အခန်း (၆၈၁-၆၈၅)
Vol. 46 Ch. 681-685
Chapter 681
တုံးအပြီးဥာဏ်နည်းသူများသည် အမှောင်ထုအတွင်း၌ အစဉ်အမြဲ နေထိုင်ရပေမည်။
အခြေအနေကို နားလည်သဘောပေါက်ကာ အခွင့်အရေးကို ဖမ်းဆုပ်နိုင်သောလူများကမူ ဘဝ၏အထွတ်အထိပ်သို့ ရောက်ရှိသွားနိုင်သည်။
ချူးယွမ်ကုန်းမြေကဲ့သို့ ကိစ္စများသည် နေရာအများစု၌ ဖြစ်ပွားနေပေ၏။လူအချင်းချင်းပြောဆိုဆက်နွယ်မှုများမှတဆင့် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏နန်းဆောင်ခွဲကို မီးရှို့ခြင်းကဲ့သို့ ကိစ္စများသည်လည်း ပို၍ပို၍ပြင်းထန်စ ပြုလာသည်။
ထိုအကြောင်းအရင်းကြောင့် အရိပ်ကျွန်းပေါ်တွင် အကျဉ်းသားများ ပို၍များပြားလာခဲ့သည်။
တစ်ချိန်တည်းမှာပင် အရိပ်ကျွန်းပေါ်၌ မည်ကဲ့သို့အင်အားစုမျိုး ရှိနေသည်ဟူသော ကိစ္စကိုအဓိကအင်အားစုများအကြား၌ ဦးစားပေးဆွေးနွေးနေကြသည်။
တချို့လူများက ဤသည်မှာ မိုးကောင်းကင်တာအိုမှထောက်ပံ့ပေးထားသော အင်အားစုတစ်စုဖြစ်ပြီး ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏နေရာကို အစားထိုးယူရန်ဟု ခန့်မှန်းနေကြသည်။
တစ်ချို့လူများကမူ ထို အင်အားစု၏ခေါင်းဆောင်သည် ရှေးဟောင်းခေတ်ကာလမှနိုးထလာသော အစွမ်းထက်တည်ရှိမှုကြီးတစ်ယောက်ဖြစ်သည်ဟု ပြောဆိုနေကြ၏။
ကောလဟာလမျိုးစုံ ပျံ့နှံ့နေကာ...
အဆုံးသတ်၌...
အရိပ်ကျွန်း၏နာမည်ဂုဏ်သတင်းသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့နေတော့သည်။
...
'ဒင်....'
'အင်မော်တယ်နယ်မြေကနေ ကံကြမ္မာရမှတ်သုံးရာ လက်ခံရရှိပါတယ်'
'လက်ရှိကံကြမ္မာရမှတ်...တစ်သောင်းကိုးထောင့်နှစ်ရာ...'
ထိုအချိန်မှာပင် စနစ်၏အသံ ထွက်ပေါ်လာသည်။
"အော်...ကံကြမ္မာရမှတ်တွေ ထပ်ပြီးရလာပြန်ပြီလား"
ရီဖုန်းက နောက်မှီကုလားထိုင်ပေါ်မှ ထထိုင်လိုက်သည်။
ဤအချိန်အတောအတွင်းတွင် ချီယီထုံထံမှရရှိသော ကံကြမ္မာရမှတ်များအပြင် အင်မော်တယ်နယ်မြေမှနေ၍ အမှတ်တစ်သောင်းကျော် ရရှိခဲ့သည်။
"ဒီကံကြမ္မာရမှတ်တွေက ဘယ်ကရလာတာလဲ"
"ငါ့ရဲ့တပည့်တွေဆီကလား..."
"မဖြစ်နိုင်ဘူး...ငါရဲ့တပည့်တွေဆီကဆိုရင် တပည့်တွေရဲ့နံပတ်စဉ် ပါနေရမယ်"
ရီဖုန်းက ခန့်မှန်းလိုက်သည်။
ထို့နောက် သူသည် သန်းဝါးကာ အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးတစ်စုံဖြင့် ရေရွတ်လိုက်၏။
"သောက်ရေးမပါတာတွေ စဉ်းစားမနေတော့ဘူး...ပြန်အိပ်တာပဲ ကောင်းတယ်"
သို့ရာတွင် သူ လှဲချလိုက်သောအချိန်မှာပင် စနစ်၏အသံ ထပ်မံ၍ထွက်ပေါ်လာသည်။
"လက်ခံသူရဲ့အရမ်းအပျင်းထူတဲ့ အပြုအမူတွေကြောင့် စနစ်က စိတ်မကျေနပ်တော့ဘူး"
"ဒါကြောင့် စနစ်က တာဝန်ကို ပြန်ပြီးထုတ်ပြန်လိုက်ပြီ"
"ဒီနေ့ကနေစပြီးတော့ တစ်နှစ်အတွင်းမှာ တပည့်တစ်ယောက် လက်မခံနိုင်ဘူးဆိုရင်...ဒီအချိန်အတောအတွင်းမှာ လက်ခံသူက အချိန်ကိုတိုးမြှင့်လို့မရတော့ဘူး"
"တကယ်လို့ တာဝန်ကိုကျရှုံးသွားမယ်ဆိုရင် လက်ခံသူရဲ့ကျင့်ကြံဆင့်အခြေခံကို ကိုးဆယ့်ကိုးရာခိုင်နှုန်း လျှော့ချမယ်"
ထိုစကားကိုကြားချိန်တွင် ရီဖုန်းသည် လဲလျောင်းနေရာမှ ချက်ချင်းထထိုင်လိုက်၏။
"သောက်ချေးပဲ"
ရီဖုန်းက ကျယ်လောင်စွာအော်ဟစ်၍ ဆဲဆိုလိုက်သည်။သူ၏ကျင့်ကြံဆင့်အခြေခံ ကိုးဆယ့်ကိုးရာခိုင်နှုန်း လျှော့ချခံရမည့် အပြစ်ဒဏ်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
သူသည် စနစ်၏လဲလှယ်ရေးစတိုးဆိုင်ကိုဖွင့်ပြီး တစ်ချက်ကြည့်လိုက်သည်။
အမှန်တကယ်ကိုပင်...
လဲလှယ်ခြင်းစတိုးဆိုင်၌ အချိန်ဆွဲထားနိုင်သောလုပ်ဆောင်ချက် မရှိတော့ချေ။
ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။သူသည် သူ၏ကံကြမ္မာရမှတ်များကိုအသုံးပြုကာ တပည့်သစ်တစ်ယောက်ရှာဖွေရမည့် အချိန်ကာလကို သက်တမ်းတိုးလိုခဲ့သည်။မည်သို့ပင်ဆိုစေကာမူ ပျင်းရိခြင်းမြစ်ပွားနာဖြစ်နေကာ အလွန်အမင်းအီးရောအီးရောလုပ်တတ်သော လူတစ်ယောက်ဖြစ်သဖြင့် အကယ်၍ သူ တတ်နိုင်ပါက မလှုပ်ရှားလိုချေ။
သို့ရာတွင် ကြည့်ရသည်မှာ သူ အပျင်းထူနေသောအချိန်များ အဆုံးသတ်သို့ ရောက်ရှိလာတော့မည့်ပုံပင်။
"ငါ တပည့်လက်ခံရမယ့် လိုအပ်ချက်တွေက ဘာတွေလဲ"
"မင်းက ငါ့ကို စံနှုန်းတစ်ခုတော့ ပေးသင့်တယ်"
ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ယခင်က ဤကိစ္စကို ကြိုးစားခဲ့ဖူးသည်။သူသည် တပည့်လက်ခံရာ၌ ဆန္ဒရှိသည့်အတိုင်း လက်ခံရန်မှာ မဖြစ်နိုင်ချေ။ဤသည်မှာ တပည့်တစ်ယောက်လက်ခံရန်အတွက် စံနှုန်းတစ်ခုရှိနေကြောင်း သက်သေပြနေခြင်းပင်။
"အဲ့ဒီတပည့်က စနစ်ရဲ့အသိအမှတ်ပြုမှုကိုရရင် လုံလောက်ပြီ"
စနစ်၏အသံ ထွက်ပေါ်လာသည်။
ရီဖုန်း မျက်ဖြူလန်သွားသည်။ဤသည်မှာ မည်သည့်စံနှုန်းကိုမျှ မပြောဆိုလိုက်သည့်အလားပင်။
ဤသို့ ဖြစ်လာသောကြောင့်....
သူ ကံစမ်းရုံသာ တတ်နိုင်ပေမည်။
"ကောင်းပြီလေ...ငါ မနက်ဖြန်ကျရင် သွားရှာမယ်"
မနက်ဖြန်ဟု ပြောဆိုခဲ့သည့်တိုင် ရီဖုန်းသည် သူ၏ပစ္စည်းများကို ထုတ်ပိုးပြင်ဆင်ရင်း ရက်ပေါင်းနှစ်ဆယ်ကျော် အီးရောအီးရောလုပ်နေခဲ့သည်။
ဤသည်မှာ သူ မလှုပ်ရှားလိုသောကြောင့်မဟုတ်ချေ။
အပျင်းထူသောအခြေအနေဖြင့် အချိန်အတော်ကြာနေထိုင်ပြီးနောက် ဤသံသရာအတွင်းတွင် ပိတ်မိနေသူများအတွက် သူတို့ကိုယ်သူတို့ လှုပ်ရှားရန်မှာ အလွန်ခက်ခဲသည်။
ရီဖုန်းသည် သူ၏ပစ္စည်းများကို ထုတ်ပိုးပြင်ဆင်ရန် ရက်နှစ်ဆယ်ကျော် ကြာမြင့်နေရသည့် အကြောင်းအရင်းမှာ နောင်အနာဂတ်တွင် သူ၏ကျင့်ကြံဆင့်အခြေခံ ကိုးဆယ့်ကိုးရာခိုင်နှုန်း ဆုံးရှုံးသွားပါက သေမျိုးတစ်ယောက် ပြန်ဖြစ်လာလျှင် ရင်ဆိုင်ရမည့်နည်းလမ်းများကို စဉ်းစားတွေးတောနေသောကြောင့်ပင်။
ဤသည်မှာ အနည်းငယ်တွန်းအားတစ်ခုဖြစ်စေရုံ သက်သက်ပင်။
"ထားလိုက်တော့...ငါ နောက်လရဲ့အစပိုင်းကျရင် စပြီးထွက်ခွာမယ်...ခုလက ရက်နှစ်ဆယ်တောင်ကျော်နေမှတော့ လကုန်ဖို့ရက်လည်း သိပ်မကျန်တော့ဘူး...နောက်လကျမှပဲ ငါ ဒီကိစ္စကို လုပ်တော့မယ်"
ရီဖုန်းက စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းရှိုက်လိုက်သည်။
သူသည် သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်မှုတချို့ ပြုလုပ်ပြီးနောက် စိတ်အေးလက်အေးဖြင့် နောက်မှီကုလားထိုင်ပေါ်၌ ပြန်၍လဲလျောင်းလိုက်တော့သည်။
သို့ရာတွင် နောက်လ၏ပထမနေ့သို့အရောက်၌ ရီဖုံးသည် အအိပ်လွန်နေကာ ဒုတိယနေ့သို့ကူးပြောင်းသွားသည်အထိ အိပ်စက်နေခဲ့သည်။
"သောက်ချေးပဲ"
ရီဖုန်းက သူ့ကိုယ်သူ အပြစ်တင်ကာ ဆဲဆိုလိုက်သည်။အမှန်တကယ်ကိုပင် သူ၏ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်မှုသည် လုံလောက်သည်အထိ သန်မာအားကောင်းခြင်းမရှိချေ။
"ဆယ်ရက်နေ့...ငါက ဆယ်ရက်နေ့ကျရင် ထွက်သွားမယ်...အရင်က ငါ တစ်လတောင် အချိန်ယူခဲ့တာ...ဒီရက်နည်းနည်းလောက်နဲ့ ပြဿနာမရှိပါဘူး"
ရီဖုန်းက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချကာ ရေရွတ်လိုက်သည်။
သို့ရာတွင်....
ဆယ်ရက်နေ့အရောက်၌ သူ ထပ်မံ၍ အအိပ်လွန်သွားခဲ့သည်။
သူသည် အံ့တင်းတင်းကြိတ်ကာ ထထိုင်လိုက်၏။
သူ့ကိုယ်သူအပြစ်တင်နေကာ သူ၏စိတ်နှလုံးသားအတွင်းတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
အမှန်အားဖြင့် သူသည် ယခုအချိန်ထိ ရွေ့လျားလိုစိတ်မရှိချေ။
"ဒီလိုဆိုရင်ရော...ငါက ဆယ့်နှစ်ရက်နေ့ကျရင် ဒီနေရာက ထွက်သွားလိုက်မယ်"
ရီဖုန်းက သူ့ကိုယ်သူ ယုံကြည်မှုပေးရန် ကြိုးစားလိုက်သည်။
သို့ရာတွင် သူ၏အသံ ကျရောက်သွားသောအချိန်မှာပင် စနစ်၏ဒေါသတကြီးအော်ဟစ်သံ ထွက်ပေါ်လာသည်။
"တကယ်လို့ လက်ခံသူက ခုချိန်ထိ ထွက်မသွားသေးဘူးဆိုရင် တာဝန်အချိန်ကန့်သတ်ချက်က နှစ်ဝက်ထိလျော့ကျသွားလိမ့်မယ်"
"သောက်ချေးပဲ..."
ဤတိုက်တွန်းနှိုးဆော်မှုအောက်တွင် ရီဖုန်းထံ၌ ရွေးချယ်စရာမရှိတော့ချေ။ထိုကြောင့် သူ၏ပစ္စည်းများအားလုံးကို ပြင်ဆင်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။
သူ ဤနေရာမှထွက်ခွာမသွားမီ ကျွန်း၏ခေါင်းဆောင်များအားလုံး သူအား ပို့ဆောင်နှုတ်ဆက်ကြသည်။
သူသည် ဤနေရာရှိ အတည်တကျကူးပြောင်းရေးဝင်္ကပါကို အသုံးပြုခဲ့ခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ ဤကူးပြောင်းရေးဝင်္ကပါ၏ထွက်ပေါက်သည် နေလဂိုဏ်းနှင့်အလွန်ဝေးကွာသောနေရာ၌ ရှိနေသည်။
ယခင်က သူ နေလဂိုဏ်းအတွင်း၌ နေထိုင်ခဲ့စဥ်တွင် သူ၏တပည့်အဖြစ် လက်ခံနိုင်သော ကျင့်ကြံသူအမြောက်အများကို တွေ့ရှိခဲ့သည်။ ဤလူများကို သူ၏တပည့်အဖြစ်လက်ခံပါက စနစ်မှတုံ့ပြန်မှုမရရှိဟု မဆိုနိုင်ချေ။
ထိုကြောင့် သူသည် ကြုံရာကျပန်းနေရာတစ်ခုသို့သွားကာ ကံစမ်းကြည့်ရပေမည်။
ကောင်းကင်ဘုံဝင်္ကပါကုန်းမြေ....
ဤသည်မှာ အထက်ဆင့်သုံးဆင့်အတွင်းရှိ ပထမတန်းစား ကုန်းမြေတစ်ခုပင်။
ဤအချိန်အခိုက်အတန့်တွင် ကြီးမားသောချောက်နက်ကြီးတစ်ခု၏ပြင်ပ၌ ထောင်နှင့်ချီသောလူများ စုဝေးနေကြသည်။သူတို့၏မျက်လုံးအကြည့်များသည် ချောက်နက်ကြီးအတွင်းရှိ ဝင်္ကပါတစ်ခုထံတွင် ချွင်းချက်မရှိ ကျရောက်နေသည်။
ဤသည်မှာ ရှေးဟောင်းခေတ်၏အကြွင်းအကျန်ဝင်္ကပါတစ်ခုပင်။
ထိုအကြောင်းကို ပြောဆိုရလျှင်....
အင်မော်တယ်နယ်မြေ၏ ရှေးဟောင်းအချိန်ကာလများအတွင်း၌ မရေမတွက်နိုင်သောနယ်ခြားနတ်ဆိုးများ ကျူးကျော်လာခဲ့သည်။
ထိုထူးဆန်းသောနတ်ဆိုးများ၏ ကျူးကျော်ဝင်ရောက်လာမှုကို ဟန့်တားနိုင်ရန်အလို့ငှာ မရေမတွက်နိုင်သော အင်မော်တယ်များသည် တန်ပြန်တိုက်ခိုက်ပြီး နှစ်ထောင်မြင့်ချီကြာသည့် စစ်ပွဲတစ်ပွဲကို ဆင်နွှဲခဲ့ကြသည်။
ဤစစ်ပွဲ၏လွှမ်းမိုးမှုကြောင့် ယခုခေတ်အချိန်ကာလသို့ ရောက်ရှိလာခဲ့သည့်တိုင် ရှေးဟောင်းတိုက်ပွဲစစ်မြေပြင်များ ရှေးဟောင်းဝင်္ကပါများနှင့် ရှေးဟောင်းလျှို့ဝှက်နယ်မြေများ ကျန်ရှိနေဆဲပင်။
ယခုလတ်တလော၌ အမျိုးအမည်မသိရသောအကြောင်းအရင်းတချို့ကြောင့် တစ်ချိန်ကပျက်စီးသွားခဲ့သော ရှေးဟောင်းဝင်္ကပါများ အလိုအလျောက် အသက်ပြန်ဝင်လာခဲ့သည်။
သူတို့၏ရှေ့ရှိ ချောက်နက်ကြီးအတွင်းမှ ရှေးဟောင်းဝင်္ကပါသည်လည်း အလိုအလျောက်အသက်ဝင်လာခဲ့သော ဝင်္ကပါများအနက်မှတစ်ခုပင်။
ထို့ပြင် ဤဝင်္ကပါသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပေ၏။ထိုအရာ အသက်ဝင်လာပြီးနောက် အချိန်အနည်းငယ်အကြာတွင် ဝင်္ကပါကြီးမှနေ၍ အရပ်မျက်နှာအဘက်ဘက်တွင်ရှိသော ဒေါသအမျက်စွမ်းအားများကို စုပ်ယူခဲ့သည်။
ထိုဝင်္ကပါသည် သက်ရှိများ၏အသိစိတ်များကိုသက်ရောက်စေပြီး သူတို့အား အရိုင်းဆန်သူများအဖြစ်သို့ ပြောင်းလဲသွားစေသည်။
အချိန်တိုအတွင်းတွင် ဤဝင်္ကပါကြီး၏နံဘေးပတ်လည်ရှိ မိုင်ထောင်နှင့်ချီသော နယ်မြေအတွင်းမှ သက်ရှိများ သက်ရောက်ခြင်းခံရကာ သေဆုံးသွားကြရသည်။နတ်ဆိုးသားရဲအမြောက်အများသည်လည်း အရိုင်းဆန်လာကြသဖြင့် လူသားမျိုးနွယ်အတွက် ကြီးမားသောဘေးဒုက္ခများ ဖြစ်ပွားလာခဲ့သည်။
ဤဝင်္ကပါကြီးသည် ယခင်က နတ်ဆိုးများကျူးကျော်ဝင်ရောက်လာစဉ်၌ အမာခံနယ်မြေအဖြစ်အသုံးပြုခဲ့ရာမှ ကြွင်းကျန်ရစ်ခဲ့သောအရာ ဖြစ်နိုင်သည်။
အကယ်၍ ဤဝင်္ကပါကြီးသာ ပျက်စီးသွားခြင်းမရှိပါက....
ကောင်းကင်ဘုံဝင်္ကပါကုန်းမြေတစ်ခုလုံးအား သက်ရောက်သွားမည်ကို သူတို့အားလုံး စိုးရိမ်မိသည်။
ဤကိစ္စသည် ကြီးမားသောအန္တရာယ်ဖြစ်သဖြင့် ကောင်းကင်ဘုံဝင်္ကပါကုန်းမြေမှ ထောင်နှင့်ချီသော ဝင်္ကပါပညာရှင်များစုဝေးကာ ဝင်္ကပါကြီးကိုချိုးဖျက်နိုင်ရန် ကြိုးစားနေကြသည်။
သို့ရာတွင် ဤဝင်္ကပါကြီးကို ချိုးဖဲ့ရန်အတွက် ခက်ခဲမှုသည် လူတိုင်း မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။
အကယ်၍ သူတို့သည် ဝင်္ကပါကြီးကို ချိုးဖျက်လိုပါက တစ်ခုတည်းသောနည်းလမ်းမှာ ဝင်္ကပါအတွင်းသို့ဝင်ရောက်၍ ဗဟိုချက်ကိုရှာဖွေရန်ပင်။
သို့ရာတွင်....
တစ်စုံတစ်ယောက်သည် ဝင်္ကပါကြီး၏အနီးသို့ချဉ်းကပ်သွားသည်နှင့် သူတို့၏အသိစိတ် လွတ်ကင်းသွားနိုင်ချေမြင့်မားကာ အရိုင်းဆန်လာပေမည်။
အကယ်၍ ဝင်္ကပါပညာရှင်များသည် ဤနေရာ၌ မတ်တတ်ရပ်နေလျှင်ပင် သူတို့၏အတွင်းစိတ်များအား ဝင်္ကပါကြီးမှသက်ရောက်လာမှုမရှိစေရန် သူတို့၏ကျင့်ကြံဆင့်စွမ်းအား အမြောက်အများအသုံးပြု၍ ထိန်းညှိထားရန်လိုအပ်သည်။သူတို့သည် ဝင်္ကပါအတွင်းသို့ ဝင်ရောက်ရမည့်ကိစ္စကို ဆိုဖွယ်ရာပင်မရှိတော့ချေ။
သို့ရာတွင်....
ဤဝင်္ကပါကြီးကို ချိုးဖျက်ရန် ကြိုးစားသောလူများ ပြတ်လပ်ခြင်းမရှိချေ။
ပထမဆုံးအနေဖြင့် လွန်ခဲ့သောခုနစ်ရက်ခန့်က လူဆယ်ယောက်ပါဝင်သော အဖွဲ့တဖွဲ့ ဝင်္ကပါကြီးအတွင်းသို့ ဝင်သွားခဲ့သည်။ငါးရက်ကြာပြီးနောက် သူတို့အားလုံး ပြန်ထွက်လာချိန်၌ သူတို့၏အသိစိတ်များ လွတ်ကင်းသွားကာ လမ်းလျှောက်နေသော အလောင်းကောင်များ ဖြစ်နေလေပြီ။
ဒုတိယတစ်သုတ်အနေဖြင့် ယမန်နေ့က လူအယောက်နှစ်ဆယ်ပါဝင်သောအဖွဲ့တဖွဲ့ ဝင်္ကပါကြီးအတွင်းသို့ ဝင်သွားခဲ့သည်။သို့ရာတွင် ယခုအချိန်ထိ မည်သည့်သတင်းကိုမျှ ပြန်လည်ရရှိခြင်းမရှိချေ။
လူတိုင်းသည် အာရုံစူးစိုက်၍ စောင့်ကြည့်နေကြကာ သူတို့၏မျက်လုံးများအတွင်း၌ တည်ကြည်လေးနက်မှုများဖြင့် ပြည့်နှက်နေသည်။သူတို့ထံတွင် အချင်းချင်းစကားပြောဆိုလိုစိတ်ပင် မရှိချေ။
ယခုအချိန်ထိ မည်သည့်သတင်းမျှ ပြန်လည်မရရှိသည်ကို သူတို့အားလုံး သိရှိထားကြသည်။
ဒုတိယအသုတ်ဝင်သွားသည့် လူများသည်လည်း ကံဆိုးနေမည်ကို သူတို့အားလုံး စိုးရိမ်နေကြ၏။
ထိုအချိန်မှာပင် ဝင်္ကပါကြီးအတွင်းရှိ လေဟာနယ် ရုတ်တရက် လှုပ်ခတ်သွားသည်။
လူငယ်တစ်ယောက်သည် ပျင်းတိပျင်းရွဲအမူအယာဖြင့် ဝင်္ကပါကြီးအတွင်းသို့ တိုက်ရိုက်ကူးပြောင်းလာပေ၏။
"ဒါက နည်းနည်းတော့ အဆင်မပြေဘူး...ဘယ်လိုဖြစ်ပြီးတော့ ငါ့ကို တောနက်ကြီးတစ်ခုတည်း ပို့ပေးလိုက်တာလဲ...ဟူး...."
"ငါ ခုထိ ကောင်းကောင်းမအိပ်ရသေးဘူး...ငါ့မှာ လမ်းလျှောက်နိုင်ဖို့တောင် ခွန်အားမရှိတော့ဘူး...ငါ ခဏလောက်တော့ အိပ်မှရမယ်"
ဤသည်မှာ စနစ်၏ဖိအားပေးမှုကြောင့် ထွက်လာခဲ့ရသော ရီဖုန်းပင်။သူသည် အိပ်ချင်မူးတူးဖြစ်နေကာ အလွန်ပင်ပန်းနေလေပြီ။ထိုကြောင့် သူသည် သစ်ပင်ကြီးတစ်ပင်ကိုရှာဖွေကာ ပင်စည်ကိုမှီ၍ လဲလျောင်းပြီး အိပ်စက်လိုက်တော့သည်။
Chapter 682
နေ့တစ်ဝက် ကုန်ဆုံးသွားလေပြီ။
ချောက်နက်ကြီး၏ပြင်ပ၌ ထောင်နှင့်ချီသော ဝင်္ကပါပညာရှင်များ စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေကြဆဲပင်။
ယခုအချိန်ထိ ဝင်္ကပါကြီးအတွင်း၌ မည်သည့်လှုပ်ရှားမှုမျိုးမျှ ရှိမနေချေ။ဒုတိယအသုတ်ဝင်သွားသော ဝင်္ကပါပညာရှင်များ၏အဆုံးသတ်ကို အခြေခံအားဖြင့် မှန်းဆကြည့်၍ရနိုင်ပေ၏။
"ကြည့်လိုက်အုံး...အဲ့ဒီနေရာမှာ လှုပ်ရှားမှုတချို့ ရှိနေတယ်"
ထိုအချိန်မှာပင် လူအုပ်အကြားတွေရှိနေသော တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
ထိုအသံကိုကြားချိန်တွင် လူတိုင်းသည် ထိုနေရာသို့ အာရုံစူးစိုက်၍ ကြည့်လိုက်ကြသည်။
အနက်ရောင်အခိုးအငွေ့များ လွှမ်းခြုံနေသော လူသုံးယောက်သည် တိုက်ခိုက်ရင်းပြေးထွက်လာသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။
"သေစမ်း"
လူတစ်ယောက်၏မျက်နှာ နီမြန်းနေကာ တခြားလူတစ်ယောက်၏ခန္ဓာကိုယ်ကို ထက်ခြမ်းဆုတ်ဖြဲလိုက်သည်။
သို့ရာတွင် သူ၏နောက်၌ ချောင်းမြောင်းနေသော တစ်စုံတစ်ယောက် ရှိနေပေ၏။
ထိုလူ၏နှလုံးသားသည် နောက်မှထွက်ပေါ်လာသော တတိယလူ၏ အတင်းအကြပ်ဆွဲထုတ်ခြင်းကို ခံလိုက်ရသည်။
"ဟီး...ဟီး...."
နောက်ဆုံးကြွင်းကျန်သောလူသည် သူ၏လက်အတွင်းရှိ ခုန်နေဆဲဖြစ်သောနှလုံးသားကို ဖျစ်ညှစ်ကာ သူ၏သွေးနီရောင်မျက်လုံးများ တောက်ပလာသည်။ထို့နောက် သူ၏မနှစ်မြို့ဖွယ် ပါးစပ်ထောင့်တွင် သရော်တော်တော်အပြုံးတစ်ခု ထင်ဟပ်လာပြီး အရူးတစ်ယောက်အလား နံဘေးပတ်ဝန်းကျင်ရှိလူများကို စတင်၍တိုက်ခိုက်တော့သည်။
"ဟူး...."
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လူတိုင်းသည် သက်ပြင်းရှိုက်လိုက်ကြ၏။ထို့နောက် သူတို့သည် အဆင်သင့်ပြင်ဆင်ထားသောလက်နက်ဖြင့် ထိုလူ၏ခေါင်းကိုဖြတ်ကာ သတ်ဖြတ်လိုက်တော့သည်။
ထိုဦးခေါင်းပြတ်ကြီး မြေပြင်ပေါ်သို့ ကျရောက်သွားချိန်တွင်....
အနက်ရောင်အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားသည်။
ပတ်ဝန်းကျင်နေရာတဝိုက်ရှိ အခြေအနေ အလွန်အမင်း တည်ကြည်လေးနက်ကာ လေးလံထိုင်းမှိုင်းနေသည်။
အချိန်အတော်ကြာသည်အထိ မည်သူတစ်ဦးတစ်ယောက်ထံမှ အသံတစ်သံ ထွက်ပေါ်မလာချေ။
အမှန်တကယ်ကိုပင် ဒုတိယအသုတ်မှ လူများအားလုံးသည်လည်း သေဆုံးသွားခဲ့လေပြီ။
အကြောင်းအရင်းမှာ နောက်ဆုံးသေဆုံးသွားသောလူသည် ဒုတိယအသုတ်ရှိ ဝင်္ကပါပညာရှင်များအနက် အစွမ်းထက်ဆုံးလူဖြစ်သောကြောင့်ပင်။ထိုကဲ့သို့လူစားမျိုးလျှင် သူ၏အသိစိတ်ဆုံးရှုံးသွားခဲ့လေရာ တခြားသူများကို တွေးတောကြည့်ရန် မလိုတော့ချေ။
"တတိယအသုတ်သွားမယ့်လူတွေ...မင်းတို့ကိုယ်တိုင် စာရင်းပေးသွင်းကြပါ"
လူအိုကြီးတယောက်သည် သက်ပြင်းတစ်ချက်ရှိုက်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သို့ရာတွင် သူ၏အသံကြားရောက်သွားသည်မှာ အချိန်အတော်ကြာသည့်တိုင် မည်သည့်တုံ့ပြန်မှုမှ ရှိမလာချေ။
ဤသည်မှာ သူတို့သည် ဝင်္ကပါကြီးကို မချိုးဖျက်လိုခြင်းကြောင့် မဟုတ်ပေ။သို့ရာတွင် ရှေ့နှစ်သုတ်မှာလူများ၏ရလဒ်များ ထပ်တူထပ်မျှတူညီနေကာ သူတို့အားလုံး သေဆုံးသွားခဲ့ရသည်။
သူတို့သည် အသိစိတ်များလွတ်ကင်းကာ လမ်းလျှောက်နေသော အလောင်းကောင်များဖြစ်သွားပြီး ကိုယ့်လူကိုယ်ပြန်သတ်သူများအဖြစ်သို့ ပြောင်းလဲမသွားလိုချေ။
အချိန်အတော်ကြာသည့်တိုင် မည်သူမျှ တုံ့ပြန်အဖြေပေးခြင်း မရှိသည်ကိုကြည့်ပြီး လူအိုကြီးက လေးလံစွာသက်ပြင်းရှိုက်လိုက်၏။
အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် သူက ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။
"ဒီလိုဆိုမှတော့...ငါတို့တွေ ဒီနယ်မြေကို ယာယီစွန့်လွှတ်ထားကြတာပေါ့"
ထိုစကားကိုကြားချိန်တွင်....
လက်ရှိနေရာတွေရှိနေသူများအားလုံး သူတို့၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပိလိုက်ကြ၏။
သူတို့၏မျက်နှာများပေါ်တွင် မလိုလားမှုများဖြင့် ပြည့်နှက်နေသည်။
အကယ်၍ သူတို့သည် ဤဝင်္ကပါကြီးကို ဖြေရှင်းနိုင်ခြင်းမရှိဘဲ ဒေါသအမျက်စွမ်းအားများကို ပို၍စုပ်ယူခွင့်ပြုလိုက်ပါက ထိုအရာ၏လွှမ်းမိုးမှုနယ်ပယ် ပို၍ကြီးမားကျယ်ပြန့်လာပေမည်။
သူတို့သည် ဤဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သဖြင့် အကျိုးဆက်အနေဖြင့် ဤဝင်္ကပါကြီး၏နံဘေးပတ်လည်ရှိ သူတို့၏နယ်မြေသုံးပုံတစ်ပုံခန့်ကို လက်လွှတ်ရပေမည်။ဤသည်မှာ လူအမြောက်အများကို အိမ်ခြေရာမဲ့ဖြစ်သွားစေပြီး ဤနယ်မြေအတွင်းတွင်ရှိသော ဂိုဏ်းများမှမိသားစုဝင်များအားလုံး ရွှေ့ပြောင်းရပေမည်။
ဤကဲ့သို့နေရာရွှေ့ပြောင်းမှုသည် ကုန်းမြေတစ်ခုလုံးတွင်ရှိသော အင်အားစုများမှ ဂိုဏ်းခွဲများ၏အခြေအနေကို သက်ရောက်စေမည်မှာ မလွဲမသွေပင်။
ဤကွင်းဆက်သက်ရောက်လာမှု၏ လွှမ်းမိုးမှုကြောင့် နောင်အနာဂတ်တွင် ကောင်းကင်ဘုံဝင်္ကပါကုန်းမြေတစ်ခုလုံး ဖရိုဖရဲဖြစ်လာပေမည်။
သို့ရာတွင် သူတို့သည် မည်သည့်အရာအား လုပ်ဆောင်နိုင်မည်နည်း....
ဤဝင်္ကပါကြီးအတွင်းသို့ဝင်ရောက်ခဲ့သော ဝင်္ကပါပညာရှင်များအကြားတွင် နာမည်ကျော်ကြားသူ အမြောက်အများပါဝင်သည်။
သို့ရာတွင် သူတို့ဝင်သွားခဲ့သည့်တိုင် မည်သည့်အပြောင်းအလဲမျှ ဖြစ်ပွားလာခဲ့ခြင်းမရှိချေ။
"သွားကြစို့...."
"ငါတို့ ဒီနေရာမှာရှိနေတာ အချိန်အတော်ကြာနေပြီ....တကယ်လို့ ငါတို့က ဝင်္ကပါကြီးထဲကို ဝင်မသွားရင်တောင်...ငါတို့ရဲ့စိတ်တွေအပေါ် သက်ရောက်မှုရှိလာမှာကို စိုးရိမ်မိတယ်"
လူအိုကြီးသည်နောင်တအပြည့်ဖြင့် ထိုဝင်္ကပါကြီးကိုကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ဆုံးဖြတ်ချက်ချလိုက်သည်။
ယခုလက်ရှိနေရာတွင်ရှိနေသော လူများအားလုံး တိတ်တဆိတ်ခေါင်းညိတ်လိုက်ကြကာ ဝန်လေးစွာဖြင့် ထွက်ခွာသွားရန် ဟန်ပြင်လိုက်ကြတော့သည်။
သို့ရာတွင်....
သူတို့အားလုံး စတင်ထွက်ခွာနေသောအချိန်မှာပင် တောင်ကြားအတွင်းမှနေ၍ တခြားလှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာသည်။
"ဘာဖြစ်တာလဲ"
တစ်စုံတစ်ယောက်က ဇဝေဇဝါဖြင့်မေးမြန်းကာ သူ၏ခေါင်းကို နောက်သို့လှည့်၍ ချောက်နက်ကြီးကိုကြည့်လိုက်သည်။
အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်သည် အိပ်ချင်မူးတူးမျက်လုံးတစ်စုံဖြင့် တောင်ကြားအတွင်း၌ ပျင်းတိပျင်းရွဲလမ်းလျှောက်နေသည်ကို သူတို့အားလုံး မြင်တွေ့မိလေ၏။
"ဒါ....."
"ဒါက....."
"သူ့အပေါ်မှာ နတ်ဆိုးစွမ်းအားတွေ သက်ရောက်ပုံမရဘူး...သူ့ရဲ့အသိစိတ် ကင်းလွတ်မနေဘူး"
ထိုအဖြူရောင်ဝတ်စုံဝတ်လူငယ်ကိုကြည့်ပြီး တစ်စုံတစ်ယောက်က အံ့အားတသင့်အော်ဟစ်လိုက်သည်။
ဤအံ့အားတစ်သင်းအော်ဟစ်သံကြောင့် လေထုအသင်း၌ပျံသန်းကာ ဤနေရာမှ ထွက်ခွာရန်ဟန်ပြင်နေသော ဝင်္ကပါပညာရှင်များအားလုံး နေရာမှာပင်ရပ်တန့်ကာ နောက်သို့ပြန်လှည့်ကြည့်လိုက်ကြသည်။
အမှန်တကယ်ကိုပင်...
ဝင်္ကပါအတွင်း၌ လူငယ်တစ်ယောက် ထွက်ပေါ်လာကာ သူ့အပေါ်သို့ မည်သည့်နတ်ဆိုးစွမ်းအားမျှ သက်ရောက်မှုမရှိပုံပင်။
"မင်းတို့ သူ့ကို သိကြလား"
တစ်စုံတစ်ယောက်က မေးမြန်းသည်။
"ငါ မသိဘူး....သူ့ကိုကြည့်ရတာ ဒုတိယအသုတ်က ဝင်သွားတဲ့လူလည်း ဟုတ်ပုံမရဘူး"
တခြားလူတစ်ယောက်က ပြောဆိုသည်။
"ဒါဆိုရင် သူက ဘယ်လိုလုပ်ပြီး အဲ့ဒီနေရာကို ရောက်နေတာလဲ"
သူတို့အားလုံး ဇဝေဇဝါဖြစ်ကာ အံ့အားသင့်တုန်လှုပ်နေကြသည်။
လူငယ်တစ်ယောက်၏ရုတ်တရက်ထွက်ပေါ်လာမှုသည် သူတို့အားလုံးကို ကြက်သေသေသွားစေပေ၏။
"အား....."
ထိုအချိန်မှာပင် လူအုပ်အကြားမှလူတစ်ယောက်က စူးရှကျယ်လောင်စွာအော်ဟစ်ကာ လူအများ၏တိတ်ဆိတ်ငြိမ်သက်နေမှုကို ချိုးဖျက်လိုက်သည်။
"မင်းက ဘာလို့ထအော်တာလဲ"
သူ၏နံဘေးတွေရှိနေသော လူတစ်ယောက်က မကျေမနပ်ဖြင့်မေးမြန်းသည်။
"ဝင်္ကပါကြီး ပျက်စီးသွားပြီ...ဝင်္ကပါကြီးကို ကြည့်လိုက်ကြအုံး"
ထိုလူက ချောက်နက်ကြီးကို လက်ညှိုးညွှန်ပြကာရကျယ်လောင်စွာအော်ဟစ်လိုက်၏။
ထိုစကားကိုကြားချိန်တွင်...
လူတိုင်းသည် ဝင်္ကပါကြီးကိုကြည့်လိုက်ကြပြီးနောက် သူတို့၏မျက်လုံးများအတွင်း၌ ထိတ်လန့်တုန်လှုပ်သွားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
သူတို့၏နှလုံးသားများ ပြင်ပသို့ ခုန်ထွက်တော့လုမတတ်ပင်။
အကြောင်းအရင်းမှာ ဤအချိန်အခိုက်အတန့်တွင် ထိုလူငယ်သည် ဝင်္ကပါကြီး၏အတွင်းမှ ထွက်လာသောကြောင့်ပင်။
ထိုဝင်္ကပါကြီးအတွင်းမှ သူ ထွက်လာသော အချိန်အခိုက်အတန့်တွင် တောင်ကြားအတွင်း၌ဖွဲ့စည်းထားသော ဝင်္ကပါဖွဲ့စည်းပုံများအားလုံး ရေပွက်များအလား ပျက်ပြယ်သွားခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် မိုးကောင်းကင်ယံပင် ကြည်လင်သွားပုံရသည်။
"ဝှား ..."
"အရမ်းပင်ပန်းတာပဲ"
ရီဖုန်းသည် သူ၏လက်ကိုမြှောက်ကာ သူ၏ပါးစပ်ကိုအုပ်ပြီး ကူကယ်ရာမဲ့စွာဖြင့် သန်းဝါးလိုက်သည်။
သို့ရာတွင် သူ သန်းဝါးနေသည်မှာ တဝက်တစ်ပျက်သို့အရောက်၌ ထောင်နှင့်ချီသောမျက်လုံးအစုံများက သူ့အား စူးစိုက်ကြည့်နေသည်ကို ရှာဖွေတွေ့ရှိမိလေ၏။
Chapter 683
ရီဖုန်း၏သန်းဝါးနေသော ကိုယ်နေဟန်ထား ရုတ်ချည်းရပ်တန်းသွားသည်။
သူသည် မသိလိုက်မသိဘာသာဖြင့် အနောက်သို့စောင်းငဲ့ကြည့်လိုက်ရာ သူ၏နောက်၌ တစ်စုံတစ်ခုမျှ ရှိမနေချေ။
သူသည် ရှက်ကိုးရှက်ကန်းဖြင့် သူ၏မျက်နှာအမူအယာကို ပြန်ပြင်လိုက်၏။
"အင်း...ငါက ဒီနေရာကနေ ဖြတ်သွားရုံပါ....."
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် စနစ်မှ သူ့အားပေးထားသော ဓားပျံကို သိုလှောင်လက်စွပ်အတွင်းမှထုတ်ယူကာ လူအုပ်ကြီးနှင့်ဝေးရာသို့ ပျံသန်းခဲ့တော့သည်။
ဤနေရာရှိလူများအားလုံး အသိပြန်မဝင်သေးမီမှာပင် ရီဖုန်း ပျောက်ကွယ်သွားလေပြီ။
"ဟူး...."
"အဲ့ဒီလူတွေက ငါ့ကို ဘာလို့ စူးစိုက်ကြည့်နေတာလဲဆိုတာ ငါ မသိဘူး...."
"ဒါက ထူးဆန်းတယ်"
ထိုလူများနှင့်ဝေးရာသို့ ရောက်ရှိလာမှသာ ရီဖုန်းက စိတ်သက်သာရာရပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သူသည် မည်သည့်ပြဿနာကိုမျှ ဖြစ်ပွားလိုခြင်းမရှိသဖြင့် သူ မှားမှားမှန်မှန် အဝေးသို့ရှောင်ထွက်ခဲ့သည်က ပို၍ကောင်းမွန်ပေမည်။
အချိန်တခဏကြာပြီးနောက် ကြက်သေသေနေသောလူများ အသိပြန်ဝင်လာကြ၏။
ရုတ်တရက် ထိတ်ထိတ်ပျာပျာအော်ဟစ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"ဆရာကြီး....ဒါက ဆရာကြီးတစ်ယောက်ပဲ"
"ဟုတ်တယ်....သူက ဖြတ်သွားဖြတ်လာတစ်ယောက်ပဲလို့ ပြောသွားခဲ့တယ်...ဒါပေမဲ့ ဒီနေရာကနေ သူ ဖြတ်သွားတဲ့အချိန်မှာ ငါတို့တွေ ဒီဝင်္ကပါကြီးကြောင့် ကူကယ်ရာမဲ့ဖြစ်နေတာကို မြင်ပြီးတော့ သူက ကယ်တင်ပေးခဲ့တာပဲဖြစ်မယ်"
"ငါတို့ ကောင်းကင်ဘုံဝင်္ကပါကုန်းမြေကို ကယ်တင်ခဲ့တဲ့ ဆရာကြီးကို ငါတို့က ကျေးဇူးတင်စကား ပြောရလိမ့်မယ်"
"အမှန်ပဲ....တကယ်လို့ ငါတို့တွေက သူ့ရဲ့တပည့်အဖြစ်ခံယူနိုင်ရင် ပိုပြီးကောင်းလိမ့်မယ်...ဒီလိုဝင်္ကပါကြီးတစ်ခုထဲကို အဝင်အထွက်လုပ်ခဲ့တာတောင် သူက ဘာသက်ရောက်မှုမှ မရှိစေဘဲနဲ့ အလွယ်တကူ ချိုးဖျက်နိုင်ခဲ့တယ်....ဒါက ဆဋ္ဌမအဆင့် ဒါမှမဟုတ် သတ္တမအဆင့်မှာရှိနေတဲ့ ဝင်္ကပါပညာရှင်တစ်ယောက်ပဲ"
စိတ်အားထက်သန်စွာ ပြောဆိုနေသံများ ထွက်ပေါ်လာပြီးနောက် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံးသည် မှော်လက်နက်များကိုဆင့်ခေါ်၍ စီးနင်းပြီး အနယ်နယ်အရပ်ရပ်သို့ပျံသန်းကာ ရီဖုန်းကို လိုက်လံရှာဖွေကြတော့သည်။
ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် တောင်ကြားမှ ထွက်လာခဲ့ပြီးနောက် မြို့ငယ်လေးတစ်မြို့ထံသို့ ရောက်ရှိလာခဲ့သည်။
"ငါက ခြံဝန်းငယ်လေးတစ်ခုကို အရင်ဆုံး ငှားရမ်းပြီးတော့ ဒီနေရာမှာ အခြေချနေထိုင်ရမယ်"
ရီဖုန်းသည် သင့်တော်သော ခြံဝန်းငယ်လေးတစ်ခုကို တွေ့ချိန်၌ ရွှေပြားအမြောက်အများကို ထုတ်ယူလိုက်၏။
သူ့ထံ၌ ငွေကြေးရှားပါးခြင်းမရှိသဖြင့် သူ၏စိတ်အခြေအနေ ကောင်းမွန်နေသည်။
မည်သို့ပင်ဆိုစေကာမူ သူ နောက်ဆုံးတစ်ကြိမ် မိုးမြေဂိုဏ်းသို့ ပြန်သွားခဲ့စဥ်၌ ကျွန်းပေါ်၌စုဆောင်းထားသမျှ ရွှေပြားများအားလုံးကို ယူဆောင်ခဲ့သည်။ငွေကြေးအရပြောဆိုရလျှင် သူ့အား လူချမ်းသာတစ်ယောက်ဟု ယူဆနိုင်သည်။
"အိမ်ရှင်...ဒီခြံဝန်းငယ်လေးကို တစ်လငှားမယ်ဆိုရင် အဖိုးအခ ဘယ်လောက်လဲ"
ရီဖုန်းက အပြုံးနှင့် မေးမြန်းသည်။
"တစ်ရာ..."
အိမ်ရှင်က တုံ့ပြန်သည်။
"တစ်ရာပဲလား...ဒီစျေးက မဆိုးဘူး"
ရီဖုန်းသည် ငွေအိတ်တစ်အိတ်ကိုထုတ်ယူကာ အိမ်ရှင်၏လက်အတွင်းသို့ ထည့်ပေးလိုက်သည်။
အိမ်ရှင်သည် ငွေအိတ်ကိုယူ၍ ဖွင့်ကြည့်ပြီးနောက် မျက်မှောင်အနည်းငယ်ကြုတ်လေသည်။ထို့နောက် သူ၏မျက်နှာပေါ်မှ စိတ်အားထက်သန်မှုများ ပျောက်ကွယ်သွားတော့သည်။
"အင်မော်တယ်သလင်းကျောက်...ငါလိုချင်တာက အင်မော်တယ်သလင်းကျောက်တွေပဲ...မင်းက ဘာသဘောနဲ့ ငါ့ကို ရွှေပြားတွေလာပေးတာလဲ"
ရီဖုန်းသည် ဆွံ့အသွားလေ၏။သူက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။
"အင်မော်တယ်နယ်မြေရဲ့ ငွေကြေးစနစ်က ပြောင်းသွားပြီ မဟုတ်လား...အခုက ရွှေပြားတွေကို အသုံးပြုရတာ မဟုတ်လား"
"မင်း အိမ်မက်ကမ္ဘာထဲမှာ နေနေတာလား....အင်မော်တယ်နယ်မြေရဲ့ ငွေကြေးစနစ်က အင်မော်တယ်သလင်းကျောက်အဖြစ်ကို ပြန်ပြောင်းသွားတာ ဘယ်လောက်တောင် ကြာနေပြီလဲ....မင်း မသိဘူးလား"
အိမ်ရှင်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"ဘာ...."
"ဒါက ထပ်ပြီးပြောင်းသွားပြန်ပြီလား...."
ဤစကားများသည် ရီဖုန်း၏စိတ်အတွင်း၌ မိုးခြိမ်းသံအလား ပဲ့တင်ထပ်သွားကာ သူသည် မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သား လဲကျသွားလုနီးပါးပင်။
"သောက်ချေးပဲ....ဒီငွေကြေးစနစ်ကို ခဏခဏပြောင်းနေတာ ဘယ်ကောင်လဲ...အဲ့ဒီကောင်ကို ဓားနဲ့ အချက်တစ်ထောင်လောက်ထိုးပြီးတော့ သတ်ပစ်သင့်တယ်"
ရီဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်ကြုံးဝါးလိုက်၏။ဤသည်မှာ အမှန်တကယ်ကို စိတ်မသက်မသာဖြစ်စေသဖြင့် သူ၏စိတ်အတွင်းတွင် သူ့ကိုယ်သူ ဓားဖြင့်ထိုးစိုက်၍ သတ်သေလိုသော အတွေးများပင် ပေါက်ဖွားလာသည်။
သူ အင်မော်တယ်နယ်မြေသို့ ပထမဆုံးရောက်ရှိလာချိန်၌ အင်မော်တယ်လောက၏ငွေကြေးစနစ်သည် ရွှေပြားများဟု တွေးထင်ခဲ့သည်။ထို့ကြောင့် သူ အထက်ဘုံသို့တက်လှမ်းရာ၌ သူနှင့်အတူ ရွှေပြားအမြောက်အများကို ယူဆောင်လာခဲ့သည်။သူသည် လူချမ်းသာတစ်ယောက်ဖြစ်နိုင်သည်ဟု တွေးထင်ခဲ့သော်လည်း အင်မော်တယ်နယ်မြေ၏ငွေကြေးစနစ်သည် အင်မော်တယ်သလင်းကျောက် ဖြစ်နေပေ၏။
သို့ရာတွင်....
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ကွဲပြားခြားနားသော ဘုံတစ်ခုဖြစ်သဖြင့် ငွေကြေးစနစ် ကွဲပြားခြားနားသည်ကို သူ နားလည်ပေးနိုင်သည်။
ထို့ကြောင့် သူသည် အသုံးမဝင်သော ရွှေပြားများကို လွှင့်ပစ်ကာ အင်မော်တယ်သလင်းကျောက်များကို ချွေတာစုဆောင်းခဲ့သည်။သို့ရာတွင် သူ နောက်ဆုံးတစ်ကြိမ် အင်မော်တယ်နယ်မြေသို့ ရောက်ရှိလာစဥ်၌ ငွေကြေးစနစ်သည် ရွှေပြားများအဖြစ်သို့ပြောင်းလဲသွားကြောင်း သိရှိခဲ့ရသည်။
ထိုအချိန်တုန်းက ရီဖုန်းသည် အလွန်အမင်း စိတ်ရှုပ်ထွေးခဲ့ရပြီးလေပြီ။
သို့ရာတွင် သူ ကံဆိုးသဖြင့် အင်မော်တယ်နယ်မြေ၏ ကြီးမားသောပြုပြင်ပြောင်းလဲခြင်းကာလနှင့် ကြုံတွေ့ခဲ့ရသည်ဟု သူ့ကိုယ်သူ နှစ်သိမ့်ခဲ့လေ၏။
ထို့ကြောင့် သူသည် အသုံးမဝင်သော အင်မော်တယ်သလင်းကျောက်များကို လွှင့်ပစ်ကာ မိုးမြေဂိုဏ်းမှရွှေပြားများအားလုံးကို ယူဆောင်လာခဲ့သည်။
သို့ရာတွင် ဤကဲ့သို့ ကြီးမားကျယ်ပြန့်သော နယ်မြေကြီးတစ်ခု၏ ငွေကြေးစနစ်သည် ပြောင်းလဲပြီးနောက် မကြာမီမှာပင် တဖန်ထပ်၍ ပြောင်းလဲသွားမည်ဟု မည်သူက တွေးထင်မိမည်နည်း။
"သောက်ချေးပဲ...ဒီလိုနယ်မြေကြီးတစ်ခုမှာ ငွေကြေးစနစ်ကို အမျိုးမျိုးပြောင်းလဲနေတယ်....ဒါက လူတွေကို သတ်နေတာပဲ"
"အဲ့ဒီအမိန့်ကို ဘယ်ခွေးကောင် ထုတ်ပြန်တာလဲဆိုတာ ငါ မသိစေနဲ့...မဟုတ်လို့ကတော့ ဘယ်ကောင်လဲဆိုတာ ငါ သိတာနဲ့....အဲ့ဒီကောင်ကို သတ်ပစ်မယ်"
ရီဖုန်းက သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ ပြင်းပြင်းထန်ထန် ကျိန်ဆဲလိုက်၏။
ကံကောင်းထောက်မစွာဖြင့်....
ရီဖုန်းသည် နောက်ဆုံး၌ သူ၏သိုလှောင်လက်စွပ်အတွင်းရှိ ထောင့်တစ်နေရာမှနေ၍ အင်မော်တယ်သလင်းကျောက် အနည်းငယ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ထို့ကြောင့် သူသည် ခြံဝန်းကို လဝက်ငှားရမ်းရန်အတွက် လုံလောက်သွားသည်။
အိမ်ရှင်သည် အိမ်ငှားခကိုယူဆောင်ပြီးနောက် အားပေးနှစ်သိမ့်သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"တကယ်လို့ မင်းမှာ အင်မော်တယ်သလင်းကျောက်တွေ မရှိဘူးဆိုရင်...မင်းရဲ့ခွန်အားနဲ့ တောထဲကိုသွားပြီး နတ်ဆိုးသားရဲတချို့ကို အမဲလိုက်လို့ရတယ်"
"အဲ့ဒီနတ်ဆိုးသားရဲတွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ မင်း ငွေကြေးတချို့ လဲလှယ်နိုင်တယ်"
"ကျေးဇူးတင်ပါတယ်..."
ရီဖုန်းက ကျေးဇူးတင်စကားပြောဆိုကာ ခြံဝန်းငယ်လေးအတွင်းသို့ ဝင်ခဲ့တော့သည်။
အထက်ဆင့်သုံးဆင့်အတွင်းရှိ တစ်နေရာ၌....
အနက်ရောင်ဝတ်ရုံဝတ် လူပုလေးတစ်ယောက်သည် မိန်းကလေးတစ်ယောက်၏လက်ကိုကိုင်ကာ အဝေးတစ်နေရာရှိ ပန်းပင်လယ်ကြီးကို ကြည့်နေသည်။
လေညှင်းတိုက်ခတ်လာကာ....
ကြည်နူးဆွတ်ပျံ့ဖွယ်ရာ ချစ်ရနံ့များဖြင့် ပြည့်နှက်နေသည်။
"ပမ်ဝေ....ငါရဲ့မိသားစုတွေနဲ့တွေ့ဖို့ ငါ နင့်ကိုခေါ်သွားချင်တယ်...နင် ဆန္ဒရှိရဲ့လား..."
ထိုအချိန်မှာပင် မိန်းကလေးက သူမ၏ခေါင်းကိုတိမ်းစောင်းကာ သူမ၏နံဘေးရှိ အနက်ရောင်ဝတ်ရုံဝတ် လူပုလေးကိုကြည့်ပြီး ပြောဆိုသည်။
"ငါ လိုက်မှာပေါ့...."
"ဘာလို့ ငါက မလိုလားရမှာလဲ..."
အနက်ရောင်ဝတ်ရုံဝတ်လူထံမှ နူးညံညင်သာသောအသံ ထွက်ပေါ်လာသည်။
မိန်းကလေးသည် ထိုစကားကိုကြားချိန်တွင် သူမ၏မျက်လုံးအတွင်း၌ နူးညံသိမ်မွေ့မှုများ ပြည့်နှက်သွားကာ သူမက အနက်ရောင်ဝတ်ရုံဝတ်လူ၏ရင်ဘတ်ပေါ်၌ လဲလျောင်းလိုက်၏။
"ဒါဆိုရင် ခဏနေကျ နင်နဲ့ငါ အတူသွားကြရအောင်...ဟုတ်ပြီလား...."
မိန်းကလေးက တိုးညှင်းစွာ ပြောဆိုသည်။
အနက်ရောင်ဝတ်ရုံဝတ်လူသည် တုံ့ပြန်တော့မည့်အချိန်မှာပင် သူ၏ခန္ဓာကိုယ် ရုတ်တရက် ဆတ်ခနဲတုန်သွားကာ မတ်တတ်ထရပ်လိုက်သည်။
ထို့နောက် သူသည် မိန်းကလေးကိုထားခဲ့ပြီး အဝေးသို့ ပြေးထွက်သွားတော့သည်။
သူသည် ပြေးလွှားရင်း နောက်သို့လှည့်ကြည့်ကာ အော်ဟစ်လိုက်၏။
"အချစ်....မင်းရဲ့အိမ်ကို သွားမယ့်ကိစ္စ ခဏလောက်စောင့်ပေးအုံး....ငါ အခု အရေးကြီးကိစ္စတစ်ခု လုပ်စရာရှိနေတယ်"
အနက်ရောင်ဝတ်ရုံဝတ်လူ ပြေးထွက်သွားသော အချိန်အခိုက်အတန့်တွင် တခြားပုံရိပ်များသည်လည်း လျှင်မြန်သောအရှိန်ဖြင့် သူ၏နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားကြသည်။
Chapter 684
မူလက ဤနေရာသည် သန်မာအားကောင်းသူဟူ၍ အနည်းစုသာရှိသော နယ်စပ်မြို့လေးတစ်မြို့ပင်။သို့ရာတွင် ဤမြို့သည် ရုတ်တရက်ဆန်စွာ သက်ဝင်လှုပ်ရှားစ ပြုလာပေ၏။
အထူးသဖြင့် ကုန်းမြေအတွင်း၌ နာမည်ကျော်ကြားသော ဝင်္ကပါပညာရှင်များသည် သုံးယောက် သို့မဟုတ် ငါးယောက်တစ်စုဖွဲ့ကာ မြို့အတွင်း၌ ထွက်ပေါ်လာကြသည်။
"ကြည့်လိုက်အုံး....အဲ့ဒီတစ်ယောက်က စတုတ္ထအဆင့် ဝင်္ကပါပညာရှင် ကောင်းကျင်းလျန်မဟုတ်လား....သူက လူငယ်မျိုးဆက်သစ်တွေရဲ့ ခေါင်းဆောင်ပဲ"
"ပြီးတော့ အဲ့ဒီမိန်းကလေးကလည်း ကောင်းကျင်းလျန်နဲ့ တူညီတဲ့အဆင့်မှာရှိတဲ့ စတုတ္ထအဆင့် ဝင်္ကပါပညာရှင်တစ်ယောက်ပဲ"
"မင်း အဲ့ဒီတစ်ယောက်ကို ကြည့်လိုက်အုံး....သူက ပဉ္စမအဆင့် ဝင်္ကပါပညာရှင်ပဲ...ငါတို့ ကောင်းကင်ဘုံဝင်္ကပါကုန်းမြေမှာ နာမည်ကျော်ကြားတဲ့ အင်အားစုတွေထဲကတစ်ခုဖြစ်တဲ့ ကွန်ရက်ခန်းမကို သူ တည်ထောင်ထားခဲ့တာ"
ဤဝင်္ကပါပညာရှင်များ၏ထွက်ပေါ်လာမှုကြောင့် မြို့ငယ်လေးအတွင်းရှိ ဒေသခံလူများ၏ တိုင်ပင်ဆွေးနွေးနေမှုများ မြင့်တက်လာသည်။
မြို့အတွင်းရှိ ကလေးများမှအစ စျေးသည်များအဆုံး ချွင်းချက်မရှိ ဤကိစ္စကို တိုင်ပင်ဆွေးနွေးနေကြသည်။
ရီဖုန်း ငှားရမ်းနေထိုင်သော ခြံဝန်းနှင့်မလှမ်းမကမ်းအကွာတွင် ခြံဝန်းငယ်လေး၏ပိုင်ရှင်သည်လည်း အိမ်နီးနားချင်းတချို့နှင့် တိုင်ပင်ဆွေးနွေးနေသည်။
"ငါတို့ရဲ့မြို့မှာ တစ်ခုခု ဖြစ်နေတာများလား"
လူတစ်ယောက်က ကူကယ်ရာရာမဲ့စွာဖြင့် ပြောဆိုသည်။
"အမှန်ပဲ...."
တခြားလူတယောက်က တုံ့ပြန်လေ၏။
"အဲ့ဒီဝင်္ကပါပညာရှင်တွေကို အရင်က တစ်ကြိမ်မှ မမြင်တွေဖူးဘူး....ငါတို့ရဲ့မြို့ငယ်လေးဆီကို သူတို့ထဲကတစ်ယောက် အလည်အပတ်ရောက်လာရင်တောင် မယုံနိုင်စရာဖြစ်နေပြီ...အခု သူတို့တွေထဲက အများကြီးရောက်လာတာက အရမ်းအံ့အားသင့်စရာကောင်းတယ်"
"မင်းတို့ မသိကြသေးဘူးလား"
ခြံပိုင်ရှင်က ကူကယ်ရာမဲ့စွာဖြင့် တီးတိုးပြောဆိုသည်။
"ငါတို့ ထျန်းယုံမြို့ကို သတ္တမအဆင့်ဝင်္ကပါပညာရှင်တစ်ယောက် ရောက်လာတယ်ဆိုတဲ့သတင်းကို ငါ ကြားထားတယ်"
"ဘာ....သတ္တမအဆင့် ဝင်္ကပါပညာရှင်လား"
တခြားလူနှစ်ယောက်၏မျက်လုံးများ ပြူးကျယ်သွားကာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
"မင်းတို့ ဒါကို မယုံကြည်နိုင်ဘူးမလား...ငါလည်း ဒါကို စကြားတုန်းက မယုံကြည်နိုင်သလိုခံစားမိတယ်...ကောလာဟလတွေအရတော့ မရေမတွက်နိုင်တဲ့ ဝင်္ကပါပညာရှင်တွေ ဘာမှမလုပ်နိုင်တဲ့ ရှေးဟောင်းဝင်္ကပါကြီးတစ်ခုကို အဲ့ဒီသတ္တမအဆင့် ဝင်္ကပါပညာရှင်က ချိုးဖျက်ပေးခဲ့တယ်"
ခြံရှင်က တီးတိုးပြောဆိုသည်။
"သူက ငါတို့ ထျန်းယုံမြို့ကို ဘာလို့ရောက်လာတာလဲဆိုတာ ငါ မသိဘူး...ဒါပေမဲ့ အဲ့ဒီကိစ္စက တခြားဝင်္ကပါပညာရှင်တွေကို ဆွဲဆောင်နိုင်ခဲ့တယ်"
"အဲ့ဒီလိုလား....တကယ်လို့ ငါတို့ထျန်းယုံမြို့ထဲကို သတ္တမအဆင့် ဝင်္ကပါပညာရှင်တစ်ယောက်သာ တကယ်ကြီး ရောက်နေတယ်ဆိုရင်....တခြားဝင်္ကပါပညာရှင်တွေ ရောက်လာတာက မထူးဆန်းဘူး"
တခြားလူနှစ်ယောက်က ချက်ချင်းခေါင်းညိတ်လိုက်ကြသည်။
သူတို့၏မျက်နှာများပေါ်တွင် မျှော်လင့်တောင့်တခြင်းများဖြင့် ပြည့်နှက်နေပေ၏။
"မင်းတို့ ပြောကြစမ်း....တကယ်လို့ ငါတို့က သတ္တမအဆင့် ဝင်္ကပါပညာရှင်ကို တွေ့ခွင့်ရပြီးတော့...ငါတို့အတွက် အခွင့်အရေးတစ်ခုရမယ်ဆိုရင် အမြင့်ကို တက်လှမ်းနိုင်မယ်မဟုတ်လား"
ထိုလူသည် အမှုမဲ့အမှတ်မဲ့ဖြင့် သူ၏ခေါင်းကိုမော့လိုက်ကာ စိတ်ကူးယဥ်တွေးတောနေသည့်အလားပင်။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံဝင်္ကပါကုန်းမြေသည် ဝင်္ကပါပညာရှင်များ ကြီးစိုးသောကုန်းမြေတစ်ခုဖြစ်သဖြင့် ကုန်းမြေအတွင်းရှိ အဓိကအင်အားစုများအားလုံး ဝင်္ကပါပညာရပ်များကို အသုံးပြုကြသည်။
ထိုကြောင့် ဤနေရာတွင် ဝင်္ကပါပညာရှင်တစ်ယောက်၏အဆင့်အတန်းသည် အလွန်အမင်းမြင့်မားပေ၏။
"မင်းတို့ အဆင့်နဲ့လား...."
ခြံရှင်သည် ထိုလူနှစ်ယောက်အားမျက်စောင်းထိုးကြည့်ကာ ဒေါသတကြီးပြောဆိုသည်။
"ငါတို့ထျန်းယုံမြို့က မြို့ငယ်လေးတစ်မြို့ဆိုပေမယ့် လူဦးရေသန်းနဲ့ချီပြီးရှိတယ်....ဘယ်လိုလုပ်ပြီးတော့ ငါတို့က အလွယ်တကူ အခွင့်အရေးရနိုင်မှာလဲ....တကယ်လို့ ငါတို့က အဲ့ဒီဝင်္ကပါပညာရှင်ကို တွေ့ခွင့်ရမယ်ဆိုရင်တောင် သူက ငါတို့ကို မျက်လုံးထဲထည့်ပါ့မလား"
ထိုစကားကိုကြားချိန်တွင် တခြားလူနှစ်ယောက်သည် ရှက်ကိုးရှက်ကန်းဖြင့် သူတို့၏ခေါင်းများကို ကုတ်လိုက်ကြသည်။
အမှန်တကယ်ကိုပင်....
ဤကဲ့သို့တည်ရှိမှုကြီးတစ်ယောက်နှင့် သူတို့ ဆုံတွေ့ခွင့်ရနိုင်ရန်မှာ စိတ်ကူးယဉ်တစ်ခုသက်သက်ပင်။
"မင်းတို့က သတ္တမအဆင့် ဝင်္ကပါပညာရှင်ဆီကနေ အခွင့်အရေးတစ်ခုကိုရဖို့ တွေးတောနေမယ့်အစား....သူ့ကြောင့် ဒီနေရာကိုရောက်လာတဲ့ တခြားဝင်္ကပါပညာရှင်တွေနဲ့ ဆက်ဆံရေးကောင်းတည်ဆောက်နိုင်ဖို့ ကြိုးစားတာ ပိုပြီးကောင်းလိမ့်မယ်"
"ဘယ်လိုပဲဖြစ်ဖြစ် ဒီမြို့ထဲမှာ ဝင်္ကပါပညာရှင်တွေ အများကြီးရောက်နေတာကြောင့် သူတို့နဲ့တွေ့ဆုံနိုင်ဖို့ အခွင့်အရေးက ပိုပြီးမြင့်မားတယ်....အနည်းဆုံးအနေနဲ့ သူတို့က ငါတို့ကို လမ်းညွှန်မှုပေးမယ့် အခွင့်အရေးမျိုး ရှိလာနိုင်တယ်"
"ဒါပေမဲ့....ဟူး...."
ထိုသို့ပြောဆိုပြီးနောက် ခြံရှင်သည် သက်ပြင်းတစ်ချက်ရှိုက်ကာ ထပ်မံ၍ပြောဆိုလိုက်၏။
"အဲ့ဒီလိုဆိုရင်တောင် ဝင်္ကပါပညာရှင်တွေနဲ့ ပြောဆိုဆက်ဆံခွင့်ရမယ့် ငါတို့ရဲ့အခွင့်အရေးက စိတ်ကူးယဥ်သက်သက်ပဲ...ဒါက ဖြစ်မလာနိုင်တဲ့ ကိစ္စမျိုးပဲ"
တခြားလူနှစ်ယောက်သည်လည်း ခေါင်းညိတ်လိုက်ကြသည်။
သူတို့သည် စိတ်ကူးယဉ်နေခြင်းသက်သက်ပင်။လက်တွေ့ဖြစ်ရပ်မှန်မှာ ထိုဝင်္ကပါပညာရှင်များသည် သူတို့ကဲ့သို့နိမ့်ကျသူများကို အနည်းငယ်မျှ ဂရုစိုက်မည်မဟုတ်ကြောင်း သူတို့အားလုံး ရှင်းရှင်းလင်းလင်း သိရှိထားသည်။
သို့ရာတွင် ထိုအသံကျရောက်သွားသောအချိန်မှာပင်....
"အမ်...."
သူတို့သုံးယောက်အနက်တစ်ယောက်သည် ခွေးခြေခုံပေါ်၌ထိုင်နေရာမှ ဆတ်ခနဲမတ်တတ်ထရပ်ကာ နေရာတစ်နေရာသို့ကြည့်ပြီး သူ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီနေသည်။
"မင်း ဘာဖြစ်တာလဲ"
တခြားလူနှစ်ယောက်သည် ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်လိုက်ကြကာ ထိုလူ၏အကြည့်အတိုင်း သာမန်ကာလျှံကာ လိုက်ကြည့်လိုက်ကြသည်။
သူတို့နှစ်ယောက်၏အခြေအနေသည်လည်း မကောင်းလှချေ။
သူတို့သည် ထိုနေရာသို့ကြည့်ကာ သူတို့၏ခန္ဓာကိုယ်များ တုန်ရီသွားပြီး အံ့အားတသင့်အော်ဟစ်လိုက်ကြသည်။
Chapter 685
သူတို့ကြည့်လိုက်စဉ်တွင်....
သူတို့၏ရှေ့ရှိ လမ်းထောင့်တနေရာ၌ ပြုံးရွှင်နေသောမျက်နှာဖြင့် လျှောက်လှမ်းလာသော လူအိုကြီးသုံးယောက်ကို မြင်တွေ့မိသည်။
သူတို့သည် အောက်ခြေလူတန်းစားများဖြစ်သော်လည်း ကောင်းကင်ဘုံဝင်္ကပါကုန်းမြေအတွင်းရှိ အစွမ်းထက်သောလူတချို့၏နာမည်များကို မည်သည်ကြောင့် မကြားဖူးဘဲနေမည်နည်း....
သူတို့သည် ထိုလူသုံးယောက်ကို သိရှိပေ၏။
ဤသည်မှာ လင်းမိသားစုမှညီအကိုသုံးယောက်ဖြစ်ပြီး ကောင်းကင်ဘုံဝင်္ကပါကုန်းမြေတွင် နာမည်ကျော်ကြားသော ပဉ္စမအဆင့်ဝင်္ကပါပညာရှင်များပင်။
သူတို့သည် ဤဝင်္ကပါပညာရှင်များအကြောင်း ပြောဆိုနေစဉ်မှာပင် အလျင်အမြန်တွေ့ဆုံရမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
သို့ရာတွင်....
သူတို့အား ပို၍ပင်ထိတ်လန့်တုန်လှုပ်သွားစေသော ကိစ္စတစ်ခု ဖြစ်ပွားလာခဲ့သည်။
ထိုလူအိုကြီးသုံးယောက်သည် သူတို့ထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းလာကာ ယဉ်ကျေးသိမ်မွေ့စွာ မေးမြန်းလေ၏။
"ငါတို့ကို မေးခွင့်ပြုပါ....ဒီနေရာရဲ့ခြံရှင်က ဘယ်သူလဲ"
"ငါ့ကို လာရှာတာလား...."
ခြံရှင်သည် ထိုစကားကိုကြားချိန်တွင် သူ၏လျှာကိုပင် ဖြောင့်ဖြောင့်တန်းတန်းမထားနိုင်တော့ဘဲ အထစ်ထစ်အငေါ့ငေါ့ဖြင့် တုံ့ပြန်သည်။
"ဒါက ငါ....ငါပါပဲ..."
"ဒါဆိုရင် မင်းက ခြံရှင်ပေါ့..."
သူတို့သုံးယောက်သည် စိတ်အားထက်သန်စွာဖြင့် ခြံရှင်၏အနီးသို့ ချဉ်းကပ်လာကာ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုသည်။
"ငါတို့က လင်းမိသားစုရဲ့ညီအစ်ကိုသုံးယောက်ဖြစ်တဲ့ လင်းထန် လင်းသီနဲ့ လင်းရန်ပါ...ငါတို့ဒီနေရာကိုရောက်လာတာက ကိစ္စတစ်ခုအတွက် ခြံရှင်ဆီကနေ အကူအညီလေးတောင်းချင်လို့ပါ"
ခြံရှင်သည် အံ့အားသင့်တုန်လှုပ်သွားပေ၏။
ဤလူအိုကြီးသုံးယောက်သည် မည်သည့်ကြောင့် သူအား အလွန်ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံနေသနည်း။
ဤသည်မှာ သူ့အတွက် ဘဝင်မြင့်စရာပင်။
သူသည် ခြံရှင်ငယ်လေးတစ်ယောက်သာဖြစ်သဖြင့် ပဉ္စမအဆင့်ဝင်္ကပါပညာရှင်သုံးယောက်၏ ယဉ်ကျေးသိမ်မွေ့မှုကို တောင့်မခံနိုင်ချေ။ထို့ကြောင့် သူက ရိုသေလေးစားစွာတုံ့ပြန်လိုက်၏။
"အရှင်တို့သုံးယောက်မှာ ဒီနိမ့်ကျတဲ့လူကို တောင်းဆိုစရာရှိတယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပြောပါ...ငါက အကောင်းဆုံးကြိုးစားပြီးတော့ ဆောင်ရွက်ပေးပါ့မယ်"
"အမ်...."
လင်းရန်က သူ၏လက်ဝါးကိုကာပြကာ ပျာပျာသလဲပြောဆိုသည်။
"ငါတို့က အမိန့်ပေးတာမဟုတ်ပါဘူး...မင်း နည်းနည်းလောက် ကူညီပေးရုံပါပဲ"
ထိုသို့ပြောဆိုရင်း သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ အဆင့်နိမ့်အင်မော်တယ်မှော်ရတနာတစ်ခုက ခြံရှင်၏လက်အတွင်းသို့ ကျရောက်သွားသည်။
ဤမြင်ကွင်းကိုကြည့်ပြီး....
လင်းထန်နှင့်လင်းသီတို့သည် လင်းရန်၏ချဥ်းကပ်မှုအပေါ် စိတ်ကျေနပ်နေကြသည်။
မည်သို့ပင်ဆိုစေကာမူ ထိုဆရာကြီးသည် ဤခြံဝန်းငယ်အတွင်း၌နေထိုင်ကြောင်း သူတို့ ရှာဖွေဖော်ထုတ်ပြီးလေပြီ။
ယခုချိန်၌ သူတို့၏ရောက်ရှိနေမှုကို ထိုဆရာကြီး သိရှိနေနိုင်သဖြင့် ဤအချိန်အခိုက်အတန့်တွင် သူတို့၏အပြုအမူများသည် အလွန်အရေးကြီးပေ၏။
ဤအဆင့်နိမ့်အင်မော်တယ်ရတနာကြောင့် ခြံရှင်သည် ထိတ်လန့်တုန်လှုပ်နေကာ မည်သည့်စကားတစ်ခွန်းမျှ မဆိုနိုင်တော့ချေ။
ဤသည်မှာ....
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း....
သူ့ထံတွင် မည်သည့်ကံကြမ္မာကောင်းမျိုးရှိနေသဖြင့် ဤကဲ့သို့ ဆက်ဆံခြင်းခံရသနည်း...
"အရှင်တို့....မင်းတို့မှာ ဘာကိစ္စရှိလဲဆိုတာ ငါ မေးလို့ရမလား...ငါ......"
ခြံရှင်၏မျက်နှာပေါ်တွင် ခါးသည်းသောအရိပ်အယောင်တစ်ရပ် ထင်ဟပ်နေကာ သူ၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်းစိုးရိမ်ပူပန်နေသည်။
"ဟား ဟား ဟား...ခြံရှင် မင်း အရမ်းစိတ်လှုပ်ရှားနေဖို့ မလိုပါဘူး"
လင်းထန်က အပြုံးနှင့်ပြောဆိုသည်။
"ငါတို့က မင်းရဲ့ခြံမှာနေတဲ့ လူဆီကိုသတင်းစကားတစ်ခုပို့ပေးဖို့ အကူအညီတောင်းချင်လို့ပါ...ငါတို့လင်းမိသားစုရဲ့ညီအကိုသုံးယောက်က သူ့ကိုတွေ့ခွင့်တောင်းတယ်လို့ မင်းက ပြောပေးရုံပါပဲ"
"သတင်းစကား ပို့ပေးရမှာလား"
"ငါ့ရဲ့ခြံထဲမှာနေတဲ့ လူကိုလား"
ခြံရှင်သည် အံ့အားသင့်သွားပေ၏။သူ၏ခြံတွင် ငှားရမ်းနေထိုင်သည်မှာ ရွှေပြားများယူဆောင်လာသည့် ဆင်းရဲသောလူငယ်တစ်ယောက် မဟုတ်လော။
ဤဝင်္ကပါပညာရှင်သုံးယောက်သည် မည်သည်ကြောင့် ထိုလူငယ်အားတွေ့ခွင့်ရရန် တောင်းဆိုနေသနည်း။
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း။
သို့ရာတွင် သူ၏စိတ်အတွင်း၌ အလွန်အမင်းဇဝေဇဝါဖြစ်နေသော်လည်း ငြင်းဆန်ခြင်းမပြုဝံ့ချေ။
"ကျေးဇူးပြုပြီးတော့ ခဏလောက် စောင့်ကြပါအုံး...ငါက အရှင်တို့သုံးယောက်ရဲ့သတင်းစကားကို သွားပြောပေးပါ့မယ်"
ခြံရှင်သည် သူ၏နောက်မလှမ်းမကမ်းအကွာရှိ ခြံဝန်းငယ်ထံသို့ လျှောက်လှမ်းသွားကာ တံခါးခေါက်လိုက်၏။
"ဘာကိစ္စရှိလို့လဲ"
ရီဖုန်းသည် ခြံတံခါးကိုဖွင့်ပြီးနောက် သူ၏ခေါင်းကိုပြူထွက်ကာ အိပ်ချင်မူးတူးဖြင့် မေးမြန်းသည်။
ခြံရှင်၏တုံ့ပြန်မှု ထွက်ပေါ်မလာသေးမီမှာပင်....
ရီဖုန်း၏ခေါင်း ခြံတံခါးမှ ပြူထွက်လာသည်ကိုကြည့်ပြီး လင်းထန်တို့သုံးယောက်က အလျင်စလိုလျှောက်လှမ်းလာသည်။
"ငါတို့က စီနီယာကို ဦးညွှတ်အရိုအသေပြုပါတယ်"
ခြံတံခါးထံသို့ လျှောက်လှမ်းသွားပြီးနောက် သူတို့သုံးယောက်သည် တစ်ပြိုင်နက်တည်းပြောဆိုကာ ရိုသေလေးစားစွာဖြင့် ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
ဤအသံကြောင့်....
ယခင်ကတည်းက ထိတ်လန့်တုန်လှုပ်နေသော ခြံရှင်သည် မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သားလဲကျသွားပေ၏။
စီနီယာဟု ခေါ်လိုက်သလော....
သူ၏နဖူးမှနေ၍ ဇောချွေးများ ယိုစီးကျလာသည်။
ဤသည်မှာ မည်သည့်အရာကို ဆိုလိုခြင်း ဖြစ်သနည်း။
ရွှေပြားများကိုသာ ထုတ်ပေးနိုင်သည့် ဤဆင်းရဲသားသူငယ်လေးသည် လင်းညီအစ်ကိုသုံးယောက်ထက်ပင် ပို၍အစွမ်းထက်သော ဝင်္ကပါပညာရှင်တယောက် ဖြစ်နေသည်ဟု ဆိုလိုသည်မဟုတ်သော....
လင်းညီအစ်ကိုသုံးယောက်သည် သူ့အား မည်သည်ကြောင့် အလွန်ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံနေသည်ကို သူ ချက်ချင်းနားလည်သဘောပေါက်သွားသည်။အကြောင်းအရင်းမှာ သူတို့သုံးယောက်ထက် ပို၍အစွမ်းထက်သော ဆရာကြီးတစ်ယောက်သည် သူ၏ခြံဝန်းအတွင်း၌ နေထိုင်နေသောကြောင့်ပင်။
"ငါ ဘာလုပ်ရမလဲ...ဘယ်လို လုပ်ရမလဲ"
ဤအချိန်အခိုက်အတန့်တွင် သူသည် အလွန်စိုးရိမ်ပူပန်ကာ တုန်တုန်ရီရီဖြစ်နေသည်။
ရီဖုန်းအပေါ် သူ၏ယခင်ဆက်ဆံခဲ့မှုများသည် ဆိုးရွားခြင်းမရှိသော်လည်း ကောင်းမွန်သည်ဟု မဆိုနိုင်ချေ။
အကယ်၍ ရီဖုန်းသာ လက်စားချေလိုပါက လက်ဝါးတစ်ချက်ဖြင့် သူ့အား ရိုက်သတ်ခံရနိုင်သည် မဟုတ်လော....
သို့ရာတွင် သူသည် ထိတ်လန့်ကြောက်ရွံ့နေသည့်အပြင် ဇဝေဇဝါလည်းဖြစ်နေသည်။မည်သည်ကြောင့် ဆရာကြီးတစ်ယောက်သည် ဤနေရာသို့ လာရောက်၍ ငှားရမ်းနေထိုင်သနည်း။
ထို့ပြင် သူသည် ဤကဲ့သို့ ဝင်္ကပါပညာရှင်လူငယ်တစ်ယောက်အကြောင်းကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ဖူးချေ။
လင်းညီအစ်ကိုသုံးယောက်ထံမှ စီနီယာဟု ခေါ်ဆိုခံရသော အကြောင်းအရင်းတစ်ခု ရှိနေပေမည်။
ရုတ်ချည်းဆိုသလိုပင်....
သူသည် တစ်စုံတစ်ခုကိုအမှတ်ရသွားကာ ရီဖုန်းကို ကြည့်လိုက်သည်။
ထိုလူငယ်သည် သတ္တမအဆင့် ဝင်္ကပါပညာရှင်ဖြစ်နေသလော....
သူ တွေးတောနေစဉ်မှာပင်....
လင်းညီအစ်ကိုသုံးယောက်က သူ့အား အဖြေပေးလိုက်လေ၏။
"စီနီယာ...မင်းက ငါတို့ကို မှတ်မိမှာမဟုတ်ဘူး....ဒါပေမဲ့ အဲဒီနေ့တုန်းက နေမဝင်တောင်ကြားမှာ စီနီယာ ရောက်လာတဲ့မြင်ကွင်းကို ငါတို့က ရှင်းရှင်းလင်းလင်း မှတ်မိနေတုန်းပဲ"
လင်းညီအစ်ကိုသုံးယောက်က ရိုသေလေးစားစွာ ပြောဆိုသည်။
တိကျသေချာစွာပင်....
ထိုလူငယ်သည် သတ္တမအဆင့် ဝင်္ကပါပညာရှင်ဖြစ်နေပေ၏။
ခြံရှင်သည် လေအေးတချက်ရှိုက်သွင်းကာ သူ၏ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသည်ကို ခံစားမိသည်။
ဤသည်မှာ ယခင်က နတ်ဆိုးများ၏မဟာဝင်္ကပါကြီး ထွက်ပေါ်လာခဲ့သည့်နေရာ မဟုတ်လော...
ထိုစကားကိုကြားချိန်တွင် ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။
အမှန်အားဖြင့် သူ တောင်ကြားမှထွက်လာချိန်တွင် ထောင်နှင့်ချီသောမျက်လုံးအစုံများက သူ့အား စူးစိုက်ကြည့်နေသည်ကိုသာ သူ အမှတ်ရသည်။
ဤလူအိုကြီးသုံးယောက်သည် ထိုလူများအနက်မှလူများ ဖြစ်ပေမည်။
သို့ရာတွင် ထိုအချိန်တုန်းက သူတို့အားလုံးမည်သည်ကြောင့် သူ့အား စူးစိုက်ကြည့်နေသည်ကို သူ မသိရှိချေ။ယခုအချိန်၌ သူတို့သည် မည်သည်ကြောင့် သူ့အား လာရှာကြသနည်း။
"ငါတို့ ဒီနေရာကိုရောက်လာတာက စီနီယာကို ဂါဝရလာပြုတာပါ...ဒါ့ပြင် ငါတို့က ကောင်းကင်ဘုံဝင်္ကပါကုန်းမြေကို ဘေးကပ်ဆိုးကနေလွတ်မြောက်အောင် ကူညီပေးခဲ့တဲ့အတွက် စီနီယာကို ကျေးဇူးတင်စကား ပြောချင်လို့ပါ"
"ငါက ကယ်တင်ခဲ့တာလား...."
ရီဖုန်းသည် ကြက်သေသေသွားလေ၏။
ကောင်းကင်ဘုံဝင်္ကပါကုန်းမြေကို ဘေးကပ်ဆိုးမှလွတ်မြောက်အောင် သူ ကယ်တင်ခဲ့သည်ဟု ဆိုသလော....
သူ မည်သည့်အရာအား ပြုလုပ်ခဲ့သနည်း....
"မင်းတို့ နားလည်မှုလွဲနေတာ မဟုတ်ဘူးလား"
ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"ငါက အဲ့ဒီနေရာကနေ ဖြတ်သွားရုံသက်သက်ပဲ....ငါ ဘာကိုမှ မလုပ်ခဲ့ဘူး"
ထိုစကားကို ကြားချိန်တွင်....
လင်းညီအစ်ကိုသုံးယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။
ရီဖုန်းအပေါ် လေးစားကြည်ညိုမှုများသည် သူတို့၏စိတ်နှလုံးသားများအတွင်း၌ နှစ်ဆမြင့်တက်လာပေ၏။
ကြည့်ရသည်မှာ ဤဆရာကြီးသည် ကောင်းမွန်သောကိစ္စတစ်ခုကို ပြုလုပ်ခဲ့သည့်တိုင် ဝန်ခံလိုခြင်းမရှိပုံပင်။
"စီနီယာ မင်း ဝန်ခံတာပဲဖြစ်ဖြစ် ဝန်မခံဘူးပဲဖြစ်ဖြစ်....မင်းက ငါတို့ကောင်းကင်ဘုံဝင်္ကပါကုန်းမြေတစ်ခုလုံးရဲ့ ကယ်တင်ရှင်ပဲ"
လင်းညီအစ်ကိုသုံးယောက်က ခိုင်မာပြတ်သားစွာ ပြောဆိုသည်။
"အဲ့ဒီနေ့တုန်းက မဟာနတ်ဆိုးဝင်္ကပါကြီးက လူတွေရဲ့အသိစိတ်ကို လွတ်ကင်းစေတယ်...ဒါပေမဲ့ စီနီယာရဲ့အပေါ်ကိုတော့ နည်းနည်းလေးတောင် သက်ရောက်မှုမရှိခဲ့ဘူး"
"မဟာဝင်္ကပါကြီးထဲကနေ စီနီယာထွက်လာပြီးတဲ့နောက်မှာ ဝင်္ကပါကြီး ပျက်စီးသွားတဲ့ကိစ္စကို ထည့်ပြောနေစရာတောင် မလိုဘူး...ဒီကိစ္စကို ငါတို့သုံးယောက်တင်မကဘူး တခြားလူတွေအားလုံးလည်း မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတယ်"
ရီဖုန်း၏မျက်နှာပေါ်တွင် အံ့အားသင့်သောအရိပ်အယောင်များ ထင်ဟပ်နေသည်။
သူသည် ကြုံရာကျပန်းကူးပြောင်းခဲ့ခြင်းမှ ဝင်္ကပါပညာရှင်များ ချိုးဖျက်နိုင်ခြင်းမရှိသော မဟာနတ်ဆိုးဝင်္ကပါကြီးအတွင်းသို့ ရောက်ရှိသွားခြင်းဖြစ်ပေမည်။ဤဝင်္ကပါကြီး သူ့အပေါ်သို့ သက်ရောက်မှုမရှိသော အကြောင်းအရင်းမှာ သူထွက်လာစဉ်တွင် ဝင်္ကပါကြီးသည် ပျက်စီးသွားပြီးဖြစ်ပေမည်။ထို့ကြောင့် ဤလူများသည် မဟာဝင်္ကပါကြီးကို သူ ချိုးဖျက်ခဲ့သည်ဟု ယုံကြည်နေခြင်း ဖြစ်ပေလိမ့်မည်။
ဤသည်ကြောင့် သူ တောင်ကြားမှထွက်လာသောအချိန်၌ မရေမတွက်နိုင်သောမျက်လုံးအစုံများက သူ့အား စူးစိုက်ကြည့်နေကြခြင်းပင်။
ဤသည်မှာ ဤလူအိုကြီးသုံးယောက် သူ့ထံသို့လာရောက်တွေ့ဆုံပြီး ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံနေသော အကြောင်းအရင်းလည်း ဖြစ်နေသည်။
"ငါ ထွက်လာတဲ့အချိန်မှာ အဲ့ဒီဝင်္ကပါကြီးက ပျက်စီးသွားတယ်လို့ မင်းတို့ သေချာပြောနိုင်လား"
ရီဖုန်းက မေးမြန်းသည်။
"သေချာတာပေါ့"
ထိုလူသုံးယောက်က အခိုင်အမာ ခေါင်းညိတ်ပြလေသည်။
ရီဖုန်းကိုကြည့်သော သူတို့၏မျက်လုံးများအတွင်း၌ 'ဆရာကြီး ဟန်ဆောင်နေတာကိုရပ်လိုက်တော့ ငါတို့အားလုံး မြင်ပြီးပြီ'ဟူသောအဓိပ္ပာယ်များ ပါဝင်နေသည်။
သူတို့သုံးယောက်၏ အတည်ပြုစကားကို ကြားပြီးနောက်...
ရီဖုန်းသည် ရုတ်တရက် စိတ်မငြိမ်စပြုလာပေ၏။
ထိုဝင်္ကပါကြီးသည် သူကြောင့် အမှန်တကယ် ပျက်စီးသွားခြင်းဖြစ်သလော....
ဝင်္ကပါပညာရပ်ကို သူ တတ်မြောက်ထားသော်လည်း ထိုကိစ္စကို ယခုအချိန်ထိ သူ မသိရှိခြင်းဖြစ်နေသလော....
"ကောင်းပြီလေ...မင်းတို့ ကျေးဇူးတင်စကားပြောဖို့ မလိုပါဘူး...ငါ့မှာ ကိစ္စတချို့လုပ်စရာရှိသေးတယ်...မင်းတို့ အရင်ဆုံးသွားကြတော့"
ရီဖုန်းသည် ထိုလူအိုကြီးသုံးယောက်ကို အလျှင်အမြန်နှုတ်ဆက်စကားပြောဆိုကာ အခန်းအတွင်းသို့ ပြန်ဝင်လိုက်သည်။
ထို့နောက် သူသည် စနစ်ကို ဆင့်ခေါ်လိုက်၏။
သူသည် ဝင်္ကပါပညာရပ်၌ အမှန်တကယ်ထူးချွန်မှုရှိမရှိကို သိရှိရန်အတွက် သူ မစောင့်ဆိုင်းနိုင်တော့ချေ။
"စနစ် ငါ မင်းကိုမေးမယ်...ငါက ဝင်္ကပါပညာရပ်ကို တတ်မြောက်ထားတာလား"