ်ခုတည်းသော အားသာချက်သည် ကျွန်းပေါ်၌ စားဝတ်နေရေးပြည့်စုံအောင် ဖန်တီးပေးနိုင်ခြင်းဖြစ်သည်ဟု သူ တွေးတောမိသည်။
အကယ်၍ ဤကျွန်းပေါ်တွင် စားဝတ်နေရေးအဆင်ပြေနေပါက သူတို့သည် သူ့၏နောက်လိုက်များ ဖြစ်လာကြမည်မဟုတ်ချေ။ထိုလူများသည် ကုံးချန်ကဲ့သို့ ဆာလောင်မွတ်သိပ်နေကာ အရိုးပေါ်အရည်တင်နေသူများဖြစ်ပါက အဆင်ပြေပေမည်။
သူတို့သည် ထမင်းတစ်ပန်းကန်ရရှိရန်အတွက် သူတို့၏ခါးကို ညွှတ်ကိုင်းကြမည်ဖြစ်သောကြောင့် ပို၍လက်တွေ့ဆန်သည်။
အကျင့်စရိုက်အတွက်ကမူ အလွန်အမင်းဆိုးဝါးခြင်းမရှိပါက သူ ထိန်းချုပ်နိုင်ပေမည်။
"ငါ သိပြီ"
ကုံးချန်က ဦးညွှတ်အရိုအသေပြုကာ တုံ့ပြန်လိုက်သည်။
သို့ရာတွင် သူ၏မျက်နှာပေါ်၌ ခါးသည်းသောအပြုံးတစ်ခု ရှိနေသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ပြန်လည်ဝင်စားခြင်း အင်မော်တယ်တစ်ယောက်ပင်။ပြင်ပလောက၌ သူကဲ့သို့တည်ရှိမှုကြီးတစ်ခုသည် လူအများ၏အထက်၌ ရပ်တည်နိုင်စွမ်းရှိသည်။ သို့ရာတွင် စီနီယာ၏အမြင်တွင်မူ သူသည် သနားဖွယ်ကောင်းသော လူတစ်ယောက်သာဖြစ်ပေ၏။
သူတို့နှစ်ယောက်၏အတွေးအခေါ်များသည် မိုးနှင့်မြေတမျှကွာခြားနေသည်။
တချိန်တည်းမှာပင် ရွေးချယ်ခံများအတွက် စီနီယာ၏လိုအပ်ချက်များသည် အနိမ့်ဆုံးအနေဖြင့် ပြန်လည်ဝင်စားခြင်းအင်မော်တယ်များဖြစ်နိုင်ကြောင်းကိုလည်း သူ နားလည်သဘောပေါက်သွားသည်။
"ငါ သိသလောက်တော့ ကျွန်းပေါ်မှာ ပုန်းအောင်းနေတဲ့ အစွမ်းထက်ကျင့်ကြံသူတွေအများကြီးရှိနေတယ်...သူတို့ရဲ့စွမ်းအားက ငါနဲ့အတူတူပဲ"
ကုံးချန်က ပြောဆိုသည်။
"အော်...."
"ဒါဆိုရင် မင်း သူတို့ကို ရှာနိုင်လား"
ရီဖုန်း၏မျက်လုံးများ တောက်ပသွားသည်။
"ဒီကျွန်းပေါ်ကို ရောက်နေတဲ့လူတွေထဲမှာ...ပြင်ပလောကမှာတုန်းက နည်းနည်းရင်းနှီးခဲ့တဲ့လူတွေရှိနေတယ်...ငါ သူတို့ကိုရှာလို့ရနိုင်တယ်"
"အခုချိန်မှာ သူတို့အားလုံးက အားအင်ချည့်နဲ့နေတဲ့ အခြေအနေမှာ ရှိနေတာလေးတစ်ခုပဲ...သူတို့က စီနီယာအတွက် အများကြီးတာဝန်ထမ်းဆောင်ပေးနိုင်မှာ မဟုတ်ဘူး"
ကုံးချန်က စိုးရိမ်ပူပန်တကြီးပြောဆိုသည်။
"သူတို့ အသက်ရှင်နေရင်ပဲ အဆင်ပြေပြီ...ကျန်တာ အရေးမကြီးဘူး"
ရီဖုန်းသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ တိတ်တဆိတ်ဝမ်းသာပျော်ရွှင်သွားသည်။သူလိုအပ်သည်မှာ ဤကဲ့သို့ အခြေအနေမျိုးပင်။ အကယ်၍ ထိုလူများသည် ဤကဲ့သို့အခြေအနေမျိုး၌ ရှိမနေပါက သူ လွယ်လင့်တကူ ကိုင်တွယ်နိုင်မည် မဟုတ်ချေ။
"ဟုတ်ကဲ့....ငါက နည်းနည်းလေး စိုးရိမ်ပူပန်လွန်သွားခဲ့မိတယ်"
ကုံးချန်သည် ခါးသည်းစွာပြုံးလိုက်၏။
ယခင်က သူသည်လည်း ပင်ပန်းနွမ်းနယ်ကာ အားအင်ချည့်နဲ့နေသည့်အဆင့်မျိုး၌ ရှိနေခဲ့သည်မဟုတ်လော....
ဤသည်မှာ လင်းတလည်ပင်းတစ်ချောင်းဖြင့် ပြေလည်သွားခဲ့သည့်ကိစ္စပင်။
"ဒါဆိုရင် ငါ အခုချက်ချင်း သွားလိုက်ရမလား"
ကုံးချန်က ရိုသေလေးစားစွာ မေးမြန်းသည်။
"သွားတော့...မင်း မှတ်ထားရမှာက လူများများရရင် ပိုကောင်းတယ်"
ရီဖုန်းက အပြုံးဖြင့် ထပ်မံ၍မှာကြားသည်။
"ငါ သိပြီ"
ကုံးချန်က နောက်သို့ပြန်ဆုတ်လိုက်၏။
ထို့နောက် ကုံးချန်သည် ရီဖုန်း၏ညွှန်ကြားချက်အတိုင်းလိုက်နာကာ ဤကျွန်းပေါ်၌ သူ နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့သော အချိန်အတောအတွင်း သိကျွမ်းခဲ့သည့် သိဟောင်းကျွမ်းဟောင်းများကို စတင်၍ရှာဖွေလိုက်တော့သည်။
...
အနီရောင်ဝတ်စုံဝတ်ဆင်ထားသော ကျန်းကျီသည် အဝေးတစ်နေရာရှိ ပင်လယ်နက်ကြီးကို ကြည့်လိုက်သည်။
သူမ၏လှပသောမျက်လုံးများအတွင်းတွင် မလိုလားသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
နာကျည်းမုန်းတီးမှုများလည်း ရှိနေပေ၏။
အနာဂတ်တွင် သူမ ဤကျွန်းပေါ်တွင် နှစ်အကန့်အသတ်မရှိ နေထိုင်ရမည်ဖြစ်ကာ တဖြည်းဖြည်းလုံးပါးပါးပြီး သေဆုံးသွားရမည်ကို တွေးတောမိချိန်တွင် သူမ၏လက်သီးကိုတင်းတင်းကြပ်ကြပ်ဆုပ်လိုက်ပြီး ပြင်းထန်စွာ တုန်ရီသွားသည်။
သို့ရာတွင်...
သူမထံ၌ မျှော်လင့်ချက်အနည်းငယ် ကျန်ရှိနေသည်ဟု သူမ ခံစားမိသည်။
ဤသည်မှာ အရိပ်ဝံပုလွေများကို အမဲလိုက်သတ်ဖြတ်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ဆရာကြီးပင်။
ဤရက်များအတွင်းတွင် သူမသည် အရိပ်ဝံပုလွေများ၏အလောင်းများကို ရာနှင့်ချီပြီး မြင်တွေ့ခဲ့ရသည်။
ထိုအလောင်းများအပြင် သူမသည် အရိပ်ဝံပုလွေတကောင်ကိုမျှ ရှာမတွေ့တော့သဖြင့် သူမရှောင်တိမ်းနေရန်လည်း မလိုအပ်တော့ချေ။
ကြည့်ရသည်မှာ...
ဤကျွန်းပေါ်ရှိ အရိပ်ဝံပုလွေများအားလုံးသည် ထိုဆရာကြီး၏ အမြစ်ပြတ်သုတ်သင်ခြင်းကို ခံလိုက်ရပုံပင်။
ဤကဲ့သို့ ဆိုးရွားသောပတ်ဝန်းကျင်မျိုးတွင် ယခုကဲ့သို့ စွမ်းအားမျိုးကို ထုတ်ဖော်အသုံးပြုနိုင်သည်မှာ သူမ စိတ်ကူးယဥ်တွေးတောနိုင်သည်ထက် ကျော်လွန်သော ထိပ်သီးအစွမ်းထက် ဆရာကြီးတစ်ယောက် ဖြစ်ပေမည်။
အကယ်၍ သူမသည် ထိုဆရာကြီးနှင့်သိကျွမ်းခွင့်ရပါက နောင်တချိန်တွင် သူမ ပြင်ပသို့ထွက်နိုင်မည့်နေ့အထိ သူမ ကျွန်းပေါ်၌တောင့်ခံထားနိုင်ပေမည်။
သူမ တခြားနေရာသို့ထွက်သွားရန် ဟန်ပြင်လိုက်စဉ်မှာပင်...
ရုတ်တရက် မိုးကောင်းကင်ယံအတွင်းတွင် လေပြင်းများ တိုက်ခတ်လာသည်။
သူမသည် ထိတ်လန့်တကြားဖြင့် ခေါင်းမော့ကြည့်လိုက်ရာ လေထုအတွင်း၌ လူအိုကြီးတယောက်ရှိနေသည်ကို သူမ ရုတ်တရက်တွေ့မြင်မိလေ၏။
ထိုလူအိုကြီးသည် စိတ်အေးလက်အေး လမ်းလျှောက်နေသည်။
သူ့၏လွတ်လပ်ပေါ့ပါးသော ပုံပန်းသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် လေပြင်းများ၏တိုက်စားမှုကို အနည်းငယ်မျှစိုးရိမ်ပူပန်ပုံမရချေ။ထို့ပြင် သူသည် မှော်စွမ်းအားများ အသုံးပြုရမည်ကိုလည်း ကြောက်ရွံ့နေပုံမရှိပေ။
သူမ၏လှပသောမျက်လုံးလေးများ တောက်ပသွားသည်။
"သူက အရိပ်ဝံပုလွေတွေကို သတ်ခဲ့တဲ့....လျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာကြီး ဖြစ်နေမလား...."
လေပြင်းများကို လစ်လျူရှုထားနိုင်သည်မှာ ထိုလျှို့ဝှက်ဆန်းကြယ်သော ဆရာကြီးမှတပါး တခြားမည်သူမျှ လုပ်ဆောင်နိုင်မည်မဟုတ်ဟု သူမက တွေးတောမိသည်။
သူမ၏စိတ်လှုပ်ရှားမှုကိုဖော်ပြရန် စကားလုံးများ ရှာမတွေ့တော့ချေ။
ဤကဲ့သို့လူတစ်ယောက်ကို သူမ တမင်သက်သက် လိုက်လံရှာဖွေပါက တွေ့ဆုံနိုင်ရန် လွန်စွာခက်ခဲပေမည်။အကယ်၍ ကံကြမ္မာရေစက်ရှိလာပါက သူမသည် မည်သည့်အင်အားစိုက်ထုတ်မှုမျိုးမျှမရှိဘဲ ထိုဆရာကြီးနှင့် ဆုံတွေ့ရပေမည်။
သူမသည် ထိုလူအိုကြီးနောက်သို့ အလျင်အမြန်ပြေးလိုက်ကာ အော်ဟစ်လိုက်၏။
"စီနီယာ...ခဏနေပါအုံး"
ရီဖုန်းအတွက် ရွေးချယ်ခံများရှာဖွေရန် လမ်းတလျှောက်လုံး ပျံသန်းလာသော ကုံးချန်သည် ကျန်းကျီ၏တည်ရှိမှုကို သတိပြုမိသွားသဖြင့် မသိမသာမျက်မှောင်ကြုတ်ကာ ရပ်တန့်လိုက်သည်။
'ပြန်လည်ဝင်စားခြင်း အင်မော်တယ်တစ်ယောက်ပဲ...သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဒေါသစွမ်းအားက အရမ်းမများသေးဘူး...ကြည့်ရတာတော့ သူက ဒီနေရာမှာ လှောင်ပိတ်ခံရတာ သိပ်ကြာသေးတဲ့ပုံမရဘူး'
ကုံးချန်သည် သူ့ရှေ့ရှိ ကျန်းကျီကိုကြည့်ပြီးနောက် သူမ၏အခြေအနေကို ချက်ချင်းနားလည်သဘောပေါက်သွားသည်။
"မင်းမှာ ဘာကိစ္စရှိလို့လဲ"
သူက မေးမြန်းလိုက်သည်။
"ငါက ရှကျန်းကျီပါ...စီနီယာကို အရိုအသေပြုပါတယ်"
ကျန်းကျီက ရိုသေလေးစားစွာ ပြောဆိုသည်။
"ဂျူနီယာ လှမ်းခေါ်လိုက်တယ် ဆိုတာက....စီနီယာနဲ့မိတ်ဆွေဖွဲ့ချင်လို့ပါပဲ"
"ကုံးချန်...."
ကုံးချန်က ခေါင်းညိတ်ပြလိုက်၏။မည်သို့ပင်ဆိုစေကာမူ ပြန်လည်ဝင်စားခြင်းအင်မော်တယ်တစ်ယောက်မှနေ၍ သူ့အား စတင်၍မိတ်ဖွဲ့နေသည်ဖြစ်ရာ သူ ယဉ်ကျေးသိမ်မွေ့စွာ တုံ့ပြန်ရပေမည်။
"ငါက စီနီယာကုံးကို အရိုအသေပြုပါတယ်"
ကုံးချန်ကိုပြောဆိုဆက်ဆံရသည်မှာ ကောင်းမွန်ပုံရသည်ကိုကြည့်ပြီး ကျန်းကျီသည် အလွန်ဝမ်းသာပျော်ရွှင်သွားပေ၏။အကယ်၍ သူမသည် သူနှင့်မိတ်ဆွေဖွဲ့နိုင်ပါက ဤကျွန်းပေါ်၌ နေထိုင်ရသည်မှာ သူမအတွက် အဆင်ပြေသွားပေမည်။ထို့ကြောင့် သူမက ဆက်လက်၍ ပြောဆိုလိုက်သည်။
"စီနီယာကုံးက ဘယ်နေရာကလာတာလဲဆိုတာငါ မေးလို့ရမလား...စီနီယာက ဘာလို့ ဒီနေရာမှာလှောင်ပိတ်ခံထားရတာလဲ"
"ဒါက လူယုတ်မာတစ်ယောက်ကြောင့်ပဲ"
ကုံးချန်သည် ပေါ့ပေါ့ပါးပါးပြောဆိုပြီးနောက် အဝေးတစ်နေရာသို့ တချက်ကြည့်ကာ ရီဖုန်း၏မှာကြားချက်များကို သတိရသွားသည်။သူသည် ကျန်းကျီနှင့် ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံနေရန် ရည်ရွယ်မထားချေ။
ထိုကြောင့် သူက ပြောဆိုလိုက်၏။
"အခု ငါ့မှာ လုပ်စရာကိစ္စတွေ ရှိနေတယ်.... တကယ်လို့ နောင်တစ်ချိန်မှာ အခွင့်အရေးတစ်ခုရမယ်ဆိုရင် ငါတို့ အဲ့ဒီအကြောင်းတွေကို ပြောကြတာပေါ့"
ထိုသို့ပြောဆိုပြီးနောက် သူက ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
ဤသည်မှာ ကျန်းကျီကို အလွန်အမင်း စိတ်ဓာတ်ကျသွားစေသည်။
အမှန်အားဖြင့် သူမသည် ဤအစွမ်းထက်သောဆရာကြီးအား အတင်းအကြပ် မိတ်ဖွဲ့ခဲ့ခြင်းသာဖြစ်ရာ တစ်ဖက်လူသည် မည်သည်ကြောင့် သူမအား ရင်းရင်းနှီးနှီးဆက်ဆံလိုစိတ် ရှိမည်နည်း။
သို့ရာတွင် သူမထံ၌ စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေသောအချိန်မှာပင် ကုံးချန်သည် ထွက်ခွာမသွားမီ သူမအား ကျောက်စိမ်းပြာတစ်ခု လက်ကမ်းပေးလေသည်။
"ဒီကျောက်စိမ်းပြားမှာ ငါ့ရဲ့အရှိန်အဝါရှိနေတယ်...နောင်တစ်ချိန်မှာ အခွင့်အရေးတစ်ခုရှိမယ်ဆိုရင် ငါ မင်းကို လာရှာမယ်"
ကုံးချန်က တည်ကြည်လေးနက်စွာ ရှင်းပြလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ရီဖုန်း၏မှာကြားချက်ဖြစ်သော 'လူများလေပိုကောင်းလေ'ဟူသောအချက်ကို မှတ်မိနေဆဲပင်။
ပြန်လည်ဝင်စားခြင်းအင်မော်တယ်များသည် ဂေါ်ဖီထုပ်များမဟုတ်သဖြင့် ဤကျွန်းပေါ်တွင် ထိုကဲ့သို့ လူတစ်ယောက်နှင့် မတော်တဆတွေ့ဆုံရသည်မှာ သူ မျှော်လင့်မထားမိသောအကျိုးအမြတ်တစ်ခုပင်။နောင်တချိန်တွင် သူမသည် စီနီယာအတွက် အသုံးဝင်ကောင်းဝင်လာနိုင်သည်။
သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ သူသည် ကျန်းကျီနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိသေးချေ။
ထို့ကြောင့် ကျန်းကျီ၏အကျင့်စရိုက်နှင့်ပတ်သက်ပြီး သူ မသိရှိပေ။
ထို့ကြောင့် သူသည် သူမနှင့်ပတ်သက်ပြီး အနည်းငယ်စုံစမ်းစစ်ဆေးလိုသဖြင့် ဤကဲ့သို့ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။
ကျန်းကျီက ကျောက်စိမ်းပြားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်၏။
သူမ အံ့အားသင့်နေသည်။
ဤသည်မှာ သူမအတွက် မျှော်လင့်ချက်တစ်ခုကို ကုံးချန်မှ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သူမ နားလည်သဘောပေါက်ထားသည်။
အနာဂတ်တွင် သူမသည် ထိပ်သီးအစွမ်းထက်ဆရာကြီးတစ်ယောက်ဖြစ်သော ကုံးချန်၏ကာကွယ်စောင့်ရှောက်မှုကို ရရှိလာနိုင်သည်။
သူမ အသက်ရှင်သန်နေသရွေ့ နောင်အနာဂတ်တွင် ဤကျွန်းပေါ်မှ ထွက်ခွာသွားနိုင်မည့်မျှော်လင့်ချက် ရှိလာပေမည်။
Chapter 578
ကုံးချန်သည် ရီဖုန်းကို စိတ်ပျက်သွားစေခြင်းမရှိချေ။
ရက်အနည်းငယ်အတွင်းတွင် ကုံးချန်သည် ရီဖုန်းအတွက် လူဆယ်ယောက်ကျော် ရှာပေးနိုင်ခဲ့သည်။
ထိုလူဆယ်ယောက်ကျော်သည် အစပထမတွင် ကုံးချန်၏စကားများကို မယုံကြည်ကြချေ။
သို့ရာတွင် ကုံးချန်၏ခေါင်းမာမှုကြောင့် လူတိုင်းသည် ဝန်လေးစွာဖြင့် ရီဖုန်း၏ခြံဝန်းအတွင်းသို့ ရောက်ရှိလာကြသည်။
ရီဖုန်း၏နည်းလမ်းများကိုကြည့်ပြီး သူတို့သည် လုံးလုံးလျားလျား သဘောကျနှစ်ခြိုက်သွားသည်။
ထို့ကြောင့် သူတို့သည် ဤနေရာသို့ရောက်ရှိလာပြီးနောက် စိတ်ရင်းဖြင့် ပြင်းပြင်းထန်ထန်ကြိုးစားကာ မြက်ပေါက်ခြင်း ရေလောင်းခြင်းစသောအလုပ်များကို လုပ်ကိုင်ကြသည်။
ဤလူများ၏အခြေအနေကြောင့် ရီဖုန်း အလွန်အမင်း စိတ်ကျေနပ်နေသည်။
သူတို့တစ်ယောက်ချင်းစီသည် ပြန်လည်ဝင်စားခြင်း အင်မော်တယ်တစ်ယောက်ပင်။
သူတို့အားလုံးသည် သူ့အပေါ်တွင် သစ္စာစောင့်သိမည်ဟု နတ်ဘုရားများကိုတိုင်တည်၍ ကျိန်ဆိုကြလေ၏။
ဤှသည်မှာ မည်သည့်အရာကို ဆိုလိုခြင်းဖြစ်သနည်း။နောင်အနာဂတ်တွင် သူ ဤကျွန်းပေါ်မှ ထွက်ခွာသွားချိန်၌ အင်မော်တယ်နယ်မြေအတွင်းတွင် ထင်ရာစိုင်းနိုင်ပေမည်။
သူသည် မတော်တဆ ဆရာကြီးတစ်ယောက် ဖြစ်လာခဲ့လေပြီ။
မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားသည်။
"ဒင် ..."
"လက်ခံသူကို ဂုဏ်ပြုပါတယ်"
"အင်မော်တယ်မြစ်ကုန်းမြေကနေ ကံကြမ္မာရမှတ်တွေကို လက်ခံရရှိပါတယ်"
"ကံကြမ္မာရမှတ်...ခြောက်ရာ"
"ဒါက တကယ့်ကို အချိန်ကျလာပြီ"
ဤအချိန်သို့ရောက်ရှိရန် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော ရီဖုန်း၏နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။
နောက်ဆုံး၌....
သူစောင့်ဆိုင်းနေသောနေ့သို့ ရောက်ရှိလာလေပြီ။
သူသည် မအောင့်အည်းနိုင်တော့ဘဲ စနစ်ကိုဖွင့်ကာ အပိုကံကြမ္မာအမှတ်များဖြင့် နေ့စဉ်သုံးပစ္စည်းတချို့နှင့်အပင်ပေါက်များကို လဲလှယ်လိုက်သည်။ထို့နောက် သူ၏အကြည့်သည် ကူးပြောင်းခြင်းထံသို့ အခိုင်အမာကျရောက်သွားလေ၏။
"ဒီခွေးစနစ်က ငါ့ကိုမလှည့်စားဖို့ ငါ မျှော်လင့်တယ်"
ရီဖုန်းက သူ၏လက်များကိုပွတ်သပ်ကာ ရေရွတ်လိုက်သည်။
ထို့နောက် လဲလှယ်ရန်အတွက် အတည်ပြုလိုက်၏။
ရုတ်တရက် သတင်းစကားတစ်ခုက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
ကူးပြောင်းခြင်းသည် ချက်ချင်းစတင်မည်ဖြစ်ကာ အင်မော်တယ်နယ်မြေအတွင်းရှိ နေရာတစ်နေရာသို့ ကြုံရာကျပန်း ရောက်ရှိသွားပေမည်။
ပထမဆုံးအကြိမ် ကူးပြောင်းပြီးနောက် နေရာနှစ်နေရာ၏တည်နေရာအမှတ်များကို သတ်မှတ်ပြီးဖြစ်သည်။ထိုအချိန်ကစတင်ပြီး သူသည် ထိုတည်နေရာအမှတ်များကို ကူးပြောင်းခြင်းအား တစ်ရက်ကြာစောင့်ဆိုင်းပြီးနောက် အပြန်အလှန် သွားလာနိုင်ပေမည်။
"ကောင်းပြီလေ"
ရီဖုန်း၏မျက်နှာပေါ့၌ ဝမ်းသာပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
ကြည့်ရသည်မှာ ဤတကြိမ်တွင် ခွေးစနစ်သည် သူ့အား လှည့်စားပုံမရချေ။ထိုကြောင့် သူသည် ပင်လယ်နက်ကြီးကို ဖြည်းညှင်းစွာဖြတ်ကူး၍သွားရန် မလိုအပ်တော့ပေ။
မကြာမီမှာပင် သူသည် ပြင်ပသို့ထွက်ကာ အစစ်အမှန်အင်မော်တယ်နယ်မြေကို ကြည့်ရန်အတွက် မစောင့်ဆိုင်းနိုင်တော့ချေ။
အစစ်အမှန်အင်မော်တယ်နယ်မြေသည် မည်ကဲ့သို့ပုံစံမျိုး ရှိသနည်း....
"ကုံးချန်...အိမ်မှာရှိတဲ့ အပင်ပေါက်တွေနဲ့မျိုးစေ့တွေကို စိုက်ပျိုးထားဖို့ တခြားလူတွေအားလုံးကို ပြောလိုက်စမ်း...မင်းက တောက်တိုမည်ရ အလုပ်ကလေးတွေရှာပြီး လုပ်ထားအုံး...ငါအပြင်ကို ခဏသွားလိုက်အုံးမယ်"
ရီဖုန်းသည် ထွက်ခွာမသွားမီ ကုံးချန်၏ပခုံးကိုပုတ်ကာ ပြောဆိုလိုက်သည်။
"အပြင်ကို သွားမလို့လား"
ကုံးချန်၏မျက်လုံးများ ပြူးကျယ်သွားကာ ထိတ်လန့်တကြား ပြောဆိုလိုက်၏။
"စီနီယာ....မင်း အပြင်ကိုသွားမယ်ဆိုတာက ဒီအရိပ်ကျွန်းကနေ ထွက်သွားမယ်လို့ ဆိုလိုတာလား"
ထိုစကားကိုကြားချင်တွင် တခြားပြန်လည်ဝင်စားခြင်းအင်မော်တယ် ဆယ်ယောက်ကျော်သည်လည်း သူတို့နှစ်ယောက်ကို လှည့်ကြည့်လိုက်ကြသည်။
"သေချာတာပေါ့"
ရီဖုန်းက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြသည်။
ဟူး....
ကုံးချန်နှင့်တခြားလူများအားလုံး ပင့်သက်ရှိုက်လိုက်ကြ၏။
ဤစကားကိုပြောဆိုရန် စီနီယာအတွက် အလွန်အမင်း လွယ်ကူပုံရသည်။
ဤအရိပ်ကျွန်းသည် သူ ဆန္ဒရှိသကဲ့သို့ အသွားအပြန်လုပ်နိုင်သော နေရာတစ်ခု အမှန်တကယ် ဖြစ်နေသလော.....
ဤအချိန်အခိုက်အတန့်တွင် လူတိုင်းသည် မျှော်လင့်တကြီးဖြင့် ရီဖုန်းကို ကြည့်လိုက်ကြသည်။
သူတို့၏စိတ်နှလုံးသားအတွင်း၌ ရီဖုန်း မည်ကဲ့သို့ထွက်ခွာသွားမည်ကို အလွန်အမင်း သိချင်စိတ်ပြင်းပြနေသည်။
လေဟာနယ်ကို ဆုတ်ဖြဲ၍...
သို့မဟုတ် ပျံသန်းသွားခြင်းဖြင့်...
သူတို့အားလုံးသည် မျှော်လင့်တကြီး စောင့်ဆိုင်းလိုက်ကြ၏။
သို့ရာတွင်....
သူတို့အားလုံး၏ရှေ့တွင်ရှိသော ရီဖုန်းသည် နှာချေသံတစ်ချက်နှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
လူတိုင်းသည် အောက်မေးရိုးများ ပြုတ်ကျလုမတတ် ထိတ်လန့်တုန်လှုပ်သွားပေ၏။
ချက်ချင်း ကူးပြောင်းသွားခဲ့သလော...
ခြံဝင်းအတွင်းတွင်ရှိနေသော လူတစ်စုလုံး ကြက်သေသေသွားသည်။
ဤသည်မှာ မည်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းတစ်ခု ဖြစ်သနည်း....
အရိုးရှင်းဆုံးပြောရပါက သူတို့သည် ဤနည်းလမ်းမျိုးကို ကြားဖူးနားဝမရှိ မြင်တွေ့ဖူးခြင်းမရှိချေ။
"အရမ်းအစွမ်းထက်တာပဲ"
တစ်စုံတစ်ယောက်က တံတွေးများမြိုချကာ ပြောဆိုသည်။
"ကုံးချန် ခွေးမသား...ဒီစီနီယာရဲ့ပေါင်ကို မင်းဘယ်လိုတွယ်ဖက်ထားလဲဆိုတာ ငါတို့ကိုပြောပြစမ်း"
လူတိုင်းသည် ကုံးချန်ကိုဆုပ်ကိုင်ကာ သူ့အား တပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
"မင်းတို့ ဘာလုပ်တာလဲ"
ကုံးချန်သည် သူတို့အားတွန်းထုတ်ကာ တင်းမာခက်ထန်နေသောမျက်နှာဖြင့် သူ့၏ရင်ဘတ်ကိုကော့ကာ အော်ဟစ်လိုက်သည်။
"မင်းတို့ စကားကို ဘယ်လိုမျိုးပြောလိုက်တာလဲ....ငါ စီနီယာနဲ့သိကျွမ်းတယ်ဆိုတာ ငါ့ရဲ့ကံကောင်းမှုကြီးပဲလေ...ဘာလဲ....မင်းတို့က မြစ်ကိုဖြတ်ပြီးပြီဆိုတော့ တံတားကိုဖျက်ဆီးချင်တာလား....တကယ်လို့ ငါကြောင့်သာမဟုတ်ရင် မင်းတို့ စီနီယာနဲ့သိကျွမ်းခွင့်တောင် ရမှာမဟုတ်ဘူး...မင်းတို့ လှိုဏ်ခေါင်းထဲမှာပဲ ဆက်နေပြီးတော့ မြေကြီးတွေကိုပဲ ဆက်စားနေရမှာမဟုတ်လား"
"မြန်မြန် အလုပ်မလုပ်ကြသေးဘူးလား...စီနီယာက ဘာမှာထားခဲ့လဲဆိုတာ မင်းတို့ မေ့သွားကြပြီလား"
ကုံးချန်၏မောက်မာထောင်လွှားသော ပုံပန်းသွင်ပြင်ကိုကြည့်ပြီး လူတိုင်း၏မျက်လုံးများသည် မီးတောက်များကဲ့သို့ တောက်ပနေပေ၏။
သူတို့ထံတွင် ယခင်ထက်ပိုသော မနာလိုအားကျမှုများဖြင့် ပြည့်နှက်နေသည်။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ရီဖုန်းနှင့်အရင်ဆုံးသိကျွမ်းရန်အတွက် သူတို့ထံတွင် အခွင့်အရေးမရှိခဲ့ချေ။
"ဘယ်လောက်တောင် ကြီးမားတဲ့ ကံကောင်းမှုကြီးလဲ"
...
မြင်ကွင်းများ ပြောင်းလဲသွားကာ....
ရီဖုန်း၏မျက်လုံးများတောက်ပသွားပြီး ပတ်ဝန်းကျင်အသစ်စက်စက်တစ်ခုက သူ၏ရှေ့၌ ထွက်ပေါ်လာသည်။
ကြီးကျယ်ခမ်းနားသော အဆောက်အအုံ...
ကြီးမားသောရင်ပြင်...
အဝေးတစ်နေရာရှိ တောင်တန်းများကို မြူခိုးများက လွှမ်းခြုံနေသည်။
လေကောင်းလေသန့်ကို တစ်ချက်ရှူရှိုက်လိုက်ချိန်တွင် သူ့၏စိတ်လန်းဆန်းသွားသော ခံစားချက်မျိုး ရရှိလေ၏။
'ဒါက အမှန်ပဲ'
'ဒီနေရာကမှ အစစ်အမှန် အင်မော်တယ်နယ်မြေပဲ'
ရီဖုန်း၏မျက်နှာထက်တွင် ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
နောက်ဆုံး၌ သူသည် အစစ်အမှန် အင်မော်တယ်နယ်မြေသို့ ရောက်ရှိနိုင်လေပြီ။
သို့ရာတွင် ရီဖုန်းသည် သူ့၏နံဘေး၌ လူအမြောက်အများ မတ်တတ်ရပ်နေသည်ကို ရှာဖွေတွေ့ရှိမိသဖြင့် အံ့အားသင့်တုန်လှုပ်သွားသည်။
ဤနေရာတွင်ရှိနေသောသူများသည် အုပ်စုသုံးစုခွဲ၍ စည်းကမ်းတကျ မတ်တတ်ရပ်နေကြသည်။ရီဖုန်းသည် ထိုလူအုပ်စုသုံးစုအနက်မှတစ်စုအတွင်းသို့ ရောက်ရှိသွားခြင်းဖြစ်သည်။
သို့ရာတွင်....
ရီဖုန်း၏ရုတ်တရက်ထွက်ပေါ်လာမှုကို ဤနေရာတွင်ရှိသော မည်သူတစ်ဦးတစ်ယောက်ကမျှ သတိပြုမိခြင်းမရှိချေ။
"ပထမဆုံးအနေနဲ့ နေလဂိုဏ်းကို ဝင်ခွင့်ရသွားတဲ့အတွက် မင်းတို့ကို ဂုဏ်ပြုပါတယ်...ခုအချိန်ကစပြီးတော့ မင်းတို့က နေလဂိုဏ်းရဲ့တပည့်တွေ ဖြစ်သွားပြီ"
ရီဖုန်း ကြက်သေသေနေစဉ်မှာပင် လူအိုကြီးတစ်ယောက် ရောက်ရှိလာကာ ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်သောအသံဖြင့် ပြောဆိုသည်။
"အခု မင်းတို့အားလုံး ငါ့ရဲ့အမိန့်ကို နားထောင်ကြစမ်း...မင်းတို့က တန်းစီပြီးတော့ မင်းတို့ရဲ့ အထောက်အထားတွေ နာမည်တွေကို သတင်းပို့ရမယ်...ပြီးရင် မင်းတို့ရဲ့တပည့်တံဆိပ်ပြားကို ရမယ်"
ထိုအသံ ကျရောက်လာသည်နှင့်အတူ တပည့်များအားလုံးသည် သူတို့၏သက်သေခံတံဆိပ်ပြားများကို ရရှိနိုင်ရန်အတွက် စတင်၍ တန်းစီလိုက်ကြတော့သည်။
အင်မော်တယ်နယ်မြေ၏အလုပ်လုပ်နိုင်စွမ်းသည် အမှန်တကယ်ကို လျှင်မြန်ပေ၏။
အချိန်တစ်ခဏကြာပြီးနောက် ရီဖုန်း၏အလှည့်သို့ ရောက်ရှိလာသည်။
"နာမည်..."
"အမ်...."
ရီဖုန်းသည် ဇဝေဇဝါဖြင့် သူ၏နှာခေါင်းကို ပွတ်သပ်လိုက်သည်။မှတ်တမ်းတင်ရာ၌ ခေါင်းဆောင်သော လူကြီးသည် သူ့အား စူးစိုက်ကြည့်နေသည်ကို မြင်တွေ့ချိန်၌ သူ ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်တော့သည်
"ရီဖုန်း...."
ထိုစကားကိုကြားချိန်တွင် ထိုလူကြီးသည်သူ့၏လက်ကို ဝှေ့ယမ်းလိုက်ရာ 'ရီဖုန်း'ဟု ရေးထွင်ထားပြီး နေလဂိုဏ်း၏အမှတ်အသားပါရှိသော တံဆိပ်ပြားတစ်ခု ထွက်ပေါ်လာသည်။
"ရှန်းချန်တောင်ထိပ်က မင်း နေရမယ့်နေရာပဲ ..မင်းရဲ့တံဆိပ်ပြားကို သိမ်းဆည်းပြီးတာနဲ့ တန်းစီတဲ့နေရာကို ပြန်သွားတော့"
ထိုလူကြီးက တံဆိပ်ပြားကို လက်ကမ်းပေးလေ၏။
ရီဖုန်းသည် တံဆိပ်ပြားကို ယူဆောင်ပြီးနောက် ယခင်က သူ တန်းစီခဲ့သောနေရာသို့ပြန်သွားလိုက်သည်။သူသည် မယုံကြည်နိုင်သကဲ့သို့ခံစားနေရသဖြင့် သူ့ပါးသူ ပုတ်ကြည့်လိုက်သည်။
ကူးပြောင်းရန်အတွက် အတည်ပြုခဲ့ရုံဖြင့်...
သူသည် နေလဂိုဏ်း၏တပည့်သစ် စုဆောင်းနေသောနေရာသို့ ပို့ဆောင်ခြင်း ခံလိုက်ရသလော....
ထို့နောက် သူသည် လွယ်ကူချောမွေ့ဖြင့် တပည့်တံဆိပ်ပြားကို ရရှိခဲ့သည်။
အဆုံးသတ်၌ သူသည် နေလဂိုဏ်း၏ရှင်းချန်တောင်ထိပ်မှ တပည့်တစ်ယောက် ဖြစ်လာခဲ့ပေ၏။
သောက်ချေးပဲ...ဤသည်မှာ အလွန်အမင်း ပဉ္စလက်ဆန်သည် မဟုတ်လော...
"ကျွတ် ကျွတ်...လျှူယန် မင်းတို့ရှင်းချန်တောင်ထိပ်က တကယ်ကို နိမ့်ကျနေတာပဲ...မင်းတို့ဆီကို ရောက်လာမယ့်တပည့်တွေကို ကြည့်လိုက်စမ်းပါအုံး"
လူတန်းသုံးတန်း၏ထိပ်ဆုံးနေရာတွင် လူသုံးယောက် မတ်တတ်ရပ်နေသည်။သူတို့အနက်မှတစ်ယောက်သည် မုတ်ဆိတ်မွှေးဗရပျစ်ရှိကာ သရော်တော်တော် ပြောဆိုနေသူဖြစ်ပေ၏။တခြားတစ်ယောက်သည် ညှို့အားကောင်းသော ကိုယ်လုံးကိုယ်ပေါက်ရှိကာ အလွန်အမင်းလှပချောမောသော မျက်နှာပုံပန်းသွင်ပြင်ရှိသည့် မိန်းကလေးတစ်ယောက်ပင်။
သရော်တော်တော်ပြောဆိုလိုက်သူသည် နေလဂိုဏ်း၏နေလတောင်ထိပ်မှ တပည့်ခေါင်းဆောင် ကောင်းရှစ်ကျီးဖြစ်သည်။
လျှူယန်သည် ရီဖုန်းရှိနေသော ရှင်းချန်တောင်ထိပ်၏ တပည့်ခေါင်းဆောင်ဖြစ်ပေ၏။
ကောင်းရှစ်ကျီး၏စကားများကို ကြားချိန်တွင် လျှူယန်၏မျက်နှာပေါ်၌ ဒေါသအရိပ်အယောင်များ ထင်ဟပ်လာသော်လည်း သူမသည် ခွန်းတုံ့ပြန်ခြင်းမရှိချေ။
သို့ရာတွင် ကောင်းရှစ်ကျီးသည် လက်လျှော့ခြင်းမရှိဘဲ ဆက်လက်၍ပြောဆိုလေ၏။
"ထုံးစံအတိုင်းဆိုရင် တစ်ပည့်သစ်တွေ ခေါ်ယူပြီးတဲ့အချိန်တိုင်းမှာ သူတို့အတွက် ယှဉ်ပြိုင်ပွဲတစ်ခုပြုလုပ်တယ်...မင်းတို့ ရှင်းချန်အုပ်စုမှာ နာမကျန်းဖြစ်နေတဲ့ကောင်တွေနဲ့ အားအင်ချည့်နဲ့နေတဲ့ လူတွေချည်းပဲ ..ဒီတကြိမ်မှာလည်း မင်းတို့ ရှင်းချန်အုပ်စုက အောက်ခြေမှာပဲ ထပ်ပြီးရှိနေမှာကို ငါ စိုးရိမ်မိတယ်"
"ဟွန့်....ကောင်းရှစ်ကျီး ယှဥ်ပြိုင်ပွဲက အခုထိမစသေးဘူး....အဆုံးသတ်မှာ ဘယ်သူက ရယ်မောနိုင်မလဲဆိုတာ မသေချာပေးပါဘူး"
လျှုယန်က အေးစက်စက်မျက်နှာဖြင့် ပြောဆိုသည်။
"ဟား ဟား ဟား...မင်းက အခုထိ အရှုံးမပေးသေးဘူးပဲ"
ကောင်းရှစ်ကျီးက လှောင်ပြောင်သရော်လိုက်၏။
"ငါတို့နေလတောင်ထိပ်ကို ကြည့်လိုက်အုံး... တခြားထိပ်သီးအစွမ်းထက်ကျင့်ကြံသူ ဆယ်ယောက်ကျော်လောက် ဒီနေရာမှာ ရှိနေတာကို ထည့်မပြောရင်တောင်...ငါက ထျန်းယုအင်ပါယာကနေ ပါရမီရှင်သုံးယောက်ကိုရထားတယ်"
နေလတောင်ထိပ်မှလူများ မတ်တတ်ရပ်နေသော လူတန်းကြီး၏ထိပ်ဆုံးနေရာတွင် တင်းမာခက်ထန်သော မျက်နှာအမူအယာဖြင့် လူငယ်သုံးယောက် မတ်တတ်ရပ်နေလေ၏။
ထိုလူငယ်သုံးယောက်၏အခြေအနေကို လျှူယန်က အကြည့်တစ်ချက်ဖြင့် တွေ့မြင်သွားသည်။သူတို့သည် သူမအတွက် အသေးအမွှားသာဖြစ်သော်လည်း ဤတစ်ပည့်သစ်များအကြားတွင် သူတို့၏အသက်အရွယ် ပါရမီအရည်အချင်းအရ အလွန်အမင်းထူးချွန်သည်ဟု ဆိုနိုင်သည်။
"သူတို့က ထျန်းယုအင်ပါယာရဲ့ မိသားစုကြီးတစ်စုက အထူးချွန်ဆုံး လူငယ်မျိုးဆက်သစ်တွေပဲ...သူတို့က အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းကင်အင်မော်တယ်နယ်ပယ်ကို ရောက်နေကြပြီ"
"တစ်ခြားတစ်ဖက်မှာရှိတဲ့ မင်းတို့ကောင်တွေကတော့...."
"ယန်ရီတစ်ယောက်ပဲရှိမယ်လို့ ငါ ထင်တယ်...ဟုတ်တယ်မလား..."
"ဒါပေမဲ့ သူက ကောင်းကင်အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ဖို့ ခြေလှမ်းတစ်ဝက်လောက် လိုနေသေးတယ်"
"အခုတပည့်သစ်တွေကြားမှာ ဘယ်သူကမှ ဒီညီအစ်ကိုသုံးယောက်ကို ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး"
ကောင်းရှစ်ကျီးသည် သရော်တော်တော်စကားများကို ဆက်လက်၍ပြောဆိုကာ လျှူယန်ကို ရန်စနေသည်။
လျှူယန်သည် သူမ၏နီမြန်းသောနှုတ်ခမ်းများကို ကိုက်ထားကာ သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားသည်။
သို့ရာတွင် သူမသည် ခွန်းတုံ့ပြန်ရန်အတွက် သူမထံ၌ အစွမ်းအစကင်းမဲ့နေပေ၏။
အကြောင်းအရင်းမှာ ကောင်းရှစ်ကျီးပြောဆိုသော စကားများသည် အမှန်တရားများဖြစ်နေသောကြောင့်ပင်။
ရှင်းချန်တောင်ထိပ်မှလူများကို စူးစမ်းလေ့လာနေသော ကောင်းရှစ်ကျီးသည် ဤအချိန်အခိုက်အတန့်တွင် တစ်စုံတစ်ခုကို တွေ့ရှိသွားပုံရသည်။
ရုတ်တရက် သူ၏မျက်လုံးများ တောက်ပသွားသည်။
"ယိုး...."
"မင်းတို့ရှင်းချန်တောင်ထိပ်က တော်တော်ကြီးနိမ့်ပါးသွားတာပဲ...ကျင့်ကြံဆင့်နယ်ပယ် ထွင်းဖောက်မမြင်နိုင်တဲ့ ကောင်လေးတစ်ယောက်တောင် ရှိနေတယ်...သူက လူသားအင်မော်တယ်တစ်ယောက်မဟုတ်လား"
ထိုစကားကို ကြားချိန်တွင်....
လျှုယန်က မသိမသာမျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် သူမ၏နောက်သို့ တချက်ပြန်ကြည့်လိုက်ချိန်၌....
အမှန်တကယ်ကိုပင်...
သူမ၏ရှင်းချန်တောင်ထိပ်အုပ်စုအတွင်း၌ ကျင့်ကြံဆင့်အခြေခံကို ထွင်းဖောက်မြင်နိုင်ခြင်းမရှိသော လူငယ်တစ်ယောက် ရှိနေသည်ကို သူမ ရှာဖွေတွေ့ရှိမိလေ၏။
"ဘာလဲ လျှူယန်...မင်း ဘာလို့ စကားမပြောနိုင်တော့တာလဲ"
ကောင်းရှစ်ကျီးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
သူသည် သူ၏စွမ်းအားဖြင့် တပည့်သစ်တစ်ယောက်၏ကျင့်ကြံဆင့်နယ်ပယ်ကို ထွင်းဖောက်မြင်နိုင်ခြင်းမရှိမည်ဟု သူ အမှန်တကယ် ကို တွေးထင်ထားမိခြင်းမရှိချေ။ဤသည်မှာ လူသားအင်မော်တယ်တစ်ယောက်သာ ဖြစ်ပေမည်။
အကြောင်းအရင်းမှာ လူသားအင်မော်တယ်ကျင့်ကြံသူများသည် အင်မော်တယ်နယ်မြေအတွင်း၌ အဆင့်နိမ့်ဆုံးတည်ရှိမှုများ ဖြစ်နေသောကြောင့်ပင်။သူတို့၏ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ်စွမ်းအားသည် အလွန်အမင်းနည်းပါးသောကြောင့် သေမျိုးများနှင့်ကွဲပြားခြားနားမှုဟူ၍ မရှိသလောက်နီးပါးဖြစ်သည်။
လျှူယန်က အံ့တင်းတင်းကြိတ်ကာ တိတ်ဆိတ်ငြိမ်သက်နေသည်။
"အော် လျှူယန်...မင်းက အနိုင်လိုချင်နေတယ်ဆိုတာ ငါ သိပေမယ့် ဒီအဆင့်လောက်ထိ လုပ်စရာမလိုပါဘူး ..မင်းက တပည့်အရေအတွက်ပြည့်အောင် မရခဲ့တာကြောင့် လူသားအင်မော်တယ်တစ်ယောက်ကိုတောင် ဆွဲခေါ်လာခဲ့တာလား"
ကောင်းရှစ်ကျီးက သရော်တော်တော်ပြောဆိုသည်။
"မင်းက ဒီလောက်ထိ တုံးအမှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်...ကြည့်ရတာတော့ ဒီကောင်လေးက ဟန်ဆောင်လိမ်လည်ပြီးတော့ ဒီနေရာကို ရောက်လာတာပဲဖြစ်မယ်"
"ဒီလိုဆိုမှတော့ ငါက မင်းကိုကူညီပြီး ဒီကိစ္စကိုဖြေရှင်းပေးမယ်...ငါက ဒီကောင်လေးကို နေရာမှန်ရောက်အောင် ပြန်ပို့ပေးလိုက်မယ်"
ထိုသို့ပြောဆိုပြီးနောက် ကောင်းရှစ်ကျီးသည် သရော်တော်တော်ရယ်မောကာ လှုပ်ရှားရန်အတွက် ဟန်ပြင်လိုက်တော့သည်။
သူ ကျင့်ကြံဆင့်အခြေခံကို ထွင်းဖောက်မမြင်နိုင်သောလူမှာ ရီဖုန်းမှတပါး တခြားသူမဟုတ်ချေ။
ဤအချိန်အခိုက်အတန့်တွင် ရီဖုန်း၏မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်နေသည်။သူ ဤနေရာသို့ကူးပြောင်းလာပြီးနောက် ချက်ချင်းပစ်မှတ်ထားခံရမည်ဟု သူ မျှော်လင့်မထားမိချေ။
သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ တိတ်တဆိတ် ကျိန်ဆဲလိုက်၏။
'အင်မော်တယ်နယ်မြေမှာ ဘာတွေဖြစ်နေတာလဲ'
'ငါက မင်းတို့ကျွေးတဲ့ဆန်ကို စားထားတာမလို့လား'
သို့ရာတွင် ကောင်းရှစ်ကျီးသည် ရီဖုန်း၏မျက်နှာအမူအယာ မည်ကဲ့သို့ရှိနေသည်ကို အနည်းငယ်မျှဂရုမစိုက်ချေ။သူ၏လက်ဝါးကို တစ်ချက်လှုပ်ခတ်လိုက်ခြင်းနှင့်အတူ ထက်ရှသောလက်ဝါးပုံရိပ်ယောင်တစ်ခုက ရီဖုန်းထံသို့ ချဉ်းကပ်လာသည်။
Chapter 579
"ရပ်လိုက်စမ်း"
ဤကဲ့သို့ အရေးကြီးအချိန်အခိုက်အတန့်တွင် လျှူယန်က ကျယ်လောင်စွာအော်ဟစ်ကာ သူမ၏ခန္ဓာကိုယ် ဖျတ်ခနဲလှုပ်ရှားသွားခြင်းနှင့်အတူ ရီဖုန်း၏ရှေ့သို့ ရောက်ရှိသွားသည်။
ကောင်းရှစ်ကျီးသည် သူမတို့ရှင်းချန်အုပ်စုကို လူသူအများရှေ့၌ အရှက်ခွဲရန်အတွက် ဤတပည့်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သူမ နားလည်သဘောပေါက်ထားသည်။
သူမသည် မည်သည့်ကြောင့် ကောင်းရှစ်ကျီးကို အောင်မြင်ခွင့်ပြုနိုင်မည်နည်း...
ထို့ပြင် ဤတပည့်၏အခြေအနေသည် မည်သို့ပင်ရှိနေပါစေ တပည့်တံဆိပ်ပြားကို လက်ခံပြီးပြီဖြစ်သောကြောင့် သူမ၏ရှင်းချန်တောင်ထိပ်မှတပည့်တစ်ယောက် ဖြစ်သွားလေပြီ။
သူမသည် ရှင်းချန်တောင်ထိပ်၏တောင်ထိပ်သခင်ဖြစ်သောကြောင့် မည်သည့်ကိစ္စမျိုးရှိနေပါစေ ဤတပည့်များ ဘေးကင်းလုံခြုံအောင် ကာကွယ်ပေးရပေမည်။
"ဟမ့် လျှူယန်...ဒီကောင်လေးက ခိုးဝင်လာတယ်ဆိုတာ အသိသာကြီးလေ...ငါက မင်းတို့ရှင်းချန်တောင်ထိပ်ရဲ့ကောင်းကျိုးအတွက် ဒီကိစ္စကို လုပ်ပေးမလို့ပါ...မင်း ရှက်မနေပါနဲ့"
ကောင်းရှစ်ကျီးက အသံနက်ကြီးဖြင့် ပြောဆိုသည်။
"နင့်ရဲ့နံ့စော်နေတဲ့ပါးစပ်ကြီးကို ပိတ်လိုက်စမ်း...ငါတို့ရှင်းချန်တောင်ထိပ်အတွက် နင် ဘာမှစဉ်းစားတွေးတောပေးစရာမလိုဘူး"
လျှူယန်က လှောင်ပြောင်သရော်လိုက်၏။
"ဟမ့်...သူက လူသားအင်မော်တယ်တစ်ယောက် ...ဂိုဏ်းထဲကိုဝင်နိုင်တဲ့ အနိမ့်ဆုံးသတ်မှတ်အဆင့်ကိုတောင် မရောက်သေးဘူး ...သူက ဂိုဏ်းထဲကိုခိုးဝင်လာတဲ့ သူလျှိုတစ်ယောက် ဖြစ်နေနိုင်တယ်...ငါတို့ဂိုဏ်းရဲ့သတင်းအချက်အလက်တွေကို ခိုးယူဖို့ ဝင်လာတဲ့ကောင်ဖြစ်နေရင် မင်း ဘယ်လိုလုပ်မှာလဲ...မင်းက ငါ့ကို ဟန့်တားချင်တာလား"
ကောင်းရှစ်ကျီးက သရော်တော်တော်တုံ့ပြန်သည်။
"ဒါမှမဟုတ် မင်းတို့ရှင်းချန်တောင်ထိပ်ကာ လူသားအင်မော်တယ်တစ်ယောက်ကို တပည့်သစ်ခေါ်ယူရတဲ့အထိ နိမ့်ပါးသွားတာလား"
"သူ့ကို ငါ ခေါ်လာခဲ့တာ...လျှူယန် နင်နဲ့ဘာဆိုင်လို့လဲ...အခုအချိန်မှာ သူက ရှင်းချန်တောင်ထိပ်ရဲ့ တပည့်တစ်ယောက်ဖြစ်နေပြီ...တကယ်လို့ နင့်မှာ သတ္တိရှိတယ်ဆိုရင် နင် စမ်းကြည့်လိုက်လေ"
လျှူယန်၏ဝတ်ရုံရှည်သည် လေတိုက်ခိုက်ခြင်းမရှိဘဲ လူးလွန့်နေကာ သူမ၏ခါးမှဓားကိုဆွဲထုတ်၍ စစ်နတ်ဘုရားမတစ်ပါးအလား ရီဖုန်း၏ရှေ့၌ မတ်တတ်ရပ်နေသည်။
လျှူယန်၏စိတ်နေသဘောထားကြောင့် မြေကွက်လပ်အတွင်းရှိ တပည့်အမြောက်အများ၏ သဘောကျနှစ်ခြိုက်သော မျက်လုံးအကြည့်များကို ခံယူနိုင်ခဲ့သည်။
ရှင်းချန်တောင်ထိပ်မှတပည့်များသာမက ထျန်းသီတောင်ထိပ်နှင့် သူ့၏နေလတောင်ထိပ်မှတပည့်များလည်း ပါဝင်နေသည်။
မည်သို့ပင်ဆိုစေကာမူ တပည့်အများစုအတွက် တောင်ထိပ်သခင်တစ်ယောက်၏ ကာကွယ်ပေးမှုကို ရရှိခြင်းမှာ ကောင်းမွန်သောကိစ္စတစ်ရပ်ပင်။
ဤသည်မှာ ကောင်းရှစ်ကျီးကို မျက်မှောင်ကြုတ်သွားစေသည်။
လျူယန်၏ခွန်အားသည် သူ့ထက် အားနည်းခြင်းမရှိချေ။
အကယ်၍ သူ အမှန်တကယ်တိုက်ခိုက်ပါက သူမအား အနိုင်ရရှိရန်အတွက် အခွင့်အရေးများစွာမရှိပေ။
သူသည် ရှင်းချန်တောင်ထိပ်ကို လူသူအများရှေ့၌ အရှက်ခွဲလိုခဲ့သော်လည်း သူ စကားများစွာမပြောဆိုရသေးမီမှာပင် လျှူယန်၏တုံ့ပြန်မှုကြောင့် သူ အရှက်ရခဲ့ရမည်ဟု တွေးထင်ထားမိခြင်းမရှိချေ။
"ဟမ့်...မင်းတို့ ကြည့်နေကြစမ်း...ငါက မင်းတို့ကို အလွတ်ပေးမှာမဟုတ်ဘူး"
ကောင်းရှစ်ကျီးက အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ့၏တပည့်များကိုခေါ်ဆောင်၍ အလျင်စလို ထွက်ခွာသွားတော့သည်။
ကောင်းရှစ်ကျီး ထွက်ခွာသွားသည်ကိုကြည့်ပြီးနောက် လျှုယန်က သူမ၏ဓားရှည်ကို ပြန်လည်၍သိမ်းဆည်းလိုက်၏။
"နင် ဘယ်လိုနေသေးလဲ...အဆင်ပြေရဲ့လား"
သူမက ရီဖုန်းကိုကြည့်ကာ နူးညံ့ညင်သာစွာ မေးမြန်းသည်။
"ငါ အဆင်ပြေပါတယ်"
ရီဖုန်းက သူမကို ကျေးဇူးတင်သောအကြည့်ဖြင့်ကြည့်ပြီး ခေါင်းညိတ်ပြလေသည်။
"အရင်က စမ်းသပ်စစ်ဆေးမှုတွေကို နင် ဘယ်လိုဖြတ်ကျော်ခဲ့တယ်ဆိုတာ ငါလည်းသိချင်နေပေမယ့်....နင် ဒီနေရာကိုရောက်လာပြီဆိုမှတော့ ငါ မစုံစမ်းတော့ဘူး...နင် ရှင်းချန်တောင်ထိပ်မှာ ဆက်ပြီးနေလို့ရတယ်...
တကယ်လို့ တခြားတောင်ထိပ်ကလူတွေ နင့်ကိုအနိုင်ကျင့်မယ်ဆိုရင် ရှင်းချန်တောင်ထိပ်မှာရှိတဲ့ စီနီယာအစ်ကိုအစ်မတွေကို အကြောင်းကြားလို့ရတယ် ဒါမှမဟုတ် နင် ငါ့ကိုတိုက်ရိုက်ပြောလို့ရတယ်...ငါတို့က နင့်ကို စောင့်ရှောက်ပေးမှာပါ"
လျှူယန်က နူးညံ့ညင်သာစွာ ပြောဆိုသည်။
ထိုသို့ပြောဆိုပြီးနောက် သူမသည် ရှင်းချန်တောင်ထိပ်တပည့်များကို ခေါ်ဆောင်ကာ ထွက်ခွာသွားရန်အတွက် ဟန်ပြင်လိုက်သည်။
သို့ရာတွင် ရီဖုန်းက သူမကို အော်ခေါ်လေ၏။
"တောင်ထိပ်သခင်..."
"တခြားကိစ္စ ရှိသေးလို့လား"
သူမက မေးမြန်းသည်။
"တောင်ထိပ်သခင်...ခုဏကလူရဲ့စွမ်းအားက ဘယ်အဆင့်မှာရှိနေလဲ"
ရီဖုန်းက မေးမြန်းသည်။
"နဝမအဆင့်ရွှမ်အင်မော်တယ်"
ရီဖုန်းသည် မည်သည်ကြောင့် ဤမေးခွန်းအား မေးမြန်းသည်ကို သူမ မသိရှိသော်လည်း လျှူယန်က အမှန်အတိုင်းအဖြေပေးလေသည်။
"ရွှမ်အင်မော်တယ် နဝမအဆင့်ပဲရှိတာလား...ဒီလိုမျိုးနိမ့်ပါးတဲ့စွမ်းအားနဲ့ ဘယ်လိုလုပ်ပြီး သူက အရမ်းမောက်မာထောင်လွှားနေတာလဲ"
ရီဖုန်း၏မျက်ခုံးများ မြင့်တက်သွားသည်။
အိုး...သောက်ချေးပဲ...
ကောင်းရှစ်ကျီးသည် အလွန်မောက်မာထောင်လွှားနေသဖြင့် အစွမ်းထက်သူတစ်ယောက်ဖြစ်မည်ဟု သူ တွေးထင်ခဲ့သည်။
သို့ရာတွင် ယခုကြည့်ကြည့်တော့မှ သူသည် နဝမအဆင့်ရွှမ်အင်မော်တယ်တစ်ယောက်သာ ဖြစ်ပေ၏။သူ့အတွက် လက်ဖက်ရည်ခွက် သယ်ဆောင်ပေးခြင်း သူ့၏အနောက်ဘက်ခြံဝင်းအတွင်း၌ အိမ်သာများကို သန့်ရှင်းရေးလုပ်ပေးခြင်းစသော အလုပ်ကိစ္စများကို ပြုလုပ်နေသူများပင်လျှင် ထိုကောင်းရှစ်ကျီးအား လွယ်လင့်တကူ ခြေမွှဖျက်ဆီးနိုင်သော ပြန်လည်ဝင်စားခြင်း အင်မော်တယ်များဖြစ်သည်။
သို့ရာတွင် ရီဖုန်း၏စကားလုံးများကြောင့် လျှူယန်က အံ့အားသင့်သွားသည်။
လူသားအင်မော်တယ်တစ်ယောက်သည် နဝမအဆင့်ရွှမ်အင်မော်တယ်တစ်ယောက်ကို အထင်အမြင်သေးနေသလော....
သူမ၏အံ့အားသင့်နေမှုကို မည်ကဲ့သို့ ထုတ်ဖော်ပြောဆိုရမည်ကိုပင် မသိတော့ချေ။
"နဝမအဆင့်ရွှမ်အင်မော်တယ်တစ်ယောက်ရဲ့စွမ်းအားက နင် စိတ်ကူးယဉ်တွေးတောနိုင်တဲ့ အရာတစ်ခုမဟုတ်ဘူး...ဒါကြောင့် နင် နည်းနည်းတော့ သတိထားနေတာ ပိုကောင်းလိမ့်မယ်"
သူမက နူးညံ့ညင်သာစွာ သတိပေးသည်။
ရီဖုန်းသည် ဤကိစ္စကို တေးမှတ်ထားလေ၏။
ယခုလက်ရှိအချိန်၌ သူသည် ပြန်လည်ဝင်စားခြင်းအင်မော်တယ်များ၏အရှင်သခင်ပင်။
မည်သို့ပင်ဆိုစေကာမူ ကောင်းရှစ်ကျီးသည် အစောပိုင်းက သူ့အား သတ်ဖြတ်လိုသည်ကို သူ ရှင်းရှင်းလင်းလင်း တွေ့မြင်မိသည်။
ဤရန်ငြိုးကို...
သူ မှတ်သားထားရပေမည်။
ထို့ကြောင့် လျှူယန် ထွက်ခွာသွားတော့မည်အချိန်တွင် သူမ၏နောက်တွင်ရှိနေသော ရီဖုန်းက ဆုံးဖြတ်ချက်ချထားသောလေသံဖြင့် အံ့အားသင့်ဖွယ်ကောင်းသော မေးခွန်းတစ်ခုကို မေးမြန်းလိုက်သည်။
"တောင်ထိပ်သခင်...မင်း ခုဏကလူကို သတ်နိုင်လား"
"ဒါမှမဟုတ် သူ့ကိုသတ်ဖို့ မင်း ငါ့ကိုကူညီပေးနိုင်မလား"
ဤသည်မှာ လျှူယန်၏မျက်နှာကိုရှုံမဲ့သွားစေပြီး သူမ၏နဖူးပေါ်တွင် အနက်ရောင်အစင်းကြောင်းများဖြင့် ပြည့်နှက်နေတော့သည်။
လူသားအင်မော်တယ်တစ်ယောက်သည် နဝမအဆင့်ရွှမ်အင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ရန် ပြောဆိုနေသလော...
ဤလူသားအင်မော်တယ်တပည့်သည် အမှန်တကယ်ကို တုံးအပြီးချစ်စဖွယ်ကောင်းပေ၏။
သူမက သက်ပြင်းတစ်ချက်ရှိုက်ကာ နူးညံ့ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။
"နင်က သူ့ကို မုန်းတီးနေတယ်ဆိုတာ ငါ သိပေမယ့်....နင်နဲ့ကောင်းရှစ်ကျီးက အဆင့်တူမှာရှိမနေဘူး...ဒါကြောင့်မလို့ နင် အဲ့ဒီအတွေးကို လက်လျှော့လိုက်ပါတော့"
"သူက စိတ်သဘောထားသေးသိမ်တဲ့သူတစ်ယောက်ပဲ...ခုဏက နင်ပြောခဲ့တဲ့စကားကို သူ သိမသွားစေနဲ့...မဟုတ်ရင် သူက နင့်ကို ပစ်မှတ်ထားလိမ့်မယ်"
"နင် ဒီနေ့ ခံစားခဲ့ရတဲ့ နာကြင်မှုတွေအတွက်ကတော့...."
"ငါက တခြားနည်းလမ်းနဲ့ နင့်ကိုပြန်ပြီး ဖြည့်ဆည်းပေးဖို့ ငါ ကြိုးစားပေးမယ်"
လျှူယန်က နူးညံညင်သာစွာ ပြောဆိုသည်။
"တောင်ထိပ်သခင်...မင်းက ငါ့ကို မယုံကြည်ဘူးလား"
ရီဖုန်းက ပြောဆိုလိုက်၏။
"ငါ နင့်ကို မယုံကြည်တာမဟုတ်ဘူး...ဒါပေမဲ့ အခုအချိန်မှာ နင် အဲ့ဒီကိစ္စကို လုပ်နိုင်မှာမဟုတ်ဘူး...တကယ်လို့ နင်က လက်စားချေချင်တယ်ဆိုရင် ပြင်းပြင်းထန်ထန် ကြိုးစားရလိမ့်မယ်... နောက်အနာဂတ်မှာ နင် ဒီလိုလုပ်နိုင်မယ့်အခွင့်အရေးမျိုးရလာလိမ့်မယ်။
လျှူယန်က ရီဖုန်း၏ပခုံးကိုပုတ်ကာ ဂရုတစိုက်ရှင်းပြပြီး သူ့အား လက်လျှော့ရန် တိုက်တွန်းလေသည်။
ဟူး....
ရီဖုန်းက တိတ်တဆိတ် သက်ပြင်းရှိုက်လိုက်သည်။
ယခုအချိန်၌ သူသည် လူသားအင်မော်တယ်တစ်ယောက်သာဖြစ်သဖြင့် နဝမအဆင့်ရွှမ်အင်မော်တယ်တစ်ယောက်ကို သူ သတ်ဖြတ်မည်ဟုပြောဆိုသည်အား မည်သူကမျှ ယုံကြည်မည်မဟုတ်ချေ။
သို့ရာတွင် သူ၏စကားများကို တခြားသူများယုံကြည်ရန် မလိုအပ်ချေ။
သူ၏အနောက်ဘက်ခြံဝင်းအတွင်းတွင် ရှိနေသော လက်အောက်ငယ်သားများကို ခေါ်ဆောင်လာသောအချိန်၌ သူသည် ထိုကောင်းရှစ်ကျီးဟူသောကောင်ကို သေချာပေါက်သတ်ဖြတ်နိုင်ပေမည်။
**** လျှူယန်ကို အရင်အပိုင်းမှာ တပည့်ခေါင်းဆောင်လို့ ရေးထားမိပါတယ်....ခုအပိုင်းကစပြီးတော့ တောင်ထိပ်သခင်လို့ ပြောင်းရေးပါ့မယ်
Chapter 580
ရီဖုန်းသည် လူအုပ်ကြီး၏နောက်မှလိုက်ပါပြီး ရှင်းချန်တောင်ထိပ်သို့ ရောက်ရှိသွားကာ ထိုနေရာ၌ နေထိုင်ခဲ့သည့်။
ဤအချိန်အခိုက်အတန့်တွင်...
သူသည် အနည်းငယ် ဝိုးတဝါးဖြစ်နေဆဲပင်။
သူသည် နေလဂိုဏ်းအတွင်းသို့ အမှန်တကယ် ဝင်ရောက်ခဲ့ရသလော...
ဤသည်မှာ သောက်ရေးမပါလှသော ပဉ္စလက်ဆန်မှုကြီးပင်။
သို့ရာတွင် ဤသည်မှာ မဆိုးလှချေ။အင်မော်တယ်နယ်မြေသို့ ယခုမှရောက်ရှိလာသော ရီဖုန်းသည် မည်သည့်နေရာသို့ သွားရမည်ကို မသိရှိသဖြင့် သူ ဂိုဏ်းတစ်ဂိုဏ်းကို ရှာဖွေပြီးဝင်ရောက်လိုခဲ့သည်။
ယခုလက်ရှိကိစ္စသည် သူ့အတွက် ပို၍အဆင်ပြေသွားပေ၏။
ရီဖုန်းသိရှိထားသလောက် တပည့်သစ်များအားလုံးသည် အင်မော်တယ်နည်းစနစ်ကျမ်းစာဆောင်သို့သွား၍ အင်မော်တယ်နည်းစနစ်တစ်ခုကို ရွေးချယ်နိုင်သည်။
ထိုအင်မော်တယ်နည်းစနစ်များကို အဆင့်နိမ့် အလယ်အလတ် အဆင့်မြင့်နှင့်ထိပ်တန်းအဆင့်ဟူ၍ခွဲခြားထားသည်။
သာမာန်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူများဖြစ်သော လူသား မြေကမ္ဘာနှင့်ကောင်းကင်အင်မော်တယ်တို့အတွက် အဆင့်နိမ့်အင်မော်တယ်နည်းစနစ်များနှင့်လျှို့ဝှက်ချက်များကိုသာ သင်ယူနိုင်ပေမည်။
နေလဂိုဏ်းသည် တပည့်သစ်များကို အင်မော်တယ်နည်းစနစ်များ ကျင့်ကြံရန် ပွင့်လင်းမြင်သာစွာ ရွေးချယ်ခွင့်ပေးထားသည်။
ထို့ကြောင့် ရီဖုန်းသည် ဤအခွင့်အရေးကို အလဟဿ ဖြုန်းတီးလိုခြင်းမရှိချေ။
သူသည် အင်မော်တယ်နည်းစနစ် ကျမ်းစာဆောင်သို့သွား၍ အဆင့်နိမ့်အင်မော်တယ် ကျင့်ကြံနည်းစနစ်တစ်ခုကို ယူဆောင်ခဲ့သည်။
ကျမ်းစာဆောင်မှ ပြန်လာပြီးနောက် သူသည် မစောင့်ဆိုင်းနိုင်တော့ဘဲ စတင်၍ကျင့်ကြံလိုက်တော့သည်။
အကြောင်းအရင်းမှာ သူသည် ယခုလက်ရှိအချိန်၌ ကျင့်ကြံခြင်းပါရမီရှင်တစ်ယောက် ဟုတ်မဟုတ် အတည်ပြုလိုသောကြောင့်ပင်။သူသည် ကောင်းကင်ဘုံနတ်ဆိုးခန္ဓာကိုယ်ကို တစ်ညတည်းဖြင့် ကျင့်ကြံနိုင်ခဲ့သည့်ကိစ္စကို သူ မေ့လျော့ခြင်းမရှိချေ။
ကျောက်စိမ်းစာလိပ်ကို ဖွင့်လိုက်ချိန်တွင်...
ရှုပ်ထွေးသောအချက်အလက်များက ရီဖုန်း၏စိတ်အတွင်းသို့ တိုးဝင်လာသည်။
ရီနျန် ကျင့်ကြံနည်းစနစ်....
လက်ချောင်းတစ်ချောင်းတည်းဖြင့် လေဟာနယ်ကို ထွင်းဖောက်နိုင်သည့် နည်းစနစ်ပင်။
ထိုနည်းစနစ်ကိုကျင့်ကြံသည့် နည်းလမ်းသည် ဒန်တျန်အတွင်း၌ ချီစွမ်းအားများကို နှစ်မြုပ်ထားရပေမည်။
ချီစွမ်းအားများကို မည်ကဲ့သို့ လှုံဆော်ရမည်နည်း....
ရီဖုန်းသည် ထိုစာလိပ်ကိုဖတ်ရှုရင်း ငိုက်မျဥ်းသွားတော့သည်။
ဤသည်မှာ သူ၏အတိတ်ဘဝတွင် ကျောင်းသို့သွားပြီးနောက် စာဖတ်ရသည်နှင့်တူညီနေပြီး ထိုစာများကို ကြည့်လိုက်သည်နှင့် သူ အိပ်မောကျသွားတော့သည်။
သူ နိုးလာသောအချိန်တွင် နောက်တစ်နေ့မနက်သို့ ရောက်ရှိနေလေပြီ။
ထိုအချိန်မှာပင် မနေ့ညက သူ ကျင့်ကြံခဲ့သောလက်ချောင်းများ အမှန်တကယ်ပြောင်းလဲသွားသည်ကို သူ အံ့အားသင့်ဖွယ် ရှာဖွေတွေ့ရှိမိသည်။
"ဒီအပြောင်းအလဲက..."
"ကြည့်ရတာတော့ ကျင့်ကြံနည်းစနစ် အောင်မြင်သွားတဲ့ လက္ခဏာတွေလား"
ရီဖုန်းသည် ကျောက်စိမ်းစာလိပ်အတွင်းတွင် ပါဝင်သော အကြောင်းအရာများကို ပြန်လည်၍ စဉ်းစားတွေးတောလိုက်၏။
အတွေးတချက်ဖြင့် ချီစွမ်းအားများကို ဒန်တျန်အတွင်းသို့စုစည်းနိုင်မှသာ ပြီးပြည့်စုံခြင်းအခြေအနေမျိုးသို့ ရောက်ရှိနိုင်ပေမည်။
ရီဖုန်းက တီးတိုးရေရွတ်ပြီးနောက်သူ၏လက်ချောင်းကိုမြှောက်ကာ မိုးကောင်းကင်ယံထံသို့ ဦးတည်ပြီး ချိန်ရွယ်လိုက်သည်။
နူးညံညင်သာသော စွမ်းအားလှိုင်းတရပ်က မိုးကောင်းကင်ယံထံသို့ တိုးဝင်သွားသည်ကို သူ မြင်တွေ့လိုက်ရသည်။
လေထုကိုထွင်းဖောက်သွားသောအသံသည် ကျယ်လောင်ခြင်းမရှိသည့်အပြင် စွမ်းအားသည် နည်းပါးပုံရသော်လည်း ကျင့်ကြံနည်းစနစ်အောင်မြင်သွားခြင်း၏ လက္ခဏာရပ်ဖြစ်နေသည်။
ဤစွမ်းအား မည်သည်ကြောင့် နည်းပါးရသည့် အကြောင်းအရင်းကို ရီဖုန်းသည် ခန့်မှန်းမိလေ၏။
ဤသည်မှာ သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်နိမ့်ပါးပြီး လူသားအင်မော်တယ်နယ်ပယ်တွင်သာ ရှိနေသောကြောင့် ဖြစ်ပေမည်။
မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်နယ်မြေ၏လေဟာနယ်သည် အလွန်အမင်းတည်ငြိမ်ကာ သိပ်သည်းဆသည် အင်မော်တယ်မြစ်ကုန်းမြေထက် အဆများစွာပို၍မြင့်မားသည်။
လူသားအင်မော်တယ်တစ်ယောက်သည် အင်မော်တယ်နယ်မြေအတွင်းရှိ ကျောက်တုံးတစ်တုံးကိုပင် ချိုးဖျက်နိုင်ခြင်း မရှိသောကြောင့် သူ စွမ်းအားတစ်လှိုင်းကို ထုတ်လွှတ်နိုင်သည်မှာ ကောင်းမွန်သည်ဟု ဆိုနိုင်သည်။
ရီဖုန်းသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် သူ၏ခန္ဓာကိုယ် တုန်ရီနေကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်လုနီးပါးပင်။
သို့ရာတွင် သူ၏စိတ်ကိုချိုးနှိမ်ကာ တည်ငြိမ်အောင် ပြန်လည်ထိန်းသိမ်းလိုက်၏။
ဤရီနျန်နည်းစနစ်ကို တခြားလူများ ကျင့်ကြံရန် အချိန်မည်မျှထိ ကြာမြင့်သည်ကို သူ မေးမြန်းရန်လိုအပ်သည်။
အကယ်၍ ဤရီနျန်နည်းစနစ်ကို တခြားသူများ ကျင့်ကြံရာ၌ ရက်အနည်းငယ်သာ ကြာမြင့်သည်ဆိုပါက သူသည် အရေးမပါသောကိစ္စအတွက် ပျော်ရွှင်ခဲ့ခြင်း ဖြစ်သွားပေမည်။
သူသည် အိပ်ဆောင်မှထွက်လာကာ ကြီးမားကျယ်ပြန့်သော ရှင်းချန်တောင်ထိပ်ပေါ်၌ ပစ်မှတ်တစ်ခုကို စတင်၍ရှာဖွေလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ရှင်းချန်တောင်ထိပ်၏ စီနီယာအစ်ကိုယိုတုရှင်းကို ရှာဖွေရန် ဆုံးဖြတ်ချက်ချလိုက်၏။
ယိုတုရှင်းသည် ရှင်းချန်တောင်ထိပ်၌ ကျင့်ကြံနေသည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သောကြောင့် ရှင်းချန်တောင်၏အခြေခံအုတ်မြစ်ဟု ပြောဆိုနိုင်သည်။
ထိုကြောင့် ရီဖုန်းသည် ဤကိစ္စကို ယိုတုရှင်းအားမေးမြန်းပါက မှန်ကန်မည်ဟု ခံစားမိသည်။
ချောက်ကမ်းပါးစွန်းတစ်ခုပေါ်၌...
ယိုတုရှင်းသည် ပလ္လင်ခွေထိုင်ကာ သူ၏ပခုံးပေါ်၌ ဓားရှည်တစ်လက်ကိုထမ်းထားပြီး သူ၏မျက်လုံးများကို စုံမှိတ်၍အနားယူနေသည်။
"စီနီယာအစ်ကိုယို...ဒီနေရာမှာ ရှိနေလား"
ရီဖုန်းက လွတ်လပ်ပေါ့ပါးစွာ အော်ဟစ်လိုက်သည်။
ယိုတုရှင်းသည် သူ၏မျက်လုံးများကိုဖွင့်ပြီးနောက် ပြုံးရွှင်နေသောမျက်နှာဖြင့် ရောက်ရှိလာသော ရီဖုန်းကို ကြည့်သည်။
"မင်းက ဒီနှစ်ရက်အတွင်းမှာ ရှင်းချန်တောင်ထိပ်ကို ရောက်လာခဲ့တဲ့ လူသားအင်မော်တယ် တပည့်သစ်မဟုတ်လား"
ယိုတုရှင်းက ရီဖုန်းကိုကြည့်ကာ ပြောဆိုသည်။ သူ၏ရှင်းချန်တောင်ထိပ်သည် လူသားအင်မော်တယ်တစ်ယောက်ကို တပည့်သစ်အဖြစ် လက်ခံထားသောကိစ္စကို ရှင်းချန်တောင်ထိပ်၏စီနီယာတပည့်ဖြစ်သော သူသည် မည်သည်ကြောင့် မသိရှိဘဲနေမည်နည်း။
သူ သိရှိထားသော်လည်း....
အမှန်အားဖြင့် သူသည် ရီဖုန်းကို အထင်သေးခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ ရီဖုန်းသည်လည်း သူ၏ဂျူနီယာညီလေးတစ်ယောက် ဖြစ်ပေ၏။
"ဟုတ်ပါတယ်...အဲ့ဒါက ငါပါပဲ"
ရီဖုန်းက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ အပြုံးနှင့်ပြောဆိုသည်။
"ဒီတစ်ကြိမ် ငါ ဒီနေရာကိုရောက်လာတာက စီနီယာအစ်ကိုကို မေးစရာမေးခွန်းတစ်ခု ရှိနေလို့ပါ...စီနီယာအစ်ကိုက ငါ ဇဝေဇဝါဖြစ်နေတဲ့ကိစ္စကို ရှင်းပြပေးနိုင်မယ်လို့ ငါ မျှော်လင့်မိတယ်"
"ဂျူနီယာညီလေး မင်း ဆန္ဒရှိသလိုမေးပါ"
ယိုတုရှင်းက ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"ဟုတ်ကဲ့...ငါ မနေ့တုန်းက အင်မော်တယ်ကျမ်းစာဆောင်ကနေ အဆင့်နိမ့်အင်မော်တယ်ကျင့်ကြံနည်းစနစ်တစ်ခုကို ယူလာခဲ့တယ်...ရီနျန်နည်းစနစ်ကို ဘယ်လိုကျင့်ကြံရလဲဆိုတာကို စီနီယာအစ်ကို သိလား"
ရီဖုန်းက မေးမြန်းသည်။
"အော်...မင်းက ရီနျန်ကျင့်ကြံနည်းစနစ်ကို ဘယ်လို ကျင့်ကြံရမယ်ဆိုတာ ငါ့ကို သင်ပေးစေချင်တာလား"
ယိုတုရှင်းက မျက်မှောင်ကြုတ်၍ပြောဆိုသည်။
"ဒါက အချိန်အတိုင်းအတာတစ်ခုထိ မဖြစ်နိုင်မှာကို ငါ စိုးရိမ်မိတယ်...ငါက နှစ်ရက်အတွင်းမှာ တာဝန်တစ်ခုလုပ်ဆောင်ဖို့အတွက် ဂိုဏ်းကနေ ထွက်သွားရလိမ့်မယ်"
"စီနီယာအစ်ကိုယို....မင်း နားလည်မှုလွဲနေပြီ...ငါက မင်းကို သင်ကြားပေးစေချင်တာမဟုတ်ဘူး...ငါက မေးချင်ရုံလေးပါပဲ...အဲ့ဒီရီနျန်ကျင့်ကြံနည်းစနစ်ကို ကျင့်ကြံဖို့အတွက် ခက်လား"
ရီဖုန်းက မျှော်လင့်ချက်အပြည့်ဖြင့် ယိုတုရှင်းကို ကြည့်လိုက်သည်။
"အရမ်းခက်ခဲတယ်"
ယိုတုရှင်းသည် အချိန်တစ်ခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။
"ဒါဆိုရင် စီနီယာအစ်ကိုက ငါ့ကိုပြောပြပေးပါ ...အဲ့ဒီကျင့်ကြံနည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိရောက်အောင် ကျင့်ကြံမယ်ဆိုရင် အချိန်ဘယ်လောက်ကြာနိုင်လဲ"
ရီဖုန်းက ထပ်မံ၍မေးမြန်းသည်။
"စီနီယာအစ်ကိုယိုကရော...ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ဖို့အတွက် ဘယ်လောက်ကြာခဲ့လဲ"
"ရီနျန်ကျင့်ကြံနည်းစနစ်က အဆင့်နိမ့်အင်မော်တယ်နည်းစနစ်ဆိုပေမယ့်...အင်မော်တယ်နည်းစနစ်တွေရဲ့စာရင်းထဲမှာ ရှိနေတုန်းပဲ"
"ရွှမ်အင်မော်တယ်တစ်ယောက်တောင် ဒီနည်းစနစ်ကို ပြီးပြည့်စုံအောင်ကျင့်ကြံဖို့ အချိန်ယူရလိမ့်မယ်...မှတ်တမ်းတွေအရဆိုရင် ငါတို့ဂိုဏ်းရဲ့သမိုင်းမှာ အရင်မျိုးဆက်ရဲ့ဂိုဏ်းချုပ်က ဒီနည်းစနစ်ကို ကျင့်ကြံနိုင်တဲ့ အမြန်ဆုံးလူဖြစ်ပြီးတော့ အချိန်တစ်နှစ်ကြာခဲ့တယ်"
"ငါကတော့ သုံးနှစ်ကြာမြင့်ခဲ့တယ်"
ယိုတုရှင်းက အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်နေသောအသံဖြင့် ပြောဆိုသည်။သူသည် ဤကျင့်ကြံနည်းစနစ်ကို ကျင့်ကြံရန်အတွက် အချိန်သုံးနှစ်ယူခဲ့ရသည့်ကိစ္စကို စိတ်မကျေမနပ်ဖြစ်နေသည်မှာ သိသာထင်ရှားလှ၏။
ထိုစကားကိုကြားချိန်တွင် ရီဖုန်း၏စိတ်နှလုံးသားအတွင်း၌ ပျော်ရွှင်မှုများလွှမ်းခြုံသွားသည်။
'ခွေးစနစ်....'
'ဒီတခါတော့ မင်း အရမ်းချစ်ဖို့ကောင်းတာပဲ...'
'ငါ့ကို နှစ်နှစ်ဆယ်လောက် အမှိုက်ကောင်တစ်ကောင်ဖြစ်အောင် လုပ်ခဲ့ပေမယ့် နောက်ဆုံးကျတော့ မင်းက ငါ ဂုဏ်ယူဝံ့ကြွားနိုင်အောင် လုပ်ပေးခဲ့ပြီ...ငါ အင်မော်တယ်နယ်မြေကို ရောက်လာတဲ့အချိန်တုန်းက အမှိုက်ကောင်တစ်ကောင်ပဲ ဖြစ်နေအုံးမယ်လို့ ငါ ထင်ခဲ့ပေမယ့် ငါ့ရဲ့ဘဝမြင့်တက်မှုအစ ဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...'
'ငါ ရီဖုန်းက တစ်ရက်အတွင်းမှာ ပြီးပြည့်စုံတဲ့အဆင်ထိ ကျင့်ကြံနိုင်ခဲ့တဲ့ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ပဲ...ငါက အင်မော်တယ်နယ်မြေမှာ အေးအေးဆေးဆေး ခြေချနိုင်တော့မယ်'
ရီဖုန်းသည် သူ၏လက်များကို တင်ပါးပေါ်သို့တင်ကာ စိတ်အားတက်ကြွနေသည်။ သူ၏စိတ်နှလုံးသားအတွင်းတွင် အတွေးမျိုးစုံဖြင့်ပြည့်နှက်နေကာ စိတ်လှုပ်ရှားမှုကြောင့် မိုးကောင်းကင်ယံကိုမော့ကြည့်ပြီး အော်ဟစ်လိုက်တော့လုနီးပါးပင်။
သူ အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။
အင်မော်တယ်နယ်မြေအတွင်းတွင် နာမည်ကျော်ကြားလာရန်အတွက် သူသည် ဤနေလဂိုဏ်းမှ စတင်ရပေမည်။
သူသည် မအောင့်အည်းနိုင်တော့သဖြင့် ယိုတုရှင်းကိုလှည့်ကြည့်ကာ အေးအေးလူလူအသံဖြင့် မေးမြန်းလိုက်၏။
"ဒါဆိုရင် စီနီယာအစ်ကိုယို ငါ မေးပါရစေ...ရီနျန်ကျင့်ကြံနည်းစနစ်ကို တစ်ညတည်းနဲ့ ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်ခဲ့ရင် အဲ့ဒါက ဘယ်လိုသဘောမျိုး သက်ရောက်သွားလဲ"
"အဲ့ဒီလူကို ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်လို့ ခေါ်နိုင်လား"