အခန်း (၆၇-၆၉)
Vol. 5 Ch. 67-69
အပိုင်း ( 67 )
ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်း
သားရဲအူတိုင်သုံးခုသည် ရွှေတောင်ပံ T-Rexကြီး၏ အစာပြွန်မှတစ်ဆင့် ၎င်း၏ အစာအိမ်ထဲသို့ တိုးဝင်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် အံ့ဩဖွယ်ကောင်းလောက်အောင် ပြင်းထန်သော စွမ်းအားများ တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။
ရှုကျိုးသည် အဆိုပါ သားရဲအူတိုင်သုံးခုက ရေစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ရွှေတောင်ပံ T-Rexကြီး၏ တစ်ကိုယ်လုံးကို ဆေးကြောကာ၊ ခြင်ဆီများထဲသို့ စိမ့်ဝင်၍ အရိုးများကို သန့်စင်ပေးနေသည်ဟု ရှင်းရှင်းလင်းလင်း ခံစားသိရှိနေခဲ့ရသည်။
တစ်ချိန်တည်းမှာပင် ကြီးမားသော အနွေးစီးကြောင်းတစ်ခုသည် သူ၏မူလခန္ဓာကိုယ်ထဲသို့ တိုးဝှေ့ဝင်ရောက်လာခဲ့သည်။
ချီ-သွေးစွမ်းအင်များ လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
“ ဒါက …… “ ရှုကျိုး အံ့ဩတုန်လှုပ်သွားတော့သည်။
၎င်းသည် ကိုယ်ပွားက ကျင့်ကြံရေး ဆေးရည်များကို သောက်သုံးခဲ့သည့် အချိန်က ရရှိခဲ့သည့် ခံစားချက်နှင့် အနည်းငယ် တူညီနေခဲ့သည်။
သူသည် အံ့ဩတုန်လှုပ်မှုများနှင့်အတူ တိတ်တဆိတ် စောင့်ဆိုင်းနေတော့သည်။
ဆယ်မိနစ် ကုန်ဆုံးသွားသည့်နောက်၌ အရာအားလုံး တိတ်ဆိတ်ငြိမ်ကျသွားခဲ့သည်။
[ ချီ-သွေး + ၃ ကယ်လိုရီ ]
[ အဆင့် + ၃၀% ]
ချီ-သွေး : ၁၆၀ ကယ်လိုရီ
အဆင့် : ပထမအဆင့် အဆင့် ၄ ( ၈၅% )
…
“ ချီ-သွေးက ၃ကယ်လိုရီကြီးတောင် တိုးလာတယ်ပေါ့ “ ရှုကျိုးသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်ရန် ပြင်လိုက်ပြီးမှ ရုတ်တရက် အေးခဲသွားခဲ့သည်။
နေပါဦး၊ ၃ကယ်လိုရီလား?
သူ၏ ချီ-သွေးက ၁၅၀ ကယ်လိုရီသို့ ရောက်လာခဲ့သည့် အချိန်မှစ၍ သူ၏ နေ့စဥ်တိုးတက်မှု အကန့်အသတ်သည် ၀.၅ ကယ်လိုရီမျှသာ ဖြစ်သွားခဲ့သည်။
ဤသည်မှာ သူက အဆိုပါ ကန့်သတ်မှုကို ပထမဦးဆုံး အကြိမ်အဖြစ် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။
ရှုကျိုးသည် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး၊ ကိုယ်ပွား၏ အလေးချိန်ကို လျင်မြန်စွာ စစ်ဆေးလိုက်သည်။
“ ထင်ထားတဲ့အတိုင်းပဲ အလေးချိန်က မပြောင်းလဲသွားဘူး “ ရှုကျိုး အံ့အားသင့်သွားတော့သည် “ သားရဲအူတိုင်တွေက ကျင့်ကြံရေး ဆေးရည်တွေရဲ့ အကျိုးသက်ရောက်မှုနဲ့ တူနေပြီးတော့ အကန့်အသတ်မရှိ တိုးတက်အောင် လုပ်ပေးနိုင်တာများလား? “
ဤတစ်ကြိမ်တွင် သူသည် သားရဲအူတိုင်များက မည်သည့်အတွက်ကြောင့် များစွာ အဖိုးတန်နေရလဲဆိုသည်ကို နားလည်သွားခဲ့သည်။
၎င်းတို့က အလွန်အမင်း ရှားပါးလွန်းသောကြောင့်သာလျှင် မဟုတ်ပေ။
သူသည် အဆိုပါ သားရဲအူတိုင်များထံတွင် သန့်စင်ထားသော ဆေးလုံးများကဲ့သို့ မည်သည့်အညစ်အကြေးမှ မရှိသည့် ချီ-သွေး စွမ်းအင်များဖြင့် ပြည့်နှက်နေသည်ဟု မှန်းဆမိနေခဲ့သည်။
“ ဒါပင်မဲ့ လူတွေကတော့ အဲ့တာကို တိုက်ရိုက်ကြီး မစားသင့်ဘူး “ ရှုကျိုးမှ စဥ်းစားဆင်ခြင်နေလျက်ရှိသည် “ တိကျသေချာတဲ့ ပြင်ဆင်မှု ဒါမှမဟုတ် တစ်ခုခုကို လိုအပ်တဲ့ပုံပဲ “
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ကျောက်ဟုန်ရင်သည် ၎င်းတို့ကို သိမ်းထားကာ အလှကြည့်နေခဲ့လိမ့်မည် မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် ထိုကဲ့သို့သော ကိစ္စများသည် ရှုကျိုးအတွက် ပြဿနာတစ်ရပ် ဖြစ်မနေခဲ့ဘဲ၊ သူ၏ ချီ-သွေးကိုပင် ၃ကယ်လိုရီအပြည့် တိုးတက်သွားစေခဲ့သည်။
“ ကောင်းတယ် “ ရှုကျိုး ဝမ်းသာပီတိ ဖြစ်သွားခဲ့သည် “ ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်း အဆင့်ကို ရောက်ဖို့အတွက် ရက်နည်းနည်းလောက် ထပ်စောင့်ရဦးမယ်လို့ ငါထင်နေခဲ့တာ၊ ဒါပင်မဲ့ အခုတော့ ငါက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီနေပြီ “
ရှုကျိုးသည် စနစ်၏မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။
အိမ်ရှင် : ရှုကျိုး
ချီ-သွေး : ၁၆၀ ကယ်လိုရီ
စိတ်ဝိညာဥ် : 30Hz
ကိုယ်ပွား : ရွှေတောင်ပံ T-Rex
အဆင့် : ပထမအဆင့် အဆင့် ၄ ( ၈၅% )
အသားတင် အလေးချိန် : ၁၃၃၈.၅ ကီလိုဂရမ်
စွမ်းရည် : တစ်နေ့လျှင် ၃၀ကီလိုဂရမ် ရရှိခြင်း ( အကန့်အသတ် )၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း ( ac )၊ ခုန်ဆင်းခြင်း ( pas )
ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ်အကန့်အသတ်သို့ ရောက်ရှိလာသောအခါတွင် ဆင့်ကဲပြောင်းလဲမည်
ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် : ၁၀၀၀ကုဗမီတာ
…
၁၅ရက်တာ ကုန်ဆုံးလာခဲ့ပြီသည့်နောက်တွင် ရွှေတောင်ပံ T-Rexကြီးသည် ပထမအဆင့် အဆင့် ၄အထိ အဆင့်တက်လာခဲ့ပြီဖြစ်ပြီး၊ ၎င်းသည် အလယ်အလတ် ပထမအဆင့် သိုင်းပညာရှင်တစ်ဦးနှင့် ညီမျှနေခဲ့ပြီ ဖြစ်သည်။
အစပိုင်းတွင် ၎င်း၏ အဆင့်သည် ၁၅% တိုးတက်လာခဲ့ရာတွင်၊ မူလကိုယ်၏ ချီ-သွေးသည် ၀.၅ ကယ်လိုရီသာလျှင် တိုးတက်ခဲ့သည်။
ယခုတွင်ကား တူညီသော ချီ-သွေးစွမ်းအင်ကို ရရှိရန်အတွက် ၎င်း၏ အဆင့်က ၅%သာလျှင် တိုးတက်လာရန် လိုအပ်တော့ပေသည်။
ရှုကျိုးသည် စနစ်၏ မျက်နှာပြင်ကို ကြည့်လိုက်ပြီး လျင်မြန်စွာ တင်ပျဥ်ခွေ ထိုင်လိုက်သည်။
“ ချီ-သွေးက ၁၆၀ ကယ်လိုရီကို ရောက်တာနဲ့ ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းကို စလို့ရပြီ “
ရှုကျိုး၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလျက်ရှိသည် “ ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်း အောက်မြင်သွားတာနဲ့၊ ချီ-သွေး စွမ်းအင်က စက်ဝိုင်းကြီးတစ်ခုအဖြစ် ပြောင်းသွားပြီးတော့ ခြေလက်တွေနဲ့ ရိုတွင်းခြင်ဆီတွေကို အားဖြည့်ပေးပြီးတော့ အလားအလာကို မြှင့်တင်ပေးတယ် “
အားဖြည့်ခြင်း !!
ထို့ကြောင့်ပင် ပါရမီရှင်တို့သည် ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းကို ချက်ချင်း မထိုးဖောက်ဘဲ ရပ်တန့်နေခဲ့ခြင်း ဖြစ်သည်။
အားဖြည့်ချိန် ပိုကြာလေလေ၊ အလားအလာက ပို၍ ကြီးမား၊ တိုးတက်လေလေပင် ဖြစ်သည်။
“ စလိုက်ကြတာပေါ့ “
ရှုကျိုးသည် သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး၊ ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းကို စတင်၍ လုပ်ဆောင်တော့လေသည်။
“ ဗွီ !! “
အစွမ်းထက် ချီ-သွေး စွမ်းအင်လှိုင်းသည် သူ၏ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။
ဖိနှိပ်ခံထားရသည့် ချီ-သွေး စွမ်းအင်များ ပြေလျော့သွားခဲ့သည်၊ ရှုကျိုးသည် ၎င်းကို သူ၏ခန္ဓာကိုယ်ထဲရှိ မရီဒန်လမ်းကြောင်းများအတိုင်း လှည့်ပတ်စီးဆင်းသွားစေရန် တွန်းအားပေးနေလျက်ရှိသည်။
ရှုကျိုးသည် ချီ-သွေးစွမ်းအင်တိုင်းကို သိပ်သည်းသွားစေပြီး၊ ထိုလုပ်ငန်းစဥ်ကို ထပ်ခါတလဲလဲ ပြုလုပ်နေတော့သည်။
ချီ-သွေးစွမ်းအင်များကို ခြင်ဆီများ၊ ခြေလက်များနှင့် အရိုးများဆီသို့ ထိုးဖောက်ဝင်ရောက်ခွင့်ပြုနေခဲ့သည်။
…
နာရီဝက်
တစ်နာရီ
နှစ်နာရီ
ရှုကျိုးမှ ချီ-သွေး၏ နောက်ဆုံးသော စွမ်းအင်လှိုင်းကို လည်ပင်းရိုးထဲတွင် သိပ်သည်းစေလိုက်သည့် အချိန်၌၊ သူ၏ကိုယ်ရောင်ကိုယ်ဝါသည် ရုတ်တရက် ပြင်းထန်လာခဲ့သည်။
ဝှစ် ဝှစ် ဝှစ် …….
ချီ-သွေး စွမ်းအင်များသည် အထက်သို့ တစ်လွှာပြီးတစ်လွှာ မြင့်တက်လာခဲ့သည်။
အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သောအခါတွင်
“ ဝုန်းးးးး !!! “
ကြီးမားသော ချီ-သွေးလှိုင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
ရှုကျိုးသည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လာခဲ့သည်။
“ အောင်မြင်သွားပြီ “
ရှုကျိုးသည် လက်သီးများကို ဆုပ်ကာ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်သည်။
ရှုကျိုးသည် ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီးသည့်နောက်တွင် အပြောင်းအလဲများ ကြီးမားနေသည်ကို ခံစားနေနိုင်ခဲ့သည်။
စနစ်၏မျက်နှာပြင်တွင် ရှိနေသည့် ချီ-သွေးနှင့် စိတ်ဝိညာဥ်တို့၏ ပမာဏများက မပြောင်းလဲသွားခဲ့သော်လည်း အကယ်၍ ယခုတွင် သူကသာ သူ၏လက်သီးထိုးချက် စွမ်းအားကို စမ်းသပ်ကြည့်မည်ဆိုပါက ၎င်းသည် ပထမအကြိမ် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကထပ် ကီလိုဂရမ် ရာနှင့်ချီ၍ ပိုများနေလိမ့်မည် ဖြစ်သည်။
ရှုကျိုးသည် လက်သီးထိုးချက်ကို ပြုလုပ်ရန် ကြိုးပမ်းလိုက်သည်။
“ စခရီးးးးး !!! “
ကြောက်မက်ဖွယ်ကောင်းသော အားတစ်ခုသည် လေထုကို လျင်မြန်စွာ ဖိနှိပ်လာခဲ့ပြီး၊ ခြောက်ခြားဖွယ်ကောင်းသော အသံတစ်သံကို ထုတ်လွှတ်လာခဲ့သည်။
“ ဒါက ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းလား? “ ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည် “ တကယ် စွမ်းတာပဲ “
သူသည် မတ်တပ်ထရပ်ကာ၊ သူ၏ချီ-သွေးများကို ပြန်၍ ရုတ်သိမ်းလိုက်သည်။
“ အခုတော့ ရွှေတောင်ပံ T-Rexနဲ့ကိုယ်ပွားနဲ့ဆိုရင် ပထမအဆင့် အဆင့် ၆သားရဲနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင်မှ ငါ အနိုင်ရဖို့ အခွင့်အရေး ရှိလာပြီ “
ရှုကျိုး တွေးတော စဥ်းစားနေတော့သည် “ စမ်းကြည့်လို့ရတာပဲလေ “
ဤရက်များအတွင်းတွင် သူသည် အနီးအနားရှိ နယ်မြေများကို အဆက်မပြတ် စူးစမ်းလေ့လာနေခဲ့ပြီး၊ အဝေးဆုံးအနေဖြင့် ကီလိုမီတာ ၁၀၀အထိ ရောက်ရှိသွားခဲ့သည်။
ညမမှောင်ခင် ပြန်မလာနိုင်မည်ကို စိုးရိမ်နေခဲ့သောကြောင့် သူသည် ထို့ထပ်ပို၍ မစူးစမ်းခဲ့ပေ။
သို့သော် ယခုတွင်ကား ရှုကျိုးသည် သူက မှောင်နေသည့် ပတ်ဝန်းကျင်ကိုပင် ကိုင်တွယ်နိုင်တော့မည်ဟု ယုံကြည်ချက်ပိုရှိလာခဲ့သည်။
“ ဒုတိယအဆင့် အထက်က သားရဲတွေနဲ့သာ မတွေ့သရွေ့ ဘာပြဿနာမှ မရှိဘူး “ ရှုကျိုးမှ တွေးတော စဥ်းစားနေခဲ့သည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်းနယ်မြေထဲမှာပင် ဒုတိယအဆင့်သားရဲများသည် နေရာအနှံ့တွင် ရှိမနေခဲ့ပေ။
အများဆုံး တွေ့ရသော ဗီဇပြောင်းသားရဲများသည် ပထမအဆင့် အဆင့် ၄သားရဲများသာလျှင် ဖြစ်သည်။
…
လှိုဏ်ဂူအပြင်၌ နှင်းဖြူရောင် ခြေတံများဖြင့် ချစ်စဖွယ်ကောင်းသော မိန်းကလေးတစ်ဦးသည် ဂူထဲသို့ အပြေးအလွှား ဝင်ရောက်လာခဲ့သည်။
“ငါ တစ်ယောက်ယောက်ကို တွေ့လိုက်တယ် “
ကျောက်ဟုန်ရင်သည် အဝေးမှ အော်ပြောလာခဲ့သည်။
ဂူအတွင်းရှိ ရှုကျိုး၏ အမူအရာ ပြောင်းလဲသွားပြီး၊ ချက်ချင်း ထထွက်သွားတော့သည်။
“ ဘယ်ဘက်မှာလဲ? “
“ အရှေ့ဘက်မှာ “ ကျောက်ဟုန်ရင်သည် အမောတကောဖြင့် ပြောလာခဲ့သည် “ မိုင်တစ်ရာကျော် အကွာလောက်မှာ သိုင်းပညာရှင်တစ်ချို့က အရှေ့ဘက်ကို သွားနေကြတယ်၊ သူ့တို့ရဲ့ အငွေ့အသက်တွေအရဆိုရင်တော့ သူတို့က ဒုတိယအဆင့်အထက်က သိုင်းပညာရှင်တွေပဲ ဖြစ်သင့်တယ် “
ဒုတိယအဆင့် အထက်ကလား?
ဒါဆိုရင် တတိယအဆင့်တွေ ဖြစ်နေနိုင်တာပေါ့?
ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်၊ သို့သော် သူသည် အလောတကြီး မေးမြန်းလိုက်သည် “ ဘယ်နှယောက်လောက် ရှိလဲ? “
“ လေးယောက်နဲ့အထက်ပဲ “ ဟု ကျောက်ဟုန်ရင်မှ ပြန်ဖြေလာခဲ့သည်။
“ လေးယောက်နဲ့အထက်လား? “ ရှုကျိုး မျက်မှောင်ကြုတ်သွားခဲ့သည်၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ ရောက်လာသော လူများသည် အဖွဲ့များဖွဲ့၍ ဝင်လာခဲ့ကြသော်လည်း လူလေးဦးအထက်ရှိသည့် အဖွဲ့ကား မရှိသလောက်နီးပါး ရှားပါးလွန်းလှသည်။
ရှုကျိုး အလွန်သတိကြီးနေရသည်မှာ အံ့ဩဖွယ်ရာ မဟုတ်ပေ၊ ချောင်ရုံသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် အန္တရာယ်အရှိဆုံး အရာမှာ ဗီဇပြောင်းသားရဲများ မဟုတ်ဘဲ လူသားတို့သာ ဖြစ်သည်ဟု ပြောခဲ့ဖူးလေသည်။
လေးယောက်နှင့်အထက်ရှိနေသည့် ဒုတိယအဆင့်အထက်မှ သိုင်းပညာရှင်တစ်စုသည် ပုံမှန် မဟုတ်ပေ။
အမှောင်သိုင်းပညာရှင်တွေများလား?
ရှုကျိုးသည် တလေးတနက် ဖြစ်နေခဲ့သည်၊ သို့သော် သူသည် သိပ်မကြာခင်မှာပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည် “ သွားကြစို့ “
မည်သို့ပင်ဆိုစေကာမူ အစွမ်းထက် သိုင်းပညာရှင်များကို မြင်တွေ့ရသည်မှာ အလွန်ရှားပါးနေခဲ့သောကြောင့် သူသည် အဆိုပါ အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။
အကယ်၍ ထိုလူများက အမှောင်သိုင်းပညာရှင်များ ဖြစ်နေမည်ဆိုလျှင်တောင်မှ သူသည် သူတို့ကို ကိုင်တွယ်ရန်အတွက် တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်မည် ဖြစ်သည်။
ရှုကျိုးမှ သူ၏လက်ကို ဝေ့ယမ်းလိုက်ရာ ၇မီတာရှည်လျားပြီး ၃.၅မီတာမြင့်သည့် ရွှေတောင်ပံ T-Rexကြီး ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
သူသည် ၎င်း၏ကျောပေါ်သို့ ကျောက်ဟုန်ရင်နှင့် အတူတကွ ခုန်တက်လိုက်သည်။
“ ဝှစ် !! “
T-Rexကြီးသည် ၎င်း၏တောင်ပံများကို ဖြန့်ကာ အရှေ့ဘက်သို့ ပျံသန်းသွားတော့သည်။
…
“ ဝှစ် !! “
အရိပ်တစ်ခုသည် ကောင်းကင်ပေါ်တွင် ပျံ့လွင့်နေလျက်ရှိသည်။
ရွှေတောင်ပံ T-Rexကြီးသည် ၁၀မီတာ ရှည်လျားသည့် ၎င်း၏ တောင်ပံများကို ခတ်ကာ အနိမ့်ပိုင်းတွင် ပျံသန်းနေခဲ့သည်။
“ ဒီလမ်းဆိုတာ သေချာရဲ့လား? “ ရှုကျိုးသည် ခေါင်းလှည့်ကာ သူ့နောက်ရှိ ချစ်စဖွယ်ကောင်းသော ကောင်မလေးကို လှည့်ကြည့်လိုက်သည်။
သူတို့သည် ကီလိုမီတာ ၂၀၀ကျော်အထိ ပျံသန်းလာခဲ့ပြီးပြီ ဖြစ်သော်လည်း မည်သည့်သိုင်းပညာရှင်၏ အရိပ်အယောင်ကိုမှ ရှာမတွေ့ခဲ့ပေ။
ကျောက်ဟုန်ရင်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ သူတို့က အရှေ့ဘက်ကို သွားနေကြတာ ဒါပင်မဲ့ အဲ့ဒီနောက်မှာတော့ ဘယ်ဘက်ကို သွားလဲ ငါမသိဘူး “
ရှုကျိုးသည် ဘာမှ ထပ်မပြောတော့ဘဲ၊ ရွှေတောင်ပံ T-Rexကြီးကို ထိန်းချုပ်ရန်အတွက် သူ၏ စိတ်အာရုံများစုကို ခွဲခြမ်းလိုက်သည်။
ယခုလက်ရှိ ရွှေတောင်ပံ T-Rexကြီးထံတွင် အလွန်စူးရှ ထက်မြက်သော မျက်လုံးများ ရှိပြီး၊ ကီလိုမီတာပေါင်း များစွာကွာဝေးသော နေရာမှ သစ်ပင်များကို မြင်တွေ့နေနိုင်ပြီ ဖြစ်သည်။
ဆယ်ကီလိုမီတာ အကွာအဝေးအတွင်းရှိ မည်သည့်အရာမဆို သူ၏မျက်လုံးများအောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထိုကဲ့သို့ပင် ရှုကျိုးသည် ကီလိုမီတာ ဒါဇင်နှင့်ချီ၍ ရှေ့ဆက်သွားခဲ့သည်။
သူ၏မျက်လုံးများ ရုတ်တရက် တောက်ပလာခဲ့သည် “ ရှာတွေ့ပြီ “
သူသည် အောက်ဘက်ရှိ တောအုပ်ထဲမှ ခြေရာများကို မြင်တွေ့သွားခဲ့သည်။
အဆိုပါ သိုင်းပညာရှင်များသည် သူတို့၏ လမ်းကြောင်းများကို ဖုံးကွယ်ထားခဲ့ကြသည်၊ သို့သော် ရွှေတောင်ပံ T-Rexကြီး၏ အမြင်အာရုံသည် အလွန်စူးရှထက်မြက်နေသည့်အတွက် ထိုလူတို့၏ ဦးတည်ရာလမ်းကြောင်းကို ခြေရာခံနိုင်ခဲ့ပြီ ဖြစ်သည်။
“ ဟိုဘက်မှာ “ ရှုကျိုးသည် ယေဘူယျ ဦးတည်ချက်ကို ဆုံးဖြတ်လိုက်သည်။
ထို့နောက်တွင် သူသည် T-Rexကြီးကို ထိန်းချုပ်၍ ရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
“ ဝှစ် “
ထိုအချိန်တွင် သွေးနီရောင် အလင်းတန်းတစ်ခုသည် ရွှေတောင်ပံ T-Rexကြီးထံသို့ အကြမ်းပတမ်း တိုးဝှေ့ဝင်ရောက်လာခဲ့သည်။
…………………………………………………………………………………………………..
အပိုင်း ( 68 )
ရှုကျိုး၏ အံ့မခန်း စွမ်းအား
ရှုကျိုး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး၊ ရွှေတောင်ပံ T-Rexကြီးကို ထိန်းချုပ်ကာ ချက်ချင်း ရှောင်လိုက်သည်။
ဘမ်း !!
သွေးနီရောင် အလင်းတန်းသည် အံ့ဩဖွယ်ကောင်းလောက်အောင် မြန်ဆန်နေခဲ့ပြီး၊ ရွှေတောင်ပံ T-Rexကြီး၏ တောင်ပံကို ထိမှန်သွားခဲ့သည်။
ရွှေတောင်ပံကြီးသည် သဘော်၏ဦးခေါင်းနှင့် အတိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည့်ပုံရပြီး၊ ၎င်း၏ခန္ဓာကိုယ်သည် လေထဲတွင် ပြင်းပြင်းထန်ထန် လည်ထွက်သွားခဲ့သည်။
“ ဝှစ် !! “
ချက်ချင်းဆိုသလိုပင် ရှုကျိုးနှင့် ကျောက်ဟုန်ရင်တို့သည် အမြင့်တစ်နေရာမှ ပြုတ်ကျလာကြသည်။
ကံကောင်းထောက်မစွာဖြင့် အမြင့်ပေသည် များစွာ မမြင့်မားသောကြောင့် တစ်ခဏခန့် ကြာပြီးသည့်နောက်၌ နှစ်ဦးစလုံးသည် သူတို့ကိုယ်သူတို့ တည်ငြိမ်အောင် ထိန်းသွားနိုင်ကြသည်။
ရှုကျိုးမှ မော့ကြည့်လိုက်ရာ သွေးနီရောင် အလင်းတန်း၏ ပုံသဏ္ဍာန်ကို ပိုင်းခြားသိမြင်သွားခဲ့သည်။
၎င်းကား ကြက်သွေးရောင် လင်းယုန်ကြီးပင် ဖြစ်သည်။
( a crimson roc နာမည်က ဒီဟာက တိုက်ရိုက်ပြန်ရရင်တော့ ကြက်သွေးရောင် ငှက်ပါ၊ လင်းယုန်နဲ့ တူလို့ ထင်သာမြင်သာ ရှိအောင် လင်းယုန်လို့ သုံးလိုက်တာပါ၊ အရှေ့အလယ်ပိုင်း အာရပ်ပုံပြင်တွေထဲမှာ ပါတတ်တဲ့ ဒဏ္ဍာရီလာ ငှက်တစ်မျိုးပါ )
9မီတာ နီးပါး ရှိပြီး၊ ၁၀မီတာကျော်သော တောင်ပံတစ်စုံကို ပိုင်ဆိုင်ထားသည့် အကောင်းကြီးသည် အမြင့်ပေ အနိမ့်ပိုင်းတွေ ပျံသန်းကာ ကောင်းကင်ဘုံကို ပိတ်ဆို့ထားခဲ့သည်။
၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို မီးတောက်ကဲ့သို့သော ကြက်သွေးရောင် အမွှေးများဖြင့် ဖုံးအုပ်ထားခဲ့ပြီး၊ ၎င်း၏မျက်လုံးများသည် သွေးနီရောင်ဖြစ်ကာ ထူးဆန်းသော အလင်းတန်းတစ်ခုဖြင့် တောက်ပနေလျက်ရှိသည်။
ထိုအခိုက်အတန့်တွင် ကြက်သွေးရောင် လင်းယုန်ကြီးသည် ရွှေတောင်ပံ T-Rexကြီးကို စူးစူးရဲရဲ စိုက်ကြည့်နေလျက်ရှိသည်။
“ မီးနတ်ဆိုးငှက်လား? “ ကျောက်ဟုန်ရင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည် “ ဒုတိယအဆင့်ကို ရောက်လုနီးပါးဖြစ်နေတဲ့ မီးနတ်ဆိုးငှက်။ ငါတို့က သူ့ရဲ့ ပိုက်နက်ထဲကို ဝင်လာမိတဲ့ပုံပဲ “
သူမ မပြောဘူးဆိုလျှင်တောင်မှ ရှုကျိုးသည် ၎င်းကို နားလည်နေပြီးသား ဖြစ်သည်။
လေထဲရှိ ရွှေတောင်ပံ T-Rexကြီးသည် တွေဝေတုံ့ဆိုင်းမနေဘဲ၊ တောင်ပံများကို ခတ်ကာ အဝေးသို့ ပျံသန်းသွားတော့သည်။
“ ခရောာာာ !! “
မီးနတ်ဆိုးငှက်သည် စူးရှစွာ အော်မြည်လာခဲ့ပြီး၊ ၎င်း၏တောင်ပံများကို ပြင်းပြင်းထန်ထန် ခတ်ကာ ရွှေတောင်ပံ T-Rexကြီး၏နောက်သို့ တစ်ဟုန်ထိုး လိုက်သွားတော့သည်။
၎င်းသည် မောက်မာသော ထိုငှက်လေးကို အမှောက်သိပ်ချင်နေခဲ့သည်။
အောက်ဘက်ရှိ လူမသားနှစ်ဦးကား ပုရွက်ဆိတ်များနှင့် မခြားပေ။
၎င်းသည် ရွှေရောင်ငှက်ကို ကိုင်တွယ်ဖြေရှင်းပြီးသွားသည့် အချိန်မှသာလျှင် ထိုလူမသားသမီးနှစ်ယောက်ကို သင်ခန်းစာတစ်ခု ပေးမည် ဖြစ်သည်။
“ ဝှစ် !! “
မီးနတ်ဆိုးငှက်သည် လျှပ်စီးတန်းတစ်ခုကဲ့သို့ အဝေးသို့ ပျံထွက်သွားခဲ့သည်။
မြေပြင်ပေါ်၌
ကျောက်ဟုန်ရင်သည် သူမ၏ လှပသော မျက်လုံးလေးများဖြင့် ရှုကျိုးကို ကြည့်ကာ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ ရှင် အဆင်ပြေရဲ့လား? “
“ ပြေပါတယ် “ ရှုကျိုးမှလည်း တီးတိုးပြောဆိုလာခဲ့သည် “ ဆက်လိုက်ကြတာပေါ့ “
“ ရှင့်ရဲ့ သားရဲကို မစောင့်တော့ဘူးလား? “ ကျောက်ဟုန်ရင် အံ့ဩသွားတော့သည်။
ရှုကျိုးသည် သူမ၏အမေးကို ပြန်မဖြေဘဲ ရှေ့သို့သာ ပြေးထွက်သွားခဲ့သည်။
“ ဒီလူက မဆင်မခြင် လုပ်လွန်းတယ် “ ကျောက်ဟုန်ရင် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
သို့ရာတွင် ကျောက်ဟုန်ရင်သည် များများစားစား ထပ်မပြောခဲ့ပေ။
ဤရက်များအတွင်းတွင် သူမသည် ရှုကျိုးနှင့် အဆက်အဆံ သိပ်မလုပ်ခဲ့သည့်အတွက် တစ်ယောက်၏အမည်ကိုပင် ကျန်တစ်ယောက်က မသိခဲ့ပေ။
၎င်းမှာ သူတို့နှစ်ဦးကြားတွင် သတိထားနေသည့် အရိပ်အယောင်များ ရှိနေသေးသည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
၎င်းမှာ ပုံမှန်သာလျှင် ဖြစ်သည်၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် မိမိ၏ အဖော်မှတစ်ပါး တစ်ခြားလူများကို ယုံကြည်၍ မရသောကြောင့် ဖြစ်သည်။
ထို့အပြင် အဖွဲ့ဝင်များကြားမှာပင် သစ္စာဖောက်မှုများ ရှိနေနိုင်သေးသည်။
ကျောက်ဟုန်ရင်သည် သူမ၏ နှင်းဖြူရောင် ခြေတံရှည်လေးများကို လှုပ်ရှားကာ ရှုကျိုး၏နောက်သို့ လိုက်သွားတော့သည်။
…
ဝုန်းးးးး
ဝုန်းးးးးးး
ကောင်းကင်ပေါ်၌ ရွှေရောင်ပုံရိပ်တစ်ခုနှင့် အနီရောင်ပုံရိပ်တစ်ခုသည် ထပ်ခါတလဲလဲ ထိပ်တိုက်ရင်ဆိုင်နေကြပြီး၊ ကျယ်လောင်သည့် ပေါက်ကွဲသံများ ထွက်ပေါ်နေခဲ့သည်။
“ ခရောာာ !! “ မီးနတ်ဆိုးငှက်သည် ဒေါသတကြီး ဟစ်ကြွေးလာခဲ့ပြီး၊ ၎င်း၏ သွေးနီရောင်မျက်လုံးများထဲတွင် ဒေါသများဖြင့် ပြည့်နှက်နေလျက်ရှိသည်။
၎င်းသည် ရွှေရောင်ငှက်က အလွန်မြန်ဆန်နေသည့်အပြင် ကြောက်ဖွယ်ကောင်းလောက်သည်အထိ အစွမ်းထက်နေခဲ့ကာ ဤမျှလောက် သတ်ရခက်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
ဖမ်းမိတော့မည့် အချိန်တိုင်းတွင် ပြိုင်ဘက်၏ ရိုက်နှက်ခြင်းကိုသာ ခံနေခဲ့ရပြီး၊ အနည်းငယ် မောပန်းနေသကဲ့သို့ပင် ခံစားနေခဲ့ရပြီ ဖြစ်သည်။
ဒုတိယအဆင့်နှင့် နီးကပ်နေပြီဖြစ်သည့် မီးနတ်ဆိုးငှက်သည် ပထမအဆင့် အဆင့်၄မျှသာရှိသည့် ငှက်၏ ထပ်ခါတလဲလဲ ရိုက်နှက်မှုကို ခံနေခဲ့ရသောကြောင့် အလွန်ဒေါသထွက်နေခဲ့သည်။
၎င်းသည် ပြိုင်ဘက်ကို မိအောင် ဖမ်း၍ ဒေါသများ ဖွင့်ထုတ်ရန် ဆုံးဖြတ်ထားခဲ့ပြီးပြီ ဖြစ်သည်။
တကယ်တမ်း၌ ထိုအချိန်တွင် ရွှေတောင်ပံ T-Rexကြီးမှာလည်း ထပ်တူထပ်မျှ ကူရာကယ်ရာ မဲ့နေခဲ့လေသည်။
၎င်းသည် ၎င်း၏အနောက်မှ အရူးကို အမြန်ခါချပြီး မူလကိုယ်ထံသို့ ပြန်သွားချင်နေလျက်ရှိသည်။
“ သောက်ကျိုးနည်း မီးနတ်ဆိုးငှက်ကွာ၊ တကယ်လို့ ငါ့ရဲ့ အဆင့်ကသာ ပိုမြင့်နေမယ်ဆိုရင် မင်းကို သေအောင် ရိုက်သတ်ပစ်တယ် “ ရှုကျိုးမှ ကျိန်ဆဲနေတော့သည်။
သူသည် မူလကိုယ်ဆီသို့ ပြန်ချင်နေသောကြောင့် အနည်းငယ် ဒေါသထွက်နေခဲ့ပြီ ဖြစ်သည်။
…
မီးနတ်ဆိုးငှက်နှင့် ရွှေတောင်ပံ T-Rexကြီးတို့၏ စိန်ပြေးလိုက်တမ်း ကစားနည်းသည် ဆက်လက်ဖြစ်ပွားနေခဲ့သည်။
ထိုစဥ် တစ်ခြားတစ်နေရာ၌
ရှုကျိုးနှင့် ကျောက်ဟုန်ရင်တို့သည် အဆိုပါ သိုင်းပညာရှင်တို့၏ ခြေရာများနောက်သို့ လိုက်ကာ အရှေ့ဘက်သို့ အပြေးအလွှားသွားနေလျက်ရှိသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် မိုင်ဒါဇင်နှင့်ချီ၍ ပြေးလာခဲ့ပြီးပြီ ဖြစ်သည်။
ထိုအချိန်တွင် ရှုကျိုးသည် သူ၏ စိတ်ထဲတွင် အနည်းငယ် လောင်းကြေးထပ်နေလျက်ရှိသည်။
ဤသည်မှာ မိကျောင်းသားရဲ လှိုဏ်ဂူနှင့် ကီလိုမီတာ ၃၀၀ကျော် ကွာဝေးသော နေရာဆီသို့ ရောက်နေခဲ့သည့် သူ၏ပထမဦးဆုံးအကြိမ်ဖြစ်သည်။
သို့သော် မြေပြင်ပေါ်ရှိ ခြေရာများသည် မကြာသေးခင် အချိန်က ဤနေရာတွင် လူများ ဖြတ်သန်းသွားလာခဲ့သည်ဟု အတည်ပြုပေးနေခဲ့သည်။
ရှုကျိုးသည် အဆိုပါ ပညာရှင်များက အနိမ့်ဆုံးအနေဖြင့် အဆင့်မြင့် ဒုတိယအဆင့် သိုင်းပညာရှင်များဖြစ်နေသည်ဟု အလွန်ယုံကြည်နေခဲ့သည်။
သူသည် အချိန်အတော်ကြာ လိုက်လာခဲ့ပြီးပြီ ဖြစ်သော်လည်း ထိုလူများ၏ မည်သည့်အရိပ်အယောင်ကိုမှ မမြင်တွေ့ရသေးပေ။
“ အဲ့လူတွေက ဘာလို့ ဒီလောက်မြန်မြန်ဆန်ဆန် ပြေးလွှားနေကြတာလဲ? “ ရှုကျိုးမှ ညီးတွားပြောဆိုနေတော့သည်။
ထိုလူများသည် အလွန်မြန်ဆန်နေရုံတင်မဟုတ်ဘဲ၊ ပုန်းလျှိုးကွယ်လျှိုးပင် ပြုလုပ်နေခဲ့ကြသည်။
အကယ်၍ သူ၏ စူးရှထက်မြက်သော မျက်လုံးများကြောင့်သာ မဟုတ်ဘူးဆိုပါက သူသည် ထိုလူများ၏ ခြေရာများကို သတိပြုမိခဲ့လိမ့်မည် မဟုတ်ပေ။
ထိုအချိန်တွင် ရှုကျိုးသည် ထိုသိုင်းပညာရှင်များက မည်သည့်နေရာသို့ သွားနေလဲဆိုသည်ကို သံသယဝင်စပြုလာခဲ့ပြီ ဖြစ်သည်။
သူတို့က မကောင်းတာ တစ်ခုခု လုပ်နေကြတာများလား?
ရှုကျိုး၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး၊ အော်ပြောလာခဲ့သည် “ သတိထား “
သူနှင့် ကျောက်ဟုန်ရင်သည် တစ်ပြိုင်နက်ဆိုသလိုပင် ခုန်ရှောင်လိုက်သည်။
ဝုန်းးးး !!!
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ကြီးမားသော အရာကြီးတစ်ခုသည် သူတို့၏နောက်ဘက်သို့ ခုန်ချလာခဲ့သည်။
ရှုကျိုးသည် နောက်လှည့်ကြည့်ရန် အချိန်မရသောကြောင့် ရှေ့သို့သာ ဆက်၍ ပြေးလွှားနေတော့သည်။
“ ဝေါင်းးးး !! “
ထိုအချိန်တွင် သားရဲဟိန်းသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဝှစ်
ဝှစ်
များပြားလှသော သားရဲအရိပ်များသည် သူတို့အား ဘက်ပေါင်းစုံမှ လျင်မြန်စွာ ဝိုင်းရံလာခဲ့ပြီး၊ ၎င်းတို့အားလုံးသည် သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည့် အံ့အားသင့်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှင့်နေကြသည်။
ရှုကျိုး ရပ်တန့်သွားခဲ့ကာ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
အစွမ်းထက်သားရဲအုပ် နောက်တစ်အုပ်လား?
“ ဝေါင်း ! “
ကျားဟိန်းသံများသည် ပြိုင်ကားအင်ဂျင်သံများကဲ့သို့ ဟိန်းထွက်လာခဲ့သည်။
ထို့နောက်၌ တစ်ဒါဇင်ကျော်သော ကြီးမားသည့် ကျားကြီးများသည် တောအုပ်ထဲမှ ခုန်ထွက်လာကြပြီး၊ ရှုကျိုးနှင့် ကျောက်ဟုန်ရင်ကို ဝိုင်းရံလာခဲ့သည်။
အဆိုပါ ကျားကြီးများသည် လုံးဝမည်းနက်ကာ သာမန်ဖြစ်နေသည့်ပုံပေါ်သော်လည်း၊ ၎င်းတို့အားလုံးထံတွင် သွေးနီရောင် တောင်ပံတစ်စုံစီ ရှိနေခဲ့သည်။
“ သွေးတောင်ပံ ကျားပျံတွေ “ ကျောက်ဟုန်ရင်၏ ချစ်စဖွယ်မျက်နှာလေးသည် အလေးအနက် ဖြစ်သွားခဲ့သည် “ အကုန်လုံးက ပထမအဆင့် အဆင့် ၃အထက်တွေချည်းပဲ၊ အဲ့ထဲက သုံးကောင်ဆိုရင် ပထမအဆင့် အဆင့်၄ကောင်တွေ ဖြစ်နေတဲ့ပုံပဲ “
အဆင့်၃နှင့် အဆင့်၄ကို ခွဲခြားသိမြင်ရန်မှာ လွယ်ကူလွန်းလှသည်။
ပထမအဆင့် အဆင့်၄ သွေးတောင်ပံ ကျားပျံသုံးကောင်သည် ၃မီတာ မြင့်ကာ ၅မီတာရှည်လျားပြီး၊ ၎င်းတို့၏ ကြွက်သားများသည် တောင်ကုန်းများကဲ့သို့ ကြွတက်နေလျက်ရှိကာ အလွန်ပြင်းထန်သော ဖိအားတစ်ခုကို ထုတ်လွှတ်နေကြသည်။
ထိုအချိန်၌ ပထမအဆင့် အဆင့်၄ သွေးတောင်ပံ ကျားပျံသုံးကောင်သည် ရက်စက် ကြမ်းကြုတ်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် သူတို့၏ အရှေ့တွင် ပိတ်ရပ်နေခဲ့သည်။
“ ဝှစ် “
ကျောက်ဟုန်ရင်သည် သူမ၏ဓားကို ဆွဲထုတ်ကာ ရှေ့သို့ ခြေလှမ်းအနည်းငယ်မျှ တက်သွားခဲ့ကာ သူမ၏ လှပသော ပုံရိပ်လေးသည် ရှုကျိုး၏ အရှေ့တွင် ပိတ်ရပ်လာခဲ့သည်။
“ ငါသူတို့ကို ထိန်းထားလိုက်မယ်၊ နင်က ဒီဝိုင်းရံပိတ်ဆို့မှုထဲကနေ ထွက်ဖို့ နည်းလမ်းရှာလိုက် “ ကျောက်ဟုန်ရင်မှ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည်။
သူမသည် ရှုကျိုးက သားရဲထိန်းချုပ်မှု စွမ်းရည်ပိုင်ရှင်ဖြစ်သည်ဆိုသည်နှင့် သူ့သားရဲ၏ အကူအညီ မရှိဘူးဆိုပါက အဆိုပါ သွေးတောင်ပံ ကျားပျံများကို သူ မကိုင်တွယ်နိုင်ဘူးဆိုသည်ကို သိနေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူမသည် လွန်ခဲ့သော ရက်များအတွင်းက ရရှိခဲ့သော သူမ၏ဒဏ်ရာများကို ကုသခဲ့ပြီးပြီဖြစ်သည်၊ ထို့ကြောင့် ဤဗီဇပြောင်းသားရဲများကို ယာယီအားဖြင့် ထိန်းထားရန်မှာ သူမအတွက် ပြဿနာတစ်ခု မဟုတ်ပေ။
“ ဘာမှ မလုပ်နဲ့ဦး “ ဟုရှုကျိုးမှ ရုတ်တရက် ပြောလာခဲ့သည်။
ကျောက်ဟုန်ရင် မှင်သက်သွားခဲ့သည်၊ ထို့နောက်တွင် သူမ၏အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
သူမသည် တစ်ဒါဇင်ထပ်ပိုသော နောက်ထပ် သွေးတောင်ပံ ကျားပျံများက သူမတို့အနားသို့ ချဥ်းကပ်လာနေပြီး၊ ဝိုင်းရံလာသည်ကို အာရုံခံမိသွားခဲ့သည်။
“ ဘာလို့ ဒီလောက်တောင် များနေရတာလဲ? “ ကျောက်ဟုန်ရင်၏ မျက်နှာ မည်းမှောင်သွားတော့သည်။
ငါတို့က တတိယအဆင့် ဒါမှမဟုတ် စတုတ္ထအဆင့်သားရဲတစ်ကောင်ကောင်ရဲ့ ပိုင်နက်ထဲကို ကျူးကျော်မိလာတာများလား?
ရှုကျိုးသည် အလျင်စလို မလှုပ်ရှားခဲ့ပေ၊ သူသည် ရွှေတောင်ပံ T-Rexကြီး ပြန်ရောက်လာကာ ၎င်းတို့အားလုံးကို အမှောက်သိပ်မည့် အချိန်ကို စောင့်ဆိုင်းချင်နေခဲ့သည်။
သို့သော် ရွှေတောင်ပံ T-Rexကြီး၏ ဘက်၌ …….
၎င်းကို အာရုံခံမိသွားသောအခါတွင် ရှုကျိုး၏ အမူအရာ မည်းမှောင်သွားတော့သည်၊ အဆိုပါ မီးနတ်ဆိုးငှက်သည် သူ၏ကိုယ်ပွားနောက်သို့ ဇွဲမလျှော့စတမ်း လိုက်နေခဲ့သည်။
ရွှေတောင်ပံ T-Rexကြီးသည် အချိန်တိုအတွင်း ပြန်လာနိုင်မည် မဟုတ်ပေ။
“ ဝေါင်းးး !!! “
“ ဝေါင်းးး !!! “
ပတ်ပတ်လည်မှ သွေးတောင်ပံ ကျားပျံများသည် တစ်ကောင်ပြီးတစ်ကောင် ဟိန်းဟောက်လာကြပြီး၊ ဒေါသများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ရှုကျိုးနှင့် ကျောက်ဟုန်ရင်တို့ကို စိုက်ကြည့်နေကြသည်။
“ ဝှစ် “
ရုတ်တရက်ဆိုသလိုပင် သွေးတောင်ပံ ကျားပျံသားရဲတစ်ကောင်သည် ရှုကျိုးနှင့် ကျောက်ဟုန်ရင်ဆီသို့ ခုန်အုပ်လာခဲ့သည်။
အစွမ်းထက် အရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေသည့် ကျားပျံ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် လေထုထဲသို့ မြောက်တက်လာခဲ့ပြီး၊ ၎င်း၏ လက်သည်းများဖြင့် ပုတ်ချလာခဲ့သည်။
ကျောက်ဟုန်ရင်၏ အမူအရာ ပြောင်းလဲသွားကာ၊ ခံစစ်အနေဖြင့် သူမ၏ ပန်းဖွားကို လွှဲရမ်းရန် အသင့်ပြင်ထားလိုက်သည်။
“ ဗြွီ !! “
ထိုအခိုက်အတန့်တွင် တောက်ပသော ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဓားအလင်းတန်းသည် နဂါးငွေ့တန်းပေါက်ကွဲသွားသကဲ့သို့ တောက်ပကာ သွေးနီရောင် သမ်းနေလျက်ရှိပြီး၊ ညကောင်းကင်ယံတွင် လျှပ်စီးလက်နေသကဲ့သို့ အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် ချက်ချင်း ခုတ်ပိုင်းလာခဲ့သည်။
“ ဖြွစ် !!! “
ဓားအလင်းတန်းသည် ခုန်အုပ်လာသည့် သွေးတောင်ပံ ကျားပျံကြီးကို အလယ်တည့်တည့်မှ ထိုးဖောက်သွားခဲ့သည်။
ကျားပျံ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် လေထုထဲတွင် ရပ်တန့်သွားတော့သည်။
စက္ကန့်ပိုင်းမျှအကြာတွင် ၎င်း၏ ခန္ဓာကိုယ် နှစ်ပိုင်း ကွဲသွားပြီး၊ ဘုတ်ဟူသော အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ကျား၏ သွေးများ နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။
ကျောက်ဟုန်ရင်သည် သူမ၏အရှေ့တွင် တစ္ဆေတစ်ကောင်ကဲ့သို့ ရုတ်တရက်ပေါ်လာသည့် ဓားကိုင်ထားသော လူငယ်လေးကို ကြည့်ကာ ကြောင်တောင်တောင် ဖြစ်သွားတော့လေသည်။
ဓားတစ်ချက်ဖြင့် သွေးတောင်ပံ ကျားပျံတစ်ကောင် သေဆုံးသွားခဲ့သည်။
“ သတ် !!! “ လူငယ်လေးမှ ကြုံးဝါးကာ သူ၏ဓားကို ထပ်မံ၍ လွှဲရမ်းလာခဲ့သည်။
သူသည် ရပ်သပ်ရှုမောဖွယ်ကောင်းသည့် ဓားအလင်းတန်းများနှင့်အတူ တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ဓားချက်တစ်ခုချင်းစီတိုင်းသည် သွေးတောင်ပံ ကျားပျံတစ်ကောင်ကို ချက်ချင်း အမှောက်သိပ်သွားခဲ့သည်။
ကျောက်ဟုန်ရင်သည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်ပြီး၊ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သူမ၏ ကြာပွတ်ရှည်ကို လွှဲရမ်းကာ ရှေ့သို့ ပြေးတက်သွားတော့သည်။
( ကြာပွတ်ထိပ်မှာ ပန်းဖွားလို ချွန်ထက်တဲ့ဟာ တစ်ခုခု တပ်ထားတာထင်ပါတယ်၊ ကြာပွတ်လို့ပဲ ပြောင်းသုံးသွားပါမယ် )
ထိုအခိုက်အတန့်တွင် ရှုကျိုးနှင့် ကျောက်ဟုန်ရင်တို့သည် အဆင့်မြင့် သားရဲ၏ ပိုင်နက်ဆိုသည့် အရာကို ထပ်မံ၍ ဂရုစိုက်မနေကြတော့ပေ။
ဝိုင်းရံလာသော သွေးတောင်ပံ ကျားပျံများ ပိုများလာလေလေ သေဆုံးသွားနိုင်သည့် အခွင့်အလမ်း ပိုများလာလေလေပင် ဖြစ်သည်။
ထိုကဲ့သို့ ဖြစ်နေခဲ့ပြီဆိုပါက သွေးစွန်းသော လမ်းကို ဖောက်လုပ်ရမည် ဖြစ်သည်။
“ သတ် !! “ ကျောက်ဟုန်ရင်၏ အသံ ထွက်ပေါ်လာခဲ့ပြီး၊ သူမ၏ သေသပ်လှပသော ကိုယ်လုံးလေးသည် သူမ၏ ကြာပွတ်ရှည်နှင့်အတူ မီးတောက်များကဲ့သို့ ကခုန်နေကာ သွေးတောင်ပံ ကျားပျံသားရဲများကို တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်နေတော့သည်။
အစပိုင်းတွင် သူမ၏ တိုက်ခိုက်ရေး စွမ်းအားက အားနည်းမနေခဲ့သော်လည်း သားရဲအုပ်များစွာနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် မောပန်းအားနည်းသွားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု သူမ၏ အထွတ်အထိပ် အချိန်တွင်မူ သူမသည် သူမ၏ ထူးခြားသော စွမ်းအားကို ထုတ်ဖော်ပြသနေခဲ့သည်။
သို့ရာတွင် ကျောက်ဟုန်ရင်သည် ၎င်းကို စိတ်မဝင်စားခဲ့ချေ။
သူမသည် သူမ၏ လှပသော မျက်လုံးလေးများဖြင့် ရှုကျိုးဘက်သို့ အမှတ်မထင် လှမ်းကြည့်လိုက်သည်။
ထိုအချိန်အတန့်တွင် ရှုကျိုးထံမှ ထွက်ပေါ်နေခဲ့သည့် ချီ-သွေးစွမ်းအင်လှိုင်းသည် သူမထက်ပင် ပို၍ အံ့အားသင့်ဖွယ် ကောင်းနေခဲ့သည်။
ရှုကျိုးက ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဆိုသည်ကို သူမ သံသယ မဝင်တော့ပေ။
အရေးအကြီးဆုံး အရာကား ရှုကျိုး ထုတ်ဖော်လိုက်သည့် ဓားတစ်ချက်စီတိုင်းမှာ ပထမအဆင့် အဆင့်၃ သွေးတောင်ပံ ကျားပျံတစ်ကောင်ကို အလွယ်တကူ ခုတ်ထစ်ဖြတ်တောက်သွားခဲ့ခြင်းပင် ဖြစ်သည်။
ထိုကဲ့သို့ စွမ်းအားမျိုးအား ကျန်းလန်ပင် အပေါ်စီးမှ ယှဥ်တိုက်နိုင်လိမ့်မည် မဟုတ်ပေ။
“ ဒီလိုမျိုး ပါရမီရှင်တစ်ယောက်က ငါ့ဘေးမှာ ရှိနေခဲ့တာကို၊ သူက ငါ့အကူအညီ လိုအပ်တယ်လို့ ငါထင်နေခဲ့မိတယ် “ ကျောက်ဟုန်ရင်သည် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်၊ သူမ၏ ချစ်စဖွယ်ကောင်းသည့် မျက်နှာလေးပေါ်၌ မိမိကိုယ်မိမိ လှောင်ပြောင်နေသော အမူအရာတစ်ခု ရှိနေခဲ့သည်။
ယခုအချိန်မှသာလျှင် သူမသည် သူမက မည်ကဲ့သို့သော လူတစ်ဦးနှင့် ဤရက်ပိုင်းအတွင်းတွင် အတူရှိနေခဲ့ရလဲဆိုသည်ကို နားလည်သွားခဲ့သည်။
၎င်းကား စစ်မှန်သည့် ပါရမီရှင်တစ်ဦးပင် ဖြစ်သည် !!
……………………………………………………………………………………………………………..
အပိုင်း ( 69 )
မိကျောင်းသားရဲ ခေါင်းဆောင်ကြီး ပြန်ပေါ်လာခဲ့ပြီ
သွေးတောင်ပံ ကျားပျံ သားရဲ အကောင် ၁၀၀ကျော်သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထုတ်လွှင့်နေကာ ဘက်ပေါင်းစုံမှ ဝိုင်းရံထားကြသည်။
ရှုကျိုးမှ ၎င်းတို့၏ အဖော်များကို သတ်ဖြတ်နေသည်ကို မြင်လိုက်ရသောအခါတွင် ၎င်းတို့သည် ကြောက်ရွံ့မှုကြောင့် နောက်မဆုတ်သွားခဲ့ပေ၊ ထို့အစား ပို၍ ဒေါသထွက်သွားကြသည်။
၎င်းတို့သည် ရှုကျိုးထံသို့ တစ်ကောင်ပြီးတစ်ကောင် ခုန်အုပ်လာကြသည်။
ရှုကျိုးကား တည်ငြိမ်နေစဲသာ ဖြစ်ပြီး၊ မည်သည့်ကြောက်ရွံ့မှုမှ ရှိမနေခဲ့ပေ။
သူသည် ထန်ဓားကို ကိုင်ကာ တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေလျက်ရှိသည်။
“ ဆွစ်ရှ် !! “
ဓားသည် လေထုထဲသို့ ပျံတက်သွားသည့် ပထမအဆင့် အဆင့်၃ ကျားပျံတစ်ကောင်၏ ခေါင်းထဲသို့ တိုးဝင်သွားခဲ့သည်။
တောင်ဖြိုခွဲ ဆေဘာသိုင်း၏ စတုတ္ထအဆင့် !!
ဤရက်များအတွင်း၌ ရှုကျိုးသည် သူ၏ ဆေဘာနည်းစနစ်ကို မဆုတ်မနစ် လေ့ကျင့်နေခဲ့ပြီး၊ လွန်ခဲ့သော နှစ်ရက်ခန့်ကပင် စတုတ္ထအဆင့်သို့ တက်လှမ်းသွားခဲ့သည်။
ချောင်ရုံ၏ ပြောစကားများအရ တောင်ဖြိုခွဲ ဆေဘာသိုင်း၏ စတုတ္ထအဆင့်သည် တစ်ချို့သော အဆင့်မြင့် တိုက်ခိုက်ရေး နည်းစနစ်များနှင့်ပင် ယှဥ်နိုင်လေသည်။
ယခု၌ ရှုကျိုးသည် ၎င်းကို လူကိုယ်တိုင် ကြုံတွေ့ခံစားနေခဲ့ရပြီ ဖြစ်သည်။
“ ဗြွီ !!! “
သူသည် ရှေ့တစ်လှမ်းတိုးလိုက်ပြီး၊ သူ၏ဓားကို ပေါ့ပေါ့ပါးပါး လွှဲရမ်းလိုက်သည်။
ဓားသည် ငွေရောင်ဖဲကြိုးများကဲ့သို့ တောက်ပနေလျက်ရှိပြီး၊ အစွမ်းထက် အားတစ်ခုကို သယ်ဆောင်သွားကာ ပထမအဆင့် အဆင့်၄ သွေးတောင်ပံ ကျားပျံသားရဲဆီသို့ ဦးတည်သွားတော့သည်။
“ ဝုန်းးးး !! “
သွေးတောင်ပံ ကျားပျံ၏ ခန္ဓာကိုယ် တုန်ရင်သွားခဲ့ပြီး၊ ဓားချက်တစ်ချက်ဖြင့် ၎င်း၏ ပခုံး ချက်ချင်း ပေါက်ကွဲထွက်သွားကာ သွေးများ နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။
ရှုကျိုးမှ ထပ်မံ၍ လွှဲရမ်းလိုက်ရာ ဓားချက်သည် လေအလျှင်ကဲ့သို့ ရွေ့လျားကာ ၎င်း၏ဦးခေါင်းခွံကို ချက်ချင်း ထိုးဖောက်သွားခဲ့သည်။
အကယ်၍ တောင်ဖြိုခွဲ ဆေဘာသိုင်း၏ တတိယအဆင့်သည် လူသားနှင့်ဓားကြားရှိ စည်းချက်ကို အာရုံစိုက်သည်ဆိုပါက၊ စတုတ္ထအဆင့်သည် ရှုပ်ထွေးမှုမှ ရိုးရှင်းခြင်းသို့ ပြောင်းလဲပေးခြင်းပင် ဖြစ်သည်။
ပေါ့ပေါ့ပါးပါး ခုတ်ချက်တစ်ခုချင်းစီတိုင်းသည် ပွဲသိမ်းတိုက်ကွက်နှင့် ယှဥ်နိုင်သည့် ကြီးမားသော စွမ်းအားတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
ဝှစ် !!
ဝှစ် !!
ဝှစ် !!
ဓားရှည်၏ ထိုးဖောက်သံများသည် တောအုပ်ထဲတွင် အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။
ရှုကျိုးသည် တစ္ဆေတစ်ကောင်ကဲ့သို့ပင် သူ၏သတ်ဖြတ်မှုကို ဆက်လက်၍ လုပ်ဆောင်နေခဲ့သည်။
တစ်ဖက်ရှိ ကျောက်ဟုန်ရင်သည် သူမ၏ကြာပွတ်ရှည်ကို ကိုင်ကာ တုန်လှုပ်ဖွယ်ကောင်းသော ချီ-သွေးစွမ်းအင်လှိုင်းများကို ထုတ်လွှင့်နေခဲ့သည်။
သူမမှာလည်း ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်း အဆင့်နှင့် နီးကပ်နေခဲ့ပြီဖြစ်သည်၊ သို့သော် ထိုအဆင့်သို့ မတက်လှမ်းနိုင်သေးပေ။
သူမသည် ရှုကျိုး၏အနောက်မှ လိုက်နေခဲ့ကာ အနောက်ဘက်မှ တိုက်ခိုက်လာခဲ့သော ဗီဇပြောင်းသားရဲများ၏ တိုက်ခိုက်မှုများကို တားဆီးပိတ်ဆို့နေခဲ့သည်။
“ ဒီလူက တော်တော်ကြီးကို မြန်နေတာပဲ “
ကျောက်ဟုန်ရင်၏ လှပသော မျက်လုံးလေးများသည် ရှုကျိုးထံတွင် ရှိနေခဲ့ပြီး၊ ပို၍ တအံ့တဩ ဖြစ်သွားခဲ့သည် “ သူ့ရဲ့ ခြေလှမ်းသိုင်းကလည်း တတိယအဆင့်ကို ရောက်သွားပြီပေါ့ “
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရှုကျိုး၏ ခြေလှမ်းသိုင်းသည် ဒုတိယအဆင့်တွင်သာ ရှိနေခဲ့သည်။
ထိုအချိန်က သူမသည် ရှုကျိုး၏ အားနည်းမှုကြောင့် စိတ်ညစ်သွားခဲ့ဖူးသည်။
ရက်အနည်းငယ်အတွင်းမှာပင် ရှုကျိုးသည် ခြေလှမ်းသိုင်း၏ တတိယအဆင့်ဆီသို့ ရောက်ရှိသွားရုံတင် မဟုတ်ဘဲ၊ ၎င်းအား နှစ်အတော်ကြာ လေ့လာသင်ယူထားသကဲ့သို့ နက်နက်နဲနဲ နားလည်နေသေးသည်။
ထိုကဲ့သို့ မြန်ဆန်လွန်းလှသည့် တိုးတက်မှုကား အံ့ဩဖွယ်ကောင်းလွန်းလှသည်။
“ တကယ်ပဲ သူက ဘယ်သူလဲ? “ ကျောက်ဟုန်ရင်သည် တွေးတော စဥ်းစားနေတော့သည် “ ဒီလိုအရည်အချင်းနဲ့ စွမ်းအားမျိုးရှိတဲ့လူကို အရင်က ငါတစ်ခါမှ မမြင်ခဲ့ဖူးဘူး။ သူက ကျောင်းကျိုးက မဟုတ်လို့များလား? “
သူမသည် သူမတို့က မရင်းနှီးသည့်အပြင် ရှုကျိုး၏အထောက်အထားကိုလည်း စိတ်မဝင်စားသောကြောင့် သူ၏ အထောက်အထားအကြောင်းကို တစ်ကြိမ်တစ်ခါမှ မမေးမြန်းခဲ့ဘူးချေ။
သို့သော် ယခု၌ သူမသည် မမေးမြန်းမိသည့်အတွက် နောင်တရသွားတော့သည်။
“ သတ် !! “
ကျောက်ဟုန်ရင်သည် ဆက်လက်၍ တွေးတောမနေတော့ရန် ဆုံးဖြတ်ကာ ကြုံးဝါးလိုက်သည်။
သွေးတောင်ပံ ကျားပျံများသည် ဆက်လက်၍ ခုန်ဝင်လာနေစဲဖြစ်ပြီး၊ သူမသည် ရှုကျိုးကို ဆွဲမချချင်(သို့) နှောင့်နှေး မသွားစေချင်ပေ။
လူနှစ်ဦးသည် တစ်ဦးက ရှေ့တွင် တိုက်ခိုက်နေခဲ့ပြီး၊ ကျန်တစ်ဦးသည် နောက်ဘက်တွင် တိုက်ပွဲဝင်နေခဲ့သည်။
သွေးတောင်ပံ သားရဲများ၏ အရေအတွက်သည် ဆက်လက်၍ တိုးပွားလာစဲဖြစ်ပြီး၊ အရွယ်မရောက်သေးသည့် အကောင်များကပင် အစွန်းပိုင်းတွင် ပေါ်လာခဲ့ပြီး၊ ဘက်ပေါင်းစုံမှ ဝိုင်းရံလာခဲ့သည်။
၎င်းကြောင့် သူပို၍ စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။
“ ဒီနေရာက သွေးတောင်ပံ ကျားပျံသားရဲမျိုးနွယ်စုရဲ့ ပိုင်နက် ဖြစ်နေနိုင်တယ် “ ရှုကျိုးမှ တွေးတော ဆင်ခြင်နေတော့သည် “ တော်တော်စွမ်းတဲ့ အဆင့်မြင့် ကျားပျံတစ်ကောင်တောင် ရှိနေနိုင်တယ် “
မျိုးနွယ်စု ပိုကြီးကြီးလေလေ၊ အစွမ်းထက် ခေါင်းဆောင်သားရဲ တည်ရှိနေသည်မှာ ပို၍ သေချာလေလေပင် ဖြစ်သည်။
ထို့ကဲ့သို့သာ မဟုတ်ဘူးဆိုပါက ဤမျှအတိုင်းအတာအထိ ကြီးထွားလာလိမ့်မည် ဖြစ်သည်။
ယခုတွင် ရှုကျိုးသည် အော်ဟစ်ဆဲဆိုချင်နေတော့သည်။
လွန်ခဲ့သော ရက်ပိုင်းအတွင်းက သူသည် မည်သည့်ပြဿနာမှ မရှိဘဲ ကီလိုမီတာ ၁၀၀အထိ ခရီးနှင်နေနိုင်ခဲ့သည်။
သို့သော် ယနေ့တွင် သူတို့သည် ဒုတိယအဆင့် မီးနတ်ဆိုးနှင့် ရင်ဆိုင်ခဲ့ရပြီး၊ အဆင့်မြင့် ဗီဇပြောင်းသားရဲတစ်ကောင်၏ ပိုင်နက်ထဲသို့ မတော်တဆ ဝင်ရောက်မိသွားခဲ့သည်။
“ အဆင့်မြင့် သားရဲတွေကို မတွေ့ခဲ့ရတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ ငါက မိကျောင်းသားရဲရဲ့ ပိုင်နက်ထဲမှာပဲ တစ်ချိန်လုံး ရှိနေခဲ့တာ ဖြစ်နိုင်တယ် “
ရှုကျိုးသည် အဆင့်မြင့် သားရဲများကို မတွေ့ခဲ့ရသည့် အဓိက အကြောင်းအရင်းကို နားလည်သွားခဲ့ပြီ ဖြစ်သည်။
အဆင့်မြင့် သားရဲများသည် ၎င်းတို့၏ ပိုင်နက်များကို အလွန်ကာကွယ်လေ့ရှိကြသည်။
အကယ်၍ ကျူးကျော်သူတစ်ဦး ဝင်ရောက်လာခဲ့ပါက သေသည်အထိ တိုက်ခိုက်လေ့ရှိကြသည်။
“ ဆက်တိုက်မနေနဲ့တော့၊ ငါတို့တွေ မြန်မြန် ဖောက်ထွက်မှ ဖြစ်မယ် “ ရှုကျိုးသည် နောက်သို့ လှည့်ကာ အော်ပြောလာခဲ့သည်။
“ နားလည်ပြီ “ ကျောက်ဟုန်ရင်မှ ခေါင်းငြိမ့်ပြလာခဲ့သည်။
သူမမှာလည်း ဤနေရာက တတိယအဆင့် အထက်မှ အဆင့်မြင့်သားရဲတစ်ကောင်ကောင်၏ ပိုင်နက်ဖြစ်သည်ဆိုသည်ကို မှန်းဆမိနေခဲ့ပြီ ဖြစ်သည်။
ပြိုင်ဘက်သည် ၎င်း၏ နယ်မြေထဲတွင် ရှိမနေသည့်ပုံပင်၊ ထို့ကြောင့် သူမတို့သည် အဆိုပါ အခွင့်အရေးကို အရယူကာ အမြန်ထွက်သွားကြရမည် ဖြစ်သည်။
ပြိုင်ဘက်မှ သူမတို့၏ ကျူးကျော်မှုကို ရှာတွေ့သွားသောအခါ၊ အထူးသဖြင့် ၎င်း၏မျိုးနွယ်ဝင်များဖြစ်သည့် များစွာသော သွေးတောင်ပံ ကျားပျံများကို သတ်ထားသည်ကို သိလိုက်ရသောအခါ၌ သူမတို့ကို လုံးဝသက်ညှာနေလိမ့်မည် မဟုတ်ပေ။
နှစ်ဦးစလုံးသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကာ ဝိုင်းရံမှုမှ ဖောက်ထွက်ရန် ကြိုးပမ်းနေကြသည်။
“ ငါတို့က အပြင်ရောက်တော့မယ် “
ရုတ်တရက်ဆိုသလိုပင် ရှုကျိုးသည် စိတ်အားတက်ကြွသွားခဲ့သည်။
အရှေ့ဘက်တွင် သစ်ပင်များကျဲပါးလာခဲ့ပြီဖြစ်ပြီး၊ တောအုပ်ထဲမှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူတို့သည် သွေးတောင်ပံ ကျားပျံများ၏ ပိုင်နက်မှ ထွက်သွားနိုင်တော့မည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ရှုကျိုးသည် သူ၏အစွမ်းကုန် ရှိသမျှ ထုတ်သုံးကာ ပြေးလွှားနေလျက်ရှိသည်၊ သူသည် ဤနေရာမှ အမြန်ထွက်သွားချင်နေပြီ ဖြစ်သည်။
တောအုပ်ထဲမှ ထွက်သွားရန် ပြင်လိုက်သည့် အချိန်တွင် ရှုကျိုး၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
“ ဝေါင်းးးးးးး “
သားရဲဟိန်းသံကြီးသည် အရှေ့ဘက်မှ ထွက်ပေါ်လာခဲ့သည်၊ အလှမ်းဝေးသည် ထင်ရသော်လည်း ၎င်းသည် ကောင်းကင်ဘုံတွင် ပဲ့တင်ထပ်နေသည့် မိုးခြိမ်းသံကဲ့သို့ပင် တောအုပ်တစ်ခုလုံးကို ခါယမ်းသွားစေခဲ့သည်။
ဟိန်းဟောက်သံကြီးထဲတွင် ကမ္ဘာကြီး၏ အရောင်ပြောင်းလဲသွားသကဲ့သို့ အဆုံးမဲ့ ဒေါသများ ပါဝင်နေခဲ့သည်။
အဝေးရှိ မိုးကုတ်စက်ဝိုင်းတွင် ယောင်ယောင်ဝါးဝါး မြင်နေရသည့် အလွန်မြင့်မားသော အရိပ်ကြီးတစ်ခုသည် လေထုထဲသို့ ဖြည်းညှင်းစွာ မြင့်တက်လာခဲ့ပြီး၊ ကောင်းကင်ဘုံမှ နေ့အလင်းတန်းများကို ပိတ်ဆို့သွားခဲ့သည်။
“ ဝုန်းးး !! “
မီတာ တစ်ထောင်ရှိသည့် လှိုင်းကြီးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် သူတို့ထံသို့ တိုးဝင်လာခဲ့သည်။
ရှုကျိုးသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ လှည့်ပြေးသွားတော့သည်။
၎င်းမှာ သွေးတောင်ပံ ကျားပျံများ၏ မျိုးနွယ်စုခေါင်းဆောင် ဖြစ်သည်။
၎င်းသည် ၎င်း၏ဆွေမျိုးသားချင်းများကို သတ်ဖြတ်နေသည့် ၎င်း၏ နယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်လာသူများကို အာရုံခံမိသွားခဲ့သည့်ပုံပင်။
ဤအချိန်တွင် ၎င်းသည် အဆုံးမဲ့သော ဒေါသများဖြင့် တဟုန်ထိုး ပြေးလာနေတော့သည်။
ကျောက်ဟုန်ရင်၏ လှပသော မျက်နှာလေးမှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူမသည် ရှုကျိုးနောက်သို့ အမြန်လိုက်ကာ လှည့်ပြေးသွားတော့သည်။
နှစ်ဦးစလုံးသည် သွေးတောင်ပံ ကျားပျံမျိုးနွယ်စု၏ ပိုင်နက်ထဲသို့ ပြန်ပြေးသွားကြသည်။
သူတို့၏ ဦးတည်ရာလမ်းကြောင်သည် သွေးတောင်ပံ ကျားပျံမျိုးနွယ်စု၏ ခေါင်းဆောင်ကြီးဆီသို့ တည့်တည့်ကြီး ဖြစ်နေသောကြောင့် သူတို့သည် နောက်လှည့်ပြေးရုံသာ တတ်နိုင်ကြလေသည်။
“ သေ!! “
ရှုကျိုးသည် မည်သည့်အရာကိုမှ ဂရုမစိုက်တော့ဘဲ၊ သူ၏ဆေဘာရှည်ကို လွှဲရမ်းကာ အဆိုပါ သွေးတောင်ပံ ကျားပျံများကို ဆက်တိုက်ခုတ်ထစ်နေတော့သည်။
သူသည် ဝိုင်းရံမှုကို ချိုးဖျက်ကာ ဤနေရာမှ ထွက်သွားရမည် ဖြစ်သည်။
“ ငါ့ရဲ့ အငွေ့အသက်ကို ဖျောက်ထားပြီးပြီ “ ရှုကျိုးမှ တွေးတောစဥ်းစားနေလျက်ရှိသည် “ ဒီကနေထွက်ပြီး အဝေးကို ပြေးနေသရွေ့ သူတို့က ငါ့ကို ရှာတွေ့မှာ မဟုတ်ဘူး “
သူသည် နောက်ဆုံးတစ်ကြိမ်က သင်ခန်းစာ ရရှိခဲ့သည့် အချိန်မှစ၍ အပြင်ထွက်ခဲ့သည့် အချိန်တိုင်းတွင် သူ၏ အငွေ့အသက်ကို အမြဲတစေ ဖျောက်ဖျက်ထားခဲ့သည်။
နတ်ဆိုးတစ်ထောင် လှိုက်ဂူထဲတွင် ဝိညာဥ်ရနံ့မြက်ဟု အမည်ရသည့် ဆေးပင်တစ်ပင် ရှိပြီး၊ ၎င်းကို အမှုန့်ကြိတ်ကာ ရေနှင့် ရောစပ်၍ အငွေ့အသက်ကို ဖျောက်ဖျက်ရန်အတွက် ခန္ဓာကိုယ်တွင် သုတ်လိမ်းနိုင်ပေသည်။
ရှုကျိုးနှင့် ကျောက်ဟုန်ရင်တို့နှစ်ဦးစလုံးသည် အဆိုပါ ဆေးမှုန့်ကို သုတ်လိမ်းထားခဲ့ကြသည်။
“ သတ် !! “
ရှုကျိုးသည် ဝိုင်းရံထားမှုကို ချိုးဖျက်ကာ ဤနေရာမှ ထွက်သွားလိုသည့်အတွက် ကြမ်းကြမ်းတမ်းတမ်း အော်ဟစ်လာခဲ့သည်။
ကျောက်ဟုန်ရင်သည် သူ၏အစီအစဥ်ကို နားလည်နေခဲ့ကာ၊ သူမ၏ အမူအရာ အေးစက်သွားခဲ့ပြီး ရှုကျိုး၏ ဘေးဘက်တွင် ဆက်လက်၍ တိုက်ခိုက်နေတော့သည်။
“ ဝေါင်းးး !! “
နောက်ထပ် ဟိန်းဟောက်သံတစ်သံ ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။
သွေးတောင်ပံ ကျားပျံခေါင်းဆောင်ကြီးသည် မိုင်ပေါင်းများစွာ အကွာတွင် ရှိနေသေးစဲဖြစ်သော်လည်း၊ ၎င်း၏ အမြန်နှုန်းသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် မြန်ဆန်နေခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်မိုင်ကျော် ကျော်ဖြတ်လာခဲ့ကာ လျင်မြန်စွာ ချဥ်းကပ်လာခဲ့သည်။
“ အဲ့ကောင်ရဲ့ အရှိန်က တော်တော်ကြီးကို မြန်နေတာပဲ “ ကျောက်ဟုန်ရင်၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားခဲ့ပြီး၊ သူမ၏ လှပသော မျက်လုံးလေးများထဲတွင် စိတ်ပျက်အားလျော့နေသည့် အရိပ်အယောင်လေးများ ဖြစ်ပေါ်လာခဲ့သည်။
ပြိုင်ဘက်၏ အရှိန်သည် အတော်လေး မြန်ဆန်နေခဲ့သည်။
ရွှေတောင်ပံ ကျားပျံခေါင်းဆောင်ကြီး၏ အမြန်နှုန်းသည် သူထင်ထားသည်ထပ် ကျော်လွန်နေခဲ့သောကြောင့် ရှုကျိုး၏ အမူအရာမှာလည်း ပြောင်းလဲသွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် အဝေးမှ အစက်သေးသေးလေးတစ်ခုအဖြစ် မြင်တွေ့နေခဲ့ရသည့် အရာသည် ထင်ထင်ရှားရှား မြင်တွေ့လာရသည်အထိ ကြီးမားလာခဲ့ပြီ ဖြစ်သည်။
“ ချီးပဲ၊ အဲ့ကောင်က ထပ်ပြီးတော့ နီးလာတော့မယ်ဆိုရင်၊ ငါ့ရဲ့ အငွေ့အသက်ကို ဖျောက်ထားရင်တောင်မှ လွတ်တော့မှာ မဟုတ်ဘူး “ ဤအခိုက်အတန့်၌ ရှုကျိုး၏ အမူအရာ ပျက်ယွင်းနေခဲ့ပြီ ဖြစ်သည်။
၎င်းတို့ကို ကျားပျံများဟု ခေါ်ဆိုနေရခြင်းမှာ ၎င်းတို့ထံတွင် သွေးနီရောင် တောင်ပံများ ရှိနေသောကြောင့် ဖြစ်သည်။
သူတို့သည် ပျံသန်းနိုင်ကြသည်၊ သို့သော် အချိန်အတော်ကြာ ပျံသန်းနိုင်သည့် ငှက်များကဲ့သို့ မဟုတ်သည်မှာ သေချာလှပေသည်။
သို့သော် လေထဲတွင် မိနစ်ပိုင်းမျှသာ ရှိနေနိုင်သည့် မိကျောင်းသားရဲ ခေါင်းဆောင်ကြီးနှင့် ယှဥ်လိုက်မည်ဆိုပါက သွေးတောင်ပံ ကျားပျံခေါင်းဆောင်ကြီး၏ ပျံသန်းနိုင်စွမ်းသည် များစွာ အားကောင်းနေလျက်ရှိသည်။
ထိုအချိန်တွင် ကျားပျံမျိုးနွယ်စု၏ ခေါင်းဆောင်ကြီးသည် ၎င်း၏ တောင်ပံများကို ရိုက်ခတ်၍ မြေပြင်ပေါ်တွင် ကြီးမားသော အရိပ်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့ကာ သူတို့ဆီသို့ တဟုန်ထိုး ပြေးလာနေခဲ့သည်။
၎င်း၏ အရှိန်မှာ အလွန်မြန်ဆန်နေခဲ့သောကြောင့် လေတိုးသံများပင် ပဲ့တင်ထပ်နေလျက်ရှိသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် လျင်မြန်စွာ နီးကပ်လာခဲ့ပြီ ဖြစ်သည်။
“ နည်းလမ်းတစ်ခုပဲ ရှိတော့တယ် “ ရှုကျိုး၏ အကြည့်သည် ရုတ်တရက် အေးစက်သွားခဲ့သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် စိတ်ထဲတွင် အော်ဟစ်လိုက်တော့သည်။
“ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ကို အသက်သွင်းမယ် “
တစ်လနီးပါး ကုန်ဆုံးလာခဲ့ပြီးသည့်နောက်၌ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ကို နောက်တစ်ကြိမ် ထပ်မံ၍ အသက်သွင်းလိုက်ပြီ ဖြစ်သည်။
ထိုစဥ် ကီလိုမီတာ ရာပေါင်းများစွာအကွာရှိ မီးနတ်ဆိုးငှက်၏ လိုက်ဖမ်းခြင်းကို ခံနေရသည့် ရွှေတောင်ပံ T-Rexကြီးသည် လေထုထဲတွင် ရုတ်တရက် ပျောက်ကွယ်သွားကာ ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ရောက်ရှိသွားခဲ့သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင်
၎င်းသည် တောင်ကုန်းအသေးစားလေးတစ်ခုမျှ ကြီးမားသည့် မိကျောင်းသားရဲခေါင်းဆောင်ကြီးကို ဆွဲထုတ်ကာ သွေးတောင်ပံ ကျားပျံများ၏ ပိုင်နက်ထဲတွင် ပြန်ပေါ်လာခဲ့သည်။
“ ဝုန်းးးးးးးးး !! “
မီတာ ၂၀ကျော် ရှည်လျားသည့် မိကျောင်းသားရဲ ခေါင်းဆောင်ကြီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ပြီး၊ ချက်ချင်းဆိုသလိုပင် အောက်ဘက်ရှိ သွေးတောင်ပံ ကျားပျံအုပ်ကို ချေမွသွားခဲ့သည်။
……………………………………………………………………………………………………………………….