အခန်း (၇၉-၈၁)
Vol. 6 Ch. 79-81
အပိုင်း ( 79 )
ကျောင်းကျိုး နံပတ် ၁ !!! ဘက်ပေါင်းစုံမှ အံ့ဩတုန်လှုပ်သွားခြင်း
အပြင်ဘက်ကမ္ဘာ
သံမဏိခံတပ်အတွင်းရှိ ကြီးမားသော အစည်းအဝေးအခန်းထဲတွင်
နည်းပြ ဆရာ၊ ဆရာများသည် သူတို့၏မျက်လုံးများကို မှိတ်၍ သူတို့၏ထိုင်ခုံများပေါ်မှာပင် ကျင့်ကြံနေလျက်ရှိသည်။
ဤရက်များအတွင်းတွင် လျူချင်းယွမ်အပါအဝင် မည်သူကမှ အထက်တန်းကျောင်း သတ်ဖြတ်ခြင်းအဆင့်ဇယားကို အာရုံမစိုက်ခဲ့ကြပေ။
ပြီးဆုံးချိန်နှင့် နီးကပ်လာသည်နှင့်အမျှ အားလုံးသည် မည်သူက ပထမရမလဲဆိုသည်နှင့် ဒုတိယရမလဲဆိုသည်တို့ကို တွေးထားခဲ့ပြီးပြီ ဖြစ်သည်။
“ ဒီတစ်ခါတော့ ပထမနေရာက ကျန်းမိသားစုက အဲ့ဒီကောင်မလေးပဲ ရသွားလိမ့်မယ်၊ အဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ငြင်းခုန်နေဖို့ မလိုပါဘူး “
နည်းပြဆရာတစ်ဦးမှ ပြောလာခဲ့သည် “ ဒုတိယ နေရာကတော့ ……… တကယ်ကို မထင်မှတ်ထားစရာပဲ။ အတွင်းမြို့တော်က ကျောင်းသူကျောင်းသား မဟုတ်ဘူး၊ လီရို့ရှီလို့ခေါ်တဲ့ အဲ့ဒီကောင်မလေးပဲ “
လီရို့ရှီအကြောင်းပြောလာသည့် အချိန်တွင် လူအများစု၏ မျက်လုံးများ တောက်ပလာခဲ့သည်။
နည်းပြ ဆရာ၊ ဆရာမ အများစုသည် အထူးခေါ်ယူမှုကို ပြုလုပ်ရန်ပင် စဥ်းစားနေကြပြီ ဖြစ်သည်။
ထိုအချိန်တွင် လျူချင်းယွမ်မှ ရုတ်တရက် စကားပြောလာခဲ့သည် “ အခု ရှုကျိုးရဲ့ အဆင့်ကရော နံပတ်ဘယ်လောက်လဲ? “
“ ရှုကျိုးလား? “ နည်းပြဆရာသည် ရယ်မောနေတော့၏ “ သူ့ရဲ့ စွမ်းဆောင်မှုက လွန်ခဲ့တဲ့ တစ်လတုန်းက အတိုင်းပဲ ဘာမှ မပြောင်းလဲဘူး၊ တစ်နေရာရာမှာ ပုန်းနေပြီးတော့ အပြင်မထွက်လာရဲတာ ဖြစ်နေလောက်တယ် “
“ ဒါက နားလည်ပေးလို့ရပါတယ်၊ သူက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ အတွင်းပိုင်း နယ်မြေထဲမှာ ရှိနေတာလေ “
တစ်ခြားသော နည်းပြဆရာတစ်ဦးကလည်း ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ အရိုးသားပြောရရင်တော့ ရှုကျိုးလို အထက်တန်းကျောင်းသားတစ်ဦးက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ အတွင်းပိုင်းနယ်မြေထဲကို တစ်ယောက်တည်း ဝင်သွားပြီး၊ ဒီအချိန်အထိ အသက်ရှင်နေတာကပဲ တော်တော်လေးကို အံ့ဩဖို့ကောင်းနေပြီ ”
အားလုံးသည် အသာအယာ ခေါင်းငြိမ့်လာကြသည်။
“ ပညာရှင်လျူ “
ထိုအချိန်တွင် လျူချင်းယွမ်ဘေးနားတွင် ထိုင်နေသည့် လင်းယောင်မှ ရုတ်တရက် စကားပြောလာခဲ့သည် “ ကျွန်မကြားတာကတော့ ဒီတစ်ကြိမ်မှာ ရှင့်ရဲ့ကျောင်းသားကလည်း နတ်ဆိုးတစ်ထောင်လှိုဏ်ဂူထဲမှာ ရှိတယ်ဆို၊ ဒီတစ်ခါတော့ သူက အဆင့်ဇယားကို ဦးဆောင်လောက်တယ်လေ၊ ဟုတ်တယ်မလား? “
“ ချင်ဖုန်းကို ပြောတာလား? “
လျူချင်းယွမ်သည် သူ၏ဦးခေါင်းကို အသာအယာ ခါရမ်းပြလာခဲ့သည် “ သူ့ကို ထည့်တွက်ဖို့ မလိုပါဘူး၊ အဲ့ဒီကလေးက အဆင့်ဇယားအတွက် ဒီကို လာခဲ့တာ မဟုတ်ဘူး “
ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်တွင် သူသည် အရှေ့ရှိ ဖန်သားပြင်ကြီးကို လှည့်ကြည့်ကာ သတ်ဖြတ်ခြင်းအဆင့်ဇယားကို ဖွင့်ကြည့်လိုက်သည်။
၎င်းမှာ အထွေထွေ အဆင့်ဇယားဖြစ်ပြီး အထက်တန်းကျောင်း အဆင့်ဇယား မဟုတ်ပေ။
[ ပထမ : ချင်ဖုန်း : တတိယအဆင့် အဆင့်၁၀ သားရဲ ၁ကောင်၊ တတိယအဆင့် အဆင့်၈ သားရဲ ၁ကောင်၊ ဒုတိယအဆင့် သားရဲ ၂၁ကောင် သတ်ဖြတ်ခဲ့သည် ]
ရလဒ်ထွက်ပေါ်လာသည့် အခါတွင် လူတိုင်း အံ့အားသင့်သွားကြသည်။
“ ချင်ဖုန်းက တတိယအဆင့် အဆင့် ၁၀ ဗီဇပြောင်းသားရဲကို တကယ်ကြီး သတ်ခဲ့တာလား? ပြီးတော့ တတိယအဆင့် အဆင့် ၈ အကောင်ကိုရောလား? “
“ သူက ဒုတိယအဆင့်ပဲ ရှိသေးတာ မဟုတ်ဘူးလား? “
နည်းပြ ဆရာ၊ ဆရာမအားလုံး အံ့ဩတုန်လှုပ်သွားကြသည်။
လှပသော အမျိုးသမီးဖြစ်သည့် လင်းယောင်သည် လျူချင်းယွမ်ကို တအံ့တဩဖြင့် ကြည့်လာခဲ့သည် “ ပညာရှင်လျူ၊ ရှင့်ဌာနရဲ့ တိုက်ခိုက်ရေး စွမ်းအားက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား? “
လျူချင်းယွမ်သည် ၎င်းကို မငြင်းပယ်လိုက်ပေ၊ သို့သော် သူ၏မျက်လုံးများထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဘာတွေဖြစ်နေတာလဲ?
အဲ့ကလေးက စွမ်းပါတယ်၊ ဒါပင်မဲ့ ဒီလောက်ကြီးတော့ မဟုတ်ဘူးလေ။
“ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ရဲ့ အစစ်အမှန် သိုင်းပညာဌာနက ဒီလောက်တောင် လျှို့ဝှက်ဆန်းကြယ်နေတာက အံ့ဩစရာတော့ မဟုတ်ဘူးပဲ၊ တကယ်ကို အထင်ကြီးဖို့ ကောင်းတာပဲ “
“ လျူကြီး၊ မင်းတို့ရဲ့ အစစ်အမှန် သိုင်းပညာဌာနက ဘယ်လိုတောင် လေ့ကျင့်နေတာလဲ၊ နည်းနည်းလောက် ပြောပြလို့ရမလား? “
ထို့နောက်တွင် နည်းပြ ဆရာ၊ ဆရာမအားလုံးသည် လျူချင်းယွမ်ကို ဆာလောင်နေသော မျက်လုံးများဖြင့် ကြည့်လာကြသည်။
ဒုတိယအဆင့်မှ လူတစ်ဦးသည် စတုတ္ထအဆင့်ကို ရောက်လုနီးပါး ဖြစ်နေသည့် သားရဲကောင်ကို အဆင့်ကျော်၍ သတ်ဖြတ်ခဲ့သည်။
အားလုံး၏ အကြည့်များကို ရင်ဆိုင်နေရသည့် အချိန်တွင် လျူချင်းယွမ်သည် ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည် “ ဒါက သိုင်းပညာ တက္ကသိုလ်ရဲ့ လျှို့ဝှက်ချက်ပါ၊ စုံစမ်းဖို့ မကြိုးစားနဲ့ “
တစ်ခြားလူများသည် ကူရာကယ်ရာမဲ့သွားတော့သည်၊ အစစ်အမှန် သိုင်းပညာဌာနက တကယ်ကြီးကို လျှို့ဝှက်ဆန်းကြယ်တာပဲ။
လျူချင်းယွမ်သည် မည်သည့်စကားကိုမှ ထပ်မပြောတော့ဘဲ၊ ရီမုကို နှိပ်ကာ အထက်တန်းကျောင်း သတ်ဖြတ်ခြင်း အဆင့်ဇယားကို ကြည့်နေတော့သည်။
“ အထက်တန်းကျောင်း အဆင့်ဇယားကို အရင်ကြည့်လိုက်ကြတာပေါ့ “
လျူချင်းယွမ်မှ ပြောလာခဲ့သည် “ ရက်နည်းနည်းပဲ ကျန်တော့တယ်၊ အဆင့်တွေက အတည်တကျ ဖြစ်သွားလောက်ပြီ “
လူတိုင်း ခေါင်းငြိမ့်နေခဲ့ပြီး၊ ဖန်သားပြင်ကို ကြည့်လိုက်ကြသည်။
သူတို့သည် အထက်တန်းကျောင်း သတ်ဖြတ်ခြင်းစာရင်းကို မစစ်ဆေးရသည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် ဖန်သားပြင်ကို ကြည့်လိုက်သည့် အချိန်တွင် လူတိုင်း၏ မျက်လုံးများ ထပ်မံ၍ ပြူးကျယ်သွားခဲ့ရသည်။
“ ရှုကျိုးက ပထမလား??? “
[ ပထမ : ရှုကျိုး : ပထမအဆင့် အဆင့်၅ သားရဲ ၂၅ကောင်၊ ပထမအဆင့် အဆင့်၄ သားရဲ ၅၅ကောင်၊ ပထမအဆင့် အဆင့်၃ သားရဲ ၁၂၅ကောင်၊ ပထမအဆင့် အဆင့်၂ သားရဲ ၅၆ကောင်နှင့် ပထမအဆင့် အဆင့်၁ သားရဲ ၃၅ကောင် သတ်ဖြတ်ခဲ့သည် ]
အစည်းအဝေး အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
လျူချင်းယွမ်အပါအဝင် ဤနေရာတွင် ရှိနေသည့် နည်းပြဆရာ၊ ဆရာမအားလုံးသည် ဆယ်စက္ကန့်အချိန်ယူခဲ့ပြီးမှသာ စိတ်အခြေအနေ ပြန်လည်တည်ငြိမ်သွားခဲ့သည်။
“ ရှုကျိုးက ပထမအဆင့် အဆင့်၅ သားရဲ ၂၅ကောင်ကို သတ်ခဲ့တာလား? “
“ နည်းနေတာလား? “
“ ခေါင်း ၂၅ခေါင်းလား? ပထမအဆင့် အဆင့်၅ သားရဲလား? “
လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။
လင်းယောင်မှာလည်း သူမ၏ ပါးစပ်ကို တအံ့တဩဖြင့် ဖုံးအုပ်လိုက်ပြီး၊ ဖန်သားပြင်ပေါ်ရှိ စကားလုံးများကို ဖတ်ရှုနေခဲ့သော်လည်း အပြည့်အဝ နားမလည်နိုင်ခဲ့ပေ။
တစ်ချိန်တည်းမှာပင် လျူချင်းယွမ်မှာလည်း သူ၏ထိုင်ခုံထံမှ ရုတ်တရက် ခုန်ထလာခဲ့ပြီး၊ သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်ဖြစ်နေသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
၎င်းမှာ ချင်ဖုန်း ယူလာပေးခဲ့သည့် အရာထပ်ပင် ပို၍ အံ့အားသင့်ဖွယ် ကောင်းနေခဲ့သည်။
“ ပထမအဆင့် အဆင့်၅ ဗီဇပြောင်းသားရဲတွေက အလယ်အလတ် ပထမအဆင့် သိုင်းပညာရှင်တွေနဲ့တောင် ယှဥ်နိုင်တယ်လေ “
လျူချင်းယွမ်သည် တစ်ကိုယ်တည်း စဥ်းစားခန်းဖွင့်နေတော့သည် “ ရှုကျိုးက ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်သွားတာများလား? ဒါပင်မဲ့ သူက ပထမနှစ် အထက်တန်းကျောင်းသားလေးတစ်ယောက်ပဲလေ “
ထိုအချိန်တွင် လျူချင်းယွမ်၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားခဲ့သည်၊ ဤကိစ္စသည် သူ့အား လုံးဝ အံ့အားသင့်သွားစေခဲ့သည်။
နည်းပြဆရာတစ်ဦးမှ ရုတ်တရက် စကားပြောလာခဲ့သည် “ ရှုကျိုးက အတွင်းပိုင်းနယ်မြေထဲမှာ ပထမအဆင့် သားရဲ ဒီလောက်အများကြီးကို တကယ်ကြီး သတ်ခဲ့တယ်ပေါ့၊ ကြည့်ရတာတော့ သူက ဒုတိယအဆင့်သားရဲနဲ့ မတွေ့ခဲ့ဘူးထင်တယ် “
“ ဒီကောင်လေးက တော်တော်ကြီးကို ကံကောင်းတာပဲ “
တစ်ခြားလူများကလည်း သဘောတူညီစွာဖြင့် ခေါင်းငြိမ့်ပြလာခဲ့သည်။
ပထမအဆင့် သားရဲ အမြောက်အများကို သတ်ဖြတ်ခြင်းသည် အဆင့်မြင့်သားရဲများ၏ အာရုံများကို ဆွဲဆောင်သွားသင့်ပေသည်။
သို့သော် ရှုကျိုးကား ယခုအချိန်အထိ အသက်ရှင်နေသေးသည်။
ထိုကဲ့သို့သော ကံတရားမျိုးသည် လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူနယ်မြေ၏ အတွင်းပိုင်းနယ်မြေထဲတွင် တစ်လကျော်အထိ ဒုတိယအဆင့် မည်သည့်သားရဲကိုမှ မတွေ့ဘဲ နေခဲ့ရခြင်း !!
လျူချင်းယွမ်တစ်ဦးတည်းကသာလျှင် အနည်းငယ် မျက်မှောင်ကြုတ်နေလျက်ရှိသည်၊ ရှုကျိုးက အဆင့်မြင့် သားရဲတွေနဲ့ တကယ်ကြီး မတွေ့ခဲ့တာများလား?
သူသည် ကိစ္စများက ထိုမျှလောက် ရိုးရှင်းမနေဘူးဟု ခံစားနေခဲ့ရသည်။
…
တော်ဝင် သိုင်းပညာ တက္ကသိုလ်
ဝင်ခွင့်ရုံး
ရုံးခန်းအတွင်းတွင် လေးထောင့်ပုံစံ မျက်နှာရှိသည့် နည်းပြဆရာတစ်ဦးသည် ရုတ်တရက် သက်ပြင်းရှည်ချနေခဲ့ပြီး၊ အံ့ဩတုန်လှုပ်သွားသည့် အကြည့်ကို ဖော်ထုတ်ပြသလာခဲ့သည်။
သူ့ဘေးနားရှိ နည်းပြဆရာမတစ်ဦးသည် သူ့အား စိတ်ရှုပ်ထွေးနေသော အကြည့်ဖြင့် ကြည့်လာခဲ့သည် “ အဘိုးကြီးရှု၊ ဘာဖြစ်လို့လဲ? “
ရှုကော်သည် လေးနက်သော အသံဖြင့် ပြောပြလာခဲ့သည် “ အခုလေးတင်ပဲ ငါက စစ်တပ်ဘက်ကနေ သတင်းတစ်ခု ရခဲ့တယ်။ အဲ့တာက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ သတ်ဖြတ်ခြင်း အဆင့်ဇယား အကြောင်းပဲ “
“ ကျောင်းကျိုးမှာရှိတဲ့ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူလား? “ နည်းပြဆရာမ မှင်သက်သွားခဲ့သည်၊ ထို့နောက်တွင် သူမမှ ခေါင်းခါပြလာခဲ့သည် “ ကျောင်းကျိုးနယ်မြေထဲမှာ ထူးချွန်တဲ့ ကျောင်းသူကျောင်းသား မပေါ်လာဖူးဘူးဆိုတာကို ကျွန်မ မှတ်မိပါတယ် “
“ မင်းကြည့်လိုက်ရင် သိလာပါလိမ့်မယ် “ ရှုကော်သည် သူ၏ဖုန်းကို သူမဆီသို့ ကမ်းပေးလိုက်သည်။
နည်းပြဆရာမသည် ၎င်းကို ကြည့်လိုက်ရာ အံ့ဩတုန်လှုပ်သွားတော့သည်။
“ ရှုကျိုးလား? “
“ ပထမအဆင့် အဆင့်၅ သားရဲ ၂၅ကောင် သတ်ခဲ့တာလား? ပြီးတော့ ပထမအဆင့် အဆင့်၄ သားရဲ ၅၅ကောင်ကိုရောလား? “
နည်းပြဆရာမသည် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် မေးမြန်းလာခဲ့သည် “ ဒီမှတ်တမ်းက ….. သိပ်မဆိုးပါဘူး၊ Aအဆင့် စွမ်းရည် ရှိပြီးတော့၊ ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်း လုပ်နိုင်သရွေ့၊ အားလုံးက ဒီလိုရလဒ် ရအောင် လုပ်နိုင်တယ်လေ၊ မဟုတ်ဘူးလား? “
“ ဒါပေါ့ နောက်ဖြစ်နိုင်ခြေတစ်ခုလည်း ရှိနေသေးတယ် “
နည်းပြဆရာမသည် ဖြည်းညှင်းစွာ ထပ်ဖြည့်ပြောလာခဲ့သည် “ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ဝင်သွားတဲ့အချိန်မှာ သူက ပထမအဆင့်ကို ရောက်နေခဲ့ရင်ပေါ့။ ပထမအဆင့် သိုင်းပညာရှင်က ပထမအဆင့် အဆင့်၅ သားရဲကို သတ်နိုင်တာက အံ့ဩစရာတော့ မဟုတ်ပါဘူး “
သူမသည် အလွန်တည်ငြိမ်နေခဲ့သည်။
ထိုရလဒ်မှာ အံ့ဩဖွယ်ကောင်းနေခဲ့သော်လည်း တော်ဝင် သိုင်းပညာ တက္ကသိုလ်အတွက် လုံလောက်အောင် ထူးချွန်မနေသေးပေ။
တော်ဝင် သိုင်းပညာ တက္ကသိုလ်သည် ရန်ပြည်ထောင်တွင် အထင်ရှားဆုံးသော တက္ကသိုလ်တစ်ခုဖြစ်ပြီး၊ ကမ္ဘာအနှံ့ ကျော်ကြားလှပေသည်။
ပါရမီရှင်ဆိုသည်မှာ ဤနေရာတွင် ဝင်ခွင့်လက်မှတ်တစ်ခုမျှသာလျှင် ဖြစ်သည်။
“ အဲ့တာက အဓိက အကြောင်းအရာ မဟုတ်ဘူး “
ရှုကော်သည် တလေးတနက်ဖြင့် ပြောလာခဲ့သည် “ အဓိကအရာက အခုလေးတင်ပဲ ငါက အဲ့ကောင်လေးရဲ့ အချက်အလက်တွေကို စစ်ဆေးကြည့်ခဲ့တယ်၊ သူက ပထမနှစ် အထက်တန်းကျောင်းသားလေးတစ်ယောက်ပဲ ရှိသေးတယ် “
“ အထက်တန်း ပထမနှစ်လား? “
နည်းပြဆရာမ မှင်သက်သွားခဲ့ပြီး၊ သူမ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်ဖြစ်နေသည့် အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ပထမနှစ် အထက်တန်းကျောင်းသားတစ်ယောက်က ပထမအဆင့် အဆင့်၅ သားရဲ ၂၅ကောင် သတ်ခဲ့တာလား?
အကယ်၍ ရှုကျိုးက ပထမအဆင့် သိုင်းပညာရှင် ဖြစ်နေမည်ဆိုလျှင်တောင်မှ အထက်တန်းကျောင်း ပထမနှစ်တွင် ထိုကဲ့သို့သော ရလဒ်ထွက်ပေါ်အောင် လုပ်ပြနိုင်သည့် ပါရမီရှင်သည် ရန်ပြည်ထောင်တစ်ခုလုံးမှာပင် အလွန်ရှားပါးနေသေးသည်။
“ စကား မပြောတော့ဘူး “ ရှုကော်သည် မတ်တပ်ထရပ်၍ ပြောလာခဲ့သည် “ အခုပဲ ငါ ကျောင်းကျိုးကို သွားတော့မယ်၊ ရှုကျိုးလို့ခေါ်တဲ့ ဒီကျောင်းသားကို ငါတို့ရဲ့ တော်ဝင် သိုင်းပညာ တက္ကသိုလ်ဆီ ရအောင် ခေါ်ရမယ် “
“ ဟုတ်တယ်၊ မြန်မြန်သွား “ နည်းပြဆရာမမှ ခေါင်းငြိမ့်ပြလာခဲ့သည်။
ပထမနှစ် အထက်တန်းကျောင်းသားတစ်ယောက်မှ ဤကဲ့သို့သော ရလဒ်မျိုး ရရှိအောင် လုပ်နိုင်ခဲ့ခြင်းသည် တော်ဝင် သိုင်းပညာ တက္ကသိုလ်၏ အာရုံစူးစိုက်မှုနှင့် အမှန်တကယ် ထိုက်တန်လှပေသည်။
…
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ
သွေးတောင်ပံကျားပျံ မျိုးနွယ်စု၏ ပိုင်နက်
“ ဖွီးးးးးး “
သွေးစွန်းသော ဓားအလင်းတန်းတစ်ခု လင်းလက်သွားပြီး၊ ကျားသွေးများ ပန်းထွက်လာခဲ့သည်။
ရှုကျိုးသည် နောက်ဆုံးသော သွေးတောင် ကျားပျံတစ်ကောင်ကို သတ်လိုက်ပြီး သူ၏ထန်ဓားကို နောက်ကျောပေါ်ရှိ ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။
“ နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ “ သူသည် ကျားပျံအလောင်းများဖြင့် ပြည့်နှက်နေသည့် မြေပြင်ကိုကြည့်ကာ ဖြည်းညှင်းစွာ အသက်ရှူနေတော့သည်။
ဤနေ့တွင် သူသည် ဤနေရာရှိ သွေးတောင်ပံ ကျားပျံအားလုံးကို သတ်ဖြတ်ခဲ့သည်။
၎င်းတို့ကြားထဲတွင် ကြောက်မက်ဖွယ်ကောင်းသည့် ပထမအဆင့် အဆင့်၅ သားရဲများပင် ရှိနေခဲ့သည်။
ကျားပျံငယ်လေးများအတွက်ကား ရှုကျိုးသည် မည်သည့်သနားညှာတာမှုမှ မပြခဲ့ပေ၊ ၎င်းတို့သည် သားရဲမျိုးနွယ်ဝင်များ ဖြစ်နေပြီး၊ လူသားတို့အတွက် အလွန်ရက်စက်ကြမ်းကြုတ်လွန်းလှသည်။
၎င်းတို့၏ မျိုးနွယ်စု အသိုက်များထဲတွင် လူသားတို့၏ ဦးခေါင်းများဖြင့် ပြုလုပ်ထားခဲ့သော ကြိုးများနှင့် လူသားတို့၏ အရေပြားတို့ဖြင့် ပြုလုပ်ထားသည့် အဝတ်အစားများကိုပင် ရှာဖွေတွေ့ရှိခဲ့ပြီး၊ ၎င်းတို့အား ကျားပျံမျိုးနွယ်စု၏ အောင်ပွဲရ ပစ္စည်းများအဖြစ် ကြွားဝါအသုံးပြုခဲ့ကြသည့်ပုံပင်။
၎င်းသည် အဆိုပါ ဗီဇပြောင်းသားရဲများက သဘာဝ သားရဲရိုင်းများနှင့် လုံးဝကွဲပြားနေပြီး၊ အလွန်ရက်စက်ကြမ်းတမ်းသော ဉာဏ်ရည်ရှိသည့် သက်ရှိသတ္တဝါများ ဖြစ်နေသည်ဟု ညွှန်ပြနေခြင်းပင် ဖြစ်သည်။
ဗီဇပြောင်းသားရဲများနှင့် ရင်ဆိုင်ရသည့် အချိန်တွင် ၎င်းတို့အား အပြည့်အဝ ချေမှုန်းရမည် ဖြစ်သည်။
“ သားရဲအူတိုင်တွေကို အရင် ထုတ်တာပေါ့ကွာ “ ရှုကျိုးမှ တွေးတောစဥ်းစားနေတော့သည်။
ပထမအဆင့် အဆင့်၄နှင့် အဆင့်၅ ကျားပျံသားရဲတို့၏ သားရဲနှလုံးသည် အလွန်တန်ဖိုးမြင့်မားလှသည်၊ ရှုကျိုးထံ၌ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် နေရန်အတွက် ရည်ရွယ်ချက် မရှိပေ။
“ ဆွစ်ရှ်၊ ဆွစ်ရှ်၊ ဆွစ်ရှ် !!! “
ရှုကျိုး၏ လက်မြှောက်လာခဲ့ရာ၊ ဓားပြုတ်ကျလာခဲ့ကာ၊ တတိယအဆင့်နှင့် အထက်မှ သားရဲများ၏ သားရဲနှလုံးများကို အမြန်ထုတ်ယူနေတော့သည်။
ဤလုပ်ငန်းစဥ်အတွင်း၌ သူသည် သားရဲအူတိုင် အခု၂၀ကျော် ရရှိခဲ့သည်။
“ သားရဲနှလုံး အခု ၂၀၀ကျော်နဲ့ သားရဲအူတိုင် အခုဒါဇင်ပေါင်းများစွာ “ ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။
ထိုအချိန်တွင် ယခင်က မိုင်ပေါင်း ထောင်နှင့်ချီ၍ လိုက်ဖမ်းခံနေခဲ့ရသည့် အချိန်က စိတ်တင်းကြပ်မှုများနေရာတွင် ပျော်ရွှင်မှုများ အစားထိုးဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
“ ပြန်တာပေါ့ကွာ “ ရှုကျိုးသည် သားရဲအူတိုင်များကို သိမ်းကာ ရွှေတောင်ပံ T-Rexကြီးပေါ်သို့ ခုန်တက်သွားတော့သည်။
မြေပြင်ပေါ်ရှိ ကျားပျံအလောင်းများအတွက်ကား ဤနေရာတွင် ထားထားမည်ဆိုလျှင်တောင်မှ အဆင်ပြေနေလိမ့်မည် ဖြစ်သည်။
သွေးတောင်ပံ ကျားပျံတို့၏ ပိုင်နက်သည် မိုင်၁၀၀ကျယ်ဝန်းသောကြောင့် တစ်ခြားသော မည်သည့်သားရဲကမှ အလျင်စလို မကျူးကျော်လာဝံ့ချေ။
အကယ်၍ လူသားတို့ ရောက်လာမည်ဆိုလျှင်တောင်မှ သူတို့သည် အလောင်းများကို ယူဆောင်သွားနိုင်လိမ့်မည် မဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော် လူသားများအတွက် သားရဲနှလုံးနှင့် သားရဲအူတိုင်များကသာလျှင် တန်ဖိုးအရှိဆုံးဖြစ်သောကြောင့် ဖြစ်သည်။
အလောင်းများကမူ သယ်ဆောင်သွားရန်အတွက် အလွန်လေးလံလွန်းလှသည်။
“ ဆွစ်ရှ် !! “ ရွှေတောင်ပံ T-Rexကြီးသည် ၎င်း၏ တောင်ပံများကို ဖြန့်ကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။
…
ရှုကျိုးက ယခင်က တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူ့ကို မြင်လိုက်ရသောအခါတွင် ကျောက်ဟုန်ရင်သည် ချက်ချင်း မတ်တပ်ထရပ်လာခဲ့သည် “ နင်အဆင်ပြေရဲ့လား? “
သူမသည် ပထမအဆင့် အဆင့်၅သားရဲ အများအပြားကို သတ်ဖြတ်ထားခဲ့သည့် ရှုကျိုး၏ အဆင့်ကို မြင်ထားခဲ့ပြီးပြီ ဖြစ်သည်။
ကျောက်ဟုန်ရင်သည် ရှုကျိုးက မည်မျှ ပြင်းထန်သည့် တိုက်ပွဲတစ်ခုကို ရင်ဆိုင်ခဲ့ရလဲဆိုသည်ကို တွေးကြည့်နေနိုင်လေသည်။
“ အဆင်ပြေပါတယ် “ ရှုကျိုးမှ တည်ငြိမ်စွာ ပြောလာခဲ့သည် “ နောက်လာမဲ့ ရက်တွေ အတွင်းမှာတော့ ပြန်လည်သက်သာလာဖို့ကိုပဲ အာရုံစိုက်ထားပါ “
“ အိုကေ “ ကျောက်ဟုန်ရင်မှ ခေါင်းငြိမ့်ပြလာခဲ့သည်၊ သူမသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားခဲ့သောကြောင့် လုံးဝ မတိုက်ခိုက်နိုင်သေးပေ။
၎င်းကို တွေးမိသွားသောအခါတွင် ကျောက်ဟုန်ရင်သည် မနေနိုင်တော့ဘဲ ရှုကျိုးကို ငေးကြည့်လာခဲ့သည်၊ သူသည်လည်း သူမနှင့် တူညီသော ဒဏ်ရာများကို ရထားခဲ့သော်လည်း ယခုတွင် ပြန်လည်ကောင်းမွန်သွားကာ စွမ်းအားတို့ဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
ရှုကျိုးသည် ကျောက်ဟုန်ရင်ကို များစွာ အာရုံစိုက်မနေဘဲ တင်ပျဥ်ခွေထိုင်ရန် နေရာရှာနေတော့သည်။
ရွှေတောင်ပံ T-Rexကြီးကမူ မိကျောင်းသားရဲများဆီသို့သွားကာ ၎င်း၏ စားသောက်ပွဲကြီးကို စတင်၍ စားသောက်နေတော့သည်။
တစ်နေ့လုံး အပြင်းအထန် တိုက်ခိုက်ခဲ့ရပြီးသည့်နောက်တွင် ၎င်းသည် လုံးဝဆာလောင်နေခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် ရှုကျိုးသည် ပြဿနာတစ်ခုကို ရုတ်တရုတ် နားလည်သွားခဲ့သည် “ ငါ ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်နေပြီလေ၊ တကယ်လို့ ငါ့ရဲ့ ချီ-သွေးစွမ်းအင်က ထပ်ပြီးတော့ တိုးတက်လာမယ်ဆိုရင်၊ ငါ ပထမအဆင့်ကို ရောက်သွားမှာလား? “
ရှုကျိုး အနည်းငယ် မျက်မှောင်ကြုတ်နေတော့သည်။
သူသည် မြန်မြန်ဆန်ဆန် အဆင့်မတက်ချင်ပေ၊ သူသည် ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်မှာပင် တစ်ခဏခန့် လေ့ကျင့်ဦးမည် ဖြစ်သည်။
အချိန်ပိုကြာကြာ ကျင့်ကြံလေလေ၊ အကျိုးအမြတ် ပိုရလေလေဖြစ်ပြီး၊ အလားအလာ ပိုကောင်းလေလေ ဖြစ်သည်။
သို့သော် ပြဿနာကား ကိုယ်ပွားမှာ စတင်၍ စားသောက်နေသည်နှင့်တစ်ပြိုင်နက် မူလကိုယ်ထံသို့ ချီ-သွေးစွမ်းအင်များကို အလိုအလျောက် ပေးပို့လာမည် ဖြစ်သည်။
ထိုအချိန်တွင် သူအခက်တွေ့သွားရမည် ဖြစ်သည်။
“ ကိစ္စမရှိပါဘူး၊ အရင်စားကြတာပေါ့ကွာ “ ရှုကျိုးသည် သူ၏မျက်လုံးများကို မှိတ်ကာ ရှေ့ဆက်၍ မည်သည့်အရာများ ဖြစ်ပေါ်လာမလဲဆိုသည်ကို မျှော်လင့်နေတော့သည်။
“ ဂျွတ် ဂျွတ် “
ရွှေတောင်ပံ T-Rexကြီးသည် အားရပါးရ ကိုက်ဝါးနေတော့သည်၊ မိကျောင်းအသားသည် အလွန်တင်းရင်းနေသောကြောင့် အသားပိုင်းတစ်ခုကို မြိုချနိုင်ရန် နေ့တစ်ဝက်ခန့် အချိန်ယူခဲ့ရသည်။
ဝုန်းးးးး !!!
သန့်စင်သော စွမ်းအင်များသည် ကိုယ်ပွား၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာခဲ့ပြီး၊ အရိုးနှင့် မရီဒန်များကို အားဖြည့်ပေးလာခဲ့သည်။
တစ်ပြိုင်နက်ဆိုသလိုပင်၊ ကြီးမားသော ချီ-သွေးစွမ်းအင် လှိုင်းလုံးကြီးသည် ရှုကျိုးဆီသို့ တိုးဝင်လာခဲ့သည်။
……………………………………………………………………………………………………………
အပိုင်း ( 80 )
ဟွမ်ယွင်ရွှယ်ကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်ခြင်း
ရှုကျိုး၏ ခန္ဓာကိုယ်ထဲရှိ ချီ-သွေးစွမ်းအင်များ အပြင်းအထန် ဆူပွက်လာခဲ့သည်။
သူ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားတော့သည်၊ ချီ-သွေးတွေ ထပ်ပြီးတော့ တိုးတက်လာပြန်ပြီ။
၀.၁ ကယ်လိုရီ၊ ၀.၂ ကယ်လိုရီ၊ ၀.၃ ကယ်လိုရီ ……
[ ချီ-သွေး + ၀.၅ ကယ်လိုရီ ]
[ အဆင့် + ၅% ]
ထိုအချိန်တွင် ရှုကျိုး၏ ချီ-သွေးသည် ၁၆၀ကယ်လိုရီ အတားအဆီးကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
“ ဖိနှိပ်မယ် !! “ ရှုကျိုးသည် လေသံတိုးတိုးဖြင့် အော်ဟစ်လိုက်ပြီး၊ အဆိုပါ ချီ-သွေးစွမ်းအင်များကို အတင်းအကြပ် ဖိနှိပ်နေတော့သည်။
သူသည် မြန်မြန်ဆန်ဆန် အဆင့်မတက်ချင်သေးပေ။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ၎င်းမှာ အလေအလွင့်ဖြစ်သွားလိမ့်မည် ဖြစ်သည်၊ တစ်ခြားလူများက ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်တွင် အနည်းဆုံး တစ်လခန့် ကြာသည့်အချိန်တွင် သူသည် နှစ်ရက်မျှသာ ခံနေလိမ့်မည် ဖြစ်သည်။
“ ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်း အဆင့်ကို မရောက်ခင် အချိန်က ခန္ဓာကိုယ်မှာ ချီ-သွေးကို ပြန်ပြီးဖိနှိပ်ထားလို့ရတယ်လေ “ ရှုကျိုး တွေးတောဆင်ခြင်နေတော့၏ “ ဆိုတော့ အခုလည်း အဲ့လိုပဲ ဖြစ်သင့်တယ်လေ၊ ဟုတ်တယ်မလား? “
“ ဗြွီ !!! “
ရှုကျိုးသည် ပိုလျှံနေသည့် ချီ-သွေးစွမ်းအင်များကို ဆက်လက်၍ အတင်းအကြပ် ဖိနှိပ်နေတော့သည်။
၎င်းက ယခင်ကနှင့် များစွာကွဲပြားနေသည်ဆိုသည်ကို သူရှင်းရှင်းလင်းလင်း ခံစားသိမြင်နေခဲ့ရသည်။
သို့သော် ၎င်းမှာ အမှန်ပင် အကျိုးသက်ရောက်မှု ရှိနေခဲ့သည်၊ ရှုကျိုး အတင်းအကြပ် ဖိနှိပ်နေသည်နှင့်အမျှ ပိုလျှံသော ချီ-သွေးများသည် တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ သူ၏ခြေလက်များနှင့် အရိုးများထဲသို့ စိမ့်ဝင်သွားတော့သည်။
အဆိုပါ ဖြစ်စဥ်သည် အတော်လေး နှေးကွေးနေခဲ့သည်။
၎င်းက ချီ-သွေး ၀.၅ ကယ်လိုရီမျှသာ ဖြစ်သော်လည်း ရှုကျိုးသည် သူက ကြီးမား ကျယ်ပြန့်သော သမုဒ္ဒရာတစ်စင်းကို ဖိနှိပ်လိုက်ရသကဲ့သို့ ခံစားနေခဲ့ရသည်။
ထို့ကြောင့် သူသည် မြေပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်ကာ တိတ်ဆိတ်စွာ ဖိနှိပ်နေတော့သည်။
တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ ……….
နေနှင့် လတို့ ဂျူတီချိန်းနေကြပြီ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၈နာရီ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဤ၈နာရီအတွင်းတွင် ရှုကျိုးသည် မြေပြင်ပေါ်တွင် ထိုင်ကာ ချီ-သွေး ၀.၅ ကယ်လိုရီကို အဆက်မပြတ် စုပ်ယူနေခဲ့သည်။
အဆုံးတွင် သူသည် ပိုလျှံနေသည့် အဆိုပါ ချီ-သွေး ၀.၅ ကယ်လိုရီကို သူ၏ခန္ဓာကိုယ်ထဲတွင် ဖိနှိပ်ထားနိုင်ခဲ့ပြီဖြစ်ပြီး၊ ၎င်းသည် သွေးကြောများနှင့် ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။
စနစ်၏မျက်ပြင်ပေါ်ရှိ ဆက်တိုက် တက်လိုက်ကျလိုက် ဖြစ်နေခဲ့သည့် ချီ-သွေးသည် ၁၆၀.၅ ကယ်လိုရီတွင် တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။
“ ဆွစ်ရှ် ~~~~ “
ရှုကျိုးသည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
အပြင်ဘက်တွင် မှောင်မည်းနေခဲ့ပြီဖြစ်သည်၊ သို့သော် သူ၏မျက်လုံးများသည် ထူးထူးခြားခြား တောက်ပနေခဲ့သည်။
“ တကယ်ကြီးကို အောင်မြင်သွားတာပဲ ” သူသည် ကျေနပ်စွာဖြင့် သက်ပြင်းရှည်ကြီး ချနေတော့သည် “ ဒုတိယအကြိမ်မြောက်တည်ဆောက်ခြင်း အဆင့်ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ ငါ့ရဲ့ ချီ-သွေးကို ၁၆၀ ကယ်လိုရီကို ကျော်သွားပြီ၊ ဒါပင်မဲ့ ပထမအဆင့် သိုင်းပညာရှင် မဖြစ်လာသေးဘူး “
“ ငါက ဒီဂြိုဟ်ပေါ်မှာ အဲ့လိုလုပ်နိုင်ခဲ့တဲ့ ပထမဦးဆုံးလူများ ဖြစ်နေမလား? “
သူသည် သူက ပထမဦးဆုံး တစ်ယောက် ဖြစ်နေနိုင်သည်ဟု ထင်မြင်နေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ချီ-သွေး ၁၆၀ ကယ်လိုရီသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် ချီ-သွေး တိုးတက်လာရန်အတွက် အလွန်ခက်ခဲသွားသောကြောင့် ဖြစ်သည်။
ပထမအဆင့်သို့ အဆင့်မတက်ဘူးဆိုပါက ချီ-သွေး စွမ်းအင်များကို ဆက်လက်၍ မြှင့်တင်ရန် ဖြစ်နိုင်တော့မည် မဟုတ်ပေ။
သို့သော် ရှုကျိုးထံတွင် ကိုယ်ပွား၏ ထောက်ပံ့ပေးမှု ရှိနေသောကြောင့် တစ်ခြားလူများ မရရှိနိုင်သည့် ကြီးထွား၊ တိုးတက်မှုကို ဆက်လက်၍ ရရှိနေဦးမည် ဖြစ်သည်။
“ အဲ့လိုဆိုရင် ငါက အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်ကို ရောက်သွားနိုင်တာများလား? “
ရှုကျိုး၏ ရင်ခုန်သံများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
လီရို့ရှီ၏ စကားများအရ ချီ-သွေး ၁၄၀မှ ၁၅၀ ကယ်လိုရီအထိ မြှင့်တင်ခြင်းသည် အုတ်မြစ်တည်ဆောက်ခြင်း ပထမအဆင့် ဖြစ်သည်။
၁၅၀မှ ၁၆၀ ကယ်လိုရီအထိ မြှင့်တင်ခြင်းသည် အုတ်မြစ်တည်ဆောက်ခြင်း ဒုတိယအဆင့် ဖြစ်သည်။
ဒါဆိုရင် ၁၆၀ကနေ ၁၇၀ကို မြှင့်တင်ခြင်းကရော ဘာများဖြစ်နေမလဲ?
ဘယ်သူကမှ အဲ့အမြင့်တစ်နေရာကို မရောက်ခဲ့ဘူးထင်တယ်။
ထိုအချိန်တွင် ရှုကျိုး၏ ရင်ခုန်သံများ မြန်ဆန်လာခဲ့သည်၊ သူသည် မကြုံစဖူး လမ်းကြောင်းအသစ်တစ်ခုကို ဦးဆောင်၍ ဖောက်လုပ်သွားနိုင်လေသည်။
ရှုကျိုးသည် ယခင်က ရရှိခဲ့သော သားရဲအူတိုင်များကို ထုတ်ယူလိုက်သည်။
“ သားရဲအူတိုင် အခု၂၀ကျော် “ ရှုကျိုးသည် စဥ်းစားခန်းဖွင့်နေတော့သည် “ ဒါတွေထဲက သုံးခုက ပထမအဆင့် အဆင့်၅သွေးတောင်ပံ ကျားပျံရဲ့ ဟာတွေ၊ ကျန်တာတွေကတော့ ပထမအဆင့် အဆင့်၄ကောင်တွေဆီကဟာတွေ “
“ ဒီသားရဲအူတိုင်တွေက ငါ့ရဲ့ချီ-သွေးကို ၁၇၀ ကယ်လိုရီအထိ တိုက်ရိုက် မြင့်တက်သွားစေနိုင်မလားပဲ? “
သားရဲအူတိုင်များသည် ကျင့်ကြံရေး ဆေးရည်များနှင့် တူညီလျက်ရှိသည်။
၎င်းတို့သည် ကိုယ်ပွား၏ အလေးချိန်ကို မတိုးတက်လာနိုင်စေသော်လည်း၊ တစ်ခြားမည်သည့် တိုးတက်မှုမှ မရရှိဘူးဟု ဆိုလိုမနေပေ။
နောက်ဆုံးတစ်ကြိမ်က ရှုကျိုးသည် သူ၏ကိုယ်ပွားကို သားရဲအူတိုင်သုံးခု စားသောက်စေခဲ့ရာ ချီ-သွေး ၃ကယ်လိုရီအထိ တိုးတက်ခဲ့လေသည်။
“ နောက်ဆုံးတစ်ခေါက်တုန်းက အဲ့ဒီ သားရဲအူတိုင်တွေက ပထမအဆင့် အဆင့်၃တွေပဲ “ ရှုကျိုး၏ မျှော်လင့်ချက်များ ပိုပို၍ ကြီးထွားလာတော့သည် “ အခုဆိုရင် ဒီသားရဲအူတိုင်တွေက ငါ့ဆီကို ဘယ်လို တိုးတက်မှုတွေ ယူလာပေးမှာလဲ? “
ဤအခိုက်အတန့်တွင် ရှုကျိုးသည် အနည်းငယ် စိတ်လှုပ်ရှားလာခဲ့သည်။
ငါက ဒီညအတွင်းမှာပဲ အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်ကို ရောက်သွားနိုင်လောက်တယ်။
ရှုကျိုးသည် ရွှေတောင်ပံ T-Rexကြီးကို ချက်ချင်း ထုတ်ယူလိုက်သည်၊ ထို့နောက်တွင် ၎င်းအား ပထမအဆင့် အဆင့်၅ သားရဲအူတိုင်တစ်ခု ကျွေးလိုက်သည်။
သားရဲအူတိုင်သည် ရွှေတောင်ပံ T-Rexကြီး၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။
ကြီးမားသော စွမ်းအင်လှိုင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
နောက်ဆုံးတစ်ကြိမ်ကကဲ့သို့ပင် ရှုကျိုး၏ မူလကိုယ်၏ ချီ-သွေးသည် တစ်ဆင့်ချင်း မြင့်တက်လာတော့သည်။
၀.၅ ကယ်လိုရီ၊ ၁ ကယ်လိုရီ၊ ၁.၅ ကယ်လိုရီ ……..
[ ချီ-သွေး + ၂.၅ ကယ်လိုရီ ]
[ အဆင့် + ၂၅% ]
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် ရှုကျိုး၏ ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲထွက်လာခဲ့ပြီး၊ သူ့ကိုပင် ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားစေခဲ့သောကြောင့် ရှုကျိုးထံတွင် ပျော်ရွှင်အောင်ပွဲခံနေရန် အချိန်မရခဲ့ပေ။
“ ဖိနှိပ်မယ် !! “ ရှုကျိုးသည် တူညီသော နည်းလမ်းကို အသုံးပြု၍ ချီ-သွေး စွမ်းအင်များကို အတင်းအကြပ် ဖိနှိပ်နေတော့သည်။
၂.၅ ကယ်လိုရီသည် ၀.၅ ကယ်လိုရီ၏ ငါးဆဖြစ်သည်။
ထို့ကြောင့် ဤတစ်ကြိမ် ဖြစ်စဥ်အတွက် ပို၍ အချိန်ပေးခဲ့ရသည်။
ရှုကျိုးသည် တိတ်ဆိတ်စွာ ထိုင်နေလျက်ရှိပြီး၊ ကိုယ်တွင်းရှိ ချီ-သွေးများကို ဖြည်းညှင်းစွာ စုပ်ယူနေခဲ့သည်။
“ ဒီတစ်ခါတော့ နှစ်ရက်လောက်တောင် ကြာသွားနိုင်တယ် “ ရှုကျိုးကား တွေးတော စဥ်းစားနေတော့သည်။
ကံကောင်းထောက်မစွာဖြင့် ယခုလက်ရှိအချိန်၌ သူ့ထံတွင် မည်သည့် ကိစ္စမှ ရှိမနေခဲ့ပေ။
ထို့အပြင် ဤနေရာသည် အလွန်ဘေးကင်းလုံခြုံနေလျက်ရှိပြီး၊ မည်သည့် ဗီဇပြောင်းသားရဲမှ ရောက်လာလိမ့်မည် မဟုတ်ပေ။
“ လောဖို့ မလိုပါဘူး၊ စွမ်းအင် ပို့ဆောင်ရေးလမ်းကြောင်းက ရက်နည်းနည်းကြာမှ ဖွင့်မှာပါ “ ရှုကျိုးသည် တိတ်တဆိတ် တွက်ချက်နေတော့သည် “ အဲ့ဒီအချိန်မတိုင်ခင်မှာ ငါ့ရဲ့ ချီ-သွေးက ၁၇၀ ကယ်လိုရီကို ရောက်သွားနိုင်ပြီးတော့၊ ငါကလည်း အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်ကို ရောက်သွားလောက်တယ် “
သူသည် လာမည့်ရက်ပိုင်းအတွင်းတွင် ဤနေရာတွင် ဆက်နေကာ ချီ-သွေးစွမ်းအင်များကို တိုးမြှင့်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
ဤသားရဲအူတိုင်ကို ချေဖျက်ပြီးသွားသည်နှင့် တစ်ပြိုင်နက် နောက်တစ်ခုကို ထပ်မံ၍ သုံးစွဲမည် ဖြစ်သည်။
“ ဆက်ပြီးတော့ ဖိနှိပ်မယ် “ ရှုကျိုးသည် သူ၏မျက်လုံးများကို မှိတ်ကာ အဆိုပါ ချီ-သွေးစွမ်းအင်များကို ဆက်လက်၍ စုပ်ယူနေတော့သည်။
ဤကဲ့သို့ပင် အချိန်များ ဆက်လက်၍ ကုန်ဆုံးသွားခဲ့သည်။
တစ်ရက်၊ နှစ်ရက်၊ သုံးရက် ……..
…
ခုနစ်ရက်ကြာခဲ့ပြီးသည့်နောက်တွင်
“ ဗြွီ !! “
သားရဲအလောင်းများ ဘေးဘက်တွင် ပြင်းထန် အစွမ်းထက်သော ချီ-သွေးစွမ်းအင်လှိုင်းများ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
ရှုကျိုးသည် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။
ထိုအချိန်တွင် သူသည် နောက်ဆုံးသော ချီ-သွေးစွမ်းအင်ကို သူ၏ခန္ဓာကိုယ်ထဲတွင် ဖိနှိပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
သူသည် စနစ်၏ မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။
အိမ်ရှင် : ရှုကျိုး
ချီ-သွေး : ၁၇၀ ကယ်လိုရီ
စိတ်ဝိညာဥ်စွမ်းအင် : 35Hz
ကိုယ်ပွား : ရွှေတောင်ပံ T-Rex
အဆင့် : ပထမအဆင့် အဆင့်၅ ( ၈၅% )
အသားတင် အလေးချိန် : ၁၅၇၈.၅ ကီလိုဂရမ်
စွမ်းရည် : တစ်နေ့လျှင် ၃၀ ကီလိုဂရမ် ရရှိခြင်း ( အကန့်အသတ် )၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း ( ac )၊ ခုန်ဆင်းခြင်း ( pas )
ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ် အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်
ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် : ၁၀၀၀ ကုဗမီတာ
…
“ ခုနစ်ရက်၊ ပုံမှန်အစာကျွေးတဲ့အပြင် သားရဲအူတိုင် သုံးခုကိုပါ ထပ်ပြီးတော့ကျွေးခဲ့တယ်၊ နောက်ဆုံးတော့ ငါ့ရဲ့ ချီ-သွေးက ၁၇၀ ကယ်လိုရီအထိ ရောက်လာခဲ့ပြီ “
ရှုကျိုးသည် တောက်ပနေသော မျက်လုံးများဖြင့် အသက်ကို ပြင်းပြင်းရှရှ ရှူရှိုက်နေတော့သည် “ ငါက အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်ရဲ့ စံနှုန်းကို ရောက်လာခဲ့ပြီ “
ယခုတွင် သူသည် တတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းကို စတင်၍ ပြုလုပ်နိုင်ပြီ ဖြစ်သည်။
………………………………………………………………………………………………………………..
အပိုင်း ( 81 )
ဟွမ်ယွင်ရွှယ်ကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်ခြင်း ၂
သို့သော် ……
“ အောင်မြင်ပါ့မလား? “ ရှုကျိုးသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။
သူသည် တတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်း အကြောင်းကို တစ်ကြိမ်တစ်ခါမှ မကြားခဲ့ဖူးချေ။
“ ဘာပဲဖြစ်ဖြစ်ကွာ “ မကြာခင်မှာပင် ရှုကျိုး၏ မျက်လုံးများသည် စူးရှလာခဲ့သည် “ တတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်း စမယ် “
“ ဝုန်းးးး !! “
အစွမ်းထက် ချီ-သွေးစွမ်းအင်လှိုင်းသည် သူ၏ခန္ဓာကိုယ်တွင်းမှ ပွင့်ထွက်လာခဲ့သည်။
ရှုကျိုးသည် ချီ-သွေးများကို ထုတ်လွှတ်လိုက်ကာ၊ တစ်ဖန်ပြန်၍ ဖိနှိပ်ပြီး သူ၏ ကိုယ်တွင်း မရီဒန်လမ်းကြောင်းအတိုင်း လည်ပတ်နေတော့သည်။
ရှုကျိုးသည် ချီ-သွေး စွမ်းအင်တိုင်းကို ဖိနှိပ်၍ ၎င်းတို့ကို သူ၏ ခြင်ဆီများအတွင်းသို့ စိမ့်ဝင်သွားစေကာ သူ၏အစိတ်အပိုင်းတစ်ခုဖြစ်သွားအောင် ပြုလုပ်နေတော့သည်။
…
တစ်နာရီ
နှစ်နာရီ
သုံးနာရီ
ရှုကျိုးမှ နောက်ဆုံးသော ချီ-သွေးစွမ်းအင်ကို သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်စုပ်ယူလိုက်သော အခါတွင်
“ ဝုန်းးးး !! “
ပြင်းထန်သော ချီ-သွေးစွမ်းအင်လှိုင်းများသည် ထင်သာမြင်သာရှိသော လှိုင်းဂယက်များအဖြစ် ဖြစ်ပေါ်လာကာ အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့သည်။
အကယ်၍ ပထမအဆင့် သိုင်းပညာရှင်တစ်ဦးကသာ ဤမြင်ကွင်းကို မြင်တွေ့သွားခဲ့မည်ဆိုပါက သူသည် အလွန်အမင်း အံ့အားသင့်သွားလိမ့်မည် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် အဆိုပါ ချီ-သွေးစွမ်းအင်လှိုင်းသည် အလယ်အလတ် ပထမအဆင့် သိုင်းပညာရှင် တစ်ချို့ထပ်ပင် သာလွန်နေသောကြောင့် ဖြစ်သည်။
မလှမ်းမကမ်းရှိ ကျောက်ဟုန်ရင်သည် မတ်တပ်ထရပ်လာခဲ့ပြီး၊ အံ့ဩတကြီးဖြစ်နေသည့် လှပသော မျက်နှာလေးဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည်။
“ အဲ့တာက …… အုတ်မြစ်တည်ဆောက်ခြင်း ဒုတိယအဆင့်လား? “
ကျောက်ဟုန်ရင်သည် စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်ပြောဆိုနေတော့သည် “ မဟုတ်ဘူး၊ အုတ်မြစ်တည်ဆောက်ခြင်း ဒုတိယအဆင့်ထပ် အများကြီး ပိုအားကောင်းတယ်၊ သူက ပထမအဆင့်ကို ချိုးဖျက်သွားတာလား? ဒါပင်မဲ့ အဲ့လိုလည်း မဟုတ်တဲ့ပုံပဲ ….. “
တစ်ဖက်ရှိ ရှုကျိုးကမူ အပျော်များ ပြည့်နှက်နေသော အမူအရာဖြင့် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လာခဲ့သည်။
“ အောင်မြင်သွားပြီ “
သူသည် အချိန်ခုနစ်ရက်ယူခဲ့ရပြီး၊ မည်သည့်နေရာကိုမှ မသွားဘဲ ဤနေရာတွင်သာ တစ်ချိန်လုံး နေနေခဲ့ရသည်။
ယခုတွင် သူအောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
ရှုကျိုးသည် မတ်တပ်ထရပ်လိုက်ပြီး၊ မြေပြင်ကို သူ၏ခြေထောက်ဖြင့် ဆောင့်ချလိုက်သည်။
“ ဝုန်းးးး !! “
ချက်ချင်းဆိုသလိုပင် သူ့အောက်ရှိ မြေပြင် ချိုင့်ဝင်သွားခဲ့ပြီး၊ ရှုကျိုးသည် ဘေးဘက်သို့ အမြန် ခုန်ဆင်းသွားခဲ့သည်။
ယခင်က သူရပ်နေခဲ့သည့် မြေပြင်ကို လှည့်ကြည့်လိုက်သောအခါတွင် အပေါက်အကျယ်ကြီး ဖြစ်နေသည်ကို မြင်တွေ့သွားခဲ့သည်။
“ ကောင်းတယ် “ ရှုကျိုးသည် ပျော်ရွှင်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် လက်သီးဆုပ်နေတော့သည် “ အခုဆိုရင် ငါက အုတ်မြစ်တည်ဆောက်ခြင်း ဒုတိယအဆင့်ကထပ် အဆပေါင်းများစွာ ပိုစွမ်းနေပြီ “
၎င်းတိုးတက်မှုသည် သူ၏ စိတ်ကူးစိတ်သန်းများထပ် ကျော်လွန်နေလျက်ရှိသည်။
ယခု၌ သူသည် ပထမအဆင့် အဆင့်၆ ဗီဇပြောင်းသားရဲကိုပင် တိုက်ခိုက်မှုတစ်ခုတည်းဖြင့် အမှောက်သိပ်နိုင်မည်ဟု ယုံကြည်ချက် ရှိနေခဲ့ပြီ ဖြစ်သည်။
“ ဟူးးးး ~~ “
ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူရှိုုက်၍ သူ၏ချီ-သွေးစွမ်းအင်များကို ပြန်လည် ရုတ်သိမ်းလိုက်တော့သည်။
“ အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်ကို ရောက်သွားပြီ၊ နောက်ဆိုရင် ပထမအဆင့်ကို ချိုးဖျက်ရမဲ့ အချိန်ကျပြီပဲ “
ရှုကျိုးသည် သူ၏စွမ်းရည်ကြောင့် ပထမအဆင့်ကို ကျော်ဖြတ်ရာတွင် အလွန်ခက်ခဲ နေလိမ့်မည်ဆိုသည့် ချောင်ရုံ၏ ပြောစကားများကို မှတ်မိနေခဲ့သည်။
တကယ်ကြီးများလား?
ပထမအဆင့်သို့ ရောက်ရှိသွားခြင်းသည် သိုင်းပညာရှင် လမ်းကြောင်းထဲသို့ အမှန်တကယ် ခြေချနိုင်ခြင်း ဖြစ်သည်။
ရှုကျိုးသည် သူက ပထမအဆင့် သိုင်းပညာရှင် ဖြစ်လာမည့် မြင်ကွင်းကို မြင်တွေ့ရရန် အလွန်စိတ်အားထက်သန်နေလျက်ရှိသည်။
သို့သော် ယခုလက်ရှိ အချိန်တွင် ဆက်လက်၍ အဆင့်တက်နိုင်တော့မည် မဟုတ်ပေ၊ သို့သော် ရှုကျိုးသည် သူက ပထမအဆင့်သို့ ရောက်ရှိသွားသောအခါတွင် သူ၏စွမ်းအားက အံ့အားသင့်ဖွယ်ကောင်းလောက်သည်အထိ အစွမ်းထက်နေလိမ့်မည်ဟု ယုံကြည်နေလျက်ရှိသည်။
“ ရက်တွေ အများကြီး ကုန်သွားပြီဆိုတော့ စွမ်းအင် ပို့ဆောင်ရေး လမ်းကြောင်းက အသက်ဝင်လာသင့်နေပြီမလား? “ ရှုကျိုးသည် ရုတ်တရက် တွေးတောနေတော့သည်။
“ ဗြွီ !!! “
ထိုအကြောင်းကို သူတွေးနေသည့် အချိန်တွင် အဝေးရှိ ကောင်းကင်ယံပေါ်တွင် ထင်သာမြင်သာ ရှိသည့် အလင်းတန်းတစ်ခု ပျံတက်လာခဲ့သည်။
ရှုကျိုးသည် တအံ့တဩဖြင့် ငေးကြည့်နေတော့သည်။
မလှမ်းမကမ်းရှိ ကျောက်ဟုန်ရင်သည် လမ်းလျှောက်လာကာ ပြောလာခဲ့သည် “ ပို့ဆောင်ရေး လမ်းကြောင်းက အသက်ဝင်လာပြီ၊ ကြည့်ရတာတော့ ကုန်းမြင့်ဒေသဘက်မှာ ထင်တယ် “
“ ကုန်းမြင့်ဒေသလား? “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
အဲ့နေရာမှာ လူတွေက သားရဲဘုရင်ရဲ့ နှလုံးကို လုယူနေကြတာမလား? အခုအချိန်လောက်ဆိုရင်တော့ တစ်ယောက်ယောက်က ရသွားလောက်ပြီ ထင်တယ်။
“ သွားကြစို့ “ ဟုရှုကျိုးမှ ပြောလာခဲ့သည်။
ဤတစ်ကြိမ် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူခရီးစဥ်တွင် သူသည် အကျိုးအမြတ် လုံလုံလောက်လောက် ရရှိထားခဲ့ပြီ ဖြစ်သည်။
သိုင်းပညာ တက္ကသိုလ်များမှ ကျောင်းသူကျောင်းသားများကပင် ထိုမျှလောက် များများစားစား ရရှိခဲ့လိမ့်မည် မဟုတ်ပေ။
“ အင်းး “ ကျောက်ဟုန်ရင်မှ ခေါင်းငြိမ့်ပြလာခဲ့သည်။
ဤကာလအတွင်းတွင် သူမမှာလည်း အပြင်ဘက်သို့ သွား၍ ဗီဇပြောင်းသားရဲများကို အမဲလိုက်ကာ တော်တော်များများ ရိတ်သိမ်းနိုင်ခဲ့လေသည်။
မကြာခင်မှာပင် လူနှစ်ဦးသည် အထုပ်အပိုးများကို သိမ်းဆည်းပြီးသွားကာ ကုန်းမြင့်ဒေသဆီသို့ ထွက်ခွာသွားကြသည်။
ဤတစ်ကြိမ်တွင် ရှုကျိုးသည် ရွှေတောင်ပံ T-Rexကို မခေါ်သွားခဲ့ပေ၊ သူသည် ၎င်းကို နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် ချန်ထားခဲ့ကာ ဆက်လက်၍ တိုးတက်ကြီးထွားလာအောင်လုပ်ရန် စီစဥ်ထားခဲ့သည်။
…
ကုန်းမြင့်ဒေသ
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အပြင်ပိုင်းနယ်မြေမှ သိုင်းပညာရှင်များသည် ဤနေရာတွင် စုရုံးနေကြပြီ ဖြစ်သည်။
“ ဗြွီ !! “
ကြီးမားသော အလင်းတန်းတစ်ခုသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့သည်၊ ၎င်းသည် စွမ်းအင်ပို့ဆောင်ရေး လမ်းကြောင်းဖြစ်ပြီး၊ ၎င်းသည် တစ်ကြိမ်လျှင် လူအယောက်၃၀၀မျှ အပြင်ဘက်ကမ္ဘာသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။
သို့သော် ထိုအချိန်တွင် လူတစ်ချို့သည် ပို့ဆောင်ရေး လမ်းကြောင်း၏ အရှေ့ဘက်တွင် စောင့်ကြပ်နေကြသည်။
“ သားရဲဘုရင်ရဲ့ နှလုံးကို ဘယ်သူယူသွားတာလဲ? “
ထိုလူများထဲမှ အပြာရောင်ဝတ်စုံနှင့် ထူးခြားသော အသွင်အပြင်ရှိသည့် လူတစ်ဦးသည် ကျယ်လောင်စွာ အော်ပြောလာခဲ့သည် “ အဲ့တာကို ကျုပ်၊ လျူတျန်မုဆီကို လွှဲပြောင်းပေးပါ၊ ကျုပ်က အလဲအလှယ်အနေနဲ့ ၁၀သန်းပေးဖို့ ဆန္ဒရှိပါတယ် “
သူ၏ စကားလုံးများ ထွက်ပေါ်လာသည်နှင့်အမျှ ပတ်ပတ်လည်ရှိ သိုင်းပညာရှင်များသည် မကျေမနပ်ဖြစ်သွားသည့် အမူအရာများကို ပြသလာကြသည်။
တစ်ဖက်လူမှ အားလုံး၏ ခန္ဓာကိုယ်များကို တစ်ဦးချင်းစီ ရှာဖွေရန် ကြံရွယ်နေသည်မှာ သိသာလှပေသည်။
သားရဲဘုရင်ရဲ့နှလုံးအတွက် ဆယ်သန်းပေးမှာလား?
လူအများစုသည် တိတ်တဆိတ်ဖြင့် အေးစက်စွာ ရယ်မောနေတော့သည်။
“ သားရဲဘုရင်ရဲ့ နှလုံးကို တရားဝင်လမ်းကြောင်းတွေကနေတောင် သန်း၈၀နဲ့ ရောင်းလို့ရတယ်၊ ဒါတောင် မှောင်ခိုဈေးကွက်က ဈေးနှုန်း မဟုတ်ဘူးနော် “
“ ၁၀တန်းတဲ့၊ လျူတျန်မုက သူ့ရဲ့ ပါးစပ်ကို တကယ်ကြီး ဟရဲနေတာပဲ “
“ ဒါပင်မဲ့ လျူမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ကို ဘယ်သူက အာခံရဲမှာလဲ? “
သိုင်းပညာရှင် အများစုသည် မကျေမနပ် ဖြစ်နေကြသော်လည်း စကားမပြောရဲကြပေ။
လျူမိသားစုသည် အရှေ့ပိုင်းပြည်နယ်မှ မိသားစုကြီးတစ်ခု ဖြစ်ပြီး၊ ကျောင်းကျိုးမှ ကျောင်းမိသားစုထက်ပင် ပို၍ အစွမ်းထက်လေသည်။
လူအုပ်ထဲတွင်
ကျန်းလန်နှင့် လီရို့ရှီတို့သည် အမူအရာကင်းမဲ့စွာဖြင့် အတူတကွ မတ်တပ်ရပ်နေလျက်ရှိသည်၊ သို့သော် သူမတို့၏ လက်သီးလေးများတွင် ချွေးများ စို့နေခဲ့ပြီ ဖြစ်သည်။
သူမတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
“ လူပြည့်တာနဲ့ ပို့ဆောင်ရေးလမ်းကြောင်းထဲကို ချက်ချင်းဝင်မယ် “ ကျန်းလန်မှ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည်။
လီရို့ရှီမှ ခေါင်းငြိမ့်ပြလိုက်သည်။
သူမ၏မျက်လုံးများထဲတွင်လည်း တုန်လှုပ်ခြောက်မှု အရိပ်အငွေ့များ ရှိနေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူမတို့ထံတွင် သားရဲဘုရင်၏နှလုံး ရှိနေသောကြောင့် ဖြစ်သည်။
၎င်းကား တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
သားရဲဘုရင်၏ နှလုံးသည် သူမတို့အနားယူနေခဲ့သည့် လှိုဏ်ဂူအောက်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။
သိုင်းပညာရှင် အများစုသည် အချိန်အတော်ကြာ ရှာဖွေခဲ့ကြသော်လည်း ၎င်းကို ရှာမတွေ့ခဲ့ကြပေ၊ သို့သော် သူမတို့သည် အခါအခွင့်သင့်သဖြင့် ၎င်းကို ရရှိခဲ့ခြင်း ဖြစ်သည်။
၎င်းကို ရထားခဲ့ပြီးပြီ ဖြစ်သောကြောင့် တစ်ခြားလူထံသို့ လွှဲပြောင်းပေးမည် မဟုတ်ပေ။
၎င်းသည် သန်းဆယ်နှင့်ချီ၍တန်သော ရတနာတစ်ခု ဖြစ်သည်။
သို့သော် လီရို့ရှီသည် ဤနေရာက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူဖြစ်ပြီး၊ လုယက်သတ်ဖြတ်မှုများ ဖြစ်ပွားသည်မှာ ပုံမှန်သာလျှင် ဖြစ်သည်ကို ကောင်းစွာ သတိပြုမိနေခဲ့သည်။
ထို့ကြောင့် ထိုကိစ္စ လုံးဝ ပေါ်သွား၍ မရပေ။
“ သားရဲဘုရင်ရဲ့ နှလုံးက ဘယ်သူ့ဆီမှာ ရှိလဲဆိုတာကို ငါသိတယ် “
ထိုအချိန်တွင် အသံတစ်သံ ရုတ်တရက် ဟိန်းထွက်လာခဲ့သည်။
လျူဟီနှင့် ဟွမ်ယွင်ရွှယ်တို့သည် ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့သည်။
ပို့ဆောင်ရေး လမ်းကြောင်းရှေ့ရှိ လျူတျန်မုသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ လျူဟီကို ကြည့်လာခဲ့သည် “ လျူဟီ၊ မင်းသိတာလား? “
…………………………………………………………………………………………………………………..