← Chapters

အခန်း (၆၇၁-၆၇၅)

Vol. 45 Ch. 671-675

အခန်း (၆၇၁-၆၇၅)

Vol. 45 Ch. 671-675

Chapter 671

မနက်ခင်းအချိန်သို့ရောက်ကာ မိုးကောင်းကင်ယံ၌ ရောင်နီလာစပြုနေလေပြီ။

ကြက်ခြံအတွင်းရှိကြက်များ ယခုအချိန်ထိ မတွန်သေးချေ။

ဝမ်ကျင်းထန်သည် စားသောက်ဆိုင်တစ်ဆိုင်လုံးကို ဆယ်ကြိမ်မက သန့်ရှင်းရေးလုပ်ခဲ့ပြီး ကြမ်းပြင်သည် သူ၏မျက်နှာထက်ပင် သန့်ရှင်းတောက်ပြောင်နေပေ၏။

ဝမ်လော့လီသည်လည်း သူမ တာဝန်ယူထားသော လှေကားအသစ်ကို ပြုလုပ်၍ပြီးစီးသွားလေပြီ။

ဤစကျင်ကျောက်လှေကားသည် အဖြူရောင်ကျောက်စိမ်းအလား နူးညံ့ချောမွေ့နေကာ အေးစက်စက်အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

"ဟမ့် သူတောင် အနားမယူမှတော့ ငါလည်း ရပ်လို့မဖြစ်ဘူး....ငါက မြောင်းတွေကို သန့်ရှင်းရေးသွားလုပ်ရမယ်"

ဝမ်ကျင်းထန်က တီးတိုးရေရွတ်လိုက်သည်။

"ဝမ်ကျင်းထန်က သန့်ရှင်းရေးလုပ်နေတုန်းပဲ...ငါ​ ပျင်းနေလို့မဖြစ်ဘူး...ချို့ယွင်းချက်ရှိတဲ့နေရာတွေကို ငါ လိုက်ပြီးတော့ပြုပြင်ရမယ်"

ဝမ်လော့လီက တွေးတောသည်။

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စူးစိုက်၍ကြည့်လိုက်ကြ၏။

တစ်ဖက်လူအနားမယူသရွေ့ ကျန်တစ်ယောက်သည် ရပ်တန့်မည်မဟုတ်ချေ။

တစ်ယောက်သည် သူ၏အခွင့်အရေးများ ဆုံးရှုံးမည်ကို ထိတ်လန့်ကြောက်ရွံ့နေပြီး ကျန်တစ်ယောက်သည် စီနီယာမှ သူမအား အပျင်းထူသည်ဟု ပြောဆိုမည်ကို စိုးရိမ်နေသည်။

"အိုး ဒီမိန်းကလေးက အရည်အချင်းရှိသားပဲ... မနေ့က နံရံကိုပြုပြင်ပြီးပြီ...ဒီနေ့ သူက လှေကားတွေကိုတောင် ပြန်ပြုပြင်ပြီးပြီ"

"အင်း အသစ်ပြန်ပြင်လိုက်တဲ့လှေကားက တကယ်ကောင်းမယ်"

ထိုအချိန်မှာပင် ဝမ် ယဲ့ လင်း ချူ မိသားစုခေါင်းဆောင်လေးယောက် ရောက်ရှိလာသည်။

"စီနီယာတို့ကို ကြိုဆိုပါတယ်"

"အမ် ဒါနဲ့ ဒီနေ့ စီနီယာရှောင်ကို မမြင်မိပါလား"

ဤလူအိုကြီးလေးယောက်သည် နေလအင်မော်တယ်များဖြစ်သည်ကို သိရှိသဖြင့် ဝမ်လော့လီက သူတို့အား ရိုသေလေးစားစွာဖြင့် အလျှင်အမြန်ကြိုဆိုလိုက်သည်။သို့ရာတွင် ရှောင်ရန်ယောင်ကို မမြင်မိသဖြင့် သူမသည် အနည်းငယ်ဇဝေဇဝါဖြစ်သွားလေ၏။

"အော်....လူအိုကြီးရှောင်က သူ့ရဲ့အိမ်တော်မှာ ပြင်ဆင်ထုတ်ပိုးနေတယ်...နောက်ထပ်တစ်နာရီလောက်ကြာရင် သူက ခရီးရှည်ကြီးတစ်ခုကို သွားရလိမ့်မယ်...ဒါကြောင့် သူလာနိုင်မှာ မဟုတ်ဘူး"

"ဒါပေမယ့် သူ မသွားခင် ဆိုင်ရှင်ရဲ့အစားအစာတွေကို စားသွားချင်တယ်လို့ ပြောထားတယ်...သူ ဒီနေရာကိုမလာနိုင်တဲ့အတွက် ငါတို့က သူ့အတွက် ယူသွားပေးရမယ်"

ဝမ်မိသားစုခေါင်းဆောင် ဝမ်ကျန်းက အပြုံးနှင့်ပြောဆိုသည်။

"စီနီယာတို့....ကျေးဇူးပြုပြီး အထဲကိုဝင်ကြပါ"

ဝမ်လော့လီက အလျှင်အမြန်လမ်းဖယ်ပေးကာ ကြိုဆိုသည့်အမူအယာ ပြုလုပ်လိုက်သည်။

သူတို့လေးယောက်သည် စားသောက်ဆိုင်အတွင်းသို့ ဝင်လာကြလေ၏။

"အမ်...."

"လူအိုကြီးရှောင်....ဘာလို့ မလာတာလဲ"

ဤလူအိုကြီးလေးယောက်ကို မြင်တွေ့ချိန်တွင် ချီယီထုံသည်လည်း အချိန်တခဏကြာခန့် ကြက်သေသေသွားသည်။ယနေ့တွင် ဧည့်သည်တစ်ယောက် လျော့နည်းနေသည် မဟုတ်လော။

"စီနီယာ စိတ်မပူနဲ့....ဘာမှ စိတ်မပူပါနဲ့"

"လူအိုကြီးရှောင်က နောက်ထပ်တစ်နာရီလောက်ကြာရင် ခရီးရှည်ကြီးတစ်ခု သွားရလိမ့်မယ်...ဒါကြောင့် ငါတို့က သူ့အတွက် ဖက်ထုပ်တစ်ပွဲလောက်ဝယ်ပြီး ယူသွားပေးရမယ်"

ဝမ်ကျန်းက ထပ်မံ၍ရှင်းပြသည်။

ထိုသို့ပြောဆိုပြီးနောက် သူသည် ရှောင်ရန်ယောင်မှ သူ၏မိသားစုစည်းစိမ်များကိုရောင်းချ၍ရရှိသော ထိပ်တန်းအဆင့်အင်မော်တယ်ရတနာကို ထုတ်ယူကာ ချီယီထုံထံသို့ပေးလိုက်သည်။

"ခရီးသွားမှာလား..."

"ဒါဆိုရင် ဖက်ထုပ်တွေက စားလို့မကောင်းဘူး... အချိန်လွန်သွားတာနဲ့ အဲ့ဒါတွေက ပျော့ပြဲသွားလိမ့်မယ်"

"လူအိုကြီးရှောင်အတွက် ထမင်းကြော်တစ်ပွဲ ယူသွားလိုက်ပါ...ဒါဆိုရင် သူ လမ်းမှာစားလို့ရတယ်"

ချီးယီထုံက ထိုစကားကိုပြောဆိုပြီးနောက် လှုပ်ကုလားထိုင်မှ မတ်တတ်ထရပ်ကာ သူ၏သံဇွန်းကြီးကို ကောက်ကိုင်လိုက်၏။

အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူသည် ကြည်လင်သောဘူးလေးတစ်ဘူးဖြင့် ကြက်ဥထမင်းကြော်ကို ထုတ်ပိုးပြီးလေပြီ။

"ဆိုင်ရှင်...ဒါဆိုရင် ငါက ဒီထမင်းကြော်ကို အခုချက်ချင်းသွားပို့လိုက်မယ်"

ဝမ်ကျန်းက ရိုသေလေးစားစွာ ပြောဆိုသည်။

"မလိုဘူး....မင်း ထိုင်နေပါ..."

"ငါတို့စားသောက်ဆိုင်မှာ အထူးဧည့်သည်တွေအတွက် အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုရှိတယ်"

ချီယီထုံက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။ စားသောက်ဆိုင်ဖွင့်ချိန်တွင် အိမ်တိုင်ရာရောက်ပို့ဆောင်သည့် နည်းစနစ်သည်လည်း အရေးကြီးသောအချက်များအနက်မှ တစ်ချက်ဖြစ်ကြောင်း ဆရာကြီးမှ သူအား သင်ကြားပေးခဲ့ဖူးသည်။

အိမ်တိုင်ရာရောက် ပို့ဆောင်ခြင်းဝန်ဆောင်မှု ဟူသည့်စကားကို သူ အကောင်အထည်ဖော်ရပေမည်။

"ဒါကို မင်း ပို့ပေးလိုက်တော့"

ချီယီထုံက ဝမ်လော့လီနှင့်ဝမ်ကျန်းတို့ကို ကြည့်လိုက်သည်။ဝမ်ကျင်းထန်သည် ဤနေရာ ပတ်ဝန်းကျင်နှင့် ပို၍ရင်းနှီးကျွမ်းဝင်သည်ကို သူ သိရှိထားလေ၏။ထို့ကြောင့် သူသည် ထမင်းကြော်ဘူးကို ဝမ်ကျင်းထန်ထံသို့ပေးကာ ရှောင်အိမ်တော်ထံသို့ ပို့ခိုင်းလိုက်တော့သည်။

. . . . . .

ရှောင်အိမ်တော်အတွင်း၌....

ရှောင်ရန်ယောင်သည် ဆေးလုံးများကို အိတ်ကြီးအိတ်ငယ်များဖြင့်ထုတ်ပိုး၍ သူ၏သိုလှောင်လက်စွပ်တွင်းသို့ ထည့်လိုက်သည်။ဤတကြိမ်တွင် သူသည် လျှို့ဝှက်နယ်မြေတစ်ခုအတွင်းသို့ သွားရပေမည်။

ထိုနေရာကို အနက်ရောင်တောအုပ်ဟု ခေါ်ဆိုသည်။

ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်တောအုပ်အတွင်းသို့ ဝင်ရောက်မိသောမည်သူမဆို အသက်စွမ်းအားများ ပြတ်တောက်ကာ သေဆုံးသွားရကြောင်း ကောလဟာလထွက်နေသည့် လျှို့ဝှက်နယ်မြေတစ်ခုပင်။

သို့ရာတွင် သူ၏မိတ်ဆွေကောင်းဖြစ်သော မဟာလော့ဂိုဏ်း၏ဂိုဏ်းချုပ် လော့ချန်းကဲ၏ညီငယ်လေးသည် အနက်ရောင်တောအုပ်အတွင်း၌ ပိတ်မိနေလေ၏။လော့ချန်းကဲထံမှ ဖိတ်ခေါ်မှုကိုရရှိပြီးနောက် ရှောင်ရန်ယောင်သည် ငြင်းဆန်ရန်အတွက် အခက်တွေ့နေခဲ့သည်။

ထို့ကြောင့် ရှောင်ရန်ယောင်သည် ဤကိစ္စကို လက်ခံလိုက်သည့်တိုင် အနက်ရောင်တောအုပ်၏အန္တရာယ်များကို သတိပြုမိကာ သူသည် ဆေးလုံးအမြောက်အများကို သူနှင့်အတူ ယူဆောင်သွားရန် ပြင်ဆင်နေခြင်းပင်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ရှောင်ရန်ယောင်သည် အနည်းငယ် စိတ်မအေးနိုင်ဖြစ်နေပေ၏။

"ဟူး ငါ သဘောမတူသင့်ဘူးဆိုတာ ငါ သိတယ် ...တကယ်လို့ ငါ အပြင်ကို ပြန်မထွက်နိုင်ရင် ဘယ်လိုလုပ်မလဲ"

ရှောင်ရန်ယောင်သည် သက်ပြင်းရှိုက်ကာ ညည်းတွားနေစဉ်မှာပင် ပြင်ပမှနေ၍ ဝမ်ကျင်းထန်၏အသံ ထွက်ပေါ်လာသည်။

"ဦးလေးရှောင်....မင်းရဲ့ထမင်းကြော် ရပါပြီ"

"ထမင်းကြော်လား"

ရှောင်ရန်ယောသည် အချိန်တခဏကြာခန့် ကြက်သေသေနေပြီးနောက် ပြင်ပသို့ ထွက်လိုက်သည်။ထို့နောက် ချွေးများစိုရွှဲနေသော ဝမ်ကျင်းထန်သည် သူ၏လက်အတွင်း၌ ထမင်းကြော်တစ်ဘူးကိုင်၍ မတ်တတ်ရပ်နေသည်အား ရှောင်ရန်ယောင်က မြင်တွေ့လိုက်ရသည်။

"ကောင်းလိုက်တာ"

"စီနီယာရဲ့ထမင်းကြော်နဲ့ဆိုရင် ငါက ဘာဆေးလုံးကိုမှ ယူသွားဖို့မလိုတော့ဘူး"

ရှောင်ရန်ယောင်သည် အလွန်ပျော်ရွှင်စွာဖြင့် ထမင်းကြော်ဘူးကို ယူလိုက်သည်။ထို့နောက် သူသည် ဝမ်ကျင်းထန်ကို အိမ်တော်အတွင်းသို့ဖိတ်ခေါ်ကာ လက်ဖက်ရည်တစ်ခွက်တိုက်ရန် ကြံရွယ်လိုက်သည်။သို့ရာတွင် ထိုအချိန်မှာပင် ဝမ်ကျင်းထန်သည် သူ၏မျက်လုံးရှေ့မှ ပျောက်ကွယ်သွားလေပြီ။

အရိပ်တစ်ခုသာလျှင် ကြွင်းကျန်ခဲ့ပေ၏။

"ဒီကောင်လေးက ဘာလို့ ဒီလောက်ထိမြန်မြန်ကြီး ပြန်ပြေးသွားတာလဲ"

ရှောင်ရန်ယောင်သည် ဇဝေဇဝါဖြင့် ရေရွတ်လိုက်၏။

စားသောက်ဆိုင်သို့ အပြေးပြန်နေသော ဝမ်ကျင်းထန်က တီးတိုးရေရွတ်လိုက်သည်။

"ငါ မြန်မြန်ပြန်မှရမယ်...ငါ မြန်မြန်ပြန်ရောက်မှ ပုဂံဆေးရတဲ့လူက ငါ ဖြစ်လိမ့်မယ်"

"ဝမ်လော့လီက ငါ့ရဲ့နေရာကိုလုပြီးတော့ ပန်းကန်ဆေးခွင့် ရသွားလို့မဖြစ်ဘူး"

ဝမ်ကျင်းထန်က သူ၏အကန့်အသတ်အခြေအနေ ရောက်သည်အထိ အရှိန်မြှင့်တင်လေသည်။

ဝမ်ကျင်းထန် အလျှင်အမြန် ပြေးထွက်သွားသည်ကိုကြည့်ပြီး ရှောင်ရန်ယောင်က သူ၏ခေါင်းကို ခါးယမ်းလိုက်သည်။ယနေ့ခေတ်လူငယ်များသည် စိတ်မြန်လက်မြန်ရှိပုံရသည်။

"သောက်ရေးမပါတဲ့ဆေးလုံးတွေ....သွားစမ်း"

ရှောင်ရန်ယောင်က အော်ဟစ်ကာ သိုလှောင်လက်စွပ်အတွင်းရှိ ဆေးလုံးများအားလုံးကို ဖယ်ထုတ်ပြီး ကြက်ဥထမင်းကြော်ဘူးကို ထည့်လိုက်၏။

ဤကြက်ဥထမင်းကြော်ရှိနေပါက သူ့အတွက် တခြားမည်သည့်ဆေးလုံးမျှ လိုအပ်မည်မဟုတ်ချေ။

"ညီအစ်ကိုရှောင်...."

ထိုအချိန်မှာပဲ လော့ချန်ကဲ၏စိတ်ဝိညာဥ်လှေပျံ ရောက်ရှိလာသည်။

ဤစိတ်ဝိညာဥ်လှေပျံမှနေ၍ အစွမ်းထက်သော ကျင့်ကြံသူများ၏အရှိန်အဝါများ ထွက်ပေါ်နေသည်။သူတို့အနက် ဆယ်နှင့်ချီသော ကြယ်အင်မော်တယ်များ ရှိနေသည့်အပြင် တချို့ဆိုလျှင် နေလအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေလေပြီ။

မဟာလော့ဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သော လော့ချန်ကဲသည် ကုန်းပတ်ပေါ်၌ မတ်တတ်ရပ်ကာ အော်ဟစ်လိုက်၏။

"ငါ လာပြီ"

ရှောင်ရန်ယောင်က အလျှင်အမြန် တုံ့ပြန်သည်။ထို့နောက် သူ၏ခြေထောက်ကို အနည်းငယ်မြှောက်လိုက်ရာ ချက်ချင်းဆိုသလိုပင် စိတ်ဝိညာဥ်လှေပျံ၏ကုန်းပတ်ပေါ်သို့ ရောက်ရှိသွားသည်။

ထိုစိတ်ဝိညာဥ်လှေပျံသည် အနက်ရောင်တောအုပ်ထံသို့ ဦးတည်၍ ချက်ချင်းခရီးထွက်ခဲ့တော့သည်။

Chapter 672

အနက်ရောင်သစ်တော...

စိတ်ဝိညာဥ်လှေပျံပေါ်မှကြည့်ပါက ပိန်းပိတ်သည်အထိ မှောင်မည်းနေသော အမှောင်ထုကြီးသာရှိနေသည်။

ဤနေရာရှိ သစ်ပင်များ ပန်းပွင့်များ ကျောက်တုံးများနှင့် ရေအိုင်များအားလုံး အနက်ရောင်ပင်။

ဤအရာများကို တစ်ချက်ကြည့်မိရုံဖြင့် လူအများအား ချောက်ချားမှုကို ခံစားရစေသည်။

"အထဲကို ဝင်ကြစို့"

လော့ချန်ကဲက ပြောဆိုသည်။

သူ၏လက်အတွင်း၌ စိတ်ဝိညာဥ်ကျောက်စိမ်းပြားတစ်ခုကို ကိုင်ထားကာ ထိုအရာမှနေ၍ ခပ်ဖျော့ဖျော့အလင်းတန်းများ ဖြာထွက်နေသည်။

ဤအချိန်အခိုက်အတန့်တွင် စိတ်ဝိညာဥ်ကျောက်စိမ်းပြား၏အထက်ရှိ အလင်းရောင်များ အားနည်းစပြုနေလေပြီ။

လော့ချန်ကဲ၏ညီငယ်လေးသည် ဤအချိန်တွင် သေလုမျောပါးအခြေအနေသို့ ရောက်ရှိနေသည်မှာ သိသာထင်ရှားလှ၏။

လော့ချန်ကဲ၏မျက်နှာအမူအယာ ပျက်ယွင်းနေကာ ချက်ချင်းဆိုသလိုပင် သူ စိုးရိမ်ပူပန်စပြုလာသည်။

"မကောင်းတော့ဘူး....ငါ့ညီလေးရဲ့အရှိန်အဝါက အရမ်းအားနည်းနေပြီ....အားလုံးပဲ မြန်မြန်သွားကြစို့"

လော့ချန်ကဲသည် စိတ်ဝိညာဥ်ကျောက်စိမ်းပြားမှ လမ်းညွှန်ချက်အတိုင်း လူများကိုဦးဆောင်၍ သူ၏ညီငယ်လေး ပိတ်မိနေသော နေရာထံသို့သွားလိုက်သည်။

မကြာမီမှာပင်...

သူတို့အားလုံး လှိုဏ်ဂူတစ်ဂူထံသို့ ရောက်ရှိလာသည်။

လော့ချန်ကဲ၏ညီငယ်လေးသည် ​သူတို့၏ရှေ့ရှိ ကျောက်ပြားတစ်ချပ်ပေါ်၌ လဲလျောင်းနေပေ၏။

"ညီလေး...."

လော့ချန်ယန်ကို မြင်တွေ့ချိန်တွင် လော့ချန်ကဲ၏မျက်နှာပေါ်၌ ဝမ်းသာပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။သူသည် ထိုနေရာသို့အပြေးသွားကာ သူ၏လက်ကို လော့ချန်ယန်၏နှာခေါင်းဝ၌ ထားလိုက်သည်။သူ၏ညီငယ်လေး အသက်ရှုသေးသည်ကို မြင်တွေ့ချိန်တွင် သူ ချက်ချင်းစိတ်သက်သာရာရသွားလေ၏။

ထို့နောက် သူသည် သိုလှောင်အိတ်အတွင်းမှ ဆေးလုံးတချို့ကိုထုတ်ယူကာ လော့ချန်ယန်ကို တိုက်လိုက်သည်။

ဤှမြင်ကွင်းကိုကြည့်ပြီး....

လက်ရှိနေရာတွင်ရှိနေသောလူတိုင်း စိတ်သက်သာရာရသွားသည်။

လော့ချန်ကဲ၏ညီငယ်လေး လော့ချန်ယန်ကို ရှာတွေ့သွားသဖြင့် သူတို့အားလုံး ဤနေရာမှ ထွက်သွားနိုင်လေပြီ။

"ကံကောင်းချင်တော့...ငါ ဘာအန္တရာယ်နဲ့မှ မတွေ့ခဲ့ရဘူး"

ရှောင်ရန်ယောင်က တွေးတောလိုက်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်ပြီး သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

ယခုချိန်၌ သူတို့အားလုံးသည် မူလလာခဲ့သောလမ်းကြောင်းအတိုင်း ပြန်သွားရန်သာ လိုအပ်သည်။

"ဒါပေမယ့်....တစ်ခုခုဖြစ်လာတော့မယ်လို့ ငါ ဘာလို့ ခံစားနေရပါလိမ့်"

"ငါ စိတ်မအေးသလိုမျိုး ခံစားနေရတယ်"

လူတိုင်းပျော်ရွှင်နေသောအချိန်တွင်...

မေးယွင်ဂိုဏ်းချုပ်၏ဂိုဏ်းချုပ် တောက်မေးယွင်က ရုတ်တရက်ပြောဆိုသည်။သူက မျက်မှောင်တင်းတင်းကြပ်ကြပ် ကြုတ်ထားကာ သူ၏မျက်နှာပေါ်၌ သံသယအရိပ်အယောင်များရှိနေသည်။

"ဟား ဟား ဟား...မေးယွင်ဂိုဏ်းချုပ်က အတွေးလွန်နေပြီ....အခု ဒီနေရာမှာရောက်နေတဲ့ ငါတို့အားလုံးက ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေပဲ....ငါတို့ ရှာရမယ့်လူကိုလည်း ရှာတွေ့ပြီးမှတော့ ငါတို့က လာရာလမ်းအတိုင်း ပြန်သွားရုံပဲ"

ရှောင်ရန်ယောင်က အပြုံးနှင့်ပြောဆိုသည်။

ယခုချိန်တွင် ဤနေရာ၌ မည်သည့်အန္တရာယ်မျိုး ရှိနေနိုင်မည်နည်း....

"မဟုတ်သေးဘူး...တကယ်လို့ တစ်ယောက်ယောက်က ရှေးဟောင်းဝင်္ကပါကို ထိတွေ့မိမယ်ဆိုရင် လှိုဏ်ဂူပြိုကျပြီးတော့ ဝင်္ကပါကြီး အသက်ဝင်လာနိုင်တယ်မဟုတ်လား"

တောက်မေးယွင်က မျက်မှောင်ကြုတ်ကာ ထပ်မံ၍ပြောဆိုလိုက်၏။

"မေးယွင်ဂိုဏ်းချုပ်...ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ တိုက်ဆိုင်မှုတစ်ခု ရှိနေနိုင်မှာလဲ"

သို့ရာတွင် ရှောင်ရန်ယောင်၏စကား အဆုံးမသတ်သေးမီမှာပင် လူတိုင်းသည် တစ်စုံတစ်ခုကျိုးပဲ့သွားသည့်အလား အက်ကွဲသံတစ်သံကို ကြားလိုက်ရသည်။

ဘုန်း....ဘုန်း...ဘုန်း....

ရုတ်တရက် မိုးပြိုလာသည့်အလား အနက်ရောင်တောအုပ်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ခါသွားကာ မြေပြင်ကွဲထွက်သွားလေ၏။

သူတို့အားလုံး ကြီးမားသောကျင်းနက်ကြီးတစ်ခုအတွင်းသို့ တိုက်ရိုက်ကျသွားတော့သည်။

သူတို့ မြေပြင်ပေါ်သို့ကျရောက်သွားသည့်အချိန်ထိ အချိန်မည်မျှကြာမြင့်ခဲ့ကြောင်း မည်သူမျှ မသိနိုင်​ချေ။

"ဒါက ဘယ်နေရာလဲ"

"ငါတို့က ဒီလိုသောက်ရေးမပါတဲ့နေရာကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"

ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ၏မျက်နှာများပေါ်တွင် သံသယအရိပ်အယောင်များ ထင်ဟပ်လာသည်။

ဤသို့ဖြစ်‌နေသည်မှာ ချန်းဟိုင်ဂိုဏ်းချုပ်သည် ကြီးမားသောရေသူပုလဲကိုထုတ်ယူကာ နေရာတစ်ခုလုံးကို အလင်းရောင်ရရှိသွားစေသောအချိန်ထိဖြစ်ပေ၏။

ထိုအချိန်ကျမှသာ သူတို့သည် ဝင်္ကပါကြီးတစ်ခုအတွင်း၌ ပိတ်မိနေပုံရကြောင်း သူတို့အားလုံး သိရှိသွားကြသည်။

"ဒါက ဘယ်လိုဝင်္ကပါမျိုးလဲ...ငါ ဒါကို အရင်က တစ်ခါမှမမြင်ဖူးဘူး"

"ဒါက အမှန်ပဲ....ဒီဝင်္ကပါက အရမ်းထူးဆန်းတယ်"

သူတို့အားလုံးသည် ဝင်္ကပါကြီးကိုကြည့်ကာ မျက်မှောင်တင်တင်းကြပ်ကြပ် ကြုတ်လိုက်ကြ၏။

သူတို့သည် ပြင်းပြင်းထန်ထန် စဉ်းစားတွေးတောသည့်တိုင် မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့ချေ။

သူတို့သည် ဤကဲ့သို့ ဝင်္ကပါဖွဲ့စည်းပုံမျိုးကို တစ်ကြိမ်တစ်ခါ​မျှ မြင်တွေ့ဖူးခြင်းမရှိချေ။

ရုတ်တရက်...

"ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ စိတ်ဝိညာဥ်စွမ်းအားတွေ ခမ်းခြောက်သွားတယ်လို့ ငါ ခံစားနေရတယ်"

"ငါ့ရဲ့ခွန်အားက အားနည်းလာသလိုပဲ...မင်းတို့ရော ဘယ်လိုခံစားနေရလဲ"

ကြယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်က ပြောဆိုသည်။သူ၏မျက်နှာသည် သွေးများစုပ်ယူခံလိုက်ရသည့်အလား သာမာန်မျက်စိဖြင့်မြင်နိုင်သော အရှိန်နှုန်းဖြင့် ဖြူရော်သွားပေ၏။

"ငါ့လည်း အဲ့ဒီလိုမျိုး ခံစားနေရတယ်"

"ငါလည်း အတူတူပဲ"

သူတို့အားလုံး၏မျက်နှာအမူအယာများ အလွန်အမင်း ပျက်ယွင်းသွားသည်။

အကြောင်းအရင်းမှာ သူတို့၏စွမ်းအားများ ထူးဆန်းစွာ လွင့်ပြယ်စပြုလာသည်ကို သူတို့အားလုံး ခံစားမိသောကြောင့်ပင်။

"မဟုတ်ဘူး...ဒါက ရှေးဟောင်းစိတ်ဝိညာဥ်ဝါးမြိုခြင်းဝင်္ကပါပဲ...ငါတို့က ဒီထဲမှာ လှောင်ပိတ်မိသရွေ့ ဆယ်ရက်အတွင်းမှာ နေလအင်မော်တယ်တစ်ယောက်ဖြစ်နေရင်တောင် စိတ်ဝိညာဥ်စွမ်းအားတွေ ကုန်ခမ်းသွားပြီးတော့ သေဆုံးရလိမ့်မယ်"

ထိုအချိန်မှာပင်....

ဝင်္ကပါဂိုဏ်းချုပ်ထန်ကျုံးက ဤဝင်္ကပါအကြောင်းကို အမှတ်ရသွားသဖြင့် မတ်တတ်ထရပ်ကာ ပြောဆိုသည်။ဤဝင်္ကပါသည် ရှေးဟောင်းစိတ်ဝိညာဥ်ဝါးမြိုခြင်း ဝင်္ကပါပင်။

ဤသည်မှာ အလွန်ကြောက်မက်ဖွယ် ကောင်းပေ၏။

ရုတ်ချည်းဆိုသလိုပင်....

သူတို့အားလုံး ထိတ်ထိတ်ပျာပျာ ဖြစ်သွားတော့သည်။

"ဘာ...ဒါက ရှေးဟောင်းစိတ်ဝိညာဉ်ဝါးမြိုခြင်းဝင်္ကပါလား....ငါတို့တွေက စိတ်ဝိညာဥ်စွမ်းအားတွေ ကုန်ခမ်းပြီးတော့ သေဆုံးရမှာလား"

"ဝင်္ကပါဂိုဏ်းချုပ်....မင်းမှာ ဒီဝင်္ကပါကိုချိုးဖျက်နိုင်တဲ့ နည်းလမ်းတစ်ခုခုရှိနေလား"

"အမှန်ပဲ....ငါတို့အတူပူးပေါင်းရင် ဒီဝင်္ကပါကို ချိုးဖျက်နိုင်မှာပါ"

တခြားလူများအားလုံးသည် ဝင်္ကပါဂိုဏ်းချုပ်ကို ကြည့်လိုက်ကြ၏။

"ဟူး....ဒါက အရမ်းခက်ခဲတယ်"

သို့ရာတွင် ဝင်္ကပါဂိုဏ်းချုပ်သည် သူ၏ခေါင်းကိုခါယမ်းကာ သက်ပြင်းတချက်ရှိုက်ပြီး ပြောဆိုသည်။

"ဒါက ဒီဝင်္ကပါကိုချိုးဖျက်ဖို့ ခက်ခဲတာမဟုတ်ဘူး....အရေးကြီးဆုံးကိစ္စက ဝင်္ကပါရဲ့ဗဟိုချက်ကို ရှာတွေ့ဖို့ပဲ"

ဝင်္ကပါရဲ့ဗဟိုချက်နေရာကိုရှာတွေ့ဖို့ကအရမ်းခက်ခဲတယ်။

"ငါတို့တွေက ဝင်္ကပါရဲ့ဗဟိုချက်ကို ရှာမတွေ့သေးခင်မှာပဲ...ငါတို့ရဲ့စိတ်ဝိညာဥ်စွမ်းအားတွေ ကုန်ခမ်းပြီးတော့ သေဆုံးသွားနိုင်တယ်"

ဝင်္ကပါဂိုဏ်းချုပ်က သုန်မှုန်နေသောမျက်နှာဖြင့် ရှင်းပြသည်။ရှေးဟောင်းစိတ်ဝိညာဥ်ဝါးမြိုခြင်းဝင်္ကပါ၏ ဗဟိုချက်ကိုရှာဖွေရန်မှာ အပြောလွယ်သော်လည်း လက်တွေ့လုပ်ဆောင်ရန်အတွက် အလွန်အမင်းခက်ခဲသောကိစ္စပင်။

ဝင်္ကပါဂိုဏ်းချုပ်သည် ထောင့်တစ်နေရာကိုရှာဖွေကာ ပလ္လင်ခွေထိုင်ပြီး အသံအကာအကွယ်ဝင်္ကပါတစ်ခုကို ခင်းကျင်းလိုက်သည်။ထို့နောက် သူသည် ထိုဝင်္ကပါအတွင်း၌ သူ့ကိုယ်သူပိတ်လှောင်ထားကာ ဤရှေးဟောင်းဝင်္ကပါကို စတင်၍ ဆင်ခြင်သုံးသပ်လိုက်တော့သည်။

လူတိုင်းသည် ကူကယ်ရာမဲ့စွာဖြင့် သူတို့၏စိတ်ဝိညာဥ်စွမ်းအားများ တစတစလွင့်ပါသွားသည်ကို တိတ်တဆိတ်ထိုင်စောင့်ကြည့်ရုံသာ တတ်နိုင်တော့သည်။

ရှောင်ရန်ယောင်ကမူ သူ၏သိုလှောင်လက်စွပ်အတွင်းမှနေ၍ ကြည်လင်သောထမင်းကြော်ဘူးကို ထုတ်ယူလိုက်၏။

အချိန်ခဏကြာတိုင်း သူသည် ထမင်းစေ့တစ်စေ့ကို စားလိုက်သည်။

ထိုသို့စားပြီးနောက် သူ၏မျက်နှာပေါ်၌ စိတ်ကျေနပ်သွားသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

အကြောင်းအရင်းမှာ ထမင်းစေ့တစ်စေ့ကို သူ စားချိန်၌ ပူနွေးသောရွှေရောင်စွမ်းအားလှိုင်းတစ်ရပ် ဖွဲ့စည်းသွားကာ သူ၏စိတ်ဝိညာဥ်ကိုရစ်ပတ်ထားသဖြင့် ဤနေရာရှိ ရှေးဟောင်းစိတ်ဝိညာဥ်ဝါးမြိုခြင်းဝင်္ကပါ၏ သက်ရောက်ခြင်းကို မခံရသောကြောင့်ပင်။

"မဟုတ်သေးဘူး...မိသားစုခေါင်းဆောင်ရှောင် ဒီအချိန်မှာ မင်းက ထမင်းစားချင်တဲ့စိတ်မျိုး ရှိသေးတာလား"

"မင်းက တော်တော်လေး ပေါ့ပေါ့ပါးပါး နေတတ်တဲ့လူပဲ"

ရှောင်ရန်ယောင်၏နံဘေးတွင်ရှိနေသော လော့ချန်ကဲက သူ၏ခေါင်းကိုခါယမ်းကာ စိတ်ပျက်အားငယ်စွာ ပြောဆိုသည်။

Chapter 673

"ဟီး ဟီး...မင်း ဘာသိလို့လဲ..."

"ဒါက ငါ့ရဲ့ရတနာလေးပဲ"

ရှောင်ရန်ယောင်က ခပ်ဖျော့​ဖျော့ပြုံးကာ များစွာရှင်းပြခြင်းမပြုချေ။

ဤသည်မှာ စီနီယာ၏ထမင်းကြော်ဖြစ်သဖြင့် အထွတ်အမြတ် နတ်ဘုရားရတနာပင်။

အကယ်၍ ရှေးဟောင်းစိတ်ဝိညာဉ်ဝါးမြိုခြင်း ဝင်္ကပါကြီးဖြစ်နေလျှင်ပင် သူ မည်သည်ကြောင့် ဂရုစိုက်ရမည်နည်း....

ထမင်းစေ့တစ်စေ့တွင်ပါဝင်သော ကြီးကျယ်ခမ်းနားသည့် စွမ်းအားများသည် သူ့အား ဝင်္ကပါ၏သက်ရောက်မှုကို မခံရစေဘဲ အချိန်တစ်ရက်ခန့် တောင့်ခံစေနိုင်သည်။

လော့ချန်ကဲက ကူကယ်ရာမဲ့စွာဖြင့် ခပ်ဖျော့ဖျော့ပြုံးကာ သူ၏သိုလှောင်လက်စွပ်အတွင်းမှ ဆေးလုံးနှစ်လုံးကို ထုတ်ယူလိုက်၏။

ဆေးလုံးတစ်လုံးကို သူကိုယ်တိုင် သောက်သုံးလိုက်ကာ တခြားဆေးလုံးတစ်လုံးကို လော့ချန်ယန်ကို တိုက်လိုက်သည်။

ထို့နောက် သူ သက်ပြင်းတစ်ချက်ရှိုက်လေသည်။

"ငါ့မှာ ဆေးလုံးတွေအများကြီး မကျန်တော့ဘူး ...ဆယ့်ငါးမိနစ်တိုင်းမှာတစ်ကြိမ် ငါတို့က ဆေးလုံးတွေသောက်ဖို့ လိုအပ်တယ်"

"ဒီဆေးလုံးတွေနဲ့ဆိုရင် ငါတို့တွေ နှစ်ရက်လောက်ပဲ တောင့်ခံနိုင်လိမ့်မယ်"

ကြယ်အင်မော်တယ်များနှင့် နေလအင်မော်တယ်များ၏မျက်နှာများပေါ်တွင် သုန်မှုန်နေသောအရိပ်အယောင်များ လွှမ်းခြုံနေသည်။

လူတိုင်းသည် ဆေးလုံးအမြောက်အများကို ကြိုတင်၍ပြင်ဆင်လာခဲ့ကြသည်။သို့ရာတွင် ရှေးဟောင်းစိတ်ဝိဉာဉ်ဝါးမြိုခြင်းဝင်္ကပါအောက်တွင် ဆေးလုံးများတွင်ပါဝင်သော စိတ်ဝိညာဉ်စွမ်းအားများသည် သူတို့ စုပ်ယူရန်အတွက် မလုံလောက်ချေ။

သူတို့အားလုံးသည် မြေပြင်ပေါ်၌ပလ္လင်ခွေထိုင်ကာ သူတို့၏မရီဒါန်းများကို ပိတ်ဆို့ထားကြသည်။ထိုသို့ပြုလုပ်မှသာ သူတို့၏ခန္ဓာကိုယ်များအတွင်းမှ အစစ်အမှန်အနှစ်သာရစွမ်းအားများ ဆုံးရှုံးမှုအရှိန်နှုန်းကို လျော့ကျစေပေမည်။

ဘုန်း....

အစစ်အမှန်အနှစ်သာရစွမ်းအားလှိုင်းများ တစ်ခုပြီးတစ်ခု လင်းလက်လာသည်။

ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်စုသည် သူတို့၏မှော်လက်နက်တချို့ကို ဖောက်ခွဲကာ စတေးပြီး သူတို့ကိုယ်သူတို့ လွှမ်းခြုံလိုက်ကြ၏။

သူတို့အားလုံးသည် ဝင်္ကပါဂိုဏ်းချုပ်၏ ရှေးဟောင်းစိတ်ဝိညာဥ်ဝါးမြိုခြင်းဝင်္ကပါအပေါ် ဆင်ခြင်သုံးသပ်မှုကို စောင့်ဆိုင်းနေကြသည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာကာ....

ငါးရက် ကြာမြင့်သွားလေပြီ။

ထိုအချိန်မှာပင်....

အလွန်စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သောအသံတစ်သံ ထွက်ပေါ်လာသည်။

"ကောင်းလိုက်တာ....ငါ သဲလွန်စတစ်ခုကို ရှာတွေ့ပြီ...ငါက ရှေးဟောင်းစိတ်ဝိညာဥ်ဝါးမြိုခြင်းဝင်္ကပါနဲ့ ပတ်သက်ပြီးတော့ သဲလွန်စတစ်ခုကို ရှာတွေ့ပြီ"

"မင်းတို့ ငါ့ကို နောက်ထပ်အချိန်ငါးရက်ပေးနိုင်သရွေ့ ငါက ရှေးဟောင်းစိတ်ဝိညာဉ်ဝါးမြိုခြင်းဝင်္ကပါရဲ့ဗဟိုချက်ကို ရှာနိုင်မှာသေချာပေါက်ပဲ"

ဝင်္ကပါဂိုဏ်းချုပ်က အလွန်အမင်းစိတ်လှုပ်ရှားနေသောအသံဖြင့် ပြောဆိုသည်။

သူ၏အသံထွက်ပေါ်လာသည်နှင့် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏မျက်နှာများပေါ်၌ မျှော်လင့်ချက်အလင်းရောင်များ ထင်ဟပ်လာသည်။

"တကယ်ပဲလား...."

"ကောင်းလိုက်တာ....နောက်ထပ်ငါးရက်ကြာရင် ငါတို့က ဒီဆိုးရွားတဲ့နေရာကြီးကနေ ထွက်သွားနိုင်တော့မယ်"

"ဝင်္ကပါဂိုဏ်းချုပ်...ငါတို့အားလုံးက မင်းကိုပဲ မှီခိုအားထားရတော့မယ်"

သူတို့အားလုံး၏မျက်နှာများ ဖြူရော်နေကာ သူတို့၏အသံများ အားပျော့နေသည်။သို့ရာတွင် ဝင်္ကပါဂိုဏ်းချုပ်၏စကားကိုကြားချိန်၌ သူတို့အားလုံး၏မျက်လုံးအတွင်းတွင် အသက်ရှင်သန်နိုင်တော့မည့် မျှော်လင့်ချက်အလင်းရောင်များ ထင်ဟပ်လာသည်။

"ငါးရက်....ဒါဆိုရင်လည်း ကောင်းပြီလေ"

ရှောင်ရန်ယောင်၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သွားသော အမူအယာတစ်ရပ် ဖြတ်ပြေးသွားသည်။သူသည် ထမင်းစေ့တစ်စေ့ခြင်း စားနေသဖြင့် ရှေးဟောင်းစိတ်ဝိညာဥ်ဝါးမြိုခြင်းဝင်္ကပါသည် သူ့အပေါ်၌ အနည်းငယ်မျှသာ သက်ရောက်မှုရှိသည်။

သို့ရာတွင် သူသည် စီနီယာထံသို့ပြန်သွားတွေ့ရန်အတွက် အလျင်လိုနေပေ၏။

"ဒါပေမဲ့...."

"ဒီငါးရက်အတွင်းမှာ တစ်ခုခုဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲ"

"ဥပမာအနေနဲ့ပြောရရင် နတ်ဆိုးသားရဲတစ်ကောင်ရဲ့ တိုက်ခိုက်မှုရှိလာရင် ဘယ်လိုလုပ်မလဲ"

တောက်မေးယွင်သည် ပျော်ရွှင်နေသောလူများကိုကြည့်ကာ မျက်မှောင်ကြုတ်၍ သံသယအ​ပြည့်ဖြင့် ပြောဆိုသည်။

"ဒါက စိတ်ဝိညာဥ်ဝါးမြိုခြင်းဝင်္ကပါလေ...ဒီနေရာမှာ ဘယ်လိုနတ်ဆိုးသားရဲမျိုးတွေ ရှိနေနိုင်မှာလဲ"

"မင်း ကံဆိုးစေတဲ့စကားတွေကို ထပ်မပြောနဲ့တော့...တကယ်လို့ မင်း စကားမပြောတတ်ဘူးဆိုရင် မပြောဘဲနေလိုက်စမ်း"

တခြားလူများအားလုံး တောက်မေးယွင်ကိုဒေါသတကြီး ကြည့်လိုက်ကြသည်။

လိုဏ်ဂူအတွင်း၌ တောက်မေးယွင်သည် လှိုဏ်ဂူပြိုလဲသွားနိုင်သည်ဟု ပြောဆိုနေသောအချိန်မှာပင် လှိုဏ်ဂူကြီး အမှန်တကယ်ပြိုလဲသွားခဲ့သည်။

လှိုဏ်ဂူပြိုလဲသွားခြင်းသည် တောက်မေးယွင်နှင့် ဆက်စပ်နေသည်ဟု သူတို့အားလုံး တွေးထင်ထားခြင်းမဟုတ်ချေ။

သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ သူတို့သည် တောက်မေးယွင်၏စကားများကို ကြားလိုခြင်းမရှိပေ။

"ဒါဆိုရင် ငါ ပါးစပ်ပိတ်ထားလိုက်မယ်"

တောက်မေးယွင်သည် လူတိုင်း၏ဒေါသအကြည့်များကို ခံစားမိသဖြင့် သူ၏ပါးစပ်ကို အလျှင်အမြန်ပိတ်ကာ စကားမပြောတော့ချေ။

သို့ရာတွင် သူ၏ပါးစပ်ကို ပိတ်လိုက်သည့်အချိန်အခိုက်အတန့်မှာပင် နတ်ဆိုးသားရဲတစ်ကောင်၏ဟိန်းဟောက်သံ မြည်ဟီးလာသည်။

ဝေါင်း....

ရုတ်ချည်းဆိုသလိုပင် ရာနှင့်ချီသောလူဝံနက်များ အမှောင်ထုအတွင်းမှ ထွက်ပေါ်လာပေ၏။

ထိုလူဝံနက်ကြီးများအနက်မှ အများစုထံတွင် ကြယ်အင်မော်စွမ်းအားမျိုးရှိနေကာ သူတို့၏ခွန်အားသည် အလွန်သန်မာအားကောင်းပြီး သူတို့၏ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံသည် အလွန်ကြီးမားပေ၏။

ထိုလူဝံနက်ကြီးများ ခြေတစ်လှမ်းလှမ်းလိုက်သည့်အချိန်တိုင်း မြေပြင်တပြင်လုံး တုန်ခါသွားသည်။

"မကောင်းတော့ဘူး...သူတို့က ဝင်္ကပါဂိုဏ်းချုပ်ရှိနေတဲ့နေရာကို ဦးတည်ပြီးတော့ သွားနေကြတာပဲ"

လော့ချန်ကဲက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ထိုလူဝံနက်ကြီးများ ဦးတည်နေသောနေရာသည် ဝင်္ကပါဂိုဏ်းချုပ်ရှိနေသောနေရာ အတိအကျပင်။

ဤလူဝံနက်ကြီးများ၏ရည်ရွယ်ချက်သည် ဝင်္ကပါဂိုဏ်းချုပ်၏ စိတ်ဝိညာဥ်ဝါးမြိုခြင်းဝင်္ကပါအပေါ် ဆင်ခြင်သုံးသပ်မှုကို နှောက်ယှက်ရန်ဖြစ်သည်မှာ သိသာထင်ရှားလှ၏။

ဘုန်း...ဘုန်း...ဘုန်း...

ရှေ့ဆုံးမှဦးဆောင်လာသော လူဝံနက်ကြီးထံတွင် အလွန်အမင်းစူးရှသော မျက်လုံးတစ်စုံရှိကာ သူ၏လက်သီးတစ်စုံသည် တောင်ငယ်တစ်လုံးအလားပင်။သူသည် ကြယ်အင်မော်တယ်နယ်ပယ်စွမ်းအားကိုအသုံးပြုကာ ဝင်္ကပါဂိုဏ်းချုပ်ရှိနေသောနေရာသို့ ဦးတည်၍ ထိုးနှက်လိုက်၏။

ဤအချိန်တွင်....

ဝင်္ကပါဂိုဏ်းချုပ်သည် အကာအကွယ်ဝင်္ကပါအတွင်း၌ ပလ္လင်ခွေထိုင်နေသည်။သူသည် သူ၏လက်အတွင်းရှိ ဝင်္ကပါအလံကို အဆက်မပြတ်ဝှေ့ယမ်းနေကာ အပြောင်းအလဲများ ဆင့်ကဲပေါက်ဖွားနေသည်။

သူသည် ရှေးဟောင်းစိတ်ဝိညာဥ်ဝါးမြိုခြင်းဝင်္ကပါကို လေ့လာဆင်ခြင်ရာ၌ နစ်မြောနေသည်မှာ သိသာထင်ရှားလှ၏။

"ဝင်္ကပါဂိုဏ်းချုပ်ကို ကာကွယ်ရမယ်...မဟုတ်ရင် ငါတို့အားလုံး ဒီနေရာကနေ ထွက်လို့ရမှာမဟုတ်ဘူး"

လော့ချန်ကဲ၏ခန္ဓာကိုယ်တစ်ခုလုံး အလင်းတန်းတစ်တန်းအသွင်သို့ပြောင်းလဲသွားကာ ရှေ့သိုတဟုန်ထိုးပြေးထွက်ပြီး ခေါင်းဆောင်လူဝံနက်ကြီးကို ကန်ထုတ်လိုက်သည်။

အကယ်၍ သူတို့သည် စိတ်ဝိညာဥ်ဝါးမြိုခြင်းဝင်္ကပါကို ချိုးဖျက်လိုပါက ဝင်္ကပါဂိုဏ်းချုပ်ထန်ကျုံးကို မှီခိုအားထားရပေမည်။

ယခုချိန်၌....

ဝင်္ကပါဂိုဏ်းချုပ်ထန်ကျုံးထံတွင် မည်သည့်မတော်တဆကိစ္စမျှ ဖြစ်ပွား၍မရချေ။

သို့ရာတွင် လော့ချန်ကဲသည် ခေါင်းဆောင်လူဝံနက်ကြီးကို ကန်​ကျောက်လိုက်သည်အချိန်အခိုက်အတန့်၌ သူ၏ခန္ဓာကိုယ်မှအစစ်အမှန်စွမ်းအားများ စီးဆင်းခြင်းမရှိသည်ကို ခံစားမိသည်။

ထို့နောက် လူဝံနက်ကြီး နောက်တစ်ကောင် ပြေးဝင်လာကာ လော့ချန်ကဲကို သူ၏ခန္ဓာကိုယ်အောက်၌ ဖိနှိပ်လိုက်သည်။

ထို့နောက် လူဝံနက်ကြီးများအားလုံးသည် ဒီရေအလား ဝင်္ကပါဂိုဏ်းချုပ်ထံသို့ဦးတည်၍ ပြေးဝင်လာကြလေ၏။

"ဝင်္ကပါဂိုဏ်းချုပ်...."

လက်ရှိနေရာတွင်ရှိနေသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအားလုံး မတ်တတ်ထရပ်ကာ ဝင်္ကပါဂိုဏ်းချုပ်၏နံဘေးပတ်လည်တွင် ဝိုင်းရံပြီး ကာကွယ်ပေးလိုက်ကြသည်။

"သောက်ချေးပဲ...တကယ်လို့ အရင်ကဆိုရင် ကြယ်အင်မော်တယ်စွမ်းအားပဲရှိတဲ့ ဒီလူဝံနက်တွေကို ငါ့ရဲ့လက်ဝါးရိုက်ချက်တစ်ချက်နဲ့ ဖြေရှင်းနိုင်တယ်"

"ဒါပေမဲ့ အခုချိန်မှာတော့ ငါ့ရဲ့အစစ်အမှန်အနှစ်သာရစွမ်းအားတွေက ဒီဝင်္ကပါကြီးကြောင့် အများကြီး လျော့နည်းသွားခဲ့ပြီ"

လော့ချန်ကဲသည် လူဝံနက်ကြီး၏ဖိနိပ်ထားမှုအောက်မှ ခက်ခက်ခက်ခဲရုန်းထွက်ကာ လူတိုင်း၏ရှေ့၌ မတ်တတ်ရပ်၍ ကာကွယ်ပေးလေသည်။

ဝေါင်း....ဝေါင်း...ဝေါင်း...

သို့ရာတွင် စိတ်ဝိညာဥ်ဝါးမြိုခြင်းဝင်္ကပါအတွင်း၌ရှိနေသော ဤလူဝံနက်များသည် ဝင်္ကပါ၏သက်ရောက်မှုကို အနည်းငယ်မျှမခံရချေ။

လူဝံနက်ကြီးများသည် မိုးကောင်းကင်ယံကိုမော့ကြည့်ပြီး ဟိန်းဟောက်ကာ လူသားကျင့်ကြံသူများဖွဲ့စည်းထားသော အတားအဆီးထံသို့ တဟုန်ထိုး ပြေးဝင်လာကြတော့သည်။

ဘုန်း....

သူတို့အားလုံး၏စွမ်းအားကုန်ဆုံးမှုသည် အလွန်ကြီးမားပေ၏။နေလအင်မော်တယ်ကျင့်ကြံသူများပင်လျှင် ဤအချိန်အခိုက်အတန့်၌ ကြယ်အင်မော်တယ်နယ်ပယ်စွမ်းအားသာ ကျန်ရှိတော့သည်။

သူတို့အနက် နေလအင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူဟူ၍ အနည်းငယ်သာရှိသည်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။

သူတို့၏ခုခံကာကွယ်မှုဖွဲ့စည်းပုံ ပြိုပျက်စပြုလာလေပြီ။

Chapter 674

"ဒါက အဆုံးသတ်သွားပြီ...အခု ငါတို့ သေရတော့မယ်"

"သောက်ချေးပဲ...ဒီအနက်ရောင်တောအုပ်က တကယ့်ကို အန္တရာယ်များတဲ့ နေရာကြီးပါလား"

"ငါက ဒီလိုမျိုးအဆုံးသတ်ကို ကြုံရလိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"

လက်ရှိနေရာတွေရှိနေသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအနက် အများစုသည် ချုံးပိုင်ကုန်းမြေ၏ နယ်မြေအရှင်သခင်များပင်။

ယခုအချိန်၌...

သူတို့အားလုံးသည် စိတ်ပျက်လက်ပျက်ဖြင့် သူတို့၏မျက်လုံးများကို စုံမှိတ်ထားကြလေ၏။

ဝင်္ကပါဂိုဏ်းချုပ် သေဆုံးသွားသည်နှင့် ဤရှေးဟောင်းစိတ်ဝိညာဥ်ဝါးမြိုခြင်းဝင်္ကပါကို ချိုးဖျက်နိုင်ရန် သူတို့ထံတွင် မည်သည့်နည်းလမ်းမျှ ရှိမည်မဟုတ်ချေ။

သူတို့အားလုံးအတွက် တစ်ခုတည်းသောကံကြမ္မာမှာ သေဆုံးခြင်းပင်။

ဘုန်း...

သို့ရာတွင် သူတို့အားလုံး မျက်လုံးစုံမှတ်ကာ လူဝံနက်ကြီးများ၏သတ်ဖြတ်ခြင်းကို ခံရရန်စောင့်ဆိုင်းနေစဉ်မှာပင် ကျယ်လောင်သောအသံတစ်သံ မြည်ဟီးလာသည်။

ဘုန်း...

ဘုန်း...

ဘုန်း...

ထိုနောက်မှနေ၍ ကျယ်လောင်သောအသံများ ဆက်တိုက်ထွက်ပေါ်လာပေ၏။

ကြည့်ရသည်မှာ တစုံတစ်ယောက်သည် လူဝံနက်ကြီးများကို တိုက်ခိုက်နေပုံပင်။

သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကာ အသံထွက်ပေါ်လာရာနေရာသို့ ကြည့်လိုက်ကြသည်။

ဤကဲ့သို့ကြည့်လိုက်မိသည်နှင့် သူတို့အားလုံးချက်ချင်း ကြက်သေသေသွားသည်။

"ငါယိုးမသားတွေ..."

"သားရဲကောင်တွေ..."

"မင်းတို့ကိုယ်မင်းတို့ အရမ်းသန်မာတယ်လို့ ထင်နေတာလား"

သူတို့အားလုံး ထိတ်လန့်တုန်လှုပ်နေကာ မျက်လုံးအပြူးသားဖြင့် သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး သူတို့၏မျက်နှာများပေါ်တွင် မယုံကြည်နိုင်သောအမူအယာများ ထင်ဟပ်လာသည်။

ထို့နောက် သူတို့အားလုံး တံတွေးမြိုချလိုက်ကြ၏။

ရှောင်ရန်ယောင်သည် ရာနှင့်ချီသော လူဝံနက်ကြီးများထံသို့ တဟုန်ထိုးပြေးဝင်သွားကာ တစ်ကောင်ပြီးတစ်ကောင်ကို ရိုက်ချနေ​သည်အား သူတို့အားလုံး တွေ့မြင်လိုက်ရသည်။

ဖြောင်း...

ဖြောင်း...

ဖြောင်း...

ထိုလူဝံနက်ကြီးများသည် လေလျော့သွားသော ဘောလုံးများအလား ကျွမ်းထိုးမှောက်ခုံလွင့်ထွက်သွားလေ၏။

ထိုလူဝံနက်ကြီးများ မြေပြင်နှင့်ရိုက်ခတ်မိချိန်တွင် မီတာရာနှင့်ချီနက်သော ကျင်းကြီးများ မြေပြင်ပေါ်၌ ထွက်ပေါ်လာသည်။

"အမှိုက်တစ်သိုက်..."

"ဒီလောက်ပဲလား...."

"ဘယ်ကောင် ထပ်လာအုံးမှာလဲ..."

ရှောင်ရန်ယောင်သည် သူ၏အလုပ် ပြီးဆုံးသွားချိန်၌ သူ၏လက်နှစ်ဖက်မှ ဖုန်မှုန့်များကိုခါလိုက်သည်။ထို့နောက် သူ၏လက်ကို သူ၏အင်္ကျီစဖြင့် သုတ်လိုက်၏။

ထိုသို့သုတ်ပြီးနောက် သူသည် ရိုသေလေးစားသောအမူအယာဖြင့် ကြက်ဥထမင်းကြော်ဘူးကို ကောက်ယူလေသည်။

ထို့နောက်...

သူက ထမင်းစေ့တစ်စေ့ကို ယူစားလိုက်သည်။

ထို့နောက် သူက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

"ရှောင်မိသားစုခေါင်းဆောင်က ဘယ်အချိန်တုန်းကစပြီးတော့ ဒီလောက်ထိ အစွမ်းထက်သွားတာလဲ"

"အမှန်ပဲ...ခုဏက သူရဲ့ရိုက်ချက်တွေကို ငါ ခံစားမိသလောက်တော့ တကယ်လို့ ငါ့ရဲ့အထွတ်အထိပ်အခြေအနေမှာ ရှိနေရင်တောင် ခုခံနိုင်ဖို့အရမ်းခက်ခဲတယ်"

"ငါတို့ အပြင်ကိုထွက်သွားပြီးတဲ့နောက်မှာ ရှောင်မိသားစုကို ရန်စစော်ကားလို့မဖြစ်ဘူး"

လူတိုင်းသည် စကားပြောဆိုလိုက်ကြပြီးနောက် သူတို့၏မျက်လုံးများကိုစုံမှိတ်၍ ပြန်ထိုင်လိုက်သည်။ထို့နောက် သူတို့၏ဒဏ်ရာများ သက်သာစေရန်အတွက် ဆေးလုံးများကိုထုတ်ယူ၍ သောက်သုံးလိုက်၏။

တခြားတစ်ဖက်တွင် မဟာလော့ဂိုဏ်းချုပ် လော့ချန်ကဲ၏မျက်နှာထက်တွင် ဇဝေဇဝါအရိပ်အယောင်များ ထင်ဟပ်နေသည်။

"လူအိုကြီးရှောင်က အရမ်းသန်မာအားကောင်းတယ်လို့ သူတို့က ပြောနေကြတယ်...ဒါပေမဲ့ အဲ့ဒီကောင်ရဲ့အကြောင်းကို ငါ ကောင်းကောင်းကြီး သိထားတယ်"

"ဒီနေရာက စိတ်ဝိညာဥ်ဝါးမြိုခြင်းဝင်္ကပါထဲမှာ ရှိနေတယ်...ဘယ်လိုလုပ်ပြီးတော့ လူအိုကြီးရှောင်ရဲ့ခွန်အားက နည်းနည်းလေးတောင် လျော့ကျမသွားတာလဲ"

"ဒါ့ပြင် သူက ဆေးလုံးတွေကိုတောင် သောက်တာမဟုတ်ဘူး...သူက ထမင်းကိုပဲ စားနေခဲ့တယ်"

လော့ချန်ကဲသည် ဇဝေဇဝါဖြစ်နေလေ၏။သူသည် ရှောင်ရန်ယောင်နှင့် တစ်ချိန်လုံး အတူထိုင်နေခဲ့ခြင်းဖြစ်သည်။သို့ရာတွင် ရှောင်ရန်ယောင် ဆေးလုံးများသောက်သုံးသည်ကို သူ မြင်တွေ့ခြင်းမရှိချေ။

"အဓိကသော့ချက်က အဲ့ဒီထမင်းလား..."

ရုတ်တရက် လော့ချန်ကဲ၏မျက်လုံးများ တောက်ပသွားကာ တစ်စုံတစ်ခုကို စဉ်းစားတွေးတောမိသည့်အလား သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

"ငါ နားလည်သွားပြီ"

"လူအိုကြီးရှောင်ရဲ့ထမင်းက စိတ်ဝိညာဥ်စွမ်းအားတွေကို တည်ငြိမ်စေတဲ့အရာပဲဖြစ်မယ်...ဒါကြောင့် သူ့ရဲ့အစစ်အမှန်အနှစ်သာရစွမ်းအားတွေက စိတ်ဝိညာဥ်ဝါးမြိုခြင်းဝင်္ကပါရဲ့ သက်ရောက်မှုကို မခံရတာပဲ"

"ငါ သိပြီ"

"အရင်က ဒီထမင်းကို ရတနာတစ်ပါးလို့ လူအိုကြီးရှောင်ကပြောခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး"

ရုတ်ချည်းဆိုသလိုပင် လော့ချန်ကဲသည် အဓိကသော့ချက်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သဖြင့် သူ၏မျက်နှာပေါ်တွင် အံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

ထို့နောက် သူသည် ရှောင်ရန်ယောင်ထံသို့ အပြေးသွားလိုက်၏။

"အင်း....ဒါက...လူအိုကြီးရှောင် ငါတို့က မိတ်ဆွေကောင်းတွေမဟုတ်လား"

"ကြည့်လိုက်အုံး...ငါတို့နှစ်ယောက်က ဘောင်းဘီကိုတောင် ဆင်တူဝတ်ခဲ့ကြတာလေ"

"ဒါ့ပြင် ဒီနှစ်တွေထဲမှာ မင်း ရိုက်နှက်ခံရတဲ့အချိန်တိုင်း ငါက မင်းအတွက် လက်စားချေပေးခဲ့တယ်"

"လူအိုကြီးရှောင်....."

လော့ချန်ကဲသည် နံဘေးတစ်ဖက်‌၌ထိုင်ကာ ပြုံးရွှင်နေသောမျက်နှာဖြင့် စကားတစ်ခွန်းချင်း ပြောဆိုနေသည်။

"တကယ်လို့ မင်းမှာ ပြောစရာတစ်ခုရှိတယ်ဆိုရင် မြန်မြန်ပြောစမ်း...မင်း အပိုစကားတွေပြောပြီး အချိန်ဖြုန်းမနေနဲ့"

ရှောင်ရန်ယောင်က လော့ချန်ကဲကို မျက်စောင်းထိုး၍ ကြည့်လေသည်။သူ့ရှေ့ရှိ အိုမင်းရွတ်တွနေသော မျက်နှာကြီးကိုကြည့်ပြီး သူ၏အစာအိမ်အတွင်းမှ ထမင်းစေ့များ ပြန်အန်ထုတ်မိတော့လုမတတ်ပင်။

သို့ရာတွင် ကံကောင်းထောက်မစွာဖြင့်...

သူသည် တံတွေးကို ပါးစပ်အပြည့်မြိုချကာ ထမင်းစေ့များ အန်ထွက်မသွားစေရန် ဖိနှိပ်နိုင်ခဲ့သည်။

"အော် ဒါက မိတ်ဆွေခံစားချက်တွေကို ပြန်ပြီးဖော်ထုတ်နေတာလေ"

"ဒါကြောင့် မင်းရဲ့ထမင်း ငါ့ကို နည်းနည်းလောက်ပေးသင့်တယ်"

"ငါက အများကြီးမလိုပါဘူး...မင်း ငါ့ကို တစ်ဝက်လောက်ပေးရုံပဲ"

"ငါက ငါ့ရဲ့ညီလေးနဲ့အတူ ခွဲပြီးစားလိုက်မယ်"

လော့ချန်ကဲက အပြုံးနှင့်ပြောဆိုကာ သူ၏လက်ဝါးကိုဖြန့်ပြီး တိုက်ရိုက်တောင်းဆိုလိုက်၏။

"ဘာ...."

"တစ်ဝက် ဟုတ်လား..."

"မင်းရဲ့ပါးစပ်ထဲကိုထည့်ဖို့ ဘာလို့ တစ်ဝက်တောင် လိုမှာလဲ"

ရှောင်ရန်ယောင်သည် လော့ချန်ကဲကို သူ၏ဖခင်ကိုသတ်လိုက်သည့် ရန်သူအလား စူးစူးဝါးဝါးစိုက်ကြည့်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"ငါယိုးမသား....ငါ မင်းနဲ့မသိဘူး"

Chapter 675

"မင်းက တစ်ဝက်တောင် လိုချင်တယ်...ဒီထမင်း ဘယ်လောက်ထိ အဖိုးတန်တယ်ဆိုတာ မင်း သိလား"

ရှောင်ရန်ယောင်က ထပ်မံ၍အော်ဟစ်လိုက်သည်။

"အိုး...မင်း လန့်မသွားပါနဲ့...မင်း လန့်သွားစရာ မလိုပါဘူး"

လော့ချန်ပဲက အပြုံးနှင့် အလျှင်အမြန်ပြောဆိုသည်။

"ဒါဆိုရင် မင်း ဘယ်လောက်များများပေးနိုင်မလဲဆိုတာ ငါ့ကို ပြောပါ"

"အများဆုံးအနေနဲ့ မင်းနဲ့ မင်းညီအတွက် ထမင်းစေ့တစ်စေ့စီပဲ"

ရှောင်ရန်ယောင်ကပြောဆိုကာ သူ၏ထမင်းကြော်ဘူးအတွင်းမှ အသေးငယ်ဆုံး ထမင်းစေ့နှစ်စေ့ကိုထုတ်ယူပြီး လော့ချန်ကဲ၏လက်အတွင်းသို့ ထည့်ပေးလိုက်သည်။

"နှစ်စေ့...ထမင်းစေ့နှစ်စေ့ပဲလား..."

"မဟုတ်ဘူး...လူအိုကြီးရှောင် မင်း ငါ့ကို ထပ်ပေးသင့်တယ်လေ"

"ဒီထမင်းစေ့နှစ်စေ့နဲ့ ဘယ်လိုလုပ်ပြီး လောက်မှာလဲ"

လော့ချန်ကဲ၏မျက်နှာပေါ်တွင် အံ့အားသင့်တုန်လှုပ်မှုများ ထင်ဟပ်နေသည်။ရှောင်ရန်ယောင်သည် သူ့အား ထမင်းစေ့နှစ်စေ့သာပေးမည်ဟု သူ တကြိမ်တခါမျှ တွေးထင်ထားမိခြင်းမရှိချေ။

"မင်း ယူမှာလား မယူဘူးလား"

"ဒီထမင်းစေ့နှစ်စေ့ပေးတာတောင် မင်းနဲ့ငါ နှစ်တွေအကြာကြီး မိတ်ဆွေတွေဖြစ်ခဲ့တဲ့မျက်နှာကို ထောက်ထားလို့ပဲ...မဟုတ်ရင် ဒီထမင်းစေ့နှစ်စေ့အတွက် ငါက မင်းဆီကနေ အဆင့်နိမ့်အင်မော်တယ်ရတနာနှစ်ခု တောင်းရလိမ့်မယ်"

ရှောင်ရန်ယောင်က ဒေါသတကြီးပြောဆိုကာ သူ၏ထမင်းစေ့နှစ်စေ့ကိုပြန်ယူရန် ဟန်ပြင်လိုက်သည်။

ဤသည်မှာ စီနီယာ၏ထမင်းကြော်ဖြစ်ပြီး အထွတ်အမြတ် နတ်ဘုရားထမင်းကြော်ပင်။

သူသည် ထိုအရာကို ထိပ်တန်းအဆင့်မှော်ရတနာတစ်ခုဖြင့် ဝယ်ခဲ့ရခြင်းဖြစ်သည်။

"မလုပ်နဲ့...မလုပ်နဲ့...ငါ လိုချင်တယ်...ငါ အဲ့ဒါကို လိုချင်တယ်"

လော့ချန်ကဲက အပြုံးနှင့် တောင်းပန်စကားပြောဆိုကာ ထမင်းစေ့နှစ်စေ့ကို ယူလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ခြင်တစ်ကောင်ထံတွင် အသားရှိနေသရွေ့ မည်မျှသေးငယ်သည်ဖြစ်စေ ပြဿနာမရှိချေ။

ရှောင်ရန်ယောင်၏အနားမှ ထွက်ခွာခဲ့ပြီးနောက် လော့ချန်ကဲသည် ထမင်းစေ့တစ်စေ့ကိုစားကာ ကျန်တစ်စေ့ကို လော့ချန်ယန်အား ကျွေးလိုက်သည်။

ဝုန်း....

ရုတ်ချည်းဆိုသလိုပင်....

သူ၏ပါးစပ်အတွင်းသို့ ထမင်းစေ့ဝင်ရောက်သွားသော အချိန်အခိုက်အတန့်တွင် သူ့၏ဒန်တျန်အတွင်း၌ ကြီးကျယ်ခမ်းနားသောစွမ်းအားများ ချက်ချင်းပွင့်အံ့ထွက်လာသည်ကို သူ ခံစားမိသည်။

အစောပိုင်းက စိတ်ဝိညာဥ်ဝါးမြိုခြင်းဝင်္ကပါကြောင့် ကုန်ဆုံးသွားခဲ့သော သူ၏စိတ်ဝိညာဥ်စွမ်းအားများနှင့် သူ၏ဒန်တျန်အတွင်းရှိ အစစ်အမှတ်အနှစ်သာရစွမ်းအားများသည်လည်း ဤအချိန်အခိုက်အတန့်တွင် ပြန်လည်ရရှိလာပေ၏။

"ဒါက'ဘယ်လို ထမင်းမျိုးလဲ"

"ထမင်းစေ့တစ်စေ့ကတောင် ဒီလောက်ထိ အစွမ်းထက်တာလား"

"ဒါက တကယ့်ကို ရတနာတစ်ပါးပဲ...လူအိုကြီးရှောင်က ငါ့ကို ထမင်းစေ့နှစ်စေ့ပဲပေးတာ အံ့အားသင့်စရာ မရှိတော့ဘူး"

"ဒီထမင်းတစ်စေ့ရဲ့တန်ဖိုးက ငါ့ရဲ့သိုလှောင်လက်စွပ်ထဲမှာရှိတဲ့ ဆေးလုံးတွေအားလုံးရဲ့တန်ဖိုးထက် ကျော်လွန်နေတယ်"

လော့ချန်ကဲ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

"အဟွတ် အဟွတ်...အစ်ကိုကြီး မင်း ဒီနေရာမှာ ရှိနေတာလား"

ထိုအချိန်မှာပင် သတိလစ်မေ့မြောနေသော လော့ချန်ယန်သည် နောက်ဆုံး၌ နိုးထလာကာ သူ၏မျက်နှာပေါ်၌ ဇဝေဇဝါအရိပ်အယောင်များ ထင်ဟပ်နေသည်။သူ ယခင်က ရရှိထားသောဒဏ်ရာများ ပျောက်ကင်းစပြုလာသည်ကို သူ ခံစားမိလေ၏။

သူ့၏ဒန်တျန်အတွင်း၌ အပူစီးကြောင်းတစ်ခုရှိနေကာ သူ၏မရီဒါန်းများ နံဘေးပတ်လည်၌ လှည့်ပတ်စီးဆင်းနေသည်။

ထို့ကြောင့် လော့ချန်ယန်သည် လဲလျောင်းနေရာမှ မတ်တတ်ထရပ်လိုက်တော့သည်။

ထိုအချိန်မှာပင်....

"ကောင်းလိုက်တာ....ငါက ဗဟိုချက်နေရာကို ရှာတွေ့ပြီ"

"ငါက ဝင်္ကပါရဲ့ဗဟိုချက်ကို ရှာတွေ့ပြီ"

ဝင်္ကပါဂိုဏ်းချုပ်ထံမှနေ၍ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။

မည်သည့်အကြောင်းအရင်းကြောင့်ဟု မသိရသော်လည်း စိတ်ဝိညာဥ်ဝါးမြိုခြင်းဝင်္ကပါသည် အနည်းငယ်အားပျော့သွားသဖြင့် သူ ဟာကွက်တချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။

ထိုဟာကွက်များမှတဆင့် သူသည် ဝင်္ကပါ၏ဗဟိုချက်နေရာကို သိရှိခဲ့ရလေ၏။

ထိုစကားကိုကြားချိန်တွင်....

လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏မျက်နှာများထက်တွင် ဝမ်းသာပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

ဤစိတ်ဝိညာဥ်ဝါးမြိုခြင်းဝင်္ကပါအတွင်း၌ ပိတ်မိနေသည်မှာ ရက်အနည်းငယ်သာ ကြာမြင်သေးသော်လည်း သူတို့သည် တစ်နှစ်ခန့်ကုန်ဆုံးသွားသည့်အလား ခံစားနေရသည်။

"ဝင်္ကပါဂိုဏ်းချုပ်....မင်း ဝင်္ကပါရဲ့ဗဟိုချက်ကို တကယ်ကြီး ရှာတွေ့ခဲ့တာလား"

"အရမ်းကောင်းတာပဲ...ငါတို့တွေ အပြင်ကိုထွက်ကြစို့"

သူတို့အားလုံး ဝမ်းမြောက်ဝမ်းသာအော်ဟစ်လိုက်ကြသည်။

"ဒါပေမဲ့ ဝင်္ကပါဂိုဏ်းချုပ်က ထပ်ပြီးတောင့်မခံနိုင်တော့ဘူးလို့ ငါ ဘာလို့ခံစားနေရတာလဲ"

"ငါ...."

တောက်မေးယွင်၏ပါးစပ် ဖွင့်လိုက်သောအချိန်မှာပင် လူလေးယောက်ငါးယောက်က သူ့ကို မြေပြင်ပေါ်သို့တိုက်ရိုက်ဖိနှိပ်ထားကာ သူ ထပ်မံ၍စကားမပြောဆိုနိုင်စေရန် ကာကွယ်ဟန့်တားလိုက်သည်။

နှစ်ကြိမ်....

တောက်မေးယွင် ပြောဆိုသမျှ အမှန်ဖြစ်လာသည်မှာ နှစ်ကြိမ်ရှိနေလေပြီ။

ဤအချိန်တွင် အရေးကြီးအချိန်အခိုက်အတန့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် သူတို့သည် မည်သည့်အမှားအယွင်းမျှ ဖြစ်ပွားလာခွင့် မပြုနိုင်ချေ။

"မကောင်းတော့ဘူး....ဝင်္ကပါဂိုဏ်းချုပ် မေ့လဲသွားပြီ"

သို့ရာတွင် သူတို့သည် တောက်မေးယွင်၏ပါးစပ်ကို ပိတ်လိုက်သောအချိန်မှာပင်တစ်စုံတစ်ယောက်ထံမှနေ၍ စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်သောအသံ ထွက်ပေါ်လာသည်။

"ဝင်္ကပါဂိုဏ်းချုပ် ထပါအုံး...ငါတို့တွေက မင်း ဝင်္ကပါချိုးဖျက်မယ့်အချိန်ကို စောင့်နေကြတာလေ"

"ဝင်္ကပါဂိုဏ်းချုပ်...."

သူတို့အားလုံးသည် ဝင်္ကပါဂိုဏ်းချုပ်၏နံဘေးပတ်လည်၌ စုဝေးကာ ကျယ်လောင်စွာအော်ဟစ်လိုက်ကြ၏။

သို့ရာတွင်.....

ဤအချိန်အခိုက်အတန့်၌ ဝင်္ကပါဂိုဏ်းချုပ်၏မျက်နှာတပြင်လုံး ဖြူရော်နေသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ စိတ်ဝိညာဉ်စွမ်းအားများ အလွန်အကျွံ ကုန်ခမ်းသွားခဲ့သဖြင့် သူ့ထံ၌ သွေးရောင်ကင်းမဲ့နေသည်။

"ငါတို့ ဘာလုပ်ကြမလဲ...ဆေးလုံးတွေ ဘယ်သူဆီမှာ ရှိသေးလဲ...မြန်မြန်ထုတ်ပေးကြစမ်း"

"အခုအချိန်မှာ မင်းတို့တွေ ထပ်ပြီးဝှက်မထားကြနဲ့တော့...ဝင်္ကပါဂိုဏ်းချုပ်ရှိနေမှသာ ငါတို့ကို အပြင်ခေါ်ထုတ်ပေးနိုင်လိမ့်မယ်"

ဝင်္ကပါဂိုဏ်းချုပ်ကိုကူညီပေးနေသော ကျင့်ကြံသူတစ်ယောက်က အော်ဟစ်လိုက်သည်။

အကယ်၍ ဝင်္ကပါဂိုဏ်းချုပ်ထန်ကျုံးထံတွင် မတော်တဆကိစ္စတစ်ခု ဖြစ်ပွားသွားပါက လက်ရှိနေရာတွင်ရှိနေသည့်လူများအနက် မည်သူတစ်ဦးတစ်ယောက်မျှ စိတ်ဝိညာဥ်ဝါးမြိုခြင်းဝင်္ကပါအတွင်းမှ ထွက်သွားနိုင်မည်မဟုတ်ချေ။

"ငါ့မှာ ဆေးလုံးနှစ်လုံးရှိသေးတယ်"

"ငါ့မှာ တစ်လုံးကျန်တယ်"

"ငါ့မှာ ဘာဆေးလုံးမှာမရှိတော့ပေမယ့် စိတ်ဝိညာဥ်သစ်သီးတလုံးရှိတယ်"

"..."

ကျင့်ကြံသူများအားလုံးသည် သူတို့ထံ၌ ကြွင်းကျန်သောဆေးလုံးများကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ပေးကြလေ၏။

ဤသည်မှာ သူတို့၏နောက်ဆုံးအသက်ကယ်ဆေးလုံးများဖြစ်သဖြင့် အရည်အသွေးမြင့်မားသည်။

"ဒါက အရမ်းကောင်းတယ်...ဒီဆေးလုံးတွေနဲ့ဆိုရင် ဝင်္ကပါဂိုဏ်းချုပ် နိုးထလာမှာ သေချာပေါက်ပဲ"

ထိုသို့ပြောဆိုပြီးနောက် ဝင်္ကပါဂိုဏ်းချုပ်ကို ကူညီပေးနေရာ၌ ဦးဆောင်သော ကျင့်ကြံသူသည် ထိုဆေးလုံးများအားလုံးကို သူ့အားအလျင်အမြန် တိုက်ကျွေးလိုက်တော့သည်။

ဝုန်း...

ဝင်္ကပါဂိုဏ်းချုပ်၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ အဖြူရောင်စိတ်ဝိညာဥ်စွမ်းအားလှိုင်းများ ဖြာထွက်စပြုလာသည်။

ထိုဆေးစွမ်းအားများသည် သူ့အား စတင်၍ကုသနေခြင်းဖြစ်သည်မှာ သိသာထင်ရှားလှ၏။

"ကောင်းလိုက်တာ....ဒီတိုးတက်မှုအတိုင်းဆိုရင် ဝင်္ကပါဂိုဏ်းချုပ်က မကြာခင်မှာပဲ နိုးထလာလိမ့်မယ်"

ထိုအဖြူရောင်စိတ်ဝိညာဉ်စွမ်းအားလှိုင်းများကိုမြင်တွေ့ချိန်တွင် လက်ရှိနေရာတွင်ရှိနေသူများအားလုံး ဝမ်းသာပျော်ရွှင်သွားကြသည်။

ဝူး...ဝူး...ဝူး....

သို့သော်...

ထိုအချိန်မှာပင် လူအများ၏ဖမ်းချုပ်ထားခြင်းကိုခံရသော တောက်မေးယွင်၏ပါးစပ်ပွင့်ဟလာကာ ဗလုံးဗထွေးဖြင့် ပြောဆိုသည်။

"ငါ့အထင်တော့ အဲ့ဒါတွေက အသုံးဝင်မှာမဟုတ်ဘူး....."

တောက်မေးယွင်ကို ဖိနှိပ်ထားသောလူများသည် သူ၏ဗလုံးဗထွေးပြောဆိုသံကိုကြားချိန်တွင် သူတို့၏မျက်နှာများပေါ်၌ ထိတ်လန့်တုန်လှုပ်သောအမူအယာများ ထင်ဟပ်လာသည်။

ဤသည်မှာ ကိစ္စကောင်းတစ်ရပ်မဟုတ်ချေ။

သူတို့သည် တောက်မေးယွင် ထပ်မံ၍စကားပြောဆိုရန်အတွက် အချိန်မပေးနိုင်တော့ချေ။ထို့ကြောင့် ထိုကျင့်ကြံသူများသည် သူတို့၏ခန္ဓာကိုယ်များအတွင်း၌ ကြွင်းကျန်သော စိတ်ဝိညာဥ်စွမ်းအားအနည်းငယ်ကို အသုံးပြုကာ တောက်မေးယွင်အား သတိလစ်မေ့မျောအောင် ရိုက်နှက်လိုက်တော့သည်။

"ဟူး....."

"ကံကောင်းလို့သာပဲ...ငါတို့က အချိန်မီ ဟန့်တားနိုင်ခဲ့တယ်....မဟုတ်ရင် တခြားမတော်တဆကိစ္စတစ်ခု ဖြစ်လာနိုင်တယ်"

သူတို့အားလုံးသည် ထိတ်လန့်တုန်လှုပ်သောမျက်နှာအမူအယာဖြင့် တောက်မေးယွင်ကို ကြည့်လိုက်ကြ၏။

ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်တွင် မည်သည့်ကိစ္စမျှ ဖြစ်ပွားခဲ့ခြင်းမရှိချေ။

သူတို့အားလုံး စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်ကာ ဝမ်းသာပျော်ရွှင်သွားကြသည်။

သို့ရာတွင်...

သူတို့ ဝမ်းသာပျော်ရွှင်နေသည်မှာ ဆယ့်ငါးမိနစ်မပြည့်သေးမီမှာပင် ဝင်္ကပါဂိုဏ်းချုပ်၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အဖြူရောင်စိတ်ဝိညာဥ်အလင်းတန်းများ ရုတ်တရက် မှေးမှိန်သွားသည်။

ထို့နောက် ထိုအလင်းတန်းများ ချက်ချင်းပျောက်ကွယ်သွားလေ၏။

ဝင်္ကပါဂိုဏ်းချုပ်သည်လည်း နိုးထလာခဲ့ခြင်းမရှိချေ။

"ငါယိုးမသား တောက်မေးယွင်..."

"ဒါက ပြီးသွားပြီ ...အခု ငါတို့ ဘာလုပ်ကြမလဲ....ငါတို့မှာရှိတဲ့ ဆေးလုံးတွေအားလုံးလည်း ကုန်သွားပြီ"

"ဝင်္ကပါဂိုဏ်းချုပ်ရဲ့ စိတ်ဝိညာဥ်စွမ်းအားတွေက အများကြီးကုန်ဆုံးသွားခဲ့တယ်...တကယ်လို့ ဆေးလုံးတွေရှိရင်တောင် သူ့ကိုကယ်တင်နိုင်ဖို့ အရမ်းခက်ခဲလိမ့်မယ်"

လူအများထံမှနေ၍ စိတ်ပျက်လက်ပျက်ရေရွတ်သံများ ထွက်ပေါ်လာသည်။

သူတို့သည် သတိလစ်မေ့မြောနေသော တောက်မေးယွင်ကိုကြည့်ကာ သူတို့၏မျက်လုံးများအတွင်း၌ ဒေါသအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

သူတို့သည် တောက်မေးယွင်ကို ဓားဖြင့် အချက်ပေါင်း ထောင်သောင်းချီ၍ ခုတ်ပိုင်းပစ်ရန် မစောင့်ဆိုင်းနိုင်တော့ချေ။

သူ့ထံတွင် အလွန်အဆိပ်ပြင်းသောပါးစပ် ရှိနေသည်မဟုတ်လော...

သူတို့သည် ဤကံကြမ္မာဆိုးကို ထပ်မံ၍ ဖြစ်ပွားလာခွင့် မပြုနိုင်တော့ချေ။

ထိုအချိန်မှာပင်...

ရှောင်ရန်ယောင်က ထိုနေရာသို့ ရောက်ရှိလာကာ ဝင်္ကပါဂိုဏ်းချုပ်ကို တစ်ချက်ကြည့်ပြီး ထမင်းစေ့တစ်စေ့ ထုတ်ပေးလိုက်သည်။

"သူ့ကို ဒါကျွေးလိုက်ပါ....ခဏလောက်ကြာရင် သူ ပြန်နိုးလာလိမ့်မယ်"

ရှောင်ရန်ယောင်က ပေါ့ပေါ့ပါးပါးပြောဆိုသည်။ ထို့နောက် ထမင်းစေ့တစ်စေ့ဖြင့် လုံလောက်ရန်မသေချာသဖြင့် သူသည် အချိန်တခဏကြာခန့်စဉ်းစားတွေးသောပြီးနောက် နောက်ထပ်ထမင်းစေ့တစ်စေ့ထုတ်ပေးလိုက်၏။

စုစုပေါင်း ထမင်းစေ့နှစ်စေ့ပင်။

ထိုထမင်းစေ့နှစ်စေ့သည် ဝင်္ကပါဂိုဏ်းချုပ်ကိုတွဲထူထားသော ကျင့်ကြံသူ၏လက်အတွင်းသို့ ရောက်ရှိသွားသည်။

"အမ်...."

"ဒါက ထမင်းစေ့နှစ်စေ့လား...."

"ရှောင်မိသားစုခေါင်းဆောင်...မင်း...."

ရှောင်ရန်ယောင်သည် ယခင်က နှိုင်းယှဉ်ပြစရာမရှိသည်အထိ ရဲဝံ့စွာတိုက်ခိုက်ခဲ့သော်လည်းယခုချိန်တွင် ဝင်္ကပါဂိုဏ်းချုပ်ကို ကယ်တင်ရန်အတွက် ထမင်းစေ့နှစ်စေ့သာ ထုတ်ပေးခဲ့သလော။

ဤသည်မှာ ပြောင်ချော်ချော်လုပ်နေခြင်း မဟုတ်လော...

"အဲ့ဒီထမင်းစေ့တွေ ဝင်္ကပါဂိုဏ်းချုပ်ကို ကျွေးလိုက်ပါ"

ထိုအချိန်မှာပင် လော့ချန်ကဲ ရောက်ရှိလာကာ ထိုကျင့်ကြံသူကိုကြည့်၍ ပြောဆိုသည်။

ဤသည်မှာ ထမင်းစေ့နှစ်စေ့ မဟုတ်လော....

အမှန်ဆိုလျှင် ထမင်းစေ့တစ်စေ့ဖြင့် လုံလောက်ပေ၏။

ဤထမင်းစေ့ မည်မျှထိ အံ့အားသင့်ဖွယ်ကောင်းသည်ကို သူ သိရှိထားသည်။

ထမင်းစေ့တစ်စေ့ဖြင့် စိတ်ဝိညာဝါးမြိုခြင်းဝင်္ကပါကြောင့် ကုန်ခမ်းသွားသော သူ၏စွမ်းအားများအားလုံး ပြန်လည်ဖြည့်တင်းနိုင်ခဲ့သည်။

ထို့ပြင် ဒဏ်ရာအပြင်းအထန် ရရှိထားသော လော့ချန်ယန်သည်လည်း ပြန်လည်ကောင်းမွန်လာခဲ့ပေ၏။

"ကောင်းပြီလေ"

လော့ချန်ကဲ ဝင်ရောက်ပြောဆိုသည်ကိုကြည့်ပြီး ထိုကျင့်ကြံသူက သဘောတူညီလိုက်သည်။

ထို့နောက် သူသည် ထမင်းစေ့နှစ်စေ့ကို ဝင်္ကပါဂိုဏ်းချုပ်၏ပါးစပ်အတွင်းသို့ ထည့်လိုက်သည်။

အချိန်တခဏကြာပြီးနောက်....

ဝင်္ကပါဂိုဏ်းချုပ်၏ခန္ဓာကိုယ်မှ အဖြူရောင်စိတ်ဝိညာဥ်အားလိုင်းများ တဖန်ပြန်၍ ဖြာထွက်လာသည်။

အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ဝင်္ကပါဂိုဏ်းချုပ်သည် သူ၏မျက်လုံးများကို ဖွင့်လိုက်၏။

ဘုန်း....

အစွမ်းထက်သော စွမ်းအားလှုပ်ခတ်မှုလှိုင်းတစ်လှိုင်းက ဝင်္ကပါဂိုဏ်းချုပ်ထံမှ ပွင့်အံ့ထွက်လာသည်။

ရုတ်ချည်းဆိုသလိုပင် ဝင်္ကပါဂိုဏ်းချုပ်သည် ကျင့်ကြံဆင့်ချိုးဖျက်နိုင်ခဲ့လေပြီ။

သူသည် ကြယ်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။

"အိုး ဘုရားရေ....ဘယ်လိုဖြစ်သွားတာလဲ"

"စိတ်ဝိညာဉ်စွမ်းအားတွေ ကုန်ခမ်းပြီးတော့ သတိလစ်မေ့မြောနေတဲ့ ဝင်္ကပါဂိုဏ်းချုပ်က ထမင်းစေ့နှစ်စေ့ကို ဝါးမြိုလိုက်တာနဲ့...သူ့ရဲ့ပျက်ပြယ်သွားတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ ပြန်ရတဲ့အပြင် ကျင့်ကြံဆင့်ချိုးဖျက်သွားနိုင်ခဲ့တာလား"

လက်ရှိနေရာတွင်ရှိနေသူများအားလုံး၏ မျက်နှာများထက်၌ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။သူတို့၏စိတ်နှလုံးသားများအတွင်း၌ တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေပေ၏။

သူတို့အားလုံးသည် တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ကြသည်။

အကယ်၍ ဤကိစ္စကို သူတို့၏ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်တွေ့ခဲ့ခြင်းသာမရှိပါက မည်သူက ယုံကြည်နိုင်မည်နည်း....

"ငါ...ငါက ကျင့်ကြံဆင့် ချိုးဖျက်နိုင်ခဲ့တာလား"

"ဒါက ဘယ်လိုဖြစ်သွားတာလဲ"

"ငါ သတိလစ်သွားပြီးတော့ ပြန်နိုးလာတဲ့အချိန်မှာ ကြယ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်သွားတာလား"

ဝင်္ကပါဂိုဏ်းချုပ်၏မျက်နှာထက်တွင် အံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

သူ တစ်ကြိမ်ခန့် သတိလစ်မေ့မြောသွားရုံဖြင့် ကျင့်ကြံဆင့်နယ်ပယ် ချိုးဖျက်နိုင်ခဲ့သလော....

ထိုသို့ဆိုပါက သူ ထပ်မံ၍ သတိလစ်လိုသည်။

ဝင်္ကပါဂိုဏ်းချုပ် ထပ်မံ၍ သတိလစ်မေ့မြောသွားတော့မည်ကိုကြည့်ပြီး လော့ချန်ကဲက သူ့အား အလျှင်အမြန် ဟန့်တားလိုက်သည်။

ထို့နောက် သူသည် ဝင်္ကပါဂိုဏ်းချုပ်အား ရှောင်ရန်ယောင်၏ထမင်းစေ့နှစ်စေ့အကြောင်း ပြောဆိုလိုက်၏။

"ဘာ..."

"နတ်ဘုရားထမင်းစေ့တွေလား..."

"ဒါက အထွတ်အထိပ်ဆရာကြီးတစ်ယောက်ဆီကလား...."

သူတို့အားလုံးသည် ထိုစကားများကိုပို၍နားထောင်မိလေလေ ပို၍အံ့အားသင့်လာလေလေပင်။ဤဖြစ်စဉ်ကို အကျဉ်းချုပ်ပြောဆိုနေစဉ်အတွင်း၌ လော့ချန်ကဲက အနည်းငယ် ပိုပိုသာသာပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိနေရာတွေရှိနေသော အစွမ်းထက်ကျင့်ကြံသူများအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။

"ဝင်္ကပါဂိုဏ်းချုပ်....မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို အရင်ဆုံး တည်ငြိမ်အောင်လုပ်လိုက်ပါအုံး...ခဏနေကျရင် ငါတို့ အတူတူထွက်သွားကြတာပေါ့"

"အမှန်ပဲ....ဝင်္ကပါဂိုဏ်းချုပ် မင်း ခဏလောက်အနားယူပြီးရင် ငါတို့တွေ ဝင်္ကပါကိုချိုးဖျက်ပြီးတော့ ဒီနေရာကနေ ထွက်သွားကြရအောင်"

သူတို့အားလုံးသည် ဝင်္ကပါဂိုဏ်းချုပ်အနီးမှ ဖယ်ခွာကာ ရှောင်ရန်ယောင်ထံသို့ အပြေးရောက်လာကြသည်။

"ရှောင်မိသားစုခေါင်းဆောင်...."

"အစ်ကိုကြီးရှောင်...."

"ငါ့ကို ထမင်းစေ့တစ်စေ့လောက် ပေးနိုင်မလား"

"အမှန်ပဲ...ငါ့ကိုလည်း တစ်စေ့ပေးပါ...ငါက ဒါကို အင်မော်တယ်ရတနာနဲ့ လဲလှယ်ပါ့မယ်"

"စီနီယာရှောင်...."

ယခုလက်ရှိနေရာတွင်ရှိနေသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် မျက်နှာချိုသွေးသောအမူအယာများဖြင့် ရှောင်ရန်ယောင်ကို ကြည့်လိုက်ကြသည်။

သူတို့အားလုံးသည် ထမင်းစေ့တစ်စေ့ကို လိုချင်နေခြင်းပင်။

ဤထမင်းစေ့တစ်စေ့သည် ယခင်က သူတို့ သောက်သုံးခဲ့သော ဆေးလုံးများထက် အဆတစ်ရာခန့် ပို၍အစွမ်းထက်သည်။

လက်ရှိနေရာတွင်ရှိနေသော လူများအားလုံးသည် နယ်မြေတစ်ခု၏အရှင်သခင်များဖြစ်လေရာ မည်သူတစ်ဦးတစ်ယောက်မျှ တုံးအခြင်းမရှိချေ။

ဤကဲ့သို့အခွင့်အရေးတစ်ခုနှင့် ကြုံတွေ့ရချိန်တွင် မည်သူက လက်လွတ်ခံနိုင်မည်နည်း။

"အင်မော်တယ်ရတနာတွေနဲ့ လဲမှာလား"

ရှောင်ရန်ယောင်သည် အချိန်တခဏကြာခန့် ကြက်သေသေနေပြီးနောက် သူ၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုအရိပ်အယောင်များ​ ထင်ဟပ်လာသည်။

သူ့ထံတွင် ထမင်းစေ့အစေ့တစ်ထောင်ကျော် ကျန်သေးသည်။သူသည် ဤအရာများကို ချက်ချင်းကုန်အောင်စားရန်မှာ မည်သို့မျှမဖြစ်နိုင်ချေ။

"ဒါဆိုရင် ထမင်းစေ့တစ်စေ့ကို အဆင့်နိမ့်...မဟုတ်သေးဘူး...အလယ်အလတ်ဆင့် အင်မော်တယ်ရတနာတစ်ခု ပေးရမယ်"

"ထမင်းစေ့တစ်စေ့အတွက် အလယ်အလတ်အဆင့် အင်မော်တယ်ရတနာတစ်ခုပဲ"

ရှောင်ရန်ယောင်က ပေါ့ပေါ့ပါးပါးပြောဆိုသည်။ မူလက သူသည် အဆင့်နိမ့်အင်မော်တယ်ရတနာကိုသာ တောင်းဆိုလိုခဲ့သည်။

သို့ရာတွင် ဤရက်များအတွင်း၌ သူသည် ထိပ်တန်းအဆင့်အင်မော်တယ်ရတနာများနှင့် လဲလှယ်နိုင်ရန်အလို့ငှာ ရှောင်မိသားစုတစ်စုလုံး၏စည်းစိမ်ဥစ္စာများအား ရောင်းချခဲ့ရသည်ကို သူ ရုတ်တရက် တွေးတောမိသည်။

ယခု သူ ငွေရှာရန်အတွက် အချိန်ကျလာလေပြီ။

ထို့ပြင် ယခုလက်ရှိနေရာတွင် ရှိနေသူများသည် ကြယ်အင်မော်တယ်နယ်ပယ် အထက်တွင်ရှိသော ကျင့်ကြံသူများပင်။အလယ်အလတ်ဆင့်အင်မော်တယ်ရတနာတစ်ခုသည် အဖိုးတန်ရှားပါးသော်လည်း လက်ရှိနေရာတွင်ရှိနေသူများအတွက် ခက်ခဲသည့်အရာမျိုး မဟုတ်ချေ။

Thank For Reading.

All Chapters