အခန်း (၇၂၁-၇၂၅)
Vol. 49 Ch. 721-725
Chapter 721
"ဝိုး
"ဝိုး...ဝိုး...ဝိုး..."
"မန်မန် ဖြည်းဖြည်းသွားစမ်း..."
ရီဖုန်းက မန်မန်၏ခေါင်းကိုပုတ်ကာ ဆဲဆိုရင်း မိုးကောင်းကင်ယံအတွင်း၌ သူ ပြင်းပြင်းထန်ထန်အော့အန်နေရသည်။
"ဖရူးဖရူး...."
မန်မန်က လေထုအတွင်း၌ သူ၏ခန္ဓာကိုယ်ကို ဆတ်ခနဲလူးလွန့်ကာ တရွေ့ရွေ့သွားလိုက်သည်။
"သောက်ချေးပဲ..."
ဤရုတ်တရက်အရှိန်ပြောင်းလဲမှုသည် ရီဖုန်းကို လွင့်ထွက်လုမတတ် ဖြစ်သွားစေသဖြင့် သူက ကျယ်လောင်စွာအော်ဟစ်၍ ဆဲဆိုလိုက်သည်။
"ငါ မင်းကို မင်းရဲ့အရင်အရှိန်ထက် နည်းနည်းလေးနှေးဖို့ပဲပြောခဲ့တာ....မင်းကို ဒီလောက်ထိအများကြီးမနှေးခိုင်းဘူး"
မန်မန်၏မျက်နှာပေါ်၌ မေးခွန်းထုတ်လိုသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
ဤသည်မှာ သူ အရှိန်အနည်းငယ် နှေးလိုက်သည်မဟုတ်လော....
"ဒါဆိုရင်လည်း ရပ်လိုက်တော့..ဒီနေရာမှာရပ်ပြီး ငါ့ကို အောက်ချပေးတော့"
မန်မန်၏ခန္ဓာကိုယ်ပေါ်မှ ဆင်းသက်ပြီးနောက် ရီဖုန်းသည် ချောင်းလက်တက်လေးတစ်ခုထံသို့သွား၍ သူ့ကိုယ်သူ ဆေးကြောသန့်စင်လိုက်သည်။
သူ အနည်းငယ်ခံစားရသက်သာလာပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။
ဤနေရာသည် ယခင်နေရာများနှင့် မတူညီကြောင်း သူ တွေ့မြင်မိလေ၏။ဤသည်မှာ အလွန်မြင့်မားသော သစ်ပင်ကြီးများ ဝိုင်းရံနေသည့် ထူထပ်သိပ်သည်းသော တောအုပ်တစ်ခုအတွင်း၌ ရှိနေသည်။
"ဘာလို့ ဒီလောက်ထိအဝေးကြီးကို ချက်ချင်းရောက်လာတာလဲ....ဒါက အရင်နေရာနဲ့ မိုင်တစ်ထောင်ကျော်လောက် ဝေးကွာလာမှာကို ငါ စိုးရိမ်မိတယ်"
"မန်မန်...မင်းက တကယ့်ကို နွားရိုင်းတစ်ကောင်လို မြန်တဲ့ကောင်ပဲ"
ရီဖုန်းသည် မန်မန်ကိုကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ကြည်ညိုလေးစားသွားသည်။
ဤအရှိန်နှုန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။
မန်မန်သည် မျက်လုံးတချက်လှန်ကြည့်ပြီးနောက် မြေပြင်ပေါ်၌လဲလျောင်းနေကာ စကားပြောဆိုရန် ဆန္ဒမရှိသည့်အလားပင်။
ရီဖုန်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် ဤနေရာ၌ အခြေချနေထိုင်ရန် ကြံရွယ်လိုက်၏။
မည်သို့ပင်ဆိုစေကာ သူသည် တပည့်သစ်တစ်ယောက်ရှာရန် အလျင်လိုနေသော်လည်း အနည်းငယ်ချွေတာနိုင်ရန် စဉ်းစားတွေးတောနေဆဲပင်။ထို့ထက်ပို၍အရေးကြီးသောကိစ္စမှာ သူသည် ဤကဲ့သို့ပတ်ဝန်းကျင်မျိုး၌ နေထိုင်ရပါက အနည်းငယ်လုံခြုံမှု ရရှိစေသည်ဟု ခံစားရသောကြောင့်ပင်။
အချိန်တခဏကြာခန့် စူးစမ်းလေ့လာပြီးနောက် ရီဖုန်းသည် တောအုပ်အတွင်း၌ မှော်သားရဲအမြောက်အများကို မြင်တွေ့မိသည်။
ထိုသားရဲများသည် မည်သည့်အဆင့်၌ရှိသည်ကို သူ မသိရှိသော်လည်း ထိုအရာများ၏အဆင့်သည် အလွန်နိမ့်ပါးမည်ဟု သူ တွေးထင်မိလေ၏။
သူ ထိုသားရဲတချို့ကိုဖမ်း၍ အသားကင်လုပ်စားလိုက်သည်။
သို့ရာတွင် ထိုမှော်သားရဲများကိုစားသောက်ရင်း အချိန်ကြာလာချိန်၌ သူ အနည်းငယ်ငြီးငွေ့လာသည်။
စနစ်သည် သူ့အား အဆင့်ငါးဆယ်မြှင့်တင်ပြီးနောက် သူသည် တကြိမ်တခါမျှ သူ့ထက်ပို၍အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက် သို့မဟုတ် နတ်ဆိုးသားရဲတစ်ကောင်ကိုမျှ ရင်ဆိုင်ကြုံတွေ့ရခြင်းမရှိချေ။
ကြည့်ရသည်မှာ သူတို့အားလုံးသည် သူ့အား ရှောင်တိမ်းနေကြပုံပင်။
ထိုကြောင့် ရီဖုန်းက ကောက်ချက်နှစ်ခု ချလိုက်တော့သည်။
ပထမအချက်မှာ အင်မော်တယ်နယ်မြေအတွင်းရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် မိုးခေါင်ရေရှားခြင်းနှင့်ရေကြီးခြင်းစသော သဘာဝကိစ္စများကြောင့် သေဆုံးသွားခြင်းဖြစ်ပေမည်။ထိုလူများသည် သာမာန်အားဖြင့် အမှိုက်ကောင်တချို့ကိုသာ အနိုင်ယူနိုင်ပြီး သူတို့ကိုယ်သူတို့ အစွမ်းထက်ချင်ယောင်ဆောင်ကာ ဟန်ရေးပြနေခဲ့ကြသည်။
ဒုတိယအချက်အနေဖြင့် သူ အလွန်အမင်း သန်မာအားကောင်းလာခြင်းပင်။
ထိုကြောင့် သူ စဉ်းစားတွေးတောလိုက်သည်မှာ....
သူသည် ပို၍မြင့်မားသော အဆင့်အတန်းဖြင့် နေထိုင်သင့်သည် မဟုတ်လော...
အနည်းဆုံးတော့ သူ အရှက်ကွဲခံ၍မရချေ။
ရက်အနည်းငယ်ကုန်ဆုံးပြီးနောက် ရီဖုန်းသည် တောတောင်များအကြား၌ သက်ကယ်တဲအိမ်တစ်လုံးကို တည်ဆောက်လိုက်သည်။သူသည် များသောအားဖြင့် တောရိုင်းသားရဲများကို အမဲလိုက်လေ့ရှိပြီး သူ အားလပ်စဥ်၌ သူ၏နောက်ဆုံးတပည့်ကိုရှာဖွေရန် သွားခဲ့သည်။
ဤရက်များအတွင်း၌ စူးစမ်းလေ့လာခြင်းမှတဆင့် ရီဖုန်းသည် ဤတောင်တန်း၏ အရှေ့နှင့်အနောက်ဘက်တွင် မြို့တစ်မြို့စီရှိနေသည်ကို အကြမ်းဖျဥ်းအတည်ပြုနိုင်ခဲ့သည်။
ဤမြို့နှစ်မြို့သည် ယခင်က သူ မြင်တွေ့ခဲ့ဖူးသောမြို့များထက် ပို၍ကြီးမားသည်။
အကွာအဝေးမှာမူ....
ထိုမြို့နှစ်မြို့သို့ သူ၏နေရာမှသွားလျှင် အချိန်နာရီဝက်မပြည့်မီ ရောက်ရှိသွားသဖြင့် မိုင်ရာအနည်းငယ်ခန့် ဝေးကွာမည်ဟု သူ ခန့်မှန်းမိသည်။
မြို့အတွင်းတွင်ရှိနေသော ကျင့်ကြံသူများကမူ သူ ယခင်က ဆုံတွေ့ဖူးသူများထက် အနည်းငယ်ပို၍ သန်မာအားကောင်းပုံပင်။
သို့ရာတွင် သူနှင့်နှိုင်းယှဥ်ပါက ထိုလူများ၏အရည်အချင်းသည် အလွန်ဆိုးရွားသည်ဟု သူ ခံစားမိလေ၏။
သို့ရာတွင် ဤကိစ္စသည်လည်း ကောင်းမွန်သောအရာပင်။သူသည် သူနှင့်ကျင့်ကြံဆင့်နယ်ပယ်ခြင်းတူညီသော ဆရာကြီးတစ်ယောက်နှင့် မတွေ့ရပါက သူ့အတွက် ပြဿနာများ လျော့ကျသွားနိုင်သည်။
ထို့ကြောင့် ရီဖုန်းသည် မန်မန်ကိုစီးနင်းကာ မြို့ထံသို့ နေ့စဥ်နေ့တိုင်းသွားပြီး သူ၏နောက်ဆုံးတပည့်ကိုရှာဖွေရန် ကံစမ်းခဲ့သည်။
ထို့ပြင် သာမန်နေ့ရက်များတွင် ရီဖုန်းသည်ကုသိုလ်ကောင်းမှုလေးတချို့ကို ပြုလုပ်ခဲ့သည်။
ဤသည်မှာ သူသည် ပျင်းရိငြီးငွေ့လာသဖြင့်စနစ်၏လဲလှယ်ခြင်းစတိုးဆိုင်ကို ကြည့်မိကာ လုပ်ဆောင်ချက်တခုပေါ်သို့ မျက်စေ့ကျသွားသောအချိန်မှ စတင်ခဲ့ခြင်းပင်။
ဤလုပ်ဆောင်ချက်သည် ကံကြမ္မာရမှတ်အနည်းငယ်ကိုအသုံးပြု၍ ပြင်ပအရာများအား ကျင့်ကြံဆင့်အခြေခံအနည်းငယ် ပေးအပ်နိုင်ခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ သူသည်လည်း ပျင်းရိနေသဖြင့် တောတောင်များအကြား၌ သေလုမျောပါးဖြစ်နေသော သတ္တဝါငယ်လေးများ ညှိုးနွမ်းခြောက်သွေ့နေသော သစ်ပင်များကို မြင်တွေ့ချိန်၌ စနစ်ကိုအသုံးပြု၍ ထိုအရာများအား ကျင့်ကြံဆင့်အခြေခံအနည်းငယ်ကို ပေးအပ်ခဲ့သည်။
ကံကြမ္မာရမှတ်အနည်းငယ်သည် သူ့အတွက် မသိသာလှချေ။ကျင့်ကြံဆင့်နယ်ပယ်တစ်ဆင့်တိုးမြင့်နိုင်ရန် ရမှတ်တစ်သိန်းလိုအပ်သော ရီဖုန်းအတွက် ကံကြမ္မာရမှတ်အနည်းငယ်သည် အရေးမပါလှချေ။
ထို့ကြောင့် ဤလုပ်ဆောင်ချက်ကို အသုံးပြု၍ သူသည် ညှိုးနွမ်းနေသောသစ်ပင်များကို ပြန်လည်လန်းဆန်းစေကာ ဒဏ်ရာရနေသော သတ္တဝါငယ်လေးများကိုလည်း အလျှင်အမြန် ပြန်လည်ကောင်းမွန်စေခဲ့သည်။
ရီဖုန်းသည် ဤကောင်းမှုကုသိုလ်လေးများကို ပြုလုပ်ခြင်းဖြင့် အလွန်ပျော်ရွှင်နေမိသည်။
အကယ်၍ ရီဖုန်းသည် ဒဏ်ရာအပြင်းအထန်ရရှိထားသော သတ္တဝါငယ်လေးတစ်ကောင်ကို တွေ့ရှိပါက အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ကျင့်ကြံဆင့်အခြေခံနှစ်ဆင့် မြှင့်တင်ပေးလိုက်၏။
.....
ဤတောင်တန်း၏အနောက်ဘက်ခြမ်း၌ရှိသော မြို့အတွင်းမှ မြို့လယ်ခန်းမ၌ မရေမတွက်နိုင်သော အနက်ရောင်ဝတ်ရုံဝတ် ဝင်္ကပါပညာရှင်များစုဝေးကာ အရေးပေါ်အစည်းအဝေး ကျင်းပနေကြသည်။
ဤနေရာသည် ဝင်္ကပါနယ်မြေပင်။
ခန်းမအတွင်း၌ရှိနေသူများသည် ဝင်္ကပါပညာရပ်၌ နာမည်ကျော်ကြားသော ဝင်္ကပါပညာရှင်များ ဖြစ်ပေ၏။
ဤဝင်္ကပါပညာရှင်များကို ခေါင်းဆောင်သူမှာ ချန်းရှင်းရွှမ်ပင်။
"အဲ့ဒီအထီးကျန်နယ်မြေက အရမ်းကိုစက်ဆုပ်ဖို့ကောင်းနေပြီ"
ဤအချိန်အခိုက်အတန့်တွင် ချန်းရှင်းရွှမ်သည် စားပွဲကိုဒေါသတကြီးရိုက်ပုတ်ကာ အော်ဟစ်လိုက်၏။
"ထန်းလန်တောင်တန်းတွေနဲ့ သူတို့ရဲ့နယ်မြေက ကီလိုမီတာဆယ်သန်းကျော် ကွာဟပြီးတော့ အလယ်မှာ မရေမတွက်နိုင်တဲ့ လေဟာနယ်အက်ကွဲကြောင်းတွေ ရှိနေတာတောင် သူတို့ရဲ့ရည်ရွယ်ချက်ကို မဟန့်တားနိုင်ခဲ့ဘူး"
"အဲ့ဒီတောင်တန်းက ငါတို့ဝင်္ကပါနယ်မြေရဲ့ပိုင်နက်ပဲ....ဒါပေမဲ့ အခုကျတော့ ထန်းလန်တောင်တန်းက သူတို့ရဲ့အပိုင်လို့ သူတို့တွေက ပြောနေကြတယ်"
"အဲ့ဒီအထီးကျန်နယ်မြေက လူတွေရဲ့စိတ်နှလုံးသားတွေက အရမ်းယုတ်မာကောက်ကျစ်တယ်...သူတို့က လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက် အကြာကတည်းက ဒီကိစ္စတွေကို အစီအစဉ်ဆွဲထားခဲ့တယ်....သူတို့က ထန်းလန်တောင်တန်းတွေကြားမှာ အထီးကျန်နယ်မြေနဲ့ဆက်သွယ်နိုင်တဲ့ ကူးပြောင်းရေးဝင်္ကပါတစ်ခုကို လျှို့ဝှက်ပြီးတော့ ခင်းကျင်းထားခဲ့တယ်...ဒါက ငါတို့ဝင်္ကပါနယ်မြေထဲကို ကျူးကျော်ဝင်ရောက်ပြီးတော့ ငါတို့ရဲ့ပိုင်နက်ကို လုယူချင်နေတယ်ဆိုတာ အသိသာကြီးလေ"
"အထီးကျန်နယ်မြေက ထန်းလန်တောင်တန်းကို မျက်စေ့ကျနေမှတော့ ငါတို့က လက်လျှော့ပေးလို့မရဘူး....အကြောင်းကတော့ ဒါက ငါတို့ရဲ့ပိုင်နက်နယ်မြေ ဖြစ်နေလို့ပဲ...ဒါကြောင့် ငါတို့အားလုံး အတူစဉ်းစားပြီးတော့ နည်းလမ်းတစ်ခုရှာကြရအောင်"
လူအိုကြီးတစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"ငါ အကြံပြုချင်တာကတော့ နဝမအဆင့်ဝင်္ကပါပညာရှင်တစ်စုနဲ့ အစစ်အမှန်အင်မော်တယ်ကျင့်ကြံသူတချို့ကို အမာခံအနေနဲ့ စေလွှတ်ပြီးတော့ ထန်းလန်တောင်တန်းရဲ့အစွန်အဖျားကို ဝင်သွားရမယ်....အဲ့ဒီလိုဝင်ပြီးတာနဲ့ သူတို့ကတောတောင်တွေရဲ့အတွင်းပိုင်းကို သွားပြီးတော့ အဲ့ဒီနေရာမှာ ဝင်္ကပါအမျိုးမျိုးကို တည်ဆောက်ရမယ်"
တခြားလူတစ်ယောက်က ပြောဆိုသည်။
သူ၏အကြံပြုချက် ထွက်ပေါ်လာချိန်တွင် တခြားလူများအားလုံး ခေါင်းညိတ်ပြကာ အလျှင်အမြန်သဘောတူညီလိုက်ကြသည်။
ဤသည်မှာ အစီအစဉ်ကောင်းတစ်ခုပင်။
အကြောင်းအရင်းမှာ အထီးကျန်နယ်မြေသည် သူတို့၏ဝင်္ကပါနယ်မြေကို ဆန့်ကျင်တိုက်ခိုက်လိုပါက ထန်းလန်တောင်တန်း၏အတားအဆီးကို ကျော်ဖြတ်ရပေမည်။ထို့ကြောင့် သူတို့သည်တောင်တန်းအတွင်း၌ ဝင်္ကပါအမျိုးမျိုးကို ခင်းကျင်းထားသည်မှာ ဉာဏ်ပညာရှိသောရွေးချယ်မှုတစ်ခုဖြစ်ပေမည်။
"ဒီလိုဆိုမှတော့ အဲ့ဒီကိစ္စကိုလုပ်ဖို့အတွက် ငါ့ရဲ့တပည့်တွေကို လွှတ်လိုက်မယ်"
ချန်းရှင်းရွှမ်သည် ထိုစကားကို ပြောဆိုပြီးနောက် သူ၏နံဘေးရှိမိန်းကလေးကို ကြည့်လိုက်သည်။
ထိုမိန်းကလေးထံတွင် နူးညံ့သိမ်မွေ့သော မျက်နှာပုံပန်းသွင်ပြင်ရှိကာ အရပ်မြင့်သည်။ သူမ၏အနက်ရောင်ဝတ်ရုံအောက်မှ ဖြူဖွေးနေသောခြေတံရှည်တစ်စုံသည် သူမအား ပြိုင်ဘက်ကင်း ညှို့ယူဖမ်းစားနိုင်မှုတစ်ခုကို ပေးစွမ်းနိုင်ပေ၏။
လင်းယုဝေ....
နဝမအဆင့် ဝင်္ကပါပညာရှင်...
ချန်းရှင်းရွှမ်၏တိုက်ရိုက်တပည့်.....
သူမသည် ဝင်္ကပါနယ်မြေအတွင်း၌ အသိအမှတ်ပြုခံရသော ထိပ်သီးပါရမီရှင်များအနက်မှတစ်ယောက်ပင်။
သူမအား ဤတာဝန်ပေးအပ်သည့်အပေါ် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံးမှ ကန့်ကွက်ခြင်းမရှိပေ။
"ယုဝေ....ဒါက ငါတို့ဝင်္ကပါနယ်မြေရဲ့အရေးနဲ့ သက်ဆိုင်နေတယ်....ဒါက အန္တရာယ်အရမ်းများတယ်....နှောင့်နှေးကြန့်ကြာနေလို့ မဖြစ်ဘူး...ငါက ဒီကိစ္စကို မင်းဆီ လွှဲအပ်လိုက်ပြီ"
ချန်းရှင်းရွှမ်က စိတ်ရှည်လက်ရှည် ရှင်းပြသည်။
"ဆရာ....ကျွန်မက အဖွဲ့တစ်ခုကိုဖွဲ့စည်းပြီးတော့ အခုချက်ချင်း ထွက်ခွာလိုက်ပါ့မယ်"
လင်းယုဝေက ရိုသေလေးစားစွာ တုံ့ပြန်သည်။
"ကောင်းပြီလေ....ဒါပေမဲ့ မင်း မသွားခင်မှာ မင်းကို ရှင်းပြဖို့လိုတဲ့ ကိစ္စတချို့ရှိနေတယ်"
ချန်းရှင်းရွှမ်က မတ်တတ်ထရပ်ကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"ထန်းလန်တောင်တန်းက ငါတို့ရဲ့ပိုင်နက်နယ်မြေဆိုပေမယ့် အဝေးတစ်နေရာမှာ ရှိနေတာကြောင့် မင်းတို့ အဲ့ဒီနေရာကိုရောက်တာနဲ့ ဂရုစိုက်ရလိမ့်မယ်"
"ဒါကြောင့် မင်းတို့ အချိန်ကုန်သက်သာစေဖို့အတွက် မြို့ထဲမှာရှိတဲ့ ကူးပြောင်းရေးဝင်္ကပါကနေ ထန်းလန်တောင်တန်းရဲ့အစွန်အဖျားတစ်နေရာကို မင်းတို့ တိုက်ရိုက်သွားနိုင်တယ်"
"ငါက မင်းကို ဒီတံဆိပ်ပြားတွေကိုလည်း လက်လွှဲပေးလိုက်မယ်"
ချန်းရှင်းရွှမ်က သိုလှောင်လက်စွပ်အတွင်းမှ တံဆိပ်ပြားများကိုထုတ်ယူကာ ပြောဆိုသည်။
"ထန်းလန်တောင်တန်းတွေကြားမှာ သဘာဝအလျောက်မွေးဖွားလာတဲ့ အင်မော်တယ်မှော်သားရဲတွေရှိနေတယ်....ဒါပေမဲ့ မင်း ဘာမှစိုးရိမ်စရာမလိုဘူး....အဲ့ဒီနေရာမှာရှိတဲ့ အင်မော်တယ်မှော်သားရဲတွေနဲ့ ငါတို့ဝင်္ကပါနယ်မြေကြားမှာ သဘောတူညီချက်ယူပြီးပြီ...နောင်အနာဂတ်မှာ အထီးကျန်နယ်မြေကလူတွေ ထန်းလန်တောင်တန်းထဲကို ဝင်လာရင်တောင် သူတို့က မောင်းထုတ်ကြလိမ့်မယ်...ဒါကြောင့် မင်း အဲဒီ့တောင်တန်းကိုရောက်တာနဲ့ တကယ်လို့ မင်း မဖြေရှင်းနိုင်တဲ့ မှော်သားရဲတစ်ကောင်နဲ့တွေ့မယ်ဆိုရင် ဒီတံဆိပ်ပြားတွေကို ထုတ်ပြပြီးတော့ သူတို့ရဲ့အရှင်သခင်ကို ရှာလိုက်ပါ....ဒါဆိုရင် မင်း ဘေးကင်းလုံခြုံသွားလိမ့်မယ်"
"ဒါက ထန်းလန်တောင်တန်းရဲ့ပြင်ပအတားအဆီးနေရာမှာ အခြေချနေထိုင်တဲ့ အင်မော်တယ်သားရဲတချို့ရဲ့စာရင်းပဲ"
"မင်း သေချာမှတ်ထားရမှာက တကယ်လို့ အဲဒီနယ်မြေတွေထဲမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင် မင်းက တံဆိပ်ပြားကိုအသုံးပြုပြီးတော့ အဲ့ဒီနယ်မြေနဲ့သက်ဆိုင်တဲ့ အရှင်သခင်ကိုရှာရမယ်"
ချန်းရှင်းရွှမ်က တစ်ခုပြီးတစ်ခုရှင်းပြသည်။
မည်သို့ပင်ဆိုစေကာမူ ထန်းလန်တောင်တန်းအတွင်း၌ ဝင်္ကပါများ ခင်းကျင်းနိုင်ရန်အတွက် ဤတကြိမ်တွင် လင်းယုဝေ၏တာဝန်သည် အလွန်အမင်းကြီးမားပေ၏။
"ဟုတ်ကဲ့ပါ ဆရာ....ကျွန်မ အဲ့ဒီကိစ္စကို သေချာမှတ်ထားပါ့မယ်....ကျွန်မက အခုချက်ချင်း ခရီးစထွက်ပါတော့မယ်"
လင်းယုဝေသည် တံဆိပ်ပြားများကိုယူဆောင်ပြီး မြို့လယ်ခန်းမအတွင်းမှ ထွက်ခွာခဲ့တော့သည်။
Chapter 722
မကြာမီမှာပင်...
နဝမအဆင့်ဝင်္ကပါပညာရှင်ဆယ်ယောက်နှင့် အစစ်အမှန်အင်မော်တယ်၁၀ယောက်ဖြင့် ဖွဲ့စည်းထားသည့် လူနှစ််ဆယ်အဖွဲ့ကို လင်းယုဝေကဦးဆောင်ကာ ထန်းလန်တောင်တန်းသို့ဦးတည်သွားသော ကူးပြောင်းရေးဝင်္ကပါအတွင်းသို့ ဝင်ရောက်ခဲ့တော့သည်။
ထန်းလန်တောင်တန်းသည် အရှေ့မှအနောက်သို့ မိုင်ပေါင်းထောင်နှင့်ချီ၍ သွယ်တန်းနေသည်။
ဝင်္ကပါနယ်မြေအတွင်းရှိ ထန်းလန်တောင်တန်းနှင့် အနီးစပ်ဆုံးနေရာတွင်ရှိသောမြို့မှ တောင်တန်း၏အစွန်အဖျားနေရာသို့ ရောက်ရှိရန်အတွက် မိုင်သန်းနှင့်ချီ၍ ကွာဝေးသည်။
သူတို့သည် ကူးပြောင်းရေးဝင်္ကပါကို အသုံးပြုခဲ့သည့်တိုင် ထိုနေရာသို့ရောက်ရှိရန် နာရီများစွာကြာမြင့်သည်။
ထို့ပြင် သူတို့သည် အစွမ်းထက်ဝင်္ကပါပညာရှင်များဖြစ်သည့်တိုင် ထိပ်သီးကျင့်ကြံသူများကိုလည်း ခေါ်ဆောင်သွားရသည်။
အကြောင်းအရင်းမှာ သူတို့အားလုံးသည် ထန်းလန်တောင်တန်းအတွင်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်မည်ဖြစ်သောကြောင့်ပင်။
ဤနေရာသည် နယ်မြေနှစ်ခုကြားရှိ အတားအဆီးတစ်ခုကဲ့သို့ ရိုးရှင်းခြင်းမရှိချေ။အကြောင်းအရင်းမှာ ထိုနေရာ၏အကွာအဝေးကြောင့်သာမက တောတောင်များအတွင်း၌ အန္တရာယ်များရှိသောကြောင့်ပင်။
ထိုတောင်တန်းအတွင်းတွင်ရှိနေသော မှော်သားရဲများသည် အလွန်ရက်စက်ကြမ်းကြုတ်သည့်အပြင် ရံဖန်ရံခါ တောတောင်အတွင်း၌ လေဟာနယ်အက်ကွဲကြောင်းများလည်း ထွက်ပေါ်လာလေ့ရှိသည်။
ထိုကြောင့် ဝင်္ကပါနယ်မြေအတွက်ဖြစ်စေ အထီးကျန်နယ်မြေအတွက်ဖြစ်စေ ဤသည်မှာ တားမြစ်နေရာတစ်ခုပင်။
နောက်ဆုံး၌...
အချိန်နှစ်နာရီခန့် လေဟာနယ်ကူးပြောင်းခဲ့ပြီးနောက်....
လင်းယုဝေဦးဆောင်သော လူနှစ်ဆယ်ကျော်သည် နောက်ဆုံး၌ ကူးပြောင်းရေးဝင်္ကပါအတွင်းမှ ထွက်လာခဲ့တော့သည်။
သူတို့၏အမြင်အာရုံအတွင်းသို့ ထူထပ်သိပ်သည်းပြီး မြင့်မားသောသစ်ပင်ကြီးများ ဝင်ရောက်လာသည်။
မြေပြင်ပေါ်၌ သစ်ရွက်ကြွေများလွှမ်းခြုံနေကာ သူတို့၏ဒူးအထိ နစ်မြုပ်နေသည်။အောက်ဆုံး၌ရှိနေသော သစ်ရွက်ဆွေးများသည် နေရောင်ခြည်၏ထိတွေ့မှုကို မရသဖြင့် ပုပ်အက်အက်အနံ့ဆိုးများ ထွက်ပေါ်နေပေ၏။
"ဒီနေရာက ထန်းလန်တောင်တန်းရဲ့အစွန်အဖျားနဲ တောင်တန်းရဲ့ဗဟိုချက်နေရာကြားက နယ်နိမိတ်ပဲ"
"ကောလဟာလတွေအရတော့ အထီးကျန်နယ်မြေက လွန်ခဲ့တဲ့နှစ်တစ်သောင်းလောက်တုန်းက ဒီတောင်တန်းတွေရဲ့တခြားတစ်ဖက်မှာရှိတဲ့ ပြင်ပနယ်နိမိတ်မှာ ကူးပြောင်းရေးဝင်္ကပါတစ်ခုကို ခင်းကျင်းထားခဲ့တယ်"
"ဒါကြောင့် ဒီတကြိမ် ငါတို့ရဲ့တာဝန်က တောင်တန်းရဲ့ဗဟိုချက်ကို ဖြတ်ကျော်ပြီးတော့ အထီးကျန်နယ်မြေက ခင်းကျင်းထားတဲ့ ကူးပြောင်းရေးဝင်္ကပါကို ဖျက်ဆီးဖို့ပဲ...ဒါ့ပြင် ဘေးကင်းလုံခြုံဖို့အတွက် ငါတို့က ဝင်္ကပါတွေကိုလည်း တက်နိုင်သမျှ ခင်းကျင်းရမယ်"
လင်းယုဝေသည် ချက်ချင်းဆိုသလိုပင် ဆုံးဖြတ်ချက်ချလိုက်ကာ ဤတစ်ကြိမ်တာဝန်၏ အဓိကအရေးကြီးသောအချက်များကို ပြောဆိုလိုက်သည်။
"ဟုတ်ကဲ့"
တခြားလူများအားလုံး ခေါင်းညိတ်လိုက်ကြ၏။
"သွားကြစို့..."
လင်းယုဝေသည် မြေပုံကိုပြန်လည်သိမ်းဆည်းကာ လူအုပ်ကြီးကိုဦးဆောင်၍ တောအုပ်ကိုဖြတ်သန်းပြီး ရှေ့သို့ဂရုတစိုက်လျှောက်လှမ်းခဲ့တော့သည်။
ဤနေရာတွင် ပျံသန်းသွား၍ရသော်လည်း သူတို့ မလုပ်ဝံ့ကြချေ။
အကြောင်းအရင်းမှာ သူတို့သည် ထန်းလန်တောင်တန်း၏ဗဟိုချက်နယ်မြေသို့ ဝင်ရောက်ပြီးနောက် မကြာမီမှာပင် အစစ်အမှန်အင်မော်တယ်များ၏အရှိန်အဝါသုံးလေးခုကို အာရုံခံမိသောကြောင့်ပင်။
ဤသည်မှာ နတ်ဆိုးသားရဲများ၏အရှိန်အဝါပင်
ထို့ပြင် မတည်ငြိမ်သော လေဟာနယ်အက်ကွဲကြောင်းများကလည်း ရံဖန်ရံခါထွက်ပေါ်လာလေ့ရှိသည်။
အကယ်၍ သူတို့သည် လေထုအတွင်း၌ မြင့်မားသောအရှိန်နှုန်းဖြင့် ပျံသန်းကာ လေဟာနယ်အက်ကွဲကြောင်းအတွင်းသို့ ရုတ်တရက်ကျရောက်သွားပါက ဗလာဟင်းလင်းဖြစ်နေသောလေဟာနယ်အတွင်း၌ သူတို့အားလုံး ပျောက်ကွယ်သွားပေမည်။
ကံကောင်းထောက်မစွာဖြင့် ထန်းလန်တောင်တန်းသည် အလွန်အမင်းကြီးမားကျယ်ပြန့်သော်လည်း နေရာအများစုသည်အစွန်အဖျားများသာဖြစ်သည်။အစစ်အမှန်အင်မော်တယ်သားရဲများနေထိုင်သော ဗဟိုချက်နယ်မြေသည် မိုင်တစ်သောင်းပတ်လည်ခန့်သာ ကျယ်ပြန့်ပေ၏။
"ဒီလိုနေရာတစ်နေရာမှာနေရတာ တကယ့်ကို အဆင်မပြေဘူး"
အစစ်အမှန်အင်မော်တယ်တစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် ညည်းတွားသည်။
"ဒါက လူတွေကို စိတ်ဓာတ်ကျစေတဲ့ခံစားချက်မျိုး ရစေတယ်"
"အမှန်ပဲ...တကယ်လို့ ဒီလိုဆိုးရွားတဲ့နေရာမျိုးမှာ ငါတို့ အချိန်ကြာကြာနေရမယ်ဆိုရင် ရူးသွားနိုင်တယ်"
တခြားဝင်္ကပါပညာရှင်တစ်ယောက်ကလည်း ညည်းတွားလိုက်၏။
လင်းယုဝေတို့လူစုသည် လမ်းသွားရင်း စကားစမြည်ပြောဆိုနေစဉ်မှာပင် မိုးကောင်းကင်ယံအတွင်း၌ ဝှီးခနဲအသံတစ်သံကိုကြားလိုက်ရကာ တစ်စုံတစ်ခု ပျံသန်းသွားသည့်အလားပင်။
"အမ်...."
ထိုအသံကိုကြားချိန်တွင် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကာ သူတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။
သူတို့အနက်မှတစ်ယောက်က မဝံ့မရဲဖြင့်ပြောဆိုသည်။
"ငါ...ငါ အမြင်မှားနေတာလား...ခုဏက လူတစ်ယောက် ခရုကြီးတစ်ကောင်ကိုစီးပြီး ပျံသန်းသွားတာကို ငါ မြင်လိုက်ရသလိုပဲ"
"တကယ်လို့ တစ်ခုခုပျံသန်းသွားတယ်ဆိုရင်တောင် လူသားတစ်ယောက်တော့ မဖြစ်နိုင်ဘူးမဟုတ်လား"
တခြားတစ်ယောက်က ပြောဆိုသည်။
"အမှန်ပဲ....အရမ်းကြီး ကြောက်မနေကြနဲ့"
"ဒီနေရာက ထန်းလန်တောင်တန်းရဲ့ဗဟိုချက်ပဲ...ဘယ်သူက မဆင်မခြင်းပျံသန်းရဲမှာလဲ...ဒါက သေလမ်းရှာနေတာ မဟုတ်လား"
"ဒါကြောင့် ငါ့အထင်တော့ ခုဏပျံသန်းသွားတာက ဒီတောင်တန်းထဲမှာနေတဲ့ မှော်သားရဲတစ်ကောင်ပဲဖြစ်မယ်"
တခြားလူတစ်ယောက်က ပြောဆိုလိုက်၏။
ဤအချိန်အခိုက်အတန့်တွင် သူတို့အားလုံး အလွန်အမင်းစိတ်လှုပ်ရှားစွာဖြင့် ဝေဖန်သုံးသပ်နေကြသည်။
"ဂရုစိုက်..."
ထိုအချိန်မှာပင် လင်းယုဝေကအော်ဟစ်လိုက်ကာ သူမ၏နံဘေးရှိလူကို လက်ဝါးတစ်ချက်ဖြင့် တွန်းထုတ်လိုက်သည်။
ထိုလူအားထွန်းထုတ်ပြီးသောအချိန်မှာပင် ဒူးရင်းသီးတစ်လုံးသည် လေထုအတွင်းမှနေ၍ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ပြုတ်ကျလာသည်။ထို့ကြောင့် မြေပြင်ပေါ်၌ ချိုင့်ငယ်လေးတစ်ခုဖြစ်သွားကာ ပြင်းထန်သောဒူးရင်းသီးနံ့များ ထွက်ပေါ်လာသည်။
ဤအချိန်တွင်...
လက်ရှိနေရာတွေရှိနေသော လူများအားလုံး ပို၍ထိတ်လန့်တုန်လှုပ်သွားသည်။
"ဒူးရင်းသီး...ဒူးရင်းသီးလား...ဒီဒူးရင်းသီးက ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတာလား"
လူများအားလုံးသည် ကြောင်စီစီဖြစ်သွားပြီး မိုးကောင်းကင်ယံကိုမော့ကြည့်ကာ မယုံကြည်နိုင်စွာဖြင့် ပြောဆိုလိုက်ကြ၏။
လင်းယုဝေသည် သူများ၏နှာခေါင်းကိုဖုံးအုပ်ကာ အထက်သို့မော့ကြည့်လိုက်သည်။
သူမ၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်မှုများဖြင့် ပြည့်နှက်နေသည်။
သို့ရာတွင် အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် သူမက မှန်းဆပြောဆိုသည်။
"ခုဏက မိုးကောင်းကင်မှာ ပျံသန်းသွားတဲ့အရာဆီက ပြုတ်ကျလာတာပဲဖြစ်မယ်"
"ဒါဆိုရင် သူက လူသားတစ်ယောက်လား"
တခြားလူတစ်ယောက်က မေးမြန်းသည်။
"မဖြစ်နိုင်ဘူး"
လင်းယုဝေက သူမ၏ခေါင်းကိုခါယမ်းကာ ပြောဆိုသည်။
"အဲ့ဒီအရာရဲ့အရှိန်နှုန်းက အရမ်းမြန်တယ်...ဒါက အရမ်းမြန်တာကြောင့် ငါတို့ရဲ့စွမ်းအားနဲ့တောင် အဲ့ဒီအရာကိုရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး...ဒီနေရာမှာရှိနေတဲ့ အစစ်အမှန်အင်မော်တယ်တွေတောင်မှ ဒီအရှိန်နှုန်းမျိုးကို ပိုင်ဆိုင်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ဒါက ငါတို့ အရင်က တစ်ခါမှမမြင်ဖူးတဲ့ မှော်သားရဲတစ်ကောင်ဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်"
"ဒူးရင်းသီးကတော့..."
ထိုသို့ပြောဆိုပြီးနောက် လင်းယုဝေက မြေပြင်ပေါ်ရှိ ဒူးရင်းသီးကိုငုံကြည်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်၏။
"မှော်သားရဲတွေကလည်း တစ်ခါတလေကျရင်သစ်သီးတွေစားတာပဲ မဟုတ်လား"
သို့ရာတွင် သူမ၏အသံ ကျရောက်သွားသောအချိန်မှာပင် မိုးကောင်းကင်ယံအတွင်းမှနေ၍ တစ်ခြားလေတိုးသံတစ်သံကို ကြားလိုက်ရသည်။
ထို့နောက် ပျံသန်းနေသောအရာကြီးသည် လာရင်းနေရာဆီသို့ တဖန်ပြန်၍ပျံသန်းသွားသည်ကို သူတို့အားလုံး မြင်တွေ့မိလေ၏။
တချိန်တည်းမှာပင်...
ဆူပူကြိမ်းမောင်းနေသော အသံတစ်သံလည်း ယှဉ်တွဲ၍ ထွက်ပေါ်လာသည်။
"ငါ ဆက်ပြီးအောင့်မထားနိုင်တော့ဘူး...ငါ နောက်ဖေးသွားဖို့ အိမ်သာရှာဖို့အတွက် ကျန်းထျန်းမြို့ကို သွားရမယ်"
Chapter 723
လင်းယုဝေတို့လူစုသည် လုံးလုံးလျားလျား ကြက်သေသေနေပေ၏။
"ကြည့်လိုက်အုံး...သူက လူတစ်ယောက်လို့ ငါပြောခဲ့တယ် မဟုတ်လား...ဒါပေမဲ့ မင်းတို့အားလုံး မယုံကြဘူး...ခုဏကတည်းက သူစကားပြောတာကို ငါ ကြားခဲ့တယ်"
လူတယောက်က ခုန်ပေါက်ထကာ အော်ဟစ်လိုက်သည်။
ဤသည်ကြောင့် လင်းယုဝေနှင့်တခြားလူများအားလုံး ထိုလူကို မျက်စောင်းထိုးလိုက်ကြ၏။
ဤအချိန်အခိုက်အတန့်တွင် သူ ဤစကားကိုပြောဆိုရန် လိုအပ်သလော....
သူတို့သည် အစောပိုင်းကလူ စကားပြောဆိုလိုက်သောအသံကို ကြားမိသည်။
ဤသည်ကြောင့် သူတို့အားလုံး အဆုံးစွန်ဆုံးအဆင့်ထိ စိတ်လှုပ်ရှားနေပေ၏။
တားမြစ်နယ်မြေဟု နာမည်ကျော်ကြားသော ထန်းလန်တောင်တန်း၏ဗဟိုချက်နေရာတွင် လျှို့ဝှက်ဆန်းကြယ်သောလူတစ်ယောက် ထွက်ပေါ်လာမည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးတောထားမိခြင်းမရှိချေ။
ထို့ပြင် သူ၏ပျံသန်းမှုအရှိန်နှုန်းအရကြည့်ပါက ထိုလူသည် ထိပ်သီးအစွမ်းထက်ဆရာကြီးတစ်ယောက်ဖြစ်နေမည်ကို သူတို့ စိုးရိမ်မိသည်။
"အဲ့ဒီထက်ပိုပြီး အရေးကြီးတဲ့ကိစ္စ ရှိသေးတယ်"
ထိုအချိန်မှာပင် အစစ်အမှန်အင်မော်တယ်များအနက်မှတစ်ယောက်က တစ်စုံတစ်ခုကိုရိပ်စားမိသွားပုံဖြင့် ရုတ်တရက် ပြောဆိုသည်။
"ခုဏက ကောင်းကင်ပေါ်မှာ ပျံသန်းနေတဲ့လူ အော်သွားတာက သူ ချေးပါဖို့အတွက် ကျန်းထျန်းမြို့ကိုသွားမလို့ဆိုလားပဲ...ဟုတ်တယ်မလား..."
သူ၏သတိပေးသံကြောင့်....
ကြွင်းကျန်သောလူများအားလုံး ရုတ်တရက် အမှတ်ရသွားသည်။
"ငါလည်း အဲ့ဒီလိုမျိုး ကြားမိသလိုပဲ"
တခြားလူတစ်ယောက်ကလည်း တုံ့ပြန်သည်။
"ဒါပေမဲ့ ကျန်းထျန်းမြို့က ငါတို့ ထွက်လာခဲ့တဲ့ ကူးပြောင်းရေးဝင်္ကပါရှိတဲ့မြို့ မဟုတ်လား"
"အမှန်ပဲ....ကျန်းထျန်းမြို့က ဒီနေရာနဲ့ မိုင်သန်းအနည်းငယ်လောက်အကွာမှာ တည်ရှိတယ်...သူက ချေးပါဖို့အတွက် မိုင်သန်းနဲ့ချီပြီး ဝေးတဲ့နေရာကို သွားတာလား"
"သူက အရမ်းအစွမ်းထက်တဲ့လူတစ်ယောက် ဖြစ်နေမှတော့ ဘာလို့ ချေးပါဖို့လိုသေးတာလဲ"
လူများအားလုံးသည် ပြူးကျယ်နေသောမျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူတို့အားလုံး ကြက်သေသေနေသည်။
အမှုမဲ့အမှတ်မဲ့ဖြင့် သူတို့အားလုံး၏ မျက်လုံးအကြည့်များသည် သူတို့၏ခေါင်းဆောင်ဖြစ်သော လင်းယုဝေထံသို့ ကျရောက်သွားပေ၏။
မည်သို့ပင်ဆိုစေကာမူ လင်းယုဝေသည် အလွန်ဉာဏ်ပညာရှိသူပင်။
"အင်း...."
လင်းယုဝေက မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်လိုက်သည်။
သူမသည်လည်း လေထုအတွင်းမှ ပျံသန်းသွားသောလူထံမှ နောက်ဖေးသွားရန်အတွက် ကျန်းထျန်းမြို့သို့သွားမည်ဟူသောစကားကို ကြားလိုက်ရပုံရသော်လည်း ဤသည်မှာ အနည်းငယ်စိတ်ကူးယဉ်ဆန်သည်ဟု ခံစားမိဆဲပင်။
ဤကဲ့သို့ အစွမ်းထက်သောလူတစ်ယောက်သည် မည်သည့်ကြောင့် မစင်စွန့်ရန်လိုအပ်သည်ကို ထည့်မပြောလျှင်ပင် မစင်စွန့်ရန်အတွက် မိုင်ပေါင်းသန်းနှင့်ချီကွာဝေးသော ကျန်းထျန်းမြို့သို့ အပြေးသွားရန် လိုအပ်သလော....
သူ အပြေးသွားနေစဉ်အတောအတွင်းတွင် ထိုချေးပါလိုစိတ်ကို အောင့်ထားနိုင်မည်လော.....
"ငါတို့ နားကြားမှားတာ မဟုတ်လား"
လင်းယုဝေက တီးတိုးရေရွတ်လိုက်သည်။
"သူ့ရဲ့ပျံသန်းမှုအရှိန်နှုန်းက အရမ်းမြန်တယ်....ဒီလိုလျင်မြန်တဲ့အသံနှုန်းမှာ သူ ပြောလိုက်တဲ့စကားသံကို ငါတို့ သေချာမကြားမိမှာကို ငါ စိုးရိမ်မိတယ်"
"ငါတို့ကြားတာက သူပြောတဲ့အဓိပ္ပာယ်နဲ့ ကွဲပြားနေနိုင်တယ်"
တခြားလူများအားလုံးသည်လည်း ခေါင်းညိတ်လိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ ထန်းလန်တောင်တန်း၏တဝက်ခန့်ကို ဖြတ်ကျော်ကာ ဝင်္ကပါနယ်မြေအတွင်းသို့ မစင်စွန့်ရန်သွားမည်မှာ မည်ကဲ့သို့ သောက်ရေးမပါသည့်ကိစ္စဖြစ်သနည်း။
လင်းယုဝေပြောသည့်စကားမှာ တစ်ခုတည်းသောဖြေရှင်းချက်ပင်။
သို့ရာတွင်...
သူတို့ စဉ်းစားတွေးတောနေစဉ်မှာပင် အစောပိုင်းကလူသည် သူ သွားခဲ့သောဦးတည်ချက်မှ ဝှစ်ခနဲအသံနဲ့အတူ ပြန်ထွက်လာကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပျောက်ကွယ်သွားသည်။
"ဟူး ချေးပါရတာ အရမ်းကောင်းတယ်"
"ငါတို့တွေ အထီးကျန်မြို့ကိုသွားပြီး နေ့လည်စာစားကြစို့....အဲ့ဒီနေရာမှာရှိတဲ့ အစားအသောက်တွေက နည်းနည်းအဆင်ပြေတယ်"
မိုးကောင်းကင်ယံမှနေ၍ မသဲမကွဲအသံတစ်သံ ထွက်ပေါ်လာပြီးနောက် အစောပိုင်းကမှ စိတ်တည်ငြိမ်သွားသော လူများအားလုံး တဖန်ပြန်၍ ထိတ်လန့်တုန်လှုပ်သွားသည်။
လူများအားလုံးသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့ထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
တချို့လူများသည် တုန်တုန်ရီရီဖြစ်နေကာတချို့လူများသည် ကူကယ်ရာမဲ့စွာဖြင့် သူတို့၏ပါးများကို သူတို့ ပြန်ဖြတ်ရိုက်နေကြ၏။
နားကြားမှားသလော....
ဤသည်မှာ သူတို့ နားကြားမှားခြင်းသာ ဖြစ်ပေမည်။
သူတို့အားလုံး ထိုသို့တွေးတောလိုက်ကြသည်။
တစ်နာရီ၏လေးပုံတစ်ပုံမပြည့်သေးမီမှာပင် သူသည် ဤနေရာမှစတင်ထွက်ခွာကာ ကျန်းထျန်းမြို့နှင့်ခေါက်တုံ့ခေါက်ပြန် ပျံသန်းနေသည့်အပြင် မစင်စွန့်ရန်သွားသည်ဟု ပြောဆိုခဲ့သလော.....
ဤသည်မှာ အလွန်ရူးသွပ်သောကိစ္စပင်။
သူသည် အထီးကျန်နယ်မြေအတွင်းရှိအထီးကျန်မြို့ထဲသို့ နေ့လည်စာစားရန်အတွက် ထန်းလန်တောင်တန်းတစ်ခုလုံးကို ဖြတ်ကျော်ရမည့်ကိစ္စကို ထည့်ပြောရန်ပင်မလိုတော့ချေ။
ယခုအချိန်သည် သောက်ရေးမပါလှစွာဖြင့် နေမွန်းတည့်ချိန်သို့ ရောက်ရှိနေလေပြီ။
"ဒီကိစ္စက ဘယ်လိုမှမဖြစ်နိုင်ဘူး...ငါတို့ နားကြားမှားတာပဲဖြစ်မယ်...အားလုံးပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေတာကို ရပ်လိုက်ကြတော့...ငါတို့ရဲ့တာဝန်ကို နှောင့်နှေးကြန့်ကြာလို့မဖြစ်ဘူး"
လင်းယုဝေသည် ထိတ်လန့်တုန်လှုပ်နေသော လူအုပ်ကြီးကိုကြည့်ကာ အလျှင်အမြန်အော်ဟစ်လိုက်၏။
"ငါတို့ရဲ့စိတ်ထဲမှာ မှတ်ထားရမှာက ငါတို့ရှေ့ဆက်သွားပြီးတော့ တာဝန်ကို အမြန်ဆုံးပြီးဆုံးအောင် ထမ်းဆောင်ရမယ်"
'ဒါပေမဲ့ ဘာကိစ္စပဲရှိနေနေ အဲ့ဒီလူက အရမ်းအစွမ်းထက်မှာ သေချာတယ်....အခုအချိန်မှာ သူက ရန်သူလား ဒါမှမဟုတ် မိတ်ဆွေလားဆိုတာ မပြောနိုင်ဘူး...ဒါကြောင့် ငါတို့ အရင်ကထက် ပိုဂရုစိုက်ရမယ်"
လင်းယုဝေက တည်ကြည်လေးနက်စွာ ရှင်းပြသည်။
"ဟုတ်ကဲ့"
လူများအားလုံးသည် ဤတစ်ကြိမ်တာဝန်၏အရေးပါပုံကို သိရှိထားသဖြင့် သူတို့၏မျက်နှာများပေါ်၌ တည်ကြည်လေးနက်သောအရိပ်အယောင်များ ထင်ဟပ်လာကာ ခရီးဆက်ခဲ့ကြတော့သည်။
သို့ရာတွင် သူတို့ခရီးဆက်ပြီး မကြာမီမှာပင်...
အေးစိမ့်သောအရှိန်အဝါတစ်ရပ် ရုတ်တရက်ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်မှနေ၍ ပြင်းထန်သောဖိအားတစ်ရပ် ကျရောက်လာသည်။
ဤအချိန်တွင်....
သူတို့အားလုံးသည် သူတို့၏ဦးရေပြားများ တင်းကြပ်လာသကဲ့သို့ ခံစားမိလေ၏။
လင်းယုဝေတို့လူစုသည် ကြီးမားသောရန်သူကြီးတစ်ယောက်ကို ရင်ဆိုင်ရတော့မည့်အလား သူတို့အားလုံး အတူတကွစုဝေးကာ ကျောခြင်းကပ်လိုက်ကြသည်။ဤအရှိန်အဝါအောက်တွင် သူတို့ထံမှနေ၍ ဇောချွေးများ တစ်စက်ပြီးတစ်စက် ယိုစီးကျနေသည်။
အကြောင်းအရင်းမှာ ဤဖိအားအရှိန်အဝါသည် အလွန်အားကောင်းသောကြောင့်ပင်။
အကယ်၍ သူတို့သည် ထိုရန်သူနှင့် အမှန်တကယ်တိုက်ခိုက်ရပါက သူတို့အားလုံးအနည်းငယ်မျှ ခုခံနိုင်မည်မဟုတ်ဘဲ ထွက်ပြေးရုံသာရှိပေမည်။
ဤကဲ့သို့ တင်းမာနေသော ပတ်ဝန်းကျင်အခြေအနေအောက်တွင် အပ်တစ်ချောင်းကျသံကိုပင် ကြားနိုင်သည်။
တချိန်တည်းမှာပင် သူတို့အားလုံး၏မျက်လုံးအကြည့်များသည် သူတို့၏ရှေ့ရှိ တောအုပ်အတွင်းသို့ ကျရောက်နေသည်။
ထိုအရာနီးကပ်လာချိန်တွင်....
သူတို့အားလုံး၏အာရုံကြောများ တင်းမာသွားသည်။
ထိုအရာသည် ပို၍နီးကပ်လာကာ....
ထွက်ပေါ်လာတော့မည်အချိန်သို့ ရောက်ရှိလာလေပြီ။
သူတို့အားလုံး၏ခြေထောက်များ တုန်ရီစပြုလာကာ သူတို့၏နှုတ်ခမ်းများ ခြောက်သွေ့လာသည်။တချို့လူများသည် သူတို့၏အင်္ကျီလက်အတွင်းမှ မှော်လက်နက်ကို သူတို့၏လက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပေ၏။
သူတို့၏နှလုံးခုန်သံများကိုပင် ရှင်းရှင်းလင်းလင်း ကြားရနိုင်သည်။
နောက်ဆုံး၌...
တောအုပ်အတွင်းမှနေ၍....
ယုန်ဖြူလေးတစ်ကောင် ခုန်ထွက်လာသည်။
လူများအားလုံး ကြက်သေသေသွားသည်။
မည်ကဲ့သို့ သောက်ရေးမပါသည့်ကိစ္စ ဖြစ်နေသနည်း....
ဤသည်မှာ ယုန်ဖြူလေးတစ်ကောင် ဖြစ်နေသလော....
Chapter 724
ထို့ပြင် ဤယုန်ငယ်လေး၏နောက်၌ အစွမ်းထက်သောမှော်သားရဲတချို့ ရှိနေသည်။
လူသားမျက်နှာရှိသော ခြင်္သေ့တစ်ကောင်အပြင် တခြားရက်စက်ကြမ်းကြုတ်သော မှော်သားရဲတချို့ရှိနေသည်။
ယုန်ငယ်လေးသည် တင်ပါးတစ်ဖက်လွှဲ၍ မြေပြင်ပေါ်၌ထိုင်ကာ သူ့၏ခြေထောက်နှစ်ချောင်းကို ချိတ်လိုက်သည်။
ယုန်ငယ်လေး၏နံဘေးရှိ လူသားမျက်နှာခြင်္သေ့သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို မြေပြင်ပေါ်၌ လဲလျောင်းလိုက်၏။ထို့နောက် သူ၏ခြင်္သေ့လက်တစ်စုံဖြင့် ယုန်ငယ်လေး၏ပခုံးကိုဂရုတစိုက် နှိပ်ပေးနေလေသည်။
ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လင်းယုဝေလို့လူစု ကြက်သေသေသွားသည်။
သို့ရာတွင် ဤသည်မှာ ယုန်ငယ်လေးတစ်ကောင်ဖြစ်နေလျှင်ပင် သူတို့ လျှော့မတွက်ဝံ့ချေ။
မည်သို့ပင်ဆိုစေကာမူ ထိုယုန်ငယ်လေးထံမှ သူတို့ထံသို့ ကျရောက်နေသော ဖိအားအရှိန်အဝါသည် အစစ်အမှန်ပင်။
"သားရဲအရှင်တို့...ငါတို့တွေက ဝင်္ကပါနယ်မြေကလာတဲ့ ဝင်္ကပါပညာရှင်တွေပါ....ငါတို့ ဒီတောင်တန်းကိုရောက်လာတာက ငါတို့ရဲ့ဆရာသခင် ချန်းရှင်းရွှမ်ပေးလိုက်တဲ့တာဝန်ကို ထမ်းဆောင်ဖို့ပါ"
လင်းယုဝေက ပြောဆိုသည်။
"လူသားတွေ....နင်တို့က ဘယ်သူတွေ ဘယ်နေရာကလာတယ် ဘာလုပ်ချင်တယ်ဆိုတာ ငါ ဂရုမစိုက်ဘူး.....အခုချိန်ကစပြီး နင်တို့ကို ရှေ့ဆက်သွားခွင့်မပြုဘူး"
ယုန်ငယ်လေးက သူမ၏မျက်လုံးကို အနည်းငယ်မှေးစင်းကာ တိုက်ရိုက်ငြင်းဆန်သည်။
လင်းယုဝေ၏မျက်နှာ သုန်မှုန်သွားသည်။ဤယုန်ငယ်လေး၏သဘောထားကို ကြည့်ခြင်းအားဖြင့် ဤနေရာမှ သူမတို့ ဖြတ်သန်းသွားရန်မှာ မဖြစ်နိုင်ကြောင်း သူမ သိရှိသွားသည်။
အချိန်ကုန်သက်သာစေရန်အလို့ငှာ သူမသည် ဆရာဖြစ်သူမှ သူမအား ပေးအပ်လိုက်သည့် တံဆိပ်ပြားကို တိုက်ရိုက်ထုတ်ပြလိုက်သည်။
"တကယ်လို့ ငါ ခန့်မှန်းတာမှန်မယ်ဆိုရင် ဒီနေရာက ခြင်္သေ့အရှင်ရဲ့ပိုင်နက်နယ်မြေဖြစ်မယ်...ငါ့ရဲ့ဆရာချန်းရှင်းရွှမ်နဲ့ ဒီတောင်တန်းမှာရှိတဲ့အဓိကအရှင်တွေကြားမှာ သဘောတူညီချက်တွေ လုပ်ထားတယ်....အဲ့ဒီအဓိကအရှင်တွေထဲမှာ ခြင်္သေ့အရှင်လည်း အပါအဝင်ပဲ...ဒီတံဆိပ်ပြားကို ကျေးဇူးပြုပြီးတော့ ခြင်္သေ့အရှင်ဆီ လက်ကမ်းပေးဖို့ ငါ မျှော်လင့်မိတယ်"
"သူက ဒီတံဆိပ်ပြားကိုမြင်တာနဲ့ ငါတို့ကို သွားခွင့်ပြုလိမ့်မယ်"
သို့ရာတွင်....
ယုန်ငယ်လေးသည် မျက်လုံးတချက်စွေ၍ ထိုတံဆိပ်ပြားကို ကြည့်လိုက်ရုံသက်သက်ပင်။
"နင်တို့ရဲ့ပစ္စည်းက အလုပ်ဖြစ်မှာ မဟုတ်ဘူး...နင်တို့ပြောတဲ့ ဆရာဆိုတာကိုလည်း ငါ ဂရုမစိုက်ဘူး....အရင်ကနဲ့တူတဲ့စကားကိုပဲ ငါ ပြောမယ်....နင်တို့လာခဲ့တဲ့နေရာကို ပြန်သွားတော့"
ယုန်ငယ်လေးက ကျယ်လောင်သောအသံဖြင့် ထပ်မံ၍ပြောဆိုသည်။
"နင်...."
လင်းယုဝေ၏မျက်နှာ ကူကယ်ရာမဲ့စွာဖြင့် သုန်မှုန်သွားသည်။
သူမ၏စိတ်နှလုံးသားအတွင်း၌ ဒေါသများ မြင့်တက်လာပေ၏။ဤယုန်ငယ်လေးသည် ကျင့်ကြံဆင့်အခြေခံ မြင့်မားခြင်းကြောင့် အလွန်မောက်မာထောင်လွှားနေသည်။
အကယ်၍ နှစ်ဖက်အကြားတွင် တိုက်ခိုက်ပါက သူမတို့အနိုင်ရရှိရန် အခွင့်အရေးမရှိသည်ကို သိရှိထားသည့်တိုင် သူမ၏တာဝန်အကြောင်းကို တွေးတောမိသဖြင့် တင်းမာခက်ထန်သောမျက်နှာဖြင့် ပြောဆိုလိုက်သည်။
"အရှင်မ....ဒီနေရာက ခြင်္သေ့အရှင်ရဲ့ပိုင်နက်နယ်မြေပါ...ဒီနေရာရဲ့ဆုံးဖြတ်ပိုင်ခွင့်က ခြင်္သေ့အရှင်မှာပဲရှိတယ်...မင်း မဟုတ်ဘူး...ငါပြောတာ ဟုတ်တယ်မလား"
"ငါ နင့်ကို အကြံပေးချင်တယ်...နင်က ခြင်္သေ့အရှင်ဆီကို အကြောင်းကြားပေးတာ ပိုကောင်းလိမ့်မယ်"
"ဒီကိစ္စကြားမှာ နားလည်မှုလွဲမှားတာတွေ ဖြစ်လာမယ်ဆိုရင် ငါတို့ဝင်္ကပါနယ်မြေနဲ့ခြင်္သေ့အရှင်ကြားမှာ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်...အဲဒီအချိန်ကျရင် နင်က ဒီကိစ္စကို တာဝန်ယူနိုင်မှာမဟုတ်ဘူး"
"ခြင်္သေ့အရှင်က နင့်ကို အပြစ်ပေးမှာ နင် မစိုးရိမ်ဘူးလား"
လင်းယုဝေ၏စကားများသည် ပြင်းထန်ခြင်းလည်းမရှိ ပေါ့ပါးခြင်းလည်း မရှိချေ။
ဤသည်မှာ သူမသည် ယုန်ငယ်လေးကိုတိုက်ရိုက်ပြဿနာရှာခြင်းမဟုတ်ပဲ သွယ်ဝိုက်သောအနက်အဓိပ္ပာယ်ဖြင့် နားလည်အောင် ပြောဆိုလိုက်ခြင်းပင်။
ထို့ကြောင့် ဤယုန်ငယ်လေးသည် အရူးမဟုတ်သရွေ့ မည်ကဲ့သို့ ပြုလုပ်ရမည်ကို သိရှိပေမည်။
သို့ရာတွင် ယုန်ငယ်လေး၏အပြုအမူသည် သူမ၏မျှော်လင့်ချက်ထက် ကျော်လွန်နေသည်ကို သူမ မြင်တွေ့မိလေ၏။
ထိုယုန်ငယ်လေးသည် ခေါင်းမော့ကာ ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။
"ဟား ဟား ဟား....."
"ခြင်္သေ့အရှင်က ငါ့ကို အပြစ်ပေးမယ်တဲ့လား...ဒါက တကယ်ကို မယုံနိုင်စရာပဲ....နင်တို့ပြောကြစမ်း...သူက ခြင်္သေ့အရှင်မဟုတ်လို့လား"
ထိုစကားကိုပြောဆိုရင်း ယုန်ငယ်လေး၏မျက်လုံးအကြည့်သည် သူမ၏ပခုံးကိုနှိပ်ပေးနေသော လူသားမျက်နှာခြင်္သေ့ထံသို့ရောက်ရှိသွားသည်။
ယုန်ငယ်လေး၏မျက်လုံးအကြည့်ကို သတိပြုမိသွားချိန်တွင် လူသားမျက်နှာခြင်္သေ့၏ခန္ဓာကိုယ် တုန်ရီသွားကာ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် သူ၏အမွှေးများ ထောင်ထသွားသည်။ထို့နောက် သူသည် မြေပြင်ပေါ်၌ အလျင်စလို ဆောင့်ကြောင့်ထိုင်လိုက်၏။
"ယုန်အရှင်မ ငါ ဘာကိုမှမသိပါဘူး...ငါက မင်းရဲ့ဘေးနားမှာနေပြီးတော့ မင်းကိုချစ်ဖို့ပဲသိတဲ့ အညတရခြင်္သေ့လေးတစ်ကောင်ပါ"
ယုန်ငယ်လေးသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ကာ သူမ၏ခေါင်းကို လင်းယုဝေလို့လူစုထံသို့ တဖန်ပြန်လှည့်လိုက်သည်။
"ဘာ...."
လင်းယုဝေတို့လူစုသည် လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်ခံလိုက်ရသည့်အလားပင်။
သူတို့၏အောက်မေးရိုးများ အောက်သို့ပြုတ်ကျလုမတတ် ထိတ်လန့်နေကာ သူတို့၏မျက်လုံးအကြည့်များသည် ယုန်ငယ်လေး၏ပုခုံးကိုနှိပ်ပေးနေသော လူသားမျက်နှာခြင်္သေ့ထံသို့ အခိုင်အမာကျရောက်သွားသည်။
"သူ...သူက...ခြင်္သေ့အရှင်လား"
လင်းယုဝေသည် ထိတ်လန့်တုန်လှုပ်သွားကာ သူမ၏ခြေသလုံးကြွက်သား တုန်ရီသွားပြီး မယုံကြည်နိုင်မှုများ ပြည့်နှက်နေသောလေသံဖြင့် အထစ်ထစ်အငေါ့ငေါ့ ပြောဆိုလိုက်သည်။
"ဘာမေးစရာရှိသေးလဲ"
ယုန်ငယ်လေးက အေးအေးလူလူလေသံဖြင့် တုံ့ပြန်သည်။
"မရှိ...ဘာမှမရှိတော့ပါဘူး...."
လင်းယုဝေသည် သူမ၏နဖူးမှချွေးများကို သုတ်လိုက်၏။ယနေ့တွင် သူမတို့သည် ခြင်္သေ့အရှင်၏ပိုင်နက်နယ်မြေအတွင်းမှ ဖြတ်သန်းသွားရန် မည်သို့မျှ မဖြစ်နိုင်တော့ကြောင်း သူမ သိရှိသွားသည်။
ထို့နောက် သူမတို့အားလုံး ဤနေရာမှ စိတ်ပျက်လက်ပျက်ဖြင့် ဆုတ်ခွာခဲ့တော့သည်။
"ငါတို့ ဘာလုပ်ကြမလဲ"
ထိုနေရာမှထွက်ခွာခဲ့ပြီးနောက် လူများအားလုံးက လင်းယုဝေကို ကြည့်လိုက်သည်။
လင်းယုဝေက မျက်မှောက်ကြုတ်၍ ပြောဆိုလေ၏။
"ခြင်္သေ့အရှင်ရဲ့ပိုင်နက်နယ်မြေထဲမှာ အပြောင်းအလဲတွေ ဖြစ်သွားတာက ဘယ်သူမှ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုပဲ...အရှင်သခင်အသစ်ဖြစ်တဲ့ ယုန်ငယ်လေးက ငါတို့ဝင်္ကပါနယ်မြေနဲ့ ထန်းလန်တောင်တန်းထဲက အရှင်တွေကြားမှာ သဘောတူညီချက်တွေရှိတာကို သိပုံမရဘူး"
"ဒါက ကံတရားကြောင့်ဖြစ်သွားတဲ့ ကိစ္စတစ်ခုပဲ...နင်တို့အားလုံး ဘာမှစိုးရိမ်ပူပန်ဖို့မလိုဘူး...ငါတို့က ခြင်္သေ့အရှင်ရဲ့ပိုင်နက်နယ်မြေထဲက ဖြတ်သွားလို့မရရင်တောင် တခြားနယ်မြေတွေကနေ သွားလို့ရတယ်"
"ဒါက အချိန်နည်းနည်းကုန်သွားတာကလွဲရင် တခြားဘာပြဿနာမှ မရှိဘူး"
လင်းယုဝေက ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင်....
လူများအားလုံး၏မျက်နှာများပေါ်မှ စိတ်ပျက်အားငယ်နေမှုများ ချက်ချင်းလျော့ပါးသွားသည်။
လင်းယုဝေ ပြောဆိုသွားသည့်အတိုင်း ဤသည်မှာ ခြင်္သေ့အရှင်၏ပိုင်နက်နယ်မြေအတွင်း၌ အပြောင်းအလဲတစ်ခု ဖြစ်သွားခြင်းပင်။ပတ်ဝန်းကျင်ရှိ နယ်မြေအရှင်များအားလုံး၏ပိုင်နက်နယ်မြေများအတွင်း၌ အပြောင်းအလဲများ ဖြစ်ပွားနေမည် မဟုတ်ချေ။
သူတို့လူစုသည် တဖန်ပြန်၍စိတ်အားတက်ကြွလာကာ တခြားနယ်မြေတစ်ခုလို့ဦးတည်၍ ခရီးဆက်ခဲ့တော့သည်။
Chapter 725
သို့ရာတွင်....
သူတို့အားလုံးသည် မျက်နှာကိုပါးဖြတ်ရိုက်ခံလိုက်ရသည့်အလားပင်။
သူတို့သွားခဲ့သည့် နယ်မြေခြောက်နေရာခုနှစ်နေရာလုံး၌ ချွင်းချက်မရှိငြင်းဆန်ခံခဲ့ရသည်။
မူလသားရဲအရှင်များသည် အသတ်ခံရခြင်း သူမဟုတ် ရုပ်သေးတစ်ရုပ်အဖြစ်သို့ ပြောင်းလဲသွားခြင်းကြောင့် အရှင်သခင်အသစ်သည် သူမတို့၏လက်အတွင်းရှိ တံဆိပ်ပြားကို အနည်းငယ်မျှ အသိအမှတ်မပြုချေ။
သို့ရာတွင် ဤသည်မှာ အံ့အားသင့်ဖွယ်အကောင်းဆုံးကိစ္စ မဟုတ်သေးချေ။
ယခင်အရှင်သခင်များနေရာတွင် အစားထိုးနေရာဝင်ယူထားသူများမှာ ကြောက်မက်ဖွယ်ကောင်းသော မှော်သားရဲများမဟုတ်ဘဲ နှံ့ကောင်များ ပုတ်သင်ညိုများ ရစ်ငှက်များ ဖွတ်များစသဖြင့် သာမန်အချိန်များတွင် ကျင့်ကြံရန်မဖြစ်နိုင်သော သတ္တဝါငယ်များဖြစ်နေခြင်းပင်။
ထို့ထက်ပို၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောကိစ္စမှာ ထိုနယ်မြေအရှင်များအနက်မှတစ်ကောင်သည် ချေးပိုးထိုးတစ်ကောင်ဖြစ်နေခြင်းပင်။
ထိုချေးပိုးထိုး၏မူရင်းဇစ်မြစ်မှာ....
ပြောရမည်ဆိုလျှင်...
ရီဖုန်းသည် တစ်ရက်တွင် တောတောင်အကြား၌ မစင်စွန့်နေရင်း ချေးပိုးထိုးတစ်ကောင် တွယ်တက်နေသည်ကို မြင်တွေ့မိသည်။
သူ ပျင်းရိငြီးငွေ့ဆုံးကိစ္စမှာ ဆောင့်ကြောင့်ထိုင်ရခြင်းပင်။
အတိတ်ဘဝတွင် သူ မစင်စွန့်ရန်အတွက် ဆောင့်ကြောင့်ထိုင်ချိန်တွင် သူ၏ဖုန်းမရှိပါက သူ ချေးမထွက်ချေ။
ဤသည်ကြောင့် ရီဖုန်းသည် ဆောင့်ကြောင့်ထိုင်နေရင်း ပျင်းရိလာသဖြင့် ထိုချေးပိုးထိုးကို ကျင့်ကြံဆင့်အခြေခံတချို့ ပေးခဲ့သည်။ထို့ကြောင့် ထန်းလန်တောင်တန်းအတွင်း၌ ချေးပိုးထိုးအရှင်တစ်ပါး မွေးဖွားခြင်းကို ဖြစ်ပွားစေခဲ့သည်။
လင်းယုဝေတို့လူစုသည် ဤသတ္တဝါငယ်လေးနှင့် ရင်ဆိုင်ရသောအချိန်တွင်....
အယဥ်ကျေးဆုံးတစ်ကောင်မှာ သူတို့ မူလကတွေ့ခဲ့သော ယုန်ငယ်လေးဖြစ်ပြီး တခြားသားရဲအရှင်များအားလုံးသူတို့ကို ချွင်းချက်မရှိ မောင်းထုတ်ခဲ့သည်။
မစင်များထဲမှ ပေါက်ဖွားလာသော ချေးပိုးထိုးအရှင်ဆိုလျှင် သူတို့အား နေရာမှာပင် ပိတ်လှောင်ထားလုနီးပါး ကြိုဆိုခဲ့သည်။
ဤလှောင်ပိတ်ခံထားရမှုမှ ထွက်ပြေးလွတ်မြောက်လာပြီးနောက် လင်းယုဝေတို့လူစုသည် ရှက်ရွံ့စွာဖြင့် တောင်ကြားတစ်ခုအတွင်းတွင်ပုန်းအောင်းကာ အသက်ပြင်းပြင်းထန်ထန် ရှိုက်လိုက်ကြ၏။
"ဒီတောင်တန်းထဲမှာ ဘာတွေ ဖြစ်နေတာလဲ"
"ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ"
လင်းယုဝေ၏မျက်နှာပေါ်တွင် မလိုလားမှုများဖြင့် ပြည့်နှက်နေကာ သူမ၏နူးညံသေးသွယ်သောလက်ဖြင့် နံဘေးရှိသစ်ပင်တစ်ပင်ကို ရိုက်နှက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ညည်းတွားလိုက်သည်။
ထန်းလန်တောင်တန်းအတွင်းသို့ သူမတို့ ဝင်ရောက်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေသည့်တိုင် တာဝန်ကိုပြီးမြောက်ရန် နေနေသာသာ တောင်တန်း၏အစစ်အမှန်ဗဟိုချက်နယ်မြေအတွင်းသို့ပင် ဝင်ရောက်နိုင်ခြင်းမရှိချေ။
သူမတို့သည် အစဉ်အမြဲ အစွန်အဖျား၌သာ ရှိနေခဲ့သည်။
အဆုံးသတ်၌ သူမတို့သည် ချေးပိုးထိုးတစ်ကောင်ကြောင့် သေလုမျောပါးပင် ဖြစ်ခဲ့ရလေ၏။
သူမတို့သည် ပြန်သွားရမည်ကိုလည်း မလိုလားချေ။
သို့ရာတွင် ထိုအကြောင်းကို သူမတို့ ဂရုတစိုက်စဉ်းစားတွေးတောမိချိန်၌ အလွန်ကြောက်မက်ဖွယ်ကောင်းသည်ကို သတိပြုမိသွားသည်။
အကြောင်းအရင်းမှာ အကယ်၍ သတ္တဝါငယ်လေးတစ်ကောင်သည် အခွင့်အရေးကြီးတစ်ခုကိုရရှိပြီး ကျင့်ကြံဆင့်အခြေခံ မြင့်မားသွားသည်ဆိုလျှင်ပင် သူမတို့ နားလည်နိုင်စွမ်းရှိသည်။သို့ရာတွင် ထိုသတ္တဝါငယ်လေးများအားလုံးသည် ဤကဲ့သို့ တထပ်တည်းတူညီသောအခွင့်အရေးမျိုး ရရှိနေခြင်းမှာ မတော်တဆကိစ္စတစ်ရပ် မဖြစ်နိုင်တော့ချေ။
အထူးသဖြင့် ထိုချေးပိုးထိုးပင်။
ထိုသတ္တဝါသည် မစင်များအကြား၌ မည်သည့်အခွင့်အရေးကို ရှာတွေ့နိုင်မည်နည်း...
"ခေါင်းဆောင်...ငါတို့ ဘာလုပ်ကြမလဲ"
လူများအားလုံးသည် ကိုးရိုးကားယားအမူအယာဖြင့် လင်းယုဝေကိုကြည့်ကာ သူမ၏တုံ့ပြန်မှုကို စောင့်ဆိုင်းလိုက်ကြသည်။
"နည်းလမ်းတစ်ခုပဲ ရှိတော့တယ်"
လင်းယုဝေက အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ပြောဆိုသည်။
"ငါတို့ ထွက်မလာခင်အချိန်တုန်းက မတော်တဆကိစ္စတစ်ခုဖြစ်လာရင် ကာကွယ်ဖို့အတွက် နည်းလမ်းတစ်ခုကို ဆရာက ငါ့ကို ပြောခဲ့တယ်"
"လွန်ခဲ့တဲ့နှစ်တစ်သောင်းလောက်အကြာတုန်းက ထန်းလန်တောင်တန်းရဲ့အစွန်အဖျားမှာ တောင်တန်းရဲ့ဗဟိုချက်နေရာကို တိုက်ရိုက်ရောက်နိုင်တဲ့ ကူးပြောင်းရေးဝင်္ကပါတစ်ခုကို ငါတို့ရဲ့ဆရာဘိုးဘေးတွေက ခင်းကျင်းထားခဲ့တယ်...ဒါပေမဲ့ အဲ့ဒီကူးပြောင်းရေးဝင်္ကပါကို ထိန်းသိမ်းမှုမလုပ်တာ နှစ်တွေအများကြီးကြာနေခဲ့တာကြောင့် မတည်ငြိမ်ဘူး"
"ဒါကြောင့် တကယ်လို့ အသုံးမလိုဘူးဆိုရင် အဲ့ဒီကူးပြောင်းရေးဝင်္ကပါကို အသုံးမပြုရဘူးလို့ ဆရာက ငါ့ကို ပြောထားခဲ့တယ်"
"အခုအချိန်မှာ ဒီတောင်တန်းရဲ့နယ်မြေတွေမှာရှိတဲ့ အရှင်သခင်တွေအားလုံး အပြောင်းအလဲတွေဖြစ်နေတယ်...ကြည့်ရတာတော့ ဆရာပေးလိုက်တဲ့ တံဆိပ်ပြားတွေကို အသုံးပြုပြီးတော့ ကောင်တန်းရဲ့ဗဟိုချက်နေရာကို ဝင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...တစ်ခုတည်းသောနည်းလမ်းကတော့ အဲ့ဒီကူးပြောင်းရေးဝင်္ကပါကနေ ဖြတ်သွားဖို့ပဲ"
"ဒါကြောင့် နင်တို့အားလုံး ဂရုစိုက်ကြပါ"
ထိုသို့ပြောဆိုပြီးနောက် လင်းယုဝေက တခြားလူများအားလုံးကို ကြည့်လိုက်သည်။
တခြားလူများအားလုံးသည် တစ်ယောက်မျက်နှာတယောက်ကြည့်ကာ သူတို့သည် အာရုံစူးစိုက်၍ စဥ်းစားတွေးတောနေသည်မှာ တိကျသေချာပေ၏။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် မတည်ငြိမ်သော ကူးပြောင်းရေးဝင်္ကပါတစ်ခုကို စီးနင်းသွားရမည်မှာ စွန့်စားရမည့်ကိစ္စပင်။
အကယ်၍ ပြဿနာတစ်ခု ဖြစ်ပွားလာပါက အကန့်အသတ်မရှိသော လေဟာနယ်ဆက်ကြောင်းအတွင်း၌ သူတို့အားလုံး ပျောက်ကွယ်သွားနိုင်သည်။
သို့ရာတွင် အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက်....
လက်ရှိနေရာတွင်ရှိနေသူများအားလုံးသည် သူတို့၏အမြင်များကို ထုတ်ဖော်ပြောဆိုကာ ကူးပြောင်းရေးဝင်္ကပါမှသွားမည်ဟု သဘောတူညီလိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ အကယ်၍ သူတို့သည် ကူးပြောင်းရေးဝင်္ကပါမှမသွားပါက သူတို့အားလုံး ကြီးမားသောအင်အားအစုအဖွဲ့နှင့် ရောက်ရှိလာသည့်တိုင် ပြန်လည်၍ထွက်ပြေးရမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
သို့ရာတွင် သူတို့ထံ၌ တာဝန်တစ်ခုရှိနေသဖြင့် အကယ်၍ သူတို့ စွန့်စားရမည်ဆိုလျှင်ပင် ထိပ်တိုက်ရင်ဆိုင်ရပေမည်။
"ဒါက အရမ်းကောင်းတယ်"
"အားလုံးပဲ...ငါနဲ့အတူ သွားကြစို့"
လင်းယုဝေသည် စိတ်သက်သာရာရသောအကြည့်ဖြင့် လူများအားလုံးကိုကြည့်ကာ ကူးပြောင်းရေးဝင်္ကပါထံသို့ ဦးတည်၍ထွက်ခွာခဲ့တော့သည်။
...
"အမေ...ကယ်ပါအုံး...."
"ဘယ်အချိန်ကျမှ နောက်ဆုံးတပည့်ကို ရှာတွေ့မှာလဲ"
ရီဖုန်းက မိုးကောင်းကင်ယံကိုမော့ကြည့်ကာ ညည်းတွားလိုက်သည်။
ယခုလတ်တလောတွင် သူသည် တောင်တန်း၏အရှေ့ဘက်ခြမ်းနှင့်အနောက်ဘက်ခြမ်းရှိ အထီးကျန်မြို့နှင့်ကျန်းထျန်းမြို့ကို ခေါက်တုံ့ခေါက်ပြန် အကြိမ်ရေမည်မျှထိများများ သွားလာခဲ့မိကြောင်း သူ မသိတော့ချေ။သို့ရာတွင် သူ၏တပည့်ဖြစ်လာရန် အရည်အချင်းတစ်ဝက်ခန့် ပြည့်မီသောလူကိုပင် သူ မတွေ့ခဲ့ရချေ။
"ထလိုက်တော့...ထပ်ပြီး မစဉ်းစားတော့ဘူး...ငါဝယ်လာတဲ့ အဝတ်အစားသစ်တွေကို စမ်းကြည့်ရမယ်"
ရီဖုန်းက သူ၏သိုလှောင်လက်စွပ်အတွင်းမှ အဝတ်အစားများကို ထုတ်ယူလိုက်၏။
ရီဖုန်းသည် ထိုအဝတ်အစားများကို အထီးကျန်မြို့နှင့်ကျန်းထျန်းမြို့တို့မှ ဝယ်လာခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်မြစ်ကုန်းမြေမှ သူ ယူဆောင်လာသောအဝတ်အစားများသည် အရောင်မွဲနေသဖြင့် အဝတ်အစားများကို ပြောင်းလဲရပေမည်။
တောတောင်များအကြား၌ ရီဖုန်း၏ အဝတ်အစားပြောင်းလဲဝတ်ဆင်နေသောအသံ ထွက်ပေါ်နေသည်။
သူသည် ကျန်းထျန်းမြို့မှဝယ်လာသော အဝတ်အစားသစ်နှစ်စုံကို စမ်းဝတ်ကြည့်လိုက်သည်။
ဤဝတ်စုံများသည် နူးညံ့ပြီး သူနှင့် အံ့ဝင်ခွင်ကျဖြစ်နေသည်။
ထို့ကြောင့် အထီးကျန်မြို့မှ သူ ဝယ်ယူလာသော ဝတ်စုံများကို ထပ်မံ၍ စမ်းကြည့်လိုက်၏။
ရီဖုန်းသည် သူ၏အဝတ်အစားများကိုချွတ်ကာ အထီးကျန်မြို့မှ သူ ဝယ်ယူလာသော ဝတ်စုံကိုပြောင်းလဲဝတ်ဆင်ရန် ဟန်ပြင်လိုက်သည်။သို့ရာတွင် သူ၏နံဘေးရှိ သစ်ပင်ကြီးအောက်၌ သတ္တဝါငယ်လေးတစ်စု ကျွတ်စီကျွတ်စီလုပ်နေကြောင်း သူ မြင်တွေ့မိသည်။
"အိုး....တကယ်ကို သဘာဝဆန်တဲ့အလှပဲ"
"အရမ်းချစ်ဖို့ ကောင်းတယ်...ငါက သူတို့ကို ကယ်တင်ခဲ့တယ်ဆိုတာ သူတို့သိတာကြောင့် ငါ့ဆီကို လာတွေ့ကြတယ်"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် သူ၏လက်အတွင်းရှိ အဝတ်အစားများကိုချကာ ရယ်မောရင်း ထိုသတ္တဝါငယ်လေးတစ်စုထံသို့ လျှောက်လှမ်းသွားလိုက်သည်။
ထိုသတ္တဝါငယ်လေးများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
အထူးသဖြင့် ထိပ်ဆုံး၌ရှိနေသော ယုန်ငယ်လေးပင်။ထိုယုန်ငယ်လေး၏အမွှေးများအောက်ရှိမျက်နှာ နီမြန်းနေကာ သူ၏ခြေထောက်တိုလေးများဖြင့် နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးခဲ့တော့သည်။
သို့ရာတွင် လက်ကြီးတစ်ဖက်က သူ့အား ဖမ်းဆုပ်ထားလေ၏။
"ဟိတ်....မင်းလိုယုန်ငယ်လေးက ဘာလို့ဒီလောက်ထိ ရှက်နေတာလဲ...ငါ တစ်ချက်လောက် ကြည့်အုံးမယ်"
ရီဖုန်းသည် ယုန်ငယ်လေးကိုပွေ့ဖက်ကာ သူ၏နဘေးရှိနောက်မှီကုလားထိုင်ပေါ်၌ ထိုင်လိုက်သည်။
ထို့နောက် သူ၏လက်ဖြင့် ယုန်ငယ်လေး၏ဗိုက်သားများကို ညင်သာစွာပွတ်သပ်ပေးလေသည်။
"မင်း ဘာတွေကို ဖုံးကွယ်ထားတာလဲ"
ရီဖုန်းသည် ယုန်ငယ်လေးကိုဆုပ်ကိုင်ကာ သူ့၏လက်ကို ညင်သာစွာရွေ့လျားလိုက်ပြီးနောက် သူ၏မျက်လုံးများ ရုတ်တရက်တောက်ပသွားသည်။
"ယေး ဒါက ယုန်မလေးတကောင်ပဲ"
ထိုအချိန်မှာပင် ယုန်ငယ်လေးသည် ရှက်ရွံ့စွာဖြင့် ရီဖုန်း၏လက်အတွင်းမှထခုန်ပြီး ထွက်ပြေးသွားကာ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
ထိုယုန်ငယ်လေးသည် အချိန်မည်မျှကြာသည်အထိထွက်ပြေးခဲ့ကြောင်း မသိနိုင်ချေ။အဝေးတစ်နေရာသို့အရောက်တွင် သူမသည် ဖြူဖွေးသွယ်လျသော မိန်းကလေးတစ်ယောက်အသွင်သို့ ပြောင်းလဲသွားပြီး သူမ၏လှပသောမျက်နှာလေးသည် လည်ပင်းထိနီမြန်းနေပေ၏။
"ကျေးဇူးရှင်...ကျေးဇူးရှင်က ဘာလို့ ဒီလိုလုပ်တာလဲ"
သူမ၏နှလုံးခုန်နှုန်းများ လျှင်မြန်နေကာ သူမက ကူကယ်ရာမဲ့စွာဖြင့် ညည်းတွားလိုက်သည်။
သို့ရာတွင် အစောပိုင်းက မြင်ကွင်းသည် သူမ၏စိတ်အတွင်း၌ ထပ်ခါတလဲလဲ ပြန်လည်ထွက်ပေါ်လာသည်။
"ဘာကိစ္စပဲဖြစ်နေနေ ငါက ကျေးဇူးရှင်ကို ကောင်းကောင်းပြန်ပေးဆပ်ရမယ်...ဒါကြောင့် ငါက နယ်မြေကို သေသေချာချာစောင့်ရှောက်ပြီးတော့ အဲ့ဒီအသုံးမကျတဲ့လူတွေ ကျေးဇူးရှင်ဆီကိုသွားပြီး နှောက်ယှက်ခွင့်မပြုနိုင်ဘူး"
ထိုသို့ပြောဆိုပြီးနောက် သူမသည် ရှက်ရွံစွာဖြင့် အဝေးသို့ထွက်ပြေးသွားတော့သည်။
ထိုအချိန်တွင် လင်းယုဝေနှင့်တခြားလူများသည် မည်သည့်အန္တရာယ်မျှမရှိဘဲကူးပြောင်းရေးဝင်္ကပါမှ ဖြတ်သန်းလာနိုင်ခဲ့သည်။
သူတို့အားလုံး၏မျက်နှာများပေါ်တွင် ဝမ်းသာပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်နေပေ၏။
"အားလုံးပဲ....အထီးကျန်နယ်မြေရဲ့ကူးပြောင်းရေးဝင်္ကပါက ငါတို့ရဲ့ရှေ့မှာ ရှိနေတယ်...ငါတို့တွေ ညတာရှည်ပြီး အိပ်မက်မများစေဖို့အတွက်အဲ့ဒီဝင်္ကပါကို မြန်မြန်ဖျက်ဆီးကြရအောင်"
လင်းယုဝေက အမိန့်ပေးသည်။
"ဟုတ်ကဲ့"
တခြားလူများအားလုံး အမိန့်ကိုနာခံကာ ချက်ချင်းဆောင်ရွက်လိုက်ကြတော့သည်။
လင်းယုဝေဦးဆောင်သော ဝင်္ကပါပညာရှင်များသည် ချက်ချင်းဆိုသလိုပင် ထိုကူးပြောင်းရေးဝင်္ကပါကို ဖျက်ဆီးရန်အတွက် လှုပ်ရှားမှုများကို စတင်ဆောင်ရွက်လိုက်ကြသည်။
တစ်ခြားအစစ်အမှန်အင်မော်တယ်ဆယ်ယောက်ကမူ နံဘေးပတ်လည်တွင် ကာကွယ်စောင့်ကြပ်နေလေ၏။
"ဒါက အဆုံးသတ်သွားပြီ"
နေ့ဝက်ခန့်ကြာအောင် ပင်ပင်ပန်းပန်းကြိုးစားပြီးနောက် လင်းယုဝေ၏မျက်နှာတောက်ပသွားကာ စကားသံတစ်သံထွက်ပေါ်လာသည်။
ထိုစကားကိုကြားချိန်၌ အစစ်အမှန်အင်မော်တယ်ဆယ်ယောက်သည် ထိုနေရာသို့အပြေးလာကာ အံ့အားတသင့်မေးမြန်းလိုက်ကြ၏။
"မင်းတို့ရဲ့အလုပ် ပြီးသွားပြီလား"
"အထီးကျန်နယ်မြေရဲ့ကူးပြောင်းရေးဝင်္ကပါကို ဖျက်ဆီးပြီးပြီ"
လင်းယုဝေက သူမ၏နဖူးပေါ်ရှိ ချွေးများကိုသုတ်ကာ ပြောဆိုသည်။
"ဒါပေမဲ့ အထီးကျန်နယ်မြေရဲ့ကူးပြောင်းရေးဝင်္ကပါက သက်ရှိဝင်္ကပါတစ်ခု ဖြစ်နေတယ်"
လင်းယုဝေသည် ထိုသို့ပြောဆိုပြီးနောက် သူမ၏အင်မော်တယ်အနှစ်သာရစွမ်းအားများ ကို ထုတ်ဖော်အသုံးပြုလိုက်သည်။ထို့နောက် အလင်းတန်းများမျောလွင့်လာပြီး သူမ၏လက်အထက်၌ စုဝေးသွားသည်။
"အဲ့ဒီအလင်းလုံးက ဒီကူးပြောင်းရေးဝင်္ကပါရဲ့ သက်ရှိဝင်္ကပါမျက်လုံးပဲ...ပြောရမယ်ဆိုရင် ဒါက သက်ရှိတစ်ကောင်နဲ့အတူတူပဲ....ဒါက မြွေတစ်ကောင်လိုမျိုး အကြေးခွံတွေ တစ်လွှာပြီးတစ်လွှာထပ်နေပြီးတော့ ထာဝရအသက်ရှင်နိုင်တယ်...နှစ်သန်းနဲ့ချီကြာသွားရင်တောင် ဒါက ပြောင်းလဲသွားမှာမဟုတ်ဘူး...ဒီဝင်္ကပါမျက်လုံးရဲ့ခံနိုင်ရည်က အရမ်းမြင့်မားတယ်"
"ဒါကြောင့် ငါတို့တွေ ကူးပြောင်းရေးဝင်္ကပါကို ဖျက်ဆီးပြီးသွားပေမယ့် ဝင်္ကပါမျက်လုံးကို ထုတ်ယူနိုင်မယ်ဆိုရင် ပိုပြီးကောင်းလိမ့်မယ်... တကယ်လို့ ငါတို့က ဒီကူးပြောင်းရေးဝင်္ကပါကို ပြီးပြတ်အောင်ဖျက်ဆီးချင်တယ်ဆိုရင် ဝင်္ကပါမျက်လုံးကို အမြန်ဆုံးအရှိန်နဲ့ သန့်စင်ဖို့အတွက် ဆရာနဲ့တခြားအကြီးအကဲတွေဆီကနေ စစ်ကူတောင်းရလိမ့်မယ်"
"ဒီဝင်္ကပါမျက်လုံးကို သန့်စင်ပြီးပြီဆိုရင်တော့ ကူးပြောင်းရေးဝင်္ကပါက ဘာသက်ရောက်မှုမှရှိတော့မှာ မဟုတ်ဘူး"
"အဲ့ဒီလောက်ထိ ဒုက္ခများတာလား"
အစစ်အမှန်အင်မော်တယ်တစ်ယောက်က မျက်မှောင်ကြုတ်၍ မေးမြန်းသည်။
"အမှန်ပဲ...ဒါက နည်းနည်းတော့ ဒုက္ခများတယ်"
လင်းယုဝေက ပြောဆိုသည်။
"ငါတို့ခရီးထွက်လာခဲ့တဲ့တာဝန်က မပြီးဆုံးသေးဘူး...အထီးကျန်နယ်မြေကနေ လူတွေလွှတ်ပြီးတော့ ဒီဝင်္ကပါကိုပြုပြင်တာ ဒါမှမဟုတ် ဝင်္ကပါအသစ်တည်ဆောက်တာတွေကို ကာကွယ်ဟန့်တားဖို့အတွက် ငါတို့က ဒီနေရာရဲ့နံဘေးပတ်ဝန်းကျင်မှာ ဝင်္ကပါတွေခင်းကျင်းရမယ်"
"ဒီဝင်္ကပါတွေကို ခင်းကျင်းဖို့အတွက် အချိန်တော်တော်ယူရလိမ့်မယ်"
"ဒီအချိန်အတောအတွင်းမှာ တကယ်လို့အထီးကျန်နယ်မြေက သတိပြုမိသွားပြီးတော့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်ဆိုရင် ငါတို့ရဲ့အင်အားစိုက်ထုတ်ထားမှုတွေအားလုံး အလဟဿဖြစ်သွားလိမ့်မယ်"
"ဒါကြောင့် အခုချိန်မှာ အကောင်းဆုံးနည်းလမ်းက ဒီဝင်္ကပါမျက်လုံးကို သန့်စင်ဖို့အတွက် လူနှစ်ယောက်ကိုစေလွှတ်ပြီးတော့ ဆရာဆီ အမြန်ဆုံးပြန်ပို့ရမယ်...ငါတို့တွေအားလုံးကတော့ ဒီနေရာမှာရှိတဲ့ကိစ္စတွေကို ဆက်ပြီးလုပ်ဆောင်ရမယ်"
လင်းယုဝေက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် အစစ်အမှန်အင်မော်တယ်များ၏ခေါင်းဆောင်က ခေါင်းညိတ်လိုက်၏။
"ကောင်းပြီလေ...ငါက ဒီဝင်္ကပါမျက်လုံးကို ပို့ဆောင်ဖို့အတွက် လူနှစ်ယောက်ကိုလွှတ်လိုက်မယ်....ငါတို့အားလုံးကတော့ ဒီနေရာမှာ ဆက်ပြီး အလုပ်လုပ်ကြတာပေါ့"
"ကောင်းပြီလေ"
လင်းယုဝေက သဘောတူညီလိုက်သည်။
ထိုဆုံးဖြတ်ချက်ကို ပြုလုပ်ပြီးနောက်...
သူတို့သည် အစစ်အမှန်တစ်ယောက်နှင့် နဝမအဆင့်ဝင်္ကပါပညာရှင်တစ်ယောက်ကို ရွေးချယ်လိုက်သည်။ထို့နောက် အစစ်အမှန်အင်မော်တယ်ဟန်ယွီသည် အဖွဲ့ခေါင်းဆောင်အဖြစ်ဦးဆောင်ကာ ဝင်္ကပါမျက်လုံးကို ကျန်းထျန်းမြို့ဆီသို့ အမြန်သွားရောက်ပို့ဆောင်တော့သည်။
ထိုအချိန်မှာပင်...
ခရုတစ်ကောင်က မိုးကောင်းကင်ယံမှဆင်းသက်လာသည်။