အခန်း (၈၅-၈၇)
Vol. 6 Ch. 85-87
အပိုင်း ( 85 )
အထူးဝင်ခွင့်၊ သိုင်းပညာ တက္ကသိုလ်များ အလုအယက် ပြိုင်ဆိုင်နေကြပြီ !!! ၂
ငါက နယ်ပယ်တူမှာ ဘယ်သူ့ကိုမှ မကြောက်ဘူး !!!
ကံဆိုးစွာဖြင့် သူမသည် အပြင်းအထန် ဒဏ်ရာရထားခဲ့သောကြောင့် မည်သို့မျှ မတိုက်ခိုက်နိုင်တော့ပေ။
ကျန်းလန်၏ စကားကို ကြားလိုက်ရသော်လည်း ရှုကျိုးသည် တည်တည်ငြိမ်ငြိမ် ဖြစ်နေခဲ့ပြီး၊ အေးအေးဆေးဆေး ပြောလာခဲ့သည် “ ငါနင့်ကို စောင့်နေမယ် “
ကျန်းလန်သည် မည်သည့် စကားမှ မပြောဘဲ စွမ်းအင် ပို့ဆောင်ရေး လမ်းကြောင်းပေါ်တွင် မတ်တပ်ရပ်နေတော့သည်။
“ သွားကြစို့ “ လီရို့ရှီမှ ပြောလာခဲ့သည် “ ငါတို့ထွက်သွားပြီးတဲ့နောက်မှာ ငါတို့က သိုင်းပညာ တက္ကသိုလ်တွေက အထူးခေါ်ယူမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ် “
“ အထူးခေါ်ယူမှုလား? “ ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
လီရို့ရှီမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူဖွင့်ခဲ့တဲ့ အကြိမ်တိုင်းမှာ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တဲ့ ကျောင်းသူကျောင်းသားတွေကို အထူးတလည် စုဆောင်းဖို့ သိုင်းပညာ တက္ကသိုလ်တွေက နည်းပြ ဆရာ၊ ဆရာမအများစုက ဒီကိုရောက်လာတတ်တယ် “
သူမသည် သူမ၏လှပသော မျက်လုံးလေးများဖြင့် ရှုကျိုးကို ကြည့်ကာ ပြုံးလာခဲ့သည် “ ဒီတစ်ကြိမ်မှာ နင်က ပထမရခဲ့တယ်၊ နည်းပြ ဆရာ၊ ဆရာမအများစုက နင့်ကို သတိထားမိသွားလောက်တယ် “
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ငါက အထက်တန်း ပထမနှစ် လူသစ်လေးပါပဲ “ ရှုကျိုးသည် သူ၏ခေါင်းကို ခါရမ်းပြလိုက်သည်။
လီရို့ရှီသည် အသာအယာ ပြုံးနေခဲ့ပြီး၊ မည်သည့်စကားကိုမှ ထပ်မပြောလာတော့ဘဲ စွမ်းအင် ပို့ဆောင်ရေး လမ်းကြောင်းထံသို့ လမ်းလျှောက်သွားတော့လေသည်။
“ ခဏစောင့်ဦး “ ရှုကျိုးမှ ရုတ်တရက် ပြောလာခဲ့သည် “ ငါ တစ်ခုခု သွားယူလိုက်ဦးမယ် “
“ တစ်ခုခု သွားယူမှာလား? “ လီရို့ရှိ အံ့ဩသွားခဲ့သည်။
“ ဟုတ်တယ်၊ ပြန်လာခဲ့မယ်နော် “ ထိုကဲ့သို့ ပြောလာခဲ့ကာ ရှုကျိုးသည် ဤနေရာမှ ပြေးထွက်သွားတော့သည်။
မည်သည့်အရာကို ယူမလဲဆိုသည်ကား …………………
စစ်ပွဲ၏ အကျိုးအမြတ်များ ဖြစ်သည်။
မိကျောင်းသားရဲဥများနှင့် သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်များပင် ဖြစ်သည်၊ သူသည် ၎င်းတို့အားလုံးကို ယူသွားမည်မဟုတ်ဘဲ တစ်ချို့တစ်လေကိုသာ ယူဆောင်သွားမည် ဖြစ်သည်။
…
အပြင်ဘက်
သံမဏိခံတပ်
အစည်းအဝေး အခန်းကြီးထဲတွင် မဖိတ်ကြားထားသည့် ဧည့်သည်တစ်ဦး ရုတ်တရက် ရောက်ရှိလာခဲ့သည်။
လေးထောင့်ပုံစံမျက်နှာဖြင့် မုတ်ဆိတ်မွှေးရှိသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် အစည်းအဝေးအခန်းထဲသို့ လက်ဆွဲသေတ္တာဖြင့် လမ်းလျှောက်ဝင်လာခဲ့သည်။
ထိုနေရာတွင် ရှိနေကြသည့် နည်းပြ ဆရာ၊ ဆရာမအားလုံး အံ့အားသင့်သွားပြီး၊ မျက်လုံးများ ပြူးကျယ်သွားကြသည်။
“ ရှုကော်အန်းလား? သူက တော်ဝင် သိုင်းပညာ တက္ကသိုလ်ကမလား? သူက ဒီကို ဘာလို့ရောက်လာရတာလဲ? “
“ စိတ်ဝင်စားစရာပဲ၊ သူက ရှုကျိုးရဲ့ အောင်မြင်မှုတွေကို မြင်သွားပြီးတော့ သူ့ကို လုယူဖို့ ရောက်လာတာလား? “
“ ထူးဆန်းတယ်၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူဖွင့်ခဲ့တဲ့ အကြိမ်တိုင်းမှာ တော်ဝင် သိုင်းပညာ တက္ကသိုလ်က ဘယ်သူမှ ရောက်မလာခဲ့ပါဘူး၊ ဒီတစ်ခါတော့ သူတို့က ပညာရှင်တစ်ဦး လွှတ်လိုက်တယ်ပေါ့ “
နည်းပြ ဆရာ၊ ဆရာမအားလုံးသည် ဝိုင်းဖွဲ့၍ ဆွေးနွေးနေကြတော့သည်။
တစ်ချိန်တည်းမှာပင် လျူချင်းယွမ်၏ အမူအရာသည် ပို၍လေးနက်သွားခဲ့သည်။
တော်ဝင် သိုင်းပညာ တက္ကသိုလ်က တစ်ယောက်ယောက်ကို တကယ်ကြီး လွှတ်လာခဲ့ပြီပေါ့ !!!
အထက်တန်းကျောင်း သတ်ဖြတ်ခြင်း စာရင်းထဲမှာ ရှုကျိုးကလွဲပြီးတော့ တစ်ခြား ဘယ်သူကမှ တောင်ဝင် သိုင်းပညာ တက္ကသိုလ်ရဲ့ မျက်လုံးကို မဖမ်းစားနိုင်ဘူး။
ရှုကော်အန်းသည် အစည်းအဝေး စားပွဲခုံထံသို့ လမ်းလျှောက်လာခဲ့ပြီး၊ ခုံအလွတ်တစ်ခုပေါ်သို့ ထိုင်ချလိုက်သည်။
“ ပညာရှင်လျူ “ ရှုကော်အန်းသည် လျူချင်းယွမ်ကို ကြည့်ကာ အပြုံးဖြင့် ပြောလာခဲ့သည် “ မတွေ့တာ ကြာပြီ “
လျူချင်းယွမ်မှ အသာအယာ နှာခေါင်းရှုံ့လိုက်သည် “ လွန်ခဲ့တဲ့ တစ်လတုန်းက ကွမ်ဟန်မှာ တွေ့ခဲ့တယ်လေ၊ ဘယ်လောက် ကြာသေးလို့လဲ? နောက်ဆုံးတစ်ခေါက်တုန်းက မင်းရဲ့ ဒဏ်ရာတွေ ပြန်ကောင်းသွားပြီလား? “
“ ပျောက်လုနီးပါးပဲ “ ရှုကော်အန်းမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ မကြာသေးခင်ကမှ ကွမ်ဟန်ဘက်မှာ တိုက်ပွဲတွေ စိပ်လာတယ်၊ နောက်တစ်လလောက်ဆိုရင် ထပ်သွားရမယ်လို့ ထင်တယ် “
“ အဲ့အကြောင်းကို မပြောပဲ နေကြရအောင် “ သူသည် ပြုံး၍ ပြောလာခဲ့သည် “ မင်းက ဒီတစ်ခါငါ ရောက်လာရတဲ့ အကြောင်းအရင်းကို ခန့်မှန်းမိလောက်ရောပေါ့ “
လျူချင်းယွမ်၏ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည် “ ရှုကျိုးကြောင့်လား? “
ရှုကော်အန်းသည် အသာခေါင်းငြိမ့်၍ ပြုံးနေတော့သည် “ ဒီတစ်ခါတော့ ကျောင်းကျိုးက ထူးချွန်တဲ့ ပါရမီရှင် နည်းနည်းကို တကယ်ထုတ်လုပ်ပေးနိုင်ခဲ့တာပဲ။ ရှုကျိုးအပြင် ကျန်းလန်နဲ့ တတိယနေရာက လီရို့ရှီကလည်း တော်တော်လေး တော်တယ် “
လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
သို့ရာတွင် နည်းပြ ဆရာ၊ ဆရာမအများစု၏ မျက်လုံးများထဲတွင် မကျေမနပ် ဖြစ်သွားသည့် အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။
ဒီလူက ထိပ်ဆုံး သုံးယောက်ရဲ့ နာမည်တွေကို တစ်ခုပြီးတစ်ခု ပြောသွားတယ်ပေါ့?
ဘာကို ဆိုလိုတာလဲ?
သူက သူတို့သုံးယောက်စလုံးကို ခေါ်သွားဖို့ ကြံနေတာလား?
လျူချင်းယွမ်သည် ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ ရှုကော်အန်း၊ ရှုကျိုးက အထက်တန်း ပထမနှစ်ပဲ ရှိသေးတယ်၊ ကောလိပ်တက်ဖို့က သူ့အတွက် တော်တော်လေး စောနေသေးတယ်၊ အဲ့ကိစ္စကို အိမ်မက်မက်နေတာ ရပ်လိုက်တော့ “
“ လျူချင်းယွမ်၊ ပေါက်ကရတွေ ပြောနေတာကို ရပ်လိုက်တော့ “ ရှုကော်အန်းသည် မကျေမနပ်ဖြင့် ပြန်ပြောလာခဲ့သည် “ မင်းက နောက်ထပ်နှစ်နှစ် စောင့်နေမဲ့အစား သူ့ကို ဒီနှစ်မှာပဲ ကွမ်ဟန်တက္ကသိုလ်ကို ခေါ်သွားချင်နေတာ မဟုတ်ဘူးလား? “
“ ငါ့ဆီမှာ အဲ့လိုမျိုး အစီအစဥ်မရှိပါဘူး “ လျူချင်းယွမ်သည် အေးအေးဆေးဆေး ပြန်ပြောလာခဲ့သည် “ ရှုကျိုးက အထက်တန်း ပထမနှစ်ကျောင်းသားလေးပဲ၊ သူက တော်တော်လေး ငယ်နေသေးတယ်၊ သူက တက္ကသိုလ်ရဲ့ ဖိအားကို တောင့်ခံနိုင်ပြီးတော့ တက္ကသိုလ် အသိုင်းအဝိုင်းနဲ့ သဟဇာတ ဖြစ်နိုင်ပါ့မလား? “
လျူချင်းယွမ်မှ အခိုင်အမာ ပြောဆိုလာခဲ့သည် “ သိုင်းပညာ တက္ကသိုလ် ကျောင်းသူကျောင်းသားဆိုတာက နာမည်၊ ဂုဏ်ပုဒ်တစ်ခုတည်း မဟုတ်ဘူး၊ တာဝန်တစ်ခုပဲ “
လူတိုင်း အသာအယာ ခေါင်းငြိမ့်လာကြသည်။
သိုင်းပညာ တက္ကသိုလ် တစ်ခုထဲသို့ ဝင်ရောက်ခြင်းသည် သင်က သာမန်လူ မဟုတ်တော့ဘူးဟု ဆိုလိုနေခြင်း ဖြစ်သည်။
ထိုအချက်နှင့် ပတ်သက်၍ အားလုံး၏ ယုံကြည်မှုများသည် အလွန်ညီညွတ်လျက်ရှိသည်။
၎င်းကို ရှုကော်အန်းကပင် မငြင်းပယ်နိုင်ခဲ့ပေ။
လေထုသည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အချိန်အတော်ကြာခဲ့ပြီးသည့်နောက်တွင် ရှုကော်အန်းမှ မကျေမနပ် ဖြစ်နေသည့် လေသံဖြင့် ပြောလာခဲ့သည် “ မင်းပြောတာက ယုတ္တိရှိပါတယ်၊ လူသစ်လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက နည်းနည်းလေး အားနည်းတယ်၊ သူတို့က အမြင့်ဆုံးအနေနဲ့ ဗီဇပြောင်းသားရဲတွေကိုပဲ သတ်နိုင်ကြတယ် “
“ ဒါပင်မဲ့ ဒီတစ်ကြိမ်တော့ ငါက လက်ဗလာနဲ့ ပြန်မှာ မဟုတ်ဘူး “ ရှုကော်အန်းမှ အပြုံးဖြင့် ထပ်ပြောလာခဲ့သည် “ ငါက ကျန်းလန် ဒါမှမဟုတ် လီရို့ရှီကို ခေါ်သွားရမယ် “
လျူချင်းယွမ်သည် မကျေမနပ် ဖြစ်သွားသော လေသံဖြင့် ပြောလာခဲ့သည် “ အဲ့တာက သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒပေါ်မှာ မူတည်ပါတယ် “
ရှုကော်အန်းမှ အပြုံးဖြင့် ပြောလာခဲ့သည် “ ငါက ကျန်းမိသားစုက အဲ့ဒီကောင်မလေးရဲ့ အိမ်မက်ကို မြင်ခဲ့ပြီးပြီ၊ သူမက ငါတို့ တော်ဝင် သိုင်းပညာ တက္ကသိုလ်ကို တော်တော်လေး ဝင်ချင်နေတာ “
ဘုတ်၊ ဘုတ်၊ ဘုတ်
ရုတ်တရက်ဆိုသလိုပင် ခြေသံများ ထွက်ပေါ်လာခဲ့သည်။
အနက်ရောင် အဝတ်အစားဖြင့် ချောမောသော လူငယ်လေးတစ်ဦးသည် အစည်းအဝေးအခန်းထဲသို့ အလောတကြီး လမ်းလျှောက်ဝင်လာခဲ့သည်။
“ ချင်ဖုန်းလား? “ လျူချင်းယွမ်၏ မျက်လုံးများ တောက်ပသွားခဲ့သည် “ စွမ်းအင် ပို့ဆောင်ရေး လမ်းကြောင်းက အသက်ဝင်သွားတဲ့ပုံပဲ? “
ချင်ဖုန်းသည် လျူချင်းယွမ်ထံသို့ တိုက်ရိုက် ဦးတည်လာခဲ့ပြီး၊ သူ့အနား မရောက်ခင်မှာပင် အလောတကြီး အော်ပြောလာခဲ့သည် “ ဆရာ၊ ကျွန်တော့်ဆီမှာ အရေးကြီး သတင်းတွေ ရှိတယ် “
“ ဒီကလေး “ လျူချင်းယွမ်သည် သူ၏ဦးခေါင်းကို အသာအယာ ခါယမ်းနေတော့သည် “ အိုကေ၊ သိပ်ကျေနပ်မနေနဲ့၊ မင်းက တတိယအဆင့် သားရဲနှစ်ကောင်ကို သတ်ထားတာ ငါသိပြီးပြီ “
တစ်ခြားသော နည်းပြ ဆရာ၊ ဆရာမများမှာလည်း သူတို့၏ဦးခေါင်းများကို ကူရာကယ်ရာမဲ့စွာ ခါယမ်းနေကြတော့သည်။
အားလုံးသည် လျူချင်းယွမ်ထံတွင် ကြွားဝါတတ်သည့် တပည့်တစ်ဦး ရှိကြောင်း သိထားကြသည်။
သူသည် ဤတစ်ကြိမ်တွင် တတိယအဆင့် ဗီဇပြောင်းသားရဲနှစ်ကောင်ကို သတ်ထားခဲ့ပြီး၊ ၎င်းတို့ထဲမှ တစ်ကောင်သည် အဆင့် ၁၀ကောင်ဖြစ်ကာ၊ ၎င်းသည် သူတစ်နှစ်ပတ်လုံး ကြွားဝါပြောဆိုနေရန် လုံလောက်ပေသည်။
သို့ရာ၌ နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ချင်ဖုန်းမှ လေးလေးနက်နက် ပြောဆိုလာခဲ့သည် “ ဆရာ၊ ကျွန်တော်က အဲ့အကြောင်းကို ပြောနေတာ မဟုတ်ဘူး “
“ ဟမ်? “ လျူချင်းယွမ်သည် အနည်းငယ် အံ့အားသင့်သွားတော့သည် “ ဒါဆိုရင် ဘာကိစ္စလဲ? “
“ အာ၊ တကယ်တော့ အဲ့ကိစ္စပဲဗျ “ ချင်ဖုန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ကာ ထပ်ဖြည့်ပြောလာခဲ့သည်။
လျူချင်းယွမ် : “ ……. “
ချင်ဖုန်းသည် အလေးအနက်ထား၍ ပြောပြလာခဲ့သည် “ ဆရာ၊ ကျွန်တော်က နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ အတွင်းပိုင်းနယ်မြေထဲမှာ အထက်တန်းကျောင်းသားတစ်ယောက်နဲ့ တွေ့ခဲ့တယ် “
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ အတွင်းပိုင်းနယ်မြေလား?
အထက်တန်းကျောင်းသားတစ်ယောက်လား?
လျူချင်းယွမ် အံ့ဩသွားခဲ့ပြီး၊ သူ၏မျက်နှာပေါ်တွင် ထူးဆန်းသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်၊ သူက ရှုကျိုးအကြောင်းကို ပြောနေတာများလား?
ချင်ဖုန်းမှ ဆက်လက်၍ ပြောပြလာခဲ့သည် “ အဲ့ဒီအချိန်တုန်းက သူ့ကို တတိယအဆင့် ဗီဇပြောင်းသားရဲနှစ်ကောင်က လိုက်ဖမ်းနေတာဗျ။ အို့၊ ဟုတ်သားပဲ၊ ပြီးတော့ အလယ်အလတ် တတိယအဆင့် အမှောင်သိုင်းပညာရှင်တစ်ယောက်ကလည်း သူ့နောက်ကို လိုက်နေသေးတယ် “
“ မင်း ဘာပြောလိုက်တာ !!! “
…………………………………………………………………………………………………………………
အပိုင်း ( 86 )
အထူးဝင်ခွင့်၊ သိုင်းပညာ တက္ကသိုလ်များ အလုအယက် ပြိုင်ဆိုင်နေကြပြီ !!! ၃
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း မှင်သက်သွားကြသည်။
အထက်တန်းကျောင်းသား တစ်ယောက်လား?
တတိယအဆင့် သားရဲနှစ်ကောင်က လိုက်ဖမ်းနေတာလား?
ပြီးတော့ အလယ်အလတ် တတိယအဆင့် အမှောင်သိုင်းပညာရှင်လည်း ပါသေးတယ်ပေါ့?
စကားလုံးတိုင်းမှာ ရိုးရှင်းပြီး နားလည်ရလွယ်ကူနေခဲ့သည်၊ သို့သော် ၎င်းတို့ကို အတူတကွ ထားလိုက်မည်ဆိုပါက ယုတ္တိမဲ့သွားခဲ့ပြီ ဖြစ်သည်။
ချင်ဖုန်းသည် လေးလေးနက်နက် ပြောဆိုလာခဲ့သည် “ အဲ့ဒီအချိန်တုန်းက အခြေအနေအရဆိုရင်တော့ ကျွန်တော်နဲ့ မတွေ့ခင်အချိန်အထိ သူက အချိန်တော်တော်ကြာ လိုက်ဖမ်းခံနေခဲ့ရတဲ့ပုံပဲ “
“ အို့၊ ဟုတ်သားပဲ၊ တစ်ခုထပ်ရှိသေးတယ် “
ချင်ဖုန်းသည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားကာ ထပ်ဖြည့်ပြောလာခဲ့သည် “ အဲ့ဒီအထက်တန်းကျောင်းသားလေးက လနတ်ဘုရားဂိုဏ်းရဲ့ ယဇ်ပူဇော်ပွဲ အခမ်းအနားကို ဖျက်ဆီးခဲ့ပြီးတော့ ဒုတိယအဆင့် အမှောင်သိုင်းပညာရှင်တစ်စုကို မတော်တဆ သတ်ခဲ့မိတဲ့ပုံပဲဗျ “
တစ်ခန်းလုံး ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ တိတ်ဆိတ်ငြိမ်ကျသွားခဲ့သည်။
နည်းပြ ဆရာ၊ ဆရာမများသည် အကြည့်များ ဖလှယ်လိုက်ကြပြီး၊ စကားမပြောနိုင် ဖြစ်သွားခဲ့ကြသည်။
အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှသာလျှင် လျူချင်းယွမ်သည် သူ၏တပည့်ဖြစ်သူကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ မင်းဆိုလိုတာက ……… “
“ တတိယအဆင့် သားရဲနှစ်ကောင် လိုက်ဖမ်းတာကို ခံနေခဲ့ရတဲ့ အထက်တန်းကျောင်းသားလေးက လမ်းတစ်လျှောက်လုံးမှာ ဒုတိယအဆင့် အမှောင်သိုင်းပညာရှင် တစ်စုကို သတ်ခဲ့ပြီးတော့ တတိယအဆင့် သိုင်းပညာရှင်တစ်ယောက်က သူ့ကို လိုက်ဖမ်းဖို့ နှိုးဆွမိသွားတာလား? “
“ ပြီးတော့ သူက မင်းနဲ့ တွေ့တဲ့ အထိ အသက်ရှင်နေခဲ့တယ်ပေါ့? “
လျူချင်းယွမ်ကား ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်၏ ပညာရှင်ဟူသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်လှပေသည်၊ သူသည် အခြေအနေကို လျင်မြန်စွာ နားလည်သွားခဲ့သည်။
ချင်ဖုန်းသည် ချက်ချင်း ခေါင်းငြိမ့်ပြလာခဲ့သည် “ ဟုတ်တယ်၊ ဟုတ်တယ်၊ အဲ့အတိုင်း အတိအကျပဲ “
သူသည် အလေးအနက်ထား၍ ပြောဆိုလာခဲ့သည် “ ဆရာ၊ ကျွန်တော်တို့က အဲ့ဒီအထက်တန်းကျောင်းသားလေးကို ရအောင်ခေါ်ရမယ်၊ တစ်ခြားလူတွေကို လုယူခွင့်ပေးလို့ မဖြစ်ဘူး “
“ မင်းက သူ့နာမည်ကို မသိခဲ့ဘူးလား? “ လျူချင်းယွမ်မှ မေးမြန်းလာခဲ့သည်။
“ အို့၊ ဟုတ်သားပဲ “ ချင်ဖုန်းသည် သူ၏နဖူးကို ရိုက်ကာ အမြန်ပြောလာခဲ့သည် “ သူ့နာမည်က ရှုကျိုးတဲ့၊ အထက်တန်းကျောင်း သတ်ဖြတ်ခြင်းစာရင်းပေါ်မှာ အဆင့်၃ချိတ်တဲ့လူလေ။ အို့၊ အခုတော့ သူက ပထမနေရာမှာ ရှိနေတဲ့ပုံပဲ “
တစ်ခန်းလုံးသည် ထပ်မံ၍ တိတ်ဆိတ်ငြိမ်ကျသွားခဲ့သည်။
အပ်ကျသံကိုပင် ကျယ်ကျယ်လောင်လောင် ကြားနေရနိုင်မည် ဖြစ်သည်။
စက္ကန့်သုံးဆယ်မျှ ကြာခဲ့ပြီးသည့်နောက်၌
“ ဟားဟားဟားဟား “
ရှုကော်အန်းသည် လက်ခုပ်တီးကာ အားရပါးရ အော်ရယ်လာခဲ့သည် “ ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ် !!! “
“ ဘာတွေ ဒီလောက်တောင် ကောင်းနေတာလဲ? “ လျူချင်းယွမ်သည် သူ့အား မကျေမနပ် ဖြစ်နေသော အမူအရာဖြင့် ကြည့်လိုက်သည် “ ရှုကျိုးက မင်းဟာ မဟုတ်ဘူး “
အဟွတ်၊ အဟွတ်၊ အဟွတ်
ရှုကော်အန်းသည် အပြင်းအထန် ချောင်းဟန့်နေတော့သည်၊ ထို့နောက်တွင် သူသည် တည်ငြိမ်စွာ ပြောလာခဲ့သည် “ လျူချင်းယွမ်၊ ရှုကျိုးက လူသစ်လေးပဲ ရှိသေးတယ်၊ တောင့်မခံနိုင်လောက်ဘူးလို့ မင်းပဲ အရင်တုန်းက ပြောခဲ့တာလေ “
“ အခုတော့ ဒီကလေးက တတိယအဆင့် ဗီဇပြောင်းသားရဲတွေကိုတောင်မှ ရန်စရဲနေတယ် “
“ ဘယ်လိုလဲ၊ မင်းမရှက်ဘူးလား? “ ရှုကော်အန်းမှ စနောက်လာတော့လေသည်။
လျူချင်းယွမ်သည် သူ့ကို လျစ်လျူရှုထားကာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိသည် “ ဒီကလေးက ငါ့ကို တကယ်ကြီး အံ့ဩသွားစေခဲ့တာပဲ။ ကြည့်ရတာတော့ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်က စံနှုန်းအသစ်တစ်ခု ချမှတ်ရတော့မဲ့ပုံပဲ “
မည်သည့် စံနှုန်းဖြစ်သနည်း?
လူသစ်လေးတစ်ဦးကို အထူးခေါ်ယူခွင့် !!!
ထိုကဲ့သို့သော အရာမျိုးသည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ သမိုင်းကြောင်းတစ်ခုလုံးမှာပင် တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်လာခဲ့ဖူးချေ။
“ ချင်ဖုန်း၊ သွားကြစို့၊ မင်းရဲ့ ဂျူနီယာညီလေးကို သွားကြိုကြမယ် “
လျူချင်းယွမ်သည် မတ်တပ်ထရပ်ကာ လမ်းလျှောက်ထွက်သွားတော့သည်။
“ ဟုတ် “ ချင်ဖုန်းမှာလည်း နောက်မှ အမြန်လိုက်သွားတော့သည်။
ရှုကော်အန်းသည် အေးစက်စွာ ပြောဆိုလာတော့သည် “ ဒီရှုကျိုးကို၊ တောင်ဝင် သိုင်းပညာ တက္ကသိုလ်က ခေါ်မှာကွ !!! “
ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်၌ သူသည်လည်း တံခါးဆီသို့ လှည့်ထွက်သွားတော့သည်။
အစည်းအဝေး အခန်းထဲရှိ နည်းပြ ဆရာ၊ ဆရာမများသည် တစ်ဦးကိုတစ်ဦး ကြည့်နေကြတော့သည်။
“ ဒါက ချဲ့ကားလွန်းတယ်လို့ မထင်ကြဘူးလား? လူသစ်လေးကို တတိယအဆင့်တွေက လိုက်ဖမ်းနေခဲ့တာလား? “
“ အဲ့တာက ပုံပြင်စာအုပ်တွေထဲက ဇာတ်လမ်းနဲ့တူနေသလိုပဲ “
“ သွားစို့၊ အဲ့ဒီ ရှုကျိုးက ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိနေမလားဆိုတာကို သွားကြည့်ကြစို့ “
လင်းယောင် ပါဝင်သည့် နည်းပြ ဆရာ၊ ဆရာမများမှာလည်း မတ်တပ်ထရပ်ကာ အခန်းအပြင်ဘက်သို့ လမ်းလျှောက်ထွက်သွားကြတော့လေသည်။
…
ရှုကျိုးကမူ အစည်းအဝေး အခန်းထဲတွင် ဖြစ်ပေါ်နေခဲ့သည့် အခြေအနေများကို သတိမပြုပေ၊
ထိုအချိန်တွင် ရှုကျိုးသည် မိကျောင်းသားရဲဥနှစ်လုံးနှင့် သားရဲ ပုံဆောင်ခဲ ခြင်ဆီရည် အိုးနှစ်လုံးကို သယ်ဆောင်ကာ စွမ်းအင် ပို့ဆောင်ရေး လမ်းကြောင်းဆီသို့ လီရို့ရှီနှင့်အတူ လမ်းလျှောက်သွားနေလျက်ရှိသည်။
“ အဲ့တာက ဘာတွေလဲ? “ လီရို့ရှီသည် သူ့ကို တအံ့တဩကြည့်နေရင်းဖြင့် မေးမြန်းလာခဲ့သည်။
ရှုကျိုးသည် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြလိုက်သည် “ သန်းနဲ့ချီတန်တဲ့ ရတနာတွေပေါ့ “
“ သန်းနဲ့ချီတာလား? “ လီရို့ရှီသည် အနည်းငယ် အံ့ဩတုန်လှုပ်သွားခဲ့သည်။
သူမသည် သူမ၏ ဗာဒံစေ့ပုံသဏ္ဍာန် မျက်လုံးလှလှလေးများဖြင့် ရှုကျိုးကို ကြည့်လိုက်ပြီး၊ ထိုမျှ အဖိုးတန်သော အရာများကို ရရှိရန်အတွက် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် အန္တရာယ်မည်မျှ ကြုံတွေ့ ကျော်ဖြတ်ခဲ့ရလဲဆိုသည်ကို တွေးပူနေတော့သည်။
သူမတို့နှစ်ဦးသည် စွမ်းအင်ပို့ဆောင်ရေး လမ်းကြောင်းပေါ်သို့ အတူတကွ တက်လှမ်းလိုက်ကြသည်။
ထို့နောက်တွင် ဝင်လာခဲ့သည့် အချိန်ကလိုပင် ရှုကျိုးသည် လီရို့ရှီ၏ နူးညံ့သေးသွယ်သော လက်လေးကို ကိုင်လိုက်သည်။
လူအရေအတွက်က သုံးရာသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် အလင်းတန်းတစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားတော့သည်။
“ ဗြွီ !!! “
ရှုကျိုးနှင့် လီရို့ရှီတို့သည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
…
သံမဏိခံတပ်၊ ငွေရောင် ခန်းမ
ဗြွီ !!!
ရှုကျိုးနှင့် လီရို့ရှီတို့သည် တစ်ဦးကိုတစ်ဦး မှီထားကြပြီး၊ ငွေရောင်ခန်းမထဲရှိ ပလက်ဖောင်းထံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
၎င်းကို တစ်ကြိမ် ကြုံတွေ့ထားခဲ့ပြီးပြီ ဖြစ်သောကြောင့် ရှုကျိုး၏ အခြေအနေသည် ဤတစ်ကြိမ်တွင် ပို၍ကောင်းမွန်နေခဲ့ကာ မအန်ရတော့ပေ။
သို့ရာတွင် သူသည် ပြန်လည်သက်သာလာရန်အတွက် တစ်ခဏခန့် အချိန်ယူခဲ့ရသေးသည်၊ ထို့နောက်မှ သူ စကားပြောလာခဲ့သည် “ သွားကြစို့ “
“ အိုကေ “ လီရို့ရှီသည် သားရဲ ပုံဆောင်ခဲ ခြင်ဆီရည် နှစ်အိုးကို ကိုင်ကာ ရှုကျိုးနှင့်အတူ လမ်းလျှောက်ထွက်သွားတော့သည်။
ထိုအချိန်၌ ခန်းမ အပြင်ဘက်တွင် လူများ စုဝေးနေကြပြီ ဖြစ်ပြီး၊ ပုံရိပ်အများအပြားသည် လေထုထဲတွင် မတ်တပ်ရပ်နေခဲ့ကြသည်။
ရှုကျိုး၏ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်၊ ထိုပုံရိပ်များသည် သူ့အား အလွန်အားကောင်းသော ဖိအားများကို ခံစားသွားရစေခဲ့သည်။
ထိုစွမ်းအားများသည် တတိယအဆင့် သိုင်းပညာရှင်များ ပိုင်ဆိုင်နိုင်သော အရာ မဟုတ်ပေ။
အကယ်၍ တတိယအဆင့် ပညာရှင်များကို ခမ်းနားသော မြစ်များဟု သတ်မှတ်မည်ဆိုပါက၊ အရှေ့ရှိ ပုံရိပ်များကိုမူ ကျယ်ပြန့်နက်ရှိုင်းသည့် ပင်လယ်များအဖြစ် သမုတ်ရမည် ဖြစ်သည်။
“ အထက်တန်းကျောင်း သတ်ဖြတ်ခြင်းစာရင်းရဲ့ ထိပ်ဆုံး အယောက်၁၀၀ အဆင့်ဝင်တဲ့လူတွေက ခဏလောက် စောင့်နေကြပါ “
အရာရှိတစ်ဦးမှ အော်ပြောလာခဲ့သည် “ အဓိက သိုင်းပညာ တက္ကသိုလ် ဆယ်ခုက နည်းပြ ဆရာ၊ ဆရာမတွေက ဒီကို ရောက်နေတယ်၊ တကယ်လို့ တစ်ယောက်ယောက်က မင်းတို့ကို သဘောကျသွားမယ်ဆိုရင်၊ မင်းတို့က တိုက်ရိုက်ဝင်ခွင့် ရလိမ့်မယ် “
သူ၏စကားများ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ဆူညံသံများ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
လူအများစုသည် မအံ့ဩသွားကြပေ။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူသည် ဂျွန်လတွင် ဖွင့်လေ့ရှိပြီး၊ တစ်လကျော်ကျော် ကြာလေ့ရှိသောကြောင့် ယခုတွင် ဂျူလိုင်လနှောင်းပိုင်းသို့ပင် ရောက်နေခဲ့ပြီ ဖြစ်သည်။
သူတို့သည် ကောလိပ်ဝင်ခွင့် စာမေးပွဲများကို လွတ်သွားခဲ့ပြီ ဖြစ်သည်။
လူအများစုသည် သူတို့က တိုက်ရိုက်ဝင်ခွင့်ရမည်ဟု ယုံကြည်နေကြသောကြောင့် ကောလိပ်ဝင်ခွင့်စာမေးပွဲများကို ဝင်မဖြေခဲ့ခြင်းဖြစ်သည်။
အမှန်တိုင်းပြောရမည်ဆိုပါက အထက်တန်းကျောင်း သတ်ဖြတ်ခြင်းစာရင်းထဲသို့ ဝင်ရောက်နိုင်ခဲ့သည့် မည်သူမဆို အထူးဝင်ခွင့်ရရှိကြမည် ဖြစ်သည်။
သို့သော် ထိပ်ဆုံး အယောက် ၁၀၀ကသာလျှင် အဓိက သိုင်းပညာ တက္ကသိုလ်ကြီး ဆယ်ခုထဲသို့ ဝင်ရောက်ရန် အခွင့်အရေးရမည် ဖြစ်သည်။
ရှုကျိုးသည် အလျင်လိုမနေဘဲ လူအုပ်ကြီး၏နောက်တွင် လီရို့ရှီနှင့်အတူ တိတ်တဆိတ် မတ်တပ်ရပ်နေခဲ့သည်။
သို့ရာတွင် ကောင်ကင်ပေါ်မှ ပုံရိပ်များသည် အောက်သို့ မဆင်းလာကြပေ၊ ထို့အစား သူတို့သည် လူအုပ်ကြီးကို ဆက်လက်၍ ကြည့်ရှုစစ်ဆေးနေခဲ့သည်။
ယခုတွင် လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြတော့လေသည်။
“ အဲ့ဒီ နည်းပြ ဆရာ၊ ဆရာမတွေက ဘာလို့ ကောင်းကင်ပေါ်မှာပဲ ရှိနေရသေးတာလဲ? သူတို့က ကျောင်းသူကျောင်းသားတွေ ရွေးဖို့အတွက် အောက်ကို မဆင်းလာကြဘူးလား? “
“ ဒီတစ်ခါ ကျောင်းသားကျောင်းသူတွေက လုံလုံလောက်လောက် မတော်ဘူးလို့ သူတို့က ထင်နေကြတာများလား? “
လူအများစုသည် သိလိုစိတ်များ ဖြစ်သွားကြသည်၊ အထူးသဖြင့် ဤနေရာသို့ အကြိမ် အနည်းငယ်မျှ ရောက်လာဖူးသည့် ပြင်ပသိုင်းပညာရှင်တစ်ချို့ ဖြစ်ပြီး၊ သူတို့သည် ပို၍ ဇဝေဇဝါ ဖြစ်သွားကြသည်။
အတိတ်တစ်ချိန်တုန်းကဆိုပါက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူပိတ်သွားခဲ့သည့် အချိန်တိုင်းတွင် အဆိုပါ နည်းပြ ဆရာ၊ ဆရာမများသည် သူတို့၏ ပစ်မှတ်များကို ချက်ချင်း ရှာဖွေ၍ အထူးဝင်ခွင့်များကို ပေးလေ့ရှိတတ်သည်။
သို့သော် ယခုတွင်ကား သူတို့အားလုံးသည် ကောင်းကင်ပေါ်တွင်သာ ရပ်နေခဲ့ပြီး၊ မည်သည့်အရာကိုမှ မကြေညာလာခဲ့ပေ။
သူတို့သာလျှင် မဟုတ်ဘဲ ကျန်းလန်ကပါ စိတ်ရှုပ်ထွေးနေခဲ့ခြင်း ဖြစ်သည်။
သူမနှင့် မလှမ်းမကမ်းတွင် နည်းပြဆရာတစ်ဦး ရှိနေခဲ့သည်၊ သို့သော် သူသည် သူမကို ခေါ်ယူချင်နေသည့် မည်သည့်ရည်ရွယ်ချက်ကိုမှ မပြသလာခဲ့ပေ။
ငါက ဒုတိယအဆင့်လေ၊ အာရုံစိုက်ခံရဖို့တောင် မတန်ဘူးလားဟ?
“ အဲ့ဒီ နည်းပြဆရာ၊ ဆရာမတွေက ဘာကို စောင့်နေကြတာလဲ? “ ကျန်းလန်သည် ပိုပို၍ စိတ်ရှုပ်ထွေးလာတော့သည်။
…
လူတိုင်းက ထူးဆန်းသည်ဟု ခံစားနေရသည့် အချိန်တွင်
ကောင်းကင်ပေါ်ရှိ ပုံရိပ်တစ်ခုသည် ရှုကျိုးဘက်သို့ ကြည့်နေခဲ့ပြီး၊ ချက်ချင်းဆိုသလိုပင် သူ၏မျက်လုံးများ တောက်ပသွားခဲ့သည်။
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် အဆိုပါ ပုံရိပ်သည် လျင်မြန်စွာ ပျံသန်းလာခဲ့သည်။
“ ရှုကျိုး “ ရှုကော်အန်းသည် ကျက်သရေရှိသည့် အမူအရာကို သယ်ဆောင်၍ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့ပြီး၊ ရှုကျိုးကို ပြုံးပြလာခဲ့သည် “ အဲ့တာက မင်းလား? “
ရှုကျိုးမှ အမြန်ခေါင်းငြိမ့်ပြလိုက်သည် “ ဟယ်လို၊ ဆရာ “
သူသည် တိတ်တဆိတ် အံ့ဩနေခြင်း ဖြစ်သည်၊ ဆရာ၊ ဆရာမတွေက ကောင်းကင်ပေါ်မှာ ငါ့ကြောင့် အချိန်အတော်ကြာ ရှိနေခဲ့တာလား?
သူတို့အားလုံးက ငါ့ကို ခေါ်ချင်နေကြတာများလား?
အဲ့လောက်ထိတော့ မဖြစ်သင့်ပါဘူး၊ ငါက အထက်တန်း ပထမနှစ်လေးပဲ ရှိသေးတာလေ။
ထိုအချိန်တွင် ရှုကော်အန်းသည် ရှုကျိုး ဘေးနားရှိ မိန်းကလေးကို သတိပြုမိသွားကာ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားခဲ့သည် “ လီရို့ရှီလား? မင်းတို့က အတူတူရှိနေကြတာလား? “
“ ဆရာ၊ ကျွန်မက သူ့အစ်မပါ “ လီရို့ရှီမှ အမှန်တိုင်း ပြောဆိုလာခဲ့သည်။
“ မောင်နှမတွေလား? “ ရှုကော်အန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
အကယ်၍ သူကသာ ရှုကျိုးကို တော်ဝင် သိုင်းပညာ တက္ကသိုလ်သို့ ခေါ်သွားမည်ဆိုပါက လီရို့ရှီပါ လိုက်ပါလာနိုင်လိမ့်မည် ဖြစ်သည်။
၎င်းမှာ နှစ်ဖက်စလုံး ပျော်ရသည့် အခြေအနေမျိုး ဖြစ်သည်။
“ အဟမ်း …… “ ရှုကော်အန်းသည် စကားဆက်ပြောရန် ပြင်လိုက်သည်။
ထိုအချိန်တွင် လျူချင်းယွမ်နှင့် တစ်ခြား နည်းပြ ဆရာ၊ ဆရာမ အနည်းငယ်တို့ လမ်းလျှောက်လာခဲ့ကြသည်။
“ ရှုကျိုး၊ ကွမ်ဟန် တက္ကသိုလ်ကို လာခဲ့၊ မင်းရဲ့ ဆဌမအဆင့် နည်းပြဆရာတစ်ယောက်အနေနဲ့ တစ်နှစ်ကို ပညာသင်ဆုကြေး တစ်သန်းပေးမယ်ကွာ “ လျူချင်းယွမ်မှ ကြေညာလာခဲ့သည်နှင့် တစ်ပြိုင်နက် ပရိတ်သတ်တစ်အုပ်လုံး အံ့ဩတုန်လှုပ်သွားကြသည်။
……………………………………………………………………………………………………………………
အပိုင်း ( 87 )
အကျိုးအမြတ်များ သိမ်းပိုက်သွားသည့် ကံကောင်းသူမောင်ရှင်၊ ရှုကျိုး
“ မင်းမေ !$## “
“ ဆဌမအဆင့် ပညာရှင်က သင်ပေးမှာလား? ပြီးတော့ တစ်နှစ်ကို ဆုငွေ တစ်သန်း ရဦးမှာပေါ့? “
“ ဝိုး၊ ငါတော့ သောက်ရမ်း အားကျနေပြီဟေ့၊ အဲ့တာကြီးက သောက်ရမ်း ကောင်းလွန်းတယ် “
ဘေးနားရှိ လူအားလုံး၏ အကြည့်များထဲတွင် မနာလို အားကျမှုများ ပြည့်နှက်သွားခဲ့သည်။
ပညာသင် ဆုကြေးကား အသေးအမွှား ကိစ္စလေးတစ်ခုသာလျှင် ဖြစ်သည်။
အဓိကအရာကား ဆဌမအဆင့် နည်းပြဆရာတစ်ဦးပင် ဖြစ်သည်။
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ ဆဌမအဆင့် ပညာရှင်မှ လူကိုယ်တိုင် သင်ကြားပြသပေးခြင်း !!
ဆဌမအဆင့် ပညာရှင်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း?
သာမန် သိုင်းပညာ တက္ကသိုလ်များစွာတွင် ဆဌမအဆင့်သည် ဒုကျောင်းအုပ်ကဲ့သို့ ထိပ်တန်းစွမ်းအားတစ်ခုဖြစ်သည်။
သို့သော် ရန်ပြည်ထောင်ရှိ ထိပ်တန်း သိုင်းပညာ တက္ကသိုလ် နှစ်ခုထဲမှ တစ်ခုဖြစ်သည့် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်မှ ဆဌမအဆင့် ပညာရှင်များသည် တစ်ခြားသော သာမန်သိုင်းပညာ တက္ကသိုလ်များထံမှ ပညာရှင်များထပ် ပို၍ အစွမ်းထက်လှပေသည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်မှ ပထမအဆင့်သို့ပင် မရောက်သေးသည့် အထက်တန်းကျောင်းသားတစ်ဦးကို သင်ကြားပြသပေးခြင်း !!!
အံ့အားသင့်ဖွယ်ကောင်းလောက်သော မျက်နှာသာပေးမှု ဖြစ်သည်။
ဤအခိုက်အတန့်၌ ဤနေရာတွင် ရှိနေကြသည့် လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။
ရှုကော်အန်းမှ ရုတ်တရက် စကားပြောလာခဲ့သည် “ ရှုကျိုး၊ တော်ဝင် သိုင်းပညာ တက္ကသိုလ်ကို လာခဲ့ပါ၊ ငါကိုယ်တိုင် မင်းရဲ့ နည်းပြဆရာလုပ်ပေးမယ် “
“ ငါက ဘာမှ သိပ်ပြီးတော့ ထူးခြားမနေပါဘူး၊ သတ္တမအဆင့်လေးကိုပဲ ရောက်နေတာပါ “
ရှုကော်အန်းသည် လက်နောက်ပစ်ထားသော ကိုယ်ဟန်ဖြင့် ရှုကျိုးကို ပြုံး၍ ကြည့်နေခဲ့သည်။
လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ဤတစ်ကြိမ်၌ အားလုံးသည် ယခင်တစ်ကြိမ်ကထပ်ပင် ပို၍ အံ့ဩတုန်လှုပ်သွားကြသည်။
အထူးသဖြင့် အတွင်းမြို့တော်မှ ပါရမီရှင်များဖြစ်ပြီး၊ သူတို့သည် ယခင်က နတ်ဆိုးတစ်ထောင် လှိုဏ်ဂူဖွင့်ခဲ့သည့် အချိန်တိုင်းတွင် တော်ဝင် သိုင်းပညာ တက္ကသိုလ်မှ မည်သူ့ကိုမှ မပို့ခဲ့ဘူးဆိုသည်ကို ကောင်းစွာ သိရှိထားကြသည်။
ဒါပင်မဲ့ ဒီတစ်ခါတော့ သူတို့က ရှုကျိုးအတွက် ရောက်လာခဲ့တာလား?
သတ္တမအဆင့် ပညာရှင်တောင် ပါနေတယ်ပေါ့ !!!
မလှမ်းမကမ်းတွင် ကျန်းလန်နှင့် ကျောက်ဟုန်ရင်တို့သည် အတူတကွ မတ်တပ်ရပ်နေလျက်ရှိသည်၊ တစ်ဦးမှာ ရင်သပ်ရှုမောဖွယ်ကောင်းသည့် အလှတရားကို ပိုင်ဆိုင်ထားပြီး၊ ကျန်တစ်ဦးကမူ သွေးပွက်ပွက် ဆူသွားစေလောက်သည့် အလှမျိုးကို ပိုင်ဆိုင်ထားခဲ့သည်၊ သို့သော် ဤအချိန်တွင် သူမတို့ကို မည်သူကမှ အာရုံစိုက်မနေခဲ့ပေ။
ကျန်းလန်သည် နည်းပြဆရာ၊ ဆရာမများ ဝိုင်းရံနေသည့် ရှုကျိုးရှိရာ အရှေ့ဘက်သို့ ကြည့်နေလျက်ရှိပြီး၊ အနည်းငယ် မနာလို အားကျဖြစ်သွားခဲ့သည် “ ငါ့ရဲ့ စွမ်းဆောင်ရည်က သိပ်မဆိုးပါဘူး၊ သူတို့က ဘာလို့ အဲ့လူကိုပဲ ခေါ်နေကြတာလဲ? “
ကျန်းမိသားစု၏ တိုက်ရိုက်မျိုးဆက်နှင့် Sအဆင့် စွမ်းရည်ပိုင်ရှင်တစ်ဦး ဖြစ်သည့် သူမထံတွင် အရည်အချင်းနှင့် ရုပ်ရည်နှစ်ခုစလုံး ရှိနေခဲ့သည်။
ပုံမှန်အားဖြင့် သူမရောက်ရှိသွားသည့် နေရာတိုင်းတွင် သူမသည် လူထုအာရုံစိုက်ရာ ဗဟိုချက် ဖြစ်လေ့ရှိတတ်သည်။
သို့သော် ယခုတွင်ကား သူမထံသို့ မည်သည့် နည်းပြဆရာ၊ ဆရာမတစ်ဦးမှ ရောက်မလာခဲ့ပေ။
ကျန်းလန်၏ နှစ်လိုဖွယ်ကောင်းသည့် မျက်နှာလေးပေါ်တွင် မကျေမနပ်ဖြစ်နေသည့် အရိပ်အငွေ့လေးများ ဖြစ်ပေါ်နေကာ ပြောလာခဲ့သည် “ သူက ငါ့ထပ် ပထမအဆင့် အဆင့်၅ သားရဲလေး တစ်ဒါဇင်ကျော်လောက် ပိုသတ်လိုက်တာလေးပဲလေ၊ ဘာများ အထင်ကြီးဖို့ ကောင်းနေလို့လဲ? ငါလည်း သတ်နိုင်တာပဲကို “
…
ထိုစဥ် ရှုကျိုးမှာလည်း အနည်းငယ် အံ့အားသင့်နေလျက်ရှိသည်၊ သူသည် ထိပ်တန်း သိုင်းပညာ တက္ကသိုလ်နှစ်ခုမှ လူများက သူ့ကို လာရောက်ခေါ်ယူလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။
အထက်တန်း ပထမနှစ်ကျောင်းသားလေးဖြစ်တဲ့ ငါက ဒီလောက်တောင် ကျော်ကြားနေပြီလား?
ပြီးတော့ သတ္တမအဆင့် ဆရာတစ်ယောက်ပါ ရဦးမှာလား?
ဒါက ………..
ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားတော့သည်၊ သူသည် ပထမအဆင့်သို့ပင် မရောက်သေးပေ၊ သတ္တမအဆင့်ဆိုသည်မှာ သူနှင့် များစွာ အလှမ်းဝေးနေသေးသည်။
ထိုအချိန်တွင် လျူချင်းယွမ်မှ ရုတ်တရက် စကားပြောလာခဲ့သည် “ ရှုကျိုး၊ ငါက ဆဌမအဆင့်မှာပဲ ရှိနေသေးပင်မဲ့၊ ဒီသတ္တမအဆင့် သိုင်းပညာရှင်က ငါ့ကို နိုင်မှာ မဟုတ်ဘူး “
သူသည် ရှုကော်အန်းအား အပြုံးတစ်ခုဖြင့် ငေးကြည့်လိုက်သည်။
၎င်းမှာ အစစ်အမှန် သိုင်းပညာဌာန၏ ယုံကြည်မှု ဖြစ်သည်။
“ မင်း ……. “ ရှုကော်အန်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သော်လည်း ၎င်းကို မငြင်းပယ်လာခဲ့ချေ။
အဘယ့်ကြောင့်ဆိုသော် သူသည် လျူချင်းယွမ်ကို အမှန်တကယ် အနိုင်မယူနိုင်သောကြောင့် ဖြစ်သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ရှုကော်အန်းသည် အပြုံးဖြင့် ထပ်ပြောလာခဲ့သည် “ တိုက်ခိုက်ရေး စွမ်းအားကိုပဲ မကြည့်နဲ့၊ ပညာရေးဆိုင်ရာ အရင်းအမြစ်တွေကိုပါ ထည့်စဥ်းစားပါ၊ ဒီနယ်ပယ်မှာတော့ ငါတို့ရဲ့ တော်ဝင် သိုင်းပညာ တက္ကသိုလ်က အမြဲလိုလို ကမ္ဘာ့အဆင့်ပဲ “
“ အဲ့လိုဆိုရင်ကော ဘာဖြစ်လဲ? “ လျူချင်းယွမ်မှ မတိုးမကျယ်သော လေသံမျိုးဖြင့် ပြောလာခဲ့သည် “ တကယ်လို့ ပညာရေးဆိုင်ရာ အရင်းအမြစ်တွေဆိုရင်၊ ငါ့ရဲ့ အစစ်အမှန် သိုင်းပညာဌာနက ဘယ်သူ့ကိုမှ မကြောက်ဘူး “
အထက်တန်းကျောင်းသားကျောင်းသူများသည် ထိုစကားလုံးများနှင့် ပတ်သက်၍ များများစားစား မတုံ့ပြန်လာကြပေ။
သို့သော် တက္ကသိုလ် ကျောင်းသားကျောင်းသူများကမူ လုံးဝ အံ့အားသင့်သွားကြသည်။
“ အစစ်အမှန် သိုင်းပညာဌာနလား? အဲ့တာက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ရဲ့ အလျှို့ဝှက် အဆန်းကြယ်ဆုံး ဌာနမလား? “
“ အဲ့တာက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ဆိုတာထပ်ကို ပိုတယ်၊ အစစ်အမှန် သိုင်းပညာဌာနရဲ့ သုတေသန ပစ္စည်းတွေက ရန်ပြည်ထောင် အနှံ့မှာ ရှိပြီးတော့ ထိပ်တန်း လျှို့ဝှက်ချက်အဖြစ် ယူဆလို့ရတယ် “
“ ငါတို့ရဲ့ နည်းပြဆရာ၊ ဆရာမတွေကတောင် မသိကြဘူး၊ ဒါပင်မဲ့ အစစ်အမှန် သိုင်းပညာဌာနရဲ့ ရှာဖွေတွေ့ရှိမှုတွေ ပျံ့နှံ့လာတာနဲ့ အဲ့တာတွေက လူသားမျိုးနွယ်စုအတွက် အများကြီး အကျိုးရှိသွားလိမ့်မယ်လို့ ပြောကြတယ် “
“ ဒါဆိုရင် အဲ့တာတွေကို ဘာလို့ မဖြန့်ဝေရတာလဲ? “
“ ငါလည်း မသိဘူး၊ တကယ်လို့ အဲ့တာတွေကို ဖြန့်ဝေလိုက်မယ်ဆိုရင် လျှို့ဝှက်ချက် မဟုတ်တော့ဘူးလေ၊ ဟုတ်တယ်မလား? လျှို့ဝှက်ထားတယ်ဆိုတည်းက အကြောင်းပြချက်တော့ ရှိမှာပဲ။ ဘယ်လိုပဲပြောပြော အစစ်အမှန် သိုင်းပညာရှင်ဌာနက နိုင်ငံတော် လျှို့ဝှက်ချက်ပဲလေ “
လူအုပ်ထဲတွင် ရှိနေကြသည့် တက္ကသိုလ်ကျောင်းသားကျောင်းသူများသည် တက်တက်ကြွကြွ ဆွေးနွေးပြောဆိုနေကြသည်။
လူအများစု၏ မျက်နှာများပေါ်တွင် မနာလိုအားကျမှုများဖြင့် ပြည့်နှက်နေလျက်ရှိသည်၊ မည်သို့ပင်ဆိုစေကာမူ အစစ်အမှန် သိုင်းပညာဌာန၏ ဖိတ်ခေါ်ခြင်းကို ခံရခြင်းသည် အလွန် ဂုဏ်ယူဖွယ်ကောင်းသော အရာတစ်ခု ဖြစ်သည်။
ရှုကျိုးမှာလည်း အတော်လေး အံ့ဩတုန်လှုပ်သွားခဲ့သည်၊ သူသည် ဤပညာရှင်နှစ်ဦးက သူ့ကို ခေါ်ရန်အတွက် လျှို့ဝှက်ချက်တစ်ချို့ ထုတ်ဖော်လာသည်ကို နားလည်သွားခဲ့သည်။
အားနည်းချက်များကိုပင် ဖော်ထုတ်ခဲ့ကြသေးသည်။
ရှုကျိုး အံ့ဩနေသည့်အချိန်တွင် တစ်ခြားသော အဓိက သိုင်းပညာ တက္ကသိုလ်များမှ နည်းပြ ဆရာ၊ ဆရာမများကလည်း သူ့အား စတင်၍ ဖိတ်ခေါ်လာကြသည်။
“ ကျောင်းသားရှုကျိုး၊ နင့်ကျိုးသိုင်းပညာ တက္ကသိုလ်ဆီလာခဲ့ပါ၊ ပဥ္စမအဆင့် နည်းပြဆရာတစ်ဦးနဲ့ ပင်လယ်ဘက်မှာရှိတဲ့ စံအိမ်တစ်လုံး ပေးမယ် “
“ ရှုကျိုး၊ မြောက်ပိုင်းကုန်းမြေ သိုင်းပညာ တက္ကသိုလ်ကို လာခဲ့ပါ၊ စတုတ္ထအဆင့် နည်းပြဆရာတစ်ဦးနဲ့ မင်းက မြောက်ပိုင်းကုန်းမြေရဲ့ လျှို့ဝှက်နယ်ပယ်ထဲကို တစ်နှစ်တစ်ခါ ဝင်ခွင့်ရလိမ့်မယ် “
“ ရှုကျိုး၊ ငါတို့ရဲ့ တောင်ပိုင်းပြည်နယ် သိုင်းပညာ တက္ကသိုလ် ………….. “
နည်းပြဆရာ၊ ဆရာမများသည် သူ့ကို ဖိတ်ခေါ်ရန်အတွက် ပြိုင်ဆိုင်နေခဲ့ကြသည်။
သူတို့သည် အခွင့်အရေးက နည်းပါးသည်ဟု ခံစားနေခဲ့ရသော်လည်း၊ အကယ်၍ ရှုကျိုးကသာ သဘောတူလာလိမ့်မည်ဆိုပါက ကြီးကြီးမားမား အနိုင်ရသွားလိမ့်မည် ဖြစ်သည်။
ထိုအချိန်တွင် ပေကျင်းသိုင်းပညာ တက္ကသိုလ်မှ လှပသော အမျိုးသမီးဖြစ်သည့် လင်းယောင်မှ ရုတ်တရက် စကားပြောလာခဲ့သည် “ ရှုကျိုး၊ ဆရာမတို့ရဲ့ ပေကျင်းသိုင်းပညာ တက္ကသိုလ်ဆီမှာ အဆင့်မြင့် နည်းပြဆရာ၊ ဆရာမတွေ သိပ်မရှိဘူး၊ ဒါပင်မဲ့ မင်းက လာဖို့ ဆန္ဒရှိနေသရွေ့တော့ မင်းကို သင်ပြပေးဖို့အတွက် ဒုက္ကဌကို ဆရာမ ကိုယ်တိုင် တောင်းဆိုပေးမယ်။ ပြီးတော့ ဆရာမတို့ရဲ့ ပေကျင်း သိုင်းပညာ တက္ကသိုလ်မှာ ကောင်မလေးလှလှလေးတွေ အများကြီး ရှိတယ် “
ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် သူမသည် ရှုကျိုးကို မျက်စိမှိတ်ပြလာခဲ့သည်။
တစ်ချို့သော နည်းပြဆရာ၊ ဆရာမများသည် စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲနေကြတော့သည်။
အလှအပ ထောက်ချောက်တွေကိုတောင် သုံးနေပြီပေါ့?
တစ်ခြားလူများသည် ပို၍ အံ့ဩတုန်လှုပ်သွားကြသည်။
သူတို့သည် ထိုကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။
အထက်တန်းကျောင်းသားတစ်ဦးကို ဖိတ်ခေါ်ချင်နေသည့်အတွက် အဓိက သိုင်းပညာ တက္ကသိုလ်ဆယ်ခုမှ နည်းပြဆရာ၊ ဆရာမအားလုံး ပြိုင်ဆိုင်နေခဲ့ကြသည်။
တစ်စုံတစ်ဦးသည် အလှအပထောက်ချောက်ကိုပင် အသုံးပြုသွားသေးသည်။
လူအများစုသည် ဇဝေဇဝါ ဖြစ်သွားကြတော့သည်၊ ရှုကျိုးက အထက်တန်းကျောင်း သတ်ဖြတ်ခြင်းစာရင်းပေါ်က နံပတ်၁ဖြစ်ပင်မဲ့၊ ဒီလိုအဆင့်ထိတော့ ရောက်မနေသင့်ဘူးလေ၊ ဟုတ်တယ်မလား?
အရင်နှစ်တွေတုန်းကဆိုရင် ရှုကျိုးလိုမျိုး အောင်မြင်မှုတွေ ရခဲ့တဲ့ လူတွေရှိပါတယ်၊ ဒီလိုဖြစ်ရပ်မျိုး ပေါ်မလာခဲ့ဖူးပါဘူး။
ဤအခိုက်အတန့်တွင် လူတိုင်း စိတ်ရှုပ်ထွေးသွားကာ မှိုင်တွေမိန်းမောနေကြသည်။
ကျောက်ဟုန်ရင်တစ်ဦးတည်းကသာလျှင် အကြောင်းအရင်းကို သိနေခဲ့သည် “ သူ့ကို တတိယအဆင့် ဗီဇပြောင်း သားရဲတွေ လိုက်ဖမ်းနေခဲ့တာကို နည်းပြဆရာ၊ ဆရာမတွေ သိသွားကြပြီနဲ့တူတယ် “
ထိုကဲ့သို့သော ကိစ္စမျိုးကသာလျှင် တောင်ဝင် သိုင်းပညာ တက္ကသိုလ်ကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေမည် ဖြစ်သည်။
…
“ ရှုကျိုး၊ ဘယ်တက္ကသိုလ်ကို သွားမလဲဆိုတာကတော့ မင်းရဲ့ ရွေးချယ်မှုအပေါ်ကိုပဲ မူတည်တယ် “ လျူချင်းယွမ်မှ အပြုံးဖြင့် ပြောလာခဲ့သည်။
သာမန် အခြေအနေများအတိုင်းသာ ဆိုပါက သူတို့ကသာလျှင် ကျောင်းသူကျောင်းသားများကို ရွေးချယ်ရမည် ဖြစ်သည်။
…………………………………………………………………………………………………………….