အခန်း (၆၀၁-၆၀၅)
Vol. 41 Ch. 601-605
Chapter 601
ပင်မခန်းမ၌...
ထိပ်ဆုံးတွင် လူလတ်ပိုင်းကြီးတစ်ယောက် ထိုင်နေကာ သူ့ကိုကြည့်ရသည်မှာ တည်ကြည်ပြတ်သားပြီး ဖြောင့်မတ်မှန်ကန်ပုံရသည်။
သူ့ထံတွင် နှိုင်းယှဉ်ပြစရာမရှိသည်အထိ ကြီးကြပ်ခမ်းနားမှုများ ရှိနေပေ၏။
ဤအကြိမ်အခိုက်အတန့်တွင် လျှူယန်သည် ထိုလူ၏ရှေ့၌ ဝပ်တွားကာ တစ်စုံတစ်ခုကို တီးတိုးပြောဆိုနေသည်။
"ငါ သိပြီ"
အချိန်အတော်ကြာပြီးနောက် ထိုလူလတ်ပိုင်းကြီးသည် လူအများအား မမြင်နိုင်သောဖိအားအရှိန်အဝါကို ပေးစွမ်းနိုင်သည့် အားကောင်းသောအသံဖြင့် ပြောဆိုသည်။
ခန်းမအတွင်း၌ ကောင်းရှစ်ကျီးသည် ဒူးထောက်နေကာ သူ့ကိုကြည့်ရသည်မှာ အလွန်အမင်းစိုးရိမ်ပူပန်နေပုံရသည်။
လူလတ်ပိုင်းကြီး စကားပြောဆိုလိုက်သောအချိန်အခိုက်အတန့်တွင် ကောင်းရှစ်ကျီးသည် သူ၏ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထားကာ ငြင်းခုံလိုက်၏။
"ဂိုဏ်းချုပ်...ဒီမိန်းမရဲ့မဟုတ်မမှန်စကားတွေကို နားမထောင်ပါနဲ့"
"သူက ငါ့ကို အကွက်ချကြံစည်တာပဲ"
လျှူယန်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ကောင်းရှစ်ကျီး...နင် ငြင်းချင်သေးတာလား...နင်ကလွဲပြီးတော့ ငါတို့ရှင်းချန်တောင်ထိပ်ရဲ့ အပြင်စည်းလျှို့ဝှက်နယ်မြေကို တခြားဘယ်သူက ဖျက်ဆီးမှာလဲ"
"မင်း ရူးနေတာလား"
ကောင်းရှစ်ကျီးသည် စိုးရိမ်ပူပန်နေကာ သူ၏မျက်လုံးများ ပြူးကျယ်နေပြီး သူ၏ပါးပြင်သည် ဒေါသကြောင့်နီမြန်းနေပေ၏။
"မင်း ငါ့ကို စွပ်စွဲနေတာပဲ"
"ငါက စွပ်စွဲတာလား...နင် ဒီကိစ္စကို လုပ်ခဲ့တာဟုတ်မဟုတ် နင် အသိဆုံးဖြစ်မှာပါ"
လျှူယန်က ဒေါသတကြီးပြောဆိုသည်။
"တကယ်လို့ နင်မလုပ်ဘူးဆိုရင် ဘာလို့ နင့်မျက်နှာ နီမြန်းနေတာလဲ"
"သောက်ချေးပဲ...လျှူယန် မင်းက ငါ့ရဲ့ခေါင်းပေါ်ကို သေးအိုးလာတင်ချင်နေတာလား...ငါ မင်းကို ပြောလိုက်မယ်...မင်း အိပ်မက်မက်မနေစမ်းနဲ့"
ကောင်းရှစ်ကျီးသည် အလွန်ဒေါသထွက်နေသဖြင့် သူသည် ဒူးထောက်ထိုင်နေရာမှ ဒေါသတကြီးခုန်ထလိုက်၏။
"နင် မဟုတ်ရင် တခြားဘယ်သူဖြစ်နိုင်လို့လဲ"
လျှူယန်က ဒေါသတကြီးပြောဆိုသည်။
"နေလဂိုဏ်းတစ်ဂိုဏ်းလုံးမှာ ငါတို့ကို အမြဲတမ်းအနိုင်ကျင့်ပြီး အရှက်ခွဲနေတဲ့ နေလတောင်ထိပ်ကလွဲပြီးတော့ ငါတို့ရဲ့အပြင်စည်းလျှို့ဝှက်နယ်မြေကို တခြားဘယ်သူက ဖျက်ဆီးမှာလဲ"
"မင်းတို့ရှင်းချန်တောင်ထိပ်ကလူတွေ မင်းတို့ဘာသာဖျက်ဆီးပြီးတော့ ငါ့ကို ထောင်ချောက်ဆင်တာဟုတ်မဟုတ် ဘယ်သူက သိနိုင်မှာလဲ"
ကောင်းရှစ်ကျီးသည် အလွန်ဒေါသထွက်နေသဖြင့် လျှူယန်ကို စူးစိုက်ကြည့်ပြီး သရော်တော်တော်ပြောဆိုလိုက်သည်။
လျှူယန်သည် အသက်ရှူမွန်းကြပ်သွားသဖြင့် နောက်သို့ချာခနဲ ပြန်လှည့်လိုက်၏။
သူမ၏မျက်နှာထက်တွင် စွပ်စွဲပြစ်တင်လိုသောအမူအယာမျိုးရှိနေကာ နေလဂိုဏ်းချုပ်ဘက်သို့ ပြန်လှည့်လိုက်သည်။
"ဂိုဏ်းချုပ်...ငါ့ရဲ့စကားကို နားထောင်ပေးပါ...သူက သူမလုပ်ဘူးပဲ ပြောနေတယ်...သူက ငါတို့ရှင်းချန်တောင်ထိပ်ကို အမြဲတမ်းအနိုင်ကျင့်နေတယ်...ငါတို့ရှင်းချန်တောင်ထိပ်က အပြင်စည်းလျှို့ဝှက်နယ်မြေကို ဘယ်လောက်ထိ အလေးထားပြီး စောင့်ကြပ်ထားလဲဆိုတာ...တခြားလူတွေမသိရင်တောင် ဂိုဏ်းချုပ်အသိဆုံး ဖြစ်မှာပါ"
"ငါတို့က သူ့ကို ထောင်ချောက်ဆင်ဖို့အတွက်နဲ့ ဘယ်လိုလုပ်ပြီးတော့ ငါတို့အတွက် အရေးပါတဲ့အပြင်စည်းလျှို့ဝှက်နယ်မြေကို ငါတို့ကိုယ်တိုင် ဖျက်ဆီးမှာလဲ"
လျှူယန်သည် တစတစပို၍ဒေါသထွက်လာသည်။
ကောင်းရှစ်ကျီးသည် သူမတို့တောင်ထိပ်၏ လျှို့ဝှက်နယ်မြေကို ဖျက်ဆီးခဲ့ရုံသာမက ထိုအပြစ်ကို သူမတို့၏ခေါင်းပေါ်သို့ ပြန်တင်လိုသည်။
ဤသည်မှာ လုံးလုံးလျားလျား သည်းခံနိုင်ဖွယ်မရှိသော ကိစ္စတစ်ရပ်ပင်။
ကောင်းရှစ်ကျီးသည် ငြင်းခုံရန်အတွက် ခေါင်းမော့လိုက်သော်လည်း နေလဂိုဏ်းချုပ်က သူ၏လက်ကိုမြှောက်၍ ဟန့်တားလိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် ခန်းမအတွင်းရှိ မည်သူတစ်ဦးတစ်ယောက်မျှ ငြင်းခုံဝံ့ခြင်းမရှိတော့ချေ။
သူသည် ကောင်းရှစ်ကျီးကိုကြည့်ကာ သူ၏မျက်လုံးများ တည်ကြည်လေးနက်နေပြီး သူ၏မျက်နှာပေါ်တွင် အမူအယာကင်းမဲ့နေသည်။
"ရှင်းချန်တောင်ထိပ်က အပြင်စည်းလျှို့ဝှက်နယ်မြေကို အရမ်းအလေးထားတယ်...ငါက ဒီကိစ္စကို ကောင်းကောင်းကြီး နားလည်သဘောပေါက်တယ်...မင်းလည်း ဒီကိစ္စကို နားလည်သဘောပေါက်မှာပါ"
"မင်းကို ထောင်ချောက်ဆင်ဖို့အတွက်နဲ့ သူတို့ရဲ့လျှို့ဝှက်နယ်မြေကို သူတို့ကိုယ်တိုင် ဖျက်ဆီးဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ထိုစကားကိုကြားချိန်တွင် ကောင်းရှစ်ကျီးသည် အလွန်ထိတ်လန့်တုန်လှုပ်သွားကာ သူ၏နောက်ကျော၌ ဇောချွေးများစိုစွတ်သွားသည်။
ဤသည်မှာ မည်သည့်အရာကို ဆိုလိုခြင်းဖြစ်သနည်း။ဤအပြစ်သည် သူ၏ခေါင်းထက်သို့ ရောက်ရှိလာသည် မဟုတ်လော။
သူ ထိုကိစ္စကို ခံယူနိုင်ခြင်းမရှိချေ။
ကောင်းရှစ်ကျီးသည် သူ၏ခေါင်းကိုမော့ကာ ငြင်းခုံလိုသော်လည်း ဂိုဏ်းချုပ်သည် သူ့အားတည်ကြည်လေးနက်စွာ ကြည့်နေသည်ကို မြင်တွေ့ရသဖြင့် သူ ပြောဆိုလိုသောအရာများကို မပြောနိုင်တော့ချေ။
သူသည် နာကြည်းမုန်းတီးမှုဖြင့် သူ၏တံတွေးများကို မြိုချလိုက်သည်။ဤသည်မှာသူ၏ငြင်းခုံမှုနှင့်မွန်းကြပ်မှုများအားလုံးကို သူ၏ဝမ်းဗိုက်အတွင်းသို့ မြိုချလိုက်ခြင်းပင်။
"ဒါပေမယ့် တကယ်လို့ ဒီကိစ္စကို နေလတောင်ထိပ်က တာဝန်ယူရမယ်ဆိုရင် မင်းမှာ ဘာသက်သေမှမရှိဘူး"
ဂိုဏ်းချုပ်သည် အချိန်တစ်ခဏကြာခန့်ရပ်နားပြီးနောက် ဖြည်းညှင်းစွာပြောဆိုသည်။
လျှူယန်က စိုးရိပ်ပူပန်တကြီး တုံ့ပြန်လိုက်သည်။
"ဂိုဏ်းချုပ်...တကယ်လို့ ကောင်းရှစ်ကျီးက ငါတို့ရဲ့လျှို့ဝှက်နယ်မြေကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးချင်တယ်ဆိုရင်...သူ့ရဲ့အရည်အချင်းကြောင့် ဘာသဲလွန်စမှမကျန်ဘဲ လုပ်ဆောင်နိုင်မှာ သေချာပေါက်ပဲ"
နေလဂိုဏ်းချုပ်သည် သူ၏လက်ကိုထပ်မံ၍မြှောက်ကာ လျှူယန်၏ငြင်းဆိုမှုကို ဟန့်တားလိုက်၏။
အပြင်စည်းလျှို့ဝှက်နယ်မြေ ဖျက်ဆီးခံရခြင်းမှာ ရှင်းချန်တောင်ထိပ်မှလူများ၏လုပ်ရပ် မဖြစ်နိုင်ချေ။
နေလဂိုဏ်းတစ်ဂိုဏ်းလုံးတွင် နေလတောင်ထိပ်တစ်ခုတည်းကသာ ဤကိစ္စကို ပြုလုပ်နိုင်သည်။
"ဒီဂိုဏ်းချုပ်က ဒါကိုသိတယ်"
နေလဂိုဏ်းချုပ်သည် ထိုသို့ပြောဆိုပြီးနောက် ကောင်းရှစ်ကျီးကို ကြည့်လိုက်၏။
"ဒီကိစ္စကို ဘယ်လိုပဲကြည့်ကြည့် နေလတောင်ထိပ်က သံသယဝင်စရာအကောင်းဆုံးပဲ"
"မင်းက ဒီကိစ္စ မင်းလက်ချက်မဟုတ်ဘူးလို့ ပြောခဲ့တယ်...မင်း ဘယ်လိုသက်သေပြမှာလဲ"
သူက တင်းမာခက်ထန်သောလေသံဖြင့် ကောင်းရှစ်ကျီးကို မေးမြန်းသည်။
ကောင်းရှစ်ကျီး၏စိတ်နှလုံးသား လေးလံသွားသည်။
ဤသည်မှာ မည်သည့်သောက်ရေးမပါသော မေးခွန်းဖြစ်သနည်း။
သူ ဤကိစ္စကို မလုပ်ဆောင်ခဲ့သည်မှာ သူအသိဆုံးပင်။သို့ရာတွင် ယခုအချိန်၌ ထိုကိစ္စကို သူ မလုပ်ဆောင်ခဲ့သည့်သက်သေအား သူ မည်သည့်နေရာ၌ သွားရောက်ရှာဖွေရမည်နည်း။
သောက်ချေးပဲ...
သူ မည်သို့ သက်သေပြရမည်နည်း...
သူ မည်သည့်နည်းဖြင့် သက်သေပြနိုင်မည်နည်း...
"ဘာလဲ မင်းမှာ သက်သေပြစရာမရှိဘူးလား"
နေလဂိုဏ်းချုပ်သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ သူ၏အသံ ပို၍တင်းမာခက်ထန်သွားသည်
ဤအသံသည် ကောင်းရှစ်ကျီး၏စိတ်နှလုံးသားပေါ်သို့ ကျောက်တုံးကြီးတစ်တုံး ဖိလိုက်သည့်အလားပင်။
သူသည် ထိတ်လန့်တကြားဖြစ်သွားကာချက်ချင်းတုံ့ပြန်လိုက်၏။
"ငါ့မှာ သက်သေပြစရာ နည်းလမ်းတစ်ခုရှိပါတယ်"
သူ ဤကိစ္စကို လုပ်ဆောင်ခဲ့သည်ဟု ဂိုဏ်းချုပ်မှယူဆသွားရန် သူ ခွင့်မပြုနိုင်ချေ။
သာမန်နေ့ရက်များတွင် သူနှင့်ရှင်းချန်တောင်ထိပ်အကြားမှ ပဋိပက္ခများကို ဂိုဏ်းချုပ်မှခွင့်ပြုထားခြင်းမှာ သေးငယ်သောအငြင်းပွားမှုများသာ ဖြစ်သောကြောင့်ပင်။
အကယ်၍ ဤအငြင်းပွားမှုသည် ဂိုဏ်း၏အရင်းအမြစ်ကို ဖျက်ဆီးသည့်အဆင့်သို့ ရောက်ရှိသွားပါက ဂိုဏ်းချုပ်သည် မည်သည့်နည်းနှင့်မျှ သည်းခံမည်မဟုတ်ချေ။
"အော်...မင်း ဘယ်လိုသက်သေပြမှာလဲ"
နေလဂိုဏ်းချုပ်ကပြောဆိုကာ သူ၏အသံ အနည်းငယ်နူးညံ့ပျော့ပျောင်းသွားသည်။
ကောင်းရှစ်ကျီးသည် သူ၏သိုလှောင်လက်စွပ်ကိုဖွင့်ကာ အတွင်းမှနေ၍ လေးထောင့်ဆန်ဆန်အရာဝတ္ထုတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုအရာကို သူ၏လက်အတွင်း၌ကိုင်ကာ ဝမ်းနည်းကြေကွဲသောအမူအယာဖြင့် ဂိုဏ်းချုပ်ကို ဦးညွှတ်အရိုအသေပြုပြီးနောက် မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ ပေးအပ်လိုက်သည်။
"ဒီပစ္စည်းက ကောင်းကင်အဆင့်ရတနာ ထန်လင်းတန်ပါ...ငါက ဒါကို လက်ဆောင်အဖြစ်ပေးအပ်ပါတယ်"
ထိုစကားကိုပြောဆိုနေချိန်တွင် ကောင်းရှစ်ကျီး၏နှလုံးသွေးများ ယိုစီးကျလုမတတ်ပင်။
ထန်လင်းတန်သည် သူ၏တန်ဖိုးအထားရဆုံးရတနာတစ်ခုပင်။
ဤလူများ၏သံသယဝင်မှုကို ဖယ်ရှားနိုင်ရန်အတွက် ဤရတနာကို သူ ဝန်လေးစွာဖြင့် ထုတ်ပေးလိုက်ရခြင်းဖြစ်သည်။
ဤကိစ္စကို သူပြုလုပ်သည်ဖြစ်စေ မပြုလုပ်သည်ဖြစ်စေ ထိုရတနာအားထုတ်ပေးလိုက်သည်နှင့် လျှူယန်သည် သူ့အား ထပ်မံ၍ အပြစ်တင်နိုင်တော့မည်မဟုတ်ချေ။
လျှူယန်သည် သူ့အားဆက်လက်၍ စွပ်စွဲပြစ်တင်ခြင်းမပြုသည်နှင့် ဂိုဏ်းချုပ်သည် သူအပေါ်၌ တင်းမာနေတော့မည်မဟုတ်ပေ။
"ဒီရတနာက စိတ်ဝိညာဉ်စွမ်းအားတွေကို မဖန်တီးနိုင်ပေမယ့်...စိတ်ဝိညာဥ်စွမ်းအားတွေ ထွက်ပေါ်နေတဲ့နေရာအတွင်းက ဖွဲ့စည်းတည်ဆောက်ပုံတွေကို ပြောင်းလဲပေးနိုင်တယ် ...ဒီရတနာကို အပြင်စည်းလျှို့ဝှက်နယ်မြေထဲမှာ ထည့်ထားလိုက်မယ်ဆိုရင်...တစ်ညတည်းနဲ့ လျှို့ဝှက်နယ်မြေက မူလအခြေအနေကို ပြန်ရောက်သွားလိမ့်မယ်"
ကောင်းရှစ်ကျီးက ပြောဆိုသည်။
နေလဂိုဏ်းချုပ်က ထိုရတနာကို တစ်ချက်ကြည့်လိုက်သည်။
ကောင်းရှစ်ကျီး၏လက်အတွင်း၌ ဤကဲ့သို့ရတနာမျိုးရှိနေသဖြင့် သူ အနည်းငယ် အံ့အားသင့်သွားသည်။
ဤရတနာကို ထုတ်ပေးခဲ့သဖြင့်...
ထိုကိစ္စကို သူပြုလုပ်သည်ဖြစ်စေ မပြုလုပ်သည်ဖြစ်စေ အနည်းဆုံးအနေဖြင့် သူ၏စိတ်သဘောထားကြောင့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်လေ၏။
ထန်လင်းတန်ရှိနေပါက အပြင်စည်းလျှို့ဝှက်နယ်မြေ၏ပြဿနာ ပြေလည်သွားပေမည်။
နေလဂိုဏ်းချုပ်က လျှူယန်ကိုကြည့်ကာ ပြောဆိုလိုက်သည်။
"မင်း ဘယ်လိုသဘောရလဲ"
မည်သို့ပင်ဆိုသည်မှာမူ လျှူယန်သည် ဤကိစ္စတွင် အဓိကကျသောလူပင်။
လျှူယန်သည် သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ နာကြည်းမုန်းတီးမှုကို ခံစားနေရသော်လည်း ဂိုဏ်းချုပ်ကိုယ်တိုင် ပြောဆိုနေကာ ကောင်းရှစ်ကျီးသည်လည်း ထန်လင်းတန်ကို ထုတ်ပေးခဲ့လေ၏။
အကယ်၍ သူမသည် ကောင်းရှစ်ကျီးကို အလွတ်မပေးလိုပါက ဤကိစ္စကို ဖြေရှင်းနိုင်တော့မည် မဟုတ်ချေ။
ထိုကြောင့် သူမ၏ခေါင်းကိုအောက်သို့ငုံကာ ဒေါသတကြီး ပြောဆိုလိုက်သည်။
"ဒီကိစ္စကို ဂိုဏ်းချုပ်ကပဲ ဆုံးဖြတ်ပေးပါ"
နေလဂိုဏ်းချုပ်သည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ ကောင်းရှစ်ကျီး၏လက်အတွင်းရှိ ထန်လင်းတန်သည် သူ၏လက်အတွင်းသို့ ရောက်ရှိလာပေ၏။
သူသည် ထိုအရာကို လျှူယန်ထံသို့ လက်ကမ်းပေးလိုက်သည်။
"ဒါဆိုရင် ဒီကိစ္စအဆုံးသတ်သွားပြီ"
လျှူယန်သည် ထန်လင်းတန်ကိုယူပြီးနောက် သူမ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများမရှိတော့သော်လည်း မကျေမချမ်းအမူအရာဖြင့် ကောင်းရှစ်ကျီးကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် ကောင်းရှစ်ကျီးသည် ဒေါသကြောင့် ပေါက်ကွဲသွားတော့လုမတတ်ပင်။
မည်သည်ကြောင့် ဤသို့ဖြစ်လာရသနည်း...
သူသည် ဤသောက်ရေးမပါသောကိစ္စကို လုပ်ဆောင်ခဲ့ခြင်းမရှိချေ။
သူသည် သူ၏အသားကိုဖြတ်ထုတ်သည့်အလား ထန်လင်းတန်ကိုစတေးခဲ့သည့်တိုင် သူမသည် သူ့အား မကျေမချမ်းစိုက်ကြည့်နေသလော....
ဤသည်မှာ ကျိုးကြောင်းဆီလျော်ခြင်းမရှိသော ကိစ္စတစ်ရပ်ဖြစ်ပေ၏။
"ဂိုဏ်းချုပ် ခဏနေပါအုံး"
ကောင်းရှစ်ကျီးသည် ဒေါသကြောင့် ခေါင်းမာမာဖြင့် ပြောဆိုလိုက်သည်။
"ငါက အပြင်စည်းလျှို့ဝှက်နယ်မြေကို ပြန်ပြီးပြုပြင်နိုင်တဲ့ ရတနာကို ထုတ်ပေးနိုင်မှတော့ ...အဲဒီလျှို့ဝှက်နယ်မြေက ငါ ဖျက်ဆီးခဲ့တာမဟုတ်ဘူးလို့ ဆိုလိုတာမဟုတ်လား"
"ဒါ့ပြင် အရင်ကတည်းက ဂိုဏ်းချုပ် ရှင်းရှင်းလင်းလင်း ပြောထားခဲ့တယ်...ဒီတစ်ကြိမ် တပည့်သစ်ယှဉ်ပြိုင်ပွဲမှာ အနိုင်ရတဲ့တပည့်ရှိနေတဲ့ တောင်ထိပ်က အပြင်စည်းလျှို့ဝှက်မြေကို စီမံအုပ်ချုပ်နိုင်လိမ့်မယ်"
"ငါ့ရဲ့နေလတောင်ထိပ်က တောင်ထိပ်သုံးခုမှာ အားအကောင်းဆုံးပဲ...ဒါကြောင့် ငါ့မှာ အနိုင်ရနိုင်တဲ့အခွင့်အရေး အများဆုံးပဲ...ပြောရမယ်ဆိုရင် သုံးရက်အကြာမှာ တပည့်သစ်ယှဥ်ပြိုင်ပွဲ ကျင်းပတော့မယ်....ငါတို့ နေလတောင်ထိပ်က ပထမရနိုင်တဲ့ အခွင့်အရေးအများဆုံးပဲ...ဒီလိုအချိန်မျိုးမှာ ငါက ဘာလို့လှုပ်ရှားရမှာလဲ...ငါက ငါခြေထောက်ပေါ်ကို ခဲတစ်လုံးချလိုက်သလိုမျိုး ဘာလို့ အပြင်စည်းလျှို့ဝှက်နယ်မြေကိုဖျက်ဆီးရမှာလဲ"
"ငါ့အထင်တော့ ရှင်းချန်တောင်ထိပ်က တပည့်သစ်ယှဉ်ပြိုင်ပွဲမှာ သူတို့ရှုံးနိမ့်မှာကို သိပြီးတော့ ...ဒီကိစ္စကို လက်မခံနိုင်တာနဲ့ လျှို့ဝှက်နယ်မြေကို ဖျက်ဆီးလိုက်တာပဲဖြစ်မယ်...ပြီးတော့မှ ဒီကိစ္စကို ငါ့အပေါ် အပြစ်ပုံချတာပဲ"
ပြီးတော့သူတို့ကငါ့ရဲ့ထံလင်းတန်းကို ငါ့ကိုအကျပ်ကိုင်ပြီးယူသွားခဲ့တယ်။
"ဘာ...."
လျှူယန်သည်လည်း သူမ၏ဒေါသများကို ထိန်းချုပ်မထားနိုင်တော့ချေ။
"သုံးရက်ကြာရင် တပည့်သစ်ယှဉ်ပြိုင်ပွဲ ကျင်းပလိမ့်မယ်...ငါက တပည့်တွေကို ဒီသုံးရက်အတွင်းမှာ တိုးတက်လာဖို့အတွက် လျှို့ဝှက်နယ်မြေထဲကို ဝင်ပြီးကျင့်ကြံစေခဲ့တယ်.... ဘာလို့ ငါက လျှို့ဝှက်နယ်မြေကို ဖျက်ဆီးရမှာလဲ"
တခြားလူများမသိရှိသော်လည်း ကောင်းရှစ်ကျီးက သူ ဤကိစ္စကို မလုပ်ခဲ့သည်အား ကောင်းစွာသိရှိထားသည်။
သူတို့နှစ်ယောက်သည် ထပ်မံ၍အငြင်းပွားစပြုလာသည်ကို မြင်တွေ့ချိန်၌ နေလဂိုဏ်းချုပ်သည် စိတ်မရှည်စွာဖြင့် မတ်တတ်ထရပ်ကာ သူ၏လက်ကိုဝှေ့ယမ်းပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။
"ဒီကိစ္စက အဆုံးသတ်သွားပြီလို့ ငါ ပြောပြီးပြီ"
ထိုအသံကျရောက်လာချိန်တွင် သူတို့နှစ်ယောက်သည် ထပ်မံ၍ငြင်းခုံဝံ့ခြင်းမရှိတော့ချေ။
ထို့နောက် နေလဂိုဏ်းချုပ်၏ပုံရိပ်သည် ထိုင်ခုံပေါ်မှ ပျောက်ကွယ်သွားတော့သည်။
နေလဂိုဏ်းချုပ် ပျောက်ကွယ်သွားသည်နှင့် ကောင်းရှစ်ကျီးသည် ဒေါသတကြီးဖြင့် လျှူယန်ကို စိုက်ကြည့်လိုက်၏။
"မင်း ငါ့ကို ခြိမ်းခြောက်အကျပ်ကိုင်တာပဲ"
Chapter 602
လျှူယန်သည် ထန်လင်းတန်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ကောင်းရှစ်ကျီးကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
ထို့နောက် သူမသည် ဒေါသတကြီးထွက်ခွာသွားလေ၏။
ကောင်းရှစ်ကျီးသည်လည်း ခန်းမအတွင်းမှ ထွက်လာပြီးနောက် လျှူယန်၏တင်ပါး လှုပ်တုတ်လုပ်တုတ်ဖြင့် ထွက်ခွာသွားသောနောက်ကျောပြင်ကို ကြည့်လိုက်သည်။
"နေနှင့်အုံး....မင်း နောင်တရအောင် ငါ လုပ်ပြမယ်"
ကောင်းရှစ်ကျီးက အံ့တင်းတင်းကြိတ်ကာ တီးတိုးရေရွတ်လိုက်၏။
ထိုမြင်ကွင်းကိုကြည့်ပြီး ကောင်းရှစ်ကျီး၏နောက်ရှိ လက်အောက်ငယ်သားတစ်ယောက်က တင်းမာသောအသံဖြင့် သံယောင်လိုက်သည်။
"သူက တောင်ထိပ်သခင်ကို တိုင်တန်းဝံ့မှတော့ သူ့ကို နောင်တရအောင်လုပ်ရမယ်"
ကောင်းရှစ်ကျီးသည် သူ၏ခေါင်းကို နောက်သို့လှည့်ကာ သူ၏လက်အောက်ငယ်သားများကို ကြည့်လိုက်သည်။
တိုင်တန်းဝံ့သည်ဟု ဆိုသလော....
"ဘာသောက်ရေးမပါတဲ့ တိုင်တန်းခံရတာလဲ...ဒါက ငါ လုပ်ကြံခံရတာဆိုတာ အသိသာကြီးလေ...ဒါက လုပ်ကြံခံရတာ....ငါ လုပ်ကြံခံရတာပဲ"
"အဲ့ဒီချေးပုံးကို ငါ့ရဲ့ခေါင်းပေါ် တင်သွားတာပဲ"
"ဟုတ်ကဲ့....ဟုတ်ကဲ့...."
ထိုလက်အောက်ငယ်သားက အလျှင်အမြန် တုံ့ပြန်သည်။
ကောင်းရှစ်ကျီးသည် သူ၏ဒေါသများကိုဖိနှိပ်ကာ အဝေးသို့လျှောက်လှမ်းသွားသော လျှူယန်ကို ထပ်မံ၍ကြည့်လိုက်သည်။သူ၏စိတ်နှလုံးသားအတွင်း၌ သူမကို ပြင်းပြင်းထန်ထန်ဆဲရေတိုင်းထွာနေမိသည်။
ကောင်းရှစ်ကျီး အနည်းငယ်တည်ငြိမ်သွားချိန်တွင် သူ၏လက်အောက်ငယ်သားတစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။
"တောင်ထိပ်သခင်...ဒီကိစ္စကို ကျွန်တော်တို့မလုပ်ခဲ့ဘူးဆိုတာ တကယ်ပဲလား"
သူတို့အပြင် တခြားဘယ်သူရှိနိုင်သနည်း...
"ငါယိုးမသား...."
ကောင်းရှစ်ကျီးသည် နောက်သို့လှည့်ကာ သူ၏လက်အောက်ငယ်သားကို ကန်ကျောက်လိုက်၏။
ထိုလက်အောက်ငယ်သားသည် လေထုအတွင်း၌ ချာလပတ်လည်သွားကာ အဝေးသို့ လွင့်ထွက်သွားတော့သည်။
ကောင်းရှစ်ကျီးသည် အလွန်ဒေါသထွက်နေသဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
ဤကိစ္စသည် အလွန်ဒေါသထွက်ဖွယ်ရာပင်။
တခြားလူများမဆိုထားနှင့် သူ၏လက်အောက်ငယ်သားကများကပင် သူ့အား သံသယဝင်နေခဲ့သည်။
သူသည် ရုတ်တရက်နောက်သို့လှည့်ပြီး တခြားတပည့်များကို ကြည့်လိုက်သည်။
"မင်းတို့ကရော ငါလုပ်တယ်လို့ ထင်နေကြတာလား"
တပည့်များအားလုံးသည် အပြစ်ရှိသည့်အမူအယာများဖြင့် သူတို့၏ခေါင်းများကို အောက်သို့ငုံထားကြသည်။
"ထွီ...."
ကောင်းရှစ်ကျီးက တံတွေးတချက်ထွေးကာ အော်ငေါက်လိုက်၏။
"အလကားကောင်တွေ...မင်းတို့ကိုထားမယ့်အစား ခွေးတွေမွေးထားတာက ပိုကောင်းလိမ့်မယ်"
တပည့်များအားလုံး တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
"ရှင်းချန်တောင်ထိပ်ကို သွားပြီးစောင့်ကြည့်ကြစမ်း...အပြင်စည်းလျှို့ဝှက်နယ်မြေကို အရင်အတိုင်းဖြစ်အောင် ပြန်ပြုပြင်ပြီးတာနဲ့ ထန်လင်းတန်ကို ငါ့ဆီ ချက်ချင်းပြန်ယူလာခဲ့ရမယ်"
ကောင်းရှစ်ကျီးက ခြေလှမ်းကျဲကြီးများဖြင့်လျှောက်လှမ်းရင်း အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့...."
သူ၏နောက်ရှိ အပြာရောင်ဝတ်စုံဝတ်တပည့်တစ်ယောက်က တုံ့ပြန်ကာ ရှင်းချန်တောင်ထိပ်သို့ဦးတည်၍ ထွက်ခွာသွားတော့သည်။
...
လျှူယန်သည် ထန်လင်းတန်ကိုယူဆောင်ကာ အပြင်စည်းလျှို့ဝှက်နယ်မြေထံသို့ အပြေးပြန်လာခဲ့သည်။
တပည့်သစ်ယှဉ်ပြိုင်ပွဲအတွက် အချိန်များစွာမကျန်ရှိတော့သဖြင့် သူမသည် လျှို့ဝှက်နယ်မြေအတွင်းရှိ စိတ်ဝိညာဥ်စွမ်းအားများကို အလျှင်အမြန် ပြန်လည်ထိန်းသိမ်းရပေမည်။
ထိုတပည့်များကို စိတ်ဝိညာဥ်စွမ်းအားများ ထပ်မံ၍စုပ်ယူခွင့် ပြုရပေမည်။
အပြင်စည်းလျှို့ဝှက်နယ်မြေ၏ တံခါးရှေ့၌ အကြီးအကဲများ စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေကြသည်။
"တောင်ထိပ်သခင် အခြေအနေ ဘယ်လိုရှိလဲ...ဂိုဏ်းချုပ်က ကောင်းရှစ်ကျီးကို အပြစ်ပေးလိုက်ပြီလား"
မဟာအကြီးအကဲက ပထမဆုံးစကားပြောဆိုလိုက်သည်။
လျှူယန်က မှုန်တေတေအမူအယာဖြင့် သူမ၏ခေါင်းကို ခါယမ်းပြလေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီးနောက် တတိယအကြီးအကဲသည် ခုန်ပေါက်၍အော်ဟစ်လိုက်၏။
"ဂိုဏ်းချုပ်က အဲ့ဒီကောင်ကို ဘက်လိုက်တာ အရမ်းသိသာတယ်...ဒါက အရမ်းလွန်တာပဲ...ငါတို့ရဲ့လျှို့ဝှက်နယ်မြေကို ဖျက်ဆီးခဲ့တာတောင် သူက ဘာအပြစ်မှမခံယူရဘူး...ငါတို့ဂိုဏ်းမှာ ဘာစည်းမျဉ်းမှ မရှိတော့ဘူးလား"
လျှူယန်သည် သက်ပြင်းတစ်ချက်ရှိုက်ကာ ထန်လင်းတန်ကို ထုတ်ယူလိုက်သည်။
"အကြီးအကဲတို့ အရမ်းစိတ်မလှုပ်ရှားကြပါနဲ့.... ကောင်းရှစ်ကျီးက လျှို့ဝှက်နယ်မြေရဲ့စိတ်ဝိညာဉ်စွမ်းအားတွေကို ပြန်ပြုပြင်ပေးနိုင်တဲ့ ဒီရတနာကို ထုတ်ပေးလိုက်တယ်"
ထန်လင်းတန်ကိုကြည့်ပြီး အကြီးအကဲများသည် အံ့အားသင့်သွားကာ ဒေါသထွက်နေသော တတိယအကြီးကဲပင်လျှင် အနည်းငယ် တည်ငြိမ်သွားသည်။
ထန်လင်းတန်သည် အလွန်အဖိုးတန်ရှားပါးသောအရာပင်။ဤရတနာသည် စိတ်ဝိညာဥ်စွမ်းအားများကို ဖန်တီးနိုင်စွမ်းမရှိသော်လည်း စိတ်ဝိညာဥ်စွမ်းအားများ ထွက်ပေါ်သောနေရာများမှ စွမ်းအားများအားလုံးကို တည်ငြိမ်သောစီးကြောင့်ဖြင့် ဆွဲယူပေးနိုင်သည်။
ဤသည်မှာ နေလတောင်ထိပ်မှနေ၍ အပြင်စည်းလျှို့ဝှက်နယ်မြေကို ရယူလိုသော အကြောင်းအရင်းလည်းဖြစ်နေသည်။
ကောင်းရှစ်ကျီးသည် ထန်လင်းတန်ကိုရရှိထားသဖြင့် လျှို့ဝှက်နယ်မြေအတွင်းမှ စိတ်ဝိညာဉ်စွမ်းအားများသည် မည်သည့်နည်းနှင့်မျှ ကုန်ခမ်းတော့မည်မဟုတ်ချေ။
ဤအချိန်တွင် လျှို့ဝှက်နယ်မြေအတွင်း၌ စွမ်းအားများကုန်ခမ်းနေသည့်တိုင် ကံကောင်းထောက်မစွာဖြင့် နယ်မြေအတွင်း၌ စိတ်ဝိညာဉ်စမ်းရေအိုင်ရှိနေသည်။
ထန်လင်းတန်ကိုထိုနေရာ၌ ထားလိုက်သည်နှင့် လျှို့ဝှက်နယ်မြေသည် ယခင်အတိုင်း ပြန်လည်ကောင်းမွန်သွားပေမည်။
"ကောင်းရှစ်ကျီးက'တကယ်ကြီး ထန်လင်းတန်ကို ထုတ်ပေးလိုက်တာလား"
တတိယအကြီးအကဲသည် ထိုကိစ္စကို မယုံကြည်နိုင်ချေ။
"ဒါက အကွက်ချကြံစည်မှုတစ်ခု ဖြစ်နေနိုင်တယ်"
"တကယ်လို့ ဒါက အကွက်ချကြံစည်မှုတစ်ခုဖြစ်နေရင်တောင် ငါတို့ ဘာမှမတတ်နိုင်ဘူး...အခုအချိန်မှာ ငါတို့က လျှို့ဝှက်နယ်မြေကို အမြန်ဆုံးပြန်ပြုပြင်ပြီးတော့ တပည့်တွေကို ကျင့်ကြံခိုင်းရမယ်"
လျှူယန်က ပြောဆိုသည်။
ထို့နောက် သူမသည် ရှင်းချန်တောင်ထိပ်မှအကြီးအကဲများကိုခေါ်ဆောင်၍ စိတ်ဝိညာဥ်စွမ်းအားများ ခမ်းခြောက်နေသော လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ခဲ့တော့သည်။
လျှုယန်သည် ထန်လင်းတန်ကို စိတ်ဝိညာဉ်စမ်းရေအိုင်ပေါ်၌ ဂရုတစိုက်တင်လိုက်၏။
သူတို့အားလုံးသည် ဝင်္ကပါပုံစံတစ်ခုကိုဖွဲ့စည်းကာ စိတ်ဝိညာဥ်စမ်းရေအိုင်ကို ဝိုင်းရံ၍ထိုင်လိုက်ကြပြီး လေထုအတွင်းသို့ပျံသန်းကာ လက်စည်းတံဆိပ်များကို ဖွဲ့စည်းလိုက်ကြသည်။
သူတို့၏ပါးစပ်များမှလည်း မှော်မန္တန်များကို ရွတ်ဆိုလိုက်သည်။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ရွှေရောင်အလင်းတန်းတစ်တန်းစီက သူတို့တစ်ယောက်ချင်းစီထံမှ ထွက်ပေါ်လာသည်။
ထိုရွှေရောင်အလင်းတန်းများသည် တစ်ခုနှင့်တစ်ခုချိတ်ဆက်သွားကာ ကြီးမားသောစွမ်းအားကွန်ယက်ကြီးတစ်ခုအဖြစ်စုဝေးသွားသည်။
ထိုစွမ်းအားများအားလုံးသည် ထန်လင်းတန်အတွင်းသို့စီးဝင်သွားလေ၏။
ထန်လင်းတန်မှနေ၍ ရုတ်တရက် အဖြူရောင်မြူခိုးများထွက်ပေါ်လာကာ စိတ်ဝိညာဉ်စမ်းရေအိုင်ထံသို့ ဦးတည်၍ မျောလွင့်သွားသည်။
သို့ရာတွင်....
ဤလျှို့ဝှက်နယ်မြေအတွင်းရှိ စိတ်ဝိညာဉ်စမ်းရေအိုင်သည် ခမ်းခြောက်နေကာ ထန်လင်းတန် မည်မျှထိ အားကောင်းနေပါစေ အနည်းငယ်မျှ အသုံးဝင်မည်မဟုတ်ကြောင်းကို မည်သူမျှ သိရှိနိုင်မည်မဟုတ်ချေ။
ဆန့်ကျင်ဘက်အနေဖြင့် စိတ်ဝိညာဥ်စွမ်းအားများကို အတင်းအကြပ်စုပ်ယူသည့် သက်ရောက်မှုကြောင့် စွမ်းအားများအလွန်အမင်းခြောက်ကပ်ခြင်းသို့ ဦးတည်သွားပေမည်။
ဘုန်းခနဲ မြည်သံတစ်သံနဲ့အတူ...
ထန်လင်းတန် ရုတ်တရက်ပေါက်ကွဲသွားသည်။
လေထုအတွင်း၌ရှိနေသော အကြီးအကဲများထံမှ ရွှေရောင်အလင်းတန်းများလည်း ပေါက်ကွဲသွားကာ သူတို့သည်လတစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပေ၏။
သူတို့သည် အနည်းနှင့်အများ တန်ပြန်ဒဏ်ခံစားလိုက်ရသည်။
သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
"ဘာတွေဖြစ်သွားတာလဲ...."
အကြီးအကဲတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ဘာလို့ ထန်လင်းတန်က ပေါက်ကွဲသွားတာလဲ"
မြေပြင်ပေါ်သို့ပြုတ်ကျလာသော လျှူယန်သည် သူမ၏နှုတ်ခမ်းထောင့်ရှိသွေးများကို သုတ်လိုက်၏။အစောပိုင်းကကိစ္စတွင် သူမသည် အရေးကြီးဆုံးအပိုင်း၌ ပါဝင်ခဲ့သဖြင့် တန်ပြန်ဒဏ် အခံစားရဆုံးလူပင်။
သူမ၏မျက်နှာ သုန်မှုန်နေကာ တစစီပေါက်ကွဲသွားသော ထန်လင်းတန်ကို စူးစိုက်၍ကြည့်လိုက်၏။
"ငါတို့ လှည့်စားခံရပြီ"
တတိယအကြီးအကဲသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူ၏မျက်နှာပေါ်တွင် နာကြည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။
"ကောင်းရှစ်ကျီးက တကယ့်ကို အကွက်ချကြံစည်ခဲ့တာပဲ...သူက ငါတို့ အပြင်စည်းလျှို့ဝှက်နယ်မြေကို ဖျက်ဆီးခဲ့ရုံတင်မကဘူး....ရှင်းချန်တောင်ထိပ်ရဲ့အကြီးအကဲတွေဖြစ်တဲ့ ငါတို့ကိုလည်း သတ်ဖို့ကြံစည်ထားခဲ့တယ်"
သူတို့လူစု ကသောင်းကနင်းဖြစ်နေသောအချိန်တွင် မလှမ်းမကမ်းတစ်နေရာတွင်ရှိနေသော အပြာရောင်ဝတ်စုံဝတ်တပည့်တစ်ယောက်က ပေါက်ကွဲသွားသောထန်လင်းတန်ကို စူးစိုက်၍ကြည့်လိုက်သည်။
သူ၏မျက်လုံးအိမ်များ ကျွတ်ထွက်လုမတတ် ထိတ်လန့်တုန်လှုပ်သွားပေ၏။
ရှင်းချန်တောင်ထိပ်မှလူများသည် ထန်လင်းတန်ကို ဖျက်ဆီးလိုက်သလော....
မဟုတ်သေး...ထိုသို့ မဖြစ်နိုင်ချေ။
ထိုတပည့်သည် ပေါက်ကွဲမှုပြီးဆုံးသွားချိန်တွင် မြေပြင်ပေါ်၌လဲကျနေသော ရှင်းချန်တောင်ထိပ်သခင်လျှူယန်နှင့် အကြီးအကဲများကို ကြည့်လိုက်သည်။
သူတို့၏ဒေါသတကြီးဆဲဆိုနေသံများနှင့် အော်ငေါက်နေသံများကို သူ ကြားမိလေ၏။
သူ၏ထိတ်လန့်တုန်လှုပ်နေမှုများ အလျှင်အမြန်ပျောက်ကွယ်သွားကာ အံ့အားသင့်ခြင်းက အစားထိုးဝင်ရောက်လာသည်။
သူတို့၏တောင်ထိပ်သခင်ကောင်းထံတွင် အမှန်တကယ်ကို အစီအစဉ်ကောင်းတစ်ခု ရှိနေသည်။
ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်နိုင်ခြင်းပင်။
ဤသည်မှာ အပြင်စည်းလျှို့ဝှက်နယ်မြေကို ဖျက်ဆီးနိုင်ရုံသာမက ရှင်းချန်တောင်ထိပ်မှ တောင်ထိပ်သခင်နှင့်အကြီးအကဲများကို ထိခိုက်ဒဏ်ရာ ရရှိသွားစေခဲ့သည်။
သူသည် တောင်ထိပ်သခင်ကို သတင်းကောင်းပြန်ပို့ရန်အတွက် အလျင်စလို ပြန်သွားတော့သည်။
...
...
"တောင်ထိပ်သခင်...တောင်ထိပ်သခင်....သတင်းကောင်းပဲ...သတင်းကောင်းပါတယ်"
ထိုတပည့်က နေလတောင်ထိပ်၏ပင်မခန်းမအတွင်းသို့ ပြေးဝင်သွားခဲ့သည်။
ထိုအသံကိုကြားချိန်တွင် ကောင်းရှစ်ကျီး၏မျက်နှာ တောက်ပသွားသည်။
"ဘာကိစ္စလဲ"
သူသည် မတ်တတ်ထရပ်ကာ အနည်းငယ်ရှေ့သို့တိုးပြီး မျှော်လင့်စောင့်စားသောအမူအယာဖြင့် ကြည့်လိုက်သည်။
"ရှင်းချန်တောင်ထိပ်ရဲ့လူတွေကြောင့် ထန်လင်းတန် ပျက်စီးသွားပြီ"
ထိုတပည့်က ဝမ်းသာပျော်ရွှင်စွာဖြင့် အော်ဟစ်ပြောဆိုလိုက်၏။
ကောင်းရှစ်ကျီး၏မျက်နှာ ရှုံမဲ့သွားသည်။
"ဒါက ဘာကိုပြောတာလဲ"
"ထန်လင်းတန် ပေါက်ကွဲသွားခဲ့တယ်"
ထိုတပည့်က စိတ်လှုပ်ရှားစွာဖြင့် တုံ့ပြန်ပြောဆိုသည်။
"အဲ့ဒီကိစ္စနဲ့အတူ တောင်ထိပ်သခင်ရဲ့လှည့်ကွက်ကြောင့် ရှင်းချန်တောင်ထိပ်ရဲ့တောင်ထိပ်သခင်နဲ့အကြီးအကဲတွေ ဒဏ်ရာရသွားပြီ"
"ခဏနေအုံး....ဘာဖြစ်သွားတယ်လို့ မင်း ပြောလိုက်တာလဲ"
ကောင်းရှစ်ကျီးသည် သူ၏စိတ်လှုပ်ရှားနေမှုကို အတင်းအကြပ်ချိုးနှိမ်ကာ တုန်ရီနေသောအသံဖြင့်မေးမြန်းလိုက်သည်။
"အဲ့ဒါက ပေါက်ကွဲသွားတယ်"
တပည့်က အမှန်အတိုင်း တုံ့ပြန်အဖြေပေးသည်။
"တကယ်တော့ ဒါက အစစ်အမှန်ထန်လင်းတန်မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်"
"ဘောမလို့ မင်းက သိနေတာလား"
ကောင်းရှစ်ကျီးက အော်ဟစ်ကြုံးဝါးလိုက်ကာ သူ၏အသံကြောင့် ခန်းမ၏ခေါင်မိုးများ လန်ထွက်သွားတော့လုမတတ်ပင်။
ထိုတပည့်သည် ကြက်သေသေသွားလေ၏။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ကောင်းရှစ်ကျီးသည် နေရာမှပျောက်ကွယ်သွားတော့သည်။
ရုတ်ချည်းဆိုသလိုပင် ကောင်းရှစ်ကျီးသည် အပြင်စည်းလျှို့ဝှက်နယ်မြေ၏ တံခါးရှေ့သို့ ရောက်ရှိသွားသည်။သူ၏မျက်လုံးများသည် လျှို့ဝှက်နယ်မြေအတွင်း၌ တစစီဖြစ်သွားခဲ့သော ထန်လင်းတန်ပေါ်သို့ အခိုင်အမာကျရောက်သွားသည်။
သူ၏မျက်လုံးများ ကွဲထွက်သွားတော့လုမတတ်ပင်။
ရှင်းချန်တောင်ထိပ်မှလူများသည်လည်း ကောင်းရှစ်ကျီးကို တွေ့မြင်မိလေ၏။
အစောပိုင်းကမှ စိတ်တည်ငြိမ်စပြုလာသော လူများသည် ကောင်းရှစ်ကျီးကိုမြင်တွေ့ချိန်တွင် စွပ်စွဲပြစ်တင်လိုက်ကြသည်။
"ဟမ့် မင်းက ဒီနေရာကို လာရဲသေးတာလား"
တတိယအကြီးအကဲသည် ကျောက်တုံးတစ်တုံးကိုအားပြု၍ တုန်တုန်ရီရီဖြင့်မတ်တတ်ထရပ်ကာ ကောင်းရှစ်ကျီးကို စားမတက်ဝါးမတတ်အမူအယာဖြင့် စိုက်ကြည့်လေသည်။
"ကောင်းရှစ်ကျီး....နင်က တကယ်တော်တဲ့လူပဲ"
လျှူယန်က နီမြန်းနေသောမျက်လုံးတစ်စုံဖြင့် ကောင်းရှစ်ကျီးကို ကြည့်လိုက်သည်။
"နင် ဒီလိုမျိုး အရမ်းယုတ်မာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
"ငါတို့ရှင်းချန်တောင်ထိပ်က ဒီကိစ္စအတွက် သေချာပေါက် လက်စားပြန်ချေမယ်"
အကြီးအကဲတယောက်ကလည်း နီမြန်းနေသောမျက်လုံးဖြင့် ပြောဆိုသည်။
"အခုအချိန်မှာ ငါ မင်းကို မတိုက်ခိုက်နိုင်သေးရင်တောင်...နောင်တစ်ချိန်မှာ ငါ မင်းကို သေချာပေါက်သတ်ပစ်မယ်"
"ကောင်းရှစ်ကျီး...မင်းက ငါတို့ရှင်းချန်တောင်ထိပ်ရဲ့ တောင်ထိပ်သခင်နဲ့အကြီးအကဲတွေကို ရန်ငြိုးထားပြီးတော့ ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တယ်...ဂိုဏ်းချုပ်က မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"
နံဘေးတွင်ရှိနေသော အကြီးအကဲတစ်ယောက်ကပြောဆိုကာ သူ၏ပါးစပ်မှနေ၍ သွေးတစ်လုတ်အန်ထွက်လာသည်။
ကောင်းရှစ်ကျီးသည် တိုက်ခိုက်ခံရခြင်းမရှိသော်လည်း ဤအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ် တုန်ရီသွားသည်။
သူသည် တုန်တုန်ရီရီဖြစ်နေကာ သူ၏မျက်လုံးတစ်စုံသည် ထန်လင်းတန်အပိုင်းအစများထံတွင်သာ ကော်ဖြင့်ကပ်ထားသည့်အလား ကျရောက်နေသည်။
ဤသည်မှာ တန်ပြန်ဒဏ်ခံစားရသည်ထက် ပို၍ပြင်းထန်ပေ၏။
"သောက်ချေးပဲ...မင်းတို့အားလုံး အဆုံးသတ်ပြီ"
ကောင်းရှစ်ကျီးသည် သူ၏ခန္ဓာကိုယ်ကိုတည်ငြိမ်အောင် အတင်းအကြပ်ပြန်လည်ထိန်းသိမ်းကာ အော်ဟစ်လိုက်၏။
"ငါ မင်းတို့ကို ပြောလိုက်မယ်...မင်းတို့အားလုံး အဆုံးသတ်ပြီ"
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ကောင်းရှစ်ကျီးသည် နေရာမှနေ၍ ပျောက်ကွယ်သွားတော့သည်။
ရုတ်ချည်းဆိုသလိုပင် ဂိုဏ်းချုပ်၏ခန်းမအတွင်း၌ ညည်းတွားသံတစ်သံ ထွက်ပေါ်လာသည်။
"ဂိုဏ်းချုပ်....ငါ့အတွက် ဆုံးဖြတ်ပေးပါ...ငါက ကြင်နာတဲ့စိတ်နဲ့ သူတို့ဆီကို ထန်လင်းတန် ငှားရမ်းပေးခဲ့တယ်...ဒါပေမယ့် သူတို့က ငါ့ရဲ့ထန်လင်းတန်ကို ဖျက်ဆီးလိုက်တယ်"
ကောင်းရှစ်ကျီးသည် သူ၏ရင်ဘတ်ကိုရိုက်ပုတ်ကာ ခြေဆောင့်နင်း၍ ငိုကြွေရင်းပြောဆိုလိုက်သည်။
သူ၏နောက်မှ အလျှင်အမြန်လိုက်လာသော လျှူယန်နှင့်ရှင်းချန်တောင်ထိပ်မှ အကြီးအကဲများသည်လည်း နံဘေးတစ်ဖက်၌ မတ်တတ်ရပ်နေသည်။သူတို့သည် ကောင်းရှစ်ကျီးကို စွပ်စွဲပြစ်တင်ကာ အော်ဟစ်နေလေ၏။
ငိုကြွေးခြင်းနှင့်စွပ်စွဲပြစ်တင်ခြင်းတို့ အတူတကွရောယှက်နေသဖြင့် နေလဂိုဏ်းချုပ်သည် သူ၏ဦးရေပြားများ တင်းကြပ်လာသည်ကို ခံစားလိုက်ရသည်။
သူသည် သူ၏နားထင်ကိုပွတ်သပ်ကာ ခန်းမအတွင်း၌ အငြင်းပွားနေသောလူများကို ကြည့်လိုက်သည်။
"ပါးစပ်ပိတ်ထားကြစမ်း"
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ထိုအသံကြောင့် နှစ်ဖက်စလုံးရပ်တန့်သွားကာ ကောင်းရှစ်ကျီးသည်လည်း သူ၏ညည်းတွားနေမှုကို ရပ်တန့်လိုက်သည်။
"ကောင်းရှစ်ကျီးနဲ့ ရှင်းချန်တောင်ထိပ်ကလူတွေအပြင် အဲ့ဒီနေရာမှာ တခြားတယောက် ရှိနေသေးတယ်မဟုတ်လား"
နေလဂိုဏ်းချုပ်က သူ၏လက်ကိုမြောက်ကာ အပြာရောင်ဝတ်စုံဝတ်တပည့်ကို လက်ညှိုးညွှန်လိုက်၏။
"မင်း ပြောစမ်း....ဘာတွေ ဖြစ်သွားခဲ့တာလဲ"
"ဂိုဏ်းချုပ် ဒါက အဆင်မပြေပါဘူး...သူက နေလတောင်ထိပ်ရဲ့ တပည့်တစ်ယောက် ဖြစ်နေတယ်...သူက ဘယ်နည်းနဲ့မှ အမှန်အတိုင်းပြောမှာမဟုတ်ဘူး"
ရှင်းချန်တောင်ထိပ်မှ အကြီးအကဲတစ်ယောက်က ဟန့်တားလိုက်သည်။
နေလဂိုဏ်းချုပ်က စိတ်မရှည်သောအမူအယာဖြင့် လူအုပ်ကြီးကို ဝေ့ဝိုက်၍ကြည့်လေသည်။
ထိုအကြီးအကဲသည်လည်း တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
"ပြောစမ်း...."
ကြီးကျယ်ခမ်းနားသော အသံတစ်သံက ခန်းမအတွင်း၌ ပဲ့တင်ထပ်သွားသည်။
အပြာရောင်ဝတ်စုံဝတ်တပည့်၏ခြေထောက်များ ပျော့ခွေသွားကာ ဘုန်းခနဲမြည်သံနှင့်အတူသူ ဒူးထောက်လိုက်သည်။
ထိုနောက် သူက အလွန်အမင်းအပြစ်ရှိသောအမူအရာဖြင့် ကောင်းရှစ်ကျီးကို ကြည့်လိုက်၏။
ထိုအကြည့်ကို ခန်းမတစ်ခုလုံးမှလူများ ရိပ်စားမိသည်။
နေလဂိုဏ်းချုပ်သည်လည်းချွင်းချက်မရှိ
သူ၏မျက်နှာ သုန်မှုန်သွားကာ သူက ကောင်းရှစ်ကျီးကို ကြည့်လိုက်သည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင် ကောင်းရှစ်ကျီးသည် သည်းမခံနိုင်တော့သဖြင့် ထိုတပည့်၏ရှေ့သို့ ဒေါသတကြီးလျှောက်လှမ်းသွားလိုက်သည်။
"အသုံးမကျတဲ့ကောင်...မင်း ဘာလုပ်လုပ် ဘာပြောပြော ငါနဲ့မဆိုင်တော့ဘူး"
"ယီးပဲ....ငါ မင်းကို သတ်ပစ်မယ်"
Chapter 603
ကောင်းရှစ်ကျီးသည် ထိုတပည့်ကိုရိုက်နှက်လိုက်သဖြင့် လေထုအတွင်းသို့ လွင့်ထွက်သွားတော့သည်။
နေလဂိုဏ်းချုပ်သည် ထိုင်ခုံမှမတ်တတ်ထရပ်ကာ သူ့၏လက်ကို အနည်းငယ်မြှောက်လိုက်ရာ ကောင်းရှစ်ကျီးသည် လေထုအတွင်းသို့မြောက်တက်သွားလေ၏။
"ကောင်းရှစ်ကျီး....မင်း အတင့်ရဲလှချည်လား"
သူ့၏လေသံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရောယှက်နေသည်။
"မင်းက အပြင်စည်းလျှို့ဝှက်နယ်မြေကို ဖျက်ဆီးခဲ့ရုံတင်မကဘူး....ရှင်းချန်တောင်ထိပ်ရဲ့ တောင်ထိပ်သခင်နဲ့အကြီးအကဲတွေကိုလည်း လုပ်ကြံဝံ့တယ်"
"ဂိုဏ်းချုပ်....အဲ့ဒါတွေက ငါလုပ်တာမဟုတ်ဘူး"
ကောင်းရှစ်ကျီးသည် ထပ်မံ၍ ညည်းတွားခြင်းမပြုတော့ဘဲ ဤအချိန်အခိုက်အတန့်တွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသည်။
သူသည် မမြင်နိုင်သောကြီးမားသည့်လက်တစ်ဖက်၏ ဖမ်းဆုပ်ထားမှုကို ခံနေရသဖြင့် လေထုအတွင်း၌ ရုန်းကန်ကာတုန်ရီနေသည်။
"မင်းက ငြင်းချင်သေးတာလား"
နေလဂိုဏ်းချုပ်က ဒေါသတကြီး အော်ငေါက်လိုက်သည်။
ကောင်းရှစ်ကျီးသည် အမှားကို ဝန်မခံလိုရုံသာမက ဆက်လက်၍ငြင်းဆန်နေဆဲပင်။
ထိုသို့ပြောဆိုပြီးနောက် နေလဂိုဏ်းချုပ်သည် ခန်းမအတွင်းရှိလူများကို ဝေ့ဝိုက်ကြည့်ကာ သူ့၏မျက်လုံးအကြည့်သည် တည်ကြည်လေးနက်နေပေ၏။
"ဒီဂိုဏ်းချုပ်အမုန်းဆုံးက ဂိုဏ်းထဲမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားတာကိုပဲ...တကယ်လို့ တစ်ယောက်ယောက်က လုပ်ကြံမှုတွေ ထပ်ပြီးကျူးလွန်ဝံ့မယ်ဆိုရင် အပြင်စည်းပဲဖြစ်ဖြစ် အတွင်းစည်းပဲဖြစ်ဖြစ် အဆုံးသတ်ရလဒ်က အတူတူပဲဖြစ်လိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် မမြင်နိုင်သောလက်ကြီးတစ်ဖက်က ရုတ်တရက် ကောင်းရှစ်ကျီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် ကောင်းရှစ်ကျီး၏ဦးရေပြားတင်းကြပ်သွားကာ သူသည် သေခြင်းနှင့်ရှင်ခြင်းအကြား ပါးလွှာသောမျဥ်းကြောင်းတစ်ခုပေါ်သို့ ရောက်ရှိနေသည်ဟု ခံစားမိသည်။
သူသည် ထိတ်လန့်ကြောက်ရွံစွာဖြင့် အသနားခံတောင်းပန်လိုက်သည်။
"ဂိုဏ်းချုပ်...ဂိုဏ်းချုပ်...ငါက သူတို့ကိုသတ်ဖို့ မကြံစည်ခဲ့ဘူးဆိုတာ နတ်ဘုရားတွေကို တိုင်တည်ပြီးတော့ ကျိန်ဆိုပါတယ်...ငါ လိမ်ညာပြောတယ်ဆိုရင် ကောင်းကင်ဘုံမိုးကြိုးနဲ့ ရိုက်ခတ်ခံရပြီးတော့ သေဆုံးပြီးတဲ့နောက်မှာ ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းကို မဝင်နိုင်ဘဲနဲ့ အကန့်အသတ်မရှိတဲ့ငရဲမှာ ကျခံရပါစေ"
"အား...."
ကောင်းရှစ်ကျီး၏အသံ ရုတ်တရက် ရပ်တန့်သွားကာ သူ့၏မျက်လုံးများပြူးထွက်လာပြီး သူ့၏မျက်နှာအမူအယာသည် သေလုမျောပါးလူတစ်ယောက်အလားပင်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ နေလဂိုဏ်းချုပ်သည် သူ့၏လက်ကို ထပ်မံ၍တင်းကြပ်ခြင်းမပြုတော့ချေ။
သူသည် ကောင်းရှစ်ကျီးကို ဖမ်းဆုပ်ထားရာမှ လွှတ်ပေးလိုက်၏။
ထို့နောက် ကောင်းရှစ်ကျီးသည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားတော့သည်။
ကောင်းရှစ်ကျီးသည် သူ့၏ခန္ဓာကိုယ် ကြေမွှသွားသည့်အလား နာကျင်မှုကို ခံစားလိုက်ရသော်လည်း သူ အသက်သေဆုံးသွားခြင်းမရှိချေ။
သူသည် အလွန်အမင်း နာကျင်နေသော်လည်း....
သူသည် အသက်ကိုအမောတကောရှိုက်ကာ တုန်တုန်ရီရီဖြင့်ဒူးထောက်လိုက်ကာ သူ့၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာသည်။
"ဂိုဏ်းချုပ်....ဒီငယ်သားက ရှင်းချန်တောင်ထိပ်ရဲ့ တောင်ထိပ်သခင်နဲ့အကြီးအကဲတွေကို ဘယ်တုန်းကမှ လုပ်ကြံသတ်ဖြတ်တာမျိုး မကျူးလွန်ဖူးပါဘူး...ငါက ဒီလိုဆိုးရွားတဲ့ကိစ္စမျိုးကို မလုပ်ခဲ့ဖူးဆိုတာ မိုးကောင်းကင်တာအိုကို တိုင်တည်ပြီးတော့ ကျိန်ဆိုဝံ့ပါတယ်"
သူ့၏ခန္ဓာကိုယ်တွင်းဒဏ်ရာများသည် အလွန်အမင်းပြင်းထန်သဖြင့် စကားပြောဆိုနိုင်ရန်အတွက် သူ့၏ကျင့်ကြံဆင့်အခြေခံစွမ်းအားများကို ထုတ်ဖော်အသုံးပြုနေရသည်။
အကယ်၍ သူ့၏ဒဏ်ရာများကို အချိန်မီကုသနိုင်ခြင်းမရှိပါက သူသည် ဤအခြေအနေနှင့် သုံးရက်ပင် အသက်ရှင်သန်နိုင်မည်မဟုတ်ပေ။
နေလဂိုဏ်းချုပ်သည် မှုန်တေတေဖြင့် ကောင်းရှစ်ကျီးကို စူးစိုက်၍ကြည့်လိုက်၏။
သူ့၏မျက်လုံးများ အနည်းငယ်လှုပ်ရှားသွားသည်။
သေမျိုးလောကအတွင်း၌ ကောင်းကင်ဘုံတာအိုကို တိုင်တည်ပြီးကျိန်ဆိုကြသကဲ့သို့ အင်မော်တယ်လောကတွင်လည်း ပြုလုပ်ကြသည်။
အင်မော်တယ်များသည် မိုးကောင်းကင်တာအိုကို တိုင်တည်၍ကျိန်ဆိုခြင်းအား ဆန္ဒရှိသကဲ့သို့ ပြုလုပ်နိုင်ခြင်းမရှိချေ။
တစ်စုံတစ်ယောက်သည် ဤကျမ်းသစ္စာကျိန်ဆိုမှုကို ပြုလုပ်လိုက်သည်နှင့် မိုးကောင်းကင်တာအို၏ တရားစီရင်မှုကို ခံယူရပေမည်။
"မင်း အဲ့ဒီကိစ္စကိုမလုပ်ရင် ပိုကောင်းလိမ့်မယ်"
နေလဂိုဏ်းချုပ်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။
ထို့နောက် သူက လျှူယန်တို့လူစုကို လှည့်ကြည့်လိုက်သည်။
"မင်းတို့ ဘယ်လိုသဘောရလဲ"
လျှူယန်တို့လူစုသည် ကောင်းရှစ်ကျီးကို အလွတ်မပေးလိုသော်လည်း ကောင်းရှစ်ကျီးသည် မိုးကောင်းကင်တာအိုကိုတိုင်တည်၍ ကျိန်ဆိုခဲ့သဖြင့် သူ့အား ထပ်မံ၍တင်းမာနေရန်မှာ မလွယ်ကူတော့ချေ။
မည်သို့ပင်ဆိုစေကာမူ ယခုချိန်၌ ကောင်းရှစ်ကျီး၏ဒဏ်ရာများသည် သေဆုံးသွားခြင်းမရှိသည့်တိုင် သေလုမျောပါးအခြေအနေသို့ ရောက်ရှိနေလေပြီ။
လျှူယန်တို့လူစုက တုံ့ပြန်လိုက်ကြသည်။
"ဒီကိစ္စက ဂိုဏ်းချုပ်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ်"
"ဒါဆိုရင် ဒီကိစ္စကို အဆုံးသတ်လိုက်တော့...ဘယ်သူကိုမှ ထပ်ပြောခွင့်မပြုဘူး"
နေလဂိုဏ်းချုပ်က ပြောဆိုကာ ခန်းမအတွင်း၌ ခွေးသေတစ်ကောင်အလား ဒူးထောက်နေသော ကောင်းရှစ်ကျီးကို ကြည့်လိုက်၏။
"မင်းကိုယ်မင်း ပြန်ပြီးဆင်ခြင်သုံးသပ်ပါ"
"ဟုတ်ကဲ့...."
ကောင်းရှစ်ကျီး၏အသံ တုန်ရီနေကာ သူ့၏ခန္ဓာကိုယ်ကို ထပ်မံ၍တောင့်ခံမထားနိုင်တော့သဖြင့် မြေပြင်ပေါ်သို့လဲကျသွားပြီး အသက်ကို အမောတကောရှုရှိုက်နေတော့သည်။
"မနက်ဖြန်က တပည့်သစ်ယှဥ်ပြိုင်ပွဲ ကျင်းပမယ့်နေပဲ...မင်းတို့အားလုံး ပြန်သွားပြီးပြင်ဆင်ကြတော့"
"ဟုတ်ကဲ့..."
လျှူယန်က တုံ့ပြန်ကာ အကြီးအကဲများနှင့်အတူ ထွက်ခွာသွားတော့သည်။
ကောင်းရှစ်ကျီးကိုလည်း သူ့၏လက်အောက်ငယ်သားများက သယ်ဆောင်သွားလေ၏။
နေလတောင်ထိပ်သို့ ပြန်ရောက်ချိန်၌ ကောင်းရှစ်ကျီးသည် အော်ဟစ်၍ငိုကြွေးမိလုမတတ်ပင်။
သူ မည်သည့်ပြစ်မှုကို ကျူးလွန်ခဲ့မိသဖြင့် ဤသို့ဖြစ်လာရသနည်း....
အပြင်စည်းလျှို့ဝှက်နယ်မြေသို့ သူ ရောက်ရှိသွားချိန်၌ ထိုနယ်မြေသည် အမှန်တကယ်ကို ခြောက်ကပ်နေသည်။
ဤနေရာသည် ခြောက်ကပ်နေသဖြင့် သူသည်ထန်လင်းတန်ကို ထုတ်ပေးခဲ့သော်လည်း အဆုံးသတ်၌ ဂိုဏ်းချုပ်၏နားလည်မှုလွဲခြင်းကိုခံခဲ့ရပေ၏။
ဤသည်မှာ သူ ထုတ်မပြောနိုင်သော နစ်နာမှုပင်။
သို့ရာတွင် သူ၏နစ်နာမှုသည် နစ်နာမှုသာဖြစ်ပြီး ဤအချိန်အခိုက်အတန့်တွင် သူ အချိန်နှောင့်နှေးဝံ့ခြင်းမရှိသဖြင့် အမိန့်ပေးလိုက်သည်။
"ငါက ငါ့ရဲ့ဒဏ်ရာတွေကို ကုသဖို့အတွက် ချက်ချင်းတံခါးပိတ်ကျင့်ကြံရမယ်...ပိုင်ကျင်း မင်း တခြားကိစ္စတွေအားလုံးကို တာဝန်ယူလိုက်တော့"
သူသည် အသက်ကိုမနည်းရှုရှိုက်ကာ မည်ကဲ့သို့ ဆက်လုပ်ရမည်ကို အလျှင်အမြန်အမိန့်ပေးလိုက်၏။
ထိုသို့ပြောဆိုပြီးနောက် သူသည် နေလတောင်ထိပ်၏အကြီးအကဲများအနက်မှ တစ်ယောက်ဖြစ်ကာ သူ၏တိုက်ရိုက်တပည့်လည်းဖြစ်သော ပိုင်ကျင်းကိုကြည့်၍ ပြောဆိုလိုက်သည်။
"ငါက တပည့်သစ်ယှဉ်ပြိုင်ပွဲကို သွားနိုင်တော့မှာမဟုတ်ဘူး...မင်း အဲ့ဒီနေရာကိုသွားပြီး စောင့်ကြည့်ရမယ်"
"ဘာကိစ္စနဲ့မှ ငါ့ကိုလာပြီး မနှောင့်ယှက်ကြနဲ့"
"ငါက အမိန့်ကိုနာခံပြီးတော့ အရာအားလုံးကိုဂရုစိုက်လိုက်ပါ့မယ်"
ပိုင်ကျင်းက တုံ့ပြန်သည်။
...
...
ယနေ့တွင် နေလဂိုဏ်း၏အပြင်စည်းတပည့်သစ်ယှဉ်ပြိုင်ပွဲ တရားဝင်ဖွင့်လှစ်လိုက်လေပြီ။
တံခါးမကြီး၏ပြင်ပရှိ ကြီးမားသောကွင်းပြင်အတွင်းမှ စင်မြင့်တခုပေါ်၌ အကြီးအကဲတစ်ယောက်က မတ်တတ်ရပ်ကာ စည်းမျဉ်းများကို ထုတ်ပြန်ကြော်ငြာနေသည်။
စင်မြင့်၏အောက်တွင် လူအမြောက်အများရှိနေပေ၏။
"အပြင်စည်းတပည့်သစ်ယှဉ်ပြိုင်ပွဲက...အပြင်စည်းတောင်ထိပ်သုံးခုရဲ့တပည့်တွေအတွက်ပဲ"
"ပါဝင်ယှဉ်ပြိုင်မယ့်တပည့်တွေအားလုံးက စမ်းသပ်လေဟာနယ်ထဲကို ပြောင်းရွှေခံရမှာဖြစ်ပြီးတော့....မင်းတို့တစ်ယောက်ချင်းစီက မတူညီတဲ့နေရာတစ်ခုစီကို ကြုံရာကျပန်း ရောက်သွားလိမ့်မယ်။
"စမ်းသပ်လေဟာနယ်အတွင်းမှာ မရေမတွက်နိုင်တဲ့ နတ်ဆိုးသားရဲတွေရှိနေတယ်...မင်းတို့တွေ အမဲလိုက်လို့ရတဲ့ နတ်ဆိုးသားရဲတွေရဲ့အဆင့်နဲ့နတ်ဆိုးသားရဲအရေအတွက်ပေါ် မူတည်ပြီးတော့...မင်းတို့ရဲ့အဆင့်ကို ဆုံးဖြတ်မယ်"
"ထိပ်ဆုံးဆယ်နေရာကို ဝင်ရောက်နိုင်တဲ့တပည့်တွေရှိတဲ့တောင်ထိပ်က အနိုင်ရမယ်...ဒါ့ပြင် တပည့်သစ်ယှဉ်ပြိုင်ပွဲမှာ ထိပ်ဆုံးသုံးနေရာရတဲ့တပည့်တွေက အပိုဆုလာဘ်တွေကို ချီးမြှင့်ခံရမယ်"
"အဲ့ဒီဆုလာဘ်တွေအပြင် ထိပ်ဆုံးသုံးယောက်က အင်မော်တယ်ကျမ်းစာဆောင်ကနေ အလယ်အလတ်အဆင့် အင်မော်တယ်နည်းစနစ်တစ်ခုကို ရွေးချယ်နိုင်ပြီးတော့...အတွင်းစည်းအကြီးအကဲတွေရဲ့တိုက်ရိုက်တပည့်အဖြစ် ရွေးချယ်ခံရမယ်"
ထိုအသံကျရောက်လာချိန်တွင် စင်မြင့်၏အောက်၌ ရုပ်ရင်းဆန်ခတ်ဖြစ်သွားကြသည်။
သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြ၏။
အလယ်အလတ်အဆင့် အင်မော်တယ်နည်းစနစ်သည် အလွန်အဖိုးတန်ရှားပါးသဖြင့် အပြင်စည်းတောင်ထိပ်သုံးခုမှ တပည့်များအားလုံး လိုချင်တပ်မက်ကြသည်။
သို့ရာတွင် အရေးအပါဆုံးကိစ္စမှာ ထိပ်ဆုံးသုံးနေရာအတွင်းသို့ ဝင်ရောက်နိုင်သူသည် အတွင်းစည်းအကြီးအကဲများ၏ တိုက်ရိုက်တပည့် ဖြစ်လာနိုင်ခြင်းပင်။
တစ်ခုသိထားရသည်မှာ အပြင်စည်းတပည့်များသည် မည်မျှပင် သန်မာအားကောင်းနေပါစေ နေလဂိုဏ်း၏အပြင်စည်းတပည့်သာဖြစ်သည်။
သို့ရာတွင် အတွင်းစည်းသို့ ရောက်ရှိသွားချိန်တွင်မူ ထိုအဆင့်မျိုး မဟုတ်တော့ချေ။
အကယ်၍ တစ်စုံတစ်ယောက်သည် အတွင်းစည်းအကြီးအကဲတစ်ယောက်၏ တိုက်ရိုက်တပည့်အဖြစ်သို့ ရောက်ရှိသွားပါက သူ၏အနာဂတ်သည် အကန့်အသတ်ရှိမည်မဟုတ်ချေ။
ဤကဲ့သို့ ဆုလာဘ်ကို ထုတ်ပြန်ကြော်ငြာလိုက်သဖြင့် တပည့်များ စိတ်လှုပ်ရှားသွားသည်မှာ ကျိုးကြောင်းဆီလျော်သည်။ထို့ကြောင့် စည်းမျဉ်းများကို ထုတ်ပြန်ကြော်ငြာနေသော အကြီးအကဲသည် ရပ်တန့်လိုက်ကာ တပည့်များ၏ စိတ်လှုပ်ရှားစွာပြောဆိုနေမှုကိုကြည့်၍ အချိန်တခဏခန့် စောင့်ဆိုင်းလိုက်သည်။
ထိုနောက် သူက ဆက်လက်၍ပြောဆိုသည်။
"မင်းတို့တွေ စမ်းသပ်လေဟာနယ်ထဲကို ရောက်ချိန်မှာ မင်းတို့တစ်ယောက်စီတိုင်း ကျောက်စိမ်းပြားတစ်ခုကို ရလိမ့်မယ်...တကယ်လို့ မင်းတို့အန္တရာယ်နဲ့တွေ့မယ်ဆိုရင် အဲ့ဒီကျောက်စိမ်းပြားကိုခြေမွှပြီးတော့ အပြင်ကိုထွက်လာလို့ရတယ်"
"တကယ်တော့ အဲ့ဒီနေရာမှာ အန္တရာယ်များတာကြောင့်...မင်းတို့ အချိန်မီ ထွက်မလာနိုင်တာမျိုးလည်း ရှိလာနိုင်တယ်"
"ဒါကြောင့် မင်းတို့အားလုံး....မင်းတို့ရဲ့ဘေးကင်းလုံခြုံရေးကို အထူးဂရုစိုက်ကြပါ"
ထို့နောက် အကြီးအကဲ၏နောက်ရှိ ပါးလွှာသောလေထုအတွင်းမှာနေ၍ ကြီးမားသောလေဟာနယ်ပိတ်ကားကြီးတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
ထိုလေဟာနယ်ပိတ်ကားကြီးပေါ်တွင် တပည့်များ၏နာမည်နှင့် အတူယှဉ်တွဲ၍ ကျောက်စိမ်းပြားတစ်ခုစီပေါ်တွင်ရှိနေသော နတ်ဆိုးအမြူတေအရေအတွက်ပါရှိသည်။
ဤအချိန်အခိုက်အတန့်တွင် နတ်ဆိုးအမြူတေအရေအတွက်သည် သုည၌ရှိနေလေ၏။စမ်းသပ်လေဟာနယ်အတွင်းသို့ ဝင်ရောက်ပြီးမှသာ ပိတ်ကားပေါ်ရှိ နတ်ဆိုးအမြူတေအရေအတွက် ပြောင်းလဲသွားပေမည်။ထိုအရာများကိုကြည့်၍ တပည့်များ၏ အဆင့်သတ်မှတ်ချက်ကို ပြုလုပ်ပေမည်။
လျှူယန်နှင့် ရှင်းချန်တောင်ထိပ်မှအကြီးအကဲများသည် စည်းမျဉ်းများကိုနားထောင်ပြီးနောက် နေလတောင်ထိပ်မှာလူများကို ကြည့်လိုက်သည်။
ကောင်းရှစ်ကျီးသည် ရောက်ရှိလာခြင်းမရှိချေ။
လျှူယန်က သရော်တော်တော်ပြုံးလိုက်ကာ သူမ၏နံဘေးရှိ တပည့်များကို ပြောဆိုလိုက်၏။
"ဒီတကြိမ်မှာ နင်တို့ အကောင်းဆုံးကြိုးစားပြီးတော့ နေလတောင်ထိပ်ကို အနိုင်ယူရမယ်"
"နင်တို့ မှတ်ထားရမှာက...နင်တို့ရဲ့တောင်ထိပ်သခင်က နင်တို့ကို အမြဲတမ်းအာရုံစူးစိုက်နေတယ်ဆိုတာပဲ"
နေလတောင်ထိပ်မှလူများသည် လျှူယန်၏စကားကိုကြားချိန်တွင် သူတို့၏မျက်နှာများ သုန်မှုန်သွားသည်။
ဤအချိန်အခိုက်အတန့်တွင် နေလတောင်ထိပ်မှလူများကို ဦးဆောင်လာသူမှာ ပိုင်ကျင်းပင်။သူသည် ထွီခနဲ တံတွေးတချက်ထွေးကာ သူ၏လူများကိုကြည့်၍ ပြောဆိုလိုက်သည်။
"တောင်ထိပ်သခင်က ဒီနေရာမှာရှိမနေပေမယ့် ...ငါနဲ့အကြီးအကဲတွေအားလုံး မင်းတို့ကို သေချာစောင့်ကြည့်နေမယ်"
"မင်းတို့ရဲ့ခွန်အားတွေက တောင်ထိပ်သုံးခုမှာ အားအကောင်းဆုံးပဲ...တကယ်လို့ မင်းတို့လုပ်နိုင်မယ်ဆိုရင် ထိပ်ဆုံးသုံးနေရာတင်မကဘူး ထိပ်ဆုံးဆယ်နေရာလုံးကို ရအောင်ယူရမယ်"
"တခြားအမှိုက်ကောင်တွေကို မင်းတို့ရဲ့ခွန်အားတွေ ကောင်းကောင်းကြီး ပြသလိုက်စမ်း"
"မင်းတို့ကို တခြားတောင်ထိပ်ကလူတွေ လွှမ်းမိုးသွားခွင့်မပြုနဲ့"
"ဒါ့ပြင်...."
ပိုင်ကျင်းက ပြောဆိုကာ ရှင်းချန်တောင်ထိပ်မှလူများကို တစ်ချက်ကြည့်ပြီး သူ၏အသံကို နှိမ့်လိုက်သည်။
"တောင်ထိပ်သခင် ဒီနေရာမှာရှိမနေပေမယ့် သူ အရင်က ပေးထားတဲ့အမိန့်ကို မင်းတို့အားလုံး မေ့မထားရဘူး"
တောင်ထိပ်သခင်ကောင်းသည် ယခုအချိန်၌ တံခါးပိတ်ကျင့်ကြံနေသည့်တိုင် ရှင်းချန်တောင်ထိပ်ကိုဖိနှိပ်ရန် ယခင်ကတည်းက သူ၏တပည့်များအားလုံးကို အမိန့်ပေးထားခဲ့သည်။
ထို့ပြင် သူတို့သည် အခွင့်ကောင်းရှာ၍ ရီဖုန်းကို သတ်ဖြတ်ရပေမည်။
"ကျွန်တော်တို့အားလုံး အမှတ်ရပါတယ်"
နေလတောင်ထိပ်မှလူများသည် တပြိုင်နက်တည်း တုံ့ပြန်လိုက်ကြကာ ရှင်းချန်တောင်ထိပ်မှ လူများဘက်သို့ ကြည့်လိုက်သည်။
ဤနေရာ၌ သူတို့စကားပြောဆိုနေစဉ်မှာပင် စင်မြင့်ပေါ်ရှိအကြီးအကဲ၏ စည်းမျဉ်းများကို ထုတ်ပြန်ကြော်ငြာခြင်း အဆုံးသတ်သွားလေပြီ။
"အပြင်စည်းတပည့်သစ်ယှဉ်ပြိုင်ပွဲ တရားဝင်စတင်ပါပြီ"
ထိုအသံကျရောက်လာသည်နှင့်အတူ ကျောက်စိမ်းတံဆိပ်ပြားတစ်ခုစီက တပည့်များအားလုံး၏ရှေ့၌ ထွက်ပေါ်လာသည်။
တပည့်တစ်ယောက်ချင်းစီသည် ကျောက်စိမ်းပြားတစ်ခုကိုဆုပ်ကိုင်၍ နေရာမှချက်ချင်းပျောက်ကွယ်သွားတော့သည်။
Chapter 604
ရီဖုန်းသည် ကျောက်စိမ်းပြားကို ဆုပ်ကိုင်လိုက်သည့် အချိန်အခိုက်အတန့်တွင် သူသည် စမ်းသပ်လေဟာနယ်တစ်နေရာသို့ ကြုံရာကျပန်းရောက်ရှိသွားသည်။
သူသည် ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ တောအုပ်တစ်ခုဖြစ်နေသည်ကို တွေ့မြင်မိလေ၏။
မြင့်မားသောသစ်ပင်ကြီးများ၏ အရိပ်အာဝါသကြောင့် မိုးကောင်းကင်ယံကို မမြင်နိုင်ဘဲ တောအုပ်အတွင်း၌ အေးစက်နေသည်။ပတ်ဝန်းကျင်နေရာတဝိုက်တွင် ငှက်တချို့၏အော်မြည်သံ လေတိုက်ခတ်၍သစ်ရွက်ချင်းပွတ်သံများကလွဲ၍ အလွန်တိတ်ဆိတ်ငြိမ်သက်နေသည်။
ဤနေရာသည် မဆိုးလှချေ။
ဤနေရာတွင် တိတ်ဆိတ်ငြိမ်သက်နေကာ မည်သည့်တိုက်ခိုက်မှုမျိုးမျှ ရှိပုံမရချေ။
ရီဖုန်းသည် ကျောက်စိမ်းပြားကို သူ့၏ရင်ဘတ်ကြားသို့ ဂရုတစိုက်ထည့်ကာ သူ့၏ခန္ဓာကိုယ်ပေါ်မှဖုန်များကို ခါထုတ်လိုက်၏။
ငှက်များ တကျီကျီတကျာကျာ အော်နေသည်ကိုကြည့်ကာ....
ဤငှက်များထံတွင်လည်း နတ်ဆိုးအမြူတေများ ရှိနေနိုင်သည်မဟုတ်လော....
ရီဖုန်းသည် ထိုငှက်တချို့ကို ဖမ်းဆီး၍ကြည့်ရန် လှုပ်ရှားလိုက်သည်။
ထိုအချိန်မှာပင် လူရှစ်ယောက်ကိုးယောက်ခန့်က သူ၏ရှေ့၌ ထွက်ပေါ်လာသည်။
ထိုလူများသည် ရီဖုန်းကိုကျောပေးထားကာ သူတို့အားလုံးသည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားကြ၏။
တောင်ထိပ်သုံးခုအကြားတွင် ဝတ်စုံအရောင်သုံးရောင်ရှိသဖြင့် တပည့်များကိုခွဲခြားနိုင်သည်။
ရှောင်ရီတောင်ထိပ်သည် အနက်ရောင်ဖြစ်ကာ ရှင်းချန်တောင်ထိပ်သည် ရွှေရောင်ဖြစ်သည်။
နေလတောင်ထိပ်ကမူ အပြာရောင်ပင်။
တယောက် နှစ်ယောက် သုံးယောက်...ရီဖုန်းသည် တိတ်တဆိတ်ရေတွက်ကြည့်လိုက်ရာ ထိုလူများသည် ကိုးယောက်ရှိနေပေ၏။
သူ တိတ်တဆိတ် နောက်သို့ပြန်ဆုတ်လိုက်သည်။
သူ ဤနေရာသို့ ရောက်ရှိလာသော အချိန်မှာပင် နေလတောင်ထိပ်မှလူကိုးယောက်နှင့် ဆုံတွေ့ရသည်။
သောက်ချေးပဲ...ဤသည်မှာ သူ အနည်းငယ်ကံဆိုးသည်ဟု ယူဆနိုင်သည် မဟုတ်လော...
"ယေး...စီနီယာအကို...."
တပည့်တစ်ယောက်သည် အပြာရောင်ဝတ်စုံဝတ်တခြားတပည့်တစ်ယောက်ကို ဆုပ်ကိုင်ကာ အံ့အားတသင့် အော်ဟစ်လိုက်သည်။
"အရမ်းတိုက်ဆိုင်တာပဲ...စီနီယာအစ်ကိုလည်း ဒီနေရာကို ရောက်လာတယ်"
"စီနီယာအစ်ကို...."
"အို ဘယ်လိုတိုက်ဆိုင်မှုတစ်ခုလဲ...ငါတို့ကိုးယောက် ဒီနေရာကို အတူတူပြောင်းရွှေ့ခံရတာ နတ်ဘုရားတွေက ကောင်းချီးပေးတာပဲဖြစ်မယ်"
"သွားကြစို့...အခုအချိန်က ငါတို့အလုပ်လုပ်ရမယ့်အချိန်ပဲ...ငါတို့အမှိုက်ကောင်ရီဖုန်းကို ရှာရမယ်"
"ငါတို့က ထိပ်ဆုံးသုံးနေရာကို ဘယ်လိုမှဝင်နိုင်မှာမဟုတ်ဘူး...ရီဖုန်းကိုသတ်နိုင်ရင် ဆုလာဘ်ချီးမြှင့်မယ်လို့ တောင်ထိပ်သခင်က ပြောထားတယ်"
သူတို့သည် ရယ်မောရင်း စကားပြောဆိုကာ ရှေ့သို့လျှောက်လှမ်းလိုက်ကြသည်။
နောက်သို့ တိတ်တဆိတ်ဆုတ်ခွာနေသော ရီဖုန်းသည် ထိုစကားများကိုကြားချိန်တွင် သူ၏ခြေထောက်များ တုန်ရီသွားပေ၏။
ဂျွတ်....
ရုတ်တရက် သစ်ကိုင်းခြောက်တစ်ခုကို သူ တက်နင်းမိသွားသည်။
တစ်ချိန်တည်းမှာပင် ရှေ့တွင်ရှိနေသော လူကိုးယောက်လုံး နောက်သို့ပြန်လှည့်ကြည့်လိုက်ကြသည်။
နေရာမှာပင် ကြက်သေသေနေသော ရီဖုန်းကို သူတို့အားလုံး တွေ့မြင်မိလေ၏။
ထိုလူကိုးယောက်သည် အချိန်တခဏကြာခန့်ကြက်သေသေသွားပြီးနောက် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်ကြသည်။
"ငါတို့ ကံတကယ်ကောင်းတာပဲ...အမှိုက်ကောင်ကိုရှာဖို့ ဘာမှအင်အားစိုက်ထုတ်စရာမလိုဘူး"
ထိုအသံနှင့်အတူ လူကိုးယောက်သည် ရီဖုန်းကို ဝိုင်းရံလိုက်ကြ၏။
ရီဖုန်းကို လူကိုးယောက် ဝိုင်းရံထားသည်။
သူ့အတွက် လွတ်လမ်းမရှိတော့ချေ။ရီဖုန်းသည် တန်းတန်းမတ်မတ် မတ်တတ်ရပ်ကာ သူ့၏လည်ချောင်းကိုရှင်း၍ တည်ငြိမ်ချင်ယောင်ဆောင်လိုက်သည်။
"အဟွတ်...အဟွတ်...."
သူသည် ချောင်းဟန့်ရင်း စနစ်ကိုဆင့်ခေါ်လိုက်၏။
လူကိုးယောက်ဖြစ်သဖြင့် အနည်းငယ်အင်အားများနေသည်။
အကယ်၍ အခြေအနေမကောင်းပါက သူ အရင်ဆုံးရှောင်ထွက်သွားရပေမည်။
ရီဖုန်း၏တိတ်ဆိတ်ငြိမ်သက်နေမှုကိုကြည့်ပြီး အပြာရောင်ဝတ်စုံဝတ်တပည့်တစ်ယောက်က ရုတ်တရက်ပြောဆိုသည်။
"ဘာလဲ...မင်းက ကျောက်စိမ်းတံဆိပ်ပြားကို ခြေမွှပြီးတော့ ထွက်မပြေးသေးဘူးလား"
သူ၏နံဘေးတွင်ရှိနေသော တခြားလူရှစ်ယောက်သည်လည်း ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြသည်။
"သူက အရမ်းအစွမ်းထက်တယ်လို့ ငါ ထင်ထားခဲ့ပေမယ့်....ငါတို့တောင် စပြီးမတိုက်ခိုက်ရသေးဘူး...သူက ထွက်ပြေးချင်နေတယ်"
"အမှန်ပဲ"
ရီဖုန်းသည် သူ့အား လှောင်ပြောင်သရော်နေသော လူများကိုကြည့်ပြီး သူတို့၏စကားပြောဆိုနေမှုများကို ကြားချိန်တွင် သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
ကောင်းရှစ်ကျီးသည် သူ့အားသတ်ဖြတ်ရန်အတွက် အမိန့်ထုတ်ပြန်ထားခဲ့သလော...
အကယ်၍ ဤတစ်ကြိမ်တွင် သူ ထွက်ပြေးလွတ်မြောက်နိုင်လျှင်ပင် နောက်တကြိမ် အန္တရာယ်အတွင်းသို့ ကျရောက်ရမည်မှာ သေချာပေါက်ပင်။
အကယ်၍ သူသည် သူတို့ကို အနိုင်မယူနိုင်လျှင်ပင် ထိုလူများကို သတ်ဖြတ်နိုင်သော ပြန်လည်ဝင်စားခြင်းအင်မော်တယ်များကို သူ အချိန်မရွေး ခေါ်ဆောင်နိုင်သည်မဟုတ်လော...
သူသည် တန်းတန်းမတ်မတ် မတ်တတ်ရပ်လိုက်၏။
ထိုနောက် သူ့ရှေ့ရှိ လူကိုးယောက်ကို အေးစက်တင်းမာသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ထို့နောက် သူ၏ခေါင်းကို ဘယ်ညာလှည့်ကာ သူတို့ကိုကြည့်ပြီး ပြောဆိုသည်။
"မင်းတို့ကိုးယောက် မတ်တတ်ရပ်နေတာက အရမ်းဝေးနေတယ်...မင်းတို့က ငါ့ကိုသတ်ချင်နေတာ မဟုတ်လား...လာကြာစမ်း မင်းတို့အားလုံး အတူတူမတ်တပ်ရပ်လိုက်ကြလေ"
"မင်းတို့ကိုးယောက် အတူတူမတ်တတ်ရပ်လိုက်ကြစမ်း"
"ငါတို့က အတူတူမတ်တတ်ရပ်ရမှာလား"
အပြာရောင်ဝတ်စုံဝတ်တပည့်များအနက်မှ တစ်ယောက်က ပြောဆိုသည်။
"ငါတို့ကို တုံးအတဲ့လူတွေလို့ မင်းက ထင်နေတာလား"
"အရင်တုန်းက ငါတို့ရဲ့ဂျူနီယာညီလေးငါးယောက် အတူတူမတ်တပ်ရပ်ခဲ့တယ်..."
"ဒါကြောင့် မင်းရဲ့တိုက်ခိုက်မှုကို သူတို့ ခံရပြီးသေသွားခဲ့တာတောင်...မင်းက ငါတို့ကိုထပ်ပြီး အတူတူမတ်တတ်ရပ်စေချင်သေးတာလား"
"စီနီယာအစ်ကို...သူနဲ့အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောမနေနဲ့"
တခြားတပည့်တစ်ယောက်က ပြောဆိုသည်။
"သူ့ကိုသတ်ပြီး ဒီကိစ္စကို အဆုံးသတ်လိုက်တော့"
ရီဖုန်း၏မျက်နှာ တည်ကြည်လေးနက်စ ပြုလာသည်။
ထိုတပည့်များအနက်မှတစ်ယောက်သည် သူ၏ဓားကို ဝှေ့ယမ်းလိုက်ရာ အစွမ်းထက်သောဓားချီလှိုင်းတစ်လှိုင်း ချက်ချင်းထွက်ပေါ်လာသည်။
ရီဖုန်းသည် ထိတ်လန့်တုန်လှုပ်သွားကာ အလျှင်အမြန်ရှောင်တိမ်းလိုက်၏။ထို့နောက်သူ၏လက်ချောင်းကိုရွေ့လျားကာ လှုပ်ခတ်လိုက်သည်နှင့် ထိုလူသည် အသွေးအသားများအဖြစ် ပေါက်ကွဲသွားတော့သည်။
"သူ့ရဲ့လက်ကို ဖြတ်ကြစမ်း"
ထိုအချိန်မှာပင် တပည့်တစ်ယောက်က အော်ဟစ်လိုက်သည်။
လူရှစ်ယောက်သည် ရပ်တန့်သွားခြင်းမရှိဘဲ အနီးကပ်ရှေ့တိုးလာကာ ရီဖုန်း၏လက်ချောင်းများကိုဖြတ်ရန် ကြံရွယ်လိုက်ကြသည်။
အဝေးမှတိုက်ခိုက်ခြင်းသည် အဆင်မပြေသဖြင့် သူတို့သည် အနီးကပ်တိုက်ပွဲကို ဆင်နွှဲလိုက်ကြ၏။
ရီဖုန်းသည် ထိတ်လန့်တုန်လှုပ်သွားကာ အချိန်တခဏကြာသည်အထိ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။
သူသည် စနစ်ကိုဆင့်ခေါ်လိုက်ကာ တချိန်တည်းမှာပင် ထိတ်လန့်တကြားဖြင့် သူ၏လက်ချောင်းငါးချောင်းကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်သည်။
သူ တတ်နိုင်သမျှ သူတို့အား သတ်ဖြတ်ရပေမည်။
ရုတ်ချည်းဆိုသလိုပင် သူ၏လက်ချောင်းငါးချောင်းဖြင့် ချိန်ရွယ်ပစ်ခတ်လိုက်သော လူငါးယောက်လုံး အသွေးအသားများအဖြစ် ပေါက်ကွဲသွားတော့သည်။
ထိုအချိန်တွင် ရီဖုန်းသည် ထွက်ပြေးသွားရန် အဆင်သင့်ဖြစ်နေလေပြီ။
မမျှော်လင့်ဘဲ တခြားသူသုံးယောက်သည် ရုတ်တရက် အဝေးသို့ဆုတ်ခွာသွားသည်ကို သူ တွေ့မြင်မိသည်။
ထို့ကြောင့် ရီဖုန်းသည် ထွက်ပြေးနေသော သူ့၏ခြေလှမ်းများကို ရပ်တန့်လိုက်၏။
တခြားလူသုံးယောက်သည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သူ ခံစားမိသည်။
"ဒါက အရမ်းကြောက်ဖို့ကောင်းတာပဲ"
အပြာရောင်ဝတ်စုံဝတ်တပည့်များအနက်မှ တစ်ယောက်သည် ထိတ်လန့်တကြားဖြင့် ရီဖုန်းကိုကြည့်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ထွက်ပြေးကြတော့"
တခြားတပည့်နှစ်ယောက်သည်လည်း အော်ဟစ်လိုက်၏။
သူတို့သည် နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးကြတော့သည်။
ရွှပ်....
စွမ်းအားလှိုင်းနှစ်လှိုင်း ဖြတ်သန်းသွားခြင်းနှင့်အတူ အပြာရောင်ဝတ်စုံဝတ်တပည့်နှစ်ယောက် အသွေးအသားများအဖြစ် ပေါက်ကွဲသွားသည်။
ရီဖုန်းသည် သူ့ရှေ့၌ တစစီပြန့်ကြဲနေသော အသွေးအသားများကိုကြည့်ကာ စနစ်ကိုဆင့်ခေါ်ထားခြင်းအား ပြန်လည်၍ရုတ်သိမ်းလိုက်သည်။
သူသည် ထိုလူများထက်ပို၍ အစွမ်းထက်သူဖြစ်သည်ဟု တွေးထင်မိလေ၏။
ရုတ်ချည်းဆိုသလိုပင် အပြာရောင်ဝတ်စုံဝတ် တပည့်တစ်ယောက်သာ ကျန်ရှိတော့သည်။
ရီဖုန်းသည် ထိုလူကိုကြည့်ကာ သူ့၏လက်ချောင်းကိုမြှောက်ပြီး ခါယမ်းလိုက်၏။
"မင်း ပြေးလေ...မင်း ဘာလို့မပြေးတော့တာလဲ"
"စီနီယာအစ်ကိုရီ...အသက်ချမ်းသာပေးပါ"
ထိုတပည့်က တောင်းပန်သည်။
ဒုန်းခနဲမြည်သံနှင့်အတူ သူသည် ရီဖုန်း၏ရှေ့၌ ဒူးထောက်ကာ တုန်တုန်ရီရီဖြင့် ပြောဆိုသည်။
"စီနီယာအစ်ကိုရီ...ငါ့ကို မသတ်ပါနဲ့"
"မင်းရဲ့စီနီယာအစ်ကိုက ဘယ်သူလဲ"
ရီဖုန်းသည် ထိုတပည့်ကိုကန်ကျောက်ကာ မြေပြင်ပေါ်သို့ လဲကျသွားစေသည်။
ရုတ်ချည်းဆိုသလိုပင် ထိုတပည့်သည် ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ရကာ သူ့၏ခန္ဓာကိုယ်တွင်းအင်္ဂါများ ကြေမွှသွားပုံရသည်။
ထိုတပည့်သည် ညည်းတွားကာ ရှုံမဲ့နေသောမျက်နှာဖြင့် မြေပြင်ပေါ်၌ လူးလိမ့်နေသည်။
"မင်းက ငါ့ကိုသတ်ဖို့ လုပ်နေတာမဟုတ်လား"
ရီဖုန်းက ဆောင့်ကြောင့်ထိုင်ကာ ထိုလူ၏ခေါင်းကို သူ၏လက်ဖြင့် ထိတွေ့လိုက်သည်။
"မင်းက ငါ့ကိုသတ်ဖို့ ရောက်လာတာမဟုတ်လား"
ထိုတပည့်သည် သူ၏ခြေလက်များ ပြင်းထန်စွာနာကျင်နေသည့်တိုင် ရီဖုန်း၏လက်ချောင်းများ သူ၏ခေါင်းကို ထိတွေ့လိုက်သောအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
ဤအချိန်အခိုက်အတန့်တွင် ရီဖုန်း၏လက်ချောင်းများကြောင့် သူ၏ထိတ်လန့်တုန်လှုပ်ရမှုသည် သူ၏စိတ်နှလုံးသားအတွင်း၌ နက်ရှိုင်းစွာစွဲထင်သွားလေပြီ။
"မင်းက တကယ့်ကို အမှိုက်ကောင်ပဲ ...ငါ မင်းကိုတစ်ချက်ကန်လိုက်ရုံနဲ့ မင်းက ဒီပုံစံဖြစ်သွားပြီ...ဒါတောင်မှ မင်းက ငါ့ကို သတ်ချင်သေးတာလား"
ရီဖုန်းက အထင်အမြင်သေးစွာပြောဆိုကာ မတ်တတ်ထရပ်လိုက်၏။
"ငါက မင်းကို သတ်ချင်တာမဟုတ်ပါဘူး...ဒါက တောင်ထိပ်သခင်...တောင်ထိပ်သခင်ပါ"
ထိုတပည့်သည် အံ့တင်းတင်းကြိတ်ကာ ပြင်းထန်သောနာကျင်မှုကိုတောင့်ခံပြီး ဖြည်းညှင်းစွာပြောဆိုသည်။
"မင်းကိုသတ်ချင်တာက တောင်ထိပ်သခင်ပါ...သူက မင်းကို တွေ့တဲ့နေရာမှာ သတ်ရမယ်လို့ နေလတောင်ထိပ်ရဲ့တပည့်တွေအားလုံးကို အမိန့်ပေးထားတယ်"
"စီနီယာအကိုရီ...ကျေးဇူးပြုပြီးတော့ ငါ့ကိုအသက်ချမ်းသာပေးပါ"
ထိုတပည့်က ပြောဆိုသည်။
ရီဖုန်းက တုံ့ပြန်အဖြေပေးခြင်းမရှိချေ။ သူ၏ခေါင်းကို ဝေ့ဝိုက်ကာ သူ၏နံဘေးတွင်ပြန့်ကျဲနေသော အသွေးအသားများကို ကြည့်လိုက်သည်။
အချိန်တခဏကြာခန့် စဉ်းစားတွေးသောပြီးနောက် သူသည် အသက်ငင်နေသောအပြာရောင်ဝတ်စုံဝတ်တပည့်ကို ပြန်၍ကြည့်လိုက်သည်။
"နောက်ဆုံးမေးခွန်း....မင်းတို့အားလုံးက ဘယ်ကျင့်ကြံဆင့်နယ်ပယ်မှာ ရှိနေလဲ"
"ငါက မြေကမ္ဘာအင်မော်တယ်တစ်ယောက်ပါ....သူတို့အားလုံးက....."
ထိုတပည့်၏လည်ပင်းသည် ရီဖုန်း၏လိမ်ချိုးခြင်းကို ခံလိုက်ရတော့သည်။
နောက်ဆုံးစကားလုံးများဖြစ်သော ရွှေအင်မော်တယ်ဟူသည့် စကားကိုမူ သူ သေဆုံးသွားချိန်အထိ ပြောဆိုသွားနိုင်ခဲ့ခြင်းမရှိချေ။
"မင်းက ခွင့်လွှတ်ဖို့အတွက် အသနားခံတောင်းပန်တာကို ထောက်ပြီးတော့...ငါက မင်းရဲ့အလောင်းကို ကိုယ်လက်အင်္ဂါအပြည့်အစုံ ချန်ထားပေးမယ်"
ရီဖုန်းက သူ့၏လက်ကိုင်ပဝါကိုထုတ်ကာ သူ၏လက်နှစ်ဖက်မှသွေးများကို သုတ်လိုက်သည်။
ထိုနောက် သူက အထင်အမြင်သေးစွာဖြင့်ပြောဆိုလိုက်၏။
"မြေကမ္ဘာအင်မော်တယ်တွေက မင်းတို့ရဲ့ဖေဖေကြီးကို သတ်ဖို့ လှုပ်ရှားဝံ့တာလား"
"သောက်ချေးပဲ"
သူက တိုးညှင်းသောအသံဖြင့် ဆဲဆိုလိုက်သည်။
"ငါ့ကိုသတ်ဖို့အမိန့်ကို မင်းတို့က ဘယ်လိုသတ္တိမျိုးနဲ့ ထုတ်ပြန်ဝံ့တာလဲ"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်း၏မျက်နှာပေါ်၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်လာသည်။
သူက ဖြည်းညှင်းစွာမတ်တတ်ထရပ်ကာ သူ၏မျက်လုံးများ မှုန်မှိုင်းနေလေ၏။
"ကောင်းရှစ်ကျီး.....မင်းက ငါ့ကိုသတ်ဖို့ ကြံရွယ်နေတာကြောင့် ....ငါက မြေကမ္ဘာအင်မော်တယ်နယ်ပယ်နဲ့ အဲ့ဒီအဆင့်ရဲ့အောက်မှာရှိတဲ့ မင်းရဲ့တပည့်တွေအားလုံးကို သတ်ပစ်မယ်"
"ငါ တစ်ယောက်တွေ့ရင် တစ်ယောက်သတ်မယ်"
သူက တည်ငြိမ်အေးဆေးစွာပြောဆိုကာ သူ၏ပါးစပ်မှနေ၍ စကားတစ်လုံးချင်းထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် စမ်းသပ်လေဟာနယ်၏ ပြင်ပတွင်ရှိနေသော လူအုပ်ကြီးထံမှနေ၍ ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာသည်။
ထိုအသံများအကြားတွင် နေလတောင်ထိပ်မှလူများ၏အသံများသည် အဆူညံဆုံးပင်။
"ဘာတွေ ဖြစ်သွားတာလဲ...ဘယ်လိုလုပ်ပြီးတော့ လူကိုးယောက်ရဲ့ နာမည်နဲ့ကျောက်စိမ်းပြားတွေ ရုတ်တရက်ကြီး ပျောက်ကွယ်သွားတာလဲ"
နေလတောင်ထိပ်မှ အကြီးအကဲတစ်ယောက်က ဒေါသတကြီးအော်ဟစ်လိုက်သည်။
လေဟာနယ်ပိတ်ကားပေါ်ရှိ နာမည်များနှင့်ကျောက်စိမ်းတံဆိပ်ပြား ပျောက်ကွယ်သွားသည်မှာ ဖြစ်နိုင်ချေနှစ်ခုသာရှိသည်။
ကျောက်စိမ်းပြားကိုခြေမွှ၍ ပြင်ပသို့ထွက်လာခြင်း...
သို့မဟုတ် စမ်းသပ်လေဟာနယ်အတွင်း၌ သေဆုံးသွားခြင်းပင်...
လူအုပ်ကြီး၏ရှေ့ဆုံး၌ မတ်တတ်ရပ်နေသော ပိုင်ကျင်းသည်လည်း ထိတ်လန့်တုန်လှုပ်နေပေ၏။
ထိုလူကိုးယောက်တွင် ရှစ်ယောက်သည် ရွှေအင်မော်တယ်နယ်ပယ် ဒုတိယအဆင့်၌ရှိနေသည်။
သူတို့သည် ထိပ်ဆုံးသုံးနေရာကိုရယူရန် ဖြစ်နိုင်ချေမရှိသော်လည်း ထိပ်ဆုံးဆယ်နေရာအတွင်းသို့ဝင်ရန်မူ မျှော်လင့်ချက်ရှိနေသည်။
အကယ်၍ တောင်ထိပ်သခင်သည် ဤကိစ္စကို သိရှိသွားပါက သူ အပြစ်ပေးခံရမည်မှာ သေချာပေါက်ပင်။
"ဘာလို့လဲ....ဘာလို့ ဒီလိုဖြစ်သွားတာလဲ"
ပိုင်ကျင်းသည် ထိတ်လန့်တုန်လှုပ်သွားကာ ဒယိမ်းဒယိုင်ဖြင့် နောက်သို့ဆုတ်လိုက်သည်။
"ရွှေအင်မော်တယ်ရှစ်ယောက်က ဘာလို့ သူတို့ရဲ့နာမည်တွေ ပျောက်ကွယ်သွားတာလဲ"
"အကြီးအကဲပိုင်...စိတ်အေးအေးထားပါအုံး"
တခြားအကြီးအကဲတစ်ယောက်သည် ဤကိစ္စကို အလျှင်အမြန် လက်သင့်ခံနိုင်သွားလေ၏။
သူက ခြေလှမ်းရှေ့တိုးကာ ပိုင်ကျင်းအား နှစ်သိမ့်ပေးလေသည်။
"အဲ့ဒီရွှေအင်မော်တယ်ရှစ်ယောက်က နယ်မြေထဲကို ဝင်သွားတဲ့အချိန်မှာ အရမ်းအစွမ်းထက်တဲ့ နတ်ဆိုးသားရဲတွေနဲ့ ရင်ဆိုင်တွေ့ရပြီးတော့ အချိန်မီထွက်မပြေးနိုင်ခဲ့တာ ဖြစ်နိုင်တယ်"
"ဒါပေမဲ့ ငါတို့ရဲ့ဒုတိယအသုတ်တပည့်တွေထဲမှာ သူတို့ထက် ပိုပြီးအစွမ်းထက်တဲ့ ရွှေအင်မော်တယ်တွေ ရှိနေတဲ့အပြင်....ရလဒ်ကောင်းတွေကို ယူပေးနိုင်မှာသေချာတဲ့ ပါရမီရှင်သုံးယောက်လည်းရှိနေတယ်"
ပိုင်ကျင်းသည် ထိုစကားများကိုကြားချိန်တွင် သူ၏စိတ် တဖြည်းဖြည်းပြန်လည်၍တည်ငြိမ်သွားသည်။
အမှန်တကယ်ကိုပင် ဤသည်မှာ ရွှေအင်မော်တယ်ရှစ်ယောက်သာ ဖြစ်သည်။
တခြားတပည့်များသည် ရလဒ်ကောင်းများရယူနိုင်သည်နှင့် တောင်ထိပ်သခင်သည် ဤကိစ္စအတွက် သူ့အား အပြစ်ပေးမည်မဟုတ်ချေ။
Chapter 605
ရီဖုန်းသည် ထိုလူကိုးယောက်ကို သတ်ဖြတ်ပြီးနောက် တောအုပ်အတွင်းရှိစမ်းချောင်းတစ်ခုထံသွားကာ သူ့ကိုယ်သူ ဂရုတစိုက်ဆေးကြောသန့်စင်လိုက်သည်။
သူ့၏လက်များသည် ဤဖွတ်ကျားကောင်များကြောင့် ညစ်ပတ်သွားရသည်ကို သူ အလွန်မုန်းတီးမိလေ၏။
ကောင်းရှစ်ကျီးကို သူ ထပ်မံ၍သည်းမခံနိုင်တော့ချေ။
သူသည် ဤနေရာ၌ သွားလာလှုပ်ရှားကာ နေလတောင်ထိပ်မှ မြေကမ္ဘာအင်မော်တယ်များကို သတ်ဖြတ်ရပေမည်။
မဟုတ်သေး....သူသည် နေလတောင်ထိပ်၏တပည့်များအားလုံးကို သတ်ဖြတ်လိုသည်။
မြေကမ္ဘာအင်မော်တယ်နယ်ပယ် အထက်တွင်ရှိသော တပည့်များကို သတ်ဖြတ်ရန် ကုံးချန်ကို ခေါ်ရမည်။
သူနှင့် ထိုတပည့်များ ဆုံတွေ့သည်နှင့်...
တစ်ယောက်ကိုမျှ အလွတ်ပေးမည်မဟုတ်ချေ။
...
...
စမ်းသပ်လေဟာနယ်အတွင်းရှိ မိုးကောင်းကင်ယံ မှောင်ရီပျိုးစပြုလာသည်။
ဤအချိန်တွင် ရီဖုန်းသည် တောအုပ်အတွင်း၌ ရှိနေဆဲပင်။
ဤတောအုပ်သည် အလွန်ကြီးမားသဖြင့် သူ အချိန်အတော်ကြာ လျှောက်လှမ်းပြီးသည့်တိုင် ထွက်သွားနိုင်ခြင်းမရှိချေ။
ညအချိန်....ရီဖုန်းသည် မိုးကောင်းကင်ယံကို မော့ကြည့်လိုက်၏။
ညအချိန်တွင် တောအုပ်အတွင်းရှိ နတ်ဆိုးသားရဲများ အမဲလိုက်ထွက်ကြပေမည်။
တိကျသေချာစွာပင် တောအုပ်အတွင်းမှနေ၍ ကျိုးတိုးကျဲတဲအသံများ ကြားနေရသည်။
ညဥ့်နက်လာသည်နှင့် တောအုပ်အတွင်းမှနေ၍ နတ်ဆိုးသားရဲများ၏ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။
သို့ရာတွင် ရီဖုန်းသည် ထိုနတ်ဆိုးသားရဲများကို စိတ်ဝင်စားခြင်းမရှိချေ။
ယခုချိန်တွင် သူသည် နေလတောင်ထိပ်မှလူများကိုသာ စိတ်ဝင်စားပေ၏။
ဤလေဟာနယ်နယ်မြေအတွင်းတွင် တခြားတပည့်များအားလုံးသည် နတ်ဆိုးသားရဲများကို အမဲလိုက်နေကြပေမည်။
နေလတောင်ထိပ်မှလူများသည် နတ်ဆိုးသားရဲများကို သတ်ဖြတ်နေစဥ်တွင် သူသည် သူတို့အား သတ်ဖြတ်ရပေမည်။
ရီဖုန်း၏သားကောင်သည် နေလတောင်ထိပ်မှလူများပင်။
ထိုအကြောင်းကိုတွေးတောရင်း ရီဖုန်း၏မျက်လုံးများ ပို၍တည်ကြည်လေးနက်သွားသည်။
တစတစ ပို၍ညဥ့်နက်လာသည်နှင့်အမျှ....
နတ်ဆိုးသားရဲများ၏ ဟိန်းဟောက်သံများနှင့် ပြေးလွှားနေသံများ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် လူသားများ၏အသံများကိုလည်း ကြားနေရလေ၏။
"ဒီစုန်းနက်တောအုပ်ထဲမှာ နတ်ဆိုးသားရဲတွေ အများကြီးရှိနေတယ်...အခုက အမဲလိုက်ဖို့အချိန်ပဲ"
"ဒါပေမဲ့ ဒီနေရာမှာ အစွမ်းထက်တဲ့နတ်ဆိုးသားရဲတွေ ရှိမနေဘူး"
"အားလုံးပဲ....ငါတို့က တခြားနတ်ဆိုးသားရဲတွေကို ဝိုင်းပြီးတိုက်ခိုက်ကြမယ်"
ထိုအသံ ရီဖုန်း၏နားအတွင်းသို့ ရောက်ရှိလာချိန်တွင် သူက ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။
အပြာရောင်ဝတ်စုံဝတ်ဆင်ထားသော လူတစ်စု....
တစ်ယောက်...နှစ်ယောက်...သုံးယောက်....ဆယ့်သုံးယောက်....
ရီဖုန်းသည် ချက်ချင်းမတ်တတ်ထရပ်ကာ သူ၏စနစ်ကို ဆင့်ခေါ်လိုက်၏။
ထို့နောက် သူ၏လက်များကို နောက်သို့ပစ်ကာ ထိုနေရာသို့ လျှောက်လှမ်းသွားလိုက်သည်။
"အားလုံးပဲ...ကောင်းသောညချမ်းပါ..."
သူက အပြုံးနှင့် အပြာရောင်ဝတ်စုံဝတ်လူတစ်စုထံသို့ လျှောက်လှမ်းသွားကာ သူ နှစ်ပေါင်းများစွာကြာအောင် မမြင်တွေ့ရသော မိတ်ဆွေတစ်ယောက်ကို တွေ့မြင်လိုက်ရသည်အလားပင်။
နတ်ဆိုးသားရဲများကို အမဲလိုက်ရန် ကြံရွယ်နေသော လူဆယ့်သုံးယောက်သည် ဤအချိန်အခိုက်အတန့်တွင် ရီဖုန်း ရုတ်တရက်ထွက်ပေါ်လာသည်ကို တွေ့မြင်မိလေ၏။
အစပထမ၌ သူတို့အားလုံး ကြက်သေသေသွားပြီးနောက် ဝမ်းသာပျော်ရွှင်သွားကြသည်။
"ဒါက ရီဖုန်းမဟုတ်လား"
သူတို့အားလုံး အံ့အားတသင့် အော်ဟစ်လိုက်သည်။
နေလတောင်ထိပ်မှလူများအတွက် ဤသည်မှာ နတ်ဆိုးသားရဲတစ်ကောင်ထက် အဆတစ်သောင်းကျော် ပို၍ကောင်းမွန်သော သားကောင်တစ်ကောင်ပင်။
"မင်းတို့က ငါ့ကို သတ်ချင်နေတာလား"
ရီဖုန်းက မေးမြန်းသည်။
"ဟား ဟား ဟား...ကြည့်ရတာတော့ ငါတို့ နေလတောင်ထိပ်ကလူတွေ မင်းကိုတွေ့တာနဲ့ သတ်မယ်ဆိုတဲ့အကြောင်းကို မင်း သိထားပုံပဲ"
တပည့်တစ်ယောက်က ရယ်မောရင်း ပြောဆိုသည်။
"မင်းတို့ရဲ့ကျင့်ကြံဆင့်နယ်ပယ်က ဘာလဲ"
ရီဖုန်းက တည်ငြိမ်စွာမေးမြန်းသည်။
"မြေကမ္ဘာအင်မော်တယ်ရဲ့ အောက်မှာရှိနေရင် ငါက လှုပ်ရှားဖို့အတွက် အရမ်းပျင်းတယ်"
"ဘာ မြေကမ္ဘာအင်မော်တယ်တွေက မင်း လှုပ်ရှားဖို့အတွက် အရမ်းပျင်းဖို့ကောင်းနေတာလား"
သူတို့အနက်မှအများစုသည် အလွန်အမင်းစိတ်မကျေမနပ် ဖြစ်သွားလေ၏။
"ခွေးမသား မင်းက ငါတို့ကို အထင်သေးနေတာလား"
"အမှန်ပဲ...."
ထိုလူဆယ့်သုံးယောက်အနက် တပည့်တချို့ထံမှ အသံများထွက်ပေါ်လာသည်။
"မင်းက ငါတို့ကို အထင်သေးနေတာပဲ...စီနီယာအစ်ကို...သူ့ကို သတ်လိုက်ပါ...သူက ငါတို့မြေကမ္ဘာအင်မော်တယ်တွေကို အထင်သေးနေတယ်"
"အော်..."
ရီဖုန်းက သူ၏နားရွက်များကိုတို့ထိကာ ပြောဆိုလိုက်သည်။
"ကြည့်ရတာတော့ မင်းတို့ဆယ့်သုံးယောက်လုံးက မြေကမ္ဘာအင်မော်တယ်တွေ ဖြစ်နေတဲ့ပုံပဲ"
သူ့၏လက်ချောင်းကို အနည်းငယ်ရွေ့လျားလိုက်ခြင်းနှင့်အတူ ထိုတပည့်များအနက်မှဆယ်ယောက် ပေါက်ကွဲပြီး သေဆုံးသွားတော့သည်။
လက်ချောင်းတစ်ချောင်းတည်းဖြင့်...
ရုတ်ချည်းဆိုသလိုပင် ထိုနေရာ၌မတ်တတ်ရပ်နေသည်မှာ လူသုံးယောက်သာ ကျန်ရှိတော့သည်။
သူတို့သုံးယောက်သည် ကြက်သေသေသွားကာ နေရာတစ်နေရာထံသို့ တပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
ထိုနေရာ၌ အသွေးအသားပုံကြီးရှိနေပြီး တခြားမြေကမ္ဘာအင်မော်တယ်တပည့်များနှင့် မည်သည့်ကွဲပြားခြားနားချက်မျှ မရှိချေ။
ဤသည်မှာ သူတို့၏စီနီယာအစ်ကိုကြီးပင်။သူသည် ဤတစ်ကြိမ်တွင် အမဲလိုက်ရန်အတွက် သူတို့အားဦးဆောင်သူဖြစ်ပြီး ရွှေအင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
"မင်းတို့သုံးယောက်ကရော...မင်းတို့က မြေကမ္ဘာအင်မော်တယ်တွေပဲလား"
ရီဖုန်းက သူ၏လက်ချောင်းကိုဝှေ့ယမ်းကာ ထိုလူသုံးယောက်ထံသို့ဦးတည်၍ လျှောက်လှမ်းသွားလိုက်၏။
"မဟုတ်ဘူး...မဟုတ်ဘူး...သူက...."
သူတို့သုံးယောက်သည် ထိတ်လန့်တုန်လှုပ်သွားကာ သွေးအိုင်တစ်အိုင်ကို လက်ညှိုးညွှန်ပြပြီး တုန်တုန်ရီရီနှင့် ဗလုံးဗထွေးပြောဆိုသည်။
"စီနီယာအစ်ကို...သူ...သူ...သူက...."
"ငါ မင်းတို့သုံးယောက်ကို မေးနေတာလေ"
ရီဖုန်းက စိတ်မရှည်စွာ အော်ဟစ်လိုက်၏။
"ဟုတ်ကဲ့ ဟုတ်ကဲ့...ငါတို့အားလုံးက မြေကမ္ဘာအင်မော်တယ်တွေပါ"
သူတို့သုံးယောက်သည် တုံ့ပြန်လိုက်ကြကာ တခြားမည်သည့်စကားမျှမဆိုတော့ပဲ ဒူးထောက်၍ငိုယိုကာ အသနားခံတောင်းပန်ကြတော့သည်။
"စီနီယာအစ်ကိုရီ....မြေကမ္ဘာအင်မော်တယ်တွေကို မသတ်ဘူးလို့ မင်း ပြောခဲ့တယ်မဟုတ်လား...ငါတို့သုံးယောက်က မြေကမ္ဘာအင်မော်တယ်တွေပါ...ကျေးဇူးပြုပြီး စီနီယာအစ်ကိုက ငါတို့ကို အသက်ချမ်းသာပေးပါ"
သူ၏စကားအဆုံးမသတ်သေးမီမှာပင် ရီဖုန်းက ထိုလူ၏လည်ပင်းကို လိမ်ချိုးလိုက်သည်။
ထိုနောက် သူသည် တခြားနှစ်ယောက်ကိုကြည့်လိုက်၏။
ထိုလူနှစ်ယောက်သည် ထိတ်လန့်တကြားဖြင့် ရီဖုန်းကိုကြည့်ကာ ဒယိမ်းဒယိုင်ဖြင့် နောက်သို့ဆုတ်လိုက်ကြသည်။
ဤလူများ ထိတ်လန့်တကြားထွက်ပြေးသည့် ပုံပန်းသွင်ပြင်ကို ကြည့်ရသည်အား ရီဖုန်း အမှန်တကယ်ကို သဘောကျနှစ်ခြိုက်မိသည်။
ထို့ကြောင့် သူသည် သူ၏လက်များကိုမြှောက်ကာ အပြုံးနှင့် ထိုလူနှစ်ယောက်ကို ကြည့်လိုက်သည်။
"မင်းတို့...ထွက်ပြေးချင်လား"
ထိုလူနှစ်ယောက်သည် သွေးရူးသွေးတန်းဖြင့် ခေါင်းညိတ်လိုက်ကြသည်။
"ကောင်းပြီလေ...ငါ မင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ်"
ရီဖုန်းသည် သူ၏ခန္ဓာကိုယ်ကို အနည်းငယ်တိမ်းစောင်းကာ သစ်ပင်တစ်ခု၏ပင်စည်ကို မှီလိုက်သည်။
"ဒါပေမဲ့ မင်းတို့ရဲ့ကျင့်ကြံဆင့်အခြေခံစွမ်းအားတွေကို မသုံးရဘူး...မင်းတို့ရဲ့ခြေထောက်နှစ်ချောင်းကိုသုံးပြီး ပြေးရမယ်"
ရီဖုန်းက ထိုသို့ပြောဆိုပြီးနောက် သူ၏လက်ကိုမြှောက်လိုက်ရာ ထိုလူနှစ်ယောက်အနက်မှတစ်ယောက် အသွေးအသားများအဖြစ် ပေါက်ကွဲသွားသည်။
တခြားတစ်ယောက်သည် ထိတ်လန့်တကြားဖြင့် ထိုနေရာသို့ကြည့်ကာ သွေးရူးသွေးတန်းဖြစ်စပြုလာသည်။
သူသည် ထွက်ပြေးရန်မစဉ်းစားတော့ဘဲ ဒူးထောက်၍ အသနားခံတောင်းပန်လိုက်သည်။
"ကျေးဇူးပြုပြီးတော့ ငါ့ကို ခွင့်လွှတ်ပေးပါ...ကျေးဇူးပြုပြီးတော့ ငါ့ကို ခွင့်လွှတ်ပေးပါ"
"ငါ့ကို ဖေဖေကြီးလို့ ခေါ်စမ်း...ငါ နားထောင်ကြည့်မယ်"
ရီဖုန်းသည် နောက်ဆုံးကျန်သောတပည့်ကိုကြည့်၍ ပြောဆိုသည်။
သူ့ကိုကြည့်ရသည်မှာ သေလုမျောပါးဖြစ်နေသော သားကောင်တကောင်ကို ကြည့်နေသည့်အလားပင်။
"ဖေဖေ...ဖေဖေကြီး...ဖေဖေကြီး...ဖေဖေကြီး...ဖေဖေကြီး...."
"ဟူး...."
ရီဖုန်းက သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏လက်ချောင်းများကို လှံရှည်တစ်ချောင်းအလား မြှောက်လိုက်သည်။
"ငါ မင်းကို အဲ့ဒီလောက်ထိ အော်ခိုင်းလို့လား"
ထိုအသံကျရောက်လာသည်နှင့်အတူ သူ၏လက်ညှိုးကို ရှေ့သို့ချိန်ရွယ်လိုက်၏။
ထိတ်လန့်တကြားဖြစ်နေသောတပည့်သည် အသွေးအသားများအဖြစ် ချက်ချင်းပေါက်ကွဲသွားတော့သည်။
ရီဖုန်းက သူ၏လက်ညှိုးကို လေဖြင့်မှုတ်လိုက်သည်။
"မင်း ဘာလို့ ဒီလောက်ထိ အများကြီးအော်ရတာလဲ....မင်းက တကယ့်ကို အမိန့်မနာခံတတ်တဲ့ကောင်ပဲ"
သူက အမူအယာကင်းမဲ့စွာဖြင့် တီးတိုးရေရွတ်ကာ သူသည် သူကိုယ်သူ ပြောဆိုနေသလောသို့မဟုတ် သူရှေ့ရှိ တစ်စုံတစ်ယောက်ကိုပြောဆိုနေသလော မသိနိုင်ချေ။
ပတ်ဝန်းကျင်၌ အသွေးအသားများ ပြန့်ကျဲ၍ ကျန်ရှိနေခဲ့သည်။
...
...
တောအုပ်အတွင်း၌ နတ်ဆိုးသားရဲများရှိနေသည်။
နတ်ဆိုးသားရဲများ ရှိနေသောနေရာတွင် လူသားများလည်း ရှိနေပေ၏။
ထိုနေရာတွင် နေလတောင်ထိပ်မှတပည့်များ ရှိနေမည်မှာလည်း အတိအကျပင်။
သူ၏ခန္ဓာကိုယ်ပေါ်၌ စွန်းထင်းနေသော သွေးများကိုကြည့်ပြီး ရီဖုန်းက မျက်မှောက်ကြုတ်လိုက်သည်။
သတ်ဖြတ်ခြင်းသည် လွယ်ကူပေ၏။
သို့ရာတွင် သူ၏အဝတ်အစားများ ညစ်ပေသွားခဲ့သည်။
သူသည် အမှိုက်ကောင်တစ်သိုက်ကိုသတ်ဖြတ်ပြီးတိုင်း ဆေးကြောသန့်စင်ခြင်းကို ပြုလုပ်နေရသည်။
ရီဖုန်းက သက်ပြင်းတစ်ချက်ရှိုက်ကာ တောအုပ်အတွင်းရှိ စမ်းချောင်းထံသို့ ဦးတည်၍လျှောက်လှမ်းသွားလိုက်သည်။
သူ စမ်းချောင်းထံသို့ မရောက်သေးမီမှာပင် တစ်စုံတစ်ယောက် စကားပြောဆိုနေသည်ကို သူ ကြားလိုက်ရသည်။
"ဒီနေ့ မင်းတို့တွေ နတ်ဆိုးသားရဲဘယ်လောက်များများကို အမဲလိုက်ပြီးပြီလဲ"
ထိုလူများ၏အသံသည် သူနှင့်အနည်းငယ် အလှမ်းကွာဝေးနေသဖြင့် ပြတ်တောင်းပြတ်သောင်းသာ ကြားနေရသည်။
တစ်စုံတစ်ယောက်က ဂုဏ်ယူသောအသံဖြင့် ပြောဆိုသည်။
"ငါးကောင်...အခု ငါ့မှာ နတ်ဆိုးအမြူတေငါးခုရနေပြီ...မင်းရော ဘယ်လောက်ရပြီလဲ"
"ငါ မရသေးဘူး"
"တစ်ရက်ကုန်သွားတာတောင် မင်း တစ်ခုမှမရသေးဘူးလား"
"မင်းမှာ နတ်ဆိုးအမြူတေ ဘယ်လောက်များများရှိနေတယ်ဆိုတာ အရေးမကြီးဘူး...ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ထိပ်ဆုံးဆယ်ယောက်ထဲကို ဝင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ထိုလူက ပြောဆိုသည်။
"မင်းက ရီဖုန်းကိုရှာတွေ့တာနဲ့...သူ့ကိုသတ်တာက နတ်ဆိုးအမြူတေတွေ အများကြီးရတာထက် ပိုပြီးအသုံးဝင်လိမ့်မယ်"
ထိုစကားများကိုကြားချိန်တွင် ထိုနေရာသို့ချဉ်းကပ်သွားသော ရီဖုန်းသည် နေလတောင်ထိပ်မှလူများ ဖြစ်နေသည်ကို သိရှိလိုက်သည်။
ထိုလူများသည်လည်း လှုပ်ရှားသံတစ်သံကိုကြားလိုက်ရသဖြင့် သူတို့၏ခေါင်းများကို တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်လိုက်ကြရာ တောအုပ်အတွင်းမှထွက်လာသော ပုံရိပ်တစ်ခုကို တွေ့မြင်မိသည်။
သူတို့ အနီးကပ်ကြည့်လိုက်ချိန်တွင်...
ဤသည်မှာ ရီဖုန်းဖြစ်နေသည် မဟုတ်လော...
သူတို့အားလုံး အံ့အားသင့်သွားသည်။
ရီဖုန်းသည် သူတို့၏အံ့အားသင့်သွားသော အမူအယာများကိုကြည့်ပြီးနောက် သူ၏မျက်နှာပေါ်တွင် ထူးဆန်းသောအပြုံးတစ်ခု ထင်ဟပ်လာသည်။
အစောပိုင်းက သူနှင့်ကြုံတွေ့ခဲ့ရသော လူနှစ်စုသည်လည်း သူတို့ သူ့အားမြင်တွေ့ချိန်တွင် ဤကဲ့သို့ တူညီသောအပြုံးမျိုးကို မြင်တွေ့ခဲ့ရသည်။
"သူ့ကို သတ်ကြစမ်း"
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ကာ သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
ထိုအသံကျရောက်လာသည်နှင့်အတူ လူနှစ်ယောက်သည် ရှေ့သို့တရကြမ်းတိုးလာကြလေ၏။
ဤသားကောင်ကို သတ်နိုင်သော မည်သူမဆို ကြီးမားသောဆုလာဘ်များကို ရရှိပေမည်။
ရီဖုန်းက လက်ညှိုးညွန်လိုက်ရာ ထိုလူနှစ်ယောက်သည် လေထုအတွင်း၌ အသွေးအသားများအဖြစ် ပေါက်ကွဲသွားသည်။
နောက်ကျကျန်နေရစ်ကာ ရှေ့သို့ပြေးဝင်ရန် ဟန်ပြင်နေသောလူများသည် တစ်ယောက်ပြီးတစ်ယောက် ရပ်တန့်လိုက်ကြသည်။
ရီဖုန်းသည် ရီနျန်နည်းစနစ်ဖြင့် မြေကမ္ဘာအင်မော်တယ်ငါးယောက်ကို သတ်ဖြတ်နိုင်ခဲ့သည်အား သူတို့ ပြန်လည်တွေးတောမိသည်။
မြေကမ္ဘာအင်မော်တယ်များသည် ရှေ့သို့ခြေတလှမ်းမတိုးဝံ့တော့ဘဲ အလွန်အမင်းသတိကြီးစွာထားသော အမူအယာဖြင့် ရီဖုန်းကို စူးစိုက်၍ကြည့်နေကြသည်။
ထိုအချိန်မှာပင် လူတစ်ယောက်သည် ရှေ့သို့ခုန်ထွက်လာကာ သူ၏လက်နှစ်ဖက်ကိုဖြန့်ကား၍ သူတို့အား ဟန့်တားလိုက်သည်။
"ဘာမှ မကြောက်ကြနဲ့...မင်းတို့အတွက် ငါ သူ့ကို ဟန့်တားပေးမယ်"