← Chapters

အခန်း (၆၅၁-၆၅၅)

Vol. 44 Ch. 651-655

အခန်း (၆၅၁-၆၅၅)

Vol. 44 Ch. 651-655

Chapter 651

ထိုစကားများကိုပြောဆိုရင်း...

လီဟောင်ထျန်းသည် သူ၏ခြေထောက်ကိုမြှောက်၍ သဟွာဂိုဏ်းချုပ်ကို ထပ်မံ၍ကန်ကျောက်လိုက်၏။

"မင်းကို ပေါက်ကရစကားတွေ ဘယ်သူက ပြောခိုင်းလို့လဲ....မင်းကို အပိုစကားတွေ ဘယ်သူပြောခိုင်းလို့လဲ"

"မင်းက ဘာကောင်မလို့လဲ..."

"ငါ မင်းကိုသိလို့လား...."

"ဟမ့်....ငါ မင်းကို သိလို့လား"

ဤအချိန်အခိုက်အတန့်တွင် သဟွာဂိုဏ်းချုပ်သည် ဝက်ခေါင်းကဲ့သို့ ဖူးယောင်သွားသည်အထိ လီဟောင်ထျန်း၏ကန်ကျောက်ခြင်းကိုခံလိုက်ရတယ်။သူ့ထံမှနေ၍ မျက်ရည်နှင့်နှာရည်များ ယိုစီးကျလာပေ၏။

သူ၏နောက်ရှိအကြီးအကဲများသည်လည်း ထိတ်ထိတ်ပျာပျာဖြစ်နေကာ မည်ကဲ့သို့ဆက်လုပ်ရမည်ကို မသိကြတော့ချေ။

သူတို့ဝင်ရောက်ပြောဆိုမည်ဆိုလျှင် ဤသည်မှာ ရှီးနင်ကုန်းမြေအရှင်ဖြစ်နေသည်။

အကယ်၍ သူတို့ ဝင်ရောက်ပြောဆိုခြင်းမပြုပါက ဂိုဏ်းချုပ်သည် ကန်ကျောက်ခံရခြင်းကြောင့် သေဆုံးသွားပေလိမ့်မည်။

ထိုကြောင့် အကြီးအကဲများအနက်မှတစ်ယောက်သည် ရှေ့ဆုံးမှဦးဆောင်ကာ သတ္တိမွေး၍အော်ဟစ်လိုက်သည်။

"ကုန်းမြေအရှင်...ဒါက ဘယ်လိုဖြစ်တာလဲ"

"မင်း လူမှားရိုက်နေတာလား..."

"အမှန်ပဲ အမှန်ပဲ....ငါတို့က သဟွာဂိုဏ်းရဲ့လူတွေလေ...သလင်းကျောက်ရိုင်းကိစ္စကို တိုင်ပင်ဆွေးနွေးဖို့အတွက် ငါတို့ကို မင်းပဲဖိတ်ခေါ်ခဲ့တာမဟုတ်လား"

အကြီးအကဲများက ပျာပျာသလဲရှင်းပြလေသည်။

သို့ရာတွင် ထိုစကားကိုမပြောဆိုခဲ့ပါက ပို၍အဆင်ပြေပေမည်။

ထိုစကားကိုကြားရချိန်တွင် လီဟောင်ထျန်းသည် ပို၍ပင် ပြင်းပြင်းထန်ထန် ကန်​ကျောက်လိုက်၏။

"ငါက သလင်းကျောက်ရိုင်းတွေကိစ္စ တိုင်ပင်ဆွေးနွေးဖို့ မင်းတို့ကို ဘယ်ချိန်တုန်းက ဖိတ်ခေါ်ခဲ့လို့လဲ"

"ငါ မင်းတို့ကို သိလို့လား"

"ဘာအစုတ်အပြတ် သဟွာဂိုဏ်းလဲ...ငါ အဲ့ဒီဂိုဏ်းကို တစ်ခါမှမကြားဖူးဘူး"

"ဒါက မဟုတ်သေးဘူးလေ...တစ်ခုခုမှားနေတာလား"

အကြီးအကဲတစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်လိုက်သည်။

"ငါတို့ဆီကို လာပြီးအကြောင်းကြားတာက မင်းရဲ့လက်အောက်ငယ်သားဆိုတာ အသိသာကြီးလေ"

ထိုသို့ပြောဆိုပြီးနောက် သူသည် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်၍ကြည့်လိုက်ရာ သဟွာဂိုဏ်းသို့လာပြီး သူတို့အားအကြောင်းကြားသော သံတမန်ကို ရှာဖွေတွေ့ရှိမိသည်။ထိုအကြီးအကဲသည် ထိုလူ၏အနီးသို့ အလျှင်အမြန်လျှောက်လှမ်းသွားကာ သူ၏လက်ကိုဆုပ်ကိုင်၍ ပြောဆိုသည်။

"ဒီလူကို မေးကြည့်ပါ...သူကိုယ်တိုင် ငါတို့သဟွာဂိုဏ်းကိုလာပြီး အကြောင်းကြားသွားခဲ့တာပဲ"

"မင်း သွားခဲ့တာလား"

လီဟောင်ထျန်းက ထိုလက်အောက်ငယ်သားကို မျက်စောင်းထိုးကြည့်ကာ မေးမြန်းသည်။

လက်အောက်ငယ်သား၏ခန္ဓာကိုယ် တုန်ရီသွားကာ သူက ပြတ်ပြတ်သားသားပြောဆိုသည်။

"ကုန်းမြေအရှင် မဟုတ်ပါဘူး...ငါက အဲ့ဒီအစုတ်အပြတ်သဟွာဂိုဏ်းအကြောင်းကို တစ်ခါမှတောင်မကြားဖူးဘူး"

"မင်းတို့ ကြားကြပြီလား..."

"ငါ လီဟောင်ထျန်းက မင်းတို့ကို ဘယ်တုန်းကမှ မဖိတ်ခေါ်ခဲ့ဖူးဘူး...ဒါ့ပြင် ငါက မင်းတို့အားလုံးကို နည်းနည်းလေးတောင်မသိဘူး"

"မင်းတို့က ရုတ်တရက်ကြီး ငါ့ရဲ့ကုန်းမြေအရှင်အိမ်တော်ကို ကျူးကျော်ဝင်ရောက်လာတယ်..ဒါက ဘယ်လိုပြစ်မှုမျိုးလဲဆိုတာ မင်းတို့ သိကြလား"

လီဟောင်ထျန်းသည် သူ၏အရှိန်အဝါကိုထုတ်ဖော်ကာ လူအုပ်ကြီးထံသို့ တိုးဝင်သွားစေသည်။

လီဟောင်ထျန်း၏အရှိန်အဝါကို ခံစားရချိန်တွင် သဟွာဂိုဏ်းမှအကြီးအကဲများအားလုံး ထိတ်လန့်ကြောက်ရွံ့စွာဖြင့် မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြသည်။သူတို့၏နဖူးများမှနေ၍ ဇော်​ချွေးများ ယိုစီးကျလာကာ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။

"ဒါက ဘယ်လိုသောက်ရေးမပါတာတွေ ဖြစ်နေတာလဲ"

"အမှန်ပဲ...မင်းက သလင်းကျောက်ရိုင်းတွေအကြောင်း တိုင်ပင်ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့တာမဟုတ်လား....ဘာလို့ ရုတ်တရက်ကြီး ဒီလိုဖြစ်သွားတာလဲ"

"ဘာတွေဖြစ်သွားတာလဲဆိုတာ ငါ့ကို ဘယ်သူပြောပြနိုင်မလဲ"

လီဟောင်ထျန်း၏ခြေထောက်အနီး၌ အကြီးအကဲတစ်စုသည် ဒူးထောက်ကာ ငိုကြွေးမြည်တမ်းနေကြသည်။သူတို့သည် မည်သည်ကြောင့် ဤကဲ့သို့ကိစ္စများ ဖြစ်ပျက်လာသည်ကို ဖော်ထုတ်နိုင်စွမ်းမရှိချေ။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင်...

သူတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။

လီဟောင်ထျန်းသည် လုချုံးကို ထပ်ခါတလဲလဲဦးညွှတ်အရိုအသေပြုနေသည်အား သူတို့အားလုံး မြင်တွေ့မိလေ၏။

"အိုး....စီနီယာလု နားလည်မှုလွဲတာပါ...ဒါကနားလည်မှုလွဲတာတစ်ခုပဲ"

"ကုန်းမြေအရှင်အိမ်တော်ရဲ့ကိစ္စတွေကို ကောင်းကောင်းမွန်မွန် မစီမံနိုင်ခဲ့တာ ငါ့ရဲ့အပြစ်တွေပါပဲ...ဒီငမိုက်သားတွေက အိမ်တော်ထဲကို ကျူးကျော်ဝင်ရောက်လာပြီးတော့ မင်းကိုအပြစ်ပြုခဲ့တယ်...ငါက အဲ့ဒီပြစ်မှုအတွက် သေသင့်ပါတယ်...ငါ တကယ်ကိုသေသင့်တယ်"

ထိုသို့ပြောဆိုပြီးနောက် လီဟောင်ထျန်းသည် သူ့ကိုယ်သူ ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်လိုက်၏။

ထို့နောက် သူက ဆက်လက်၍ပြောဆိုသည်။

"စီနီယာလု...ဒီကိစ္စကို စိတ်ထဲမထားပါနဲ့...နည်းနည်းလေးတောင် စိတ်ထဲမထားနဲ့"

"ဒါက ငါတို့ရဲ့မိတ်ဆွေဆက်ဆံရေးကို ဘာသက်ရောက်မှုရှိမှာမဟုတ်ဘူး"

"ဒီငမိုက်သားတွေအတွက်ကတော့ ငါက သူတို့ကို ချက်ချင်းအပြစ်ပေးလိုက်မယ်"

"လာကြစမ်း"

ထိုသို့ပြောဆိုပြီးနောက် သူက မတ်တတ်ထရပ်ကာ ပြင်းထန်သောလေသံဖြင့် အော်ဟစ်လိုက်သည်။

"ဒီလူတွေက ကုန်းမြေအရှင်အိမ်တော်ကိုကျူးကျော်ဝင်ရောက်လာပြီးတော့ မြင့်မြတ်တဲ့ဧည့်သည်တော်တွေကို နှောက်ယှက်ခဲ့တယ်...သူတို့အားလုံးကိုဆွဲထုတ်ပြီးတော့ ကောင်းကင်ဘုံအကျဉ်းထောင်ထဲမှာ ဖမ်းချုပ်ထားလိုက်စမ်း"

ထိုစကားဆုံးသည်နှင့် ကုန်းမြေအရှင်အိမ်တော်မှ သီးသန့်စစ်သားတစ်စု ပြေးထွက်လာကာ မြေပြင်ပေါ်တွင်ရှိနေသော သဟွာဂိုဏ်းချုပ်တို့လူစုကို ဖမ်းဆီးလိုက်တော့သည်။

သဟွာဂိုဏ်းချုပ်နှင့် တခြားအကြီးအကဲများသည် အလွန်အမင်းထိတ်လန့်တုန်လှုပ်နေပေ၏။

စီနီယာလု...

မြင့်မြတ်တဲ့ ဧည့်သည်တော်...

သူတို့သည် လုချုံးကိုစူးစိုက်ကြည့်ရင်း သူတို့၏မျက်လုံးများ ပေါက်ထွက်တော့လုမတတ်ပင်။

မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသနည်း...

"ကုန်းမြေအရှင်...သူက အမှိုက်ကောင်တစ်ကောင်လေ...မင်း လှည့်စားခံနေရတာလား"

သဟွာဂိုဏ်းချုပ်က လီဟောင်ထျန်းကိုစူးစိုက်ကြည့်ကာ မလိုလားစွာဖြင့် အော်ဟစ်လိုက်သည်။

"မင်းကအမှိုက်ကောင်.. မင်းတို့တမိသားစုလုံးကသာ အမှိုက်တွေ...."

လီဟောင်ထျန်းသည် ရှေ့သို့တိုးသွားပြီး သဟွာဂိုဏ်းချုပ်၏ရင်ဘတ်ပေါ်သို့ ခြေဆောင့်နင်းကာ သူ၏ခေါင်းကို အောက်သို့ငုံ၍ ချဉ်းကပ်လိုက်သည်။

ထို့နောက် သူက တိုးညှင်းသောလေသံဖြင့်ပြောဆိုသည်။

"မင်းက မျက်လုံးကန်းနေတဲ့ကောင်ပဲ...သူက အမှိုက်ကောင်တစ်ကောင်လို့ မင်း တကယ်ကြီးထင်နေတာလား"

"သူက အစစ်အမှန်အနှစ်သာရအင်မော်တယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ"

"ဒါ့ပြင် သူ့ရဲ့လက်ထဲမှာ ထိပ်တန်းအဆင့် အင်မော်တယ်ရတနာ တစ်စုံရှိနေတယ်"

"ဒီလိုမျိုး ဆရာကြီးတယောက်ကို မင်းတို့ကကောင်းကောင်းမထိန်းသိမ်းထားဘဲနဲ့ ဂိုဏ်းကနေတောင် သူ့ကို ထုတ်ပယ်လိုက်တာလား"

"ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ"

လီဟောင်ထျန်း၏အသံပေးပို့ခြင်းက သဟွာဂိုဏ်းချုပ်နှင့်တခြားအကြီးအကဲများ၏ နားများအတွင်းသို့ ကျရောက်သွားသည်။

ဤသည်မှာ မိုးကြိုးပစ်ခတ်လိုက်သည့်အလားပင်။

လုချုံးသည် အမှိုက်ကောင် မဟုတ်သလော...

ဆန့်ကျင်ဘက်အနေဖြင့် သူသည် ထိပ်တန်းအဆင့် အင်မော်တယ်ရတနာကို ပိုင်ဆိုင်ထားကာ အစစ်အမှန်အနှစ်သာရအင်မော်တယ် နှောင်းပိုင်းအဆင့်တွင်ရှိနေသော ဆရာကြီးတစ်ယောက်ဖြစ်နေသလော...

ဤသည်မှာ...

မည်သို့ ဖြစ်နိုင်မည်နည်း...

သူတို့အားလုံးသည် ထိတ်လန့်တုန်လှုပ်နေကာ ထိုအချက်ကို လုံးလုံးလျားလျား လက်မခံလိုကြချေ။

သို့ရာတွင် အဖြစ်မှန်သည် သူတို့၏ရှေ့၌ရှိနေသည်။

သူတို့သည် ယုံကြည်လိုခြင်းမရှိသော်လည်း ထိုကိစ္စကို ယုံကြည်လက်ခံရပေမည်။

ထိုသို့မဟုတ်ပါက ရှီးနင်ကုန်းမြေ၏ မြင့်မြတ်သောကုန်းမြင့်အရှင် လီဟောင်ထျန်းသည် မည်သည်ကြောင့် လုချုံးကို အလွန်ရိုသေလေးစားစွာ ဆက်ဆံနေမည်နည်း။

ဤအချိန်တွင်...

သူတို့အားလုံး၏အူများ အစိမ်းရောင်သို့ပြောင်းလဲမတတ် အလွန်အမင်းနောင်တရနေသည်။

လီဟောင်ထျန်းသည် မည်သည်ကြောင့် သူတို့၏သဟွာဂိုဏ်းနှင့်သလင်းကျောက်ရိုင်းများ တူးဖော်သည့်ကိစ္စအား ပူးပေါင်းရန်ဆန္ဒရှိခဲ့သည်ကိုလည်း သူတို့ နားလည်သဘောပေါက်သွားသည်။ဤသည်မှာ လုချုံးကြောင့်ဖြစ်ပေမည်။

ယခုအချိန်တွင် လီဟောင်ထျန်း၏သဘောထားသည် သူတို့အပေါ် သိသိသာသာပြောင်းလဲသွားသည်မှာလည်း လုချုံးကြောင့်ဖြစ်ပေမည်။

Chapter 652

"ဆွဲထုတ်သွားကြစမ်း"

လီဟောင်ထျန်းက သူ၏လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

သဟွာဂိုဏ်းချုပ်တို့လူစုကို အစောင့်များမှ ကောင်းကင်ဘုံအကျဉ်းထောင်ထံသို့ ဆွဲခေါ်သွားတော့သည်။

ကုန်းမြင့်အရှင်အိမ်တော်၏ ကောင်းကင်ဘုံအကျဉ်းထောင်သည် မည်မျှထိကြောက်မက်ဖွယ်ကောင်းသည်ကို သူတို့သိရှိထားသဖြင့် ချက်ချင်းဆိုသလိုပင် အသနားခံတောင်းပန်လိုက်ကြ၏။

"ကုန်းမြေအရှင်...ငါတို့ မှားပါတယ်...ငါတို့ မှားသွားပါတယ်...ငါက မင်းအတွက် နွားလိုမြင်းလိုအလုပ်လုပ်ပေးဖို့ ဆန္ဒရှိပါတယ်...ကျေးဇူးပြုပြီးတော့ ငါတို့ကိုလွှတ်ပေးပါ"

လီဟောင်ထျန်းသည် သူတို့အား လှည့်ကြည့်ခြင်းပင်မပြုချေ။

လီဟောင်ထျန်းကို တောင်းဆိုသည်မှာ အသုံးမဝင်သည်ကိုကြည့်ပြီး သူတို့သည် အသက်ကယ်ကောက်ရိုးမျှင်အဖြစ် လုချုံးဘက်သို့ လှည့်လိုက်ကြတော့သည်။

"လုချုံး....ငါတို့ကို ကယ်ပါအုံး"

"အမှန်ပဲ.. ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က မင်း ကြီးပြင်းလာတဲ့အထိ စောင့်ရှောက်ပေးခဲ့တာလေ"

"ငါတို့က မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို မသိခဲ့ဘူး...ငါတို့က မသိလို့မှားခဲ့မိတာ မထူးဆန်းဘူးလေ"

"ငါတို့က မိသားစုတစ်စုတည်းပဲမဟုတ်လား"

သူတို့အားလုံး လုချုံးကိုကြည့်၍ အော်ဟစ်လိုက်ကြ၏။

"မိသားစုတွေလား"

လုချုံးက အေးစက်စက်အကြည့်ဖြင့် သူတို့ကိုကြည့်ကာ သရော်တော်တော်ပြောဆိုသည်။

"မင်းတို့ ငါ့ကို သဟွာဂိုဏ်းကနေ ထုတ်ပယ်လိုက်တဲ့အချိန်တုန်းက...ငါတို့က မိသားစုတစ်စုတည်းဆိုတာကို မင်းတို့ ဘာလို့မတွေးခဲ့ကြတာလဲ"

"ငါတို့ လုမိသားစုက မင်းတို့ဂိုဏ်းအပေါ် ဘယ်လောက်ထိပေးဆပ်ခဲ့တယ်ဆိုတာ မင်းတို့ မသိတော့ဘူး...မင်းတို့ဆီကို ငါ့ကြောင့် ရောက်လာနိုင်တဲ့ ပြဿနာတွေအကြောင်းကိုပဲ မင်းတို့စဥ်းစားတယ်"

"မင်းတို့က ဂိုဏ်းရဲ့ကောင်းကျိုးအတွက် ငါ့ကိုထုတ်ပယ်တယ်လို့ မင်းတို့ပြောခဲ့တယ်...ငါ မင်းတို့ကို နားလည်ပေးနိုင်တယ်...ဒါကြောင့် ငါ မင်းတို့အပေါ် ဘာရန်ငြိုး ဘာနာကျည်းမုန်းတီးမှုကိုမှ မထားခဲ့ဘူး"

"ဒါပေမယ့် ခုဏက မင်းတို့ရဲ့စိတ်သဘောထားတွေကို ငါ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရတယ်"

"ဒါကြောင့် ငါက အခုချိန်ကနေစပြီးတော့ မင်းတို့နဲ့ငါ ကြားမှာရှိတဲ့ ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပြီ"

"ကုန်းမြေအရှင်လီက မင်းတို့ကို ဘာပဲလုပ်လုပ် ငါက ကြားဝင်စွက်ဖက်မှာမဟုတ်ဘူး"

"ဒါက မင်းတို့ကိုယ်တိုင် လုပ်ခဲ့တဲ့ ကိစ္စပဲ"

ထိုစကားကိုကြားချိန်တွင် သဟွာဂိုဏ်းချုပ်၏မျက်နှာအမူအယာ အလွန်အမင်းပျက်ယွင်းသွားသည်။

သူသည် ရုန်းကန်နေရင်းမှ လုချုံး၏စကားကို လက်မခံလိုပုံဖြင့် အော်ဟစ်လိုက်၏။

"လုချုံး...မင်း အဲ့ဒီလိုပြောလို့မရဘူး...ငါတို့အားလုံးက သဟွာဂိုဏ်းကလေ...မင်းကလည်း သဟွာဂိုဏ်းမှာ ကြီးပြင်းလာတာ...ငါတို့က မင်းရဲ့အကြီးအကဲတွေပဲ...တကယ်လို့ ငါတို့ဇဝေဇဝါဖြစ်ပြီးတော့ အမှားလုပ်ခဲ့မိတယ်ဆိုရင်တောင် မင်းက ဗွေမယူသင့်ဘူး"

လုချုံး၏နားအတွင်းသို့ ထိုစကားလုံးများ ကျရောက်သွားသော်လည်း သူ၏လက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်သည်။

ထို့နောက် အိမ်တော်အစောင့်များသည် အင်အားကုန်စိုက်ထုတ်၍ သဟွာဂိုဏ်းချုပ်တို့လူစုကို ပြင်ပသို့ ဆွဲထုတ်သွားတော့သည်။

"လုချုံး...မင်း..."

"မင်းက တကယ့်ကို ညှာတာမှုကင်းမဲ့တဲ့ကောင်ပဲ"

"ငါတို့က မင်း ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့တယ်..ငါတို့က မင်းရဲ့အကြီးအကဲတွေလည်းဖြစ်တယ်...ဒါပေမဲ့ မင်းက ငါတို့အပေါ် နည်းနည်းလေးတောင် ညှာတာမှုမရှိခဲ့ဘူး"

ဤအချိန်အခိုက်အတန့်တွင် သဟွာဂိုဏ်းချုပ်နှင့်တခြားအကြီးအကဲများသည် ကျယ်လောင်စွာ ဆူပူကြိမ်းမောင်းလိုက်ကြ၏။

"မင်းက မိုးကြိုးပစ်ခံရပြီးတော့ သေရလိမ့်မယ် ...ငါတို့ကို လွှတ်ပေးစမ်း..."

ထိုအသံများသည် တစတစအားနည်းသွားကာ နောက်ဆုံး၌ ပျောက်ကွယ်သွားတော့သည်။

"စီနီယာလု...သူတို့ကို စိတ်ထဲမထားနဲ့"

လီဟောင်ထျန်းက ရှေ့သို့အလျှင်အမြန်တိုးကာ အပြုံးနှင့်ပြောဆိုသည်။

"သဟွာဂိုဏ်းလို ကောင်းမွန်တဲ့ဂိုဏ်းတစ်ဂိုဏ်းမှာ ဒီသိုးမည်းတစ်စုကြောင့် ခုလိုကိစ္စတွေ ဖြစ်လာခဲ့တာပဲ"

"ဒီလိုဆိုမှတော့ စီနီယာလု ငါက တစ်ယောက်ယောက်ကိုလွှတ်ပြီးတော့ သခင်ကြီးလုကျွင်းကို သဟွာဂိုဏ်းရဲ့ဂိုဏ်းချုပ်နေရာကို လွှဲပြောင်းယူဖို့ ကူညီထောက်ပံ့ခိုင်းလိုက်မယ်....ပြီးတော့ သူက ငါတို့ရှီးနင်ကုန်းမြေထဲမှာရှိတဲ့ သလင်းကျောက်ရိုင်းတွေ တူးဖော်တဲ့ နေရာမှာလည်း အပြည့်အဝတာဝန်ယူရလိမ့်မယ်"

လုချုံး ငြင်းဆန်ခြင်းမပြုသည်ကိုကြည့်ပြီး လီဟောင်ထျန်းသည် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းကာ သူ၏လက်အောက်ငယ်သားတစ်ယောက်ကို ထိုကိစ္စများအားစီစဉ်ရန် စေလွှတ်လိုက်သည်။

ဤကိစ္စအဆုံးသတ်သွားချိန်၌ လီဟောင်ထျန်းက စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

ဤကိစ္စသည်....

နောက်ဆုံး၌ အဆုံးသတ်သွားလေပြီ။

နေရောင်ခြည်ကိုအခွင့်ကောင်းယူ၍ လုချုံးသည် သူ၏စိတ်ကို တည်ငြိမ်အောင် ပြန်လည်ထိန်းသိမ်းကာ မစင်ပုံးများကို ဆက်လက်၍ပွတ်တိုက်လိုက်၏။

ထိုအချိန်မှာပင် လီဟောင်ထျန်းသည် နံဘေးတစ်ဖက်တွင် ဆောင့်ကြောင့်ထိုင်ကာ တိုးညှင်းသောအသံဖြင့် မေးမြန်းသည်။

"စီနီယာလု ငါ မင်းကိုမေးချင်တဲ့ ကိစ္စတစ်ခုရှိသေးတယ်"

"မင်း ပြောပါ"

လုချုံးက တုံ့ပြန်သည်။

"ငါ့မှာ မိတ်ဆွေကောင်းတစ်ယောက်ရှိတယ်..သူက အထီးကျန်ကုန်းမြေအရှင်ပဲ"

လီဟောင်ထျန်းက ပြောဆိုသည်။

"ငါနဲ့သူ မတွေ့တာ အချိန်အတော်ကြာမြင့်နေပေမယ့်...မနေ့က သူနဲ့ငါ အဆက်အသွယ်ရခဲ့တယ် ..ငါတို့တွေ စကားစမြည်ပြောဆိုနေရင်းနဲ့ သူက ငါ့ကို ကိစ္စတစ်ခုပြောပြခဲ့တယ်...ဒါက ငါ့စိတ်ထဲမှာ နည်းနည်းထူးဆန်းနေတယ်"

"ဘာကိစ္စမလို့လဲ..."

လုချုံးက မေးမြန်းသည်။

"ဒီကိစ္စကိုပြောရရင် သူ့ရဲ့သမီးက ချင်းကူကုန်းမြေအရှင်နဲ့ လက်ထပ်တော့မယ်...ချင်းကူကုန်းမြေက အလယ်ဆင့်သုံးဆင့်ထဲကမဟုတ်ပေမယ့် အောက်အဆင့်သုံးဆင့်မှာ တော်တော်လေး အင်အားကောင်းတယ်လို့ ပြောလို့ရတယ်"

"သူ့ရဲ့သမက်လောင်း ကျိုးရန်တုမှာ ကျန်းကျီလို့ခေါ်တဲ့ ရန်သူတစ်ယောက်ရှိနေတယ်"

"အဲ့ဒီကျန်းကျီတစ်ယောက်တည်းဆိုရင် ပြဿနာမရှိဘူး...သူက ပြန်လည်ဝင်စားခြင်းအင်မော်တယ်တစ်ယောက်လို့ သိထားကြတယ်....ဒါပေမဲ့ သံသယဝင်စရာတစ်ခုရှိတာကတော့ အဲ့ဒီကျန်းကျီက ငါ့ရဲ့မိတ်ဆွေ ချင်းကူကုန်းမြေမှာရှိနေတာကို သိရဲ့သားနဲ့ သူက လက်စားချေဖို့အတွက် လူတချို့ကိုခေါ်ပြီး လာနေတယ်...ဒါက နည်းနည်းတော့ ထူးဆန်းမနေဘူးလား...အခုလိုမျိုး သူ့သေတွင်းကို သူ လာရှာတဲ့အပြုအမူက နားလည်ဖို့အရမ်းခက်ခဲတယ်"

လီဟောင်ထျန်းက စကားတစ်လုံးချင်းပြောဆိုသည်။

"ဖြစ်နိုင်တာတော့ သူက နာကြည်းမုန်းတီးမှုတွေကြောင့်များလား"

လုချုံးက ပေါ့ပေါ့ပါးပါးပြောဆိုသည်။

"ငါ့ရဲ့မိတ်ဆွေကလည်း ငါ့ကို အဲဒီအတိုင်းပဲပြောခဲ့တယ်...သူက စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စတစ်ခုကို ငါနဲ့မျှဝေရုံသက်သက်ပဲ...ဒါပေမဲ့ အဓိကသော့ချက်ကတော့ အဲ့ဒီကျန်းကျီက လူသားအင်မော်တယ်နှစ်ယောက်ကို ခေါ်ဆောင်ပြီးတော့ ပြန်လာတယ်လို့ သူက ရယ်မောရင်းပြောဆိုနေခဲ့တာပဲ"

ထိုစကားကိုကြားချိန်တွင်....

မစင်ပုံးကိုပွတ်တိုက်နေသော လုချုံး၏လက်များ ရုတ်တရက် ရပ်တန့်သွားသည်။

"ဆက်ပြောပါအုံး"

"အစကတော့ ငါက ဒါကို ရယ်စရာတစ်ခုသက်သက်လို့ထင်ခဲ့ပေမယ့်...လွန်ခဲ့တဲ့နှစ်ရက်လောက်တုန်းက မင်း ငါ့ကိုပြောခဲ့တဲ့စကားကို ငါ မှတ်မိသွားတယ်...မင်းက လူသားအင်မော်တယ်တွေနဲ့မြေကမ္ဘာအင်မော်တယ်တွေကို ရန်မစဖို့ ငါ့ကိုပြောခဲ့တယ်...ဒါကြောင့် အဲဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုထူးဆန်းနေတာကြောင့် မင်းဆီကနေ ငါက အကြံဉာဏ်တောင်းခံချင်တာပဲ"

လီဟောင်ထျန်းက ဆက်လက်၍ပြောဆိုသည်။

"လူသားအင်မော်တယ်နှစ်ယောက်ဆိုတာ သေချာလား"

လုချုံးက မေးမြန်းသည်။

"ငါရဲ့မိတ်ဆွေကတော့ အဲဒီလို ပြောခဲ့တာပဲ"

လီဟောင်ထျန်းက ပြောဆိုသည်။

လုချုံးသည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ထို့နောက် သူ ပွတ်တိုက်နေသော မစင်ပုံးကို နံဘေးသို့ချကာ မတ်တတ်ထရပ်ပြီး အရံခန်းမထံသို့ဦးတည်၍ လျှောက်လှမ်းသွားလိုက်သည်။

လီဟောင်ထျန်းက အလျင်စလုံ နောက်မှလိုက်ပါသွားသည်။

"ဟေး တူလေး...မင်း ဘယ်ကိုသွားမလို့လဲ"

အရံခန်းမအတွင်းမှနေ၍ ကုံးချန်က အပြုံးနှင့်ထွက်လာသည်။

"ဦးလေး...ကျန်းကျီလို့ခေါ်တဲ့လူကို ဦးလေး သိလား"

လုချုံးက မေးမြန်းသည်။

"ငါ သူ့ကို ကောင်းကောင်းကြီးသိတာပေါ့....ဆရာကြီးရဲ့နေရာဆီ သူ့ကိုခေါ်လာခဲ့တာ ငါ ပဲလေ"

ကုံးချန်က အပြုံးနှင့်ပြောဆိုသည်။

"ပြောရမယ်ဆိုရင် ကျန်းကျီက အခုချိန်မှာ အရမ်းကံကောင်းတယ်...သူက ကူးပြောင်းရေးဝင်္ကပါကိုစောင့်ကြပ်ဖို့ ဒီနေရာကို စေလွှတ်ခံရရုံတင်မကဘူး...ဆရာကြီးက သူ့ကိုကူညီပေးဖို့အတွက် လူနှစ်ယောက်ထည့်ပေးလိုက်တယ်...ဒါကြောင့် စီနီယာလူသားအင်မော်တယ်နှစ်ယောက်က သူ့ကို ကူညီပေးကြလိမ့်မယ်"

"ဒါက တကယ့်ကို မနာလိုအားကျစရာပဲ...တခြားလူတွေအားလုံးကို ရူးသွပ်သွားစေနိုင်တယ်"

"ဒါနဲ့ မင်းက ဘာလို့ ရုတ်တရက်ကြီး သူ့အကြောင်းကို လာမေးတာလဲ"

ကုံးချန်က ဇဝေဇဝါဖြင့် ပြောဆိုသည်။

ထို့နောက် သူသည် လီဟောင်ထျန်းကိုကြည့်ကာ မေးမြန်းလိုက်၏။

"ပြီးတော့ မင်း...မင်းက ဘာလို့ အကြောင်းပြချက်မရှိဘဲနဲ့ တုန်တုန်ရီရီဖြစ်နေတာလဲ"

Chapter 653

"အမ်...ဒါက ငါ...ငါ..ငါ...ငါ....."

လီဟောင်ထျန်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကာ သူ၏နဖူးမှနေ၍ ဇောချွေးများ ယိုစီးကျလာသည်။

သူသည် တုန်တုန်ရီရီဖြင့် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ကုံးချန်အား ပြောပြလိုက်သည်။

"အော်..."

"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ"

ကုံးချန်က သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်ကာ အပြုံးနှင့်ပြောဆိုသည်။

"မင်းရဲ့မိတ်ဆွေနဲ့ဆက်ဆံရေးကို မြန်မြန်လေးဖြတ်တောက်လိုက်တော့...မင်းရဲ့မိတ်ဆွေက အဆုံးသတ်ရတော့မယ်"

"မင်းက ဆက်ဆံရေးကို အမြန်ဆုံးဖြတ်တောက်နိုင်ရင် ပိုကောင်းလိမ့်မယ်"

"မဟုတ်ရင် မင်းလည်း အဆုံးသတ်ရလိမ့်မယ်"

လီဟောင်ထျန်းသည် ထိတ်လန့်တုန်လှုပ်နေသော်လည်း သူက သတ္တိမွေး၍ မေးမြန်းလိုက်သည်။

"သူတို့ကို ခုခံနိုင်တဲ့ နည်းလမ်းတစ်ခုလောက် မရှိဘူးလား"

"ရှိတယ်..."

ကုံးချန်က တုံ့ပြန်သည်။

"အဲ့ဒါက ဘာလဲ"

လီဟောင်ထျန်း၏မျက်လုံးများ တောက်ပသွားလေ၏။

"ဒီရက်အနည်းငယ်အတွင်းမှာ မင်းရဲ့မိတ်ဆွေကို အခုထက် ကျင့်ကြံဆင့်ငါးဆင့်လောက် ပိုပြီးမြှင့်တင်ထားဖို့ ပြောလိုက်ပါ..ဒါဆိုရင်တော့ သူ ထွက်ပြေးလွတ်မြောက်နိုင်လောက်တယ်"

ကုံးချန်က ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် လီဟောင်ထျန်း၏ခန္ဓာကိုယ် ပို၍တုန်ရီသွားသည်။

ဤရက်အနည်းငယ်အတွင်းတွင် နောက်ထပ်ကျင့်ကြံဆင့်ငါးဆင့် မြှင့်တင်ရမည်လော....

ထို့ပြင် ဤသည်မှာ ထွက်ပြေးလွတ်မြောက်နိုင်ရုံမျှသာရှိသလော...

ဘုန်းခနဲမြည်သံနှင့်အတူ သူသည် ကုံးချန်နှင့်လုချုံးတို့၏ရှေ့၌ ဒူးထောက်လိုက်သည်။

"စီနီယာတို့....ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အထီးကျန်ကုန်းမြေအရှင် ဟွမ်ချင်းထန်က ငါ့ရဲ့အသက်ကိုကယ်တင်ခဲ့ဖူးတဲ့ ကျေးဇူးရှင်ပဲ"

"တခြားအကြောင်းအရင်းတစ်ခုကြောင့်ဆိုရင် ဒီကိစ္စမျိုးဖြစ်လာတဲ့အချိန်မှာ ငါက အဲ့ဒီလူနဲ့ဆက်ဆံရေးကို တတ်နိုင်သမျှ အမြန်ဆုံးရှင်းလင်းအောင် လုပ်မိလိမ့်မယ်"

"ဒါပေမဲ့ ငါ့ရဲ့အသက်သခင်ကျေးဇူးရှင်ကိုတော့ ငါ လျစ်လျူရှုထားလို့မရဘူး..အဲ့ဒီလိုမဟုတ်ရင် ငါနဲ့တိရစ္ဆာန်အကြားမှာ ဘာကွာခြားချက်ရှိနေအုံးမှာလဲ"

လီဟောင်ထျန်းက မြေပြင်ပေါ်၌ဒူးထောက်ပြီး ရိုးသားဖြူစင်စွာ ပြောဆိုသည်။

"ဒါကြောင့် စီနီယာတို့နှစ်ယောက်မှာ ငါ့ရဲ့မိတ်ဆွေကို ကယ်တင်ပေးနိုင်တဲ့ အစီအစဉ်မျိုးရှိမလားလို့ ငါ မေးပါရစေ...ငါက ငါ့မိတ်ဆွေရဲ့အသက်ကို ကယ်တင်ချင်တယ်"

လုချုံးနှင့်ကုံးချန်တို့သည် အနည်းငယ်အံ့အားသင့်သွားပေ၏။

လွန်ခဲ့သောရက်အနည်းငယ်အတွင်းတွင် လီဟောင်ထျန်းသည် သူတို့အား အလွန်ယဉ်ကျေးပြူငှာစွာဆက်ဆံနေသည့်တိုင် သူတို့နှစ်ယောက်၏စိတ်နှလုံးသားများအတွင်း၌ သူ့အား အထင်အမြင်သေးနေခဲ့သည်။

ယခုလက်ရှိအချိန်တွင်မူ...

သူတို့သည် လီဟောင်ထျန်းကို အနည်းငယ်လေးစားသွားခဲ့သည်

"ထားလိုက်တော့...ငါတို့က မင်းနဲ့အတူ မင်းရဲ့မိတ်ဆွေဆီကို လိုက်လာခဲ့ပေးမယ်"

ကုံးချန်နှင့်လုချုံးတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့၏လက်များကို ဝှေ့ယမ်းလိုက်သည်။

ထိုစကားကိုကြားချိန်တွင် လီဟောင်ထျန်း၏မျက်လုံးများ တောက်ပသွားကာ သူသည် မြေပြင်ပေါ်မှထပြီး အလျှင်အမြန် ကျေးဇူးတင်စကားပြောဆိုသည်။

"စီနီယာတို့နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်"

ရိုးရှင်းစွာထုပ်ပိုးပြင်ဆင်ပြီးနောက်...

သူတို့သုံးယောက်သည် ချင်းကူကုန်းမြေထံဦးတည်၍ ခရီးထွက်ခဲ့တော့သည်။

မိုးကောင်းကင်ယံအတွင်း၌ ရက်အနည်းငယ်ကြာ ပျံသန်းပြီးနောက်...

ရက်အနည်းငယ်ခန့်အကြာတွင်....

သူတို့သုံးယောက်သည် ချင်းကူကုန်းမြေထံသို့ ရောက်ရှိခဲ့လေ၏။

လီဟောင်ထျန်းလာမည်ကို ကြိုတင်သိရှိပြီးဖြစ်သဖြင့် ဟွမ်ချင်းထန်က သူတို့အား ဆီးကြိုနှုတ်ဆက်သည်။

"ဟား ဟား ဟား....လူအိုကြီးလီ မင်းနဲ့ငါအချင်းချင်းမတွေ့ရတာ နှစ်ပေါင်းတစ်ရာလောက်ကြာနေပြီ"

ဟွမ်ချင်းထန်က အပြုံးနှင့်လျှောက်လှမ်းလာကာ ပြောဆိုသည်။

သို့ရာတွင် လီဟောင်ထျန်းသည် ပြန်လည်တွေ့ဆုံရသည့်အတွက် ပျော်ရွှင်ခြင်းမရှိဘဲ အလေးအနက်ထား၍ ပြောဆိုလိုက်၏။

"လူအိုကြီးဟွမ်...မင်းက ကျန်းကျီတို့လူစုနဲ့ အခုထိ မတွေ့ရသေးဘူးမဟုတ်လား"

"အမှန်ပဲ...ငါက ခုထိ သူတို့နဲ့မတွေ့ရသေးဘူး"

ဟွမ်ချင်းထန်က အပြုံးနှင့်တုံ့ပြန်သည်။

"သူတို့ မကြာခင်ရောက်လာတော့မယ်ဆိုတဲ့ သတင်းကိုတော့ ငါ ကြားထားတယ်"

ထိုစကားကိုကြားချိန်တွင်....

လီဟောင်ထျန်းက စိတ်သက်သာရာရသွားကာ သက်ပြင်းတချက်ရှိုက်လိုက်သည်။

နောက်ဆုံး၌ သူ ဤနေရာသို့ ကြိုတင်၍ရောက်လာနိုင်ခဲ့သည်။

ထို့ကြောင့် သူသည် သူ၏မိတ်ဆွေကောင်းကို ကယ်တင်နိုင်ပေမည်။

"ဒါနဲ့ လူအိုကြီးလီ...မင်းက ဘာလို့ ပြန်လည်ဝင်စားခြင်းနယ်ပယ်မှာပဲရှိတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို ဘာလို့ ဒီလောက်ထိ ဂရုစိုက်နေတာလဲ"

ဟွမ်ချင်းထန်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။

"မင်း ငါ့ကို သတင်းပို့ကျောက်စိမ်းပြားကနေ အဲ့ဒီမိန်းကလေးကိုမထိဖို့တောင် ပြောထားတယ်...ဘာလို့လဲ...ဘာပြဿနာရှိနေလို့လဲ"

"ငါတို့ အခန်းထဲကိုသွားပြီးတော့ စကားပြောကြရအောင်"

လီဟောင်ထျန်းက တည်ကြည်လေးနက်သော အမူအယာဖြင့် ပြောဆိုသည်။

ဟွမ်ချင်းထန်က ခေါင်းညိတ်ပြကာ လီဟောင်ထျန်းတို့လူစုကို အခန်းအတွင်းသို့ ခေါ်ဆောင်သွားလိုက်သည်။

"လာကြ...ငါတို့တွေ အရင်ဆုံး စားသောက်ကြရအောင်"

ဟွမ်ချင်းထန်က သူ့၏လက်ကို ဝှေ့ယမ်းကာ အော်ဟစ်လိုက်၏။

"မလိုဘူး"

လီဟောင်ထျန်းက ကြားဖြတ်ဟန့်တားကာ ပြောဆိုသည်။

"အရေးကြီးတဲ့ကိစ္စအကြောင်းကို ငါတို့ အရင်ဆုံးပြောကြရအောင်"

"ဘယ်လိုကိစ္စမလို့ မင်းက ဒီလောက်ထိ အလေးအနက်ထားနေတာလဲ"

ဟွမ်ချင်းထန်သည် အနည်းငယ်စဥ်းစားမရဖြစ်နေသော်လည်း အပြုံးနှင့်မေးမြန်းလိုက်၏။

လီဟောင်ထျန်းထံတွင် အလေးအနက်ထားသောအမူအယာရှိနေဆဲဖြစ်ကာ သူက ဟွမ်ချင်းထန်ကိုကြည့်၍ ပြောဆိုသည်။

"အခု မင်းရဲ့အသုံးမကျတဲ့သမက်ကို အမြန်ဆုံးစွန့်ပစ်လိုက်တော့"

ဟွမ်ချင်းထန်သည် ထိုစကားကိုကြားချိန်တွင် ချက်ချင်းအံ့အားသင့်တုန်လှုပ်သွားပေ၏။

"လူအိုကြီးလီ...မင်း ငါ့ကို နောက်နေတာလား"

"ငါက မင်းကို ရယ်စရာပြောနေတာ မဟုတ်ဘူး"

လီဟောင်ထျန်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"ကျန်းကျီက မင်း အပြစ်ပြုလို့မရတဲ့ တစ်စုံတစ်ယောက်ပဲ...သူ့မှာ ကြီးမားတဲ့နောက်ခံရှိနေတယ်...ကျိုးရန်တုနဲ့မင်းကြားမှာရှိတဲ့ ဆက်ဆံရေးကြောင့် မင်းဆီကို ဘေးကပ်ဆိုးတွေ ဆိုက်ရောက်လာနိုင်တယ်"

"အခုအချိန်မှာ မင်းရဲ့အသက်ကို ကယ်တင်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက ကျန်းကျီတို့ရောက်မလာသေးခင် မင်းရဲ့သမက်ကို စွန့်ပစ်ပြီးတော့ အမြန်ဆုံးအဆက်ဖြတ်လိုက်ဖို့ပဲ...ဒါဆိုရင် မင်းမှာ အသက်ရှင်သန်နိုင်တဲ့ အခွင့်အရေးရနိုင်လိမ့်မယ်"

"ပွင့်ပွင့်လင်းလင်းပြောရရင် ငါ ဒီတကြိမ်လာခဲ့တာက မင်းကို ကယ်ဖို့ပဲ"

ထိုစကားကိုကြားချိန်တွင် ဟွမ်ချင်းထန်သည် ကြက်သေသေသွားပေ၏။

သို့ရာတွင် အချိန်တခဏကြာပြီးနောက် သူ ရယ်မောလိုက်သည်။

"ဟား ဟား ဟား...."

"လူအိုကြီးလီ မင်းစိတ်မှမှန်သေးရဲ့လား"

"ပြန်လည်ဝင်စားခြင်းနယ်ပယ်မှာရှိနေတဲ့ မိန်းကလေးတစ်ယောက်အတွက်နဲ့ ငါ့ရဲ့သမက်ကိုစွန့်ပစ်ဖို့ မင်းက တောင်းဆိုနေတယ်...ဒါက မင်း ငါ့ကို ရယ်စရာပြောနေတာ မဟုတ်ဘူးလား"

ဟွမ်ချင်းထန်က မှုန်ကုပ်ကုပ်မျက်နှာဖြင့် မေးမြန်းသည်။

"ငါက မင်းကို ရယ်စရာပြောနေတာ မဟုတ်ဘူး"

လီဟောင်ထျန်း၏မျက်နှာပေါ်တွင် အလေးအနက်ထားသော အရိပ်အယောင်များ ရှိနေဆဲပင်။

"ကောင်းပြီလေ...မင်းက ရယ်စရာပြောနေတာမဟုတ်ဘူးဆိုရင် ငါ မင်းကိုမေးမယ်...ကျန်းကျီမှာ ငါ အပြစ်ပြုလို့မရတဲ့ ကြီးမားတဲ့နောက်ခံတစ်ခုရှိတယ်လို့ မင်းက ပြောခဲ့တယ်...အဲ့ဒီသတင်းကို မင်း ဘယ်နေရာကနေ ရခဲ့တာလဲ"

ဟွမ်ချင်းထန်က တုံ့ပြန်မေးမြန်းသည်။

"ဒါက ငါနဲ့အတူပါလာတဲ့ စီနီယာနှစ်ယောက်က ငါ့ကို ပြောခဲ့တာပဲ"

လီဟောင်ထျန်းက ပြောဆိုသည်။

ဟွမ်ချင်းထန်သည် သူ၏ခေါင်းကိုတိမ်းစောင်း၍ ကုံးချန်နှင့်လုချုံးကိုကြည့်ကာ လှောင်ပြောင်သရော်လိုက်သည်။

"လီဟောင်ထျန်း....မင်း ဘယ်ချိန်ကနေစပြီးတော့ အစစ်အမှန်အနှစ်သာရအင်မော်တယ်နှစ်ယောက်ကို စီနီယာလို့ခေါ်တဲ့အဆင့်ထိ ရောက်သွားတာလဲ"

"မင်း တကယ်ကိုသူငယ်ပြန်သွားတာလား"

"မင်းက တခြားလူတွေ ကောလဟာလပြောတဲ့စကားတွေကို နားယောင်ပြီးတော့ ဇဝေဇဝါဖြစ်နေတယ်...ဒါကြောင့် ငါ့ရဲ့သမက်ကို စွန့်ပစ်ခိုင်းတာ မဟုတ်လား"

ဟွမ်ချင်းထန်သည် စကားပို၍ပြောဆိုလေလေ ပို၍ဒေါသထွက်လာလေလေပင်။

သူသည် အလွန်အမင်းဒေါသထွက်နေသဖြင့် ကုံးချန်နှင့်လုချုံးတို့ကို ဒေါသတကြီးကြည့်လိုက်သည်။

"ငါရဲ့မိတ်ဆွေကို လှည့်စားနေတဲ့ မင်းတို့က ဘယ်လိုလူမျိုးတွေလဲဆိုတာ ငါ သိချင်တယ်"

ထိုအသံနှင့်အတူ သူ၏လက်ဝါးကို ဆန့်တန်းလိုက်ရာ လေထုအတွင်း၌ ကြီးမားသောလက်ဝါးပုံရိပ်ယောင်ကြီးအဖြစ် ပြောင်းလဲသွားပြီး ကုံးချန်တို့နှစ်ယောက်ကို ဖမ်းဆုပ်လိုက်၏။

လုချုံးထံတွင် အမူအယာကင်းမဲ့နေဆဲပင်။

ထို့နောက် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့်....

ရွှေရောင်တောက်ပနေသော မစင်ပုံးနှစ်ပုံးက ပါးလွှာသောလေထုအတွင်း၌ ထွက်ပေါ်လာသည်။

ထိုမစင်ပုံးများထွက်ပေါ်လာချိန်တွင် အလွန် ကြီးကျယ်ခမ်းနားပေ၏။

ဟွမ်ချင်းထန်၏မျက်လုံးများ ပြူးကျယ်သွားသည်။သို့ရာတွင် သူ မတုံ့ပြန်နိုင်သေးမီမှာပင် မစင်ပုံးနှစ်ပုံးအနက်မှတစ်ပုံးက သူ့ကို လွှမ်းခြုံသွားသည်။

ထိုနောက် သူ့ကို မြေပြင်ပေါ်သို့ တိုက်ရိုက်ဖိနှိပ်လိုက်၏။

သူ အနည်းငယ်မျှ မလှုပ်ရှားနိုင်တော့ချေ။

ဟူး...

နံဘေးတစ်ဖက်တွင်ရှိနေသော လီဟောင်ထျန်းက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။

လုချုံး အလွန်သန်မာအားကောင်းသည်ကို သူသိရှိထားသော်လည်း ဟွမ်ချင်းထန် တုံ့ပြန်မတိုက်ခိုက်နိုင်သည်အထိ သန်မာအားကောင်းမည်ဟု သူ မျှော်လင့်မထားမိ​ချေ။

ကြည့်ရသည်မှာ ယခင်က သူ ပြုလုပ်ခဲ့သောဆုံးဖြတ်ချက် မှန်ကန်ခဲ့ပုံပင်။

ကံကောင်းထောက်မစွာဖြင့် သူသည် ဟွမ်ချင်းထန်၏စိတ်နေသဘောထားကို သိရှိထားသဖြင့် လုချုံးအား ကြိုတင်၍ပြောပြထားခဲ့သည်။ ထို့ကြောင့် လုချုံးသည် မစင်ပုံးတစ်ပုံးကိုသာအသုံးပြု၍ ဖိနှိပ်ခဲ့ခြင်းဖြစ်သည်။

အကယ်၍ လုချုံးသည် မစင်ပုံးနှစ်ပုံးလုံးကိုသာ အသုံးပြုခဲ့ပါက...

အထီးကျန်ကုန်းမြေအရှင်ဖြစ်သော ဟွမ်ချင်းထန်သည် လူရုပ်မပေါ်သည်အထိ ဖိနှိပ်ခံရပေမည်။

"စီနီယာကို ကျေးဇူးတင်ပါတယ်"

လီဟောင်ထျန်းက လုချုံးကိုကြည့်ကာ အလျှင်အမြန် ကျေးဇူးတင်စကားပြောဆိုလိုက်သည်။

"ဒါက ထိပ်တန်းအဆင့်အင်မော်တယ် မှော်လက်နက်လို့ ခေါ်ဆိုခံရဖို့ ထိုက်တန်ပါပေတယ်"

"မင်းတို့က ဘယ်သူတွေလဲ"

မြေပြင်ပေါ်တွင်ဖိနှိပ်ခံထားရသော ဟွမ်ချင်းထန်သည် မယုံကြည်နိုင်စွာဖြင့်အော်ဟစ်ကာ သူ၏မျက်လုံးများ ကျွတ်ထွက်တော့လုမတတ်ပင်။

Chapter 654

လုချုံး၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။

သူသည် ဟွမ်ချင်းထန်ကို ဖိနှိပ်ရန်အတွက် နောက်ထပ်မစင်ပုံးတစ်ပုံးကို အသုံးပြုရန် ဟန်ပြင်လိုက်၏။

ထိုမြင်ကွင်းကိုကြည့်ပြီး....

လီဟောင်ထျန်းက အလျင်စလို အသနားခံတောင်းပန်လိုက်သည်။

"စီနီယာလု...စိတ်အေးအေးထားပါ...စီနီယာလု စိတ်အေးအေးထားပါအုံး...ငါ့ရဲ့မိတ်ဆွေက မာန်မာနကြီးရုံလေးပါ...သူက ဒီကိစ္စကိုလက်ခံဖို့ အချိန်ခဏလောက် လိုနေတုန်းပဲ...ငါ့ကို သူနဲ့ စကားပြောခွင့်ပြုပါ"

လုချုံးက သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလေသည်။

ထို့နောက် သူနှင့်ကုံးချန်တို့ အခန်းအတွင်းမှ ထွက်လာခဲ့တော့သည်။

သူတို့နှစ်ယောက် ထွက်ခွာသွားသည်ကိုကြည့်ပြီး လီဟောင်ထျန်းက စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"လူအိုကြီးဟွမ်....မင်း ခုထိဇဝေဇဝါ ဖြစ်နေတုန်းပဲလား...မင်း သေချာမသိသေးဘူးလား..."

"ငါ ဒီနေရာကိုလာတာ မင်းကိုကယ်ဖို့အတွက်ပဲ"

လီဟောင်ထျန်းက ဆောင့်ကြောင့်ထိုင်ကာ ခါးသည်းသောလေသံဖြင့် ပြောဆိုသည်။

"တကယ်လို့ အစောပိုင်းက စီနီယာလုရဲ့ညှာတာခဲ့မှုကြောင့်သာမဟုတ်ရင် ထိပ်တန်းအဆင့်အင်မော်တယ်မှော်လက်နက်ဖြစ်တဲ့ မစင်ပုံးတစ်စုံရဲ့အောက်မှာ မင်း အသက်ရှင်နိုင်မယ်လို့ထင်လား"

"ဘာတွေဖြစ်နေတာလဲ"

"သူတို့က ဘယ်သူတွေလဲ"

ဟွမ်ချင်းထန်က လီဟောင်ထျန်းကိုစူးစိုက်၍ကြည့်ကာ သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာသည်။ထို့နောက် သူက ပြောဆိုလိုက်၏။

"အစစ်အမှန်အနှစ်သာရအင်မော်တယ်တစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ ထိပ်တန်းအဆင့် အင်မော်တယ်မှော်လက်နက်ကို ပိုင်ဆိုင်ထားတာလဲ"

ထိုစကားကိုပြောဆိုနေစဥ်တွင် မစင်ပုံးတစ်စုံကိုတွေးမိပြီး သူ၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။

"ဟူး..."

"ဒါက ဇာတ်လမ်းရှည်ကြီးတစ်ခုပဲ...ငါ မင်းကို ပြောပြမယ်...စီနီယာလုက လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုကနေ ရောက်လာခဲ့တာပဲ"

လီဟောင်ထျန်းက ရှင်းပြသည်။

"ဘယ်နေရာလဲ"

ဟွမ်ချင်းထန်က ပျာပျာသလဲ မေးမြန်းသည်။

"အဲ့ဒါက ဘယ်နေရာလဲဆိုတာ ငါ မသိဘူး...ဒါပေမယ့် မင်း သိဖို့လိုအပ်တာက အဲ့ဒီနေရာမှာ ထိပ်သီးအစွမ်းထက်ဆရာကြီးတွေ ထိပ်တန်းအဆင့်အင်မော်တယ်မှော်ရတနာတွေနဲ့ ပြည့်နှက်နေတယ်"

လီဟောင်ထျန်းက ပြောဆိုသည်။

ဟွမ်ချင်းထျန်၏မျက်နှာပေါ်တွင် သံသယအရိပ်အယောင်များ ထင်ဟပ်နေသည်။

"မင်း မယုံဘူးလား..ခုဏက မင်းကိုရိုက်နှက်သွားတဲ့ မစင်ပုံးတစ်စုံကို မင်း မတွေ့ဘူးလား...အဲ့ဒါတွေက ထိပ်တန်းအဆင့်အင်မော်တယ်မှော်လက်နက်တွေ မဟုတ်လို့လား"

လီဟောင်ထျန်းက စိတ်ရှည်လက်ရှည်ပြောဆိုလေ၏။

"ဘယ်ထိပ်တန်းအဆင့်အင်မော်တယ်မှော်လက်နက်က မစင်ပုံးပုံစံမျိုးလုပ်ထားတာကို မင်း မြင်ဖူးလို့လဲ"

"ငါ မမြင်ဖူးဘူး"

ဟွမ်ချင်းထန်က ခေါင်းညိတ်ပြသည်။

"စီနီယာလုရဲ့စကားအရဆိုရင် သူက မစင်သယ်ဆောင်ရေးအဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်ပဲ...အဲ့ဒီမစစ်ပုံးတစ်စုံက သူတို့ မစင်တွေသယ်ယူတဲ့နေရာမှာ အသုံးပြုတဲ့ပစ္စည်းတွေပဲ"

"ငါ ပြောနိုင်တာကတော့ ထိပ်တန်းအဆင့်အင်မော်တယ်ရတနာတွေက သူတို့ရဲ့အကြားမှာ သာမန်မြင်တွေ့နေကျပစ္စည်းတွေပဲ"

လီဟောင်ထျန်းက ပြောဆိုသည်။

"ဒါက ဘာလို့လဲဆိုရင် အဲ့ဒီနေရာမှာ အသုံးပြုတဲ့မစင်ပုံးတွေကတောင် ထိပ်တန်းအဆင့်အင်မော်တယ်ရတနာတွေ ဖြစ်နေလို့ပဲ"

ဟွမ်ချင်းထန်သည် ထိုစကားများကိုကြားချိန်တွင် သူ၏နဖူးပေါ်ရှိ အပြာရောင်သွေးကြောကြီးများ ဖောင်းကြွလာသည်။

လုချုံးသည် မစင်သယ်ဆောင်သူတစ်ယောက်သာ ဖြစ်နေသလော...

ဤထိပ်တန်းအဆင့် အင်မော်တယ်ရတနာတစ်စုံသည် မစင်များကိုသယ်ဆောင်ရာ၌ အသုံးပြုသောပစ္စည်းသာ ဖြစ်သလော....

ထိုစကားများကိုကြားချိန်တွင် ဤလောကကြီးသည် အစစ်အမှန်မဟုတ်တော့ဟု မည်သည်ကြောင့် သူ ခံစားနေရသနည်း....

"မင်း ဒါကိုမယုံကြည်နိုင်ဘူးဆိုတာ ငါ သိပေမယ့် မင်း ယုံကြည်လက်ခံရလိမ့်မယ်...မင်းကို ခုဏက ဖိနှိပ်ခဲ့တဲ့ မစင်ပုံးတစ်စုံက အစစ်အမှန်တွေပဲ...မင်း​ ညအချိန်ထိ ခံစားရလိမ့်မယ်"

လီဟောင်ထျန်းက ပြောဆိုသည်။

"ဒီအခန်းထဲမှာ မျောလွင့်နေတဲ့မစင်နံ့တွေကို မင်း အနံ့မခံမိဘူးလား"

"အင်း...ငါ အနံ့ရတယ်"

ဟွမ်ချင်းထန်က ခေါင်းညိတ်ပြလေ၏။

"ဒါဆိုရင် ရှင်းနေတာပဲလေ"

လီဟောင်ထျန်းက ပြောဆိုသည်။

"ဒါကြောင့် အဲ့ဒီထိပ်တန်းအဆင့် အင်မော်တယ်ရတနာဖြစ်တဲ့ မစင်ပုံးတစ်စုံက မစင်တွေကိုသယ်ဆောင်တဲ့နေရာမှာ အသုံးပြုတဲ့ပစ္စည်းဆိုတာ သက်သေပြဖို့ လုံလောက်တယ်"

"ဒါက ငါ ခုဏက ပြောခဲ့တဲ့စကားတွေကိုအတည်ပြုနေတာပဲ မဟုတ်လား"

ဟွမ်ချင်းထန်သည် ထိုအကြောင်းကို တွေးတောမိချိန်၌ ထိတ်လန့်တုန်လှုပ်စပြုလာသည်။

သူ၏မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားပေ၏။

အကယ်၍ တစ်စုံတစ်ယောက်သည် ယခင်က သူ့ကို ဤကိစ္စမျိုးပြောဆိုခဲ့ပါက သူ နားထောင်မည်မဟုတ်ချေ။

သို့ရာတွင် ဤကိစ္စများအားလုံးကို သူ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။

ဤကိစ္စကို သူ လက်မခံလိုသော်လည်း....

ထိပ်တန်းအဆင့် အင်မော်တယ်ရတနာဖြစ်သော မစင်ပုံးတစ်စုံသည် မစင်များကိုသယ်ဆောင်ရာ၌ အသုံးပြုသောပစ္စည်း အမှန်တကယ်ဖြစ်ပုံရသည်။

သို့ရာတွင် ပို၍ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်မှာ....

မည်သို့ပင်ဆိုစေကာမူ သူသည် မစင်ပုံးတစ်စုံမှ သူ့ထံသို့သယ်ဆောင်လာသော ထိတ်လန့်ကြောက်ရွံမှုနှင့် တုန်လှုပ်ခြောက်ချားမှုတို့ကို ခံစားနေရဆဲပင်။

"ငါ မင်းကို ပြောပြမယ်...အဲ့ဒါက အစပဲရှိသေးတယ်"

"စီနီယာလုရဲ့စကားအရဆိုရင် အဲ့ဒီနေရာမှာမစင်သယ်တဲ့သူ ဆယ်ယောက်ကျော်ရှိနေတယ်...သူတို့တွေအားလုံးမှာ မစင်ပုံးတစ်စုံစီကို ပိုင်ဆိုင်ထားပြီးတော့ သူ့ရဲ့မစင်ပုံးတစ်စုံက အဆင့်အနိမ့်ဆုံးပဲ"

လီဟောင်ထျန်းက ဆက်လက်၍ပြောဆိုသည်။

"အဆင့်နိမ့်ဆုံးလား..."

အစောပိုင်းကမှ အသက်ရှူမှန်လာသော ဟွမ်ချင်းထန်၏မျက်လုံးများ တဖန်ပြန်၍ ပြူးကျယ်သွားသည်။

"အမှန်ပဲ....ပြောရမယ်ဆိုရင် တခြားသူတွေအသုံးပြုတာက အနိမ့်ဆုံးကောင်းကင်အဆင့်အင်မော်တယ်ရတနာတွေပဲ"

လီဟောင်ထျန်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

ဟွမ်ချင်းထန်သည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။

သူ၏စိတ်နှလုံးသားအတွင်း၌ အလျှင်အမြန် တွေးတောနေခဲ့သည်။

သူသည် လီဟောင်ထျန်းနှင့်သူအကြားရှိ မိတ်ဆွေဆက်ဆံရေးကို ကောင်းစွာသိရှိထားသည်။

လီဟောင်ထျန်းသည် သူ့အား လိမ်လည်လှည့်စားရန် မလိုအပ်ချေ။ထို့ပြင်တခြားအသေးစိတ်အချက်အလက်များကို ပေါင်းထည့်လိုက်ပါက ဤကိစ္စသည် အမှန်တကယ်ဖြစ်နေမည်ကို သူ စိုးရိမ်မိသည်။

"ဒါဆိုရင် ကျန်းကျီရဲ့ကိစ္စကရော ဘယ်လိုအခြေအနေရှိလဲ"

ဟွမ်ချင်းထန်က မေးမြန်းလိုက်သည်။

"စီနီယာလုတို့ရဲ့ပြောစကားအရဆိုရင် ကျန်းကျီကလည်း လျှို့ဝှက်ဆန်းကြယ်တဲ့နေရာကနေ ရောက်လာတာပဲ.... ပိုပြီးကြောက်ဖို့ကောင်းတဲ့အချက်ကတော့ ကျန်းကျီက သူတို့ရဲ့ဆရာကြီး စေခိုင်းလိုက်တဲ့တာဝန်ကို ထမ်းဆောင်ဖို့ ရောက်လာတာဖြစ်ပြီးတော့...သူ့ကိုကူညီဖို့အတွက် ထိပ်သီးအစွမ်းထက်ဆရာကြီးနှစ်ယောက် ပါလာခဲ့တာပဲ"

လီဟောင်ထျန်းက ပြောဆိုသည်။

"ထိပ်သီးအစွမ်းထက်ဆရာကြီးတွေလား..."

ဟွမ်ချင်းထန်က မေးမြန်းသည်။

"အမှန်ပဲ အဲ့ဒီလူသားအင်မော်တယ်နှစ်ယောက်က ထိပ်သီးအစွမ်းထက်ဆရာကြီးတွေပဲ...စီနီယာလုဆီကနေ ငါ ရထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် သူတို့က အပေါ်ယံမှာ လူသားအင်မော်တယ်တွေဖြစ်ပေမယ့် သူတို့ရဲ့အစစ်အမှန်ခွန်အားက ငါတို့ထက် ကျင့်ကြံဆင့်နယ်ပယ် ငါးဆင့်ခြောက်ဆင့်လောက် ပိုမြင့်တယ်"

"ကျင့်ကြံဆင့်နယ်ပယ် ငါးဆင့်ခြောက်ဆင့်လောက် ပိုမြင့်တာလား"

"ဟူး...."

ဟွမ်ချင်းထန်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူ၏ခြေထောက်များ အနည်းငယ်အားပျော့သွားသကဲ့သို့ ခံစားလိုက်ရသည်။

ထို့နောက် သူသည် ဘုန်းခနဲမြည်သံနှင့်အတူ မတ်တတ်ထရပ်ကာ အခန်းတံခါးထံသို့ဦးတည်၍ လျှောက်လှမ်းသွားလေ၏။

"ဟေး...မင်း ဘာလုပ်တာလဲ"

လီဟောင်ထျန်းက အော်ဟစ်ကာ နောက်မှနေ၍ အလျှင်အမြန် လိုက်သွားခဲ့သည်။

သူ တံခါးထံသို့ ရောက်ရှိသွားစဥ်တွင် ဟွမ်ချင်းထန်သည် လုချုံး၏ရှေ့၌ ဒူးထောက်လိုက်သောမြင်ကွင်းကို သူ မြင်တွေ့မိသည်။

"စီနီယာ...ငါ မှားသွားပါတယ်"

ဟွမ်ချင်းထန်သည် မြေပြင်ပေါ်၌ဒူးထောက်ကာ ရိုသေလေးစားစွာ ပြောဆိုသည်။

"ခုဏက ငါ အဆင်အခြင်မဲ့ပြီးတော့ စီနီယာတို့ကို အပြစ်ပြုခဲ့မိပါတယ်...ငါ့ရဲ့မျက်လုံးကန်းနေတဲ့ သားမက်ကလည်း စီနီယာတို့ရဲ့မိတ်ဆွေကို အပြစ်ပြုခဲ့တယ်"

"ခဏလောက် စောင့်ပေးကြပါ...ငါက ငါ့ရဲ့သားမက်ကို စွန့်ပစ်ပြီးတော့ သူ့ကိုဖမ်းဆီးပေးပါ့မယ်...မင်းတို့ကြိုက်သလို အပြစ်ပေးလို့ရပါတယ်"

ထို့နောက်...

ဟွမ်ချင်းထန်သည် မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းသွားလေ၏။

မကြာမီမှာပင်...

ဟွမ်ချင်းထန်သည် ခြေလက်များကျိုးနေကာ ကျင့်ကြံဆင့်အခြေခံဖျက်ဆီးခံထားရသော လူငယ်တစ်ယောက်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

"အဖေ...ဘာလို့ ဒီလိုလုပ်တာလဲ"

သူ့၏နောက်မှနေ၍ မင်္ဂလာဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် ပြေးလိုက်လာကာ သူမ၏မျက်လုံးအတွင်းတွင် မျက်ရည်များစိုရွှဲနေသည်။

သို့ရာတွင် သူမသည် ထိုလူငယ်၏အနီးသို့ မချဥ်းကပ်နိုင်သေးမီမှာပင် ဟွမ်ချင်းထန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ထိုလက်ဝါးရိုက်ချက်နှင့်အတူ ထိုမိန်းကလေး လွင့်ထွက်သွားတော့သည်။

"လာကြစမ်း...ဟွမ်ချင်းလန်ကို ကောင်းကင်ဘုံအကျဥ်းထောင်ထဲ ထည့်ထားလိုက်ကြစမ်း"

လူနှစ်ယောက် ပျံသန်းလာကာ ဟွမ်ချင်းလန်ကို အဝေးသို့ ဆွဲထုတ်သွားတော့သည်။

ကိစ္စများအားလုံးကို ပြုလုပ်ပြီးနောက် ဟွမ်ချင်းထန်သည် လုချုံး၏နံဘေး၌ တဖန်ထပ်၍ ဒူးထောက်လိုက်၏။

လုချုံးဖြစ်စေ ကုံးချန်ဖြစ်စေ...

လီဟောင်ထျန်းပင်လျှင် ဤအချိန်အခိုက်အတန့်၌ ကြက်သေသေနေသည်။

ဟွမ်ချင်းထန်၏တုံ့ပြန်မှုသည် အလွန်အမင်း လျှင်မြန်ပေ၏။

အစမှအဆုံးသတ်ထိတိုင် သူတို့သည် အနည်းငယ်မျှ လှုပ်ရှားခဲ့ရခြင်းမရှိချေ။

အချိန်အတော်ကြာပြီးနောက် ကုံးချန်က သူ့၏ခေါင်းကိုမော့၍ လီဟောင်ထျန်းကိုကြည့်ကာ ပေါ့ပေါ့ပါးပါးပြောဆိုသည်။

"ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြစို့"

"ငါတို့က မင်းတို့ကို ကူညီပေးခဲ့ပြီးပြီ...တခြားကိစ္စတွေအတွက်ကတော့ ကျန်းကျီရဲ့ဆုံးဖြတ်ချက်ပေါ် မူတည်တယ်"

"သဟွာဂိုဏ်းရဲ့ကိစ္စတွေကိုတော့ ငါတို့က မင်းဆီကို လွှဲပေးလိုက်ပြီ"

ထိုသို့ပြောဆိုပြီးနောက် လုချုံးနှင့်ကုံးချန်တို့ ထွက်ခွာသွားတော့သည်။

လီဟောင်ထျန်းသည် သူတို့နှစ်ယောက်ကို ပြင်ပသို့ပို့ဆောင်ပြီးနောက် အလျှင်အမြန် အော်ဟစ်လိုက်သည်။

"မြန်မြန်လေး ပြင်ဆင်တော့လေ...ကျန်းကျီ ရောက်လာမယ့်အချိန်ကို စောင့်ကြရအောင်"

"အိုး...အိုး..."

ဟွမ်ချင်းထန်သည် အသိဝင်သွားကာ ကြိုတင်ပြင်ဆင်ရန်အတွက် အလျင်စလိုမတ်တတ်ထရပ်လိုက်တော့သည်။

တစ်ရက်ကြာပြီးနောက် ...

ချင်းကူမြို့၏ပြင်ပသို့...

ကျန်းကျီသည် လူသားအင်မော်တယ်နှစ်ယောက်နှင့် သူမ၏လက်အောက်ငယ်သားတစ်စုကို ခေါ်ဆောင်၍ရောက်ရှိလာသည်။

မူလက သူတို့သည် စောစောစီးစီးထွက်ခွာလာခဲ့သော်လည်း လမ်းတစ်ဝက်၌ ဆရာကြီးငါးယောက်နှင့် တွေ့ဆုံခဲ့ရသဖြင့် တစ်လခန့်နှောင့်နှေးကြန့်ကြာသွားခဲ့သည်။

ဤဆရာကြီးငါးယောက်ကို ကျန်းကျီမသိရှိချေ။သို့ရာတွင် လုချင်ရှန်းနှင့်ဝူယုံဟုန်တို့၏စကားများအရ ထိုဆရာကြီးငါးယောက်သည် သူတို့မိုးမြေဂိုဏ်း၏အစောက်အရှောက်များဖြစ်ကာ ဆရာကြီး၏တပည့်များထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းသည်။

ကျန်းကျီသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။

သူမသည် ပျင်းရိငြီးငွေ့မနေဝံ့ဘဲ ထိုဆရာကြီးငါးယောက်ကို ပျော်ရွှင်အောင်ပြုလုပ်ပေးပြီးမှ ဤနေရာသို့ ထွက်လာခဲ့ခြင်းဖြစ်သည်။

ချင်းကူမြို့အတွင်းရှိ ရှေးဟောင်းအဆောက်အအုံများကိုကြည့်ပြီး ကျန်းကျီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းတတန်း ဖြတ်ပြေးသွားသည်။

"မြို့ထဲကိုဝင်ဖို့ ပြင်ဆင်ကြတော့"

"ဒါပေမဲ့ နင်တို့အားလုံး ဂရုစိုက်ရမယ်...ငါပြန်လာတာကို ကျိုးရန်တု မသိဘူးဆိုတာ မဖြစ်နိုင်ဘူး"

"ဒါကြောင့် သူက မြို့ထဲမှာ ခြုံခိုတိုက်ခိုက်ဖို့အတွက် ပြင်ဆင်ထားလောက်တယ်"

"ငါတို့က သတိကြီးကြီးထားမှ အောင်မြင်နိုင်လိမ့်မယ်"

ကျန်းကျီက ရှင်းပြသည်။

သူမ၏နောက်တွင် အစွမ်းထက်သောဝှက်ဖဲနှစ်ချပ်ရှိနေသဖြင့် အကြောက်အလန့်ကင်းမဲ့နေသော်လည်း သူမ၏ကိုယ်ပိုင်ခွန်အားဖြင့် လက်စားချေလိုဆဲပင်။

ထိုစကားကိုကြားချိန်တွင်....

ကျန်းကျီ၏လက်အောက်ငယ်သားများအားလုံး သတိကြီးစွာထားလိုက်ကြကာ သူတို့အားလုံးသည် အသက်သေသည်အထိတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြ၏။

သူတို့အနက်မှတစ်ယောက်သည် သရော်တော်တော်ပြုံးကာ သတင်းပို့ကျောက်စိမ်းပြားကို တိတ်တဆိတ်ထုတ်ယူပြီး ခြေမွှဖျက်ဆီးလိုက်သည်။

အချိန်တခဏကြာပြီးနောက်...

လူတစ်စုသည် သတိကြီးစွာထား၍ မြို့အတွင်းသို့ ခိုးကြောင်ခိုးဝှက်ဝင်ရောက်ခဲ့သည်။

သို့ရာတွင် သူတို့ မြို့အတွင်းသို့ ဝင်လိုက်သောအချိန်မှာပင်....

ဘုန်း....

ကျယ်လောင်သော ဗျောက်အိုးသံတစ်သံနှင့်အတူ မီးရှူးမီးပန်းများ ပြန့်ကျဲသွားသည်။

ဘန်း....ဘန်း....ဘန်း...

ထိုမီးရှူးမိဘများ၏အသံမစဲမီမှာပင် နောက်ထပ် ကျယ်လောင်သောအသံများထွက်ပေါ်လာသည်။

မီးရှူးမီးပန်းပစ်ဖောက်သံများနှင့် အတူယှဉ်တွဲ၍...

ကြီးမားသောနဂါးအရုပ်ကြီးနှစ်ကောင်သည် လမ်းမကြီး၏ဘေးတစ်ဖက်တချက်တွင် အမြီးများကိုဝှေ့ယမ်း၍ ကခုန်နေကြသည်။

နဂါးအက၏နောက်တွင် ဆယ်နှင့်ချီသောခြင်္သေ့အကများရှိနေသည်။

ဗုံသံများ တံပိုးခရာသံများ မီးရှူးမီးပန်းပစ်ဖောက်သံများနှင့်အတူ....

အရပ်မျက်နှာအဘက်ဘက်မှနေ၍ လူအမြောက်အများ ထွက်ပေါ်လာသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။

တချို့လူများသည် အလံငယ်များကိုကိုင်ဆောင်ထားကာ....

တစ်ချို့သည် စာတမ်းများကို ကိုင်ဆောင်ထားကြ၏

နောက်ထပ်အချိန်အခိုက်အတန့်တွင် ကျန်းကျီတို့လူစုကို ထိုလူများက ဝိုင်းရံလိုက်ကြသည်။

မကြာမီမှာပင်....

ဟွမ်ချင်းထန်သည် မိုးကောင်းကင်ယံမှဆင်းသက်လာကာ သူ၏ခါးကိုရှေ့သို့ညွှတ်ကိုင်းပြီး အချက်ပြတုတ်တံတစ်ချောင်းကိုကိုင်ကာ အော်ဟစ်လိုက်၏။

"လာကြစမ်း...မြန်မြန်စကြတော့"

ထိုအသံကျရောက်လာသည်နှင့်အတူ....

ချောမောလှပသောမိန်းကလေးတစ်စုသည် ပန်းပွင့်လေးများတီးဝိုင်းအဖွဲ့ကို ဖွဲ့စည်းကာ ဟွမ်ချင်းထန်၏နောက်၌ ထွက်ပေါ်လာသည်။ထို့နောက် ဟွမ်ချင်းထန်၏ဦးဆောင်မှုအောက်တွင် သူမတို့၏ခါးများကို တွန့်လိမ်၍ ကခုန်ကြတော့သည်။

တစ်ချိန်တည်းမှာပင်....

မြို့အတွင်းရှိ အကြီးမားဆုံးစားသောက်ဆိုင်မှနေ၍ ကြီးမားသောစာတမ်းတစ်ခုကို တစ်စုံတစ်ယောက်မှ ဆွဲချလိုက်၏။

"ချင်းကူကုန်းမြေဆီ ပြန်လာတဲ့ အရှင်မကျန်းကျီကို ကြိုဆိုပါတယ်"

Chapter 655

ကျန်းကျီသည် ကြက်သေသေနေကာ သူမ၏မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်နေမှုများဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ သူမ၏လက်အောက်ငယ်သားတစ်စုလည်း ထပ်တူထပ်မျှဖြစ်ပြီး လူသားအင်မော်တယ်နှစ်ယောက်သည်လည်း မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။

ဤသည်မှာ...

မည်သို့ ဖြစ်ပျက်သွားသနည်း....

ခြုံခိုတိုက်ခိုက်မှုတစ်ခု မဟုတ်သလော....

တိုက်ပွဲတစ်ခု မဟုတ်သလော...

သို့ရာတွင် သူတို့အားလုံး ကြောင်တက်တက်ဖြစ်နေစဥ်မှာပင် လှပစွာဝတ်ဆင်ထားသော မိန်းကလေးတစ်စု ရှေ့သို့တိုးလာကာ သူတို့၏လည်ပင်းများတွင် ပန်းကုံးများကို ဆွဲပေးလိုက်ကြသည်။

ဤသည်မှာ သူတို့ကို ပို၍ပင်ဇဝေဇဝါ ဖြစ်သွားစေသည်။

သူတို့သည် လက်စားချေရန် ပြန်လာသော်လည်း အောင်ပွဲခံ၍ ပြန်လာသည်ကို ကြိုဆိုနေသည်နှင့် တူညီနေသည်မဟုတ်လော...

ဤအချိန်အခိုက်အတန့်တွင် သူတို့သည် နေရာမှာပင် ကြက်သေသေနေကာ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။

"ဒါက လှည့်စားမှုတစ်ခု ဖြစ်နိုင်လား"

လက်အောက်ငယ်သားများအနက်မှ တစ်ယောက်က မေးမြန်းသည်။

"ဒါက....ငါလည်း မသိဘူး"

အမှုမဲ့အမှတ်မဲ့ဖြင့် လက်အောက်ငယ်သားများအားလုံးသည် ကျန်းကျီကို လှည့်ကြည့်လိုက်ကြ၏။

ကျန်းကျီက သူမ၏နဖူးကို ဖိထားသည်။သူမသည် ယခုချိန်၌ တခြားလူများထက်ပို၍ ဇဝေဇဝါဖြစ်နေသူပင်။

"အိုး...ငါက အတင့်ရဲပြီးတော့ မေးပါရစေ..ဒါက အရှင်မကျန်းကျီလား..."

ထိုအချိန်မှာပင် လူစုအားဦးဆောင်နေသော ဟွမ်ချင်းထန်နှင့်လီဟောင်ထျန်းတို့က ကျန်းကျီကို ဦးညွှတ်အရိုအသေပြုကာ မေးမြန်းလိုက်သည်။

"နင်တို့က...."

ကျန်းကျီက ဇဝေဇဝါဖြစ်နေသောအကြည့်ဖြင့် ထိုလူနှစ်ယောက်ကို ကြည့်လိုက်၏။

"နိမ့်ကျတဲ့ အထီးကျန်ကုန်းမြေအရှင် ဟွမ်ချင်းထန်...."

"နိမ့်ကျတဲ့ ရှီးနင်ကုန်းမြေအရှင် လီဟောင်ထျန်း"

"ငါတို့က အရှင်မကျန်းကျီကို ကြိုဆိုပါတယ်"

သူတို့နှစ်ယောက်က တပြိုင်နက်တည်း ပြောဆိုလိုက်ကြသည်။

ထိုစကားကိုကြားချိန်တွင်....

ကျန်းကျီအပါအဝင် သူမ၏လက်အောက်ငယ်သားများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

"အထီးကျန်....အထီးကျန်ကုန်းမြေအရှင်လား...."

"နင်က ကျိုးရန်တုရဲ့ ယောက္ခထီးမဟုတ်လား...."

ကျန်းကျီသည် အမှုမဲ့အမှတ်မဲ့ဖြင့် နောက်သို့ခြေလှမ်းနှစ်လှမ်းဆုတ်ကာ သူမ၏မျက်နှာပေါ်တွင် သတိကြီးစွာထားသောအမူအယာတစ်ရပ် ထင်ဟပ်လာသည်။

"အိုက်ယား...အရှင်မကျန်းကျီ မင်း ဘာတွေပြောနေတာလဲ...ငါက ဘယ်လိုလုပ်ပြီးတော့ ကျိုးရန်တုရဲ့ယောက္ခထီး ဖြစ်နိုင်မှာလဲ"

ဟွမ်ချင်းထန်က သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုသည်။

"ရိုးရိုးသားသားဝန်ခံရရင် မောက်မာထောင်လွှားတဲ့ ကောင်စုတ်လေးက ငါ့ကိုလှည့်စားခဲ့တာကြောင့်ပဲ"

"တကယ်တော့ အဲ့ဒါက အသေးအမွှားကိစ္စလေးပဲ...ပိုပြီးသည်းခံနိုင်စရာမကောင်းတဲ့အချက်ကတော့ သူက အရှင်မကျန်းကျီရဲ့ ချင်းကူကုန်းမြေအရှင်နေရာကို လိုချင်လို့ အကွက်ချကြံစည်ခဲ့တဲ့ကိစ္စပဲ"

"ဒါက သေသင့်တဲ့ ပြစ်မှုကြီးပဲ"

"ဒါကြောင့် ငါက အဲ့ဒီကိစ္စကိုသိပြီးတာနဲ့ အချိန်မီဖြေရှင်းခဲ့တယ်...ငါက ကျိုးရန်တုရဲ့ကျင့်ကြံဆင့်အခြေခံကို ဖျက်ဆီးပြီးတော့ သူ့ကို ကုန်းမြေအရှင်အိမ်တော်ရဲ့ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထားတယ်...အရှင်မကျန်းကျီကိုယ်တိုင် သူ့ကိုဖြေရှင်းဖို့အတွက် အဆင်သင့်ပြင်ဆင်ထားပါတယ်"

ထိုစကားများကိုကြားချိန်တွင်....

ကျန်းကျီတို့လူစုသည် ကြက်သေသေသွားလေ၏။

ကျန်းကျီ၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အရိပ်အယောင်များ ပို၍ပီပြင်ထင်ရှားလာသည်။

သူမသည် ကျိုးရန်တုနှင့် မည်ကဲ့သို့ရင်ဆိုင်ရမည်ကို စဉ်းစားတွေးသောနေဆဲအချိန်မှာပင် သူမ မြို့အတွင်းသို့ဝင်လိုက်သည်နှင့် သူ၏ကျင့်ကြံဆင့်ကိုဖျက်ဆီးကာ ဖမ်းဆီးခံရပြီးဖြစ်နေသလော....

"အထီးကျန်ကုန်းမြေအရှင်....တကယ်လို့ ငါမှတ်မိတာမှန်တယ်ဆိုရင် နင်က အလယ်ဆင့်သုံးဆင့်ထဲက ကုန်းမြေအရှင်တစ်ယောက်မဟုတ်လား"

ကျန်းကျီက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။

"အရှင်မကျန်းကျီ မင်း ဘာတွေပြောနေတာလဲ ...အလယ်ဆင့်သုံးဆင့်ကုန်း‌မြေတွေနဲ့ အောက်အဆင့်သုံးဆင့်ကုန်းမြေတွေကြားမှာ ဘာကွာခြားချက်ရှိလို့လဲ"

ဟွမ်ချင်းထန်က မေးမြန်းသည်။

"ဘာကွာခြားချက်မှ မရှိဘူး"

လီဟောင်ထျန်းက အဖြေပေးသည်။

"ဒါက မင်းအပေါ် ငါ့ရဲ့လေးစားကြည်ညိုမှုကို အနှောက်အယှက် ဖြစ်စေနိုင်လား"

ဟွမ်ချင်းထန်က ထပ်မံ၍ မေးမြန်းသည်။

"ဘာအနှောက်အယှက်မှ မရှိဘူးလေ"

လီဟောင်ထျန်းက တုံ့ပြန်အဖြေပေးသည်။

"ဒါဆိုရင် မလုံလောက်ဘူးလား"

ဟွမ်ချင်းထန်သည် လက်ခုပ်လက်ဝါးတီးကာ မစင်ပုံးများကြောင့် ကျိုးပဲ့သွားသော သူ၏သွားများပေါ်သည်အထိ ရယ်ပြုံးပြီးပြောဆိုသည်။

"ငါက မင်း ခွကွဲနေတဲ့ဘောင်းဘီတွေ ဝတ်တဲ့အရွယ်ကတည်းက ငါ မင်းကို စပြီးကြည်ညိုလေးစားခဲ့တယ်ဆိုတာ မင်း သိမှာမဟုတ်ဘူး"

ကျန်းကျီက သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။

သူတို့နှစ်ယောက်ထံတွင် ရန်လိုသောအရိပ်အယောင် အနည်းငယ်မျှရှိမနေချေ။သူတို့သည် တရားလွန်ဖားယားမြှောက်ပင့်နေသော်လည်း သူတို့၏ကျိုးနွံသောအမူအယာများမှတဆင့် သူတို့နှစ်ယောက်သည် လိမ်လည်လှည့်စားနေခြင်းမဟုတ်ကြောင်း သူမကို ပြောပြနေပေ၏။

"ကောင်းပြီလေ...ငါ့ကို ကျိုးရန်တုဆီ ခေါ်သွားပေးပါ"

ကျန်းကျီက ပြောဆိုသည်။

"ငါတို့ မင်းကို အဲ့ဒီနေရာဆီ ခေါ်သွားပေးမယ်"

ရှေ့မှလျှောက်လှမ်းသွားနေသော ဟွမ်ချင်းထန်နှင့်လီဟောင်ထျန်းတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။

ထို့နောက် သူတို့၏ခေါင်းများကို ဘေးဘီဝဲယာတိမ်းစောင်း၍ စိတ်လှုပ်ရှားစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

"စကားမစပ်...အရှင်မကျန်းကျီ...မင်းက စီနီယာလူသားအင်မော်တယ်နှစ်ယောက်ကို ခေါ်လာတယ်လို့ ငါတို့ကြားထားတယ်...အဲ့ဒီစီနီယာနှစ်ယောက်က ဘယ်သူတွေလဲဆိုတာ ငါတို့က အတင့်ရဲပြီး မေးပါရစေ"

သူတို့နှစ်ယောက်က အပြုံးနှင့်ပြောဆိုသည်။

စီနီယာလူသားအင်မော်တယ်ဟု ဆိုသလော....

သူမ ချက်ချင်းနားလည်သဘောပေါက်သွားသည်။

ဤလူနှစ်ယောက်သည် တချို့သောသတင်းလမ်းကြောင်းများမှတဆင့် 'လူသားအင်မော်တယ်'ဟူသော ဂုဏ်ပုဒ်အကြောင်းကို သိရှိသွားသဖြင့် ဤကိစ္စဖြစ်လာခြင်းသာ ဖြစ်ပေလိမ့်မည်။

ထိုသို့ဆိုပါက ဤသည်မှာ အဓိပ္ပါယ်ရှိပေ၏။

"နင်တို့ ဘယ်လိုလုပ်ပြီး သိတာလဲ"

ကျန်းကျီက စူးရှသောအကြည့်ဖြင့် သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။

သူတို့နှစ်ယောက်၏ခန္ဓာကိုယ်များ တောင့်တင်းသွားကာ အလျှင်အမြန်ရှင်းပြသည်။

"လုချုံးက ငါတို့ရဲ့စီနီယာအစ်ကိုပါ..."

"လုချုံးက ဘယ်သူလဲ"

ကျန်းကျီသည် မျက်မှောင်ကြုတ်လိုက်သော်လည်း သူမသည် ထိုလူကို မသိရှိချေ။

"စီနီယာလုရဲ့စကားအရဆိုရင်တော့ သူက မင်းတို့နေရာရဲ့ မစင်သယ်ဆောင်ရေးအဖွဲ့က အဖွဲ့ဝင်တစ်ယောက်ပဲ"

လီဟောင်ထျန်းက အလျင်စလို ရှင်းပြလေ၏။

"အကြီးအကဲလုရဲ့ လက်အောက်ငယ်သားလား....."

ကျန်းကျီ၏မျက်နှာအမူအယာ အနည်းငယ်ပြောင်းလဲသွားသည်။

အကယ်၍ အကြီးအကဲလု၏လက်အောက်ငယ်သားဖြစ်ပါက သူမသည် ထိုလူကို သိရှိနိုင်မည်မဟုတ်ချေ။သို့ရာတွင် ဤလူနှစ်ယောက်သည် မစင်သယ်ဆောင်ရေးအဖွဲ့ကို သိရှိနေသဖြင့် ကျွန်းပေါ်မှလူတချို့နှင့် အမှန်တကယ်ဆက်စပ်နေပုံရသည်။

"ဒါနဲ့ စီနီယာကုံးချန်လည်း ကျန်သေးတယ်"

လီဟောင်ထျန်းက ထပ်မံ၍ပြောဆိုသည်။

"စီနီယာကုံးချန်လား..."

ဤစကားကိုကြားချိန်တွင် ကျန်းကျီသည် လုံးလုံးလျားလျား စိတ်အေးသွားပေ၏။

သူမသည် ကုံးချန်ကို ကောင်းစွာသိကျွမ်းသည်။ပြောရမည်ဆိုလျှင် သူမ ဆရာကြီး၏အဖွဲ့ဝင်တစ်ယောက် ဖြစ်လာသည်မှာ ကုံးချန်ကို ကျေးဇူးတင်ရပေမည်။

ကြည့်ရသည်မှာ...

ဤလူနှစ်ယောက်သည် ရန်သူများ မဟုတ်တော့သည့်ပုံပင်။

"ကြည့်ရတာတော့ ငါတို့က မိသားစုတစ်စုတည်းပဲ"

ကျန်းကျီက ကျေရာကျေကြောင်း ပြောဆိုလိုက်သည်။

"ဟုတ်တယ်...ဟုတ်တယ်...ငါတို့က မိသားစုတွေပဲ"

သူတို့နှစ်ယောက်သည် အလွန်ပျော်ရွှင်သွားကာ ခေါင်းညိတ်ပြီး ဦးညွှတ်အရိုအသေပြုလိုက်၏။

"ဒါက စီနီယာလုနဲ့စီနီယာဝူတို့ပဲ"

ကျန်းကျီက မိတ်ဆက်ပေးလေသည်။

"ငါတို့က စီနီယာတို့နှစ်ယောက်ကို အရိုအသေပြုပါတယ်"

ထိုစကားကိုကြားချိန် လီဟောင်ထျန်းနှင့်ဟွမ်ချင်းထန်တို့သည် လုချင်ရှင်းနှင့် ဝူရုံဟုန်တို့ကိုအလျင်စလိုကြည့်လိုက်ကြ၏။

နှုတ်ဆက်စကားပြောဆိုပြီးနောက် ဟွမ်ချင်းထန်က အသံပေးပို့၍မေးမြန်းသည်။

"လူအိုကြီးလီ...မင်း သဲလွန်စတစ်ခုခုကို မြင်လား"

"ငါ ဘာကိုမှမမြင်ဘူး...သူတို့က တကယ့်ကို လူသားအင်မော်တယ်တွေပဲ"

လီဟောင်ထျန်း၏အသံပေးပို့ခြင်းက ဟွမ်ချင်းထန်ထံသို့ ရောက်ရှိလာသည်။

သူတို့နှစ်ယောက်၏မျက်နှာပေါ်တွင် သံသယအရိပ်အယောင်များ ထင်ဟပ်နေသည်။

အကယ်၍ကျင့်ကြံဆင့်အခြေခံကို ဖုံးကွယ်ထားသည်ဆိုလျှင်ပင် လုံးလုံးလျားလျား သဲလွန်စမရှိသည်မှာ မဖြစ်နိုင်ချေ။

"ဘာမှကြည့်မနေကြနဲ့...ငါတို့လူအိုကြီးနှစ်ယောက်က လူသားအင်မော်တယ်တွေပဲ...တခြားဘာမှကြည့်စရာမရှိဘူး"

ဤလူနှစ်ယောက်၏အတွေးများကို ထွင်းဖောက်မြင်ပုံဖြင့် လုချင်ရှန်းနှင့်ဝူယုံဟုန်တို့သည် သူတို့၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်ကာ အပြုံးနှင့် ပေါ့ပေါ့ပါးပါးပြောဆိုလိုက်သည်။

All Chapters