← Chapters

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အပိုင်း ( 76 )

အဆင့် ၃၊ ရှုကျိုး၏ အမည်

“ ဝုန်းးးးး !! “

ပြင်းထန်သော ချီ-သွေးစွမ်းအင်လှိုင်းကြောင့် ရွှေတောင်ပံ T-Rexကြီးသည် လေထဲတွင် အပြင်းအထန် လည်ထွက်သွားခဲ့သည်။

ရှုကျိုးသည် မတုံ့ဆိုင်းဝံ့ဘဲ အဆိုပါ အားကို အသုံးချကာ ပြန်လှည့်မကြည့်ဘဲ အရှေ့သို့ ကီလိုမီတာပေါင်းများစွာအထိ ပျံသန်းသွားခဲ့သည်။

ဓားကိုင်ထားသည့် အနက်ဝတ် လူငယ်တစ်ဦးက လနတ်ဘုရား ဂိုဏ်းမှ အကြီးအကဲ၏ တည်နေရာတွင် ရပ်နေသည်ကို သူမြင်တွေ့လိုက်ရသည်။

သူ၏အောက်တွင် ကိုယ်တစ်ခြမ်းပြတ်နေသည့် လနတ်ဘုရားဂိုဏ်း အကြီးအကဲသည် မြေပြင်ပေါ်သို့ ပုံကျသွားခဲ့သည်။

“ ဟစ် !! “

ရှုကျိုးသည် မအောင့်ထားနိုင်တော့ဘဲ အသက်ကို ပြင်းပြင်းရှရှ ရှူရှိုက်နေတော့သည်။

ဒီလူက ဘယ်သူလဲ?

သူက ဒုတိယအဆင့် သိုင်းပညာရှင်လေးပဲလေ၊ တတိယအဆင့် အမှောင်သိုင်းပညာရှင်ကို ဓားတစ်ချက်တည်းနဲ့ ခုတ်ဖြတ်လိုက်တာလား?

အဲ့လူက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပင်မဲ့ အဲ့လောက်ကြီး ကိုင်တွယ်ရ လွယ်နေပါ့မလားဟ?

“ ဝှစ် !! “

မလှမ်းမကမ်းတွင် လူငယ်၏ အနက်ရောင်ဝတ်ရုံသည် လေထုထဲတွင် လွင့်ပျံလာခဲ့ပြီး၊ အစွမ်းထက် ချီ-သွေးလှိုင်းလုံးကြီးတစ်ခု ပျံ့နှံ့လာခဲ့သည်။

အဆိုပါ ချီ-သွေး စွမ်းအင်လှိုင်းသည် တတိယအဆင့် နယ်မြေနှင့် အတော်လေး ကွာခြားနေလျက်ရှိသည်။

ကျားပျံမျိုးနွယ်စု ခေါင်းဆောင်ကြီးနှင့် မိကျောင်းသားရဲ ခေါင်းဆောင်ကြီးတို့သည် သူ့အား အထင်မသေးကြပေ၊ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့၏ အမူအရာများသည် လေးနက်တည်ကြည်လာခဲ့သည်။

ပြိုင်ဘက်က တတိယအဆင့် သိုင်းပညာရှင်ကို ဓားတစ်ချက်ဖြင့် သတ်ခဲ့သည့် မြင်ကွင်းသည် ၎င်းတို့အား ကြီးမားသော အန္တရာယ်ကို ခံစားသွားရစေခဲ့သည်။

သို့ရာ၌ သူတို့ထံတွင် မည်သည့် ကြောက်ရွံ့မှုမှ မရှိပေ၊ ဤလမ်းတစ်လျှောက်လုံးတွင် သူတို့သည် လူသားအများစုကို မောင်းထုတ်ထားခဲ့ပြီးပြီ ဖြစ်သောကြောင့် ဤတစ်ကြိမ်တွင်လည်း များစွာကွာခြားနေလိမ့်မည် မဟုတ်ပေ။

“ ဝေါင်းးး !!! “

ဧရာမ သားရဲကြီးနှစ်ကောင်သည် တစ်ညီတစ်ညာတည်း ဟိန်းဟောက်လာကြပြီး၊ အနက်ဝတ် လူငယ်ကို သတ်ရန်အတွက် ၎င်းတို့၏ လက်သည်းများကို လွှဲရမ်းလာကြသည်။

ဆွစ်ရှ် !!

လူငယ်လေးမှ သူ၏ဓားကို လွှဲရမ်းလာခဲ့ရာ၊ နောက်ထပ် အစွမ်းထက် ဓားချက်တစ်ခု ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။

သို့သော် နောက်အခိုက်အတန့်တွင် …….

သူသည် ကျားပျံမျိုးနွယ်စု ခေါင်းဆောင်ကြီး၏ တောင်ပံတစ်ဖက်ကို တိုက်ရိုက်ခုတ်ဖြတ်လိုက်ရာ သားရဲသွေးများသည် ကောင်းကင်အနှံ့ လွင့်စင်သွားခဲ့သည်။

“ အူးးးး !! “

ကျားပျံခေါင်းဆောင်ကြီးသည် ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်လာခဲ့သည်၊ ၎င်း၏ကြီးမားသော မျက်လုံးကြီးများထဲတွင် ထိတ်လန့်တုန်လှုပ်သွားသည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့သည်။

“ ဆွစ်ရှ် !!! “

လူငယ်၏ ပုံရိပ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားကာ၊ ကျားပျံမျိုးနွယ်စု ခေါင်းဆောင်ကြီး၏ အရှေ့တွင် ပေါ်လာပြီး ထပ်မံ၍ ခုတ်ချလာခဲ့ရာ ဆွစ်ရှ်ဟူသော အသံနှင့်အတူ ၎င်း၏ ပခုံးကို ထိုးဖောက်သွားခဲ့သည်။

သူ၏ ဓားရှည်သည် လင်းလက်တောက်ပလာခဲ့ပြီး၊ များစွာသော ဓားအလင်းတန်းလှိုင်းလုံးများသည် မုန်တိုင်းတစ်ခု တိုက်ခတ်နေသကဲ့သို့ ဧရာမသားရဲကြီးနှစ်ကောင်အပေါ်သို့ ကျရောက်သွားခဲ့သည်။

“ ဝေါင်းးးး !!! “

သားရဲကြီးနှစ်ကောင်သည် ထပ်ခါတလဲလဲ ဟိန်းဟောက်လာကြသည်၊ နှစ်ကောင်စလုံးသည် တတိယအဆင့် အထက်မှ သားရဲများ ဖြစ်နေခဲ့သည်၊ သို့သော် ဤအချိန်၌ ၎င်းတို့သည် လူငယ်လေးတစ်ဦး၏ ရိုက်နှက်ခြင်းကို အဆက်မပြတ် ခံနေခဲ့ရသည်။

အထူးသဖြင့် ၎င်းတို့သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရနေခဲ့ပြီးသည့် အချိန်တွင် ဖြစ်ပြီး၊ လူငယ်လေး၏ အဆက်မပြတ် တိုက်ခိုက်မှုများအောက်တွင် ၎င်းတို့၏ အသွေးအသားများ ပေါက်ပြဲကာ သွေးထွက်သံယိုဖြစ်နေခဲ့ပြီ ဖြစ်သည်။

“ ဗြွီ !!! “

ရုတ်တရက်ဆိုသလိုပင် တောက်ပသော ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်ပေါ်သို့ ပျံတက်လာခဲ့ပြီး၊ ပတ်ဝန်းကျင်ရှိ လေထုများကိုပင် ဖြိုခွင်းသွားခဲ့ပြီး၊ ၎င်း၏ အလင်းတန်းသည် နေမင်းထပ်ပင် ပို၍ တောက်နေခဲ့သည်။

ဖုတ် !!

ကျားခေါင်းကြီးတစ်ခုသည် လေပေါ်သို့ ပျံတက်သွားခဲ့သည်။

မိကျောင်းသားရဲ ခေါင်းဆောင်ကြီးသည် နောက်လှည့်ကာ တန်းပြေးသွားတော့သည်။

သို့သော် လူငယ်လေးသည် အခွင့်အရေး တစ်ခုမှ မပေးဘဲ၊ သေစေနိုင်သည့် လှံတံကဲ့သို့ တောက်ပသော ဓားအလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်ရာ မိကျောင်းသားရဲကြီး၏ ဦးခေါင်းကို ကြမ်းကြမ်းတမ်းတမ်း ထိုးစိုက်သွားခဲ့သည်။

“ အူးးးးး “

မိကျောင်းသားရဲကြီးသည် ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်လာခဲ့သည်၊ ၎င်း၏ မီတာ ၂၀ကျော် ရှည်လျားသည့် ကြီးမားသော ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ ပုံလဲကျသွားခဲ့သည်။

လူငယ်လေးသည် သူ၏ဓားကို သိမ်းလိုက်ပြီး၊ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းလာခဲ့သည်။

…

တစ်ဖက်ရှိ ရှုကျိုးကမူ မိန်းမောစွာ စောင့်ကြည့်နေလျက်ရှိသည်။

“ ပြီးသွားပြီလား? “ သူသည် ရေရွတ်ပြောဆိုကာ မယုံကြည်နိုင် ဖြစ်နေလျက်ရှိသည်။

၎င်းတို့သည် သူ့အား တစ်နေကုန် လိုက်ဖမ်းနေခဲ့သော ဧရာမသားရဲကြီးများ ဖြစ်ပြီး၊ တတိယအဆင့် သိုင်းပညာရှင်များကပင် ၎င်းတို့ကို မယှဥ်နိုင်ခဲ့ချေ။

သို့သော် ယခု၌ ၎င်းတို့သည် ဒုတိယအဆင့် သိုင်းပညာရှင်တစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

ဒါက …………

သူသာလျှင် မဟုတ်ဘဲ ဘေးဘက်ရှိ ကျောက်ဟုန်ရင်ကပါ တအံ့တဩ ဖြစ်နေလျက်ရှိသည်၊ အတွင်းမြို့တော်မှ မိသားစုကြီးတစ်ခု၏ သမီးတော်တစ်ပါးဖြစ်သည့် သူမကပင် ထိုကဲ့သို့သော မြင်ကွင်းကို တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။

အနက်ဝတ် လူငယ်လေး၏ စွမ်းအားသည် အားလုံး၏ စိတ်ကူးစိတ်သန်းများထပ်ပင် ကျော်လွန်နေခဲ့သည်။

အနက်ဝတ်လူငယ်သည် သူတို့ကို အာရုံစိုက်မနေခဲ့ပေ၊ သူသည် သူ၏ဓားရှည်ကို လက်နောက်ပစ်၍ ကိုင်ထားပြီး၊ မိကျောင်းသားရဲ၏ ခန္ဓာကိုယ်ဆီသို့ တစ်လှမ်းချင်း လမ်းလျှောက်သွားတော့သည်။

“ ဝှစ် !!! “

ရုတ်တရက်ဆိုသလိုပင် ရွှေတောင်ပံ T-Rexကြီးသည် မြေပြင်ဆီသို့ ဦးတည်လာခဲ့သည်။

မကြာခင်မှာပင် မြေပြင်ပေါ်သို့ ရောက်ရှိလာခဲ့ပြီး၊ ရှုကျိုးမှာလည်း မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။

“ စီနီယာ၊ ကျွန်တော့်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် “ ရှုကျိုးသည် တလေးတစားဖြင့် အော်ပြောလိုက်သည်။

ဆူညံသံကို ကြားလိုက်ရသောအခါတွင် အနက်ဝတ် လူငယ်လေးသည် နောက်ပြန်လှည့်ကာ ရှုကျိုးကို ကြည့်လာခဲ့သည်။

“ ပထမအဆင့်တောင် မဟုတ်ဘူးလား? “ အနက်ဝတ် လူငယ်သည် ရှုကျိုး၏ ကျင့်ကြံမှုကို သတိပြုမိသွားပြီး၊ သူ၏မျက်နှာပေါ်တွင် အံ့ဩသွားသည့် အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည် “ မင်းက ဘယ်လိုလုပ်ပြီးတော့ တတိယအဆင့် သားရဲတွေ လိုက်ဖမ်းတာကို ခံနေရတာလဲ? “

ရှုကျိုးမှ ကူရာကယ်စွာမဲ့စွာဖြင့် ပြန်ပြောလိုက်သည် “ အဲ့တာက …… ဇာတ်လမ်းအရှည်ကြီးပါ၊ ကျွန်တော် အမဲလိုက်ခံနေခဲ့ရတာက တစ်လကျော်နေပြီ “

အနက်ဝတ်လူငယ်လေး၏ နှုတ်ခမ်းများ လှုပ်ခတ်သွားခဲ့သည်။

ရှုကျိုး၏ စကားများသည် အလွန်ချဲ့ကားလွန်းနေခဲ့သည်၊ ပထမအဆင့်တောင် မဟုတ်တဲ့လူတစ်ယောက်က တတိယအဆင့်သားရဲက တစ်လတိတိ လိုက်ဖမ်းတာကို ခံနေခဲ့ရတာလား?

ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ?

ဘေးနားရှိ ကျောက်ဟုန်ရင်မှာလည်း သူ့ကို တအံ့တဩဖြင့် ကြည့်လာခဲ့သည်။

ငါတို့က ဘယ်အချိန်တုန်းက တစ်လတိတိ လိုက်ဖမ်းခံနေခဲ့ရတာလဲ?

ရှုကျိုး၏ မျက်နှာသည် သူ၏ စကားများအတိုင်းပင် တုန်လှုပ်ခြောက်ခြားနေလျက်ရှိသည်၊ သူသည် မိကျောင်းသားရဲ ခေါင်းဆောင်ကြီးနှင့် တစ်လတိတိ အမှန်တကယ် တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် အနက်ဝတ်လူသည် တစ်စုံတစ်ခုကို မှတ်မိသွားပုံရပြီး ရုတ်တရက် မေးမြန်းလာခဲ့သည် “ မေပယ်တောအုပ်ထဲက အဲ့ဒီ အမှောင်သိုင်းပညာရှင်တွေ၊ သူတို့သေသွားတာက မင်းတို့နဲ့ သက်ဆိုင်နေတာလား? “

“ အနည်းနဲ့ အများပေါ့ “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ သူသည်လည်း အနည်းငယ် အံ့ဩသွားခဲ့သည်။

သူက အဲ့တာကို ဘယ်လိုလုပ် သိသွားတာလဲ၊ ငါတို့နောက်ကနေ ခြေရာခံလိုက်လာခဲ့တာလား?

အနက်ဝတ်လူငယ်လေး၏ နှုတ်ခမ်းများ ထပ်မံ၍ လှုတ်ခတ်သွားခဲ့သည်၊ သူက ပထမအဆင့်လေးတောင် မဟုတ်ဘဲနဲ့ ဒုတိယအဆင့် အမှောင်သိုင်းပညာရှင်တစ်စုကို သတ်လိုက်တယ်လို့ ပြောနေတာလား?

သူလာပြောင်နေတာလား?

သို့သော် သူသည် လနတ်ဘုရား ဂိုဏ်း၏ အကြီးအကဲက ရှုကျိုးအား လိုက်ဖမ်းနေသည်ကို ယခုလေးတင် မြင်တွေ့ခဲ့ရသည်။

ဆိုတော့ ဒီကိစ္စတွေက ငါ့ရှေ့က ဒီကောင်လေးနဲ့ ဆိုင်နေတဲ့ပုံပဲ။

ထိုအကြောင်းကို တွေးနေရင်းဖြင့် သူသည် ထိုနှစ်ဦးက အနည်းငယ် ငယ်ရွယ်နေသည်ကို သတိပြုမိသွားကာ မေးမြန်းလာခဲ့သည် “ မင်းတို့က ကောလိပ်က လူသစ်တွေလား? “

“ ကျွန်တော်တို့က အထက်တန်းကျောင်းသားကျောင်းသူတွေပါ “

သို့ရာတွင် အဆိုပါ လူငယ်လေး၏ အမူအရာသည် အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့သည် “ မင်းတို့က ဒီလိုပေါက်ကရတွေ လျှောက်ပြောနေတာကို ရပ်ပေးလို့မရဘူးလား? “

တစ်ခါ၊ နှစ်ခါဆို တော်သေးတယ် မင်းတို့က အကြိမ်ကြိမ် အခါခါ ဖြစ်နေပြီ။

ငါက မင်းတို့ကို ကယ်ခဲ့တဲ့လူတွေ၊ သောက်ခွက်လာပြောင်နေကြတာလား?

“ ကျွန်တော်က တကယ်ကို အထက်တန်းကျောင်းသား တစ်ယောက်ပါ “ ရှုကျိုးမှ ကူရာကယ်ရာမဲ့စွာဖြင့် ပြောလာခဲ့သည်၊ သူ၏ မျက်လုံးသည် အလွန်အပြစ်ကင်းဖြူစင်နေပုံ ပေါ်နေခဲ့သည်။

ဘေးနားရှိ ကျောက်ဟုန်ရင်မှာလည်း ခေါင်းငြိမ့်ပြလာခဲ့သည် “ စီနီယာ၊ အစက ကျွန်မတို့က အပြင်ပိုင်းနယ်မြေထဲမှာ ရှိနေခဲ့တာပါ၊ ဒါပင်မဲ့ လမ်းပျောက်သွားပြီးတော့ အတွင်းပိုင်း နယ်မြေထဲကို ရောက်လာခဲ့တာပါ “

“ တကယ့် အထက်တန်းကျောင်းသားကျောင်းသူတွေလား? “

ဤတစ်ကြိမ်၌ အနက်ဝတ်လူငယ်လေးသည် အံ့ဩတုန်လှုပ်သွားသည့် အမူအရာကို ဖော်ထုတ်ပြသလာခဲ့သည်။

အထက်ထန်းကျောင်းသားကျောင်းသူနှစ်ယောက်က တတိယအဆင့် သားရဲနှစ်ကောင် လိုက်ဖမ်းတာကို ခံနေခဲ့ရတာလား?

ပြီးတော့ တတိယအဆင့် အမှောင်သိုင်းပညာရှင်ပါ ပါနေသေးတယ်ပေါ့။

တစ်လပင် မဆိုထားနှင့် ဆယ်မိနစ်မျှ တောင့်ခံထားနိုင်ရန်ပင် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

ပြီးတော့ ထွက်ပြေးနေတဲ့ ကာလအတွင်းမှာ အမှောင်သိုင်းပညာရှင်တစ်စုကိုပါ သတ်နိုင်ခဲ့တာလား?

အဲ့တာက …….

အနက်ဝတ်လူငယ်လေးသည် သတင်းအချက်အလက် စုံလင်စွာ သိခဲ့သော်လည်း ဤအခိုက်အတန့်တွင် အနည်းငယ် အံ့ဩတုန်လှုပ်သွားသည့်ပုံပင်။

“ စီနီယာ “ ရှုကျိုးမှ သိလိုစိတ်ဖြင့် ရုတ်တရက် မေးမြန်းလာခဲ့သည် “ ခင်ဗျားက ဘယ်လိုကျင့်ကြံရေး နည်းစနစ်မျိုးကို လေ့ကျင့်တာလဲဗျ? ဒုတိယအဆင့်မှာ ဘယ်လိုလုပ်ပြီးတော့ ဒီလိုတိုက်ခိုက်ရေး စွမ်းအားမျိုး ရှိနေရတာလဲ? “

သူသည် ဒုတိယအဆင့် သိုင်းပညာရှင်တစ်ဦးသာ ဖြစ်နေခဲ့သည်၊ သို့သော် သူ၏ တိုက်ခိုက်ရေး စွမ်းအားသည် တတိယအဆင့် သိုင်းပညာရှင်ထပ်ပင် သာလွန်နေခဲ့သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် အနက်ဝတ်လူငယ်လေးသည် ချက်ချင်း ပြုံးသွားခဲ့သည်။

“ အဲ့တာက တော်တော်ကြီးကို စွမ်းတာလား? “သူသည် ခေါင်းခါပြလာခဲ့သည် “ ငါတော့ အဲ့လိုမထင်ဘူး၊ အဲ့တာက တတိယအဆင့် သားရဲလေးနှစ်ကောင်ပါပဲ၊ ကြွားပြောနေဖို့ မလိုပါဘူး “

“ … “ ရှုကျိုး၏ မျက်နှာရှုံ့မဲ့သွားတော့သည်။

ဒီစီနီယာက ငါ့ထပ်တောင် ကြွားတတ်နေတာပဲ။

သို့ရာတွင် ….

တိုက်ခိုက်နေစဥ် ကာလအတွင်းတွင် တစ်ဖက်လူသည် အေးဆေးတည်ငြိမ်နေခဲ့ပြီး၊ ထူးခြားသော တိုက်ခိုက်ရေး စွမ်းအားကို ပြသခဲ့သည်။

အနက်ဝတ်လူငယ်သည် ရယ်ရယ်မောမောဖြင့် ဆက်ပြောလာခဲ့သည် “ ငါက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ရဲ့ အစစ်အမှန် သိုင်းပညာဌာနကပဲ။ တကယ်လို့ မင်းတို့က ကွမ်ဟန်တက္ကသိုလ်ထဲကို ဝင်နိုင်မယ်ဆိုရင် အစစ်အမှန် သိုင်းပညာဌာနကို လျှောက်ထားဖို့ သတိရပါ။ အစစ်အမှန် သိုင်းပညာဌာနက ဒီလို အစွမ်းထက်တယ် “

“ အစစ်အမှန် သိုင်းပညာဌာနလား? “ ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။

သူသည် ထိုကဲ့သို့သော အသုံးအနှုန်းမျိုးကို ပထမဦးဆုံးအကြိမ်အဖြစ် ကြားသိလိုက်ရခြင်း ဖြစ်သည်။

ဘေးနားရှိ ကျောက်ဟုန်ရင်မှာလည်း အနည်း အံ့အားသင့်သွားခဲ့သည် “ စီနီယာ၊ ရှင်က အစစ်အမှန် သိုင်းပညာဌာနကလား? ကွမ်ဟန် သိုင်းပညာတက္ကသိုလ်ရဲ့ အလျှို့ဝှက်ဆုံး မျိုးဆက်လား? “

အနက်ဝတ် လူငယ်လေးမှ ပြုံးပြ၍ ခေါင်းငြိမ့်ပြလာခဲ့သည်။

“ အံ့ဩစရာ မရှိတော့ပါဘူး “ ကျောက်ဟုန်ရင်သည် သူမ၏ပါးစပ်ကို ဖုံးအုပ်လိုက်ပြီး အနည်းငယ် မှင်သက်သွားခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနရဲ့ တိုက်ခိုက်ရေး စွမ်းအားက တကယ်ကြီးကို ဒီလောက်တောင် စွမ်းနေတာပဲ “

ရှုကျိုးကမူ များစွာ ဂရုစိုက်မနေခဲ့ပေ၊ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်လား? အစစ်အမှန် သိုင်းပညာ ဌာနလား?

၎င်းတို့သည် သူနှင့် များစွာ လှမ်းနေသေးစဲ ဖြစ်သည်။

သူသည် ပထမနှစ် အထက်တန်းကျောင်းသားလေးတစ်ဦးသာ ဖြစ်သောကြောင့် တက္ကသိုလ် ရွေးချယ်ခြင်းသည် သူ့အတွက် အလွန်စောနေသေးသည်။

ထိုအချိန်တွင် အနက်ဝတ် လူငယ်လေးသည် ရှုကျိုးကို ကြည့်ကာ ရုတ်တရက် မေးမြန်းလာခဲ့သည် “ မင်းရဲ့နာမည်က ဘာလဲ? နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ အတွင်းပိုင်းနယ်မြေထဲမှာ ဒီလိုမုန်တိုင်းထန်အောင် လုပ်နိုင်ဖို့ဆိုတာက မင်းက သာမန်လူတော့ မဟုတ်လောက်ဘူး “

သူသည် ရှုကျိုးက ရွှေနက်ရောင်ငှက်ကြီးကို ထိန်းချုပ်နေနိုင်ပုံရသည်ဆိုသည်ကို မြင်တွေ့နေခဲ့ရသည်။

တစ်ချိန်တည်းမှာပင် ကျောက်ဟုန်ရင်၏လှပသော မျက်လုံးလေးများကလည်း ရှုကျိုးထံသို့ ကျရောက်လာခဲ့သည်။

သူမသည် အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ အလွန်သိချင်နေလျက်ရှိသည်။

ရှုကျိုး ပြသခဲ့သော စွမ်းရည်နှင့် အစွမ်းတို့သည် သူမကို အလွန်အံ့အားသင့်သွားစေခဲ့သည်။

သွေးတောင်ပံ ကျားပျံမျိုးနွယ်စု၏ ပိုင်နက်ထဲသို့ ထိုးဖောက်ဝင်ရောက်ခြင်းဖြစ်စေ၊ သားရဲ ပုံဆောင်ခဲ အဆီအနှစ်ခိုးယူခြင်းဖြစ်စေ၊ အမှောင်သိုင်းပညာရှင်တို့၏ နေရာထဲသို့ ဝင်ကာ ယဇ်ပူဇော်ပွဲ အခမ်းအနားကို ဖျက်စီးခဲ့ခြင်းဖြစ်စေ၊ လမ်းတစ်လျှောက်လုံးတွင် ကြုံတွေ့ခဲ့ရသည့် အရာအားလုံးသည် သူမ၏ အတွေးစိတ်ကူးများထပ် ကျော်လွန်နေခဲ့လေသည်။

အကယ်၍ စွမ်းရည်၊ သတ္တိနှင့် ကံတရားတို့ ပေါင်းစည်းထားခြင်းသာ မရှိခဲ့ဘူးဆိုပါက သူမတို့သည် အကြိမ်ပေါင်းများစွာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

၎င်းတို့သည် သူမအား ရှုကျိုး၏ အထောက်အထားအကြောင်းကို ပို၍ သိချင်သွားစေခဲ့သည်၊ ဒီလူက ဘယ်သူလဲ၊ သူ့အကြောင်းကို အရင်က ဘာလို့ တစ်ခါမှ မကြားခဲ့ရဖူးတာလဲ?

နောက်ထပ် စက္ကန့်ပိုင်းမျှ အကြာတွင် ရှုကျိုးသည် သူ၏ပါးစပ်ကို ဖြည်းညှင်းစွာ ဖွင့်ဟလာခဲ့သည် “ ကျွန်တော့်နာမည်က ရှုကျိုးပါ “

……………………………………………………………………………………………………………….

အပိုင်း ( 77 )

သားရဲဘုရင်၏ နှလုံး၊ ကြီးမားသော ရိတ်သိမ်းမှု

“ ဘာ !!! “ ကျောက်ဟုန်ရင် အံ့ဩသွား‌တော့သည် “ ရှုကျိုးလား? “

ဒီနာမည်က …….

တော်တော်ကြီးကို ရင်းနှီးနေတဲ့ပုံပဲ

မကြာခင်မှာပင် သူမသည် တစ်စုံတစ်ခုကို မှတ်မိသွားပြီး၊ သူမ၏ လှပသော မျက်လုံးလေးများ ပြူးကျယ်သွားခဲ့သည်။

ကျောက်ဟုန်ရင်သည် သူမ၏ ပါးစပ်လေးကို ဖုံးအုပ်လိုက်သည် “ နင်က အဲ့ဒီ ………. “

သူမ၏အသံသည် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး၊ စကားကို ပြီးဆုံးအောင် မပြောနိုင်ခဲ့ပေ။

အဘယ့်ကြောင့်ဆိုသော် ကျန်းလန်မှ Dအဆင့် ထောက်ပံ့မှုဖြင့်သာ ကမ်းလှမ်းခဲ့သည့် လူက ရှုကျိုးဖြစ်သည်ဆိုသည်ကို သူမ မှတ်မိနေခဲ့သောကြောင့် ဖြစ်သည်။

သူမသည် ကျန်းလန်မှ ထိုလူက Dအဆင့် ထောက်ပံ့မှုဖြင့်သာ ထိုက်တန်သည်ဟု ပြောခဲ့သည်ကိုပင် မှတ်မိနေသေးသည်။

သို့သော် ယခု၌ ……..

ကျောက်ဟုန်ရင်၏ လှပသော မျက်လုံးလေးများသည် ရှုကျိုးကို စိုက်ကြည့်ရင်းဖြင့် ပြူးကျယ်နေလျက်ရှိသည်။

တကယ်လို့ ငါ့ရဲ့ မှတ်ဉာဏ်ကသာ မှန်နေမယ်ဆိုရင် ရှုကျိုးက ပထမနှစ် အထက်တန်းကျောင်းသားလေးတစ်ယောက်လေ၊ ဟုတ်တယ်မလား?

သူ့ရဲ့ အထက်တန်းကျောင်း ပထမနှစ်မှာ ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်း အဆင့်၊ ဓားနည်းစနစ် တတိယအဆင့်နဲ့ ခြေလှမ်းသိုင်း တတိယအဆင့်ကိုတောင် ရောက်နေပြီလေ။

ဒီလို အဖိုးတန် ပါရမီရှင်က Dအဆင့် ထောက်ပံ့မှုလေးနဲ့ပဲ တန်တာလား?

သူမဘေးရှိ အနက်ဝတ် လူငယ်၏ မျက်နှာပေါ်တွင်လည်း အံ့ဩသွားသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည် “ ရှုကျိုးလား? အထက်တန်းကျောင်း သတ်ဖြတ်ခြင်းစာရင်းပေါ်မှာ အဆင့်၃ ချိတ်နေတဲ့လူလား? “

“ အဆင့် ၃လား? “ ရှုကျိုး အနည်းငယ် အံ့ဩသွားခဲ့သည်။

ကျောက်ဟုန်ရင်မှ ရုတ်တရက် သတိဝင်သွားခဲ့ပြီး၊ သူမ၏ လက်ပတ်ကို အမြန်ဖွင့်ကြည့်လိုက်သည်။

ထွက်ပြေးနေခဲ့သည့် ကာလအတွင်း၌ သူမနှင့် ရှုကျိုးတို့သည် သတ်ဖြတ်ခြင်းစာရင်းကို အာရုံမစိုက်နိုင်ခဲ့ကြပေ။

ဗြွီ !!

လက်ပတ်မှ အလင်းတန်းများ ပေါ်ထွက်လာခဲ့ပြီး၊ အလင်းတန်းမျက်နှာပြင်တစ်ခုအဖြစ် ဖွဲ့စည်းလာခဲ့သည်။

အထက်တန်းကျောင်း သတ်ဖြတ်ခြင်း စာရင်းဇယား !!

[ တတိယ : ရှုကျိုး : ပထမအဆင့် အဆင့်၄ သားရဲ ၅ကောင်၊ ပထမအဆင့် အဆင့်၃ သားရဲ ၂၅ကောင်၊ ပထမအဆင့် အဆင့်၂ သားရဲ ၄၆ကောင်နှင့် ပထမအဆင့် အဆင့်၁ သားရဲ ၂၅ကောင်ကို သတ်ဖြတ်ခဲ့သည် ]

“ တကယ်ကြီးကို သူဖြစ်နေတာပဲ “ ကျောက်ဟုန်ရင်သည် အနည်းငယ် အံ့ဩတုန်လှုပ်သွားခဲ့သည်။

ယခင်က သူမသည် ၎င်းက အမည်တူ ဖြစ်နေလိမ့်မည်ဟုသာ ထင်နေခဲ့ခြင်း ဖြစ်သည်၊ သို့သော် ယခု၌ အဆင့်ဇယားသည် ၎င်းကို အတည်ပြုပေးလာခဲ့သည်။

သူက လန်လန်ပြောခဲ့တဲ့ ရှုကျိုးပဲပေါ့ !!

ရှုကျိုးကား တစ်ကိုယ်တည်း တွေးတောစဥ်းစားနေတော့သည် “ ဒီလို မှတ်တမ်းနဲ့တောင် ငါက တတိယအဆင့်ပဲ ချိတ်နေတာလား? “

သူသည် ပထမနေရာကို တစ်ချက်ကြည့်လိုက်သည်။

[ ပထမ : ကျန်းလန် : ပထမအဆင့် အဆင့်၄ သားရဲ ၁၀ကောင်၊ ပထမအဆင့် အဆင့်၃ သားရဲ အကောင် ၄၀၊ ပထမအဆင့် အဆင့်၂ သားရဲ ၉၉ကောင်နှင့် ပထမအဆင့် အဆင့်၁ သားရဲ ၁၅၈ကောင် သတ်ဖြတ်ခဲ့သည် ]

“ ကျန်းလန်လား? ဒီလောက် အများကြီး သတ်ထားတာလား? “ ရှုကျိုး အံ့အားသင့်သွားတော့သည်။

တစ်ဖက်လူသည် ဤတစ်လလုံးတွင် အနားမယူဘဲ ဆက်တိုက် သတ်ဖြတ်နေခဲ့သည့်ပုံပင်။

ထိုအခိုက်အတန့်တွင် ရှုကျိုးသည် ဒုတိယနေရာရှိ အမည်ကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။

[ ဒုတိယ : လီရို့ရှီ : ပထမအဆင့် အဆင့်၄ သားရဲ ၈ကောင်၊ ပထမအဆင့် အဆင့်၃ သားရဲ ၃၅ကောင်၊ ပထမအဆင့် အဆင့်၂ သားရဲ ၈၆ကောင်နှင့် ပထမအဆင့် အဆင့်၁ သားရဲ ၉၈ကောင် သတ်ဖြတ်ခဲ့သည် ]

“ အစ်မလား?” ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည် “ ကောင်းတယ်၊ ဒုတိယအဆင့်ကိုတောင် ရောက်နေတာပဲ၊ ကြည့်ရတာတော့ သူမက အဆင်ပြေနေတဲ့ပုံပဲ “

သူသည် ဤကာလအတွင်းတွင် လီရို့ရှီ၏ လုံခြုံဘေးကင်းရေးနှင့် ပတ်သက်ပြီး စဥ်ဆက်မပြတ် စိုးရိမ်ပူပန်နေခဲ့သည်။

ယခုတွင် သူမ၏ မှတ်တမ်းက ပြောင်းလဲသွားပြီဖြစ်သည်၊ ၎င်းမှာ သူမက အသက်ရှင်နေသေးစဲဆိုသည်ကို ပြသနေခြင်း ဖြစ်သည်။

အဆုံးတွင် ရှုကျိုး စိတ်သက်သာရာ ရသွားတော့လေသည်။

“ မျိုးရိုးနာမည်ရှုနဲ့ ရှုကျိုးလား? “

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် အနက်ဝတ်လူငယ်သည် ရုတ်တရက် စကားပြောလာခဲ့သည် “ မင်းက အရှေ့ပိုင်းပြည်နယ် ရှုမိသားစုကလား? “

အရှေ့ပိုင်းပြည်နယ် ရှုမိသားစုလား?

ရှုကျိုးသည် သူ၏ခေါင်းကို အသာခါယမ်းပြလိုက်သည် “ ကျွန်တော်က အတွင်းမြို့တော်က မဟုတ်ဘူး “

“ အတွင်းမြို့တော်က မဟုတ်ဘူးလား? “ လူငယ်လေး၏ မျက်လုံးများသည် ရုတ်တရက် တောက်ပသွားခဲ့သည်။

ဤအချိန်တွင် သူသည် အလွန်အမင်း အံ့အားသင့်နေလျက်ရှိသည်။

ဤကဲ့သို့သော အံ့အားသင့်မှုမျိုးသည် ရှုကျိုးက အထက်တန်းကျောင်းသားတစ်ဦး ဖြစ်သည်ဆိုသည်ကို သိသွားခဲ့သည့် အချိန်ကထပ်ပင် ပို၍ အားကောင်းနေခဲ့သည်။

ရှုကျိုးသည် အနည်းငယ် မှင်သက်သွားခဲ့သည်၊ သို့သော် ရိုးရိုးသားသား ဆက်ပြောလာခဲ့သည် “ ကျွန်တော်က ပြင်ပခရိုင် ကျောင်းကျိုးကပါ “

“ ပြင်ပခရိုင်ကလား? “ လူငယ်လေး၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး၊ ချီးကျူးလာခဲ့သည် “ အတွင်းမြို့တော်က အရင်းအမြစ်တွေ မရှိတာတောင်မှ ဒီလိုအခြေအနေမျိုးအထိ ရောက်လာနိုင်တယ်၊ မင်းက ပထမနေရာက ကျန်းလန်ထပ်တောင် အများကြီး ပိုတော်နေတာပဲ “

ဘေးဘက်ရှိ ကျောက်ဟုန်ရင်သည် သူမ၏ နီရဲရဲ နှုတ်ခမ်းသားလေးများကို ကိုက်လိုက်သော်လည်း မည်သည့်စကားမှ မပြောလာခဲ့ပေ။

သူမသည် ကျန်းလန်၏ အချစ်ဆုံး သူငယ်ချင်း ဖြစ်နေခဲ့သော်လည်း၊ ဤအချိန်တွင် သူမသည် ထိုစကားလုံးများထဲတွင် မည်သည့်အမှားကိုမှ မရှာနိုင်ခဲ့ပေ။

ရှုကျိုးမှ ရည်ရည်မွန်မွန်ဖြင့် ပြောလာခဲ့သည် “ စီနီယာ၊ ခင်ဗျားက အရမ်း ကြင်နာလွန်းနေတာပဲ “

အနက်ဝတ် လူငယ်သည် အသာအယာပြုံး၍ ပြောလာခဲ့သည် “ ငါ့နာမည်က ချင်ဖုန်း၊ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ရဲ့ အစစ်အမှန်သိုင်းပညာ ဌာနက ဒုတိယနှစ်ကျောင်းသားပဲ။ နောင်အနာဂတ်မှာ ငါတို့က ထပ်တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ် “

ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် သူသည် တစ်ဖက်သို့ လှည့်ကာ သူ၏ဓားကို လွှဲရမ်းလိုက်သည်။

“ ဆွစ်ရှ် !! “

ချင်ဖုန်းသည် ဧရာမသားရဲကြီးနှစ်ကောင်ဆီမှ သားရဲအူတိုင်နှစ်ခုကို ထုတ်ယူလိုက်သည်။

“ ရှုကျိုး၊ ကျန်တာကိုတော့ ငါမင်းအတွက် ထားခဲ့ပေးမယ် “

ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်၌ ချင်ဖုန်းသည် ခုန်တက်ကာ ထွက်သွားရန် ပြင်လိုက်သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် အပျော်လွန်သွားပြီး၊ ချက်ချင်း ပြောလာခဲ့သည် “ စီနီယာ၊ ကျေးဇူးတင်ပါတယ် “

“ ကျေးဇူးတင်ဖို့ မလိုပါဘူး “

ချင်ဖုန်းသည် နောက်လှည့်မကြည့်ဘဲ လက်တစ်ဖက် နောက်ပစ်ထားသည့် ထူးခြား‌သော ဟန်ပန်ဖြင့် ထွက်ခွာသွားတော့သည်။

မြေပြင်ပေါ်ရှိ ရှုကျိုးသည် ထွက်ခွာသွားသည့် ချင်ဖုန်း၏ ပုံရိပ်ကို ကြည့်ကာ အနည်းငယ် အားကျနေလျက်ရှိသည် “ တကယ်လို့ ငါ့ဆီမှာသာ အဲ့လိုစွမ်းအားမျိုး ရှိနေမယ်ဆိုရင် ….. “

အလယ်အလတ် တတိယအဆင့် ရန်သူကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်ဖြင်း !!!

တတိယအဆင့် ဧရာမ သားရဲကြီးကို နှစ်ကောင်ကို မည်သည့်ထိခိုက်ဒဏ်ရာမှ မရရှိဘဲ အဆင့်ကျော်၍ တိုက်ခိုက်ခြင်း !!

အရေးအကြီးဆုံး အရာကား တစ်ဖက်လူသည် အဆိုပါ သားရဲကြီးနှစ်ကောင်ထံမှ သားရဲအူတိုင်နှစ်ခု ရရှိသွားခဲ့သည်။

၎င်းတို့သည် တတိယအဆင့် သားရဲအူတိုင်များ ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သန်းအနည်းငယ်မျှ တန်နေမည်ဖြစ်ပြီး၊ သန်းဆယ်နှင့်ချီ၍ပင် ဖြစ်ကောင်း ဖြစ်နေနိုင်၏။

အကယ်၍ ရှုကျိုးထံတွင် ချင်ဖုန်း၏ စွမ်းအားများ ရှိနေပြီး၊ တတိယအဆင့် ဗီဇပြောင်းသားရဲများကို တစ်ကိုယ်တည်း သတ်ဖြတ်နိုင်မည်ဆိုပါက ၎င်းတို့အားလုံးသည် သူ၏ပိုင်ဆိုင်မှုများ ဖြစ်လာလိမ့်မည် ဖြစ်သည်။

ရှုကျိုးသည် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေရတော့သည်၊ အလောင်းများကို သူ့အတွက် ချန်ပေးထားခဲ့ခြင်းကပင် မျက်နှာသာ ကြီးကြီးမားမား ပေးထားခဲ့ပြီးသားဆိုသည်ကို သူသိနေခဲ့သည်၊ တတိယအဆင့် ဗီဇပြောင်းသားရဲများ၏ အလောင်းများသည် အလွန်တန်ဖိုးကြီးလွန်းလှသည်။

…

တစ်ခြားတစ်ဖက်၌

ချင်ဖုန်းသည် လေပေါ်တွင် လမ်းလျှောက်နေခဲ့ပြီး၊ တောင်တစ်လုံး၏ ထိပ်ပေါ်သို့ ခုန်တက်လိုက်ပြီးသည့်နောက်တွင် ရုတ်တရက် တုန်ရင်ကာ လဲကျသွားခဲ့သည်။

“ ဘမ်းး !! “

သူသည် မြေပြင်ပေါ်သို့ ပုံလဲကျသွားကာ၊ မျက်နှာဖြူဖျော့သွားခဲ့သည်။

ချင်ဖုန်းသည် သူ၏ရင်ဘတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး အမောတကော အသက်ရှူနေခဲ့ရကာ ယခင်က ရှိခဲ့သည့် တည်ငြိမ်မှုများ လုံးဝကင်းစင်သွားခဲ့သည်။

“ ငါတစ်နှစ်လုံး စုဆောင်းခဲ့ရတဲ့ ဓားချီတွေအားလုံး ကုန်ပြီးသွားပြီ၊ ငါ့ရဲ့စွမ်းအားလည်း သိသိသာသာ လျော့ကျသွားတယ် “ ချင်ဖုန်းသည် သွေးအန်နေကာ နောင်တတကြီးဖြင့် တွေးတောစဥ်းစားနေတော့သည် “ တကယ်လို့ ငါသာ သိခဲ့မယ်ဆိုရင် အဲ့လိုမျိုး ရှိုးမထုတ်ခဲ့ပါဘူးကွာ “

“ အခုတော့ သားရဲဘုရင်ရဲ့ နှလုံးအတွက် တိုက်ခိုက်ဖို့ မဖြစ်နိုင်တော့ဘူး “

ချင်ဖုန်းသည် တိတ်တဆိတ် သက်ပြင်းချနေတော့သည်၊ သို့သော် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည် “ ဒါပင်မဲ့ ဒီတစ်ခါတော့ တတိယအဆင့် သားရဲအူတိုင်နှစ်ခု ရခဲ့ပါသေးတယ်၊ သိပ်တော့မဆိုးပါဘူး “

သူသည် အမှန်တကယ် ကံကောင်းနေခဲ့ခြင်း ဖြစ်သည်။

အစောပိုင်း အချိန်များအတွင်းက အဆိုပါ သားရဲကြီးနှစ်ကောင်နှင့် တိုက်ခိုက်ခဲ့သည့် အချိန်တွင် သူသည် ၎င်းတို့က အပြင်းအထန် ဒဏ်ရာရထားခဲ့ပြီဆိုသည်ကို သတိပြုမိထားခဲ့ပြီး ဖြစ်သည်။

အကယ်၍ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ထူးခြားသော တိုက်ခိုက်ရေးစွမ်းအား ရှိနေမည်ဆိုလျှင်တောင်မှ ဒုတိယအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်သည့် သူသည် တတိယအဆင့် သားရဲနှစ်ကောင်ကို အလွယ်တကူ သတ်နိုင်လိမ့်မည် မဟုတ်ပေ။

“ ငါက သားရဲဘုရင်ရဲ့ နှလုံးအတွက် ဝင်ပြိုင်လို့မရဘူး “ ချင်ဖုန်းမှ တွေးတောစဥ်းစားနေတော့သည် “ ပို့ဆောင်ရေးလမ်းကြောင်းကိုပဲ စိတ်ရှည်ရှည်နဲ့ စောင့်တာပေါ့ကွာ၊ ရက်နည်းနည်းပဲ လိုတော့တယ် “

သူသည် ယိုင်နဲ့နဲ့ ဖြစ်နေသော ခြေလှမ်းများဖြင့် တောနက်ထဲသို့ လမ်းလျှောက်သွားတော့သည်။

…

ရှုကျိုးသည် ချင်ဖုန်းစိတ်ထဲတွင် ရှိနေသည့် အရာများကို မသိပေ။

ထိုအချိန်တွင် ရှုကျိုးသည် ကိုယ်တစ်ခြမ်းပြတ်နေသည့် လနတ်ဘုရား ဂိုဏ်း၏ အကြီးအကဲထံသို့ လမ်းလျှောက်သွားနေလျက်ရှိသည်၊ သို့သော် သူ၏ ခန္ဓာကိုယ်သည် အတော်လေး မထိမခိုက်ရှိနေသေးစဲ ဖြစ်သည်။

ရှုကျိုးသည် သူ၏ခန္ဓာကိုယ်အား တစ်ခဏခန့် ရှာဖွေနေတော့သည်။

ထို့နောက်တွင် သူသည် အနည်းငယ် ဆွံ့အသွားတော့သည် “ တော်တော်ကြီးကို ဆင်းရဲလွန်းနေတာ မဟုတ်ဘူးလား? ဘာမှ မရှိဘူးလား? “

သူ၏ ယခင်ဘဝက ဝတ္ထုများထဲတွင် လူသေအလောင်းများကို ရှာဖွေခြင်းဖြင့် ထူးခြားသော ကျင့်ကြံရေးနည်းစနစ်များ ရှာဖွေတွေ့ရှိသွားလေ့ရှိသည်။

အဲ့ဒီဇာတ်လမ်းတွေက ပေါက်ကရတွေချည်းပဲ !!!

ရှုကျိုးသည် နတ်ဆိုးကျင့်ကြံရေး နည်းစနစ်တစ်ချို့ ရှာတွေ့လိမ့်မည်ဟု မမျှော်မှန်းထားခဲ့ပေ၊ သူသည် ရွှေငွေများကိုသာ မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။

“ ကောင်းပြီလေ၊ တကယ်လို့ သူကသာ ချမ်းသာကြွယ်ဝနေမယ်ဆိုရင်၊ ဘာလို့ အမှောင်ဂိုဏ်းထဲကို ဝင်သွားမှာလဲ? “ ရှုကျိုးသည် သူ၏ခေါင်းကို အသာအယာ ခါယမ်းနေတော့သည်။

သူသည် သားရဲကြီးနှစ်ကောင်၏အလောင်းများကို တောက်ပနေသော မျက်လုံးများဖြင့် လှမ်းကြည့်နေတော့သည်။

မည်သို့ပင်ဆိုစေကာမူ ဤရိပ်သိမ်းမှုက အကျိုးရှိသည်ဟု ယူဆနိုင်လေသည်။

“ သားရဲအူတိုင်တွေအပြင် အရေပြားတွေ၊ အရိုးတွေ …… ကလည်း တော်တော်ကြီးကို တန်ဖိုးရှိတယ် “ ရှုကျိုးမှ တွေးတော ဆင်ခြင်နေခဲ့သည်။

ပထမအဆင့် ဗီဇပြောင်းသားရဲတို့၏ အလောင်းများသည် များစွာအဖိုးမတန်လှပေ။

သို့သော် တတိယအဆင့် ဗီဇပြောင်းသားရဲတို့၏ အလောင်းများကမူ ရွှေကဲ့သို့ပင် တန်ဖိုးကြီးမားလှသည်။

ငွေအတွက် မရောင်းချဘူးဆိုလျှင်တောင်မှ ၎င်းတို့သည် သူ၏ ကိုယ်ပွားကို ဒုတိယအဆင့် ရောက်သည်အထိ ကျွေးမွေးရန် လုံလောက်နိုင်ပေသည်။

“ ဒါတွေနဲ့ဆိုရင် ငါက ထမအဆင့် သိုင်းပညာရှင်အဖြစ် အဆင့်တက်တဲ့အချိန်မှာ ငါ့ရဲ့ ကျင့်ကြံရေး အမြန်နှုန်းက တော်တော်ကြီးကို မြန်သွားမှာ။ ငါက ပထမအဆင့်ကို သိပ်မကြာခင်မှာပဲ ရောက်သွားနိုင်တယ် “

ရှုကျိုးသည် ဝမ်းသာအားရ တွေးတောနေတော့သည်၊ ဤတစ်ကြိမ်တွင် သူသည် အချိန်အတော်ကြာ လိုက်ဖမ်းခံနေခဲ့ရသော်လည်း ကြီးကြီးမားမား ရိတ်သိမ်းနိုင်ခဲ့လေသည်။

“ ဟမ် !! “

ရုတ်တရက်ဆိုသလိုပင် ပြင်းထန်သော နာကျင်မှုဝေဒနာတစ်ခုသည် ရှုကျိုး၏ နောက်ဘက်မှ ဖြစ်ပေါ်လာခဲ့သည်။

“ ဒဏ်ရာတွေ လှုပ်ရှားလာပြီပဲ “ ရှုကျိုး၏ မျက်နှာတင်းကြပ်သွားခဲ့သည်။

ယခင်က သူသည် အဆက်မပြတ် လိုက်ဖမ်းခံနေခဲ့ရပြီး၊ သူ၏ ရှားတိုက်ပွဲဝင် ချပ်ဝတ်တန်ဆာပင် ကွဲအက်သွားကာ အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။

အပြင်ပိုင်း ဒဏ်ရာများသည် အသေးအမွှားလေးမျှသာ ဖြစ်သည်၊ သို့သော် အရေးအကြီးဆုံး အရာမှာ ပြင်းထန်သည့် ကိုယ်တွင်း အဂ်ါဒဏ်ရာများဖြစ်ပြီး၊ ၎င်းတို့သည် တိုက်ခိုက်ရေး စွမ်းအားကိုပင် လျော့ကျသွားစေနိုင်လေသည်။

သူတင်မဟုတ်ဘဲ ဘေးနားတွင် ရှိနေသည့် ကျောက်ဟုန်ရင်မှာလည်း ထို့အတူပင် ဖြစ်သည်။

သူမ၏ အနီရောင် ချပ်ဝတ်တန်ဆာသည် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။

အထူးသဖြင့် နောက်ကျောဘက်တွင် ဖြစ်ပြီး၊ ချပ်ဝတ်တန်ဆာသည် ပေါက်နေခဲ့ပြီ ဖြစ်ကာ၊ သူမ၏နှင်းဖြူရောင်ကျောပြင်လေးပင် ပေါ်နေခဲ့ပြီဖြစ်သည်၊ သူမ၏ကျောဘက်တွင် အရိုးထိနက်သော ဒဏ်ရာတစ်ခုလည်း ရှိနေခဲ့သည်။

ကျောက်ဟုန်ရင်သည် မည်သည့်စကားမှ မပြောလာခဲ့ပေ၊ သို့သော် သူမ၏လှပသော မျက်နှာလေးပေါ်တွင် နာကျင်မှု အရိပ်အယောင်များ ရှိနေခဲ့သည်။

“ မင်းဆီမှာ ဆေးရှိလား? “ ဟုရှုကျိုးမှ မေးမြန်းလိုက်သည်။

“ ရှိတယ် “ ကျောက်ဟုန်ရင်မှ ခေါင်းငြိမ့်ပြလာခဲ့သည်။

ရှုကျိုးသည် မည်သည့်စကားမှ ထပ်မပြောတော့ပေ၊ နှစ်ဦးစလုံးသည် တိတ်ဆိတ်သည့် နေရာတစ်ခုတွင် ထိုင်ချကာ ဒဏ်ရာများကို ကုသနေတော့သည်။

“ ဝှစ် “

ထိုအချိန်တွင် လေတိုးသံများ ထွက်ပေါ်လာခဲ့သည်။

သိုင်းပညာရှင် အများအပြားသည် အရှေ့ဘက်သို့ အပြေးအလွှားသွားနေကြသည်။

ရှုကျိုး၏ မျက်လုံးများ ဖွင့်ဟလာခဲ့ပြီး၊ အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည် “ သိုင်းပညာရှင်တွေ အများကြီးက ဘာလို့ အရှေ့ဘက်ကို သွားနေကြတာလဲ? “

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူသည် အလွန်ကျယ်ဝန်းလှပြီး၊ သိုင်းပညာရှင်များနှင့် တွေ့ဆုံနိုင်သည့် အခွင့်အရေးမှာ အလွန်ရှားပါးလွန်းလှသည်။

အစကနဦးတွင် ရှုကျိုးသည် ၎င်းက အခါခွင့်သင့်နေသည်ဟုသာ ထင်နေခဲ့ခြင်းဖြစ်သည်။

သို့သော် ယခု၌ ထိုလူများထံတွင် ဘုံရည်ရွယ်ချက် တစ်ခုခု ရှိနေသည့်ပုံပင်။

ဘေးနားရှိ ကျောက်ဟုန်ရင်မှာလည်း မျက်မှောင်ကြုတ်သွားခဲ့သည်။

ရုတ်တရက် ဆိုသလိုပင် သူမသည် တစ်စုံတစ်ခုကို မှတ်မိသွားပြီး၊ တအံ့တဩဖြင့်ပြောလာခဲ့သည် “ ငါမှတ်မိနေပြီ !! သူတို့က သားရဲဘုရင်ရဲ့ နှလုံးအတွက် ပြိုင်နေကြတာဖြစ်နိုင်တယ် “

“ သားရဲဘုရင်ရဲ့ နှလုံးလား? “ ရှုကျိုးသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။

“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှာ စတုတ္ထအဆင့် အထက်က ဗီဇပြောင်းသားရဲတွေကို သားရဲဘုရင်တွေလို့ ခေါ်တယ် “ ကျောက်ဟုန်ရင်မှ ရှင်းပြလာခဲ့သည် “ လွန်ခဲ့တဲ့ တစ်လတုန်းက ကုန်းမြင့်ပိုင်းဒေသမှာ သားရဲဘုရင်တစ်ကောင် သေသွားတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်လာခဲ့တယ် “

“ ကုန်းမြင့်ပိုင်းဒေသလား? သားရဲဘုရင်တစ်ကောင် သေသွားတာလား? “

ရှုကျိုး အံ့ဩသွားပြီး၊ အလိုအလျောက်မေးမြန်းလာခဲ့သည် “ သံလိုက်စွမ်းအင်မုန်တိုင်း ဖြစ်လာတာက အဲ့ကိစ္စနဲ့ ဆိုင်နေတာများလား? “

“ ဟုတ်တယ် “ ကျောက်ဟုန်ရင်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ သံလိုက်စွမ်းအင် မုန်တိုင်းက သားရဲဘုရင်တစ်ကောင် သေသွားလို့ ဖြစ်လာခဲ့တာပါ “

ရှုကျိုးသည် ရုတ်တရက် နားလည်သွားခဲ့သည်။

ငါ့ရဲ့ သံလိုက်အိမ်မြှောင် အလုပ်မလုပ်တော့ဘဲ လမ်းပျောက်သွားရတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။

အဲ့တာတွေရဲ့ နောက်ကွယ်မှာ အကြောင်းပြချက်တစ်ခု ရှိနေခဲ့တာကိုး။

ရှုကျိုးသည် သူ၏ဦးခေါင်းကို အသာအယာ ခါယမ်းနေတော့သည်၊ သူသည် ထိုကိစ္စအကြောင်းကို ဆက်တွေးမနေတော့ပေ။

သိုင်းပညာ တက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများနှင့် ပြင်ပသိုင်းပညာရှင်များက ၎င်းအတွက် ပြိုင်ဆိုင်နေကြခြင်း ဖြစ်သောကြောင့် သူဝင်ပြိုင်ရန် စိတ်မဝင်စားတော့ပေ။

ထို့အပြင် သူ၏ ယခုလက်ရှိ ဒဏ်ရာများက အတော်လေး ပြင်းထန်နေသောကြောင့် ပြန်လည် ကုသခြင်းကိုသာလျှင် ဦးစားပေး လုပ်ဆောင်ရမည် ဖြစ်သည်။

………………………………………………………………………………………………………….

အပိုင်း ( 78 )

အဆုံးမဲ့ သတ်ဖြတ်ခြင်း !!

ကုန်းမြင့်ဒေသ

များစွာသောသိုင်းပညာရှင်များသည် ဤနေရာဆီသို့ ဘက်ပေါင်းစုံမှ ရောက်ရှိလာသည်နှင့်အမျှ လေတိုးသံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။

တောင်တစ်တောင်၏ လှိုဏ်ဂူအတွင်း၌

အဖြူရောင် ချပ်ဝတ်ဆန်ဆာကို ဝတ်ဆင်ထားသည့် ကျန်းလန်သည် မြေပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်ကာ လေ့ကျင့်နေခဲ့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ သူမ၏မျက်လုံးလေးများ ဖြည်းညှင်းစွာ ပွင့်ဟလာခဲ့ပြီး၊ မလှမ်းမကမ်းတွင် ရှိနေသော အနက်ရောင် ချပ်ဝတ်တန်ဆာနှင့် ကောင်မလေးကို ကြည့်ကာ သူမ၏ လှပသော မျက်လုံးလေးများထဲတွင် ကျေးဇူးတင်နေသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ကျောက်ဟုန်ရင်နှင့် ကွဲကွာလာခဲ့ပြီးသည့်နောက်တွင် ကျန်းလန်သည် လီရို့ရှီဟု အမည်ရသည့် ကောင်မလေးတစ်ဦးနှင့် ဆုံတွေ့ခဲ့သည်။

ထိုအချိန်က လီရို့ရှီမှာလည်း တစ်ကိုယ်တည်း ဖြစ်နေခဲ့သည်။

တိုက်ဆိုင်စွာဖြင့်ပင် သူမတို့သည် ယာယီပူးပေါင်းလိုက်ပြီး၊ တစ်လှည့်စီ ကင်းစောင့်ပေးခဲ့ကြသည်။

အစပိုင်းတွင် ကျန်းလန်သည် သူမက ဝန်ထုပ်ဝန်ပိုး ဖြစ်နေလိမ့်မည်ဟု ထင်နေခဲ့သည်၊ သို့သော် အားပြန်ပြည့်သွားသည့် အချိန်တွင် လီရို့ရှီမှ သူမ၏ အံ့အားသင့်ဖွယ်ကောင်းသော စွမ်းအားကို ပြသလာခဲ့သောကြောင့် သူမ အံ့ဩသွားခဲ့ရသည်။

ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်း အဆင့်သို့ပင် မရောက်သေးသော်လည်း လီရို့ရှီသည် ပထမအဆင့် အဆင့်၄ သားရဲတစ်ကောင်ကို သူမတစ်ဦးတည်း၏ ခွန်အားဖြင့် သတ်ဖြတ်နိုင်ခဲ့သည်။

ယခုလက်ရှိ အချိန်၌ လီရို့ရှီသည် သူမ၏ ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်း၏ အရေးကြီးသည့် အဆင့်တွင် ရှိနေခဲ့ပြီး၊ ကျန်းလန်သည် အစောင့်အဖြစ် သူမအား ကာကွယ်ပေးနေလျက်ရှိသည်။

“ ဗွီ !!! ”

ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ရောက်ရန် ကြိုးစားနေသည်နှင့်အမျှ လီရို့ရှီ၏ ခန္ဓာကိုယ်ထဲမှ ချီ-သွေး စွမ်းအင်လှိုင်းများ ထွက်ပေါ်လာနေခဲ့သည်။

“ ထပ် ထပ် ထပ် “

ထိုအချိန်တွင် ဂူပေါက်ဝ၌ ခြေသံများ ထွက်ပေါ်လာခဲ့သည်။

ကျန်းလန် မျက်မှောင်ကြုတ်သွားကာ သူမ၏လှံကို ကိုင်၍ အပြင်ထွက်သွားတော့သည်။

“ အစ်ကိုလျူ၊ ငါသူတို့ကို ခြေရာခံပြီးပြီ၊ သူတို့က ဒီအနီးအနားမှာ ရှိတယ် “ လှိုဏ်ဂူအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ ပုံရိပ်နှစ်ခုသည် လှိုဏ်ဂူအဝင်ဝတွင် ပေါ်လာခဲ့သည်။

ထိုလူများသည် လျူဟီနှင့် ဟွမ်ယွင်ရွှယ်မှတစ်ပါး တစ်ခြားလူများ မဟုတ်ပေ။

“ လျူဟီလား? “ ကျန်းလန်သည် သူ့ကို မှတ်မိနေသည့်အတွက် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ ကျန်းလန်လား? “ လျူဟီမှာလည်း အနည်းငယ် အံ့ဩသွားခဲ့သည်။

သူသည် သူ၏လည်ပင်းကို ဆန့်ပြီး လှိုဏ်ဂူထဲကို ကြည့်လိုက်သည်၊ တင်ပျဥ်ခွေထိုင်နေသည့် လီရို့ရှီကို မြင်လိုက်ရသောအခါတွင် သူ၏မျက်လုံးများ တောက်ပသွားခဲ့သည်။

သူ့ဘေးနားရှိ ဟွမ်ယွင်ရွှယ်၏ အမူအရာသည် အနည်းငယ် မှောင်မည်းသွားခဲ့သည်။

“ အစ်ကိုလျူ “ ဟွမ်ယွင်ရွှယ်မှ လေသံတိုးတိုးဖြင့် ပြောလိုက်သည် “ ရှုကျိုးက ဒီမှာ မရှိဘူး “

သို့သော် လျူဟီသည် ထိုကိစ္စနှင့်ပတ်သက်၍ စိတ်မပူချေ၊ သူသည် လီရို့ရှီကိုသာလျှင် လိုချင်နေခြင်း ဖြစ်သည်။

ရှုကျိုးကား၊ အသေးအမွှား ကိစ္စလေးသာလျှင် ဖြစ်သည်။

ပြဿနာကား ဤနေရာတွင် ကျန်းလန်ရှိနေခြင်းဖြစ်ပြီး၊ ၎င်းသည် သူလှုပ်ရှားရန်အတွက် အခက်တွေ့သွားစေလေသည်။

“ ကျန်းလန် “ လျူဟီသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “ နင်က ကျောက်ဟုန်ရင်နဲ့ အဖွဲ့ဖွဲ့ထားတာ မဟုတ်ဘူးလား? “

ကျန်းလန်မှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလာခဲ့သည် “ အဲ့တာက နင့်ကိစ္စ မဟုတ်ဘူး။ နင့်ကို ဒီနေရာက မကြိုဆိုဘူး၊ အဲ့တော့ မြန်မြန်လစ်တော့ “

လျူဟီသည် အသာအယာပြုံးလာခဲ့ပြီး၊ သူ၏လေသံသည် နူးညံ့ပျော့ပျောင်းသွားခဲ့သည် “ ကျန်းလန်၊ နင့်နောက်မှာ ရှိနေတဲ့လူက ငါ့သူငယ်ချင်းပါ။ သူမက သူမလေ့ကျင့်မှုရဲ့ အရေးအကြီးဆုံး အခြေအနေမှာ ရှိနေတယ်။ ငါ့ကို သူမရဲ့ ကာကွယ်သူအဖြစ် နေခွင့်ပြုပါ “

“ ထွက်သွား “ ကျန်းလန်မှ ထပ်မံ၍ ပြောလာခဲ့သည်။

လျူဟီ မျက်မှောင်ကြုတ်သွားကာ သူ၏အသံမှာလည်း မာန်ပါလာတော့သည် “ ကျန်းလန် ……. “

“ လျူမိသားစုရဲ့ တန်ဖိုးမရှိတဲ့ မျိုးဆက်ခွဲ အဖွဲ့ဝင်တစ်ကောင်က “ ကျန်းလန်မှ အေးစက်စွာ ကြားဖြတ်ပြောလာခဲ့သည် “ နင်က ငါ့ရှေ့မှာ အော်ရဲနေတာလား? နင့်ကိုယ်နင် အထင်ကြီးနေတာလား? “

ချက်ချင်းဆိုသလိုပင် လျူဟီ၏ မျက်နှာ မည်းမှောင်သွားတော့သည်။

သူ့ခန္ဓာကိုယ်ထဲရှိ ချီ-သွေးစွမ်းအင်များသည် ပြင်းထန်စွာ မြင့်တက်လာနေသည့် လက္ခဏာများ ပေါ်ပေါက်လာခဲ့သည်။

“ ဘာလဲ? “ ကျန်းလန်မှ သရော်လာတော့သည် “ မကျေနပ်ဘူးလား? ငါ့ကို စိန်ခေါ်ချင်နေတာလား? “

ဘမ်းး !!

သူမသည် သူမ၏လှံကို မြှောက်လိုက်ရာ လှံ၏အဖျားပိုင်း လှုပ်ရမ်းသွားခဲ့ပြီး၊ လျူဟီ၏ နဖူးကို တိုက်ရိုက် ချိန်ရွယ်လိုက်သည်။

“ ငါ့ကို အနိုင်ယူလိုက် “ ကျန်းလန်မှ အေးစက်စွာ ပြောလာခဲ့သည် “ ဒါဆိုရင် ငါထွက်သွားပေးမယ် “

“ နင် ……… “

လျူဟီသည် သူ၏လက်သီးများကို အသာအယာဆုပ်နေပြီး၊ တစ်ကိုယ်လုံး အနည်းငယ် တုန်ရင်သွားခဲ့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ သူ၏မျက်နှာပေါ်သို့ အတင်းလုပ်ယူထားရသော အပြုံးတစ်ခု ရောက်ရှိလာခဲ့သည် “ မမလေးကျန်း၊ အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ် “

သူသည် ထိုကဲ့သို့ ပြောလာခဲ့ကာ လှည့်ထွက်သွားတော့သည်။

နောက်လှည့်သွားသောအခါတွင် သူ့မျက်နှာပေါ်ရှိ အပြုံးနေရာတွင် အေးစက်ပြီး ခြိမ်းခြောက်နေသည့် အမူအရာတစ်ခု အစားထိုးဝင်ရောက်လာခဲ့သည်။

သူ့ဘေးနားရှိ ဟွမ်ယွင်ရွှယ်မှာမူ စကားမပြောရဲဘဲ ခေါင်းငုံ့ထားကာ ရှောင်ထွက်သွားခဲ့သည်။

ကျန်းလန်သည် လျူဟီကို အေးစက်စွာ စိုက်ကြည့်၍ နှာခေါင်းရှုံ့နေတော့သည် “ လျူမိသားစု? နာမည်ဆိုးနဲ့ အရှက်မရှိတဲ့ လူယုတ်မာကောင်တွေ “

ဂူအတွင်းထဲရှိ လီရို့ရှီ၏ မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်ဟလာခဲ့ပြီး၊ သူမမှ ငြင်သာစွာ စကားပြောလာခဲ့သည် “ ဘာဖြစ်တာလဲ? “

သူမသည် သူမ၏လေ့ကျင့်မှု အတွင်းတွင်သာ နစ်မြုပ်နေခဲ့သောကြောင့် အပြင်ဘက်ရှိ အခြေအနေများကို သတိမပြုမိခဲ့ပေ။

“ အသေးအမွှားလေးတွေပါ “ သူမအနားသို့ ရောက်ရှိလာသောအခါတွင် ကျန်းလန်၏မျက်နှာပေါ်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည် “ နင်အောင်မြင်သွားပြီလား? “

“ နီးနေပြီ “ လီရို့ရှီမှ ပြန်ဖြေလာခဲ့သည်။

“ ဆက်လုပ်လေ “ ကျန်းလန်မှ ပြုံးပြလာခဲ့သည် “ နင်က ဒုတိအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်သွားတာနဲ့၊ ငါတို့က သားရဲဘုရင်ရဲ့ နှလုံးအတွက် သွားပြိုင်လို့ရပြီ “

လီရို့ရှီမှ အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည်၊ သူမ၏ မျက်လုံးလေးများထဲတွင် မျှော်လင့်နေသည့် အရိပ်အမြွက်များ ဖြစ်တည်လာခဲ့သည်။

သူမသည် သားရဲဘုရင်၏ နှလုံးကြောင့် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲရှိ သိုင်းပညာရှင် အများစုက ဤနေရာသို့ ရောက်ရှိလာသည်ဆိုသည်ကို ကြားထားခဲ့ရသည်။

ထို့အတိုင်းသာဖြစ်နေမည်ဆိုပါက သူမသည် ရှုကျိုးနှင့် ပြန်တွေ့ရနိုင်လေသည်။

ကျန်းလန်သည် အနီးတစ်နေရာတွင် ထိုင်ချလိုက်ပြီး၊ လက်ပတ်ကို ဖွင့်၍ အဆင့်ဇယားကို ကြည့်လိုက်သည်။

“ ပထမနေရာ “ သူမ၏ အမည်ကို မြင်လိုက်ရသောအချိန်၌ ကျန်းလန်၏ မျက်နှာလှလှလေးပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

လွန်ခဲ့သော တစ်လက သူမသည် ထိပ်ဆုံးနေရာကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ ဤခရီးစဥ်ပြီးဆုံးသည့် အချိန်အထိ ၎င်းကို ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်နေလျက်ရှိသည်။

ရှုကျိုးအတွက်ကား …….

အစကတော့ သူက အဖော်ကောင်းကြောင့် ရလဒ်ကောင်းတွေ ရခဲ့တာပဲ။ ကောက်ရိုးမီးလေးပါ လွန်ခဲ့တဲ့တစ်လတည်းက ငါဖိနှိပ်ထားတာကို ခံခဲ့ရတယ်။

ထိုအချိန်မှစကာ ကျန်းလန်သည် ရှုကျိုးက သူမကို မကျော်နိုင်တော့ဘူးဟုသာ ယုံကြည်နေခဲ့သည်။

ထို့အတိုင်းပင် တစ်လကျော်လာသည်အထိ မည်သည့်အပြောင်းအလဲမှ မဖြစ်ပေါ်လာခဲ့ပေ။

ယခုတွင် ကျန်းလန်သည် ရှုကျိုး၏ အဆင့်နှင့် ပတ်သက်၍ များစွာ အာရုံစိုက်မနေတော့ပေ။

…

ရှုကျိုးကမူ ကျန်းလန်နှင့် လီရို့ရှီတို့က အဖွဲ့ဖွဲ့ထားကြောင်းကို မသိပေ။

အကယ်၍ သူသာ သိသွားမည်ဆိုပါက ကံကြမ္မာ၏ လှည့်စားမှုကြောင့် အံ့အားသင့်သွားလိမ့်မည် ဖြစ်သည်။

အဖွဲ့နှစ်ဖွဲ့၏ ပျောက်ဆုံးသွားသော အဖွဲ့ဝင်များသည် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့သွားခဲ့ကြသည်။

ထိုအချိန်၌ ရှုကျိုးနှင့် ကျောက်ဟုန်ရင်တို့သည် ဆိတ်ငြိမ်သော နေရာတစ်နေရာတွင် ထိုင်နေကြပြီး၊ သူတို့၏ ဒဏ်ရာများကို ကုသနေကြသည်။

တစ်ချိန်တည်းမှာပင် ရွှေတောင်ပံ T-Rexကြီးမှာလည်း တိတ်တဆိတ် အားပြန်မွေးနေခဲ့သည်။

၎င်း၏ ကုသရေးနည်းလမ်းကား အလွန်ရိုးရှင်းလှပေသည်၊ စားသောက်ခြင်း !!

“ ဂျွတ် ဂျွတ် ဂျွတ် “

ရွှေတောင်ပံ T-Rexကြီးသည် ၎င်း၏ ကြီးမားသော မေးရိုးကြီးများကို ဖွင့်ဟ၍ မိကျောင်းသားရဲခေါင်းဆောင်ကြီး၏ အလောင်းကို ကိုက်ဖဲ့နေတော့သည်။

စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုးသည် မာကြောသော သံမဏိတုံးတစ်ခုကို ကိုက်လိုက်ရသကဲ့သို့ ခံစားသွားခဲ့ရသည်။

“ တော်တော်ကြီးကို မာတာပဲ “ ရှုကျိုးသည် တိတ်တဆိတ် အံ့အားသင့်သွားခဲ့သည်။

တတိယအဆင့် သားရဲတစ်ကောင်ရဲ့ အသားက တော်တော်ကြီးကို မာတာပဲ၊ သေပြီးတဲ့နောက်မှာတောင် ကိုက်ဖြတ်ဖို့ ခက်နေတုန်းပဲ။

ထို့နောက် နေ့တစ်ဝက်မျှ အချိန်ယူခဲ့ပြီးသည့်နောက်တွင် ရွှေတောင်ပံ T-Rexကြီးသည် မိကျောင်းကြီး၏ အသားအပိုင်းအစတစ်ခုကို ကိုက်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။

“ ဘွန်းးးး !! “

မိကျောင်းအသားက ၎င်း၏ ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားသောအခါတွင် ကြီးမားသော စွမ်းအင်များ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။

၎င်းသည် ဆူနာမီတစ်ခုကဲ့သို့ပင် ရွှေတောင်ပံ T-Rexကြီး၏ တစ်ကိုယ်လုံးဆီသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရွှေတောင်ပံ T-Rexကြီး၏ ကိုယ်ပေါ်ရှိ ဒဏ်ရာများသည် ထင်သာမြင်သာရှိသော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

၎င်းသာလျှင် မဟုတ်ဘဲ ရှုကျိုး၏ ဒဏ်ရာများကပါ အနာကျက်မြန်ဆန်သွားခဲ့သည်။

“ ဟမ်? “ ရှုကျိုး အနည်းငယ် အံ့ဩတုန်လှုပ်သွားရသည် “ ကိုယ်ပွားရဲ့ စားသောက်မှုက မူလကိုယ်ရဲ့ ကုသမှုကို ကူညီပေးနိုင်တာလား? “

ထို့နောက်တွင် ကျေနပ်ပီတိဖြစ်သွားသည့် အပြုံးတစ်ခုသည် သူ၏မျက်နှာပေါ်တွင် ဖြစ်တည်လာခဲ့သည်။

သူသည် ဒဏ်ရာအများအပြား ရထားသောကြောင့် ကုသရန်အတွက် အချိန်အတော်ကြာယူရမည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုတွင်ကား ၎င်းတို့သည် တစ်ရက်အတွင်းလုံးဝ ပျောက်ကွယ်သွားတော့မည့်ပုံပင်။

“ ကောင်းတယ် “ ရှုကျိုးသည် သဘောကျ အံ့ဩသွားခဲ့သည် “ မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှုပဲ “

ယခု၌ ပို့ဆောင်ရေး လမ်းကြောင်းရောက်မလာခင်အထိ ရက်ပေါင်းများစွာ ကျန်နေသေးသည်။

သတ်ဖြတ်ခြင်း အဆင့်ဇယားမှာလည်း မကြာခင်မှာပင် ပြီးဆုံးသွားတော့မည် ဖြစ်သည်။

ရှုကျိုးသည် တတိယနေရာတွင်သာ ရှိနေသေးစဲဖြစ်သည်၊ သို့သော် သူသည် ထိုနေရာတွင်သာ ရပ်တန့်မနေချင်ခဲ့ပေ၊ သူသည် ပထမနေရာကို သိမ်းပိုက်ရန် ဆုံးဖြတ်ထားခဲ့ပြီးပြီ ဖြစ်သည်။

ထိုကဲ့သို့ ဖြစ်လာရန်အတွက် အမြောက်အများ သတ်ဖြတ်ရန် လိုအပ်မည် ဖြစ်သည်။

အစတွင် ရှုကျိုးသည် သူ၏ဒဏ်ရာများ ပျောက်ကင်းသွားသည်အထိ ရက်အနည်းငယ်မျှ စောင့်ဆိုင်းရန် စီစဥ်ထားခဲ့သည်။

သို့သော် ယခုတွင်ကား သူသည် ထိုမျှကြာကြာ စောင့်နေစရာ မလိုတော့သည့်ပုံပင်။

“ မနက်ဖြန်ဆိုရင် ထွက်သွားလို့ရပြီ “

ရှုကျိုးသည် မျက်လုံးများကို မှိတ်ကာ အချိန်ကုန်ဆုံးသွားမည်ကို တိတ်တဆိတ် စောင့်ဆိုင်းနေတော့သည်။

တစ်နာရီ၊ သုံးနာရီ၊ ခြောက်နာရီ ……….

အချိန်များ ကုန်ဆုံးသွားကာ တစ်နေ့တာ ပြီးဆုံးသွားခဲ့သည်။

…

မိုးလင်းစပြုလာသည့် အချိန်တွင် ရှုကျိုးသည် သူ၏ထန်ဓားကိုကိုင်ကာ အပြင်သို့ ဦးတည်သွားတော့သည်။

သူ့ဘေးနားရှိ ကျောက်ဟုန်ရင် နိုးလာခဲ့ပြီး၊ ငြင်သာစွာ မေးမြန်းလာခဲ့သည် “ နင်ဘယ်သွားမလို့လဲ? “

“ သွေးတောင်ပံ ကျားပျံမျိုးနွယ်စုရဲ့ ပိုင်နက်ထဲကိုလေ “ ရှုကျိုးမှ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

သူသည် ၎င်းကို ယမန်နေ့တည်းက ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။

ကျားပျံမျိုးနွယ်စု၏ ခေါင်းဆောင်ကြီးမှာ သေဆုံးသွားပြီဖြစ်သည်၊ သို့သော် ထိုနေရာ၌ ပထမအဆင့် သွေးတောင်ပံ ကျားပျံသားရဲများ အမြောက်အများ ကျန်ရှိနေသေးသည်။

၎င်းတို့သည် ရှုကျိုး၏ ပစ်မှတ်များဖြစ်သည်။

သူ၏စကားကို ကြားလိုက်ရသောအခါတွင် ကျောက်ဟုန်ရင်သည် လျင်မြန်စွာ မတ်တပ်ထရပ်လာခဲ့သည်၊ သို့သော် သူမ၏မျက်နှာလေးပေါ်တွင် နာကျင်မှု အရိပ်အငွေ့တစ်ခု ဖြစ်တည်လာခဲ့သည်။

“ မင်းရဲ့ ဒဏ်ရာတွေက မကောင်းသေးဘူးလေ၊ အဲ့တာကြောင့် မလိုက်ခဲ့နဲ့ “ ရှုကျိုးသည် သူမကို ကြည့်ကာ ပြောလိုက်သည်။

ကျောက်ဟုန်ရင် တွေဝေတုံ့ဆိုင်းသွားခဲ့သည်၊ သို့သော် အဆုံးတွင် သူမ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကောင်းပြီလေ၊ ဂရုစိုက်နော် “

“ အင်းး “ ရှုကျိုးသည် အေးအေးဆေးဆေးဖြင့် ပြောလိုက်သည် “ တစ်ရက်အတွင်း ငါပြန်လာခဲ့မယ် “

ထို့နောက်တွင် သူသည် အပြင်သို့ ပြေးထွက်သွားတော့သည်။

“ ဝှစ် !! “

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ ရွှေတောင်ပံ T-Rexကြီးသည် လူငယ်လေးတစ်ဦးကို သယ်ဆောင်ကာ တောင်ပံများကို ဖြန့်၍ ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။

မြေပြင်ပေါ်ရှိ ကျောက်ဟုန်ရင်သည် ပျောက်ကွယ်သွားသည့် ပုံရိပ်ကို ကြည့်နေရင်းဖြင့် သူမ၏ မျက်နှာပေါ်တွင် စိတ်ခံစားချက်များ ရှုပ်ထွေးနေသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ လန်လန် “ သူမသည် တစ်ကိုယ်တည်း ရွေရွတ်ပြောဆိုနေတော့သည် “ တကယ်လို့ နင်သာ သူ့ရဲ့အခုလက်ရှိ စွမ်းအားကို သိသွားမယ်ဆိုရင်၊ အရင်က နင့်ရဲ့ ဆုံးဖြတ်ချက်အတွက် နင်နောင်တရသွားမှာလား? “

…

သွေးတောင်ပံ ကျားပျံမျိုးနွယ်စု၏ ပိုင်နက်အတွင်း၌

သွေးတောင်ပံ ကျားပျံသားရဲတစ်အုပ်သည် ၎င်းတို့၏ သက်ဆိုင်ရာ မြေများပေါ်တွင် ပျင်းရိစွာဖြင့် အသီးသီးလှဲလျောင်းကာ နေပူစာလှုံနေလျက်ရှိသည်။

“ ဝှစ် !! “

ထိုအချိန်တွင် လေတိုးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

သွေးတောင်ပံ ကျားပျံများသည် ၎င်းကို ဂရုမစိုက်ကြပေ၊ အပြင်လူများက ၎င်းတို့၏ ပိုင်နက်ကို ကျူးကျော်လာသည်မှာ ရှားပါးလွန်းလှပြီး၊ ၎င်းတို့ကသာ အမြဲလိုလို ကျူးကျော်လေ့ရှိတတ်သည်။

နောက်ဆုံးတစ်ခေါက်တုန်းက ငတုံးလူမသားသမီး နှစ်ကောင်တော့ မပါဘူးပေါ့။

အခုချိန်လောက်ဆိုရင် သူတို့က ခေါင်းဆောင်ကြီးရဲ့ ဗိုက်ထဲကို ရောက်နေလောက်ပြီလေ၊ ဟုတ်တယ်မလား?

သွေးတောင်ပံ ကျားပျံများသည် စဥ်းစားခန်းဖွင့်နေလျက်ရှိသည်။

“ ဝုန်းးး !! “

ရုတ်တရက်ဆိုသလိုပင် တောက်ပသော ဓားအလင်းတန်းတစ်ခုသည် မြေပြင်ပေါ်သို့ ခုတ်ပိုင်းလာခဲ့ပြီး၊ အမြှောက်ဆံကဲ့သို့ အစွမ်းထက် ချီ-သွေးစွမ်းအင်များ ထုတ်လွှတ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် များစွာသော ပထမအဆင့် အဆင့်၂ ကျားပျံများသည် ၎င်းတို့၏ ငရဲပြည်ဝင်ခွင့် ဗီဇာများ ရရှိသွားကြသည်။

“ ဝေါင်းးး !! “

ယခု၌ ပျင်းရိနေကြသော သွေးတောင်ပံ ကျားပျံများ နိုးနိုးကြားကြား ဖြစ်သွားကြပြီး၊ ကျူးကျော်သူ ရှိနေသည်ကို နားလည်သွားကြသည်။

၎င်းတို့အားလုံးသည် ကောင်းကင်ပေါ်သို့ မော့ကြည့်လာကြသည်။

ရွှေနက်ရောင် T-Rexကြီးသည် ကောင်းကင်ပေါ်တွင် ပျံသန်းနေလျက်ရှိပြီး၊ ၎င်းကျောပေါ်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

အဆိုပါ ပုံရိပ်သည် သူ၏နောက်ကျောတွင် ရှိနေသည့် ဓားကို ဆွဲထုတ်ကာ သွေးတောင်ပံ ကျားပျံမျိုးနွယ်စု၏ ပိုင်နက်ထဲသို့ ခုန်ဆင်းလာခဲ့သည်။

“ ဝေါင်းးး !! “

မြေပြင်ပေါ်မှ ကျယ်လောင် များပြားသော ဟိန်းဟောက်သံများ ပေါ်ထွက်လာခဲ့သည်။

သွေးတောင်ပံ ကျားပျံများသည် သူ့ကို မှတ်မိနေကြသည်၊ နောက်ဆုံးတစ်ခေါက်တုန်းက ငါတို့ပိုင်နက်ထဲကို ကျူးကျော်လာခဲ့တဲ့ လူမသားပဲ။

သူ မသေသေးဘူးပေါ့ !!

ရန်သူများ တွေ့ဆုံနေသောကြောင့် နှစ်ဖက်စလုံး ဒေါသတကြီး ဖြစ်သွားကြသည်၊ ချက်ချင်းဆိုသလိုပင် ကျားပျံ အများစုသည် ဟိန်းဟောက်လာကြပြီး၊ ရှုကျိုးထံသို့ ပြေးတက်လာကြသည်။

“ သတ် !!! “

ရှုကျိးသည် မြေပြင်ပေါ်သို့ ရောက်ရှိလာခဲ့ပြီး၊ သူ၏ဓားရှည်ကို လွှဲရမ်းလိုက်ရာ နဂါးငွေ့တန်းကဲ့သို့ တောက်ပသော ဓားအလင်းတန်းသည် ရှေ့သို့ ပြေးတက်သွားကာ ပထမအဆင့် အဆင့်၄ သားရဲတစ်ကောင်၏ လည်ပင်းကို ချက်ချင်း ပိုင်းဖြတ်သွားခဲ့သည်။

ဝှစ်၊ ဝှစ် !!

ဓားရှည်သည် ကျားပျံများကို တစ်ကောင်ပြီးတစ်ကောင် ထိုးဖောက်နေတော့သည်။

“ ဝေါင်းးး !! “

ရုတ်တရက်ဆိုသလိုပင် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ပြင်းထန်သော အရှိန်အဝါတစ်ခု ပျံ့နှံ့လာခဲ့သည်။

ထို့နောက်တွင် ကြီးမားသော ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ရောက်ရှိလာခဲ့ပြီး၊ ၎င်း၏ ဟိန်းဟောက်သံသည် တောအုပ်အနှံ့ ပဲ့တင်ထပ်သွားခဲ့ကာ မြေပြင်တစ်ခုလုံးကိုပင် တုန်ခါသွားစေခဲ့သည်။

ပထမအဆင့် အဆင့်၅ သွေးတောင်ပံ ကျားပျံ !!

ရှုကျိုးကား အေးဆေးတည်ငြိမ်နေစဲပင် ဖြစ်သည်။

ငါက တတိယအဆင့် သားရဲနှစ်ကောင်ကိုတောင် ကိုယ်တွယ်ခဲ့တာကွ၊ ပထမအဆင့် အဆင့်၅ တစ်ကောင်လောက်ကတော့ ပြုတ်ပါသောက်ပစ်မယ်။

“ ဝှစ် !! “

သူသည် ရှေ့တက်သွားပြီး၊ သူ၏ဓားဖြင့် ပထမအဆင့် အဆင့်၅ ကျားပျံကြီးကို တိုက်ခိုက်နေတော့သည်။

သေခြင်းရှင်ခြင်း အကြပ်အတည်းများကို ကြုံတွေ့ခဲ့ရပြီးသည့်နောက်၌ သူ၏ခွန်အား မတိုးတက်လာခဲ့သော်လည်း၊ သူ၏ စိတ်ဓာတ်သည် သိသိသာသာ ခိုင်မာအားကောင်းလာခဲ့သည်။

ဤအချိန်တွင် ရှုကျိုး၏ စိတ်စွမ်းအားသည် အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ဓားချက်တစ်ချက်သည် တားဆီး၍မရသော အရှိန်အဟုန်ကို သယ်ဆောင်ကာ နေ့လယ်ခင်း နေမင်းကြီးကဲ့သို့ လင်းလက်တောက်ပနေခဲ့သည်။

“ ဆွစ်ရှ် !! “

ဓားရှည် ဖြတ်သန်းသွားခဲ့ပြီး၊ ပထမအဆင့် အဆင့်၅ ကျားပျံကြီး၏ ဦးခေါင်းသည် လေပေါ်သို့ ပျံတက်သွားခဲ့သည်။

“ သတ် !! “ ရှုကျိုးမှ ကြုံးဝါးလာခဲ့ပြီး၊ တိုက်ပွဲကွင်းပြင်ထဲရှိ သူ၏ပုံရိပ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ ပေါ်လိုက် ပျောက်လိုက် ဖြစ်ပေါ်နေခဲ့သည်။

ပိုပိုများသော သွေးတောင်ပံ ကျားပျံများ ရှေ့တက်လာကြသည်၊ ၎င်းတို့ထဲတွင် ပထမအဆင့် အဆင့်၄ကျားပျံ အများအပြား ပါဝင်နေခဲ့ပြီး၊ ပထမအဆင့် အဆင့်၅ ကျားပျံတစ်ချို့ပင် ပါဝင်နေခဲ့သည်။

ရှုကျိုးသည် စစ်ပွဲနတ်ဘုရားကဲ့သို့ အဆုံးမဲ့ သတ်ဖြတ်မှုများကို ဆက်လက်၍ ပြုလုပ်နေတော့သည်။

၁၀၊ ၂၀၊ ၅၀၊ ၈၀ …………………

………………………………………………………………………………………………………………………….

All Chapters