အခန်း (၆၄-၆၆)
Vol. 5 Ch. 64-66
အပိုင်း ( 64 )
ကမ္ဘာမြေကို ပိုင်းခြား၍ ကောင်းကင်ဘုံကို ဖန်ဆင်းသည့် ဓားအလင်းတန်း
“ ဝှစ် !! “
ရွှေတောင်ပံ T-Rexသည် တောင်ပံများကို ခေါက်၍ ခုန်ဆင်းလာခဲ့ရာ၊ လှိုဏ်ဂူ၏ ရှေ့တည့်တည့်သို့ တိကျသေသပ်စွာ ဆင်းသက်လာခဲ့သည်။
“ ဒီလို အမြန်နှုန်းက !! “ ရှုကျိုးသည် ကိုယ်ပွားကို ကြည့်နေခဲ့ပြီး၊ သူ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလျက်ရှိသည်။
သူသည် ရွှေတောင်ပံ T-Rex၏ ပျံသန်းမှု အမြန်နှုန်းက ၃၀m/sနှင့် ၅၀m/sကြားတွင် ရှိနေမည်ဟု ခံစားသိရှိနေခဲ့သည်။
( m/s meters per secondပါ တစ်စက္ကန့်အတွင်းမှာ မီတာ ၃၀ကနေ ၅၀ကြားရှိတဲ့ နေရာကို ရောက်သွားတာပါ )
၎င်းသည် အံ့ဩဖွယ်ကောင်းသော မြန်နှုန်းတစ်ခု ဖြစ်နေခဲ့ပြီဖြစ်သည်။
အကယ်၍ ၎င်းကသာ လုံလောက်သည့် အမြင့်တစ်နေရာဆီသို့ ရောက်ရှိသွားပြီး၊ အင်ပြည့်အားပြည့် ငုပ်ဆင်းလာခဲ့မည်ပါက၊ ၎င်း၏ အမြန်နှုန်းသည် 100 m/sကိုပင် ကျော်လွန်ကောင်း ကျော်လွန်သွားနိုင်လေသည်။
ရွှေတောင်ပံ T-Rex၏ ခန္ဓာကိုယ် အလေးချိန်က ၅၀၀ကီလိုဂရမ် ရှိသည်ဆိုသည်ကို လူတိုင်း အမှတ်ရကြရမည် ဖြစ်သည်။
တစ်စက္ကန့်လျှင် မီတာ ၁၀၀မြန်နှုန်းရှိသည့် ကီလိုဂရမ် ၅၀၀ရှိသော ကျောက်တုံးကြီးတစ်တုံး ပြုတ်ကျလာသည်ကို တွေးကြည့်ပါလေ။
အဖျက်အစီးစွမ်းအားမှာ အံ့အားသင့်ဖွယ်ကောင်းလောက်သည်အထိ ကြောက်စရာကောင်းနေလိမ့်မည် ဖြစ်သည်။
“ အရင် စားတာပေါ့ကွာ “ ရှုကျိုးသည် စိတ်ကျေနပ်စွာ ပြုံးလိုက်ပြီး၊ ဆေဘာသွား နဂါးသားရဲကြီးကို ထိန်းချုပ်ကာ အစာဆက်ကျွေးနေတော့သည်။
ယခုတွင် ၎င်းသည် တစ်ရက်လျှင် ကီလိုဂရမ် ၃၀အထိ ရရှိတော့မည် ဖြစ်သည်။
၎င်းစားသုံးသည့် အစားအသောက် ပမာဏသည်လည်း သိသိသာသာ များပြားလာခဲ့ပြီဖြစ်ပြီး၊ အရှိန်မှာလည်း ယခင်ကထပ် များစွာ မြန်ဆန်နေခဲ့ပြီ ဖြစ်သည်။
“ ဂျွတ် ဂျွတ် “
ရွှေတောင်ပံ T-Rexသည် မြေပြင်ပေါ်တွင် ထိုင်၍ မိကျောင်းသားရဲများ၏ အသားနှင့် အသွေးတို့ကို ကိုက်ဖြတ် စားသောက်နေတော့သည်။
တစ်နာရီ ကုန်ဆုံးသွားခဲ့သည့်နောက်၌
၎င်းက ဗိုက်ပြည့်သွားခဲ့ပြီး၊ ၎င်း၏ ခန္ဓာကိုယ်သည် စတင်၍ ကြီးထွားလာခဲ့သည်။
၎င်း၏ ခန္ဓာကိုယ်သည် ၃.၅မီတာ ရောက်သွားသည်အထိ လျင်မြန်စွာ ရှည်ထွက်လာခဲ့ပြီး၊ အမြင့်မှာလည်း ၂မီတာပြည့်လုနီးပါး ဖြစ်လာခဲ့သည်။
“ ဘုန်းးးးး !! “
ရွှေတောင်ပံ T-Rexသည် မြေပြင်ပေါ်သို့ ကြမ်းကြမ်းတမ်းတမ်း ဆောင့်နင်းချလိုက်ရာ ၎င်း၏ခန္ဓာကိုယ်ထဲရှိ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းထက် ခွန်အားများကို ခံစားသိရှိသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှုကျိုး၏ မူလကိုယ်ထံသို့ အကျိုးအမြတ်များ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
အစွမ်းထက် ချီ-သွေးစွမ်းအင်များသည် သူ၏ကိုယ်အတွင်းသို့ ရောက်ရှိလာခဲ့ပြီး၊ သူ၏အရှိန်အဝါသည် အဆက်မပြတ် မြင့်တက်လာခဲ့သည်။
ရှုကျိုးကား တိတ်တဆိတ် စောင့်ဆိုင်းနေလျက်ရှိသည်။
ဆယ်မိနစ်ကုန်ဆုံးသွားခဲ့သည့်နောက်၌ သူ့ကိုယ်တွင်းရှိ ချီ-သွေး အတက်အကျများသည် တဖြည်းဖြည်း လျော့ကျသွားခဲ့သည်။
ရှုကျိုးသည် စနစ်၏ မျက်နှာပြင်ကို မျှော်လင့်တကြီးဖြင့် ထပ်မံ၍ ကြည့်ရှုလိုက်သည်။
[ အဆင့် + ၁၅% ]
[ ချီ-သွေး + ၃ ကယ်လိုရီ ]
အိမ်ရှင် : ရှုကျိုး
ချီ-သွေး : ၁၁၈.၃ ကယ်လိုရီ
စိတ်ဝိညာဥ် : 15 Hz
ကိုယ်ပွား : ရွှေတောင်ပံ T-Rex
အဆင့် : ပထမအဆင့် အဆင့် ၁ ( ၅၀% )
အသားတင် အလေးချိန် : ၅၂၈.၅ ကီလိုဂရမ်
…
“ ချီ-သွေး ၃ကယ်လိုရီတောင် တကယ်ကြီး တိုးတက်လာတယ်ပေါ့? “ ရှုကျိုး၏ မျက်လုံးများထဲတွင် အံ့ဩမှုနှင့် ပျော်ရွှင်မှု အရိပ်အယောင်လေးများ ဖြစ်ပေါ်လာခဲ့သည်။
ချီ-သွေး စွမ်းအင် ၃ကယ်လိုရီ တိုးတက်လာခြင်းမှာ တကယ်ပင် များပြားလွန်းလှသည်။
ဤကမ္ဘာသို့ ပထမဦးရောက်လာခဲ့သည့် အချိန်တွင် သူ၏ နေ့စဥ် ချီ-သွေး စွမ်းအင် တိုးတက်မှုသည် ၀.၁ ကယ်လိုရီသာ ရှိခဲ့သည်။
ယခုတွင်ကား အဆ ၃၀မျှ ဖြစ်လာခဲ့ဖြစ်ပြီး၊ နေ့စဥ် ချီ-သွေး စွမ်းအင် တိုးတက်မှုသည် ၃ကယ်လိုရီအထိ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
“ လာမဲ့ ရက်တွေအတွင်းမှာ ဒီနှုန်းအတိုင်းပဲ ဆက်ပြီးတော့ တိုးတက်နေဦးမှာ “ ရှုကျိုးသည် တိတ်တဆိတ် မျှော်လင့်မိနေတော့သည် “ ဒီနှုန်းနဲ့ဆိုရင် ၁၅၀ကယ်လိုရီကို ရောက်ဖို့ သိပ်မလိုတော့ဘူးပဲ “
“ အခုချိန်ကနေစပြီးတော့ ချီ-သွေးနဲ့ ပတ်သက်ပြီး ဘာမှ တွေးပူနေစရာ မလိုတော့ဘူး၊ တိုက်ခိုက်ရေး နည်းစနစ်တွေကိုပဲ လေ့ကျင့်လိုက်တာပေါ့ကွာ “
သူသည် ချောင်ရုံပေးထားခဲ့သည့် စာအုပ်အသေးလေးကို ထုတ်ယူလိုက်သည်။
တောင်ဖြိုခွဲ ဆေဘာသိုင်း၏ စတုတ္ထအဆင့် !!
ရှုကျိုးသည် ဤကျင့်ကြံရေး နည်းစနစ်ကို ရရှိထားသည်မှာ ကြာနေခဲ့ပြီဖြစ်သော်လည်း၊ သူသည် တတိယအဆင့်၏ ပြီးပြည့်စုံခြင်းသို့ မရောက်ရှိသေးသောကြောင့် ၎င်းကို မလေ့ကျင့်နိုင်ခဲ့ပေ။
ယခုတွင် သူသည် ၎င်းကို စတင်၍ လေ့ကျင့်နိုင်ပြီ ဖြစ်သည်။
“ ရွှစ် !! “ ရှုကျိုးသည် သူ၏ဆေဘာရှည်ကို ကောက်ကိုင်ကာ လှိုဏ်ဂူထဲတွင် စတင်၍ လေ့ကျင့်နေတော့သည်။
…
ဤရက်ပိုင်းအတွင်းတွင် ရှုကျိုးသည် လှိုဏ်ဂူထဲတွင်သာ နေ၍ တစ်ချိန်လုံး လေ့ကျင့်မနေခဲ့ပေ။
ရံဖန်ရံခါတွင် သူသည် သိုင်းပညာတက္ကသိုလ်မှ ကျောင်းသူကျောင်းသား(သို့) ပြင်ပသိုင်းပညာရှင်များ ရှိ၊ မရှိဆိုသည်ကို ကြည့်ရှုရန်အတွက် အပြင်သို့ ထွက်ကာ အနီးအနား ပတ်ဝန်းကျင်မှ နယ်မြေများကို သတိတကြီးဖြင့် စူးစမ်းလေ့လာနေခဲ့သည်။
မိကျောင်းခေါင်းဆောင်ကြီး၏ အန္တရာယ်သည် သူတစ်ဦးတည်း ကိုင်တွယ်ဖြေရှင်းနိုင်ရန် အလွန်ခက်ခဲလွန်းလှသည်။
၎င်းသည် တတိယအဆင့် အထက်တွင်ရှိသော ဗီဇပြောင်းသားရဲတစ်ကောင် ဖြစ်သည်။
ရွှေတောင်ပံ T-Rexက ပျံသန်းနေနိုင်သော်လည်း၊ မိကျောင်းခေါင်းဆောင်မှာလည်း လေပေါ်လမ်းလျှောက်ခြင်း စွမ်းရည်ကို ပိုင်ဆင်ထားသည့်အတွက် အမြင့်တစ်နေရာသို့ ရောက်လာနိုင်လေသည်။ ထို့အပြင် ၎င်းသည် အလွန်မြန်ဆန်လွန်းလှသည်။
ပျံသန်းနိုင်ရုံဖြင့်ပင် ရှုကျိုးသည် ကြောက်မက်ဖွယ်ကောင်းသည့် အဆိုပါသားရဲကို ကိုင်တွယ်နိုင်ဦးမည် မဟုတ်ပေ။
အစွမ်းထက် မဟာမိတ်များကို ရှာဖွေခြင်းဖြင့်ပင် အဆိုပါ အကြပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။
ထို့ကြောင့် ရှုကျိုး၏ နေ့ရက်များသည် လေ့ကျင့်ခြင်းနှင့် လူများရှာဖွေခြင်းတို့ကိုသာ ပြုလုပ်၍ ကုန်ဆုံးသွားခဲ့သည်။
ဆယ်ရက်တာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
…
ဆယ်ရက်ကြာပြီးသည့်နောက်၌
“ ဗွီ !! “
လှိုဏ်ဂူထဲတွင် အလွန် အစွမ်းထက်သော ချီ-သွေး စွမ်းအင်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
အကယ်၍ ပထမအဆင့် သိုင်းပညာရှင်တစ်ဦးသာ ဤအနီးတစ်ဝိုက်တွင် ရှိနေခဲ့မည်ဆိုပါက လွန်စွာ အံ့ဩသွားလိမ့်မည် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် အဆိုပါ ချီ-သွေး စွမ်းအင်လှိုင်းက ၁၅၀ကယ်လိုရီစံနှုန်းအထိ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး၊ ပထမအဆင့် သိုင်းပညာရှင်နှင့် ခြေတစ်လှမ်းမျှသာ ကွာတော့သောကြောင့် ဖြစ်သည်။
“ ဆွစ်ရှ် !! “
လှိုဏ်ဂူအတွင်းတွင် ရှုကျိုး၏မျက်လုံးများ ရုတ်တရက် ပွင့်ဟလာခဲ့သည်။
သူသည် အစွမ်းထက် သားရဲတစ်ချို့အား စွဲဆောင်မိသွားမည်ကို ကြောက်ရွံ့သောကြောင့် ချီ-သွေးစွမ်းအင်လှိုင်းကို ထုတ်လွှတ်ခဲလှသည်။
သို့သော် ယခုတွင်ကား သူ၏ ချီ-သွေး စွမ်းအင်သည် ၁၅၀ကယ်လိုရီအထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သောကြောင့် သူ့ထံတွင် ရွေးချယ်စရာ မရှိတော့ပေ။
“ ဒါက ပထမအဆင့် သိုင်းပညာရှင်ဆိုတာလား? “ ရှုကျိုး၏ မျက်နှာပေါ်တွင် နားလည်သဘောပေါက်သွားသည့် အမူအရာတစ်ခု တည်ရှိနေလျက်ရှိသည်။
သူသည် သူ့ရှေ့တွင် တံခါးပေါက်တစ်ခု ရှိနေသည်ဟု ခံစားနေရပြီ ဖြစ်သည်။
သူ၏ချီ-သွေးကသာ ဆက်လက်၍ မြင့်တက်လာနေသရွေ့ သူသည် အဆိုပါ တံခါးထဲသို့ ဝင်သွားနိုင်ကာ ပထမအဆင့် သိုင်းပညာရှင်အဖြစ် အဆင့်တက်သွားမည် ဖြစ်သည်။
သို့သော် …
ရှုကျိုးထံတွင် ထိုကဲ့သို့ ပြုလုပ်ချင်သည့် ရည်ရွယ်ချက် မရှိပေ။
သူသည် ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းကို ပြုလုပ်ဦးမည် ဖြစ်သည်။
ချီ-သွေး စွမ်းအင်က ၁၅၀ကယ်လိုရီကို ရောက်ရှိသွားသောအခါတွင် ၎င်းသည် လူသားတို့၏အကန့်အသတ်များကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ပြီး၊ ပထမအဆင့်ထဲသို့ ရောက်ရှိသွားပြီးသည့်နောက်မှပင် ဆက်လက်၍ တိုးတက်လာတော့မည် ဖြစ်သည်။
ထို့ကြောင့် အဆင့်မတက်ခင် အချိန်တွင် ပိုလျှံနေသော ချီ-သွေးစွမ်းအင်များ ပျောက်ကွယ်သွားမည် ဖြစ်သည်။
ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းကမူ ပိုလျှံနေသည့် အဆိုပါ ချီ-သွေးစွမ်းအင်များကို သူ၏ခန္ဓာကိုယ်အတွင်းသို့ ဖိသိပ်ထည့်လိုက်ခြင်း ဖြစ်သည်။
ဖိသိပ်ထားသော အဆိုပါ ချီ-သွေးစွမ်းအားများက ကိုယ်တွင်းရှိ မရီဒန်လမ်းကြောင်းအတိုင်း အပြည့်အဝ လည်ပတ်ပြီးသွားခဲ့ပါက ချီ-သွေး စွမ်းအင် ၁ကယ်လိုရီ တိုးတက်လာလိမ့်မည် ဖြစ်သည်။
၁၀ကယ်လိုရီအထိ ဆက်တိုက်မြှင့်တင်နိုင်ခြင်းသည် ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းက အောင်မြင်သွားပြီဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
“ အုတ်မြစ်တည်ဆောက်ခြင်း ဒုတိယတစ်ကြိမ်ကို အောင်မြင်သွားတာနဲ့၊ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ချီ-သွေးစွမ်းအင်က ပြီးပြည့်စုံတဲ့ မရီဒန်လမ်းကြောင်းတစ်ခု ဖြစ်သွားပြီးတော့ ချီ-သွေး စွမ်းအားကို သိသိသာသာ အားကောင်းစေမှာ “
ရှုကျိုးသည် တွေးတောစဥ်းစားနေတော့သည် “ အဲ့တာက ပထမအဆင့်ကနေ တတိယအဆင့်အထိ ထိုးဖောက်သွားမဲ့ အဆင့်ထိုးဖောက်မှုတွေမှာ အကျိုးကျေးဇူး အများကြီး ရလာမှာ “
သူသည် မျက်လုံးများ မှိတ်လိုက်ပြီး ကွယ်ပျောက်သွားသည့် ချီ-သွေးစွမ်းအင်များကို စုပ်ယူ၍ သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ထည့်သွင်းနေတော့သည်။
နှစ်နာရီ ကုန်ဆုံးသွားခဲ့သည်။
ရှုကျိုးသည် သူ၏မျက်လုံးများကို ပြန်ဖွင့်ကာ ယနေ့အတွက် လေ့ကျင့်မှုများကို အဆုံးသတ်လိုက်သည်။
သူသည် စနစ်၏မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။
ချီ-သွေး : ၁၅၀ ကယ်လိုရီ
စိတ်ဝိညာဥ် : 25 Hz
ကိုယ်ပွား : ရွှေတောင်ပံ T-Rex
အဆင့် : ပထမအဆင့် အဆင့် ၃ ( ၁၅% )
အသားတင် အလေးချိန် : ၈၅၈.၅ ကီလိုဂရမ်
…
ဤဆယ်ရက်အတွင်းတွင် ရှုကျိုး၏ ချီ-သွေးသည် ၁၅၀ကယ်လိုရီအထိ မြင့်တက်လာခဲ့ပြီး၊ သူ၏ စိတ်စွမ်းအင်မှာလည်း 10Hzအထိ မြင့်တက်လာခဲ့သည်။
ကိုယ်ပွား၏ အဆင့်မှာလည်း အဆင့် ၁မှ အဆင့်၃အထိ တိုးမြင့်လာခဲ့ပြီ ဖြစ်သည်။
ယခုတွင် ရွှေတောင်ပံ T-Rex၏ အလေးချိန်သည် ကီလိုဂရမ် ၈၀၀အထိ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ရှုကျိုးသည် လှိုဏ်ဂူထဲသို့ ပြန်ဝင်ရန် နောက်လှည့်လိုက်သည်။
၅မီတာ ရှည်ကာ ၂.၅မီတာမြင့်သည့် ရွှေနက်ရောင် T-Rexသားရဲကြီးသည် ဝင်ပေါက်တွင် ကင်းစောင့်နေလျက်ရှိသည်။
ယခုတွင် ၎င်းသည် ရွှေနက်ရောင် သတ္တု T-Rexကြီးနှင့် အနည်းငယ် တူညီနေခဲ့သည်။
သို့သော် အမှန်တိုင်းပြောရမည်ဆိုပါက ၎င်းသည် T-Rexထပ်ပင် ပို၍ အထင်ကြီးဖွယ်ကောင်းနေခဲ့သည်။
အထူးသဖြင့် ၎င်း၏ တောင်ပံများကို ခေါက်ထားသည့် အချိန်တွင် ဖြစ်ပြီး၊ ၇မီတာ ကျယ်သော ရွှေနက်ရောင် တောင်ပံကြီးသည် သာလွန်သော လက်မှုပညာဖြင့် ထုဆစ်ထားသည့် ထိပ်တန်းအဆင့် သတ္တု ချပ်ဝတ်တန်ဆာတစ်ခုနှင့် တူညီနေလျက်ရှိပြီး၊ ရင်သပ်ရှုမောဖွယ်ကောင်းနေခဲ့သည်။
“ သောက်ရမ်း ကြည့်ကောင်းတယ် “ ရှုကျိုးသည် အသာအယာ ပြုံးနေတော့သည်။
သူသည် သူ၏ကိုယ်ပွားနှင့်ပတ်သက်၍ ပို၍ စိတ်ကျေနပ်သွားခဲ့သည်။
ရုတ်တရက် ဆိုသလိုပင် ရှုကျိုး၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး၊ စနစ်မျက်နှာပြင်ကို အမြန်ဖွင့်လိုက်သည်။
[ သတိပေးချက် !
ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်သည် ပြင်းထန်သော ဖိအားများကိုခံစားနေရသည် ]
[ ဖိအား၏ ပြင်းထန်မှုအပေါ် အခြေခံရခြင်းဖြင့် ၎င်းသည် အများဆုံးအနေဖြင့် ၁၇ရက်မျှသာ ခံနိုင်တော့မည် ]
“ အဲ့ဒီမိကျောင်းကောင်က ထပ်ပြီးတော့ အရူးထနေပြန်ပြီလား? “ ရှုကျိုး၏ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။
ဤရက်များအတွင်းတွင် ဟင်းလင်းပြင် နေရာလွတ်ထဲရှိ မိကျောင်းခေါင်းဆောင်ကြီးသည် ပိုပို၍ ရူးသွပ်လာနေခဲ့သည်။
အထဲတွင် အဆက်မပြတ် သောင်းကျန်းနေခဲ့သည်။
၎င်းသည် ရှုကျိုး၏ စိုးရိမ်ပူပန်မှုကို ပို၍ မြင့်တက်သွားစေခဲ့သည်။
အတကယ်၍ ၎င်းကသာ လုံးဝ လွတ်မြောက်လာခဲ့မည်ဆိုပါက၊ ၎င်းက ပထမဦးဆုံး ပြုလုပ်မည့် အရာသည် သူ့အား တစ်စစီ ဆုတ်ဖြဲခြင်းသာလျှင် ဖြစ်နေလိမ့်မည် ဖြစ်သည်။
“ နှမြောစရာပဲ “ ရှုကျိုးသည် သက်ပြင်းတချချ ဖြစ်သွားတော့သည် “ ဒီရက်တွေအတွင်းမှာ ဘယ်သိုင်းပညာရှင်ကိုမှ ငါရှာမတွေ့ခဲ့ဘူး “
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူသည် အလွန်ကျယ်ပြန့်လွန်းလှသည်။
လွန်ခဲ့သော ရက်ပိုင်းများတွင် သူသည် ကီလိုမီတာ ဆယ်ဂဏန်းအကွာရှိ နေရာများဆီသို့ပင် စွန့်စားသွားလာခဲ့သော်လည်း မည်သည့်သိုင်းပညာရှင်၏ အရိပ်အယောင်ကိုမှ မတွေ့ခဲ့ရချေ။
ဤကာလအတွင်းတွင် ရှုကျိုးသည် တစ်ခြားသော အတွေးစိတ်ကူးများကိုလည်း စဥ်းစားမိနေခဲ့သည်။
ဥပမာအားဖြင့် တစ်ခြားသော အဆင့်မြင့် သားရဲတစ်ကောင်ကောင်၏ ပိုင်နက်ထဲသို့ သွား၍ အဆိုပါ မိကျောင်းကြီးကို လွှတ်ပေးခြင်းပင် ဖြစ်သည်။
အဆင့်မြင့် သားရဲများအတွက် ကြီးမားသော မိကျောင်းသားရဲကြီးသည် သူကဲ့သို့ သေးငယ်လှသည့် လူသားတစ်ဦးထပ်ပို၍ မျက်စိကျဖွယ်ကောင်းနေလိမ့်မည် ဖြစ်သည်။
ထိုအချိန်တွင် ထိုနှစ်ကောင် တိုက်ခိုက်ကြပြီး၊ သူထွက်ပြေးနိုင်မည် ဖြစ်သည်။
သို့သော် ၎င်းမှာ ရှုကျိုး၏ အတွေးထဲတွင် ပုံဖော်ထားသည့် အရာများသာ ဖြစ်ပြီး၊ သူသည် ထိုကဲ့သို့ ပြုလုပ်ရန် မကြိုးစားဝံ့ပေ။
“ ငါက အဆင့်မြင့် သားရဲတစ်ကောင်ကို စော်ကားပြီးသွားပြီ “ ရှုကျိုးမှ တွေးတောဆင်ခြင်နေတော့သည် “ တကယ်လို့ နောက်တစ်ကောင်ကို စော်ကားလိုက်မယ်ဆိုရင် ဘာဖြစ်လာမလဲဆိုတာကို ဘယ်သူကသိမှာလဲ? “
ရှုကျိုးသည် ထိုကဲ့သို့သော နည်းလမ်းမျိုးကို အသုံးမပြုချင်ပေ၊ သို့သော် တစ်ခြားသော နည်းလမ်းများ မရှိတော့ဘူးဆိုပါက ………
အဓိကပြဿနာသည် ရှုကျိုးမှာ အလွန်အားနည်းနေခြင်း ဖြစ်သည်။
ချီ-သွေး စွမ်းအင်သည် ၁၅၀ ကယ်လိုရီအထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သော်လည်း၊ အကယ်၍ သူကသာ အဆင့်မြင့် သားရဲတစ်ကောင်ကောင်၏ ပိုင်နက်ထဲသို့ ဝင်သွားမည်ဆိုပါက၊ အဆင့်မြင့် သားရဲကောင်ကြီးပင် လှုပ်ရှားစရာမလိုဘဲ၊ များစွာသော ပထမအဆင့် အဆင့် ၅အထက်မှ ဗီဇပြောင်းသားရဲများကပင် သူ့ကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။
“ ဒုတိယအကြိမ် အုတ်မြစ်တည်ဆောက်ခြင်းကို မလုပ်ရမသေးမချင်း “ ရှုကျိုးမှာ အတွေးနက်နေလျက်ရှိသည် “ ဘာကိုမှ အလောတကြီး လုပ်လို့ မရဘူး “
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်းနယ်မြေသည် အလွန်အန္တရာယ်များလွန်းလှသည်၊ ၎င်းကို တွေးမိသွားသောအခါ၌ သူ၏မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အငွေ့လေးများ ဖြတ်သန်း ဖြစ်ပေါ်လာခဲ့သည် “ လီရို့ရှီ ဘယ်လိုနေနေလဲ မသိဘူး “
ဆယ်ရက်ကျော် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပြီး၊ ရှုကျိုးသည် တစ်ကိုယ်တည်း လေလွင့်နေခဲ့ခြင်း ဖြစ်သောကြောင့် အပြင်ကမ္ဘာမှ မည်သည့်သတင်းကိုမှ မကြားသိခဲ့ရပေ။
သူသည် လီရို့ရှီ၏ အခြေအနေနှင့် ပတ်သက်၍ ပို၍ စိုးရိမ်ပူပန်မိလာခဲ့သည်။
ရှုကျိုးသည် စိုးရိမ်ပူပန်နေခြင်းက မကူညီနိုင်ဘူးဆိုသည်ကို သိနေသောကြောင့် မကြာခင်မှာပင် အတွေးများကို ဖျောက်ဖျက်ကာ ခေါင်းခါနေတော့သည်။
“ သွားကြတာပေါ့ “ ရှုကျိုးသည် ရွှေတောင်ပံ T-Rexကြီးပေါ်သို့ တက်သွားသည် “ ဒီနေ့တော့ မြောက်ဘက်ကို စစ်ဆေးကြည့်တာကြပေါ့ “
သူသည် မဟာမိတ်များ ရှာဖွေရမည် ဖြစ်သည်။
ထို့ကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် ဤနေရာတွင် အမှန်တကယ် သေဆုံးသွားနိုင်သည်။
တကယ်တမ်းတွင် ရှုကျိုးသည် အနည်းငယ် စိတ်ပျက် အားလျော့နေခဲ့သည်၊ အကယ်၍ သူက အဆိုပါ သိုင်းပညာတက္ကသိုလ်မှ ကျောင်းသူကျောင်းသားများကို ရှာတွေ့ခဲ့မည်ဆိုလျှင်တောင်မှ သူတို့သည် အမြင့်ဆုံးအနေဖြင့် ဒုတိယအဆင့် သိုင်းပညာရှင်များသာ ဖြစ်နေမည် ဖြစ်သည်။
သူတို့သည် မိကျောင်းခေါင်းဆောင်ကြီးကို မည်သို့မျှ ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
၎င်းမှာ တတိယအဆင့်ထက် မနိမ့်ကျသည့် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်ခဲ့သည်။
ရှုကျိုးသည် သက်ပြင်းတချချ ဖြစ်သွားခဲ့ပြီး၊ ရွှေတောင်ပံ T-Rexကြီး၏ လည်ပင်းကို ငြင်သာစွာ ဆုပ်ကိုင်လိုက်သည်။
“ ဝှစ် “
စက္ကန့်ပိုင်းမျှ အကြာတွင် ရွှေတောင်ပံ T-Rexကြီးသည် ၎င်း၏ တောင်ပံများကို ဖြန့်ကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။
…
မိကျောင်းသားရဲ လှိုဏ်ဂူ၏ မြောက်ဘက် မိုင်၅၀အကွာတွင်
ပန်းဖွားတစ်ခုကို ကိုင်ဆောင်ထားကာ စုတ်ပြတ်သတ်နေသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးသည် ဗီဇပြောင်းသားရဲတစ်အုပ်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေလျက်ရှိသည်။
“ ထွက်သွားစမ်း !! “
ကောင်မလေးသည် ကျယ်လောင်စွာ ဟစ်ကြွေးလာခဲ့သည်၊ သူမလက်ထဲရှိ ပန်းဖွားသည် အဆက်မပြတ် လှုပ်ရှားနေလျက်ရှိပြီး၊ အားကောင်းသော လေပြင်းတစ်ခုကို ဖန်တီးကာ သားရဲအုပ်ကို ဟန့်တားနေခဲ့သည်။
သားရဲအုပ်သည် ရှောင်ရှားနေကြသည်၊ သို့သော် ထွက်မပြေးသွားကြဘဲ၊ အထင်သေးမှုနှင့် ရက်စက်မှုများဖြင့် ပြည့်နှက်နေသည့် အကြည့်များဖြင့် ကောင်မလေးကို စိုက်ကြည့်နေကြသည်။
၎င်းတို့သည် ဤမိန်းကလေးက မောပန်းကာ လဲပြိုလုနီးပါး ဖြစ်နေပြီဆိုသည်ကို နားလည်နေကြသည်။
သားရဲတစ်ကောင်မှ ရှေ့တက်လာခဲ့ရာ ကောင်မလေးသည် ၎င်းကို နောက်ဆုတ်သွားစေရန်အတွက် ပန်းဖွားကို အမြန်လှည့်ကာ ရိုက်ချလိုက်သည်။
“ ဝုန်းး !! “
ပန်းဖွားသည် အဆိုပါ သားရဲပေါ်သို့ ကျရောက်သွားခဲ့သည်၊ သို့သော် ၎င်းသည် နာကျင်မှုကို လျစ်လျူရှုထားပြီး၊ လက်သည်းဖြင့် ကောင်မလေးကို ကုတ်ဆွဲလာခဲ့သည်။
“ ဘမ်း !! “
ကျောက်ဟုန်ရင်သည် နောက်သို့ လွင့်သွားကာ သူမ၏ ကျောကုန်းသည် သစ်ပင်တစ်ပင်နှင့် တိုက်မိသွားခဲ့ပြီး၊ သူမ၏ပါးစပ်မှ သွေးများစီးကျလာခဲ့သည်။
ယခုတွင် စုတ်ပြတ်သတ်နေပြီဖြစ်သည့် သူမ၏ ချပ်ဝတ်တန်ဆာမှာ ပို၍ ကွဲအက်စုတ်ပြတ်လာခဲ့ပြီ ဖြစ်သည်။
သူမ၏ ရင်ဘတ်ပေါ်ရှိ နှင်းဖြူရောင် အကွဲကြောင်းလေးကိုပင် မြင်တွေ့နေရပြီ ဖြစ်သည်။
ကျောက်ဟုန်ရင်သည် သူမ၏ခေါင်းလေးကို မော့လိုက်ပြီး၊ လှုပ်လှုပ်ရှားရှားဖြစ်နေသည့် ဗီဇပြောင်းသားရဲများကို အေးစက်စွာ စိုက်ကြည့်လိုက်သည်၊ သူမ၏လှပသော မျက်လုံးလေးများထဲတွင် စိတ်ပျက်အားငယ်နေသည့် အရိပ်အငွေ့လေးများ ရှိနေခဲ့သည်။
ကုန်းမြင့်ဒေသထဲသို့ ဝင်လာခဲ့ပြီးသည့်နောက်တွင် သူမနှင့် ကျန်းလန်တို့သည် အစွမ်းထက် ဒုတိယအဆင့် သားရဲတစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရပြီး၊ လူစုခွဲ၍ ပြေးထွက်လာခဲ့ရသည်။
ထို့နောက်တွင် သူမသည် ကျန်းလန်ကို ရှာမတွေ့တော့ပေ။
ယခုတွင် ရက်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဤရက်များအတွင်းတွင် သူမသည် နိုးနိုးကြားကြား ဖြစ်နေရန် ရုန်းကန်ခဲ့ရပြီး၊ ညတစ္ဆေတို့၏ အမဲလိုက်ခြင်းများကိုလည်း ရှောင်ရှားနေခဲ့ရသည်။
သို့သော် သူမအလွန်အမင်း ပင်ပန်းနွမ်းနယ်နေသည့် အချိန်မှာပင် သူမသည် ဤပထမအဆင့် သားရဲတစ်အုပ်နှင့် ထပ်မံ၍ ရင်ဆိုင်နေခဲ့ရသည်။
၎င်းတို့ထဲမှ အများစုသည် ပထမအဆင့် အဆင့် ၂သားရဲများဖြစ်ပြီး၊ အတော်လေး အစွမ်းထက်သည့် ပထမအဆင့် အဆင့် ၃သားရဲတစ်ချို့လည်း ရှိနေခဲ့သည်။
သူမ၏ အထွတ်အထိပ် အချိန်မှာပင် သူမသည် ၎င်းတို့၏ ဝိုင်းရံခြင်းမှ ရှင်သန်လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
“ ငါက တကယ်ကြီး ကျဆုံး …… “ ကျောက်ဟုန်ရင်သည် ရှေ့ကို မျှော်ကြည့်လိုက်ပြီး၊ ဖြူဖျော့နေသော သူမ၏မျက်နှာလေးပေါ်တွင် စိတ်သက်သာရာရသွားသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“ ဝုန်းးးးးးးးးး !!! “
ထိုစဥ် ကမ္ဘာမြေကို ပိုင်းခြားလိုက်သကဲ့သို့ ဖြစ်နေသည့် တောက်ပသော ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာခဲ့ကာ သားရဲအုပ်ကို ခုတ်ပိုင်းသွားခဲ့သည်။
………………………………………………………………………………………………………..
အပိုင်း ( 65 )
ကျောက်ဟုန်ရင်၏ အံ့ဩတုန်လှုပ်မှု
သွေးနီရောင် ခပ်ဖျော့ဖျော့ သမ်းနေသည့် နှင်းဖြူရောင် ဓားအလင်းတန်းသည် ကောင်းကင်ဘုံ၏ ပြစ်ဒဏ် ဆင်းသက်လာသကဲ့သို့ သားရဲအုပ်ပေါ် သို့ ကျရောက်သွားခဲ့သည်။
မြေပြင်ပေါ်သို့ ကျရောက်လာခဲ့သည့် အချိန်တွင် အစွမ်းထက် ချီ-သွေးစွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့သည်။
“ ဝုန်းးးးးး !! “
ချက်ချင်းဆိုသလိုပင် များစွာသော ဗီဇပြောင်းသားရဲတို့၏ ဦးခေါင်းများ ပေါက်ကွဲသွားခဲ့သည်။
ဓားအလင်းတန်း၏ စွမ်းအားသည်သည် အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားခဲ့သည်၊ ၎င်း၏ အဖျက်အစီးစွမ်းအားသည် အလွန်အားကောင်းနေခဲ့သောကြောင့် ပတ်ပတ်လည်ရှိ သစ်ပင်များပင် အပိုင်းပိုင်း အစစ ဖြစ်သွားပြီး၊ လေပေါ်သို့ မြောက်တက်သွားကာ မိုးရွာလာသကဲ့သို့ မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လာကြသည်။
အရပ်ရှည်ရှည် ပုံရိပ်တစ်ခုသည် ဓားအလင်းတန်းနှင့်အတူ ကျောက်ဟုန်ရင်၏ အရှေ့သို့ ဆင်းသက်လာခဲ့သည်။
ကောင်မလေးသည် အနည်းငယ် မိန်းမောနေလျက်ရှိသည်၊ သူမမြင်တွေ့ခဲ့ရသည့် မြင်ကွင်းကြောင့် မှင်သက်သွားခဲ့သည့်ပုံပင်။
ရှုကျိုးသည် အဆိုပါ သားရဲများကို လျစ်လျူရှုကာ သူ့နောက်ရှိ ကောင်မလေးကို လှည့်ကြည့်လိုက်သည် “ မင်း အဆင်ပြေရဲ့လား? “
ရက်ပေါင်းများစွာကြာသည်အထိ တစ်ကိုယ်တည်း တိုက်ခိုက်နေခဲ့ရပြီးသည့်နောက်တွင် သူသည် အသက်ရှင်နေသည့် လူတစ်ဦးကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် အဆိုပါ ကောင်မလေးသည် သိုင်းပညာတက္ကသိုလ်မှ ကျောင်းသူတစ်ဦး ဟုတ်ပုံမရပေ။
သူမက ငါ့လိုပဲ အတွင်းပိုင်းနယ်မြေထဲကို မတော်တဆ ရောက်လာခဲ့တဲ့ အထက်တန်းကျောင်းသူများလား?
တကယ်တမ်းတွင် ကျောက်ဟုန်ရင်မှာလည်း ဤအချိန်တွင် အနည်းငယ် အံ့ဩမှင်သက်နေလျက်ရှိသည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူသည် အလွန်ကျယ်ဝန်းလှပြီး၊ တစ်ခြားလူတစ်ဦးဦးကို တွေ့နိုင်သည့် အခွင့်အလမ်းမှာ အလွန်နည်းပါးလွန်းလှသည်။
လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက သူမသည် သေခြင်းတရားကို လက်ခံရန် ပြင်ဆင်ထားခဲ့ပြီးပြီဖြစ်သည်၊ သို့သော် တစ်စုံတစ်ဦးသည် အစွမ်းထက် ဓားအလင်းတန်းနှင့်အတူ ရုတ်တရက် ပေါ်လာခဲ့သောကြောင့် သူမ အံ့ဩသွားခဲ့ရသည်။
“ ကျွန်မ အဆင်ပြေပါတယ် “ ကျောက်ဟုန်ရင်မှ ရှုကျိုးကို ကြည့်လာခဲ့သည်၊ သူမ၏ လှပသော မျက်လုံးလေးများထဲတွင် ကျေးဇူးတင်နေသည့် အရိပ်အယောင်များ သယ်ဆောင်ထားခဲ့သည် “ ကျွန်မကို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် “
သူမသည် ရှုကျိုးကို မမှတ်မိဘဲ အတွင်းပိုင်းနယ်မြေထဲမှ ကျောင်းသားတစ်ဦးဖြစ်သည်ဟုသာ ယူဆထားခဲ့သည်။
ထိုအချိန်တွင် ကျောက်ဟုန်ရင်သည် မတ်တပ်ရပ်နိုင်ရန် ရုန်းကန်နေခဲ့ရသည်၊ သူမ၏မျက်လုံးလေးများထဲတွင် တိုက်ပွဲဝင်လိုသည့် စိတ်ဓာတ်များ ပြန်လည်ရရှိလာခဲ့ပြီ ဖြစ်သည်။
ရုတ်တရက် ဆိုသလိုပင် သူမ၏ အမူအရာ ပြောင်းလဲသွားခဲ့ကာ အလောတကြီး အော်ဟစ်လာခဲ့သည် “ သတိထား !! “
ဝှစ် !!!
ကြီးမားသော ရွှေနက်ရောင် သားရဲကြီးသည် ၇မီတာ ရှည်လျားသည့် တောင်ပံများကို ဖြန့်ကာ ကောင်းကင်ပေါ်မှ ထိုးဆင်းလာခဲ့ပြီး၊ အစွမ်းထက် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
ကျောက်ဟုန်ရင်သည် သားရဲကို ရင်ဆိုင်ရန်အတွက် သူမ၏ ပန်းဖွားကို အလိုအလျောက် လွှဲရမ်းလာခဲ့သည်။
“ စိတ်မပူပါနဲ့ “ ရှုကျိုးသည် သူမကို တားဆီးရန်အတွက် လက်မြှောက်၍ တည်ငြိမ်စွာ ပြောလိုက်သည် “ အဲ့တာက ငါတို့ကို ကူညီဖို့အတွက် ဒီမှာ ရှိနေတာပါ “
“ ကျွန်မတို့ကို ကူညီမလို့လား? “
ကျောက်ဟုန်ရင်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရွှေနက်ရောင် ဗီဇပြောင်းသားရဲကြီးက တောင်ပံများကို ခေါက်ကာ သားရဲအုပ်ထဲသို့ ထိုးဆင်းသွားခဲ့သည်ကို သူမ မြင်တွေ့လိုက်ရသည်။
“ ဝုန်းးးး !! “
ကြီးမားသော အမြှောက်ကျည်တစ်ခုသည် မြေပြင်ပေါ်သို့ ကျရောက်လာသကဲ့သို့
ပထမအဆင့် အဆင့်၂ သားရဲအနည်းငယ်သည် မှိုများကဲ့သို့ ကြေမွသွားခဲ့သည်။
“ ဝေါင်းးးး “
ရွှေတောင်ပံ T-Rexကြီးသည် တောင်ပံများကို ဖြန့်၍ တောင်ပံခတ်လိုက်သည်။
ဘုန်းးးးးး !!
များစွာသော ဗီဇပြောင်းသားရဲများသည် နေရာမှာပင် ပွဲချင်းပြီး ချေမွခံလိုက်ရပြီး၊ အသွေး၊ အသားများ ပျံသန်းလာခဲ့ကာ ကြီးမားသော သွေးမြူကြီးတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။
ယခု၌ ရွှေတောင်ပံ T-Rexကြီးသည် ပထမအဆင့် အဆင့်၃အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
နယ်ပယ်တူ သားရဲများကို ကိုင်တွယ်ရခြင်းသည် ပုရွက်ဆိတ်များကို ချေမွရသကဲ့သို့ အလွန်လွယ်ကူနေခဲ့သည်။
အဆိုပါ ဗီဇပြောင်းသားရဲများသည် သာမန်မျိုးစိတ်များသာ ဖြစ်ပြီး၊ အစွမ်းထက် နတ်သားရဲသွေးမျိုးဆက် မပိုင်ဆိုင်ထားကြပေ။
ရွှေတောင်ပံ T-Rexကြီးသည် သုံးကြိမ်တိတိ ဆင့်ကဲပြောင်းလဲခဲ့ပြီးပြီ ဖြစ်သောကြောင့် နယ်ပယ်တူအတွင်းတွင် ပြိုင်ဘက်တွေ့ရန် ခဲယဥ်းသွားခဲ့ပြီ ဖြစ်သည်။
“ ဝုန်းးးး ဝုန်းးးး ဝုန်းးးးးး !!! “
တိုက်ပွဲကွင်းပြင်တွင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည့် ထိတွေ့မှု အသံများ ဆက်တိုက်ထွက်ပေါ်နေခဲ့သည်။
ရွှေတောင်ပံ T-Rexကြီးသည် ၎င်းတို့အား တစ်ဖက်သတ် ချေမှုန်းနေခဲ့ပြီး၊ သုံးမိနစ်အတွင်းမှာပင် တိုက်ပွဲ ပြီးဆုံးသွားခဲ့သည်။
“ ဝေါင်းးးး “
ရွှေတောင်ပံ T-Rexကြီးသည် နောက်ဆုံး ဗီဇပြောင်းသားရဲကောင်၏ ခေါင်းကို ဆောင့်နင်းချလိုက်ပြီး၊ ၎င်း၏ဦးခေါင်းကို မော့ကာ အောင်ပွဲရ ဟိန်းဟောက်သံကြီးတစ်ခုကို ပြုလုပ်လိုက်သည်။
ထို့နောက်တွင် ၎င်းသည် ရှုကျိုး၏ ဘေးနားသို့ လျှောက်လာခဲ့ကာ ၎င်း၏ကြီးမားသော ဦးခေါင်းကြီးကို ငုံ့ချလာခဲ့သည်။
“ မဆိုးပါဘူး “ ရှုကျိုးသည် ရွှေတောင်ပံ T-Rexကြီး၏ ဦးခေါင်းကို ပွတ်ကာ အပြုံးဖြင့် ပြောလိုက်သည်။
ကိုယ်ပွား၏ တိုက်ခိုက်ရေး စွမ်းအားနှင့် ပတ်သက်၍ သူအလွန်ကျေနပ်အားရနေခဲ့သည်။
သူသည် ရွှေတောင်ပံ T-Rexကြီးက ပထမအဆင့် အဆင့်၅ သားရဲတစ်ကောင်နှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ အနိုင်ရရန် အခွင့်အရေးရှိနေသည်ဟု ထင်နေခဲ့သည်။
ကံဆိုးစွာဖြင့် ၎င်းသည် အလွန်ကြမ်းတမ်းနေခဲ့သောကြောင့် သားရဲအားလုံး သွေးမြူများအဖြစ် ပေါက်ကွဲသွားခဲ့ကာ မည်သည့်သားရဲနှလုံးမှ ကျန်မနေတော့ပေ။
“ စီနီယာ ….. “
ထိုအချိန်တွင် ကျောက်ဟုန်ရင်သည် မနေနိုင်တော့ဘဲ တအံ့တဩဖြင့် မေးမြန်းလာခဲ့သည် “ အဲ့ဒီသားရဲ ယဥ်ပါးအောင် ရှင်လေ့ကျင့်ပေးထားခဲ့တာလား? “
“ စီနီယာလား? “ ရှုကျိုးသည် ကောင်မလေးကို ငေးကြည့်နေခဲ့ပြီး၊ သူ၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အဆိုပါ ကောင်မလေးက အထက်တန်းကျောင်းတစ်ခုခုမှ စီနီယာကျောင်းသူတစ်ဦး ဖြစ်သည်ဆိုသည်ကို သူသိနေခဲ့သည်။
ငါ့လို ပထမနှစ်လေးကို စီနီယာလို့ ခေါ်နေတာလား?
သူမက ငါ့ကို သိုင်းပညာ တက္ကသိုလ်တစ်ခုခုက ကျောင်းသားလို့များ အထင်မှားသွားတာလား?
“ ကျွန်တော်က အထက်တန်းကျောင်းသားတစ်ယောက်ပါ “ ရှုကျိုးမှ ရွှေတောင်ပံ T-Rexကို ကြည့်ကာ ရှင်းပြလာခဲ့သည် “ ဒါကတော့ ကျွန်တော့်ရဲ့ အိမ်မွေး သားရဲတိရစ္ဆာန်ပါ “
“ ရှင်ကလည်း အထက်တန်းကျောင်းသားတစ်ယောက် ဖြစ်နေတာလား? “ ကျောက်ဟုန်ရင် မှင်သက်သွားပြီး၊ သူမ၏ လှပသော မျက်လုံးလေးများ ပြူးကျယ်သွားခဲ့သည်။
သူမသည် ရှုကျိုးကို ကြည့်ကာ အကဲခတ်နေတော့သည်။
ရှုကျိုးသည် ငယ်ရွယ်နုပျိုနေသည့် ပုံပေါ်ပြီး၊ သူ၏ ချောမောကြည့်ကောင်းသည့် မျက်နှာပေါ်တွင် သိုင်းပညာ တက္ကသိုလ်မှ ကျောင်းသားတစ်ဦးနှင့် မတူဘဲ၊ ကလေးဆန်သည့် အရိပ်အယောင်လေးများ အမှန်တကယ် တည်ရှိနေခဲ့သည်။
ဒါပင်မဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်က ပထမအဆင့်သားရဲတစ်ကောင်ကို ဘယ်လိုလုပ်ပြီးတော့ ယဥ်ပါးလာအောင် လုပ်နိုင်တာလဲ?
ပြီးတော့ သူ့သားရဲက တော်တော်ကြီးကို စွမ်းတယ် !!
“ သူ့ဆီမှာ Sအဆင့် သားရဲထိန်းချုပ်ခြင်း စွမ်းရည် ရှိနေတာများလား? “ ကျောက်ဟုန်ရင်သည် တိတ်တဆိတ် အံ့ဩသွားခဲ့သည်။
သားရဲထိန်းချုပ်ခြင်း စွမ်းရည်ကသာလျှင် ဗီဇပြောင်း သားရဲများကို ထိန်းချုပ်နိုင်လေသည်။
သို့သော် ၎င်းမှာ အလွန်အမင်း ရှားပါးလှသော စွမ်းရည်တစ်ခု ဖြစ်သည်။
Sအဆင့်လား?
ထိုကဲ့သို့သော ဖြစ်ရပ်မျိုးသည် သမိုင်းကြောင်းတွင် တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်လာခဲ့ဖူးပေ။
“ ဒီနေရာက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ အတွင်းပိုင်း နယ်မြေလေ “ ရှုကျိုးသည် သူမ၏ အတွေးများကို ကြားဝင်နှောင့်ယှက်ကာ မေးမြန်းလိုက်သည် “ မင်းက ဒီနေရာမှာ ဘာလို့ တစ်ယောက်တည်း ရှိနေရတာလဲ? မင်းရဲ့ အသင်းဖော်ကရော ဘယ်မှာလဲ? “
“ အသင်းဖော် ……… “ ကျောက်ဟုန်ရင်၏ အသံသည် နိမ့်ဆင်းသွားခဲ့ပြီး၊ သူမ၏လက်သီးလေးများကို တင်းတင်းကြပ်ကြပ် ဆုပ်နေတော့သည်။
သူမသည် လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ ကျွန်မရဲ့ အသင်းဖော်နဲ့ ကွဲသွားတာ၊ ပြီးတော့ ကျွန်မရဲ့ သံလိုက်အိမ်မြှောက်ကလည်း ပျက်သွားပြီ “
“ ကျွန်မက ဦးတည်ချက်တစ်ဖက်တည်းကိုပဲ တည့်တည့်ပြေးလာခဲ့တာ ပြီးတော့ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ အတွင်းပိုင်းနယ်မြေထဲကို ဝင်လာမိတာပဲ “
ရှုကျိုးသည် အနည်းငယ် အံ့ဩသွားကာ သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည် “ မင်းရဲ့ အသင်းဖော်နဲ့ ဘယ်နေရာမှာ လူချင်းကွဲသွားခဲ့တာလဲ? “
“ ကုန်းမြင့်ဒေသမှာပါ “ဟု ကျောက်ဟုန်ရင်မှ ပြောလာခဲ့သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ရှုကျိုး၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ မင်းတို့က အဲ့ဒီအချိန်တုန်းက ဒုတိယအဆင့် ရွှေခြသေ့်နဲ့ ရင်ဆိုင်ခဲ့ရတာလား? “
ကျောက်ဟုန်ရင် အံ့ဩသွားခဲ့သည် “ ရှင်ဘယ်လိုသိတာလဲ? “
“ ငါနဲ့ ငါ့ရဲ့ အသင်းဖော်ကလည်း ကုန်းမြင့်ပိုင်းမှာ အဲ့ခြသေ့်နဲ့ တွေ့ခဲ့တယ် “ ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူရှိုက်ကာ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ အဲ့ဒီအချိန်တည်းက ငါ့ရဲ့ သံလိုက်အိမ်မြှောင် ပျက်သွားတာပဲ “
ကျောက်ဟုန်ရင်၏ လှပသော မျက်လုံးလေးများသည် အံ့ဩတကြီးဖြင့် ပြူးကျယ်သွားခဲ့သည်။
ထို့နောက်တွင် သူမသည် တစ်စုံတစ်ခုကို မှတ်မိသွားပြီး၊ အမြန် ပြောလာခဲ့သည် “ တားမြစ်နယ်မြေထဲက တစ်ချို့နေရာတွေမှာ သံလိုက်မုန်တိုင်း ဖြစ်နေတယ်တဲ့၊ ကုန်းမြင့်ပိုင်းကလည်း အဲ့လို ဖြစ်နေတာ ထင်တယ် “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ သံလိုက်အိမ်မြှောင် အစုတ်ကြောင့်လို့ ထင်နေခဲ့တာ၊ တကယ်တော့ တားမြစ်နယ်မြေကြောင့်ကိုး။
ကျောက်ဟုန်ရင်မှ သူ့ကို ကြည့်ကာ သိလိုစိတ်ဖြင့် မေးမြန်းလာခဲ့သည် “ ဆိုတော့၊ ရှင်က ဒီနေရာမှာ တစ်ယောက်တည်း ရှိနေတာလား? “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
“ ကျွန်မ ရှင်နဲ့ အဖွဲ့ဖွဲ့လို့ ရမလား? “ ကျောက်ဟုန်ရင်သည် သူမ၏နှုတ်ခမ်းလေးများကို ကိုက်ကာ ပြောလာခဲ့သည် “ ကျွန်မက ညဘက်မှာ ကင်းစောင့်ပေးလို့ ရပါတယ် “
“ ကင်းစောင့်ပေးမှာလား? “ ရှုကျိုးသည် သူမကို ကြည့်ကာ အနည်းငယ် အံ့ဩသွားခဲ့သည်။
ငါ့ဆီမှာ ရွှေတောင်ပံ T-Rexကြီး ရှိတယ်လေ၊ ကင်းစောင့်ပေးဖို့ လူလိုပါ့မလားဟ?
ရှုကျိုးသည် ရက်အတော်ကြာသည်အထိ မနားရသေးသည့်ပုံပေါ်ကာ ပင်ပန်းနေသည့် ကျောက်ဟုန်ရင်ကို ကြည့်လိုက်သည်။
“ မင်းက ငါ့ကို မင်းရဲ့ အစောင့်အရှောက်အဖြစ် လိုချင်နေတာမလား? “
ရှုကျိုးမှ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည် “ ကောင်းပြီလေ၊ မင်းက ငါ့ကို အကျိုးအမြတ်တစ်ချို့တော့ ပေးရမယ်။ ငါက လူတွေကို ဘာအကြောင်းပြချက်မှ မရှိဘဲ မကူညီဘူး “
“ အကျိုးအမြတ်လား? “ ကျောက်ဟုန်ရင်သည် သူမ၏နှုတ်ခမ်းလေးများကို ကိုက်နေခဲ့ပြီး၊ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် မပြတ်မသားဖြစ်နေသည့် အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။
အကယ်၍ အရေးတကြီး အနားယူရန် မလိုအပ်ဘူးဆိုပါက သူမသည် လူစိမ်းယောကျာ်းလေးတစ်ဦးဖြင့် အဖွဲ့ဖွဲ့နေမည် မဟုတ်ပေ။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်းနယ်မြေသည် အန္တရာယ်များဖြင့် ပြည့်နှက်နေခဲ့သောကြောင့် အဖွဲ့သားရှိနေခြင်းမှာ အလွန်အရေးပါနေခဲ့သည်။
တစ်ဖက်လူထံတွင် အလွန်ထူးခြားသည့် သားရဲထိန်းချုပ်ခြင်း စွမ်းရည် ရှိနေခဲ့သည်၊ ထိုစွမ်းရည် နိုးထခဲ့သည့် လူများသည် တိုက်ခိုက်ရေး စွမ်းအား အလွန်အားနည်းပြီး၊ စွမ်းအားအစစ်အမှန်သည် သူတို့၏ အိမ်မွေးသားရဲတိရစ္ဆာန်များထံတွင်သာ ရှိနေခဲ့သည်။
အကယ်၍ သူမတို့ကသာ အစွမ်းထက် သားရဲအုပ်နှင့် ရင်ဆိုင်နေရပြီး၊ အိမ်မွေးသားရဲတိရစ္ဆာန်က တစ်ခြားအကောင်များနှင့် သွားတိုက်နေသည့်အချိန်တွင် တစ်ဖက်လူသည် တိုက်ခိုက်ရေး စွမ်းအားများ လျော့ကျသွားလိမ့်မည်ဖြစ်ပြီး၊ ထိုအချိန်တွင် သူမသည် သူ့ကို ကာကွယ်ပေးနေရမည် ဖြစ်သည်။
သို့သော်လည်း သူမသည် တစ်ခဏခန့် အနားယူနိုင်ရန်အတွက် အဖော်တစ်ဦးရှိရန် မျှော်လင့်နေခဲ့သည်။
သူမ၏တွေဝေတုံ့ဆိုင်းမှုကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးမှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည် “ တကယ်လို့ မင်းမတတ်နိုင်ဘူးဆိုရင်လည်း၊ မေ့လိုက်ပါတော့ “
သူသည် သူမကို တစ်ကြိမ်ကယ်ခဲ့ပြီးပြီ ဖြစ်သည်၊ ယခုတွင် သူမမှ သူ့အား မည်သည့်အကျိုးအမြတ်မှ မပေးဘဲ အကူအညီတောင်းနေခဲ့လေသည်။
ထို့နောက်တွင် ရှုကျိုးသည် ထွက်သွားရန် ပြင်လိုက်သည်။
သို့ရာတွင် သူ၏စကားကို ကြားလိုက်ရပြီးသည့်နောက်တွင် ကျောက်ဟုန်ရင်သည် အနည်းငယ် ဒေါသထွက်သွားခဲ့သည်။
“ ငါမတတ်နိုင်ဘူးလို့ ဘယ်သူပြောတာလဲ !!! “
သူမသည် သူမ၏နှုတ်ခမ်းလေးများကို ကိုက်ကာ သူမ၏ကျောအိတ်ထဲမှ အဖြူရောင် သလင်းကျောက်သုံးခုကို ထုတ်ယူလိုက်သည်။
“ ဒီသားရဲအူတိုင်သုံးခုက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ဝင်လာခဲ့ပြီးတဲ့နောက်မှာ ကျွန်မ ရခဲ့တဲ့ အကြီးဆုံး အကျိုးအမြတ်တွေပဲ “ ကျောက်ဟုန်ရင်သည် မကျေမနပ်ဖြင့် ပြောလာခဲ့သည်။
“ သားရဲအူတိုင်လား? “ ရှုကျိုး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားတော့သည်။
သူသည် သားရဲအူတိုင်တစ်ခုကို ယွမ် သိန်းဂဏန်းဖြင့် ရောင်းချနိုင်သည်ဟု လီရို့ရှီမှ ပြောပြခဲ့ဖူးသည်ကို ကြားထားခဲ့သည်။
ယခုလက်ရှိ အချိန်အထိ သူသည် ထိုကဲ့သို့သော အရာများကို မမြင်ခဲ့ရပေ။
“ ဝေါင်းးး “
ထိုအခိုက်အတန့်တွင် သူတို့ ဘေးနားရှိ ရွှေတောင်ပံ T-Rexကြီးမှ ရုတ်တရက် ဟိန်းဟောက်လာခဲ့သည်။
၎င်းသည် ပုံဆောင်ခဲသုံးခုကို စူးစူးစိုက်စိုက် ကြည့်နေလျက်ရှိပြီး၊ ၎င်း၏ ကြီးမားသော မျက်လုံးကြီးထဲတွင် ၎င်းကို လိုချင်နေသည့် လိုအင်ဆန္ဒများ ရှိနေခဲ့သည်။
“ ကိုယ်ပွားက အဲ့တာကို စားချင်နေတာလား? “ ရှုကျိုးမှာလည်း ၎င်းကို ခံစားလိုက်ရသည်။
သားရဲအူတိုင်များသည် ရနံ့တစ်ခုကို ထုတ်လွှင့်နေလျက်ရှိပြီး၊ ၎င်းကို ရှူရှိုက်ခဲ့ပြီးသည့်နောက်၌ ရွှေတောင်ပံ T-Rexကြီးသည် ၎င်းအား အရသာရှိသော အစားအသောက်တစ်ခုကို မြင်နေရသကဲ့သို့ စိုက်ကြည့်လာခဲ့ကာ တံတွေးများပင် ကျလုမတတ် ဖြစ်သွားခဲ့သည်။
ကြည့်ရတာတော့ သားရဲအူတိုင်က တကယ့်ရတနာ ဖြစ်နေတဲ့ပုံပဲ။
“ ကောင်းပြီလေ၊ ငါနဲ့ လိုက်ခဲ့ “ ရှုကျိုးသည် သားရဲအူတိုင်များကို ယူလိုက်ပြီး မည်သည့် စကားမှ ထပ်မပြောတော့ဘဲ ရွှေတောင်ပံ T-Rexကြီးပေါ်သို့ ခုန်တက်သွားတော့သည်။
ကျောက်ဟုန်ရင်သည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းသွားခဲ့သည်၊ ထို့နောက်တွင် လျင်မြန်စွာ ခုန်တက်သွားလိုက်ရာ သူမ၏ ရှည်သွယ်သွယ် ခြေထောက်လေးများသည် ရွှေတောင်ပံ T-Rexကြီး၏ ကိုယ်ပေါ်သို့ ရောက်ရှိသွားခဲ့သည်။
“ ဝှစ် !! “
ရွှေတောင်ပံ T-Rexကြီးသည် လှိုဏ်ဂူထံသို့ ပျံသန်းသွားတော့သည်။
…
မိကျောင်းသားရဲ လှိုဏ်ဂူ၌
ကျောက်ဟုန်ရင်သည် ရွှေတောင်ပံ T-Rexကြီးပေါ်မှ ခုန်ဆင်းလာခဲ့ပြီး၊ လှိုဏ်ဂူအနီးတစ်ဝိုက်တွင် ရှိနေသည့် မိကျောင်းသားရဲများ၏ အရိုးများကို မြင်လိုက်ရသောအခါ၌ သူမ၏လှပသော မျက်နှာလေးပေါ်တွင် ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ ဒီလူက မိကျောင်းသားရဲ မျိုးနွယ်စုရဲ့ အသိုက်ကို လုယူခဲ့တာလား? “
၎င်းကို တွေးမိသွားသောအခါတွင် သူမ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
မိကျောင်းသားရဲ မျိုးနွယ်စုသည် အစွမ်းထက် အင်အားကြီး မျိုးနွယ်စုတစ်ခု မဟုတ်ပေ။
သို့သော် မိကျောင်းသားရဲခေါင်းဆောင်ကြီးသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် အလွန်နာမည်ကျော်လှသည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူဖွင့်လှစ်ခဲ့သည့် အချိန်တိုင်းတွင် သိုင်းပညာ တက္ကသိုလ်များမှ များစွာသော ကျောင်းသားကျောင်းသူများနှင့် ပြင်ပသိုင်းပညာရှင်များသည် ၎င်းကြောင့် အသက်ဆုံးရှုံးခဲ့ရလေ့ရှိသည်ဟု ဆိုကြသည်။
ကျောက်ဟုန်ရင်သည် မလှမ်းမကမ်းရှိ ရှုကျိုးကို ငေးကြည့်နေတော့သည်။
ရှုကျိုးသည် သူ၏အိမ်ထဲကို လမ်းလျှောက်ဝင်သွားရသကဲ့သို့ တည်တည်ငြိမ်ငြိမ်ဖြင့် လှိုဏ်ဂူထဲသို့ ဝင်သွားသည်ကို သူမ မြင်တွေ့သွားခဲ့သည်။
“ သူက မိကျောင်းသားရဲ မျိုးနွယ်စုရဲ့ အသိုက်ကို ဝင်စီးပြီးတော့ သိမ်းပိုက်ခဲ့တာလား? “
ကျောက်ဟုန်ရင်သည် မယုံကြည်နိုင် ဖြစ်နေလျက်ရှိသည် “ ဒီလူက ဘယ်သူလဲ? ဒီလို စွမ်းဆောင်ရည်နဲ့ သတ္တိမျိုးနဲ့ဆိုရင် သူက အတွင်းမြို့တော်မှာ နာမည်မကြီးဘူးဆိုတာက လုံးဝ မဖြစ်နိုင်ဘူး “
…………………………………………………………………………………………………………..
အပိုင်း ( 66 )
ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲ
ကျောက်ဟုန်ရင်သည် ရှုကျိုးနောက်သို့ လိုက်ကာ လှိုဏ်ဂူထဲသို့ ဝင်သွားတော့သည်။
“ အခု မင်း ဒီနေရာမှာ နားလို့ရတယ် “ ဟု ရှုကျိုးမှ ပြောလာခဲ့သည်။
“ ၅ကီလိုမီတာ အတွင်းကို ဘယ်သားရဲမှ ဝင်လာမှာ မဟုတ်ဘူး “
“ ကျေးဇူးတင်ပါတယ် “ ကျောက်ဟုန်ရင်မှ ခေါင်းငြိမ့်ပြလာခဲ့သည်။
ရှုကျိုးထွက်သွားခဲ့ပြီးသည့်နောက်၌ သူမသည် ကျောက်နံရံကို မှီ၍ ချက်ချင်းထိုင်ချလိုက်သည်။
ကျောက်ဟုန်ရင်ထံတွင် ရပ်သပ်ရှုမောဖွယ်ကောင်းသော အသွင်အပြင်ရှိသည်၊ သူမ၏ရုပ်ရည်သည် လီရို့ရှီနှင့် ကျန်းလန်တို့ကို မယှဥ်သော်လည်း သူမ၏ ခန္ဓာကိုယ် အမို့အမောက် အကွေ့အဝိုက်များသည် ထူးထူးခြားခြား လှပနေခဲ့သည်။
ထိုင်ချလိုက်သောအခါတွင် ပျက်စီးနေသည့် သူမ၏ အနီရောင် ချပ်ဝတ်တန်ဆာသည် အနည်းငယ် ကြွတက်သွားခဲ့ပြီး၊ နှင်းဖြူကျောက်စိမ်းကဲ့သို့သော ရှည်သွယ်သွယ် ခြေတစ်စုံ ပေါ်လွင်လာခဲ့သည်။
“ လန်လန် ဘယ်လိုနေနေမလဲဆိုတာကို ငါသိချင်မိတယ် “ ကျောက်ဟုန်ရင်၏ မျက်လုံးလေးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အငွေ့လေးများ တည်ရှိနေခဲ့သည်။
ဤရက်ပိုင်းအတွင်းတွင် လမ်းပျောက်နေခဲ့ရခြင်းသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် တစ်ကိုယ်တည်း ဖြစ်နေခြင်းက မည်မျှ အန္တရာယ်များလဲဆိုသည်ကို သူမအား နားလည်သွားစေခဲ့သည်။
သူမသည် ညတစ္ဆေများ၏ ပစ်မှတ်ထားခြင်းကို မခံခဲ့ရသည်အထိ ကံကောင်းနေခဲ့သည်။
သို့သော် ကျန်းလန်ဘက်တွင်ကား …….
သူမ၏ ကံကြမ္မာကို မသိရသေးပေ။
စိုးရိမ်ပူပန်စိတ်များနှင့်အတူ ကျောက်ဟုန်ရင်သည် တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။
…
လှိုဏ်ဂူဝင်ပေါက်တွင်
ရှုကျိုးသည် သိလိုစိတ်များဖြင့် သားရဲအူတိုင် သုံးခုကို ထုတ်ကြည့်နေလျက်ရှိသည်။
“ သားရဲအူတိုင်တွေက သားရဲနှလုံးတွေထပ် အဆပေါင်း ဒါဇင်နဲ့ချီပြီးတော့ ပိုတန်ဖိုး ရှိတယ်တဲ့ “ သူသည် အတွေးယာဥ်ကြောထဲတွင် နစ်မြုပ်နေတော့သည် “ တကယ်လို့ ငါ့ရဲ့ ကိုယ်ပွားကို အဲ့တာတွေကျွေးလိုက်မယ်ဆိုရင်၊ ဘယ်လောက်တောင် ဖွံ့ဖြိုးတိုးတက်သွားနိုင်မလဲ? “
ရွှေတောင်ပံ T-Rexကြီးက သားရဲအူတိုင်များကို မျှော်လင့်နေသည်ဆိုသည်ကို သူခံစားသိရှိနေခဲ့သည်။
သို့သော် ရှုကျိုးသည် အနည်းငယ် တွေဝေတုံ့ဆိုင်းနေခဲ့သည်။
သားရဲအူတိုင်များသည် အလွန်အဖိုးတန်ကာ၊ တန်ဖိုးကြီးလွန်းလှသည်။
ကျောက်ဟုန်ရင်၏ ပြောစကားများအရ အဆိုပါ သားရဲအူတိုင် တစ်ခုချင်းစီတိုင်းသည် ပထမအဆင့် အဆင့် ၃သားရဲများဆီမှ ရရှိခဲ့ခြင်းဖြစ်ပြီး၊ အနည်းဆုံးအနေဖြင့် ယွမ်တစ်သိန်းတန်လေသည်။
တကယ်လို့ ကိုယ်ပွားကသာ အဲ့တာတွေကို စားလိုက်မယ်ဆိုရင် ကီလိုဂရမ် ၃၀ ဆိုတဲ့ အကန့်အသတ်ကို ကျော်သွားပြီးတော့ အလေအလွင့် မဖြစ်သွားဘူးလား?
“ အရင်စားကြတာပေါ့ကွာ “ ရှုကျိုးသည် သားရဲအူတိုင်များကို ဘေးဖယ်ထားလိုက်ကာ ရွှေတောင်ပံ T-Rexကြီးကို ထိန်းချုပ်၍ စတင်၍ အစာကျွေးနေတော့သည်။
“ မိကျောင်းသားရဲ အသေကောင်တွေ ကုန်သွားတော့မယ် “ ရှုကျိုးသည် ဂူအနီးအနားတစ်ဝိုက်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်။
ပထမအဆင့် သားရဲကောင်တို့၏ အလောင်းများသည် လျင်မြန်စွာ မပုပ်သိုးသွားခဲ့ပေ၊ ဆယ်ရက်ကျော် ကြာခဲ့ပြီးသည့်နောက်မှာပင် လတ်လတ်ဆတ်ဆတ် ရှိနေသေးစဲဖြစ်သည်။
သို့သော် ယခုတွင် ရွှေတောင်ပံ T-Rexကြီး၏ အစားစားချင်စိတ်မှာ ပို၍ ကြီးမားလာခဲ့ပြီ ဖြစ်သည်။
၎င်းသည် တစ်နေ့လျှင် မိကျောင်းတစ်ကောင်လုံးနီးပါး စားသောက်နေပြီ ဖြစ်သည်။
ယခုတွင် စားနပ်ရိက္ခာများ လျော့ပါးနေခဲ့ပြီ ဖြစ်သည်။
“ ငါ အမဲလိုက်ဖို့ လိုလာပြီ “ ရှုကျိုးသည် ထိုကိစ္စနှင့်ပတ်သက်၍ များစွာ စိုးရိမ်ပူပန်မနေခဲ့ပေ။ ဤရက်များအတွင်း၌ သူသည် အုပ်စုနှင့်ကွဲကာ ပြန့်ကျဲနေလျက်ရှိသည့် သားရဲ အနည်းငယ်ကို ရှာတွေ့ထားခဲ့ပြီဖြစ်သည်။
“ အူးးးးး အူးးးး “
ရွှေတောင်ပံ T-Rexကြီးသည် မိကျောင်းသားရဲ၏ ပေါင်ကို ကိုက်ကာ ပျော်ပျော်ရွှင်ရွှင်ဖြင့် အားရပါးရ စားသောက်နေလျက်ရှိသည်။
ဆယ်မိနစ်ခန့် ကုန်ဆုံးသွားသည့်နောက်၌ ၎င်း၏ စားသောက်မှု ပြီးဆုံးသွားခဲ့သည်။
[ ချီ-သွေး + ၀.၅ ကယ်လိုရီ ]
[ အဆင့် + ၁၅% ]
…
“ ချီ-သွေးက ၀.၅ ကယ်လိုရီလေးပဲ ရတာလားဟ? “ ရှုကျိုး အနည်းငယ် အံ့ဩသွားခဲ့သည်။
ပုံမှန်ဆိုရင် တစ်ရက်ကို ချီ-သွေး ၃ကယ်လိုရီရပါတယ်ဟ၊ ဘယ်လိုလုပ်ပြီးတော့ ဒီလောက်တောင် နည်းသွားရတာလဲဟ?
သို့သော် နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင်
“ ဝုန်းးးး !! “
များပြားသော ချီ-သွေး စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝှေ့ဝင်ရောက်လာခဲ့ပြီး၊ သူ၏ အရှိန်အဝါသည် တစ်ဟုန်ထိုး မြင့်တက်သွားခဲ့သည်။
တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာခဲ့သည့် စွမ်းအားသည် သူ့စိတ်ဝိညာဥ်၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသည့်ပုံပေါ်ပြီး၊ ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
“ ဒီစွမ်းအားက ….. “ ရှုကျိုး၏ စိတ်များ တုန်လှုပ်သွားခဲ့သည်။
“ တော်တော်ကြီးကို အားကောင်းတာပဲ “
သူသည် လက်သီးကို ဆုပ်ကာ လွှဲရမ်းကြည့်ရန် ကြိုးပမ်းလိုက်သည်။
ဝှစ် !!!
ပြင်းထန်သော အားတစ်ခုသည် လေထုထဲတွင် ပဲ့တင်သံတစ်ခုကို ချန်ရစ်ထားခဲ့သည်။
“ ငါ့ရဲ့ လက်သီးထိုးချက်အားက အရင်တုန်းကနဲ့ ယှဥ်မယ်ဆိုရင် အနည်းဆုံး ၅၀ကီလိုဂရမ်လောက် တိုးတက်လာခဲ့တာပဲ “ ရှုကျိုးသည် တွေးတော စဥ်းစားကာ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
ချီ-သွေး ၀.၅ကယ်လိုရီလေးက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်တောင် တိုးတက်လာအောင် လုပ်နိုင်ရတာလဲ?
ယခင်က ချီ-သွေး ၁ကယ်လိုရီ တိုးလာခဲ့သည့် အချိန်တိုင်းတွင် လက်သီးစွမ်းအားက ၁၄ကီလိုဂရမ်သာလျှင် တိုးလာခဲ့သည်ဆိုသည်ကို သူသိနေခဲ့သည်။
“ အဲ့တာက ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းကြောင့်များလား? “
ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည် “ ချီ-သွေး ၁၅၀ ကယ်လိုရီကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ နောက်ထပ် တိုးတက်လာဖို့ဆိုတာက ပိုပြီးတော့ ခက်သွားပြီ၊ ဒါပင်မဲ့ တိုးလာတဲ့ဟာ တစ်ခုချင်းစီတိုင်းကလည်း အရင်ကဟာထပ် အဆပေါင်းများစွာ ပိုစွမ်းတယ် “
ထိုအခိုက်အတန့်တွင် ရှုကျိုးသည် အပြည့်အဝ နားလည်သွားခဲ့သည်။
ထို့နောက်တွင် ရှုကျိုး၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။
သူသည် စနစ်၏ မျက်နှာပြင်တွင် ရှိနေသည့် ချီ-သွေး ပမာဏက တဖြည်းဖြည်း လျော့ကျသွားနေသည်ကို သတိပြုမိသွားခဲ့သည်။
“ မဟုတ်ဘူး၊ ချီ-သွေးတွေ ပြန့်ကျဲနေတယ် “ ရှုကျိုးသည် အလျင်အမြန် တင်ပျဥ်ခွေထိုင်ကာ ယိုစိမ့်သွားသည့် ချီ-သွေးစွမ်းအင်များကို သူ၏ကိုယ်တွင်းသို့ ဖိသိပ်၍ ပြန်ထည့်နေတော့၏။
ချီ-သွေးက ၁၅၀ကယ်လိုရီအထိ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ၎င်းသည် လူသားတို့၏ အကန့်အသတ်များထပ် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ ဆက်၍ တိုးမြင့်လာနေဦးမည်ဆိုပါက ၎င်းသည် ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်သွားမည် ဖြစ်သည်။
ထို့ကြောင့် အဆက်မပြတ် ဖိနှိပ်ထားရန် လိုအပ်ပြီး၊ ပိုလျှံနေသည့် ချီ-သွေး စွမ်းအင်များကို ခန္ဓာကိုယ်ထဲတွင် စက်ဝိုင်းကဲ့သို့ တစ်ပတ်အပြည့် လည်ပတ်ခွင့်ပေးရမည် ဖြစ်သည်။
ထိုအခါမှသာလျှင် ၎င်းက အပြည့်အဝ တည်ငြိမ်သွားမည် ဖြစ်သည်။
ရှုကျိုး ကျင့်ကြံနေသည်နှင့်အမျှ သူ၏ချီ-သွေးသည် တဖြည်းဖြည်း ပြန်လည်မြင့်တက်လာခဲ့သည်။
အဆုံးတွင် ၎င်းသည် ၁၅၀.၅ ကယ်လိုရီတွင် တည်ငြိမ်သွားခဲ့သည်။
“ ဟူး “
ရှုကျိုးသည် သက်ပြင်းချကာ သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လာခဲ့သည်။
“ တစ်ရက်ကို ၀.၅ ကယ်လိုရီတိုးလာမယ် “ ရှုကျိုး၏ အကြည့်သည် တောက်ပနေခဲ့ပြီး၊ သူ၏ စိတ်မှာလည်း ကြည်လင်နေလျက်ရှိသည် “ ဒီနှုန်းအတိုင်းဆိုရင် ငါက ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို အောင်မြင်ဖို့ သိပ်မလိုတော့ဘူးပဲ “
“ အဲ့ဒီအချိန်ကျရင်၊ မိကျောင်းသားရဲ ခေါင်းဆောင်ကြီးကို ကိုင်တွယ်ဖို့ ငါက ယုံကြည်ချက် ပိုရှိနေသင့်ပြီ “
ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်း အဆင့်ကို အောင်မြင်သွားခြင်းသည် သူက အတွင်းပိုင်းနယ်မြေထဲသို့ ဆက်ဝင်သွားနိုင်မည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
ပထမအဆင့် အဆင့် ၅သားရဲအုပ်နှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ သူသည် ဘေးကင်းလုံခြုံစွာ ပြန်လည် ဆုတ်ခွာလာနိုင်မည် ဖြစ်သည်။
၎င်းသည် ရှုကျိုးက တစ်ခြားသော အဆင့်မြင့်သားရဲတစ်ကောင်၏ ပိုင်နက်ထဲသို့ ဝင်ရောက်သွား၍ အစွမ်းထက်သားရဲတစ်ကောင်ကို သတ်ရန်အတွက် နောက်တစ်ကောင်ကို အသုံးချရန် ကြိုးပမ်းနိုင်တော့မည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူရှိုက်၍ ၎င်းက သူပို၍ စွမ်းလာသောကြောင့် ဖြစ်လာရသည်ဆိုသည်ကို ကောင်းစွာနားလည်နေခဲ့သည်။
“ တောင်ဖြိုခွဲ ဆေဘာသိုင်းရဲ့ စတုတ္ထအဆင့်ကလည်း ငါ့လက်ထဲမှာ ရှိတယ် “ ရှုကျိုးသည် လက်သီးဆုပ်ကာ သူ့ကိုယ်သူ အားပေးနေတော့သည် “ လုပ်လိုက်ကြတာပေါ့ကွာ !! “
သူသည် ထန်ဓားကို ကောက်ကိုင်ကာ ဂူအပြင်ဘက်သို့ ထွက်သွားတော့သည်။
ဝှစ် !!
ဝှစ် !!
ဝှစ် !!
ဓားအလင်းတန်းများ ကခုန်နေလျက်ရှိသည်၊ တောက်ပသော ဓားအလင်းတန်းများသည် ကောင်းကင်ဘုံနှင့် မြေပြင်တို့ကို ထိုးစိုက်သွားခဲ့ပြီး၊ အံ့အားသင့်ဖွယ်ကောင်းသော အူသံများ ထုတ်လွှတ်လာခဲ့သည်။
ဤအချိန်တွင် ရှုကျိုး၏ ဆေဘာနည်းစနစ် တတိယအဆင့်သည် ပြီးပြည့်စုံနေခဲ့သည်။ တောင်ဖြိုခွဲ ဆေဘာသိုင်း၏ စတုတ္ထအဆင့်နှင့် ပါးလွှာသော မျဥ်းကြောင်းလေးတစ်ချောင်းမျှသာလျှင် ခြားနေတော့သည်။
…
သုံးနာရီ ကုန်ဆုံးသွားခဲ့သည့်နောက်၌
ရှုကျိုးသည် ထန်ဆေဘာကို သိမ်းလိုက်သည်၊ သို့သော် အနားယူရန် မရပ်တန့်ခဲ့ပေ၊ ထို့အစား တိမ်ခြေလှမ်းကို ဆက်လက်၍ လေ့ကျင့်နေလျက်ရှိသည်။
ယခုတွင် သူ၏တိမ်ခြေလှမ်းသည် ဒုတိယအဆင့်ဆီသို့ အောင်မြင်စွာ ရောက်ရှိလာခဲ့ပြီ ဖြစ်သော်လည်း ၎င်းသည် တတိယအဆင့်နှင့် အတော်လေး အလှမ်းကွာနေသေးစဲဖြစ်သည်။
ဆွစ်ရှ် !!
ဆွစ်ရှ် !!
ရှုကျိုး၏ ခြေလှမ်းများ ပြောင်းလဲသွားခဲ့ပြီး၊ သူ၏ပုံရိပ်သည် တောအုပ်ထဲတွင် အဆက်မပြတ် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေလျက်ရှိသည်။
…
တစ်ခဏခန့် မှေးနေခဲ့ပြီးသည့်နောက်၌ ကျောက်ဟုန်ရင်သည် ဂူပေါက်ဝဆီသို့ လမ်းလျှောက်ထွက်လာခဲ့သည်။
သူမသည် ရှုကျိုး၏ အဆက်မပြတ် ပြောင်းလဲနေသော ခြေလှမ်းများကို သတိပြုမိသွားပြီး၊ အနည်းငယ် အံ့ဩသွားခဲ့သည် “ ခြေလှမ်းသိုင်း ဒုတိယအဆင့်လား? ”
ချက်ချင်းဆိုသလိုပင် ကျောက်ဟုန်ရင်သည် သူမ၏ဦးခေါင်းကို ခါယမ်းကာ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေတော့သည် “ ကောလဟာလတွေလိုပါပဲ၊ သားရဲထိန်းချုပ်ခြင်း စွမ်းရည်နိုးထခဲ့တဲ့လူတွေက အဲ့လောက် အထင်ကြီးဖို့ မကောင်းဘူး “
“ အခုကြည့်ရတာတော့ Sအဆင့် သားရဲထိန်းချုပ်ခြင်း စွမ်းရည်ကလည်း အဲ့အတိုင်းပဲနဲ့ တူတယ်? “
အတွင်းမြို့တော်ထဲရှိ ပါရမီရှင် အများစုအတွက် တိုက်ခိုက်ရေး နည်းစနစ်နှစ်ခုကို တတိယအဆင့်ရောက်သည်အထိ ကျွမ်းကျင်နေမှသာလျှင် ပါရမီရှင်ဟု သတ်မှတ်လေ့ရှိကြသည်။
ကျောက်ဟုန်ရင်ကဲ့သို့ပင် သူမသည် အတွင်းမြို့တော်ထဲတွင် မထူးချွန်သော်လည်း၊ သူမ၏ တိုက်ခိုက်ရေး နည်းစနစ်နှစ်ခုသည် လွန်ခဲ့သော တစ်လခန့်ကပင် တတိယအဆင့်ဆီသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ရှုကျိုးသည် ခြေလှမ်းသိုင်း၏ ဒုတိယအဆင့်တွင်သာ ရှိနေခဲ့သောကြောင့် အနည်းငယ် အားနည်းလေသည်။
“ ငါက ဒီအကြောင်းကို ဘာလို့ တွေးမိနေရတာလဲ? “ ကျောက်ဟုန်ရင်သည် အပြုံးဖြင့် သူမ၏ဦးခေါင်းလေးကို ခါယမ်းနေတော့သည်။
တကယ်တမ်းတွင် သူမသည် သူမက မည်သည့်အတွက်ကြောင့် တွေးပူနေရလဲဆိုသည်ကို သိနေခဲ့သည်။
ယခင်က သူမ သေခြင်းတံခါးဝသို့ ရောက်နေခဲ့သည့် အချိန်တွင် အဆုံးမရှိသော ဆေဘာအလင်းတန်းများဖြင့် ကောင်းကင်ပေါ်မှ ဆင်းလာခဲ့သည့် ကောင်လေးသည် အမှန်တကယ် တောက်ပနေခဲ့သည်။
( ဒီနေရာမှာကျတော့ ဆေဘာအလင်းတန်းဆိုပြီး ဖြစ်သွားပါတယ်၊ ပလေးခံနေရပြီဗျို့ )
အတွင်းမြို့တော်မှ ထိပ်တန်းစွမ်းရည်ပိုင်ရှင်များကပင် သူမအား ထိုကဲ့သို့သော ခံစားချက်ကို မပေးစွမ်းနိုင်ခဲ့ပေ။
သို့သော် ယခုတွင် ရှုကျိုးက သူမ မျှော်မှန်းထားသည်လောက် မထူးချွန်ဘူးဆိုသည်ကို သူမ သိသွားခဲ့သည်၊ ထိုကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ကွာဟချက်မျိုး( မှန်းချက်နဲ့နှမ်းထွက် မကိုက်ဘူးဆိုတဲ့ သဘောပါ) သည် သူမ၏ စိတ်ခံစားချက်များကို ရှုပ်ထွေးသွားစေခဲ့ကာ စိတ်ပျက်လက်ပျက် ဖြစ်သွားစေခဲ့သည်။
…
ရှုကျိုးသည် ကျောက်ဟုန်ရင်၏ ထူးဆန်းသော စိတ်အခြေအနေကို လုံးဝ သတိမပြုမိခဲ့ပေ။
သူသည် လေ့ကျင့်ရေးထဲတွင်သာ နစ်မြုပ်နေလျက်ရှိပြီး၊ သူ၏တိမ်ခြေလှမ်းမှာလည်း တိုးတက်ပြီးရင်း တိုးတက်လာခဲ့သည်။
လေးနာရီကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ဘုံသည် တဖြည်းဖြည်းဖြင့် ထပ်မံ၍ မှောင်ကျလာပြန်သည်။
အဆုံးတွင် ရှုကျိုး၏ လေ့ကျင့်ခန်းမှာလည်း ရပ်တန့်သွားခဲ့သည်။
“ ငါ့ရဲ့ ကိုယ်ပွား ဆင့်ကဲပြောင်းလဲလာပြီးတဲ့နောက်မှာ ငါ့ရဲ့ တိမ်ခြေလှမ်း တိုးတက်မှုကလည်း တော်တော်လေး မြန်လာတာပဲ “ ရှုကျိုးမှ တွေးတော ဆင်ခြင်နေတော့သည် “ အဲ့တာက ကိုယ်ပွားက ပျံနိုင်လို့ကြောင့်များလား? “
တိမ်ခြေလှမ်း နည်းစနစ်သည် လေပေါ်တွင် တစ်ခဏခန့် နေနိုင်သည့် စွမ်းရည်ကို ပေးစွမ်းသည့် သိုင်းပညာတစ်ခုဖြစ်သည်။
ကောင်းကင်ပေါ်တွင် ပျံသန်းနေခဲ့ရသည့် အတွေ့အကြုံများကြောင့် ရှုကျိုးသည် အဆိုပါ နည်းစနစ်အား ပို၍ ထိုးထွင်းသိမြင် နားလည်သွားခဲ့သည်။
“ ငါ့ရဲ့ တိမ်ခြေလှမ်းက မကြာခင်မှာပဲ တတိယအဆင့်ကို ရောက်သွားတော့မယ်၊ အဲ့တာက ဒီရက်ပိုင်းအတွင်းမှာတောင် ဖြစ်နိုင်တယ် “ ရှုကျိုး၏ မျက်နှာပေါ်တွင် စိတ်ကျေနပ်နေသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
စဥ်ဆက်မပြတ် တိုးတက်မှုများကြောင့် ရရှိခဲ့သည့် အဆိုပါ ပျော်ရွှင်မှုများသည် မိကျောင်းသားရဲ ခေါင်းဆောင်ကြီး၏ အန္တရာယ်ကိုပင် တစ်ခဏခန့် မေ့လျော့သွားစေခဲ့သည်။
…
နေ့ရက်များ ကျော်လွန်လာသည်နှင့်အမျှ ရှုကျိုးသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ ဒေသခံတစ်ဦးကဲ့သို့ ဖြစ်လာသည့်ပုံပင်။
သူ၏ နေ့စဥ်အလုပ်သည် ကျင့်ကြံခြင်း၊ လူရှာခြင်းနှင့် ကျင့်ကြံခြင်းတို့ပင် ဖြစ်သည်။
သို့သော် ယခုလက်ရှိအချိန်အထိ ရှုကျိုးသည် သိုင်းပညာ တက္ကသိုလ်များမှ မည်သည့် ကျောင်းသူကျောင်းသားကိုမှ ရှာမတွေ့သေးပေ။
၎င်းကြောင့် ရှုကျိုးသည် ပို၍ စိတ်မသက်မသာ ဖြစ်နေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ငါးရက်တာ ကုန်ဆုံးသွားခဲ့သည်။
…
ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် အတွင်း၌
မီတာ ၂၀ကျော် ရှည်လျားပြီး၊ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှင့်နေသည့် မိကျောင်းသားရဲ ခေါင်းဆောင်ကြီးသည် ကြမ်းပြင်ပေါ်တွင် ခွေကာ မျက်လုံးများ ပိတ်နေလျက်ရှိသည်။
ဤရက်များအတွင်းတွင် ၎င်းသည် ကြီးမားသော စွမ်းအင် ပမာဏကို အသုံးပြုကာ ၎င်း၏ပတ်ဝန်းကျင်ကို တိုက်ခိုက်နေခဲ့သည်။
သို့သော် ၎င်းသည် ဤနေရာလွတ်ထဲတွင် ဗီဇပြောင်းသားရဲ အလောင်းအနည်းငယ်ကိုပါ တွေ့ရှိခဲ့သောကြောင့် အံ့ဩသွားခဲ့သည်။
၎င်းသည် ထိုအရာများကို အသုံးပြု၍ ၎င်း၏စွမ်းအား အနည်းငယ်မျှကိုသာ ပြန်လည်ဖြည့်တင်းနိုင်ဲခ့သည်။
“ ဝှစ် “
မိကျောင်းသားရဲ ခေါင်းဆောင်ကြီးသည် ၎င်း၏ မျက်လုံးများကို ဖွင့်ကာ ဟင်းလင်းပြင် နေရာလွတ်ကို စိုက်ကြည့်လာခဲ့သည်။
၎င်း၏ မျက်လုံးများထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည် “ လူမသားလေး၊ မကြာခင်မှာပဲ ငါထွက်လာတော့မှာ …… “
ရက်အတော်ကြာ မဆုတ်မနစ် သောင်းကျန်းခဲ့ပြီးသည့်နောက်၌ ၎င်းသည် ဤနေရာက မတည်ငြိမ်တော့ဘူးဆိုသည်ကို ခံစားသိရှိနေခဲ့သည်။
၎င်းသည် အများဆုံးအနေဖြင့် နှစ်ရက်အတွင်းတွင် ချုပ်နှောင်မှုမှ ဖောက်ထွက်ကာ အပြင်ဘက် ကမ္ဘာဆီသို့ ပြန်သွားနိုင်တော့မည် ဖြစ်သည်။
ထို့နောက်တွင် ၎င်းသည် အဆိုပါ လူမသားအား အဆုံးမဲ့သော နာကျင်မှု ဝေဒနာများကို ခံစားသွားရစေပြီးမှ အသေသတ်မည် ဖြစ်သည်။
မိကျောင်းသားရဲကြီး၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ဒေါသမီးလျှံများဖြင့် ပြည့်နှက်နေခဲ့သည်။
…
မိကျောင်း လှိုဏ်ဂူအတွင်း၌
[ သတိပေးချက်!
ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်သည် ပြင်းထန်သော ဖိအားများအောက်သို့ ရောက်ရှိနေပါသည် ]
[ ဖိအား၏ ပြင်းအားကို အခြေခံရခြင်းဖြင့် ၎င်းသည် အများဆုံးအနေဖြင့် နှစ်ရက်သာ တောင့်ခံထားနိုင်တော့မည် ဖြစ်သည် ]
“ နှစ်ရက်ပဲ ကျန်တော့တာလား? “
လှိုဏ်ဂူထဲရှိ ရှုကျိုးသည် စနစ်၏ သတိပေးချက်ကို ကြည့်ပြီး၊ အထိတ်တလန့် ဖြစ်သွားတော့သည်။
ကျောက်ဟုန်ရင်ထံမှတစ်ဆင့် သူသည် အဆိုပါ မိကျောင်းခေါင်းဆောင် သားရဲကြီးက သူထင်ထားသည်ထပ် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်ဆိုသည်ကို သိရှိခဲ့ရသည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူဖွင့်ခဲ့သည့် အချိန်တိုင်းတွင် သိုင်းပညာ တက္ကသိုလ်များမှ များစွာသော ကျောင်းသားကျောင်းသူများသည် ၎င်း၏လက်သည်းအောက်တွင် အသက်ပျောက်ခဲ့ရလေသည်။
“ တကယ်လို့ ငါက သိုင်းပညာ တက္ကသိုလ်က ကျောင်းသားကျောင်းသူ ဒါမှမဟုတ် ပြင်ပသိုင်းပညာရှင်ကို ရှာတွေ့မယ်ဆိုရင်တောင်မှ သူတို့က ငါ့ကို ကူညီနိုင်မှာ မဟုတ်ဘူး “
ရှုကျိုးသည် သက်ပြင်းတချချ ဖြစ်နေတော့သည်၊ သူသည် ဤငရဲကို ယခင်ကတည်းက သတိပြုမိထားခဲ့ပြီ ဖြစ်သည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ ဝင်လာခဲ့သည့် လူများကြားတွင် တတိယအဆင့် သိုင်းပညာရှင် တစ်ဦးမှ မပါပေ။
အမြင့်ဆုံးအနေဖြင့် ဒုတိယအဆင့် သိုင်းပညာရှင်များသာ ပါဝင်လေသည်။
ထိုပညာရှင်များ ပူးပေါင်း၍ လုပ်ဆောင်မည်ဆိုလျှင်တောင်မှ အဆိုပါ မိကျောင်းသားရဲ ခေါင်းဆောင်ကြီးကို ကိုင်တွယ်နိုင်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။
“ တစ်ကြိမ်မှာ တစ်လှမ်းချင်း သွားကြတာပေါ့ကွာ “ ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်ပြီး စိတ်ဓာတ်ကျနေသည့် အခြေအနေမှ ရုန်းထွက်လာခဲ့သည်။
ရှေ့ဆက်လျှောက်နိုင်မဲ့ လမ်းရှိပါတော့မလား?
ရှုကျိုးသည် ပုံဆောင်ခဲကဲ့သို့ ကြည်လင်နေသည့် သားရဲပုံဆောင်ခဲ သုံးခုကို ထုတ်ယူလိုက်သည်၊ နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ၎င်းတို့အားလုံးကို ရွှေတောင်ပံ T-Rexကြီးကို ကျွေးလိုက်သည်။
စားစား၊ ညီလေးစား
သူ၏ အသက်သည် ကြိုးတစ်ချောင်းပေါ်တွင် ရှိနေပြီ ဖြစ်သောကြောင့် ၎င်းတို့အား မည်သည့်အတွက်ကြောင့် သိမ်းထားသင့်တော့မည်နည်း?
“ ဝူးးး ရွှတ် “
ရွှေတောင်ပံ T-Rexကြီးသည် ၎င်း၏ ပါးစပ်ကြီးကို ဟကာ သားရဲအူတိုင်သုံးခုစလုံးကို မြိုချလိုက်တော့သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှ အကြာတွင် ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
………………………………………………………………………………………………………