အခန်း (၇၃-၇၅)
Vol. 5 Ch. 73-75
အပိုင်း ( 73 )
အမှောင်သိုင်းပညာရှင်
ရှုကျိုးသည် အရှေ့ဘက်တွင် ရှိသည့် တစ်စုံတစ်ဦးကို မြင်တွေ့သွားခဲ့သည်၊ သို့သော် သူတို့ကြားရှိ အကွာအဝေးသည် အနည်းဆုံးအနေဖြင့် ကီလိုမီတာပေါင်းများစွာ ဝေးကွာနေခဲ့သည်။
အမှန်တိုင်းပြောရမည်ဆိုပါက ရှုကျိုးသည် အရှေ့ဘက်ရှိ မေပယ်တောအုပ်ထဲတွင် ရွေ့လျားနေသည့် ပုံရိပ်များကို ယောင်ဝါးဝါး မြင်တွေ့လိုက်ရခြင်းသာလျှင် ဖြစ်သည်။
၎င်းမှာ ရှုကျိုး၏ စိတ်စွမ်းအင်က အလွန်အားကောင်းနေသောကြောင့် ဖြစ်သည်။
စိတ်ဝိညာဥ်စွမ်းအင် 30Hzသည် သူ့အား အလွန်စူးရှထက်မြက်သော အာရုံများကို ပေးအပ်ပြီး ကီလိုမီတာများစွာ အကွာရှိ လှုပ်ရှားမှုများကိုပင် ထောက်လှမ်းသိရှိစေနိုင်လေသည်။
မကြာခင်မှာပင် ရှုကျိုးသည် အရှေ့ဘက်ရှိ မေပယ်တောအုပ်ထဲတွင် လူအနည်းငယ် အမှန်တကယ် တည်ရှိနေကြောင်း အတည်ပြုသွားနိုင်ခဲ့သည်။
“ ပြေးးးး “ ရှုကျိုးသည် သူ၏ ချီ-သွေးစွမ်းအင်များကို အဆက်မပြတ် နှိုးဆွကာ အရှိန်ထပ်တင်နေတော့သည်။
နောက်ဘက်ရှိ ကျောက်ဟုန်ရင်မှာလည်း ထိုအတိုင်းသာ လိုက်လုပ်လာခဲ့ပြီး၊ သူမ၏ အသက်က ထိုအရာပေါ်တွင် မူတည်နေသကဲ့သို့ အသည်းအသန် ပြေးလွှားနေတော့သည်။
ရွှေတောင်ပံ T-Rexကြီးသည် ယခုလေးတင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်၊ ပုံမှန်အားဖြင့် သူမ အံ့အားသင့်သွားလိမ့်မည် ဖြစ်သည်၊ သို့သော် ယခု၌ သူမထံတွင် ထိုကိစ္စကို စဥ်းစားနိုင်မည့် အချိန် မရှိပေ။
“ တတိယအဆင့် အထက်က သားရဲနှစ်ကောင် …… “ ကျောက်ဟုန်ရင်၏ လှပသော မျက်လုံးလေးများထဲတွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေလျက်ရှိသည်။
သူမသည် ပထမအဆင့် သိုင်းပညာရှင်ပင် မဖြစ်သေးချေ၊ သို့သော် သူမသည် ဧရာမ သားရဲကြီးနှစ်ကောင်၏ လိုက်ဖမ်းခြင်းကို ခံနေခဲ့ရပြီ ဖြစ်သည်။
အကယ်၍ သူမသာ အသက်ရှင်နေခဲ့မည်ဆိုပါက ၎င်းသည် ကျန်ဘဝတစ်လျှောက်လုံးအတွက် ကြွားဝါနိုင်မည့်(သို့) ဂုဏ်ယူရမည့် ကိစ္စတစ်ခု ဖြစ်သွားလိမ့်မည် ဖြစ်သည်။
ထိတ်လန့်တုန်လှုပ်ခြင်းအပြင် သူမသည် ဧရာမ ဗီဇပြောင်းသားရဲကြီးနှစ်ကောင်၏ လိုက်ဖမ်းခြင်းကို ခံနေရသောကြောင့် အလွန်စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။
ငါတို့က အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလား?
“ ဝူးးးး “
သူမတို့နောက်ဘက်ရှိ ကျားပျံမျိုးနွယ်စု ခေါင်းဆောင်ကြီးသည် ၎င်း၏ တောင်ပံကို ထပ်ဖြန့်ကာ မျက်စိတ်တစ်မှိတ်အတွင်းမှာပင် မီတာရာနှင့်ချီ၍ ကျော်ဖြတ်လာခဲ့သည်။
၎င်းသည် ရှုကျိုး၏ သူ၏တွဲဘက်ကို လျင်မြန်စွာ ရှာတွေ့သွားခဲ့သည်။
ထိုကဲ့သို့သော ဧရာမသားရဲကြီးများအတွက် လူသားများသည် အတော်သေး သေးငယ်နေလျက်ရှိသည်၊ သို့သော် ၎င်းသည် သူတို့ကို ချက်ချင်း ရှာတွေ့သွားခဲ့သည်။
မင်းတို့ မလွတ်နိုင်တော့ဘူး !!
“ ဝေါင်းးး !! “
ကျားပျံခေါင်းဆောင်ကြီးမှ ဒေါသတကြီး ဟိန်းဟောက်လာခဲ့သည်၊ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ကောင်းကင်အနှံ့ ဖုံးလွှမ်းသွားခဲ့ပြီး၊ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် အောက်ဘက်ရှိ သစ်ပင်များကိုပင် ကျိုးပဲ့ ပျက်စီးသွားစေခဲ့သည်။
“ ဝုန်းးးး !! “
ဧရာမ သားရဲကြီးနှစ်ကောင်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် အနီးအနားသို့ ထပ်မံ၍ ရောက်ရှိလာခဲ့ပြန်သည်။
ရှုကျိုးနှင့် ကျောက်ဟုန်ရင်တို့သည် လေထုကို ဆုတ်ဖြဲနေသည့် သားရဲကြီးတို့၏ ကြောက်မက်ဖွယ်ကောင်းသော ကုတ်ဆွဲသံများကို ကြားနေခဲ့ရပြီး၊ ကျောက်ဟုန်ရင်၏ မျက်နှာ ဖြူဖျော့သွားခဲ့သည်။
ရှုကျိုးသည် ပြင်းပြင်းထန်ထန် အံကြိတ်နေတော့သည်၊ နောက်ထပ် စက္ကန့်ပိုင်းမျှ အကြာ၌ ရွှေတောင်ပံ T-Rexကြီးသည် လေထုထဲတွင် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
သူသည် သူ၏ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်အကြောင်း ပေါက်ကြားသွားမည်ကို တွေးပူမနေတော့ပေ၊ သူ၏အသက်သည် အန္တရာယ်အတွင်းသို့ ကျရောက်နေပြီဖြစ်သည့်အတွက် မည်သည့်အတွက်ကြောင့် ဖုံးကွယ်သင့်တော့မည်နည်း?
သို့သော် ဤတစ်ကြိမ်တွင် ရွှေတောင်ပံ T-Rexကြီးသည် တစ်ကိုယ်တည်း ပေါ်မလာခဲ့ပေ။ ၎င်း၏ ခြေသည်းများကြားတွင် ဝိုင်အိုးတစ်လုံးနှင့် မိကျောင်းဥတစ်လုံးပါရှိနေခဲ့ပြီး၊ ၎င်းသည် ၎င်းတို့ကို ရှုကျိုးထံသို့ ပစ်ပေးလိုက်သည်။
“ဝှစ် !! “
ရှုကျိုးသည် လေပေါ်သို့ ခုန်တက်ကာ အဆိုပါ ဝိုင်အိုးနှင့်မိကျောင်းဥတို့ကို ဖမ်းယူလိုက်သည်။
“ ဗြွီ !! “
သားရဲ လက်သည်းကုတ်ချက်သည် နောက်ဘက်မှ ထွက်ပေါ်လာခဲ့ပြီး၊ ရှုကျိုးကို ထိမိလုနီးပါး ဖြစ်လာခဲ့သည်၊ သို့သော် နောက်ဆုံးအခိုက်အတန့်တွင် အေးခဲရပ်တန့်သွားခဲ့သည်။
ထိုအချိန်တွင် ကျားပျံမျိုးနွယ်စု၏ ခေါင်းဆောင်ကြီးနှင့် မိကျောင်းသားရဲ ခေါင်းဆောင်ကြီး နှစ်ကောင်စလုံး တောင့်တင်း ရပ်တန့်သွားခဲ့သည်။
၎င်းတို့နှစ်ကောင်စလုံးသည် ရှုကျိုးလက်ထဲတွင် ကိုင်ဆောင်ထားသည့် အရာများကို မြင်တွေ့သွားခဲ့သည်။
“ ဝေါင်းးးးး !! “
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ဧရာမ သားရဲကြီးနှစ်ကောင်သည် ကမ္ဘာမြေ တုန်ခါသွားစေသည့် ဒေါသများဖြင့် ပြည့်နှက်နေသော ဟိန်းဟောက်သံများကို ထုတ်လွှတ်လာခဲ့သည်။
၎င်းတို့သည် ရှုကျိုးကို သေသည်အထိ အမှုန့်ကြိတ်ချင်နေလျက်ရှိသည်၊ သို့သော် ထိုကဲ့သို့ မလုပ်ရဲကြပေ။
အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ သားရဲအူတိုင် အဆီအနှစ်နှင့် မိကျောင်းဥတို့သည် ရှုကျိုးထံတွင် ရှိနေသေးစဲ ဖြစ်သောကြောင့် ဖြစ်သည်။
ရွှေတောင်ပံ T-Rexကြီးသည် ရပ်တန့်သွားသည့် အဆိုပါ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ ရှုကျိုးနှင့် ကျောက်ဟုန်ရင်တို့ကို ဖမ်းဆုပ်၍ အရှေ့ရှိ မေပယ်တောအုပ်ထဲသို့ ပျံသန်းသွားတော့သည်။
ကျားပျံ မျိုးနွယ်စု၏ ခေါင်းဆောင်ကြီးနှင့် မိကျောင်းသားရဲ ခေါင်းဆောင်ကြီးသည် ဒေါသတကြီး ဟိန်းဟောက်လာကြပြီး သူတို့အနောက်သို့ ချက်ချင်း ပြေးလိုက်လာကြသည်။
၎င်းတို့၏ မျက်လုံးများထဲတွင် ရှုကျိုးနှင့် သူ၏အဖော်သည် ပုရွက်ဆိတ်ထပ် အနည်းငယ် ပိုကြီးသော အရာများသာ ဖြစ်သည်။
ရှုကျိုးကို မသတ်နိုင်ခြင်းသည် ၎င်းတို့ကို ပို၍ ဒေါသထွက်သွားစေခဲ့သည်။
“ ဝှစ် !!! “
ရှုကျိုးသည် ရွှေတောင်ပံ T-Rexကြီးကို ထိန်းချုပ်၍ ၎င်း၏ တောင်ပံများကို အရူးအမူး ခတ်နေတော့သည်။
၎င်း၏ ဆယ်မီတာ ရှည်လျားသော တောင်ပံများသည် အစွမ်းကုန် ရှိသမျှ သုံး၍ ပျံသန်းနေသောကြောင့် မီးစွဲလုမတတ် ဖြစ်နေသည့်ပုံပင်။
မေပယ် တောအုပ်ကြီးနှင့် ပိုပို၍ နီးကပ်လာခဲ့သည်။
“ ဗွီ …. “
ရှုကျိုး၏ စိတ်စွမ်းအားသည် အရှေ့ဘက်သို့ ပျံ့နှံ့ ရောက်ရှိသွားခဲ့သည်။
မကြာခင်မှာပင် သူသည် အဆိုပါ ပုံရိပ်များကို ရှင်းရှင်းလင်းလင်း မြင်တွေ့သွားခဲ့သည်၊ သို့သော် နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
အဲ့လူတွေက …
တစ်ခုခုမှားနေတဲ့ပုံပဲ !!
…
မေပယ် တောအုပ်အတွင်း၌
လူတစ်စုသည် မြင့်မားသော ယဇ်ပုလ္လင်နားတွင် စုဝေးကာ လေသံတိုးတိုးလေးဖြင့် ရွတ်ဆိုနေကြသည်။
ယဇ်ပုလ္လင်ပေါ်တွင် များစွာသော လူငယ် အမျိုးသားနှင့် အမျိုးသမီးများကို ချည်နှောင်ထားခဲ့သည်၊ သူတို့ထံတွင် ဒုတိယအဆင့် သိုင်းပညာရှင်များ၏ ချီ-သွေးစွမ်းအင် အတက်အကျများ ရှိနေခဲ့သည်။
သို့သော် ဤအချိန်၌ သူတို့အားလုံးသည် တိုင်တစ်တိုင်တွင် ချည်နှောင်ခံထားရပြီး၊ မလှုပ်ရှားနိုင်ကြပေ။
ယဇ်ပုလ္လင်၏ အောက်ဘက်၌ မီးမညှိရသေးသော ထင်းပုံကြီး ရှိနေခဲ့ပြီး၊ ယဇ်ပူဇော်ပွဲစတင်ကာ ပုလ္လင်ပေါ်ရှိ လူများကို အရှင်လတ်လတ် မီးတင်ရှို့ရန် အဆင်သင့်ဖြစ်နေခဲ့သည်။
ရက်စက် ကြမ်းကြုတ်သော ယဇ်ပူဇော်ပွဲတစ်ခုပင် !!
ပုလ္လင်အောက်၌
သွေးနီရောင် ပုဝါကို ဝတ်ဆင်ထားပြီး၊ ရာထူးမြင့်မားပုံရသည့် လူကြီးတစ်ဦးမှ ရေရွတ်ပြောဆိုလာခဲ့သည် “ မဟာလနတ်ဘုရား၊ အသက်များ၏ အရှင်သခင် “
“ ဒါတွေက အရှင်မအတွက် ကျွန်တော်မျိုးတို့ ဂရုတစိုက် ပြင်ဆင်ပေးထားခဲ့တဲ့ ပူဇော်ပဏ္ဏာတွေပါ။ သူတို့တွေက လူသားမျိုးနွယ်စုရဲ့ ဂုဏ်ယူဖွယ်ရာတွေပါ၊ အရှင်မအတွက် ပူဇော်ပါတယ်၊ ကျေးဇူးပြု၍ အသက်များကို ကောင်းချီးပေးသနားတော်မူပါ “
ယဇ်ပုလ္လင်၏ ရှေ့ဘက်တွင် ကြီးမားသော အမျိုးသမီး ရုပ်ထုကြီးတစ်ခု ရှိနေခဲ့သည်။
လူများသည် ရုပ်ထုရှေ့တွင် ရပ်ကာ၊ လက်အုပ်များချီ၍ ပူဇော်ရွတ်ဆိုနေကြပြီး၊ အလွန်လေးနက်သော လေထုကို ဖန်တီးနေခဲ့သည်။
“ ဝှစ် “
ထိုအချိန်၌ ကြီးမားသော အရိပ်ကြီးတစ်ခုသည် ကောင်းကင်ပေါ်တွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
လူအများစုသည် စိတ်ရှုပ်ထွေးစွာဖြင့် မော့ကြည့်လာကြသည်၊ ဘာတွေ ဖြစ်နေတာလဲ?
လနတ်ဘုရား ဆင်းသက်လာတာလား?
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သားရဲ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် အမြှောက်တစ်ခုကဲ့သို့ အောက်သို့ ထိုးဆင်းလာခဲ့ကာ ချက်ချင်းဆိုသလိုပင် ယဇ်ပုလ္လင်ကို အပိုင်းပိုင်း အစစ ဖြစ်သွားစေခဲ့သည်။
“ ဝုန်းးးးးး !!! “
ယဇ်ပုလ္လင်အောက်ရှိ ထင်းပုံကြီးသည် အပိုင်းပိုင်း ကွဲထွက်သွားကာ နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။
ထိုအခါမှသာလျှင် အဆိုပါ လူစုသည် မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့သွားကြသည်။
ရွှေနက်ရောင် ဗီဇပြောင်းသားရဲကြီးသည် သူတို့၏ ပူဇော်ပွဲအခမ်းအနားသို့ ဖောက်ထွင်းဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
“ ဝေါင်းးးး “
ရွှေတောင်ပံ T-Rexကြီးသည် ကောင်းကင်ဘုံကို ဟိန်းဟောက်လိုက်ပြီး၊ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ပြိုကျပျက်စီးသွားခဲ့သော ယဇ်ပုလ္လင်ပေါ်တွင် မတ်တပ်ရပ်နေခဲ့သည်။
လူအုပ်ကြီး အံ့ဩမှင်သက်သွားကြသည်၊ သို့သော် ထိုမျှဖြင့် မပြီးဆုံးသွားခဲ့ပေ။
ဝှစ်
ရွှေတောင်ပံ T-Rexကြီးသည် ၎င်း၏ ကြီးမား ကျယ်ဝန်းသော တောင်ပံများကို မာန်ပါပါ ခတ်ကာ အမျိုးသမီးရုပ်ထုကြီးကို ရိုက်ချလိုက်သည်။
“ ဝုန်းးးး “
ချက်ချင်းဆိုသလိုပင် လနတ်ဘုရား ရုပ်ထုကြီး၏ ဦးခေါင်း ပေါက်ကွဲထွက်သွားပြီး၊ ၎င်း၏ ကိုယ်ထည်မှာလည်း ကွဲအက်သွားကာ ကျောက်တုံးအပိုင်းအစများ နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။
“ ခွေးသူတောင်းစား “
သွေးနီရောင် ပဝါဖြင့် လူကြီးသည် ဒေါသတကြီး အော်ငေါက်လာခဲ့ကာ သူ၏ မျက်လုံးများသည် ထွက်ကျလုနီးပါးပင် ဖြစ်သွားခဲ့သည်။
သူသည် လှုပ်ရှားရန် ပြင်လိုက်သည်၊ သို့သော် ထိုအချိန်တွင် ဟိန်းဟောက်သံ နောက်တစ်ခု ထပ်မံ၍ ပေါ်ထွက်လာခဲ့သည်။
ပို၍ကြီးမားသော ဧရာမ သားရဲကြီးနှစ်ကောင်သည် ယဇ်ပုလ္လင်အထက်တွင် ပေါ်ပေါက်လာခဲ့သည်။
“ ဝှစ် !!! “
ကျားပျံမျိုးနွယ်စု ခေါင်းဆောင်ကြီး ပေါ်လာခဲ့ပြီး၊ မည်သည့်စကားမှ ပြောမနေဘဲ၊ ၎င်း၏ကြီးမားသော လက်သည်းကြီးများဖြင့် အောက်ဘက်ရှိ ယဇ်ပုလ္လင်ကို ပစ်မှတ်ထားတိုက်ခိုက်လာခဲ့သည်။
မုန်းဖို့ကောင်းတဲ့ လူမသားသမီးတွေ၊ ဒီနေ့တော့ ဒင်းတို့အားလုံးကို ရှင်းလင်းပစ်ရမယ် !!
“သားရဲကောင် !! “
“ အဲ့မှာ ရပ်လိုက်စမ်း !! “
ဒေါသတကြီး ဟိန်းဟောက်သံများ ပေါ်ထွက်လာခဲ့သည်။
မေပယ်တောအုပ်အထက် ကောင်းကင်ယံသို့ အံ့ဩဖွယ်ကောင်းသည့် အရှိန်အဝါများ ထုတ်လွှတ်နေသည့် ပုံရိပ်များ ပျံတက်လာခဲ့ပြီး၊ အားလုံးသည် ဒုတိယအဆင့်နှင့် ၎င်း၏အထက် သိုင်းပညာရှင်များ ဖြစ်သည်။
သူတို့သည် ဒေါသများ ပြည့်နှက်နေသော မျက်နှာများဖြင့် ပျံတက်လာကြသည်၊ ဒီသားရဲကောင်တွေက ငါတို့ရဲ့ ယဇ်ပုလ္လင်ကို ဖျက်စီးရဲနေတယ်ပေါ့ !!
လနတ်ဘုရားဂိုဏ်းသည် ဤအခမ်းအနားအတွက် အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့ရသည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် အထောက်အထားအတုများ ပြုလုပ်ခဲ့ရပြီး၊ ထို့နောက်တွင် အဆိုပါ လူငယ်ပါရမီရှင်များကို အမဲလိုက်ခဲ့ရသည်။
လနတ်ဘုရားသည် လူငယ်လူရွယ်များကို ချစ်ခင်နှစ်သက်ပြီး၊ အသက်များ လက်ဆောင်ပေးခြင်းကို အကြိုက်ဆုံးဖြစ်သည်။
ယနေ့သည် ယဇ်ပူဇော်ရန်အတွက် အသင့်တော်ဆုံးနေ့ရက်ဖြစ်သည်၊ လနတ်ဘုရားဂိုဏ်း နောက်လိုက်များသည် ဤနေ့ရက်အတွက် အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့ရသည်၊ သို့သော် ယခု၌ ၎င်းသည် သားရဲတစ်အုပ်ကြောင့် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
“ ငါ့အတွက် သေလိုက်စမ်းးး “
လနတ်ဘုရားဂိုဏ်း၏ အကြီးအကဲသည် ဒေါသတကြီး အော်ဟစ်ကာ၊ မိကျောင်းသားရဲကြီးကို တိုက်ခိုက်လာတော့သည်၊ အဲ့ကောင်က ပိုအားနည်းတယ်၊ အဲ့ကောင်ကို အရင်သတ်ရမယ် !!
မိကျောင်းသားရဲ ခေါင်းဆောင်ကြီးမှာလည်း အံ့ဩသွားခဲ့သည်၊ ငါက ဘယ်သူ့ကို စော်ကားမိခဲ့လို့လဲဟ?
၎င်းသည် ဒေါအပြည့်ဖြင့် ဟိန်းဟောက်လိုက်ပြီး၊ မည်သည့်ကြောက်ရွံ့မှုမှ မပြသဘဲ လနတ်ဘုရား ဂိုဏ်း၏ အကြီးအကဲကို လက်သည်းဖြင့် ကုတ်ဆွဲလိုက်သည်။
“ ဘန်း ဘုန်းး ဘုန်းးး “
မကြာခင်မှာပင် နှစ်ဖက်စလုံးသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပြီး၊ ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေခဲ့သည်။
အောက်ဘက်ရှိ ရွှေတောင်ပံ T-Rexကြီးအတွက်ကား ………
၎င်းမှာ ပထမအဆင့် သားရဲတစ်ကောင်လေးမျှသာ ဖြစ်သောကြောင့် မည်သူကမှ ဂရုမစိုက်ကြပေ။
…
မြေပြင်ပေါ်ရှိ ကျောက်ဟုန်ရင်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေခဲ့ပြီး၊ သူမ၏မျက်နှာလှလှလေးပေါ်တွေင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည် “ ဒါက …… အမှောင်သိုင်းပညာရှင်ရဲ့ ယဇ်ပုလ္လင်လား? “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
ဒီလိုသွေးစွန်းတဲ့ ယဇ်ပူဇော်ပွဲ၊ ငါတို့က အမှောင်သိုင်းပညာရှင်တွေရဲ့ အခြေစိုက်စခန်းထဲကို ကျူးကျော်လာမိတာပဲ ဖြစ်ရမယ်။
သူသည် တစ်ခုခုမှားယွင်းနေသည်ကို အစောပိုင်း အချိန်များကတည်းက သတိပြုမိထားခဲ့ပြီ ဖြစ်သည်၊ အဆိုပါ သိုင်းပညာရှင်များ၏ ခြေလှမ်းများသည် ပုန်းလျှိုးကွယ်လျှိုးဖြင့် ခိုးကြောင်ခိုးဝှက်ဖြစ်နေကာ၊ သူတို့သည် လူကောင်းများ မဟုတ်ကြသည့်ပုံပင်။
မထင်မှတ်ထားစွာဖြင့် သူတို့သည် အမှောင်သိုင်းပညာရှင်များ ဖြစ်နေခဲ့သည်။
သူသည် ၎င်းကို ရိပ်မိနေခဲ့ပြီ ဖြစ်သည်၊ ထို့ကြောင့် ပျံဝင်လာခဲ့သည့် အချိန်တွင် ယဇ်ပုလ္လင်ကို တိုက်ရိုက် ဖျက်စီးကာ လနတ်ဘုရားဟု ခေါ်ဆိုသည့် ရုပ်ထုကိုပင် ဖျက်စီးလိုက်သည်။
အကောင်ကြီးနှစ်ကောင်ကမူ သူ့အတွက် ထိုလူများကို ရှင်းပေးမည် ဖြစ်သည်။
“ ဒီအခွင့်အရေးကို ယူပြီးတော့ မြန်မြန် ပြေးရမယ် “ ရှုကျိုးသည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်၊ နှစ်ဖက်စလုံးသည် သွေးထွက်သံယို တိုက်ပွဲတစ်ခု ဆင်နွှဲနေကြပြီး၊ အပြင်းအထန် တိုက်ခိုက်နေကြသည်။
ထိုအခိုက်အတန့်တွင် ရှုကျိုးသည် အောက်ဘက်ကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။
ယဇ်ပုလ္လင် ပြိုကျသွားခဲ့ပြီးသည့်နောက်၌ ချည်နှောင်ခံထားရသည့် လူငယ် အမျိုးသားနှင့် အမျိုးသမီးတို့မှာလည်း အောက်သို့ ပြုတ်ကျသွားခဲ့သည်။
ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည်၊ နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ရွှေတောင်ပံ T-Rexကြီးကို ထိန်းချုပ်ကာ အောက်သို့ တဟုန်ထိုး ထိုးဆင်းသွားတော့သည်။
ပထမဦးဆုံးအနေဖြင့် အဖမ်းခံထားရသည့် လူများကို လွှတ်ပေးရမည် ဖြစ်သည်၊ နောက်ပိုင်းတွင် အခြေအနေသည် ပို၍ပင် ကသောင်းကနင်း ဖြစ်လာနိုင်လေသည်။
မည်သို့ပင်ဆိုစေကာမူ ပို၍ရှုပ်ထွေးလေလေ ရှုကျိုးအတွက် ပိုကောင်းလေလေပင် ဖြစ်သည်။
“ ဝှစ် !! “
ရွှေတောင်ပံ T-Rexကြီးသည် တစ္ဆေတစ်ကောင်ကဲ့သို့ ယဇ်ပုလ္လင်၏ အောက်ခြေသို့ ထိုးဆင်းလာခဲ့သည်။
ယဇ်ပုလ္လင်၏ အောက်ခြေ၌
အချုပ်ခံထားရသည့် လူငယ် အမျိုးသားနှင့် အမျိုးသမီးတစ်စုသည် ကောင်းကင်ပေါ်မှ တဟုန်ထိုး ဆင်းချလာခဲ့သည့် ရွှေနက်ရောင် ဗီဇပြောင်းသားရဲကြီးကို ကြည့်ကာ အမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။
…………………………………………………………………………………………………………………
အပိုင်း ( 74 )
မကောင်းဆိုးဝါးဂိုဏ်းကို ဖျက်စီးခြင်း
လူတစ်စုသည် တိုင်နှင့် အချည်ခံထားရသောကြောင့် လုံးဝ အကာအကွယ်မဲ့နေခဲ့သည်။
ရွှေတောင်ပံ T-Rexကြီးကို မြင်လိုက်ရသောအခါတွင် သူတို့၏ မျက်နှာများ အနည်းငယ် ဖြူဖျော့သွားကြသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် မကြာခင်မှာပင် ပုံရိပ်နှစ်ခုသည် အဆိုပါ ဗီဇပြောင်းသားရဲကြီးပေါ်မှ ခုန်ဆင်းလာခဲ့သည်။
“ ဆွစ်ရှ် !! “
ရှုကျိုးသည် သူ၏ဓားကို ဆွဲထုတ်ကာ ထိုလူများကို ချည်နှောင်ထားသည့် သံကြိုးများကို ခုတ်ဖြတ်လိုက်သည်။
အဆိုပါ ကြိုးများသည် အလွန်ခိုင်ခံ့နေခဲ့ပြီး၊ အားကုန်သုံးထားသော ရှုကျိုးကပင် သံကြိုးတစ်ခုကို ဖြတ်ရန် အချက်ပေါင်းများစွာ ခုတ်ပိုင်းခဲ့ရသည်။
အဆုံးတွင် ရှုကျိုးသည် ဒုတိယအဆင့် သိုင်းပညာရှင်များ၏ ချီ-သွေးစွမ်းအင်များကို မည်ကဲ့သို့ ပိတ်ဆို့ထားခဲ့လဲ ဆိုသည်ကို နားလည်သွားခဲ့သည်။
အဆိုပါ သံကြိုးအား ထူးခြားသော ပစ္စည်းများဖြင့် ပြုလုပ်ထားခဲ့သည့်ပုံပင်။
ရှုကျိုးသည် ရွှေတောင်ပံ T-Rexကြီးအား အဆိုပါ ချိန်းကြိုးများကို သယ်ဆောင်ခိုင်းလိုက်သည်၊ သူသည် ၎င်းတို့က အတော်အတန် တန်ဖိုးရှိသည်ဟု သံသယဝင်နေခဲ့သည်။
ထိုအချိန်တွင် ကျောက်ဟုန်ရင်မှာလည်း ဝင်၍ ကူညီကာ၊ လူငယ် အမျိုးသားနှင့် အမျိုးသမီးအားလုံးကို အမြန် လွှတ်ပေးလိုက်သည်။
“ မင်းတို့နှစ်ယောက်၊ ဒီနေ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် “
အဖြူဝတ် လူငယ်တစ်ဦးသည် လက်သီးဆုပ်ကာ ကျေးဇူးတင်စကား အမြန်ပြောလာခဲ့သည် “ ကျွန်တော်က ကျောင်းကျိုးက ယန်မိသားရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ ဒါက ကျွန်တော်ရဲ့ ကိုယ်ပိုင်တံဆိပ်ပြားပါ။ နောင်မှာ အခက်အခဲ တစ်ခုခုရှိတယ်ဆိုရင်၊ ယန်မိသားစုမှာ ကျွန်တော့်ကို လာရှာလို့ရပါတယ် “
ပြောနေရင်းဖြင့် သူသည် တံဆိပ်ပြားကို ထုတ်ယူကာ ကျောက်ဟုန်ရင်ဆီသို့ ၎င်းကို ပေးလာခဲ့သည်။
ကျောက်ဟုန်ရင်သည် ၎င်းကို မယူလိုက်ပေ၊ ထို့အစား ရှုကျိုးကိုသာ ညွှန်ပြလိုက်သည် “ သူ့ကို ပေးလိုက်ပါ “
အဖြူဝတ် လူငယ်လေးသည် ရှုကျိုးထံသို့ ၎င်းကို အမြန်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် တစ်ခြားသော လူများကလည်း ထိုအတိုင်း လိုက်လုပ်လာကြသည်၊ ကျေးဇူးတင်သည့်အနေဖြင့် သူတို့၏ ကိုယ်ပိုင်တံဆိပ်ပြားများကို ပေးအပ်လာကြသည်။
သူတို့အားလုံးသည် အတွင်းမြို့တော်မှ ထွက်လာကြခြင်း ဖြစ်ပြီး၊ တစ်ချို့သည် တစ်ခြားသော ပြည်နယ်များက ဖြစ်သည်။
ရှုကျိုးက တံဆိပ်ပြားများကို လက်ခံလိုက်ပြီးသည့်နောက်တွင် သူတို့သည် ဤနေရာတွင် မနေရဲကြတော့ဘဲ ဘက်ပေါင်းစုံသို့ ပြေးထွက်သွားကြသည်။
ရှုကျိုးကား အလျင်စလို မထွက်သွားဘဲ၊ ပတ်ဝန်းကျင်ကို ကြည့်ရှုစစ်ဆေးနေတော့သည်၊ သို့သော် ကံဆိုးစွာဖြင့်ပင် သူသည် တန်ဖိုးရှိသည့် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။
ဤနေရာသည် အမှောင်သိုင်းပညာရှင်တို့၏ တကယ့်အခြေစိုက်စခန်း မဟုတ်ဘဲ၊ ယာယီအခြေစိုက်စခန်းတစ်ခုသာ ဖြစ်နေခဲ့သည့်ပုံပင်။
“ သွားကြစို့ “ ရှုကျိုးသည် ရွှေတောင်ပံ T-Rexကြီး၏ ကျောပေါ်သို့ ပြန်တက်သွားတော့သည်။
ကျောက်ဟုန်ရင်မှာလည်း ထိုအတိုင်းပင် မြေပြင်ကို သူမ၏ သွယ်လျသော ခြေထောက်များဖြင့် ဆောင့်ကာ ခုန်တက်လာခဲ့သည်။
“ ဝှစ် “
ရွှေတောင်ပံ T-Rexကြီးသည် ၎င်း၏တောင်ပံများကို ခတ်ကာ အဝေးသို့ တဟုန်ထိုး ပြေးထွက်သွားတော့သည်။
ထိုအချိန်၌ ရှုကျိုးသည် မည်သည့်ဘက်သို့ ပြေးရမလဲဆိုသည်ကို မသိပေ၊ သူသည် ဤနေရာနှင့် အဝေးဆုံးနေရာသို့ တတ်နိုင်သမျှ အမြန်ဆုံး သွားချင်နေခဲ့သည်။
…
ယဇ်ပူဇော်ပွဲ ကျင်းပရာ တောအုပ်၏ အထက်ကောင်းကင်ယံတွင်
နှစ်ဖက်စလုံးသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပြီး၊ တောင်များ ပြိုကျကာ မြေပြင်များ ကွဲအက်သွားစေခဲ့သည်။
တိုက်ပွဲနယ်မြေ၏ အလယ်ဗဟိုတွင် လနတ်ဘုရား ဂိုဏ်းမှ သွေးနီပဝါဝတ်ထားသော အကြီးအကဲသည် ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးနှစ်ကောင်ဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေလျက်ရှိသည်။
“ ဘုန်းးး ဝုန်းးးး ဘမ်းးးး “
ဥက္ကာပျံများ အဆက်မပြတ် တိုက်မိနေသကဲ့သို့ ထိတွေ့မှု အသံများ ဆက်တိုက် ထွက်ပေါ်နေခဲ့သည်။
“ အကြီးအကဲ !! “
“ သားရဲကောင်၊ မင်းက ဘယ်လိုတောင် လုပ်ရဲနေတာလဲ !! “
တစ်ခြားလူများသည် အံ့ဩတကြီးဖြင့် အော်ဟစ်လာကြသည်။
“ ချီးပဲ !! “ လနတ်ဘုရား ဂိုဏ်း၏ အကြီးအကဲသည် ဒေါသတကြီးဖြစ်နေကာ သားရဲနှစ်ကောင်ကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။
သူသည် အလွန်အစွမ်းထက်ပြီး၊ သူ၏စွမ်းအားသည် အလယ်အလတ် တတိယအဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သို့သော် ဤသားရဲနှစ်ကောင် ရင်ဆိုင်ရသောအခါတွင် သူသည် မောပန်းသွားခဲ့သည်။
တိုက်ကွက်များ ဖလှယ်ပြီးသည့်နောက်တွင် သူ၏အဝတ်အစားများ စုတ်ပြဲကာ၊ သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း အရိုးကိုမြင်နေရသည့် နက်ရှိုင်းသော ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ပတ်ပတ်လည်ရှိ လနတ်ဘုရားဂိုဏ်း၏ သိုင်းပညာရှင်များမှာလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီ ဖြစ်သည်။
လူတစ်စုသည် သားရဲနှစ်ကောင်ကို ဝိုင်းရံတိုက်ခိုက်နေကြသော်လည်း အရေးနိမ့်နေသေးစဲ ဖြစ်သည်။
မိကျောင်းသားရဲ ခေါင်းဆောင်ကြီးမှ ဟိန်းဟောက်လာခဲ့ပြီး၊ ထပ်မံ၍ တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် ၎င်း၏ ဦးခေါင်းကို ကောင်းကင်ယံ၏ တစ်ခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်ရာ ၎င်းအကြည့်သည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ထိုနေရာ၌ ရွှေနက်ရောင် ပုံရိပ်တစ်ခုသည် အဝေးသို့ လျင်မြန်စွာ ပျံထွက်သွားခဲ့သည်။
“ ဝေါင်းးးး !! “
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ကျားပျံမျိုးနွယ်စု ခေါင်းဆောင်ကြီးနှင့် မိကျောင်းသားရဲ ခေါင်းဆောင်ကြီးတို့သည် ဒေါသတကြီးဟိန်းဟောက်လာကြသည်။
“ ဟမ်? “
လနတ်ဘုရားဂိုဏ်း၏ အကြီးအကဲသည် အနည်းငယ် မှင်သက်သွားတော့သည်၊ ဒီသားရဲကြီးနှစ်ကောင်နဲ့ ခုနကကောင်က အတူတူပဲ မဟုတ်ဘူးလား?
သူသည် ထိုသုံးကောင်က တစ်ဖွဲ့တည်း ဖြစ်သည်ဟု ထင်နေခဲ့သောကြောင့် ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲနေခဲ့ခြင်း ဖြစ်သည်။
ယခင်က ရွှေနက်ရောင်ငှက်သည် သူတို့၏ ယဇ်ပုလ္လင်ကို ဖျက်စီးခဲ့သည်၊ ထို့နောက်တွင် ဤသားရဲကြီးနှစ်ကောင်သည် နောက်မှ အနီးကပ် လိုက်လာခဲ့ကြသည်။
ထို့ကြောင့် သူတို့သည် အဆိုပါ ဗီဇပြောင်းသားရဲ သုံးကောင်က တစ်ဖွဲ့တည်းဖြစ်သည်ဟု အလိုအလျောက် ထင်မိသွားခဲ့ခြင်း ဖြစ်သည်။
ဒါပင်မဲ့ အခုကြည့်ရတာတော့ အဲ့ဧရာမ သားရဲကြီးနှစ်ကောင်က ရွှေနက်ရောင် ငှက်ကို လိုက်ဖမ်းနေတာလား?
“ ချီးပဲ “ နတ်ဘုရားဂိုဏ်းမှ အကြီးအကဲသည် အမောတကော အသက်ရှူရင်းဖြင့် ကျိန်ဆဲလာခဲ့သည်။
ထိုအချိန်တွင် ကျားပျံမျိုးနွယ်စု ခေါင်းဆောင်ကြီးနှင့် မိကျောင်းသားရဲ ခေါင်းဆောင်ကြီးနှစ်ကောင်စလုံးသည် အကြီးအကဲကို ဒေါသအပြည့်ဖြင့် ထပ်မံ၍ တိုက်ခိုက်လာပြန်သည်။
ဤတစ်ကြိမ်၌ ၎င်းတို့သည် မည်သည့်အရာကိုမှ မလျှိုထားတော့ဘဲ ကြောက်မက်ဖွယ် အကောင်းဆုံးသော တိုက်ခိုက်မှုများကို ပြုလုပ်လာကြသည်။
၎င်းတို့သည် ဤနေရာရှိ လူများကို အမြန်ဆုံး ရှင်းထုတ်ကာ၊ ရှုကျိုးနောက်သို့ လိုက်သွားချင်နေကြသည်။
“ နားလည်မှု လွဲတာ၊ ဒါက နားလည်မှုလွဲသွားတာပါ “ လနတ်ဘုရားဂိုဏ်းမှ အကြီးအကဲ၏ အမူအရာ ပြောင်းလဲသွားပြီး၊ အလောတကြီး အော်ပြောလာခဲ့သည်။
ပြိုင်ဘက်မှ ရှိသမျှ အကုန်ထုတ်သုံးလာသည်ကို မြင်လိုက်ရသောအခါတွင် သူသည် အံကြိတ်လိုက်ပြီး၊ ရှုကျိုးပြေးသွားသည့် ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
သူသည် ဤဧရာမ သားရဲကြီးနှစ်ကောင်နှင့် ဆက်မတိုက်ချင်တော့ပေ၊ ထိုကဲ့သို့သာ မဟုတ်ပါက သူသည် ဤနေရာတွင် သေဆုံးကောင်း သေဆုံးသွားနိုင်လေသည်။
၎င်းကို မြင်လိုက်ရသောအခါတွင် လနတ်ဘုရားဂိုဏ်းမှ ကျန်လူများ ကြောင်တောင်တောင် ဖြစ်သွားကြသည်။
ဘာဖြစ်သွားတာလဲ?
အကြီးအကဲက ပြေးသွားတာလား?
“ ဝုန်းးးး !! “
ထိုလူထွက်ပြေး သွားသည်ကို မြင်လိုက်ရသောအခါတွင် သားရဲကြီးနှစ်ကောင်သည် သူ့အား ထပ်မံ၍ အာရုံစိုက် မနေကြတော့ပေ။
၎င်းတို့သည် တောအုပ်ထဲတွင် ကျန်ရှိနေသည့် အမှောင်သိုင်းပညာရှင်အားလုံးကို သတ်ဖြတ်လိုက်ကြသည်။
ဝေါင်းးး !!
ထို့နောက်တွင် ၎င်းတို့သည် ဟိန်းဟောက်လာကြပြီး၊ အရှေ့ဘက်သို့ ပြေးသွားကြသည်။
…
အရှေ့ဘက်၌
လနတ်ဘုရား ဂိုဏ်းအကြီးအကဲသည် သူ့နောက်ရှိ ရုန်းရင်းဆန်ခတ်မှုကို ကြားသွားခဲ့ပြီး၊ သူ၏ စိတ်ထဲတွင် အဆုံးမဲ့ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
သူသည် သူ၏လက်အောက်ငယ်သားများက အသတ်ခံလိုက်ရပြီဆိုသည်ကို ကောင်းစွာသိနေခဲ့သည်။
ထိုအချိန်၌ သူ၏မျက်လုံးများသည် အဆုံးမဲ့ မုန်းတရားတို့ဖြင့် နီရဲသွားခဲ့သည်။
“ သားရဲကောင်၊ မင်း မလွတ်စေရဘူး “ သူသည် ရှေ့ဘက်ရှိ ရွှေတောင်ပံ T-Rexကြီးကို စူးစူးရဲရဲ စိုက်ကြည့်ကာ စိတ်ထဲတွင် ကြုံးဝါးနေခဲ့သည်။
အရာအားလုံးက နားလည်မှုလွဲခြင်းသာ ဖြစ်နေခဲ့သော်လည်း၊ အကယ်၍ တစ်ဖက်လူကသာ ရောက်မလာခဲ့ဘူးဆိုပါက ဤယဇ်ပူဇော်ပွဲ ပျက်စီးသွားလိမ့်မည် မဟုတ်ပေ။
သူ၏ နောက်လိုက်ငယ်သားများလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံလိုက်ရမည် ဖြစ်သည်။
၎င်းတို့အားလုံးသည် အဆိုပါ ရွှေနက်ရောင် ဗီဇပြောင်းသားရဲကြောင့်ပင် ဖြစ်သည်။
“ ဝှစ် “
လနတ်ဘုရား ဂိုဏ်းအကြီးအကဲသည် တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး၊ ရှုကျိုးနောက်သို့ အရှိန်အဟုန်ဖြင့် လိုက်သွားတော့သည်။
အလယ်အလတ် တတိယအဆင့် သိုင်းပညာရှင်တစ်ဦးအနေဖြင့် သူ၏ အမြန်နှုန်းသည် အံ့အားသင့်ဖွယ်ကောင်းလောက် မြန်ဆန်နေခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် အကွာအဝေး ကျဥ်းမြောင်းသွားခဲ့သည်။
“ သေ !! “
လနတ်ဘုရား ဂိုဏ်းမှ အကြီးအကဲသည် ကြောက်မက်ဖွယ်ကောင်းသော ချီ-သွေး စွမ်းအင်များကို သယ်ဆောင်ထားသည့် လက်ဝါးချက်ဖြင့် ရွှေတောင်ပံ T-Rexကြီးကို ချိန်ရွယ်ကာ ရိုက်ချလာခဲ့သည်။
“ ဝုန်းးးးး !! “
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ လေထဲရှိ ရွှေတောင်ပံ T-Rexကြီးသည် ပြင်းပြင်းထန်ထန် ခါယမ်းသွားခဲ့သည်၊ ထို့နောက်တွင် ပြန်၍ တည်ငြိမ်သွားခဲ့သော်လည်း ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းသော လက်ဝါးရာကြီးတစ်ခု ရှိနေခဲ့ကာ ၎င်းထံမှ သွေးများ စီးကျနေခဲ့သည်။
ဤသည်မှာ ကိုယ်ပွားသည် ဤမျှလောက် ပြင်းထန်သော ဒဏ်ရာကို ပထမဦးဆုံးအကြိမ်အဖြစ် ခံစားလိုက်ရခြင်း ဖြစ်သည်။
“ နာတယ်ဟ “ ရှုကျိုးသည် ငိုမိလုနီးပါး ဖြစ်သွားခဲ့သည်၊ သူနှင့်ကိုယ်ပွားက တစ်ဦးတည်း ဖြစ်နေခဲ့သောကြောင့်၊ ကိုယ်ပွားနာကျင်သည့်အချိန်တွင် သူပါ အဆိုပါနာကျင်မှုကို လိုက်ပါခံစားနေခဲ့ရသည်။
သူသည် တစ်ဖက်လူက ဤမျှလောက် မြန်ဆန်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
လနတ်ဘုရား ဂိုဏ်းအကြီးအကဲသည် ခြေလှမ်းသိုင်းတစ်မျိုးမျိုးကို လေ့ကျင့်ထားခဲ့သည့်ပုံပင်၊ သူ၏အရှိန်သည် ကျားပျံမျိုးနွယ်စု ခေါင်းဆောင်ကြီးထပ်ပင် အနည်းငယ် သာလွန်နေခဲ့သည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် ဤမျှ မြန်မြန်ဆန်ဆန် လိုက်မှီလာလိမ့်မည် မဟုတ်ပေ။
သူ့နောက်ရှိ ကျောက်ဟုန်ရင်သည် မျက်နှာဖြူဖျော့နေခဲ့ပြီ ဖြစ်သည်၊ သူမမှာလည်း ယခင်ကထပ် ပို၍ ပြင်းထန်သည့် သေခြင်းရှင်ခြင်း အကြပ်အတည်းကို ခံစားနေခဲ့ရသည်။
“ ဝှစ် “
သို့ရာတွင် ရွှေတောင်ပံ T-Rexကြီးသည် တစ်ဖက်လူ၏ တိုက်ခိုက်မှု အရှိန်အဟုန်ကို သုံးကာ ကီလိုမီတာပေါင်းများစွာအထိ ပျံထွက်သွား၍ အကွာအဝေးကို ထပ်ချဲ့လိုက်သည်။
ထိုအခိုက်အတန့်တွင် ရှုကျိုးသည် သူ၏စွမ်းအားကို အကုန်အစင် အသုံးပြုကာ အရှိန်ကုန်တင်၍ ပြေးနေတော့သည်။
“ ဝေါင်းးး “
နောက်ဘက်မှ သားရဲဟိန်းသံများ ပေါ်ထွက်လာခဲ့သည်၊ ကျားပျံသားရဲ ခေါင်းဆောင်ကြီးနှင့် မိကျောင်းသားရဲကြီးတို့ လိုက်မှီလာခဲ့ပြီ ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင် ၎င်းတို့သည် လနတ်ဘုရား ဂိုဏ်းမှ အကြီးအကဲကို မတိုက်ခိုက်ကြတော့ပေ။
၎င်းတို့သည် ထိုလူက ရှုကျိုးနှင့် ရန်ကြွေးများ ရှိနေသည်ဆိုသည်ကို နားလည်နေခဲ့ပြီ ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် ထိုမျှလောက် အနေအစားချောင်နေလိမ့်မည် မဟုတ်ပေ။
ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားများကို ထုတ်လွှတ်နေသည့် ပုံရိပ်သုံးခုသည် ရှုကျိုးကို လိုက်ဖမ်းနေခဲ့သည်။
အရာအားလုံးသည် မျက်စိတ်တစ်မှိတ်အတွင်းမှာပင် ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် လေထုကို ဖြတ်သွားသည့် အသံတစ်ခုသည် ရှုကျိုး၏ နားများထဲသို့ ရောက်ရှိလာခဲ့သည်၊ သို့သော် ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
ရှေ့မှာ တစ်ယောက်ယောက် ရှိနေတယ် !!
“ ကယ်ပါဦး !! “ရှုကျိုးသည် ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်လိုက်သည်။
“ အမှောင်သိုင်းပညာရှင်တွေ ရှိနေပါတယ်ဗျို့ !! “
ဤအချိန်တွင် သူသည် မည်သည့်အရာကိုမှ ဂရုမစိုက်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်နေခဲ့သည်။
အမှောင်သိုင်းပညာရှင်များကို သတ်ရမည် ဖြစ်သည်။ ၎င်းသည် သိုင်းပညာရှင်တို့၏ သံမဏိ စည်းမျဥ်းတစ်ခု ဖြစ်သည်။
အမှောင်သိုင်းပညာရှင်များနှင့် ရင်ဆိုင်နေရသည်ဆိုပါက တစ်ခြားလူများက ကူညီပေးလာလိမ့်မည်ဟု ချောင်ရုံမှ ပြောပြထားဖူးသည်။
ဤတစ်ကြိမ်တွင် ရှုကျိုးသည် ထိုမျှလောက် ကံဆိုးမနေခဲ့ပေ၊ အရေးအကြီးဆုံး အခိုက်အတန့်တွင် သူသည် လေပေါ်လမ်းလျှောက်နေသည့် သိုင်းပညာရှင်တစ်ဦးကို တွေ့သွားခဲ့သည်၊ သူသည် တတိယအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်နေမည်မှာ သေချာလှပေသည်။
“ ဝှစ် “
အဖြူဝတ် သိုင်းပညာရှင်တစ်ဦးသည် ဤလမ်းအတိုင်း လျင်မြန်စွာ ပျံသန်းလာခဲ့သည်။
ထိုလူမှ သူ၏ လက်ကို ဝေ့ယမ်းလာခဲ့ရာ၊ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခုသည် ရှုကျိုးနောက်ဘက်ရှိ မိကျောင်းသားရဲ ခေါင်းဆောင်ကြီးကို ခုတ်ပိုင်းသွားခဲ့သည်။
………………………………………………………………………………………………………………
အပိုင်း ( 75 )
မီးနတ်ဆိုးငှက်၏ ကြေကွဲဖွယ်ကောင်းသော သေခြင်းတရား
ထိုအချိန်၌ မိကျောင်းသားရဲကြီးထံတွင် ကျိန်ဆဲချင်စိတ်များ ဖြစ်ပေါ်နေတော့သည်။
ဘာလို့ ငါကပဲ အရင်အတိုက်ခံနေရတာလဲဟ?
ငါက ဘယ်သူ့ကို ဆန့်ကျင်မိခဲ့လို့လဲ?
“ ဝေါင်းးး !! “
မိကျောင်းသားရဲကြီးသည် ဒေါသတကြီး ဟိန်းဟောက်လာခဲ့ပြီး၊ ဓားအလင်းတန်းကို ပိတ်ဆို့ရန် ၎င်း၏ လက်သည်းဖြင့် ကြမ်းကြမ်းတမ်းတမ်း ကုတ်ဆွဲလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျားပျံ သားရဲခေါင်းဆောင်ကြီးမှာလည်း အတူတကွ တိုက်ခိုက်လာခဲ့ပြီး၊ လေထုနှင့် တိမ်များကိုပင် လွင့်စင်သွားစေခဲ့သည်။
ဓားရှည်ကို ကိုင်ထားသော အဖြူဝတ်သိုင်းပညာရှင်၏ အမူအရာသည် တည်ငြိမ်မြဲ တည်ငြိမ်နေစဲသာဖြစ်သည်။
သူ၏ အသွင်အပြင်ကို ကြည့်ရခြင်းဖြင့် သူသည် သိုင်းပညာ တက္ကသိုလ်တစ်ခုခုမှ ကျောင်းသားတစ်ဦး ဖြစ်ပုံရကာ၊ သူ၏စွမ်းအားကို ယုံကြည်ချက် ရှိနေသည့်ပုံပင်။
သို့သော် မကြာခင်မှာပင် သူ၏အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
“ ဝုန်းးး “
ကျားပျံခေါင်းဆောင်ကြီး၏ တိုက်ခိုက်မှုသည် အဖြူဝတ်သိုင်းပညာရှင်ကို လွင့်ထွက်သွားစေခဲ့သည်။
ဆွစ်ရှ် !!
အဖြူဝတ်သိုင်းပညာရှင်သည် လေထဲတွင် လည်ထွက်သွားပြီး၊ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှ အကြာတွင် သူသည် ရှုကျိုး၏ အရှေ့သို့ သွေးလွှမ်းနေသော ခန္ဓာကိုယ်ဖြင့် ပျံသန်းလာခဲ့သည်။
“ ငါက အဲ့ကောင်တွေကို ခဏလောက် ထိန်းထားလိုက်မယ်၊ အရှေ့ဘက်ကို ပြေးတော့ “ သူသည် အလောတကြီး အော်ပြောလာခဲ့ပြီး၊ ထို့နောက်တွင် ထပ်မံ၍ ရှေ့တက်သွားတော့သည်။
“ ကျေးဇူးတင်ပါတယ် “
ရှုကျိုးမှ အော်ပြောလိုက်ကာ၊ အရှေ့ဘက်သို့ ပျံသန်းရန်အတွက် ရွှေတောင်ပံ T-Rexကြီးကို ညွှန်ကြားလိုက်သည်။
နောက်ဘက်ရှိ အဖြူဝတ် သိုင်းပညာရှင်သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ပြီး၊ ကျယ်လောင်သော ထိတွေ့မှု အသံများ ထွက်ပေါ်လာခဲ့သည်။
သို့သော် သူသည် ဆယ်စက္ကန့်ကျော်မျှသာ ထိန်းထားနိုင်ခဲ့သည်၊ ထို့နောက်တွင် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ အဝေးသို့ ထွက်ပြေးသွားတော့သည်။
…
ရွှေတောင်ပံ T-Rexကြီးသည် အရှေ့ဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးလွှားနေခဲ့သည်။
ကျောက်ဟုန်ရင်သည် အနောက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ မျက်နှာလေး ဖြူဖျော့သွားခဲ့သည် “ အခုလေးတင်ပဲ ဟိုလူက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီ “
ရှုကျိုးကား တိတ်ဆိတ်နေစဲဖြစ်ပြီး၊ သူ၏အမူအရာသည် ပို၍ ဆိုးရွားလာခဲ့သည်။
သူသည်လည်း အဆိုပါ သိုင်းပညာရှင်က သွေးထွက်သွားပြီ ဆိုသည်ကို သိနေခဲ့သည်၊ သူပျံသန်းသွားသည့် လမ်းကြောင်းတွင် သွေးစီးကြောင်းတစ်ခု ကျန်ရစ်နေခဲ့သောကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သည့်ပုံပင်။
ထို့ကြောင့် ရှုကျိုး ပိုပို၍ တုန်လှုပ်သွားခဲ့သည်၊ အဲ့တာက တတိယအဆင့် သိုင်းပညာရှင်လေ !!
ဆယ်မိနစ်ကျော်ကျော်လေး တောင့်ခံခဲ့ရတာကို အပြင်းအထန် ဒဏ်ရာရသွားတယ်ပေါ့။
ဟိုနှစ်ကောင်ရဲ့ စွမ်းအားက ငါထင်ထားတာထပ် ပိုပြီးတော့ ကြောက်ဖို့ကောင်းနေတာပဲ။
“ ဆွစ်ရှ် “
ရှုကျိုးသည် တွေဝေတုံ့ဆိုင်း မနေရဲတော့ဘဲ၊ အရှိန်မြှင့်ရန်အတွက် ရွှေတောင်ပံ T-Rexကြီးအား ၎င်း၏ တောင်ပံများကို အရူးအမူး ခတ်ခိုင်းလိုက်သည်။
ဤဆယ်စက္ကန့်သည် သူ့အတွက် အလွန်အဖိုးတန်သည့် အချိန်များ ဖြစ်ပြီး၊ တစ်ဏလေးအတွင်းမှာပင် မိုင်ပေါင်းများစွာ ကွာဝေးသွားနိုင်လေသည်။
သို့သော် လနတ်ဘုရား ဂိုဏ်းမှ အကြီးအကဲအပါအဝင် သားရဲကြီးနှစ်ကောင်သည် သူ့နောက်သို့ ဇွဲကြီးကြီးဖြင့် လိုက်လာနေစဲဖြစ်ပြီး၊ လေတိုးသံများသည် ထပ်မံ၍ နီးကပ်လာခဲ့ပြန်သည်။
ကံကောင်းထောက်မစွာဖြင့် ထိုအခိုက်အတန့်တွင် ပုံရိပ်သုံးခုသည် အရှေ့ဘက်ရှိ ကောင်းကင်ယံတွင် ပေါ်ပေါက်လာခဲ့သည်။
ရှုကျိုး၏မျက်လုံးများ တောက်ပသွားခဲ့သည်။
အဖြူဝတ်လူက ငါ့ကို အရှေ့ဘက်ကို ပြေးခိုင်းတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ ဒီနေရာမှာ ဒီလူတွေ ရှိနေလို့များလား?
“ အမှောင်သိုင်းပညာရှင် ရှိနေတယ်ဗျို့ !! “ သူသည် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ထိုလူသုံးဦးသည် ယခင်က အဖြူဝတ်သိုင်းပညာရှင်ကဲ့သို့ ပြတ်ပြတ်သားသား မရှိဘဲ တစ်ခဏခန့် တွေဝေတုံ့ဆိုင်းနေခဲ့ကြသည်။
သို့သော် ဧရာမ သားရဲကြီးနှစ်ကောင်ကို မြင်တွေ့လိုက်ရသောအခါတွင် လျင်မြန်စွာ ပျံသန်းလာကြသည်။
အဆိုပါ လူသုံးဦးသည် ပြင်ပသိုင်းပညာရှင်များဖြစ်ပြီး၊ အမှောင်သိုင်းပညာရှင်များကို အမဲလိုက်ရန် များစွာ စိတ်မဝင်စားကြပေ။
သို့သော် ဗီဇပြောင်းသားရဲများအတွက်မူ …
သူတို့သည် ၎င်းကို အတော်လေး စိတ်ဝင်တစား ရှိကြသည်။
“ ဝုန်းးး “
ချက်ချင်းဆိုသလိုပင် နှစ်ဖက်စလုံး တိုက်မိသွားကြသည်၊ သူတို့ သုံးဦးစလုံးသည် အတော်လေး သန်မာအားကောင်းကြပြီး၊ အားအနည်းဆုံးလူကပင် ဒုတိယအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ကာ အားအကောင်းဆုံး လူထံတွင် တတိယအဆင့် စွမ်းအား ရှိနေခဲ့သည်။
သူတို့သည် သားရဲကြီးနှစ်ကောင်နှင့် တိုက်ခိုက်နေကြပြီး၊ တိုက်ခိုက်မှု လှိုင်းလုံးများ ပေါ်ထွက်လာခဲ့ကာ မြေပြင်နှင့် တောင်တန်းများပင် လှုပ်ရမ်းသွားခဲ့သည်။
“ ဝုန်းးးး ဘမ်းးးး ဘုမ်းးး “
ကျားပျံခေါင်းဆောင်ကြီးနှင့် မိကျောင်းသားရဲခေါင်းဆောင်ကြီးသည် အတူတကွ တိုက်ခိုက်နေကြပြီး၊ ၎င်းတို့၏ ပေါင်းစပ်စွမ်းအားသည် အတော်လေး ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
အကွက် အနည်းငယ်အတွင်းမှာပင် ဒုတိယအဆင့် အထွတ်အထိပ် သိုင်းပညာရှင် သွေးအန်သွားခဲ့ရပြီး၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသော သူ၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
“ ဝမ်မုန့် !!! “ တစ်ခြား သိုင်းပညာရှင်များ၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွားခဲ့သည်၊ သားရဲနှစ်ကောင်သည် သူတို့မျှော်မှန်းထားသည်ထပ် ပို၍အစွမ်းထက်နေခဲ့သည်။
နှစ်ဖက်စလုံးသည် ထပ်မံ၍ တိုက်ခိုက်နေကြပြန်သည်။
ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ပြီးသည့်နောက်တွင် ပြင်ပသိုင်းပညာရှင်သုံးဦးစလုံးသည် သွေးထွက်သံယိုဖြင့် အဝေးသို့ လွင့်ထွက်သွားကြသည်။
သို့ရာတွင် ကျားပျံမျိုးနွယ်စု ခေါင်းဆောင်ကြီးနှင့် မိကျောင်းသားရဲ ခေါင်းဆောင်ကြီးတို့၏ အခြေအနေမှာလည်း များစွာ ကောင်းမွန်မနေခဲ့ပေ၊ ၎င်းတို့၏ ကြီးမား ခန္ဓာကိုယ်ကြီးများပေါ်တွင် ကြီးမားသော ဒဏ်ရာကြီးများဖြင့် ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်သည်။
လနတ်ဘုရားဂိုဏ်းမှ အကြီးအကဲ၏ ဒဏ်ရာများသည် ပို၍ပင် ပြင်းထန်နေခဲ့ပြီး၊ လက်တစ်ဖက်သည် ပြတ်တောက်လုနီးပါးပင် ဖြစ်နေခဲ့သည်။
သူသည် ရှုကျိုးကို အေးစက်စက် စိုက်ကြည့်လာခဲ့သည် “ မင်းက ငါ့ရဲ့ ပွဲကို ဖျက်ဆီးခဲ့တယ်၊ မင်းပြေးလို့မလွတ်စေရဘူး “
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် လနတ်ဘုရား ဂိုဏ်း၏အကြီးအကဲသည် လေပြင်းတစ်ခု ရုတ်တရက် တိုက်ခိုက်လာသကဲ့သို့ ရှုကျိုးကို လိုက်ဖမ်းနေတော့သည်။
ကျားပျံမျိုးနွယ်စု ခေါင်းဆောင်ကြီးနှင့် မိကျောင်းသားရဲ ခေါင်းဆောင်ကြီးတို့သည် အကြည့်များ ဖလှယ်လိုက်ကြပြီး၊ ၎င်းတို့၏ ကြီးမားသော မျက်လုံးများထဲတွင် ဒေါသ အရိပ်အယောင်များ မြင့်တက်လာခဲ့သည်။
သူတို့သည် ဂုဏ်ယူဖွယ်ရာ တတိယအဆင့် သားရဲများ ဖြစ်ကြသည်၊ သို့သော် ပထမအဆင့် သိုင်းပညာရှင်ပင် မဟုတ်သေးသည့် လူမသားတစ်ဦး၏ ဆော့ကစားခြင်းကို ခံနေခဲ့ရပြီး၊ ယခုအထိ ပြိုင်ဘက်ကို မဖြေရှင်းနိုင်သေးချေ။
“ဝေါင်းးး !!! “
ဧရာမ သားရဲကြီးနှစ်ကောင်သည် စိတ်မရှည်ဖြစ်လာကြပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် သားရဲမျိုးနွယ်စု၏ ဖိအားတစ်ခု ပျံ့နှံ့လာခဲ့သည်။
၎င်းတို့သည် ထပ်မံ၍ သည်းမခံနိုင်ကြတော့ပေ၊ အကယ်၍ သူတို့က အလွန်အမင်း ပြင်းထန်သော ဒဏ်ရာများ ရသွားမည် ဆိုလျှင်တောင်မှ သူတို့သည် ယနေ့တွင် အဆိုပါ လူမသားကို မိအောင် ဖမ်းကြမည် ဖြစ်သည်။
“ ဝှစ် “
တောင်တန်းကဲ့သို့သော ပုံရိပ်နှစ်ခုသည် ကောင်းကင်ကို ထပ်မံ၍ ဖုံးလွှမ်းသွားခဲ့ပြန်သည်။
…
ရှုကျိုးသည် လမ်းတစ်လျှောက်လုံး ပြေးလွှားနေလျက်ရှိပြီး၊ လမ်းပေါ်တွင် မီးနတ်ဆိုးငှက်နှင့် ထပ်မံ၍ ရင်ဆိုင်လာရပြန်သည်။
ယခင်က ထိုငှက်ကြီးသည် ရွှေတောင်ပံ T-Rexကြီးကို တားဆီးထားကာ ကျားပျံမျိုးနွယ်စု ပိုင်နက်ထဲမှ ရှုကျိုးလွတ်မြောက်သွားမည်ကို ဟန့်တားခဲ့ဖူးသည်။
ယခုတွင် နှစ်ဦးနှစ်ဖက် ပြန်လည် တွေ့ဆုံနေကြပြီဖြစ်ပြီး၊ တစ်ဖက်နှင့်တစ်ဖက် ရဲရဲတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြတော့သည်။
“ ဝှစ် “
ရွှေတောင်ပံ T-Rexကြီးသည် ပြင်းထန်သော အားဖြင့် အဆိုပါမီးငှက်၏ ဦးခေါင်းကို ရိုက်ချလိုက်သည်၊ ထို့နောက်တွင် ပြန်လှည့်မကြည့်ဘဲ အဝေးသို့ ပျံထွက်သွားတော့သည်။
“ ခရောာာာ !!! “
မီးနတ်ဆိုးငှက်သည် ဒေါတသကြီးဖြင့် စူးစူးဝါးဝါး အော်မြည်လာခဲ့သည်၊ ရွှေနက်ကောင်လေးက ငါ့နယ်မြေထဲကို ထပ်ဝင်လာပြီးတော့ ငါ့ခေါင်းကို ခေါက်သွားတာလား???
သေချင်နေတာပဲ !!
စက္ကန့်ပိုင်းမျှအကြာတွင် မီးနတ်ဆိုးငှက်သည် ၎င်း၏ တောင်ပံများကိုခတ်ကာ လိုက်ဖမ်းရန် အသင့်ပြင်လိုက်သည်။
“ ဝုန်းးးး “
ထိုအချိန်တွင် တောင်တန်းကဲ့သို့ ကြီးမားသော ခန္ဓာကိုယ်ကြီးတစ်ခုသည် အသည်းအသန် ပြေးဝင်လာခဲ့သည်။
မီးနတ်ဆိုးငှက်သည် နေရာမှာပင် အပိုင်းပိုင်း အစစဖြစ်သွားကာ သွေးမြူအဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။
ကျားပျံမျိုးနွယ်စု ခေါင်းဆောင်ကြီး၏ အမူအရာသည် အေးစက်စက် ဖြစ်နေခဲ့သည်၊ ဒီငှက်စုတ်လေးက ဘယ်ဂျောင်ကနေ ရောက်လာတာလဲ? ငါ့လမ်းကို ပိတ်ရဲနေတာလား?
ဝေါင်းးးး
ကျားပျံမျိုးနွယ်စု ခေါင်းဆောင်ကြီးနှင့် မိကျောင်းသားရဲ ခေါင်းဆောင်ကြီးတို့သည် ရှုကျိုး၏အနောက်သို့ ဆက်လိုက်နေကြတော့သည်။
…
သွေးများဖြင့် စိုရွှဲနေသော ရွှေတောင်ပံ T-Rexကြီးသည် တစ်လမ်းလုံးတွင် လူနှစ်ဦးကို သယ်ဆောင်ကာ ပြေးလွှားနေခဲ့သည်။
တစ်ချို့သော အကြောင်းပြချက်များကြောင့် သူသည် ဤလမ်းကြောင်းအပေါ်၌ သိုင်းပညာရှင်တစ်ချို့နှင့် ကြုံတွေ့ခဲ့ရသည်၊ အားလုံးသည် တူညီသော လမ်းကြောင်းသို့ အရှိန်ကုန်တင်၍ သွားနေကြသည်။
တတိယအဆင့် သိုင်းပညာရှင်တစ်ချို့ကိုပင် တွေ့ခဲ့သေးသည်။
သို့သော် တစ်ချို့သော သိုင်းပညာရှင်များသည် မည်သည့်အကူအညီမှ မပေးလာကြပေ၊ ထို့အစား သွေးအေးအေးဖြင့် စောင့်ကြည့်နေခဲ့ကြသည်။
တစ်ခြားလူအများစုသည် ကူညီပေးရန် ရှေ့တက်လာခဲ့ကြသည်၊ သို့သော် မကြာခင်မှာပင် အရိုက်အနှက်ခံသွားခဲ့ရသည်။
ရှုကျိုး ပို၍ ကြောက်လန့်သွားခဲ့သည်၊ ဒီသားရဲနှစ်ကောင်ရဲ့ အစွမ်းက ငါထင်ထားထပ် အများကြီး ပိုနေတာပဲ၊ သာမန် တတိယအဆင့် သိုင်းပညာရှင်က အဲ့ကောင်တွေနဲ့ မယှဥ်နိုင်ဘူးလား?
၎င်းမှာ လူများက သူတို့၏ အသက်ကို မစွန့်စားလိုသောကြောင့်လည်း ဖြစ်သည်။ သူတို့အားလုံးသည် သူစိမ်းများ ဖြစ်ကြပြီး၊ ကိုယ် မသိသည့် တစ်ခြားလူတစ်ဦးအတွက် မိမိတို့၏အသက်များကို စွန့်စားကာ ထိုသားရဲနှစ်ကောင်ကို တားဆီးပေးလိုစိတ် မရှိကြပေ။
“ ဖူးးးး “
ရှုကျိုးသည် မထင်မှတ်ထားသော တိုက်ခိုက်မှုတစ်ခုကို ခံလိုက်ရကာ သွေးအန်သွားခဲ့ရပြီး၊ ရှားမိသားစု၏ အထူးချပ်ဝတ်တန်ဆာပင် ကွဲအက်သွားခဲ့သည်။
သူ၏ကိုယ်တွင်း အဂ်ါများ ကွဲအက်သွားပုံရပြီး၊ သွေးများ အဆက်မပြတ် အန်နေရတော့သည်။
တကယ်တမ်းတွင် သူသည် သားရဲကြီးနှစ်ကောင်နှင့် လနတ်ဘုရားဂိုဏ်းမှ လူတို့၏ တိုက်ခိုက်မှုများကို အကြိမ်ပေါင်းများစွာ ခံနေခဲ့ရသည်၊ အကယ်၍ ရွှေတောင်ပံ T-Rexကြီးကသာ သူတို့ကို မကာကွယ်ပေးခဲ့ပါက ကျောက်ဟုန်ရင် သေဆုံးသွားသည်မှာ ကြာနေခဲ့ပြီ ဖြစ်သည်။
“ အဲ့သုံးကောင်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ် “ ရှုကျိုးသည် နောက်လှည့်ကြည့်လိုက်သည်။
လမ်းတစ်လျှောက်လုံးတွင် သူတစ်ဦးတည်းသာ ဒဏ်ရာရနေခဲ့ခြင်း မဟုတ်ပေ။
လနတ်ဘုရားဂိုဏ်းမှ အကြီးအကဲနှင့် ဧရာမသားရဲကြီးနှစ်ကောင်တို့မှာလည်း များစွာသော သိုင်းပညာရှင်တို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ခဲ့ရပြီး၊ တစ်ကောင်ချင်းစီတိုင်းသည် ဒဏ်ရာ အမျိုးမျိုး ရနေခဲ့ကြပြီ ဖြစ်သည်။
“ မလုံလောက်သေးဘူး၊ ငါက ပိုစွမ်းတဲ့ သိုင်းပညာရှင်ကို ရှာဖို့ လိုအပ်တယ် “ ရှုကျိုး အံကြိတ်နေရတော့သည်။
တတိယအဆင့် သိုင်းပညာရှင်များကိုပင် ဒဏ်ရာရသွားစေခဲ့သော အရာမျိုးသည် သူကိုင်တွယ်ဖြေရှင်းနိုင်သည့် အရာ မဟုတ်ပေ။
“ ဝုန်းးးးးးး “
လနတ်ဘုရားဂိုဏ်းမှ အကြီးအကဲသည် ထပ်မံ၍ လိုက်မှီလာခဲ့ပြီ ဖြစ်သည်၊ သူ၏ အရှိန်သည် အမြန်ဆုံးဖြစ်ပြီး၊ လေပေါ်တွင် လမ်းလျှောက်ကာ ရောက်ရှိလာခဲ့သည်။
“ မင်းက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်ဦးမလဲဆိုတာကို ကြည့်လိုက်ကြတာပေါ့ “ သူသည် အေးစက်စွာ ပြောလာခဲ့ပြီး၊ ရှုကျိုးထံသို့ လက်သီးတစ်လုံး ပစ်ကျွေးလာတော့သည်။
အရိုးသားဆုံး ပြောရပါက သူသည်လည်း အလွန်ဒေါသထွက်နေခဲ့ရလေသည်၊ ဂုဏ်ယူဖွယ်ကောင်းသည့် တတိယအဆင့် သိုင်းပညာရှင်တစ်ဦးသည် အဆင့်သုညနှင့် ပထမအဆင့် သိုင်းပညာရှင်ပင် မဖြစ်သေးသည့် ကလေးတစ်ဦးကို အချိန်အတော်ကြာ လိုက်ဖမ်းနေခဲ့ရသည်။
အကယ်၍ ထိုအကြောင်းသာ ပျံ့နှံ့သွားမည်ဆိုပါက မျက်နှာပျက်သွားရကာ ဂိုဏ်းအတွင်းရှိ သူ၏ဩဇာအာဏာကိုပင် လက်လွှတ်ကောင်း လက်လွှတ်သွားရနိုင်လေသည်။
ထိုအချိန်တွင် လနတ်ဘုရား ဂိုဏ်းမှ အကြီးအကဲသည် သူ၏စွမ်းအားကို အပြည့်အဝ အသုံးချကာ ရှုကျိုးကို လက်သီးတစ်ချက်တည်းဖြင့် အသေသတ်ရန် ကြံရွယ်လာခဲ့သည်။
ရှုကျိုးသည် အဝေးမှ ပျံသန်းလာသော သိုင်းပညာရှင်တစ်ဦးကို မြင်တွေ့ထားသောကြောင့် တည်တည်ငြိမ်ငြိမ် ဖြစ်နေခဲ့သည်။
အဆိုပါ သိုင်းပညာရှင်မှာလည်း အခြေအနေကို သတိပြုမိသွားပြီး၊ ရုတ်တရက် အော်ပြောလာခဲ့သည်။
“ အမှောင်သိုင်းပညာရှင်လား? သေလိုက် !! “
ထို့နောက်၌ ဓားချီဖြင့် တိုက်ရိုက်ခုတ်ချလာခဲ့သည်။
ရှုကျိုးသည် အနည်းငယ် ရင်ခုန်သွားခဲ့သည်၊ သို့သော် အဆိုပါ သိုင်းပညာရှင်၏ ချီ-သွေးစွမ်းအင် အတက်အကျကို အာရုံခံမိသွားသောအခါတွင် ချက်ချင်းပင် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည် “ ဒုတိယအဆင့် သိုင်းပညာရှင်လား? မလာတာက ပိုကောင်းဦးမယ် “
“ ဝုန်းးး !!! “
သို့သော် နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် အဆိုပါ ဓားချီ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး၊ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်သည့် စွမ်းအားများ ထုတ်လွှတ်လာခဲ့သည်။
တစ်ပြိုင်နက်ဆိုသလိုပင် လနတ်ဘုရား ဂိုဏ်း၏ အကြီးအကဲသည် နေရာမှာပင် ကိုယ်နှစ်ခြမ်းကွဲသွားခဲ့ကာ ချက်ချင်း အသတ်ခံလိုက်ရသည်။
…………………………………………………………………………………………..