အခန်း (၆၁-၆၃)
Vol. 5 Ch. 61-63
အပိုင်း ( 61 )
ဆက်တိုက် အဆင့်တက်ခြင်း၊ ဓားတစ်ချက်ဖြင့် တိုက်ပွဲမြေပြင်ကို ရှင်းလင်းခြင်း
ထိုအချိန် ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ထဲတွင်
မီတာ ၂၀ကျော် ရှည်လျားသည့် မိကျောင်းသားရဲကြီးသည် အလျား၊ အနံနှင့် အမြင့် ၁၀မီတာသာ ရှိသော ကျဥ်းမြောင်းသည့် နေရာလွတ်ထဲသို့ ရုတ်တရက် ရိုက်သွင်းခံလိုက်ရသည်။
ချက်ချင်းဆိုသလိုပင် ၎င်းသည် အေးခဲတောင့်တင်းသွားကာ၊ အနည်းငယ် အံ့ဩသွားခဲ့သည့် ပုံပင်။
သို့သော် ၎င်းသည် ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ခုကို မြင်တွေ့သွားသည့်ပုံရပြီး ဦးခေါင်းကို ခက်ခက်ခဲခဲ လှည့်နေတော့၏။
ဒါဇင်နှင့်ချီသော ၎င်း၏ ဥကြီးများမှာလည်း ဟင်းလင်းပြင် နေရာလွတ်ထဲတွင် ရှိနေခဲ့လေသည်။
“ ဝေါင်းးးး !! “
မိကျောင်းသားရဲကြီးသည် ဒေါသတကြီး ဟိန်းဟောက်လာခဲ့သည်၊ ဒီလူမသားက ငါ့ရဲ့ ဥတွေကို ခိုးသွားခဲ့တာပဲ။
သို့သော် ၎င်းသည် အဆိုပါ လူသားက သူ့အား ဤနေရာတွင် မည်သည့် နည်းလမ်းကို အသုံးပြု၍ ချုပ်နှောင်ထားလဲဆိုသည်ကို မသိပေ။
ဝုန်းးးးး !!
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်၊ ထိုအခိုက်အတန့်တွင် မိကျောင်းသားရဲကြီးသည် အမှန်တကယ် ဒေါသထွက်သွားခဲ့ပြီး၊ ရိုင်းစိုင်းရူးသွပ်သည့် အခြေအနေထဲသို့ ကျရောက်သွားကာ လေနံရံများကို အဆက်မပြတ် ကုတ်ခြစ်နေတော့သည်။
၎င်းသည် အလွန်ကျဥ်းမြောင်းသည့် နေရာလေးထဲတွင် ကန့်သတ်ခံထားရသော်လည်း၊ ကံကောင်းထောက်မစွာဖြင့် ၎င်းမှာ အရပ်မမြင့်သောကြောင့် ၎င်း၏ခန္ဓာကိုယ်ကို ခွေခေါက်နေနိုင်ခဲ့သည်။
“ ဝုန်းးး ဝုန်းးးး ဝုန်းးးးးး !!!! “
မိကျောင်းသားရဲကြီးသည် ၎င်း၏ လက်သည်းများကို အကြမ်းပတမ်း လွှဲရမ်းနေခဲ့ပြီး၊ ကုတ်ချက်တစ်ခုချင်းစီတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်နေလျက်ရှိပြီး၊ ဟင်းလင်းပြင်ကိုပင် အဆက်မပြတ် တုန်ရင်သွားစေခဲ့သည်။
၎င်းသည် ၎င်း၏ သားရဲဥများကို အလွန်ဂရုစိုက်သောကြောင့် ၎င်း၏ စွမ်းအားကို အင်ပြည့်အားပြည့် အသုံးမပြုနိုင်ခဲ့ပေ။
ထိုကဲ့သို့ ထိန်းချုပ်ခံနေရသည့် ခံစားချက်ကြောင့်ပင် ၎င်းမှာ ပို၍ ဒေါသထွက်သွားခဲ့သည်။
သေးငယ်သော လူသားလေးတစ်ယောက်က သူ၏ သားရဲဥများကို ခိုးယူသွားကာ သူ့ကိုပင် ဤနေရာတွင် အကျဥ်းချထားခဲ့သည်၊ ၎င်းမှာ သူ့အား အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အရှက်ခွဲနေခြင်းပင် ဖြစ်သည်။
မိကျောင်းကြီးများ၏ မျက်လုံးများသည် သွေးနီရောင်ကဲ့သို့ ရဲရဲတောက်နေပြီး၊ အဆက်မပြတ် ဟိန်းဟောက်နေလျက်ရှိကာ၊ ဤနေရာမှ လွတ်မြောက်သွားသည်နှင့်တစ်ပြိုင်နက် ထိုလူသားလေးကို အပိုင်းပိုင်း အစစ ဖြစ်သွားအောင် လုပ်ပစ်မည်ဟု ဆုံးဖြတ်ထားခဲ့လေသည်။
…
အပြင်ဘက်တွင်
ရှုကျိုးသည် အမောတကော အသက်ရှူနေရတော့သည်၊ တော်တော်လေးကို အန္တရာယ် များခဲ့တာပဲ။
၎င်းမှာ သေခြင်း၊ ရှင်ခြင်း အကြပ်အတည်းကို ရင်ဆိုင်လိုက်ရသည့် သူ၏ ပထမဦးဆုံး အကြိမ်ဖြစ်သည်။
“ တတိယအဆင့် အထက်က သားရဲ ……. “ ရှုကျိုးမှ တွေးတော စဥ်းစားနေတော့သည်၊ သူသည် ၎င်းက မည်သည့်အဆင့် ဗီဇပြောင်းသားရဲဖြစ်လဲဆိုသည်ကို အတိအကျ မသိပေ။
သို့သော် တတိယအဆင့်အောက် ရောက်မနေဘူးဆိုသည်မှာတော့ သေချာလှပေသည်။
“ တတိယအဆင့် သိုင်းပညာရှင်တွေဆီမှာတောင် ဒီလို စွမ်းအားမျိုး ရှိပါ့မလား? “ ရှုကျိုးသည် စိတ်သက်သာရာရနေခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် အနည်းငယ် မျှော်လင့်နေခဲ့သည် “ တကယ်ကြီးကို စွမ်းတာပဲ “
ထို့နောက်တွင် သူသည် သူ့ဘေးနားရှိ ဆေဘာသွား နဂါးသားရဲကြီးကို ငေးကြည့်နေတော့သည်။
သူသည် ဆေဘာသွား နဂါးသားရဲကြီးကို အချိန်တိုအတွင်းတွင် ထပ်မံ၍ ဖုံးကွယ်မထားနိုင်တော့မည်ကို စိုးထိတ်နေလျက်ရှိသည်။
ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသည့် သားရဲကြီးကို အကျဥ်းချထားရသောကြောင့် ဆေဘာသွား နဂါးသားရဲက အထဲကို ရောက်သွားသည်နှင့်တစ်ပြိုင်နက် သေချာပေါက် တစ်စစီ လုပ်ခံရလိမ့်မည် ဖြစ်သည်။
“ သောက်ပြဿနာပဲ “ ရှုကျိုးသည် သက်ပြင်းတချချ ဖြစ်နေတော့သည် “ ဟင်းလင်းပြင် နေရာလွတ်ကို အချိန်တိုအတွင်းမှာ သုံးလို့ မရလောက်တော့ဘူး “
၎င်းမှာ အကယ်၍ နောင်အနာဂတ်တွင် သူက အန္တရာယ် တစ်ခုခုနှင့် ရင်ဆိုင်ရမည်ဆိုပါက ဆေဘာသွား နဂါးသားရဲကလည်း ၎င်းကို ရှောင်လွှဲနိုင်မည် မဟုတ်ဘူးဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် စနစ်၏ မျက်နှာပြင် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
[ သတိပေးချက်! ကိုယ်ပိုင်နေရာလွတ်သည် ပြင်းထန်သော ရိုက်ခတ်မှုတစ်ခုကို ခံနေရပါသည် ]
[ ရိုက်ခတ်မှု၏ ပြင်းအားအရ ၎င်းကို ရက်ပေါင်း ၃၀အထိသာ တောင့်ခံထားနိုင်သည်! ]
အဆိုပါ အသိပေးချက်ကို မြင်လိုက်ရသောအခါတွင် ရှုကျိုး၏ ရင်ခုန်သံများ ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့သည်။
မိကျောင်းသားရဲကြီးက ရူးသွပ်သွားပြီး၊ အထဲတွင် ကြမ်းကြမ်းတမ်းတမ်း သောင်းကျန်းနေသည်ဆိုသည်ကို သူနားလည်နေခဲ့သည်။
“ ဒီကောင်က တကယ်ကြီးကို ကြောက်ဖို့ကောင်းတာပဲ “ ရှုကျိုး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည် “ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ကတောင် အဲ့ဒီရိုက်ချက်တွေကို မခံနိုင်ဘူးလား? “
သို့သော် ၎င်းမှာ အဓိကအချက် မဟုတ်ပေ။
အဓိကအရာကား ကိုယ်ပိုင် ဟင်းလင်းပြင်နေရာလွတ်သည် အများဆုံးအနေဖြင့် ရက်ပေါင်း ၃၀အထိသာ ထိန်းထားနိုင်တော့မည် ဖြစ်သည်။
ရှုကျိုး၏ နှလုံးသား တုန်ရင်သွားခဲ့သည် “ တစ်လအတွင်းမှာ ဒီကောင် ထွက်လာမှာလား? “
သူ၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားခဲ့သည်။
တစ်လအတွင်းမှာ ငါက အဲ့ကောင်ကြီးကို ကိုင်တွယ်နိုင်မှာလား?
လုံးဝ မဖြစ်နိုင်ဘူး !!
ထိုအခိုက်အတန့်တွင် ရှုကျိုးသည် သေခြင်းရှင်ခြင်း အကြပ်အတည်းကို ထပ်မံ၍ ခံစားလိုက်ရပြီး၊ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
“ လောစရာ မလိုဘူး “ ရှုကျိုးသည် စိတ်တည်ငြိမ်သွားစေရန်အတွက် မိမိကိုယ်မိမိ တွန်းအားပေးနေတော့သည် “ နည်းလမ်းရှာဖို့အတွက် တစ်လတောင် ရှိပါသေးတယ်ကွာ “
“ ဒါက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ အတွင်းပိုင်းနယ်မြေလေ၊ ငါက အစွမ်းထက် သိုင်းပညာရှင်တစ်ချို့နဲ့ တွေ့ကောင်းတွေ့နိုင်ပါတယ် “
အဆိုပါ မိကျောင်းသားရဲ၏ ဘယ်နောက်ခြေထောက်မှာ ဖြတ်တောက်ခံထားရသောကြောင့် အစွမ်းထက် သိုင်းပညာရှင် တစ်ဦးနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်နိုင်လေသည်။
ထိုလူသည် သိုင်းပညာ တက္ကသိုလ်မှ ကျောင်းသား(သို့) ကျောင်းသူတစ်ဦး (သို့) ပြင်ပသိုင်းပညာရှင်တစ်ဦး ဖြစ်နေနိုင်သည်။
အကယ်၍ ရှုကျိုးကသာ ထိုလူများကို ရှာတွေ့မည်ဆိုပါက ကိစ္စကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။
သို့ရာတွင် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူမှာ အတော်ကြီးမား ကျယ်ဝန်းလှသောကြောင့် တစ်ခြားလူများကို ရှာဖွေရန်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။
ရှုကျိုး၏ မျက်လုံးများ ဝေဝါးသွားခဲ့သည်၊ တစ်ယောက်ယောက်ကို သွားရှာရမှာလား?
နေရာအနှံ့ကို လျှောက်ပြေးနေရမှာလား?
အကယ်၍ သူကသာ အစွမ်းထက် သားရဲတစ်ကောင်ကောင်၏ ပိုင်နက်ထဲသို့ မတော်တဆ ဝင်မိသွားမည်ဆိုပါက အမှန်တကယ် သေဆုံးသွားရလိမ့်မည် ဖြစ်သည်။
ထို့အပြင် အကယ်၍ သူက တစ်ခြားလူများကို ရှာတွေ့ခဲ့မည်ဆိုလျှင်တောင်မှ ၎င်းက ကောင်းသော အရာတစ်ခု ဖြစ်ချင်မှ ဖြစ်နေမည် ဖြစ်သည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် လုယက်မှုများနှင့် သတ်ဖြတ်မှုများစွာ ဖြစ်ပွားခဲ့သည့် ဥပမာ သာဓကများစွာ ရှိခဲ့ဖူးလေသည်။
“ ဟိုလှိုဏ်ဂူဆီကိုပဲ ပြန်သွားကြတာပေါ့ကွာ “ ရှုကျိုးသည် ပြဿနာရပ်များကို ယခုလက်ရှိအချိန်တွင် တွေးတောမနေတော့ရန် ဆုံးဖြတ်လိုက်သည်။
မိကျောင်းသားရဲကြီးကို ချုပ်နှောင်ထားနိုင်ခဲ့ခြင်းမှာ သူက ၎င်း၏ အသိုက်ကို သိမ်းပိုက်နိုင်မည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
တတိယအဆင့် အထက်က သားရဲကောင်ကြီလား?
မင်းရဲ့ အသိုက်က ငါ့ဟာဖြစ်သွားပြီကွ !!
“ ဝှစ် !! “
ရှုကျိုးသည် အရိပ်ကဲ့သို့ ပြောင်းလဲသွားခဲ့ပြီး၊ လှိုဏ်ဂူဆီသို့ ဦးတည်သွားတော့သည်။
“ ဘုတ် ဘုတ် ဘုတ် “
တစ်ချိန်တည်းမှာပင် ဆေဘာသွား နဂါးသားရဲကြီးသည် သူ့နောက်မှ ပြေးလိုက်လာခဲ့သည်။
…
ခရီးတိုတစ်ခု ဆင်နွှဲခဲ့ပြီး၊ နာရီဝက်မပြည့်ခင် အချိန်မှာပင် ရှုကျိုးသည် ပွင့်ဟနေသော လှိုဏ်ဂူကို ထပ်မံ၍ မြင်တွေ့လာခဲ့ရပြီ ဖြစ်သည်။
“ ဟစ် !! “
ရှုကျိုးသည် ရုတ်တရက် ရပ်တန့်သွားပြီး၊ သူ၏အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
လှိုဏ်ဂူအနီးတစ်ဝိုက်တွင် တစ်ဒါဇင်ကျော်သော အစိမ်းရင့်ရောင် မိကျောင်းသားရဲများသည် ဟိုဟိုဒီဒီ တွားသွားသွားလာနေလျက်ရှိသည်။
ထို့အပြင် ၎င်းတို့အားလုံးမှာ သေးငယ်မနေခဲ့ဘဲ၊ အသေးဆုံး အကောင်ကပင် ၃မီတာရှည်လျားကာ အကြီးဆုံးအကောင်သည် ၅မီတာကျော် ရှည်လျားနေခဲ့သည်။
အဆိုပါ မိကျောင်းသားရဲများသည် သူဖမ်းထားခဲ့သော ဧရာမ မိကျောင်းသားရဲကြီး၏ ဆွေမျိုးများ ဖြစ်နေသည့်ပုံပင်။
ထိုအခိုက်အတန့်တွင် အဆိုပါ မိကျောင်းသားရဲများသည် တစ်စုံတစ်ခုကို ကိုက်ဖြတ်စားသောက်နေပုံရပြီး၊ ပုံသဏ္ဍာန်ကို ကြည့်ရခြင်းဖြင့် ၎င်းတို့သည် လူ့ဦးခေါင်းနှင့် ခြေလက်များ ဖြစ်နေသည့်ပုံပင်။
ရှုကျိုး၏ မျက်လုံးများ အေးစက်သွားတော့သည်၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် အစွမ်းဆုံးသော လူများသာ ရှင်သန်နိုင်ပြီး၊ လူသားများ စားသောက်ခံရခြင်းမှာ ထူးဆန်းသော အရာတစ်ခု မဟုတ်ပေ။
သို့သော် သွေးစွန်းနေသည့် အဆိုပါ မြင်ကွင်းသည် သူ့စိတ်နှလုံးသားထဲရှိ ဒေါသမီးတောက်ကို နှိုးဆွလာခဲ့သည်။
သို့ရာတွင် ရှုကျိုးသည် အလျင်စလို မလှုပ်ရှားခဲ့ပေ။
သူသည် အဆိုပါ မိကျောင်းသားရဲများက အလွန်အစွမ်းထက်ပြီး၊ အထူးသဖြင့် ၅မီတာကျော်ရှည်လျားသော အကောင်ဖြစ်ကာ၊ ၎င်းက နက်ရှိုင်းသော ပင်လယ်တစ်ခုကဲ့သို့ အလွန်ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်တစ်ခု ထုတ်လွှင့်နေသည်ကို အာရုံခံမိနေခဲ့သည်။
ထိုစဥ် အဆိုပါ ၅မီတာကျော် ရှည်လျားသော မိကျောင်းသားရဲသည် အနံ့ခံလာခဲ့ကာ ရှုကျိုးဘက်သို့ ခေါင်းလှည့်လာခဲ့သည်။
“ ဝေါင်း !!! “
ချက်ချင်းဆိုသလိုပင် ၎င်းသည် ရှုကျိုးကို မှတ်မိသွားသကဲ့သို့ ဟိန်းဟောက်လာခဲ့သည်။
ဒီလူမသားရဲ့ အနံ့ကို ငါတို့ တော်တော်ကြီး ရင်းနှီးနေတယ် !!
အရင်က ကျူးကျော်သူပဲ !!
ချက်ချင်းဆိုသလိုပင် မိကျောင်းသားရဲအားလုံးသည် ရှုကျိုးဆီသို့ ချီတက်လာကြသည်။
“ မင်းတို့ကောင်တွေက ခွေးမိသားစုဝင်တွေလား? “
ရှုကျိုးသည် စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲနေတော့သည်၊ အဲ့ကောင်တွေရဲ့ နှာခေါင်းတွေက တော်တော်ကြီးကို အနံ့ခံကောင်းတာပဲ၊ သူသည် လှိုဏ်ဂူနှင့် အနည်းဆုံး မီတာ ၁၀၀အကွာတွင် ရှိနေခြင်းဖြစ်သော်လည်း နေရာအဖော်ခံလိုက်ရသေးသည်။
ယခုတွင် သူသည် ဧရာမ မိကျောင်းသားရဲကြီးက သူ၏အနံ့ကို ခံခဲ့သောကြောင့် သူ့အား မြန်မြန်ဆန်ဆန် ရှာတွေ့ခဲ့ခြင်းဖြစ်သည်ဆိုသည်ကို နားလည်သွားခဲ့သည်။
သို့ရာတွင် ရှုကျိုးသည် ဤတစ်ကြိမ်တွင် မပြေးတော့ပေ။
“ အစွမ်းဆုံးကောင်က ပထမအဆင့် အဆင့် ၄လောက်ရှိတယ်၊ ကျန်တဲ့ကောင်တွေက ပထမအဆင့် အဆင့် ၂တွေပဲ၊ တိုက်ခိုက်လို့ရတဲ့ တိုက်ပွဲတစ်ခုပဲ “ ရှုကျိုးမှ ဆင်ခြင်တွေးတောနေတော့သည်။
“ သတ် !!! “ သူသည် ကြုံးဝါး၍ သူ၏ ဆေဘာရှည်ကို ဆွဲထုတ်လိုက်သည်။
လူတစ်ဦးနှင့် ဆေဘာတစ်လက်သည် မိကျောင်းသားရဲအုပ်ထဲသို့ ပြေးတက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ဆေဘာသွား နဂါးသားရဲကြီးမှာလည်း ကောင်းကင်ပြင်ကို ဟိန်းဟောက်လိုက်ပြီး၊ ၎င်း၏ သစ်ငုတ်တိုများကဲ့သို့ ထူထဲသော ခြေထောက်များကို လှုပ်ရှားလာခဲ့ကာ အစွမ်းဆုံး ပထမအဆင့် အဆင့်၄ မိကျောင်းသားရဲဆီသို့ ဦးတည်သွားတော့သည်။
“ ဘမ်းးး !! “
နှစ်ဘက်စလုံးသည် ချက်ချင်း တိုက်ခိုက်နေကြတော့သည်။
ဆေဘာသွား နဂါးသားရဲကြီးသည် ၎င်း၏တောင်ပံများကို ဖြန့်လိုက်သည်၊ အမွှေးတစ်ခုချင်းစီတိုင်းသည် ချွန်ထက်နေသော သံပြားတစ်ခုကဲ့သို့ ဖြစ်နေလျက်ရှိပြီး၊ မိကျောင်းသားရဲကို အားပါပါဖြင့် ကြမ်းကြမ်းတမ်းတမ်း ရိုက်ချလိုက်သည်။
“ ဝုန်းးးး !! “
ပထမအဆင့် အဆင့် ၄ မိကျောင်းသားရဲသည် ရိုက်ချက်ကို တောင့်ခံနိုင်ခဲ့သည်၊ သို့သော် ၎င်း၏ မာကျောသော အရေပြား ကွဲအက်သွားသောကြောင့် ဒေါသပိုကြီးသွားကာ ဒေါကြီးမောကြီးဖြင့် ဟိန်းဟောက်လာခဲ့သည်။
၎င်းသည် ပထမအဆင့် အဆင့် ၁သားရဲတစ်ကောင်မျှသာ ဖြစ်သော်လည်း မိကျောင်းသားရဲကြီးကို ဒဏ်ရာရသွားအောင် ပြုလုပ်နိုင်ခဲ့သည်။
“ ဝှစ် “
မိကျောင်းသားရဲကြီးသည် ၎င်း၏အမြှီးကို ဆေဘာသွား နဂါးသားရဲ၏ မျက်လုံးများဆီသို့ လွှဲယမ်းရိုက်ချလာခဲ့သည်၊ ၎င်း၏ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် လေထုကိုပင် ဖိနှိပ်၍ အလွန်ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
“ ခွမ်း !! “
ဆေဘာသွား နဂါးသားရဲကြီးသည် ၎င်း၏ တောင်ပံများကို ဒိုင်းကားတစ်ခုကဲ့သို့ ပေါင်းစည်းလိုက်ပြီး ပြန်၍ခုခံလိုက်ရာ အားနှစ်ခု ထိတွေ့သွားသည့် အသံတစ်သံ ထွက်ပေါ်လာတော့လေသည်။
ပထမအဆင့် အဆင့် ၄သားရဲ ဖြစ်နေတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ တစ်ချက်တည်းနဲ့ ငါ့ကောင်ကြီးကို အမှောက်သိပ်နိုင်လုနီးပါးပဲ။
“ ဝေါင်း !! “ ဆေဘာသွား နဂါးသားရဲမှ ဟိန်းဟောက်လာခဲ့ပြီး မိကျောင်းသားရဲကြီးကို ကိုက်ရန်အတွက် ၎င်း၏ သွေးစွန်းနေသော ပါးစပ်ကို ဖွင့်လိုက်သည်။
နှစ်ဖက်စလုံးသည် အပြင်းအထန် တိုက်ပွဲဆင်နွှဲနေလျက်ရှိသည်။
၎င်းသည် ရှေးဦသားရဲ နှစ်ကောင်၏ ကြမ်းတမ်းသော တိုက်ပွဲတစ်ခုဖြစ်ပြီး၊ တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်းသည် အားပါလျက်ရှိကာ သွေးထွက်သံယို ဖြစ်သွားစေခဲ့သည်။
တစ်ဖက်ရှိ ရှုကျိုး၏ မူကိုယ်မှာလည်း ပြင်းထန်သော တိုက်ပွဲတစ်ပွဲကို ဆင်နွှဲနေလျက်ရှိသည်။
“ ဝီဝီဝီ !! “
တလက်လက် တောက်ပနေသော ဓားအလင်းတန်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။
တောင်ဖြိုခွဲ ဆေဘာသိုင်း၏ တတိယအဆင့် !!
ရှုကျိုးသည် ဓားအလင်းတန်း မြစ်တစ်သွယ် ပြောင်းလဲသွားပြီး၊ မိကျောင်းသားရဲအုပ်ကို ခုတ်ပိုင်းနေတော့သည်။
“ ဝုန်းးး ဝုန်းးးးးးးး ဝုန်းးးး !! “
အံ့ဖွယ်ကောင်းသည့် ထိတွေ့မှုများ အဆက်မပြတ် ပေါ်နေခဲ့ပြီး၊ ရှုကျိုးသည် မိကျောင်းသားရဲ တစ်ဒါဇင်ဖြင့် တိုက်ခိုက်နေလျက်ရှိသည်။
အဆိုပါ မိကျောင်းသားရဲများသည် အဆင့်သုည ဗီဇပြောင်းသားရဲများ မဟုတ်ပေ။
အများစုသည် ပထမအဆင့် အဆင့် ၂ ဖြစ်ပြီး၊ အနည်းငယ်သည် ပထမအဆင့် အဆင့် ၃ဖြစ်နေခဲ့ကာ ၎င်းတို့အား ကိုင်တွယ်ရ ခက်ခဲစေလျက်ရှိသည်။
ပထမအဆင့် သိုင်းပညာရှင်တစ်ဦးကပင် ဤကဲ့သို့သော တိုက်ပွဲတစ်ခုကို တောင့်ခံနိုင်ရန် ခဲယဥ်းနေလိမ့်မည် ဖြစ်သည်။
“ ဝှစ် !! “
ရှုကျိုးသည် ထိပ်တိုက်ရင်ဆိုင်၍ မရဘူးဆိုသည်ကို သိနေခဲ့သည်၊ တိမ်ခြေလှမ်း၏ ပထမအဆင့် အထွတ်အထိပ် စွမ်းအား အသက်ဝင်လာခဲ့ကာ သူ၏ခြေလှမ်းများ မြန်ဆန်သွားပြီး၊ သူ၏ပုံရိပ်သည် အဆက်မပြတ် ခုတ်ပိုင်းနေတော့သည်။
“ ရွှပ် “
ပထမအဆင့် အဆင့် ၃သားရဲကောင်သည် သူ့ကို လိုက်မှီလာခဲ့ပြီး၊ လက်သည်းဖြင့် ကုတ်ချလာခဲ့ရာ ရှုကျိုး၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု ကျန်နေခဲ့ပြီး သွေးများစီးကျလာခဲ့သည်။
“ ငါ့ရဲ့ ခြေလှမ်းသိုင်းက တော်တော်ကြီးကို အားနည်းနေသေးတယ်၊ အဆင့်ထိုးဖောက်မှ ဖြစ်မယ် “ ရှုကျိုးမှ တွေးတော စဥ်းစားနေတော့သည်၊ သူ၏ ခြေလှမ်းနည်းစနစ်သည် ပထမအဆင့်တွင်သာ ရှိနေပြီး၊ ၎င်းမှာ ဤတိုက်ပွဲအတွက် လုံလောက်မနေခဲ့ပေ။
သူသည် ရှောင်ရှားနေရင်းဖြင့် တစ်ချိန်တည်းမှာပင် တောင်ဖြိုခွဲ ဆေဘာသိုင်းကို အရူးအမူး ထုတ်ဖော်နေလျက်ရှိသည်။
ချီ-သွေးများ ဆူပွက်လာပြီး၊ အစွမ်းထက် ချီ-သွေး စွမ်းအင်လှိုင်းများ ပေါ်ထွက်လာခဲ့ကာ အရာအားလုံးကို လှုပ်ရမ်းသွားစေခဲ့သည်။
ထိုအချိန်တွင် ရှုကျိုးသည် သားသတ်သမား တစ်ဦးကဲ့သို့ ပြောင်းလဲသွားခဲ့ပြီး၊ ဓားကို လွှဲလေလေ ၎င်းပေါ်ရှိ သွေးများ ပို၍ များလာလေလေပင် ဖြစ်သည်။
“ ဝုန်းး “
“ ဘမ်းးး “
“ ဝေါင်းးး “
အံ့ဖွယ်ကောင်းသည် ထိတွေ့မှု အသံများ ထွက်ပေါ်လာခဲ့ပြီး၊ ၎င်းအား သားရဲအုပ်၏ ဟိန်းဟောက်သံများက အဖော်ပြုပေးနေခဲ့သည်။
အသက်ရှူရန်ပင် အချိန်မရှိချေ။
၁၀မိနစ်၊ မိနစ် ၂၀ ….
နာရီဝက် ကုန်ဆုံးသွားခဲ့သည်။
ရှုကျိုးသည် သွေးထွက်သံယို ဖြစ်နေလျက်ရှိကာ အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။
သူသည် သူ၏ တောင်ဖြိုခွဲ ဆေဘာသိုင်းနှင့် တိမ်ခြေလှမ်းသိုင်းတို့ကို အကန့်အသတ်သို့ ရောက်ရှိသွားအောင် တွန်းပို့နေခဲ့သည်။
“ သတ် !! “ ရှုကျိုးသည် မောပန်းကာ ပြိုလဲလုနီးပါး ဖြစ်သွားသောကြောင့် ကျယ်လောင်စွာ ကြုံးဝါးလာခဲ့သည်။
“ နောက်မဆုတ်ဘူး “ သွေးများဖြင့် ဖုံးလွှမ်းနေသော ရှုကျိုးထံတွင် စိတ်ပိုင်းဖြတ်ထားသော မျက်လုံးများ ရှိနေခဲ့သည် “ တိုက်မယ် !! “
ခွမ်း !!
ထိုအခိုက်အတန့်တွင် အချုပ်အနှောင်နှစ်ခုသည် တစ်ပြိုင်နက် ကျိုးပျက်သွားခဲ့သည့်ပုံပင်။
“ ဝုန်းးးး ! “
ရှုကျိုး၏ အရှိန်အဝါသည် ရုတ်တရက် မြင့်တက်လာခဲ့သည်၊ ထို့နောက်တွင် သူ၏ ပုံရိပ်သည် အရိပ်တစ်ခုကဲ့သို့ ပျောက်ကွယ်သွားခဲ့ပြီး၊ သဲသဲကွဲကွဲ မမြင်နိုင်လောက်သည်အထိ အလွန်မြန်ဆန်စွာ ရွေ့လျားလာခဲ့သည်။
ထို့နောက် မကြာခင်မှာပင် အလွန်ကြီးစိုးသော ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
အကယ်၍ တစ်စုံတစ်ဦးသာ ဤနေရာတွင် ရှိနေခဲ့မည်ဆိုပါက အလွန်အမင်း အံ့ဩတုန်လှုပ်သွားကြမည် ဖြစ်သည်။
တောင်ဖြိုခွဲ ဆေဘာသိုင်းသည် တတိယအဆင့် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
တိမ်ခြေလှမ်းသိုင်း၏ ဒုတိယအဆင့် !!
ထိုအခိုက်အတန့်တွင် သိုင်းပညာနှစ်ခုလုံး တစ်ပြိုင်နက် အဆင့်တက်သွားခဲ့သည်။
ရုတ်တရက်ဆိုသလိုပင် ဓား၏ စွမ်းအားသည် မြင့်တက်လာသော နေမင်းကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း ထွက်ပေါ်လာခဲ့ပြီး စွမ်းအားများ မြင့်တက်သွားခဲ့သည်။
“ ဝုန်းးးး !! “
ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခု ဆင်းသက်လာခဲ့ကာ တိုက်ပွဲကွင်းပြင်ကို ရှင်းလင်းလာခဲ့ပြီး၊ ပထမအဆင့် အဆင့် ၂ မိကျောင်းသားရဲများကို ချက်ချင်း သတ်ဖြတ်သွားခဲ့သည်။
ကျန်ရှိနေသော အကောင်များမှာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားခဲ့ပြီ ဖြစ်သည်။
ဓားတစ်ချက်ဖြင့် တိုက်ပွဲကွင်းပြင်ကို ရှင်းလင်းခြင်း !!!
………………………………………………………………………………………………………….
အပိုင်း ( 62 )
ချိုးငှက်မှ သစ်တောက်ငှက်၏ အသိုက်ကို သိမ်းဆည်းခြင်း !!!
တောင်ဖြိုခွဲ ဆေဘာနည်းပညာစနစ်သည် ချောင်ရုံ တီထွင်ဖန်တီးထားသည့် ကျင့်ကြံရေး နည်းစနစ်တစ်ခု ဖြစ်သည်။
ချောင်ရုံထံတွင် ထိုနယ်ပယ်အတွက် မြင့်မားသော အရည်အသွေးများ ရှိနေသည်ကို ငြင်းပယ်စရာ မရှိပေ။
တောင်ဖြိုခွဲ ဆေဘာသိုင်း၏ ဒုတိယအဆင့် ပြီးပြည့်စုံခြင်း၏ စွမ်းအားသည် တစ်ခြားသော တိုက်ခိုက်ရေး သိုင်းများ၏ တတိယအဆင့်စွမ်းအားဖြင့်ပင် ယှဥ်နေနိုင်ခဲ့သည်။
၎င်းက တတိယအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားသောအခါတွင် ၎င်း၏ အစွမ်းမှာ သိသိသာသာ တိုးလာခဲ့ပြီ ဖြစ်သည်။
တိုက်ခိုက်မှုတစ်ခုသည် ပထမအဆင့် အစောပိုင်း သိုင်းပညာရှင်တစ်ဦးသည် အင်အားပြည့် တိုက်ခိုက်မှုတစ်ခုနှင့် တူညီလုနီးပါး ဖြစ်နေခဲ့သည်။
ဤအခိုက်အတန့်တွင် ရှုကျိုး၏ အဆင့် ထိုးဖောက်မှုများနှင့်အတူ သူ၏ အစွမ်းမှာလည်း မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။
“ ရွှစ် !! “
ရှုကျိုးမှ သူ၏ဆေဘာကို လွှဲရမ်းလိုက်ရာ သွေးနီရောင် ဆေဘာအလင်းတန်းသည် ပထမအဆင့် အဆင့် ၂ မိကျောင်းသားရဲတစ်ကောင်ကို အလွယ်တကူ ထိုးဖောက်သွားခဲ့သည်။
လက်ရှိ ရှုကျိုးအတွက် ပထမအဆင့် အဆင့်၂ သားရဲများကို ကိုင်တွယ်ရခြင်းမှာ တစ်ဖက်သတ် သတ်ဖြတ်ပွဲတစ်ခုသာလျှင် ဖြစ်သည်။
ပထမအဆင့် အဆင့် ၃ သားရဲအတွက်ကား …..
အနည်းငယ် ခက်သော်လည်း တိုက်ခိုက်မှု အနည်းငယ်ကိုသာ လိုအပ်မည် ဖြစ်သည်။
ဤနည်းလမ်းဖြင့် ရှုကျိုးသည် သူဆေဘာကို ဆက်လက်၍ လွှဲရမ်းကာ မိကျောင်းသားရဲအားလုံးကို လျင်မြန်စွာ သတ်ဖြတ်နေတော့သည်။
“ တစ်ကောင်ပဲ ကျန်တော့တယ် “
ရှုကျိုးသည် တိုက်ပွဲမြေပြင်နှင့် သိပ်မဝေးသော နေရာတစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုအချိန်တွင် ပထမအဆင့် အဆင့် ၄ မိကျောင်းသားရဲသည် ဆေဘာသွား နဂါးသားရဲနှင့် တိုက်ခိုက်နေစဲပင် ဖြစ်သည်။
သွေးထွက်သံယို တိုက်ပွဲတစ်ခုကို နာရီဝက်ကြာ ဆင်နွှဲခဲ့ပြီးသည့်နောက်၌ ဆေဘာသွား နဂါးသားရဲထံတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့ပြီဖြစ်ပြီး၊ ဆက်တိုက် ဟိန်းဟောက်၍ နောက်ဆုတ်နေရကာ လုံးဝ ဖိနှိပ်ခံနေခဲ့ရသည်။
“ တော်တော်ကို စွမ်းတာပဲ “ ရှုကျိုး၏ အကြည့်များ လေးနက်သွားခဲ့သည်။
ပထမအဆင့် အဆင့် ၁-၃အထိသည် ပထမအဆင့် အစောပိုင်း သိုင်းပညာရှင်တစ်ဦးနှင့် ညီမျှသည်။
အဆင့် ၄-၆အထိသည် ပထမအဆင့် အလယ်အဆင့်နှင့် ညီမျှသည်။
အဆင့် ၇-၁၀အထိသည် ပထမအဆင့် နှောင်းပိုင်း အဆင့်နှင့် ညီမျှသည်။
အဆင့် သုံးဆင့်တိုင်းသည် အချိုးအကွေ့တစ်ခု ဖြစ်သည်။
ပထမအဆင့် အဆင့် ၄ မိကျောင်းသားရဲသည် ပထမအဆင့် အလယ်အဆင့် သိုင်းပညာရှင်တစ်ဦးနှင့် ညီမျှနေခဲ့ပြီဖြစ်သည်။
ဆေဘာသွား နဂါးသားရဲသည် ပထမအဆင့် အဆင့် ၁သားရဲတစ်ကောင်သာ ဖြစ်သောကြောင့် ၎င်းနှင့် မည်သို့မျှ ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့ရာတွင် ကံကောင်းထောက်မစွာဖြင့် ဆေဘာသွား နဂါးထံတွင် ကိုက်ဖြတ်ဆုတ်ဖြဲခြင်း စွမ်းရည်ရှိနေခဲ့ပြီး၊ ၎င်းသည် ကိုက်ဖြတ်ခြင်း အကျိုးသက်ရောက်မှုကို 150%အထိ တိုးမြင့်သွားစေခဲ့သည်။
ထိုအချိန်၌ အဆင့် ၄ မိကျောင်းသားရဲထံတွင်လည်း ဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်ပြီး၊ ၎င်း၏ အရေပြား ဆုတ်ပြဲကာ အသားများ ပွင့်ထွက်နေလျက်ရှိသည်။
“ ဝှစ် !! “
ရှုကျိုးသည် တိမ်ခြေလှမ်း၏ ဒုတိယအဆင့်ကို အသက်သွင်းလိုက်ပြီး၊ အရိပ်တစ်ခုကဲ့သို့ ထိုနေရာသို့ ဦးတည်သွားတော့သည်။
“ သေ !!! “
ဆေဘာကိုင်ထားသော ရှုကျိုး၏ မျက်လုံးများ အေးစက်နေခဲ့ပြီး၊ ပင်လယ်ပြင်ကဲ့သို့ ကျယ်ပြန့်လှသော အရှိန်အဟုန်မျိုးဖြင့် ၅မီတာကျော် ရှည်လျားသည့် မိကျောင်းသားရဲကြီးကို ခုတ်ချ၍ တိုက်ခိုက်လိုက်သည်။
၎င်းသည် ဒေါသတကြီး ဟိန်းဟောက်လာခဲ့ပြီး၊ လက်သည်းဖြင့် ကုတ်ဆွဲလာခဲ့သည်။
၎င်းသည် ရှုကျိုးက သူ၏ အမျိုးများအား သတ်ဖြတ်ခဲ့သည်ကို မြင်တွေ့ထားခဲ့ပြီးပြီ ဖြစ်သောကြောင့် ဒေါသထွက်နေခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် ရှုကျိုး၏ ဆေဘာနည်းစနစ် ဆင်းသက်လာသည့် အချိန်တွင် ၎င်း၏ ကြီးမားသော မျက်လုံးကြီးများ ရုတ်တရုတ် ကျဥ်းမြောင်းသွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်သည့် သွေးနီရောင် ဆေဘာအလင်းတန်းသည် မြန်ဆန်သော အမြန်နှုန်းဖြင့် ခုတ်ချလာခဲ့ပြီး၊ ကြီးမားသော အဖျက်အစီး စွမ်းအင်များကို သယ်ဆောင်၍ မိကျောင်းသားရဲ၏ လည်ပင်းဆီသို့ ဦးတည်သွားတော့သည်။
“ ဝုန်းးး !! “
ဆေဘာရှည်ကြီးသည် မိကျောင်း၏ လည်ပင်းထဲသို့ ဖောက်ဝင်သွားပြီး၊ အလယ်ဗဟိုတည့်တည့်တွင် ရပ်တန့်သွားခဲ့သည်။
မိကျောင်း၏ ခန္ဓာကိုယ်သည် အနည်းငယ် တင်းကြပ် တောင့်တင်းသွားခဲ့သည်။
၎င်း၏ စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းနေသည်ကို မငြင်းပယ်နိုင်ချေ၊ ရှုကျိုး၏ အင်ပြည့်အားပြည့် တိုက်ခိုက်မှုဖြင့် ၎င်း၏ ခံစစ်ကို အပြည့်အဝ မချိုးဖျက်နိုင်ခဲ့ပေ။
သို့သော် ကံကောင်းသည်မှာ …..
ဤနေရာတွင် ရှုကျိုး တစ်ယောက်တည်းသာလျှင် ရှိနေခဲ့ခြင်း မဟုတ်ပေ။
အနောက်တွင် ရှိနေသော ဆေဘာသွား နဂါးသားရဲကြီးသည် ခုန်တက်လာခဲ့ပြီး တောင်ပံများကို ဖြန့်ကာ ကြီးမားသော ထရပ်ကားတစ်စီးကဲ့သို့ မိကျောင်းသားရဲကို ဝင်တိုက်လာခဲ့သည်။
“ ဘမ်း !! “
ကြီးမားသော ကိုယ်ထည်ကြီး တိုက်ချခံလိုက်ရပြီး၊ မိကျောင်းသားရဲကြီးသည် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ရွေ့လျားသွားခဲ့ရသည်။
“ ဗွီ !! “
ဆေဘာရှည် ပြုတ်ကျသွားခဲ့သည်။
ရှုကျိုးမှ မြန်ဆန်စွာ လှုပ်ရှားလိုက်ရာ ကြီးမားသော မိကျောင်းခေါင်းကြီးသည် လေထုထဲသို့ ပျံတက်သွားခဲ့သည်။
၅မီတာကျော် ရှည်လျားသော မိကျောင်းသားရဲကြီး၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲပြိုသွားခဲ့ပြီး၊ ပြတ်သွားသော လည်ပင်းမှတစ်ဆင့် သွေးများ ဒလဟော စီးကျလာခဲ့သည်။
“ ဟူးးး “ ရှုကျိုးသည် အသက်ကို အမောတကော ရှူရှိုက်ကာ ကြီးမားသော အလောင်းကြီးကို ကြည့်နေတော့သည်။
သူ၏အကြည့်သည် အလောင်းများဖြင့် ပြည့်နှက်နေသည့် ဂူပတ်ဝန်းကျင်ဆီသို့ ရောက်ရှိသွားခဲ့သည်။
“ နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ “
ရှုကျိုးသည် မောပန်းနွမ်းနယ်နေပြီဖြစ်သည်၊ သို့သော် သူ၏မျက်လုံးများသည် တလက်လက် တောက်ပနေလျက်ရှိသည်။
တိုက်ပွဲအတွင်းတွင် သူသည် ပထမအဆင့် အဆင့်၂ သားရဲ တစ်ဒါဇင်ကျော်၊ ပထမအဆင့် အဆင့် ၃ သားရဲများစွာနှင့် ပထမအဆင့် အဆင့် ၄သားရဲတစ်ကောင်တို့ကို သတ်ဖြတ်ခဲ့သည်။
တိုက်ပွဲသည် အလွန် ကြမ်းတမ်းပြင်းထန်နေခဲ့သည်။
သူနှင့် ဆေဘာသွား နဂါးသားရဲ နှစ်ဦးစလုံးသည် ပြင်းထန်သော ဒဏ်ရာများ ရရှိနေခဲ့ပြီ ဖြစ်သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် ရိတ်သိမ်းမှုမှာ ကြီးမားနေခဲ့သည်။
ပထမဦးဆုံးအနေဖြင့် သူ၏ ဆေဘာသိုင်းနှင့် တိမ်ခြေလှမ်းသိုင်းနှစ်ခုစလုံး အဆင့်တက်သွားခဲ့ပြီ ဖြစ်သည်။
အထူးသဖြင့် တောင်ဖြိုခွဲ ဆေဘာသိုင်းဖြစ်ပြီး၊ ၎င်းသည် တတိယအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားခဲ့သည်။ ၎င်းမှာ သူက ပထမအဆင့် အဆင့်၄သားရဲ(သို့) လူသားသိုင်းပညာရှင်တို့ကို ကိုင်တွယ်နိုင်တော့မည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။
သို့ရာတွင် ၎င်းတို့မှာ အဓိက အရာ မဟုတ်သေးပေ။
ပို၍ အရေးကြီးသည်မှာ အဆိုပါ ဗီဇပြောင်းသားရဲတို့၏ အလောင်းများသည် ဆေဘာသွား နဂါးသားရဲကြီးအတွက် အာဟာရဓာတ်များ ဖြစ်လာတော့မည် ဖြစ်သည်။
၎င်းတို့သည် ဆေဘာသွား နဂါးကြီးကို အဆင့်ပေါင်းများစွာ တိုးတက်သွားအောင် ပံ့ပိုးကူညီပေးလာမည် ဖြစ်သည်။
“ အခုတော့ ဒီနေရာက ငါ့ရဲ့ ပိုင်နက်ပဲ “ ရှုကျိုးသည် လှိုဏ်ဂူကြီးကို ကြည့်ကာ ဖြည်းညှင်းစွာ အသက်ရှူနေတော့သည်။
၎င်းမှာ အရေးအကြီးဆုံးသော အရာဖြစ်သည်။
ယခုတွင် သူသည် ထိုလှိုဏ်ဂူ၏ အတွင်းပိုင်းထဲသို့ ဝင်နိုင်တော့မည် ဖြစ်သည်။
အကယ်၍ သူကသာ မဆင်မခြင် လှည့်ပတ်သွားလာနေမည်ဆိုပါက သေဆုံးသွားရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ယခုတွင်ကား အကာအကွယ်အဖြစ် လှိုဏ်ဂူတစ်လုံး ရရှိလာခဲ့ပြီဖြစ်ပြီး၊ မိကျောင်းသားရဲ ခေါင်းဆောင်ကြီး၏ ပိုင်နက်ဖြစ်နေခြင်းကို ထပ်မံ၍ ပေါင်းထည့်လိုက်မည်ဆိုပါက သာမန်ဗီဇပြောင်းသားရဲများသည် ဤအနီးတစ်ဝိုက်သို့ မဆင်မခြင် ချဥ်းကပ်လာကြလိမ့်မည် မဟုတ်ပေ။
ရှုကျိုး၏ လုံခြုံဘေးကင်းရေးမှာ စိတ်ချနေခဲ့ရပြီ ဖြစ်သည်။
“ ဒါပင်မဲ့ တစ်လကြာပြီးသွားနောက်မှာ …… “ အဓိက ပြဿနာကြီးတစ်ခုကို မဖြေရှင်းရသေးသောကြောင့် ရှုကျိုး၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ တည်ရှိနေစဲဖြစ်သည်။
မိကျောင်းသားရဲ ခေါင်းဆောင် !!
ယခုလေးတင် အဆိုပါ မိကျောင်းသားရဲများက လူသားတို့၏ ခြေလက်များကို ကိုက်စားနေခဲ့ခြင်းဖြစ်ပြီး၊ သူသည် ၎င်းက သိုင်းပညာ တက္ကသိုလ် တစ်ခုခုမှ ကျောင်းသူကျောင်းသား (သို့) ပြင်ပသိုင်းပညာရှင်များ ဖြစ်နေလိမ့်မည် သံသယဝင်နေခဲ့သည်။
“ သိုင်းပညာ တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေကတောင် မိကျောင်းခေါင်းဆောင်ကြီးကို မယှဥ်နိုင်ဘူးလားဟ? “
ပိုတွေးလေလေ ပို၍ စိုးရိမ်ပူပန်နေရလေလေပင် ဖြစ်သည်။
“ ဗြွီ !! “
ထိုအချိန်တွင် ရှုကျိုး၏ လက်ပတ် တုန်ခါလာခဲ့သည်။
သူ၏ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့ပြီး၊ ၎င်းကို ဖွင့်ကြည့်လိုက်ရာ အလင်းတန်း မျက်နှာပြင်တစ်ခု စုစည်း ပေါ်ပေါက်လာခဲ့သည်။
အထက်တန်းကျောင်း သတ်ဖြတ်သူစာရင်း !!
[ ပထမနေရာ : ရှုကျိုး : ပထမအဆင့် အဆင့် ၄ ဗီဇပြောင်းသားရဲ တစ်ကောင်၊ ပထမအဆင့် အဆင့် ၃ ဗီဇပြောင်းသားရဲ လေးကောင်၊ ပထမအဆင့် အဆင့် ၂ ဗီဇပြောင်းသားရဲ သုံးဆယ့်သုံးကောင်၊ အဆင့်သုည ဗီဇပြောင်းသားရဲ နှစ်ဆယ့်ငါးကောင် သတ်ဖြတ်ခဲ့သည် ]
“ ပထမအဆင့် ထပ်ဖြစ်သွားတာလား? “ ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
အမှန်တိုင်းပြောရမည်ဆိုပါက ယမန်နေ့ညက ဆေဘာသွား နဂါးသားရဲကို လွှတ်ပေး၍ ပထမအဆင့် သားရဲများကို သတ်ဖြတ်ခဲ့သည့် အချိန်ကတည်းက သူသည် အဆင့်ဇယား၏ ထိပ်ဆုံးသို့ ပြန်လည်တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင် ရှုကျိုးထံ၌ အဆင့်ဇယားကို အာရုံစိုက်နေရန် အချိန်မရှိပေ။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်း နယ်မြေထဲသို့ ရောက်ရှိလာခဲ့သည့် အချိန်ကတည်းက သူသည် သေရေးရှင်ရေး အန္တရာယ်များနှင့် အဆက်မပြတ် ရင်ဆိုင်နေခဲ့ရသောကြောင့် အဆင့်ဇယားကို များစွာ အာရုံစိုက် မနေတော့ပေ။
ဤနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်ခြင်းသည်ကသာလျှင် အရေးအကြီးဆုံးသော အရာဖြစ်သည်။
…
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အပြင်ပိုင်းနယ်မြေ
ကုန်းမြင့်ဒေသ အပြင်ဘက်တွင်
“ ဝုန်း !! “ ကျန်းလန်သည် သူမ၏ လှံရှည်ဖြင့် ဗီဇပြောင်းသားရဲ တစ်ကောင်၏ ရင်ဘတ်ကို ထိုးစိုက်လိုက်သည်။
တစ်နေ့လုံး သတ်ဖြတ်လာခဲ့ပြီးသည့်နောက်၌ သူမ၏ အဖြူရောင် ချပ်ဝတ်ဆန်ဆာသည် သွေးများဖြင့် စွန်းထင်းနေခဲ့ပြီ ဖြစ်သည်။
၎င်းသည် သူမအား တိုက်ပွဲ နတ်ဘုရားမတစ်ပါးကဲ့သို့ ပို၍ အေးစက်၊ လှပသွားစေခဲ့ကာ တောက်ပ၍ ကြောက်ဖွယ်ကောင်းသော ခံစားချက်တစ်ခုကို ပေးစွမ်းနေလျက်ရှိသည်။
“ ဗြွီ !! “
ထိုအခိုက်အတန့်တွင် သူမ၏လက်ပတ် တုန်ခါလာခဲ့သည်။
ကျန်းလန်မှ ၎င်းကို ဖွင့်ကြည့်လိုက်ရာ သူမ၏ ရင်သပ်ရှုမောဖွယ်ကောင်းသော မျက်နှာလေးပေါ်တွင် မကျေမနပ် ဖြစ်နေသည့် အရိပ်အငွေ့များ ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။
“ ဒီလူ၊ ဘယ်လိုလုပ်ပြီးတော့ ပထမ ထပ်ဖြစ်သွားရပြန်တာလဲ? “
ဇယားထိပ်ရှိ ရင်းနှီးနေသော အမည်တစ်ခုကို မြင်လိုက်ရသောအခါတွင် သူမသည် မအောင့်ထားနိုင်တော့ဘဲ အံကြိတ်နေရတော့သည်။
ဤရက်အတွင်းတွင် သူမသည် အမှီလိုက်နိုင်ရန်အတွက် အသည်းအသန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်၊ သို့သော် ပထမနေရာသို့ သူမ ရောက်သွားတော့မည့် အချိန်တွင် ရှုကျိုးသည် ပထမအဆင့် သားရဲ တစ်ဒါဇင်ကျော်ကို ရုတ်တရက် သတ်ဖြတ်လာခဲ့သည်။
သူမအား ဒုတိယနေရာဆီသို့သာ ပို့ဆောင်၍ ဖိနှိပ်လာခဲ့သည်။
၎င်းမှာ နှစ်ကြိမ်တိတိ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကျန်းလန်သည် ရှုကျိုးက ပထမအဆင့် သားရဲ အမြောက်အများနှင့် မည်သည့်နေရာတွင် တွေ့ဆုံနေလဲဆိုသည်ကို စဥ်းစား၍ မရဖြစ်နေခဲ့သည်။
အပြင်ပိုင်း နယ်မြေတွင် ပထမအဆင့် သားရဲ မပေါများလှသော်လည်း၊ တစ်ရက်နှင့် တစ်ည သတ်ဖြတ်ခဲ့ပြီးသည့်နောက်တွင် သူမသည် ၁၀ကောင်နီးပါး သတ်ခဲ့ပြီးပြီ ဖြစ်သည်။
သို့ရာတွင် ရှုကျိုးကမူ အကောင် ၃၀ကျော်အထိ သတ်ခဲ့ပြီးပြီ ဖြစ်သည်။
မလှမ်းမကမ်းရှိ ကျောက်ဟုန်ရင်မှာလည်း ကူရာကယ်မဲ့နေသော အမူအရာဖြင့် လမ်းလျှောက်လာခဲ့သည် “ အဲ့လူရဲ့ ကံတရားက တကယ်ကို တော်တော်ကြီး ကောင်းနေခဲ့တာပဲ “
“ ပြီးတော့ သူ့ရဲ့ အသင်းဖော်က တော်တော်လေးစွမ်းတယ်၊ ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်း အဆင့်ကိုတောင် ရောက်နေလောက်တယ် “
“ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ပထမအဆင့် အဆင့် ၄သားရဲကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး “
၎င်းကိုကြားလိုက်ရသောအခါတွင် ကျန်းလန် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ ငါ နည်းနည်းတော့ သိချင်မိလာပြီ၊ အဲ့ဒီရလဒ်တွေက သူ့ရဲ့ အသင်းဖော်က ကူညီပေးခဲ့လို့ ရခဲ့တာတွေလား? သတ်ဖြတ်မှုတွေကို ဘာလို့ သူ့ကိုပဲ ပေးလိုက်ရတာလဲ? “
“ ရှုကျိုးက အကျိုးအမြတ် အများကြီး ပေးထားခဲ့လို့လား? “
ကျောက်ဟုန်ရင်မှ ပြုံးပြလာခဲ့သည် “ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ပထမအဆင့် အဆင့် ၄ သားရဲကောင်ကို ရှုကျိုးက ဘယ်လိုလုပ်ပြီးတော့ သတ်နိုင်မှာလဲ? “
ကျန်းလန်သည် ဘာမှ မပြောလာခဲ့သော်လည်း ရှုကျိုးထံတွင် ထိုကဲ့သို့သော စွမ်းရည်မျိုး ရှိနေလိမ့်မည်ဟု သူမ မယုံကြည်ပေ။
သို့သော် မိန်းမသားတစ်ဦး၏ ပင်ကိုယ်သိစိတ်သည် ထိုကိစ္စက ထိုမျှလောက် ရိုးရှင်းမနေဘူးဟု သူမကို ပြောပြနေခဲ့သည်။
“ ထားလိုက်ပါလေ၊ ဆက်လုပ်ကြတာပေါ့ “ ထိုကဲ့သို့ ပြောကာ ကျန်းလန်သည် ကုန်းမြင့်ဒေသဆီသို့ ဦးတည်သွားတော့သည်။
သူမသည် ဤနေရာက အပြင်ပိုင်းနှင့် အတွင်းနယ်မြေတို့၏ နယ်နိမိတ်စည်းဖြစ်ပြီး၊ ဤနေရာတွင် များစွာသော အစွမ်းထက် ပထမအဆင့် သားရဲများ ပေါ်လာတတ်သည်ကို ကောင်းစွာ သိနေခဲ့သည်။
ထိုအချိန်တွင် သူမသည် ရှုကျိုးကို သေချာပေါက် ဖိနှိပ်မည် ဖြစ်သည်။
…
ထိုစဥ် အပြင်ဘက်ရှိ အစည်းအဝေး အခန်းထဲတွင်
နည်းပြ ဆရာ၊ ဆရာများသည် ဖန်သားပြင်ကို အံ့ဩတကြီးဖြင့် စိုက်ကြည့်နေလျက်ရှိပြီး၊ အားလုံးသည် အဆင့်ဇယားကို ကြည့်ကာ ကြောင်တောင်တောင် ဖြစ်သွားကြသည်။
တစ်ခြားလူများက မသိနိုင်သော်လည်း ယခုလက်ရှိအချိန်တွင် ရှုကျိုးက တစ်ကိုယ်တော် ဖြစ်နေသည်ဆိုသည်ကို သူတို့ ကောင်းစွာ သိရှိနေခဲ့သည်။
သူသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်းနယ်မြေထဲသို့သွားကာ အရာအားလုံးကို သူကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
“ အထက်တန်း ပထမနှစ် ကျောင်းသားတစ်ယောက်က ပထမအဆင့် အဆင့် ၄ သားရဲကောင်ကို သတ်ခဲ့တာလား? “
“ ပြီးတော့ ပထမအဆင့် အဆင့် ၂ သားရဲ အကောင်၃၀ကျော်ကိုရောလား? “
“ သူက အဲ့တာတွေ အကုန်လုံးကို သူတစ်ယောက်တည်းနဲ့ ဘယ်လိုလုပ်ခဲ့တာလဲ? “
ထိုအခိုက်အတန့်တွင် နည်းပြ ဆရာ၊ ဆရာမအားလုံး အံ့ဩမှင်သက်နေကြသည်။
ပေကျင်း သိုင်းပညာ တက္ကသိုလ်မှ ရင့်ကျက် လှပသော အမျိုးသမီးဖြစ်သည့် လင်းယောင်မှာလည်း လွန်စွာ အံ့ဩတုန်လှုပ်နေလျက်ရှိသည်။
အစပိုင်းတွင် သူမသည် ရှုကျိုးက စိတ်မြန်သော လူတစ်ဦးဖြစ်ပြီး၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ တစ်ယောက်တည်း ဝင်သွားသည်အထိ မိုက်မဲသည်ဟု ထင်နေခဲ့သည်။
သို့သော် ယခုတွင်ကား ရှုကျိုး၏ အောင်မြင်မှုများသည် သူမကို အံ့အားသင့်သွားစေခဲ့သည်။
အထက်တန်း ပထမနှစ် ကျောင်းသား(သို့) ကျောင်းသူတစ်ဦးက ပထမအဆင့် ဗီဇပြောင်း သားရဲတစ်ကောင်ကို သတ်နိုင်ခြင်းသည်ကပင် အံ့အားသင့်ဖွယ်ကောင်းနေခဲ့ပြီ ဖြစ်သည်။
အထက်တန်း ပထမနှစ် ကျောင်းသား(သို့) ကျောင်းသူတစ်ဦးမှ ပထမအဆင့် အဆင့် ၄ ဗီဇပြောင်းသားရကို သတ်ဖြတ်ခြင်းကမူ ကြယ်ပြာဂြိုလ်၏ သမိုင်းကြောင်းမှာပင် အလွန်ရှားပါးလှသော ကိစ္စတစ်ခု ဖြစ်သည်။
သူမဘေးနားရှိ လျူချင်းယွမ်ကမူ ပြုံးစိစိ ဖြစ်နေတော့သည်။
“ ဒီကလေး ……. “ လျူချင်းယွမ်သည် တွေးတောစဥ်းစားခန်းဖွင့်နေတော့သည် “ သူက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ “
“ ဒါပင်မဲ့ အတွင်းပိုင်းနယ်မြေထဲမှာက ဒုတိယအဆင့် သားရဲတွေ အများကြီးပဲ၊ တတိယအဆင့် သားရဲတွေတောင် ရှိတယ် “
“ တကယ်လို့ သူကသာ အဲ့လိုကောင်တွေနဲ့ တွေ့သွားမယ်ဆိုရင်၊ လွတ်အောင် ပြေးနိုင်ပါ့မလား? “
ထိုအခိုက်အတန့်တွင် လျူချင်းယွမ်သည် ထပ်မံ၍ အတွေးနက်နေတော့သည်။
ရှုကျိုး၏ အရည်အသွေးကို ပိုမြင်ရလေလေ၊ သူထိုကဲ့သို့ သေဆုံးသွားမည်ကို သူ မလိုချင်လေလေပင် ဖြစ်သည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ရှားမိသားစုသည် အလွန် ထူးချွန်ထက်မြက်သော အဖွဲ့ဝင်တစ်ဦးကို ဆုံးရှုံးသွားရလိမ့်မည် ဖြစ်သည်။
…………………………………………………………………………………………..
အပိုင်း ( 63 )
တတိယ အကြိမ်မြောက် ဆင့်ကဲပြောင်းလဲမှု၊ ရွှေတောင်ပံ T-Rex
မိကျောင်းသားရဲ လှိုဏ်ဂူတွင်
ရှုကျိုးနှင့် ဆေဘာသွား နဂါးသားရဲတို့သည် အဆိုပါ မိကျောင်းသားရဲ အလောင်းများကို လှိုဏ်ဂူပေါက်ဝဆီသို့ ဆွဲယူနေလျက်ရှိသည်။
အလောင်းများဖြင့် ပြည့်နှက်နေသည့် မြေပြင်ကိုကြည့်နေရင်းဖြင့် ရှုကျိုး၏ မျက်နှာပေါ်တွင် စိုးရိမ်ပူနေသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“ အလောင်းတွေ အများကြီးပဲ၊ အစွမ်းထက် သားရဲတွေကို ဆွဲဆောင်မိသွားမလားပဲ? “
ဗီဇပြောင်းသားရဲများကြားတွင် အားနည်းသူကို အားကြီးသူသည် အမြတ်ထုတ်သည်ဆိုသည့် ရှေးဦးလောကနိယာမမှာ ယနေ့တိုင် အသက်ဝင်နေသေးစဲဖြစ်သည်။
လောလောလတ်လတ် သေဆုံးသွားသည့် အဆိုပါ မိကျောင်းသားရဲ အလောင်းများသည် တစ်ချို့သော ထူးခြားသားရဲမျိုးစိတ်များအတွက် အလွန်ကောင်းမွန်သည့် ရှားပါးဟင်းလျာများဖြစ်သည်။
သွေးနံ့များသည် အစွမ်းထက် သားရဲတစ်ချို့ကို ဆွဲဆောင်ကောင်း ဆွဲဆောင်သွားနိုင်သည်။
ထိုအချိန် ကျရောက်လာခဲ့ပါက ဤလှိုဏ်ဂူသည် လုံခြုံမှု ရှိတော့မည် မဟုတ်ပေ။
“ အများကြီး မတွေးချင်တော့ဘူးကွာ “ ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ တွေးတော စဥ်းစားနေတော့သည် “ ဘာနည်းလမ်းမှ မရှိတော့ဘူး၊ တစ်ခုတည်းသော နည်းလမ်းကတော့ ပိုအစွမ်းထက်လာအောင် လုပ်ဖို့ပဲ “
သူ၏ စိတ်ဆုံးဖြတ်ချက်သည် ပို၍ ခိုင်မာအားကောင်းလာခဲ့ပြီ ဖြစ်သည်။
ယခုလက်ရှိ ခြိမ်းခြောက်မှုများမှာ ပြဿနာ အသေးလေးများသာဖြစ်ပြီး၊ တကယ့် ပြဿနာကြီးကမူ ဟင်းလင်းပြင် နေရာလွတ်ထဲတွင် ရှိနေသည့် မိကျောင်းသားရဲခေါင်းဆောင်ကြီးပင် ဖြစ်သည်။
၎င်းသည် တတိယအဆင့်ကို ကျော်လွန်သော အစွမ်းထက် ဗီဇပြောင်းသားရဲတစ်ကောင်ဖြစ်သည်။
၎င်းက ချုပ်နှောင်မှုမှ လွတ်မြောက်လာသည်နှင့်တစ်ပြိုင်နက် အလွန်ကြောက်စရာကောင်းသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်သည်။
အကယ်၍ အကူအညီပေးနိုင်မည့် အစွမ်းထက် သိုင်းပညာရှင်တစ်ဦးကို ရှာမတွေ့ဘူးဆိုပါက၊ ရှုကျိုးသည် သူ့ကိုယ်သူသာ အားကိုးရတော့မည် ဖြစ်သည်။
ရှုကျိုးသည် မျှော်လင့်ချက်က နည်းပါးနေသည်ဟု ခံစားနေခဲ့ရသော်လည်း၊ သူပိုအစွမ်းထက်လာလေလေ၊ အကြပ်အတည်းများကို ရင်ဆိုင်ရာတွင် ယုံကြည်မှုပိုရှိလေလေပင် ဖြစ်သည်၊ အနည်းဆုံးအနေဖြင့် သူအသတ်ခံရတော့မည် မဟုတ်ပေ။
ရှုကျိုးသည် ဆေဘာသွား နဂါးသားရဲကြီးကို ထိန်းချုပ်ကာ အစာကျွေးနေတော့သည်။
ယခုလက်ရှိအချိန်တွင် ဆေဘာသွား နဂါးသားရဲကြီးသည် တစ်နေ့လျှင် ၁၀ကီလိုဂရမ်အပြည့် ကြီးထွားကာ မူလကိုယ်အား ချီ-သွေးစွမ်းအင် ၁ကယ်လိုရီအပြည့် ထောက်ပံ့ပေးနေလျက်ရှိသည်။
၎င်းမှာ ယခုလက်ရှိ စွမ်းဆောင်ရည်တစ်ခုမျှသာ ဖြစ်သည်။
“ ကိုယ်ပွားရဲ့ အလေးချိန်က ၄၇၈.၅ကီလိုဂရမ် ဖြစ်နေပြီ “ ရှုကျိုးသည် အတွေးနက်နေလျက်ရှိသည် “ မကြာခင်မှာပဲ တတိယအဆင့် ပြောင်းလဲမှုကို ရောက်သင့်နေပြီ “
ယခင်က ပုံစံကွက်များအရ ၎င်း၏ အလေးချိန်က ၅၀၀ကီလိုဂရမ်သို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ဆေဘာသွား နဂါးသားရဲသည် တတိယအကြိမ်မြောက် ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ်ကို စတင်၍ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
ထိုအချိန်ကျရောက်လာခဲ့ပါက ၎င်း၏ ကြီးထွားမှုအမြန်နှုန်းသည် ထပ်မံ၍ မြင့်တက်လာလိမ့်ပေမည်။
“ ဘုတ် ဘုတ် “
ဆေဘာသွား နဂါးသားရဲသည် ၎င်း၏ အစွယ်များကို ဖွင့်ဟ၍ အာဟာဓာတ်များ မြင့်မားစွာ ပါဝင်နေသည့် မိကျောင်းသားရဲ၏ ဦးခေါင်းကို ချေမွကာ အားရပါးရ စားသောက်နေတော့သည်။
“ အစာရဲ့ အာဟာရပါဝင်မှုက များလေလေ၊ တိုးတက်မှုတွေ ပိုဖြစ်လေလေပဲ “ ရှုကျိုးသည် မျှော်လင့်တကြီးဖြင့် စောင့်ကြည့်နေလျက်ရှိသည်။
ဤရက်ပိုင်းအတွင်းတွင် မည်သည့်အစာ(သို့) အသားပင် ဖြစ်နေပါစေ၊ ပမာဏ အလုံအလောက်သာ စားနေရသရွေ့ ဆေဘာသွား နဂါးသားရဲကြီးက နေ့စဥ် ၁၀ကီလိုဂရမ် ကြီးထွားလာသည်ဆိုသည်ကို သူသတိပြုမိနေခဲ့သည်။
သို့သော် တူညီသော အလေးချိန်တိုးလာခြင်းသည် ကွဲပြားသော တိုက်ခိုက်ရေး စွမ်းရည်များကို ယူဆောင်ပေးလာခဲ့သည်။
ယခင်က သားရဲနှလုံးတစ်ခုကို စားခဲ့ပြီးသည့်နောက်တွင် ၎င်း၏ စွမ်းအားသည် မိုးထိထောင်၍ တက်သွားခဲ့သည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ၎င်းသည် ပထမအဆင့် အဆင့် ၄ မိကျောင်းသားရဲနှင့် အချိန်အတော်ကြာ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။
“ ရှလွတ် ဖုတ် ဘုတ် “
ဆေဘာသွား နဂါးသားရဲသည် ဆက်လက်၍ စားသောက်နေလျက်ရှိပြီး၊ အနွေးစီးကြောင်းလေးများသည် ၎င်း၏ ခြေလက်များနှင့် အရိုးများထဲသို့ စီးဝင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှုကျိုး၏ မူလကိုယ်တွင်းရှိ ချီ-သွေးမှာလည်း ဖြည်းဖြည်းချင်း တိုးတက်လာနေလျက်ရှိသည်။
…
နောက်ရက်များအတွင်းတွင် ရှုကျိုးသည် လှိုဏ်ဂူထဲတွင်သာ နေနေခဲ့ပြီး၊ မည်သည့်နေရာကိုမှ မသွားလာခဲ့ချေ။
ဗိုက်ဆာသည့် အချိန်တွင် သူသည် အသားစိမ်းများကို စားသောက်လေ့ရှိပြီး၊ ရေဆာသည့် အချိန်တွင် သားရဲသွေးများကို သောက်သုံးနေခဲ့ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ရက်တာကုန်ဆုံးသွားခဲ့သည်။
ရှုကျိုး၏ မျက်လုံးများ ပွင့်လာသည့် အချိန်၌ သူပထမဦးဆုံး ပြုလုပ်လေ့ရှိသော အရာသည် စနစ်၏မျက်နှာပြင်ကို ကြည့်ရှုစစ်ဆေးခြင်းပင် ဖြစ်သည်။
အိမ်ရှင် : ရှုကျိုး
ချီ-သွေး : ၁၁၅.၃ကယ်လိုရီ
စိတ်ဝိညာဥ် : 15Hz
ကိုယ်ပွား : ဆေဘာသွား နဂါးသားရဲ
အဆင့် : ပထမအဆင့် အဆင့် ၁ ( ၃၅% )
အသားတင် အလေးချိန် : ၄၉၈.၅ ကီလိုဂရမ်
စွမ်းရည် : နေ့စဥ် ၁၀ကီလိုဂရမ် ရရှိခြင်း ( အကန့်အသတ် )၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း ( ac )
ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ် အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်
ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် : ၁၀၀၀ ကုဗမီတာ
…
နှစ်ရက်ကာ ကုန်ဆုံးသွားခဲ့သည့်နောက်တွင် ဆေဘာသွား နဂါးသားရဲ၏ အလေးချိန်သည် ၄၉၈.၅ ကီလိုဂရမ်အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
“ ဒီနေ့တော့ ၅၀၀ ကီလိုဂရမ် ဖြစ်တော့မယ် “
ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်ပြီး လှိုဏ်ဂူဝင်ပေါက်တွင် ကင်းစောင့်နေသည့် ဆေဘာသွား နဂါးသားရဲကြီးကို မျှော်လင့်မှုများဖြင့် ပြည့်နှက်နေသော အကြည့်ဖြင့် ကြည့်လိုက်သည် “ ပြောင်းလဲတော့မှာလား? ”
ရှုကျိုးသည် တွေဝေတုံ့ဆိုင်း မနေတော့ဘဲ ဆေဘာသွား နဂါးသားရဲကြီးကို ထိန်းချုပ်ကာ အစာကျွေးနေတော့သည်။
သူသည် အနည်းငယ် စိတ်မရှည် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“ ရွှပ် ဗြိ “
ဆေဘာသွား နဂါးသားရဲကြီးသည် ၎င်း၏ ချွန်ထက်သော ခြေသည်းများကို ဆန့်ကာ မိကျောင်းသားရဲ၏ ရင်ဘတ်ကို ဖွင့်၍ နှလုံးကို တိုက်ရိုက်ထုတ်ယူနေတော့သည်။
ထို့နောက်တွင် ၎င်းသည် နှလုံးကို တိုက်ရိုက်မြိုချလိုက်တော့သည်။
၎င်း၏ အစာအိမ်ထဲတွင် အစွမ်းထက် ချီ-သွေးစွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့ပြီး၊ ထို့နောက်တွင် ကြီးမားသော အနွေးစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ၎င်း၏ ကိုယ်တွင်းအဂ်ါများဆီသို့ စီးဆင်းသွားတော့သည်။
အလေးချိန်သည် လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
၄၉၈.၅ ကီလိုဂရမ်၊ ၄၉၉ ကီလိုဂရမ်၊ ၅၀၀ ကီလိုဂရမ် !!
“ ဗြွီ !! “
စနစ်၏မျက်နှာပြင် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ်အကန့်အသတ်သို့ ရောက်ရှိသွားပါပြီ၊ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်း ရွေးချယ်နိုင်သည်!
[ ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် ၁ : ခြေထောက်များ၊ ခြေသည်းများ၊ ကြွက်သားနှင့် သွားများ သိသိသာသာ ပြောင်းလဲသွားမည်၊ ခုခံမှုစွမ်းရည်မြင့်မားသည့် အရေပြား ရရှိမည်၊ စွမ်းအား အပြည့်အဝ တိုးတက်လာမည် ]
[ ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် ၂ : အမြှီးမွှေးများ ပြောင်းလဲမည်၊ ရေကူးနိုင်သည့် လုပ်ဆောင်မှု ရရှိမည်၊ အဆုတ်များ ပြောင်းလဲလာမည်၊ ရေငုပ်စွမ်းရည် သိသိသာသာ တိုးတက်သွားမည်၊ အရေပြားထံတွင် သံချပ်ကာ အကြေးခွံကဲ့သို့ အကျိုးသက်ရောက်မှု ရရှိမည်၊ ကုန်းနေရေနေသတ္တဝါ ဖြစ်လာမည် ]
[ ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် ၃ : အမွှေးများ ပြောင်းလဲမည်၊ လေဖိအားဒဏ်ကို ခုခံနိုင်၊ ပျံသန်းနိုင်သည့် လုပ်ဆောင်မှု ရရှိမည်၊ အရိုးများ၊ မျက်လုံးများ၊ ကြွက်သားနှင့် ခြေသည်းများ သိသိသာသာ ပြောင်းလဲတိုးတက်မည်၊ ရက်ပ်တာ တစ်ကောင်၏ လက္ခဏာရပ်များ ရရှိမည် ]
( ရက်ပ်တာက Jurassic fanတွေဆို သိပါတယ်၊ လက်သည်းနဲ့ အစွယ်တွေ ချွန်ထက်နေပြီး၊ အမြင်အာရုံကောင်း၊ အပြေးမြန်တဲ့ ဒိုင်နိုဆောမျိုးပါ )
…
စနစ်၏ မျက်နှာပြင်ကို ကြည့်နေရင်းဖြင့် ရှုကျိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နောက်ဆုံးတော့ အချိန်ကလာပြီပေါ့ !!
“ ဘယ်လမ်းကြောင်းကို ရွေးရမလဲ၊ ကုန်း၊ ရေ ဒါမှမဟုတ် လေလား? “ ရှုကျိုးသည် ရွေးချယ်စရာ သုံးခုကို ကြည့်ရင်းဖြင့် တစ်ခဏခန့် တွေးတောစဥ်းစားနေတော့သည်။
ဤတစ်ကြိမ် ပြောင်းလဲမှု လမ်းကြောင်းများသည် အတော်လေး ရှင်းလင်းနေလျက်ရှိသည်။
ပထမလမ်းကြောင်းကို ရွေးချယ်မည်ဆိုပါက ကြမ်းတမ်းရက်စက်သည့် ကုန်းမြေသားရဲတစ်ကောင် ဖြစ်သွားမည် ဖြစ်သည်။
ဒုတိယလမ်းကြောင်းကို ရွေးချယ်မည်ဆိုပါက ကုန်းနေရေနေ သတ္တဝါ ဖြစ်လာမည် ဖြစ်သည်။
တတိယလမ်းကြောင်းကမူ ရက်ပ်တာ ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံနေခဲ့သည်။
“ ဘယ်တစ်ခုကို ရွေးရမလဲ? “ ရှုကျိုးသည် အနည်းငယ် တွေဝေတုံ့ဆိုင်းနေတော့သည်။
ကုန်းနေရေနေသတ္တဝါအတွက် သူ့အတွက် သာမန်ဆန်နေခဲ့သောကြောင့် ၎င်းကို ပယ်ချထားလိုက်သည်။
ရှုကျိုးသည် ပထမ(သို့) တတိယ ရွေးချယ်မှု မည်သည့်အရာကို ရွေးချယ်ရမလဲဆိုသည်ကို တွေးတော စဥ်းစားနေတော့သည်။
ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဥ် ၁သည် နယ်ပယ်စုံ တိုးတက်ကာ ဆွဲဆောင်မှု အလွန် အားကောင်းလျက်ရှိသည်၊ ၎င်းကို ရွေးချယ်လိုက်မည်ဆိုပါက နောင်အနာဂတ်တွင် တိုက်ပွဲဝင် T-rexတစ်ကောင် ဖြစ်ကောင်း ဖြစ်လာနိုင်လေသည်။
သို့သော် ယခုလက်ရှိ အချိန်တွင် သူသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်း နယ်မြေထဲတွင် ရှိနေခဲ့ပြီး၊ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်မှာလည်း ဖွင့်မရသေးပေ။
ရှုကျိုးသည် ဆေဘာသွား နဂါးသားရဲကို အပြင်ဘက်သို့ ပေါ့ပေါ့ဆဆ မလွှတ်ဝံ့ချေ။
အကယ်၍ ၎င်းက ဒုတိယအဆင့် သားရဲတစ်ကောင်ကောင်နှင့် တွေ့သွားမည်ဆိုပါက ချက်ချင်း အသတ်ခံလိုက်ရမည် ဖြစ်သည်။
ထိုကဲ့သို့သော အခြေအနေမျိုး အောက်တွင် အကယ်၍ ဆေဘာသွား နဂါးသားရဲကသာ ပျံသန်းနေနိုင်မည်ဆိုပါက ……
ရှုကျိုး၏ မျက်လုံးများ တဖြည်းဖြည်း တောက်ပသွားခဲ့သည်။
“ တတိယ ရွေးချယ်မှုကို ငါရွေးတယ် “ သူဆုံးဖြတ်ချက် ချလိုက်သည်။
ပထမရွေးချယ်မှုက ဆွဲဆောင်မှုအား အလွန်ကောင်းနေခဲ့သော်လည်း တတိယ ရွေးချယ်မှုကသာလျှင် အသင့်တော်ဆုံးသော ရွေးချယ်မှု ဖြစ်သည်။
ဆေဘာသွား နဂါးသားရဲကြီးကသာ ပျံသန်းနေနိုင်သရွေ့၊ ၎င်းသည် အန္တရာယ်ပေါင်းများစွာကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
ရှုကျိုး၏ ရွေးချယ်မှုနှင့်အတူ
“ ဗြွီ !! “
ချက်ချင်းဆိုသလိုပင် လှိုဏ်ဂူပေါက်ဝရှိ ဆေဘာသွား နဂါးသားရဲကြီးသည် စတင်၍ ပြောင်းလဲလာခဲ့သည်။
၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးပေါ်ရှိ အမွှေးများ ထောင်ထလာခဲ့ပြီး၊ အဖျားများ ပို၍ ချွန်ထက်လာခဲ့သည်၊ တောင်ပံတစ်စုံသည် ကောင်းကင်ဘုံ ရွှေထည်ဖြင့် ပြုလုပ်ထားသည့် နတ်တို့၏ တောင်ပံတစ်စုံကဲ့သို့ ရွှေနက်ရောင် တောက်ပလျက်ရှိပြီး၊ အရောင်ပိုတောက်လာခဲ့ကာ၊ ပို၍ မျက်စိပဒါသ ဖြစ်လာခဲ့သည်။
ထို့နောက်တွင် ၎င်း၏ ထူထဲသည့် သံချိတ်ကောက်များကဲ့သို့သော ခြေသည်းများသည် စတင်၍ ကြီးမားလာခဲ့ပြီး၊ ခြေသည်းတစ်ခုချင်းစီတိုင်းသည် ရှုကျိုး၏ လက်မောင်းတစ်လုံး အရွယ်မျှ ကြီးမားတုတ်ခိုင်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ဆေဘာသွား နဂါးသားရဲကြီး၏ ကြွက်သားများမှာလည်း စတင်၍ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး၊ ၎င်း၏တစ်ကိုယ်လုံးပေါ်တွင် ကြွက်သားထုများ မြင့်တက်လာခဲ့သည်။
“ ဝုန်းးးး ဝုန်းးးး ဝုန်းးးးး “
ကိုယ်တွင်း အဂ်ါများ ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ ကြွက်သားများမှာလည်း လိုက်ပါ၍ ကြီးထွားလာခဲ့ပြီး၊ ကျယ်လောင်သော ဆူညံသံများပင် ထွက်ပေါ်လာခဲ့သည်။
ဆေဘာသွား နဂါးသားရဲကြီးသည် သိသိသာသာ တုတ်ခိုင်ကြီးမားလာခဲ့ပြီး၊ ၎င်း၏မျက်နှာ ပုံပန်းသွင်ပြင်မှာလည်း တဖြည်းဖြည်း ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်၊ ၎င်း၏ တစ်ကိုယ်လုံးတွင် ရွှေနက်ရောင် ရောင်ဝါတို့ဖြင့် တောက်ပလျက်ရှိပြီး၊ အံ့ဩဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေခဲ့သည်။
ရှုကျိုးသည် ထိုမြင်ကွင်းကို အံ့ဩတကြီးဖြင့် ငေးကြည့်နေလျက်ရှိသည်။
ရက်ပ်တာ ဖြစ်သွားရမှာ မဟုတ်ဘူးလား?
ဘာလို့ အကောင်ပိုကြီးလာရတာလဲဟ?
တော်တော်လေး ခံ့ညားတဲ့ပုံပဲဟ။
ရှုကျိုးသည် စနစ်၏ မျက်နှာပြင်ကို လှမ်းကြည့်လိုက်သည်။
အဆင့် : ပထမအဆင့် အဆင့် ၁ ( ၃၅% )
အသားတင် အလေးချိန် : ၅၀၀ ကီလိုဂရမ်
စွမ်းရည် : နေ့စဥ် ၃၀ကီလိုဂရမ် ကြီးထွားခြင်း ( အကန့်အသတ် )၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း ( ac )၊ ခုန်ဆင်းခြင်း ( pas )
…
ရွှေတောင်ပံ T-Rex !!
အဆိုပါ အမည်သည် ယခုလက်ရှိ ကိုယ်ပွားနှင့် အမှန်တကယ် လိုက်ဖက်ညီနေခဲ့သည်။
သုံးကြိမ်မျှ ဆင့်ကဲပြောင်းလဲပြီးသည့်နောက်တွင်၊ ၎င်း၏ အသွင်အပြင်သည် ကြီးကြီးမားမား ပြောင်းလဲသွားခဲ့ပြီး၊ အိမ်မွေးတိရစ္ဆာန်တစ်ကောင်၏ မည်သည့်အငွေ့အသက်မှ ကျန်ရှိမနေတော့ပေ။
ယခုတွင် ၎င်း၏ မျက်နှာသွင်ပြင်သည် ပို၍ ခံ့ညားကြီးစိုးလာခဲ့ပြီ ဖြစ်သည်။
“ တစ်ရက်ကို ၃၀ကီလိုဂရမ် ကြီးလာမှာလား? “ ရှုကျိုး၏ မျက်လုံးများ အနည်းငယ် တောက်ပသွားခဲ့သည်။
သုံးဆဖြစ်သွားတာပဲ၊ မဆိုးပါဘူး။
တစ်ချိန်တည်းမှာပင် ရှုကျိုးသည် ဤတစ်ကြိမ်ပြောင်းလဲမှုက ကိုယ်ပွားအတွက် နောက်ထပ်စွမ်းရည်တစ်မျိုး ယူဆောင်ပေးလာခဲ့သည်ဆိုသည်ကို သတိပြုမိသွားခဲ့သည်။
[ ခုန်ဆင်းခြင်း : ရွှေတောင်ပံ T-Rexက အမြင့်တစ်နေရာမှ ခုန်ဆင်းလာခဲ့သောအခါတွင်၊ အောက်ဘက်ရှိ ရန်သူ့ထံသို့ ၂၀၀%-၅၀၀%အထိရှိသည့် ကြီးမားသော အဖျက်အစီးစွမ်းအားကို ထုတ်လွှတ်မည်ဖြစ်သည်၊ ပိုမြင့်လေလေ အဖျက်အစီးစွမ်းအား ပိုများလေလေ ဖြစ်သည် ]
(pasဆိုတာက ခုန်ချလိုက်တာနဲ့ အဲ့စွမ်းရည်က အလိုအလျောက် အသက်ဝင်သွားတာကို ပြောတာပါ )
“ ဟူးးးး “
အဆိုပါ အကြောင်းအရာကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် မနေနိုင်တော့ဘဲ၊ အသက်ကို ပြင်းပြင်းရှရှ ရှူရှိုက်မိသွားခဲ့သည်။
တကယ် မိုက်တာပဲဟ !!
“ ဒါပင်မဲ့ …. “ ရှုကျိုးသည် သူ့ဘေးနားရှိ ရွှေတောင်ပံ T-Rexကို ရုတ်တရက် လှည့်ကြည့်ကာ ဇဝေဇဝါ ဖြစ်သွားခဲ့သည် “ အဲ့ကောင်က တကယ်ကြီး ပျံနိုင်တာလား? “
ဒီကောင်က နည်းနည်းလေးတော့ ကိတ်လာတယ်ဟ၊ ဒါပင်မဲ့ ပျံနိုင်မဲ့ပုံလည်း မပေါ်ဘူး။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင်
ရှုကျိုး၏ စိတ်အာရုံသည် ဆေဘာသွား နဂါးသားရဲဆီသို့ ရောက်ရှိသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူသည် သူ၏အရိုးများက ပို၍ပေါ့ပါးနေသည်ဟု ခံစားသွားခဲ့ရသည်။
အဆိုပါ ပေါ့ပါးမှုသည် ကြံ့ခိုင်မှုကို မထိခိုက်သွားစေခဲ့ပေ၊ ထို့အစား ၎င်းသည် ၎င်း၏ အရိုးများကို ပို၍ သန်မာ အားကောင်းသွားစေခဲ့သည်။
“ ဖပ် ဖပ် !! “
ရှုကျိုးသည် ဆေဘာသွား နဂါးသားရဲကြီးကို ထိန်းချုပ်၍ တောင်ပံများကို ကြမ်းကြမ်တမ်းတမ်းခတ်လိုက်ရာ ရုတ်တရက်ဆိုသလိုပင် လေပြင်းများ တိုက်ခိုက်လာခဲ့သည်။
“ ဒီခံစားချက်က “ ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည် “ တော်တော်ကြီးကို စွမ်းတဲ့ ခွန်အားပဲ “
သူသည် အနည်းငယ်မျှ အားစိုက်ထုတ်လိုက်ရုံဖြင့် လေပေါ်သို့ အလွယ်တကူ တက်သွားနိုင်ကြောင်း ခံစားနေခဲ့ရသည်။
“ ဝှစ် !! “
ရွှေတောင်ပံ T-Rexသည် ၅မီတာရှိသည့် ၎င်း၏ တောင်ပံများကို ဖြန့်၍ တောင်ပံထပ်ခတ်လိုက်ရာ၊ လေပြင်းများ တိုက်ခတ်နေသည့် အသံနှင့်အတူ ၎င်းသည် လေထုထဲသို့ တဖြည်းဖြည်း မြောက်တက်သွားခဲ့ပြီး၊ ရုတ်တရက်ဆိုသလိုပင် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ပေါ်သို့ တဟုန်ထိုး ပြေးတက်သွားတော့သည်။
လေပြင်းများ တိုက်ခတ်ကာ မိုးများ ခြိမ်းလာခဲ့သည်။
တစ်ခါက ကြီးမားသော ငှက်ကြီးတစ်ကောင်သည် လေဟုန်စီးကာ မိုင်၉၀၀၀အမြင့်အထိ ပျံတက်သွားခဲ့ဖူးသည်။
……………………………………………………………………………………