← Chapters

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အပိုင်း ( 88 )

ကံကောင်းသော ရှုကျိုး၊ အကျိုးအမြတ်များကို တွက်ချက်ခြင်း !!

သို့သော် ရှုကျိုးကဲ့သို့ ထူးချွန်လွန်းလှသော ကျောင်းသားတစ်ဦးအတွက်ကား ထုံးတမ်းအစဥ်အလာများကို ဖောက်ဖျက်၍ ချွင်းချက်ထားပေးရမည် ဖြစ်သည်။

၎င်းကို ကြားလိုက်ရသောအခါတွင် အားလုံး၏ အကြည့်များသည် ရှုကျိုးအပေါ်သို့ ကျရောက်လာခဲ့သည်။

ကျန်းလန်မှာပင် ရှုကျိုးက မည်သည့်တက္ကသိုလ်ကို ရွေးချယ်မလဲဆိုသည်ကို သိချင်နေခဲ့သည်။

ရှုကျိုးသည် အတွေးယာဥ်ကြောထဲ နစ်မြုပ်သွားကာ အတွေးနက်သွားတော့သည်။

နည်းပြ ဆရာ၊ ဆရာမများမှ ကမ်းလှမ်းလာခဲ့သည့် အခြေအနေများမှာ အလွန်ရက်ရောလှသောကြောင့်၊ ငြင်းရခက်ခဲနေလျက်ရှိသည်။

တော်ဝင် သိုင်းပညာ တက္ကသိုလ်လား?

ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်လား?

ပေကျင်း သိုင်းပညာ တက္ကသိုလ်လား?

ရှုကျိုးသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် ခေါင်းမော့ကာ ပြောလာခဲ့သည်။

“ ကျွန်တော့်ကို ဖိတ်ခေါ်ပေးတဲ့အတွက် ဆရာ၊ ဆရာမတွေအားလုံးကို ကျေးဇူးတင်ပါတယ်၊ ဒါပင်မဲ့ ကျွန်တော်က ပညာရှင်လျူနဲ့ တစ်ခါဆုံခဲ့ဖူးတယ်၊ အဲ့တာကြောင့် ကျွန်တော်က …….. “

ရှုကျိုးမှ လေးလေးနက်နက် ပြောဆိုလာခဲ့သည် “ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ကို ရွေးပါတယ် “

၎င်းကို ကြားလိုက်ရသောအခါ၌ လျူချင်းယွမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

တစ်ခြားသော နည်းပြ ဆရာ၊ ဆရာမများသည် ကူရာကယ်ရာမဲ့စွာ သက်ပြင်းများ ချနေကြတော့သည်။

သူတို့သည် ဤရလဒ်ကို မျှော်မှန်းထားခဲ့ပြီးသား ဖြစ်သည်၊ သို့သော် အမှန်တကယ် ကြုံတွေ့လိုက်ရသည့် အချိန်တွင် နောင်တရသကဲ့သို့ ခံစားသွားရတော့သည်။

“ ဆိုတော့ ရှုကျိုးက ပညာရှင်လျူနဲ့ သိတာလား? အံ့ဩစရာတော့ မရှိတော့ပါဘူး “

ရှုကော်အန်းမှာလည်း ကူရာကယ်ရာမဲ့စွာ ခေါင်းတခါခါ ဖြစ်နေတော့သည်။

ထိုကဲ့သို့သော အချိတ်အဆက်မျိုး ရှိနေခဲ့သောကြောင့် သူမယှဥ်ပြိုင်နိုင်သည်မှာ အံ့ဩဖွယ်ရာ မဟုတ်တော့ပေ။

အမှန်တိုင်းပြောရမည်ဆိုပါက ရှုကျိုးသည် လျူချင်းယွမ်ကြောင့်သာလျှင် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ကို ရွေးချယ်ခဲ့ခြင်း မဟုတ်ပေ။ သူသည် လျူချင်းယွမ် ပြောပြခဲ့သည့် အစစ်အမှန် သိုင်းပညာဌာနကိုပါ အလွန်စိတ်ဝင်စားသောကြောင့် ဖြစ်သည်။

တစ်ခြားလူများ၏ ပြောစကားများအရ အစစ်အမှန် သိုင်းပညာဌာနသည် ရန်ပြည်ထောင်၏ ထိပ်တန်းလျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။

မည်ကဲ့သို့သော အရာမျိုးကို နိုင်ငံတော်၏ လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားမည်နည်း?

ရှုကျိုးသည် ၎င်းကို အလွန်သိချင်နေလျက်ရှိသည်။

ထို့အပြင် တစ်ခြားသော အကြောင်းပြချက်တစ်ခုလည်း ရှိနေသေးသည်။

သူသည် သူ့ဘေးနားရှိ ချင်ဖုန်းကို တစ်ချက်ကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ အစစ်အမှန် သိုင်းပညာဌာနရဲ့ တိုက်ခိုက်ရေးစွမ်းအားက တော်တော်ကြီးကို စွမ်းရမယ် “

ဒုတိယအဆင့် သိုင်းပညာရှင်တစ်ဦးက တတိယအဆင့် ပညာရှင်တစ်ဦးကို အနိုင်ယူသွားသော မြင်ကွင်းသည် ရှုကျိုးကို အလွန်အမင်း အံ့ဩ တုန်လှုပ်သွားစေခဲ့လေသည်။

လျူချင်းယွမ်သည် ရှုကျိုး၏ ပခုံးကို ပုတ်ကာ အပြုံးဖြင့် ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းရဲ့ ရွေးချယ်မှုက တော်တော်ကြီးကို မှန်ကန်တယ်။ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ကို လာရတဲ့အတွက် မင်းလုံးဝ နောင်တရရမှာ မဟုတ်ဘူး “

“ ဒါပင်မဲ့ …….. “

လျူချင်းယွမ်၏ လေသံသည် လေးလေးနက်နက် ဖြစ်သွားခဲ့သည်။

သူသည် ရှုကျိုးကို တလေးတနက်ကြည့်ကာ ပြောလာခဲ့သည် “ သိုင်းပညာ တက္ကသိုလ်တွေက အထက်တန်းကျောင်းတွေနဲ့ တော်တော်ကြီးကို ကွဲပြားတယ်၊ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ဆိုရင်တော့ ပိုပြီးတော့ ကွဲပြားသေးတယ်။ ရှုကျိုး၊ မင်းက မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို လုံးဝ ပြင်ဆင်ထားမှ ရမယ် “

ရှုကျိုးသည် စိတ်ရှုပ်ထွေးမှုများနှင့်အတူ ခေါင်းငြိမ့်ပြလိုက်သည်။

ထိုအချိန်တွင် သူသည် လျူချင်းယွမ် ပြောနေသည့် ကွာခြားမှုက မည်သည့်အရာလဲဆိုသည်ကို မသိပေ။

သူသာလျှင် မဟုတ်ဘဲ သတင်းအချက်အလက် စုံလင်သည့် လူတစ်ချို့ကပင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြသည်။

လျူချင်းယွမ်က ရှုကျိုးကို ဘာလို့ အဲ့လို ပြောနေရတာလဲ?

လျူချင်းယွမ်၊ ရှုကော်အန်းနှင့် တစ်ခြားသော နည်းပြဆရာ၊ ဆရာမအားလုံးသည် ထိုအခိုက်အတန့်တွင် လွန်စွာ တလေးတနက် ဖြစ်နေကြသည်။

တစ်ခြားလူများက မသိကြသော်လည်း သူတို့သည် ရှုကျိုးက ပထမနှစ် အထက်တန်း ကျောင်းသားလေးတစ်ဦးသာဆိုသည်ကို သိနေခဲ့ကြသည်။

ပုံမှန်အားဖြင့် အထက်တန်း ကျောင်းသားကျောင်းသူများသည် သိုင်းပညာ တက္ကသိုလ်၏ ပတ်ဝန်းကျင်ကို ရင်ဆိုင်ရန်အတွက် သုံးနှစ်မျှ အချိန်ယူရလေ့ရှိသည်။

သို့သော် ရှုကျိုးကမူ ပထမနှစ် အထက်တန်းကျောင်းသားလေးတစ်ဦးသာ ဖြစ်နေခဲ့သောကြောင့် လိုက်လျောညီထွေ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် လျူချင်းယွမ်၏ သတိပေးချက်ကို အလွန်လိုအပ်ပေသည်။

သိုင်းပညာ တက္ကသိုလ်များသည် သင်ထင်သလောက် ရိုးရှင်းနေလိမ့်မည် မဟုတ်ပေ။

…

ရှုကျိုးမှ ဆုံးဖြတ်ချက်ချပြီးသွားခဲ့ပြီ ဖြစ်သောကြောင့် နည်းပြဆရာ၊ ဆရာမများသည် တစ်ခြားသော‌ ကျောင်းသားကျောင်းသူများကို အာရုံစိုက်နေကြတော့သည်။

ရှုကော်အန်းမှ ပွင့်ပွင့်လင်းလင်း ပြောလာခဲ့သည် “ အဘိုးကြီးလျူ၊ ဒုတိယနဲ့ တတိယနေရာက လူတွေအတွက် ငါနဲ့ လာမပြိုင်နဲ့တော့နော် “

“ ကောင်းပြီလေ “ လျူချင်းယွမ်သည် ရှုကျိုးကို ရရှိခဲ့ခြင်းကြောင့် ကျေနပ်နေသည့်အတွက် အပြုံးဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

ထိုအခါမှသာလျှင် ရှုကော်အန်းသည် အနီးအနားရှိ လီရို့ရှီကို လှည့်ကြည့်လိုက်သည်။

“ လီရို့ရှီ “ ရှုကော်အန်းမှ အပြုံးဖြင့် မေးလိုက်သည် “ မင်းက တော်ဝင် သိုင်းပညာ တက္ကသိုလ်ကို ရွေးချယ်မှာလား? “

“ တောင်းပန်ပါတယ် “ လီရို့ရှီသည် ခေါင်းခါပြ၍ ပြန်ဖြေလာခဲ့သည် ” တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မကလည်း ကွမ်ဟန် တက္ကသိုလ်ကို သွားချင်ပါတယ် “

ရှုကော်အန်း ပြန်မပြောနိုင်ခင်မှာပင် လျူချင်းယွမ်မှ အပြုံးဖြင့် ချက်ချင်း တုံ့ပြန်လာခဲ့သည် “ ပြဿနာ မရှိဘူး “

ရှုကော်အန်းသည် လက်သီးတဆုပ်ဆုပ် ဖြစ်သွားတော့သည်၊ သို့သော် သူသည် ၎င်းကြောင့် မအံ့ဩသွားခဲ့ပေ။

သူသည် လီရို့ရှီက ရှုကျိုး၏ အစ်မဆိုသည်ကို သိနေခဲ့သည်၊ ထို့ကြောင့် သူမက ရှုကျိုးတက်ရောက်မည့် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်သို့ သွားရောက်ချင်နေသည်မှာ ပုံမှန်သာလျှင် ဖြစ်သည်။

ထိုအချိန်တွင် ရှုကော်အန်းသည် မလှမ်းမကမ်းရှိ ကျန်းလန်ထံသို့ ချဥ်းကပ်သွားတော့သည်။

“ ဟမ်? ကျောရိုး ကျိုးနေတာလား? “ ရှုကော်အန်း၏ စူးရှသော မျက်လုံးများသည် ကျန်းလန်၏ ဒဏ်ရာကို လျင်မြန်စွာ သတိပြုမိသွားခဲ့သည်။

သူ၏မျက်နှာပေါ်တွင် အထင်ကြီးလေးစားသွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည် “ ကျန်းမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒီလိုဒဏ်ရာမျိုး ရနေတာတောင်မှ တောင့်ခံနေနိုင်တယ် “

သူသည် တလေးတနက်ထား၍ ပြောဆိုလာခဲ့သည် “ ကျန်းလန်၊ တော်ဝင် သိုင်းပညာ တက္ကသိုလ်ရဲ့ ကိုယ်စား ငါက မင်းကို ငါတို့ကျောင်းနဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ် “

၎င်းကို ကြားလိုက်ရသောအခါတွင် သူမသည် ရှုကျိုးဘက်သို့ ငေးကြည့်လိုက်သည့်။

ထို့နောက်တွင် အံကြိတ်၍ ပြောလာခဲ့သည် “ တောင်းပန်ပါတယ်၊ ပညာရှင်ရှု၊ ကျွန်မက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ကို သွားချင်တာပါ “

“ ဘာ !! “

ရှုကော်အန်းသည် ဤတစ်ကြိမ်တွင် လုံးလုံးလျားလျား အံ့အားသင့်သွားတော့သည်။

သို့ရာတွင် ပညာရှင်တစ်ဦးဖြစ်သည့်အလျောက် သူသည် သူ၏စိတ်ခံစားချက်များကို လျင်မြန်စွာ ထိန်းညှိနိုင်သွားသည်။

“ ကျန်းလန်၊ ငါက မင်းအဘိုးရဲ့ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါ။ မင်းက ငါတို့ကျောင်းကို တက်ချင်နေတာလို့ သူအမြဲ ပြောတတ်တယ် “ ရှုကော်အန်းမှ မေးခွန်းထုတ်လာခဲ့သည် “ ဘာလို့ စိတ်ပြောင်းသွားရတာလဲ? “

ကျန်းလန်သည် တစ်ခဏခန့် တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

ထို့နောက်တွင် သူမသည် တည်ငြိမ်စွာ ပြန်ဖြေလာခဲ့သည် “ ထူးခြားတဲ့ အကြောင်းပြချက်တော့ မရှိပါဘူး၊ ကွမ်ဟန် တက္ကသိုလ်ကို ရုတ်တရက်ကြီး သွားချင်လာလို့ပါ။ တောင်းပန်ပါတယ် ပညာရှင်ရှု “

သူမသည် တောင်းပန်နေသည့် အမူအရာကို ထပ်မံ၍ ဖော်ထုတ်လာခဲ့သည်။

သူမ၏ဘေးနားတွင် ရှိနေသည့် ကျောက်ဟုန်ရင်သည် သူမ၏ အချစ်ဆုံး သူငယ်ချင်းဖြစ်သူကို စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ကြည့်လာခဲ့သည်။

သူမသည် ကျန်းလန်ကို ကောင်းကောင်းကြီး နားလည်နေသောကြောင့်၊ ကျန်းလန်မှ ထိုကဲ့သို့ ဆုံးဖြတ်လိုက်ရသည်မှာ ရှုကျိုးကြောင့် ဖြစ်သည်ဆိုသည်ကို သူမ သိနေခဲ့သည်။

ကျန်းလန်ကား ပြိုင်ဆိုင်လိုစိတ် ပြင်းထန်သည့် လူတစ်ဦးဖြစ်သည်၊ ယခုတွင် ရှုကျိုးမှ သူမကို ဖိနှိပ်သွားသည်ကို မြင်တွေ့နေရသောကြောင့် သူမ စိတ်မသက်မသာ ဖြစ်နေမည်မှာ သေချာလှပေသည်။

ထို့ကြောင့် သူမသည် ရှုကျိုးနှင့် တူညီသော နေရာတွင် တူညီသော ပညာရပ်များကို သင်ယူကာ၊ သူမမှ ရှုကျိုးထပ် ပိုတော်ကြောင်းကို သက်သေပြမည် ဖြစ်သည်။

“ လန်လန်၊ သူက ပထမနှစ်ကျောင်းသားလေးပဲ ရှိသေးတယ်ဆိုတာကို နင်မေ့သွားတာလား? “ ကျောက်ဟုန်ရင်သည် သူမ၏ စိတ်ထဲတွင် ကူရာကယ်ရာမဲ့စွာဖြင့် ပြောနေတော့သည်။

ကျန်းလန်သည် ကျောက်ဟုန်ရင်၏ အတွေးများကို မသိသကဲ့သို့ ရှုကော်အန်း၏ အတွေးများကို သတိမပြုမိခဲ့ပေ။

ထိုအချိန်တွင် ရှုကော်အန်း၏ အမူအရာသည် အနည်းငယ် မှုန်မှိုင်းနေခဲ့ပြီ ဖြစ်သည်။

သူသည် သူက အရှက်ခွဲခံနေရသကဲ့သို့ ခံစားနေခဲ့ရပြီ ဖြစ်သည်။

တော်ဝင် သိုင်းပညာ တက္ကသိုလ်မှ ဂုဏ်သရေ မြင့်မားသည့် ပညာရှင်တစ်ဦးသည် ဤနေရာအထိ ခရီးဝေးနှင်လာခဲ့သော်လည်း သူနှင့်လိုက်ပါမည့်လူကို ရှာမတွေ့ခဲ့ပေ။

သူသည် လူသုံးဦးကို ဆက်တိုက် ကမ်းလှမ်းခဲ့သော်လည်း၊ ငြင်းပယ်ခြင်းကိုသာ ခံခဲ့ရလေသည်။

ဒါက ……

ဘာကြီးလဲ?

သူ့ဘေးနားရှိ လျူချင်းယွမ်သည် တဝါးဝါး ရယ်မောနေတော့သည် “ ရှုအဘိုးကြီး၊ တကယ်လို့ အဆိုးဆုံး ဖြစ်လာမယ်ဆိုရင်၊ အထူးတလည် ရွေးထားခဲ့တဲ့ လူကို ခေါ်လေကွာ။ မင်းက လက်ဗလာနဲ့တော့ မပြန်ဘူးမလား၊ ဟုတ်တယ်ဟုတ်? “

“ မင်း !! “ရှုကော်အန်းသည် ဒေါသထွက်လွန်းသဖြင့် နှာခေါင်းပင် စောင်းလုမတတ် ဖြစ်သွားခဲ့သည်။

သူ၏ စိတ်အခြေအနေသည် ဆိုးရွားနေခဲ့ပြီ ဖြစ်သည်၊ မင်းက မီးကို လောင်စာလာထည့်နေတာပဲ။

တစ်ဖက်ရှိ လျူချင်းယွမ်ကမူ အပျော်ကြီး ပျော်နေလျက်ရှိသည်။

…………………………………………………………………………………………………………………….

အပိုင်း ( 89 )

ကံကောင်းသော ရှုကျိုး၊ အကျိုးအမြတ်များကို တွက်ချက်ခြင်း !! ၂

သူသည် ရှုကျိုးကိုသာလျှင် မဟုတ်ဘဲ တစ်ခြား ပါရမီရှင်နှစ်ဦးကိုပါ အမှန်တကယ် ခေါ်ယူနိုင်ခဲ့လေသည်။

ဒါပင်မဲ့ သူတို့အားလုံးက ဘာလို့ ဒီလောက်တောင် လှနေတဲ့ ကောင်မလေးတွေ ဖြစ်နေရတာလဲ?

သူတို့ရဲ့အလှတွေက တိုင်းပြည်တွေကိုတောင် ပြိုပျက်သွားစေနိုင်တယ် !!

လျူချင်းယွမ်သည် ရှုကျိုးကို အလိုအလျောက် ငေးကြည့်မိသွားခဲ့ပြီး၊ ကျန်းလန်နှင့် လီရို့ရှီတို့ နှစ်ဦးစလုံးက သူ့ကြောင့် ရောက်လာခဲ့ရခြင်း ဖြစ်သည်ဟု ခံစားနေရတော့သည်။

ဒီကလေးက၊ မိန်းမကံ အရမ်းကောင်းတာပဲ !!

…

မကြာခင်မှာပင် နည်းပြ ဆရာ၊ ဆရာများသည် ရွေးချယ်မှု လုပ်ငန်းစဥ်များကို ထပ်မံ၍ လုပ်ဆောင်လာကြတော့လေသည်။

ကျန်ရှိနေသော ကျောင်းသားကျောင်းသူများသည် အရွေးခံရုံသာ တတ်နိုင်ပြီး၊ ရှုကျိုးကဲ့သို့ ကိုယ်အလိုရှိရာ တက္ကသိုလ်ကို မရွေးချယ်နိုင်ခဲ့ပေ။

အမှန်တိုင်းပြောရမည်ဆိုပါက အဓိက သိုင်းပညာ တက္ကသိုလ်များ၏ ရွေးချယ်မှုကို ခံရခြင်းကပင် ထူးခြားသည့် အောင်မြင်မှုဖြစ်နေခဲ့ပြီ ဖြစ်သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

တစ်နာရီကျော်ကြာခဲ့ပြီးသည့်နောက်တွင် နည်းပြ ဆရာ၊ ဆရာမအားလုံးသည် လူ‌ရွေးမှုများ ပြီးဆုံးသွားခဲ့သည်။

လျူချင်းယွမ်အပါအဝင် များစွာသော နည်းပြ ဆရာ၊ ဆရာမများသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့သည်။

ချင်ဖုန်းသည် ရှုကျိုး၏ ပခုံးကို ပုတ်ကာ ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ ဂျူနီယာညီလေး၊ ဩဂုတ်လကုန်ရင် အရှေ့ပိုင်းပြည်နယ်ကို လာခဲ့၊ ငါမင်းကို ကွမ်ဟန်တက္ကသိုလ်မှာ စောင့်နေမယ် “

ရှုကျိုးမှ ခေါင်းငြိမ့်ပြ၍ ပြန်ပြောလာခဲ့သည် “ အစောပိုင်း အချိန်တုန်းက အကူအညီအတွက် ကျေးဇူးတင်ပါတယ်၊ စီနီယာချင် “

သူသည် သူ့အား ကယ်ဆယ်ခဲ့သည့်အတွက် ထပ်မံ၍ ကျေးဇူးတင်နေတော့သည်။

“ ငါ့ကို စီနီယာလို့ ခေါ်နေသေးတာလား? “ ချင်ဖုန်းသည် ပြုံးစစဖြင့် ပြောလာခဲ့သည်။

ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာဖြင့် ပြောလိုက်ရတော့၏ “ စီနီယာ အစ်ကိုကြီးချင် “

ချင်ဖုန်းသည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားတော့သည်၊ ထို့နောက်တွင် သူသည် လီရို့ရှီကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည် “ ဂျူနီယာ ညီမလေး၊ နောက်လမှ တွေ့ကြတာပေါ့ “

လီရို့ရှီသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ သူမ၏ လက်များကို စုစည်းကာ ဂါဝရပြု အရိုအသေပေးလိုက်သည်။

သူမသည် စီနီယာနှင့် ဂျူနီယာဟူသည့် ဂုဏ်ပုဒ်များကြားတွင် ကွဲပြားချက်များ ရှိနေသည်ကို ကောင်းစွာ နားလည်နေခဲ့သည်။

သို့ရာတွင် လီရို့ရှီသည် အသေးစိတ် အချက်အလက်လေးများကို ဂရုမစိုက်ပေ။

ချင်ဖုန်းသည် ကြာကြာ မနေတော့ဘဲ လက်နောက်ပစ်၍ ပေါ့ပါးသော ဟန်အမူအရာဖြင့် ကောင်းကင်ပေါ်သို့ ပျံတက်သွား‌တော့သည်။

“ ငါတို့ရော သွားကြတော့မလား? “ လီရို့ရှီသည် ရှုကျိုးကို ကြည့်လာခဲ့သည်။

“ မလောပါနဲ့ “ ရှုကျိုးသည် သူ၏ခေါင်းကို ခါရမ်း၍ ပြုံးနေတော့သည် “ ငါတို့က အကျိုးအမြတ်တွေ မတွက်ချက်ရသေးဘူးလေ “

“ အကျိုးအမြတ်တွေလား? “ လီရို့ရှီသည် တစ်ခဏခန့် မှင်သက်သွားခဲ့သည်၊ ထို့နောက်တွင် ရှုကျိုးက မိကျောင်းသားရဲဥများနှင့် သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်တို့ကို ပြောနေခြင်း ဖြစ်ကြောင်းကို သဘောပေါက်သွားခဲ့သည်။

…

ရှုကျိုးသည် လီရို့ရှီကို ခေါ်သွား၍ စစ်တပ်အရာရှိများကို လိုက်ရှာကာ စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေတော့သည်။

မကြာခင်မှာပင် စစ်သားတို့၏ လမ်းညွှန်ချက်များအတိုင်း သူတို့သည် နောက်ထပ် သံမဏိခံတပ်တစ်ခုဆီသို့ ရောက်ရှိသွားကြသည်။

ရုံးထဲတွင်

ရှုကျိုးသည် မိကျောင်းသားရဲဥများနှင့် သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်တို့ကို ကိုင်ဆောင်၍ မတ်တပ်ရပ်နေလျက်ရှိသည်။

ရုံးခန်းအတွင်း၌ စစ်တပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် အကြီးအကဲတစ်ဦး ထိုင်နေလျက်ရှိသည်၊ သူ၏ပခုံးများပေါ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီးဟူသော ရာထူးကို ညွှန်းဆိုသည့် ကြယ်လေးများ ရှိနေခဲ့သည်။

“ ဆရာ “ လမ်းပြစစ်သားမှ သတင်းပို့လာခဲ့သည် “ ဒီလူနှစ်ယောက်က နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှာ ရတနာတွေ ရှာတွေ့ခဲ့ပြီးတော့ အဲ့တာတွေရဲ့ တန်ဖိုးအကြောင်းကို စုံစမ်းချင်နေပါတယ် “

အကြီးအကဲမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ဒီကိုခေါ်ခဲ့လိုက်၊ ကြည့်ရတာပေါ့ “

ရှုကျိုးသည် ရှေ့တက်လာခဲ့ပြီး မိကျောင်းသားရဲဥများနှင့် သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်တို့ကို စားပွဲပေါ်တွင် တင်လိုက်သည်။

ချက်ချင်းဆိုသလိုပင် အကြီးအကဲ၏ မျက်လုံးများ တောက်ပသွားတော့သည် “ ဒါတွေက ……. တတိယအဆင့် မိကျောင်းသားရဲကောင်ရဲ့ ဥတွေလား? “

သူ၏ စူးရှသော မျက်လုံးများသည် ၎င်းကို ချက်ချင်း သိမြင်သွားခဲ့သည်။

“ တတိယအဆင့်ထပ်တော့ ကျော်သင့်တယ်၊ တတိယအဆင့်ရဲ့ အဆင့် ၈နဲ့၉ကြားမှာ ရှိလောက်တယ် “

အကြီးအကဲကြီးသည် တိတ်တဆိတ် ခေါင်းငြိမ့်နေတော့သည်၊ ထို့နောက်တွင် ဝိုင်အိုးကို လှမ်းကြည့်၍ အနံ့ရှူကြည့်လိုက်ရာ အံ့အားသင့်သွားတော့သည် “ သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်လား? “

သူသည် ၎င်းကို အမြန်ဖွင့်ကြည့်လိုက်ပြီး အတွင်းရှိ အရည်များကို မြင်လိုက်ရသောအခါတွင် တစ်ကိုယ်လုံး တုန်ရင်သွားခဲ့သည်။

“ ဒီအရောင်၊ ဒီအရှိန်အဝါက ……….အနည်းဆုံးတော့ အထဲမှာ ဒုတိယအဆင့် သားရဲအူတိုင်တစ်ခု ရောစပ်ထားတယ် “

အကြီးအကဲကြီးသည် ပို၍ အံ့အားသင့်သွားပြီး၊ ရှုကျိုးကို မော့ကြည့်၍ ‌စကားပြောလာခဲ့သည် “ မင်းဒါကို ဘယ်နေရာက ရခဲ့တာလဲ? “

“ သွေးတောင်ပံ ကျားပျံမျိုးနွယ်စုရဲ့ အသိုက်ထဲကပါ “ ရှုကျိုးသည် အမှန်တိုင်း ပြောပြလိုက်သည်။

“ အထင်ကြီးစရာပဲ “

အကြီးအကဲမှ ချီးကျူးလာခဲ့သည် “ မင်းက ပထမအဆင့်တောင် မဟုတ်ဘဲနဲ့၊ ဒီလို အန္တရာယ်များတဲ့ နေရာမျိုးထဲကို သွားရဲနေတယ်ပေါ့။ ဒါက စတုတ္ထအဆင့်နဲ့ နီးနေတဲ့ သွေးတောင်ပံ ကျားပျံသားရဲကောင်က ချက်လုပ်ထားတာပဲ၊ တော်တော်ကြီးကို တန်ဖိုးရှိတယ် “

“ စတုတ္ထအဆင့်နဲ့ နီးနေပြီလား? “ ရှုကျိုးသည် ရင်ခုန်သံများပင် ရပ်လုမတတ် ဖြစ်သွားခဲ့သည်။

သူသည် သတ်ဖြတ်ခြင်းစာရင်းကို မကြည့်ရသေးပေ၊ ထို့ကြောင့် သွေးတောင်ပံ ကျားပျံသားရဲ ခေါင်းဆောင်ကြီး၏ အဆင့်က ထိုမျှလောက် မြင့်မားနေသည်ဆိုသည်ကို သူ မသိပေ။

ဘေးတစ်ဖက်ရှိ လီရို့ရှီသည် သူ့ကို ကြည့်လာခဲ့ပြီး၊ သူမ၏ မျက်နှာလှလှလေးပေါ်တွင် ဒေါသထွက်သွားသည့် အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။

ဒီကောင်က စတုတ္ထအဆင့်ကို ရောက်လုနီးပါး ဖြစ်နေတဲ့ သားရဲကောင်ရဲ့ ပိုင်နက်ထဲကို ဝင်သွားတယ်ပေါ့၊ သူ့အသက် ဆုံးရှုံးသွားရမှာကို မကြောက်ဘူးလား?

ရှုကျိုးကမူ အစ်မဖြစ်သူ၏ အတွေးများကို မသိဘဲ အကြီးအကဲကိုသာ မျှော်လင့်တကြီးဖြင့် ငေးကြည့်နေခဲ့သည်။

“ အဲ့တာတွေက ဘယ်လောက်တန်လဲဗျ? “

……………………………………………………………………………………………………………………

အပိုင်း ( 90 )

နားလည်နိုင်စွမ်းထပ် ကျော်လွန်သော၊ နိုင်ငံတော် လျှို့ဝှက်ချက် !!!

အဘိုးအိုသည် တစ်ခဏခန့် တွေးတော စဥ်းစားနေတော့သည်။

မိနစ်အနည်းငယ် ကြာခဲ့ပြီးသည့်နောက်တွင် သူသည် လေးလေးနက်နက် ပြောဆိုလာခဲ့သည် “ သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်အိုးနဲ့ အဆင့်မြင့် တတိယအဆင့် မိကျောင်းသားရဲဥ “

“ သူတို့တွေရဲ့ တန်ဖိုးက ၁.၈သန်း ဝန်းကျင်လောက်ရှိသင့်တယ်လို့ ငါထင်တယ် “

၁.၈သန်းလား?

ရှုကျိုးကား ရင်ခုန်သံများပင် မြန်ဆန်သွားတော့သည်။

သူသည် ထိုဈေးနှုန်း ရရှိလိမ့်မည်ဟု မမျှော်မှန်းထားခဲ့ချေ။

ရှုကျိုးသည် စိတ်ကျေနပ်စွာ အံ့အားသင့်နေသေးစဲဖြစ်သည်။

အထက်တန်းကျောင်း သတ်ဖြတ်ခြင်းစာရင်း၏ နံပတ်၁နေရာအတွက် ဆုကြေးကပင် အဖွဲ့ချုပ်ဒဂ်ါး တစ်သန်းသာ ရရှိသည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

ယခုတွင်ကား သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်တစ်အိုးနှင့် မိကျောင်းသားရဲဥတစ်လုံးကပင် ၁.၈သန်း တန်ကြေးရှိနေခဲ့လေသည်။

ရှုကျိုးသည် သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်နှစ်အိုးနှင့် မိကျောင်းသားရဲဥ နှစ်လုံး ထုတ်ယူခဲ့သောကြောင့် စုစုပေါင်းအနေဖြင့် ၃.၆သန်း ရရှိမည် ဖြစ်သည်။

၎င်းကား ကောင်းမွန်လွန်းလှသော ကံကြမ္မာကောင်းပင် ဖြစ်သည် !!

ထိုအချိန်အတွင် လူအိုကြီးမှ စကားပြောလာခဲ့သည် “ ရဲဘော်လေး၊ တကယ်လို့ မင်းက ဒါတွေကို တပ်မတော်ဆီကို ရောင်းမယ်ဆိုရင် ငါတို့က နှစ်သန်းပေးဖို့ ဆန္ဒရှိတယ်၊ ဘယ်လိုလဲ? “

“ နှစ်သန်းလား? “ ရှုကျိုးသည် အနည်းငယ်မျှ ထိတ်လန့်သွားခဲ့သည်။

သို့သော် ထို့နောက်တွင် သူသည် ခေါင်းခါပြလိုက်သည် “ တောင်းပန်ပါတယ်၊ ကျွန်တော်က တန်ဖိုးအကြောင်းကိုပဲ စုံစမ်းတာပါ၊ ရောင်းဖို့ အစီအစဥ် မရှိသေးပါဘူး “

“ သိပြီ “ အဘိုးအိုသည် စိတ်ပျက်သွားသည့် အမူအရာတစ်ခုကို ပြသလာခဲ့သည်။

သူသည် မငြင်းပယ်လိုက်လဲ ချက်ချင်း ခေါင်းငြိမ့်ပြလိုက်သည် “ ကောင်းပြီလေ၊ တကယ်လို့ မင်းက ရောင်းလိုတဲ့ ဆန္ဒရှိလာမယ်ဆိုရင်တော့ ငါတို့ကို အချိန်မရွေး ဆက်သွယ်လိုက်လို့ရတယ် “

အဘိုးအိုမှ ဆက်သွယ်ရမည့် အချက်အလက်တစ်ခု ထုတ်ပေးလာခဲ့သည်။

၎င်းကို ရရှိခဲ့ပြီးသည့်နောက်တွင် ရှုကျိုးနှင့် လီရို့ရှီတို့ ထွက်ခွာသွားတော့သည်။

ရှုကျိုး ထွက်သွားပြီးသည့်နောက်၌ အဘိုးအိုသည် သူ၏ဦးခေါင်းကို ခါရမ်းကာ ပြုံးနေတော့သည် “ ဒီနေ့ခေတ်လူငယ်တွေက တကယ်ကို ထက်မြက်ကြတာပဲ၊ နှစ်သန်းကတောင် သူတို့ကို မလှုပ်ခါနိုင်ခဲ့ဘူး “

…

အမှန်တိုင်း ပြောရမည်ဆိုပါက အဘိုးအို၏ ခန့်မှန်းချက်မှာ မှန်ကန်လေသည်။

ရှုကျိုးမှ ၎င်းတို့ကို မရောင်းချရခြင်းသည် သူက ဈေးနှုန်းများကို နှိုင်းယှဥ်ရန် စီစဥ်ထားသောကြောင့် ဖြစ်သည်။

သူသည် တောင်ပိုင်းပြည်နယ် ရှားမိသားစုနှင့် ပူးပေါင်းထားခဲ့ပြီ ဖြစ်ပြီး၊ ရှားမိသားစု၏ လမ်းကြောင်းများကို အသုံးပြုနေနိုင်ပြီ ဖြစ်သည်။

အကယ်၍ ရှားမိသားစုကသာ ဈေးကောင်းကောင်းဖြင့် ကမ်းလှမ်းမည်ဆိုပါက သူသည် ၎င်းတို့ကို စစ်တပ်ထံသို့ ရောင်းချမည် မဟုတ်ပေ။

လေးနာရီကြာခဲ့ပြီးသည့်နောက်၌

ရှုကျိုး အိမ်ပြန်ရောက်လာခဲ့ပြီဖြစ်ပြီး၊ သူ၏ဖုန်းကို အားသွင်းနေတော့သည်။

အိမ်နှင့် တစ်လကျော်ကျော် ကင်းကွာနေခဲ့သောကြောင့် သူ၏ဖုန်းဘက်ထရီမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဖုန်းပြန်ပွင့်လာသည်နှင့် တစ်ပြိုင်နက် ရှုကျိုး ပထမဦးဆုံး ပြုလုပ်သည့်အရာသည် သူ၏လက်ထောက်ဖြစ်သည့် ရှောင်ရှီထံသို့ သူ၏တည်နေရာကို ပေးပို့ခြင်းပင် ဖြစ်သည်။

ငါးမိနစ်ကြာခဲ့ပြီးသည့်နောက်၌

စက်ရုပ်ကောင်မလေး ရှောင်ရှီသည် ရှုကျိုး၏ နောက်ဘက်ခြံဝန်းအပေါက်ဝတွင် မတ်တပ်ရပ်နေခဲ့သည်။

“ လေးစားရပါသော ရှားမိသားစု၏ Aအဆင့် အဖွဲ့ဝင်ရှင့် “ ရှောင်ရှီသည် ချိုသာသော အသံဖြင့် စကားပြောလာခဲ့သည် “ ရှောင်ရှီ ကူညီပေးနိုင်တာ တစ်ခုခု ရှိလားရှင့်? “

ရှုကျိုးသည် သားရဲပုံဆောင်ခဲ ခြင်ဆီရည်နှင့် မိကျောင်းသားရဲဥတို့ကို ထုတ်ယူကာ ပြောလိုက်သည် “ ဒီပစ္စည်းနှစ်ခုက ဘယ်လောက်တန်လဲဆိုတာကို ကူတွက်ပေးပါဦး “

ရှောင်ရှီသည် ၎င်းတို့ကို ယူလိုက်ပြီး၊ သူမ၏ ပြာလဲ့သော မျက်ဝန်းများထံမှ အနီရောင် ရောင်ခြည်တစ်ခု ထွက်လာခဲ့ကာ ၎င်းတို့ကို စစ်ဆေးနေတော့သည်။

နှစ်စက္ကန့် ကြာခဲ့ပြီးသည့်နောက်၌

ရှောင်ရှီသည် တလေးတစားဖြင့် ပြောလာခဲ့သည် “ ဆရာ၊ သားရဲပုံဆောင် ခြင်ဆီရည်ရဲ့ တန်ဖိုးက ၁.၂သန်းပါ၊ မိကျောင်းသားရဲဥရဲ့ တန်ဖိုးကတော့ ၆၀၀၀၀၀ပါ “

“ အဲ့နှစ်ခုရဲ့ စုစုပေါင်းတန်ဖိုးက ၁.၈သန်းပါ “

ရှောင်ရှီမှ ချိုသာစွာ ထပ်ဖြည့်ပြောလာခဲ့သည် “ ရှားမိသားစုရဲ့ Aအဆင့် အဖွဲ့ဝင်တစ်ယောက်အနေနဲ့ တကယ်လို့ အဲ့တာတွေကို ရှားမိသားစုဆီ ရောင်းလိုက်မယ်ဆိုရင်၊ ၂.၁၆သန်းဖြစ်သည့် မူရင်းတန်ဖိုးထပ် ၂၀% ပိုတဲ့ ဈေးနှုန်းကို ရပါမယ် “

“ သိပြီ “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

ကြည့်ရတာတော့ စစ်တပ်ရဲ့ တွက်ချက်မှုကို တော်တော်လေးကို တိကျတာပဲ။

သို့ရာတွင် ရှားမိသားစုမှ ၂၀% ပိုပေးသောကြောင့် ၎င်းက ပို၍ စီးပွားဖြစ်သည်မှာ သိသာလှပေသည်။

ရှုကျိုးသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ မိကျောင်းသားရဲဥနှစ်လုံးကို တိုက်ရိုက် လွှဲပြောင်းပေးလိုက်သည် “ ရှောင်ရှီ၊ ဒါတွေကို ကူရောင်းပေးပါဦး “

“ ဟုတ်ကဲ့ပါ၊ ဆရာ “ ရှောင်ရှီမှ လက်ခံလာခဲ့သည်။

သားရဲပုံဆောင်ခဲ ခြင်ဆီရည်အတွက်ကား သူသည် ၎င်းတို့ကို ရောင်းချရန် ရည်ရွယ်ချက် မရှိသေးပေ။

သူသည် ၎င်းက ကျင့်ကြံရေးအတွက် အထောက်အကူ ပြုနေလိမ့်မည်ဟု ခံစားနေခဲ့ရသည်၊ ထို့ကြောင့် ၎င်းတို့ကို အရင်ဦးဆုံး သိမ်းဆည်းထားဦးမည် ဖြစ်သည်။

ရှောင်ရှီကို ပြန်လွှတ်လိုက်ပြီးသည့်နောက်တွင် ရှုကျိုးသည် အိမ်ထဲသို့ ပြန်ဝင်သွားတော့သည်။

အိမ်ထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူသည် ဗာဒံစေ့ကဲ့သို့ လှပသော မျက်ဝန်းတစ်စုံကို မြင်တွေ့လိုက်ရသည်။

လီရို့ရှီသည် တံခါးဝတွင် ရပ်နေကာ သူ့အား စိုက်ကြည့်နေခဲ့သည် “ ရှောင်ရှီလား? ပြီးတော့ ဆရာလား? “

“ အမ် …….. “

ရှုကျိုး မှင်သက်သွားတော့သည်၊ ထို့နောက်တွင် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး၊ အမြန်ရှင်းပြလိုက်သည် “ အစ်မ၊ အဲ့တာက ရှားမိသားစုက ငါ့ကို ပေးထားတဲ့ အေအိုင်လက်ထောက်လေ “

ဖပ် !!

လီရို့ရှီသည် သူ့ခါးကို ဆွဲဆိတ်လာတော့သည် “ နောက်တစ်ခါဆိုရင် နာမည်တွေ ပြောင်းလိုက် “

“ ငါက နင့်အကြောင်း ပြောနေတာမှ မဟုတ်တာ၊ ဘာလို့ ဒီလောက်တောင် အထိအခိုက် ………. “ ရှုကျိုးမှ ရေရွတ်ပြောဆိုနေပြီး၊ လီရို့ရှီမှ သူမ၏ နူးညံ့သော လက်သီးဆုပ်လေးအား မြှောက်လာသည်ကို မြင်လိုက်ရသောအခါတွင် အခန်းထဲသို့ အမြန်ပြေးဝင်သွားတော့သည်။

“ ဒီကောင် “

လီရို့ရှီသည် သူ၏နောက်ကျောကို ကြည့်ကာ သူမ၏ဦးခေါင်းလေးကို အသာအယာ ခါရမ်းနေတော့သည်၊ ဒီကောင့် စွမ်းအားက တိုးတက်လာပြီ၊ တကယ်လို့ တိုက်ခိုက်မယ်ဆိုရင် ငါကတောင် သူ့ကို မနိုင်လောက်တော့ဘူး။

တစ်ဖက် ရှုကျိုးကမူ အိပ်ခန်းထဲသို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။

“ အဲ့ဒီအချိန်တုန်းက ငါက ဘာလို့ ရှောင်ရှီလို့ နာမည်ပေးခဲ့မိတာလဲ? “ ရှုကျိုးသည် တစ်ကိုယ်တည်း စဥ်းစားခန်းဖွင့်ကာ အံ့ဩနေလျက်ရှိသည်။

သူသည် အဆိုပါ အမည်ကို ကြုံရာကျပန်းရွေးချယ်လိုက်ခြင်းသာ ဖြစ်သည်။

ရှောင်ရှီ၊ ရှောင်ရှီ၊ နားဝင်ချိုတယ် မဟုတ်ဘူးလားဟ?

သို့သော် ဤကိစ္စ ပြီးသွားခဲ့သည့်နောက်တွင် သူသည် ထူးဆန်းသော အရာတစ်ခုကို သတိပြုမိသွားခဲ့သည်၊ ရှောင်ရှီနှင့် လီရို့ရှီတို့သည် အတော်လေး တူညီနေလျက်ရှိသည်။

သူတို့က တော်တော်လေး လှတဲ့ ကောင်မလေးတွေ ဖြစ်နေလို့များလား၊ သူတို့ရဲ့ နှာခေါင်းတွေ၊ နှုတ်ခမ်းတွေ၊ တော်တော်လေး တူနေသလိုပဲ။

လီရို့ရှီ အကဲဆတ်သွားတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။

ရှုကျိုးသည် ခေါင်းခါ၍ သူ၏ဖုန်းကို ထုတ်ကာ ချောင်ရုံထံသို့ စာပို့လိုက်သည်။

“ ဆရာ၊ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်က ကျွန်တော့်ကို အထူးတလည် ဖိတ်ခေါ်ထားတယ် “

…

လင်းဂျန် ပထမအထက်တန်းကျောင်း

နွေရာသီအားလပ်ရက်ဖြစ်သောကြောင့် ကျောင်းသူကျောင်းသား အများစုသည် အိမ်ပြန်သွားကြပြီ ဖြစ်သည်။

သို့ရာတွင် သိုင်းပညာ ဘာသာရပ်ကို အထူးပြုကာ ဒုတိယနှစ်မှ တတိယနှစ်သို့ ကူးပြောင်းသွားသည့် ကျောင်းသူကျောင်းသားများသည် ကျောင်းတွင် ရှိနေကြသေးစဲဖြစ်ပြီး၊ လာမည့်ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် လုံ့လစိုက် ကြိုးစားအားထုတ်နေလျက်ရှိသည်။

ထိုအချိန်တွင် ချောင်ရုံသည် သူ၏ရုံးခန်းထဲတွင် ထိုင်ကာ ယခုနှစ် လျှောက်ထားသူတို့၏ ဝင်ခွင့်အခြေအနေများကို ကြည့်ရှုစစ်ဆေးနေခဲ့သည်။

တက္ကသိုလ်ဝင်စာမေးပွဲပြီးဆုံးသွားသည်မှာ တစ်လကျော် ကြာနေခဲ့ပြီဖြစ်သောကြောင့် နိုင်ငံတော်မှ ထုတ်ပြန်လာသည့် ဝင်ခွင့်ရလဒ် အားလုံးနီးပါး ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

“ ဖူးးးး “

ချောင်ရုံသည် စာရွက်စာတမ်းများကို ပိတ်ကာ ခေါင်းကိုခါ၍ သက်ပြင်းတချချ ဖြစ်နေတော့သည်။

“ ဒီနှစ်မှာ ငါတို့လင်းဂျန် ပထမအထက်တန်းကျောင်းက လူ၆ယောက်ကပဲ အဓိက သိုင်းပညာ တက္ကသိုလ်တွေဆီမှာ တက်ရောက်ခွင့်ရလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “

ချောင်ရုံမှ သက်ပြင်းချနေတော့သည် “ နှစ်တိုင်း ပိုပိုဆိုးရွားလာတာပဲ “

တီ !!!

ထိုအခိုက်အတန့်တွင် သူ့ဖုန်းထဲသို့ စာတစ်ခု ဝင်လာခဲ့သည်။

ချောင်ရုံ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ဖုန်းကို ဖွင့်ကာ ကြည့်ရှုစစ်ဆေးနေတော့သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏မျက်လုံးများ ပြူးကျယ်သွားရတော့သည်။

“ ဘာ!!! ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်လား? အထူးခေါ်ယူခွင့်လား? “

ချောင်ရုံသည် အံ့ဩမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ရုတ်တရက် မတ်တပ်ထရပ်မိသွားခဲ့သည်။

သူသည် ၎င်းက ဖုန်းသရဲများ၏ အလိမ်မက်ဆေ့များ ဖြစ်နေမည်ဟု ထင်နေသောကြောင့် ၎င်းကို ထပ်ခါတလဲလဲ ကြည့်ရှုနေတော့သည်။

သို့သော် ဂရုတစိုက်လေ့လာခဲ့ပြီးသည့်နောက်တွင် သူ၏အမူအရာသည် ထပ်မံ၍ ပြောင်းလဲသွားရပြန်သည်။

“ တကယ်ကြီးကို အဲ့ကလေး ရှုကျိုးဖြစ်နေတာပဲ “

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? “

“ သူက အထက်တန်း ပထမနှစ် ကျောင်းသားလေးပဲ ရှိသေးတယ်လေ “

ထိုအခိုက်အတန့်တွင် ချောင်ရုံသည် အလွန်အမင်း အံ့အားသင့်နေလျက်ရှိသည်။

……………………………………………………………………………………………………………..

All Chapters