← Chapters

အခန်း (၇၂၆-၇၃၀)

Vol. 49 Ch. 726-730

အခန်း (၇၂၆-၇၃၀)

Vol. 49 Ch. 726-730

Chapter 726

ဘုန်း....

မြေပြင်ပေါ်၌ ချိုင့်နက်ကြီးတစ်ခု ဖြစ်သွားသည်။

"မန်မန်...ငါ မင်းကိုအရှိန်လျှော့လို့ ပြောတယ်လေ"

ရီဖုန်းသည် မန်မန်၏ခေါင်းကိုရိုက်ပုတ်ကာ ကျယ်လောင်စွာအော်ဟစ်၍ ဆူပူကြိမ်းမောင်းလိုက်သည်။

ဤသောက်ရေးမပါသော ခရုထံတွင် ဂီယာနှစ်ချက်သာရှိကြောင်း သူ ရှာဖွေတွေ့ရှိခဲ့သည်။ ပထမဂီယာတစ်ချက်သည် သေလုမတတ်နှေးကွေးသွားခြင်းဖြစ်ကာ သူ၏အတိတ်ဘဝမှ ဦးခေါင်းကြီးသီချင်းအလား အဘွားအိုကြီးတစ်ယောက်ပင်လျှင် အမှီလိုက်နိုင်မည့်အရှိန်ပင်။

နောက်ထပ်ဂီယာတချက်သည်မူ အလွန်လျှင်မြန်ပြီး လေပြင်းများတိုက်ခိုက်မှုကြောင့် သူအား မျက်လုံးကန်းလုမတတ်ဖြစ်စေသဖြင့် သူ မျက်မှန်တစ်စုံကိုပင် ပြုလုပ်ထားရသည်။

ဤခရုကြီး ရုတ်တရက်ဆင်းသက်လာခြင်းကြောင့် လင်းယုဝေတို့လူစု ထိတ်လန့်တုန်လှုပ်သွားသည်။

"မြန်မြန်လေး...မြန်မြန်ပုန်းကြရအောင်"

ကံကောင်းထောက်မစွာဖြင့် လင်းယုဝေတို့လူစုသည် ရီဖုန်းနှင့်ခပ်လှမ်းလှမ်းအကွာတွင် ရှိနေသောကြောင့် အလျှင်အမြန်ပုန်းအောင်းလိုက်ကြသည်။သူတို့သည် အသက်ပင်မရှူဝင်ပဲ စိတ်လှုပ်ရှားစွာဖြင့် ရီဖုန်းကို စူးစိုက်၍ ကြည့်နေကြလေ၏။

"ဒါက အရမ်းမြန်တာပဲ"

တစ်စုံတစ်ယောက်က တီးတိုးပြောဆိုသည်။

"အမှန်ပဲ....ဒီတကြိမ်တော့ ငါတို့ မျက်စိပွင့်နားပွင့်ဖြစ်သွားပြီ....ဒါက ငါ့ရဲ့ဘဝတလျှောက်မှာ ကြုံတွေ့ခဲ့ရသမျှ လူတွေအားလုံးထဲက အစွမ်းထက်ဆုံးပုဂ္ဂိုလ်ပဲ"

"ဒီလူက ခုဏမိုးကောင်းကင်ယံထဲမှာ ပျံသန်းသွားတဲ့တစ်ယောက် မဟုတ်လား"

"ဟုတ်မယ်ထင်တာပဲ"

"ဘယ်လိုပဲဖြစ်ဖြစ် ဒီတောတောင်ထဲမှာ ပျံသန်းဝံ့တဲ့လူဆိုလို့ အများကြီးမရှိဘူး"

"သူက လူအိုကြီးတစ်ယောက်လို့ ငါ ထင်ခဲ့တာ...မမျှော်လင့်ဘဲ သူက လူငယ်တစ်ယောက် ဖြစ်နေတယ်"

"သူက လူငယ်ပုံပေါက်နေရင်တောင် လျှော့တွက်လို့မရဘူး....တကယ်လို့ မင်း အဲ့ဒီအဆင့် ဆရာကြီးတစ်ယောက်ဖြစ်သွားရင် မင်းရဲ့ပုံပန်းသွင်ပြင်ကို ပြောင်းလဲလို့ရတယ် မဟုတ်လား"

"ဒါဆိုရင် သူက ဘယ်သူလဲ"

"နတ်ဆိုးတွေပဲ သိလိမ့်မယ်"

ထိုလူများသည် ရီဖုန်းကို ဂရုတစိုက်စူးစမ်းလေ့လာကာ အချင်းချင်းအသံပေးပို့နေကြသည်။

ထိုအချိန်မှာပင်....

ဆူပူကြိမ်းမောင်းနေသော ရီဖုန်း၏အကြည့်သည် သူတို့ထံသို့ တိုက်တိုက်ဆိုင်ဆိုင်ကျရောက်လာသည်။

ဤအကြည့်ကြောင့်.....

ရုတ်ချည်းဆိုသလိုပင် သူတို့၏ဦးရေပြားများ ထုံကျင်သွားကာ သူတို့၏ဆံပင်များ အဆုံးထိထောင်မတ်သွားပေ၏။

"ငါတို့ကို ရှာတွေ့သွားတာလား"

လူတစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် အသံပေးပို့ကာ မေးမြန်းသည်။

"မလှုပ်ကြနဲ့....ဒါက သူ ကြည့်တဲ့နေရာနဲ့ တိုက်ဆိုင်သွားတာ ဖြစ်နိုင်တယ်"

လင်းယုဝေက တခြားလူများအားလုံးထံသို့အသံပေးပို့ကာ သူတို့အား နှစ်သိမ့်ပေးသည်။

ကံကောင်းထောက်မစွာဖြင့်....

လင်းယုဝေပြောဆိုသည်မှာ အမှန်ဖြစ်ပုံပင်။ရီဖုန်းသည် သူတို့အား တချက်စောင်းငဲ့ကြည့်ပြီးနောက် မမြင်တွေ့သည့်အလား မန်မန်ကိုစီးနင်းကာ အဝေးသို့ထွက်ခွာသွားသည်။

ရီဖုန်းထွက်ခွာသွားသည်ကို အတည်ပြုပြီးနောက် လင်းယုဝေသည် တခြားလူများအားလုံးကိုဦးဆောင်ကာ ပုန်းအောင်းနေရာမှ ပြင်ပသို့ ဂရုတစိုက်ထွက်ခဲ့လေ၏။

"ဟူး..."

သူတို့အားလုံး စိတ်သက်သာရာရသွားကသက်ပြင်းရှိုက်လိုက်ကြသည်။သူတို့ထွက်လာသောအချိန်တွင် သူတို့၏ခန္ဓာကိုယ်များ၌ ဇောချွေးများဖြင့် စိုရွှဲနေသည်။

ဤလူသည် ဖိအားအရှိန်အဝါကို ထုတ်ဖော်မထားသည်မှာ သိသာထင်ရှားလှ၏။

သို့ရာတွင် ဤတောင်တန်းအတွင်း၌ သူ ပျံသန်းနေသောအရှိန်နှုန်းမှ ယူဆောင်လာသည့် ဖိအားသက်သက်ဖြင့်သူတို့အားလုံး၏ခေါင်းများထက်သို့ တောင်ကြီးတစ်လုံး ဖိစီးနေသည့်အလားပင်။

ဤကဲ့သို့အရှိန်နှုန်းကို ရရှိနိုင်ရန်အတွက် ထိုလူ၏ကျင့်ကြံဆင့်နယ်ပယ် မည်မျှထိ မြင့်မားနေမည်ကို သူတို့အားလုံး မသိရှိချေ။

"ကောင်းပြီလေ...အဲ့ဒီလူက ထွက်သွားပြီ...အချိန်တိုအတွင်းမှာတော့ သူ ပြန်ရောက်လာမှာမဟုတ်ဘူး"

လင်းယုဝေက အမိန့်ပေးသည်။

"ဟန်ယွီ....တခြားလူတွေကိုခေါ်ပြီးတော့ ဝင်္ကပါမျက်လုံးကို အမြန်ဆုံးပို့လိုက်တော့"

"ဟုတ်ကဲ့"

ဟန်ယွီက ခေါင်းညိတ်ပြကာ သူတို့သုံးယောက်သည် ကူးပြောင်းရေးဝင်္ကပါဝင်ပေါက်ထံသို့ တဟုန်ထိုးအပြေးသွားလိုက်ကြတော့သည်။

ဟန်ယွီတို့သုံးယောက် ထွက်ခွာသွားပြီးနောက် လင်းယုဝေသည် အထီးကျန်နယ်မြေ၏ကူးပြောင်းရေးဝင်္ကပါ အနီးပတ်ဝန်းကျင်၌ ဝင်္ကပါတချို့ကိုခင်းကျင်းရန် တခြားလူများအားကို ချက်ချင်းညွှန်ကြားလိုက်သည်။

ဤဝင်္ကပါများကို ခင်းကျင်းခြင်းကြောင့်...

အကယ်၍ အထီးကျန်နယ်မြေမှလူများသည် ကူးပြောင်းရေးဝင်္ကပါ ပျက်စီးသွားသည်ကိုသိရှိပြီး ထိုအရာကိုပြုပြင်ရန် တစ်စုံတစ်ယောက်ကို ချက်ချင်းစေလွှတ်လိုက်လျှင်ပင် အသုံးဝင်မည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ အကယ်၍ ဤကူးပြောင်းရေးဝင်္ကပါအားပြုပြင်ရန် လူများကိုစေလွှတ်လိုက်လျှင်ပင် ရှေးဦးစွာ အနီးပတ်ဝန်းကျင်ရှိ ဝင်္ကပါများကို ချိုးဖျက်ရပေမည်။

တချိန်တည်းမှာပင်....

လင်းယုဝေသည် အသံပေးပို့ကျောက်စိမ်းပြားကိုထုတ်ယူ၍ သက်ရှိဝင်္ကပါနှင့်ပတ်သက်သည့်ကိစ္စကို သူမ၏ဆရာ ချန်းရှင်းရွှမ်ထံသို့ သတင်းပို့လိုက်သည်။

ကျန်းထျန်းမြို့၌ရှိနေသော ချန်းရှင်းရွှမ်သည် ချက်ချင်းလှုပ်ရှားလိုက်၏။

အထီးကျန်နယ်မြေမှနေ၍ သက်ရှိဝင်္ကပါမျက်လုံး ယူဆောင်သွားခြင်းခံရသည့်သတင်းကို ရရှိသွားခြင်းမှ ကာကွယ်ဟန့်တားနိုင်ရန်အလို့ငှာ သူသည် လူများကိုခေါ်ဆောင်၍ ကူးပြောင်းရေးဝင်္ကပါဝင်ပေါက်၌ သွားရောက်ကြိုဆိုလေ၏။

ဟန်ယွီသည် ထန်းလန်တောင်တန်းမှ ထွက်ခွာခဲ့ပြီးနောက် ကံကောင်းထောက်မစွာဖြင့် မည်သည့်အတားအဆီးနှင့်မျှ မကြုံတွေ့ခဲ့ရ​ချေ။

ထို့ကြောင့် ရက်အနည်းငယ်အကြာတွင် သူတို့သုံးယောက်သည် ချန်းရှင်းရွှမ်တို့လူစုနှင့် အောင်မြင်စွာတွေ့ဆုံနိုင်ခဲ့သည်။

"မင်းတို့ ပင်ပင်ပန်းပန်းကြိုးစားခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ငါတို့အားလုံး အတူပူးပေါင်းပြီးတော့ ဒီသက်ရှိဝင်္ကပါကို ချက်ချင်းသန့်စင်လိုက်မယ်"

ကျန်းထျန်းမြို့သို့ ရောက်ရှိလာပြီးနောက် ချန်းရှင်းရွှမ်က ဟန်ယွီတို့သုံးယောက်ကို ချီးမွမ်းစကားပြောဆိုသည်။

"အကြီးအကဲချန်းက အရမ်းယဉ်ကျေးလွန်းနေပြီ....ဒါတွေအားလုံးက ဝင်္ကပါနယ်မြေအတွက်ဖြစ်တာကြောင့် ငါတို့ လုပ်သင့်တဲ့ကိစ္စပါပဲ"

ဟန်ယွီက သူ၏ခေါင်းကိုငုံ့ကာ ပြောဆိုလိုက်၏။

"ကောင်းပြီလေ မင်း ယူလာတဲ့ ဒီသက်ရှိဝင်္ကပါမျက်လုံးကို သန့်စင်ပြီးတာနဲ့ ငါတို့လူအိုကြီးတွေက နောင်အနာဂတ်မှာ ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်တော့မယ်"

ချန်းရှင်းရွှမ်သည် ရယ်ပြုံးကာ ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားသဖြင့် မေးမြန်းလိုက်သည်။

"စကားမစပ်...ယုဝေရဲ့အသံပေးပို့မှုအရဆိုရင် မင်းတို့တွေက ထန်းလန်တောင်တန်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့လူတစ်ယောက်နဲ့ တွေ့ခဲ့တာလား"

"အမှန်ပဲ"

ဟန်ယွီသည် ထိုလျှို့ဝှက်ဆန်းကြယ်သောလူအကြောင်းကို တွေးတောမိချိန်၌ ထိတ်လန့်ကြောက်ရွံ့မှုများ ရစ်သိုင်းလွှမ်းခြုံသွားကာ ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။

"ငါတို့က သူ လှုပ်ရှားမှုလုပ်ခဲ့တာကို မမြင်ရပေမယ့်...သူ စီးနင်းတဲ့ သားရဲရဲ့အရှိန်နှုန်းကတင် ငါတို့ရဲ့ဘဝမှာ တစ်ခါ မှမမြင်တွေ့ဖူးတဲ့အရာပဲ"

"အဲ့ဒါက ဘယ်လောက်ထိ မြန်လို့လဲ"

ချန်းရှင်းရွှမ်က မေးမြန်းသည်။

"အင်း"

ဟန်ယွီက ပြန်လည်စဉ်းစားပြီးနောက် ချန်းရှင်းရွှမ်ကိုကြည့်ကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"ဒါက ဝှစ်ခနဲပဲ...."

ချန်းရှင်းရွှမ် ဇဝေဇဝါဖြစ်သွားသည်။

"ဝှစ်ခနဲဆိုတာက ဘာလဲ"

"ဒါက ဝှစ်ခနဲ ဖြတ်သွားတာကိုပြောတာ..."

ဟန်ယွီက တည်ကြည်လေးနက်စွာဖြင့် ထပ်မံ၍ပြောဆိုသည်။

"မဟုတ်ဘူး...ငါ မင်းကိုမေးနေတာက...ဟူး...သူ့ရဲ့အရှိန်နှုန်းက ဘယ်လောက်ထိမြန်လဲဆိုတာ ငါ သိချင်တာပဲ"

ချန်းရှင်းရွှမ်က မျက်မှောင်ကြုတ်၍ ​မေးမြန်းသည်။

"အကြီးအကဲ...အမှန်တော့ ဒါက ငါ မင်းကို ဖော်ပြနိုင်တဲ့စကားလုံးပဲ"

ဟန်ယွီက အပြစ်ကင်းစင်သောလေသံဖြင့် တုံ့ပြန်သည်။

"သူ့ရဲ့အရှိန်နှုန်းကို ဘယ်လိုစကားလုံးနဲ့ ဖော်ပြရမယ်ဆိုတာ ငါ မသိဘူး...သူက ဝှစ်ခနဲအသံနဲ့အတူ ဖြတ်သန်းသွားတာကိုပဲ ငါ သိတယ်"

သူသည် အချိန်တစ်ခဏကြာခန့် ရပ်တန့်သွားပြီးနောက် ထပ်မံ၍ဖြည့်စွက်လိုက်သည်။

"အကြီးအကဲ...ငါ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို မင်းလည်းအသိပဲ...တကယ်လို့ အရာဝတ္ထုတစ်ခုက အရမ်းမြန်မြန်လှုပ်ရှားနေရင်တောင်ငါက အဲ့ဒီအရာကို ဖမ်းဆုပ်နိုင်တယ်"

"ဒါပေမဲ့ သူ ဖြတ်သွားတဲ့အချိန်မှာ ငါက ဝှစ်ခနဲအသံကိုပဲ ကြားလိုက်ရပြီးတော့...သူသွားတဲ့လမ်းကြောင်းကို နည်းနည်းလေးတောင် မရိပ်စားနိုင်ဘူး...ငါက လူတစ်ယောက် ပျံသန်းသွားတယ်ဆိုတာကိုပဲ သိနိုင်တယ်"

ချန်းရှင်းရွှမ်သည် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။

ဟန်ယွီပြောဆိုသောစကားများ၏ အနက်အဓိပ္ပာယ်ကို သူ နောက်ဆုံး၌ နားလည်သဘောပေါက်သွားလေပြီ။

ဤကဲ့သို့အဆင့်မျိုးတွင်ရှိနေသည့် အရာတစ်ခုကို လူတစ်ယောက်၏သာမန်မျက်လုံးဖြင့်တွေ့မြင်နိုင်မည်မဟုတ်ဘဲ နတ်ဘုရားစိတ်အာရုံဖြင့်သာ ဖမ်းဆုပ်နိုင်ပေမည်။

"တကယ်လို့ မင်း ပြောတာ အမှန်ဆိုရင် အဲ့ဒီလူရဲ့ခွန်အားက အစစ်အမှန်အင်မော်တယ်နယ်ပယ် ဒဿမအဆင့်ကို ရောက်နေလောက်ပြီ"

ချန်းရှင်းရွှမ်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင်...

ဟန်ယွီသည် ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားပေ၏။

"ဒဿမအဆင့် အစစ်အမှန်အင်မော်တယ်လား"

ဟန်ယွီ၏ဦးရေပြားများ ပေါက်ကွဲတော့လုမတတတ်ပင်။

အစစ်အမှန်အင်မော်တယ်တစ်ယောက်ဖြစ်သော သူအနေဖြင့် ဤအဆင့်အင်မော်တယ်များ မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသည်ကို နားလည်သဘောပေါက်သည်။

အစစ်အမှန်အင်မော်တယ်များရှေ့တွင် နေလအင်မော်တယ်များအားလုံးသည် အသေးအမွှားများပင်။

ထို့ပြင် အစစ်အမှန်အင်မော်တယ်များကြားတွင်လည်း အဆင့်တစ်ခုနှင့်တစ်ခု​ကြားကွာဟချက်သည် အလွန်ကြီးမားပေ၏။ပြောရမည်ဆိုလျှင် ဤကျင့်ကြံဆင့်နယ်ပယ်၏ ပထမအဆင့်နှင့်ဒုတိယအဆင့်ပင်လျှင် မိုးနှင့်မြေတမျှကွာဟသည်။

ပထမအဆင့် အစစ်အမှန်အင်မော်တယ်တစ်ယောက်သည် ဒုတိယအဆင့်အစစ်အမှန်အင်မော်တယ်တစ်ယောက်နှင့် ရင်ဆိုင်ရပါက တစ်ဖက်လူသည် သူ့အား အချိန်တခဏအတွင်း၌ သတ်ဖြတ်နိုင်မည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

အစစ်အမှန် ကျင့်ကြံခြင်းလောကတွင်....

ကျင့်ကြံဆင့်အမြောက်အများကို ခုန်ပျံကျော်လွှား၍ တိုက်ခိုက်ရန်မှာ မဖြစ်နိုင်​ချေ။

ဒဿမအဆင့် အစစ်အမှန်အင်မော်တယ်တစ်ယောက်ဆိုသည်မှာ သူ မော့ကြည့်ရမည့် တည်ရှိမှုကြီးပင်။

"ငါ စကားတွေကို ချဲ့ကားပြောနေတယ်လို့ မင်း မထင်နဲ့"

ချန်းရှင်းရွှမ်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"မင်းပြောတဲ့အရှိန်နှုန်းအရဆိုရင် သူ့ဆီမှာ ဒီလိုမျိုးကျင့်ကြံဆင့်နယ်ပယ်စွမ်းအား ရှိနေနိုင်တယ်"

ဟန်ယွီသည် ဂရုတစိုက် စဉ်းစားတွေးတောလိုက်၏။ဤသည်မှာ အမှန်ဖြစ်ပုံပင်။

အစစ်အမှန်အင်မော်တယ်များအကြားတွင် ကြီးမားသောခွန်အား ကွာဟချက်ရှိသည်မှာ အမှန်ပင်။သူသည် သူ့ထက် အဆများစွာ ပို၍သန်မာအားကောင်းသော အစစ်အမှန်အင်မော်တယ်တစ်ယောက် ပျံသန်းနေချိန်၌ တစ်ဖက်လူ၏လှုပ်ရှားမှုလမ်းကြောင်းကို သူ မည်သို့မျှ အတိအကျခန့်မှန်းနိုင်မည်မဟုတ်ချေ။

"ဒီကိစ္စက အရမ်းလေးနက်တယ်"

ချန်းရှင်းရွှမ်က မျက်မှောက်ကြုတ်၍ပြောဆိုသည်။

တခြားလူများအားလုံးသည်လည်း ထိုစကားကိုကြားချိန်တွင် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။

ဒဿမအဆင့် အစစ်အမှန်အင်မော်တယ်တစ်ယောက်ဟူသောဖိအားမှာ အလွန်ကြီးမားသည်။

သူတို့၏ဝင်္ကပါနယ်မြေအတွင်း၌ ဒဿမအဆင့် အစစ်အမှန်အင်မော်တယ်ဟူ၍ အမြောက်အများမရှိချေ။

ထိုတည်ရှိမှုကြီးများသည် သက်တမ်းကုန်ဆုံးချိန်သို့ ရောက်ရှိတော့မည်ဖြစ်သော လူအိုကြီးများပင်။သူတို့၏သက်တမ်းများကို ဆွဲဆန့်ထားနိုင်ရန်အလို့ငှာ ထိုလူအိုကြီးများသည် ဝင်္ကပါနယ်မြေ အပြီးသတ်ပျက်စီးသွားမည့်အချိန်သို့ မရောက်ရှိမချင်း ဝင်ရောက်လှုပ်ရှားမည်မဟုတ်ချေ။

ထို့ကြောင့် ပြောရမည်ဆိုလျှင်...

ထန်းလန်တောင်တန်းအတွင်း၌ နေထိုင်သော လူသည် သူတို့ဝင်္ကပါနယ်မြေ၏ရန်သူတစ်ယောက် မဟုတ်ပါက အဆင်ပြေ​ပေမည်။အကယ်၍ ထိုလူသည် ဝင်္ကပါနယ်မြေ၏ရန်သူဖြစ်နေပါက ဘေးကပ်ဆိုးကြီးတစ်ခု ဖြစ်သွားပေမည်။

ထိုအကြောင်းကို တွေးတောရင်း....

ချန်းရှင်းရွှမ်သည် သတင်းပို့ကျောက်စိမ်းပြားကိုထုတ်ယူကာ ထန်းလန်တောင်တန်းအတွင်း၌ရှိနေသော လူများထံသို့ သတင်းပို့လိုက်သည်။

သူသည် မည်ကဲ့သို့ အခြေအနေမျိုး၌ ရှိနေပါစေ ထန်းလန်တောင်တန်းအတွင်း၌ ရှိနေသောလူကို ရန်မစရန် လင်းယုဝေတို့လူစုကို သတိပေးလိုက်၏။

ထိုကိစ္စကိုပြုလုပ်ပြီးနောက် ချန်းရှင်းရွှမ်သည် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ ဟန်ယွီကို ကြည့်လိုက်သည်။

"ဒီကူးပြောင်းရေးဝင်္ကပါက မတည်ငြိမ်ဘူး....တစ်ကြိမ်ထက်ပိုပြီး ဖြတ်သန်းသွားလာမယ်ဆိုရင် အန္တရာယ်ရှိလာနိုင်တယ်...မင်းတို့ပြန်မသွားတာ အကောင်းဆုံးပဲ...အရင်ဆုံး မင်းတို့တွေ ကောင်းကောင်းအနားယူလိုက်ကြအုံး...ငါတို့တွေ ယုဝေတို့ဆီက ရောက်လာမယ့်သတင်းကို စောင့်ကြရအောင်"

ချန်းရှင်းရွှမ်က ညွှန်ကြားသည်။

"ဟုတ်ကဲ့"

ဟန်ယွီက တုံ့ပြန်သည်။

သူသည် ကျန်းထျန်းမြို့ထံသို့ ရောက်ရှိလာပြီးနောက် စိတ်သက်သာရသကဲ့သို့ ခံစားရသည်။

ဤသည်မှာ အလွန်အဆင်ပြေပေ၏။

ထိုသောက်ရေးမပါသော တောင်တန်းသို့ သူ ပြန်မသွားလိုတော့ချေ။

ထိုနေရာအကြောင်းကို သူ ပို၍တွေးတောမိလေလေ ပို၍ထိတ်လန့်ကြောက်ရွံလာလေလေပင်။

သူသည် နောက်ဆုံး‌၌ စိတ်သက်သာရာရသွားကာ သူ၏ကျင့်ကြံဆင့်နယ်ပယ်ကိုဖုံးကွယ်၍ စားသောက်ဆိုင်တစ်ဆိုင်အတွင်းသို့ ဝင်ထိုင်လိုက်သည်။

"ဆိုင်ရှင်...ဝိုင်အရက်တစ်အိုးပေးပါ"

ဟန်ယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"လာပြီ"

စားပွဲတိုးလေးသည် ဝိုင်အရက်အိုးတစ်လုံးကို ယူဆောင်လာကာ ဟန်ယွီ၏စားပွဲပေါ်သို့ လာချသည်။

ဟန်ယွီသည် ထိုဝိုင်အရက်ကို အနံ့ခံကြည့်ပြီးနောက် အလွန်စိတ်ကျေနပ်သွားသည်။

သို့ရာတွင် သူ၏ဝိုင်အရက်ခွက်အတွင်းသို့ ငှဲ့လိုက်တော့မည့် အချိန်မှာပင် မိုးကောင်းကင်ယံမှနေ၍ ဝှစ်ခနဲအသံတစ်သံကို ကြားလိုက်ရသည်။

Chapter 727

ဟန်ယွီသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။

အမှုမဲ့အမှတ်မဲ့ဖြင့် သူ၏လက်အတွင်းမှ ဝိုင်အရက်အိုး မြေပြင်ပေါ်သို့ လွတ်ကျသွားသည်။

သို့ရာတွင် သူ မည်သည့်အရာကိုမျှ မပြုလုပ်ရသေးမီမှာပင် အဖြူရောင်ဝတ်စုံလူတစ်ယောက်သည် သူ၏နောက်ရှိစားပွဲမှ ထိုင်ခုံငယ်တစ်လုံးပေါ်၌ ဝင်ထိုင်လိုက်သည်။

"စားပွဲထိုး...ဝိုင်အရက်တစ်အိုးပေးပါအုံး"

အဖြူရောင်ဝတ်စုံဝတ်လူက အော်ဟစ်လိုက်သည်။

ထိုအော်သံကြောင့် ဟန်ယွီသည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် တုန်ရီသွားကာ သေးထွက်ကျလုမတတ်ပင်။

သူ၏သွားများ အခြေမှနေ၍ ပြင်းပြင်းထန်ထန်တုန်ရီနေသည်။

အကြောင်းအရင်းမှာ သူ၏နံဘေးရှိစားပွဲ၌ထိုင်နေသောလူသည် ထန်းလန်တောင်တန်းအတွင်း၌ သူ တွေ့ခဲ့ရသော လျှို့ဝှက်ဆန်းကြယ်သော ဝှစ်ခနဲလူသား ဖြစ်နေသောကြောင့်ပင်။

သူ ထန်းလန်တောင်တန်းမှ ထွက်ခွာမလာမီ သူ လင်းယုဝေနှင့်တခြားလူများသည် ခပ်လှမ်းလှမ်းအကွာမှနေ၍ ထိုလူကို မြင်တွေ့ခဲ့ရသည်။

ထို့ကြောင့် ဤလူ၏မျက်နှာကို သူ ရှင်းရှင်းလင်းလင်းမှတ်မိသည်ဟု ဆိုနိုင်သည်။

သူသည် ရုတ်တရက် သူ၏ဦးရေပြား တင်းကြပ်လာသည်ကို ခံစားမိလေ၏။

ယခင်က အနည်းငယ်ပြေလျော့သွားသော သူ၏အာရုံကြောများ ယခုချိန်၌ အဆုံးစွန်ဆုံးအဆင့်ထိ တင်းမာလာသည်။

သူသည် အသက်ရှူမွန်းကြပ်လာသဖြင့် အော်ဟစ်လိုက်တော့လုမတတ်ပင်။ထို့နောက် သူ၏ခြေထောက်များကို တရွတ်တိုက်ဆွဲကာ ကျန်းထျန်းမြို့၏မြို့လယ်ခန်းမထံသို့ ဦးတည်၍ အပြေးသွားခဲ့တော့သည်။

ကျန်းထျန်းမြို့၏ မြို့လယ်ခန်းမ၌....

ချန်းရှင်းရွှမ်နှင့် တခြားတော်ဝင်အဆင့် ဝင်္ကပါပညာရှင်များသည် သက်ရှိဝင်္ကပါမျက်လုံးကို မည်ကဲ့သို့သန့်စင်မည်အား တိုင်ပင်ဆွေးနွေးနေချိန်မှာပဲ ဟန်ယွီက တံခါးကို ဘန်းကနဲမြည်သံနှင့်အတူတွန်းဖွင့်၍ ဝင်ရောက်လာသည်။

ဟန်ယွီသည် တခြားမည်သည့်စကားတစ်ခွန်းမျှမဆိုဘဲ ချန်းရှင်းရှန်ကို စူးစိုက်ကြည့်ကာဟပြင်ပသို့လက်ညှိုးညွှန်ပြီး တုန်တုန်ရီရီဖြင့် အော်ဟစ်လိုက်သည်။

"အကြီးအကဲ...ဝှစ်..."

ဟန်ယွီသည် ခန်းမအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသဖြင့် ထိုနေရာတွေရှိနေသော လူများအားလုံး သူ့ကို ကြည့်လိုက်ကြသည်။

"ဝှစ်ဆိုတာက ဘာလဲ"

ချန်းရှင်းရွှမ်က မျက်မှောက်ကြုတ်ကာ စိတ်မကြည်မသာဖြင့် ဆူပူကြိမ်းမောင်းလေ၏။

"မင်း ဒီလိုလုပ်တာ ဘယ်လိုအကျင့်စရိုက်မျိုးလဲ...ငါ့ကို မြန်မြန်ပြောစမ်း...ဘာတွေ ဖြစ်နေတာလဲ...မင်းက အကြီးအကဲတွေ အစည်းအဝေးလုပ်နေတာကို ဘာလို့ မပြောမဆိုဝင်လာတာလဲ"

"အကြီးအကဲ...ဝှစ်...ဝှစ်..."

ဟန်ယွီသည် ဗလုံးဗထွေးဖြစ်နေကာ ပြင်ပသို့လက်ညှိုးညွှန်ပြီး တုန်တုန်ရီရီဖြင့် အော်ဟစ်လိုက်သည်။

"ဘာမှားနေလို့လဲ..."

ချန်းရှင်းရွှမ်သည် ဆက်လက်၍ဆူပူကြိမ်းမောင်းတော့မည့်အချိန်မှာပင် သူ ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားသဖြင့်သူ၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။

"မင်း ဝှစ်လို့ပြောလိုက်တာလား..သူ့ကို မင်း တွေ့ခဲ့လို့လား"

"အမှန်ပဲ အကြီးအကဲချန်း...ငါက သူ့ကို မြို့ထဲကစားသောက်ဆိုင်မှာ အခု မြင်ခဲ့ရတယ်"

ဟန်ယွီက အော်ဟစ်လိုက်သည်။

"ဘာ...."

"မင်း အမြင်မမှားတာ သေချာလား"

ချန်းရှင်းရွှမ်က ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် မေးမြန်းသည်။

"ဒါက လုံးဝသေချာတယ်"

ဟန်ယွီက ပြောဆိုသည်။

"အခုထိ သူက အဲ့ဒီနေရာမှာ ထိုင်နေတုန်းပဲ"

မူလက ဇဝေဇဝါဖြစ်နေသော တခြားအကြီးအကဲများသည်လည်း ဤအချိန်အခိုက်အတန့်၌ အသိဝင်လာကြ၏။

"သူက တကယ့်ကိုပဲ ဝင်္ကပါနယ်မြေရဲ့ကျန်းထျန်းမြို့ကို ရောက်လာခဲ့တာလား"

"ဒီနေရာနဲ့ ထန်းလန်တောင်တန်းက မိုင်သန်းနဲ့ချီပြီး ကွာဝေးတယ်...တကယ်လို့ သူက ကူးပြောင်းရေးဝင်္ကပါကို အသုံးမပြုဘူးဆိုရင် အစစ်အမှန်အင်မော်တယ်တစ်ယောက်ဖြစ်နေရင်တောင် ဒီလိုအရှိန်နှုန်းမျိုးနဲ့ ဘယ်လိုမှ ရောက်မလာနိုင်ဘူး"

"ဒါက ဘယ်လိုဖြစ်သွားတာလဲ"

အကြီးအကဲများက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်ကြသည်။

"အမှန်ပဲ....ဒါကြောင့် ငါက ဒီနေရာကိုလာပြီး အကြီးအကဲတို့ကို အကြောင်းကြားတာပါ"

ဟန်ယွီက ထိတ်ထိတ်ပျာပျာဖြင့် ပြောဆိုသည်။

"ငါတို့ ပြန်လာတဲ့အချိန်တုန်းက သူ့ကို ထန်းလန်တောင်တန်းမှာ မြင်ခဲ့ရတယ်....ငါတို့က ကူးပြောင်းရေးဝင်္ကပါထဲမှာ အချိန်တခဏတောင် မနှောင့်နှေးခဲ့ဘူး...ဒါပေမဲ့ ငါတို့ ကျန်းထျန်းမြို့ကို ပြန်ရောက်ပြီးတော့ အချိန်တခဏအကြာမှာပဲ သူက ဒီမြို့ထဲကို ရောက်နေပြီ...ဒါက အရမ်းထူးဆန်းတယ် မဟုတ်လား"

"ဖြစ်နိုင်တာတော့ သူက ငါတို့ရဲ့ကူးပြောင်းရေးဝင်္ကဘာကိုသိသွားပြီးတော့ အဲ့ဒီကနေတဆင့် ရောက်လာတာများလား"

အကြီးအကဲတစ်ယောက်က မေးမြန်းသည်။

'ဒါက မဖြစ်နိုင်ဘူး...ငါတို့ကူးပြောင်းရေးဝင်္ကပါမှာ ဖွဲ့စည်းပုံတွေ အများကြီးရှိတယ်...သူ ဘယ်လောက်ပဲ သန်မာအားကောင်းနေပါစေ... ငါတို့ရဲ့ကူးပြောင်းရေးဝင်္ကပါကို အသက်ဝင်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

တခြားအကြီးအကဲတစ်ယောက်က ပြောဆိုသည်။

"ထားလိုက်တော့...သူက ဒီလောက်ထိ မြန်မြန်ကြီး ကျန်းထျန်းမြို့ကို ဘယ်လိုရောက်လာလဲဆိုတာ မပြောကြနဲ့အုံး...ဟန်ယွီ ငါတို့ အဲ့ဒီနေရာကို တစ်ချက်သွားကြည့်လို့ရအောင် ငါတို့ကို ခေါ်သွားပေးပါ"

ချန်းရှင်းရွှမ်က ညွှန်ကြားသည်။

"ကောင်းပြီလေ...အကြီးအကဲတို့အားလုံး ငါ့ရဲ့နောက်ကိုလိုက်ခဲ့ပါ"

ဟန်ယွီက အလျင်စလို လမ်းပြခေါ်ဆောင်ခဲ့သည်။

ချန်းရှင်းရွှမ်နှင့်တခြားတော်ဝင်အဆင့်ဝင်္ကပါပညာရှင်များအားလုံး သူ၏နောက်မှ လိုက်ပါသွားလေ၏။

အချိန်တစ်ခဏကြာပြီးနောက် သူတို့အားလုံး လမ်းတစ်လမ်းအတွင်းသို့ ရောက်ရှိလာသည်။

"မင်းတို့မှတ်ထားရမှာက တိတ်တိတ်နေရမယ်....သိသာအောင် နေလို့မရဘူး"

ချန်းရှင်းရွှမ်သည် သူခိုးတစ်ယောက်အလား ခြေဖော့နင်းကာ သူ၏လက်ညှိုးကို သူ၏ပါးစပ်ပေါ်တင်၍ တိုးညှင်းသောလေသံဖြင့် သတိပေးသည်။

တခြားသူများအားလုံး သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။

ဤကိစ္စကို သူတို့အားလုံး နားလည်သဘောပေါက်သည်။ဤကဲ့သို့ ဆရာကြီးတစ်ယောက်၏ရှေ့တွင် အကယ်၍ သူတို့သည် သူ့အား ရည်ရွယ်ချက်ရှိရှိကြည့်နေသည်ကို သိရှိသွားပါက တစ်ဖက်လူအား ရန်စသကဲ့သို့ ဖြစ်သွားပေမည်။

သူတို့လူစုသည် လမ်းပေါ်တွင် ဟန်ဆောင်ပန်ဆောင်လမ်းလျှောက်ကာ အရက်သောက်နေသောရီဖုန်းကို မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး ကြည့်လိုက်ကြသည်။

"ဒါက သူလား...."

"သူ ဟုတ်လို့လား..."

"သူက ငယ်ငယ်လေးရှိသေးတယ်"

"ဒါက အရေးမကြီးဘူး...အရေးကြီးတာက သူက ကျန်းထျန်းမြို့ကို ဘာလာလုပ်လဲ ဆိုတာပဲ"

"ငါ ဘယ်လိုလုပ်သိမှာလဲ"

သူတို့အားလုံးသည် လမ်းလျှောက်ချင်ယောင်ဆောင်ရင်း တစ်ယောက်နှင့်တစ်ယောက် အသံပေးပို့လိုက်ကြသည်။

ဤအချိန်အခိုက်အတန့်တွင် ဝိုင်အရက်သောက်နေသော ရီဖုန်းသည် ရုတ်တရက် သူ၏လက်အတွင်းမှ ဝိုင်အရက်ခွက်ကို အောက်သို့ချလိုက်၏။

သူသည် သိုလှောင်လက်စွပ်ကိုကြည့်ပြီးနောက် သူ၏ရင်ဘတ်ကို စမ်းတဝါးဝါးရှာဖွေကာ သူ၏မျက်နှာ ရုတ်တရက် သုန်မှုန်သွားသည်။

"သောက်ချေးပဲ....ငါ ငွေယူလာဖို့ မေ့သွားပြန်ပြီ"

ရီဖုန်းက သူ့ကိုယ်သူ ဆဲဆိုပြီးနောက် စားပွဲထိုးကိုကြည့်ကာ အော်ဟစ်လိုက်သည်။

"စားပွဲထိုး...ငါ ငွေယူလာဖို့ မေ့သွားတယ်...ငါ့ရဲ့စားပွဲကို မသိမ်းနဲ့အုံး...ငါ ငွေသွားယူလိုက်အုံးမယ်...ခဏနေရင် ငါ ပြန်လာခဲ့မယ်"

"ဒါနဲ့ နောက်ထပ် အမဲကြော်တစ်ပွဲ ပြင်ထားပေးအုံး"

"ဟုတ်ကဲ့ပါ ဧည့်သည်"

စားပွဲထိုးက အပြုံးနှင့်တုံ့ပြန်သည်။မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ရီဖုန်း ဤနေရာသို့လာသည့် ပထမဆုံးအကြိမ်မဟုတ်ချေ။

စားပွဲထိုးနှင့် စကားပြောဆိုပြီးနောက် ရီဖုန်းသည် နံဘေးရှိ လမ်းကြားအတွင်းသို့ လျှောက်လှမ်းသွားကာ မန်မန်ကိုစီးနင်း၍ ထန်းလန်တောင်တန်းထံသို့ အလျင်စလို ပြန်ခဲ့တော့သည်။

"ဒါက..."

ရီဖုန်းကို စူးစမ်းလေ့လာနေသော ချန်းရှင်းရွှမ်တို့လူစု ကြက်သေသေသွားကာ နေရာမှာပင် တောင့်တင်းသွားပေ၏။

အချိန်အတော်ကြာခန့် ထိတ်လန့်တုန်လှုပ်နေပြီးနောက် ချန်းရှင်းရွှမ်က မျက်တောင်ခတ်ကာ ကူကယ်ရာမဲ့စွာဖြင့် ညည်းတွားလေသည်။

"ဟူး...ဒါက တကယ့်ကို ဝှစ်ခနဲပဲ..."

"အင်း...အကြီးအကဲချန်း...အခု ဝှစ်ခနဲပျံသွားတာကို မင်း ဖမ်းဆုပ်နိုင်လား..."

ဟန်ယွီက မေးမြန်းသည်။

ချန်းရှင်းရွှမ်က ဟန်ယွီကို မျက်စောင်းထိုးကြည့်ကာ အော်ဟစ်လိုက်သည်။

"မင်းလို ပထမအဆင့် အစစ်အမှန်အင်မော်တယ်တစ်ယောက်တောင် မဖမ်းဆုပ်နိုင်တာ...ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ"

ဟန်ယွီသည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံလိုက်၏။ချန်းရှင်းရွှမ်သည် တော်ဝင်အဆင့် ဝင်္ကပါပညာရှင်တစ်ယောက်ဖြစ်သော်လည်း သူ၏ဘဝတလျှောက်တွင် ဝင်္ကပါပညာရပ်ကိုသာ လေ့လာလိုက်စားနေသဖြင့် သူ၏ခွန်အားသည် အစစ်အမှန်အင်မော်တယ်နယ်ပယ်၌ ရှိမနေကြောင်း ဟန်ယွီက အမှတ်ရသွားသည်။

"ငါနဲ့အတူ လိုက်ခဲ့အုံး"

ချန်းရှင်းရွှမ်က တခြားလူများအားလုံးကိုခေါ်ဆောင်ကာ စားသောက်ဆိုင်အတွင်းသို့ ဝင်လိုက်ကြသည်။

"စားပွဲထိုးလေး...ခုဏလူငယ်လေးက မင်းကို ဘာပြောသွားတာလဲ"

ချန်းရှင်းရွှမ်က အင်မော်တယ်သလင်းကျောက်တစ်ထုံးကို စားပွဲထိုးထံထုတ်ပေးကာ အပြုံးနှင့်မေးမြန်းသည်။

"အော်....သူက ငွေယူလာဖို့ မေ့သွားလို့ ပြန်ယူတာပါ.. သူက စားပွဲကိုမသိမ်းဖို့နဲ့ နောက်ထပ်အမဲကြော်တစ်ပန်းကန်ချထားဖို့ ငါ့ကို ပြောခဲ့တယ်"

စားပွဲထိုးက သူ၏လက်အတွင်းရှိ အင်မော်တယ်သလင်းကျောက်ကို ချိန်ဆကြည့်ပြီး ပြောဆိုသည်။

ထိုစကားကို ကြားချိန်တွင်....

ချန်းရှင်းရွှမ်တို့လူစုသည် ဇဝေဇဝါဖြစ်သွားလေ၏။သူတို့အားလုံး မည်ကဲ့သို့ပြောဆိုရမည်ကို မသိတော့ချေ။

ငွေပြန်သွားယူမည်ဟု ဆိုသလော....

သူ မည်သည့်နေရာသို့ ပြန်မည်နည်း....

ဖြစ်နိုင်သည်မှာ ထိုလူသည် ကျန်းထျန်းမြို့အတွင်း၌ နေထိုင်ခြင်းဖြစ်သလော....

သို့ရာတွင် ဤသည်မှာ မဖြစ်နိုင်ချေ။

ဤလူကို ယခင်က ထန်းလန်တောင်တန်းအတွင်း၌ မကြာခဏမြင်တွေ့ဖူးကြောင်း ဟန်ယွီက ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သည်။

သူသည် ထန်းလန်တောင်တန်းထံသို့ ငွေပြန်ယူခြင်းဖြစ်သလော...

ဤကိစ္စမှာလည်း ပို၍ပင် မဖြစ်နိုင်ပေ။

ထိုလူသည် ငွေယူရန်အတွက် ထန်းလန်တောင်တန်းသို့ ပြန်သွားမည်ဆိုပါက အကယ်၍ သူသည် ကူးပြောင်းရေးဝင်္ကပါကိုအသုံးပြုမည်ဆိုလျှင်ပင် ရက်အနည်းငယ်ခန့်ကြာပေမည်။ထို့ကြောင့် သူပြန်ရောက်လာချိန်၌ ရက်လွန်သွားကာ အမဲသားကြော်လည်း အေးစက်တောင့်တင်းနေပေမည်။ဤသည်မှာ အဓိပ္ပာယ်မရှိသောကိစ္စ မဟုတ်လော။

သူတို့လူစု ဇဝေဇဝါဖြစ်နေစဉ်မှာပင် ချန်းရှင်းရွှမ်၏သတင်းပို့ကျောက်စိမ်းပြားမှ အလင်းရောင်များ ရုတ်တရက် တောက်ပလာသည်။

ထိုသတင်းပို့ကျောက်စိမ်းပြားကို ထုတ်ကြည့်လိုက်စဉ်တွင် ထန်းလန်တောင်တန်းတွင်ရှိနေသော လင်းယုဝေ၏အသံ ထွက်ပေါ်လာသည်။

"ဆရာ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူက ထပ်ပြီးထွက်ပေါ်လာခဲ့တယ်...ခုဏလေးတင် သူက ကျွန်မတို့ရဲ့ခေါင်းပေါ်ကနေဖြတ်ပြီး ပျံသန်းသွားတယ်"

"ဘာ...."

ထိုစကားကို ကြားချိန်တွင်....

ချန်းရှင်းရွှမ်သည် အချိန်တခဏကြာခန့် ကြက်သေသေသွားပြီးနောက် သူ၏ပါးစပ်မှနေ၍ 'တကယ်ကိုဝှစ်ခနဲပဲ'ဟု ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ အလွန်ထိတ်လန့်တုန်လှုပ်နေသောကြောင့် သူ၏လက်အတွင်းရှိသတင်းပို့ကျောက်စိမ်းပြား မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

Chapter 728

ချန်းရှင်းရွှမ်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကာ သူ၏မျက်လုံးအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

တခြားလူများသည် မျက်လုံးအပြူးသားဖြင့် သူ့အားစူးစိုက်ကြည့်နေကာ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်နေပေ၏။

ပတ်ဝန်းကျင်နေရာတစ်ဝိုက်၌ အပ်တစ်ချောင်းကျသံကိုပင် ကြားရနိုင်သည်။

သို့ရာတွင် ချန်းရှင်းရွှမ်၏စိတ်အတွင်း၌ မိုးကြိုးမုန်တိုင်းထန်နေသည့်အလား စိတ်ခံစားချက်လှိုင်းများ တလိမ့်လိမ့်ထနေသည်။

"ဆရာ ဘာဖြစ်တာလဲ..."

"ဘာပြဿနာရှိလို့လဲ...."

"တစ်ခုခု မှားနေလို့လား..."

သတင်းပို့ကျောက်စိမ်းပြားအတွင်းမှနေ၍ လင်းယုဝေ၏ စိုးရိမ်ပူပန်တကြီးမေးမြန်းသံ ထွက်ပေါ်လာသည်။

ထိုအသံကိုကြားချိန်တွင် ချန်းရှင်းရွှမ်သည် အသိစိတ်ပြန်ဝင်လာကာ မြေပြင်ပေါ်ရှိ သတင်းပို့ကျောက်စိမ်းပြားကို အလျှင်အမြန်ကောက်ယူပြီး စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။

"ယုဝေ မင်း လူမမှားတာသေချာလား...အဲ့ဒီလူဆိုတာ မင်း သေချာပြောနိုင်လား"

ချန်းရှင်းရွှမ်၏နံဘေးတွင်ရှိနေသော ဟန်ယွီနှင့်တခြားလူများအားလုံးသည်လည်း အာရုံစူးစိုက်၍ နားထောင်လိုက်ကြသည်။

"ဆရာ ဘာပြောတာလဲ....ဒီထန်းလန်တောင်တန်းမှာ သူတစ်ယောက်ပဲ ပျံသန်းသွားဝံ့တာလေ...ကျွန်မက ဘယ်လိုလုပ်ပြီး မှားနိုင်မှာလဲ"

လင်းယုဝေက တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"ဒါက လုံးဝသေချာတယ်...ဘယ်လိုမှ မမှားနိုင်ဘူး"

"ဒါပေမဲ့....ဒါပေမဲ့ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ချန်ရှင်းရွှမ်သည် မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်၏။

"သူက ခုဏက...ခုဏကတင် ဒီနေရာမှာ ရှိနေတယ်...လွန်ခဲ့တဲ့ ဆယ့်ငါးမိနစ်လောက်တုန်းကမှ သူက ကျန်းထျန်းမြို့ထဲမှာ ရှိနေတုန်းပဲ"

"ဘာ...."

လင်းယုဝေသည် ထိတ်လန့်တုန်လှုပ်သွားကာ အံ့အားတသင့် မေးမြန်းလိုက်သည်။

"ဆရာ...ဆရာ လူမမှားဘူးဆိုတာ သေချာလား"

"ငါကလည်း မင်း အမှားတစ်ခုခု လုပ်မိတာလားလို့ မေးချင်နေတာပဲ"

ချန်းရှင်းရွှမ်က အော်ဟစ်လေသည်။

ဤအချိန်တွင်....

ကျန်းထျန်းမြို့အတွင်းတွင်ရှိနေသော ချန်းရှင်းရွှမ်တို့လူစုဖြစ်စေ ထန်းလန်တောင်တန်းအတွင်း၌ရှိနေသော လင်းယုဝေတို့လူစုဖြစ်စေ သူတို့အားလုံး အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသည်။

ဤသည်မှာ မိုင်ပေါင်းသန်းနှင့်ချီသော အကွာအဝေးပင်။အကယ်၍ တစ်စုံတစ်ယောက်သည် ကူးပြောင်းရေးဝင်္ကပါကို အသုံးပြုမည်ဆိုလျှင်ပင် အချိန်တစ်ရက်နှစ်ရက်ခန့် ယူရပေမည်။

သို့သော် ယခုလက်ရှိအချိန်၌ ကျန်းထျန်းမြို့အတွင်းတွင် ထွက်ပေါ်လာသော လူတစ်ယောက်သည် အချိန်တိုအတွင်း၌ မိုင်ပေါင်းသန်းနှင့်ချီဝေးကွာသော ထန်းလန်တောင်တန်း၌ တဖန်ပြန်၍ ထွက်ပေါ်လာခဲ့သလော။

ဤကိစ္စကို တွေးတောမိချိန်တွင်....

အကယ်၍ အဖြစ်မှန်သည် သူတို့၏ရှေ့၌ရှိနေသည့်တိုင် သူတို့ မယုံကြည်နိုင်​ချေ။

အကြောင်းအရင်းမှာ ဤကိစ္စသည် သူတို့၏တွေးတောဆင်ခြေနိုင်စွမ်းထက် ကျော်လွန်နေသဖြင့် သူတို့ မည်သည့်နည်းနှင့်မျှ စဉ်းစားတွေးတောနိုင်စွမ်း မရှိသောကြောင့်ပင်။

"ဆရာ...ဒီလောကကြီးထဲမှာ မိုင်ပေါင်းသန်းနဲ့ချီခရီးကို ချက်ချင်းသွားလာနိုင်တဲ့လူ ဘယ်လောက်များများရှိနေတယ်လို့ ဆရာက ထင်နေတာလဲ"

အချိန်အတော်ကြာပြီးနောက် လင်းယုဝေ၏ သတ္တိမွေး၍ပြောဆိုလိုက်သောအသံက ကျောက်စိမ်းပြားအတွင်းမှ ထွက်ပေါ်လာသည်။

"မင်း ဘာကိုဆိုလိုတာလဲ"

ချန်းရှင်းရွှမ်၏မျက်လုံးသူငယ်အိမ်​များ ကျဥ်း​မြောင်းသွားသည်။

"မင်း ဆိုလိုတာက...အဲ့ဒီလူမှာ မိုင်သန်းနဲ့ချီဝေးကွာတဲ့ခရီးကို ချက်ချင်းသွားလာနိုင်တဲ့စွမ်းရည်မျိုး ရှိနေတာလား"

"အမှန်ပဲ"

လင်းယုဝေ၏ လေးနက်စွာပြောဆိုလိုက်သောအသံက သတင်းပို့ကျောက်စိမ်း​ပြားအတွင်းမှ ထွက်လာသည်။

"မဖြစ်နိုင်ဘူး...."

ရုတ်ချည်းဆိုသလိုပင် ချန်းရှင်းရွှမ်သည် သူ၏လက်ကိုဝှေ့ယမ်းကာ လင်းယုဝေ၏အမြင်ကိုမတွေးတောမိစေရန် ဟန့်တားလိုက်သည်။

"မင်း တစ်ခုသိထားရမှာက ဒီလိုအရှိန်နှုန်းမျိုး ပိုင်ဆိုင်ထားဖို့ဆိုရင် ငါ့ရဲ့ခန့်မှန်းချက်အရ အစစ်အမှန်အင်မော်တယ်နယ်ပယ် အဆင့်နှစ်ဆယ်မှာရှိတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်ဖို့လိုအပ်တယ်"

"အဆင့်နှစ်ဆယ် အစစ်အမှန်အင်မော်တယ်ဆိုတာ ဘယ်လိုတည်ရှိမှုကြီးလဲဆိုတာ မင်း သိလား"

"ငါတို့ဝင်္ကပါနယ်မြေနဲ့ အထီးကျန်နယ်မြေနှစ်ခုလုံးမှာရှာရင်တောင် အဲ့ဒီလိုလူမျိုးတစ်ယောက်ကို မတွေ့နိုင်ဘူး"

"ဒါကြောင့် မင်း ပြောသလိုဆိုရင် အဲ့ဒီလူက အစစ်အမှန်အင်မော်တယ် အဆင့်နှစ်ဆယ်မှာ ရှိနေနိုင်တယ်...ဒါက ဘယ်လိုမှမဖြစ်နိုင်ဘူး"

ချန်းရှင်းရွှမ်သည် ပြတ်ပြတ်သားသား ပြောဆိုလိုက်၏။

ဤအတွေးမှာ အလွန်စိတ်ကူးယဥ်ဆန်သည်။

မိုင်ပေါင်းသန်းနှင့်ချီအကွာအဝေးကို ချက်ချင်းသွားလာရန်မှာ မည်မျှထိအစွမ်းထက်သူ ဖြစ်ရမည်ကို သူ တွေးတောကြည့်၍ပင်မရချေ။

ဤကဲ့သို့လူများသည် ရှည်လျားသောသမိုင်းစဉ်အတွင်း၌ တည်ရှိခဲ့ကာ လောကကြီးကိုစတင်ဖန်တီးခဲ့သည့် အထွတ်အမြတ်တည်ရှိမှုကြီးများဖြစ်ကြောင်း သူ ယုံကြည်လက်ခံသည်။

သို့ရာတွင် အချိန်ကာလများ ပြောင်းလဲသွားလေပြီ။

ယနေ့ခေတ်ကာလသည် အတိတ်နှင့် မတူညီတော့ချေ။

ထို့ကြောင့် ယခု သူ မျက်မြင်ကိုယ်တွေ့ကြုံနေရလျှင်ပင် ဤကိစ္စကို ယုံကြည်လက်ခံနိုင်ခြင်းမရှိချေ။

သို့ရာတွင်...

သူ၏စကားအဆုံးသတ်သွားသောအချိန်မှာပင် သူ၏လက်အတွင်းရှိ သတင်းပို့ကျောက်စိမ်းပြားမှနေ၍ စူးရှသောအသံတစ်သံ ထွက်ပေါ်လာသည်။

တချိန်တည်းမှာပင် လင်းယုဝေ၏အလျင်စလိုအော်ဟစ်သံ ထွက်ပေါ်လာပေ၏။

"ဆရာ သူ ပြန်ပြီးထွက်ပေါ်လာပြီ...ကြည့်ရတာတော့ သူ ပျံသန်းနေတဲ့ဦးတည်ချက်က ကျန်းထျန်းမြို့ဖြစ်ပုံပဲ...ကျွန်မတို့က ဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့ လူမှားတာလား ဒါမှမဟုတ် အဲ့ဒီလူအမှန်ဖြစ်နေလားဆိုတာ ရှာဖွေဖော်ထုတ်ရမယ်...ဒါက မိုင်သန်းနဲ့ချီအကွာအဝေးကို ချက်ချင်းသွားလာနိုင်တဲ့ အရှိန်နှုန်းပဲ"

"ယုဝေ...အဲ့ဒီကိစ္စကို မစဉ်းစားစမ်းနဲ့...မိုင်သန်းနဲ့ချီအကွာအဝေးကို ချက်ချင်းသွားလာနိုင်တယ်ဆိုတဲ့ မင်းရဲ့အတွေးက မဖြစ်နိုင်ဘူး...ဒါက အမှားအယွင်းတချို့ ရှိနေတာပဲဖြစ်မယ်"

ချန်းရှင်းရွှမ်က ငြင်းဆန်ကာ တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"အဲ့ဒီလူက ငါ့ရဲ့ခေါင်းပေါ်ကနေ ဖြတ်မသွားဘူးဆိုရင် ဒါက မဖြစ်......"

သို့ရာတွင် သူ၏စကားသံ အဆုံးမသတ်သေးမီမှာပင်....

မိုးကောင်းကင်ယံအတွင်းမှနေ၍ ဝှစ်ခနဲအသံတစ်သံကို သူ ကြားလိုက်ရသည်။

Chapter 729

နောက်ချန်ပုံရိပ်တစ်ခုက လေထုကို ဖြတ်သန်းသွားသည်။

သူတို့ မြင်တွေ့လိုက်ရသည်မှာ....

ဝှစ်ခနဲအသံတစ်သံနှင့်အတူ ထိုအရာသည် သူတို့နှင့်မလှမ်းမကမ်းအကွာရှိ လမ်းကြားလေးအတွင်းသို့ ကျရောက်သွားသည်။

အချိန်တခဏကြာပြီးနောက် ထိုလူသည်စားသောက်ဆိုင်အတွင်းသို့ ဝင်သွားကာ ထိုင်ခုံ၌ဝင်ထိုင်ပြီး အမဲသားကြော်ကိုစားကာ ဝိုင်အရက်သောက်နေလေ၏။

ဤအချိန်အခိုက် ချန်းရှင်းရွှမ်တို့လူစုသည် ရေခဲပန်းပုရုပ်ထုများအလား နေရာမှာပင်တောင့်တင်းကာ ကြက်သေသေနေကြသည်။

အချိန်အတော်ကြာပြီးနောက် ချန်းရှင်းရှန်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ အားယူ၍အသံပေးပို့လိုက်သည်။

"ယုဝေ...ဒါက ဆရာ့ရဲ့အမှားပါ...မင်းပြောတဲ့တစ်ယောက်က တကယ့်ကိုပဲ မိုင်သန်းနဲ့ချီဝေးကွာတဲ့နေရာကို ချက်ချင်းရောက်လာခဲ့တယ်"

"ဆရာ တကယ်ပဲလား...."

သတင်းပို့ကျောက်စိမ်းပြာ၏ တစ်ဖက်တွင်ရှိနေသော လင်းယုဝေက မယုံကြည်နိုင်စွာဖြင့် မေးမြန်းသည်။

"အမှန်ပဲ...သူက အခု ငါတို့နဲ့မလှမ်းမကမ်းအကွာမှာရှိတဲ့ စားသောက်ဆိုင်ထဲမှာ ဝိုင်အရက်သောက်နေတယ်"

ချန်းရှင်းရွှမ်က ထပ်မံ၍သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလိုက်၏။

"ကြည့်ရတာတော့ ဆရာက လူတွေအပေါ် အရင်က အထင်သေးခဲ့မိပုံရတယ်"

ထိုစကားကိုကြားချိန်တွင်....

လင်းယုဝေက ပင့်သက်ရှိုက်လိုက်သည်။

သူမသည် ဤကိစ္စကို ယခင်က အတင့်ရဲစွာခန့်မှန်းခဲ့ခြင်းဖြစ်ပြီး အမှန်ဖြစ်လာမည်ဟု ယုံကြည်ခဲ့ခြင်းမရှိချေ။

သို့ရာတွင် သူမ၏စကားများ အမှန်ဖြစ်လာခဲ့မည်ဟု သူမ တွေးထင်ထားမိခြင်းမရှိပေ။

"ဆရာ ကျွန်မ အခုဘာလုပ်သင့်လဲ"

လင်းယုဝေက ကူကယ်ရမဲ့စွာဖြင့် မေးမြန်းသည်။

"အခုအချိန်မှာ ငါတို့က အဲ့ဒီလူရဲ့သရုပ်မှန်ကို တတ်နိုင်သမျှ အမြန်ဆုံးဖော်ထုတ်ရမယ်"

ချန်းရှင်းရွှမ်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"သူ့ရဲ့သရုပ်မှန်ကိုသိမှ ငါတို့တွေက ဒီရုတ်တရက် ထွက်ပေါ်လာတဲ့ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သိလိမ့်မယ်"

"မင်းတို့ကတော့ မင်းတို့ရဲ့တာဝန်ကို ဆက်ပြီးထမ်းဆောင်ကြတော့"

ချန်းရှင်းရွှမ်သည် လင်းယုဝေတို့ကို ညွှန်ကြားပြီးနောက် သူသည် ရီဖုန်းကို ထပ်မံ၍စူးစမ်းလေ့လာဝံ့ခြင်းမရှိတော့ချေ။ထို့ကြောင့် သူသည် တခြားလူများအားလုံးကိုခေါ်ဆောင်ကာ မြို့လယ်ခန်းမထံသို့ အလျှင်အမြန်ပြန်ခဲ့တော့သည်။

မြို့လယ်ခန်းမ၌....

ချန်းရှင်းရှန်နှင့်တခြားလူများအားလုံး အရေးပေါ်အစည်းအဝေးတစ်ခုကို ကျင်းပလိုက်ကြ၏။

ဤအစည်းအဝေးတွင် အဓိကအချက်များကို ဆွေးနွေးခဲ့ကြသည်။

ရုတ်တရက် ထွက်ပေါ်လာခဲ့သော ဤတည်ရှိမှုကြီးသည် မည်သူ ဖြစ်သနည်း....

သူသည် ဝင်္ကပါနယ်မြေမှလူတစ်ယောက် ဖြစ်သလော....

အကယ်၍ သူသည် ဝင်္ကပါနယ်မြေမှလူတစ်ယောက် မဟုတ်ပါက မည်သည်ကြောင့် ဝင်္ကပါနယ်မြေသို့ ရောက်ရှိနေသနည်း။

သူသည် ဝင်္ကပါနယ်မြေ၏ မိတ်ဆွေတစ်ယောက် သို့မဟုတ် ရန်သူတစ်ယောက် ဖြစ်သလော....

အကယ်၍ ရန်သူဆိုပါက သူတို့သည် သူ့အား မည်သို့ရင်ဆိုင်ရမည်နည်း...

အကယ်၍ ရန်သူမဟုတ်ပါက သူတို့သည် သူ့ထံသို့သွားရောက်၍ မိတ်ဆက်ရမည်လော သို့မဟုတ် လျစ်လျှူရှူထားရမည်လော....

ဤအဓိကအချက်များကို လုချန်းချင်တို့လူစုသည် အစည်းအဝေး၌ အလေးအနက်ထား၍ ဆွေးနွေးနေကြသည်။

မိုင်ပေါင်းသန်းနှင့်ချီအကွာအဝေးသို့ ချက်ချင်းရောက်ရှိလာသည်မှာ မည်သည့်အရာအား ဆိုလိုခြင်းဖြစ်သနည်း...

ကြည့်ရသည်မှာ သူသည် အစစ်အမှန်အင်မော်တယ်နယ်ပယ် အဆင့်နှစ်ဆယ်၌ ရှိနေသောထိပ်သီးဆရာကြီးတစ်ယောက် ဖြစ်နေပုံပင်။

သူတို့ထံတွင် ထိုလူနှင့်ပတ်သက်သည့် တိကျသောအချက်များကို သိရှိနိုင်ရန် နည်းလမ်းမရှိချေ။သူတို့သည် ပြတ်တောင်းပြတ်တောင်းရရှိထားသော သတင်းအချက်အလက်များကို အခြေခံ၍ သူတို့ကိုယ်တိုင်မြင်တွေ့ရသော အချက်များနဲ့နှိုင်းယှဥ်ကာ ခန့်မှန်းရုံသာတတ်နိုင်သည်။

အတိုချုပ်ပြောရလျှင် ဤသည်မှာ သူတို့၏ခေါင်းများထက်၌ ကြီးမားသောတောင်ကြီးတစ်လုံး ဖိစီးထားသည့်အလားပင်။

"အခုအချိန်မှာ ငါတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ အဲ့ဒီလူရဲ့သရုပ်မှန်ကို အရင်ဆုံး ရှာဖွေဖော်ထုတ်ဖို့ပဲ"

ချန်းရှင်းရွှမ်က အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ပြောဆိုသည်။

"သူရဲ့သရုပ်မှန်ကို သိမှပဲ ငါတို့က သူ့ကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ သိနိုင်လိမ့်မယ်"

"အကြီးအကဲချန်းပြောတာ အမှန်ပဲ"

တခြားလူများအားလုံး ခေါင်းညိတ်ကာ သဘောတူညီလိုက်ကြ၏။

"ဒါပေမဲ့ မင်းတို့ သေချာမှတ်ထားဖို့လိုတဲ့ ကိစ္စတချို့ရှိနေတယ်...တကယ်လို့ တစ်ယောက်ယောက်က မဆင်မခြင်နဲ့ အဲ့ဒီလူကိုသွားပြီးရန်စစော်ကားမိမယ်ဆိုရင် မင်းတို့မိသားစုတွေတင် မကဘူး ဝင်္ကပါနယ်မြေတစ်ခုလုံးကိုလည်း သက်ရောက်လာနိုင်တယ်...ဒီလိုကိစ္စမျိုးဖြစ်လာမှာကို ငါ လုံးဝခွင့်မပြုနိုင်ဘူး"

ထိုသို့ပြောဆိုပြီးနောက် ချန်းရှင်းရွှမ်၏မျက်လုံးအကြည့်သည် ကျန်းထျန်းမြို့အတွင်းရှိ မြို့အရှင်အပါအဝင် အရေးပါသောလူများအားလုံးထံသို့ ကျရောက်သွားသည်။

ချန်းရှင်းရွှမ်၏အကြည့်ကို သတိပြုမိချိန်၌ မြို့အရှင်နှင့်တခြားလူများအားလုံး ချက်ချင်းနားလည်သဘောပေါက်သွားပေ၏။

"အကြီးအကဲချန်း...ကျေးဇူးပြုပြီးတော့ စိတ်အေးအေးထားပါ...ငါက အိမ်တော်ကိုပြန်ရောက်တာနဲ့ မိသားစုထဲက လူပေါ်ကျော့ကောင်တွေရဲ့ခြေထောက်တွေကို ချိုးထားလိုက်မယ်...ငါက အဲ့ဒီတစ်ယောက်ကို သူတို့တွေ ရန်မစမိအောင် သေချာလုပ်လိုက်ပါ့မယ်"

မြို့အရှင်က မတ်တတ်ထရပ်ကာ သူ၏လက်တစ်ဖက်ကိုမြှောက်၍ ပြောဆိုသည်။

"ငါ့ရဲ့မိသားစုထဲက လူငယ်တွေကို ဒီအချိန်အတောအတွင်းမှာ အကျဉ်းချထားလိုက်မယ်...သူတို့တွေ အပြင်ကို ခြေလှမ်းတစ်ဝက်တောင် ထွက်မလာစေရဘူး"

အကြီးအကဲတစ်ယောက်က ပြောဆိုသည်။

"ငါ့ရဲ့မိသားစုထဲက ဂျူနီယာတွေကတော့ ငါအမြဲတမ်း တင်းတင်းကြပ်ကြပ်ဆုံးမထားတာကြောင့် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး"

နောက်ဆုံးအကြီးအကဲတစ်ယောက်က သူ၏ခေါင်းကိုမော့ကာ ပြောဆိုလိုက်၏။

"ဒါကြောင့် သာမန်အခြေအနေအရဆိုရင်တော့ သူတို့က အဲ့ဒီလူကို ရန်စမိမှာမဟုတ်ဘူး...ဒါပေမဲ့ ပိုပြီးလုံခြုံဘေးကင်းဖို့အတွက် ငါ ပြန်ရောက်တာနဲ့ သူတို့ကို ဓားနဲ့ခုတ်လိုက်မယ်"

"တော်လိုက်စမ်း..."

တခြားလူများက ထိုအကြီးအကဲအား မျက်စောင်းထိုးလိုက်ကြသည်။

"ဒါက ဝင်္ဂဘာနယ်မြေနဲ့ ပတ်သက်တဲ့ကိစ္စပဲ ...ဘာအရှုပ်အထွေးမှ ဖြစ်လာခွင့် မပြုနိုင်ဘူး"

ထိုအကြီးအကဲက သူ၏လက်ဝါးကိုကာပြကာ ပြောဆိုလိုက်၏။

"ကောင်းတယ်...အရမ်းကောင်းတယ်...."

ချန်းရှင်းရွှမ်က တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

"အတိုချုပ်ပြောရရင် ဖြစ်နိုင်ချေရှိလာနိုင်တဲ့ အန္တရာယ်တွေအားလုံးကို ကြိုပြီးစဉ်းစားရမယ်"

"ဒါကြောင့် ဒီနေ့ ငါတို့တွေ လူစုခွဲပြီးတာနဲ့ အေးအေးလူလူမနေကြနဲ့...မင်းတို့က အိမ်မှာရှိတဲ့ လူအိုကြီးတွေကို မေးမြန်းတာတွေ ဒါမှမဟုတ် သတင်းအချက်အလက် စုံစမ်းတာတွေလုပ်ပြီးတော့ အဲ့ဒီလူရဲ့သရုပ်မှန်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို ရှာဖွေရမယ်"

"ဟုတ်ကဲ့"

တခြားလူများအားလုံး တုံ့ပြန်လိုက်ကြကာ စိုးရိမ်ပူပန်နေသော အမူအယာများဖြင့် ထွက်ခွာသွားကြတော့သည်။

လူများအားလုံး ထွက်ခွာသွားပြီးနောက် ချန်းရှင်းရွှမ်၏နံဘေးတွင်ရှိနေသည့် ယုဟောင်ဟု အမည်ရသော အစေခံတစ်ယောက်သည် လမ်းကျဥ်းလေးတစ်ခုအတွင်းသို့ တိတ်တဆိတ်ရောက်ရှိလာပေ၏။

"အနီရောင်အဆင့်လျှို့ဝှက်စာ...ဒီစာထဲမှာပါတဲ့ အကြောင်းအရာတွေကို အထီးကျန်နယ်မြေထဲမှာရှိတဲ့ အရှင်တွေအားလုံး သဘောပေါက်အောင် သေချာရှင်းပြပါ"

ယုဟောင်သည် လူတစ်ယောက်အား သေချာစွာရှင်းပြပြီးနောက် တိတ်တဆိတ်ထွက်ခွာသွားတော့သည်။

ထို့နောက် အထီးကျန်နယ်မြေ၌...

ဤအချိန်အခိုက်အတန့်တွင် အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပကြတော့သည်။

သူတို့သည် မကြာသေးမီအချိန်က သူတို့၏ကူးပြောင်းရေးဝင်္ကပါ ဖျက်ဆီးခံရသောသတင်းကို ရရှိခဲ့သဖြင့် တန်ပြန်တိုက်ခိုက်ရန်အစီအစဉ်များကို စဉ်းစားတွေးတောနိုင်ခြင်း မရှိသေးမီမှာပင် နောက်ထပ်ပြဿနာကြီးတစ်ခု ဖြစ်ပွားလာခဲ့သည်။

"ဒီသတင်းက တိကျရဲ့လား"

သူတို့အနက်မှတယောက်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။

"သေချာတယ်....ဘာအမှားအယွင်းမှ မရှိနိုင်ဘူး"

တခြားတစ်ယောက်က တည်ကြည်လေးနက်စွာတုံ့ပြန်သည်။

ထိုစကားကိုကြားချိန်တွင်...

သူတို့အားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

အစစ်အမှန်အင်မော်တယ် အဆင့်နှစ်ဆယ်...

ဤကိစ္စသည် တွေးတောကြည့်ရုံဖြင့် တုန်လှုပ်ချောက်ချားဖွယ်ရာပင်။

"ငါ ပြောမယ်"

အထီးကျန်နယ်မြေ၏ခေါင်းဆောင် ဟွမ်ထန်းလင်သည် သူ့၏လက်အတွင်းရှိ လျှို့ဝှက်စာကိုကြည့်ကာ အချိန်အတော်ကြာခန့် စဉ်းစားတွေးတောပြီးနောက် မတ်တတ်ထရပ်ကာ သုန်မှုန်နေသောမျက်နှာဖြင့် ကောက်ချက်ချလိုက်သည်။

"ဒီအစစ်အမှန်အင်မော်တယ် အဆင့်နှစ်ဆယ်မှာရှိတဲ့ တည်ရှိမှုကြီးတစ်ယောက် ထွက်ပေါ်လာမှုက ငါတို့နဲ့ဝင်္ကပါနယ်မြေကြားက အားပြိုင်မှုကို သက်ရောက်မှုရှိလာနိုင်တယ်...ဒါကြောင့် ငါတို့တွေ သတိလက်လွတ်နေလို့ မဖြစ်ဘူး"

"သတင်းကောင်းတစ်ခုကတော့ အဲ့ဒီလူက ဝင်္ကပါနယ်မြေက ဟုတ်မဟုတ်ဆိုတာ မသိရသေးတဲ့အချက်ပဲ"

"ဒါကြောင့် ငါတို့တွေ ထိုင်စောင့်နေလို့မဖြစ်ဘူး...ငါတို့တွေက အဲ့ဒီလူရဲ့သရုပ်မှန်ကို အမြန်ဆုံး ရှာဖွေဖော်ထုတ်ရမယ်....အဲ့ဒီလိုလုပ်မှာပဲ ငါတို့တွေက လက်ဦးမှုရအောင် အစီအစဉ်တွေဆွဲပြီးတော့ ဝင်္ကပါနယ်မြေအပေါ် အသာစီးယူနိုင်လိမ့်မယ်"

ဟွမ်ထန်းလင်၏စကားလုံးများ ကျရောက်သွားချိန်၌ တခြားသူများအားလုံး တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။

"ဒါကြောင့် ငါတို့ရဲ့ သတင်းစုံစမ်းရေးအဖွဲ့တွေအားလုံးကို စေလွှတ်ပြီးတော့ ငါတို့ရဲ့အဆက်အသွယ်တွေအားလုံးကို အသုံးပြုပြီးချက်ချင်းစုံစမ်းရမယ်"

ဟွမ်ထန်းလင်က တည်တည်လေးနက်စွာ ရှင်းပြသည်။

လူများအားလုံးသည် ခေါင်းညိတ်ပြပြီးနောက် အထီးကျန်မြို့အတွင်းမှ ပျောက်ကွယ်သွားတော့သည်။

ဤအချိန်အခိုက်အတန့်တွင် ရီဖုန်း၏ထွက်ပေါ်လာမှုကြောင့် ဝင်္ကပါနယ်မြေနှင့်အထီးကျန်နယ်မြေနှစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားကာ သတင်းစုံစမ်းရေး အဖွဲ့အစည်းများသည်လည်း လှုပ်ရှားနေကြ၏။

....

ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် မစင်စွန့်နေရင်း အော်ဟစ်ဆဲဆိုနေသည်။

"ငါ့ရဲ့ငွေအိတ် ဘယ်ရောက်သွားတာလဲ"

"ကောင်းကင်ဘုံ...ငါက အရမ်းဆင်းရဲတဲ့ လူတစ်ယောက်ပါ...မင်းက ဘာလို့ ငါ့ကို ဒီလိုမျိုးကျီစားနေတာလဲ"

"ငါက ကျန်းထျန်းမြို့က စားသောက်ဆိုင်ကိုသွားခဲ့တယ်....ဒါ့ပြင် အထီးကျန်မြို့ကိုလည်း သွားခဲ့တယ်...ငါ သွားခဲ့သမျှ နေရာတွေအားလုံးမှာ ငါ ရှာခဲ့ပြီးပြီ...ဘယ်နေရာမှ ရှာမတွေ့ဘူး....တောတောင်တွေကြားကို ကျသွားတာများလား"

"ကြည့်ရတာတော့ ငါက ထန်းလန်တောင်တန်းကိုပြန်ပြီးတော့ ငွေအိတ်ကို ရှာရမယ့်ပုံပဲ"

ရီဖုန်းသည် မကျေမနပ်ဖြင့်ညည်းတွားရင်း မတ်တတ်ထရပ်ကာ သူ့၏ဖင်ကို သုတ်လိုက်၏။

"သောက်ချေးပဲ"

"အရေးကိုမပါဘူး"

"မနေ့ညက တစ်ညလုံးမိုးရွာထားတာကြောင့် တောတောင်တွေကြားမှာ ဗွက်ပေါက်နေလောက်ပြီ"

ရီဖုန်းသည် သုန်မှုန်နေသောမျက်နှာဖြင့် သူ၏လက်များကို တစ်နာရီခန့်ကြာအောင် ဆေးကြောပြီးနောက် မန်မန်ကိုစီးနင်း၍ မိုးကောင်းကင်ယံအတွင်း၌ ပျံသန်းလိုက်သည်။နောက်ထပ်အချိန်အခိုက်အတန့်တွင် သူသည် ထန်းလန်တောင်တန်းအတွင်းသို့ ရောက်ရှိသွားလေ၏။

Chapter 730

ရီဖုန်းသည် ထန်းလန်တောင်တန်းသို့ ပြန်လည်ရောက်ရှိလာပြီးနောက် သူ၏ခန္ဓာကိုယ်၌ ချွေးများစိုရွှဲနေသဖြင့် စမ်းချောင်းထံသို့သွားကာ ဆေးကြောသန့်စင်လိုက်သည်။ထို့နောက် သူသည် အဝတ်အစားအသစ်တစ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်၏။

ထို့နောက် သူ၏မှတ်ဥာဏ်များမှတဆင့် သူ၏ပျောက်ဆုံးသွားသောငွေအိတ်ကို အနီးပတ်ဝန်းကျင်၌ လှည့်ပတ်၍ရှာဖွေလိုက်တော့သည်။

တစ်ချိန်တည်းမှာပင်....

လင်းယုဝေဦးဆောင်သော ဝင်္ကပါပညာရှင်များသည် ထန်းလန်တောင်တန်း၏ဗဟိုချက်နေရာ၌ ဝင်္ကပါများကို ဂရုတစိုက်ခင်းကျင်းနေသည်။

ဤအချိန်အတောအတွင်းတွင် သူမတို့အားလုံး၏ အင်အားစိုက်ထုတ်ခဲ့မှုများကြောင့် အထီးကျန်နယ်မြေ၏ကူးပြောင်းရေးဝင်္ကပါ အနီးပတ်လည်တစ်မိုင်အတွင်း၌ ဝင်္ကပါအမြောက်အများကို ခင်းကျင်းထားနိုင်ခဲ့သည်။

ထိုအရာများသည် ပိတ်လှောင်ခြင်းဝင်္ကပါများ သတ်ဖြတ်ခြင်းဝင်္ကပါများနှင့် ပုံရိပ်ယောင်ဝင်္ကပါများ အစရှိသဖြင့် အမျိုးအစားစုံလင်သည်။

အတိုချုပ်ပြောဆိုရလျှင်....

သူတို့သည် ဤနေရာ၌ သူတို့၏ဘဝတလျှောက် သင်ယူခဲ့ရသော ဝင်္ကပါများအားလုံးကို ခင်းကျင်းခဲ့သည်။

ထို့ကြောင့် ဤအချိန်အခိုက်အတန့်တွင် ဤနေရာသည် အလွန်အမင်းအန္တရာယ်များကာ ခြေတစ်လှမ်းစီတိုင်း၌ အသက်အန္တရာယ်ရှိသည်ဟု ဆိုနိုင်သည်။

ထိုဝင်္ကပါများကြောင့် အကယ်၍ အထီးကျန်နယ်မြေမှကျင့်ကြံသူများသည် ကူးပြောင်းရေးဝင်္ကပါသို့ လာရောက်ပြုပြင်မည်ဆိုလျှင်ပင် သူတို့သည် အနည်းငယ်​မျှ စိုးရိမ်ရန်မလိုအပ်တော့ချေ။အကြောင်းအရင်းမှာ အကယ်၍ သူတို့သည် ကူးပြောင်းရေးဝင်္ကပါကို ပြုပြင်လိုပါက အရင်ဦးဆုံး ထိုဝင်္ကပါများကို ချိုးဖျက်ရန်လိုအပ်သည်။

"ဟူး...."

သူမ၏အင်အားစိုက်ထုတ်ခဲ့မှုများမှ ရလဒ်များကိုကြည့်ပြီး လင်းယုဝေသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ အလွန်စိတ်​ကျေနပ်မှုကို ခံစားရပေ၏။

သို့ရာတွင် နောက်ထပ် အချိန်အခိုက်အတန့်မှာပင်....

သူမ၏မျက်နှာအမူအယာ ရုတ်တရက် ပျက်ယွင်းသွားသည်။

သူမ၏နံဘေးတွင်ရှိနေသော တခြားလူများသည်လည်း ဤအချိန်အခိုက်အတန့်တွင် ထူးဆန်းမှုကို သတိပြုမိသွားသဖြင့် နေရာတစ်နေရာထံသို့ဦးတည်၍ တပြိုင်နက်တည်းကြည့်လိုက်ကြသည်။

အကြောင်းအရင်းမှာ ထိုနေရာတွင် အပြင်ဘက်ဆုံးရှိ ဝင်္ကပါဖွဲ့စည်းပုံ ကျိုးပျက်နေခြင်းကြောင့်ပင်။

ဤသည်မှာ မဟုတ်သေးချေ။

ဤအရာ ကျိုးပျက်သွားသည်ဟု ပြောဆိုလျှင်မှန်ကန်မည်မဟုတ်ဘဲ ပျောက်ကွယ်သွားသည်ဟု ပြောဆိုပါက ပို၍မှန်ကန်ပေမည်။

အကြောင်းအရင်းမှာ ထိုဝင်္ကပါအသက်ဝင်လာခြင်း မရှိသေးမီမှာပင် လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတစ်ရပ်ကြောင့် တိုက်ရိုက်ပျောက်ကွယ်သွားခြင်းဖြစ်သောကြောင့်ပင်။

"ဘာတွေ ဖြစ်နေတာလဲ"

လူများအားလုံး လင်းယုဝေကို ကြည့်လိုက်ကြသည်။

လင်းယုဝေသည် မျက်မှောင်ကြုတ်ကာ စကားတုံ့ပြန်ပြောဆိုခြင်းမပြုချေ။သူမ၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်သော အရိပ်အယောင်များ ထင်ဟပ်နေသည်။

"ငါတို့ ဒီဝင်္ကပါကိုခင်းကျင်းတဲ့အချိန်မှာ အမှားအယွင်းတစ်ခုခု ရှိသွားတာများလား"

သူတို့အနက်မှတစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။

"မဟုတ်ဘူး....ဒီနေရာမှာရှိတဲ့ ဝင်္ကပါတစ်ခုစီကို ခင်းကျင်းပြီးတဲ့အချိန်တိုင်း ငါတို့အားလုံး သေချာစစ်ဆေးခဲ့တယ်...မနေ့ကမှ ဒီဝင်္ကပါတွေမှာ ပြဿနာရှိမရှိ စမ်းသပ်စစ်ဆေးခဲ့တာ...ဒါကဘယ်လိုမှ အမှားအယွင်းမရှိနိုင်ဘူး"

တခြားလူတယောက်က ပြောဆိုသည်။

ထိုနောက် တခြားဝင်္ကပါပညာရှင်တစ်ယောက်ကလည်း ဝင်ရောက်ပြောဆိုသည်။

"ဖြစ်နိုင်တာတော့ မှော်သားရဲတကောင်ကြောင့် ဒီဝင်္ကပါ မတော်တဆ ပျက်စီးသွားတာများလား"

လင်းယုဝေက သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။

"တကယ်လို့ မှော်သားရဲတစ်ကောင်က မတော်တဆ ချိုးဖျက်ဝင်ရောက်ခဲ့တယ်ဆိုရင်တောင် ဝင်္ကပါက တိုက်ရိုက်ပျောက်ကွယ်မသွားသင့်ဘူး...ဒီဝင်္ကပါက အသက်ဝင်လာသင့်တယ်"

တခြားလူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဤနေရာပတ်ဝန်းကျင်အခြေအနေသည် ရုတ်တရက် သံသယဝင်ဖွယ် ကောင်းလာပေ၏။

ဤသို့ဖြစ်လာရသော အကြောင်းအရင်းကို မည်သူမျှ နားလည်သဘောပေါက်နိုင်ခြင်း မရှိချေ။

အတိုချုပ်ပြောဆိုရလျှင်....

ဤဝင်္ကပါကြီး ရုတ်တရက်ပျောက်ကွယ်သွားမှုမှာ အမှန်တကယ်ကို ထူးဆန်းနေသည်။

လင်းယုဝေသည် တခြားလူများအားလုံးကိုခေါ်ဆောင်၍ ထိုနေရာသို့ တချက်သွားကြည့်လိုက်သည်။သို့ရာတွင် ယခင်ဝင်္ကပါနှင့်အနီးရှိ တခြားဝင်္ကပါတစ်ခုသည်လည်း တူညီသောအခြေအနေမျိုး၌ ရှိနေကြောင်း တွေ့ရှိမိသဖြင့် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

ထိုဝင်္ကပါသည်လည်း ယခင်အတိုင်း ပျောက်ကွယ်သွားပေ၏။

ဤသည်မှာ သူတို့ကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေသည်။

ဝင်္ကပါပညာရှင်များဖြစ်သော သူတို့သည် ဤကဲ့သို့အခြေအနေတစ်ရပ်ကို ယခင်က တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ခဲ့ဖူးခြင်းမရှိချေ။

သူတို့ခင်းကျင်းထားသော ကြီးမားသည့် ဝင်္ကပါများသည် မည်သည်ကြောင့် ထူးဆန်းစွာပျောက်ကွယ်သွားသည်ကို သူတို့ လုံးလုံးလျားလျား ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။

သို့ရာတွင် ဤကိစ္စသည် အမှန်ဖြစ်ပြီး သူတို့ခင်းကျင်းထားသော ဝင်္ကပါများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားခဲ့သည်။ဤသည်မှာ အမျိုးအမည်မသိရသော အရာတစ်ခုမှ ထိုဝင်္ကပါများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးနေသည့်အလားပင်။

ထိုအမျိုးအမည်မသိရသောအရာကြီး၏ ဦးတည်ချက်သည်လည်း အဝေးမှနေ၍ တဖြည်းဖြည်းနီးကပ်လာခဲ့သည်။

တခြားစကားပြောင်းဆိုရလျှင် အစောပိုင်းကပျောက်ကွယ်သွားခဲ့သော ဝင်္ကပါများသည် အစွန်ဆုံးဖြစ်ကာ ယခုလက်တလောအချိန်၌ ပျောက်ကွယ်သွားခဲ့သော ဝင်္ကပါများသည် သူတို့နှင့် များစွာပို၍နီးကပ်နေလေပြီ။

အချိန်တခဏကြာပြီးနောက်....

နောက်ထပ်ဝင်္ကပါတချို့သည်လည်း ရုတ်တရက်ပျောက်ကွယ်သွားခဲ့သဖြင့် လင်းယုဝေ၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားကာ သူမက စကားတစ်လုံးချင်းပြောဆိုလိုက်၏။

"အဲ့ဒီအရာကြီးက ငါတို့နားကို ချဉ်းကပ်လာပြီ"

လင်းယုဝေ၏စကားလုံးများ ကျရောက်လာသောအချိန်တွင် ပတ်ဝန်းကျင်နေရာတဝိုက်ရှိအခြေအနေ ပို၍တည်ကြည်လေးနက်သွားသည်။

သူတို့၏နှလုံးသားများသည် သူတို့၏လည်မြိုများမှ ခုန်ထွက်တော့လုမတတ်ပင်။သူတို့အားလုံးသည် အသက်ပင်ရဲရဲမရှူဝံ့ဘဲ ဦးတည်ချက်တစ်နေရာသို့ စူးစိုက်၍ကြည့်နေကြလေ၏။

နောက်ဆုံး၌...

အချိန်တခဏကြာခန့် စောင့်ဆိုင်းပြီးနောက် မီးခိုးရောင်ဝတ်စုံဝတ်ဆင်ထားသော လူတစ်ယောက်က သူတို့၏မျက်လုံးများရှေ့၌ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ထိုလူ၏ခြေထောက်မှဖိနပ် ဝင်္ကပါ၏သက်ရောက်မှုနယ်မြေအတွင်းသို့ ချလိုက်သည်နှင့် ဝင်္ကပါဖွဲ့စည်းပုံများအားလုံး ပျောက်ကွယ်သွားသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။

"ဒါက သူ မဟုတ်လား"

လင်းယုဝေ၏မျက်လုံး ရုတ်တရက်ပြူးကျယ်သွားသည်။

သူမ၏လှပသောမျက်နှာလေးပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများ ထင်ဟပ်နေကာ သူမ၏ပါးစပ်မှ လေအေးတစ်ချက်ရှိုက်သွင်းလိုက်သည်။

ဤလူသည် အလွန်အစွမ်းထက်ကာ အစစ်အမှန်အင်မော်တယ်နယ်ပယ် အဆင့်နှစ်ဆယ်၌ရှိသော ဆရာကြီးတစ်ယောက် ဖြစ်နေနိုင်သည်ကို သူမ သိရှိထားသည်။သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ သူမ၏စိတ်ကို တည်ငြိမ်အောင်ထိန်းသိမ်းနိုင်စွမ်း မရှိချေ။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူမတို့အားလုံး အပြင်းအထန်ကြိုးစား၍ ခင်းကျင်းထားသော ဝင်္ကပါများပင်။

အကယ်၍ ထိုဆရာကြီးသည် ဝင်္ကပါကို အင်အားစိုက်ထုတ်၍ ချိုးဖျက်မည်ဆိုလျှင်ပင် သူမ လက်သင့်ခံနိုင်သည်။သို့ရာတွင် ယခုအချိန်၌ ဝင်္ကပါများ ပျောက်ကွယ်သွားရန်မှာ အလွန်လွယ်ကူနေသည်မဟုတ်လော။

သူ ဝင်္ကပါအတွင်းသို့ ဝင်လိုက်သည်နှင့် ချက်ချင်းပျောက်ကွယ်သွားခဲ့သလော....

ဤသည်မှာ အစစ်အမှန်အင်မော်တယ် အဆင့်နှစ်ဆယ်၌ရှိသော ဆရာကြီးတစ်ယောက်၏ခွန်အား ဖြစ်သလော...

ထိုထက်ပို၍ သူမတို့သိရှိလိုသည်မှာ မည်သည်ကြောင့် ဤလူသည် သူမတို့ အလွန်အမင်းအင်အားစိုက်ထုတ်၍ ခင်းကျင်းထားသော ဝင်္ကပါများကို ဖျက်ဆီးခဲ့သနည်း။

သူနှင့်ဝင်္ကပါနယ်မြေသည် ရန်သူများဖြစ်နေသလော...

အကယ်၍ ကိစ္စသည် ဤသို့ဖြစ်နေပါက အလွန်ကြီးမားသွားပေမည်။

သို့ရာတွင် ယခုအချိန်၌ သူမ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။ထိုကြောင့် သူမသည် ခြေလှမ်းတစ်လှမ်းပြီးတလှမ်းနောက်ဆုတ်ကာ တခြားလူများအားလုံးကို ဝင်္ကပါအတွင်း၌ အလျှင်အမြန်ပုန်းအောင်းရန် အမိန့်ပေးလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ အချိန်အတိုင်းအတာတစ်ခုထိ ဤဆရာကြီးနှင့် ထိပ်တိုက်ရင်ဆိုင်မှုကိုရှောင်ကြဉ်ရန် သူမ၏ဆရာမှ မှာကြားထားပြီးဖြစ်သည်။ယခုအချိန်တွင် လက်ရှိအခြေအနေ မည်သို့ပင် ဖြစ်နေပါစေ ထိုလူ၏သရုပ်မှန်ကို ရှာဖွေဖော်ထုတ်နိုင်သောအချိန်ထိ စောင့်ဆိုင်းရပေမည်။

သို့ရာတွင်....

လင်းယုဝေတို့လူစု မျှော်လင့်မထားသောကိစ္စတစ်ရပ် ဖြစ်ပွားလာခဲ့သည်။

အကြောင်းအရင်းမှာ ထိုလူသည် ရုတ်တရက် သူမတို့ကိုကြည့်ပြီး သူ၏ခြေထောက်ကိုမြှောက်ကာ သူမတို့ထံသို့ တန်းတန်းမတ်မတ်လျှောက်လှမ်းလာခြင်းကြောင့်ပင်။

"သူ ငါတို့ကို ရှာတွေ့ထားတာများ ဖြစ်နေမလား"

သူတို့အနက်မှတစ်ယောက်က မေးမြန်းသည်။

"မဖြစ်နိုင်ဘူး....ဒီအကွာအဝေးက မဝေးဘူးဆိုပေမယ့် အလယ်မှာ ဝင်္ကပါတွေအများကြီး ရှိနေတယ်....သူက ငါတို့ရဲ့ဝင်္ကပါတွေကို ချိုးဖျက်နိုင်ပေမယ့် အလယ်မှာရှိတဲ့ ဝင်္ကပါတွေကို မထိတွေ့ဘဲနဲ့ ငါတို့ကို တိုက်ရိုက်ထွင်းဖောက်မြင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ဝင်္ကပါပညာရှင်တစ်ယောက်က ယုံကြည်ချက်အခိုင်အမာရှိသောလေသံဖြင့် ပြောဆိုလေ၏။

ထိုစကားကိုကြားချိန်တွင် တခြားလူများသည်လည်း ထပ်တူထပ်မျှခံစားလိုက်ရကာ စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်လိုက်ကြသည်။

ဤသည်မှာ တိုက်ဆိုင်မှုတစ်ခုသက်သက် ဖြစ်ပေမည်။

လင်းယုဝေသည်လည်း ထိုကဲ့သို့ ခံစားမိလေ၏။ အကယ်၍ သူမတို့အားလုံး အတူပူးပေါင်း၍ခင်းကျင်းထားသော ဝင်္ကပါများသည် ထိုလူအပေါ်တွင် မည်သည့်အကျိုးသက်ရောက်မှုမျှမရှိပါက အလွန်အမင်းတုန်လှုပ်​ချောက်ချားဖွယ်ကောင်းသောကိစ္စ ဖြစ်ပေမည်။

သို့ရာတွင်...

ရီဖုန်းသည် သူတို့အား မတော်တဆကြည့်မိခြင်းသာဖြစ်မည်ဟု သူတို့အားလုံး တွေးတောနေစဉ်မှာပင် ရီဖုန်း၏အသံ ရုတ်တရက်ထွက်ပေါ်လာသည်။

"ဟေး...မင်းတို့ကောင်တွေက ဘာတွေ ခိုးကြောင်ခိုးဝှက် လုပ်နေကြတာလဲ...အရင်တစ်ခေါက်ကလည်း ဒီနေရာပတ်ဝန်းကျင်မှာ မင်းတို့တွေ ခိုးကြောင်ခိုးဝှက်လုပ်နေတာကို ငါ မြင်တယ်...အခုချက်ချင်း ဒီနေရာက ထွက်သွားကြစမ်း"

All Chapters