အခန်း (၅၉၁-၅၉၅)
Vol. 40 Ch. 591-595
Chapter 591
မျောက်ပါးစပ်နှင့်လူသည် ပြင်းထန်သော စွမ်းအားဖြင့် ရီဖုန်းကိုတိုက်ခိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး လေထုအတွင်းသို့ မြင့်တက်သွားသည်။
ရီဖုန်း၏ပထမဆုံးအတွေးသည် ထွက်ပြေးရန်ပင်။
သို့ရာတွင် အချိန်ခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် သူသည် ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်၏။
ဤလူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပင်။သူ့၏ကျင့်ကြံဆင့်အခြေခံကို သူ အတိအကျမသိရသေးသဖြင့် ဤမြေကမ္ဘာအင်မော်တယ်ကို အသုံးပြု၍ စမ်းသပ်နိုင်ပေမည်။
အကယ်၍ ကွာဟချက်သည် အလွန်ကြီးမားနေပါက သူသည် စနစ်ကိုအသုံးပြု၍ အရိပ်ကျွန်းသို့ ချက်ချင်းပြန်သွားနိုင်သည်။
သူ တွေးတောနေသည်မှာ အချိန်တခဏသာကြာမြင့်သော်လည်း မျောက်ပါးစပ်နှင့်လူ၏ ဓားချီများသည် သူ့ထံသို့ရောက်ရှိလာပြီဖြစ်သဖြင့် ရှောင်တိမ်းရန်အတွက် နံဘေးသို့ သူ အလျှင်အမြန်ခုန်ထွက်လိုက်၏။
ထို့နောက် သူ၏လက်ညှိုးကိုဆန်တန်းကာ မျောက်ပါးစပ်နှင့်လူကို ချိန်ရွယ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် မျောက်ပါးစပ်နှင့်လူသည် နေရာမှာပင် ပေါက်ကွဲသွားတော့သည်။
ထိုလူ၏အသားအစအနများသည် မြေပြင်ပေါ်ရှိ နေရာအနှံ့အပြားသို့ လွင့်စင်သွားပေ၏။
ရီဖုန်းအသိဝင်လာချိန်နှင့်မြေပြင်ပေါ်၌ကျန်ရှိနေသည်မှာ အသားအစအနများနှင့်သွေးများပင်။
ရီဖုန်းသည် ထိုကိစ္စကိုယုံကြည်နိုင်ခြင်းမရှိဘဲ အံ့အားသင့်တုန်လှုပ်သွားပေ၏။
ဤသည်မှာ သူသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ကို လွယ်လင့်တကူ သတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သလော....
သို့ရာတွင် သူသည် လူသားအင်မော်တယ်တစ်ယောက် မဟုတ်လော....
"မင်းက အရမ်းတော်တဲ့ကောင် မဟုတ်ဘူးလား"
သူသည် မြေပြင်ပေါ်ရှိ အသွေးအသားများကိုကြည့်ကာ ရှေ့သို့လျှောက်လှမ်းသွားရန်အတွက် ထိုအရာများကို ကန်ကျောက်လိုခဲ့သည်။
သူ့၏ခြေထောက်ကို မြှောက်လိုက်ချိန်တွင် သူ ခြေချရန်နေရာမရှိကြောင်း ရှာဖွေတွေ့ရှိမိသည်။
ဤသည်မှာ အလွန်အမင်း ရွံရှာဖွယ်ကောင်းပေ၏။
ရီဖုန်းက နေရာအနှံ့ ပြန့်ကျဲနေသော အသားအစအနများကို ကြည့်လိုက်သည်။
"ဟူး...."
သူသည်မျက်မှောင်ကြုတ်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"ဘာလို့ ဒီလိုဖြစ်သွားတာလဲ"
လူသားအင်မော်တယ် ပထမအဆင့် အလယ်အလတ်အဆင့် အဆင့်မြင့်အဆင့် ပြီးပြည့်စုံခြင်းအဆင့်မှသည် မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့်အထိ...
ဤသည်မှာ အဆင့်ခုနစ်ဆင့် ကွာဟသည်။
ကျင့်ကြံဆင့်နိမ့်ပါးသော လူသားအင်မော်တယ်တစ်ယောက်သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်ခပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သလော....
မည်သည့်နေရာ၌ မှားယွင်းနေသည်ကို သူ စဉ်းစား၍မရချေ။
ဖြစ်နိုင်သည်မှာ သူ၏လက်ညှိုးကိုထောင်ပြီး ဂရုတစိုက် လှည့်ပတ်ကြည့်လိုက်သည်။
ဤသည်မှာ ရီနျန်ကျင့်ကြံနည်းစနစ်ကြောင့် ဖြစ်နေသလော....
သို့ရာတွင် အကယ်၍ သူသည် ရီနျန်ကျင့်ကြံနည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံထားနိုင်သည်ဆိုလျှင်ပင် သူ့ထံ၌ အဆင့်နိမ့်လူသားအင်မော်တယ် စွမ်းအားသာရှိသည်။
အမှန်အားဖြင့် အင်မော်တယ်ကျင့်ကြံနည်းစနစ်များသည် တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်သည်ဆိုလျှင်ပင် ဤမျှထိ လွန်ကဲနိုင်သလော...
ဖြစ်နိုင်သည်မှာ....ရီဖုန်းသည် တစ်စုံတစ်ခုကို စဉ်းစားတွေးတောမိလေ၏။
သူ၏မျက်လုံးများ ပြူးကျယ်သွားကာ စနစ်ကို ချက်ချင်းအသက်သွင်းလိုက်သည်။
"ငါ မင်းကို မေးစရာရှိတယ်...ငါက ဘယ်လိုလုပ်ပြီးတော့ မြေကမ္ဘာအင်မော်တယ်တစ်ယောက်ရဲ့စွမ်းအားကို ချေဖျက်နိုင်တာလဲ"
သူ ထိုသို့မေးမြန်းလိုက်ပြီးနောက် ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားတွေးတောကာ ဆက်လက်၍ ပြောဆိုလိုက်၏။
"ငါက အဆင့်နိမ့်လူသားအင်မော်တယ်တစ်ယောက် မဟုတ်ဘူးလား"
'ဒင်....'
စနစ်မှနေ၍ အသံတစ်သံ ထွက်ပေါ်လာသည်။
'လက်ခံသူ၏ကျင့်ကြံဆင့်အခြေခံ...မသိ'
ရီဖုန်း၏ခေါင်းထက်တွင် အမေးသင်္ကေတတစ်ခုထွက်ပေါ်လာသည်
'မသိ'ဟု ဆိုသလော....
"မင်းက ဘာလို့မသိတာလဲ...ငါ့ရဲ့ကျင့်ကြံဆင့်ကို မင်း တိုက်ရိုက်ပေးထားတာ မဟုတ်ဘူးလား"
ရီဖုန်းက အံ့တင်းတင်းကြိတ်ကာ မေးမြန်းလိုက်ပြီးနောက် သူသည် စနစ်အားရိုက်နှက်နိုင်ရန် ဆုတောင်းနေခဲ့သည်။
"သောက်ရေးမပါတာကို မလုပ်စမ်းနဲ့...ငါက ဘယ်အဆင့်မှာလဲ ပြောစမ်း...."
'ဒင်....မသိ'
"မင်း မပြောဘူးလား...တကယ်လို့ ဒါကို ထုတ်မပြောဘူးဆိုရင်...ငါ မင်းကို ဖျက်ဆီးလိုက်မယ်"
ရီဖုန်းက ခြိမ်းခြောက်လိုက်သည်။
စနစ်သည် အချိန်တခဏကြာခန့် တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် အလွန်အမင်း သာမန်ဆန်သောအသံဖြင့် ပြောဆိုသည်။
"ဒါက လူသားအင်မော်တယ်အဆင့် ဖြစ်နိုင်တယ်"
လူသားအင်မော်တယ်ဟု ဆိုသလော....
ရီဖုန်းက သူ့၏ခေါင်းကို ခါယမ်းလိုက်သည်။
သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် အမှန်တကယ်ကို လူသားအင်မော်တယ်အဆင့်၌ ရှိနေသလော...
"ဒါဆိုရင် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ကို ငါက ဘယ်လိုလုပ်ပြီးတော့ သတ်နိုင်ခဲ့တာလဲ"
ရီဖုန်းက သူ၏ရှေ့တွင်ရှိနေသော အသွေးအသားများကို လက်ညှိုးညွှန်ပြကာ ပြောဆိုလိုက်၏။
"အမှိုက်စနစ်..."
သူသည် တီးတိုးရေရွတ်ကာ နောက်သို့ချာခနဲလှည့်ပြီး ရှင်းချန်တောင်ထိပ်သို့ဦးတည်၍ လျှောက်လှမ်းခဲ့တော့သည်။
အချိန်တခဏကြာပြီးနောက် ရီဖုန်းသည် စီနီယာအစ်ကိုယိုတုရှင်း၏အဆောင်သို့ ရောက်ရှိသွားသည်။
သူသည် ယိုတုရှင်း၏ရှေ့သို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်၏။
"စီနီယာအစ်ကို...ငါ မင်းကို တစ်ခုလောက်မေးချင်တယ်"
သူက လိုရင်းအချက်ကို တိုက်ရိုက်ပြောဆိုလိုက်သည်။
ပလ္လင်ခွေထိုင်၍ ကျင့်ကြံနေသော ယိုတုရှင်းက သူ့၏မျက်လုံးကိုဖွင့်၍ ရီဖုန်းကိုကြည့်လိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
"ငါမေးချင်တာ...အဆင့်နိမ့်လူသားအင်မော်ဒယ်တစ်ယောက်က မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်လား"
သူ၏အသံ ကျရောက်သွားသည်နှင့် ယိုတုရှင်း၏ ငြင်းပယ်သောအသံက ချက်ချင်းထွက်ပေါ်လာသည်။
"ဒါက မဖြစ်နိုင်ဘူး"
"အဆင့်တစ်ဆင့်ကို ခုန်ကျော်ပြီးတော့ သတ်ဖို့တောင် အရမ်းခက်ခဲနေပြီ...အဆင့်ခုနစ်ဆင့်ဆိုရင် ထည့်ပြောဖို့တောင် မလိုဘူး...ဒါက ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး"
ရီဖုန်းသည် ထိုစကားကိုကြားချိန်၌ ထပ်မံ၍မေးမြန်းလိုက်၏။
"ဒါဆိုရင် ရီနျန်ကျင့်ကြံနည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံထားရင်ရော ဘယ်လိုလဲ"
ရီနျန်ကျင့်ကြံနည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံထားသည်ဟူသော စကားကိုကြားချိန်တွင် ယိုတုရှင်းက ရီဖုန်းကိုကြည့်လိုက်သည်။နေလဂိုဏ်းအတွင်း၌ ရီနျန်ကျင့်ကြံနည်းစနစ်ကိုကျင့်ကြံသူ အမြောက်အများရှိသော်လည်း ယခုလက်တလောတွင် ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံထားပြီး ဆူညံသံအမြောက်အများကို ဖြစ်စေခဲ့သည်မှာ သူ့ရှေ့ရှိလူတစ်ယောက်တည်းသာရှိသည်။
"မင်းက မင်းရဲ့အကြောင်းကို မင်းပြန်မေးနေတာတော့ မဟုတ်ဘူးမလား"
သူက အံ့အားတသင့် မေးမြန်းလိုက်သည်။
ရီဖုန်းက ဖုံးကွယ်ထားခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။
"အမှန်ပဲ"
"အဆင့်နိမ့်လူသားအင်မော်တယ်တစ်ယောက်က မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို မသတ်နိုင်ဘူးဆိုတာကတော့ အမှန်ပဲ"
ထိုစကားကိုပြောဆိုပြီးနောက် ယိုတုရှင်းသည် ရီဖုန်း၏သာလွန်ထူးကဲသော ပါရမီအရည်အချင်းကို တွေးတောမိလေ၏။
"ဖြစ်နိုင်တာတော့...ပါရမီအရည်အချင်း အရမ်းကောင်းမွန်ပြီး နှစ်တစ်သောင်းမှာတစ်ယောက်ပဲထွက်ပေါ်တဲ့ လူမျိုးကပဲ အဲ့ဒီလိုမျိုး လုပ်နိုင်လိမ့်မယ်"
ထိုစကားကိုကြားချိန်တွင် ရီဖုန်း၏မျက်လုံးများ တောက်ပသွားသည်။
"ကြည့်ရတာတော့ စီနီယာအစ်ကိုကြီးက ငါ့ရဲ့အကြောင်းကို ပြောနေတဲ့ပုံပဲ"
သူသည် စိတ်ကျေနပ်ဖွယ်ကောင်းသော အဖြေတစ်ခုကို ရရှိခဲ့လေပြီ။
ရီဖုန်းသည် ထိုအဖြေကိုရရှိပြီးနောက် ထွက်ခွာသွားရန် ဟန်ပြင်လိုက်တော့သည်။
သူ၏ကိုယ်ပိုင်ပါရမီအရည်အချင်းမှ ကောင်းချီးပေးမှုကြောင့် သူ၏ကျင့်ကြံဆင့်အခြေခံသည် လူသားအင်မော်တယ်နယ်ပယ်တွင်သာရှိသော်လည်း သူ၏စွမ်းအားသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပုံရသည်။
Chapter 592
ပါရမီရှင်...ပါရမီရှင်တယောက်သာလျှင်...
အဆင့်နိမ့်လူသားအင်မော်တယ် ကျင့်ကြံဆင့်အခြေခံကို မှီခိုအားထား၍ အဆင့်ခုနစ်ဆင့်ကျော်ကာ တိုက်ခိုက်နိုင်ပေမည်။
ရှားပါးသော ပါရမီရှင်တစ်ယောက်ပင်...
ဤသည်မှာ အမှန်အားဖြင့် သူကိုယ်တိုင် ဖြစ်နေပေ၏။
ရီဖုန်းက ရယ်မောလိုက်သည်။
သို့ရာတွင် သူသည် လူသားအင်မော်တယ်တစ်ယောက် မဟုတ်ခြင်းလည်း ဖြစ်နိုင်သည်။
သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို မည်ကဲ့သို့ အဆင့်မြှင့်တင်ရမည်နည်း...
သူ တစ်ကြိမ်တခါမျှ မကျင့်ကြံခဲ့ဖူးချေ။
တစ်ကြိမ်ထပ်မံပြောဆိုရပါက သူသည် အနည်းငယ်မျှ ကျင့်ကြံခဲ့ဖူးခြင်းမရှိချေ။
ဖြစ်နိုင်သည်မှာ သူသည် အင်မော်တယ်စွမ်းအားများ ပျံ့လွင့်နေသော အင်မော်တယ်လောကသို့ ရောက်ရှိလာကာ သူ၏ပါရမီအရည်အချင်းသည် အလွန်နတ်ဆိုးဆန်သောကြောင့် အင်မော်တယ်စွမ်းအားများကို စုပ်ယူပြီးနောက် အမှုမဲ့အမှတ်မဲ့ဖြင့် သူ၏ကျင့်ကြံဆင့်နယ်ပယ် မြင့်တက်လာခြင်း ဖြစ်နိုင်သည်။
ထို့ကြောင့် သူ့၏ယခုလက်ရှိကျင့်ကြံဆင့်နယ်ပယ်သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်၌ ရှိနေနိုင်သည်မှာ မဖြစ်နိုင်သောကိစ္စတစ်ရပ်မဟုတ်ချေ။
စနစ်သည် သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို 'မသိ'ဟုပြသသောအကြောင်းအရင်းမှာ စနစ်သည် အမှိုက်ဖြစ်နေသောကြောင့်ပင်။
မည်သို့ပင်ဆိုစေကာမူ ဤစနစ်ကို သူ သေမျိုးလောကအတွင်း၌ရှိနေစဉ်တွင် ရရှိခဲ့ခြင်းဖြစ်သည်။
ဖြစ်နိုင်သည်မှာ ဤအမှိုက်စနစ်၏အမြင့်ဆုံးအကန့်အသတ်သည် သေမျိုးလောကအတွင်းမှ ကျင့်ကြံဆင့်များကိုသာပြသနိုင်ပြီး အမြင့်ဆုံးအနေဖြင့် လူသားအင်မော်နယ်ကျင့်ကြံဆင့်ကိုသာ စူးစမ်းနိုင်ခြင်းဖြစ်ပေမည်။လူသားအင်မော်တယ်နယ်ပယ်ထက် ကျော်လွန်သွားပါက ဤစနစ်သည် အသုံးမဝင်တော့ချေ။
ဤသည်မှာ ပြဿနာမရှိပေ။
မည်သို့ပင်ဆိုစေကာမူ သူသည် ယခုချိန်၌ ထိပ်သီးပါရမီရှင်တစ်ယောက်ဖြစ်နေကာ စနစ်သည်အရသာမရှိသော နံရိုးတချောင်းအလားပင်။
ကျင့်ကြံဆင့်နယ်ပယ်နှင့်ပတ်သက်၍မူ သူအနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်းမရှိချေ။အကြောင်းအရင်းမှာ ယခုလက်ရှိအချိန်၌ သူ၏လက်ချောင်းတစ်ချောင်းကို မှီခိုအားထားရုံဖြင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်၏အောက်၌ သူသည် ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်သောကြောင့်ပင်။
ရီဖုန်းသည် ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားတော့သည်။
တချိန်တည်းမှာပင် ကောင်းရှစ်ကျီးသည် သူ၏တပည့်များထံမှ သတင်းပို့မှုကို လက်ခံရရှိလေ၏။
ရီဖုန်းသည် သေဆုံးသွားခြင်းမရှိသော်လည်း သူစေလွှတ်လိုက်သည့် မြေကမ္ဘာအင်မော်တယ်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ကျင့်ကြံသူကမူ အသွေးအသားများအဖြစ် တစစီပေါက်ကွဲသွားခဲ့သည်။
ကောင်းရှစ်ကျီးက ဒေါသတကြီး အော်ဟစ်လိုက်၏။
"မင်း ကိစ္စတွေကို ဘယ်လိုလုပ်နေတာလဲ...လူသားအင်မော်တယ်တစ်ယောက်ကိုတောင် မင်း မဖြေရှင်းနိုင်ဘူးလား"
ထိုတပည့်က သူ၏ခေါင်းကို အောက်သို့ငုံကာ ပြောဆိုသည်။
"ရီဖုန်းရဲ့အနားမှာ သူ့ကိုကူညီပေးမယ့် တစ်ယောက်ယောက်ရှိနေတာ ဖြစ်နိုင်တယ်"
"ရီဖုန်းက တောင်ထိပ်သခင်လျှူရဲ့ တိုက်ရိုက်တပည့် ယိုတုရှင်းဆီသွားတာကို တပည့်တစ်ယောက်က မြင်လိုက်ရတယ်"
"သူက ယိုတုရှင်းဆီသွားတာလား"
ကောင်းရှစ်ကျီးသည် ထိုနာမည်ကိုကြားချိန်တွင် သူ့ထံမှနေ၍ အန္တရာယ်အငွေ့အသက်များထွက်ပေါ်လာသည်။
ရီဖုန်းသည် လူသားအင်မော်တယ်တစ်ယောက်သာဖြစ်သဖြင့် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ကိုသတ်ဖြတ်ရန်မှာ တစ်စုံတစ်ယောက်မှ သူ့ကိုကူညီပေးခြင်း ဖြစ်ပေမည်။
"သူက တကယ့်ကို ကံကောင်းတာပဲ"
ကောင်းရှစ်ကျီးက မကျေမချမ်း ရေရွတ်လိုက်သည်။
"ဒါပေမဲ့ သူ့ရဲ့ကံက အမြဲတမ်းကောင်းနေမယ်လို့ ငါ မယုံကြည်ဘူး"
"နောက်တစ်ကြိမ်ကျရင် ဒီကိစ္စကိုဆောင်ရွက်ဖို့အတွက် ကောင်းကင်အင်မော်တယ်တစ်ယောက်ကို လွှတ်လိုက်စမ်း"
"ဒါပေမယ့် အခုလတ်တလောတော့ ခဏနေအုံး...ငါတို့က အချိန်တစ်ခုကြာတဲ့အထိ စောင့်ဆိုင်းရလိမ့်မယ်"
"မင်း အရင်ဆုံး ပြန်သွားတော့"
သူသည် ဤခွေးမသားကို သတ်ဖြတ်ရပေမည်။ထိုသို့မဟုတ်ပါက သူ၏စိတ်နှလုံးသားအတွင်းရှိ နာကြည်းမုန်းတီးမှုများကိုဖြေရှင်းနိုင်ရန် အလွန်အမင်းခက်ခဲပေမည်။
"ဟုတ်ကဲ့"
တပည့်က တုံ့ပြန်စကားပြောဆိုပြီးနောက် ထွက်ခွာသွားတော့သည်
...
ရီဖုန်းက သူသည် နှစ်ပေါင်းတစ်သောင်းလျှင်တစ်ကြိမ်သာထွက်ပေါ်သော အဖိုးတန်ရှားပါးသည့် ပါရမီရှင်တယောက်ဖြစ်ရုံသာမက သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် အမှုမဲ့အမှတ်မဲ့ဖြင့် မြင့်မားလာသည်ကိုလည်း နားလည်သဘောပေါက်သွားသည်။
သူသည် ဝမ်းသာပျော်ရွှင်နေသောစိတ်ဖြင့်...
ဝိုင်အရက်သောက်ရန် တစ်စုံတစ်ယောက်ကိုရှာဖွေကာ ပျော်ရွှင်ဖွယ်ရာကိစ္စများ ပြုလုပ်လိုသည်။
သူ၏စိတ်အတွင်းသို့ ပထမဆုံးဝင်ရောက်လာသူသည် စီနီယာအစ်ကိုယိုတုရှင်းပင်။
ထိုကြောင့် သူသည် လက်အတွင်း၌ ဝိုင်ခရားတစ်လုံးကိုင်ဆောင်ကာ ယိုတုရှင်း၏အဆောင်ထံသို့ဦးတည်၍ လျှောက်လှမ်းသွားလိုက်သည်။
သို့ရာတွင် ယိုတုရှင်း၏အဆောင်သို့ သူ ရောက်ရှိသွားစဉ်တွင် စီနီယာအစ်ကိုယိုတုရှင်းရှိမနေသည်ကို သူ သိရှိလိုက်ရသည်။
"စီနီယာအစ်ကိုကြီးက အကြီးအကဲတွေရဲ့ဆင့်ခေါ်ခံရတာကြောင့် အပြင်ကိုထွက်သွားတယ်...ကြည့်ရတာတော့ ပြဿနာတစ်ခု ရှိနေပုံရတယ်"
တခြားတပည့်များသည် ရီဖုန်းကိုမြင်တွေ့စဉ်၌ ပြောဆိုလိုက်ကြသည်။
"ဘာလို့လဲ...ဂျူနီယာညီလေးရီက စီနီယာအစ်ကိုယိုကိုရှာတာ ဘာကိစ္စရှိလို့လဲ"
ရီဖုန်းသည် လူသားအင်မော်တယ်တစ်ယောက်သာဖြစ်သော်လည်း ရှင်းချန်တောင်ထိပ်မှ တပည့်များအားလုံး သူအား သိရှိကြသည်။
မည်သို့ပင်ဆိုစေကာမူ ရီဖုန်းသည် လူသူအများရှေ့၌ နေလတောင်ထိပ်သခင်ကောင်း၏မျက်နှာကို ဖြတ်ရိုက်နိုင်ခဲ့သူမဟုတ်လော...
ရှင်းချန်တောင်ထိပ်နှင့်နေလတောင်ထိပ်အကြားတွင် ပဋိပက္ခများရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ထို့ပြင် ရှင်းချန်တောင်ထိပ်သည် အမြဲတစေ အနည်းငယ်နိမ့်ကျနေခဲ့သည်။ ထို့ကြောင့် သူတို့သည် နေလတောင်ထိပ်မှတပည့်များ၏ဖိနှိပ်ခြင်းကို ခံခဲ့ရလေ၏။
ရှင်းချန်တောင်ထိပ်၏ တပည့်သစ်တစ်ယောက်ဖြစ်သော ရီဖုန်းသည် နေလတောင်ထိပ်သခင်ကောင်း၏မျက်နှာကို ဖြတ်ရိုက်နိုင်ခဲ့သဖြင့် သူတို့အားလုံးသည် ဤကောင်လေးကို ကြည်ညိုလေးစားကာ ချစ်ခင်နေကြသည်။
ထိုကြောင့် သူတို့သည် ရီဖုန်းကိုမြင်တွေ့ချိန်၌ အလွန်ခင်မင်ရင်းနှီးစွာ ဆက်ဆံကြလေ၏။
"စီနီယာအစ်ကိုယိုက ဘယ်ချိန်ပြန်လာမှာလဲ"
"ဒါက အချိန်အတိအကျကို ငါတို့လည်း မသိဘူး"
မြေကမ္ဘာအင်မော်တယ် တပည့်တစ်ယောက်က ပြောဆိုသည်။
"ဒါပေမဲ့ ဂျူနီယာညီလေးဆီမှာ ဘာကိစ္စရှိလဲဆိုတာ ပြောခဲ့ပါလား...စီနီယာအစ်ကိုယိုပြန်ရောက်လာရရင် ငါတို့က မင်းအတွက် အကြောင်းကြားထားပေးမယ်"
စီနီယာအစ်ကိုများသည် အလွန်စိတ်အားထက်သန်စွာဖြင့် သူ့အားဆက်ဆံနေသည်ကိုကြည့်ပြီး ရီဖုန်းက အလွန်စိတ်ကျေနပ်သွားသည်။
ရီဖုန်းက သူ၏လက်အတွင်းရှိဝိုင်ခရားကိုမကာ ခါယမ်းလိုက်၏။
"ဒါက အဆင်ပြေပါတယ်...ငါက ပျော်စရာတစ်ခုနဲ့ ကြုံခဲ့ရတာကြောင့်...ငါ့ရဲ့စီနီယာအကိုကြီးယိုနဲ့အတူသောက်ပြီး ပျော်ပွဲလေးတစ်ခုကျင်းပချင်လို့ပါ"
'အမ်....ငါကတော့ ဘာကိစ္စလဲလို့ တွေးနေခဲ့တာ"
ရီဖုန်း၏နံဘေးရှိ မြေကမ္ဘာအင်မော်တယ်တပည့် ချွမ်လဲ့က သူ၏လက်ဝါးကိုပွတ်သပ်ကာ ပျော်ရွှင်စွာပြောဆိုသည်။
"ဘာလဲ...အစ်ကိုယိုကပဲ မင်းနဲ့အတူ သောက်လို့ရမှာလား...ငါတို့ရော အတူသောက်လို့မရဘူးလား"
"အမှန်ပဲ...ငါတို့အတူ သောက်ကြရအောင်...မင်း သိလား...ငါ သေမျိုးလောကထဲမှာ ရှိနေတဲ့အချိန်တုန်းက ငါ့မှာ ခွက်တစ်ထောင်မပြည့်ရင်မသောက်ဘူးဆိုတဲ့ နာမည်ပြောင်ရှိတယ်"
တခြားမြေကမ္ဘာအင်မော်တယ်တပည့်တစ်ယောက်ဖြစ်သော ရှားဝမ်က ပြောဆိုသည်။
"ဟေး စီနီယာ...ဒါက နည်းနည်းတော့ လန့်စရာပဲ ...ငါ့မှာ ခွက်တစ်ထောင်ထည့်ဖို့ ဝိုင်အရက်တော့မရှိဘူး...ဒီဝိုင်အရက်က မင်းရဲ့သွားကြားမှာ ညပ်ဖို့တောင် မလုံလောက်မှာကို ငါ စိုးရိမ်မိတယ်"
ရီဖုန်းကလည်း ရယ်ပြုံးကာ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး သူ၏လက်အတွင်းရှိ ဝိုင်ခရားကို ဝှေ့ယမ်းလိုက်၏။
"သွားကြစို့...ဒီနေ့ ငါတို့ညီအစ်ကိုတွေ အတူတူသောက်ကြရအောင်"
"ငါ့မှာ ခွက်ပေါင်းတစ်ထောင်ပြည့်အောင် မရှိပေမယ့်...ငါတို့ရဲ့စိတ်တွေ လန်းဆန်းသွားအောင်သောက်ဖို့တော့ရှိတယ်"
တခြားစီနီယာတပည့်များသည်လည်း ရယ်မော၍ ပြောဆိုလိုက်ကြသည်။
"သွားကြစို့...သွားကြစို့...ဂျူနီယာညီလေးရီရဲ့ဝိုင်အရက်ကို မြည်းစမ်းကြရအောင်"
"ကောင်းတယ်...ငါတို့ကံအရမ်းကောင်းတာပဲ...စီနီယာအစ်ကိုယိုမှာ ဒီလိုကံကောင်းမှုမျိုး မရှိဘူး...ဟား ဟား ဟား..."
သူတို့လူစုသည် ရယ်မောရင်း စကားပြောဆိုကာရီဖုန်း၏နောက်သို့ လိုက်ပါသွားတော့သည်။
သူတို့အားလုံးသည် ရှင်းချန်တောင်ထိပ်၏ တောအုပ်အတွင်းသို့ ဦးတည်၍လျှောက်လှမ်းခဲ့ကြသည်။
ရှင်းချန်တောင်ထိပ်၏စားဖိုဆောင်မှနေ၍ ရီဖုန်းသည် ဟင်းပွဲများကိုလည်း ယူဆောင်လာပေ၏။
သူတို့သည် တောအုပ်အတွင်းသို့ ဝင်ရောက်လာပြီးနောက် စမ်းချောင်းလေးတစ်ခု၏နံဘေး၌ မြက်ဖျာတစ်ချပ်ကို ခင်းလိုက်ကြသည်။ထိုမြက်ဖျာပေါ်တွင် ဝိုင်အရက်များ အစားအစာများဖြင့် ပြည့်နှက်နေကာ အလယ်တွင်အိုးတစ်လုံးရှိနေသည်။
ထိုအိုး၏အောက်တွင် မီးများတောက်လောင်နေကာ အိုးအတွင်းရှိစွပ်ပြုတ်များ ဆူပွက်နေသည်။
ရီဖုန်း၏နောက်ရှိ ဂိုဏ်းတူတပည့်များသည် သူတို့၏တံတွေးများကို မြိုချလိုက်ကြ၏။
"တော်လိုက်တဲ့ကောင်လေး.... စားကောင်းသောက်ဖွယ်တွေ အများကြီးပဲ..ဂျူနီယာညီလေးရီက ဘယ်လိုတွေတောင် စီစဉ်ထားတာလဲ"
ချွမ်လဲ့က ဝမ်းသာပျော်ရွှင်စွာဖြင့် မေးမြန်းသည်။
နေလဂိုဏ်းအတွင်း၌ အစားအသောက် စားသောက်သူဟူ၍ လူနည်းစုသာရှိသည်။မြင့်မားသောကျင့်ကြံဆင့်နယ်ပယ်သို့ ရောက်ရှိသွားသူများသည် အစားအသောက်များကို စားသောက်ရန်မလိုအပ်တော့ချေ။
ကျင့်ကြံဆင့်မြင့်မားသွားသောအချိန်တွင် သူတို့သည် တခါတစ်ရံ၌ သူတို့၏ကျင့်ကြံဆင့်အား ကူညီပေးနိုင်သော အင်မော်တယ်အစားအစာများကို စားသောက်ခြင်း သို့မဟုတ် အပျော်သဘောအနေဖြင့် စားသောက်ခြင်းတို့ကိုသာ ပြုလုပ်ကြသည်။
"ငါက ဒါတွေကို စားဖိုဆောင်ကနေ လုပ်ခဲ့တာပါ"
ရီဖုန်းသည် မြက်ဖျာပေါ်၌အရင်ဆုံးထိုင်ကာ သူ့၏စီနီယာအစ်ကိုများကို ဖိတ်ခေါ်လိုက်သည်။
နေလဂိုဏ်းအတွင်း၌ တပည့်အများစုသည် အစားအစာ စားသောက်ခြင်းမပြုသော်လည်း စားဖိုဆောင်၌ ထူးချွန်သောစားဖိုမှူးများ ရှိနေဆဲပင်။
ပထမဆုံးအနေဖြင့် ဂိုဏ်းအတွင်း၌ အခမ်းအနားများ ကျင်းပပါက ဧည့်သည်များကိုဧည့်ခံရန်ဖြစ်ပြီး ဒုတိယအနေဖြင့် ဂိုဏ်းအတွင်းရှိအကြီးအကဲများ သို့မဟုတ် အဆင့်မြင့်တပည့်များ ကျင့်ကြံရာ၌ ထောက်ပံ့ပေးနိုင်သော အစာအစားတချို့ကို ပြုလုပ်ရန်ဖြစ်သည်။
တခြားတပည့်များကိုမူ သာမန်အားဖြင့်မီးဖိုချောင်မှနေ၍ အစားအစာများထောက်ပံ့ပေးလေ့မရှိချေ။
"ဟေ့ ကြည့်ကြအုံး...ဂျူနီယာညီလေးရီက ငါတို့ရှင်းချန်တောင်ထိပ်ကိုဝင်တာ မကြာသေးပေမယ့်...သူက စားဖိုဆောင်ကလူတွေနဲ့တောင် ရင်းနှီးနေပြီ...ဒီအရည်အချင်းက...ကျွတ် ကျွတ်"
ရှားဝမ်သည် သူ့၏ဝတ်စုံကိုမကာ မြက်ဖျာပေါ်၌ ထိုင်လိုက်၏။
ရှားဝမ်သည် သူ့ရှေ့ရှိ အစားအစာများကိုကြည့်ပြီး သူ၏မျက်လုံးများတောက်ပနေကာ သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။
"စားဖိုဆောင်ကထုတ်လာတဲ့ အစားအစာတွေက တကယ်ကောင်းတယ်"
သူ၏နံဘေးရှိ စီနီယာတပည့်တစ်ယောက်ကလည်း လက်များကိုပွတ်သပ်ရင်း ပြောဆိုသည်။
"လာကြ...ငါက စီနီယာအစ်ကိုတို့အတွက် ဝိုင်အရက် ငှဲ့ပေးမယ်"
ရီဖုန်းကပြောဆိုကာ တခြားသူများအတွက် ဝိုင်အရက်များကို ငှဲ့ပေးပြီး စတင်၍စားသောက်ရန် ပြင်ဆင်လိုက်ကြတော့သည်။
သူတို့တစ်စုသည် သောက်စားရင်း စကားစမြည်ပြောဆိုကာ ရယ်မောနေကြ၏။
"ခုဏက ဂျူနီယာညီလေးရီမှာ ပျော်စရာကိစ္စတစ်ခုရှိနေတယ်လို့ ငါ ကြားလိုက်တယ်...ဘာကိစ္စလဲဆိုတာ ငါ သိလို့ရမလား"
ချွမ်လဲ့က ကြက်ခြေထောက်တစ်ချောင်းကိုစားရင်း ပြောဆိုသည်။
ဒါကိုထုတ်ပြောရင်လူတိုင်းပျော်ရွှင်လို့ရတာပေါ့။
ထိုစကားခေါင်းစဥ်ကို ကြားချိန်တွင် ရီဖုန်း၏နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။
"အမ်...ဒါက ပြောပလောက်အောင် ကြီးကျယ်တဲ့ကိစ္စမဟုတ်ပါဘူး"
သူက ပြောဆိုသည်။
"ငါ့ရဲ့ပါရမီအရည်အချင်းက နှစ်တစ်သောင်းမှာ တစ်ကြိမ်ပဲထွက်ပေါ်တဲ့လူမျိုး ဖြစ်နေတာပဲ"
"မင်းတို့ နားလည်ကြလား"
သူက ထိုစကားကိုပြောဆိုရင်း စိတ်ပျက်လက်ပျက်အမူအယာဖြင့် ဝိုင်တစ်ငုံသောက်လိုက်သည်။
"မင်းတို့ သေချာလား...ဒါက အပြစ်ကြီးတစ်ခုပဲ"
"အမ်...ဘာလို့လဲ"
စီနီယာအစ်ကိုများအနက်မှတယောက်က ထိတ်လန့်တကြား ပြောဆိုသည်။
"ဒါက ကိစ္စကောင်းတစ်ခု မဟုတ်ဘူးလား"
"တကယ်လို့ ဂိုဏ်းချုပ်ကသာ ဒီကိစ္စကိုသိသွားရင်....သူက မင်းကို တိုက်ရိုက်တပည့်အဖြစ်ခေါ်ယူပြီးတော့ လေ့ကျင့်ပေးလိမ့်မယ်"
တခြားသူများကလည်း ထောက်ခံလိုက်ကြကာ ဝမ်းသာပျော်ရွှင်စွာဖြင့် ပြောဆိုလိုက်ကြသည်။
"အမှန်ပဲ...ဂျူနီယာညီလေးရီက ရီနျန်ကျင့်ကြံနည်းစနစ်ကို တစ်ညတည်းနဲ့ ကျင့်ကြံနိုင်ခဲ့တာကို ငါ မြင်ကတည်းက မင်းမှာ သာလွန်ထူးကဲတဲ့ ပါရမီအရည်အချင်းရှိတယ်လို့ ငါ သိခဲ့တယ်"
ချွမ်လဲ့က ပြောဆိုသည်။
"ဒါပေမဲ့ မင်းက နှစ်တစ်သောင်းမှာတစ်ကြိမ်ပဲထွက်ပေါ်တဲ့ ပါရမီရှင်မျိုးဖြစ်နေမယ်လို့တော့ ငါ မျှော်လင့်မထားမိဘူး"
"ဒီကိစ္စအကြောင်းကို ငါတို့တောင်ထိပ်သခင်လျှူ သိသွားပြီလား"
ရီဖုန်းက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"ငါက အခုထိ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောရသေးဘူး"
"ဒါဆိုရင် မင်းက ဒီလိုကိစ္စကြီးတစ်ရပ်ကို တောင်ထိပ်သခင်လျှူကို ပြောသင့်တယ်"
ရှားဝမ်က ပြောဆိုသည်။
"တောင်ထိပ်သခင်က ဒီကိစ္စကို ဂိုဏ်းချုပ်ဆီ သတင်းပို့လိမ့်မယ်"
"ဒါဆိုရင် ဂျူနီယာညီလေးရီက ဂိုဏ်းချုပ်ရဲ့တိုက်ရိုက်တပည့်ဖြစ်လာဖို့ သိပ်လိုတော့မှာမဟုတ်ဘူး"
"အမှန်ပဲ...အမှန်ပဲ..."
"ဟား ဟား ဟား...ဒါက မဖြစ်နိုင်ပါဘူး..ဟားဟား ဟား ဟား...."
ရီဖုန်းက ယဉ်ကျေးသိမ်မွေ့စွာပြောဆိုကာ သူ၏မျက်နှာပေါ်၌ အပြုံးများဝေဆာနေသည်။
Chapter 593
ဤနေရာ၌ ရီဖုန်းတို့တစ်စု ပျော်ရွှင်စွာဖြင့် စကားစမြည် ပြောဆိုနေကြသည်။
သူတို့သည် စကားစမြည်ပြောဆိုကာ ရယ်မောနေကြသဖြင့် ပတ်ဝန်းကျင်ကို သတိမပြုမိကြချေ။
လူတချို့အသိဝင်လာသောအချိန်တွင် သူတို့၏နောက်၌ အပြာရောင်ဝတ်စုံဝတ်လူငါးယောက် ရောက်ရှိနေသည်ကို တွေ့မြင်လိုက်ရသည်။
ထိုလူများ ရောက်ရှိလာသည်ကိုကြည့်ပြီး ချွမ်လဲ့နှင့်ရှားဝမ်အပါအဝင် စီနီယာတပည့်များအားလုံး အလေးအနက်ထားလိုက်ကြသည်။
ရီဖုန်းတစ်ယောက်တည်းသာလျှင် ပတ်ဝန်းကျင်၌ မတ်တတ်ရပ်နေသော လူငါးယောက်ကိုကြည့်ကာ မေးမြန်းလိုက်၏။
"သူတို့က ဘယ်သူတွေလဲ"
"သူတို့က နေလတောင်ထိပ်ရဲ့တပည့်တွေပဲ"
ချွမ်လဲ့က တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် တုံ့ပြန်သည်။
"ပြီးတော့ သူတို့အားလုံးက စီနီယာတပည့်တွေပဲ"
ဤလူများ ရောက်ရှိလာခြင်းသည် ကောင်းသောရည်ရွယ်ချက်ဖြင့် မဟုတ်နိုင်ချေ။
ချွမ်လဲ့က မတ်တတ်ထရပ်လိုက်သည်။
"မင်းတို့နေလတောင်ထိပ်က ကောင်တွေက အရမ်းအားယားနေကြတာလား..မင်းတို့မှာ အချိန်တွေပေါနေလို့ ငါတို့ဆီကို လာလည်တာလား"
"ဘာလဲ...ငါတို့ဆီက ရှုခင်းတွေကို လာကြည့်တာလား"
ချွမ်လဲ့သည် တည်ငြိမ်ချင်ယောင်ဆောင်ပြီး သူ၏လက်ကိုလှုပ်ရှားကာ သတင်းပို့ကျောက်စိမ်းပြားမှတဆင့် တစ်စုံတစ်ယောက်ထံသို့ အကြောင်းကြားရန် ပြင်ဆင်လိုက်၏။
သို့ရာတွင် သူ၏လှုပ်ရှားမှုကို အပြာရောင်ဝတ်စုံလူတစ်ယောက်မှ တွေ့မြင်သွားသည်။ထိုလူသည် ချွမ်လဲ့၏လက်အတွင်းမှ ကျောက်စိမ်းပြားကိုလုယူကာ အဝေးသို့လွှင့်ပစ်လိုက်သည်။ချွမ်လဲ့သည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် လဲကျသွားလေ၏။
အပြာရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်က ရီဖုန်းကိုလက်ညှိုးညွှန်ပြကာ ပြောဆိုသည်။
"ဒီနေ့ ငါတို့ရဲ့ပစ်မှတ်က သူပဲ"
"ကျန်တဲ့သူတွေအားလုံးကို ငါ သတိပေးလိုက်မယ်...ဒီကိစ္စက မင်းတို့နဲ့မဆိုင်ဘူး...တကယ်လို့ မင်းတို့အသက်ရှင်ချင်ရင် ဒီနေရာကနေ ထွက်သွားကြစမ်း မဟုတ်ရင် မင်းတို့လည်း သူနဲ့အတူရင်ဆိုင်ရလိမ့်မယ်"
အပြာရောင်ဝတ်စုံလူက လွမ်းမိုးချုပ်ကိုင်နိုင်သောအမူအယာဖြင့် ပြောဆိုသည်။
ရှားဝမ်သည် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ ရီဖုန်း၏နံဘေးသို့သွားပြီး တီးတိုးပြောဆိုလိုက်သည်။
"ဂျူနီယာညီလေးရီ...မြန်မြန်ထွက်သွားတော့...အဲ့ဒီလူတွေက မင်းကို ပစ်မှတ်ထားနေတာ...သူတို့က နေလတောင်ထိပ်ရဲ့စီနီယာတပည့်တွေဖြစ်ပြီးတော့ သူတို့ရဲ့ကျင့်ကြံဆင့်က မြေကမ္ဘာအင်မော်တယ်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှာရှိနေတယ်...မင်းကို မပြောနဲ့... တကယ်လို့ ငါတို့အကုန်ပူးပေါင်းပြီး တိုက်ခိုက်ရင်တောင် သူတို့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး"
"တကယ်လို့ မင်းထွက်မပြေးဘူးဆိုရင် မင်းသေရမှာ သေချာပေါက်ပဲ"
ထိုသို့ပြောဆိုပြီးနောက် ရှားဝမ်က ရီဖုန်း၏ရှေ့၌ မတ်တတ်ထရပ်လိုက်၏။
"ငါတို့က မင်းကို ကာကွယ်ပေးမယ်"
ရှားဝမ်သည် ထိုသို့ပြောဆိုလိုက်သော်လည်း သူ၏အသံ တုန်ရီနေသည်။
အပြာရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်သည် တုန်တုန်ရီရီဖြင့်စကားပြောဆိုလိုက်သော ရှားဝမ်ကိုကြည့်ကာ ရယ်မောလိုက်သည်။
"ငါတို့ကို ဟန့်တားမှာလား...မင်းလိုအမှိုက်ကောင်က ဘာတတ်နိုင်မှာမလို့လဲ"
သူသည် ထိုစကားကိုပြောဆိုရင်း မြက်ဖျာပေါ်၌ထိုင်နေသောလူများကို လက်ညှိုးညွှန်လိုက်သည်။
"မင်းတို့အားလုံးက အမှိုက်ကောင်တွေပဲ"
"ငါ မင်းတို့ကို ထပ်ပြီးသတိပေးလိုက်မယ်...တကယ်လို့ မင်းတို့ထွက်မသွားဘူးဆိုရင် ဒီနေ့က မင်းတို့အားလုံးရဲ့သေနေ့ ဖြစ်သွားလိမ့်မယ်"
ချွမ်လဲ့သည် သတိကြီးစွာထား၍ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် သူရှေ့ရှိလူကို ကြည့်လိုက်သည်။
"ငါတို့အားလုံးက ရှင်းချန်တောင်ထိပ်ရဲ့တပည့်တွေပဲ...တကယ်လို့ မင်းတို့က ငါတို့ကိုသတ်မယ်ဆိုရင်...မင်းတို့ကို ရှာဖွေခေါ်ထုတ်ခံရတာနဲ့ တောင်ထိပ်နှစ်ခုကြားမှာ အငြင်းပွားမှုတွေဖြစ်လာမှာ သေချာပေါက်ပဲ"
"မင်း ဘာတွေပြောနေတာလဲ"
အပြာရောင်ဝတ်စုံဝတ်သူများ၏ခေါင်းဆောင်က အထင်အမြင်သေးစွာပြောဆိုသည်။
"ဘာအငြင်းပွားမှုလဲ...နေလတောင်ထိပ်နဲ့ မင်းတို့ရှင်းချန်တောင်ထိပ်အကြားမှာ အငြင်းပွားမှုမဖြစ်တဲ့အချိန် ရှိလို့လား"
"ငါတို့နေလတောင်ထိပ်ကို မင်းတို့ ဘယ်တုန်းက အနိုင်ရဖူးလို့လဲ"
"ငါ မင်းနဲ့ အပိုစကားတွေ ထပ်ပြီးမပြောချင်တော့ဘူး...မင်းတို့က မသိတတ်မှတော့ သူနဲ့အတူ အဖော်လုပ်ပြီး သေကြတော့"
အပြာရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်က ပြောဆိုကာ သူ၏လူများကို အမိန့်ပေးလိုက်သည်။
သူ၏နောက်ရှိ အပြာရောင်ဝတ်စုံဝတ်လူလေးယောက်သည် ထိုအမိန့်သံကိုကြားသည်နှင့်လှုပ်ရှားလိုက်ကြ၏။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး ပြောင်းလဲသွားသည်။တောအုပ်တစ်ခုလုံးကို ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်က လွှမ်းခြုံသွားသည်။
သစ်ရွက်များသည် လေထုအတွင်း၌ ဓားများအလား ပျံ့လွင်နေပေ၏။
ရှင်းချန်တောင်ထိပ်မှ တပည့်များသည် ချက်ချင်းမတ်တတ်ထရပ်ကာ သူတို့၏လက်များဖြင့် လက်စည်းတံဆိပ်များကိုဖွဲ့စည်းပြီး တုံ့ပြန်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။
ရီဖုန်းသည် ဝိုင်အရက်ခွက်ကိုကိုင်ထားကာ ရံဖန်ရံခါ၌ တစ်ငုံငုံ၍သောက်ပြီး အပြာရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင် ပြောဆိုသောစကားများကို နားထောင်နေသည်။သူ့ထံတွင် မည်သည့်ဖိအားမျှ ရှိမနေချေ။
သူရှေ့ရှိ မြင်ကွင်းကို ကြည့်ပြီးနောက် သူ့၏ပါးစပ်အတွင်းရှိအသားကင်ကို ထွေးထုတ်ကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဖုန်များကိုခါလိုက်သည်။
"ဘာမှမစိုးရိမ်ကြနဲ့"
သူသည် အပြာရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်ကိုကြည့်ပြီး ပြောဆိုလိုက်၏။
"မင်းတို့က ငါ့ကို သတ်ချင်နေတာမဟုတ်လား..ငါ မင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ်"
ရီဖုန်း၏စကားကိုကြားချိန်တွင် တိုက်ခိုက်ရန်ဟန်ပြင်နေသော နှစ်ဖက်စလုံးမှလူများ ရပ်တန့်လိုက်ကြသည်။
"မင်းတို့က ဒီနေရာမှာ ငါ့ကိုသတ်မယ်ဆိုရင် တောင်ထိပ်နှစ်ခုကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားလာလိမ့်မယ်...အဲ့ဒီအချိန်ကျရင် မင်းတို့ရဲ့နေလတောင်ထိပ်က ဒီကိစ္စကိုဖြေရှင်းဖို့အတွက် မင်းတို့ငါးယောက်ကို စတေးမှာ အသေအချာပဲ"
"မြေကမ္ဘာအင်မော်တယ်...ဒါက ဂိုဏ်းထဲမှာ ဘာမှအရေးမပါတဲ့ အသေးအမွှားလေးတွေမဟုတ်လား"
ရီဖုန်းက စကားပြောဆိုရင်း သူ၏ပါးစပ်အတွင်းရှိ ဝါးသွားကြားထိုးတံကို ဆွဲထုတ်လိုက်၏။
"ကောင်းပြီလေ....ငါတို့တွေ သေခြင်းရှင်ခြင်းစင်မြင့်ကိုသွားပြီး တိုက်ခိုက်ကြမလား...ဘယ်လိုလဲ"
"အဲ့ဒီလိုဆိုရင် အချိန်ကျလာတာနဲ့ မင်းတို့က ငါ့ကို ပြောင်ပြောင်တင်းတင်း သတ်နိုင်ရုံတင်မကဘူး..မင်းတို့အပေါ်ကို ပြဿနာတွေ ကျရောက်လာမှာကိုလည်း ကာကွယ်နိုင်လိမ့်မယ်"
သေခြင်းရှင်ခြင်းစင်မြင့်သည် ဂိုဏ်းမှတပည့်များ သေခြင်းရှင်ခြင်းစာချုပ်ကိုချုပ်ဆို၍ ယှဉ်ပြိုင်ရသောနေရာပင်။
သေခြင်းရှင်ခြင်းစင်မြင့်ပေါ်သို့ လူနှစ်ယောက်ရောက်ရှိသွားသည်နှင့် ဂိုဏ်းအတွင်းရှိ မည်သူတစ်ဦးတစ်ယောက်မျှ ဝင်ရောက်စွက်ဖက်၍မရချေ။
အကယ်၍ ယှဉ်ပြိုင်သူနှစ်ယောက်အနက်မှ တစ်ယောက်သေဆုံးသွားလျှင်ပင် မည်သူကမျှ လက်စားချေနိုင်မည်မဟုတ်ချေ။
တခြားစကားပြောင်းဆိုရလျှင် အကယ်၍ ရီဖုန်းနှင့်ဤလူများသည် သေခြင်းရှင်ခြင်းစင်မြင့်ပေါ်တွင် တိုက်ခိုက်ပါက ရီဖုန်းသေဆုံးသွားလျှင်ပင် ရှင်းချန်တောင်ထိပ်မှလူများသည် သူတို့၏ဒေါသများကို မြိုသိပ်ထားရုံသာရှိသည်။
ဤကိစ္စသည် နေလတောင်ထိပ်နှင့် မည်သို့မျှ သက်ဆိုင်တော့မည် မဟုတ်ပေ။
ရှားဝမ်က အလျှင်အမြန် ဟန့်တားလိုက်သည်။
"မလုပ်နဲ့...."
"ဂျူနီယာညီလေးရီ....မြန်မြန်ပြေးတော့"
ရှားဝမ်က စိုးရိမ်ပူပန်တကြီးပြောဆိုသည်။
"တကယ်လို့ မင်းက သေခြင်းရှင်ခြင်းစင်မြင့်ပေါ်ကို တက်သွားမယ်ဆိုရင် မင်း သေရမှာသေချာပေါက်ပဲ"
ရီဖုန်းက ရှားဝမ်၏ပခုံးကိုပုတ်ကာ စိတ်အေးအေးထားရန် ပြောဆိုလိုက်သည်။
"စီနီယာအစ်ကိုရှား...ဘာမှမစိုးရိမ်ပါနဲ့"
သူက လက်ပိုက်၍ အပြာရောင်ဝတ်စုံဝတ်လူများကို ကြည့်လိုက်သည်။
"သေခြင်းရှင်ခြင်စင်မြင့်ပေါ်မှာ ငါ့ကိုသတ်တာက တရားမျှတမှုရှိပြီး ပွင့်လင်းမြင်သာတယ်... မင်းတို့ရဲ့တောင်ထိပ်သခင်က မင်းတို့ကိုပေးလိုက်တဲ့ တာဝန်ကိုလည်း အောင်မြင်ပြီးမြောက်သွားနိုင်တယ်"
အပြာရောင်ဝတ်စုံဝတ်သူများ၏ခေါင်းဆောင်သည် မယုံကြည်နိုင်စွာဖြင့် ရီဖုန်းကို ကြည့်လိုက်၏။
အမှန်အားဖြင့် သေခြင်းရှင်ခြင်းစင်မြင့်ပေါ်၌ တိုက်ခိုက်ခြင်းသည် ပို၍ကောင်းမွန်သည်ကို သူ သိရှိထားသည်။
ဤသည်မှာ ပွင့်လင်းမြင်သာစွာ တိုက်ခိုက်ခြင်းဖြစ်သဖြင့် ရီဖုန်းကို သတ်ဖြတ်သည့်အတွက် မည်သူကမျှ သူတို့ကို အပြစ်တင်၍ရမည်မဟုတ်ချေ။
သို့ရာတွင် သူရှေ့ရှိ ကောင်စုတ်လေးထံတွင် ရည်ရွယ်ချက်ကောင်းရှိနေမည်ဟု သူ မယုံကြည်ချေ။ထိုကောင်လေးသည် သေခြင်းရှင်ခြင်းစင်မြင့်ပေါ်၌တိုက်ခိုက်ရန် စတင်၍တောင်းဆိုခဲ့သူ ဖြစ်နေပေ၏။
ဤသည်မှာ ထိုကောင်လေးသည် ထွက်ပြေးခြင်းမရှိဘဲ သူ၏လည်ပင်းကိုလှီးဖြတ်ခံရန်အတွက် သူကိုယ်တိုင်သန့်ရှင်းပေးနေခြင်း ဖြစ်နေသည်မဟုတ်လော....
ဤသည်မှာမည်ကဲ့သို့သောရည်ရွယ်ချက်မျိုးရှိနေနိုင်သနည်း။
အပြာရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်က သတိကြီးစွာထား၍ ရီဖုန်းကို ကြည့်လိုက်သည်။နေလတောင်ထိပ်ရှိ စီနီယာအစ်ကိုသည် သူ့အား တာဝန်ပေးအပ်ခဲ့စဉ်၌ ထိုကောင်လေးထံတွင် လှည့်ကွက်များစွာရှိသည်ဟု သတိပေးခဲ့သည်။
သူ ဂရုစိုက်ရပေမည်။
"မင်းမှာ ဘယ်လိုအကြံအစည်တွေ ရှိနေတာလဲ"
အပြာရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်က မေးမြန်းသည်။
"အကြံအစည်လား....ငါ့မှာ ဘယ်လိုအကြံအစည်မျိုး ရှိနေနိုင်မှာလဲ"
ရီဖုန်းက သူ၏လက်ကိုဖြန့်ကားကာ အပြုံးတစ်ခုနှင့် အပြာရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်ကို ကြည့်လိုက်သည်။
"ငါက မင်းတို့နေလတောင်ထိပ်ကလူတွေအားလုံးကို...မင်းတို့ငါးယောက် ငါ့ရဲ့လက်ထဲမှာဘယ်လိုဆိုးဆိုးရွားရွား သေဆုံးသွားရလဲဆိုတာ သူတို့ရဲ့မျက်လုံးတွေနဲ့ မြင်စေချင်တာပဲ"
"မင်းတို့ရဲ့သွေးတွေကို...မင်းတို့တောင်ထိပ်သခင်ကောင်းရဲ့မျက်နှာပေါ်မှာ ဖြန်းပက်နိုင်ရင် ပိုပြီးကောင်းလိမ့်မယ်"
"မင်း...."
အပြာရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်သည် ရီဖုန်း၏စကားများကြောင့် ဒေါသတကြီးအော်ဟစ်လိုက်၏။
"မောက်မာနေတဲ့ကောင်...မင်းက သေသင့်တယ်"
အပြာရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်သည် လှုပ်ရှားရန်ဟန်ပြင်လိုက်သော်လည်း သူ၏နံဘေးရှိ နောက်လိုက်တစ်ယောက်က သူ့အား ဆွဲထားလေ၏။
"စီနီယာအစ်ကို ခဏနေပါအုံး"
အပြာရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်က သူ့အားဆွဲထားသောလူကို ကြည့်လိုက်သည်။
"သေခြင်းရှင်ခြင်းစင်မြင့်ကို သွားကြစို့"
ထိုလူသည် သူ၏ခေါင်းဆောင်ဖြစ်သူကို ပြောဆိုပြီးနောက် ရီဖုန်းကို ကြည့်လိုက်သည်။
"ငါတို့ကလည်း ငါတို့နေလတောင်ထိပ်ကို ရန်စစော်ကားတာရဲ့အဆုံးသတ်က ဘယ်လိုလဲဆိုတာကို...ရှင်းချန်တောင်ထိပ်က လူတွေအားလုံးကို မြင်စေချင်တယ်"
"နေလဂိုဏ်းကို စော်ကားတဲ့ကောင် ဘယ်လိုဖြစ်သွားလဲဆိုတာ သူတို့ကို မျက်မြင်ကိုယ်တွေ့ကြုံစေချင်တယ်"
ထိုစကားကိုပြောဆိုပြီးနောက် သူသည် ခေါင်းဆောင်ဖြစ်သူကိုကြည့်ကာ မြောက်ပင့်စကားပြောဆိုလိုက်သည်။
"အချိန်ကျလာရင် စီနီယာအစ်ကိုက အရင်ဆုံးသွားလိုက်ပါ"
"အဲ့ဒီနည်းလမ်းနဲ့ စီနီယာအစ်ကိုက ငါတို့နေလတောင်ထိပ်အတွက် ဂုဏ်သတင်းတစ်ခု ယူပေးနိုင်ရုံတင်မကဘူး.....ဒီခွေးမသားလေးကို သူ့အတွက်ဖြေရှင်းပေးနေတဲ့ စီနီယာအစ်ကိုရဲ့ပုံပန်းသွင်ပြင်ကို တောင်ထိပ်သခင်ကောင်းက တွေ့မြင်သွားလိမ့်မယ်"
"ငါတို့ရဲ့တောင်ထိပ်သခင် ပျော်ရွှင်သွားမယ်ဆိုရင် သူက စီနီယာအစ်ကိုကြီးကို အဆင့်တိုးပေးလိမ့်မယ်"
အပြာရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်သည် ထိုစကားကိုကြားချိန်တွင် ခေါင်းညိတ်ပြကာ စိတ်ကျေနပ်စွာဖြင့်ပြုံးလိုက်သည်။
"ဒါက အဓိပ္ပါယ်ရှိတယ်....မင်းက အရမ်းတော်တာပဲ"
"ငါ အမြင့်ကို တက်လှမ်းသွားနိုင်တဲ့အချိန်ကျရင် ....မင်းကိုထောက်ပံ့ပေးဖို့ ငါမေ့မှာ မဟုတ်ဘူး"
ထို့နောက် သူက ရီဖုန်းကိုကြည့်ကာ ပြောဆိုလိုက်၏။
"မောက်မာတဲ့ကောင်စုတ်လေး....အခုချက်ချင်း သေခြင်းရှင်ခြင်းစင်မြင့်ကို သွားကြစို့"
"ကောင်းပြီလေ"
ရီဖုန်းက သာမန်ကာလျှံကာ တုံ့ပြန်ကာ သူ၏လက်ညှိုးကို ညင်သာစွာပွတ်သပ်လိုက်သည်။
"မင်းတို့က သေဖို့စိတ်အားထက်သန်နေမှတော့ ထပ်ပြီးအသက်ရှင်ရက် မနေကြနဲ့တော့"
"ခွေးမသား..."
ရီဖုန်း၏အလွန်အမင်းမောက်မာထောင်သွားသော စကားများကိုကြားချိန်တွင် အပြာရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်က အံ့တင်းတင်းကြိတ်ကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ငါက မင်းရဲ့အလောင်းကို အင်္ဂါအပြည့်အစုံမကျန်အောင် လုပ်ပြမယ်"
"ဒါက မင်းအတွက်လည်း အတူတူပဲ"
ရီဖုန်းက တည်ငြိမ်စွာပြောဆိုကာ သေခြင်းရှင်ခြင်းစင်မြင့်ထံသို့ လျှောက်လှမ်းသွားတော့သည်။
ရီဖုန်းသည် ရှေ့မှဦးဆောင်၍ လျှောက်လှမ်းသွားသည်ကို မြင်တွေ့ချင်၌ အပြာရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်သည် ဒေါသတကြီးဖြင့် အံတင်းတင်းကြိတ်လိုက်၏။သူ၏ဒေါသမီးတောက်များ အလွန်အမင်းပြင်းထန်နေသဖြင့် သူ၏ခေါင်းထက်မှ အခိုးအငွေ့များ ထွက်ပေါ်နေသောအဆင့်သို့ ရောက်ရှိနေလေပြီ။
ဤမျှထိ အလွန်မောက်မာဝံ့ကြွားသဖြင့် ထိုကောင်စုတ်လေး နောင်တရအောင် သူ လုပ်ဆောင်ရပေမည်။
အချိန်ကျလာပါက သူသည် ရီဖုန်းကို ညှင်းပန်းနှိပ်စက်ကာ ဒူးထောက်၍ အမှားဝန်ခံခိုင်းပြီး ကိုယ်လက်အင်္ဂါအပြည့်အစုံမချန်ဘဲ သတ်ဖြတ်ရပေမည်။
...
...
လူခြောက်ယောက် ရှေ့ဆင့်နောက်ဆင့် ထွက်ခွာသွားသည်ကိုကြည့်ပြီး ရှားဝမ်သည် ချွမ်လဲ့ကို မတ်တတ်ထရပ်နိုင်ရန် ကူညီပေးကာ ရီဖုန်း၏နောက်ကျောပြင်ကိုကြည့်ပြီး ချီးမွမ်းစကားပြောဆိုလိုက်သည်။
"ငါတို့ရဲ့ဂျူနီယာညီလေးရီကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ...သူက ရိုက်နှက်မခံရဘဲနဲ့ လွတ်လမ်းတစ်ခုကို ရှာဖွေနိုင်တယ်"
"သူ ဒီလိုမျိုး ထွက်သွားတာကြောင့် ငါတို့က တောင်ထိပ်မှာရှိတဲ့ စီနီယာအစ်ကိုတွေကိုရှာပြီးတော့ ဒီပြဿနာကို ဖြေရှင်းလို့ရတယ်"
"သူက အရမ်းဥာဏ်ကောင်းတာပဲ"
Chapter 594
"ငါတို့ အရင်ဆုံးသွားကြရအောင်"
ရှားဝမ်က ပြောဆိုလိုက်ပြီးနောက် သူတို့အားလုံးထွက်ခွာခဲ့ကြတော့သည်။
တောအုပ်အတွင်းမှ ထွက်ခွာလာပြီးနောက် သူတို့သည် ရှင်းချန်တောင်ထိပ်မှ စီနီယာတပည့်များနှင့် တွေ့ဆုံမိသည်။
ချွမ်လဲ့သည် အနီးစပ်ဆုံးစီနီယာတစ်ပည့်တစ်ယောက်ကို ဆုပ်ကိုင်ကာ ပြောဆိုလိုက်၏။
"စီနီယာအစ်ကို...မြန်မြန်လေး...လူတွေထပ်ပြီးခေါ်ပေးပါအုံး...ဂျူနီယာညီလေးရီဖုန်းက...."
"ငါ သိတယ်...ငါ သိထားပြီးပြီ..."
ထိုစီနီယာတပည့်က ချွမ်လဲ့၏ပခုံးကိုပုတ်ကာ ပြောဆိုလိုက်သည်။
"ခုဏကတင် ဂျူနီယာညီလေးရီက လာပြီးအကြောင်းကြားသွားတယ်...ဘာမှမစိုးရိမ်ကြနဲ့...ငါတို့တွေအားလုံး အဲ့ဒီနေရာကို သွားမှာပါ"
ချွမ်လဲ့က စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်လိုက်သည်။
"ဂျူနီယာညီလေးရီက အရမ်းဥာဏ်ကောင်းတာပဲ"
"ဒါက ဉာဏ်ကောင်းတယ်လို့ ယူဆလို့ရသလို သတ္တိကောင်းတာ မဟုတ်ဘူးလား"
စီနီယာတပည့်က သူ၏ခေါင်းကိုခါယမ်းကာ သက်ပြင်းရှိုက်လိုက်၏။
"သူက ဘယ်လိုသတ္တိမျိုးနဲ့...နေလဂိုဏ်းရဲ့သေခြင်းရှင်ခြင်းစင်မြင့်ပေါ်ကို သွားရဲတာလဲ"
"အမ်...."
ချွမ်လဲ့ အံ့အားသင့်တုန်လှုပ်သွားသည်။
သူသည် မနီးမဝေးနေရာတွင်ရှိနေသော ရီဖုန်းကို ကြည့်လိုက်သည်။
ရီဖုန်းသည် တပည့်တစ်ယောက်ကိုဟန့်တားကာ ပြောဆိုနေသည်ကို သူ မြင်တွေ့လိုက်ရသည်။
"စီနီယာအစ်ကို...ငါက ခဏနေကျရင် သေခြင်းရှင်ခြင်းစင်မြင့်ပေါ်မှာ လူငါးယောက်နဲ့ရင်ဆိုင်မှာ...စီနီယာအစ်ကို လာကြည့်ပါအုံး"
ချွမ်လဲ့ ရှားဝမ်နှင့် တခြားသူများသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် နေရာမှာပင် ကြက်သေသေသွားတော့သည်။
ချွမ်လဲ့၏နံဘေးတွင်ရှိနေသော စီနီယာတပည့်က ပြောဆိုသည်။
"ဒါပေမဲ့ ချွမ်လဲ့...မင်း ဘာလို့ ဒီလောက်ထိပျာယာခတ်နေတာလဲ"
ချွမ်လဲ့သည် တုံ့ပြန်၍ အဖြေပြန်ပေးနိုင်ခြင်းမရှိသေးမီမှာပင် သူ့ရှေးရှိ ရီဖုန်းသည် ထွက်ခွာသွားသဖြင့် သူ နောက်မှ အလျင်စလိုလိုက်သွားခဲ့ရသည်။
ရီဖုန်းသည် သေချင်းရှင်ခြင်းစင်မြင့်ထံသို့ ရောက်ရှိသွားလေ၏။
ချွမ်လဲ့သည် ရီဖုန်း၏နောက်မှ ထပ်ချပ်မကွာလိုက်ကာ ဖြောင့်ဖျစကားများ ပြောဆိုနေသည်။
"ဂျူနီယာညီလေး...ပြဿနာရှာနေတာကို ရပ်လိုက်တော့...အခုအချိန်မှာ လက်လျှော့လိုက်ဖို့ အရမ်းနောက်မကျသေးဘူး"
ချွမ်လဲ့က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
"မင်း ကြည့်လိုက်အုံး"
"ဒီနေရာမှာ ငါတို့တောင်ထိပ်ရဲ့ စီနီယာတပည့်တွေ အများကြီးရောက်နေပြီ...အဲ့ဒီမြေကမ္ဘာအင်မော်တယ်ငါးယောက်ကို ဖြေရှင်းဖို့ သူတို့ကမင်းကို သေချာပေါက်ကူညီပေးနိုင်တယ်"
"အမ်..."
ရီဖုန်းသည် လူအုပ်ကြီးကို ဝေ့ဝိုက်၍ကြည့်လိုက်၏။
ထိုမြင်ကွင်းကိုကြည့်ပြီး ရှားဝမ်ကလည်း အလျှင်အမြန်ပြောဆိုလိုက်သည်။
"ကြည့်လိုက်အုံး...ဒီနေရာပတ်ဝန်းကျင်မှာ ငါတို့ရဲ့လူတွေ အများကြီးရောက်နေပြီ...မင်းက အရဲစွန့်ပြီးတော့ သေခြင်းရှင်ခြင်းစင်မြင့်ပေါ်ကို သွားဖို့မလိုတော့ဘူး...ငါတို့က သူတို့ကို သတ်နိုင်တယ်"
ရီဖုန်းသည် သူ၏မေးစေ့ကိုပွတ်သပ်ကာ စဉ်းစားတွေးတောပြီး တုံ့ပြန်သည်။
"ဒါက အဓိပ္ပာယ်ရှိတယ်"
"ဟူး...နောက်ဆုံးတော့ မင်း အသိဝင်လာပြီ"
ရှားဝမ်သည် ထိုစကားများကိုကြားချင်တွင် စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်လိုက်သည်။
"ငါက ဒီကိစ္စကိုဖြေရှင်းပေးဖို့ စီနီယာအစ်ကိုတွေဆီ သွားပြီးတောင်းဆိုလိုက်မယ်"
"ဒါက အဓိပ္ပာယ်ရှိတယ်"
ရီဖုန်းက ဆက်လက်၍ တီးတိုးရေရွတ်သည်။
"ဒီနေရာမှာ ငါတို့တောင်ထိပ်ကလူတွေပဲ ရှိနေလို့မဖြစ်ဘူး"
သူသည် ပတ်ဝန်းကျင်ကိုဝေဝိုက်ကြည့်ပြီးနောက် ဤနေရာတွင် ရှင်းချန်တောင်ထိပ်မှလူများသာ ရှိနေကြောင်း မြင်တွေ့မိသည်။
"စီနီယာအစ်ကို...ကျေးဇူးပြုပြီးတော့...."
ရီဖုန်းက ရှားဝမ်ကိုကြည့်ကာ ပြောဆိုလိုက်၏။
"မင်းက ငါကို အကူအညီတစ်ခုလောက် ပေးပါ.... မင်း နေလတောင်ထိပ်ကိုသွားပြီးတော့ အဲ့ဒီကလူတွေကို ခေါ်လာပေးပါလား...ငါက နေလတောင်ထိပ်ကသူတွေရှေ့မှာ သူတို့ရဲ့မြေကမ္ဘာအင်မော်တယ် အမှိုက်ကောင်ငါးကောင်ကို သတ်ချင်တယ်"
"အမ်...ဒါက..."
ရှားဝမ်၏ခြေထောက်များ ပျော့ခွေသွားသည်။
"ဒါက နေလတောင်ထိပ်တစ်ခုလုံးကိုရန်စလိုက်တာမဟုတ်ဘူးလား...သူတို့ အရမ်းဒေါသထွက်သွားလိမ့်မယ်"
"သူတို့ဒေါသမထွက်မှာကို ငါ စိုးရိမ်နေတာပဲ"
ရီဖုန်းက ပြောဆိုသည်။
"စီနီယာအစ်ကိုကြီး...အဲ့ဒီနေရာကိုသွားရင် သူတို့ရဲ့ဒေါသကိုရန်စနိုင်ရင် ပိုပြီးကောင်းလိမ့်မယ်"
"ဒါနဲ့ ကောင်းရှစ်ကျီးကို အကြောင်းကြားဖို့မမေ့ပါနဲ့"
ရီဖုန်းက ဆက်လက်၍ပြောဆိုလေ၏။
"သူ့ကို ဒီနေရာထိလာပြီးတော့ သူ့ရဲ့မျက်လုံးနဲ့ သူကိုယ်တိုင် ကြည့်စေချင်တယ်"
"သူ့ရဲ့တပည့်တွေကို ငါ ဘယ်လိုစုတ်ဖြဲပစ်လဲဆိုတာ သူ မြင်စေရမယ်"
ရှားဝမ်၏ခြေထောက်များ ပျော့ခွေသွားကာ သူသည် ဆက်လက်၍ဖြောင့်ဖျလိုသော်လည်း ရီဖုန်း၏ခိုင်မာပြတ်သားသော ပုံပန်းသွင်ပြင်ကိုမြင်တွေ့လိုက်ရသည်။
ထိုကြောင့် ရှားဝမ်သည် ရီဖုန်းကိုဆက်လက်၍ ဖြောင့်ဖျမည့်အစား တောင်ထိပ်သခင်လျှူယန်ကို သွားရောက်ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
ရှင်းချန်တောင်ထိပ်၌...
လျှူယန်သည် သူမ၏လက်အောက်ငယ်သားတစ်ယောက်ထံမှသတင်းပို့မှုကိုကြားချိန်၌တုန်လှုပ်သွားသည်။
"ဘာ...သူက လူသားအင်မော်တယ်တယောက်လေ..သူက သေခြင်းရှင်ခြင်းစင်မြင့်ကိုသွားပြီးတော့ နေလတောင်ထိပ်ရဲ့မြေကမ္ဘာအင်မော်တယ်ငါးယောက်နဲ့ ယှဉ်ပြိုင်ချင်တာလား"
"တောင်ထိပ်သခင်ကို သတင်းပို့ပါတယ်...ကိစ္စက အဲ့ဒီလိုပါပဲ"
ထိုလက်အောက်ငယ်သားက တုံ့ပြန်သည်။
"အခုအချိန်မှာ လူတွေအားလုံး သေခြင်းရှင်ခြင်းစင်မြင့်ကို ရောက်နေကြပြီ"
"တခြားတပည့်တွေက ရီဖုန်းကို ဖြောင့်ဖျဖို့ကြိုးစားနေကြပေမယ့်...သူတို့က မဟန့်တားနိုင်ကြဘူး"
"သူ သေချင်နေတာလား"
လျှုယန်က မတ်တတ်ထရပ်လိုက်၏။
"သူ့ကို သွားပြီးဟန့်တားကြမယ်"
ထိုအသံကျရောက်လာသည်နှင့်အတူ လျှူယန်သည် နေရာမှပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင်....
ကောင်းရှစ်ကျီးသည်လည်း သတင်းများကို လက်ခံရရှိလေ၏။
"တောင်ထိပ်သခင် အဲ့ဒီခွေးမသားလေးရီဖုန်းက ကျွန်တော်တို့နေလတောင်ထိပ်ရဲ့ မြေကမ္ဘာအင်မော်တယ်ငါးယောက်နဲ့ ယှဉ်ပြိုင်ဖို့အတွက် သေခြင်းရှင်ခြင်းစင်မြင့်ပေါ်ကို ရောက်သွားပါပြီ"
ကောင်းရှစ်ကျီးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
"သေခြင်းရှင်ခြင်းစင်မြင့်...မင်း အမှန်အတိုင်း ပြောနေတာလား"
ယခင်က လုပ်ကြံသတ်ဖြတ်မှု ကျရှုံးခဲ့သည့်အတွက် သူ အလွန်အမင်း စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သည်။သို့ရာတွင် ထိုကောင်စုတ်လေးသည် သေခြင်းရှင်ခြင်းစင်မြင့်ပေါ်သို့သွားရန် ရွေးချယ်ခဲ့မည်ဟု သူ မျှော်လင့်မထားမိချေ။
ဤသည်မှာ အမှောင်ထုအတွင်း၌ ပိုးစုန်းကြူးတစ်ကောင် လင်းလက်နေကာ နတ်ဘုရားတစ်ပါး၏အကူအညီကို ရရှိလိုက်သည့်အလားပင်။
အဓိကသော့ချက်မှာ သူသည် ရီဖုန်းကို ပြောင်ပြောင်တင်းတင်းနှင့်တရားမျှတသော ပုံစံမျိုးဖြင့် သတ်ဖြတ်နိုင်ရုံသာမက ရှင်းချန်တောင်ထိပ်သည်လည်း သူ့အား ပြဿနာရှာရန် အကြောင်းအရင်း ရှိတော့မည်မဟုတ်ချေ။
ဤသည်မှာ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်နိုင်ခြင်းပင်။
"အမှန်တော့..."
ထိုလက်အောက်ငယ်သားက အံ့တင်းတင်းကြိတ်ကာ ထပ်မံ၍ပြောဆိုသည်။
"အဲ့ဒီခွေးမသားလေးက ကျွန်တော်တို့နေလတောင်ထိပ်ရဲ့တပည့်တွေ သူ့ရဲ့လက်ထဲမှာ ဘယ်လိုမျိုး ဆိုးဆိုးရွားရွား သေသွားရလဲဆိုတာ...တောင်ထိပ်သခင်ကို မြင်စေချင်တယ်လို့တောင် ပြောခဲ့တယ်"
"ဘာ...."
"အဆိပ်ပြင်းတဲ့ ကောင်စုတ်"
ကောင်းရှစ်ကျီးသည် ဒေါသထွက်သွားကာ သူ၏လက်အတွင်းရှိ လက်ဖက်ရည်ခွက်ကို ပြင်းပြင်းထန်ထန် ခြေမွဖျက်ဆီးလိုက်သည်။
"တောင်ထိပ်သခင်....စိတ်အေးအေးထားပါ"
လက်အောက်ငယ်သားက သူ့အား အလျှင်အမြန် နှစ်သိမ့်ပေးလေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ရီဖုန်းက သေလမ်းရှာနေတာပဲ...သေတော့မယ်လူတစ်ယောက်အတွက် တောင်ထိပ်သခင်က ဘာလို့ဒေါသထွက်နေမှာလဲ...ဒါက မတန်ပါဘူး"
ကောင်ရှစ်ကျီးသည် သူ၏ဒေါသများကို မြိုသိပ်ကာ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်လည်၍ထိန်းသိမ်းလိုက်သည်။
"မင်းပြောတာ ကောင်းတယ်"
သူသည် ထိုင်ခုံပေါ်မှနေ၍ မတ်တတ်ထရပ်လိုက်၏။
"သူက ငါ့ကို လာကြည့်စေချင်တာမလား"
"ဒါဆိုရင်လည်း ငါကိုယ်တိုင်သွားပြီးတော့...သူ ကိုယ်လက်အင်္ဂါအပြည့်အစုံမကျန်ဘဲ သေသွားတာကိုသွားကြည့်မယ်"
ကောင်းရှစ်ကျီးသည် အံ့တင်းတင်းကြိတ်ကာ စကားတစ်လုံးချင်း ပြောဆိုလိုက်သည်။
နေလဂိုဏ်း....
သေခြင်းရှင်ခြင်းစင်မြင့်...
လျှုယန် ရောက်ရှိသွားချိန်၌ ရီဖုန်းသည် စီနီယာတပည့်အမြောက်အများ၏တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားမှုမှ ရုန်းကန်နေသည်အား မြင်တွေ့လိုက်ရသည်။
လျှူယန် ရောက်ရှိလာသည်ကို မြင်တွေ့ချိန်၌ သူတို့သည် အသက်ဘေးမှ လွတ်မြောက်ရာရရှိသွားသည့်အလား သူတို့အားလုံး ခံစားလိုက်ရသည်။
"တောင်ထိပ်သခင်လျှူ...မြန်မြန်လေး သူ့ကို ဖြောင့်ဖျပေးပါအုံး...သူက နေလတောင်ထိပ်ရဲ့ မြေကမ္ဘာအင်မော်တယ်တပည့်ငါးယောက်နဲ့ တိုက်ခိုက်ဖို့အတွက် သေခြင်းရှင်ခြင်းစင်မြင့်ပေါ်ကို သွားဖို့လုပ်နေတယ်"
ချွမ်လဲ့က စိုးရိမ်ပူပန်တကြီးပြောဆိုသည်။
"ဒါက သေလမ်းရှာနေတာ မဟုတ်ဘူးလား"
လျှူယန်သည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်ရာ ရီဖုန်းကိုစူးစိုက်၍ကြည့်နေသော နေလတောင်ထိပ်မှ အပြာရောင်ဝတ်စုံဝတ်တပည့်ငါးယောက်ကို မြင်တွေ့မိသည်။
သူမ၏မျက်လုံးများ စူးရှတောက်ပသွားပေ၏။
ထိုလူများအားလုံးသည် မြေကမ္ဘာအင်မော်တယ်များဖြစ်ရုံသာမက ပြီးပြည့်စုံခြင်းအဆင့်တွင်ရှိနေသည်။
"ရီဖုန်း...မဆင်မခြင်မလုပ်နဲ့"
လျှူယန်က ရှေ့သို့တိုးကာ ပြောဆိုသည်။
"နင် သိလား...အဲ့ဒီလူငါးယောက်လုံးက မြေကမ္ဘာအင်မော်တယ်တွေပဲ...သူတို့ရဲ့လက်တစ်ဖက်ကိုမြှောက်လိုက်ရုံနဲ့ နင့်လိုလူသားအင်မော်တယ်တစ်ယောက်က မြှုပ်နှံစရာမြေမရှိဘဲ သေရလိမ့်မယ်"
လျှုယန်သည် ရီဖုန်းအား ဖြောင့်ဖျရန်အတွက် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သော်လည်း သူမက သူ့ကို ဆူပူကြိမ်းမောင်းလိုက်သည်။
လျှူယန်၏စကားကိုကြားချိန်တွင် ရီဖုန်း၏မျက်နှာ သုန်မှုန်သွားသည်။
"ငါက အဆင်အခြင်မဲ့တာလား...အဲ့ဒီကောင်းရှစ်ကျီးက ငါ့ကိုသတ်ဖို့ တစ်ကြိမ်ပြီးတကြိမ် ကြံစည်နေတာမဟုတ်ဘူးလား"
"ဒါတောင်မှ မင်းက ငါ့ကို အဆင်အခြင်မဲ့တယ်လို့ ပြောသေးတာလား"
ရီဖုန်းသည် ရှေ့သို့တိုးကာ သူ၏အသံတွင် ဒေါသများ ရောယှက်နေပေ၏။
"ငါက ကောင်းရှစ်ကျီး ငါ့ကို အနိုင်ကျင့်အရှက်ခွဲတာနဲ့သတ်ဖြတ်တာကို ခွင့်ပြုရမှာလား...ငါ့ကို သူ လာသတ်တာကို ငါက လိမ်လိမ်မာမာလေး အသေခံပေးရမှာလား"
"ငါက အဲ့ဒီလိုမျိုး ဆိုလိုတာမဟုတ်ဘူး"
လျှူယန်က အလွန့်အလွန်ကူကယ်ရမဲ့ဖြစ်သွားသည်။
"နင် ဒီကိစ္စကို သေချာစဉ်းစားကြည်အုံး...နင့်ရဲ့အဆင့်နဲ့ စင်မြင့်ပေါ်ကိုတက်သွားမယ်ဆိုရင် ...နင် သွားအသေခံတာနဲ့ အတူတူပဲမဟုတ်လား"
"အဲ့ဒီကိစ္စတွေကို ငါနဲ့ထားခဲ့ပါ...ငါ နင့်ကို ကာကွယ်ပေးမယ်...ငါက ကောင်းရှစ်ကျီးကိုလည်း စောင့်ကြည့်ထားပေးမယ်"
"တောင်ထိပ်သခင်....မင်း စိုးရိမ်ပူပန်လွန်နေပြီ"
ရီဖုန်းက ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"ငါက အဲ့ဒီအမှိုက်ကောက်တွေကို ဖြေရှင်းနိုင်တယ်...သူတို့က ငါ့ကို ပြဿနာလာရှာနေမှတော့ ငါ သူတို့ကို အလွတ်မပေးနိုင်ဘူး...ငါ ရီဖုန်းကို ရန်လာစတဲ့အဆုံးသတ်က ဘယ်လိုလဲဆိုတာ ကောင်းရှစ်ကျီးသိစေရမယ်"
လျှူယန်က မျက်မှောင်ကြုတ်လိုက်သည်။
မြေကမ္ဘာအင်မော်တယ်များကိုပင် သူ၏မျက်လုံးအတွင်း၌ အမှိုက်ကောင်များဟုဆိုလေရာ ရီဖုန်းထံတွင် မည်ကဲ့သို့ခွန်အားမျိုး ရှိနေသနည်း။
"နင် ဒေါသထွက်နေတယ်ဆိုတာ ငါ သိတယ်...ဒါပေမယ့် နင်က လူသားအင်မော်တယ်တစ်ယောက်လေ...ဘယ်လိုလုပ်ပြီးတော့...."
"ကောင်းပြီလေ..."
ရီဖုန်းက လျှူယန်၏စကားများကို ကြားဖြတ်ဟန့်တားကာ သူမကို စူးစိုက်ကြည့်လိုက်သည်။
"ငါက လူသားအင်မော်တယ်တစ်ယောက်လို့ မင်းကို ဘယ်သူက ပြောတာလဲ"
Chapter 595
ရီဖုန်း၏စကားကြောင့် လျှူယန် ကြက်သေသေသွားသည်။
ဤအချိန်အခိုက်အတန့်တွင် သူမ မည်ကဲ့သို့ပြောဆိုရမည်ကို မသိတော့ချေ။ထိုကြောင့် သူမသည် ရီဖုန်း သေခြင်းရှင်ခြင်းစင်မြင့်ပေါ်သို့ တက်လှမ်းသွားသည်ကို စောင့်ကြည့်ရုံသာ တတ်နိုင်တော့သည်။
လူသားအင်မော်တယ်တစ်ယောက် မဟုတ်ဟု ဆိုသလော....
ဤသည်မှာ မည်သည့်အရာကို ဆိုလိုခြင်းဖြစ်သနည်း...
ရီနျန်ကျင့်ကြံနည်းစနစ်ကို တစ်ညလည်းဖြင့် အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့သော ရီဖုန်း၏အကြောင်းကို သူမ ပြန်လည်တွေးတောမိချိန်တွင်...
လျှူယန်သည် သူမ မယုံကြည်နိုင်ဖြစ်ခဲ့ရသည်ကို ပြန်လည်အမှတ်ရသွားပေ၏။
ဖြစ်နိုင်သည်မှာ...
ရီဖုန်းသည် လျှို့ဝှက်ထားသော ဆရာကြီးတစ်ယောက် ဖြစ်သလော....
အချိန်တခဏအကြာမှာပင် လျှူယန်သည် သူမ၏ခေါင်းကိုခါယမ်းကာ သူမ၏စိတ်အတွင်းမှ အတွေးများကို ရှင်းထုတ်လိုက်သည်။
သူမ၏အတွေးမှာ မဖြစ်နိုင်ချေ။
လျှို့ဝှက်ဆရာကြီးတစ်ယောက်သည် သူမ၏နေလဂိုဏ်းအတွင်းသို့ မည်သည့်ကိစ္စ လုပ်ဆောင်ရန် လာရောက်မည်နည်း....
သူမ၏ရှင်းချန်တောင်ထိပ်သို့ တပည့်ငယ်လေးတယောက်အဖြစ် မည်သည်ကြောင့် ဝင်ရောက်လာမည်နည်း....
ဤသည်မှာ အဓိပ္ပါယ်မရှိချေ။
...
ကောင်းရှစ်ကျီးသည်လည်း သေခြင်းရှင်ခြင်းစင်မြင့်ပေါ်သို့ ရီဖုန်း လျှောက်လှမ်းသွားသည်ကို ကြည့်နေလေ၏။
လျှူယန်ထံတွင် တည်ကြည်လေးနက်သော မျက်နှာအမူအယာရှိပြီး သူမ၏နှုတ်ခမ်းများကိုစူပုတ်ထားသည်အား မြင်တွေ့ချိန်တွင် ကောင်းရှစ်ကျီး၏နှုတ်ခမ်းထောင့်၌ ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ထင်ဟပ်လာသည်။
အကယ်၍ သူသည် ယခုလက်ရှိအချိန်တွင် ရီဖုန်းကိုသတ်လျှင်ပင် ရှင်းချန်တောင်ထိပ်သည် သူ့အား ပြဿနာရှာရန်အတွက် မည်သည့်အကြောင်းအရင်းမျှ ရှိမည်မဟုတ်ချေ။
စင်မြင့်ပေါ်၌...
ရီဖုန်းသည် လူအုပ်ကြီးကို ဝေ့ဝိုက်ကြည့်ပြီးနောက် သူ၏မျက်လုံးအကြည့်သည် ကောင်းရှစ်ကျီးထံသို့ ကျရောက်သွားသည်။
ကောင်းရှစ်ကျီးသည် မျက်တောင်မခတ်ဘဲ ရီဖုန်းကိုကြည့်နေကာ သူသည် သေလူတစ်ယောက်ကို ကြည့်နေသည့်အလားပင်။
ရီဖုန်းထံတွင်လည်း အမူအယာကင်းမဲ့နေကာ သူက ကောင်းရှစ်ကျီးကို စူးစိုက်ကြည့်ပြီးပြောဆိုသည်။
"တောင်ထိပ်သခင်ကောင်း...မင်း နည်းနည်းလောက် ရှေ့တိုးပြီး မတ်တတ်မရပ်ချင်ဘူးလား"
"ခဏနေကျရင် မင်းရဲ့တပည့်တွေ ဘယ်လိုမျိုး ဆိုးဆိုးရွားရွားသေဆုံးသွားရလဲဆိုတာ မင်း စောင့်ကြည့်လို့ရတာပေါ့"
ရီဖုန်းသည် ယနေ့တွင် သေဆုံးရတော့မည်ကို သူ သိရှိထားသည့်တိုင် ထိုစကားများကိုကြားချိန်တွင် ကောင်းရှစ်ကျီးသည် အလွန်အမင်း ဒေါသထွက်သွားပေ၏။
သို့ရာတွင် ဤနေရာ၌ လူအမြောက်အများရှိနေသဖြင့် လူတစ်ယောက်၏ရန်စစကားကြောင့် သူ အရှက်ရလိုခြင်းမရှိချေ။
ထိုကြောင့် သူ၏ခြေထောက်ကိုမြှောက်ကာ ရှေ့သို့တိုးလိုက်သည်။
"ကောင်းပြီလေ...ဒီတောင်ထိပ်သခင်က မင်း ဘယ်လိုမျိုး သေဆုံးသွားရလဲဆိုတာကို ရှင်းရှင်းလင်းလင်း ကြည့်ချင်တယ်"
"အမှန်ပဲ....ငါတို့ ဒါကို ရှင်းရှင်းလင်းလင်း ကြည့်ရမယ်"
ကောင်းရှစ်ကျီး၏နောက်ရှိ နေလတောင်ထိပ်မှ တပည့်များလည်း ပြောဆိုလိုက်ကြကာ ပျားများပျံသန်းလာသည့်အလား သေချင်းရှင်ခြင်းစင်မြင်၏ရှေ့သို့ တိုးဝှေ့သွားကြတော့သည်။
လျှူယန်သည် နောက်တွေကျန်ရှိနေကာ စိတ်လှုပ်ရှားမှုကြောင့် သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။
ဤလူသားအင်မော်တယ်သည် သူမကို တားဆီးခွင့်မပြုဘဲ သေချင်းရှင်ခြင်းစင်မြင့်ပေါ်သို့ တက်လှမ်းသွားသည့်အပြင် ကိစ္စများကို ပို၍ကြီးလာအောင် ပြုလုပ်နေသည်။
သေခြင်းရှင်ငြင်းစင်မြင့်ပေါ်၌ သူမသည် သူ့အားကူညီပေးနိုင်မည်မဟုတ်ချေ။
သူမ ပြုလုပ်နိုင်သည်မှာ....
ရီဖုန်းသည် နေလတောင်ထိပ်မှာတပည့်များ၏လက်အတွင်း၌ သေဆုံးသွားသည်ကို သူမစောင့်ကြည့်ရုံသာ တတ်နိုင်ပေမည်။
လျှုယန် မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိသေးသောအချိန်မှာပင် ရီဖုန်းက စကားပြောဆိုလိုက်သည်။
"မင်းတို့ တက်မလာကြသေးဘူးလား"
အပြာရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်သည် စင်မြင့်ပေါ်သို့တက်ကာ သူ့၏နံဘေးတွင်ရှိနေသော ရွှေရောင်ရောင်စဥ်တန်းအတွင်းသို့ သူ၏လက်ကို ဝှေ့ယမ်းသည်။ထိုလူ၏လက်အတွင်းသို့ ရွှေရောင်စည်းတံဆိပ်တစ်ခု ကျရောက်သွားပေ၏။
ရီဖုန်း၏စကားကိုကြားချိန်တွင် အပြာရောင်ဝတ်စုံဝတ်လူက သူ့အားကြည့်ကာ လှောင်ပြောင်သရော်လိုက်သည်။
"ငါ အခုရောက်လာပြီ မဟုတ်လား...အချိန်ကြာတယ်....မင်း အခုချက်ချင်း သေခြင်းရှင်ခြင်းစာချုပ်ကို လုပ်လိုက်စမ်း"
ရီဖုန်းသည်လည်း ရွှေရောင်ရောင်စဥ်တန်းထံသို့ လျှောက်လှမ်းသွားကာ သူ၏လက်ကို ဆန့်တန်းလေသည်။
တချိန်တည်းမှာပင် သူသည် စင်မြင့်၏အောက်ရှိ လူလေးယောက်ကို ကြည့်လိုက်၏။
"သူတို့က ဘာလုပ်နေတာလဲ"
"သူတို့လား..."
အပြာရောင်ဝတ်စုံဝတ်လူက ရီဖုန်းကို မျက်စောင်းထိုး၍ ပြောဆိုသည်။
"မင်းက အားအနည်းဆုံးလူတစ်ယောက်ကိုရွေးချယ်တိုက်ခိုက်ပြီးတော့ လွတ်မြောက်နိုင်မယ်လို့ မင်း ထင်နေတာလား"
"အဲ့ဒီလေးယောက်ထဲက အားအနည်းဆုံးလူကတောင်....မင်းကို ခွေးတစ်ကောင်သတ်သလိုမျိုး အလွယ်လေးသတ်နိုင်တယ်"
ရီဖုန်းသည် သူ၏လက်ကိုဆန့်တန်းကာ သူ၏လက်ဝါးပေါ်ရှိ ရွှေရောင်စည်းတံဆိပ်ကို ကြည့်လိုက်သည်။
ထိုအရာကိုထိတွေ့လိုက်ချိန်တွင် အမှုန်အမွှားနှင့်တူသောအရာများက သူ၏လက်ဝါးပေါ်၌ မျောလွင့်သွားသည်။
ထို့နောက် အမှုန်အမွှားများသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားပေ၏။
ဤသောက်ရေးမပါသောစာချုပ်သည် အလွန်ညစ်ပတ်သဖြင့် သူ၏လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။
"နောက်နှစ် ဒီလိုအချိန်က...မင်း သေဆုံးတဲ့ တစ်နှစ်ပြည့်ပဲ"
ရီဖုန်း စကားမပြောဆိုသည်ကိုကြည့်ပြီး အပြာရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်က မှော်မန္တန်တစ်ခု ရွတ်ဆိုရန်အတွက် သူ၏လက်ကိုဝှေ့ယမ်းလေသည်။
"ခဏလေး....ခဏစောင့်ပါအုံး"
ရီဖုန်းက သူ၏လက်ကိုမြောက်ကာ အလျှင်အမြန် ဟန့်တားလိုက်သည်။
"မင်း ဘာလုပ်ချင်တာလဲ"
အပြာရောင်ဝတ်စုံဝတ်လူက စိတ်မရှည်စွာပြောဆိုသည်။
"မင်းက အခုမှ သေရမှာကိုကြောက်ပြီးတော့ ခွင့်လွှတ်ဖို့အတွက် အသနားခံတောင်းပန်ချင်တာလား...အိပ်မက်ထဲမှာပဲရမယ်"
"မဟုတ်ဘူး....မင်း နားလည်မှုလွဲနေပြီ"
ရီဖုန်းက ပြောဆိုကာ စင်မြင့်၏အောက်ရှိ လူလေးယောက်ထံသို့ လက်ညှိုးညွှန်လိုက်သည်။
"ငါ ဆိုလိုတာက...မင်းတို့အမှိုက်ကောင်ငါးကောင်လုံး စင်ပေါ်ကိုတက်ပြီးတော့ ငါ့ကိုတိုက်ခိုက်ကြစမ်း"
"ဘာ...."
"လေကြီးလိုက်တာ..."
"သူက တကယ့်ကိုပဲ...."
ထိုစကားလုံးများ ကျရောက်လာချိန်တွင် စင်မြင့်၏အောက်ရှိလူအုပ်ကြီးအကြား၌ ကသောင်းကနင်း ဖြစ်သွားတော့သည်။
သူတို့အားလုံးသည် ရီဖုန်းကို စူးစိုက်၍ကြည့်လိုက်ကြ၏။
လူသားအင်မော်တယ်တယောက်သည် မြေကမ္ဘာအင်မော်တယ်ငါးယောက်ကို အမှိုက်ကောင်များဟု မည်သည်ကြောင့် ပြောဆိုဝံသနည်း။
ထိုစကားလုံးများကို ရှင်းချန်တောင်ထိပ်မှတပည့်များလည်း ကြားလိုက်ရသည်။
"ရီဖုန်း မဆင်မခြင်မလုပ်နဲ့"
လျှူယန်သည် ထပ်မံ၍သည်းမခံနိုင်တော့သဖြင့် ရီဖုန်းကို ဟန့်တားရန်အတွက် ရှေ့သို့အလျှင်အမြန် တိုးလိုက်သည်။
"ဟေး...တောင်ထိပ်သခင်လျှူ...မင်း ဘာလုပ်မလို့လဲ"
ကောင်းရှစ်ကျီးက သူမ၏နောက်ကျောကိုဖမ်းဆုပ်ကာ ပြောဆိုသည်။
"တောင်ထိပ်သခင်တယောက်ဖြစ်တဲ့မင်းက တပည့်တွေရဲ့သေခြင်းရှင်ခြင်းတိုက်ပွဲအကြားမှာ ဝင်ပြီးစွက်ဖက်လို့မရဘူး...မင်းက စည်းမျဉ်းတွေကို ချိုးဖျက်ချင်တာလား"
"ဖယ်စမ်း...ငါက သူသေမှာကို စောင့်ကြည့်မနေနိုင်ဘူး"
လျှူယန်သည် ကောင်းရှစ်ကျီး၏ဖမ်းဆုပ်ထားမှုမှ ရုန်းထွက်ကာ ရှေ့သို့ပြေးသွားရန် ကြိုးစားလိုက်သည်။
"မင်း ပါးစပ်ပိတ်ထားစမ်း"
ကောင်းရှစ်ကျီးသည် လျှူယန်၏ရှေ့၌ဟန့်တားထားကာ မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ သရော်တော်တော် ပြောဆိုလိုက်၏။
"ငါက သူ့ကို သေစေချင်တယ်"
"နင်....."
လျှူယန် အလွန်ဒေါသထွက်သွားသည်။
"သူက ကလေးတစ်ယောက်လေ...နင် ဘာလို့ ဒီလောက်ထိ အငြိုးကြီးနေတာလဲ"
"ဘယ်လို သောက်ရေးမပါတဲ့ ကလေးလဲ...သူက ဂိုဏ်းထဲကို စရောက်ကတည်းက အရမ်းမောက်မာထောင်လွှားတယ်....နောက်ဆိုရင် သူက ငါ့ရဲ့ဘိုးဘေးအုတ်ဂူတွေကိုတောင် တူးမလားမသိဘူး"
ကောင်းရှစ်ကျီးက ရုန့်ရင်းကြမ်းတမ်းစွာပြောဆိုသည်။
"သူ့ကိုကယ်ဖို့ မကြိုးစားနဲ့...သူက သေခြင်းရှင်စင်မြင့်ပေါ်ကို ရောက်သွားပြီဆိုတာနဲ့ ဘယ်သူမှ သူ့ကို ကယ်တင်နိုင်မှာမဟုတ်ဘူး"
ရီဖုန်းသည်လည်း လျှူယန်တို့ထံမှ ရုတ်ရုတ်သဲသဲဖြစ်နေမှုများကို မြင်တွေ့မိလေ၏။
သူသည် ထိုကိစ္စကို ဂရုမစိုက်ဘဲ လူအုပ်အကြား၌ ကြက်သေသေနေသော လူလေးယောက်ကိုကြည့်ကာ ပြောဆိုလိုက်သည်။
"ငါ ပြောတာက မင်းတို့အမှိုက်ကောင်လေးကောင် စင်ပေါ်ကို အတူတူတက်လာခဲ့ဖို့ပဲ..မင်းတို့ နားမလည်ဘူးလား"
"မင်း ရူးနေတာလား"
လူငါးယောက်၏မျက်လုံးများသည် ဒေါသများကြောင့် မီးတောက်များလောင်ကျွမ်းနေသည့်အလား နီမြန်းနေသည်။
သူတို့သည် ယခင်က မောက်မာထောင်လွှားသောလူများကို မြင်တွေ့ဖူးသော်လည်း ခွန်အားမရှိဘဲ ဤမျှထိ မောက်မာထောင်လွှားသောလူမျိုးကို သူတို့ တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။
သူတို့သည် ဤမျှထိ လှောင်ပြောင်သရော်ခြင်းခံနေရသဖြင့် ယခုလက်ရှိအချိန်တွင် သူတို့၏စိတ်အတွင်း၌ရှိနေသည့် တစ်ခုတည်းသောအရာမှာ ရီဖုန်းကိုသတ်ဖြတ်ရန်ပင်။
ထိုလူလေးယောက်သည် သေခြင်းရှင်ခြင်းစင်မြင့်ပေါ်သို့ ချက်ချင်းခုန်တက်လိုက်ကြ၏။
ဤအပြောင်းအလဲကြောင့် စင်မြင့်၏အောက်တွင်ရှိနေသော နေလတောင်ထိပ်မှတပည့်များအားလုံး ဒေါသထွက်သွားကြသည်။
"စီနီယာအစ်ကို....သူ့ကိုသတ်လိုက်.."
"ဂျူနီယာညီလေး...သူ့ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆုတ်ဖြဲပစ်စမ်း"
"အမှန်ပဲ သူ့ကိုသတ်...."
"ညီအကိုတို့....လုပ်လိုက်ကြတော့...."
ကွင်းပြင်အတွင်းမှနေ၍ အားပေးသံများထွက်ပေါ်လာချိန်တွင် ရီဖုန်းက သူ၏နားကိုကုတ်လိုက်သည်။
လူငါးယောက်သည် စင်မြင့်ပေါ်၌ မတ်တတ်ရပ်ကာ ရီဖုန်းကို ဝိုင်းရံလိုက်ကြသည်။
ထို့နောက် သူတို့၏လက်များကို လှုပ်ခတ်လိုက်ခြင်းနှင့်အတူ မှော်လက်နက်များ ထွက်ပေါ်လာသည်။
သေခြင်းရှင်ခြင်းစင်မြင့်ကို စောင့်ကြပ်သော အကြီးအကဲများသည် တိုက်ပွဲစတင်ရန် အော်ဟစ်လိုက်ကြ၏။လူငါးယောက်သည် ရီဖုန်းကို တစစီကြေမွှပျက်စီးသွားစေရန်ရည်ရွယ်၍ တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။