အခန်း (၇၀၆-၇၁၀)
Vol. 48 Ch. 706-710
Chapter 706
ဤမြင်ကွင်းကိုကြည့်ပြီး နေလအင်မော်တယ်များသည်လည်း မျက်မှောက်ကြုတ်လိုက်ကြ၏။
ဤအစောင့်စစ်သားသည် သာမန်လူတစ်ယောက်မဟုတ်သည်ကို သူတို့အားလုံး သိရှိပြီးဖြစ်သည်။
သို့ရာတွင် သူတို့သည်လည်း နေလအင်မော်တယ်နယ်ပယ်ကျင့်ကြံသူများ ဖြစ်သည်။အကယ်၍ ထိုစစ်သားထံတွင် အစွမ်းထက်သောခွန်အားရှိလျှင်ပင် နေလအင်မော်တယ်ဆယ်ယောက်ကျော်၏ပြိုင်ဘက် မဖြစ်နိုင်ချေ။
ထိုနေလအင်မော်တယ်များသည် သူတို့၏လက်စည်းတံဆိပ်များကို ချက်ချင်းထုတ်ဖော်အသုံးပြုလိုက်ကြကာ အချိန်မဖြုန်းလိုသည်မှာ သိသာထင်ရှားလှ၏။
ကြီးကျယ်ခမ်းနားသော တိုက်ခိုက်မှုဆယ်ခုကျော်သည် ဆုကျူးကျင်းနှင့်ကျန်းချန်းတို့ထံ ဦးတည်၍ တရကြမ်းတိုးဝင်လာသည်။
နေလအင်မော်တယ်ဆယ်ယောက်ကျော်၏မျက်လုံးများအတွင်း၌ တည်ငြိမ်မှုများရှိနေသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် သန်မာအားကောင်းလျှင်ပင် လူဆယ်ယောက်ကျော်၏ တပြိုင်နက်တည်းတိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားနိုင်မည်လော...
အဝေးတစ်နေရာတွင်ရှိနေသော ရှင်းထျန်းနန်သည်လည်း ထိုတုန်လှုပ်ချောက်ချားဖွယ်ကောင်းသောမြင်ကွင်းကို မြင်တွေ့မိလေ၏။
"ကျန်းချန်း...."
"ညီငယ်လေး...."
"လက်ထောက်ကုန်းမြေအရှင်...."
လက်ရှိနေရာတွင် ရှိနေသူများအားလုံးသည် ထိတ်လန့်တုန်လှုပ်နေသောအကြည့်များဖြင့် ကျန်းချန်းတို့နှစ်ယောက်ကို ကြည့်လိုက်ကြသည်။နေလအင်မော်တယ်ဆယ်ယောက်ကျော်၏တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရချိန်တွင် လူတိုင်း၏မျက်နှာထက်၌ စိတ်ပျက်အားငယ်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
ဤတိုက်ခိုက်မှုများအားလုံးသည် ကျန်းချန်းနှင့်ဆုကျူးကျင်းတို့ကို ဝါးမြိုသွားပေ၏။
"မလုပ်နဲ့...."
အဝေးတစ်နေရာတွင်ရှိနေသော ရှင်းထျန်းနန်က အော်ဟစ်လိုက်သည်။
နှစ်ပေါင်းများစွာကြာအောင် ရင်းနှီးခင်မင်ခဲ့သော သူ့၏မိတ်ဆွေ ကျန်းချန်းသည် ဤကဲ့သို့ သေဆုံးသွားရတော့မည်လော....
သူ ဤကိစ္စကို လက်မခံနိုင်ချေ။
ဤအချိန်အခိုက်အတန့်တွင် ဒေါသထွက်နေခြင်းကြောင့် သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထုတ်လိုက်ရကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။
"ကျန်းချန်း သေသွားပြီလား...."
"မြို့ရဲ့အကာအကွယ်ဝင်္ကပါကြီးလည်း ပျက်စီးသွားခဲ့ပြီ"
ရှင်းထျန်းနန်က တီးတိုးရေရွတ်လိုက်ကာ သူ၏မျက်လုံးများ သွေးနီရောင်သန်းနေသည်။
ထို့နောက် ရှင်းထျန်းနန်၏ပါးစပ်မှ မိုးခြိမ်းသံတမျှ ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာကာ မြို့တစ်မြို့လုံးအနှံ့ ပျံ့နှံ့သွားသည်။
"မြို့ထဲမှာရှိတဲ့လူတွေအားလုံး...ငါ့ရဲ့အမိန့်ကို နာခံပြီးတော့ တိုက်ခိုက်ဖို့ပြင်ဆင်ကြစမ်း"
ထိုအသံကိုကြားရပြီးနောက် မြို့အတွင်းရှိလူများ၏စိတ်အတွင်း၌ ဒေါသများ မြင့်တက်လာသည်။
"ဟုတ်ကဲ့"
"အသေခံပြီး တိုက်ခိုက်မယ်"
ရှင်းလော့မြို့တော်အတွင်းမှနေ၍ ကျင့်ကြံသူများ အဆက်မပြတ်ပြေးထွက်လာသည်။
လူများအားလုံးထံတွင် တိုက်ပွဲဝင်စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။အကယ်၍ သူတို့သည် နေလအင်မော်တယ်များ၏ ပြိုင်ဘက်မဟုတ်လျှင်ပင် ဤအချိန်အခိုက်အတန့်တွင် မည်သူမျှ နောက်မတွန့်ကြချေ။
"မဟုတ်ဘူး...အဲ့ဒီနေရာကို ကြည့်လိုက်ကြအုံး"
"အဲ့ဒါက ဘာလဲ..."
ထိုအချိန်မှာပင် ဆုကျူးကျင်းရှိနေသောနေရာကို အဆက်မပြတ်စိုက်ကြည့်နေသော အစောင့်စစ်သားက ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
နေလအင်မောတယ်များ၏တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော စွမ်းအားလှိုင်းများ အဆက်မပြတ်တုန်ခါနေသည်ကို သူတို့အားလုံး မြင်တွေ့မိလေ၏။
ထိုစွမ်းအားလှိုင်းများ တဖြည်းဖြည်း ပျက်ပြယ်သွားချိန်တွင် လူနှစ်ယောက်၏ပုံရိပ် ထင်ဟပ်လာသည်။
"ဒါက လက်ထောက်ကုန်းမြေအရှင်နဲ့ဆုကျူးကျင်းတို့မဟုတ်လား..."
ထိုစွမ်းအားလှိုင်းများ ပျောက်ကွယ်သွားချိန်တွင် လူများအားလုံးသည် ထိုလူနှစ်ယောက်၏ပုံပန်းသွင်ပြင်ကို မြင်တွေ့မိသည်။
သူတို့နှစ်ယောက်တွင် မည်သည့်ထိခိုက်ဒဏ်ရာရရှိခြင်းမျှ မရှိချေ။
"ကောင်းတယ်....အရမ်းကောင်းတယ်...."
ကျန်းချန်းတို့နှစ်ယောက်ကို မြင်တွေ့ချိန်တွင် ကုန်းမြေသခင်အပါအဝင် လူများအားလုံး အလွန်ပျော်ရွှင်သွားသည်။
"ဘာတွေဖြစ်သွားတာလဲ"
တခြားတစ်ဖက်ခြမ်းတွေရှိသော နေလအင်မော်တယ်ဆယ်ယောက်ကျော်သည် ဇဝေဇဝါဖြစ်သွားလေ၏။
သူတို့သည် နေလအင်မော်တယ်ဆယ်ယောက်ကျော် မဟုတ်လော....
ဤရှင်းလော့ကုန်းမြေအတွင်းတွင် သူတို့သည် ပြိုင်ဘက်ကင်းတည်ရှိမှုကြီးများ မဟုတ်လော...
သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့သည် ကျန်းချန်းတို့နှစ်ယောက်ကို သတ်ဖြတ်နိုင်ခြင်းမရှိချေ။
"သူတို့မှာ ဘယ်လိုထိပ်သီးရတနာတွေ ရှိနေတာလဲ"
နေလအင်မော်တယ်များသည် ကျန်းချန်းတို့နှစ်ယောက်ကို သံသယအပြည့်ဖြင့် ကြည့်လိုက်ကြသည်။
ရှင်းထျန်းနန်နှင့်တခြားလူများသည်လည်း အလွန်အမင်း ဇဝေဇဝါဖြစ်နေကြသည်။
"ဒါက အရမ်းအံ့အားသင့်ဖို့ ကောင်းတာပဲ"
"သောက်ချေး....ဒါက မယုံကြည်နိုင်စရာပဲ"
ဆုကျူးကျင်း၏နံဘေး၌ မတ်တတ်ရပ်နေသော ကျန်းချန်းသည် ထိတ်လန့်ကြောက်ရွံနေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။ဆုကျူးကျင်း၏လက်အတွင်းမှ ထုတ်လွှတ်ထားသော စွမ်းအားလှိုင်းများကိုကြည့်ပြီး သူသည်ထိတ်လန့်တုန်လှုပ်နေသည့်အကြားမှ ချီးမွမ်းလိုက်သည်။
သူ သေဆုံးရတော့မည်ဟု တွေးတောထားသောအချိန်တွင် ဆုကျူးကျင်းသည် လက်ကိုမြှောက်ကာ ညင်သာစွာထိတွေ့လိုက်ရုံဖြင့် ထိုတိုက်ခိုက်မှုများ ရပ်တန့်သွားသည်ကို သူ မြင်တွေ့လိုက်ရသည်။
ထို့ပြင် ဆူကျူးကျင်းသည် ထိုစွမ်းအားများအားလုံးကို သူ၏လက်အတွင်း၌ စုဝေးထားလေ၏။
ထိုစွမ်းအားများသည် ဝါဂွမ်းများ အတူတကွပူးကပ်နေသည့်အလား ဆုကျူးကျင်း၏လက်၌ တွယ်ကပ်နေခဲ့သည်။
ကျန်းချန်းသည် လုံးလုံးလျားလျား ကြက်သေသေနေပေ၏။
"ဆုကျူးကျင်းက ထိပ်တန်းအဆင့်အင်မော်တယ်ရတနာနှစ်ခုကို လွှင့်ပစ်တာ အံ့အားသင့်စရာ မရှိတော့ဘူး...အခုကြည့်ကြည့်တော့မှ ဒါတွေက သူ့အတွက် အသုံးမဝင်တဲ့အရာတွေ ဖြစ်နေတာပါလား"
ကျန်းချန်း၏မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။သူသည် သူရှေ့ရှိ ဆုကျူးကျင်းကိုကြည့်ကာ သူ၏နှလုံးခုန်နှုန်း လျှင်မြန်သွားသည်။
ဤသည်မှာ ပြိုင်ဘက်ကင်းတည်ရှိမှုကြီးတစ်ယောက်ပင်။
ကြည့်ရသည်မှာ ယခင်က သူတို့သည် ဆုကျူးကျင်းကို အကျဉ်းထောင်အတွင်းသို့ထည့်၍ အကျဉ်းချခဲ့မိပုံရသည်။
ဤသည်မှာ.....
ရုတ်ချည်းဆိုသလိုပင် ကျန်းချန်းသည် ထပ်မံ၍ စိတ်လှုပ်ရှားလာပေ၏။အကယ်၍ ဆုကျူးကျင်းသည် သူ့အားလက်စားချေလိုပါက လက်ဖြင့်တစ်ချက်ညှစ်သတ်ရန်သာ လိုအပ်သည်ကို သူ သတိပြုမိသည်။
ထိုအကြောင်းကိုတွေးတောရင်း သူသည် အပြစ်ပြုလုပ်မိသည်ကို သိရှိသွားသော ကလေးငယ်တစ်ယောက်အလား ဆုကျူးကျင်း၏နံဘေး၌ တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်လိုက်သည်။
ဆုကျူးကျင်း၏လက်အတွင်း၌ နေလအင်မော်တယ်ဆယ်ယောက်ကျော်၏ စုပေါင်းတိုက်ခိုက်မှုစွမ်းအားများပင်လျှင် လွယ်လင့်တကူ ဖိနှိပ်ထားနိုင်ခဲ့သည်။
"ဘာ...."
"ဒါက...."
နေလအင်မော်တယ်ဆယ်ယောက်ကျော်သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ယခင်ကဲ့သို့ တည်ငြိမ်အေးဆေးစွာနေနိုင်ခြင်း မရှိတော့ချေ။
"ပြေးကြတော့"
နေလအင်မော်တယ်များသည် အသိဝင်လာကာ အမြန်ဆုံးပြေးထွက်ခဲ့တော့သည်။
"ယီးပဲ...ဒါက ငါတို့အတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူး"
"သူ့ရဲ့လက်ထဲက စွမ်းအားလုံးကို တစ်ချက်ညှစ်လိုက်တာနဲ့ ငါတို့သေသွားနိုင်တယ်"
သူတို့ထွက်ပြေးသွားသော အချိန်အခိုက်အတန့်၌ ဆုကျူးကျင်းက မျက်မှောင်ကြုတ်ကာ သူ၏လက်အတွင်းရှိစွမ်းအားလုံးကို ဖျစ်ညှစ်လိုက်၏။
ထို့နောက် ထိုအရာကို ရှေ့သို့ပစ်လွတ်လိုက်သည်။
ဘုန်း...
နေလအင်မော်တယ်များ၏စွမ်းအားများကို ဖိနှိပ်ခံထားရသော စွမ်းအားလုံးကြီး ချက်ချင်းပေါက်ကွဲသွားပေ၏။
ထိုပေါက်ကွဲမှုကြောင့် နေလအင်မော်တယ်ဆယ်ယောက်ကျော်သည်လည်း လွင့်ထွက်သွားတော့သည်။
အခိုးအငွေ့များ ပျက်ပြယ်သွားချိန်တွင်....
မြေပြင်ပေါ်၌ အမှုန်အမွှားများရှိနေသော်လည်း ပြာမှုန်များ သို့မဟုတ် မြေမှုန်များဖြစ်သည်ကို မည်သူမျှ မပြောဆိုနိုင်ချေ။
"သောက်ချေးပဲ...ဒါက ဘယ်လိုကျင့်ကြံဆင့်နယ်ပယ်မျိုးလဲ"
ကုန်းမြေအရှင်ရှင်းထျန်းနန်သည် သူ့ရှေ့ရှိမြင်ကွင်းကို မြင်တွေ့ချိန်တွင် လုံးလုံးလျားလျားကူကယ်ရာမဲ့ဖြစ်သွားသည်။သူသည် ကူကယ်ရာမဲ့ဖြစ်နေသည့်အပြင် ထိတ်လန့်တုန်လှုပ်မှုကိုလည်း ခံစားမိသည်။
ဆူကျူးကျင်းသည် နေလအင်မော်တယ်ဆယ်ယောက်ကျော်ကို ကြက်ကလေးငှက်ကလေးများအလား လွယ်လင့်တကူ သတ်ဖြတ်နိုင်ပေ၏။
သူသည်ပင်လျှင် အများဆုံးအနေဖြင့် နေလအင်မော်တယ်နှစ်ယောက်ကိုသာ အနိုင်ယူနိုင်မည်ဖြစ်သော်လည်း ဆုကျူးကျင်းကမူ ဆယ်ယောက်ကျော်ကို အချိန်တခဏအတွင်း၌ သတ်ဖြတ်ခဲ့သည်။
ဆုကျူးကျင်းသည် လှုပ်ရှားခြင်းပင်မပြုဘဲ ဟင်းသီးဟင်းရွက်များကို ပိုင်းဖြတ်လိုက်သည့်အလား နေလအင်မော်တယ်များကို လွယ်လင့်တကူသတ်ဖြတ်လိုက်ခြင်းပင်။
"ဒါက...."
ရှင်းထျန်းနန်သည် ရုတ်တရက် တခြားကိစ္စတစ်ခုကို တွေးတောမိသွားသည်။
"ငါ နားလည်ပြီ....အရင်က ရွှမ်အင်မော်တယ်ကိုလည်း ဆုကျူးကျင်း သတ်ခဲ့တာပဲဖြစ်မယ်"
ရုတ်ချည်းဆိုသလိုပင် ရှင်းထျန်းနန်သည် အရာအားလုံးကို နားလည်သဘောပေါက်သွားပေ၏။
သို့ရာတွင် ရှင်းထျန်းနန်သည် တခြားကိစ္စတစ်ခုကိုလည်း သတိရသွားသည်။သူသည် နောက်ဆုံးတစ်ကြိမ်တုန်းက အမိန့်မနာခံမှုဖြင့် ဆုကျူးကျင်းကို အကျဉ်းချခဲ့သည်။
ကျန်းချန်းသည် ဤကိစ္စကို သူထံသို့ သတင်းပို့ပြီးဖြစ်ပေ၏။
ရုတ်ချည်းဆိုသလိုပင် သူ၏နောက်ကျောပြင်တပြင်လုံး ဇောချွေးများဖြင့်ရွှဲနစ်သွားတော့သည်။
"ဆုကျူးကျင်းက အဲ့ဒီကိစ္စကို မမှတ်မိလောက်ဘူးမဟုတ်လား"
ရှင်းထျန်းနန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အချိန်တခဏကြာခန့် စဉ်းစားတွေးတောလိုက်သည်။
နေလအင်မော်တယ်ဆယ်ယောက်ကျော်ကို သတ်ဖြတ်ပြီးသည့်တိုင် ဆုကျူးကျင်းသည် အမူအယာကင်းမဲ့နေဆဲ ဖြစ်သည်ကိုကြည့်ပြီး သူ ထိတ်လန့်တုန်လှုပ်သွားသည်။
ဆုကျူးကျင်းသည် ထိုကိစ္စကိုဆောင်ရွက်ပြီးနောက် သူ၏နေရာ၌ တဖန်ပြန်၍မတ်တတ်ရပ်နေသည်။
"အင်း....အစ်ကိုဆု အစ်ကိုကြီးဆု...အရင်က မင်းကို အကျဉ်းချခဲ့တဲ့ကိစ္စက ငါနဲ့ဘာမှမဆိုင်ဘူ..ဒါတွေအားလုံးက လက်ထောက်ကုန်းမြေအရှင် ကျန်းချန်းလုပ်ခဲ့တာပဲ"
ရှင်းထျန်းနန်က ထိုနေရာသို့ အလျှင်အမြန် ပျံသန်းသွားကာ ကျန်းချန်းအား အပြစ်ပုံချလိုက်တော့သည်။
ကျန်းချန်းသည် ဆွံ့အသွားကာ မယုံကြည်နိုင်သောအမူအယာဖြင့် ရှင်းထျန်းနန်ကိုကြည့်လိုက်သည်။
ဤသည်မှာ သူ၏ကုန်းမြေအရှင် ဟုတ်ပါသလော....
ဤသည်မှာ သူ၏မိတ်ဆွေကောင်းကြီး ဟုတ်ပါသလော....
ကျန်းချန်းသည် ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးတစ်စုံဖြင့် ရှင်းထျန်းနန်ကို စူးစိုက်၍ကြည့်လိုက်သည်။
ရှင်းထျန်းနန်က သူ၏ခေါင်းကိုမော့လိုက်ကာ သူ၏မျက်လုံးများ ဂဏာမငြိမ်ဖြစ်နေပြီး ကျန်းချန်း၏အကြည့်ကို ရှောင်လွှဲလိုက်၏။
ဤဂဏာမငြိမ်သောမျက်လုံးများမှတစ်ဆင့် မိတ်ဆွေများဟူသည်မှာ ယုံကြည်၍မရကြောင်း ပြောဆိုနေသည့်အလားပင်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ကျန်းချန်းသည် ထိုနေရာသို့ အလျှင်အမြန်အပြေးသွားကာ ဆုကျူးကျင်းကို ပြောဆိုလိုက်သည်။
"အစ်ကိုကြီးဆု စီနီယာဆု...ငါ့ရဲ့စကားကိုနားထောင်ပါဦး...ဒါတွေအားလုံးက အဖွဲ့ခေါင်းဆောင်ကျန်းချွမ်လုပ်တာပါ...ငါနဲ့ ဘာမှမဆိုင်ဘူး"
"ကျန်းချွမ်...ငါ ပြောတာ ဟုတ်တယ်မလား"
ကျန်းချန်းက ကျန်းချွမ်ကိုကြည့်ကာ ပြောဆိုလိုက်သည်။
ကျန်းချွမ်၏ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
သို့ရာတွင် ဆုကျူးကျင်းသည် ဤကိစ္စများကို အနည်းငယ်မျှ အာရုံစိုက်ပုံမပေါ်ချေ။
သူသည် အမူအယာကင်းမဲ့စွာဖြင့် နေရာတွင် မတ်တတ်ရပ်နေဆဲပင်။
ဆုကျူးကျင်းသည် လက်စားချေရန် ရည်ရွယ်ချက်မရှိသည်ကို ကြည့်ပြီး ကုန်းမြေအရှင် လက်ထောက်ကုန်းမြေအရှင်နှင့် အဖွဲ့ခေါင်းဆောင်ကျန်းချွမ်တို့ စိတ်သက်သာရာသွားသည်။
ရှင်းထျန်းနန်သည် ဆုကျူးကျင်းကိုကြည့်ကာ အပြုံးနှင့်ပြောဆိုလိုက်၏။
"အစ်ကိုဆု....မင်းရဲ့ခွန်အားက အရမ်းကောင်းတယ်...ဒီမြို့တံခါးမှာနေတာက အရမ်းစိတ်ပျက်ဖို့လိမ့်မယ်...ဒီလိုလုပ်ပါလား...."
"ငါ့ရဲ့လက်ထောက်ကုန်းမြေအရှင်က ကိစ္စတွေအများကြီးကို လုပ်စရာမလိုဘူး...မင်း အဲ့ဒီနေရာကို ယူလိုက်ပါလား...မင်းက ငါ့ရဲ့အမိန့်ကိုလည်း နားထောင်ဖို့မလိုဘူး"
"ငါတို့ကုန်းမြေရဲ့ထိပ်တန်းဘဏ္ဍာတိုက်ကိုလည်း မင်း ဆန္ဒရှိသလို အသုံးပြုလို့ရတယ်"
"..."
ရှင်းထျန်းနန်သည် ကမ်းလှမ်းချက်အမျိုးမျိုးဖြင့် ဆုကျူးကျင်းကို ရိုးရိုးသားသားပြောဆိုလိုက်သည်။ထို့နောက် သူသည် ဆုကျူးကျင်းထံမှ အဖြေပြန်ပေးမည်ကို စောင့်ဆိုင်းလိုက်၏။
သို့ရာတွင် ဆုကျူးကျင်းသည် သူ၏ခေါင်းကိုမော့ထားကာ သူ၏မျက်လုံးများအတွင်း၌ သောအလေးအနက်ထားသော အရိပ်အယောင်များ ထင်ဟပ်နေပြီး တစ်စုံတစ်ခုကို စဉ်းစားတွေးတောနေသည့်အလားပင်။
ထိုကြောင့် ကုန်းမြေအရှင်ရှင်းထျန်းနန်သည် ဆုကျူးကျင်း၏နံဘေး၌ အလွန်ကောင်းမွန်သောအမူအရာဖြင့် မတ်တတ်ရပ်ကာ ရလဒ်ကို တိတ်တဆိတိစောင့်ဆိုင်းလိုက်သည်။
"အင်း...."
အချိန်တခဏကြာပြီးနောက် ဆုကျူးကျင်းက စကားတစ်လုံးတည်းကိုသာ ပြောဆိုသည်။
"ကောင်းလိုက်တာ....စီနီယာဆုက သဘောတူလိုက်တာလား"
ရှင်းထျန်းနန်၏မျက်နှာပေါ်၌ ဝမ်းသာပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။သို့ရာတွင် ဆုကျူးကျင်း၏နောက်ထပ်စကားတစ်ခွန်းသည် သူ့အား ချောင်းနက်ကြီးအတွင်းသို့ တွန်းချလိုက်သည့်အလားပင်။
"အင်း....တာဝန်ချိန်ကုန်သွားပြီ"
"ငါ အလုပ်ဆင်းတော့မယ်"
ဆုကျူးကျင်းက တည်ငြိမ်စွာပြောဆိုကာ သူ၏သံချပ်ကာနှင့်ခေါင်းဆောင်းကိုချွတ်ပြီး ထွက်ခွာသွားတော့သည်။
"အမ် ဒါက ....."
ရှင်းထျန်းနန်သည် နေရာမှာပင် ကြက်သေသေသွားလေ၏။
Chapter 707
ယမန်နေ့ညက တိုက်ပွဲသည်....
မိုးမလင်းသေးမီမှာပင် ရှင်းလော့မြို့တော်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။
ဤတိုက်ပွဲအတွင်းတွင် တာရီကုန်းမြေဘက်မှ နေလအင်မော်တယ်ဆယ်ယောက်ကျော်နှင့် ကြယ်အင်မော်တယ်အမြောက်အများဆုံးရှုံးသွားခဲ့ရသည်။ယခင်ကဆိုလျှင် ဤကဲ့သို့ရလဒ်မျိုးကို သူတို့ စိတ်ကူးယဉ်တွေးတောကြည့်ဝံ့ခြင်းပင် မရှိချေ။
ဤတိုက်ပွဲ၏ရလဒ်ကြောင့် ရှင်းလော့ကုန်းမြေမှလူများ၏စိတ်ဓာတ်များ အလွန်အမင်းမြင့်တက်လာကာ အလယ်အလတ်မှစတင်၍ အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားရှိသူများအထိ တာရီကုန်းမြေကို ကြောက်ရွံခြင်းမရှိတော့ချေ။
ဤကိစ္စကို ရှင်းထျန်းနန်နှင့်ကျန်းချန်းတို့၏ စိတ်နှလုံးသားများအတွင်း၌ အလွန်ရှင်းလင်းစွာ သိရှိထားပြီးဖြစ်သည်။
ဆုကျူးကျင်းသည် ရှင်းလော့ကုန်းမြေအတွင်းတွင် ဆက်လက်၍ရှိနေသရွေ့ကုန်းမြေတစ်ခုလုံး ဘေးကင်းလုံခြုံနေပေမည်။
ထို့ကြောင့် မိုးကောင်းကင်ယံကြီး ရောင်နီမလာသေးမီမှာပင် ကုန်းမြေအရှင်ရှင်းထျန်းနန်နှင့် လက်ထောက်ကုန်းမြေအရှင်ကျန်းချန်းတို့သည် ပြင်ပသို့ထွက်လာကြလေ၏။
"ကုန်းမြေအရှင်နဲ့ လက်ထောက်ကုန်းမြေအရှင်တို့ပါလား"
"အဲ့ဒီလူနှစ်ယောက်က ငါတို့လမ်းကြားထဲကို ဘာလာလုပ်တာလဲ...သူတို့က ဘယ်နေရာကို သွားမလို့လဲ"
"ဒါက ဒီနေရာကို သူတို့ရောက်လာတာ ပထမဆုံးအကြိမ်ပဲ"
စျေးအတွင်းတွင်ရှိနေသော စျေးသည်များနှင့်လူတချို့သည် ယမန်နေ့ညက တိုက်ပွဲအကြောင်းကို သိရှိပြီးဖြစ်သည့်တိုင် အသေးစိတ်ကျကျ မသိရှိချေ။ထိုအချိန်တုန်းက သူတို့သည် အဝေးတစ်နေရာမှသာ စောင့်ကြည့်နေခဲ့ရကာ သူတို့၏မျက်နှာများပေါ်၌ ဝေခွဲရခက်မှုများ ထိတ်လန့်တုန်မှုများဖြင့် ပြည့်နှက်နေသည်။
သို့ရာတွင် ဤကိစ္စကို သေချာသိရှိထားသောလူများက တခြားလူများကို ရှင်းပြသည်။
"မနေ့က မြို့တံခါးရှေ့မှာရပ်နေတဲ့ အရပ်မြင့်မြင့်လူတစ်ယောက်က နေလအင်မော်တယ်ဆယ်ယောက်ကျော်ကို သတ်ဖြတ်ခဲ့တယ်...ကုန်းမြေအရှင်က အဲ့ဒီဆရာကြီးကိုခေါ်ယူချင်တာကြောင့် ဒီနေရာကိုရောက်လာတာလို့ ငါ ကြားထားတယ်"
အတွင်းရေးကိစ္စများကို သိရှိထားသူတစ်ယောက်က ပြောဆိုသည်။
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်၌ လူများသည် ဒီရေအလားဝိုင်းရံလာပေ၏။
ဤလူပြောဆိုသည့်အတိုင်း ဟုတ်မဟုတ် သူတို့ သိရှိလိုသည်။
ကုန်းမြေအရှင်ရှင်းထျန်းနန်နှင့် လက်ထောက်ကုန်းမြေအရှင်ကျန်းချန်းတို့သည် ထိုစကားများကို ကြားမိသည်။
သို့ရာတွင် သူတို့နှစ်ယောက်သည် ထိုလူများအား ထိန်းချုပ်ခြင်းမပြုတော့ချေ။
သူတို့ကုန်းမြေနှင့် တာရီကုန်းမြေအကြားရှိစစ်ပွဲသည် အဆုံးမသတ်သေးချေ။ယမန်နေ့ညကဖြစ်ပျက်ခဲ့သည့်ကိစ္စကြောင့် မြို့အကာအကွယ်ဝင်္ကပါကြီး ပျက်စီးသွားခဲ့သည်။
ဤကဲ့သို့ ထိပ်သီးအစွမ်းကျင့်ကြံသူတစ်ယောက် ရှိနေသည်ကို လူအများမှသိရှိသွားမှသာ သူတို့အားလုံး၏စိတ်နှလုံးသားကို တည်ငြိမ်အောင်ထိန်းသိမ်းထားနိုင်ပေမည်။
"ဒီအချိန်က ဆုကျူးကျင်း အပြင်ကိုထွက်လာပြီးတော့ လမ်းခဏလျှောက်တဲ့အချိန်ပဲ"
ကျန်းချန်းက ရှင်းထျန်းကိုကြည့်ကပေါက်ပေါက်ပါးပါးပြောဆိုသည်။
ဆုကျူးကျင်းသည် ဤအချိန်တွင် လမ်းခဏထွက်လျှောက်လေ့ရှိကြောင်း သူတို့နှစ်ယောက်သား စုံစမ်းစစ်ဆေးပြီးဖြစ်သည်။
သူတို့မျှော်လင့်ထားသည့်အတိုင်း....
သူတို့၏စကား အဆုံးသတ်သွားသောအချိန်မှာပင် ဆုကျူးကျင်းထွက်လာသည်ကို မြင်တွေ့မိသည်။
ရုတ်ချည်းဆိုသလိုပင် သူတို့က ဆုကျူးကျင်းထံသို့ဦးတည်၍ လျှောက်လှမ်းသွားလိုက်သည်။
"အစ်ကိုဆု...မနေ့ညက ငါ ပြောခဲ့တဲ့ကိစ္စကို မင်း ဘယ်လိုသဘောရလဲ"
"ထိပ်တန်းအဆင့်အင်မော်တယ်ရတနာတွေ ကျင့်ကြံခြင်းအရင်းအမြစ်တွေ...တကယ်လို့ မင်းက ကုန်းမြေအရှင်နေရာကို လိုချင်တယ်ဆိုရင်တောင် မဖြစ်နိုင်တာမဟုတ်ဘူး...ငါ မင်းကို လွှဲပြောင်းပေးမယ်"
ရှင်းထျန်းနန်က ဆုကျူးကျင်း၏ရှေ့၌ မတ်တတ်ရပ်ကာ ထပ်မံ၍မေးမြန်းလိုက်သည်။ ဆုကျူးကျင်း သဘောတူညီသရွေ့ သူ မည်သည့်တောင်းဆိုချက်ကိုမဆို လိုက်လျောပေးနိုင်သည်။
အကြောင်းအရင်းမှာ ကုန်းမြေအတွင်း၌ ဆုကျူးကျင်းရှိနေသရွ ကုန်းမြေတစ်ခုလုံးသည် ထိုက်တောင်ကြီးတစ်လုံးကဲ့သို့ တည်ငြိမ်နေပေမည်။
"ထိပ်တန်းအဆင့် အင်မော်တယ်ရတနာတွေ မရေမတွက်နိုင်တဲ့ကျင့်ကြံဆင့်အရင်းအမြစ်တွေနဲ့ ကုန်းမြေအရှင်ရာထူး ငါတောင်မှ သွေးဆောင်ခံလိုက်ရသလိုပဲ"
"ဟား ဟား ဟား....မင်းက အဲ့ဒီအရာတွေနဲ့ တန်လို့လား"
"အိုး ဘုရားရေ...အဲ့ဒီလူက ဘယ်သူလဲ...ဘာလို့ သူ့ကိုကြည့်ရတာ မြေကမ္ဘာအင်မော်တယ် ကျင့်ကြံဆင့်စွမ်းအားပဲရှိတဲ့ လူတစ်ယောက်နဲ့တူနေတာလဲ"
"မင်း အဲ့ဒီကိစ္စကို နားမလည်နိုင်ဘူး....အခုခေတ်အချိန်ကာလမှာ ထိပ်သီးအစွမ်းထက်ဆရာကြီးတွေက သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားကြတယ်....သူတို့က လောကကြီးထဲကို ကစားဖို့ ရောက်လာကြတာပဲ"
"အော်...ဒီလိုမျိုးကိစ္စတွေ ရှိနေတာလား"
"..."
ရှင်းထျန်းနန်သည် ဆုကျူးကျင်းအား အလွန်အမင်းရိုသေစွာ စကားပြောဆိုနေသည်ကို လူများအားလုံး တွေ့မြင်မိသည်။
ထိုအချိန်မှာပင်....
မူချင်းချန်သည် အိမ်တော်၌ တစ်နေကုန်ငိုယိုနေသည်ကို နားထောင်နေရသော မူမိသားစုခေါင်းဆောင် အလွန်အမင်းဒေါသထွက်နေသည်။သူသည် ဤကိစ္စကို သူ့သမီး၏ကောင်းကျိုးအတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း သူ့၏သမီးဖြစ်သူသည် နားလည်သဘောပေါက်ခြင်းမရှိချေ။
ဤသို့ဖြင့်....
ရလဒ်အနေဖြင့် မူမိသားစုခေါင်းဆောင်သည် ပြင်ပသို့ထွက်လာရန် ဆုံးဖြတ်လိုက်သည်။
သူသည် ဆုကျူးကျင်းထံသို့ သွားလိုက်ရာ လမ်းထောင့်တစ်နေရာ၌ လူစုလူဝေးကြီးရှိနေသည်ကို မြင်တွေ့မိသည်။
"လက်ထောက်ကုန်းမြေအရှင်လား..."
ဤသည်မှာ သူသည် လက်ထောက်ကုန်းမြေအရှင်ကျန်းချန်းကို မြင်တွေ့ဖူးသော ပထမဆုံးအကြိမ်ပင်။
"ပြီးတော့ ကုန်းမြေအရှင်လည်း ရှိနေတာလား"
ကျန်းချန်းအပြင် ကုန်းမြေအရှင်လည်း ဤနေရာသို့ ရောက်ရှိနေပေ၏။
"ညီငယ်လေး...ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"
"ကုန်းမြေအရှင်နဲ့ လက်ထောက်ကုန်းမြေအရှင်တို့က ဘာလို့ ဒီနေရာကို ရောက်နေတာလဲ"
မူမိသားစုခေါင်းဆောင်က ဇဝေဇဝါဖြင့် နံဘေးရှိလူငယ်တစ်ယောက်ကို မေးမြန်းလိုက်သည်။
"အော်...မင်း ခုထိမသိသေးဘူးလား...မနေ့က မြို့တံခါးရဲ့ရှေ့မှာ ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်က ရန်သူတွေရဲ့တိုက်ခိုက်မှုကို ခုခံပြီးတော့ မြို့တံခါးကိုကာကွယ်နိုင်ခဲ့တယ်"
"သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်က ကုန်းမြေအရှင်ထက်တောင် မြင့်နေတယ်...ဒါကြောင့် ကုန်းမြေအရှင်နဲ့လက်ထောက်ကုန်းမြေအရှင်တို့က သူ့ကိုသိမ်းသွင်းဖို့အတွက် ရောက်လာကြတာပဲ"
မူမိသားစုခေါင်းဆောင်၏နံဘေးရှိ လူငယ်တစ်ယောက်က ရှင်းပြသည်။
သို့ရာတွင် ထိုလူငယ်၏စကားအဆုံးသတ်သွားသောအချိန်မှာပင် တစ်စုံတစ်ယောက်က အလျှင်အမြန်ဝင်ရောက်ပြောဆိုသည်။
"မင်း အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့....ငါ တခြားလူတွေရဲ့ပြောစကားကို သေသေချာချာနားထောင်ပြီးပြီ...အဲ့ဒီထိပ်သီးအစွမ်းထက်ဆရာကြီးက သူ့ရဲ့လက်ကိုဝှေ့ယမ်းလိုက်ရုံနဲ့ နေလအင်မော်တယ်ဆယ်ယောက်ကျော်ကို သတ်ဖြတ်နိုင်ခဲ့တယ်...မင်းနားထောင်ခဲ့တဲ့စကားတွေက မှားနေတယ်"
"မင်း နားထောင်တာကမှ မှားနေတာ...တကယ်တော့ အဲ့ဒီဆရာကြီးက အကြည့်တစ်ချက်နဲ့ နေလအင်မော်တယ်ဆယ်ယောက်ကျော်ကို သတ်ဖြတ်လိုက်တာပဲ"
"ဒါက မှားနေတယ်...."
"မင်းပြောတာက မှားတာ..."
နံဘေးပတ်ဝန်းကျင်ရှိလူများသည် ငြင်းခုံကာ အော်ဟစ်နေကြတော့သည်။
မူမိသားစုခေါင်းဆောင်သည် ထိုစကားလုံးများကိုကြားချိန်၌ သူ၏မျက်လုံးများ တောက်ပသွားသည်။
"ဒီလောက်တောင် ကြောက်ဖို့ကောင်းတဲ့လူမျိုးက ဘယ်သူလဲဆိုတာ ငါ မြင်ချင်တယ်"
ထိုကြောင့် သူသည် လူအုပ်အကြားသို့ တိုးဝှေ့ဝင်ကာ သူ့၏ခေါင်းကိုမော့ပြီး ထိပ်သီးအစွမ်းထက်ဆရာကြီးသည် မည်ကဲ့သို့ပုံစံမျိုးရှိသည်ကို တွေ့မြင်လိုခဲ့သည်။
သို့ရာတွင်...
အကြည့်တချက်ဖြင့် သူ၏နှလုံးခုန်နှုန်း ရပ်တန့်သွားသည်။
"ဆုကျူးကျင်းလား...."
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...သူက မြေကမ္ဘာအင်မော်တယ်လေးတစ်ယောက်လေ"
မူမိသားစုခေါင်းဆောင်က မယုံကြည်နိုင်စွာဖြင့်ရေရွတ်လိုက်သည်။
သူ့၏နောက်တွင်ရှိနေသော လူတစ်ယောက်က သူ့အား မျက်စောင်းထိုးကြည့်ကာ ပြောဆိုသည်။
"မင်း ဒီကိစ္စကိုတောင် မသိဘူးလား....ဒီထိပ်သီးအစွမ်းထက်ဆရာကြီးက ပေါ်ပေါ်လွင်လွင်မနေချင်တာ အသိသာကြီးလေ"
ထိုစကားများကိုကြားချိန်တွင် မူမိသားစုခေါင်းဆောင်၏ခြေထောက်များ ပျော့ခွေသွားကာ ရင်တလှပ်လှပ်ဖြစ်သွားသည်။သူ၏ခေါင်း မူးဝေလာသည်ကိုခံစားရပြီး သူသည် မြေပြင်ပေါ်၌ဝတ်တွားလိုက်၏။
သူ၏နှလုံးသွေးများ တစ်စက်စက်ယိုစီးနေသည့်အလားပင်။
ဖြောင်း....
ရုတ်ချည်းဆိုသလိုပင် သူ့ကိုယ်သူ ပါးတစ်ချက် ဖြတ်ရိုက်လိုက်သည်။
ဤပါးတစ်ချက်ဖြင့် မလုံလောက်နိုင်သဖြင့်သူ နောက်တစ်ချက် ပါးဖြတ်ရိုက်လိုက်သည်။
ပါးရိုက်သံများသည် အကန့်အသတ်မရှိ ထွက်ပေါ်နေပေ၏။
သူ့ကိုယ်သူ နာကျည်းမုန်းတီးမိသည်။
"ငါက ဆုကျူးကျင်းကို မြေကမ္ဘာအင်မော်နယ်တစ်ယောက်လို့သိတာနဲ့ ဘာလို့ မောင်းထုတ်ခဲ့မိတာလဲ"
"ရွှေအင်မော်တယ်တွေကို အနိုင်ယူနိုင်တဲ့လူက ဘယ်လိုလုပ်ပြီး မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်နိုင်မှာလဲ...ငါရဲ့ဦးနှောက်က တကယ့်ကို တုံးအတဲ့ဝက်ဦးနှောက်ပဲ"
"တကယ်လို့ ငါ့ရဲ့သမီးက သူ့ကိုတွေ့ချင်တယ်ဆိုရင်တောင် ငါ ဘာလို့ဟန့်တားနေရမှာလဲ"
မူမိသားစုခေါင်းဆောင်သည် နောင်တများဖြင့်မြေပြင်ပေါ်၌ဝတ်တွားကာ သူ၏မျက်နှာကို ကြိမ်ဖန်များစွာပါးဖြတ်ရိုက်ပြီး ငိုလိုက်ရယ်လိုက် လုပ်နေလေ၏။
နောင်တရခြင်းအတွက် ကုစားနိုင်သောဆေး မရှိချေ။
ယခုအချိန်၌ ဆုကျူးကျင်ူသည် ကုန်းမြေအရှင်နှင့်တန်းတူနေရာတွင် မတ်တတ်ရပ်နေသည်။ဤသည်မှာ သူ၏မူမိသားစုမှ စွမ်းဆောင်နိုင်သောကိစ္စမျိုး မဟုတ်ချေ။
အဆုံးသတ်၌ မူမိသားစုခေါင်းဆောင်သည် ဒေါသကြောင့်မေ့မြောသွားသဖြင့် သူ၏လက်အောက်ငယ်သားများက သူ့ကိုသယ်ဆောင်သွားတော့သည်။
"အစ်ကိုဆု ငါ့ကို အဖြေပြန်ပေးပါအုံး...ငါ တကယ်ကို ကတိပေးပါတယ်....မင်းလိုချင်တဲ့ ဘယ်တောင်းဆိုချက်ကိုမဆို ငါ သဘောတူနိုင်တယ်"
"တကယ်လို့ ငါ ပြောတဲ့အတိုင်းမလုပ်ဘူးဆိုရင် ဒီနေ့ ငါ့အပေါ် မိုးကြိုးငါးစင်းပစ်ချပြီးတော့ သေရပါစေ"
ရှင်းထျန်းနန်သည် သူ၏သဘောဆန္ဒအလျောက် တိုက်ရိုက်ကျိန်ဆိုလိုက်၏။
ကျန်းချန်းက ခေါင်းညိတ်လိုက်သည်။
ရှင်းထျန်းနန်နှင့်စကားပြောဆိုပြီးနောက် ဆုကျူးကျင်း၏မျက်နှာပေါ်တွင် အမူအယာကင်းမဲ့နေဆဲပင်။
ရုတ်တရက် ဆုကျူးကျင်း၏ပါးစပ်မှနေ၍ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည့်အလား နံပါတ်တချို့ကို တီးတိုးရေရွတ်လိုက်သည်။
"တစ်ဆယ်...."
"....."
"တစ်...."
ထိုရေရွတ်သံကိုကြားချိန်တွင် ရှင်းထျန်းနန်နှင့်ကျန်းချန်းတို့ အလွန်ပျော်ရွှင်သွားသည်။ဆုကျူးကျင်းသည် တောင်းဆိုချက်ဆယ်ခုကိုပြုလုပ်ပြီးနောက် သဘောတူညီရန် ဟန်ပြင်နေသလော။
ဤသည်မှာ ဖြစ်နိုင်ပေ၏။
ထိုကြောင့် သူတို့နှစ်ယောက်သည် ထိပ်တန်းအဆင့် အင်မော်တယ်ရတနာများကို ထုတ်ပေးရန် အလျှင်အမြန်ဟန်ပြင်လိုက်တော့သည်။
ဆုကျူးကျင်းသည် တစ်ဟူသောဂဏန်းကို ရွတ်ဆိုလိုက်စဉ်တွင် သူတို့နှစ်ယောက်သည် ဆုကျူးကျင်းထံသို့ အရာအားလုံးလွဲပြောင်းပေးရန် အဆင်သင့်ဖြစ်နေလေပြီ။
သူသည် နောက်ထပ်ကုန်းမြေအရှင်အသစ်ဖြစ်လာမည့် ဆုကျူးကျင်းကို ကြည့်လိုက်သည်။
ထိုအချိန်မှစ၍ သူ၏ရှင်းလော့ကုန်းမြေသည် တောက်ပသောအနာဂတ်တစ်ခုကို ဖွင့်လှစ်နိုင်ပေမည်။
သို့ရာတွင် ဆုကျူးကျင်းသည် ထိုထိပ်တန်းအဆင့် အင်မော်တယ်ရတနာများကို ယူဆောင်ခြင်းမပြုချေ။
"အချိန်ကျပြီ...ငါ မနက်စာသွားစားတော့မယ်....မင်းတို့ဖယ်ကြတော့...."
ထိုသို့ပြောဆိုပြီးနောက် ဆုကျူးကျင်းသည် အမူအယာကင်းမဲ့စွာဖြင့် ထိုလူနှစ်ယောက်ကိုဖြတ်လျှောက်သွားကာ မည်သည့်ကိစ္စမျှ မဖြစ်ပွားခဲ့သည့်အလား စားသောက်ဆိုင်ထံသို့ လျှောက်လှမ်းသွားတော့သည်။
ရှင်းထျန်းနန်.....
ကျန်းချန်း....
လက်ရှိနေရာတွင်ရှိနေသောလူများ.....
ရုတ်တရက် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ကြက်သေသေသွားသည်။
ဆုကျူးကျင်း၏နောက်ကျောပြင်ကိုကြည့်ပြီး ရှင်းထျန်းနန်နှင့်ကျန်းချန်းတို့သည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်၏။
သို့ရာတွင် သူတို့သည် လက်လျှော့အရှုံးပေးခြင်းမရှိချေ။
"ပြန်သွားကြစို့....ငါတို့တွေ ထပ်ပြီးစဉ်းစားကြရအောင်"
လက်ရှိနေရာတွေရှိနေသော လူအုပ်ကြီးသည် အချိန်အတော်ကြာသည်အထိ စုဝေးနေဆဲပင်။
"သူက သဘောမတူတာလား"
"ကုန်းမြေအရှင်ရာထူးက အရမ်းကောင်းတယ် မဟုတ်ဘူးလား"
လူအများ၏စိတ်နှလုံးသားများအတွင်း၌ မရေမတွက်နိုင်သောသံသယများ ပေါက်ဖွားလာတော့သည်။
Chapter 708
လွန်ခဲ့သောနှစ်ရက်အတွင်း၌ တချို့လူများသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေခဲ့သည်။
ဆုကျူးကျင်းသည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဟူသည်ကို သိရှိသွားသဖြင့် သူ၏မိတ်ဆွေအစောင့်စစ်သားအိုကြီးသည် သူ၏ခေါင်း ဗလောင်ဆူနေသကဲ့သို့ ခံစားမိသည်။
သူသည် ဆုကျူးကျင်အား ညီငယ်လေးဟုခေါ်ဆိုခဲ့သည်ကို ပြန်လည်တွေးတောမိကာ ယခုလက်ရှိအချိန်၌ ကြောက်ရွံ့နေခဲ့သည်။
သူသည် အိမ်သို့ပြန်သွားပြီးနောက် အိမ်ရှေ့သို့ကြည့်လိုက်စဉ်တွင်....
"ကုန်းမြေအရှင်လား...."
အစောင့်စစ်သားအိုကြီးသည် ကုန်းမြေအရှင်ရှင်းထျန်းနန်နှင့် လက်ထောက်ကုန်းမြေအရှင်ကျန်းချန်းတို့ကို တွေ့မြင်မိသဖြင့် ကြောင်တက်တက်ဖြစ်သွားသည်။
"ဒီရက်တွေမှာ ငါ တကယ်ပဲ နေမကောင်းဖြစ်နေတာလား...ဒါက အရမ်းအံ့အားသင့်ဖို့ကောင်းတာပဲ....ကုန်းမြေအရှင်က ဒီနေရာကို ဘာလာလုပ်မှာလဲ"
အစောင့်စစ်သားက တီးတိုရေရွတ်ကာ သူ၏မျက်လုံးများကို ပွတ်သပ်လိုက်သည်။
ထို့နောက် သူသည် အိမ်ရှေ့သို့ တဖန်ပြန်၍ကြည့်လိုက်၏။
ထိုအချိန်မှာပင် သူ၏အိမ်ရှေ့၌ ထိုင်နေသူများမတ်တတ်ထရပ်သည်ကို သူ မြင်တွေ့မိသည်။
"ဒါက ကုန်းမြေအရှင်...တကယ့်ကို ကုန်းမြေအရှင်ပဲ"
အစောင့်စစ်သားအိုကြီးသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။သူ၏ရှေသို့ရောက်ရှိလာသူနှစ်ယောက်သည် ကုန်းမြေအရှင်ရှင်းထျန်းနန်နှင့် လက်ထောက်ကုန်းမြေအရှင်ကျန်းချန်းတို့ ဖြစ်နေသည်။
ထိုလူနှစ်ယောက်၏နောက်တွင် နာမည်ကျော်ကြားသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ အမြောက်အများရှိနေသည်။
ထိုလူများသည် သူ့ကဲ့သို့ အစောင့်စစ်သားတစ်ယောက်ကိုတွေ့ဆုံရန် ရောက်ရှိလာခြင်း ဖြစ်သလော....
"အရှင်တို့ ဘာကိုလိုအပ်လို့လဲ"
အစောင့်စစ်သားသည် မြင့်မြတ်သောလူတစ်စုကိုကြည့်ကာ ကုန်းမြေအရှင်ကို အရိုအသေပြုရန်အတွက် မြေပြင်ပေါ်၌ ဒူးထောက်လိုက်၏။
သို့ရာတွင် သူ၏ခေါင်းကို အောက်သို့ငုံလိုက်စဉ်မှာပင် ကုန်းမြေအရှင်ရှင်းထျန်းနန်၏တွဲထူခြင်းကို ခံလိုက်ရသည်။
"လူအိုကြီးဝမ်....မင်း ဒူးထောက်ပြီးအရိုအသေပြုဖို့ မလိုဘူး"
ရှင်းထျန်းနန်သည် အစောင့်စစ်သားအိုကြီးကို တွဲထူပေးပြီးနောက် အပြုံးနှင့်ပြောဆိုကာ ခြံဝန်းအတွင်းသို့ ခေါ်ဆောင်သွားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏နောက်ရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် စိတ်ဝိညာဉ်ဟင်းလျာမျိုးစုံနှင့်ဝိုင်အရက်များကို သယ်ဆောင်လာပေ၏။
ထို့နောက် သူတို့သည် အစားအသောက်များကို ခြံဝန်းအတွင်း၌ နေရာချထားကာ ပြင်ဆင်လိုက်သည်။
"ကုန်းမြေအရှင် ဒါက...."
အစောင့်စစ်သားအိုကြီးသည် ရှင်းထျန်းနန်ကိုကြည့်ကာ သူ၏မျက်နှာပေါ်၌ ဇဝေဇဝါအရိပ်အယောင်များ ထင်ဟပ်နေသည်။
ဤအနေအထားကိုကြည့်ရသည်မှာ သူ့အားစားသောက်ရန် ဖိတ်ခေါ်နေခြင်းဖြစ်သလော....
"လူအုပ်ကြီးဝမ်....မင်းက နှစ်တွေအများကြီးကြာအောင် မြို့တံခါးကို စောင့်ကြပ်ခဲ့တယ်...မင်း အလုပ်လုပ်ရတာ တော်တော်လေးပင်ပန်းမှာပဲ"
"ဒီထမင်းတစ်နပ်က ရှင်းလော့ကုန်းမြေရဲ့ကိုယ်စား ငါတို့က မင်းကို ကျေးဇူးတင်တဲ့အနေနဲ့ကျွေးတာပါ"
လက်ထောက်ကုန်းမြေအရှင် ကျန်းချန်းက ရှင်းပြသည်။
အစောင့်စစ်သားအိုကြီးသည် ကျန်းချန်း၏ဆွဲခေါ်ခြင်းကို ခံရပြီးနောက် ထိုင်ခုံပေါ်၌ဝင်ထိုင်လိုက်ရ၏။
ထိုနောက် ကျန်းချန်းသည် ဝိုင်အရက်တစ်ခွက်ကိုမြှောက်ကာ အစောင့်စစ်သားအိုကြီးအား လေးစားမှုကို ပြသလိုက်သည်။
အစောင့်စစ်သားအိုကြီးသည် ထိတ်ထိတ်ပြာပြာဖြစ်သွားကာ သူ၏ဝိုင်အရက်ခွက်ကိုယူပြီး အလျှင်အမြန်တုံ့ပြန်လိုက်သည်။
အစောင့်စစ်သားအိုကြီးနေထိုင်သော လမ်းအတွင်းသို့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအမြောက်အများ ရောက်ရှိနေကြသည်။
ဤအစောင့်စစ်သားအိုကြီးသည် ဘဝတစ်သက်စာလုံး မြို့တံခါးကိုစောင့်ကြပ်ရန် တာဝန်ယူထားသော်လည်း သူ၏အရည်အချင်းသည် အကန့်အသတ်ရှိသဖြင့် အဆင့်နိမ့်အင်မော်တယ်တစ်ယောက်သာဖြစ်သည်။
သို့ရာတွင် ယခုချိန်၌ ကုန်းမြေအရှင်နှင့်လက်ထောက်ကုန်းမြေအရှင်တို့သည် သူ့အတွက် တွေးတောခဲ့ပုံရသည်။
ယခုကြည့်ရသလောက် မြို့တံခါးကိုစောင့်ကြပ်သော အစောင့်စစ်သားအိုကြီးတစ်ယောက်ကို စားသောက်ပွဲတက်ရန်အတွက် ဖိတ်ကြားခံရပုံပင်။
ရုတ်ချည်းဆိုသလိုပင် လမ်းတစ်လမ်းလုံး ဆူညံပွက်လောရိုက်သွားသည်။
ဒီရေစီးကြောင်းတစ်ခုအလား လူအမြောက်အများရောက်ရှိလာကာ အစောင့်စစ်သားအိုကြီး၏အိမ်ရှေ့၌ မတ်တတ်ရပ်နေကြသည်။
"ငါ အမြင်များ မှားနေတာလား...ကုန်းမြေအရှင်နဲ့ လက်ထောက်ကုန်းမြေအရှင်တို့က လူအိုကြီးဝမ်နဲ့အတူ ဝိုင်အရက်သောက်နေကြတာလား"
"အိုး ဘုရားရေ...."
"ငါ ဒါကိုမယုံကြည်နိုင်ဘူး"
လူအများထံမှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်နေကာ သူတို့၏မျက်နှာများထက်၌ အလွန်အမင်းမနာလိုအားကျမှုများရှိနေသည်။
ဤသည်မှာ ကုန်းမြေအရှင်နှင့်လက်ထောက်ကုန်းမြေအရှင်တို့ပင်။
ခြံဝန်းငယ်လေးအတွင်း၌...
ဝိုင်အရက်တစ်ခွက်သောက်ကာ လေးစားမှုကိုပြသပြီးနောက် ရှင်းထျန်းနန်က သူ့၏လာရင်းရည်ရွယ်ချက်အကြောင်းကို ပြောဆိုလိုက်သည်။
"လူအိုကြီးဝမ်...မင်းက စီနီယာဆုနဲ့ဆက်ဆံရေးကောင်းရှိတယ်လို့ ငါ ကြားထားတယ်"
"ငါက စီနီယာဆုကို ငါတို့ရှင်းလော့ကုန်းမြင့်ရဲ့လက်ထောက်ကုန်းမြေအရှင် ရာထူးအတွက် ဖိတ်ခေါ်ချင်တယ်....ဒါပေမဲ့ စီနီယာဆုက သဘောမတူခဲ့ဘူး....ဒါကြောင့် ငါက လူအိုကြီးဝမ်ဆီကိုလာပြီးတော့ မေးရတာပါ"
"လူအိုကြီးဝမ်ကလဒီကိစ္စကိုတာဝန်ယူပြီးတော့ စီနီယာဆုကိုလဖိတ်ခေါ်ပေးနိုင်မလားဆိုတာ ငါ သိချင်မိတယ်"
ထိုသို့ပြောဆိုပြီးနောက် ရှင်းထျန်းနန်က အစောင့်စစ်သားအိုကြီးနှင့် ခွက်ချင်းတိုက်ရန်အတွက် သူ၏ဝိုင်အရက်ခွက်ကို မြှောက်လိုက်သည်။
"ဒါက...."
ကုန်းမြေအရှင်ရှင်းထျန်းနန်၏စကားကို ကြားချိန်တွင် မူလက ဝိုင်အရက်ခွက်ချင်းတိုက်လိုသော အစောင့်စစ်သားအိုကြီး၏လက်အတွင်းရှိ ဝိုင်အရက်ခွက် လမ်းတစ်ဝက်မှာပင် ရပ်တန့်သွားသည်။
သူသည် အလျှင်အမြန်မတ်တတ်ထရပ်ကာ ရိုသေလေးစားသောအမူအယာဖြင့် ရှင်းထျန်းနန်ကို မျက်နှာချင်းဆိုင်လိုက်သည်။
"ကုန်းမြေအရှင်...ငါနဲ့ဆုကျူးကျင်းကြားမှာရှိတဲ့ဆက်ဆံရေးက သာမန်ထက် နည်းနည်းလေးပိုကောင်းရုံပဲ"
"ဆုကျူးကျင်းကို စိတ်သိပ်မမှန်တဲ့ ကောင်လေးတစ်ယောက်လို့ ငါက အမြဲတမ်းတွေးထင်ခဲ့မိတယ်....ဒါကြောင့် ငါက သူ့ကို နည်းနည်းလောက်ဂရုစိုက်ပေးခဲ့ပြီးတော့ သူ့အတွက် ငါ့ရဲ့အထောက်အပံ့ပစ္စည်းတွေကို ခွဲပေးခဲ့တယ်"
"ဒါက ငါနဲ့ဆုကျူးကျင်းကြားမှာရှိတဲ့ ဆက်ဆံရေးပဲ...ကုန်းမြေအရှင်ပြောတဲ့အဆင့်ထိ မရောက်သေးပါဘူး"
"ငါ့ကို ဆုကျူးကျင်းဆီကိုသွားပြီးတော့ သိမ်းသွင်းပေးစေချင်တယ်ဆိုရင်တော့ ငါ ဒါကို လုပ်နိုင်မှာမဟုတ်ဘူး"
အစောင့်စစ်သားအိုကြီးက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
သူသည် ဆုကျူးကျင်းကို မည်သို့ဖိတ်ခေါ်ရမည်နည်း....
ထိုသို့ပြောဆိုလာသဖြင့် သူသည် ကုန်းမြေအရှင်ရှင်းထျန်းနန်ကို တဖန်ပြန်၍ မေးမြန်းရပေမည်။
မည်သို့ပင်ဆိုစေကာမူ ရှင်းထျန်းနန်သည် သူနှင့်ဆုကျူးကျင်းအကြား၌ ဆက်ဆံရေးကောင်းရှိသည်ဟု မည်သည်ကြောင့် ယူဆခဲ့သနည်း....
"လူအိုကြီးဝမ်...အဲ့ဒီလိုမလုပ်ပါနဲ့"
ရှင်းထျန်းနန်သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အစောင့်စစ်သားအိုကြီးကို အလျှင်အမြန်ပြန်ထိုင်ခိုင်းလိုက်၏။
"ဒီကိစ္စက အဆင်ပြေပါတယ်....ငါတို့က မင်းကို အပြစ်တင်မှာမဟုတ်ဘူး....ငါတို့က ကြိုးစားကြည်ရုံသက်သက်ပဲ"
"ဒီထမင်းတစ်နပ်က ငါ့ရဲ့စိတ်ရင်းကို ပြသတာပါ....မင်းက မြို့တံခါးကို နှစ်ပေါင်းများစွာကြာအောင် စောင့်ကြပ်ခဲ့ပြီးတော့ ပင်ပင်ပန်းပန်းအလုပ်ကြိုးစားခဲ့တာတောင် ဘာအခွင့်ထူးကိုမှမရခဲ့တာကြောင့် ဒါက ဖြစ်သင့်တဲ့ကိစ္စပဲ"
ရှင်းထျန်းနန်ကပြောဆိုကာ သူသည် နောက်ထပ်ဝိုင်အရက်တစ်ခွက်ငှဲ့၍ အစောင့်စစ်သားအိုကြီးကို အရိုအသေပြုလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
အစောင့်စစ်သားအိုကြီးသည် ကုန်းမြေအရှင်၏အပြုအမူကို မြင်တွေ့ချိန်တွင် အလွန်ဝမ်းသာသွားသည်။သူသည် ဝိုင်အရက်တစ်ခွက်ကိုသောက်ပြီးနောက် အချိန်တခဏကြာခန့်စဉ်းစားတွေးတောကာ ပြောဆိုလိုက်၏။
"တကယ်တော့ ဆုကျူးကျင်းအပေါ် ငါ့ရဲ့အမြင်အရဆိုရင် သူလုပ်တဲ့အရာအားလုံးက တိကျတယ်"
"သူ့ရဲ့အမူအကျင့်အရ ပြောမယ်ဆိုရင်...ကုန်းမြေအရှင် နားလည်နိုင်မှာမဟုတ်ဘူး... ဒါပေမဲ့ သူက နေ့တိုင်း အလုပ်အသွားအပြန်ကို ပုံမှန်အတိုင်း အချိန်အတိအကျလုပ်တယ်"
"သူ ငါ့ကို ပြောထားတဲ့စကားအရဆိုရင် သူ့ဆရာကြီး ပေးအပ်တဲ့တာဝန်ကို မပြီးဆုံးသေးမချင်း သူ ဒီနေရာကနေ ထွက်သွားမှာမဟုတ်ဘူး"
အစောင့်စစ်သားအိုကြီးက အလေးအနက်ထား၍ ပြောဆိုသည်။
"ဆရာကြီး ပေးအပ်တဲ့တာဝန်လား"
"ဆုကျူးကျင်းမှာ ဆရာရှိတာလား"
အစောင့်စစ်သားအိုကြီး၏စကားကိုကြားပြီးနောက် ကုန်းမြေအရှင်နှင့်လက်ထောက်ကုန်းမြေအရှင်တို့သည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
ဆုကျူးကျင်းသည် အလွန်သန်မာအားကောင်းသည်ကို သူတို့အားလုံး သိရှိပြီးဖြစ်သည်။
ဆုကျူးကျင်းသည် ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်ဖြစ်သည်ဟု သူတို့ တွေးထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ သူ့ထံ၌ ဆရာတစ်ယောက်ရှိနေသည်။
ဆုကျူးကျင်း၏ဆရာသည် မည်မျှထိအစွမ်းထက်သည်ကို သူတို့ တွေးတောကြည့်ဝံ့ခြင်းပင်မရှိချေ။
"ငါတို့ နားလည်ပြီ"
ကုန်းမြင့်အရှင်ရှင်းထျန်းနန်နှင့် လက်ထောက်ကုန်းမြေအရှင်ကျန်းချန်းတို့သည် ခေါင်းညိတ်လိုက်ကြ၏။
ယခုကြည့်ကြည့်တော့မှ ဤကဲ့သို့ အစွမ်းထက်သောကျင့်ကြံသူတစ်ယောက်သည် မြို့တံခါး၏အစောင့်စစ်သားအဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ သူ၏ဆရာကြီးပေးအပ်သောတာဝန်ကို အောင်မြင်ပြီးမြောက်စေရန်ပင်။
ကြည့်ရသည်မှာ ဆုကျူးကျင်းသည် ရှင်းလော့ကုန်းမြေ၏ လက်ထောက်ကုန်းမြေအရှင်နေရာကို လက်ခံမည်မဟုတ်ချေ။
ရှင်းထျန်းနန်နှင့်ကျန်းချန်းတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ထပ်မံ၍ခေါင်းညိတ်လိုက်ကြ၏။
ဆုကျူးကျင်းသည် မြို့တံခါးကိုသာ စောင့်ကြပ်လိုသဖြင့် သူတို့သည် ထိုကိစ္စကို လက်ခံရပေမည်။
အနည်းဆုံးအနေဖြင့် မြို့တံခါးကို ဆုကျူးကျင်း စောင့်ကြပ်နေသရွေ့ သူ၏တာဝန်ချိန်အတွင်း၌ ရှင်းလော့မြို့တော်သည် ထိုက်တောင်ကြီးတလုံးကဲ့သို့ တည်ငြိမ်နေမည်မှာ သေချာပေါက်ပင်။
နေ့ရက်များ....
ဆက်လက်၍ ကုန်ဆုံးသွားခဲ့ကာ....
ဆုကျူးကျင်းသည် သာမန်အတိုင်း မနက်ကိုးနာရီမှညနေငါးနာရီအထိ နေ့စဉ်နေ့တိုင်း အလုပ်အသွားအပြန်လုပ်နေဆဲပင်။
အမှတ်ကိုးမြို့တံခါးထံသို့ ရှင်းထျန်းနန် ကျန်းချန်းနှင့်တခြားလူများ ရံဖန်ရံခါရောက်ရှိလာသည်မှလွဲ၍ မည်သည့်ပြောင်းလဲမှုမျှမရှိချေ။
....
ဤအချိန်အခိုက်အတန့်တွင် တပည့်သစ်တစ်ယောက်ရရှိရန် ရှာဖွေနေသော ရီဖုန်း၏စိတ်အတွင်း၌ ရင်းနှီးကျွမ်းဝင်သော အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။
"ဒင်..."
"လက်ခံသူကို ဂုဏ်ပြုပါတယ်....မင်းရဲ့လေးဆယ့်တစ်ယောက်မြောက် တစ်ပည့်ဆီကနေ ကံကြမ္မာရမှတ်ငါးထောင်ကို လက်ခံရရှိပါတယ်"
"လက်ရှိကံကြမ္မာရမှတ်....အမှတ်နှစ်သောင်းလေးထောင့်နှစ်ရာ...."
ရီဖုန်း၏စိတ်အတွင်း၌ စနစ်၏အသံ ထွက်ပေါ်လာသည်။
"လေးဆယ့်တစ်ယောက်မြောက် တပည့်လား"
"ကံကြမ္မာရမှတ်တွေ ရတာလား"
"ဒါပေမဲ့ သူက ဘယ်သူလဲ"
ရီဖုန်းသည် သူ၏ခေါင်းကိုကုတ်လိုက်ကာ အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။
သို့ရာတွင် ထိုတပည့်နှင့်ပတ်သက်ပြီး သူ ဂရုမစိုက်တော့ချေ။
ဤသည်မှာ အရေးမကြီးပေ။သူ့အတွက် အရေးအကြီးဆုံးကိစ္စမှာ သူ၏တပည့်များသည် အခွင့်အရေးများကို စတင်၍ရှာဖွေနိုင်ရန်ပင်။
တပည့်တစ်ယောက်ဆီမှငါးထောင် တခြားတစ်ဖက်ဆီမှငါးထောင်ဖြင့် ရက်အနည်းငယ်အတွင်းတွင် သူ ကံကြမ္မာရမှတ်အမြောက်အများရရှိနိုင်သည်။
ရီဖုန်းသည် နောက်ထပ်ကုန်းမြေတစ်ခုထံသို့ဦးတည်၍ ပျံသန်းသွားလိုက်၏။
...
အနက်ရောင်ခန်းမအတွင်း၌....
လိုက်ကာ၏နောက်တွင် ဒေါသအရှိန်အဝါများမြင့်တက်နေသည်။
"ရှင်းလော့ကုန်းမြေရဲ့ကံကြမ္မာစွမ်းအားတွေလည်း ဆုံးရှုံးသွားပြီ...ဘာတွေ ဖြစ်သွားတာလဲ"
သံတမန်ကြီးထံမှ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
"အရှင့်အတွက် အရမ်းအရေးကြီးတဲ့ ကုန်းမြေနှစ်ခုက ကံကြမ္မာစွမ်းအားတွေ အခုချိန်မှာ လက်လွှတ်လိုက်ရပြီ....ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကို ရှာတွေ့ပြီလား"
'သံတမန်ကြီး ဒေါသမထွက်ပါနဲ့...ငါတို့က ဒီကိစ္စကို စုံစမ်းပြီးပါပြီ"
မြေပြင်ပေါ်၌ဒူးထောက်နေသော လက်အောက်ငယ်သားက ပြောဆိုသည်။
"အဲ့ဒီကုန်းမြေတွေကနေ ရရှိထားတဲ့ သတင်းအရဆိုရင် ချုံးပိုင်ကုန်းမြေမှာ ချီယီထုံလို့ခေါ်တဲ့လူဝကြီးတစ်ယောက်ရှိပြီးတော့....ရှင်းလော့ကုန်းမြေမှာ ဆုကျူးကျင်းလို့ခေါ်တဲ့ အစောင့်စစ်သားလူငယ်တစ်ယောက်ရှိနေတယ်"
"ငါတို့စုံစမ်းထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် အဲ့ဒီလူနှစ်ယောက်ရဲ့နောက်မှာ ဆရာကြီးတစ်ယောက်ရှိနေတယ်"
"ဒါကြောင့် ဒီကိစ္စတွေဖြစ်လာတဲ့ အကြောင်းအရင်းက သူတို့ရဲ့နောက်ကွယ်မှာရှိနေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ဆရာကြီးကြောင့်လို့ ငါတို့ ခန့်မှန်းမိတယ်"
"လျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာကြီးလား"
သံတမန်ကြီး၏အသံ ရုတ်တရက် အေးစက်တင်းမာစပြုလာသည်။
"အခုအချိန်မှာ လူတွေက ပိုအတင်ရဲလာပြီးတော့ ရိုင်းစိုင်းလာကြပြီ"
"သံတမန်ကြီးက တစ်ယောက်ယောက်ကိုလွှတ်ပြီးတော့ အဲ့ဒီချီယီထုံနဲ့ဆုကျူးကျင်းတို့ကို ဖမ်းစေချင်လား"
လက်အောက်ငယ်သားတစ်ယောက်က မေးမြန်းသည်။
"မလုပ်နဲ့...."
သံတမန်ကြီးက သူ၏လက်တစ်ဖက်ကိုကာပြကာ ပြောဆိုသည်။
"အဲ့ဒီလူနှစ်ယောက်က အသေးအမွှားလေးတွေပဲ....သူတို့ထက် ပိုပြီးအရေးကြီးတဲ့ကိစ္စက သူတို့ရဲ့နောက်ကွယ်မှာရှိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ဆရာကြီးပဲ...တကယ်လို့ သူတို့ကို တိုက်ခိုက်လိုက်ရင် မြွေကိုခြောက်လှန့်သလို ဖြစ်သွားလိမ့်မယ်"
"ဒါဆိုရင် သံတမန်ကြီး...ငါတို့ ဘာလုပ်သင့်လဲ"
လက်အောက်ငယ်သားများက မေးမြန်းသည်။
"အခုအချိန်မှာ မင်းတို့က သဲလွန်စတွေကို ရှာဖွေထားရမယ်...လျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာကြီးနဲ့ပတ်သက်တဲ့ ကိစ္စတွေအားလုံးကို စစ်ဆေးရမယ်...သူက အင်မော်တယ်နယ်မြေထဲမှာရှိနေသရွေ့ သူ ဘယ်နေရာမှာပဲပုန်းနေနေ သူ့ကိုတွေ့အောင် ရှာရလိမ့်မယ်"
လိုက်ကာ၏နောက်မှနေ၍ သံတမန်ကြီး၏အေးစက်စက်အသံ ထပ်မံ၍ထွက်ပေါ်လာသည်။
"အဲ့ဒီအသေးအမွှားလူတွေအပေါ်ကိုတော့ မင်းတို့တွေ လှုပ်ရှားဖို့မလိုဘူး"
"ဟုတ်ကဲ့..."
လက်အောက်ငယ်သားများသည် ရိုသေလေးစားစွာတုံ့ပြန်ကာ အလျှင်အမြန်ထွက်ခွာသွားတော့သည်။
Chapter 709
ဤအချိန်အခိုက်အတန့်တွင်....
လိုက်ကာ၏နောက်တွင်ရှိသော သံတမန်ကြီးသည် ကံကြမ္မာစွမ်းအားများကိုအသုံးပြု၍ သဲလွန်စများကို စတင်၍ရှာဖွေခဲ့သည်။
ဆက်နွယ်မှုတစ်ခုရှိနေသရွေ့ ကံကြမ္မာအကြောင်းတရားများရှိကာ ဤကိစ္စများအားလုံး၏နောက်ကွယ်မှ သဲလွန်စများကို ရှာဖွေနိုင်ပေမည်။
သို့ရာတွင် ဤရက်များအတွင်း၌....
သံတမန်ကြီးသည် သူရှေ့၌ ကြီးမားသော အတားအဆီးတစ်ခု ရှိနေသည့်အလား မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့ခဲ့ချေ။
ထိုအတားအဆီးကို ချိုးဖျက်နိုင်ရန်အလို့ငှာ သံတမန်ကြီးသည် သူ၏အင်မော်တယ်ရတနာများအားလုံးကို စတေးခဲ့သည့်အပြင် သူ့၏အသက်စွမ်းအားများကိုလည်း အသုံးပြုခဲ့သည်။
"ဖူး..."
သံတမန်ကြီး၏ပါးစပ်မှ သွေးတစ်လုတ် အန်ထွက်လာသည်။
ဤသဲလွန်စရှာဖွေမှုကို အတင်းအကြပ်ကြားဖြတ်ဟန့်တားခြင်းခံရသဖြင့် သံတမန်ကြီး အပြင်းအထန်ဒဏ်ရာရရှိသွားတော့သည်။
"ဒီကိစ္စမှာ မမြင်နိုင်တဲ့ နည်းလမ်းတချို့ရှိနေတာ သေချာတယ်"
"ကိစ္စက ဒီလိုတွေဖြစ်လာမှာတော့ ငါက တခြားလူတွေဆီကနေ အကူအညီတောင်းရလိမ့်မယ်"
သူသည် ထိုစကားကိုပြောဆိုရင်း သတင်းပို့ကျောက်စိမ်းပြားကိုထုတ်ယူကာ အင်မော်တယ်နယ်မြေ၏အရပ်ဒေသအသီးသီးသို့ ဆက်သွယ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အင်မော်တယ်နယ်မြေအတွင်းရှိ လျှို့ဝှကိနယ်မြေများတွင်နေထိုင်သောလူများသည် ထိုသတင်းစကားကို တစ်ပြိုင်နက်တည်း လက်ခံရရှိလေ၏။
"သံတမန်တို့....လူတချို့က ကံကြမ္မာစွမ်းအားတွေကိုရဖို့အတွက် ငါတို့ထက် အရင်ဦးအောင်လှုပ်ရှားနေကြပြီ...အဲဒီကိစ္စရဲ့နောက်ကွယ်က အဓိကလက်သည်တရားခံကို ရှာဖွေနိုင်ဖို့အတွက် မင်းတို့အားလုံးက ကျေးဇူးပြုပြီးတော့ ငါ့ကိုကူညီပေးကြပါ"
ထိုအသံကို ကြားပြီးနောက်....
လူဆယ်ယောက်ကျော်၏မျက်လုံးများ လှုပ်ရှားသွားကာ သူတို့၏လက်များမှ စွမ်းအားများသည် မိုးကောင်းကင်ယံအတွင်း၌ ပျံ့လွင့်သွားပြီး အနက်ရောင်ခန်းမအတွင်း၌ စုဝေးသွားသည်။
ထိုလူများ၏စွမ်းအားဖြင့် သံတမန်ကြီးသည် ထပ်မံ၍သဲလွန်စရှာဖွေလိုက်၏။
"အဲ့ဒီနေရာမှာပဲ...."
"ချင်းလန်ကုန်းမြေ...."
"အဲ့ဒီလူက ချီယီထုံ ဆုကျူးကျင်းတို့နဲ့ အဆက်အသွယ်ရှိနေတယ်"
သံတမန်ကြီးသည် အလွန်ပျော်ရွှင်သွားပေ၏။
ထို့နောက် သူ၏လက်ကိုလှုပ်ရှားကာ ချက်ချင်းအသံပေးပို့လိုက်သည်။
"ငါတို့ပစ်မှတ်ထားရမယ့်လူက ချင်းလန်ကုန်းမြေထဲမှာ ရှိနေတယ်"
"မင်းတို့တွေ အဲဒီနေရာကို သွားရလိမ့်မယ်"
...
အဝေးတစ်နေရာရှိ ချင်းလန်ကုန်းမြေ၌...
မြို့ငယ်လေးတစ်မြို့အတွင်းရှိ ကျန်းအိမ်တော်၌ ယွင်ဝူသည် လူလတ်ပိုင်းကြီးတစ်ယောက်နှင့်အတူ နေ့လည်ခင်းလက်ဖက်ရည်သောက်နေသည်။
"ဦးလေးကျန်း....ဦးလေးရဲ့လက်ဖက်ရည်က တကယ့်ကို အရသာရှိတယ်"
ယွင်ဝူက လက်ဖက်ရည်ခွက်ကိုကိုင်ရင်း အပြုံးနှင့်ပြောဆိုသည်။
"တကယ်လို့ မင်း ကြိုက်တယ်ဆိုရင် ငါက မင်းအတွက် နေ့တိုင်းဖျော်ပေးမယ်"
ကျန်းရန်ယုံသည် ယွင်ဝူ၏ခေါင်းငယ်လေးကိုပုတ်ကာ နူးညံညင်သာစွာ ပြောဆိုလိုက်၏။
မူလက သူတို့နှစ်ယောက်အကြားတွင် ပတ်သက်မှုမရှိချေ။
သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းခဲ့ရခြင်းမှာ ကျန်းရန်ယုံသည် လွန်ခဲ့သောလအနည်းငယ်အကြာက လမ်းပေါ်တွင် ယွင်ဝူကို မတော်တဆတွေ့ဆုံခဲ့ရသောကြောင့်ပင်။
မြေကမ္ဘာအင်မော်တယ်နယ်ပယ်တွင်ရှိသော မိန်းကလေးငယ်တစ်ယောက်သည် မည်သည့်ဆွေမျိုးသားချင်းမျှမရှိဘဲ လမ်းပေါ်တွင်လျှောက်သွားနေသည့်ကိစ္စကို သူ မကြည့်ရက်ခဲ့ချေ။
ထို့ကြောင့် မိန်းကလေး၏သဘောထားကိုမေးမြန်းပြီးနောက် သူသည် သူမအား အိမ်သို့ခေါ်ဆောင်လာခဲ့သည်။
လပေါင်းများစွာကြာအောင် ပြောဆိုဆက်ဆံခဲ့ပြီးနောက် ကျန်းရန်ယုံသည် ထိုမိန်းကလေးကိုပို၍ပို၍သဘောကျလာကာ သူတို့နှစ်ယောက်သည် သားအဖအလား နီးစပ်လာခဲ့သည်။
"ရှောင်ဝူ...မင်းရဲ့မိသားစုက ဘယ်နေရာမှာနေတာလဲ"
ကျန်းရန်ယုံက မေးမြန်းလိုက်သည်။သူသည် ယွင်ဝူကို သူ၏သမီးအရင်းတစ်ယောက်ကဲ့သို့ချစ်ခင်သော်လည်း သူမအားကူညီ၍ သူမ၏ဆွေမျိုးသားချင်းများကို ရှာပေးလိုဆဲပင်။
"ငါက အဲ့ဒီကိစ္စကိုလည်း မေ့သွားပြီ"
ယွင်ဝူက သူမ၏ခေါင်းကိုကုတ်ကာ ပြောဆိုသည်။အမှန်အားဖြင့် သူမ၏နေအိမ်သည် ရှင်းကျန်းကုန်းမြေ၌ရှိသည်ကို သူမအမှတ်ရသော်လည်း ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိချေ။သူမသည် အပြင်ထွက်ရသည်ကို သူမထက်ပို၍ နှစ်ခြိုက်သဘောကျသော သူမ၏ဂျူနီယာမောင်လေးညီမလေးများကို မျက်ခြေမပြတ်စောင့်ကြည့်ရပေမည်။
"အင်း ကောင်းပြီလေ..အရင်က မင်း ငါ့ကို မင်းရဲ့ဂိုဏ်းတူမောင်နှမတွေအကြောင်း ပြောခဲ့ဖူးတယ်....ဒါက အမှန်ပဲလား"
ကျန်းရန်ယုံက နူးညံညင်သာသောအသံဖြင့် ထပ်မံ၍မေးမြန်းသည်။
"အဲ့ဒီကိစ္စက အမှန်ပဲလေ"
ယွင်ဝူက ပြောဆိုသည်။
"ငါ့မှာ ဂျူနီယာမောင်နှမတွေ တစ်ရာလောက်ရှိပြီးတော့ စီနီယာအစ်ကိုကြီးနဲ့ဒုတိယစီနီယာအစ်ကိုလည်းရှိတယ်....ငါက တတိယမြောက်ပဲ...ဒါပေမဲ့ သူတို့က စီနီယာပဲဖြစ်ဖြစ် ဂျူနီယာပဲဖြစ်ဖြစ် ငါ့အပေါ် ကြင်ကြင်နာနာဆက်ဆံကြတယ်"
"ဟား ဟား ဟား...."
ကျန်းရန်ယုံက ရယ်မောလိုက်သည်။
"မင်းလိုကလေးမလေးတစ်ယောက်က တတိယစီနီယာအစ်မတဲ့လား...ဒါက တကယ့်ကို အံ့အားသင့်ဖို့ကောင်းတာပဲ"
သို့ရာတွင် အမှန်အားဖြင့် သူ အနည်းငယ်စိတ်ပျက်သွားမိသည်။
ထိုနေရာတွင် ဂိုဏ်းတူတပည့်တစ်ရာခန့်သာရှိနေသည့်အပြင် ဤမိန်းကလေးငယ်သည် တတိယစီနီယာအစ်မဖြစ်နေသဖြင့် အလွန်သေးသောဂိုဏ်းတစ်ဂိုဏ်းဖြစ်မည်ကို သူ စိုးရိမ်မိသည်။
အကယ်၍ ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်နေပါက သူသည် သူမအတွက် စုံစမ်းစစ်ဆေးကာ ရှာဖွေပေးနိုင်သည်။
သို့ရာတွင် အကယ်၍ ဂိုဏ်းငယ်လေးတစ်ဂိုဏ်းဖြစ်နေပါက သူသည် ယွင်ဝူအား ကူညီ၍ရှာပေးလိုသည့်တိုင် မလွယ်ကူမည်ကို သူ စိုးရိမ်မိသည်။
"အိုး ဦးလေးကျန်း...ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စိုးရိမ်ဖို့မလိုပါဘူး...ဆရာကြီးက ငါတို့အားလုံးကို လေ့ကျင့်ဖို့ တောင်းဆိုထားတယ်...တကယ်လို့ ဦးလေးကျန်းက ငါ့ကိုကူညီပြီးတော့ အဲ့ဒီနေရာကို ရှာပေးမယ်ဆိုရင်တောင် ငါက အချိန်အတိုင်းအတာတစ်ခုထိ ပြန်သွားနိုင်မှာမဟုတ်ဘူး"
ယွင်ဝူက ပြောဆိုသည်။
"အော်...မင်းလိုကလေးမလေးတစ်ယောက်က ဘယ်လိုလုပ်ပြီး အတွေ့အကြုံထွက်ရှာနိုင်မှာလဲ"
ကျန်းရန်ယုံသည် ယွင်ဝူကိုတချက်ကြည့်ပြီးနောက် ပြုံးလိုက်သည်။
"ထားလိုက်တော့...ဘယ်လိုပဲဖြစ်ဖြစ် မင်း အခု ဒီနေရာမှာနေရတာ အဆင်ပြေတယ်မဟုတ်လား....ဒါက မင်းရဲ့အိမ်ပဲ"
"ဦးလေးကျန်းကို ကျေးဇူးတင်ပါတယ်...ငါက နောင်တချိန်ကျရင် ဦးလေးကျန်းက ငါ့အပေါ်အရမ်းကောင်းတယ်ဆိုတာ ဂိုဏ်းတူမောင်နှမတွေအားလုံးကို ပြောပြရမယ်""
"ဒါဆိုရင် ငါက သူတို့ကို ဦးလေးကျန်းအတွက် လက်ဆောင်တွေအများကြီးပေးဖို့ ပြောလိုက်တာနဲ့....ဦးလေးကျန်းနဲ့သူတို့ ရင်းနှီးသွားမှာသေချာပေါက်ပဲ"
ယွင်ဝူက အပြုံးနှင့်ပြောဆိုသည်။
"ကောင်းပြီ....ကောင်းပြီလေ...ဟား ဟား ဟား.."
ကျန်းရန်ယုံသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။
သို့ရာတွင် ယွင်ဝူ ထိုသို့ပြောဆိုခဲ့သည့်တိုင် သူသည် ထိုလက်ဆောင်ဟူသောအရာများကို ဂရုမစိုက်ချေ။ယွင်ဝူ၏ဂိုဏ်းတူမောင်နှမများသည် သူ့အား ကောင်းမွန်သည့်လက်ဆောင်တစ်ခုတစ်လေ ပေးနိုင်မည်ဟု သူ တွေးထင်မထားချေ။
အကယ်၍ ကောင်းမွန်သောလက်ဆောင်တစ်ခုဖြစ်နေလျှင်ပင် သူသည် သူတို့အား ပြန်လည်ပေးအပ်ရပေမည်။
သူ ယွင်ဝူကိုကူညီခဲ့ခြင်းမှာ သူမအား သမီးရင်းတစ်ယောက်ကဲ့သို့ ချစ်မြတ်နိုးသောကြောင့်ပင်။
ခြံဝန်းအတွင်း၌ ရယ်မောသံများထွက်ပေါ်နေစဉ်မှာပင် မဖိတ်ခေါ်ထားသောဧည့်သည်များက ကျန်းအိမ်တော်၏အထက် ကောင်းကင်ယံအတွင်းသို့ ဆင်းသက်လာသည်။
သူတို့သည် ထက်ရှသောမျက်လုံးအကြည့်များဖြင့် ကျန်းအိမ်တော်တစ်ခုလုံးကို ကြည့်လိုက်ကြ၏။
အဆုံးသတ်၌ သူတို့၏မျက်လုံးအကြည့်များသည် ယွင်ဝူ၏ခန္ဓာကိုယ်ပေါ်သို့ အခိုင်အမာကျရောက်သွားသည်။
"ကလေးမလေးတစ်ယောက်လား...."
"မြေကမ္ဘာအင်မော်တယ်လား...."
"ငါတို့တွေ အမှားတစ်ခုခုများ လုပ်မိတာလား...."
ထိုလူများအားလုံး ကြက်သေသေသွားသည်။
သံတမန်ဆယ်ယောက်ကျော် အတူပူးပေါင်း၍ သဲလွန်စရှာဖွေပြီးနောက် ကိစ္စများ၏နောက်ကွယ်ရှိ ဆရာကြီးကို ရှာဖွေတွေ့ရှိပြီဟု တွေးထင်ကာ ကောင်းကင်ဘုံအင်မော်တယ်နန်းတော်မှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ဤနေရာသို့ ထွက်လာခဲ့ကြခြင်းဖြစ်သည်။
သူတို့သည် ပြင်းထန်သောတိုက်ပွဲတစ်ပွဲကို ဆင်နွှဲရမည်ဟု တွေးထင်ထားခဲ့သော်လည်း မြေကမ္ဘာအင်မော်တယ်နယ်ပယ်တွင်သာရှိသော မိန်းကလေးငယ်တစ်ယောက် ဖြစ်နေသည်။
ဤသည်မှာ ကောင်းကင်အဆင့် အင်မော်တယ်ရတနာကိုအသုံးပြု၍ ခြင်တစ်ကောင်ကိုသတ်ဖြတ်ရန် ကြံရွယ်နေသည့်အလားပင်။
"ဒါက လှည့်စားမှုတစ်ခု ဖြစ်နိုင်တယ်...သံတမန်ကြီးတွေရဲ့တွက်ချက်မှုက အမှားအယွင်းရှိမှာမဟုတ်ဘူး....ဒီကိစ္စတွေရဲ့နောက်ကွယ်မှာရှိတဲ့ဆရာကြီးက ဒီမိန်းကလေးမဟုတ်ဘူးဆိုရင်တောင် သူနဲ့ တစ်ခုခု သက်ဆိုင်နေလိမ့်မယ်"
လူတစ်ယောက်က ပြောဆိုသည်။
"ဒါကြောင့် သူ့ကို အရင်ဖမ်းခေါ်သွားပြီးတော့မှ စကားဆက်ပြောကြစို့"
"ကောင်းပြီလေ"
ကြွင်းကျန်သောလူများအားလုံး သဘောတူညီလိုက်ကြကာ ကျန်ူအိမ်တော်ခြံဝန်းအတွင်းသို့ တစ်ပြိုင်နက်တည်း ဆင်းသက်လိုက်ကြသည်။
ပြင်းထန်သောဖိအားအရှိန်အဝါတစ်ရပ် ကျရောက်လာပြီးနောက် ကျန်းအိမ်တော်တခုလုံးသည် မြေပြင်ပေါ်၌ ကြေးချွတ်သန့်စင်ဘုံတစ်ခုအတွင်းသို့ ဝင်ရောက်သွားရသည့်အလားပင်။
ဤဖိအားအရှိန်အဝါအောက်တွင် အိမ်တော်အတွင်းမှ အဆင့်နိမ့်အစေခံများအားလုံး မြေပြင်ပေါ်သို့လဲကျကာ သေဆုံးသွားကြသည်။
"ဘာဖြစ်တာလဲ"
ဤကဲ့သို့ဖိအားအရှိန်အဝါအောက်တွင် ကျန်းရန်ယုံ၏ခြေထောက်များ ပျော့ခွေသွားသည့်တိုင် သူသည် မသိစိတ်မှနေ၍ ယွင်ဝူကို တွဲထူလိုက်မိသည်။
တချိန်တည်းမှာပင် သူသည် မိုးကောင်းကင်ယံကို မော့ကြည့်လိုက်၏။
သူသည် လူဆယ်ယောက်ကျော်ခန့်မိုးကောင်းကင်ယံအတွင်းမှ ဆင်းသက်လာသည်ကို မြင်တွေ့မိသည်။ထိုလူများ၏ကျင့်ကြံဆင့်အခြေခံများကို သူ ထွင်းဖောက်မြင်နိုင်ခြင်းမရှိချေ။
"ကောင်းကင်ဘုံအင်မော်တယ်နန်းတော်က ကိစ္စတစ်ခု ဆောင်ရွက်စရာရှိနေတယ်....မဆိုင်တဲ့လူတွေ ဘေးဖယ်ကြစမ်း"
လူတစ်ယောက်က ကြီးကျယ်ခမ်းနားသောအသံဖြင့်ပြောဆိုကာ သူ၏မျက်လုံးတစ်စုံသည် ယွင်ဝူထံတွင်သာ ကျရောက်နေပေ၏။
"ဘာ...."
"ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကလား...."
ကျန်းရန်ယုံ၏ခြေထောက်များ ရုတ်တရက် ပျော့ခွေသွားသည်။
သူတို့ကဲ့သို့ မြို့ငယ်လေးတစ်မြို့တွင် နေထိုင်သူများအတွက် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်သည် ဒဏ္ဍာရီလာတည်ရှိမှုကြီးတစ်ခုပင်။ကောင်းကင်ဘုံအင်မော်တယ်နန်းတော်မှလူများသည် သူ၏ကျန်းအိမ်တော်ခြံဝန်းအတွင်းသို့ ရောက်ရှိလာမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားမိခြင်းမရှိပေ။
"အရှင်တို့ ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေးပါ...ကျွန်တော်တို့ကျန်းမိသားစုက ဘာပြဿနာရှိလို့လဲ"
ကျန်းရန်ယုံက သတ္တိမွေး၍ မေးမြန်းလိုက်သည်။
"မင်းရဲ့ဘေးမှာရှိနေတဲ့မိန်းကလေးကို လက်လွှဲပေးစမ်း"
လူတစ်ယောက်က အေးစက်တင်းမာစွာ ပြောဆိုသည်။
"ဒါက ...."
"ရှောင်ဝူကို လက်လွှဲပေးရမှာလား...သူက ကလေးမလေးတစ်ယောက်လေ...သူက အမှားအယွင်းတစ်ခုခု လုပ်ခဲ့လို့လား"
ကျန်းရန်ယုံက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။
"နားညည်းလိုက်တာ...."
ထိုလူသည် ကျန်းရန်ယုံကဲ့သို့ ပုရွက်ဆိတ်တစ်ကောင်ကို ရှင်းပြရန်အတွက် စိတ်ရှည်မူမရှိချေ။
ထိုကြောင့် သူသည် ကျန်းရန်ယုံကို လျစ်လျူရှုကာ သူ၏ဖိအားအရှိန်အဝါကို ထုတ်ဖော်အသုံးပြုလိုက်၏။
သို့ရာတွင် ထိုဖိအားအရှိန်အဝါသည် ယွင်ဝူအပေါ် အနည်းငယ်မျှ သက်ရောက်မှုမရှိချေ။ သူမသည် အံ့တင်းတင်းကြိတ်ကာ ထိုလူများကို ဒေါသတကြီး ကြည့်လိုက်၏။
"သေချာတယ်....ဒီမိန်းကလေးက ငါ့ရဲ့ဖိအားအရှိန်အဝါနဲ့ရင်ဆိုင်ရတောင် ဘယ်လိုမှ ဖြစ်မသွားဘူး"
"ငါတို့တွေ အတူပူးပေါင်းပြီးတော့ တိုက်ခိုက်ကြရအောင်"
ခေါင်းဆောင်လူကြီး၏အသံ ကျရောက်လာပြီးနောက် ဆယ်နှင့်ချီသောလူများသည် လက်စည်းတံဆိပ်များကို ဖွဲ့စည်းလိုက်ကြသည်။
ထိုလက်စည်းတံဆိပ်များ မြင့်တက်လာသည်နှင့် တစ်ချိန်တည်းမှာပင် မိုးကောင်းကင်ယံအတွင်းမှနေ၍ ကြီးမားသော ခေါင်းလောင်းကြီးတစ်လုံးကျရောက်လာကာ ယွင်ဝူကို လွှမ်းခြုံသွားတော့သည်။
Chapter 710
မကြာမီမှာပင်....
ကောင်းကင်ဘုံအင်မော်တယ်နန်းတော်မှ လူများအားလုံး၏ အင်မော်တယ်အနှစ်သာရစွမ်းအားများသည် ယွင်ဝူအားချိတ်ပိတ်ထားသော ခေါင်းလောင်းကြီးကို သယ်ဆောင်သွားတော့သည်။
ကျန်းအိမ်တော်တစ်ခုလုံးသာ ကမောက်ကမအခြေအနေဖြင့် ကျန်ခဲ့သည်။
ကျန်းရန်ယုံသည် ဒဏ်ရာအပြင်းအထန်ရရှိသွားပြီးနောက် သူ ပြန်လည်နိုးထလာချိန်တွင် သူ၏ကျန်းအိမ်တော်တစ်ခုလုံး မြေကြီးအတွင်းသို့ကျွံ့ဝင်သွားကြောင်း တွေ့ရှိလိုက်ရသည်။
ထိုလူများ၏ဖိအားအရှိန်အဝါအောက်တွင် ကျင့်ကြံဆင့်နယ်ပယ် အနည်းငယ်မြင့်မားသော လူနည်းစုမှလွဲ၍ ကြွင်းကျန်သောလူများအားလုံး ဆိုးဆိုးရွားရွားသေဆုံးသွားခဲ့ရသည်။
"ဘာတွေဖြစ်နေတာလဲ..."
"ဘာလို့လဲ...."
ကျန်းရန်ယုံသည် သူ၏လက်နှစ်ဖက်ကိုဖြန့်ကာ ခြံဝန်းအတွင်း၌ ဒူးထောက်လိုက်သည်။ထို့နောက် သူ၏မျက်လုံးမှ မျက်ရည်များယိုစီးကျလာကာ နှလုံးကွဲကြေလုမတတ် အော်ဟစ်လိုက်၏။
သို့ရာတွင် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်နှင့် ရင်ဆိုင်ရချိန်၌ သူ မည်သည့်အရာအား ပြုလုပ်နိုင်မည်နည်း....
သူ့ထံ၌ အစွမ်းအစကင်းမဲ့မှုများဖြင့် ပြည့်နှက်နေသည်။
...
မိုးကောင်းကင်ယံအတွင်း၌
ပုံရိပ်တစ်ရိပ် ပျံသန်းနေသည်။
ဤသည်မှာ ဓားပျံကိုစီး၍ မိုးကောင်းကင်ယံအတွင်း၌ ပျံသန်းနေသော လီကျင်းပင်။
"စီနီယာအစ်မယွင်ယွင်က ဒီတစ်ကြိမ်တော့ အရမ်းကြီးကျယ်ခမ်းနားလွန်းတယ်...သူက အင်မော်တယ်နယ်မြေရဲ့သမိုင်းကို ပြောင်းပြန်လှန်လိုက်ပြီ"
"မြေကမ္ဘာအင်မော်တယ်တစ်ယောက်က အထက်ဆင့်သုံးဆင့်ရဲ့ကုန်းမြင့်အရှင်တစ်ယောက်နေရာကို တက်လှမ်းနိုင်ခဲ့တယ်...ကျွတ် ကျွတ်..."
"ငါက အမြဲတမ်း လူမိုက်တစ်ယောက်လိုဟန်ဆောင်နေခဲ့ပေမယ့် ဘယ်သူမှ ငါ့ကိုလာပြီး ရန်မစခဲ့ဘူး...ဒါကြောင့် ငါကလည်း ဘယ်သူ့ကိုမှ မရိုက်ရသေးဘူး"
လီကျင်းက ပျံသန်းရင်း ညည်းတွားနေလေ၏။
"အဲ့ဒီထက်ပိုပြီး စိတ်အနှောက်အယှက်ဖြစ်စရာအကောင်းဆုံးကိစ္စက တခြားဂိုဏ်းတူမောင်နှမတွေအားလုံး နေရာဒေသအသီးသီးမှာ သူတို့ရဲ့မြေကမ္ဘာအင်မော်တယ်နယ်ပယ်ခွန်အားနဲ့ အောင်မြင်မှုတွေ စပြီးရနေကြပြီ...ငါကတော့ အခုထိ ဘယ်လိုလုပ်ရမယ်ဆိုတာကို မသိသေးဘူး"
"ငါ့ရဲ့လက်ဗလာနဲ့ ဓားသွားကိုဖမ်းစေတဲ့နည်းစနစ်ကို ဘယ်သူ့ဆီကိုသွားပြီး စမ်းသပ်ရမလဲ"
"ငါက အဲ့ဒီကိစ္စကို စမ်းသပ်ဖို့အတွက် တစ်ယောက်ယောက်ကိုရှာရမယ်"
"ဂျူနီယာညီလေးဟုန်ဖုန်ခွမ်းတော့ မဖြစ်ဘူး"
ထိုသို့ပြောဆိုပြီးနောက် သူသည် မသိစိတ်မှနေ၍ တုပ်လှုပ်ချောက်ချားသွားသည်။
သူသည် ဓားတစ်ချက်ဖြင့် ဟုန်ဖုန်ခွမ်းကို ဖြတ်တောက်ကောင်းဖြတ်တောက်နိုင်ပေမည်။
သို့ရာတွင် သူ၏လက်များ တုန်ရီနေသဖြင့် သူ၏ဓားကို ဆွဲမထုတ်နိုင်သေးမီမှာပင် ဟုန်ဖုန်ခွမ်း၏ရူးသွပ်စွာဖောက်ခွဲမှုအောက်၌ ပထမဆုံးသေဆုံးသွားရသည့် စီနီယာအစ်ကို ဖြစ်သွားမည်ကို သူ စိုးရိမ်မိသည်။
"ထားလိုက်တော့....ငါက စီနီယာအစ်မယွင်ယွင်ဆီသွားပြီးတော့ အလုပ်ကောင်းတစ်ခုရှိလားဆိုတာ မေးရမယ်"
လီကျင်းက မိုးကောင်းကင်ယံအတွင်း၌ ဆက်လက်၍ပျံသန်းခဲ့တော့သည်
ထိုအချိန်မှာပင် သူ၏အရှိန်နှုန်း ရုတ်တရက်ရပ်တန့်သွားသည်။
"ဒီနေရာမှာ စီနီယာအစ်မယွင်ဝူရဲ့အငွေ့အသက်တွေ ရှိနေတာပါလား"
"ဒါက အရမ်းကောင်းတယ်...ငါက စီနီယာအစ်မယွင်ဝူဆီကို အရင်ဆုံးသွားပြီးတော့ ထမင်းတစ်နပ်စားရမယ်"
လီကျင်းကပြုံးကာ ယွင်ဝူ၏အငွေ့အသက်ရှိနေသော မြို့ငယ်လေးထံသို့ ပျံသန်းသွားလိုက်ကာ သူသည် မကြာမီမှာပင် ကျန်းအိမ်တော်၏ပြင်ပသို့ ရောက်ရှိသွားပေ၏။
အကြည့်တချက်ဖြင့်....
ကျန်းအိမ်တော်သည် ပြင်းထန်သောထိခိုက်မှုကို ခံစားခဲ့ရသည်အား သူ သတိပြုမိကာ ယွင်ဝူ၏အငွေ့အသက် ကျန်ခဲ့သည်မှလွဲ၍ သူမအား သူ ရှာမတွေ့တော့ချေ။
"ဘာတွေဖြစ်သွားတာလဲ"
လီကျင်းသည် မျက်မှောင်ကြုတ်ကာ ချက်ချင်းဆိုသလိုပင် ကျန်းရန်ယုံ၏နံဘေးသို့ ပျံသန်းသွားလိုက်သည်။
အကြောင်းအရင်းမှာ ကျန်းရန်ယုံထံတွင် ယွင်ဝူကျန်ရစ်ခဲ့သော အပြင်းထန်ဆုံးအငွေ့အသက်ရှိနေသည်ကို သူ ခံစားမိသောကြောင့်ပင်။
ဤသည်ကြောင့် ဤလူသည် ယခင်က ယွင်ဝူနှင့် များစွာပတ်သက်ဆက်နွယ်မှု ရှိနေပေမည်။
"မင်းက ဘယ်သူလဲ"
ကျန်းရန်ယုံ၏မျက်လုံးများ နီမြန်းနေကာ သူ၏ခေါင်းကိုမော့ပြီး လီကျင်းကိုကြည့်လိုက်သည်။
"မင်း ယွင်ဝူကိုသိလား"
"ငါက သူ့ရဲ့ဂျူနီယာမောင်လေးပါ"
လီကျင်းက အလျင်စလို မေးမြန်းလိုက်သည်။
ယွင်ဝူ၏ဂျူနီယာမောင်လေးဟူသော စကားကိုကြားချိန်တွင် ကျန်းရန်ယုံ၏မျက်လုံးသူငယ်အိမ်များ အလျှင်အမြန်လှုပ်ရှားသွားသည်။သို့ရာတွင် သူသည် လီကျင်း၏ခန္ဓာကိုယ်ပေါ်မှ မြေကမ္ဘာအင်မော်တယ်အရှိန်အဝါကို ခံစားမိချိန်တွင် သူ၏မျက်လုံးများ မှေးမှိန်သွားပေ၏။
"ရှောင်ဝူက ကောင်းကင်ဘုံအင်မော်တယ်နန်းတော်က လူတွေရဲ့ဖမ်းခေါ်သွားတာကို ခံလိုက်ရတယ်"
ကျန်းရန်ယုံက မွန်းကြပ်နေသောအသံဖြင့် ပြောဆိုသည်။
"ဘာ...."
"ကောင်းကင်ဘုံအင်မော်တယ်နန်းတော်က ငါ့ရဲ့စီနီယာအစ်မကို ဖမ်းသွားတာလား"
လီကျင်း၏စိတ်နှလုံးသား လေးလံသွားသည်။ထို့နောက် သူသည် ကျန်းရန်ယုံကို မေးခွန်းများ ဆက်လက်၍မေးမြန်းလိုက်သည်။
သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ ကျန်းရန်ယုံသည် ကျန်းမိသားစုဝင်များ သေဆုံးသွားခြင်းကြောင့် ထိတ်လန့်တုန်လှုပ်နေသော အခြေအနေ၌ ရှိနေဆဲပင်။
သူသည် ယွင်ဝူကို ထိုလူများ မည်သည့်နေရာသို့ ဖမ်းခေါ်သွားသည်ကိုသိရန် နေနေသာသာ မည်သည်ကြောင့်ဟူသည်ကိုပင် မသိရှိပေ။
လီကျင်းသည် ကျန်းရန်ယုံထံမှနေ၍ မည်သည့်အရာကိုမျှ မေးမြန်း၍မရသဖြင့် မတ်တတ်ထရပ်ကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။
သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်နေပေ၏။
ဤသည်မှာ မိုးကောင်းကင်ကိုဆန့်ကျင်ခြင်းပင်။
ယွင်ဝူသည် စီနီယာအစ်မဖြစ်သော်လည်း သူမသည် စီနီယာများအကြား၌ အသက်အငယ်ဆုံးနှင့်မာန်မာနအကင်းဆုံးဖြစ်ရာ သူမသည် ဂိုဏ်းတူတပည့်များအားလုံး၏ ချစ်ခင်နှစ်သက်မှုကိုခံရဆုံးလူပင်။
ယခုအချိန်တွင် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်သည် ယွင်ဝူကို ဖမ်းဆီးသွားသဖြင့် ဤသည်မှာ သူတို့နှင့် ထိုက်တန်ပါသလော...
အကယ်၍ တခြားဂိုဏ်းတူမောင်နှမများသာ ဤကိစ္စကိုသိရှိသွားပါက ကောင်းကင်ဘုံအင်မော်တယ်နန်းတော်သည် သူတို့နှင့်အဆင့်တူတွင် ရှိနေနိုင်သလော.....
"တကယ်လို့ ငါ့ရဲ့စီနီယာအစ်မမှာ ဆံပင်တစ်ချောင်းလောက် ကျွတ်သွားခဲ့မယ်ဆိုရင်....ငါက မင်းတို့ ကောင်းကင်ဘုံအင်မော်တယ်နန်းတော်တစ်ခုလုံးကို မင်းတို့နဲ့အတူ မြေမြှုပ်ပြီးတော့ အင်မော်တယ်နယ်မြေကနေ ဖယ်ရှားပစ်မယ်"
လီကျင်းက ရက်စက်ကြမ်းကြုတ်စွာ ပြောဆိုပြီးနောက် အသံပေးပို့ခြင်းကျောက်စိမ်းပြားကိုထုတ်ယူကာ တခြားဂိုဏ်းတူမောင်နှမများအားလုံးကို ဆက်သွယ်လိုက်၏။
နံဘေးတစ်ဖက်တွင်ရှိနေသော....
ကျန်းရန်ယုံသည် ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုနေသော လီကျင်းကိုကြည့်ကာ သူ၏ခေါင်းကို ကူကယ်ရာမဲ့စွာဖြင့် ခါယမ်းလိုက်သည်။ထို့နောက် သူသည် စိတ်ပျက်လက်ပျက်အမူအယာဖြင့် ပျက်စီးနေသောကျန်းအိမ်တော်အတွင်းသို့ ဝင်လိုက်တော့သည်။
ချုံးပိုင်ကုန်းမြေ၌....
စည်ပိုင်းကြီးစားသောက်ဆိုင်၏စီးပွားရေးလုပ်ငန်း အဆင်ပြေနေသဖြင့် ချီယီထုံသည် ထမင်းကြော်ကြော်နေကာ တံခါးဝ၌ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ စောင့်ဆိုင်းနေပြီး လူတန်းရှည်ကြီးတစ်ခု ဖြစ်နေလေပြီ။
ထိုအချိန်မှာပင် သူ၏အသံပေးပို့ခြင်းကျောက်စိမ်းပြားမှ အလင်းရောင်များ ထွက်ပေါ်လာသည်။
"အမ်....ဂျူနီယာညီလေးလီကျင်းက ငါ့ကို ဘာလို့ဆက်သွယ်တာလဲ...ငါ့ကို သတိရလို့များလား"
ချီယီထုံသည် ပြုံးလိုက်ကာ ဒယ်အိုးအတွင်းရှိ ထမင်းကြော်ကိုမွှေပြီးနောက် အသံပေးပို့ခြင်းကျောက်စိမ်းပြားကို ကောက်ယူလိုက်သည်။
သို့ရာတွင်....
ကျောက်စိမ်းပြားမှသတင်းကို သူ ကြားရပြီးနောက်....
ထိုသတင်းကိုကြားပြီးနောက် သူ၏လက်အတွင်းရှိ သံဇွန်းကြီးကွေးကောက်သွားကာ ထိပ်တန်းအဆင့် အင်မော်တယ်ရတနာဖြစ်သော ဒယ်အိုးကြီးအား အပေါက်ကြီးတစ်ခုဖြစ်သည်အထိ ထုနှက်လိုက်သည်။
"ကောင်းကင်ဘုံအင်မော်တယ်နန်းတော်...သေစမ်း"
ထို့နောက် သူသည် သံဇွန်းကြီးတစ်ချောင်းနှင့်မီးဖိုချောင်သုံးဓားတစ်လက်ကို ကောက်ကိုင်ကာ လေထုအတွင်းသို့ ပျံသန်းသွားတော့သည်။
"ဆိုင်ရှင်...ဘာဖြစ်တာလဲ...."
"ထမင်းကြော် မရတော့ဘူးလား"
"ဘာတွေ ဖြစ်နေတာလဲ"
ဆိုင်ရှေ့၌ တန်းစီ၍စောင့်ဆိုင်းနေသော လူများသည် ဤမတော်တဆကိစ္စကို မြင်တွေ့လိုက်ချိန်တွင် မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိကြတော့ချေ။
သို့ရာတွင် ချီယီထုံ ပြေးထွက်သွားသည်မှာ အချိန်တခဏခန့် ကြာမြင့်နေလေပြီ။
"မင်းတို့ ခုဏက မကြားလိုက်ဘူးလား...ဆိုင်ရှင်က ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို သတ်မယ်လို့ ပြောလိုက်ပုံပဲ...ဆိုင်ရှင်က ကိစ္စကြီးတစ်ခုနဲ့ ရင်ဆိုင်နေရတာ ဖြစ်နိုင်တယ်"
"ဒါဆိုရင် ငါတို့ ဘာလုပ်သင့်လဲ"
"ငါတို့ ဘာလုပ်သင့်လဲဆိုတော့ ကောင်းကင်ဘုံအင်မော်တယ်နန်းတော်က ဘာကောင်တွေမလို့လဲ...ငါတို့က ဆိုင်ရှင်ချီရဲ့ကျေးဇူးကို ပြန်ဆပ်ရမယ်...သူက ငါတို့အားလုံးရဲ့ကျင့်ကြံဆင့်နယ်ပယ်တွေကို မြင့်တက်စေခဲ့တယ်...အခုအချိန်မှာ သူ လုပ်ဆောင်ရမယ့် ကိစ္စကြီးတစ်ခုရှိနေမှတော့ ငါတို့တွေက ရပ်ကြည့်နေလို့မဖြစ်ဘူး"
"အမှန်ပဲ....ငါတို့တွေ ရပ်ကြည့်မနေနိုင်ဘူး"
"သွားကြစို့...ငါတို့တွေ ဆိုင်ရှင်ချီရဲ့နောက်ကို လိုက်ကြရအောင်"
ထို့နောက် ရာနှင့်ချီသော နေလအင်မော်တယ်များသည် မိုးကောင်းကင်ယံအတွင်းသို့ တပြိုင်နက်တည်း ပျံသန်းလိုက်ကြကာ ချီယီထုံထွက်ခွာသွားသောနေရာသို့ ဦးတည်၍ လိုက်သွားကြတော့သည်။
တခြားတစ်ဖက်တွင်....
ရှင်းလော့ကုန်းမြေ၌....
မြို့တံခါးအမှတ်ကိုးရှေ့တွင် မတ်တတ်ရပ်ကာ စောင့်ကြပ်နေသော ဆုကျူးကျင်း၏နံဘေးတွင် ရှင်းထျန်းနန်နှင့်ကျန်းချန်းတို့ရှိနေကာ အဆက်မပြတ်မျက်နှာချိုသွေးနေကြသည်။
သို့ရာတွင် သူတို့သည် ဤတကြိမ်၌ ဆုကျူးကျင်းအား လက်ထောက်ကုန်းမြေအရှင်ရာထူးကိုလက်ခံရန် လာရောက်တောင်းဆိုခြင်းမဟုတ်ချေ။
သူတို့သည် ဆုကျူးကျင်း၏တိကျသောအကျင့်စရိုက်ကို သိရှိပြီးဖြစ်သည်။မြို့တံခါးတွင် ဆုကျူးကျင်း စောင့်ကြပ်နေသရွေ့ရှင်းလော့မြို့တော်တွင် မည်သည့်အန္တရာယ်မျှ ကျရောက်မည်မဟုတ်ချေ။အကယ်၍ တာရီကုန်းမြေအရှင်ကိုယ်တိုင် ရောက်ရှိလာလျှင်ပင် ဆုကျူးကျင်းသည် သူ့အား မြို့တံခါးမှဖြတ်ကျော်ဝင်ရောက်ရန် ခွင့်ပြုမည်မဟုတ်ချေ။
ဆုကျူးကျင်း၏မျက်နှာပေါ်တွင် အမူအယာကင်းမဲ့နေကာ သူတို့အား လျစ်လျှူရှုထားလေ၏။
ထိုအချိန်မှာပင် သူ၏အသံပေးပို့ခြင်းကျောက်စိမ်းပြား လင်းလက်တောက်ပသွားသည်။
ဤသည်မှာ စီနီယာအစ်ကိုလီကျင်းထံမှ သတင်းစကားပေးပို့ခြင်းဖြစ်သည်ကို အာရုံခံမိသဖြင့် ဆုကျူးကျင်းသည် သူ စောင့်ကြပ်နေစဥ်အချိန်အတွင်း တခြားကိစ္စတစ်ခုကို ပထမဆုံးအကြိမ် ချွင်းချက်အဖြစ် လုပ်ဆောင်ခဲ့သည်။
ဆုကျူးကျင်းသည် အသံပေးပို့ခြင်းကျောက်စိမ်းပြားတွင် ပါဝင်သော အကြောင်းအရာများကို နားထောင်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ အေးစက်စက်အရှိန်အဝါများ ပွင့်အံ့ထွက်လာသည်။
ဤအေးစက်မှုကြောင့် သူ၏နံဘေးတွင်ရှိနေသော ရှင်းထျန်းနန်နှင့်ကျန်းချန်းတို့နှစ်ယောက်သား တုန်လှုပ်ချောက်ချားသွားသည်။သူတို့နှစ်ယောက် အသိပြန်မဝင်သေးမီမှာပင် ဆုကျူးကျင်းသည် မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းသွားသည်ကို သူတို့ တွေ့မြင်မိလေ၏။
"အမ်...ဘာတွေဖြစ်သွားတာလဲ"
ရှင်းထျန်းနန်သည် ဆုကျူးကျင်း၏နောက်ကျောပြင်ကိုကြည့်ကာ သူ့ထံ၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ဆုကျူးကျင်းသည် အချိန်အတိအကျစောင့်ကြပ်ကြောင်း သူတို့သိရှိထားပြီးလေပြီ။ သူ၏တာဝန်ချိန်ဖြစ်နေသရွေ့ အကယ်၍ အင်မော်တယ်နယ်မြေကြီး သူ့ရှေ့၌ပေါက်ကွဲသွားလျှင်ပင် သူ မျက်ခုံးတစ်ချက်တွန့်သွားမည်မဟုတ်ချေ။
သို့ရာတွင် ယနေ့၌.....
သူသည် မြို့တံခါးရှေ့၌မတ်တတ်ရပ်၍ စောင့်ကြပ်နေရာမှ ရုတ်တရက်ကြီး မည်သည်ကြောင့် အဝေးသို့ပျံသန်းသွားသနည်း။
သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခုဖြစ်ပျက်နေသည်ကို ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားပေ၏။
"ငါတို့ ဘာလုပ်ကြမလဲ"
ရှင်းထျန်းနန်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"အစ်ကိုကြီးဆုရဲ့မျက်နှာအမူအယာကို ကြည့်ရသလောက်တော့ ပြဿနာတစ်ခုခုရှိနေတာ ဖြစ်နိုင်တယ်...သူက ငါတို့ရှင်းလော့ကုန်းမြေရဲ့အခက်အခဲတွေကို ကူညီပြီးဖယ်ရှားပေးခဲ့တယ်...ဒါ့ပြင် သူက တာရီကုန်းမြေကလာတဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ အားလုံးကိုလည်း သတ်ဖြတ်ခဲ့တယ်...အခုအစ်ကိုကြီးဆုမှာ လုပ်ဆောင်စရာကိစ္စတစ်ခု ရှိနေမှတော့ ငါတို့တွေက မဆိုင်သလိုမျိုး ရပ်ကြည့်မနေသင့်ဘူး...ဟုတ်တယ်မလား"
"အမှန်ပဲ..ငါတို့က သူ့အတွက် အကူအညီဖြစ်ဖြစ်မဖြစ်ဖြစ်..ငါတို့ ဘေးကနေ ရပ်ကြည့်နေလို့မရဘူး"
ကျန်းချန်းက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ မင်းက ငါ့ရဲ့ညီအစ်ကိုကောင်းလို့ မပြောရဘူး"
ကျန်းချန်းထံတွင်လည်း တူညီသောအမြင်ရှိသည်ကို မြင်တွေ့ပြီးနောက် ရှင်းထျန်းနန်က ကျန်းချန်း၏ပခုံးကိုပုတ်လိုက်သည်။ထို့နောက် သူသည် လေထုအတွင်းသို့ပျံသန်းကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ကုန်းမြေထဲမှာရှိတဲ့ နေလအင်မော်တယ်တွေအားလုံး...ငါ့ရဲ့အမိန့်ကို လိုက်နာကြစမ်း..အခုချက်ချင်း ငါနဲ့အတူ ထွက်ခွာမယ်"
ထိုအော်သံနှင့်အတူ....
ရှင်းလောကုန်းမြေတခွင်လုံးတွင်ရှိသော နေလအင်မော်တယ်များအားလုံး အင်အားပြည့်ထွက်လာခဲ့ကြတော့သည်။