အခန်း (၅၈၆-၅၉၀)
Vol. 40 Ch. 586-590
Chapter 586
"မင်း...."
"လျှူယန်....မင်းက လူတွေကို အရမ်းလှည့်စားချင်နေတာလား"
ကောင်းရှစ်ကျီး၏မျက်နှာ သုန်မှုန်သွားကာ အံ့တင်းတင်းကြိတ်ပြီး စကားတစ်လုံးခြင်း အော်ဟစ်လိုက်သည်။
"ငါတို့က တခြားလူတွေကို လှည့်စားနေတာမဟုတ်ဘူး...ငါက မင်းအတွက် စဥ်းစားပေးရုံလေးပဲ"
ရီဖုန်းက ရှေ့သို့ထွက်လာကာ သူ့၏နှုတ်ခမ်းထောင့်မြင့်တက်သွားပြီး ပြောဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ် မင်းက မိုးကောင်းကင်တာအိုကို တိုင်တည်ပြီးတော့ ကျိန်ဆိုထားခဲ့တယ်...တကယ်လို့ မင်း ကတိမတည်ဘူးဆိုရင် မိုးကောင်းကင်တာအိုရဲ့အပြစ်ပေးတာကို ခံရလိမ့်မယ်"
"ငါတို့က မင်းကို ကြင်ကြင်နာနာနဲ့ သတိပေးနေတာပါ...ဒါပေမဲ့ မင်းက ငါတို့ကို အပြစ်တင်တုန်းပဲလား"
"ထားလိုက်တော့ ထားလိုက်တော့...တကယ်လို့ မင်း မလုပ်ချင်ဘူးဆိုရင်လည်း မလုပ်ဘဲ နေလို့ရတယ် ..ငါတို့ ဘာမှထပ်ပြောတော့မှာ မဟုတ်ဘူး"
ရီဖုန်းက ပျင်းရိငြီးငွေ့စွာပြောဆိုကာ လျှူယန်ကိုခေါင်းညိတ်ပြပြီး ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။
"မင်း...."
ကောင်းရှစ်ကျီး၏ပါးစပ်မှ သွေးတလုတ် အန်ထွက်လာသည်။
သူ၏မျက်လုံးများ နီမြန်းနေကာ အံ့တင်းတင်းကြိတ်ထားပြီး နာကြည်းမုန်းတီးမှုများ ပြည့်နှက်နေသောမျက်နှာဖြင့် ရီဖုန်းကို ကြည့်လိုက်သည်။
သူ ကျိန်ဆိုထားသည်ကို ထည့်မတွက်ဘဲ နေကြပါစို့။အကယ်၍ သူ ကျိန်ဆိုထားခြင်း မရှိလျှင်ပင် လူသူအများရှေ့တွင် သူ၏ကတိကို ဖြည့်ဆည်းပေးခြင်းမရှိပါက သူ့အတွက် အရှက်ရစရာ ဖြစ်သွားပေမည်။
ကောင်းရှစ်ကျီး ဤကဲ့သို့ဖြစ်နေသည်ကိုကြည့်ပြီး လျှူယန်အပါအဝင် ရှင်းချန်တောင်ထိပ်မှလူများသည် မည်မျှထိ ဝမ်းသာပျော်ရွှင်နေသည်ကို ဖော်ပြရန်ပင်မစွမ်းတော့ချေ။
တပည့်သစ်များ ဝင်ရောက်လာသည့်နေ့မှ ကိစ္စကို ပြန်လည်၍စဥ်းစားတွေးတောပါက ရီဖုန်း၏လုပ်ရပ်သည် လက်စားချေခြင်းဟု ယူဆနိုင်ပေ၏။
သူတို့သည် နေလတောင်ထိပ်၏ဖိနှိပ်ခြင်းကို နှစ်ပေါင်းများစွာကြာအောင် ခံထားရသော်လည်း ယခုအချိန်အခိုက်အတန့်တွင် ပြန်လည်၍ ဂုဏ်ယူဝင့်ကြွားနိုင်လေပြီ။
ဤလူသားအင်မော်တယ်တပည့်ကို သူတို့ ပို၍ကြည့်မိလေလေ သူတို့၏မျက်လုံးများအတွင်း၌ ပို၍နှစ်လိုဖွယ်ကောင်းလာလေလေပင်။
ကောင်းရှစ်ကျီးသည် သူ၏ကတိကို ဖြည့်ဆည်းမပေးလိုသည့် ပုံပန်းသွင်ပြင်ကို မြင်တွေ့ချိန်တွင် ပတ်ဝန်းကျင်ရှိ လူအုပ်အကြားမှနေ၍ အသံများစတင်၍ထွက်ပေါ်လာသည်။
"နေလတောင်ထိပ်သခင်က အရှုံးကို ဝန်မခံချင်တာလား"
"အမှန်ပဲ....မင်းရှုံးတာ အသိသာကြီးလေ...မင်းက ဘာတွေ တွေဝေနေတာလဲ"
ဤစကားများကြောင့် ကောင်းရှစ်ကျီး၏မျက်နှာ ပို၍သုန်မှုန်သွားသည်။
ဘုန်း....
သူ၏လက်အတွင်းရှိ အလယ်အလတ်အဆင့်အင်မော်တယ်လက်နက်ကို မြေကြီးအတွင်းသို့ထိုးစိုက်လိုက်သော ကျယ်လောင်သည့် အသံတစ်သံနှင့်အတူ....
"ငါတို့နေလတောင်ထိပ်က အမှိုက်ပုံပဲ...ဟုတ်ပြီလား"
သူသည် မနှစ်မြို့ဖွယ်မျက်နှာအမူအယာဖြင့် ပြောဆိုကာ နာကျည်းမုန်းတီးသောအကြည့်ဖြင့် ရီဖုန်းကို တစ်ချက်ကြည့်လိုက်၏။
သူသည် ထိုစကားကိုပြောဆိုပြီးနောက် နေရာမှနေ၍ အလွန်အမင်းလျှင်မြန်သောအရှိန်နှုန်းဖြင့် ထွက်ခွာသွားတော့သည်။
"ဟား ဟား ဟား ဟား...."
ကောင်းရှစ်ကျီးသည် မျက်နှာအမူအယာ ပျက်ယွင်းနေပြီး ရှက်ရွံ့စွာဖြင့် ပြေးထွက်သွားသည်ကိုကြည့်ပြီး ရှင်းချန်တောင်ထိပ်မှလူများအားလုံး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြ၏။
အရမ်းမိုက်တယ်...
ကောင်းရှစ်ကျီး အရှက်ရသွားတဲ့ ပုံစံကိုကြည့်ရတာ အရမ်းမိုက်တယ်...
"ဟား ဟား ဟား...မိတ်ဆွေလေး...ငါက ရှင်းချန်တောင်ထိပ်ရဲ့နေ့စဉ်အရေးကိစ္စတွေကို တာဝန်ယူရတဲ့ အကြီးအကဲပဲ...နောင်တချိန်မှာ မင်းအချိန်ရရင် ငါ့ဆီကို လာလည်ပါအုံး"
"မိတ်ဆွေလေး...မင်းက ငါတို့အတွက် အထင်ကြီးစရာပဲ...မင်းက ငါ့ရဲ့ဘဝတလျှောက်လုံးမှာ ငါ လေးစားကြည်ညိုမိတဲ့ ပထမဆုံးလူသားအင်မော်တယ်ပဲ"
"မင်း ဝိုင်အရက်သောက်တတ်လား...မိတ်ဆွေလေး....ငါ့ရဲ့နေရာကို ဝိုင်အရက်သောက်ဖို့အတွက် မင်း လာခဲ့ပါအုံး"
ဤအချိန်အခိုက်အတန့်တွင် ရှင်းချန်တောင်ထိပ်မှ အကြီးအကဲများအပါအဝင် တခြားတပည့်များအားလုံးသည် ရှေ့သို့တိုးလာကာ ရီဖုန်းကို နှုတ်ဆက်ကြသည်။
ဤသည်ကြောင့် ရီဖုန်းကို သူ၏ပါးစပ်မစေ့နိုင်တော့သည်အထိ ပျော်ရွှင်သွားစေသည်။
ယခုလက်ရှိအချိန်တွင် သူသည် နောက်ဆုံး၌ ကြယ်ပွင့်များ၏ဝိုင်းရံခံရသော ခံစားချက်မျိုးကို ခံစားမိလေပြီ။
ဤသည်မှာ ယခင်နှင့် မတူညီချေ။
သူသည် ယခင်ကပင်ကျင်းမြို့အတွင်း၌ လူအိုကြီးများနှင့်အဒေါ်ကြီးများ၏ ဝိုင်းရံခြင်းကို ခံရသော်လည်း ဤသည်မှာ မည်သည်ကြောင့် အရေးပါနိုင်မည်နည်း....
သူသည် သူတို့အား သူ့၏ခွန်အားတချို့ကို ပြသခဲ့သည့်တိုင် သူတို့သည် ထိတ်လန့်တုန်လှုပ်သွားခြင်းမရှိဘဲ အာရုံကြောများ ထိုင်းမှိုင်းနေသည့် သက်ကျားအိုကြီးများတစ်သိုက်ပင်။
"ကောင်းပြီ...ကောင်းပြီလေ...မင်းတို့အားလုံး အရင်ဆုံး ပြန်သွားကြတော့"
ထိုအချိန်မှာပင် လျှူယန်က ရှေ့သို့လျှောက်လှမ်းလာကာ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် စိတ်လှုပ်ရှားနေသောလူများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားတော့သည်။
သို့ရာတွင် လျှူယန်သည် ထိုသို့ပြောဆိုလိုက်သည့်တိုင် သူမ၏စိတ်နှလုံးသား တည်ငြိမ်နိုင်ခြင်းမရှိချေ။
ပြောရမည်ဆိုလျှင် သူမရှေ့ရှိတပည့်သည် သူမ အထင်ကြီးအောင် အမှန်တကယ် လုပ်ဆောင်နိုင်ခဲ့သည်။
ရီနျန်ကျင့်ကြံနည်းစနစ်ကို တစ်ညတည်းဖြင့် ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည်မှာ အမှန်တကယ်ဖြစ်နေပြီး ကောင်းရှစ်ကျီးကို ဤကဲ့သို့ ရှက်ရွံဖွယ်အနေအထားဖြင့် ထွက်ပြေးသွားစေနိုင်ခဲ့သည်။
သူမသည် ယခင်က ဤသို့ဖြစ်လာမည်ကို အနည်းငယ်မျှပင် စဉ်းစားတွေးသောဝံ့ခြင်းမရှိချေ။
"နင် ဘာလိုချင်တာလဲဆိုတာ ငါ့ကို ပြောပါ"
လျှူယန်က နူးညံ့ညင်သာစွာ ပြောဆိုသည်။
"အမ်..."
ရီဖုန်းသည် သူ၏ခေါင်းကိုကုတ်ကာ အနည်းငယ်အကျပ်ရိုက်နေသည်။အကြောင်းအရင်းမှာ သူသည် ဤအချိန်အခိုက်အတန့်တွင် သူ မည်သည့်အရာအား လိုအပ်သည်ကို မသိရှိသောကြောင့်ပင်။
"မင်း အဲ့ဒါကို နောက်မှပေးလို့ရလား"
ရီဖုန်းက မေးမြန်းသည်။
"ကောင်းပြီလေ"
လျှူယန်က သဘောတူညီလိုက်ကာ ရီဖုန်းကို ထပ်မံ၍ ကြည့်လိုက်မိသည်။
အကယ်၍ တခြားတပည့်များသည် ဤကဲ့သို့အခွင့်အရေးတစ်ခုကို ရရှိပါက အလျင်စလိုတောင်းဆိုမည်ကို သူမ စိုးရိမ်မိသည်။သို့ရာတွင် ဤတပည့်သည် အလျင်လိုခြင်းမရှိဘဲ နောက်ပိုင်းမှတောင်းဆိုမည်ဟု ပြောဆိုခဲ့လေ၏။
ဤသည်မှာ သာမန်သူများနှင့် အမှန်တကယ်ကို ကွဲပြားခြားနားနေသည်။
"ဒါပေမဲ့ နင်က ဒီနေ့ ကောင်းရှစ်ကျီးကို အရှက်ရအောင်လုပ်ခဲ့တယ်...သူက နင့်ကို အလွတ်မပေးဘဲ တိတ်တဆိတ်ကြံစည်မှာကို ငါ စိုးရိမ်မိတယ်...ဒါကြောင့် နင် သတိထားရမယ်"
လျှူယန်က ထပ်မံ၍သတိပေးသည်။
"ပြန်လည်ဝင်စားခြင်းနယ်ပယ် အမှိုက်တစ်စကို ငါက ကြောက်နေမှာ မဟုတ်ဘူး"
ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းကာ ပေါ့ပေါ့ပါးပါးပြောဆိုသည်။
ဤသည်ကြောင့် လျှူယန်၏မျက်နှာ မသိမသာရှုံမဲ့သွားသည်။
မည်သည်ကြောင့် ဤလူသားအင်မော်တယ်သည် ပြန်လည်ဝင်စားခြင်းအင်မော်တယ်တစ်ယောက်ကို မကြောက်ရွံရသနည်း...
သို့ရာတွင် သူမက ထပ်မံ၍ပြောဆိုလိုက်၏။
"အရင်တစ်ကြိမ်တုန်းက...သူက ရွှမ်အင်မော်တယ်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူတစ်ယောက်လို့ ငါ နင့်ကို ပြောခဲ့တာလေ...နင် ပြောနေတဲ့ ပြန်လည်ဝင်စားခြင်းအင်မော်တယ် မဟုတ်ဘူး"
"အော်...ငါ အမှတ်မှားသွားတာပဲ...ဒါပေမဲ့ သူက ပိုပြီးတောင် အမှိုက်ဖြစ်သွားသေးတယ်..ငါက သူ့ကို နည်းနည်းလေးတောင် အထင်မကြီးဘူး"
ရီဖုန်းက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
ဤသည်ကြောင့် နောက်ဆုံး၌ လျှူယန်သည် ထပ်မံ၍သည်းမခံနိုင်တော့သဖြင့် မေးမြန်းလိုက်၏။
"နင် ဒီလိုယုံကြည်မှုမျိုးကို ဘယ်နေရာက ရလာတာလဲ...နင် သူ့ကို မကြောက်ဘူးလား...နင်က ပြန်လည်ပြန်လည်ဝင်စားခြင်း အင်မော်တယ်တစ်ယောက်ကိုတောင် မကြောက်ဘူးလား"
"လျှို့ဝှက်ချက်...."
ရီဖုန်းက မပြတ်မသား ပြောဆိုသည်။
"လျှို့ဝှက်ချက်လား..."
လျှူယန်၏နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။
သူမ၏ရှေ့ရှိ ကောင်စုတ်လေးထံတွင် အမှန်တကယ်ကို လျှို့ဝှက်ချက်တစ်ခုရှိနေပြီး သူမ မမြင်တွေ့နိုင်ခြင်း ဖြစ်နေသလော....
ဤကောင်စုတ်လေးသည်....
အရာအားလုံး အဆင်ပြေပေသည်....
အနည်းငယ် ကြွားဝါတက်ရုံ သက်သက်ပင်။
ကံကောင်းထောက်မစွာဖြင့် ဤသည်မှာ ပြဿနာကြီးတစ်ရပ် မဟုတ်ချေ။
"စကားမစပ်....ငါ နင့်ကို ပြောစရာတစ်ခုရှိသေးတယ်"
လျှူယန်က ပြောဆိုသည်။
အမ်...တောင်ထိပ်သခင်လျှူ...ကျေးဇူးပြုပြီး ပြောပါ"
ရီဖုန်းက တုံ့ပြန်သည်။
"ခုနစ်ရက်ကြာပြီးရင် တပည့်သစ်ယှဥ်ပြိုင်ပွဲကို စတင်ကျင်းပတော့မယ်...အဲ့ဒီအချိန်ကျရင် နင်လည်း ဝင်ပြီးယှဉ်ပြိုင်ရလိမ့်မယ်"
"တပည့်သစ်ယှဉ်ပြိုင်ပွဲ...ဒါက လက်ရည်စမ်းပွဲ တစ်ခုလား"
"မဟုတ်ဘူး"
လျှူယန်က သူမ၏ခေါင်းကိုခါယမ်းကာ ပြောဆိုသည်။
"အရင်စည်းမျဉ်းတွေအရဆိုရင် နင်က အနောက်ဘက်တောင်တန်းကို သွားရလိမ့်မယ်..ပြီးတော့နင် အမဲလိုက်လို့ရလာတဲ့ နတ်ဆိုးသားရဲ့အရေအတွက်ပေါ်မူတည်ပြီး အဆင့်သတ်မှတ်ခံရမယ်"
"ဒါပေမဲ့ ဒီကိစ္စကို လျှော့တွက်လို့မရဘူး"
"အနောက်ဖက်တောင်မှာ မရေမတွက်နိုင်တဲ့ မှော်သားရဲတွေ ရှိနေတယ်...အဲ့ဒီသားရဲတွေထဲမှာ အဆင့်မြင့်တာကော နိမ့်တာရောပါတယ်... နင့်ရဲ့ခွန်အားနဲ့ဆိုရင် အဆင့်နိမ့်နတ်ဆိုးသားရဲတွေကိုပဲ နင် အမဲလိုက်နိုင်မယ်...ဒါက နင် အဆင့်နိမ့်မော်သားရဲတွေကို အမဲလိုက်နေတဲ့အချိန်မှာ အဆင့်မြင့်မှော်သားရဲတွေရဲ့ တိုက်ခိုက်မှုကိုလည်း ခုခံကာကွယ်ရမယ်လို့ ဆိုလိုတာပဲ"
"တကယ်တော့ ပိုပြီးအရေးကြီးတဲ့စည်းမျဉ်းက တပည့်တွေအကြားမှာ တစ်ယောက်နဲ့တစ်ယောက် လုယက်လို့ရတာပဲ"
ထိုစကားကိုကြားချိန်တွင် ရီဖုန်း၏မျက်ခုံးများ မြင့်တက်သွားသည်။
သူ နားလည်သဘောပေါက်သွားလေပြီ။
ဤတပည့်သစ်ယှဉ်ပြိုင်ပွဲအတွင်း၌ အစစ်အမှန်အရေးကြီးသောကိစ္စမှာ တပည့်များအကြားမှလုယက်ခြင်းပင်။
ကြီးမားသောခွန်အားရှိသည် တပည့်များသည် နတ်ဆိုးသားရဲများကို အမဲလိုက်ခြင်းမပြုဘဲ ကောင်းမွန်သောအဆင့်များကို ရယူနိုင်ကြသည်။
ထိုအချိန်ကျပါက ပြိုင်ဆိုင်မှုသည် မည်မျှထိ ရက်စက်ကြမ်းကြုတ်မည်ကို သူ ကြိုတင်ခန့်မှန်း၍ရသည်။
"ဒီယှဥ်ပြိုင်ပွဲမှာ လူဘယ်လောက်များများ ပါဝင်ယှဉ်ပြိုင်မှာလဲ"
ရီဖုန်းက မေးမြန်းသည်။
"အရင်တစ်ကြိမ်တုန်းက နင် မြင်ခဲ့တဲ့ တပည့်သစ်တွေအားလုံးပဲ...လူလေးထောင် ဒါမှမဟုတ် ငါးထောင်လောက်တော့ ရှိလိမ့်မယ်...နင်ကလွဲပြီးတော့ အဆင့်နိမ့်ဆုံးတစ်ယောက်က မြေကမ္ဘာအင်မော်တယ်နယ်ပယ်မှာ ရှိတယ်"
လျှူယန်က ရီဖုန်းကိုကြည့်ပြီး တည်ငြိမ်စွာပြောဆိုသည်။
ဤသည်မှာ ရီဖုန်း၏မျက်နှာကို သုန်မှုန်သွားစေသည်။
'ငါက လူသားအင်မော်တယ်တစ်ယောက် ဖြစ်နေရင်လည်း ဘာဖြစ်လဲ'
တချိန်တည်းမှာပင် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အနည်းငယ်ညည်းတွားလိုက်မိသည်။
သူ့အား ကူညီရန်အတွက် သူ၏အနောက်ဖက်ခြံဝန်းအတွင်းမှ လူအိုကြီးများကို သူ ခေါ်ဆောင်နိုင်သလော.....
"ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ကြိမ်မှာ ငါ နင့်ကို တာဝန်တစ်ခုပေးမယ်...တကယ်လို့ နင်က ထိပ်သီးအယောက်ငါးရာထဲကို ဝင်မယ်ဆိုရင်...နင် နောက်ထပ်တောင်းဆိုမှုတစ်ခုကို ပြုလုပ်နိုင်မယ်လို့ ငါ အာမခံတယ်"
လျှူယန်က ပြောဆိုသည်။
"ကောင်းပြီလေ"
ရီဖုန်းက သဘောတူညီလိုက်၏။
ဤတချိန်တွင် သူ မည်သို့ဖြစ်ပျက်သည်ဖြစ်စေ အရင်ဆုံးအနေဖြင့် သူ သဘောတူညီရပေမည်။ မည်သို့ပင်ဆိုစေကာမူ တောင်းဆိုမှုတစ်ခုပြုလုပ်ရန် အခွင့်အရေးကို သူ ထပ်မံ၍ရရှိမည်မဟုတ်လော။
ရီဖုန်းထွက်ခွာသွားပြီးနောက် လျှူယန်၏မျက်လုံးအကြည့်သည် သူ့ထံတွင် စူးစိုက်၍ကျရောက်နေတာ အချိန်အတော်ကြာသည်အထိ အကြည့်လွှဲခြင်းမရှိချေ။
ဟူး....
သူမက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"ဒီကောင်လေး...သူ့အကြောင်းကို ငါ တစ်ခါမှမကြားခဲ့ဖူးဘူး...အရင်ကလည်း သူ့ကို မမြင်ခဲ့ဖူးဘူး... ဒါပေမဲ့ သူက ရီနျန်ကျင့်ကြံနည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်တယ်...ဒါက အင်မော်တယ်ကျင့်ကြံနည်းစနစ်တွေကို လေ့လာဆင်ခြင်နိုင်တဲ့ သူ့ရဲ့အရည်အချင်းက မိုးကောင်းကင်ကို ဖီဆန်နေတယ်လို့ ပြသနေတာပဲ"
"ကံဆိုးချင်တော့ ငါက သူ့ရဲ့အရိုးအဆစ်တွေကို မြင်လိုက်ရတယ်...ဒီလိုမျိုးအသက်အရွယ်မှာ လူသားအင်မော်တယ်တစ်ယောက် ဖြစ်နေတာက သူ့ရဲ့အမြင့်ဆုံးအကန့်အသတ်ဖြစ်ဖို့ ကံကြမ္မာရှိနေပြီ"
"ဒါက တကယ့်ကို စိတ်ပျက်စရာပဲ"
"သူ့ဆီမှာ အဆင့်မြင့်အင်မော်တယ်နယ်ပယ်ကျင့်ကြံဆင့်မျိုးသာ ရှိနေမယ်ဆိုရင်....သူ့ရဲ့အနာဂတ်အောင်မြင်မှုတွေက နေလဂိုဏ်းတစ်ဂိုဏ်းလုံးကိုတောင် ကျော်လွန်သွားနိုင်တယ်"
သူမ၏နောက်မှနေ၍ ရှင်းချန်တောင်ထိပ်မှအကြီးအကဲတစ်ယောက် ထွက်လာကာ သက်ပြင်းရှိုက်ရင်း ပြောဆိုလိုက်၏။မည်သို့ပင်ဆိုစေကာမူ တစ်စုံတစ်ယောက်သည် အင်မော်တယ်ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံရာ၌ လျှင်မြန်သည့်တိုင် ကျင့်ကြံဆင့်အခြေခံစွမ်းအားတွင် ကောင်းမွန်သောပါရမီမျိုးရှိသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
"ဖြစ်နိုင်တာတော့ သူ့ရဲ့နောက်ခံကြောင့်များလား"
"ဒါကြောင့် သူရဲ့ဘဝက အခုလို ဖြစ်နေတာဖြစ်မယ်"
"ဒါပေမဲ့ သူ နည်းနည်းလောက် ထပ်ပြီးကျင့်ကြံနိုင်တဲ့ အခွင့်အရေးတစ်ခုတော့ ရှိပါသေးတယ်... နောင်အနာဂတ်မှာ သူက ရှင်းချန်တောင်ထိပ်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်လာနိုင်တဲ့ အခွင့်အရေးရှိနေတယ်"
လျှူယန်က ပြောဆိုသည်။
"ဒါကြောင့် ငါက သူ့ကို ထိပ်သီးအယောက်ငါးရာထဲကို ဝင်အောင်လုပ်ဖို့ တွန်းအားပေးလိုက်တာပဲ"
"ဒါပေမဲ့ တောင်ထိပ်သခင်...ထိပ်ဆုံးအယောက်ငါးရာထဲကို ဝင်ရမယ်ဆိုတဲ့ လိုအပ်ချက်က အရမ်းမမြင့်မားလွန်းဘူးလား"
လျှူယန်၏နောက်မှ အကြီးအကဲက ပြောဆိုသည်။
"တပည့်သစ် လေးငါးထောင်ထဲမှာ သူ တစ်ယောက်တည်းကပဲ အဆင့်နိမ့်ဆုံးလူသားအင်မော်တယ် ဖြစ်နေတယ်....သူက ရီနျန်ကျင့်ကြံနည်းစနစ်ကို ပြီးပြည့်စုံအောင် ကျင့်ကြံထားနိုင်ပေမယ့်....သူ့ရဲ့ကျင့်ကြံဆင့်စွမ်းအားကွာဟချက်ကို ဖြည့်ဆည်းနိုင်မှာ မဟုတ်ဘူး...ဒါက အဆင်ပြေပါ့မလား"
"ထိပ်သီးအယောက်ငါးရာဆိုတဲ့ ပန်းတိုင်က ငါသာမန်ကာလျှံကာ ပြောလိုက်တာပဲ...သူ တကယ်ကြီးရဖို့ကို ငါ မျှော်လင့်မထားဘူး...နင် ပြောသလိုပဲ သူက ထိပ်သီးအယောက်သုံးထောင်ထဲကိုဝင်ရင်ပဲ မဆိုးဘူးလို့ ယူဆနိုင်တယ်"
Chapter 587
အရိပ်ကျွန်း၌...
ပြင်းထန်သောလေပြင်းများနှင့် သဲမှုန်များအကြားတွင် အမျိုးသမီးတစ်ယောက် လမ်းလျှောက်နေသည်။
မီးတောက်တစ်ခုကဲ့သို့ တောက်ပနေသော သူမ၏အနီရောင်ဝတ်စုံပေါ်တွင် အဝါရောင်သဲများ စွန်းထင်းနေသဖြင့် အညိုနုရောင်သို့ ပြောင်းလဲသွားလေပြီ။
သူမသည် ခါးကုန်းပြီးလျှောက်လှမ်းနေကာ အသက်ရှူရှိုက်နိုင်ရန်အတွက် ခြေလှမ်းနှစ်လှမ်းတိုင်းတွင် တစ်ကြိမ်ရပ်တန့်နေရသည်။
သူမသည် ပင်ပန်းနွမ်းနယ်နေသည့်အပြင် သူမ၏ကျင့်ကြံဆင့်အခြေခံသည်လည်း ဤကျွန်းပေါ်မှ လေပြင်းများ၏အဆက်မပြတ်တိုက်စားခြင်းကို ခံနေရသောကြောင့် သူမသည် သေလုမြောပါးအခြေအနေသို့ ရောက်ရှိနေလေပြီ။
သို့ရာတွင် ထိုအမျိုးသမီးသည် ဇွဲမလျှော့ဘဲဆက်လက်၍ လျှောက်လှမ်းနေဆဲပင်။
သူမ၏ခြေလှမ်းတိုင်းသည် နှေးကွေးသော်လည်း ခိုင်မာသည်။
သဲမုန်တိုင်း၏အထက်တွင်ရှိနေသော လူတစ်ယောက်သည် ဤမြင်ကွင်းကို စူးစိုက်၍စောင့်ကြည့်နေပေ၏။
ထိုလူမှာ ကုံးချန်ပင်။
ဆရာကြီးရီ၏အမိန့်အရ ဤရက်များအတွင်းတွင် သူသည် အရိပ်ကျွန်းပေါ်ရှိ ပြန်လည်ဝင်စားခြင်းအင်မော်တယ်နယ်ပယ်နှင့်အထက် လူများကို ခေါ်ယူစုဆောင်းနေခဲ့သည်။
ထို့ကြောင့် သူသည် အနီရောင်ဝတ်စုံဝတ်အမျိုးသမီးကို စောင့်ကြည့်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
သာမန်အားဖြင့် ဤကဲ့သို့ပတ်ဝန်းကျင်အခြေအနေမျိုးတွင် ရှိနေသူများသည် သေဆုံးသွားပြီးဖြစ်ပေမည်။
အကယ်၍ ထိုလူများသည် အသက်ရှင်သန်နိုင်လျှင်ပင် အနည်းငယ်ချောင်ကျပြီး လုံခြုံစိတ်ချရသော နေရာတစ်နေရာကိုရှာဖွေကာ အသက်ရှူနှုန်းကိုထိန်းသိမ်း၍ အိပ်စက်ပြီး သေဆုံးရမည့်အချိန်ကို စောင့်ဆိုင်းနေကြပေမည်။
သို့ရာတွင် သူမသည် ဤရက်များအတွင်းတွင် ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်၍လျှောက်လှမ်းနေသည်။
သူမသည် အရှေ့ဘက်သို့သွားကာ နယ်မြေအဆုံးသတ်ကိုကြည့်ရှုပြီး ပင်လယ်နက်ထံသို့ပြန်သွားကာ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင်အရိပ်ဝါးမြိုငါးများ ခုန်ပေါက်နေသည်ကို စောင့်ကြည့်နေခဲ့သည်။
သူမသည် ထွက်လမ်းတခုကို အစဉ်အမြဲရှာဖွေနေခြင်းဖြစ်ကြောင်း ကုံးချန်က သိရှိထားသည်။
ဤကဲ့သို့ ဇွဲကောင်းသောအမျိုးသမီးတစ်ယောက်ကို ကုံးချန်သည် လေးစားကြည်ညိုခြင်းမပြုဘဲ မနေနိုင်တော့ချေ။
အရိပ်ကျွန်းပေါ်ရှိ အခြေအနေသည် အလွန်ဆိုးရွားကာ အသက်ဆယ်သက်ရှိလျှင်ပင် သေဆုံးသွားနိုင်သော်လည်း သူမသည် မျှော်လင့်ချက်အား လက်လျှော့အရှုံးပေးခြင်းမရှိချေ။
ထိုအချိန်မှာပင်....
သဲများအကြား၌ ဖြည်းညှင်းစွာလျှောက်လှမ်းနေသော အမျိုးသမီးကိုကြည့်ပြီး ကုံးချန်က အောက်သို့ခုန်ဆင်းလိုက်၏။
သဲမုန်တိုင်းများ ရိုက်ခတ်လာသဖြင့် ကျန်းကျီသည် လေပြင်းနှင့်သဲများကိုဟန့်တားရန် သူမ၏လက်ကို မြှောက်လိုက်သည်။သူမ၏လက်ကို ပြန်ချလိုက်သောအချိန်တွင် သူမ၏ရှေ့၌ လူတစ်ယောက် မတ်တတ်ရပ်နေသည်ကို သူမ မြင်တွေ့မိသည်။
သူမ အံ့အားသင့်တုန်လှုပ်သွားပေ၏။
"စီနီယာလား"
ကျန်းကျီက အံ့အားတစ်သင့် ရေရွတ်လိုက်သည်။
ဤရက်များအတွင်းတွင် ကျန်းကျီသည် ထိုစီနီယာ၏အရိပ်အယောင်ကို ရှာဖွေနေခဲ့သည်။ထိုစီနီယာသည် အရိပ်ကျွန်းပေါ်၌ စွမ်းအားများကို ဆန္ဒရှိသကဲ့သို့ ထုတ်ဖော်အသုံးပြုနိုင်သည်။
ဤသည်မှာ သူမ ပြင်ပသို့ထွက်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်ပင်။
ကုံးချန်သည် ခေါင်းညိတ်ပြကာ သူ၏လက်များကိုနောက်သို့ပစ်ပြီး ကျန်းကျီကို ကြည့်လိုက်သည်။
"မင်း ဘယ်နေရာကို သွားနေတာလဲဆိုတာ ငါ သိလို့ရမလား"
ကုံးချန်က မေးမြန်းသည်။
ကျန်းကျီသည် အနည်းငယ်ရှက်ရွံ့သောအမူအယာဖြင့် တုံ့ပြန်အဖြေပေးသည်။
"ဒီဂျူနီယာက လွတ်လပ်မှုကိုရဖို့အတွက်...ဒီရက်တွေအတွင်းမှာ စီနီယာရဲ့အရိပ်အယောင်ကို လိုက်ပြီးရှာဖွေနေခဲ့မိတဲ့အတွက် ခွင့်လွှတ်ပေးပါ"
"ငါ့ကို ရှာနေတာလား"
ကုံးချန်သည် အံ့အားသင့်သွားသဖြင့် သူ၏မျက်ခုံးများ မြင့်တက်သွားသည်။
'ဘာလို့လဲ"
ကျန်းကျီက သူမသည် တခြားသူအား လိုက်လံရှာဖွေနေသည့်တိုင် ထိုလူသည် သူမအားအထင်အမြင်သေးခြင်း မရှိသည်ကိုကြည့်ပြီး စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ထို့နောက် သူမက ပြောဆိုလိုက်၏။
'စီနီယာက ဒီအရိပ်ကျွန်းပေါ်မှာ ကျင့်ကြံဆင့်အခြေခံစွမ်းအားကို အထိန်းအကွပ်မရှိ အသုံးပြုနိုင်တဲ့ တစ်ယောက်တည်းသောလူပဲလေ"
"ဂျူနီယာက ဒီအရိပ်ကျွန်းကနေ ထွက်ခွာသွားချင်တာကြောင့်...စီနီယာက တစ်ခုတည်းသောမျှော်လင့်ချက်ပဲ"
"မင်းက ဒီနေရာကနေ ထွက်သွားချင်တာလား"
ကုံးချန်သည် ဤကိစ္စကို ကြိုတင်၍သိရှိထားသော်လည်း တမင်သက်သက် မေးမြန်းလေသည်။
ကျန်းကျီက အခိုင်အမာခေါင်းညိတ်ပြလေ၏။
"ဟုတ်ကဲ့..."
"မင်းထွက်သွားနိုင်မယ်လို့ မင်း ထင်လား"
ကုံးချန်သည် မလိုအပ်သော်လည်း ထိရောက်ရန်ရည်ရွယ်၍ ထပ်မံမေးမြန်းလိုက်သည်။
ကျန်းကျီသည် အချိန်တစ်ခဏကြာခန့် တွေဝေနေကာ အနည်းငယ်စိတ်မအေးစပြုလာသည်။
"စီနီယာက ငါ့ရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ပဲ"
ထိုစကားကိုကြားချိန်တွင် ကုံးချန်သည် ရယ်မောကာ မည်ကဲ့သို့ဆုံးဖြတ်ရမည်ကို မသိတော့ချေ။
သူသည် ကျန်းကျီကို အချိန်တစ်ခဏကြာခန့် ကြည့်ရှုပြီးနောက် ပြောဆိုလိုက်၏။
"ဒီရက်တွေအတွင်းမှာ ငါ မင်းကို စောင့်ကြည့်နေခဲ့တယ်...မင်းက ငါ့ကို စိတ်မပျက်စေခဲ့ဘူး"
"ငါက မင်းရဲ့တစ်ခုတည်းသောမျှော်လင့်ချက်မဟုတ်ဘူး"
သူက ပြောဆိုသည်။
"ငါက ဘာမျှော်လင့်ချက်ကိုမှ မပေးနိုင်ဘူး...တကယ်လို့ ငါ ဒီနေရာကနေ ထွက်သွားနိုင်ရင် ဘာလို့ ငါက ဒီမှာဆက်ပြီးနေနေမှာလဲ"
သူသည် ထိုသို့ပြောဆိုကာ ကျန်းကျီ၏မျက်လုံးအတွင်းရှိ အလင်းရောင်များ တဖြည်းဖြည်းမှေးမှိန်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။
သူမသည် စိတ်သက်သာရာရနေခြင်း မရှိတော့ချေ။
ကုံးချန်သည် သူ၏နောက်ရှိ အရိပ်ဝံပုလွေအလောင်းကို လက်ညှိုးညွှန်ပြကာ ပြောဆိုသည်။
"ငါက ကျင့်ကြံဆင့်အခြေခံစွမ်းအားကို အသုံးပြုပြီးတော့ အဲ့ဒီဝံပုလွေတွေကို သတ်လိုက်တယ်လို့ မင်း ထင်နေတာလား"
ကျန်းကျီသည် ခေါင်းညိတ်ပြကာ သူမအတွက် မျှော်လင့်ချက်မျှမရှိသည်ကို သိရှိသော်လည်း ယဉ်ကျေးသိမ်မွေ့စွာ တုံ့ပြန်လိုက်၏။
"စီနီယာက အရမ်းထူးချွန်တာပဲ"
"အံ့အားသင့်စရာ မရှိတော့ဘူး"
ကုံးချန်က ပြုံးလိုက်သည်။သူမသည် ဤနေရာမှနေ၍ ပြင်ပသို့ထွက်ရန် သူ့အား တစ်ခုတည်းသောမျှော်လင့်ချက်ဟု ယူဆထားသည်မှာ အံ့အားသင့်စရာမရှိတော့ချေ။
အရိပ်ကျွန်းပေါ်ရှိ အရိပ်ဝံပုလွေများကို သတ်ဖြတ်နိုင်သော ခွန်အားမျိုးမှာ မျှော်လင့်ချက်တစ်ခုဟုယူဆရန် အမှန်တကယ်ထိုက်တန်သည်။
"မင်း မှားနေပြီ...အဲ့ဒီအရိပ်ဝံပုလွေတွေကို ငါ သတ်ခဲ့တာမဟုတ်ဘူး"
ကျန်းကျီသည် အံ့အားသင့်သွားပြီးနောက် သူမ၏မျက်လုံးအတွင်းရှိ အလင်းရောင်များ လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။
"ဒါပေမဲ့ မင်း စိတ်ပျက်နေစရာမလိုပါဘူး"
ကုံးချန်က တည်ငြိမ်အေးဆေးသောအမူအယာဖြင့် ပြောဆိုသည်။
"ဒီဝံပုလွေတွေကို ငါ သတ်ခဲ့တာ မဟုတ်ပေမယ့် ငါ့ရဲ့အရှင်သခင်က သတ်ခဲ့တာပဲ"
"ဒါတင် မကဘူး...ငါက ဒီကျွန်းပေါ်မှာ ငါ့ရဲ့ကျင့်ကြံဆင့်စွမ်းအားကို မဆင်မခြင်အသုံးပြုနိုင်တာက...သူ ငါ့ကို ပေးထားတဲ့ အကျိုးကျေးဇူးတွေကြောင့်ပဲ"
"ငါက မင်း ဒီနေရာကနေထွက်သွားနိုင်ဖို့ မျှော်လင့်ချက်မဖြစ်နိုင်ပေမယ့်...သူကတော့ ဖြစ်နိုင်တယ်"
ရုတ်ချည်းဆိုသလိုပင် ကျန်းကျီ၏မျက်လုံးအတွင်းရှိ အလင်းရောင်များ တစ်ဖန်ပြန်၍ တောက်ပလာသည်။
သူမက တောက်ပသောမျက်လုံးတစ်စုံဖြင့် ကုံးချန်ကိုကြည့်လိုက်၏။
"တကယ်ပဲလား""
"တကယ်ပေါ့"
ကုံးချန်က ယုံကြည်ချက်အခိုင်အမာရှိသောလေသံဖြင့် ပြောဆိုသည်။
"အရှင်က ဒီအရိပ်ကျွန်းကို ဆန္ဒရှိသလို ဝင်ထွက်သွားလာနိုင်တဲ့အပြင်....သူက ဒီကျွန်းရဲ့ အရှင်သခင်ပဲ"
"ဒီအရိပ်ကျွန်းပေါ်မှာ သူ အသက်ရှင်ခွင့်ပြုခဲ့သူတွေ ရှင်သန်ရမယ်...တကယ်လို့ သူက အသက်ရှင်သန်ခွင့်မပြုဘူးဆိုရင် အဲ့ဒီသက်ရှိတွေအားလုံး သေရမယ်"
ဤစကားလုံးအနည်းငယ်ကြောင့် ကျန်းကျီ၏မျက်လုံးအတွင်းရှိ အလင်းရောင်များသည် အံ့အားသင့်မှုသို့ ပြောင်းလဲသွားပေ၏။
သူမ မတော်တဆတွေ့ဆုံခဲ့ရသည်မှာ မည်ကဲ့သို့သော အစွမ်းထက်တည်ရှိမှုကြီး ဖြစ်နေသနည်း...
"စီနီယာရဲ့အရှင်သခင်က အင်မော်တယ်လောကက လူတစ်ယောက်လား"
သူမက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။မည်သို့ပင်ဆိုစေကာမူ သူမသည်လည်း အင်မော်တယ်လောက၏ တစိတ်တစ်ပိုင်းဖြစ်ခဲ့ဖူးသည် မဟုတ်လော။
နာမည်ကျော်ကြားသော တည်ရှိမှုကြီးများအပြင် ဒဏ္ဍာရီလာတည်ရှိမှုကြီးများ၏နာမည်များကိုပင် သူမ အနည်းနှင့်အများ ကြားဖူးနားဝရှိသည်။
သို့ရာတွင် စီနီယာ၏ပါးစပ်မှထွက်လာသော အရှင်သခင်ဆိုသူနှင့် ပတ်သက်၍ လိုက်ဖက်ညီသော တည်ရှိမှုကြီးတစ်ခုတစ်လေကိုမျှ သူမ တွေးတောနိုင်ခြင်းမရှိချေ။
ဟမ့်....
ကုံးချန်က အထင်အမြင်သေးစွာဖြင့် နှာတစ်ချက်မှုတ်ကာ ပြောဆိုလိုက်သည်။
"ဘယ်လိုလုပ်ပြီး အဲ့ဒီလို ဖြစ်နိုင်မှာလဲ...အရှင်က အင်မော်တယ်နယ်မြေထဲမှာ သရုပ်မှန်ကို ဖုံးကွယ်ပြီးနေခဲ့တဲ့ တည်ရှိမှုကြီးတစ်ယောက်...ဘယ်လိုလုပ်ပြီးတော့ တခြားသူတွေက သူ့အကြောင်းကို သိနိုင်မှာလဲ"
"အမှန်ပဲ...စီနီယာပြောတာ အရမ်းမှန်တယ်"
ကျန်းကျီက သံယောင်လိုက်သည်။
"ဂျူနီယာက ဒီလိုစွမ်းအားမျိုးရှိတဲ့ တည်ရှိမှုကြီးနဲ့ ကိုက်ညီတဲ့ နာမည်တစ်ခုတစ်လေကိုမှ စဉ်းစားမရဘူး"
သူမ၏နှလုံးခုန်နှုန်း အလွန်အမင်း လျှင်မြန်နေပေ၏။
အင်မော်တယ်နယ်မြေအတွင်းရှိ ဒဏ္ဍာရီလာတည်ရှိမှုကြီးများလျှင် ဤအရိပ်ကျွန်းပေါ်မှ အရှင်သခင်လောက် ကောင်းမွန်ခြင်းမရှိဟု ဆိုလေရာ သူသည် မည်မျှထိ အစွမ်းထက်သူတစ်ယောက် ဖြစ်သနည်း။
ကုံးချန်က စိတ်ကျေနပ်သောအကြည့်ဖြင့် ကျန်းကျီကို ကြည့်လိုက်သည်။
"ဒီတကြိမ်မှာ ငါ မင်းကိုလာရှာတာက...အရှင့်ရဲ့ညွှန်ကြားချက်အရပဲ"
"သူက ဒီကျွန်းပေါ်မှာရှိတဲ့ ပြန်လည်ဝင်စားခြင်းအင်မော်တယ်တွေကို သူ အသုံးပြုဖို့အတွက် စုဆောင်းနေတယ်...ငါ မင်းကို စူးစမ်းလေ့လာနေခဲ့တာ အချိန်အတော်ကြာနေပြီ...မင်းက ဇွဲကောင်းပြီးတော့ ကောင်းမွန်တဲ့အကျင့်စရိုက်မျိုးရှိတယ်"
"မင်း ငါတို့အရှင်ရဲ့နောက်လိုက်လုပ်ဖို့ ဆန္ဒရှိလား"
ကုံးချန်က သူ၏ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်၏။
ကျန်းကျီသည် မယုံကြည်နိုင်စွာဖြင့် ကုံးချန်ကိုကြည့်ပြီး အလွန်ဝမ်းသာပျော်ရွှင်သွားသည်။
သူမ၏မျိုးနွယ်အတွင်းမှ လူအိုကြီးသည် သူမ၏ကံကြမ္မာကို တွက်ချက်ပြီးနောက် နှစ်တစ်သောင်းကြာလျှင်တစ်ကြိမ်သာမွေးဖွားသည့် အဖိုးတန်ရှားပါးသူမျိုးဟု ပြောဆိုခဲ့သည်မှာ အံ့အားသင့်စရာမရှိတော့ချေ။ယခုကြည့်ကြည့်တော့မှ သူမ၏ကံကြမ္မာကောင်းကြီးသည် ဤနေရာ၌ ရှိနေလေ၏။
သူမသည် အရိပ်ကျွန်းပေါ်၌ သေဆုံးရတော့မည်ဟု တွေးထင်ခဲ့သော်လည်း အလွန်အစွမ်းထက်သော တည်ရှိမှုကြီးတစ်ယောက်နှင့် ဤနေရာ၌ ဆုံတွေ့ရမည်ဟု သူမ မျှော်လင့်မထားမိချေ။
ဤသည်မှာ သူမ၏အသက် ဆက်လက်ရှင်သန်နိုင်ရန်အတွက် အခွင့်အရေးကြီးပင်။
"ငါက အဲ့ဒီလိုလုပ်ဖို့ ဆန္ဒရှိပါတယ်"
ကျန်းကျီက အလွန်စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။
ဤအဖြေမျိုးရရှိလာမည်ကို ကုံးချန် မျှော်လင့်ထားပြီးဖြစ်သည်မှာ သိသာထင်ရှားလှ၏။ဤကဲ့သို့အစွမ်းထက်သော အရှင်သခင်မျိုး၏လက်အောက်တွင် တာဝန်ထမ်းဆောင်ရန်အတွက် ငြင်းဆန်မည့်လူမျိုး ရှိနေမည်ဟု သူတွေးထင်ထားမိခြင်းမရှိချေ။
"ကောင်းပြီလေ...မင်း ငါနဲ့အတူ လိုက်ခဲ့တော့"
ကုံးချန်က ခြေတစ်လှမ်းရှေ့ကိုတိုးကာ အဝေးသို့ပျံသန်းသွားရန် ဟန်ပြင်လိုက်သည်။
ထို့နောက် ကျန်းကျီသည် ကျင့်ကြံဆင့်စွမ်းအားကို အသုံးမပြုနိုင်သည်အား သူ အမှတ်ရသွားသဖြင့် နောက်သို့ပြန်လှည့်လိုက်၏။သူသည် မြေပြင်ပေါ်ရှိ ကျန်းကျီကိုဆုပ်ကိုင်ကာ အဝေးသို့ ပျံသန်းသွားတော့သည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူတို့သည် နေရာတစ်နေရာသို့ ရောက်ရှိသွားသည်။
သူတို့၏ရှေ့တွင် ရိုးရှင်းသောခြံဝန်းတစ်ခု ရှိနေလေ၏။
ကျန်းကျီ အံ့အားသင့်သွားသည်။ကုံးချန်၏နောက်သို့လိုက်၍ ခြံဝန်းအတွင်းသို့ဝင်လိုက်ချိန်တွင် ကျန်းကျီ၏ခန္ဓာကိုယ် တောင့်တင်းကာ ကြက်သေသေသွားတော့သည်။
ဤအရိပ်ကျွန်းပေါ်မှ သက်ရှိများအားလုံး၏ သေရေးရှင်ရေးကို ထိန်းချုပ်နိုင်သောလူသည် မည်ကဲ့သို့လူစားမျိုးဖြစ်မည်ကို သူမ စဥ်းစားတွေးတောခဲ့သည်။သို့ရာတွင် လေပြင်းများနှင့်သဲမှုန်များ၏ တိုက်စားမှုကိုမခံရသော ဤကဲ့သို့နေရာတစ်ခုကို လွတ်လွတ်လပ်လပ် တည်ထောင်ထားနိုင်သူဖြစ်နေမည်ဟု သူမ မျှော်လင့်မထားမိချေ။
ထို့ပြင် ဤသည်မှာ အချုပ်အခြာကင်းမဲ့သော ကမ္ဘာငယ်လေးတစ်ခုနှင့် တူညီနေသည်။
"ဒီနေရာမှာ မင်း အပြင်နဲ့ကွဲပြားခြားနားမှုကို ခံစားရတယ် မဟုတ်လား"
ကုံးချန်က အပြုံးနှင့်ပြောဆိုသည်။
"မင်း ဒီခြံဝန်းထဲကို ဝင်လိုက်တဲ့အချိန်မှာ...မင်းရဲ့ခန္ဓာကိုယ် နည်းနည်းပြန်ကောင်းလာတာကို မင်း ခံစားရလား"
ကျန်းကျီက ခေါင်းညိတ်ပြကာ သူမ၏အသံသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ခါနေပေ၏။
"ဒါက အဲ့ဒီအရှင် ဖန်တီးထားတဲ့ ကမ္ဘာငယ်လေးလား...ဒီနေရာမှာရှိတဲ့ လေထုကတောင် အားကောင်းတဲ့ ပြန်လည်ကုသခြင်းစွမ်းအားတွေ ပြည့်နှက်နေပြီးတော့ မိုးကောင်းကင်ကိုဖီဆန်နေတယ်..."
ကုံးချန်က တည်ငြိမ်အေးဆေးစွာဖြင့် ခေါင်းညိတ်ပြသည်။
"တကယ်လို့ အရှင်သာ ဒီနေရာမှာရှိနေရင်..သူက မင်းကို စပျစ်သီးတချို့ ပေးလိမ့်မယ်"
သူက အနောက်ဘက်ခြံဝန်းထံသို့ လက်ညှိုးညွှန်ပြကာ ပြောဆိုလိုက်သည်။
"အဲ့ဒီနေရာမှာရှိနေတာက သာမန်ဟင်းသီးဟင်းရွက်တွေနဲ့သစ်သီးတွေမဟုတ်ဘူး...စပျစ်သီးတစ်လုံးနဲ့ မင်းရဲ့ဝေဒနာတွေအားလုံး ပျောက်ကင်းသွားရုံတင်မကဘူး...မင်းရဲ့ကျင့်ကြံဆင့်အခြေခံ အတားအဆီးကိုလည်း ချိုးဖျက်နိုင်လိမ့်မယ်"
ကျန်းကျီသည် ပို၍ပင်မယုံကြည်နိုင် ဖြစ်သွားလေ၏။ဤကဲ့သို့အစွမ်းထက်သော တည်ရှိမှုကြီးတစ်ယောက်အကြောင်းကို သူမ တစ်ကြိမ်တစ်ခါမျှ ကြားခဲ့ဖူးခြင်းမရှိချေ။စပျစ်သီးတချို့ဖြင့် လူအများ၏ဝေဒနာကို ကောင်းမွန်အောင်ပြုလုပ်ပေးနိုင်သည်မှာ ဤလောကကြီး၏နိယာမတရားများနှင့် အမှန်တကယ်ကိုဆန့်ကျင်နေသည်။
ဤနေရာ၌ ကြုံရာကျပန်းစိုက်ပျိုးထားသော စပျစ်သီးတစ်လုံးသည် အင်မော်တယ်လောကအတွင်းရှိ ထိပ်တန်းအင်မော်တယ်ဆေးလုံးများထက်ပင် သာလွန်နေပေ၏။
အရိပ်ကျွန်းမှလေပြင်းများ၏ တိုက်စားခြင်းကိုခံထားရသော ပျက်စီးနေသည့်ခန္ဓာကိုယ်များကို ကုသနိုင်သည့်အပြင် ကျင့်ကြံဆင့်အတားအဆီးကိုပင် ချိုးဖျက်နိုင်သည်ဟု ဆိုသလော....
အင်မော်တယ်လောကအတွင်း၌ အဆင့်မြင့်အင်မော်တယ်များသည် အတားအဆီးများကိုချိုးဖျက်နိုင်ရန် အလွန်အမင်းခက်ခဲသည်။
ရွှမ်အင်မော်တယ်နှင့်အထက်တွင် အဆင့်တစ်ဆင့်စီတိုင်းအတွက် အတားအဆီးကို ချိုးဖျက်နိုင်ရန် ပို၍ပို၍ခက်ခဲလာသည်။
ဤသည်မှာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ကိစ္စပင်။
သူတို့နှစ်ယောက်စကားပြောဆိုနေစဉ်တွင် ခြံဝန်းအတွင်းမှနေ၍ ပေါက်ပြားတစ်လက်ထမ်းထားသော လူတစ်ယောက်ထွက်လာကာ သူတို့နှစ်ယောက်ကိုကြည့်ပြီး နှုတ်ဆက်လေ၏။
"လူအိုကြီးကုံးက အရှင့်အတွက် ပြန်လည်ဝင်စားခြင်းအင်မော်တယ်တစ်ယောက် ထပ်ပြီးတွေ့လာတာလား...အရှင်ပြန်လာရင် မင်း ဆုလာဘ်တစ်ခုရတော့မှာပဲ...ဂုဏ်ပြုပါတယ်"
"လူအိုကြီးကုံးက ထပ်ပြီးတော့ အဆင့်ချိုးဖြတ်နိုင်တော့မယ်ထင်တယ်"
ဝဖြိုးသောအဒေါ်ကြီးတစ်ယောက်သည် ခြင်းတောင်းတစ်လုံးကိုကိုင်၍ ထွက်လာကာ အပြုံးနှင့်ပြောဆိုသည်။
"လူအိုကြီးကုံးက ဒီလိုကိစ္စမျိုးတွေကို တာဝန်ယူရတာ တကယ်ကိုကံကောင်းတယ်"
"ငါတို့နဲ့ မတူဘူး...ငါတို့ကတော့ မြေဆွပေါင်းသင်ပြီးတော့ တခြားတိုလီမိုလီအလုပ်တွေကို လုပ်နေရတယ်"
ကုံးချန်က အပြုံးနှင့်တုံ့ပြန်ကာ ထိုလူနှစ်ယောက်ထွက်သွားသည်ကို စောင့်ကြည့်ပြီးနောက် ကျန်းကျီကို တစ်ဖန်ပြန်၍ကြည့်လိုက်သည်။
"အရှင်က ဒီနေရာမှာ ရှိမနေတာကြောင့်...မင်းအတွက် အနောက်ဖက်ခြံဝန်းထဲက သစ်သီးတွေကို ငါ ခူးမကျွေးရဲဘူး...ဒီနေရာမှာ နည်းနည်းလောက်ကြာကြာနေလိုက်ရင် မင်းရဲ့ခန္ဓာကိုယ်အခြေအနေ နည်းနည်းတော့ ပြန်ကောင်းလာမှာပါ"
"မင်းရဲ့ခန္ဓာကိုယ် နည်းနည်းပြန်ကောင်းလာတာနဲ့ မင်း ထွက်သွားသင့်တယ်...အရှင်ပြန်မလာသေးတဲ့အချိန်ထိ မင်း ဒီနေရာမှာ နေလို့မရဘူး"
"ဟုတ်ကဲ့"
ဤအချိန်အခိုက်အတန့်တွင် ကျန်းကျီ၏နှုတ်ခမ်းများ တုန်ရီနေရုံသာမက သူမ၏စိတ်နှလုံးသားတစ်ခုလုံး တုန်ရီနေသည်။
အကြောင်းအရင်းမှာ သူမသည် အလွန်အမင်းစိတ်လှုပ်ရှားနေသောကြောင့်ပင်။
ကုံးချန်က ဆက်လက်၍ပြောဆိုသည်။
"အရှင်ပြန်ရောက်လာရင် ငါ မင်းကို အကြောင်းကြားလိုက်မယ်...အဲ့ဒီအချိန်ကျရင် မင်းက အရှင်ကို လာတွေ့ရလိမ့်မယ်"
"တကယ်လို့ အရှင်သဘောတူလိုက်ပြီဆိုရင် မင်းဒီနေရာမှာ နေလို့ရပြီ"
ထိုစကားကိုကြားချိန်တွင် ကျန်းကျီက မေးမြန်းလိုက်၏။
"အရှင်က ဘယ်အချိန်မှာ ပြန်ရောက်လာမလဲ မသိဘူး"
သူမသည် ပြင်ပ၌ အချိန်အတော်ကြာ နေထိုင်လိုခြင်းမရှိချေ။
"အဲ့ဒီကိစ္စကို ဘယ်သူမှ သိမှာမဟုတ်ဘူး"
ကျန်းကျီ၏မေးခွန်းကို ကြားချိန်တွင် ကုံးချန်သည် အနည်းငယ်စိတ်မကျေမနပ် ဖြစ်သွားလေ၏။
"အပြင်လူတွေက အရှင်ရဲ့ကိစ္စတွေကို မေးခွင့်မရှိဘူး"
"ဟုတ်ကဲ့"
ကျန်းကျီသည် သူမ၏ခေါင်းကို အလျှင်အမြန်ငုံကာ သူမ၏အမှားကို ဝန်ခံလိုက်သည်။
"ဂျူနီယာက ဆန္ဒစောသွားမိပါတယ်...ကျေးဇူးပြုပြီးတော့ စီနီယာက ငါ့ကိုခွင့်လွှတ်ပေးပါ"
"ထားလိုက်တော့"
ကုံးချန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"ငါ့ဆီကသတင်းကို စောင့်နေပါ...ဒီအချိန်အတောအတွင်း မင်း အရိပ်ကျွန်းပေါ်မှာ သေမသွားစေနဲ့"
"စီနီယာ ဘာမှမစိုးရိမ်ပါနဲ့...အရှင်ပြန်လာတဲ့အချိန်ထိ ငါ့ရဲ့အသက်ကို သေချာပေါက်ထိန်းသိမ်းထားပါ့မယ်"
ကျန်းကျီက ပြတ်ပြတ်သားသား တုံ့ပြန်သည်။
ဤအချိန်တွင် သူမသည် အရိပ်ကျွန်းပေါ်မှ ထွက်သွားနိုင်ရန် မျှော်လင့်ချက်ရရှိခဲ့ရုံသာမက သူမ၏ကျင့်ကြံဆင့်နယ်ပယ် ချိုးဖျက်နိုင်ရန်အတွက် လမ်းစကိုလည်း ရရှိနိုင်တော့ပေမည်။
မည်သည့်ကိစ္စမျိုး ရှိနေပါစေ သူမသည် ဤကိစ္စကို အမိအရဖမ်းဆုပ်ထားရပေမည်။
Chapter 588
ရီဖုန်းသည် နောက်ကြောင်းပြန်လှည့်၍ သူ့၏လူများကို ဤနေရာသို့ခေါ်ဆောင်လာရန် စဥ်းစားနေခဲ့သည်။
ပထမအချက်မှာ ယှဥ်ပြိုင်ပွဲတွင် လူအမြောက်အများရှိနေပြီး သူသည် အဆင့်အနိမ့်ဆုံးလူသားအင်မော်တယ်ဖြစ်နေသည်။အရိပ်ကျွန်းကဲ့သို့ ကျင့်ကြံဆင့်အခြေခံကို အသုံးပြု၍မရသော သရဲတစ္ဆေဆန်သည့်နေရာမျိုး ဖြစ်နေပါက ဤသည်မှာ အဆင်ပြေသည်။သူသည် ခွန်အားပြည့်အသုံးပြုနိုင်ကာ တောရိုင်းအတွင်း၌ အသက်ရှင်သန်နိုင်စွမ်းရှိသည်။
ထိုနေရာမှ သက်ရှိများ မည်မျှပင် အစွမ်းထက်နေပါစေ သူ ဖိနှိပ်ထားနိုင်စွမ်းရှိပေ၏။
သို့ရာတွင် သူ ပြင်ပလောကသို့ ရောက်ရှိလာချိန်တွင်မူ အရာအားလုံးကွဲပြားခြားနားနေသည်။လူတိုင်းသည် ကျင့်ကြံဆင့်အခြေခံကို အသုံးပြုနိုင်ကာ ယှဥ်ပြိုင်ရရုံသာမက လုယက်ခွင့်လည်းရှိသည်။
ထောင်နှင့်ချီသောလူများအကြားတွင် သူသည် အားအနည်းဆုံးတစ်ယောက်ပင်။
အကယ်၍ သူ သတိလက်လွတ်နေမိပါက မည်သည့်ဒုက္ခမျိုးနှင့် ရင်ဆိုင်ရမည်ကို မည်သူသိနိုင်မည်နည်း။
ဒုတိယအနေဖြင့် မည်သည့်ဆုလာဘ်မျိုးရှိနေပါစေ သူ အသက်ရှင်သန်ရေးသည် အရေးအကြီးဆုံးပင်။
အမှန်အားဖြင့် အကယ်၍ သူသည် ပြန်လည်ဝင်စားခြင်းအင်မော်တယ်တစ်ယောက်ကို တိတ်တဆိတ်ခေါ်ဆောင်လာခဲ့ပါက နေလဂိုဏ်း၏တောင်ထိပ်သခင်နှင့် အဆင့်တူသူတစ်ယောက်ကို ခေါ်ဆောင်လာသည်ဟု ဆိုနိုင်သည်။ဤသည်မှာ တပည့်များအကြား၌ ပထမနေရာကိုရရှိရန် တစ်စုံတစ်ယောက်ကို ခေါ်ထုတ်ခဲ့သောကိစ္စကဲ့သို့ ရိုးရှင်းခြင်းမရှိချေ။
ထို့ပြင် ကောင်းရှစ်ကျီးသည် သစ်ငုတ်တိုတစ်ခုမဟုတ်သဖြင့် သူ ရန်စထားခြင်းကြောင့် သူ့အပေါ်တွင် မျက်စေ့ကျနေခဲ့သည်။
သူ့အတွက် အခွင့်အရေးတစ်ခုကို သူ သေချာပေါက်ရှာဖွေရပေမည်။
ယခင်က သူ့ထံသို့ ဦးတည်နေသော ကောင်းရှစ်ကျီး၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို သူ ရှင်းရှင်းလင်းလင်း ခံစားမိသည်။
အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် ရီဖုန်းက သူ့၏အတွေးများကို အတည်ပြုလိုက်၏။
သူသည် အရိပ်ကျွန်းသို့ပြန်သွားကာ အကူအညီအဖြစ် တစ်စုံတစ်ယောက်ကို ခေါ်လာရပေမည်။
ပထမအချက်သည် အရေးကြီးသည့်အပြင် ဒုတိယအချက်မှာ ပို၍အရေးကြီးသည်။
အမှန်အားဖြင့် သူသည် စနစ်အပေါ် မှီခိုအားထားနိုင်မှုကိုလည်း စမ်းသပ်ကြည့်နိုင်သည်။
အကယ်၍ စနစ်သည် သူတစ်ယောက်တည်းကိုသာ ပို့ဆောင်ပေးနိုင်ပြီး တခြားလူများကို ပို့ဆောင်ပေးနိုင်ခြင်းမရှိပါက....
ပြင်ပလောကတွင် သူ့၏လူသားအင်မော်တယ် ကျင့်ကြံဆင့်စွမ်းအားဖြင့် အမြှီးပင်ထောင်၍နေနိုင်မည်မဟုတ်ချေ။
ရီဖုန်းသည် စနစ်ကို အသက်သွင်းလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် နေရာမှပျောက်ကွယ်သွားတော့သည်။
အရိပ်ကျွန်းပေါ်ရှိ ခြံဝန်းအတွင်း၌....
ကုံးချန်းသည် ခြံဝန်းတံခါးအနီး၌ ပလ္လင်ခွေထိုင်ကာ ကျင့်ကြံနေစဥ်မှာပင် လူတစ်ယောက်က သူ့၏ရှေ့၌ ထွက်ပေါ်လာသည်။
ထိုလူသည် ရီဖုန်းဖြစ်နေသည်ကိုကြည့်ပြီး သူ့၏မျက်လုံးများတောက်ပသွားကာ စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်၏။
"အရှင်...ပြန်ရောက်လာပြီလား"
အရှင်....
မည်မျှထိအဆင့်အတန်းမြင့်မားပြီး မောက်မာထောင်လွှားဖွယ်ကောင်းသည့် ဂုဏ်ပုဒ်မျိုးဖြစ်သနည်း။
ရီဖုန်းသည် ကုံးချန်ကိုကြည့်ပြီး သူ့အပေါ် အလွန်ရိုသေလေးစားမှုရှိသည်ကို တွေ့မြင်မိသည်။
ဤကဲ့သို့ ခေါ်ဆိုခြင်းခံရသဖြင့် သူအလွန်ဝမ်းသာပျော်ရွှင်နေမိသည်။
ရီဖုန်းသည် သူ့၏ခန္ဓာကိုယ်ကို ပို၍ဖြောင့်တန်းအောင်ပြုပြင်ကာ သူ၏လက်များကိုနောက်ပစ်၍ မတ်တတ်ရပ်ပြီး သူ၏မျက်နှာပေါ်တွင် တည်ငြိမ်အေးဆေးသောအမူအရာမျိုးရှိနေသည်။သူသည် သူ့ကိုယ်သူ ဤကဲ့သို့ဂုဏ်ပုဒ်တစ်ခုနှင့်ထိုက်တန်သည်ဟူသော ပုံပန်းသွင်ပြင်မျိုးရှိလာစေရန် ပြုလုပ်လိုက်ခြင်းပင်။
"အင်း...တခြားသူတွေရော ဘယ်လိုလဲ"
ထိုအသံကျရောက်လာချိန်တွင် လူတစ်စုသည် အလျှင်အမြန် ပြေးထွက်လာကြ၏။
"ယေး...အရှင်ပြန်လာပြီ"
"အရှင့်ကို အရိုအသေပြုပါတယ်"
လူတစ်စုသည် အော်ဟစ်၍ပြေးထွက်လာကာ ရီဖုန်းကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
သူတို့၏ရိုသေလေးစားမှုရှိသော ပုံပန်းသွင်ပြင်နှင့် စွဲမက်ဖွယ်ကောင်းသောဂုဏ်ပုဒ်ဖြင့် သူ့အားခေါ်ဆိုသည်ကိုကြည့်ပြီး အလွန်စိတ်ကျေနပ်သွားကာ ခေါင်းညိတ်ပြပြီး အပြုံးနှင့်ပြောဆိုလိုက်၏။
"အင်း...မဆိုးဘူး..."
အရှင်သည် သူတို့အား ချီးမွမ်းလိုက်သလော....
သူတို့အားလုံးသည် ဝမ်းသာပျော်ရွှင်စွာဖြင့် ရီဖုန်းကို ကြည့်လိုက်ကြ၏။
မဟုတ်သေး...ဤဂုဏ်ပုဒ်ကြောင့် သူ ပျော်ရွှင်နေသည်ကို သူတို့အား အသိပေး၍မရချေ။
ထိုသို့မဟုတ်ပါက သဟဇာတဖြစ်နေသော အခြေအနေ ပျောက်ကွယ်သွားပေမည်။
ထိုကြောင့် ရီဖုန်းက အနောက်ဖက်ခြံဝန်းအတွင်း၌ စိမ်းလန်းနေသောအပင်များကို လက်ညှိုးညွှန်ပြလိုက်သည်။
"ခြံဝန်းထဲကအပင်တွေ ကောင်းကောင်းကြီးရှင်သန်နေတယ်...မင်းတို့ ကောင်းကောင်းလုပ်ထားကြတာပဲ"
"အရှင့်ရဲ့ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်"
အနောက်ဘက်ခြံဝန်းအတွင်းမှလူတစ်စုသည်ဝမ်းသာပျော်ရွှင်စွာ တုံ့ပြန်လိုက်ကြ၏။ရီဖုန်း၏ချီးမွမ်းစကားကြောင့် သူတို့အားလုံး ပျော်ရွှင်နေကြသည်။
ကုံးချန်တစ်ယောက်တည်းသာ ဤပျော်ရွှင်မှုနှင့် သက်ဆိုင်ခြင်းမရှိချေ။
ထို့ကြောင့် ကုံးချန်က ရှေ့သို့အလျှင်အမြန်တိုးကာ ပြောဆိုလိုက်သည်။
"အရှင်...အရင်က ငါ့ကို လူသစ်တွေခေါ်ယူစုဆောင်းဖို့ ပြောထားခဲ့တယ်...အခု အမျိုးသမီးတစ်ယောက်ကို ငါ ထပ်ပြီးရှာတွေ့ထားတယ်...သူက ပြန်လည်ဝင်စားခြင်း အင်မော်တယ်တစ်ယောက်ဖြစ်ပြီးတော့ အကျင့်စရိုက်ကောင်းမွန်ပြီး ဇွဲလုံလရှိတယ်"
"မဆိုးပါဘူး"
ရီဖုန်းက ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် ကုံးချန်သည် အလွန်ပျော်ရွှင်သွားပေ၏။
"အရှင့်ရဲ့ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်"
"ဒါဆိုရင် ငါက အရှင့်ကိုလာတွေ့ဖို့အတွက် သူ့ကို အခုခေါ်လိုက်ရမလား"
ကုံးချန်က မေးမြန်းသည်။
"မလိုဘူး..."
ရီဖုန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"အခုက ငါ သူ့ကိုတွေ့ဖို့ အချိန်မရှိသေးဘူး..သူ့ဘာသူ ဒီနေရာကိုလာပြီးတော့ ကျမ်းသစ္စာကျိန်န်ဆိုပြီးတာနဲ့ သူ ဒီနေရာမှာ နေလို့ရပြီ"
"ဟုတ်ကဲ့"
ကုံးချန်က တုံ့ပြန်ကာ ထပ်မံ၍ပြောဆိုသည်။
"အဲ့ဒီအမျိုးသမီးက အရိပ်ကျွန်းပေါ်ကလေပြင်းတွေရဲ့ တိုက်စားမှုကို ခံထားရတယ်...သူ မစားရမသောက်ရဖြစ်နေတာ အချိန်အတော်ကြာနေတာကြောင့် သူ့ရဲ့ခန္ဓာကိုယ်က အရမ်းအားနည်းနေတယ်...အရှင်...သူ့ကို စားစရာတစ်ခုခု ပေးစေချင်လား"
"ဒီအရိပ်ကျွန်းပေါ်မှာရှိတဲ့လူတွေ ဝေဒနာခံစားရတယ်ဆိုတာက ပုံမှန်ပါပဲ"
ရီဖုန်းသည် တစ်စုံတစ်ခုလွဲချော်နေသည်ဟု မခံစားမိသဖြင့် တိုက်ရိုက်ပြောဆိုလိုက်သည်။
"ဒီနေရာမှာနေဖို့ ကျိန်ဆိုပြီးတာနဲ့....သူ့ကို တစ်ခုခုစားခိုင်းပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်ကို ပြန်ကောင်းအောင် လုပ်ခိုင်းလိုက်ပါ"
"ဟုတ်ကဲ့"
ကုံးချန်က ပြောဆိုသည်။
"ငါက သူ့ကို သေချာစောင့်ကြည့်ထားပါ့မယ်"
"မင်း သူ့ကို စောင့်ကြည့်စရာမလိုဘူး"
ရီဖုန်းက ပြောဆိုသည်။
"မင်းက အပြင်ကို ငါနဲ့အတူ လိုက်ခဲ့ရမယ်...မင်းလုပ်စရာကိစ္စတချို့ ငါ့မှာ ရှိနေတယ်"
ပြင်ပသို့သွားရမည်ဟု ဆိုသလော...
ကုံးချန်သည် သူနားကြားမှားသွားသလောဟု တွေးတောမိသဖြင့် ထိတ်လန့်တုန်လှုပ်စွာဖြင့် ရီဖုန်းကို စူးစိုက်၍ကြည့်လိုက်သည်။
"အရှင်က ငါ့ကို အပြင်ခေါ်သွားချင်တာလား"
"အမှန်ပဲ"
ရီဖုန်းက ကုံးချန်ကိုကြည့်ကာ တုံ့ပြန်အဖြေပေးသည်။ကုံးချန်သည် မည်သည်ကြောင့် ဤမျှထိစိတ်လှုပ်ရှားနေသည်ကို သူ နားလည်သဘောပေါက်ပေ၏။
အင်မော်တယ်လောက၏ နယ်နှင်ဒဏ်ပေးသည့်နယ်မြေဖြစ်ကာ ငှက်များပင် မစင်စွန့်မည်မဟုတ်သော ဤအရိပ်ကျွန်းကဲ့သို့ နေရာတစ်ခုထံ စေလွှတ်ခံရခြင်းသည် သေဒဏ်ပေးခံရခြင်းနှင့် ကွဲပြားခြားနားခြင်းမရှိချေ။
မည်မျှထိ အစွမ်းထက်သော တည်ရှိမှုကြီးဖြစ်နေပါစေ ဤနေရာသို့ရောက်ရှိလာပါက သေရန်စောင့်ဆိုင်းနေရုံသာရှိပြီး ပြင်ပသို့ ထွက်နိုင်တော့မည်မဟုတ်ချေ။
သူ့ကဲ့သို့ လူသားအင်မော်တယ် အမှိုက်ကောင်တစ်ကောင်ကသာ စနစ်ကိုမှီခိုအားထား၍ ဤနေရာသို့ အဝင်အထွက်ပြုလုပ်နိုင်သည်။
ကုံးချန်သည် ဤနေရာ၌သေဆုံးရန် စောင့်ဆိုင်းနေရသူဖြစ်သဖြင့် ရီဖုန်း၏နောက်သို့လိုက်၍ အရိပ်ကျွန်းမှ ထွက်သွားရမည်ဖြစ်သဖြင့် အလွန်ပျော်ရွှင်နေသည်။
စနစ်သည် အလွန်ကောင်းမွန်သဖြင့် ဤထိပ်သီးအစွမ်းထက်ကျင့်ကြံသူများရှေ့တွင် သူ့အား ဟန်ဆောင်နိုင်သောအရည်အချင်းရှိစေသည်။
မည်သို့ပင်ဆိုစေကာမူ...အတွေးတစ်ခုက ရီဖုန်း၏စိတ်အတွင်းသို့ ဝင်ရောက်လာသည်။
သူသည် မည်သည့်စကားတစ်ခွန်းမျှမဆိုဘဲ စိတ်လှုပ်ရှားနေသော ကုံးချန်ကို ကြည့်လိုက်၏။
ရီဖုန်း သူ့အားကြည့်နေသည်ကို မြင်တွေ့ချိန်တွင် ကုံးချန်သည် သူ၏ဦးရေပြားများ ထုံကျင်သွားခြင်းကို ခံစားလိုက်ရကာ သူ ထပ်မံ၍စိတ်မလှုပ်ရှားဝံ့တော့ချေ။သူက မေးမြန်းလိုက်သည်။
"အရှင်က ငါ့ကို ဘာလုပ်စေချင်တာလဲ"
"ငါ စဥ်းစားထားတာက....ငါ မင်းကို အပြင်ခေါ်ထုတ်သွားပြီးမှ မင်းကို ပြန်ခေါ်လာမယ်"
ရီဖုန်းက တည်ငြိမ်စွာပြောဆိုကာ သူ့၏စကားလုံးများသည် အမှန်တကယ်ကို ကြီးကျယ်ခမ်းနားပေ၏။
"ဒါကြောင့် ငါတို့ အပြင်ထွက်ပြီးရင်....မင်းမှာ တခြားအတွေးတွေမရှိရဘူး"
ဤသည်မှာ အမှန်ပင်။ကုံးချန်ကို သူ ပြင်ပသို့ ခေါ်ဆောင်သွားပြီးနောက် ထွက်ပြေးသွားမည်ကို သူ စိုးရိမ်နေမိသည်။
မည်သို့ပင်ဆိုစေကာမူ အရိပ်ကျွန်းပေါ်၌ အကျဥ်းကျခံထားရကာ နေရောင်ခြည်ကို နှစ်ပေါင်းများစွာကြာအောင် မမြင်တွေ့ရသူများအတွက် ပြင်ပသို့ထွက်ရန်မှာ သူတို့ စိတ်ကူးပင်မယဥ်ဝံ့သော ကိစ္စကြီးတစ်ရပ်ပင်။
အင်မော်တယ်များသည် ကျမ်းသစ္စာကို အလေးအနက်ထား၍ ကျိန်ဆိုကြသော်လည်း ဤသည်မှာ အသုံးမဝင်ကြောင်း သူ ကောင်းစွာသိရှိထားသည်။
ပြင်ပသို့ထွက်ရန်မှာ သူတို့ စိတ်ကူးပင်ယဥ်ဝံ့ဖူးမည်မဟုတ်သော ကိစ္စတစ်ရပ်ပင်။
ဤကဲ့သို့ ကိစ္စတစ်ရပ်နှင့် ကြုံတွေ့ချိန်တွင် ကုံးချန်သည် ဆင်ခြင်တုံတရားကင်းမဲ့ကာ ကျမ်းသစ္စာကျိန်ဆိုမှုကို လျစ်လျှူရှုထားနိုင်သည်။
ရီဖုန်းသည် ဤကိစ္စကို သည်းခံနိုင်မည်မဟုတ်ချေ။
အကယ်၍ ပြန်လည်ဝင်စားခြင်းအင်မော်တယ်တစ်ယောက်ဖြစ်သော ကုံးချန်သည် ပြင်ပသို့ထွက်နိုင်ပါက ထွက်ပြေးသွားရန် လွယ်ကူရုံသာမက သူ့အားသတ်ဖြတ်ကာအလောင်းဖျောက်ပစ်ခြင်းကိုလည်း ပြုလုပ်နိုင်ပေမည်။
ဤှသည်ကြောင့် သူ ကုံးချန်ကို ဗြောင်ကျကျ ခြိမ်းခြောက်လိုက်ခြင်းပင်။
ကုံးချန်သည် ထိုစကားများကိုကြားချိန်တွင် အနည်းငယ်စိုးရိမ်ပူပန်သွားသည်။
သူသည် ဒုန်းခနဲမြည်သံနှင့်အတူ ဒူးထောက်ကာ ပြောဆိုလိုက်၏။
"အရှင်....ဒီလက်အောက်ငယ်သားက တခြားအတွေးတွေ မတွေးဝံ့ပါဘူး"
"တကယ်လို့ အရှင်က ငါ့ရဲ့သစ္စာစောင့်သိမှုကို သံသယတွေရှိနေမယ်ဆိုရင် ငါ အပြင်ကိုမထွက်တော့ဘူး"
ကုံးချန်က ထိတ်လန့်တကြားပြောဆိုကာ သူ့၏လက်ဝါးကိုမြှောက်၍ မိုးကောင်းကင်တာအိုကို တိုင်တည်လိုက်၏။
"ဒါတင်မကဘူး...ငါ့ရဲ့သစ္စာစောင့်သိမှုကို ပြသဖို့အတွက် ငါ့ရဲ့ကျင့်ကြံဆင့်စွမ်းအားကို ဖျက်ဆီးပစ်မယ်"
ထိုစကားကိုပြောဆိုရင်း သူ့၏ဒန်တျန်နေရာကိုဖျက်ဆီးရန် ဟန်ပြင်လိုက်သည်။
"ရပ်လိုက်စမ်း"
ရီဖုန်းက အလျှင်အမြန် ဟန့်တားလိုက်၏။
သူ မေးခွန်းထုတ်ရုံမျှဖြင့် ကုံးချန်သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးရန်ပြုလုပ်သည်မှာ အလွန်ပြင်းထန်သည်မဟုတ်လော....
ထို့ကြောင့် သူက ကုံးချန်ကိုကြည့်ကာ ရှင်းပြလိုက်သည်။
"မင်း အတွေးလွန်နေပြီ...ငါက မင်းကို သံသယဝင်နေတာ မဟုတ်ဘူး...မင်း အပြင်ကိုထွက်ဖို့ အရမ်းစိတ်လှုပ်ရှားနေတာကြောင့် ငါ အမိန့်ပေးတဲ့ကိစ္စတွေကို နှောင့်နှေးမှာ ငါ စိုးရိမ်မိရုံလေးပဲ"
သို့ရာတွင် ရိုးရိုးသားသားပြောရမည်ဆိုလျှင် ကုံးချန်ကို ဤကဲ့သို့ မြင်တွေ့ရသဖြင့် ရီဖုန်းသည် လုံးလုံးလျားလျား စိတ်သက်သာရာရသွားပေ၏။
ရီဖုန်း၏စကားများကိုကြားချိန်တွင် ကုံးချန်သည် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်သည်။
ထို့ကြောင့် သူ့၏နဖူးမှ ဇောချွေးများကိုသုတ်ကာ ပြောဆိုသည်။
"အရှင် ဘာမှစိတ်မပူပါနဲ့...ငါက အပြင်ကိုထွက်ဖို့အတွက် တကယ်ကြီးစိတ်လှုပ်ရှားနေပေမယ့်...အရှင့်ရဲ့ကိစ္စတွေကို နှောင့်နှေးအောင် နည်းနည်းလေးတောင် မလုပ်ဝံ့ပါဘူး"
"ဒါဆိုရင်လည်း ကောင်းပြီလေ"
ရီဖုန်းက ပြောဆိုကာ ရှေ့သို့တိုးပြီး ကုံးချန် ဒူးထောက်နေရာမှထနိုင်ရန် ကူညီပေးလိုက်သည်။
"အရင်ဆုံး မတ်တတ်ထရပ်လိုက်အုံး"
ကုံးချန်သည် ရီဖုန်း၏ကူညီပေးမှုနှင့်အတူ တုန်တုန်ရီရီဖြင့် မတ်တတ်ထရပ်လိုက်၏။သူသည် ထိတ်လန့်တကြားဖြစ်နေရာမှ အနည်းငယ်ကောင်းမွန်လာပြီးနောက် ရီဖုန်း၏အရေးကိစ္စနှင့်ပတ်သက်ပြီး စဥ်းစားတွေးတောလိုက်မိသည်။
"အရှင်....တကယ်လို့ ငါက အရှင်နဲ့အတူ အပြင်ကိုထွက်မယ်ဆိုရင်...ပြန်လည်ဝင်စားခြင်းအသ်မော်တယ်အမျိုးသမီးရဲ့ကိစ္စကို ဘယ်လိုလုပ်မလဲ"
သူက မေးမြန်းသည်။
ရီဖုန်းသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် လူအုပ်ကြီး၏ရှေ့တွင် ပေါက်ပြားတစ်လက်ကိုင်ကာ မတ်တတ်ရပ်နေသည့် လယ်သမားတစ်ယောက်နှင့်တူညီသော လူတစ်ယောက်ကို တွေ့မြင်မိသည်။
"မင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ"
ရီဖုန်းသည် သူ့၏နာမည်ကို မေးမြန်းသည်အား ကြားချိန်တွင် ထိုလူသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"အရှင်ကို သတင်းပို့ပါတယ်...ဒီငယ်သားရဲ့နာမည်က သိုက်စန်းပါ"
ရီဖုန်းသည် သိုက်စန်းကိုကြည့်ကာ အချိန်တခဏကြာခန့် စဥ်းစားတွေးတောပြီးနောက် ပြောဆိုသည်။
"မင်း အရင်က အနောက်ဘက်ခြံဝန်းထဲမှာ မြေဆွတဲ့အလုပ်ကို လုပ်တာမဟုတ်လား"
"အမှန်ပါပဲ"
"ကုံးချန်က ငါနဲ့အတူ အပြင်ကိုထွက်သွားပြီးရင်...မင်းက သူ့ရဲ့အလုပ်ကို တာဝန်ယူနိုင်မလား"
ရီဖုန်းက မေးမြန်းသည်။
"ဒီငယ်သားက တာဝန်ယူနိုင်ပါတယ်"
သိုက်စန်းက စိတ်လှုပ်ရှားစွာဖြင့် တုံ့ပြန်သည်။
"ကောင်းပြီလေ...ဒါဆို ငါ ထွက်သွားပြီးတဲ့နောက်မှာ ခြံဝန်းထဲကလူတွေနဲ့ တခြားကိစ္စတွေကို မင်း ဂရုစိုက်ရမယ်...ဒါ့ပြင် ကုံးချန်ပြောတဲ့ အမျိုးသမီးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို မင်း ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဖြေရှင်းထားရမယ်"
ရီဖုန်းက အမိန့်ပေးသည်။
"ဟုတ်ကဲ့...ဒီငယ်သားက တာဝန်တွေအားလုံးကို သေချာဆောင်ရွက်ထားပါ့မယ်"
သိုက်စန်းသည် သူ့၏ပေါက်ပြားကို မြေပြင်ပေါ်သို့ချကာ တည်ကြည်လေးနက်စွာနှင့်ကျယ်လောင်စွာ တုံ့ပြန်သည်။
ရီဖုန်းသည် နားစွင့်ကာ သိုက်စန်း၏ အလွန်အမင်း ဖြောင့်မတ်မှန်ကန်ပြီး တည်ကြည်လေးနက်သော ပုံပန်းသွင်ပြင်ကိုကြည့်ပြီး အနည်းငယ် ရယ်သွမ်းသွေးလိုက်၏။
အနောက်ဘက်ခြံဝန်းအတွင်း၌ မြေဆွပေါင်းသင်နေရသော ငါးဆားနယ်တစ်ကောင်ဖြစ်သော်လည်း သူ့ထံတွင် လောကကြီး၏အာဏာရှင်တစ်ယောက်ကဲ့သို့ အသွင်အပြင်မျိုး အမှန်တကယ်ကိုရှိနေသည်။
အစွမ်းထက်သော အဆင့်မြင့်အင်မော်တယ်များ၏ပုံစံသည် တခြားသူများနှင့် အမှန်တကယ်ကို ကွဲပြားခြားနားပေ၏။
ဤသည်မှာ ယခင်က သူ့၏သိုင်းပညာခန်းမ အနောက်ဘက်ခြံဝန်းတွင် မြေဆွပေါင်းသင်သော လူအိုကြီးများ သူ့၏ငစနူတပည့်များ မိုးမြေဂိုဏ်းမှ သူ့၏လက်အောက်ငယ်သားများနှင့် မတူညီချေ။
အကယ်၍ သူသည် ဟန်ရေးပြကာ သူ မည်မျှထိ အစွမ်းထက်ကြောင်း ပြောဆိုလျှင်ပင် သူတို့သည် ကြောင်စီစီမျက်လုံးအကြည့်များဖြင့် 'ဆရာကြီးက အရမ်းတော်တာပဲ'ဟုသာ သာမာန်ကာလျှံကာ ပြောဆိုကြပေမည်။
"ကောင်းပြီလေ...ဒါဆိုရင် ငါ သွားတော့မယ်...ဒီနေရာကကိစ္စတွေကိုတော့ မင်းတို့နဲ့ ထားခဲ့တော့မယ်"
ရီဖုန်းက ပြောဆိုကာ သူ့၏အသံကျရောက်သွားချိန်မှာပင် သူ့၏လက်ဖြင့် ကုံးချန်ကိုဆုပ်ကိုင်ကာ ပျောက်ကွယ်သွားတော့သည်။
သူတို့လူစုသည် မြေပြင်ပေါ်မှပျောက်ကွယ်သွားသော ရီဖုန်းတို့နှစ်ယောက်ကိုကြည့်ပြီး ကြက်သေသေသွားကြသည်။
အချိန်တခဏနှင့် တခြားနေရာသို့သွားရန်မှာ ခက်ခဲသောကိစ္စတစ်ရပ်မဟုတ်သော်လည်း အလွန်အမင်းခြောက်ကပ်ကာ ကျင့်ကြံဆင့်နယ်ပယ်ဖိနှိပ်ခံထားရသော အရိပ်ကျွန်း၏ပြင်ပနံဘေးပတ်လည်တွင် ရှေးဟောင်းလေဟာနယ်အတားအဆီးရှိသည်။
ထို့ကြောင့် အရှင်သည် ပြင်ပသို့ထွက်ရန် ပထမဆုံး မှော်မန္တန်များကို ရွတ်ဆိုကာ ကျင့်ကြံဆင့်အခြေခံစွမ်းအားကို အသုံးပြု၍ ထွက်ခွာသွားမည်ဟု သူတို့အားလုံး တွေးထင်ခဲ့သည်။
အချိန်တခဏအတွင်းမှာပင် အရှင်သည် လုံးလုံးလျားလျား ပျောက်ကွယ်သွားမည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။
သူတို့အားလုံးသည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်ကြ၏။
"အရှင်က အရမ်းသန်မာအားကောင်းတယ်ဆိုတာ သိပေမယ့်...ဒီလောက်ထိ သန်မာအားကောင်းမယ်လို့ ငါ မျှော်လင့်မထားမိဘူး...အရမ်းကြောက်ဖို့ကောင်းတာပဲ"
"အမှန်ပဲ...ဒါပေမဲ့ ကုံးချန်က ကံကောင်းတယ်...သူက အရင်ဆုံး ပြင်ပလောကကို ထွက်သွားနိုင်ပြီ"
တစ်စုံတစ်ယောက်က သက်ပြင်းရှိုက်လိုက်သည်။
"ဘာပြဿနာရှိလို့လဲ...အရှင်က သူ့ကို အပြင်ခေါ်ထုတ်သွားဖို့ အရမ်းလွယ်တယ်ဆိုတာ မင်းတို့ မမြင်ဘူးလား..ကုံးချန်ကို ဆုပ်ကိုင်ပြီးတော့ ဒီအတိုင်း ပျောက်ကွယ်သွားခဲ့တယ်"
"ငါတို့က အရှင့်အပေါ် သစ္စာရှိနေသရွေ့..အရှင်က ငါတို့ကို အနှေးနဲ့အမြန် အပြင်ကို ခေါ်ထုတ်သွားလိမ့်မယ်...မင်းတို့က ဘာလို့ အလျင်လိုနေတာလဲ"
"အမှန်ပဲ"
သိုက်စန်းက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
"အရှင့်လို အစွမ်းထက်တဲ့တည်ရှိမှုကြီးတစ်ယောက်ရဲ့နာမည်ကို ငါ အင်မော်တယ်နယ်မြေထဲမှာ တစ်ခါမှမကြားဖူးဘူး"
"ဒါပေမယ့် အခု အရှင်က ရုတ်တရက်ကြီး ထွက်ပေါ်လာတာကိုကြည့်ရင် အဓိကကိစ္စကြီးတစ်ရပ်အတွက် ထွက်ပေါ်လာတဲ့ ရှေးဟောင်းအင်အားစုတစ်စုက လူပဲဖြစ်မယ်...ဒီလိုမျိုး ငှက်တွေတောင် မစင်မစွန့်တဲ့နေရာမျိုးမှာ အရှင်က နေမှာမဟုတ်ဘူး"
"ဒါက အဓိပ္ပါယ်ရှိတယ်"
ထိုလူ၏နောက်ရှိ လူများက တုံ့ပြန်သည်။
သူတို့အကြားတွင်ရှိနေသည့် ဟင်းရွက်ခြင်းတောင်းကိုင်ထားသော အဒေါ်ကြီးက အပြုံးနှင့် ရုတ်တရက် ဝင်ရောက်ပြောဆိုသည်။
"ကုံးချန်က ကံကောင်းတယ်လို့ နင် ခုဏကပြောခဲ့တယ်...နင့်ရဲ့ကံကလည်း မဆိုးပါဘူး....ဒါက နင် ရာထူးတိုးသွားတာပဲလေ...နင်က ကုံးချန်လိုဖြစ်လာဖို့ အချိန်သိပ်ကြာမှာမဟုတ်ဘူး"
"ငါတို့က ဘယ်ချိန်ကျမှ နင်လိုမျိုး အရှင့်ရဲ့မျက်နှာသာပေးမှုကို ရနိုင်မယ်မသိဘူး"
ထိုစကားကိုကြားချိန်တွင် သိုက်စန်း၏မျက်နှာပေါ်၌ အပြုံးတစ်ခု ထင်ဟပ်လာသည်။
"အဲ့ဒီလို ပြောလို့မရဘူး...ကုံးချန်က အခုချိန်မှာ အရှင်ရဲ့လူယုံတစ်ယောက် ဖြစ်နေပြီ...ဘယ်လိုလုပ်ပြီးတော့ ငါက သူ့ကို ယှဥ်နိုင်မှာလဲ"
"မင်းက အရှင်ခိုင်းတဲ့ကိစ္စတွေကို ဂရုစိုက်ပြီး လုပ်မယ်ဆိုရင်...မင်းလည်း အရှင့်ရဲ့လူယုံတစ်ယောက် ဖြစ်လာမှာပါ"
ဂုဏ်ပြုသည့်အသံများက နံဘေးပတ်ဝန်းကျင်မှ အဆက်မပြတ် ထွက်ပေါ်နေသည်။
သိုက်စန်းသည် ပါးစပ်မစေ့နိုင်သည်အထိ ပြုံးရယ်နေသော်လည်း သူ့၏တာဝန်ကို မေ့လျော့ခြင်းမရှိချေ။
"ကောင်းပြီ....ကောင်းပြီလေ...မင်းတို့ရဲ့အလုပ်တွေကို မင်းတို့ သွားပြန်လုပ်ကြတော့...ငါက အရှင်ပေးခဲ့တဲ့ အမိန့်အတိုင်း သွားပြီးဆောင်ရွက်လိုက်အုံးမယ်"
သိုက်စန်းက သူ့၏လက်ကိုဝှေ့ယမ်းကာ သဲကန္တာရထံဦးတည်၍ လျှောက်လှမ်းသွားတော့သည်။
Chapter 589
သဲများသည် လူအများအား မျက်လုံးမဖွင့်နိုင်သည်အထိ တိုက်ခတ်နေသဖြင့် သူတို့သည် မျက်လုံးကို အနည်းငယ်မှေး၍နေရသည်။
ကျန်းကျီသည် ယခင်က ကုံးချန်နှင့်တွေ့ခဲ့သောနေရာ၌ ပလ္လင်ခွေထိုင်နေသည်။
သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို ကျုံ့ထားကာ သဲများသည် သူမ၏မျက်လုံးကိုဖြတ်သန်း၍ တိုက်ခတ်နေသည့်တိုင် အကောင်းဆုံးကြိုးစား၍ ပတ်ဝန်းကျင်ကိုဂရုတစိုက်စောင့်ကြည့်နေသည်။
သူမသည် ခြံဝန်းအတွင်း၌ အချိန်တခဏကြာခန့် နေထိုင်ပြီးနောက် ယခုအချိန်တွင် သူမ၏ခန္ဓာကိုယ်အခြေအနေသည် ယခင်ထက် များစွာပို၍ ကောင်းမွန်သွားလေပြီ။
သူမသည် ထိုစီနီယာထံမှ အကြောင်းကြားမှု ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းရပေမည်။
ထိုအချိန်မှာပင် သူမ၏ရှေ့ရှိလေထုအတွင်း၌ လူတစ်ယောက်ရောက်ရှိလာသည်ကို သူမ ရုတ်တရက် တွေ့မြင်မိသည်။
ကျန်းကျီက အလျှင်အမြန် မတ်တတ်ထရပ်လိုက်၏။
သူမက ထိုလူသည် ယခင်က စီနီယာနှင့်အတူ ခြံဝန်းအတွင်းသို့ သူမ ဝင်ရောက်ခဲ့စဉ်၌ ပေါက်ပြားကိုင်၍မြေဆွနေသော လူအိုကြီးဖြစ်ကြောင်း သူမ အမှတ်ရသည်။
"စီနီယာ...."
သူမက ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်သည်။
"မင်းက ငါ့ကို မှတ်မိသားပဲ"
သိုက်စန်းက အပြုံးနှင့်ပြောဆိုသည်။
"အရင်က မင်းကိုခေါ်လာခဲ့တဲ့တစ်ယောက်က ကိစ္စတစ်ခုရှိလို့ အရိပ်ကျွန်းကနေ ထွက်ခွာသွားတယ်...အခုချိန်ကစပြီး မင်းက ငါနဲ့ ပြောဆိုဆက်ဆံရလိမ့်မယ်"
အရိပ်ကျွန်းပေါ်မှနေ၍ တစ်စုံတစ်ယောက် ထွက်ခွာသွားသည်ဟူသော စကားကိုကြားချိန်တွင် ကျန်းကျီ၏မျက်လုံးများ ပြူးကျယ်သွားကာ သူမ၏နှလုံးသား ပေါက်ကွဲတော့လုမတတ်ပင်။
"တကယ်လား..."
သူမက ထိတ်လန့်တကြား မေးမြန်းလိုက်သည်။ အရှင်သည် ပြင်ပသို့ထွက်နိုင်ရုံသာမက တခြားသူများကိုလည်း ပြင်ပသို့ ထွက်သွားစေနိုင်မည့်နည်းလမ်းမျိုး ရှိနေမည်ဟု သူမ မျှော်လင့်မထားမိချေ။
"ဘာအံအားသင့်စရာ ရှိလို့လဲ"
သိုက်စန်းက သဘောမတူလိုသောအမူအယာဖြင့် ပြောဆိုသည်။
"တကယ်လို့ မင်းက အရှင့်အပေါ် သစ္စာစောင့်သိမယ်ဆိုရင် မင်း အပြင်ကိုထွက်နိုင်မယ့်အခွင့်အရေးက အနှေးနဲ့အမြန် ရလာမှာပဲ"
ကျန်းကျီသည် အချိန်တစ်ခဏကြာသည်အထိ မည်ကဲ့သို့ပြောဆိုရမည်ကို မသိတော့ချေ။ထိုကြောင့် သူမ၏လက်များကိုပူးဆုပ်ကာ ပြောဆိုလိုက်၏။
"ဒါဆိုရင် ငါက အရှင့်အပေါ် ဘယ်လိုမျိုးသစ္စာစောင့်သိရမလဲဆိုတာ ငါ သိချင်မိတယ်"
ယခင်က ဤသည်မှာ မျှော်လင့်ချက်တစ်ခုသက်သက်ဟု သူမ တွေးထင်ထားသော်လည်းယခုအချိန်မူ ဤသည်မှာ မျှော်လင့်ချက်တစ်ခုသက်သက် မဟုတ်တော့ချေ။
သူမ ပြင်ပသို့ ထွက်နိုင်ရန်မှာ အရှင်သခင်အတွက် လုပ်ဆောင်ရန်လွယ်ကူသော ကိစ္စတစ်ရပ်ပင်။
"ငါနဲ့အတူ လိုက်ခဲ့တော့...အရှင်က သူ့ရဲ့အမိန့်အောက်မှာ မင်းကိုခေါ်ထားဖို့ သဘောတူလိုက်ပြီ"
သိုက်စန်းက ပြောဆိုသည်။
ကျန်းကျီသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားသည်။
"တကယ်ပဲလား"
"ဒါက အခု ငါက စီနီယာနဲ့အတူ လိုက်ခဲ့နိုင်ပြီလို့ ဆိုလိုတာလား"
"အမှန်ပဲ"
ကျန်းကျီ၏စိတ်လှုပ်ရှားနေသောအမူအယာကို သိုက်စန်းသည် နားလည်ပေးနိုင်ပေ၏။
ဤကဲ့သို့ အခွင့်အရေးကြီးတစ်ခုကို ရရှိသဖြင့် မည်သူက မပျော်ရွှင်ဘဲ နေမည်နည်း။
သိုက်စန်းသည် ကျန်းကျီကို ခြံဝန်းထံသို့ အလျှင်အမြန် ခေါ်ဆောင်ခဲ့တော့သည်။
ကျန်းကျီသည် ဘေးဘီဝဲယာကိုကြည့်ပြီး သူမ၏ခန္ဓာကိုယ်ပေါ်ရှိ အချိန်အတော်ကြာလျစ်လျူရှုထားမိသော အဝတ်အစားများကို သပ်ရပ်အောင် ပြုပြင်လိုက်သည်။ထို့နောက် သူမသည် စိတ်လှုပ်ရှားသွားဖြစ် သူမ၏လက်များကိုပွတ်သပ်ကာ သိုက်စန်း၏နောက်မှနေ၍ ခြံဝန်းအတွင်းသို့ ဝင်ခဲ့တော့သည်။
သူမ၏နှလုံးခုန်နှုန်းသည် ဗုံသံအလားပင်။
သူမ အလွန်စိတ်လှုပ်ရှားနေပေ၏။
သိုက်စန်း၏နောက်သို့လိုက်ကာ အိမ်အတွင်းသို့ဝင်ရောက်ပြီးနောက် ဒဏ္ဍာရီလာတည်ရှိမှုကြီးတစ်ယောက်ကို သူမ တွေ့ဆုံခွင့်ရတော့မည်ဟု တွေးထင်ထားသော်လည်း အခန်းအတွင်း၌ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေချေ။
သူမရှေ့ရှိစီနီယာသည် ရပ်တန့်ခြင်းမရှိဘဲ အနောက်ဘက်ခြံဝန်းထံသို့ ဦးတည်၍ လျှောက်လှမ်းသွားလေသည်။
"စီနီယာ..အရှင်က ဘယ်နေရာမှာ ရှိနေတာလဲ"
ကျန်းကျီသည် သတိကြီးစွာထား၍ မေးမြန်းလိုက်၏။
"အရှင်က မင်းနဲ့အရင်က ပြောဆိုဆက်ဆံခဲ့တဲ့ စီနီယာကိုခေါ်ပြီးတော့...ကိစ္စတစ်ခုလုပ်ဆောင်ဖို့အတွက် အပြင်ကိုထွက်သွားတယ်"
သိုက်စန်းက ပြောဆိုသည်။
ကျန်းကျီက အနည်းငယ်စိတ်ပျက်သွားသည်။
ဤရက်များအတွင်းတွင် သူမသည် အလွန်အမင်းအစွမ်းထက်သော အရှင်သခင်ကို တွေ့ဆုံခွင့်ရရန်အတွက် မျှော်လင့်နေခဲ့မိသည်။
ယနေ့သည် သူမသည် အရှင်အားမြင်တွေ့ခွင့်ရတော့မည်ဟု သူမ တွေ့မြင်မိလေ၏။
မမျှော်လင့်ဘဲ သူမထံ၌ ထိုအခွင့်အရေး မရှိခဲ့ချေ။
သိုက်စန်းသည် ထိုစကားကိုပြောဆိုပြီးနောက် ကျန်းကျီကို လှည့်ကြည့်လိုက်သည်။
ကျန်းကျီထံတွင် အနည်းငယ်စိတ်ပျက်လက်ပျက်အမူအယာမျိုးရှိနေသည်ကို သူ မြင်တွေ့မိလေ၏။
"အရှင်က ဒီနေရာမှာ မရှိပေမယ့်...မင်းက သူ့အပေါ်မှာ သစ္စာစောင့်သိမယ်လို့ ကျမ်းသစ္စာကျိန်ဆိုပြီးတာနဲ့ မင်း ဒီနေရာမှာနေလို့ရပြီလို့ ပြောခဲ့တယ်"
သိုက်စန်းသည် ထိုသို့ပြောဆိုပြီးနောက် ကျန်းကျီထံတွင် ဝမ်းသာပျော်ရွှင်မှုအရိပ်အရောင်များ ထင်ဟပ်လာသည်ကို သတိပြုမိသည်။
"ဒါနဲ့ ငါက ခဏနေကျရင်...မင်းအတွက် စပျစ်သီးနဲ့ဖရဲသီးတချို့ကို ခူးပေးမယ်"
သိုက်စန်းက ပြောဆိုသည်။
"မင်း အဲ့ဒါတွေကို စားပြီးတာနဲ့....မင်းရဲ့ဝေဒနာတွေအားလုံး ပျောက်ကင်းသွားလိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် သူသည် ရပ်တန့်ကာ အနည်းငယ်စဉ်းစားတွေးတောလိုက်၏။
"မင်း အစာစားဖို့အတွက် တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတနေရာကိုရှာတာ ပိုကောင်းလိမ့်မယ်"
"ဟုတ်ကဲ့"
ကျန်းကျီက တုံ့ပြန်ကာ ခြံဝန်းအတွင်းရှိ စပျစ်သီးများ ဖရဲသီးများနှင့်တခြားသစ်သီးများသည် အင်မော်တယ်လောကအတွင်းရှိ ထိပ်တန်းအင်မော်တယ်ဆေးလုံးများထက် ပို၍ကောင်းမွန်ကြောင်း တွေးတောမိသည်။
သူမ၏စိတ်နှလုံးသားအတွင်းရှိ ဝမ်းသာပျော်ရွှင်နေမှုများကို ဖုံးကွယ်မထားနိုင်တော့ချေ။
မကြာမီမှာပင် ကျန်းကျီသည် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ခြံဝန်း၏အဖွဲ့ဝင်တစ်ယောက် တရားဝင်ဖြစ်လာခဲ့သည်။
ဟင်းရွက်ခြင်းတောင်း ကိုင်ထားသော အဒေါ်ကြီးတယောက်သည် သူမထံသို့ရောက်ရှိလာကာ စပျစ်သီးနှင့်ဖရဲသီးတချို့ထည့်ထားသော ပန်းကန်ပြားငယ်တစ်ချပ်ကို သူမအား ပေးလေသည်။
"ပြောရမယ်ဆိုရင် ဒါက နင်ရောက်လာတာကိုကြိုဆိုတဲ့ အခမ်းအနားလို့ ယူဆနိုင်တယ်"
"နင် ဘာမှစိတ်မပူနဲ့...တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတနေရာကိုရှာပြီးတော့ နင် အေးအေးဆေးဆေးစားပါ"
တခြားတစ်ယောက်ကလည်း တိတ်ဆိတ်ငြိမ်သက်သောနေရာတနေရာကို ရှာဖွေရန် ထပ်မံ၍သတိပေးသည်။
ကျန်းကျီက ခေါင်းငုံ့ကြည့်လိုက်ရာ ပန်းကန်ပြားပေါ်တွင် စပျစ်သီးနှစ်လုံးနှင့် ဖရဲသီးအနည်းငယ်သာ ရှိနေသည်ကို တွေ့မြင်မိသည်။
ကျန်းကျီ၏အကြည့်ကို သတိထားမိသော အဒေါ်ကြီးက ပြောဆိုသည်။
"ဒါက အရမ်းနည်းတယ်လို့ နင် မထင်နဲ့...တကယ်လို့ နင် ဒီထက်ပိုစားမယ်ဆိုရင် တောင့်ခံနိုင်မှာမဟုတ်ဘူး"
"ငါက အဲ့ဒီလို မထင်ပါဘူး"
ကျန်းကျီက အလျှင်အမြန် တုံ့ပြန်သည်။
"ငါက သစ်သီးနည်းနည်းလောက် စားရရင်ပဲ စိတ်ကျေနပ်ပါပြီ"
အဒေါ်ကြီးသည် ရယ်ပြုံးကာ ယဉ်ကျေးသိမ်မွေ့သောစကားတချို့ကို ပြောဆိုပြီးနောက် အလုပ်လုပ်ရန်အတွက် ထွက်ခွာသွားတော့သည်။
ကျန်းကျီသည် ပန်းကန်ပြားပေါ်ရှိ သစ်သီးတချို့ကိုကြည့်ကာ မတော်တဆမြေပြင်ပေါ်သို့ ပြုတ်ကျသွားမည်ကို သူမ စိုးရိမ်ထိတ်လန့်နေမိသည်။
ထို့ကြောင့် သူမ၏လက်များကိုပွတ်သပ်ကာ ပတ်ဝန်းကျင်ကိုကြည့်ပြီး စီနီယာများ၏စကားကိုနားထောင်ကာ တိတ်ဆိတ်ငြိမ်သက်သောနေရာတနေရာရှာဖွေ၍ ဖြည်းညှင်းစွာစားသောက်ရန် ဆုံးဖြတ်လိုက်၏။
သူမသည် ပန်းကန်ပြားကို ဂရုတစိုက်ကိုင်တွယ်ကာ တိတ်ဆိတ်ငြိမ်သက်သော နေရာတနေရာရှာဖွေပြီး ထိုင်လိုက်သည်။
သူမက စပျစ်သီးတစ်လုံးကို သူမ၏ပါးစပ်အတွင်းသို့ ထည့်လိုက်၏။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင်.....
အစွမ်းထက်သော အားလှိုင်းတစ်ရပ်က သူမ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။
ဤအချိန်အခိုက်အတန့်တွင် မည်သည်ကြောင့် စီနီယာများမှနေ၍ သူမအား တိတ်ဆိတ်ငြိမ်သက်သော နေရာတနေရာရှာဖွေရန် ပြောဆိုခဲ့သည်ကို သူမ နားလည်သဘောပေါက်သွားသည်။
သူမသည် ခါးမတ်မတ်ထိုင်ကာ သူမ၏စွမ်းအားများကို ရှူသွင်းရှူထုတ်လုပ်၍ ကျင့်ကြံလိုက်တော့သည်။
ခြံဝန်းအတွင်း၌ အလုပ်လုပ်နေသောလူများသည် သူတို့၏နဖူးပြင်များပေါ်မှ ချွေးများကိုသုတ်ကာ ကျန်းကျီရှိနေသောနေရာသို့ ကြည့်လိုက်ကြ၏။
ညအချိန်တွင် စွမ်းအားလှိုင်းတစ်ရပ်က လေထုအတွင်း၌ ပျံ့နှံ့နေသည်။
"ကြည့်ရတာတော့ အဲ့ဒီကလေးမလေးက ကျင့်ကြံဆင့် ချိုးဖျက်သွားနိုင်ပုံရတယ်....သူ့မှာ ပါရမီကောင်းရှိသားပဲ"
သိုက်စန်းက ကျန်းကျီရှိနေသောနေရာကိုကြည့်ကာ ပြောဆိုသည်။
"အရှင်ရဲ့ရှေ့မှာ ပါရမီဆိုတဲ့အရာမျိုး မရှိဘူး...လူတစ်ယောက်ရဲ့ပါရမီအရည်အချင်းက ဘယ်လောက်ပဲ ဆိုးရွားနေပါစေ...အရှင့်ရဲ့ပစ္စည်းတွေကို အသုံးပြုမယ်ဆိုရင် ထိပ်သီးပါရမီရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်"
တစ်စုံတစ်ယောက်က ပြောဆိုသည်။
"အမှန်ပဲ"
သိုက်စန်းက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။
တချိန်တည်းမှာပင်ဠတိတ်ဆိတ်ငြိမ်သက်သောနေရာ၌ ထိုင်နေသည့် ကျန်းကျီက သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
သူမ၏တည်ငြိမ်အေးဆေးနေသောမျက်နှာအောက်တွင် သူမ၏စိတ်နှလုံးသားများ တုန်လှုပ်ချောက်ချားဖွယ်ကောင်းအောင် လှိုင်းထန်နေသည်။
ဤစပျစ်သီးများနှင့်ဖရဲသီးများတွင် အစွမ်းထက်သောစွမ်းအားများ ရှိနေမည်ကို တခြားသူများ၏အမူအယာများမှတဆင့် သူမ သိရှိထားသည်။
သို့ရာတွင် သူမကိုယ်တိုင် ကြုံတွေ့ရသောအချိန်အခိုက်အတန့်တွင် ဤသစ်သီးများ မည်မျှထိအစွမ်းထက်သည်ကို အလွန်နက်ရှိုင်းစွာ နားလည်သဘောပေါက်သွားခဲ့သည်။
သူမသည် ပြန်လည်ဝင်စားခြင်းအင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်ပြီးနောက် အတားအဆီးတစ်ခုနှင့် ကြုံတွေ့ခဲ့ရကာ နှစ်ပေါင်းများစွာကြာမြင့်သည်အထိ ချိုးဖျက်နိုင်ခြင်းမရှိချေ။
ယခင်က သူမသည် ဤကျင့်ကြံဆင့်အတားအဆီးကို အတင်းအကြပ်ချိုးဖျက်ရန် ကြိုးစားခဲ့သဖြင့် ဒုက္ခရောက်တော့လုနီးပါးပင်။
သူမမိသားစု၏အင်အားကြောင့်သာ သူမကိုကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်မှစ၍ သူမသည် ကျင့်ကြံဆင့်ချိုးဖျက်ရန် ထပ်မံ၍မကြိုးစားဝံ့တော့ချေ။ အကယ်၍ သူမသည် အတားအဆီးချိုးဖျက်စဥ် စွမ်းအားများ ဖောက်လွဲဖောက်ပြန်ဖြစ်လာပါက သူမကို မည်သူကမျှ ကယ်တင်နိုင်မည်မဟုတ်ချေ။
ဤတစ်ကြိမ်တွင် သူမ အလွန်မျှော်လင့်ထားခဲ့ရသည့် အကြောင်းအရင်းမှာ ဤအတားအဆီးကြောင့်ပင်။
ဖရဲသီးနှင့်စပျစ်သီးအနည်းငယ်မျှဖြင့် သူမ၏ အတားအဆီးကို ချိုးဖျက်နိုင်ခဲ့ပေ၏။
ထိုမျှသာမက သူမ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကိုလည်း မြင့်တက်သွားစေခဲ့သည်။
ဤကဲ့သို့ ကျင့်ကြံဆင့်တိုးတက်မှုအရှိန်တုန်းသည် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းပေ၏။
ကျန်းကျီသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူမ၏ထိတ်လန့်တုန်လှုပ်မှုနှင့် သူမ၏စိတ်နှလုံးသားအတွင်းမှ တုန်ရီနေမှုတို့ကို ဖိနှိပ်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် သူမ၏စိတ်နှလုံးသားအတွင်း၌ သံသယတစ်ခုတစ်လေမျှ မရှိတော့ချေ။
ဤနေရာသည် သူမအား တွက်ချက်ပေးထားသည့် ကံကြမ္မာကောင်းကြီး ရရှိမည့်နေရာပင်။
နေလဂိုဏ်းအတွင်း၌...
ရီဖုန်းသည် ကုံးချန်ကို မည်သူတစ်ဦးတစ်ယောက်မျှမရှိသည့် ထောင့်တနေရာသို့ ခေါ်ဆောင်သွားသည်။
သူသည် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီးနောက် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေသည်ကို မြင်တွေ့ချိန်၌ သူ၏ပါးစပ်ကိုဖွင့်ဟကာ ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။
"ဒီတကြိမ်မှာ ငါ မင်းကိုခေါ်လာတာက..ငါ့အတွက် မင်း ကိစ္စနှစ်ခုလုပ်ပေးရမယ်"
"ဟုတ်ကဲ့"
ကုံးချန်သည် သူ၏ခေါင်းကိုငုံကာ ရီဖုန်း၏ရှေ့၌ မတ်တတ်ရပ်ပြီး အာရုံစူးစိုက်၍ နားထောင်လိုက်သည်။
"ပထမဆုံးကိစ္စက နေလဂိုဏ်းထဲမှာ နေလတောင်ထိပ်လို့ခေါ်တဲ့ တောင်ထိပ်တစ်ခုရှိတယ်... အဲ့ဒီတောင်ထိပ်ရဲ့တောင်ထိပ်သခင်ကောင်းရှစ်ကျီးကို မင်း အခွင့်ကောင်းတစ်ခုရှာပြီး ရှင်းပစ်ရမယ်"
ရီဖုန်းက အမိန့်ပေးသည်။
"ဟုတ်ကဲ့"
"အဲ့ဒီလူရဲ့ကျင့်ကြံဆင့်နယ်ပယ်က ဘယ်အဆင့်မှာရှိနေလဲဆိုတာ ငါ သိခွင့်ရမလား"
ကုံးချန်က မေးမြန်းသည်။
သူက ရွှမ်အင်မော်တယ်နယ်ပယ် နဝမအဆင့်ကျင့်ကြံသူလေးပဲ"
ရီဖုန်းက ပြောဆိုသည်။
ထိုစကားကိုကြားချိန်၌ ကုံးချန်သည် အနည်းငယ် ဇဝေဇဝါဖြစ်သွားလေ၏။
"အဲ့ဒီနဝမအဆင့်ရွှမ်အင်မော်တယ်လေးတစ်ယောက်ကို အရှင်က လက်ချောင်းတစ်ချောင်းလှုပ်လိုက်ရုံနဲ့ သတ်ပစ်နိုင်တယ် မဟုတ်ဘူးလား"
ကုံးချန်သည် ဤကိစ္စကို နားလည်သဘောပေါက်ခြင်း မရှိချေ။
ရီဖုန်းသည် ထိုမေးခွန်းကိုကြားချိန်တွင် သူ၏နှလုံးခုန်နှုန်း လျှင်မြန်သွားသည်။
'ဒါက အဆုံးသတ်သွားပြီ...ငါ ဟန်ဆောင်ထားတာတွေ ပေါ်တော့မှာပဲ'
Chapter 590
မည်သို့ပင်ဆိုစေကာမူ သူသည် လူသားအင်မော်တယ်တစ်ယောက်ပင်။
သူ့ထံ၌ ယခင်ကရှိခဲ့သည့် ဒေါသများအားလုံးပျောက်ကွယ်သွားခဲ့သည်။
ရီဖုန်း စိတ်မငြိမ်မသက်ဖြစ်နေစဉ်မှာပင် ကုံးချန်သည် ယခင်က သူ့အပေါ်၌ သစ္စာစောင့်သိမည်ဟု ကျိန်ဆိုခဲ့သည်အား သူ အမှတ်ရသွားသည်။
သူ၏သံသယများကြောင့် သူ့ကိုယ်သူပျက်စီးအောင် လုပ်မိလုနီးပါးပင်။
အရှင်ဟုခေါ်ဆိုခံရကာ ဟန်ဆောင်ရသော ခံစားချက်သည် သူ့အား အလွန်အမင်း စိတ်ကျေနပ်မှုရရှိစေသည်။သို့ရာတွင် ထိုကိစ္စကို စဉ်းစားတွေးတောပြီးနောက် သူသည် ရိုးသားဖြောင့်မတ်စွာ ဝန်ခံလျှင်ပင် ပြဿနာမရှိကြောင်း သူ အမှတ်ရသွားသည်။
စိတ်ရှုပ်ဖွယ်ကောင်းသည့် တစ်ခုတည်းသောကိစ္စမှာ သူ၏ကျင့်ကြံဆင့်အခြေခံ အလွန်အမင်း နိမ့်ပါးနေခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ အကယ်၍ သူသည် လူသားအင်မော်တယ်တစ်ယောက် ဖြစ်နေလျှင် ပင် ကုံးချန်သည် ကျိန်ဆိုထားသဖြင့် သူ၏နောက်လိုက်အဖြစ် ဆက်လက်ရှိနေပေမည်။
ကုံးချန်သည် သူ့အား မလေးမစားပြုမူဝံ့မည်မဟုတ်ချေ။
ကျင့်ကြံဆင့်နယ်ပယ် ပို၍မြင့်မားသူကို ရိုသေလေးစားရမည်ဟူသောအချက်လည်း ပျောက်ကွယ်သွားလေပြီ။
"ငါ့ရဲ့ကျင့်ကြံဆင့်အခြေခံကို ကြည့်အုံး...ငါက ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလား"
ရီဖုန်းက သက်ပြင်းတစ်ချက်ရှိုက်ရင်း ကူကယ်ရာမဲ့သောလေသံဖြင့် မေးမြန်းလိုက်သည်။ထို့နောက် သူသည် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
သူသည် မိုးကောင်းကင်ယံကိုမော့ကြည့်ကာ သူ့အား အရှင်ဟုခေါ်ဆိုနေသောလူအား သူသည်အမှန်အားဖြင့် လူသားအင်မော်တယ်တစ်ယောက်သာဖြစ်သည်ဟု ပြောပြရန် အလွန်အမင်းခက်ခဲနေသည်။
ရီဖုန်း တိတ်ဆိတ်ငြိမ်သက်နေစဉ်တွင် ကုံးချန်၏စိတ်အတွင်း၌ မရေမတွက်နိုင်သောအတွေးများ ဖြတ်ပြေးသွားသည်။
ဤသည်မှာ အရှင်အတွက် လှုပ်ရှားရန် မသင့်တော်သောကိစ္စ ဖြစ်နေသလော....
မည်သည်ကြောင့် သူ လှုပ်ရှားမှုပြုလုပ်သည်ကို အရှင် တွေ့မြင်လိုသနည်း....
အရှင်သည် သူ့အားစမ်းသပ်ရန် ကြိုးစားနေသလော....
မည်သည့်အတွက် စမ်းသပ်ခြင်းဖြစ်သနည်း....
သူ၏သစ္စာစောင့်သိမှုကို ဖြစ်နေသလော...
အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ကုံးချန်က ပြောဆိုလိုက်သည်။
"ဒီငယ်သားက အရှင့်ရဲ့ကျင့်ကြံဆင့်ကို မမြင်နိုင်တာက အချက်နှစ်ချက်ကြောင့်ပဲဖြစ်နိုင်တယ်....အရှင်က ဒီငယ်သား ထွင်းဖောက်မမြင်နိုင်လောက်အောင် အစွမ်းထက်တာ ဒါမှမဟုတ် အရှင်က ဒီသေမျိုးလောကထဲမှာ သေမျိုးလူသားတစ်ယောက်နဲ့အဆင့်တူညီတဲ့ လူသားအင်မော်တယ်ဖြစ်နေတာပဲ"
ရီဖုန်း၏မျက်ခုံးများ မြင့်တက်သွားသည်။
သူသည် ကုံးချန် မည်ကဲ့သို့ ဆက်လက်၍ပြောဆိုမည်ကို မှန်းဆနေမိသည်။
"တကယ်တော့ အရှင်က လူသားအင်မော်နယ်တစ်ယောက် ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး....ဒါကြောင့် ဒီငယ်သား ထွင်းဖောက်မမြင်နိုင်တဲ့အထိ အစွမ်းထက်တဲ့သူပဲဖြစ်မယ်"
ကုံးချန်က သူ၏ခေါင်းကို အောက်သို့ငုံကာ ပြောဆိုသည်။
"ဒီငယ်သားက အရှက်ရမိပါတယ်"
သောက်ချေးပဲ...မင်းက ဒီအတိုင်းရှင်းပြလိုက်တာလား....
ရီဖုန်းသည် ကျယ်လောင်စွာအော်ဟစ်၍ ရယ်မောမိလုနီးပါးပင်။
ဤရှင်းပြချက်သည် သူ၏အခက်အခဲများအတွက် ပြီးပြည့်စုံသောအဖြေပင်။
"အဟွတ်....အဟွတ်..."
သူသည် ပါးစပ်ကိုဖုံးအုပ်ကာ ချောင်းနှစ်ချက်ခန့်ဟန့်ပြီး သူ၏လည်ချောင်းကို ရှင်းချင်ယောင်ဆောင်လိုက်သည်။
"ဒါက အမှန်ပဲ"
"ရွှမ်အင်မော်တယ် နဝမအဆင့်တစ်ယောက်ကငါကိုယ်တိုင်လှုပ်ရှားဖို့ မထိုက်တန်ဘူး"
ရီဖုန်းက တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် ဖြည်းညှင်းစွာပြောဆိုသည်။
မောက်မာထောင်လွှားသော ပုံပန်းသွင်ပြင်...
ဤသည်မှာ အဓိပ္ပါယ်ရှိပေ၏။
ရွှမ်အင်မော်တယ် နဝမအဆင့်တစ်ယောက်ကို အရှင်ကိုယ်တိုင်လှုပ်ရှားရန် အမှန်တကယ်ကိုမထိုက်တန်သောကြောင့် ကုံးချန်၏စိတ်နှလုံးသားအတွင်းမှနေ၍ ထိုအချက်ကို သဘောတူညီလိုက်သည်။
ထိုကြောင့် ဤတစ်ကြိမ်တွင် သူ့အား ပြင်ပသို့ခေါ်ထုတ်လာသည်မှာ အရှင်ကိုယ်တိုင်လုပ်ဆောင်ရန် မထိုက်တန်သော အသေးအမွှားကိစ္စတချို့ကို သူဆောင်ရွက်ပေးရန် ဖြစ်ပေမည်။
သို့ရာတွင် ကုံးချန်၏စိတ်အတွင်း၌ တခြားဆန့်ကျင်ဘက်အတွေးတစ်ခုထွက်ပေါ်လာသည်
အရှင်သည် အလွန်အစွမ်းထက်လေရာ မည်သည်ကြောင့် ပြင်ပလောကရှိ ပြန်လည်ဝင်စားခြင်းအင်မော်တယ် သို့မဟုတ် ထို့ထက်ပို၍အဆင့်မြင့်သော ကျင့်ကြံသူများကို အသုံးမပြုသနည်း။
အရိပ်ကျွန်းကို ခေါက်တုံ့ခေါက်ပြန်သွားလာခြင်းသည် ပို၍ပင်နှောင့်နှေးကြန့်ကြာသည်မဟုတ်လော....
ကုံးချန်သည် သူ့၏စိတ်အတွင်းမှအတွေးကို ထုတ်ဖော်၍မေးမြန်းလိုက်၏။
"အရှင်က ဘာလို့အရိပ်ကျွန်းပေါ်မှာရှိတဲ့ လူတွေကိုပဲ စုဆောင်းနေတာလဲ"
ရီဖုန်း၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။
ဤ...ဤသည်မှာ သောက်ရေးမပါသောမေးခွန်းပင်။အရိပ်ကျွန်းပေါ်ရှိ ကျင့်ကြံဆင့်အခြေခံစွမ်းအားများကို အသုံးပြု၍မရသော လူများမှလွဲ၍ ပြင်ပလောကရှိ တခြားထိပ်သီးတည်ရှိမှုကြီးများကို အရူးလုပ်ရန် သူ့ထံတွင် မည်သည့်သတ္တိမျိုးရှိနေနိုင်မည်နည်း....
ထိုလူများသည် သူ့အား လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် အသားပြားဘဝသို့ ပြောင်းလဲလိုက်ပေမည်။
သူ့ထံ၌ ပြဿနာတစ်ရပ်ရှိနေသည်မှာ သူ၏တွေးတောဆင်ခြင်နိုင်မှုမဟုတ်ဘဲ သူ့၏ကျင့်ကြံဆင့်အခြေခံပင်။
ပွင့်ပွင့်လင်းလင်းပြောဆိုရလျှင် အကယ်၍ အရိပ်ကျွန်းပေါ်၌ လူများကိုစုဆောင်းခြင်းမဟုတ်ဘဲ ပြင်ပလောကတွင်သာ တွေ့ဆုံရပါက သူတို့သည် သူ၏နောက်သို့လိုက်ရန် ကျိန်ဆိုကြမည်မဟုတ်ချေ။
အမှန်အားဖြင့် သူသည် ဤကိစ္စကို ကုံးချန်အား ထုတ်ဖော်ပြောဆို၍မရပေ။
"အခုလက်ရှိအချိန်မှာတော့ ငါက အရိပ်ကျွန်းပေါ်က လူတွေကိုပဲ လက်ခံတယ်"
ရီဖုန်းက တုံ့ပြန်သည်။
"ဘာလို့လဲ"
ကုံးချန်က ထပ်မံ၍မေးမြန်းလေ၏။
"ကောင်းကင်ဘုံ လျှို့ဝှက်ချက်..."
ရီဖုန်းသည် စကားတစ်လုံးချင်းပြောဆိုကာ သူ၏ခေါင်းကို ဖြည်းညှင်းစွာခါယမ်းလိုက်သည်။
"ဒီကိစ္စကို ထုတ်ပြောလို့မရဘူး"
ဤသည်မှာ ကုံးချန်ကို အနည်းငယ်ထိတ်လန့်တုန်လှုပ်သွားစေသည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင် သူသည် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားကာ သူ၏ပါးစပ်ကို တင်းတင်းကြပ်ကြပ်ပိတ်ထားပြီး ထပ်မံ၍မမေးမြန်းဝံ့တော့ချေ။
အရှင်ပြောဆိုသွားသည်မှာ 'ကောင်းကင်ဘုံလျှို့ဝှက်ချက်'....
အင်မော်တယ်လောကအတွင်း၌ လျှို့ဝှက်ချက်များဟု ခေါ်ဆိုသောအရာများသည် အစစ်အမှန်လျှို့ဝှက်ချက်များမဟုတ်ချေ။သို့ရာတွင် ထိုအရာများကို သိရှိနိုင်ရန်မှာ တစ်စုံတစ်ယောက်၏ ကံကြမ္မာအကောင်းအဆိုးပေါ်၌ မူတည်သည်။
အင်မော်တယ်လောကအတွင်းရှိ အစွမ်းထက်သောတည်ရှိမှုကြီးများသည် ဤလျှို့ဝှက်ချက်များကို တွက်ချက်ရန်အတွက် မိုးကောင်းကင်ကိုအသုံးပြုကြသည်။
ထို့ထက်ပို၍အစွမ်းထက်သောတည်ရှိမှုကြီးများသည် နက္ခတ်ဗေဒဆိုင်ရာ ပညာရပ်များကိုအသုံးပြု၍ တွက်ချက်မှုများကို ပြုလုပ်ကြပေ၏။ထိုတည်ရှိမှုကြီးများသည် အင်မော်တယ်လောက၏မွန်းစတားအိုကြီးများပင်။
အစစ်အမှန်လျှို့ဝှက်ဆန်းကြယ်မှုများကိုမူ မည်သူတစ်ဦးတစ်ယောက်ကမျှ တွက်ချက်နိုင်ခြင်းမရှိချေ။
အရှင်သည် ကောင်းကင်ဘုံလျှို့ဝှက်ချက်ဟု ပြောဆိုခဲ့သဖြင့် အင်မော်တယ်လောကအတွင်းရှိ သာမန်လျှို့ဝှက်ချက်မျိုး မဖြစ်နိုင်ချေ။
အရှင်သည် ကြီးမားသောကိစ္စတစ်ရပ်ကို စီစဉ်နေပုံရသည်။အရှင်၏အာရုံစိုက်မှုကိုခံရသောကိစ္စသည် အလွန်အမင်းလျှို့ဝှက်ပြီး ကြီးကျယ်သောကိစ္စဖြစ်မည်မှာ တိကျသေချာပေ၏။
ဤသည်မှာ မည်သည့်ကိစ္စမျိုး ဖြစ်နိုင်သနည်း....
ကုံးချန်က တိတ်တဆိတ် စဉ်းစားတွေးတောလိုက်သည်။
"ကောင်းပြီလေ....အခု မင်း ထွက်သွားပြီးတော့ ပုန်းအောင်းနေသင့်တယ်"
ကုံးချန် တွေးတောနေစဉ်မှာပင် ရီဖုန်း၏အသံကို သူ ကြားလိုက်ရသည်။
"မင်းက တခြားလူတွေမတွေ့အောင် နေရာတစ်နေရာရှာပြီး ပုန်းအောင်းနေရမယ်...မင်း ငါ့ရဲ့အမိန့်ကို စောင့်ဆိုင်းနေပါ"
"အချိန်ကျလာရင် ငါက ကျောက်စိမ်းတံဆိပ်ပြားကနေတဆင့် မင်းကို အသိပေးလိုက်မယ်"
"ဟုတ်ကဲ့"
ကုံးချန်သည် တုံ့ပြန်ပြီးနောက် ထွက်ခွာခဲ့တော့သည်။
သို့ရာတွင် ထွက်ခွာလာခဲ့သော ကုန်းချန်ထံတွင် ဇဝေဇဝါဖြစ်နေမှုများဖြင့် ပြည့်နှက်နေဆဲပင်။
ရီဖုန်း အစောပိုင်းကပြောဆိုခဲ့သောစကားများကို သူ စဉ်းစားတွေးတောနေဆဲ ဖြစ်ပေ၏။
အရှင်သည် အရိပ်ကျွန်းပေါ်မှလူများကိုသာ ခေါ်ယူစုဆောင်းသည်ဟု ပြောဆိုခဲ့သည်။အရိပ်ကျွန်းသည် အင်မော်တယ်နယ်မြေ၏ အလွန်အန္တရာယ်ကြီးမားသော နယ်နှင်ဒဏ်ပေးသည့်နေရာပင်။
ဤသည်မှာ ရာဇဝတ်သားများကို သေဒဏ်ပေးသည်နှင့်တူညီပြီး မည်သူမျှ ပြင်ပသို့ထွက်၍မရချေ။
ပြောရမည်ဆိုလျှင် အရိပ်ကျွန်းပေါ်မှလူများအားလုံးသည် အင်မော်တယ်နယ်မြေအတွင်းရှိ ရာဇဝတ်သားများဖြစ်ပေ၏။
ထိုလူများသည် အရိပ်ကျွန်းပေါ်သို့ နယ်နှင်ဒဏ်ပေးခံထားသည်မှာ....ကုံးချန်ကရုတ်တရက် ရပ်တန့်လိုက်သည်။
ဤသည်မှာ ကောင်းကင်ဘုံနန်းတော်ပင်...
ဖြစ်နိုင်သည်မှာ...ကုံးချန်သည် သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသော အတွေးတစ်ခုကြောင့် ထိတ်လန့်တုန်လှုပ်သွားသည်။
အရှင်၏အစီအစဉ်သည် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို တစ်စုံတစ်ခုပြုလုပ်ရန်ဖြစ်နေသလော....
ဤသည်မှာ ဖြစ်နိုင်ပေ၏။
ကုံးချန်သည် အနည်းငယ်ထိတ်လန့်တုန်လှုပ်သွားပြီးနောက် အရှင်၏ခွန်အားကို ပြန်လည်တွေးတောမိချိန်တွင် သူ၏စိတ် တဖြည်းဖြည်းပြန်လည်တည်ငြိမ်သွားသည်။
သူသည် အင်မော်တယ်နန်းတော်အတွင်းရှိ လူအိုကြီးများကို မြင်တွေ့ဖူးသည်။
ထိုလူအိုကြီးများအနက်မှတချို့သည် အမှန်တကယ်ကို အလွန်အစွမ်းထက်ပေ၏။
သို့ရာတွင် အရှင်နှင့်နှိုင်းယှဉ်ပါက ထိုလူအိုကြီးများသည် ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ချေ။
အရှင်သည် အင်မော်နယ်နန်းတော်နှင့်ပတ်သက်ပြီး မည်သည့်ကိစ္စကို စီစဉ်နေသည်ဖြစ်စေ အကယ်၍ သူသည် အင်မော်တယ်တစ်ခုလုံးကို သတ်ဖြတ်လိုသည်ဆိုလျှင်ပင် ကုံးချန်က မဖြစ်နိုင်ဟု စဉ်းစားတွေးတောထားခြင်းမရှိချေ။
အကယ်၍ အရှင်သည် အင်မော်တယ်နန်းတော်တခုလုံးမှ လူများအားလုံးကိုသတ်ဖြတ်ပြီး အင်မော်တယ်လောကကို ထိန်းချုပ်ရန်အတွက် အင်မော်တယ်နန်းတော်အသစ်တစ်ခုကို တည်ထောင်မည်ဆိုပါက...ဟား ဟား ဟား
အရှင်၏ အနီးစပ်ဆုံးလက်အောက်ငယ်သားဖြစ်သူတစ်ယောက်သည် အနည်းဆုံးအနေဖြင့် အကြီးအကဲတစ်ယောက် ဖြစ်လာပေမည်။
အင်မော်တယ်နန်းတော်၏အကြီးအကဲ...ကုံးချန်သည် ဤကိစ္စကို စဉ်းစားတွေးတောမိချိန်၌ ဝမ်းသာပျော်ရွှင်သွားသည်။
တခြားတစ်ဖက်တွင် သူ့၏အဆောင်သို့ ပြန်ရောက်ပြီဖြစ်သော ရီဖုန်းသည် ကောင်းရှစ်ကျီးကိုရှင်းထုတ်ရန်အတွက် ကုံးချန်အား မည်ကဲ့သို့စီစဉ်ပေးရမည်ကို စဉ်းစားတွေးတောနေသည်။
ကောင်းရှစ်ကျီးသည် ရွှမ်အင်မော်တယ်နယ်ပယ် နဝမအဆင့်ကျင့်ကြံသူတစ်ယောက်သာဖြစ်သော်လည်း နေလဂိုဏ်းအတွင်း၌ ပို၍အစွမ်းထက်သော တည်ရှိမှုကြီးများ အမြောက်အများရှိနေသည်။
အကယ်၍ ကုံးချန်သည် ကောင်းရှစ်ကျီးကို မဆင်မခြင် ရှင်းထုတ်လိုက်ပါက နေလဂိုဏ်းမှ အစွမ်းထက်ကျင့်ကြံသူများ၏ ရှာဖွေဖော်ထုတ်ခြင်းကို ခံရနိုင်သည်။ထိုသို့ဖြစ်လာပါက သူသည်လည်း ငြိစွန်းပတ်သက်သွားပေမည်။
ထိုကြောင့် သူ သတိကြီးစွာထားရပေမည်။
ကောင်းရှစ်ကျီးကိုရှင်းထုတ်ရန် အခွင့်ကောင်းတခုရှာဖွေပြီးမှ ကုံးချန်ကိုစေခိုင်းသည်က ပို၍ကောင်းမွန်ပေမည်။
ဤနည်းလမ်းဖြင့် သူသည်လည်း အလွတ်ရုန်းထွက်နိုင်သည်။
နေလဂိုဏ်း....နေလတောင်ထိပ်...
ရီဖုန်းသည် ကောင်းရှစ်ကျီးကိုရှင်းထုတ်ရန် ကြံစည်နေစဉ်တွင် ကောင်းရှစ်ကျီးသည်လည်း ရီဖုန်းကိုရှင်းထုတ်ရန် စဉ်းစားတွေးတောနေပေ၏။
"အဲ့ဒီအဆိပ်ပြင်းတဲ့ကောင်လေး မသေဘူးဆိုရင် ငါ ဆက်ပြီးသည်းခံနိုင်မှာမဟုတ်ဘူး"
အခန်းအတွင်း၌ ကောင်းရှစ်ကျီးကပြောဆိုကာ သူ၏လေသံတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။
"တောင်ထိပ်သခင်က သူ့ကိုသတ်ချင်တာ မဟုတ်လား...ဒီတပည့် သွားလိုက်ပါ့မယ်"
ကောင်းရှစ်ကျီး၏နောက်တွင်ရှိနေသော သူ၏တပည့်တစ်ယောက်က ပြောဆိုသည်။
ကောင်းရှစ်ကျီးသည် သူ၏လက်ကိုမြှောက်ကာ ထိုတပည့်၏စကားပြောဆိုနေမှုကို ကြားဖြတ်ဟန့်တားလိုက်သည်။
"ငါ သူ့ကို တကယ်ကြီး သတ်ချင်နေတဲ့အပြင်..သူ့ကို ငါက အလွယ်လေး သတ်ပစ်နိုင်တယ်"
ကောင်းရှစ်ကျီးက ပြောဆိုလေ၏။
"ဒါပေမဲ့ ငါက နေလတောင်ထိပ်ရဲ့တောင်ထိပ်သခင်...ငါက ဘယ်လိုရာဇဝတ်မှုမျိုးကိုမှ လူသိရှင်ကြား ကျူးလွန်လို့မဖြစ်ဘူး"
"သူက ရှင်းချန်တောင်ထိပ်ရဲ့တပည့်တစ်ယောက်ဖြစ်နေတယ်...လျှူယန်က အဲ့ဒီအဆိပ်ပြင်းတဲ့ကောင်ကို အရမ်းကြီးကာကွယ်ပေးထားတယ်ဆိုတာ မင်းလည်းမြင်တာပဲ...သူက အဲ့ဒီကောင်ကို ပါရမီရှင်တစ်ယောက်လိုဆက်ဆံပြီးတော့ ကာကွယ်ပေးထားတယ်"
"ငါတို့တောင်ထိပ်နဲ့ရှင်းချန်တောင်ထိပ်အကြားမှာ ပဋိပက္ခတွေ အမြဲတမ်းတွေရှိနေတယ်...အဲ့ဒီကိစ္စအတွက် ဂိုဏ်းချုပ်က ငါ့ကို မကြာခဏ ဆူပူကြိမ်းမောင်းနေခဲ့တယ်"
"တကယ်လို့ ငါက ရှင်းချန်တောင်ထိပ်ရဲ့တပည့်တစ်ယောက်ကို သတ်ခဲ့တယ်ဆိုတာ ဂိုဏ်းချုပ်သိသွားမယ်ဆိုရင်...သူက ငါ့ကို ဘယ်နည်းနဲ့မှ အလွတ်ပေးမှာမဟုတ်ဘူး"
"ဒါကြောင့် ငါတို့က ဒီကိစ္စကို လျှို့ဝှက်ပြီးလုပ်ဆောင်ရမယ်...ဘယ်သူမှ ဖမ်းမိသွားလို့ မဖြစ်ဘူး"
ကောင်းရှစ်ကျီးသည် ထိုစကားကိုပြောဆိုရင်း သူ၏တပည့်ကို ကြည့်လိုက်သည်။
"မင်းက ငါတို့တောင်ထိပ်ရဲ့တပည့်ခေါင်းဆောင် ....ဂိုဏ်းချုပ်နဲ့လျှူယန်က မင်းရဲ့အကြောင်းကို ကောင်းကောင်းကြီးသိထားတယ်...သူတို့က မင်းရဲ့အရည်အချင်းကိုလည်း သိထားတယ်"
"တကယ်လို့ မင်းသာ ဒီကိစ္စကို သွားပြီးလှုပ်ရှားမယ်ဆိုရင်...သူတို့က သဲလွန်စတွေကို အလွယ်တကူ ရှာတွေ့သွားလိမ့်မယ်"
"ဒါဆိုရင် ကျွန်တော်တို့က အခုမှ တောင်ထိပ်ကိုဝင်လာတဲ့ တပည့်သစ်တစ်ယောက်ကို စေခိုင်းရမှာလား"
ထိုတပည့်က မေးမြန်းသည်။
ကောင်းရှစ်ကျီးက ခေါင်းညိတ်ပြလိုက်၏။
"အဲ့ဒီတပည့်သစ်က အရမ်းအစွမ်းထက်ဖို့ မလိုဘူး...တကယ်လို့ အစွမ်းထက်တဲ့လူတစ်ယောက်ကိုလွှတ်လိုက်ရင် အာရုံစူးစိုက်စရာ ဖြစ်သွားနိုင်တယ်"
"ဒါပေမဲ့ အဲ့ဒီတပည့်သစ်က အစွမ်းမထက်ဘူးဆိုရင်...သူ့ကို သတ်နိုင်ပါ့မလား"
တပည့်က တွေဝေတုံ့ဆိုင်းစွာဖြင့် မေးမြန်းသည်။
"ဟမ့်...."
ကောင်းရှစ်ကျီးက အထင်အမြင်သေးသောအမူအယာဖြင့် အေးစက်စက်နှာတစ်ချက်မှုတ်လိုက်၏။
"သူက အဆင့်နိမ့်တဲ့ လူသားအင်မော်တယ်တစ်ယောက်ပဲ"
"တကယ်လို့ သူက ရီနျန်ကျင့်ကြံနည်းစနစ်ကို ကျင့်ကြံထားနိုင်တယ်ဆိုရင်တောင်....မြေကမ္ဘာအင်မော်တယ်တစ်ယောက်က သူ့ကို အလွယ်လေးသတ်ဖြတ်နိုင်တယ်"
တပည့်သည် ထိုစကားများကိုကြားချိန်၌ ပြောဆိုလိုက်သည်။
"ဟုတ်ကဲ့....ကျွန်တော်က ဒီကိစ္စကိုဖြေရှင်းဖို့အတွက် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ကို စီစဉ်လိုက်ပါ့မယ်"
"သွားတော့..."
ကောင်းရှစ်ကျီးက ပြောဆိုသည်။
"အဲ့ဒီကောင်ကို အမြန်ဆုံးရှင်းထုတ်လိုက်...ငါက အဲ့ဒီအဆိပ်ပြင်းတဲ့ကောင်ကို နည်းနည်းလေးတောင် မမြင်ချင်ဘူး"
"ဟုတ်ကဲ့...."
တပည့်သည် ခေါင်းညိတ်ပြပြီးနောက် အခန်းအတွင်းမှ ထွက်ခွာခဲ့တော့သည်။
.....
ရီဖုန်းက အခန်းအတွင်းမှထွက်ကာ လျှူယန်ထံသို့ဦးတည်၍ ထွက်ခွာလာခဲ့သည်။
သူသည် ရီနျန်ကျင့်ကြံနည်းစနစ်ကို တစ်ညတည်းဖြင့် ကျင့်ကြံနိုင်ခဲ့သဖြင့် ယခုအချိန်၌ သူသည် တခြားနည်းစနစ်များကို ထပ်မံ၍ရှာဖွေကျင့်ကြံရန် အင်မော်တယ်နည်းစနစ်ကျမ်းစာဆောင်သို့ သွားလိုသည်။
သူသည် လျှူယန်နှင့်စကားပြောဆိုကာ သူ့၏ထူးချွန်သောပါရမီအရည်အချင်းကြောင့် တခြားကျင့်ကြံနည်းစနစ်စာအုပ်များကို ထပ်မံ၍ရရှိနိုင်ခြင်းရှိမရှိ မေးမြန်းရပေမည်။
တောအုပ်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေသည်။
ရီဖုန်းသည် ဝါးတောအုပ်အတွင်းရှိ အရိပ်ကောင်းသော လမ်းကျဥ်းလေးပေါ်၌ တစ်ယောက်တည်း လမ်းလျှောက်နေသည်။
ရုတ်တရက် ဝါးပင်တချို့ လှုပ်ယမ်းသွားကာ လူရိပ်တစ်ရိပ်က ရီဖုန်း၏ရှေ့သို့ ရောက်ရှိလာသည်။
ထိုလူ့ထံတွင် မျောက်တကောင်နှင့်တူသောပါးစပ်မျိုးရှိနေသဖြင့် အကြည့်တချက်ဖြင့်ပင် ဤလူသည် လူကောင်းတစ်ယောက်မဟုတ်နိုင်ကြောင်း ရီဖုန်းက သိရှိသွားသည်။
ရီဖုန်းသည် ထိုလူကို ရှောင်တိမ်းသွားလိုသည်။သို့ရာတွင် သူသည် ရီဖုန်း၏ရှေ့၌ ပိတ်ဆို့ဟန့်တားထားလေ၏။
"ခွေးကောင်းတစ်ကောင်က ဘယ်တော့မှ လမ်းမပိတ်ဘူး"
ရီဖုန်းက မျက်မှောင်ကြုတ်ကာ ပြင်းပြင်းထန်ထန် ပြောဆိုသည်။
"တစ်ယောက်ယောက်က မင်းကို သတ်ချင်နေတာ အံ့အားသင့်စရာမရှိတော့ဘူး...မင်းက တော်တော်လေး လျှာစောင်းထက်တာပဲ"
ထိုလူကပြောဆိုကာ သူ၏လက်ကိုလှုပ်ယမ်းလိုက်ပြီးနောက် သူ့၏လက်ဝါးအတွင်း၌ သလင်းကျောက်ကဲ့သို့ ကြည်လင်သော ဓားတစ်လက် ထွက်ပေါ်လာသည်။
ထိုဓားကို တစ်ချက်လှုပ်ခတ်လိုက်ခြင်းနှင့်အတူ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပျံ့လွင့်လာပေ၏။
"မင်းက ငါ့ကိုသတ်မလို့ ရောက်လာတာလား"
ရီဖုန်းက မျက်မှောင်ကြုတ်၍ မေးမြန်းလိုက်သည်။
"အမှန်ပဲ...ငါ ဒီနေရာကိုရောက်လာတာ မင်းကိုသတ်ဖို့ပဲ"
ထိုလူက အေးစက်တင်းမာစွာ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် ရီဖုန်းက သူ့၏စိတ်အတွင်းမှနေ၍ ညည်းတွားလိုက်သည်။
သို့ရာတွင် သူသည် ထိတ်လန့်တကြားဖြစ်သွားခြင်းမရှိဘဲ တည်ငြိမ်ချင်ယောင်ဆောင်၍ ပြောဆိုလိုက်၏။
"ငါက ရှင်းချန်တောင်ထိပ်ရဲ့ ပါရမီရှင်တယောက်...မင်းက ငါ့ကိုသတ်ဖို့ တကယ်ကြီးစဉ်းစားထားတာလား"
"ဟား ဟား ဟား...ပါရမီရှင်တစ်ယောက်...ပါရမီရှင်တစ်ယောက်က ဘယ်လိုလုပ်ပြီး လူသားအင်မော်တယ်ဖြစ်နေတာလဲ...ငါ့ရဲ့မြေကမ္ဘာအင်မော်တယ်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်နဲ့ဆိုရင် မင်းကိုသတ်ဖို့က ကြက်တစ်ကောင်ကိုသတ်တာနဲ့ အတူတူပဲ"
ထိုလူကပြောဆိုကာ ရီဖုန်းကို သေလူတစ်ယောက်ကိုကြည့်သည့်အလား သရော်တော်တော်အမူအယာဖြင့် စူးစိုက်ကြည့်လေသည်။
.ထိုနောက် သူ၏ဓားသွားဖြင့် ရီဖုန်းကို ချိန်ရွယ်၍ ထိုးစိုက်လိုက်သည်။
ဓားချီတစ်လှိုင်းသည် အစွမ်းထက်သောစွမ်းအားလှိုင်းများနှင့်အတူယှဉ်တွဲ၍ ရီဖုန်းထံသို့တိုးဝင်လာသည်။