အခန်း (၅၉၆-၆၀၀)
Vol. 40 Ch. 596-600
Chapter 596
သူတို့ငါးယောက်သည် လေးညှို့မှလွှတ်တော့မည့် မြှားများအလား အဆင်သင့်ဖြစ်နေစဉ်မှာပင် ရီဖုန်းက ရုတ်တရက် ထပ်မံ၍စကားပြောဆိုလိုက်သည်။
"ခဏနေအုံး....ငါ့မှာ တောင်းဆိုချက်တစ်ခုရှိတယ်"
"မင်း ဘာလုပ်မလို့လဲ"
အပြာရောင်ဝတ်စုံဝတ်လူများအနက်မှ တစ်ယောက်က စိတ်မရှည်စွာပြောဆိုသည်။
"မင်း ဘာလို့ အပိုစကားတွေ အများကြီးပြောနေတာလဲ"
"မင်းတို့ငါးယောက်က ငါ့ကိုဝိုင်းပြီးတိုက်ခိုက်မှာလေ ..ဒါက အနိုင်ရရင်တောင် မမျှတဘူးမဟုတ်လား"
ရီဖုန်းက ပြောဆိုသည်။
"မင်းတို့အားလုံးက မြေကမ္ဘာအင်မော်တယ်တွေပဲ...ငါ လွယ်လွယ်ကူကူ အနိုင်ယူနိုင်မှာမဟုတ်ဘူး...ဒါကြောင့် မင်းတို့အတူတူ မတ်တတ်ရပ်ပေးကြပါလား"
ရီဖုန်းက နေရာတစ်နေရာထံသို့ လက်ညှိုးညွှန်ပြလိုက်၏။
"အဲ့ဒီနေရာမှာ မတ်တတ်ရပ်ပေးကြဖို့ ငါ မင်းတို့ကို တောင်းဆိုချင်တယ်"
ထိုနေရာ၏နောက်သည် ကောင်းရှစ်ကျီး မတ်တတ်ရပ်နေသောနေရာ အတိအကျပင်။
"မင်း...."
"ဒါက ငါ့ရဲ့တောင်းဆိုချက်ပဲ...မင်းတို့ အတူတူ မတ်တတ်ရပ်ပေးရုံပဲလေ"
သူတို့ငါးယောက်လုံး အလွန်အမင်း စိတ်မရှည်ဖြစ်နေကြသည်။
သို့ရာတွင် ငါးယောက်တစ်ယောက်တိုက်ခိုက်သည်မှာ အမှန်တကယ်ကို တရားမမျှတသကဲ့သို့ ဖြစ်နေသည့်အပြင် ရီဖုန်းသေဆုံးရမည်မှာ သေချာနေသဖြင့် ဤသည်မှာ ကိစ္စကြီးတစ်ရပ် မဟုတ်ချေ။
ထိုကြောင့် သူတို့သည် တင်းမာနေသောမျက်နှာအမူအယာများဖြင့် ရီဖုန်းညွှန်ပြသောနေရာသို့ လျှောက်လှမ်းသွားကာ မတ်တတ်ရပ်လိုက်ကြသည်။
ရီဖုန်းက သူ၏မျက်လုံးကိုမှေး၍ ထိုလူငါးယောက်ကို ကြည့်လိုက်သည်။
သူသည် အရပ်မျက်နှာအဘက်ဘက်မှ သူ့အားတိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေမိသည်။ ထိုသို့ဖြစ်လာပါက သူသည် မည်ကဲ့သို့ပြုလုပ်ရမည်ကို သိရှိတော့မည်မဟုတ်ချေ။
နေရာတစ်ခုတည်းသို့ သူ ဦးတည်၍တိုက်ခိုက်ရသည်က ပို၍ကောင်းမွန်ပေမည်။
နှစ်ဖက်စလုံးသည် မျက်နှာချင်းဆိုင်၍ မတ်တတ်ရပ်လိုက်ကြ၏။
ပတ်ဝန်းကျင်အခြေအနေသည် အဆုံးစွန်ဆုံးအဆင့်ထိ တင်းမာနေသည်။
နေလတောင်ထိပ်မှ တပည့်များထံတွင် မုန်းတီးမှုများနှင့်ပြည့်နှက်နေကာ သူတို့၏ရှေ့တွင် ရီဖုန်း ဆိုးဆိုးရွားရွားသေဆုံးသွားသည်ကို မြင်တွေ့လိုကြသည်။
တခြားတစ်ဖက်တွင် ရှင်းချန်တောင်ထိပ်မှ တပည့်များအားလုံး စိုးရိမ်ပူပန်နေကာ လျှူယန်ပင်လျှင် စိုးရိမ်ပူပန်တကြီး ဖြစ်နေလေ၏။
သူမသည် နူးညံ့သေးသွယ်သောသူမ၏လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။
"စကြတော့"
သေခြင်းရှင်ခြင်းစင်မြင့်ကို စီမံအုပ်ချုပ်သော လူအိုကြီးက ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။
ဤအချိန်အခိုက်အတန့်တွင်....
ကောင်းရှစ်ကျီးသည် တန်းတန်းမတ်မတ် မတ်တတ်ရပ်ကာ မျှော်လင့်စောင့်စားသောအကြည့်ဖြင့် ရီဖုန်းကို ကြည့်နေလေ၏။
ရီဖုန်း မည်ကဲ့သို့ သေဆုံးသွားရသည်ကို သူ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုသည်။
သို့ရာတွင်....
ထိုအချိန်မှာပင် မတော်တဆကိစ္စတစ်ခု ဖြစ်ပွားသွားခဲ့သည်။
ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် မတ်တတ်ရပ်နေသော လူငါးယောက်ထံမှနေ၍ ပေါက်ကွဲသံငါးသံက လေထုကိုဖြတ်သန်း၍ ထွက်ပေါ်လာသည်ကို သူတို့အားလုံး ကြားလိုက်ရသည်။
ရွှပ်...
ရီဖုန်း၏လက်ချောင်းမှနေ၍ ထက်ရှသောစွမ်းအားလှိုင်းငါးလှိုင်းထွက်ပေါ်လာခြင်းနှင့်အတူ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ဖျက်ဆီးခြင်းစွမ်းအားတစ်ရပ်က ထိုလူငါးယောက်၏ခန္ဓာကိုယ်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
သူတို့ငါးယောက်၏ မျက်လုံးများအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများ ထင်ဟပ်လာပေ၏။
ဤသည်မှာ...
သူတို့သည် ရီဖုန်းကို ယခုလက်ရှိချိန်ထိတိုင် မထိတွေ့ရသေးသည် မဟုတ်လော....
သို့ရာတွင် သူတို့ မည်သို့မျှ နားလည်သဘောပေါက်နိုင်တော့မည် မဟုတ်ချေ။
သူတို့ငါးယောက်၏ခန္ဓာကိုယ်များသည် ရုတ်တရက် လေထုအတွင်း၌ ပေါက်ကွဲသွားကာ သွေးနံ့များက သေခြင်းရှင်ခြင်းစင်မြင့်တစ်ခုလုံးအနှံ့ ပျံလွင့်သွားတော့သည်။
တစ်ချိန်တည်းမှာပင်...
လွင့်စင်သွားသော အသွေးအသားများသည် ကောင်းရှစ်ကျီး၏မျက်နှာကို ရိုက်ခတ်မိလေ၏။
ထို့ပြင် သူ၏နောက်ရှိ နေလတောင်ထိပ်မှ တပည့်များ၏မျက်နှာများကိုလည်း ရိုက်ခတ်မိသွားသည်။
ရုတ်ချည်းဆိုသလိုပင်...
ကြီးမားကျယ်ပြန့်သော ကွင်းပြင်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
အပ်တစ်ချောင်းကျသံကိုပင် ကြားနိုင်ပေ၏။
လူများအားလုံး ကြက်သေသေသွားကြသည်။
လျှူယန်ပင်လျှင် ကြက်သေသေကာ ဆွံ့အနေသည်။
သွေးများက သူမပေါ်သို့လည်း လွင့်စင်ကျလာသည်။သို့ရာတွင် ကောင်းရှစ်ကျီးသည် သူမ၏ရှေ့၌ မတ်တတ်ရပ်နေသောကြောင့် သူမ၏ဝတ်စုံအောက်နားစကိုသာ သွေးများစင်သွားလေ၏။
သို့ရာတွင် ဤကိစ္စသည် သူမ၏ထိတ်လန့်တုန်လှုပ်မှုအပေါ် သက်ရောက်ခြင်းမရှိချေ။
မြေကမ္ဘာအင်မော်တယ်ငါးယောက် ပေါက်ကွဲသွားခြင်း...
သူတို့သည် လူသားအင်မော်တယ်တစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသလော...
မဖြစ်နိုင်ချေ...
ဤသည်မှာ မဖြစ်နိုင်ချေ...
ရီနျန်ကျင့်ကြံနည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်ရုံမျှဖြင့် မြေကမ္ဘာအင်မော်တယ်ငါးယောက်ကို သတ်ဖြတ်ရန်မှာ မဖြစ်နိုင်ပေ။
အချိန်တစ်ခဏကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ရှင်းချန်တောင်ထိပ်၏လူအုပ်အကြားမှနေ၍ ချီးမွမ်းဂုဏ်ပြုသံများ ထွက်ပေါ်လာသည်။
"နွားရိုင်းသတ်ပွဲ အတိုင်းပဲ...."
"ကောင်းလိုက်တဲ့ သတ်ဖြတ်မှု...."
"ငါတို့ရဲ့ဂျူနီယာညီလေးရီက အရမ်းတော်တာပဲ"
"မင်းတို့အားလုံး မတ်တတ်ရပ်ပြီးတော့ ဂျူနီယာညီလေးရီဖုန်းကို အောင်နိုင်သူလို့ ချီးမွမ်းကြစမ်း"
"ရီဖုန်း အောင်နိုင်သူ...ရီဖုန်း အောင်နိုင်သူ..."
ရှင်းချန်တောင်ထိပ်မှတပည့်များ၏ ချီးမွမ်းဂုဏ်ပြုသံများ တစတစပို၍ကျယ်လောင်လာသည်။ရီဖုန်းသည် စင်မြင့်ပေါ်တွင် မတ်တတ်ရပ်နေသောအချိန်၌ မည်သည်ကြောင့် ကြောက်ရွံ့ခြင်းမရှိသည်ကို နောက်ဆုံးတွင် သူတို့အားလုံး နားလည်သဘောပေါက်သွားကြသည်။
ထို့အပြင် ရီဖုန်းသည် ပေါက်ကရစကားများကိုလည်း ပြောဆိုဝံ့ပေ၏။
ယခုကြည့်ကြည့်တော့မှ သူသည် ဤကဲ့သို့ရိုင်းပျသော ရန်စစကားများကို ပြောဆိုဝံ့ခြင်းမှာ သူ့ထံ၌ အမှန်တကယ်စွမ်းအားရှိနေသောကြောင့်ပင်။
ယခုလက်ရှိအချိန်၌ သူတို့ မည်မျှထိစိတ်လှုပ်ရှားနေသည်ကို ဖော်ပြရန်ပင် မစွမ်းတော့ပေ။
သူတို့၏ဂျူနီယာညီလေးသည် မြေကမ္ဘာအင်မော်တယ်ငါးယောက်ကို ချက်ချင်းသတ်ဖြတ်လိုက်သည်မှာ မကြုံစဖူးကိစ္စကြီးတစ်ရပ်ပင်။
ရှင်းချန်တောင်ထိပ်မှ အကြီးအကဲများ၏ ဝမ်းသာပျော်ရွှင်မှုသည်လည်း တပည့်များထက် လျော့ပါးခြင်းမရှိချေ။
"ဖုံးကွယ်ထားတဲ့ ပါရမီရှင်...ဟား ဟား ဟား...ဖုံးကွယ်ထားတဲ့ ပါရမီရှင်တယောက်...ဒီကောင်လေးက သူ့ရဲ့ပါရမီအရည်အချင်းကို ဖုံးကွယ်ထားတာပဲ...သူက ဘယ်နည်းနဲ့မှ လူသားအင်မော်တယ်တစ်ယောက် မဖြစ်နိုင်ဘူး"
"အမှန်ပဲ...အဲ့ဒီကောင်လေးက နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားခဲ့တယ်...အခုကြည့်ရသလောက်တော့ သူက အနည်းဆုံး မြေကမ္ဘာအင်မော်တယ်အဆင့်မှာ ရှိနေနိုင်တယ်"
"ဟုတ်တယ်...အဲ့ဒီလိုမဟုတ်ရင် လူသားအင်မော်တယ်တစ်ယောက်ရဲ့စွမ်းအားနဲ့ ရီနျန်ကျင့်ကြံနည်းစနစ်ကိုအသုံးပြုပြီးတော့ အချိန်တခဏအတွင်းမှာ မြေကမ္ဘာအင်မော်တယ်ငါးယောက်ကို သတ်ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...ဒါက အနိမ့်ဆုံးအနေနဲ့ မြေကမ္ဘာအင်မော်တယ်တွေပဲ လုပ်ဆောင်နိုင်လိမ့်မယ်"
"ဒီလိုနှိမ့်ချတတ်မှုမျိုး...သူ့ရဲ့စိတ်နေသဘောထားက အရမ်းရိုးရှင်းတာပဲ"
"ဟား ဟား ဟား...အရမ်းကောင်းတယ်...အရမ်းကောင်းတာပဲ"
အကြီးအကဲများသည် တစ်ယောက်၏နှာခေါင်းကိုတစ်ယောက်ဖျစ်ညစ်ကာ သူတို့၏မုတ်ဆိတ်မွှေးများကိုပွတ်သပ်ပြီး စိတ်လှုပ်ရှားစွာဖြင့်အော်ဟစ်နေကြ၏။
"ဒီကောင်လေးက...."
"တကယ့်ကို အံ့အားသင့်စရာပဲ"
လျှူယန်သည် စိတ်သက်သာရာရသွားသဖြင့် သက်ပြင်းတစ်ချက်ရှိုက်ကာ သူမ၏လှပသောမျက်လုံးတစ်စုံဖြင့် ရီဖုန်းကို ကြည့်လိုက်သည်။စစ်မြင့်ပေါ်၌ မတ်တတ်ရပ်ကာ အောင်နိုင်သူဟု အော်ဟစ်ဂုဏ်ပြုခံနေရသည့် ရီဖုန်းကိုကြည့်ပြီး သူမ၏နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။
သို့ရာတွင် ဤချီးမွမ်းဂုဏ်ပြုသံများသည် နေလတောင်ထိပ်မှ လူများအားလုံးအတွက် နားမခံဖွယ်ရာပင်။
ရီဖုန်းသည် သူတို့ကိုသတ်ဖြတ်ခြင်းမရှိသော်လည်း သူတို့၏တောင်ထိပ်မှလူငါးယောက်ကို သတ်ဖြတ်ခဲ့သည်။
ဤသည်ကြောင့် ကောင်းရှစ်ကျီး၏မျက်နှာ သုန်မှုန်ပြီး တင်းမာခက်ထန်နေသည်။ သူ၏မျက်နှာပေါ်ရှိ အသားစအသားနများကိုသုတ်ကာ အနံ့ခံကြည့်ပြီးနောက် သူ့ထံမှနေ၍ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ တလိမ့်လိမ့်ထွက်ပေါ်လာပေ၏။
"ခွေးမသားလေး...မင်းက မင်းရဲ့အရည်အချင်းနဲ့ မင်းရဲ့ခွန်အားကို တကယ်ကြီးဖုံးကွယ်ထားခဲ့တာပဲ...မင်းက ငါ့ရဲ့နေလတောင်ထိပ်က တပည့်ငါးယောက်ကို သတ်ခဲ့တယ်...ငါ မင်းကို သတ်မယ်"
ထိုနောက် သူသည် သေခြင်ရှင်ခြင်းစင်မြင့်ထံသို့ ပြေးဝင်သွားတော့သည်။
"ကောင်းရှစ်ကျီး....နင် ဘာလုပ်တာလဲ"
လျှူယန်သည် ဒေါသတကြီးအော်ဟစ်ကာ ရှေ့သို့အပြေးသွားရန် ဟန်ပြင်လိုက်၏။
သို့ရာတွင် သူမ စတင်လှုပ်ရှားလိုက်သောအချိန်မှာပင် သေခြင်းရှင်ခြင်းစင်မြင့်၏နံဘေးထိုင်ကာ ငိုက်မျဥ်းနေသော လူအိုကြီး၏မျက်လုံးအတွင်းမှ ရွှေရောင်အလင်းတန်းတစ်တန်း ဖြာထွက်လာပြီး သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။
ထိုလက်ဝါးရိုက်ချက် ရောက်လာသည်နှင့် ကောင်းရှစ်ကျီးသည် လွင့်ထွက်သွားကာ မြေပြင်နှင့် ပြင်းပြင်းထန်ထန်ရိုက်ခတ်မိလေ၏။
"ငါက လူအိုကြီးတယောက်ဖြစ်နေလို့...မင်းက ဂရုမစိုက်တာလား"
လူအိုကြီးက အိပ်ချင်မူးတူးလေသံဖြင့် ပြောဆိုသည်။
"အကြီးအကဲ ကျွန်တော် မလုပ်ဝံ့ပါဘူး"
ကောင်းရှစ်ကျီးသည် ထိုစကားကိုကြားချိန်၌ အလျှင်အမြန်မတ်တတ်ထရပ်ကာ ဦးညွှတ်အရိုအသေပြုလိုက်သည်။
"တကယ်လို့ မင်းက ဒီလူအိုကြီးရဲ့ရှေ့မှာ သေခြင်းရှင်ခြင်းစင်မြင့်ရဲ့စည်းမျဉ်းတွေကို ချိုးဖျက်ချင်တယ်ဆိုရင် မင်းမှာ အရည်အချင်းရှိမရှိ အရင်ဆုံးချိန်ဆသင့်တယ်"
လူအိုကြီး၏အသံ ထွက်ပေါ်လာပြီးနောက် သူက ဒေါသတကြီး အော်ငေါက်လိုက်၏။
"ထွက်သွားစမ်း"
"ဟုတ်ကဲ့""
ထိုစကားများကိုကြားချိန်တွင် ကောင်းရှစ်ကျီး၏ခန္ဓာကိုယ် တုန်ရီသွားသည်။
သူသည် မည်သည့်စကားတစ်ခွန်းမျှ မပြောဆိုဝံ့တော့ဘဲ သူ၏တပည့်များကိုခေါ်ဆောင်၍ အလျှင်အမြန်ပျံသန်းသွားတော့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ရှင်းချန်တောင်ထိပ်မှတပည့်များ၏ ဝမ်းသာအားရဟစ်ကြွေးလိုက်သောအသံများ တစ်ဖန်ထပ်၍ ထွက်ပေါ်လာသည်။
ဤသည်မှာ အလွန်အမင်း စိတ်ချမ်းမြေ့ဖွယ်ရာနှင့် ပျော်ရွှင်ဝမ်းမြောက်ဖွယ်ရာပင်။
အထူးသဖြင့် ကောင်းရှစ်ကျီး အရှက်တကွဲဖြင့် ထွက်ပြေးသွားသည့် ပုံပန်းသွင်ပြင်ကိုမြင်ရသဖြင့် သူတို့အားလုံး အလွန်ဝမ်းသာပျော်ရွှင်မိသည်။
လျှူယန်၏မျက်နှာပေါ်၌ အပြုံးများဖြင့် ပြည့်နှက်နေသည်။
သေခြင်းရှင်ခြင်းစင်မြင့်ပေါ်မှ လူအိုကြီးသည် ကောင်းရှစ်ကျီးကို မောင်းထုတ်လိုက်ပြီးနောက် တခြားသူများအားလုံးကို နေရာသို့ပြန်ရန် အမိန့်ပေးလိုက်၏။
"အမှန်ပဲ...ငါတို့ တောင်ထိပ်ကိုပြန်ကြမယ်"
တပည့်များအားလုံး တုံ့ပြန်လိုက်ကြသည်။
သူတို့သည် သေခြင်းရှင်ခြင်းစင်မြင့်ထံသို့ တဟုန်ထိုးအပြေးသွားကာ ရီဖုန်းကိုမြှောက်လိုက်ကြ၏။ထိုလူများအကြားတွင် ရှင်းချန်တောင်ထိပ်မှ အကြီးအကဲတစ်ယောက်ပင်ပါဝင်နေသည်။
"အိုး...လူအိုကြီးဖန်း ဒီကိစ္စကို တပည့်တွေလုပ်ပါစေ....ဘာလို့ မင်းက ဒီထဲမှာဝင်ရှုပ်ပြီးတော့ မတည်မငြိမ်ဖြစ်နေတာလဲ"
သူ၏နောက်တွင်ရှိနေသော အကြီးအကဲတစ်ယောက်က သတိပေးသည်။
"ဟီး...ငါတို့တောင်ထိပ်က ဖိနှိပ်ခံထားရတာ အချိန်အတော်ကြာနေပြီ...ဒါကြောင့် ငါ အရမ်းစိတ်လှုပ်ရှားပြီးတော့ ငါ့ရဲ့အဆင့်အတန်းကိုမေ့သွားပြီး ဝင်ရှုပ်မိတာပါ"
အကြီးအကဲက သူ၏မုတ်ဆိတ်ကိုပွတ်သပ်ကာအပြုံးနှင့် နောက်သို့ပြန်ဆုတ်လိုက်သည်။
သူတို့တစ်စုသည် နွေးထွေးသောအငွေ့အသက်များနှင့်အတူယှဥ်တွဲ၍ ကြီးကျယ်ခမ်းနားသောအပြုအမူဖြင့် တောင်ထိပ်သို့ပြန်ခဲ့တော့သည်
Chapter 597
ရှင်းချန်တောင်ထိပ်မှတပည့်များ ရီဖုန်းကို ချီမသွားချိန်တွင် သူတို့အား သုန်မှုန်နေသောမျက်နှာဖြင့် စောင့်ဆိုင်းနေသော ကောင်းရှစ်ကျီးကို သူတို့အားလုံး တွေ့မြင်လိုက်ရသည်။
သို့ရာတွင် ကောင်းရှစ်ကျီး စကားမပြောဆိုရသေးမီမှာပင် ရီဖုန်းက အရင်ဆုံးပြောဆိုလိုက်၏။
"တောင်ထိပ်သခင်ကောင်း...မင်းရဲ့မျက်နှာပေါ်ကို သွေးတွေစင်သွားတာကနေ သင်ခန်းစာတခုရရဲ့လား"
စီနီယာအစ်ကိုများ၏ချီမခြင်းကို ခံထားရသဖြင့် ရီဖုန်းက မြင့်မားသောနေရာမှ ပြောဆိုလိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် သူသည် အထင်အမြင်သေးသောအမူအယာဖြင့် ကောင်းရှစ်ကျီးကိုကြည့်ကာ သူ၏မျက်နှာပေါ်တွင် သရော်တော်တော်အပြုံးတစ်ခုရှိနေသည်။
ကောင်းရှစ်ကျီးသည် အကြီးအကဲ၏ရိုက်နှက်ခြင်းကို ခံထားရသဖြင့် သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါငါးခုလုံး ပြင်းပြင်းထန်ထန်နာကျင်နေသည်။သူသည် အခြေအနေဆိုးရွားနေသော်လည်း သူ၏ခန္ဓာကိုယ်ကို ခေါင်းမာမာဖြင့်တောင့်ခံကာ ဤနေရာတွင် မတ်တတ်ရပ်နေခြင်းဖြစ်သည်။
သူသည် ဒေါသတကြီးဖြင့် ရီဖုန်းကိုကြည့်လိုက်ကာ သူ၏မျက်လုံးအတွင်း၌ နာကျည်းမုန်းတီးမှုများ ထင်ဟပ်နေသည်။
စိတ်ပျက်ဖွယ်ကောင်းသည်မှာ ဤအချိန်အခိုက်အတန့်တွင် သူသည် ရီဖုန်းကို တစ်စုံတစ်ခုမျှ မလုပ်ဆောင်နိုင်ခြင်းပင်။
ကောင်းရှစ်ကျီး၏ အံ့တင်းတင်းကြိတ်ထားသော မုန်းတီးသည့်အမူအယာကိုကြည့်ပြီး ရီဖုန်းသည် အလွန်စိတ်ကျေနပ်သွားကာ သူ့၏နှုတ်ခမ်းထောင့်ရှိအပြုံး ပို၍ပီပြင်ထင်ရှားလာသည်။
"ဒီတိုက်ပွဲက သိပ်ကြာကြာမခံလိုက်ဘူး...တောင်ထိပ်သခင်ကောင်းက အရည်အချင်းညံဖျင်းရုံတင်မကဘူး အရမ်းတုံးအတာပဲ"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းက ရယ်မောလိုက်သည်။
"သွားကြစို့...ငါတို့တွေ တောင်ထိပ်ကို ပြန်ကြရအောင်"
"ယေး ယေး ယေး..."
ရှင်းချန်တောင်ထိပ်မှတပည့်များသည် ရီဖုန်းကိုသယ်ဆောင်၍ စိတ်လှုပ်ရှားစွာအော်ဟစ်ကာ ကြီးကျယ်ခမ်းနားစွာဖြင့် ထွက်ခွာသွားတော့သည်။
လူအုပ်ကြီး၏ဝိုင်းရံခြင်းကို ခံထားရသည့် ရီဖုန်း၏နောက်ကျောပြင်ကိုကြည့်ပြီး ကောင်းရှစ်ကျီးသည် အလွန်ဒေါသထွက်သွားကာ အံ့တင်းတင်းကြိတ်လိုက်၏။
"တောင်ထိပ်သခင်...ကျွန်တော်တို့...."
"ပြန်ကြမယ်...."
ကောင်းရှစ်ကျီးက ခါးသည်းစွာပြောဆိုသည်။
နေလတောင်ထိပ်သို့ ပြန်လည်ရောက်ရှိချိန်၌ ဒဏ်ရာရရှိထားသော ကောင်းရှစ်ကျီးသည် ထပ်မံ၍တောင့်မခံနိုင်တော့ချေ။
သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထုတ်လိုက်ရကာ အခန်းအတွင်း၌ လဲကျသွားတော့သည်။
"တောင်ထိပ်သခင်..."
နေလတောင်ထိပ်မှတပည့်များက သူ့အား အလျှင်အမြန်တွဲထူပေးလေ၏။
သူ၏တပည့်များမှ ကူညီထောက်ပံ့ပေးမှုကိုအားပြု၍ ကောင်းရှစ်ကျီးသည် ဒယိမ်းဒယိုင်ဖြင့် ဖြည်းညှင်းစွာမတ်တတ်ထရပ်ကာ သူ၏ပါးစပ်ထောင့်မှသွေးများကို သုတ်လိုက်သည်။
သူက တင်းမာခက်ထန်သောအသံဖြင့် အော်ငေါက်လိုက်သည်။
"အဲ့ဒီခွေးမသားလေးက သေခြင်းရှင်ခြင်းစင်မြင့်ပေါ်ကို ဘာလို့တက်ရဲတာလဲဆိုတာ ငါ နောက်ဆုံးတော့ နားလည်သွားပြီ"
"အခုကြည့်ကြည့်တော့မှ သူက သူ့ရဲ့အရည်အချင်းကို ဖုံးကွယ်ထားတာပဲ..သူက ငါတို့နေလတောင်ထိပ်ရဲ့တပည့်တွေကို သတ်ဖို့ ကြံစည်ထားခဲ့တယ်"
"တကယ်လို့ ဒီလက်စားချေမှုကို မလုပ်နိုင်ဘူးဆိုရင် ငါ ကောင်းရှစ်ကျီးက လူမဟုတ်တော့ဘူးလို့ ငါ ကျိန်ဆိုတယ်"
ကောင်းရှစ်ကျီး၏ဒေါသတကြီးအော်ဟစ်လိုက်သံက နေလထောင်ထိပ်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။
တပည့်တချို့သေဆုံးသွားသည်မှာ သူ့အတွက် ပြဿနာမရှိချေ။သို့ရာတွင် သူ သည်းမခံနိုင်ဆုံးကိစ္စမှာ မြင့်မြတ်သောတောင်ထိပ်သခင်တစ်ယောက်ဖြစ်သည့် သူသည် ရီဖုန်း၏လက်အတွင်း၌ နှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ရခြင်းပင်။
"ဒါပေမဲ့ တောင်ထိပ်သခင်...သူ့ရဲ့လက်ထဲမှာ ကျွန်တော်တို့တောင်ထိပ်ရဲ့ တပည့်ခြောက်ယောက် ဆုံးရှုံးသွားခဲ့တယ်"
သူ၏နံဘေးတွင်ရှိနေသော တပည့်တစ်ယောက်က တွေဝေတုံ့ဆိုင်းစွာ ပြောဆိုသည်။
"အော်...."
ကောင်းရှစ်ကျီးက စကားပြောဆိုလိုက်သောတပည့်ကို စူးစိုက်၍ကြည့်လိုက်သည်။
"အဲ့ဒါကြောင့် ငါက သူ့ကို အလွတ်ပေးထားရမှာလား"
"တောင်ထိပ်သခင်...အဲ့ဒီကောင်လေးက အရမ်းထူးဆန်းတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိထားကြတယ်"
ထိုတပည့်က ဆက်လက်၍ပြောဆိုသည်။
"ကြည့်ရတာတော့ သူက ဘယ်နည်းနဲ့မှ လူသားအင်မော်တယ်တစ်ယောက် မဟုတ်နိုင်ဘူး"
"ဒါပေမဲ့ တကယ်လို့ သူက မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်နေရင်တောင်...မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့်မှာရှိနေတဲ့ တပည့်ငါးယောက်ကို ချက်ချင်းသတ်ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ဒါက ပြောရမယ်ဆိုရင် သူ့ရဲ့အရည်အချင်းတွေကို ဘယ်လောက်ထိ ဖုံးကွယ်ထားတယ်ဆိုတာ ဘယ်သူက သိနိုင်မှာလဲ"
"အဲ့ဒီလိုဆိုရင်ရော ဘာဖြစ်လဲ"
ကောင်းရှစ်ကျီးသည် သူ၏မျက်လုံးကိုမှေး၍ ထိုတပည့်ကိုကြည့်လိုက်သည်။သူ၏မျက်လုံးအတွင်း၌ အန္တရာယ်အငွေ့အသက်များ ထင်ဟပ်နေပေ၏။
"ကျွန်တော် ဆိုလိုတာက...ကျွန်တော်တို့က သူ့ကို အချိန်တခဏလောက်တော့ စူးစမ်းလေ့လာဖို့ လိုအပ်လိမ့်မယ်"
တပည့်က ပြောဆိုသည်။
"အချိန်တစ်ခုထိ သူ့ကိုသတ်ဖို့ကို အလျင်စလိုလုပ်လို့မဖြစ်ဘူး...တကယ်လို့...."
သူ၏စကား အဆုံးမသတ်သေးမီမှာပင် ကောင်းရှစ်ကျီးက လက်ဝါးတစ်ချက်ဖြင့် သူ့အားရိုက်နှက်လိုက်၏။
ပြင်းထန်သောစွမ်းအားကြောင့် သူ နောက်သို့လွင့်ထွက်သွားသည်။
သူသည် ကြိုးပြတ်သွားသောစွန်တစ်ခုအလား မြေပြင်ပေါ်သို့ကျသွားကာ အသက်မရှိတော့ချေ။
ဤသည်မှာ အပြစ်ပေးခြင်းမဟုတ်ဘဲ သတ်ဖြတ်လိုက်ခြင်းပင်။ကောင်းရှစ်ကျီးသည် တပည့်တစ်ယောက်၏အသက်ကို လွယ်လင့်တကူ နှုတ်ယူခဲ့လေ၏။
"တကယ်လို့ ရီဖုန်းကိုမသတ်ဖို့ တစ်ယောက်ယောက်က ငါ့ကို ဖြောင့်ဖျမယ်ဆိုရင်...ဒီအတိုင်း အဆုံးသတ်ရလိမ့်မယ်"
ကောင်းရှစ်ကျီး၏မျက်နှာပေါ်ရှိ နာကျည်းမုန်းတီးမှုများသည် လျော့ပါးမသွားရုံသာမက ပို၍မြင့်တက်လာသည်။
"ငါ အဲ့ဒီကောင်ကို သတ်ရမှဖြစ်မယ်"
ဤအပြောင်းအလဲကြောင့် ပတ်ဝန်းကျင်တွင်ရှိနေသူများအားလုံး တိတ်ဆိတ်ငြိမ်သက်နေကာ ဖြောင့်ဖျသည့်စကားတစ်လုံးကိုမျှ မပြောဝံ့ကြတော့ချေ။
ကောင်းရှစ်ကျီးက အသက်ပြင်းပြင်းတချက်ရှိုက်ကာ သုန်မှုန်နေသောမျက်နှာနှင့် ဖြည်းညှင်းစွာပြောဆိုလိုက်သည်။
"မင်းတို့ ဘာကိုဆိုလိုချင်တာလဲဆိုတာ ငါ သိတယ်"
"မြေကမ္ဘာအင်မော်တယ်တစ်ယောက်က ဘာအင်အားစိုက်ထိုးမှုမှမရှိဘဲနဲ့ တခြားမြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့်ငါးယောက်ကို ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ"
"ရှင်းချန်တောင်ထိပ်ရဲ့ငတုံးငအတွေကပဲ သူက မြေကမ္ဘာအင်မော်တယ်တစ်ယောက်လို့ ထင်ကြလိမ့်မယ်"
"ဒါကြောင့်..."
"သူက ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်နေနိုင်တယ်"
"ဒါပေမဲ့ သူက ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်နေရင်တောင်...သူနဲ့အဆင့်တူ လူသုံးယောက်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် ဘာမှတတ်နိုင်မှာမဟုတ်ဘူး"
ကောင်းရှစ်ကျီးသည် စကားပြောဆိုရင်း ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ တပည့်သုံးယောက်ထံသို့ သူ၏အကြည့် ကျရောက်သွားသည်။
"သုံးရက်ကြာရင် တပည့်သစ်ယှဥ်ပြိုင်ပွဲ ကျင်းပလိမ့်မယ်"
"အဲ့ဒီအချိန်ကျရင် နေလတောင်ထိပ်ရဲ့တပည့်သစ်တွေအားလုံးလည်း သွားရလိမ့်မယ်"
"မင်းတို့သုံးယောက်က အခွင့်အရေးတစ်ခုရှာပြီးတော့ ရီဖုန်းကို သတ်ပစ်ရမယ်"
တပည့်သုံးယောက်အနက်မှ နှစ်ယောက်သည် သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။နောက်ဆုံးတစ်ယောက်ကသာ အနည်းငယ် တွေဝေတုံ့ဆိုင်းနေပြီး မည်သည့်အဖြေမျှ တုံ့ပြန်ခြင်းမရှိချေ။
"ဘာလဲ....မင်းက မလုပ်ချင်တာလား"
ကောင်းရှစ်ကျီး၏မျက်နှာ ပို၍သုန်မှုန်သွားပေ၏။
"မဟုတ်ပါဘူး...ဆရာက အမိန့်ပေးလိုက်မယ်ဆိုရင် ဒီတပည့်က မီးပင်လယ်ကိုတောင် ဖြတ်ကူးမှာပါ"
ထိုတပည့်က သူ၏သဘောထားကို အလျှင်အမြန် ထုတ်ဖော်ပြောဆိုသည်။
ထိုစကားများကိုကြားချိန်တွင် ကောင်းရှစ်ကျီး၏မျက်နှာအမူအယာ အနည်းငယ်ပျော့ပြောင်းသွားလေ၏။ထို့နောက် သူသည် တပည့်ဖြစ်သူ၏စကားများကို ဆက်လက်၍နားထောင်လိုက်သည်။
"ဒါက ဆရာသခင် တွေးကြည့်ပါ...ရီဖုန်းက လူသားအင်မော်တယ်တစ်ယောက် ဖြစ်နေတယ်ဆိုရင်...သူ့ရဲကျင့်ကြံဆင့်အခြေခံကို ထွင်းဖောက်မမြင်နိုင်တာက ပြဿနာမရှိဘူး"
"အဲ့ဒီကိစ္စက ကျိုးကြောင်းဆီလျော်တယ်"
"ဒါပေမဲ့ တကယ်လို့ သူက ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်နေမယ်ဆိုရင်...ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ဘာလို့ သူ့ရဲ့ကျင့်ကြံဆင့်အခြေခံကို နည်းနည်းလေးတောင် မမြင်နိုင်တာလဲ"
"ဒါ့ပြင် ဆရာလို ရွှမ်အင်မော်တယ်နယ်ပယ် နဝမအဆင့်တစ်ယောက်ကတောင် သူ့ရဲ့ကျင့်ကြံဆင့်အခြေခံကို မြင်နိုင်လို့လား"
ထိုတိုက်ရိုက်တပည့်ကပြောဆိုကာ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။
"ဆရာ...ဒါက နည်းနည်းထူးဆန်းနေတယ်လို့ မထင်ဘူးလား"
ထိုစကားများကိုကြားချိန်တွင် ကောင်းရှစ်ကျီးသည် အလေးအနက်ထား၍ စဉ်းစားတွေးတောလိုက်၏။
"သူက ကျင့်ကြံဆင့်အခြေခံကို ဖုံးကွယ်ထားတယ်ဆိုတာ သေချာပေါက်ပဲ"
"ဒါပေမဲ့ သူ ဖုံးကွယ်ထားရင်တောင် ဘယ်အဆင့်မှာ ရှိနေနိုင်မှာမလို့လဲ"
"တကယ်လို့ သူက အစွမ်းထက်တဲ့လူတစ်ယောက်ဖြစ်နေရင်...ငါတို့နေလဂိုဏ်းမှာ တပည့်ငယ်လေးတစ်ယောက် လုပ်နေမှာမဟုတ်ဘူး"
"အဲ့ဒီလိုမှမဟုတ်ရင် သူ့ရဲ့ဦးနှောက် မကောင်းတာပဲဖြစ်မယ်"
ထိုစကားများကိုကြားချိန်တွင် ပတ်ဝန်းကျင်ရှိလူများအားလုံး ခေါင်းညိတ်လိုက်ကြသည်။
သူတို့ အသေအချာ ပြန်လည်၍စဉ်းစားတွေးတောကြည့်ချိန်တွင် အကယ်၍ ရီဖုန်းသည် ထိပ်သီးအစွမ်းထက်ဆရာကြီးတစ်ယောက်သာ ဖြစ်နေပါက သူသည် လိုက်လံဖမ်းဆီးခံနေရခြင်း သို့မဟုတ် တခြားကိစ္စတစ်ခုကြောင့် ရှောင်ပုန်းနေခြင်းဖြစ်ပေမည်။
ဤအကြောင်းအရင်းမျိုးရှိပါက သူသည် တပည့်သစ်တစ်ယောက်အဖြစ် သူ့ကိုယ်သူ ဖုံးကွယ်ကာ သိသာထင်ရှားစေခြင်းမရှိစေဘဲ တတ်နိုင်သမျှ သိုသိုသိပ်သိပ်နေပေမည်။
သို့ရာတွင် ရီဖုန်း၏ပုံစံကို ပြန်လည်စဉ်းစားတွေးတောကြည့်ချိန်၌....
ရီနျန်ကျင့်ကြံနည်းစနစ်ကို ပြည့်စုံအောင် ကျင့်ကြံနိုင်သောအချိန်ကပင် တခြားသူများ၏နားအတွင်းသို့ရောက်ရန် မစောင့်စားနိုင်ဘဲ ထုတ်ဖော်ပြောဆိုနေခဲ့သည်။ သူ၏စွမ်းအားကို ဟန်ရေးပြရမည့်အခွင့်အရေးအား သူ လက်လွတ်မခံခဲ့ချေ။
ဤသည်မှတဆင့် ရီဖုန်းသည် ထိုကဲ့သို့လူစားမျိုးမဟုတ်သည်ကို သက်သေပြနေသည်။
အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ကောင်းရှစ်ကျီးက သူ၏တိုက်ရိုက်တပည့်ကို ကြည့်လိုက်သည်။
"မင်းရဲ့စကားတွေက ငါ့ကို ကိစ္စတစ်ခုသတိပေးလိုက်သလိုပဲ"
"အင်မော်တယ်နယ်မြေထဲမှာ အင်မော်တယ်ထွင်းဖောက်အပ်လို့ခေါ်တဲ့ ရှေးဟောင်းရတနာတစ်ခုရှိတယ်"
"အဲ့ဒီအပ်ကို တစ်စုံတစ်ယောက်က အသုံးပြုလိုက်မယ်ဆိုရင်...ရှေးဟောင်းရတနာရဲ့ကြီးမားတဲ့စွမ်းအားကြောင့် အပ်က ချီစွမ်းအားတွေထဲမှာပျော်ဝင်သွားပြီးတော့..အဲ့ဒီလူရဲ့ဒန်တျန်ထဲမှာ နစ်မြုပ်သွားလိမ့်မယ်"
"ဒါက တစ်စုံတစ်ယောက်ရဲ့ကျင့်ကြံဆင့်ကို မြှင့်တင်ပေးနိုင်ရုံတင်မကဘူး...သူ့ရဲ့ကျင့်ကြံဆင့်အခြေခံကို ဖုံးကွယ်ထားနိုင်တယ်"
"အဲ့ဒီလူထက် ကျင့်ကြံဆင့် မြင့်တဲ့လူပဲဖြစ်ဖြစ် နိမ့်တဲ့လူပဲဖြစ်ဖြစ် သူ့ရဲ့ကျင့်ကြံဆင့်ကို မမြင်နိုင်တော့ဘူး"
တိုက်ရိုက်တပည့်က အံ့အားတသင့် ပြောဆိုသည်။
"အဲ့ဒီလိုရတနာမျိုးက တကယ်ကြီး ရှိတာလား...ကျွန်တော်က အဲ့ဒီအကြောင်းကို တစ်ခါမှမကြားဖူးဘူး"
"အဲ့ဒီပစ္စည်းက ပျောက်ကွယ်သွားတာအချိန်အတော်ကြာနေပြီ...အင်မော်တယ်နယ်မြေထဲမှာ လူနည်းစုကပဲ အဲ့ဒီအကြောင်းကို သိကြတော့တယ်"
ကောင်းရှစ်ကျီးက ဖြည်းညှင်းစွာပြောဆိုလိုက်၏။
"အဲ့ဒီကိစ္စကို ငါသိတယ်ဆိုတာက ငါ့ရဲ့မိသားစုမှာရှိတဲ့ ရှေးဟောင်းကျမ်းစာတွေကြောင့်ပဲ"
"အဲ့ဒီပစ္စည်းတွေကို သာမန်အားဖြင့်တော့ ရှေးဟောင်းခေတ်အချိန်ကာလတုန်းက ဆင်းသက်လာတဲ့ အစွမ်းထက်မိသားစုတွေက အမွေဆက်ခံထားတယ်...ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအစွမ်းထက်တဲ့ပစ္စည်းမျိုးကို ဆက်ခံထားနိုင်တဲ့သူက သူတို့နဲ့သွေးသားဆက်နွယ်နေတဲ့လူပဲ ဖြစ်မယ်"
"ဒါဆိုရင် တကယ်လို့ ကျွန်တော်တို့က ရီဖုန်းကိုသတ်လိုက်မယ်ဆိုရင်..သူ့မှာ အစွမ်းထက်တဲ့ဆွေမျိုးတွေရှိနေတာကြောင့် ကျွန်တော်တို့ကို လက်စားပြန်ချေတာ ခံရနိုင်တယ်မဟုတ်လား"
ကောင်းရှစ်ကျီး၏အမိန့်ကို ခံယူထားသောကောင်းကင်အင်မော်တယ်တပည့်တစ်ယောက်က တည်ကြည့်လေးနက်သောမျက်နှာအမူအယာဖြင့်ပြောဆိုသည်။
"အရင်ကဆိုရင် ဒါက ဖြစ်နိုင်ပေမယ့်...အခု ဒီကိစ္စကို မင်းတို့သေချာစဉ်းစားကြည့်ရဲ့လား"
"သူ့မှာ အစွမ်းထက်တဲ့ဆွေမျိုးတွေ တကယ်ကြီးရှိနေတယ်ဆိုရင်..သူက သူ့ကိုယ်သူနှိမ့်ချပြီးတော့ နေလဂိုဏ်းမှာတပည့်ငယ်လေးတစ်ယောက်အဖြစ် လာနေပါ့မလား"
ကောင်ရှစ်ကျီးက စကားပြောဆိုလိုက်သောတပည့်ကို မျက်စောင်းထိုးလိုက်သည်။
"ဒါပေမဲ့ ဒီကိစ္စက ငါ့အတွက် တစ်ခုခုကို သိသွားစေတယ်"
ကောင်းရှစ်ကျီးက လေးလေးနက်နက်စဉ်းစားတွေးတောကာ ပြောဆိုသည်။
"သူ့ရဲ့နောက်မှာ အစွမ်းထက်တဲ့လူတွေ ရှိမနေပေမယ့်....သူ့ဆီမှာ ကောင်းမွန်တဲ့ရတနာတွေ အများကြီးရှိနေနိုင်တယ်"
"သူက အင်မော်တယ်ထွင်းဖောက်အပ်လို ပစ္စည်းမျိုးကိုတောင် ကိုင်ထားနိုင်ရင်...သူ့မှာ တခြားရတနာတွေရော ရှိမနေနိုင်ဘူးလား"
ကောင်းရှစ်ကျီးကပြောဆိုကာ သူ၏ခေါင်းကိုမော့ပြီး သူ့၏တပည့်တစ်ယောက်ကို ညွှန်ကြားလိုက်၏။
"မင်း....ထျန်းဖူအင်ပါယာက ပါရမီရှင်သုံးယောက်ကို သွားခေါ်ခဲ့စမ်း"
"ဒါနဲ့ ဒုတိယအသုတ်ဝင်လာတဲ့ တပည့်တွေထဲမှာလည်း ကောင်းကင်အင်မော်တယ်တွေရှိနေတယ်"
"သူတို့အားလုံးကို ဆင့်ခေါ်လိုက်စမ်း"
"ဟုတ်ကဲ့"
တပည့်တစ်ယောက်က တုံ့ပြန်ကာ ပြင်ပသို့အလျှင်အမြန် ထွက်ခွာသွားတော့သည်။
Chapter 598
မကြာမီမှာပင် ထျန်းဖူအင်ပါယာမှပါရမီရှင်သုံးယောက်နှင့် နေလတောင်ထိပ်၏ဒုတိယအသုတ်တပည့်များအနက်မှ တပည့်များ ရောက်ရှိလာကာ ကောင်းရှစ်ကျီး၏ရှေ့၌ ဒူးထောက်လိုက်ကြသည်။
ကောင်းရှစ်ကျီးသည် ထိုင်ခုံတစ်လုံးပေါ်၌ ထိုင်နေလေ၏။
သေခြင်းရှင်ခြင်းစင်မြင့်မှ အကြီးအကဲ၏အပြစ်ပေးခြင်းကိုခံရပြီးနောက် သူ ပြန်လည်ရောက်ရှိလာသော်လည်း ကုသရန်အတွက် အချိန်မရှိသေးချေ။
ယခုချိန်ထိ သူ့၏ရင်ဘတ် နာကျင်နေဆဲပင်။
ကောင်းရှစ်ကျီးသည် သူ၏ရင်ဘတ်ကိုပွတ်သပ်ရင်း အောက်ရှိတပည့်များကိုကြည့်ကာ သူ့၏ပါးစပ်ကို ဖွင့်ဟလိုက်သည်။
"အားလုံးပဲ...ဒီနေ့ သေခြင်းရှင်ခြင်းစင်မြင့်ပေါ်မှာ ဘာတွေဖြစ်သွားလဲဆိုတာ သိကြမှာပါ"
သူ့၏မျက်နှာပေါ်ရှိ အသွေးအသားများကို သုတ်ထားပြီးဖြစ်သော်လည်း လဲလှယ်ရန်အချိန်မရသဖြင့် သူ့၏အဝတ်အစားများပေါ်တွင် သွေးကွက်များရှိနေဆဲပင်။
ညှီစို့စို့ သွေးညှီနံကြောင့်...
သူ့၏အဝတ်အစားများပေါ်ရှိ သွေးများကို ခါထုတ်လိုက်၏။
သွေးများက လေထုအတွင်း၌ ချက်ချင်းပျံ့နှံ့သွားကာ သွေးညှီနံ ပို၍ပြင်းထန်လာသည်။
"ဒီကိစ္စက ငါတို့နေလတောင်ထိပ်အတွက် အရှက်ရစရာကိစ္စတစ်ခုပဲ"
ထိုစကားကိုပြောဆိုချိန်တွင် ကောင်းရှစ်ကျီး၏မျက်နှာပေါ်၌ နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။
"မင်းတို့ ဒါကို သည်းခံနိုင်ကြလား"
"သည်းမခံနိုင်ပါဘူး"
ဒူးထောက်နေကြသော တပည့်များအားလုံး တပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
သူတို့ထံတွင်လည်း နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။
ကောင်းရှစ်ကျီးက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
"ဒါက အရမ်းကောင်းတယ်...ငါတို့နေလတောင်ထိပ်က သေရမှာကိုကြောက်ပြီးတော့ သူရဲဘောကြောင်တဲ့ကောင်တွေကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး"
"ရီဖုန်းနဲ့ရှင်းချန်တောင်ထိပ်က ငါတို့နေလတောင်ထိပ်ကို အရှက်ခွဲခဲ့မှတော့...သူတို့ ပြန်ပေးဆပ်ရမယ်"
ကောင်းရှစ်ကျီးက ပြောဆိုသည်။
"သုံးရက်ကြာရင် ဂိုဏ်းရဲ့တပည့်သစ်ယှဉ်ပြိုင်ပွဲ ကျင်းပလိမ့်မယ်"
"မင်းတို့သုံးယောက်...."
ကောင်းရှစ်ကျီးသည် ရှေ့ဆုံးတွင်ဒူးထောက်နေသော ထျန်းဖူအင်ပါယာမှ ပါရမီရှင်သုံးယောက်ကိုကြည့်လိုက်၏
"မင်းတို့က ထိပ်ဆုံးသုံးနေရာကို ရအောင်ယူရမယ်"
"မင်းတို့မှတ်ထားရမှာ ရှင်းချန်တောင်ထိပ်ကအမှိုက်ကောင်တကောင်ကိုမှ ထိပ်ဆုံးသုံးယောက်ထဲကို ဝင်ခွင့်မပြုရဘူး"
"ဟုတ်ကဲ့"
ထန်းဖူးအင်ပါယာမှာပါရမီရှင်သုံးယောက်ကချက်ချင်းသုံးပြန်လိုက်သည်။
သူတို့သုံးယောက်သည် ရွှမ်အင်မော်တယ်များပင်။ရှင်းချန်တောင်ထိပ်မှ တပည့်သစ်များမဆိုထားနှင့် အတွင်းစည်းတပည့်များအကြား၌ပင် သူတို့အား ယှဉ်ပြိုင်နိုင်သောလူဟူ၍ လွန်စွာရှားပါးသည်
ထို့ကြောင့်သူတို့သုံးယောက်သည် တပည့်သစ်ယှဉ်ပြိုင်ပွဲတွင် ထိပ်ဆုံးသုံးနေရာကို ယူရန်အတွက် အလွန်အမင်းလွယ်ကူသည်။
"မင်းတို့ကတော့...."
ကောင်းရှစ်ကျီးသည် သူတို့သုံးယောက်၏နောက်၌ ဒူးထောက်နေသော ဒုတိယအသုတ်မှတပည့်များကို လက်ညှိုးညွှန်လိုက်သည်။
"မင်းတို့က ထိပ်ဆုံးသုံးနေရာကို ယူဖို့မလိုပေမယ့် မင်းတို့ရဲ့တာဝန်ကလည်း အရမ်းအရေးကြီးတယ်"
"ပထမဆုံးအနေနဲ့ သူတို့သုံးယောက် ထိပ်ဆုံးသုံးနေရာကိုရအောင် မင်းတို့ ကူညီပေးရမယ်"
ကောင်းရှစ်ကျီးက ပြောဆိုသည်။
"သူတို့သုံးယောက်က အရမ်းသန်မာအားကောင်းတယ်...ဒါကြောင့် သာမန်အခြေအနေမျိုးမှာဆိုရင် မင်းတို့ရဲ့ကူညီထောက်ပံ့ပေးမှုကို လိုအပ်မှာမဟုတ်ဘူး"
"ဒါပေမဲ့ တပည့်သစ်ယှဉ်ပြိုင်ပွဲမှာ ရှင်းချန်တောင်ထိပ်ကလူတွေ ရှိနေတယ်....ထိပ်ဆုံးသုံးနေရာကို ယှဉ်ပြိုင်ဖို့အတွက် အရည်အချင်းရှိတဲ့လူ ရှိမရှိဆိုတာ ဘယ်သူမှ မသိနိုင်ဘူး...ဒါကြောင့် မင်းတို့ရဲ့ပထမဆုံးတာဝန်က ရှင်းချန်တောင်ထိပ်ကို ဖိနှိပ်ဖို့အတွက် သူတို့သုံးယောက်ကို ကူညီထောက်ပံ့ပေးဖို့ပဲ"
"တကယ်လို့ ရှင်းချန်တောင်ထိပ်ကလူတွေ လှုပ်ရှားလာရင် သူတို့ကို သတ်ပစ်ရမယ်"
"ဒုတိယအနေနဲ့...."
ကောင်းရှစ်ကျီးက ရပ်တန့်လိုက်ကာ သူ၏မျက်လုံးများ မှုန်မှိုင်းသွားပြီး ဖြည်းညှင်းစွာပြောဆိုလိုက်၏။
"ဒီကိစ္စက အရေးအကြီးဆုံးပဲ"
ထိုအသံကျရောက်လာသည်နှင့် နေလတောင်ထိပ်မှ တပည့်များအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ သူတို့၏နားများကိုစွင့်၍ အမိန့်ကိုနားထောင်လိုက်ကြသည်။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ကောင်းရှစ်ကျီး၏ မကြည်မသာနှင့်မုန်းတီးမှုများရောယှက်နေသောအသံ ထွက်ပေါ်လာသည်။
"ရှင်းချန်တောင်ထိပ်က ရီဖုန်းကိုမြင်တဲ့ ဘယ်သူမဆို သူ့ကိုသတ်ပစ်ရမယ်"
"ရီဖုန်းကိုသတ်နိုင်တာနဲ့ အဲ့ဒီလူက တပည့်သစ်ယှဉ်ပြိုင်ပွဲမှာ အဆင့်ရရမရရ...ငါက အဲ့ဒီလူကိုကြီးမားတဲ့ဆုလာဘ်တွေ ချီးမြှင့်မယ်"
ကြီးမားသောဆုလာဘ်ဟု ပြောဆိုလိုက်သလော....
နေလတောင်ထိပ်တခုလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ရီဖုန်းတစ်ယောက်တည်းကို သတ်ရန်အလို့ငှာ ကောင်းရှစ်ကျီးသည် နေလတောင်ထိပ်မှ တပည့်များအားလုံးကို အမိန့်များပေးခဲ့သလော.....
ဒုတိယအသုတ် တပည့်များအကြားတွင်ကောင်းကင်အင်မော်တယ်များအပြင် ရွှေအင်မော်တယ် အမြောက်အများလည်းရှိနေသည်။
ထျန်းဖူအင်ပါယာမှ ရွှမ်အင်မော်တယ်နယ်ပယ် ပါရမီရှင်သုံးယောက်လည်း ရှိနေပေ၏။
ဤအင်အားစုဖွဲ့မှုဖြင့် ရီဖုန်းကိုသတ်ဖြတ်ရန် အမိန့်ထုတ်ပြန်လိုက်သည်ကို တစ်စုံတစ်ယောက်မှ သိရှိသွားပါက....
"မင်းတို့ နားလည်ကြလား"
ကောင်းရှစ်ကျီးက ထပ်မံ၍မေးမြန်းလိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် ရီဖုန်းကို ချွင်းချက်မရှိ သေစေလိုသည်။
"ဟုတ်ကဲ့"
တပည့်များအားလုံး တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။
ကောင်းရှစ်ကျီးသည် အမိန့်ပေးပြီးနောက်အသက်ပြင်းပြင်းတချက်ရှိုက်ကာ ချောင်းနှစ်ချက်ခန့်ဟန့်လိုက်သည်။
"စကားမစပ်...ရီဖုန်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ရတနာတွေ ရှိနေနိုင်တယ်"
သူက ထပ်မံ၍ သတိပေးသည်။
"တကယ်လို့:မင်းတို့ တိုက်ခိုက်မယ်ဆိုရင်ရန်သူကို ပေါ့ပေါ့ဆဆ သဘောမထားသင့်ဘူး"
"မင်းတို့ရဲ့ခွန်အားကုန် အသုံးပြုပြီးတော့...တချက်တည်းနဲ့သတ်နိုင်ရင် အကောင်းဆုံးဖြစ်လိမ့်မယ်"
"တကယ်လို့ အခြေအနေကောင်းမယ်ဆိုရင် ဘေးကင်းလုံခြုံဖို့အတွက် မင်းတို့အားလုံးအတူတူသွားပြီး သူ့ကို တိုက်ခိုက်ရမယ်"
သူ၏ရှေ့၌ ဒူးထောက်နေသော တပည့်များ၏အမူအယာများကိုကြည့်ပြီး ကောင်းရှစ်ကျီးက စိတ်ကျေနပ်မှုရရှိသွားကာ ခေါင်းညိတ်ပြလိုက်သည်။
ဤတစ်ကြိမ်တွင် ရီဖုန်းသည် မည်သည့်ရတနာကိုအသုံးပြုသည်ဖြစ်စေ အသက်ရှင်လျက်လွတ်မြောက်နိုင်ရန်မှာ မဖြစ်နိုင်ချေ။
ဤသည်မှာ သူအလိုရှိသော ရလဒ်ပင်။
ထို့အမိန့်များကိုပေးပြီးနောက် ကောင်းရှစ်ကျီးသည် စိတ်အေးသွားသကဲ့သို့ ခံစားရကာ သူအချိန်အတော်ကြာ ထမ်းပိုးထားရသောဝန်ထုပ်ကြီး လွတ်ကျသွားသည့်အလားပင်။
အကြောင်းအရင်းမှာ ဤတစ်ကြိမ်တွင် ရီဖုန်း သေချာပေါက်သေရမည်ဟု သူ တွေးထင်ထားသောကြောင့်ပင်။
ထိုကြောင့် သူ ထပ်မံ၍စိုးရိမ်ပူပန်ခြင်းမရှိတော့ချေ။
"ဒီအချိန်အတောအတွင်းမှာ ငါ အနားယူအုံးမယ်...တပည့်သစ်ယှဉ်ပြိုင်ပွဲအတွက်ကတော့ မင်းတို့ဟာမင်းတို့ ပြင်ဆင်ရမယ်...တကယ်လို့ မင်းတို့မှာ ဘာကိစ္စအထွေအထူးမှ မရှိဘူးဆိုရင် ငါအနားယူနေတာကို လာပြီးမနှောင့်ယှက်ကြနဲ့"
"ရီဖုန်းကို သတ်နိုင်ရင် ပေးမယ်လို့...ငါ ကတိပေးထားတဲ့ ကိစ္စအတွက်ကတော့...ငါ အနားယူတာကနေ ထွက်လာတဲ့အချိန်ကျရင် သေချာပေါက် ဖြည့်ဆည်းပေးမယ်"
တစ်ချိန်တည်းမှာပင် ရှင်းချန်တောင်ထိပ်၌....
လျှူယန်သည်လည်း တည်ကြည်လေးနက်စွာဖြင့် သူမ၏တပည့်များကို ညွှန်ကြားနေသည်။
ဤတစ်ကြိမ်တွင် ရီဖုန်းသည် နေလတောင်ထိပ်ကို အထိနာအောင်ပြုလုပ်ခဲ့သဖြင့် ထိုလူများမှနေ၍ သေချာပေါက်အလွတ်ပေးမည်မဟုတ်ချေ။
သုံးရက်ကြာပြီးနောက် တပည့်သစ်ယှဉ်ပြိုင်ပွဲ ကျင်းပပေမည်။ကောင်းရှစ်ကျီး၏ဒေါသထွက်နေမှုအရ သူသည် ဤကိစ္စကိုအခွင့်အရေးယူ၍ ရှင်းချန်တောင်ထိပ်ကို လက်စားချေမည်မှာ သေချာပေါက်ပင်။
ရှင်းချန်တောင်ထိပ်ကို လက်စားချေရာ၌ ရီဖုန်းသည် အခရာကျသောလူဖြစ်လာနိုင်သည်။
လျှူယန်သည်အလွန်စိုးရိမ်ပူပန်သဖြင့် တပည့်သစ်ယှဉ်ပြိုင်ပွဲသို့သွားမည့် တပည့်များအားလုံးကိုခေါ်ယူကာ ညွှန်ကြားနေခြင်းဖြစ်သည်။
"ခုနှစ်တပည့်သစ်ယှဉ်ပြိုင်ပွဲက အရင်နှစ်တွေကထက် ပိုပြီးအန္တရာယ်များမှာ သေချာတယ်"
"ငါတို့က နေလတောင်ထိပ်ကိုရန်စပြီးတော့ သူတို့ရဲ့တပည့်ငါးယောက်ကို သတ်ခဲ့တယ်...သူတို့က ဒီကိစ္စကို အလွတ်ပေးမှာမဟုတ်ဘူး"
"တကယ်လို့ ငါ ခန့်မှန်းတာ မှန်မယ်ဆိုရင်...တပည့်သစ်ယှဉ်ပြိုင်ပွဲက သူတို့လှုပ်ရှားမယ့်အချိန်ပဲ"
ထိုအသံကျရောက်လာချိန်တွင် ရှင်းချန်တောင်ထိပ်မှ အကြီးအကဲများနှင့်တပည့်များအားလုံး တည်ကြည်လေးနက်စပြုလာသည်။
"ငါတို့တောင်ထိပ်ရဲ့ တပည့်သစ်တွေအားလုံး နားထောင်ကြစမ်း...နင်တို့က တစ်ယောက်တည်း မနေသင့်ဘူး...တကယ်လို့ နင်တို့အတူတူသွားမယ်ဆိုရင် နေလတောင်ထိပ်ကတပည့်တွေနဲ့ ရင်ဆိုင်တွေ့တာနဲ့ရှောင်တိမ်းဖို့ကြိုးစားသင့်တယ်...နင်တို့ ရှောင်တိမ်းဖို့ မဖြစ်နိုင်တော့ဘူးဆိုရင်တောင် နင်တို့ဘက်မှာ လူပိုပြီးများလေလေ အနိုင်ရဖို့အခွင့်အရေး ပိုပြီးများလာမှာပဲ"
"နင်တို့အားလုံး နားလည်ကြလား"
"ဟုတ်ကဲ့"
တပည့်များအားလုံး တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။
"နင်တို့တွေအားလုံး အကောင်းဆုံးကြိုးစားပြီးတော့ အဆင့်ကောင်းကောင်းရဖို့ ငါ မျှော်လင့်တယ်"
လျှူယန်က ထပ်မံ၍ပြောဆိုသည်။
"ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် နင်တို့ရဲ့အသက်တွေ ရှင်သန်နေဖို့က အဓိကပဲ"
"တကယ်လို့ အခြေအနေမကောင်းဘူးဆိုရင် ...နင်တို့မှတ်ထားရမှာက အဆင့်ကောင်းဖို့အတွက် နင်တို့ရဲ့အသက်နဲ့ မစွန့်စားရဘူး...နင်တို့ သိပြီလား"
တပည့်များအားလုံး ခေါင်းညိတ်လိုက်ကြ၏။
ထို့နောက် လျှူယန်က ရီဖုန်းကိုကြည့်၍ ပြောဆိုလိုက်သည်။
"နင်ရဲ့အရည်အချင်းက အရမ်းကောင်းပေမယ့် ဒီတကြိမ်တော့ နင် မဆင်မခြင်လုပ်လို့မရဘူး"
"ဒီတစ်ကြိမ်က သေခြင်းရှင်ခြင်းစင်မြင့်ပေါ်မှာ နင် မြေကမ္ဘာအင်မော်တယ်ငါးယောက်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့အဆင့်မျိုး မဟုတ်ဘူး"
"နေလတောင်ထိပ်မှာ ထောင်နဲ့ချီတဲ့တပည့်တွေရှိပြီးတော့ သူတို့ထဲကအများစုက ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေပဲ...သူတို့အကြားမှာ ထျန်းဖူအင်ပါယာက ပါရမီရှင်သုံးယောက်ဆိုရင် ရွှမ်အင်မော်တယ်နယ်ပယ်ကို ရောက်နေပြီ...နင်က သူတို့ကို သတိထားပြီးရှောင်တိမ်းရမယ်"
"မဟုတ်ရင်ကတော့ နင် ဘယ်လောက်ပဲအစွမ်းထက်နေပါစေ...ဒီတစ်ကြိမ် ယှဉ်ပြိုင်ပွဲထဲမှာ နင် သတ်ခံရမယ်ဆိုရင်....ဘယ်သူကမှ နင့်ကို ကယ်တင်နိုင်မှာမဟုတ်ဘူး"
ရီဖုန်းသည် သူ၏အင်္ကျီလက်များကို ခေါက်တင်ကာ စိတ်အေးလက်အေးအမူအယာဖြင့် လျှူယန်ကိုကြည့်လိုက်သည်။
သူမ၏အမိန့်ကိုကြားရခြင်းမှာ သူ့အားအထင်အမြင်သေးစွာ ပြောဆိုနေသည့်အလားပင်။လျှူယန်၏အလေးအနက်ထားနေမှုကိုကြည့်ပြီးနောက် သူမ၏တဗျစ်တောက်တောက်ပြောဆိုနေမှုကို နားထောင်ရန် သူ အလွန်ပျင်းရိနေသည်။
ထိုကြောင့် သူက နာခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။
"တောင်ထိပ်သခင် ဘာမှမစိုးရိမ်ပါနဲ့...ငါ ဒါကို အေးအေးဆေးဆေး ကျော်ဖြတ်နိုင်မှာပါ"
"အမ်..."
လျှူယန် ကြက်သေသေသွားသည်။
"အော် မဟုတ်ဘူး ငါ စကားမှားသွားတယ်...ငါ ဂရုစိုက်ပါ့မယ်"
ရီဖုန်းက သူ၏စကားကို အလျှင်အမြန်ပြင်ဆင်လိုက်သည်။
"တောင်ထိပ်သခင်လည်း ကျေးဇူးပြုပြီးတော့ ဂရုစိုက်ပါ"
ရွှမ်အင်မော်တယ်....
ရွှမ်အင်မော်တယ်အဆင့်မျှဖြင့် သူ့အား သတ်ဖြတ်လိုသလော....
သူ့ထံ၌ လက်အောက်ငယ်သားများအဖြစ် ပြန်လည်ဝင်စားခြင်းအင်မော်တယ် အမြောက်အများရှိနေသည်။
သူ့အားရိုက်နှက်ရန် ရောက်ရှိလာပါက သူ၏လက်အောက်ငယ်သားများကို သူ သွားရောက်၍ ခေါ်ဆောင်နိုင်သည်။
ထိုလက်အောက်ငယ်သားများ ရောက်လာပါက သူတို့အားသတ်ဖြတ်ရန်မှာ ကြက်ကလေးငှက်ကလေးများအား သတ်သကဲ့သို့ လွယ်ကူသွားမည်မဟုတ်လော....
ရီဖုန်း၏နှုတ်ခမ်းထောင့်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထင်ဟပ်နေသည်။
ဤအမှိုက်ကောင်များသည် သူ့အား လာရောက်မသတ်ဖြတ်မည်ကို သူ စိုးရိမ်ပူပန်နေမိသည်။ ထိုသို့ဖြစ်လာပါက သူသည် သူတို့အား ရှင်းထုတ်ရန် အကြောင်းပြချက် ရှိတော့မည်မဟုတ်ချေ။
အမှိုက်ကောင်တစ်သိုက်..စောင့်နေကြစမ်း..
နေလတောင်ထိပ်မှတပည့်တစ်ယောက် သူ့အပေါ်တွင် တစ်စုံတစ်ခုပြုလုပ်လာသရွေ့ သူသည် ထိုဆင်ခြေကိုအသုံးပြုကာ နေလတောင်ထိပ်မှတပည့်များအားလုံးကို သတ်ဖြတ်ရပေမည်။
ဤသည်မှာ သူ ဖြောင့်မတ်မှန်ကန်သောကိစ္စကိုပြုလုပ်သည် မဟုတ်လော....
Chapter 599
ရီဖုန်း၏ကောင်းမွန်သောအပြုအမူကို ရှားရှားပါးပါးမြင်တွေ့ပြီးနောက် လျှူယန်က စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်သည်။
ထို့နောက် သူမသည် တပည့်များ၏ရှေ့ဆုံးတွင်ရှိနေသော အဖြူရောင်ဝတ်စုံဝတ်လူတစ်ယောက်ကိုကြည့်ကာ ညွှန်ကြားလိုက်၏။
"ယန်ရီ...နင်က ငါတို့ရှင်းချန်တောင်ထိပ်က တပည့်တွေကြားမှာ ကျင့်ကြံဆင့်အမြင့်မားဆုံးနဲ့ပါရမီအရှိဆုံးတစ်ယောက်ပဲ...အချိန်ကျလာရင်....."
"မဟုတ်ဘူး...."
ရီဖုန်းက လျှူယန်၏စကားများကို ကြားဖြတ်ဟန့်တားလိုက်သည်။
လျှူယန် အကြီးအကဲများနှင့်တပည့်များအားလုံး ဇဝေဇဝါဖြင့် ရီဖုန်းကိုကြည့်လိုက်ကြသည်။
"တောင်ထိပ်သခင် ပြောသွားတာ သူက ကျင့်ကြံဆင့်အမြင့်မားဆုံးလူဆိုတာကို ငါ မငြင်းချင်ဘူး.. ဒါပေမဲ့ သူက ပါရမီအရည်အချင်းအရှိဆုံးလို့တော့ ပြောလို့မရဘူး"
ရီဖုန်းက ရယ်မောကာ သူ၏ရင်ဘတ်ကိုသူ၏လက်ဖြင့် ပုတ်လိုက်သည်။
"ငါ့ကို မေ့မထားပါနဲ့"
ရီဖုန်း၏ဟန်ရေးပြသောအပြုအမူကြောင့် လျှူယန်သည် ပြုံးစိစိဖြစ်သွားလေ၏။
သူ၏နောက်တွင်ရှိနေသော အကြီးအကဲများနှင့်တပည့်များအားလုံးလည်း ရယ်မောလိုက်ကြသည်။
ယန်ရီသည် အစဉ်အမြဲတည်ငြိမ်ကာ တည်ကြည်လေးနက်စွာ နေထိုင်သူဖြစ်သည့်တိုင် ရီဖုန်းကို လှည့်မကြည့်ဘဲ မနေနိုင်တော့ချေ။
သူက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။သူသည် ရီဖုန်းကိုကြည့်ကာ ထိုကောင်လေး၏အကျင့်စရိုက်သည် အလွန်ကောင်းမွန်သည်ဟု တိတ်တဆိတ်တွေးတောလိုက်မိသည်။ဤတပည့်သစ်ယှဉ်ပြိုင်ပွဲအတွင်းတွင် အန္တရာယ်အများဆုံးလူမှာ ရီဖုန်းဖြစ်နေသည်။
သို့ရာတွင် ရီဖုန်းသည် အလွန်တည်ငြိမ်နေဆဲဖြစ်ကာ လူတိုင်းအား ရယ်မောအောင်ပြုလုပ်နိုင်ခဲ့သည်။
ဤသည်မှာ ကောင်းမွန်သောအကျင့်စရိုက်တစ်ခုဖြစ်ပြီး လူတိုင်းထံတွင် မရှိနိုင်ချေ။
"အမှန်ပဲ...နင်က ပိုပြီးပါရမီရှိတယ်"
လျှူယန်က ထိုသို့ပြောဆိုပြီးနောက် ယန်ရီကို ပြန်၍ကြည့်လိုက်သည်။
"ဒီတကြိမ်မှာ နင်ရဲ့နောက်ကို အစွမ်းထက်တဲ့ တပည့်တချို့ ငါ ထည့်ပေးလိုက်မယ်...နင်တို့က ရီဖုန်းကိုစောင့်ကြည့်ကာကွယ်ပေးဖို့ တာဝန်ကိုယူရမယ်"
"သူ့ကို နင်တို့ရဲ့မြင်ကွင်းအောက်က ပျောက်သွားခွင့်မပြုရင် အကောင်းဆုံးဖြစ်လိမ့်မယ်"
"အဲ့ဒီနည်းလမ်းနဲ့ တကယ်လို့ နေလတောင်ထိပ်က သူ့ကိုသတ်ချင်တယ်ဆိုရင်တောင် နင်တို့မှာ ပြန်ပြီးတိုက်ခိုက်ဖို့အတွက် အင်အားရှိနေလိမ့်မယ်"
"တကယ်လို့ နင်တို့ရှုံးသွားရင်တောင် ရီဖုန်းကိုအဝေးခေါ်ဆောင်သွားနိုင်မယ့် အရည်အချင်းမျိုး နင်တို့မှာရှိနေမယ်လို့ ငါ ယုံကြည်တယ်"
လျှူယန်က တည်ကြည်လေးနက်စွာ အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
ယန်ရီက တည်ကြည်လေးနက်စွာဖြင့် တုံ့ပြန်သည်။
သေခြင်းရှင်ခြင်းစင်မြင့်ပေါ်၌ ဖြစ်ပွားခဲ့သောကိစ္စကြောင့် နေလတောင်ထိပ်နှင့်ရှင်းချန်တောင်ထိပ်အကြားမှ ပဋိပက္ခများကို သူ သတိပြုမိခဲ့သည်။
ရီဖုန်း၏ ရဲဝံ့သောစိတ်နေသဘောထားမျိုးကို သူ့ကဲ့သို့ အစဉ်အမြဲ သတိကြီးစွာထားပြီးထိန်းချုပ်နေတတ်သောလူမျိုးမှနေ၍ တစ်ကြိမ်တခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။
ရီဖုန်းသည် တစ်ဖက်လူများ၏စွမ်းအားကို မကြောက်ရွံသည့်အပြင် သူ၏အသက်ဖြင့်ရင်းပြီး တိုက်ခိုက်ဝံ့သည်။
ရီဖုန်းသည် အလွန်ရိုသေလေးစားဖွယ်ကောင်းသဖြင့် သူ ဤကဲ့သို့လူမျိုးကို ချစ်မြတ်နိုးသည်။
လျှူယန်သည် တပည့်များ သိသင့်သောအရာအားလုံးကို အမိန့်ပေးပြီးနောက် မတ်တတ်ထရပ်လိုက်၏။
"ငါတို့တောင်ထိပ်ရဲ့တပည့်တွေ စွမ်းအားက နေလတောင်ထိပ်ထက် နည်းနည်းနိမ့်ပါးနေတယ်...ဒီတကြိမ်မှာ ငါက ချွင်းချက်ထားပြီးတော့ အပြင်စည်းလျှို့ဝှက်နယ်မြေကို ဖွင့်ပေးမယ်"
"ငါတို့နေလဂိုဏ်းရဲ့လျှို့ဝှက်နယ်မြေတွေကို အလွယ်တကူဖွင့်လို့မရဘူး...အဲ့ဒီနယ်မြေထဲမှာရှိတဲ့ စိတ်ဝိညာဥ်စွမ်းအားတွေက အပြင်ထက် အဆတစ်ထောင်ကျော် ပိုပြီးထူထပ်သိပ်သည်းတယ်"
"နင်တို့က အဲ့ဒီနယ်မြေထဲကို ဝင်ပြီးကျင့်ကြံမယ်ဆိုရင်...စိတ်ဝိညာဥ်စွမ်းအားတွေကို အကောင်းဆုံး စုပ်ယူရမယ်...ဒါက အချိန်နှစ်ရက်ပဲ ရတော့မယ်ဆိုပေမယ့် မင်းတို့ ဒီကိစ္စကနေ နည်းနည်းတော့တိုးတက်လာမယ်လို့ ငါ ယုံကြည်တယ်"
"နင်တို့ ဘယ်လောက်ထိ တိုးတက်လာမလဲဆိုတာကတော့...နင်တို့ရဲ့ကံကြမ္မာပေါ် မူတည်တယ်"
ထိုစကားများကိုကြားချိန်တွင် တပည့်များအားလုံး စိတ်လှုပ်ရှားသွားကြသည်။
သူတို့အကြားတွင် လူအုပ်ကြီး၏အစွန်ဘက်၌ မတ်တပ်ရပ်နေသော ရီဖုန်းသည် စိတ်အလှုပ်ရှားဆုံးလူပင်။
သူသည် သူ၏လက်နှစ်ဖက်ကိုပွတ်သပ်ကာ သူ၏မျက်လုံးများ တောက်ပနေသည်။
သူ၏ပါရမီအရည်အချင်းသည် နှစ်တစ်သောင်းလျှင် တစ်ကြိမ်မှထွက်ပေါ်သည့် ရှားပါးသောအရာပင်။
အင်မော်တယ်နယ်မြေသို့ သူ ရောက်ရှိခဲ့သော ရက်အနည်းငယ်အတောအတွင်းတွင် မည်သည့်အရာမျှ သူ ပြုလုပ်ခြင်းမရှိဘဲ အဆင့်များစွာ တိုးတက်လာခဲ့သည်။
အကယ်၍ သူသည် ပြင်ပလောကထက် စိတ်ဝိညာဥ်စွမ်းအား အဆတစ်ထောင်ကျော် ပို၍ပေါကြွယ်ဝသည့် လျှို့ဝှက်နယ်မြေအတွင်းသို့ သွားနိုင်ပါက သူ မည်သည့်အရာမျှလုပ်ဆောင်ရန်မလိုအပ်ဘဲ လဲလျောင်းကာ အိပ်စက်နေရုံဖြင့် သူ၏ကျင့်ကြံဆင့်အခြေခံ တဖြည်းဖြည်းမြင့်တက်လာပေမည်။
ထိုအကြောင်းကိုတွေးတောရင်း ရီဖုန်းသည် ကြိုးစားကြည့်ရန်အတွက် စိတ်အားထက်သန်ကာ စိတ်လှုပ်ရှားနေသည်။
မကြာမီမှာပင် လျှူယန်ဦးဆောင်သော လူတစ်စုသည် အပြင်စည်းလျှို့ဝှက်နယ်မြေသို့ ရောက်ရှိလာခဲ့သည်။
လေထုအတွင်း၌ ရွှေရောင်အလင်းတန်းများတောက်ပနေသော လှေကားထစ်များရှိနေသည်။
ထိုလှေကားထစ်များမှနေ၍ ဂိတ်တံခါးကြီးအထိ ရွှေရောင်အလင်းတန်းများ တောက်ပနေသည်။
လျှူယန်နှင့်တပည့်များသည် ထိုလှေကားထစ်များပေါ်သို့ တက်လိုက်ကြ၏။
ရီဖုန်းသည်လည်း နောက်မှလိုက်ပါသွားပြီးနောက် မကြာမီမှာပင် ဂိတ်တံခါးကြီး၏ရှေ့သို့ ရောက်ရှိသွားသည်။
အကြီးအကဲများသည် သူတို့၏လက်များဖြင့်လက်စည်းသင်္ကေတများကိုဖွဲ့စည်းကာ ဂိတ်တံခါးကြီးမှ စည်းတံဆိပ်ကို လှုံဆော်လိုက်ကြသည်။
ထိုအချိန်မှာပင် လျှူယန်သည် နောက်တွင်ရှိနေသော ရီဖုန်းကိုကြည့်လိုက်သည်။
သူမသည် ရီဖုန်းထံသို့ လျှောက်လှမ်းသွားလေ၏။
"အမှန်တော့ ဒီတစ်ကြိမ်မှာ နင်က အပြင်စည်းလျှို့ဝှက်နယ်မြေထဲကိုဝင်ဖို့ အရည်အချင်းမမှီဘူး"
"ဒါပေမဲ့ ငါ အရင်တုန်းက နင့်ကိုကတိပေးထားခဲ့တဲ့ အခြေအနေတစ်ခုကို ငါ အမှတ်ရသွားတယ်...ဒါကြောင့် ငါက နင့်အတွက် ဒီအခွင့်အရေးကို ယူပေးခဲ့တာပဲ"
"တကယ်တော့ နင် ဒါကိုမလိုချင်ဘူးဆိုရင် ငြင်းဆန်လို့ရတယ်...ငါက..."
"ရတယ်....ငါ လိုချင်တယ်"
ရီဖုန်းက လျှူယန်၏အဆုံးမသတ်သေးသောစကားများကို ကြားဖြတ်ဟန့်တားလိုက်သည်။
ရီဖုန်း၏အဖြေကိုကြားချိန်တွင် လျှူယန်က ဤသည်မှာ သူမ မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေသဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဒီတစ်ကြိမ်မှာ ရှင်းချန်တောင်ထိပ်နဲ့ နေလတောင်ထိပ်က တစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ် ..သူတို့က ရန်ငြိုးတွေကို ဆုပ်ကိုင်ထားကြတယ်...ဒါပေမယ့် သူတို့ အမုန်းဆုံးသူက နင် ဖြစ်နေမှာ သေချာပေါက်ပဲ"
"သုံးရက်အကြာမှာစတင်မယ့် တပည့်သစ်ယှဉ်ပြိုင်ပွဲကျရင် သူတို့က အခွင့်အရေးတစ်ခုရှာပြီးတော့ နင့်ကို တစ်ခုခုလုပ်ကြလိမ့်မယ်"
"ငါက ယန်ရီနဲ့တခြားအစွမ်းထက်တဲ့တပည့်တွေကို နင့်ကိုကူညီပေးဖို့အတွက် တောင်းဆိုထားပေမယ့်...နေလတောင်ထိပ်ရဲ့နည်းလမ်းတွေက သာမန်တိုက်ခိုက်မှုတစ်ခုလို ရိုးရှင်းမှာမဟုတ်ဘူး"
"လူဘယ်လောက်များများ နင့်ကို ကူညီနေပါစေ...နင် ပိုပြီးသန်မာအားကောင်းအောင် လုပ်မှရမယ်"
လျှူယန်က စိတ်အားထက်သန်စွာ ပြောဆိုသည်။
"နင့်မှာ ပါရမီကောင်းတစ်ခုရှိတာ ငါ သိထားတယ် ...ဒါကြောင့် ဒီတကြိမ်မှာ နင် လျှို့ဝှက်နယ်မြေကိုဝင်ပြီးတာနဲ့ အကောင်းဆုံးကြိုးစားပါ"
"ဒီအခွင့်အရေးကို သေချာဖမ်းဆုပ်ပြီးတော့ နင့်ရဲ့ကျင့်ကြံဆင့်အခြေခံကို နင် တက်နိုင်သမျှအမြင့်မားဆုံးအဆင့်ထိရောက်အောင် မြှင့်တင်ရမယ်"
"ဟုတ်ကဲ့"
လျှူယန်သည် ဤတစ်ကြိမ်တွင် သူ့အတွက် အကူအညီများပေးခဲ့သောကြောင့် ရီဖုန်းက သူမအား အလွန်အမင်းကျေးဇူးတင်နေမိသည်။
အကယ်၍ ဤကိစ္စသည် များစွာအသုံးမဝင်လျှင်ပင်....
သူ၏စိတ်နှလုံးသားအတွင်းမှာနေ၍ သူမအား အလွန်ကျေးဇူးတင်နေမိပေမည်။
ထို့ပြင် လျှူယန်သည် အပြင်စည်းလျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်နိုင်မည့်အခွင့်အရေးကိုလည်း သူ့အားပေးခဲ့လေ၏။
ထိုကြောင့် ရီဖုန်းက လျှုယန်ကို ကျေးဇူးတင်စကားပြောဆိုလိုက်သည်။
ထိုအချိန်မှာပင် နံဘေးတဖက်မှနေ၍ တုန်ခါသံတစ်သံ ထွက်ပေါ်လာသည်။
အကြီးအကဲများသည် အပြင်စည်းလျှို့ဝှက်နယ်မြေ၏တံခါးအား ဖွင့်လိုက်လေပြီ။
လျှုယန်သည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် သူမ၏တပည့်များကို ပြောလိုက်သည်။
"သွားကြတော့...နှစ်ရက်ကြာရင် မင်းတို့အားလုံး အပြင်ကိုထွက်လာရမယ်"
တပည့်များအားလုံး တုံ့ပြန်လိုက်ကြကာ တံခါးကိုဖြတ်သန်း၍ လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်သွားတော့သည်။
သူတို့သည် လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ကာ အတားအဆီးတစ်ခုကို ဖြတ်သန်းပြီးသည်နှင့် လေထုအတွင်း၌ အဖြူရောင်မြူခိုးများနှင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသည်။
ထူထပ်သိပ်သည်းသော မြူခိုးများအကြားသို့ သူတို့ ဝင်ရောက်သွားပြီးနောက် သူတို့၏ရှေ့သို့တွေ့မြင်နိုင်ခြင်းမရှိတော့ချေ။
လျှို့ဝှက်ဆန်းကြယ်ပြီး ထူထပ်သိပ်သည်းသော အဖြူရောင်မြူခိုးများကြောင့် လူတိုင်းသည် စိတ်အာရုံများလန်းဆန်းကာ ပျော်ရွှင်လာသကဲ့သို့ ခံစားမိသည်။
သူတို့၏စိတ်နှလုံးသားများအတွင်း၌ ရှိနေသည့် မလိုလားအပ်သောအတွေးများသည်လည်း ဤအချိန်အခိုက်အတန့်တွင် ပျက်ပြယ်သွားလေ၏။
ထိုအရာများအားလုံးသည် ဆေးကြောခံလိုက်ရသည့်အလားပင်။
အဖြူရောင်မြူခိုးများကို ဖြတ်သန်းကာ အတွင်းသို့ဝင်ရောက်ပြီးနောက် အချိန်တခဏအကြာတွင် အဖြူရောင်ရေများပန်းထွက်နေသည့် စိတ်ဝိညာဉ်ရေပူစမ်းတစ်ခုကို သူတို့အားလုံး တွေ့မြင်လိုက်ရသည်။
ဤသည်မှာ စိတ်ဝိညာဉ်စမ်းရေအိုင်ပင်။
ထိုရေအိုင်၏အထက်တွင် ထူထပ်သိပ်သည်းသော အဖြူရောင်မြူခိုးများရှိနေသည်။
ယန်ရီသည် လူအုပ်ကြီး၏ရှေ့ဆုံး၌ မတ်တတ်ရပ်နေလေ၏။သူသည် ရေအိုင်၏နံဘေးရှိ မြက်ဖျာကိုလက်ညှိုးညွှန်ပြကာ ပြောဆိုသည်။
"ငါတို့က အဲ့ဒီနေရာမှာထိုင်ပြီးတော့ ကျင့်ကြံလို့ရတယ်"
"အားလုံးပဲ...စပြီးကျင့်ကြံကြတော့...အချိန်မဖြုန်းကြနဲ့"
"ဟုတ်ကဲ့"
ယန်ရီ၏အမိန့်ကိုကြားချိန်တွင် တပည့်များအားလုံးသည် ရှေ့သို့တိုးကာ မြက်ဖျာများပေါ်တွင်ထိုင်ချပြီး ကျင့်ကြံရန်အတွက် အဆင်သင့်ပြင်လိုက်ကြတော့သည်။
ဤလျှို့ဝှက်နယ်မြေအတွင်း၌ စိတ်ဝိညာဉ်စွမ်းအားများ အလွန်ပေါကြွယ်ဝပြီး စိတ်ဝိညာဉ်ရေအိုင်အတွင်းရှိစမ်းရေသည် အရင်းအမြစ်ပင်။
လျှို့ဝှက်နယ်မြေတစ်ခုလုံး၌ ဤနေရာသည် စိတ်ဝိညာဉ်စွမ်းအား ထူထပ်သိပ်သည်းဆုံးနေရာပင်။
ရီဖုန်းသည် မြက်ဖျာတချပ်ကိုရှာဖွေကာ ထိုင်လိုသော်လည်း ထိုနေရာ၌ လူအမြောက်အများရှိနေသည်။
သူ ကြည့်လိုက်ချိန်တွင်...
တခြားလူများအားလုံးသည် မြက်ဖျာများပေါ်၌ထိုင်ကာ သူတို့၏မျက်လုံးများကိုမှိတ်ပြီး စတင်၍ကျင့်ကြံနေကြသည်။
ရီဖုန်းသည် မျက်မှောင်ကြုတ်လိုက်၏။
သောက်ချေးပဲ...
သူ မည်ကဲ့သို့ ပြောဆိုရမည်နည်း...
သူ တစ်ကြိမ်တစ်ခါမျှ ကျင့်ကြံခဲ့ဖူးခြင်းမရှိချေ။
မည်သူကမျှ သူ့အား သင်ကြားပေးခြင်းမရှိချေ။
မည်ကဲ့သို့ကျင့်ကြံရမည်ကို သရဲတစ္ဆေများထံမှ သူ သွားရောက်မေးမြန်းရမည်လော....
သူသည် ထိုလူများအကြား၌ရောနှော၍ ဟန်ဆောင်ကာ စိတ်ဝိညာဉ်စွမ်းအင်များကိုအနည်းငယ်စုပ်ယူရုံသာ တတ်နိုင်ပေမည်။
ရီဖုန်းသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် ရေပူစမ်းထံသို့ သူ၏မျက်လုံးအကြည့် ကျရောက်သွားသည်။
စိတ်ဝိညာဉ်စမ်းရေအိုင်တစ်ခုလုံး၌ ထိုရေပူစမ်းနေရာတွင် အဖြူရောင်ရေများစီးဆင်းနေပြီး အထက်၌ အဖြူရောင်အခိုးအငွေ့များ မျောလွင့်နေသည်။
ပြောရမည်ဆိုလျှင် လျှို့ဝှက်နယ်မြေတစ်ခုလုံးအတွင်း၌ ထိုနေရာရှိစွမ်းအားများသည် ထူထပ်သိပ်သည်းမှုအရှိဆုံးပင်။
ဤနေရာထက်ပို၍ စွမ်းအားပေါကြွယ်ဝသောနေရာ မရှိနိုင်တော့ချေ။
ထိုအကြောင်းကိုတွေးတောရင်း ရီဖုန်းသည် မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ စိတ်ဝိညာဉ်ရေပူစမ်းအတွင်းသို့ ဝင်လိုက်သည်။
အဖြူရောင်ရေများက သူ့အားလွှမ်းခြုံကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ရစ်ပတ်သွားတော့သည်။
ရေပူစမ်းအတွင်းတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး စိုစွတ်သွားသော်လည်း သူ မည်သည့်အရာကိုမျှ ခံစားရခြင်းမရှိချေ။
ရီဖုန်းက အဖြူရောင်ရေများကို ထိတွေ့လိုက်၏။
ဤသည်မှာ အသုံးဝင်ပါသလော....
ပြင်ပတွင် အသက်ရှူသွင်းရှူထုတ်ပြုလုပ်နေသော စီနီယာအစ်ကိုများ၏ပုံပန်းသွင်ပြင်ကို တွေးတောပြီးနောက် သူသည် တူညီသောကိုယ်နေဟန်ထားဖြင့် ရေပူစမ်းအတွင်း၌ ပလ္လင်ခွေထိုင်လိုက်သည်။
ရှူ...ထုတ် ရှု...ထုတ်
သူ မည်သည့်အရာကိုမျှ မခံစားရဆဲပင်။
သူ တဖြည်းဖြည်းအိပ်ငိုက်လာသဖြင့် သန်းဝေလိုက်၏။
တစ်ချိန်တည်းမှာပင် လျှို့ဝှက်နယ်မြေအတွင်းရှိလေဟာနယ်အတွင်း၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပွားသွားခဲ့သည်။
ကျင့်ကြံရန်အတွက် အသက်ရှုသွင်းရှူထုတ်ပြုလုပ်နေသော တပည့်များအားလုံး တစ်ယောက်ပြီးတစ်ယောက် သူတို့၏မျက်လုံးများကို ဖွင့်လိုက်ကြသည်။
"ဘာဖြစ်တာလဲ....ဒီနေရာမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက ပြင်ပထက် အဆတစ်ထောင်ပိုများတယ်လို့ ပြောခဲ့တယ်မဟုတ်လား"
"ဘာလို့ ငါက အများဆုံးဆယ်ဆကျော်လောက်ပဲရှိနေမယ်လို့ ခံစားမိတာလဲ"
"မဟုတ်ဘူး"
အစောပိုင်းက ကျင့်ကြံနေခဲ့သော တပည့်တချို့က အံ့အားတသင့်အော်ဟစ်လိုက်သည်။
"ငါ စပြီးကျင့်ကြံတုန်းက စိတ်ဝိညာဉ်စွမ်းအားတွေ ထူထပ်သိပ်သည်းတာကို ငါ တကယ်ကြီးအာရုံခံမိတယ်...ဒါပေမဲ့ အခု ရုတ်တရက်ကြီး ပြောင်းလဲသွားခဲ့တယ်"
Chapter 600
"ဘာဖြစ်သွားတာလဲ..."
တပည့်များအားလုံး အံ့အားသင့်သွားကာသူတို့၏နားရွက်များကိုကုတ်၍ စဉ်းစားတွေးတောလိုက်ကြသည်။
သို့ရာတွင် သူတို့သည် တစ်စုံတစ်ခုကိုမျှ စဉ်းစားမိခြင်းမရှိချေ။
လူအုပ်အကြား၌ ထိုင်နေသော ယန်ရီသည်လည်း တစ်စုံတစ်ခုထူးဆန်းနေသည်ဟု ခံစားမိလေ၏။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူ၏ထူးဆန်းမှုကို အဖြေရှာနေရန် အချိန်မရတော့ချေ။
ထို့ကြောင့် လူတိုင်း၏သံသယအပြည့်ဖြင့် စကားပြောဆိုနေမှုကို ကြားဖြတ်ဟန့်တားကာ ပြောဆိုလိုက်သည်။
"တကယ်လို့ ဒီနေရာက ပြင်ပထက် စိတ်ဝိညာဥ်စွမ်းအားတွေ ဆယ်ဆပဲပိုများတယ်ဆိုရင်တောင် မဆိုးသေးပါဘူး"
"ငါတို့ မြန်မြန်ကျင့်ကြံပြီးတော့ စိတ်ဝိညာဥ်စွမ်းအားတွေကို ထပ်ပြီးစုပ်ယူကြရအောင်"
ယန်ရီ၏စကားများကိုကြားချိန်၌ ဤသည်မှာမှန်ကန်သည်ဟု လူတိုင်း တွေးတောမိလေ၏။
ထိုကြောင့် သူတို့သည် ထပ်မံ၍စိတ်ရှုပ်မခံကြတော့ချေ။
သူတို့သည် မျက်လုံးစုံမှိတ်ကာ ပလ္လင်ခွေထိုင်ပြီး ထပ်မံ၍ကျင့်ကြံလိုက်ကြတော့သည်။
တချိန်တည်းမှာပင် ရေပူစမ်းအတွင်း၌ထိုင်နေသော ရီဖုန်းသည် အလွန်အမင်းအိပ်ချင်စိတ်ပြင်းပြလာပေ၏။
ရေအိုင်အတွင်းရှိ ကျောက်တုံးများမှာ အလွန်မာကျောသည်။
သူသည် အနည်းငယ် ပို၍သက်သောင့်သက်သာရှိသောနေရာသို့ ရွှေ့ပြောင်းလိုသည်။
တိကျသေချာစွာဖြင့် ရေပူစမ်းအတွင်းတွင် ဗဟိုချက်နေရာရှိနေသည်။
သူသည် စိတ်ဝိညာဥ်စွမ်းအားများကို အထက်မှ စုပ်ယူနိုင်သည့်အပြင် အောက်ခြေမှလည်းစုပ်ယူနိုင်သည်။
ရေအောက်သို့ရောက်ရှိသွားမည်ဖြစ်သောကြောင့် သူ ကျင့်ကြံနိုင်မည်မဟုတ်သော်လည်း သူ၏ရှားပါးသောပါရမီအရည်အချင်းကြောင့် အိပ်မောကျနေစေအတောအတွင်း၌ သူ၏ကျင့်ကြံဆင့်များ မြင့်တက်လာနိုင်သည်။
ထိုအကြောင်းကိုတွေးတောရင်း ရီဖုန်းသည် အလွန်စိတ်ကျေနပ်သွားပေ၏။ထို့နောက် သူ၏အတွေးကို အကောင်အထည်ဖော်လိုက်သည်။
ရေအိုင်အောက်ခြေသို့အရောက်တွင် သူ သန်းဝါးလိုက်သည်။
ဝါးး...
တစ်ချက်သန်းဝေပြီးနောက်
ဝါး...
ဒုတိယအကြိမ် သန်းဝေလိုက်ကာ...
ထို့နောက် သူ အိပ်မောကျသွားတော့သည်။
"မဟုတ်ဘူး....စိတ်ဝိညာဥ်စွမ်းအားတွေ ထပ်ပြီးလျော့ပါးသွားပြန်ပြီ"
တပည့်တစ်ယောက်သည် ရုတ်တရက် သူ၏မျက်လုံးကိုဖွင့်ကာ အံ့အားတသင့် အော်ဟစ်လိုက်၏။
တခြားတပည့်များသည်လည်း သူတို့၏မျက်လုံးများကို တစ်ပြိုင်နက်တည်း ဖွင့်လိုက်ကြသည်။
"ဒါက လျော့ပါးသွားရုံတင်မကဘူး....စိတ်ဝိညာဥ်စွမ်းအားတွေအားလုံး ပျောက်ကွယ်သွားပြီ"
တခြားတပည့်တစ်ယောက်က ဒေါသတကြီးညည်းတွားလိုက်သည်။
အပြင်စည်းလျှို့ဝှက်နယ်မြေ၏ တံခါးရှေ့၌ လျှူယန်နှင့်တခြားအကြီးအကဲများ စောင့်ကြပ်နေကြသည်။
သူတို့သည် စကားပြောဆိုနေရင်း အကြီးအကဲတစ်ယောက်က စိုးရိမ်ပူပန်သောအမူအယာဖြင့် သက်ပြင်းရှိုက်လိုက်၏။
"ဒီတကြိမ်လည်း ငါတို့ရှင်းချန်တောင်ထိပ်က အရင်အကြိမ်တွေလိုပဲ ဖြစ်မှာကို ငါ စိုးရိမ်မိတယ်"
လျှူယန်က ခါးသည်းစွာပြုံးကာ ကူကယ်ရာမဲ့စွာနှင့်မလိုလားစွာ ပြောဆိုသည်။
"အမှန်ပဲ"
"ဒီနှစ်တွေအတွင်းမှာ ကောင်းရှစ်ကျီးက ငါတို့ရဲ့အပြင်စည်းလျှို့ဝှက်နယ်မြေကို လိုချင်တပ်မက်နေတာ အချိန်အတော်ကြာနေပြီ...ငါတို့ ဒီလျှို့ဝှက်နဲ့မြေကို စပြီးရှာတွေ့ကတည်းက ငါတို့ရှင်းချန်တောင်ထိပ်နဲ့ နေလတောင်ထိပ်အကြားမှာ အငြင်းပွားမှုတွေ စတင်လာခဲ့တာပဲ"
"ဒီကိစ္စကို နှစ်တွေအများကြီးကြာအောင် အချိန်ဆွဲထားနိုင်ခဲ့ပေမယ့်....ဒီတကြိမ်တော့ ထပ်ပြီးအချိန်ဆွဲဖို့ ခက်ခဲမှာကို ငါ စိုးရိမ်မိတယ်"
ရှင်းချန်တောင်ထိပ်မှ တတိယအကြီးအကဲက ဒေါသတကြီး ပြောဆိုလိုက်၏။
"ဒါက အရမ်းအနိုင်ကျင့်လွန်းတယ် မဟုတ်လား ....အပြင်စည်းလျှို့ဝှက်နယ်မြေကို ငါတို့ရှင်းချန်တောင်ထိပ်ကလူတွေ မတော်တဆရှာတွေ့ခဲ့တာလေ"
"ကောင်းရှစ်ကျီး လိုချင်တယ်ဆိုတာနဲ့...ငါတို့က ဒီနယ်မြေကို နေလတောင်ထိပ်ဆီ ပေးရမှာလား"
အပြင်စည်းလျှို့ဝှက်နယ်မြေကို မူလက ရှင်းချန်တောင်ထိပ်မှလူများ အလွန်အမင်းဝေးလံခေါင်သီသောနေရာတစ်နေရာသို့ သွားရောက်၍ တာဝန်တစ်ခုပြုလုပ်စဉ်၌ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ဂိုဏ်းအတွက်အသုံးပြုရန်အတွက် လျှို့ဝှက်နည်းလမ်းတခုကို အသုံးပြု၍ အပြင်စည်းလျှို့ဝှက်နယ်မြေအဖြစ် ပြုလုပ်ခဲ့သည်။
သို့ရာတွင် ဤနယ်မြေကို ရှင်းချန်တောင်ထိပ်မှလူများ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သဖြင့် စီမံအုပ်ချုပ်ပိုင်ခွင့်သည် ရှင်းချန်တောင်ထိပ်ထံ၌ရှိနေသည်။
ပြောရမည်ဆိုလျှင် ဤနယ်မြေကို ဂိုဏ်းတစ်ဂိုဏ်းလုံး အသုံးပြုနိုင်သော်လည်း စိတ်ဝိညာဥ်စွမ်းအားပေါကြွယ်ဝမှုကို ထိန်းသိမ်းထားနိုင်ရန်အလို့ငှာ တောင်ထိပ်တခုစီမှ ဝင်ရောက်နိုင်သောလူအင်အားအကန့်အသတ်ရှိသည်။
ရှင်းချန်တောင်ထိပ်မှလူများကမူ သူတို့ စီမံအုပ်ချုပ်ရသော နယ်မြေဖြစ်နေသဖြင့် တခြားတောင်ထိပ်များထက် များစွာပို၍အသုံးပြုနိုင်သည်။
အကြောင်းအရင်းမှာ ဤနေရာကိုမူလကတည်းက ရှင်းချန်တောင်ထိပ်မှလူများ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သောကြောင့် နေလဂိုဏ်းတစ်ဂိုဏ်းလုံးမှ စီမံအုပ်ချုပ်ခွင့် ပေးထားသောကြောင့်ပင်။
သို့ရာတွင် ကောင်းရှစ်ကျီးသည် ဤကိစ္စကိုလိုလားခြင်းမရှိပေ။
သူသည် ဤနယ်မြေကို လိုချင်တပ်မက်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ထိုအကြောင်းအရင်းကြောင့် ကောင်းရှစ်ကျီးသည် ရှင်းချန်တောင်ထိပ်နှင့် စတင်၍ယှဉ်ပြိုင်တော့သည်။
အကြီးအကဲတစ်ယောက်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကို ဂိုဏ်းချုပ်ကိုယ်တိုင် ပြောထားတယ်...ဒီတကြိမ် တပည့်သစ်ယှဥ်ပြိုင်ပွဲမှာ အဆင့်ကောင်းကောင်းရတဲ့တပည့်ရှိနေတဲ့ တောင်ထိပ်က အပြင်စည်းလျှို့ဝှက်နယ်မြေ စီမံအုပ်ချုပ်ပိုင်ခွင့်ကို ရသွားလိမ့်မယ်"
တတိယအကြီးအကဲက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ကောင်းရှစ်ကျီး ဘာတွေစဉ်းစားနေလဲဆိုတာ ဂိုဏ်းချုပ်က ရှင်းရှင်းလင်းလင်းသိထားတယ်... အပြင်စည်းလျှို့ဝှက်နယ်မြေ စီမံအုပ်ချုပ်ပိုင်ခွင့်ကို အင်အားကြီးတဲ့လူကပဲ ထိန်းချုပ်နိုင်လိမ့်မယ်"
"အားနည်းတဲ့လူကတော့ ဒါကို ထိန်းသိမ်းထားနိုင်မှာမဟုတ်ဘူး"
"တကယ်လို့ ဒီနှစ်တွေအတွင်းမှာ ကောင်းရှစ်ကျီးက အရှက်မဲ့တဲ့နည်းလမ်းတွေကို အသုံးပြုပြီးတော့ ပါရမီရှင်တွေအများကြီးကို မွေးထုတ်ပေးနိုင်တာကြောင့်သာ မဟုတ်ရင်....ငါတို့ရှင်းချန်တောင်ထိပ်က ဘယ်လိုလုပ်ပြီးတော့ အရည်အချင်းရှိတဲ့ ပါရမီရှင်တွေကို မခေါ်နိုင်ဘဲနေမှာလဲ"
"တကယ်လို့ သူ့မှာ အရည်အချင်းရှိရင် လျှို့ဝှက်နယ်မြေတစ်ခုကို သူ့ဘာသာသူ ရှာလေ... ဂိုဏ်းချုပ်က နေလတောင်ထိပ်ကို ဘက်လိုက်နေတယ်လို့ ငါ ထင်တယ်"
လျှူယန်ကလည်း သက်ပြင်းတစ်ချက်ရှိုက်ကာ တတိယအကြီးအကဲ၏ စကားပြောဆိုနေမှုကို ဟန့်တားလိုက်သည်။
"ဟူး...ဂိုဏ်းချုပ်ကိုယ်တိုင် ပြောထားမှတော့ ဘာတတ်နိုင်ပါ့မလဲ"
"ဒီတကြိမ် တပည့်သစ်ယှဉ်ပြိုင်ပွဲမှာ အနိုင်ရနိုင်တဲ့အခွင့်အရေးက ငါတို့ဆီမှာ နည်းနည်းလေးတောင်မရှိဘူး"
"သူတို့က အရင်အကြိမ်တွေတုန်းကလိုပဲ ပထမနေရာကို ရသွားနိုင်တယ်"
"ဒီလိုဆိုရင် ငါတို့က ဒီလျှို့ဝှက်နယ်မြေ သူတို့ကို ပေးလိုက်ရမှာလား"
တတိယအကြီးအကဲက ပြောဆိုသည်။
"အခုချိန်မှာ ငါတို့က နေလတောင်ထိပ်ရဲ့ဖိနှိပ်ပြီး အနိုင်ကျင့်တာကို ခံနေရတယ်..တကယ်လို့ ငါတို့က လျှို့ဝှက်နယ်မြေကို ပေးလိုက်ရမယ်ဆိုရင် သူတို့က ပိုပြီးတောင်မောက်မာထောင်လွှားလာမှာ မဟုတ်ဘူးလား"
"သူတို့က ငါတို့ရှင်းချန်တောင်ထိပ်ကို ဘယ်အဆင့်ထိ အရှက်ခွဲချင်နေတာလဲ"
"တတိယအကြီးအကဲပြောတာ အမှန်ပဲ"
တခြားအကြီးအကဲတစ်ယောက်ကလည်း ဝင်ရောက်ပြောဆိုသည်။
"အတိအကျပြောရမယ်ဆိုရင် ငါတို့က အကောင်းဆုံးကြိုးစားပြီးတော့ ဒီလျှို့ဝှက်နယ်မြေကို ထိန်းသိမ်းထားရမယ်"
လျှူယန်သည် စကားပြောဆိုခြင်းမပြုသော်လည်း သူမ၏မျက်နှာအမူအယာ တည်ကြည်လေးနက်နေသည်။
အချိန်တစ်ခဏကြာခန့် တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် သူမက ပြောဆိုလိုက်၏။
"ငါ အရင်ဆုံးပြန်တော့မယ်...နောက်ထပ်နှစ်ရက်ကြာမှ သူတို့ကို ပြန်လာခေါ်မယ်"
"ကျေးဇူးပြုပြီးတော့ အကြီးအကဲတွေအားလုံးက လျှို့ဝှက်နယ်မြေရဲ့တံခါးကို စောင့်ကြည့်ပေးထားကြပါ"
"ဟုတ်ကဲ့"
အကြီးအကဲများက တုံ့ပြန်သည်။
လျှူယန်သည် ထွက်ခွာသွားရန် ဟန်ပြင်နေစဉ်မှာပင် ဘုန်းခနဲအသံတစ်သံကို သူမ ကြားလိုက်ရသည်။
သူမက နောက်သို့လှည့်ကြည့်လိုက်ရာ လျှို့ဝှက်နယ်မြေ၏တံခါး ဖြည်းညှင်းစွာပွင့်လာသည်ကို သူမ မြင်တွေ့မိသည်။
လျှူယန်နှင့်အကြီးအကဲများအားလုံး ကြက်သေသေသွားလေ၏။
နောက်ထပ်အချိန်အခိုက်အတန့်တွင် တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် ဆဲဆိုပြီး ပြင်ပသို့ထွက်လာကြသည်ကို သူမတို့ မြင်တွေ့လိုက်ရသည်။
"နင်တို့ ဘာလို့ထွက်လာကြတာလဲ"
လျှူယန်က ထိတ်လန့်သွားကာ မေးမြန်းလိုက်သည်။
လူအုပ်ကြီး၏ရှေ့ဆုံးမှ လျှောက်လှမ်းလာသော ယန်ရီက သုန်မှုန်နေသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"လျှို့ဝှက်နယ်မြေထဲမှာရှိတဲ့ စိတ်ဝင်စွမ်းအားတွေမှာ ပြဿနာတစ်ခုရှိနေတယ်"
"ငါတို့ လျှို့ဝှက်နယ်မြေထဲကို စဝင်တဲ့အချိန်တုန်းက စိတ်ဝိညာဥ်စွမ်းအားတွေ ပေါကြွယ်ဝပြီးတော့ အဆင်ပြေတယ်...ဒါပေမဲ့ အချိန်နည်းနည်းကြာလာတဲ့နောက်မှာ အဲ့ဒီစိတ်ဝိညာဉ်စွမ်းအားတွေ လျော့ပါးသွားတယ်"
"အခုအချိန်မှာ ဘာစိတ်ဝိညာဥ်စွမ်းအားမှ မကျန်တော့ဘူး"
"ငါတို့ အပြင်မှာပဲကျင့်ကြံတာ ပိုကောင်းလိမ့်မယ်"
နံဘေးတွင်ရှိနေသော တပည့်တစ်ယောက်ကလည်း ယန်ရီ၏စကားကို ထောက်ခံပြောဆိုသည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ထိုစကားများကိုကြားချိန်တွင် လျှူယန်သည် အလွန်အမင်း အံ့အားသင့်တုန်လှုပ်သွားပေ၏။
ဘယ်လိုဖြစ်ပြီးတော့အဲဒီစိတ်ဝိညာဉ်စွမ်းအားတွေမရှိတော့တာလဲ။
သူမသည် ဆဲဆိုခြင်းမရှိ စကားပြောဆိုခြင်းလည်းမရှိသည့် တစ်ဦးတည်းသောလူ ရီဖုန်းကိုကြည့်လိုက်သည်။
လျှူယန်သည် သူ့အားကြည့်နေသည်ကို ရီဖုန်းက မြင်တွေ့မိလေ၏။
သူ ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
ရိုးရိုးသားသားဝန်ခံရလျှင် သူသည် မည်ကဲ့သို့ ကျင့်ကြံရမည်ကို မသိရှိသောလူပင်။သူသည် မည်သည့်စွမ်းအားအပြောင်းအလဲကိုမျှ မခံစားရသည့်အပြင် အဖြူရောင်ခိုးအငွေ့များအားလုံး ပျောက်ကွယ်သွားသည်ကိုလည်း သတိပြုခြင်းမရှိချေ။
သို့ရာတွင် တခြားလူများသည် သူ၏ကျင့်ကြံခြင်းနှင့် ပတ်သက်သည့်ကိစ္စများကို မည်သို့မျှ သိရှိမည်မဟုတ်ချေ။
ထို့ကြောင့် သူ သံယောင်လိုက်ရန် ရွေးချယ်လိုက်၏။
"စီနီယာအစ်ကိုတွေ ပြောတာအမှန်ပဲ..အခုအချိန်မှာ ဘာစိတ်ဝိညာဥ်စွမ်းအားမှ မရှိတော့ဘူး"
"ဘာအမှားအယွင်းရှိနေလဲဆိုတာ မသိဘူး"
လျှူယန်နှင့်အကြီးအကဲများသည် သူတို့၏အောက်မေးရိုးများ ပြုတ်ကျလုမတတ် ထိတ်လန့်တုန်လှုပ်သွားသည်။
တပည့်များအားလုံး တူညီသောစကားများကိုသာ ပြောဆိုနေသဖြင့် သူတို့သည် မယုံကြည်နိုင်ဖြစ်နေကြလေ၏။
ထိုကြောင့် သူတို့အားလုံး လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်လိုက်ကြသည်။
ထိုနေရာသို့ရောက်ရှိချိန်တွင် သူတို့အားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။
လျှို့ဝှက်နယ်မြေတစ်ခုလုံးအတွင်းရှိ ထူထပ်သိပ်သည်းသော အဖြူရောင်အခိုးအငွေ့များ လုံးလုံးလျားလျား ပျောက်ကွယ်သွားကာ ရေအိုင်ပင်လျှင် ခန်းခြောက်သွားလေပြီ။
လျှို့ဝှက်နယ်မြေအတွင်း၌ စိတ်ဝိညာဥ်စွမ်းအားများကြောင့် အရူးအမူးရှင်သန်ကြီးထွားနေသော အင်မော်တယ်မြက်ပင်များပင်လျှင် ညှိုးနွမ်းခြောက်သွေ့နေပေ၏။
သူတို့အားလုံးသည် မျက်လုံးစုံမှိတ်ကာ အာရုံခံလိုက်ကြသည်။
ဤသည်မှာ အမှန်တကယ်ကို စိတ်ဝိညာဥ်စွမ်းအားများ ကုန်ခမ်းသွားခြင်းပင်။
ဤသည်မှာ လျှို့ဝှက်နယ်မြေနှင့်မတူညီဘဲ ခြောက်သွေ့သော သဲကန္တာရကြီးတစ်ခုအလားပင်။
"ဒါက...."
လျှုယန်သည် သူမရှေ့ရှိမြင်ကွင်းကို မယုံကြည်နိုင်သော်လည်း ဤအချိန်အခိုက်အတန့်တွင် သူမ ယုံကြည်လက်ခံလိုက်ရသည်။
"ဒါက ဘယ်လိုဖြစ်သွားတာလဲ"
အကြီးအကဲများသည်လည်း နယ်မြေအတွင်းတွင် မည်သည့်စိတ်ဝိညာဥ်စွမ်းအားမျှ မကျန်ရှိတော့သည်ကို ခံစားမိသဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။
"ဘယ်လိုလုပ်ပြီးတော့ လျှို့ဝှက်နယ်မြေထဲကစိတ်ဝိညာဥ်စွမ်းအားတွေ ရုတ်တရက်ကြီး ပျောက်ကွယ်သွားတာလဲ"
ထိုစကားလုံးများကိုကြားချင်တွင် တတိယအကြီးအကဲက ခြေတချက်ဆောင့်နင်းလိုက်ကာ သူ့၏မျက်နှာပေါ်တွင် နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေပေ၏။
"ငါသိပြီ...ဒီကိစ္စက ကောင်းရှစ်ကျီးရဲ့လက်ချက်ပဲဖြစ်မယ်...သူက ငါတို့ရှင်းချန်တောင်ထိပ်ရဲ့ လျှို့ဝှက်နယ်မြေကို ပျက်စီးသွားအောင် အကွက်ချကြံစည်တာပဲဖြစ်မယ်"
"အမှန်ပဲ...ဒါက ကောင်းရှစ်ကျီးရဲ့လက်ချက်ပဲ ဖြစ်မယ်"
"ဟုတ်တယ်...နေလတောင်ထိပ်ကလူတွေကလွဲပြီးတော့ တခြားဘယ်သူကမှ အပြင်စည်းလျှို့ဝှက်နယ်မြေကို ဖျက်ဆီးမှာမဟုတ်ဘူး"
တတိယအကြီးအကဲသည် အလွန်ဒေါသထွက်နေသဖြင့် မြေပြင်ပေါ်၌ခုန်ပေါက်ကာ အော်ဟစ်လိုက်သည်။
"ကောင်းရှစ်ကျီးက ငါတို့ကို အနိုင်ကျင့်တာ ဒီတစ်ကြိမ်တော့ လွန်သွားပြီ...ငါ သူ့ကို သွားသတ်မယ်"
ထိုစကားကိုကြားချိန်တွင် လျှူယန်သည်လည်း အလွန်ဒေါသထွက်သွားလေ၏။
Thank For Reading.