ကုန်းမိသားစုသို့ ဝင်ရောက်ခြင်း
Vol. 44 Ch. 720
ရဟက်ယာဉ်သည် ကျင်းချန်အပေါ်တွင် တစ်ပတ် ပျံဝဲလိုက်၏။ ရှောင်လင်မှတစ်ဆင့် နေရာအတည်ပြုပြီးနောက် ကုန်းထျန်းဟောက်သည် သူ့လက်အောက်ငယ်သားများအား သွားရောက်စုံစမ်းရန် အမိန့်ပေးလိုက်ပြီးနောက် ထောင်ယွမ်ရွာသို့ ပြန်လာခဲ့သည်။
သို့သော် ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီတို့ မသိလိုက်သည်မှာ သူတို့၏သား ရှောင်လဲ့ထုန်က ထိုလူအား တစ်လှမ်းဦးကာ အမှတ်အသား ပြုလုပ်ထားခဲ့ပြီးဖြစ်လေသည်။ ယခု သူသည် ရဟက်ယာဉ်ပေါ်တွင်ရှိနေပြီး မိဘများ၏ ရှေ့တွင်လည်း ရှိနေသဖြင့် ထိုလူကို သုတ်သင်ပစ်ရန် နည်းလမ်းမရှိပေ။
သို့သော် လူကိုရှာတွေ့ပြီး အမှတ်အသားလည်း လုပ်ထားပြီးဖြစ်ရာ ထိုသူတို့ လွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။
"ဒီလောက်တောင် ချောမွေ့လွယ်ကူလိမ့်မယ်လို့ မထင်ထားဘူး!"
ထောင်ယွမ်ရွာသို့ ပြန်ရောက်သောအခါ ရှောင်လင်းယွီသည် အနည်းငယ် မယုံနိုင်သလို ခံစားနေရသည်။ လူကို ရှာတွေ့သွားသဖြင့် သူမ ပို၍ပင် စိတ်အေးသွားရ၏။
ကုန်းထျန်းဟောက်သည် သူမ၏ နဖူးရှေ့မှ ဆံနွယ်စတို့ကို သပ်တင်ပေးကာ ပြုံးလျက် ပြောလိုက်သည်။
"ဒါက ရှောင်လင်က တော်တော်လေး စွမ်းရည်ရှိတယ်ဆိုတာကို ပြနေတာပဲ။ အခု နေရာလည်း သိပြီဆိုတော့ တရားခံကို စုံစမ်းခိုင်းလိုက်ရုံပဲ။ ဒါဆို အဆင်ပြေသွားပြီ။"
ဤသို့ပြောပြီးနောက် ကုန်းထျန်းဟောက်သည် ခေတ္တရပ်တန့်လိုက်ပြီးမှ ဆက်ပြောသည်။
"ယွီအာ၊ ကိုယ် အခု ကျင်းချန်ကို ပြန်ပြီး အဲ့ဒီ ပုန်းကွယ်နေတဲ့ ရန်သူကို ဆွဲထုတ်ဖို့ လိုသေးတယ်။"
ရှောင်လင်းယွီကမူ စိတ်မချစွာဖြင့် ဆိုလာသည်။
"ကျွန်မ ရှင်နဲ့အတူလိုက်ခဲ့မယ်လေ။ အဲ့ဒီလူ ဘယ်လိုမျိုး တန်ပြန်တိုက်ခိုက်မှု ခံရလဲဆိုတာ ကျွန်မတို့ မသိရဘူး။ ကျွန်မတို့ ကျင်းချန်ကို အတူတူပြန်ကြမယ်။ ရှောင်လင်ကိုလည်း ခေါ်သွားမယ်။"
ကုန်းထျန်းဟောက်က တစ်စုံတစ်ခု ပြန်ပြောမည်ပြုစဉ်မှာပင် သူ့ဖုန်းက မြည်လာခဲ့သည်။
"ဟယ်လို..."
ထို့နောက် သူ့မျက်နှာအမူအရာ ပြောင်းလဲသွားကာ "အင်း၊ သိပြီ။" ဟု ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ။"
ရှောင်လင်းယွီသည် ကုန်းထျန်းဟောက်၏ အမူအရာပြောင်းသွားသည်ကို သတိပြုမိသဖြင့် အနည်းငယ် ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။
"ကျင်းချန်မှာ တစ်ခုခုများ ထပ်ဖြစ်ပြန်ပြီလား။"
ကုန်းထျန်းဟောက်က ဆိုသည်။ "အရင်တစ်ခေါက် ကိုယ်တို့ အပြင်ထွက်တုန်းက တော်တော်လေး ထင်ထင်ပေါ်ပေါ် ဖြစ်သွားတယ်။ အဲ့ဒါကြောင့် ဧည့်သည်အများကြီးက ကိုယ်တို့မိသားစုလေးယောက်ရဲ့ ဓာတ်ပုံကို အင်တာနက်ပေါ် တင်လိုက်ကြတယ်။ အခု ကျင်းချန်တစ်မြို့လုံးက လူတွေက ကိုယ် အိမ်ထောင်ကျပြီး ကလေးတွေတောင် ရနေပြီ။ မိန်းမရော ကလေးရော ရှိနေပြီဆိုပြီး ကောလာဟလတွေ ထွက်နေတယ်။ ဓာတ်ပုံတွေက ထောင်ယွမ်ရွာကနေ ပျံ့သွားတာ။ တကယ်လို့ တစ်ယောက်ယောက်ကသာ စိတ်ရှိပြီး စုံစမ်းမယ်ဆိုရင် မင်းနဲ့ ကလေးတွေဆီကို ခြေရာခံမိဖို့ သိပ်မကြာဘူး။ ဒါက မင်းတို့ကို အန္တရာယ်ထဲကို တွန်းပို့လိုက်တာနဲ့ အတူတူပဲ။"
ရှောင်လင်းယွီ ကြားသော် မျက်ခုံးလေးများ အနည်းငယ် တွန့်သွားသည်။ ထို့နောက် အလေးအနက် ဆိုလိုက်၏။
"ထျန်းဟောက်၊ ကိစ္စမရှိဘူး၊ ကျွန်မတို့ အားလုံးကို ချပြလိုက်ကြရအောင်။"
"အင်း၊ ဟောက်အာ၊ အခု အဘိုးလည်း အားလုံးကို ချပြဖို့ သဘောတူတယ်။"
ဤအချိန်တွင် သခင်ကြီးကုန်းသည် လျှောက်လှမ်းလာပြီး "ပုန်းလျှိုးကွယ်လျှိုးလုပ်ပြီး နောက်ကွယ်ကလူတွေကို မသမာတဲ့နည်းနဲ့ လက်စောင်းထက်ခွင့်ပေးနေမယ့်အစား၊ အားလုံးကို တိုက်ရိုက်ချပြပြီး ယွီအာနဲ့ ထုန်ထုန်ရဲ့ အထောက်အထာကို ကြေညာလိုက်တာက ပိုကောင်းတယ်။ သူတို့ကို ပေါ်ပေါ်တင်တင် အကာအကွယ်ပေးထားမှ လက်ဆော့ချင်တဲ့လူတွေကလည်း နည်းနည်းထောက်ထားစရာ ရှိသွားမှာ။"
ကုန်းထျန်းဟောက်သည် ခေတ္တမျှ စဉ်းစားပြီးနောက်၊
"ကောင်းပြီလေ၊ ကျွန်တော်တို့ ချပြကြတာပေါ့။ ကျင်းချန်တစ်မြို့လုံးက လူတွေကို ကျွန်တော် ပြောပြလိုက်မယ်။ မင်းကို ကိုယ့်ရဲ့ဇနီး၊ ထုန်ထုန်ကို ကိုယ်တို့ ကုန်းမိသားစုရဲ့သားအဖြစ် ပြောပြလိုက်မယ်။"
ရှောင်လင်းယွီက "အင်း။" ဟု ပြန်ဖြေလိုက်သည်။
ထိုအခါ သခင်ကြီးကုန်းက ထပ်ပြောသည်။ "ယွီအာ၊ မင်းရဲ့ အထောက်အထားကို ချပြပြီးတဲ့နောက်မှာတော့ မင်းရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပြဿနာရှာမယ့်လူတွေ ရှိလာနိုင်တယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ဟောက်အာက မင်းရဲ့ အရာအားလုံးကို ကာကွယ်ပေးလိမ့်မယ်။ ဟုတ်တယ်မလား၊ ဒီကောင်စုတ်လေး။"
ကုန်းထျန်းဟောက်သည် မျက်လုံးလှန်ပစ်ချင်စိတ်ကို ထိန်းချုပ်ကာ ရိုးသားစွာပင် ပြန်ဖြေလိုက်သည်။
"ဒါကတော့ ပြောစရာမလိုပါဘူး။ မိန်းမနဲ့ ကလေးတွေကို ကာကွယ်ဖို့က လင်ယောက်ျားတစ်ယောက်ရဲ့ တာဝန်ပဲလေ။ ယွီအာ၊ မင်း ဘာမှ စိတ်မပူနဲ့။ ကိုယ်ရှိနေသရွေ့ မင်းကို ဘယ်သူမှ လက်ဖျားနဲ့တောင် လာထိရဲမှာ မဟုတ်ဘူး။"
ရှောင်လင်းယွီသည် ပြုံးလျက် ခေါင်းညိတ်ကာ ဆိုသည်။
"အင်း၊ ကျွန်မ သိပါတယ်။ ကျွန်မသိတယ်၊ ကျွန်မယောက်ျားက ကျွန်မကို ကာကွယ်ပေးမှာပါ။"
"အင်တာနက်ပေါ်မှာလည်း ပေါက်ကြားသွားမှတော့ အခုပဲ ကျင်းချန်ကို အတူတူပြန်ကြတာပေါ့။"
သခင်ကြီးကုန်းက ချက်ချင်း ဆုံးဖြတ်ချက်ချကာ ပြောလိုက်သည်။
"ကလေးနှစ်ယောက်ကိုလည်း ခေါ်သွား။ မင်းတို့ လက်ထပ်တာ လေးနှစ်တောင်ရှိပြီ။ ကလေးတောင် ဒီလောက်ကြီးနေပြီ။ အခုထိ ကုန်းမိသားစုကို တရားဝင်တစ်ခေါက်မှ မပြန်ဖူးသေးဘူး။ စိတ်ထဲမှာ မင်းကို တော်တော်လေး အားနာသလို ခံစားနေရတယ်။"
မှန်ပေသည်။ ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်တို့ လက်ထပ်သည်မှာ လေးနှစ်တိုင်ရှိပြီဖြစ်သော်လည်း ကုန်းမိသားစုသို့ တစ်ခေါက်မျှ မရောက်ဖူးသေးပေ။ ဤသည်မှာ ရှောင်လင်းယွီ မိခင်နှင့်သားအပေါ် အလွန်ပင် မျက်နှာပူစရာ ကောင်းလှသည်။ ယခုတစ်ကြိမ် အင်တာနက်ပေါ်တွင် သူတို့၏ဆက်ဆံရေး မမျှော်လင့်ဘဲ ပေါက်ကြားသွားခဲ့ရာ အိမ်သို့ပြန်မလာသေးပါက ကုန်းထျန်းဟောက်သည် ကစားသလို တွဲနေခြင်းသာဖြစ်သည်ဟု ကောလာဟလများ ထွက်ပေါ်လာပေတော့မည်။ သို့မဟုတ်လျှင် ကလေးပင် ဤမျှကြီးနေပြီဖြစ်ပါလျက် ထိုအမျိုးသမီးသည် ကုန်းမိသားစုသို့ တစ်ခါမျှ မပြန်ဖူးသည်မှာ အကြောင်းမရှိနိုင်ဟု ယူဆကြပေမည်။
ယခု ပေါက်ကြားသွားမှတော့ ဤအခွင့်အရေးကို အသုံးချကာ ကုန်းမိသားစု၏ အိမ်ရှင်မနှင့် ကုန်းမိသားစု၏ အနာဂတ်အမွေဆက်ခံသူအား တရားဝင် အိမ်သို့ခေါ်ဆောင်လာပြီး အများပြည်သူထံ ကြေညာလိုက်ရုံသာ ရှိသည်။
သခင်ကြီးကုန်း၏စကားကိုကြားသော် ရှောင်လင်းယွီသည် ခေါင်းခါလျက် ဆိုသည်။
"အဘိုး၊ ဒီလို မပြောပါနဲ့။ ကျွန်မ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ထျန်းဟောက်ရဲ့စိတ်ထဲမှာ ကျွန်မရှိနေသရွေ့ အဲ့ဒါက ကုန်းမိသားစု၊ ကျွန်မရဲ့ အိမ်ပဲလို့ ခံစားရပါတယ်။"
"အင်း၊ ကောင်းလိုက်တာ။"
သခင်ကြီးကုန်းက ဆိုသည်။
"ယွီအာ၊ မင်းက တကယ်ကို အလိုက်သိတတ်တာပဲ။ ငါတို့ ကုန်းမိသားစုက မင်းလိုမျိုး လှပအရည်အချင်းရှိပြီး နားလည်မှုရှိတဲ့ ချွေးမမျိုးကိုရတာ တကယ်ပဲ ဘိုးဘွားတွေကုသိုလ်ကောင်းလို့ပဲ။"
"အဘိုး၊ အဘိုးနဲ့ တွေ့ဆုံခွင့်ရတာ၊ ထျန်းဟောက်ကို လက်ထပ်ခွင့်ရတာ၊ ကုန်းမိသားစုထဲကို ဝင်ခွင့်ရတာကလည်း ကျွန်မရဲ့ ကံကောင်းမှုပါပဲ။"
သခင်ကြီးကုန်းသည် ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
"ယွီအာ၊ ဒီနေ့ အဘိုးနဲ့ ထျန်းဟောက် အရင်ပြန်မယ်။ မနက်ဖြန်ကျရင် အဘိုးက ထျန်းဟောက်ကို မင်းနဲ့ ကလေးတွေကို အိမ်ပြန်ခေါ်ဖို့ လွှတ်လိုက်မယ်။"
ကုန်းမိသားစုက ချွေးမနှင့် အမွေဆက်ခံသူကို ကြိုဆိုခြင်းသည် အလွန်ကြီးမားသော ကိစ္စရပ်တစ်ခုဖြစ်ရာ သူသည် အရင်ပြန်၍ အားလုံးကို စီစဉ်ထားရပေမည်။ သို့မဟုတ်လျှင် မျက်စိမရှိသော တစ်စုံတစ်ယောက်က မြေးချွေးမနှင့် မြစ်လေးအား ထိခိုက်စော်ကားမိပြီး မိခင်နှင့်သားနှစ်ဦးအား စိတ်မသက်မသာ ဖြစ်စေခဲ့လျှင် မကောင်းလှချေ။
"ကောင်းပါပြီ။"
ရှောင်လင်းယွီက ခေါင်းညိတ်လိုက်သည်။
သခင်ကြီးကုန်းသည် ရှောင်ဝမ်နှင့် ရှောင်ကျန်းတို့အား ကျန်းမာရေးအတွက် ကောင်းသော သစ်သီးဝိုင်များနှင့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို ယူဆောင်သွားရန် စေခိုင်းလိုက်သည်။ ရှောင်မိသားစုအား နှုတ်ဆက်ပြီးနောက် သူတို့သည် ကျင်းချန်သို့ တန်းတူပြန်သွားကြလေသည်။
.....
အမေရှောင်နှင့် အခြားသူများသည် မနက်ဖြန်တွင် ရှောင်လင်းယွီနှင့် ထုန်ထုန်တို့ ကုန်းမိသားစုသို့ ပြန်ရတော့မည်ကို သိသောအခါ အလွန်ပင် ဝမ်းသာပြီး စိတ်လှုပ်ရှားသွားကြသည်။
သူတို့ ဝမ်းသာရခြင်းမှာ ရှောင်လင်းယွီ မိခင်နှင့်သားတို့ နောက်ဆုံးတွင် ကျင်းချန်ရှိ ကုန်းမိသားစုသို့ ပြန်နိုင်ပြီဖြစ်သောကြောင့် မဟုတ်ဘဲ၊ ကျင်းချန်သို့ ပြန်သွားပြီးနောက် သူတို့တွင် အန္တရာယ်တစ်စုံတစ်ရာ မရှိတော့သောကြောင့် ဖြစ်သည်။
အကြောင်းမှာ ယခင်က သခင်ကြီးကုန်း ပြောခဲ့ဖူးသည်မှာ အကယ်၍ ရှောင်လင်းယွီအား ကုန်းမိသားစုသို့ ချက်ချင်းပြန်ခေါ်ပါက အန္တရာယ်များစွာနှင့် ကြုံတွေ့ရနိုင်သဖြင့် အန္တရာယ်အားလုံးကို ရှင်းလင်းပြီးမှသာ သူတို့အား အိမ်သို့ ပြန်ခေါ်နိုင်မည် ဖြစ်သောကြောင့်တည်း။
ယခု ကုန်းမိသားစုသို့ ပြန်နိုင်ပြီဆိုသည်မှာ အန္တရာယ်တစ်စုံတစ်ရာ မရှိတော့ဟု ဆိုလိုခြင်း မဟုတ်လော။
"ယွီအာ၊ ကုန်းမိသားစုကို ရောက်သွားရင် သခင်ကြီးကို ကောင်းကောင်း ပြုစုရမယ်၊ ကုန်းမိသားစုရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်၊ လူတွေနဲ့ သင့်သင့်မြတ်မြတ် နေရမယ်။ ဒါပေါ့၊ တကယ်လို့ တစ်ယောက်ယောက်က သမီးကို အနိုင်ကျင့်လာရင်လည်း မကြောက်နဲ့၊ စိတ်မပျော့နဲ့၊ ပြင်းပြင်းထန်ထန် ပြန်တုံ့ပြန်ရမယ်၊ သိလား။"
အမေရှောင်သည် အဆက်မပြတ် မြည်တွန်တောက်တီးနေရင်း အလွန်စိုးရိမ်ပူပန်သော အမူအရာနှင့် ရှိနေသည်။
ကျင်းချန်ဆိုသော နေရာသည် သူတို့နှင့် မိုင်ထောင်ပေါင်းများစွာ ကွာဝေးပြီး မရင်းနှီးသော ပတ်ဝန်းကျင်ဖြစ်၏။ အဓိကအချက်မှာ ထိုနေရာသည် မြို့တော်ဖြစ်ပြီး အာဏာရှိသူများနှင့် မြင့်မြတ်သူများ၏ ဗဟိုချက်မ ဖြစ်သည်။ ကုန်းထျန်းဟောက်၏အထောက်အထားနှင့်ဆိုလျှင် ထိုသူများနှင့် ဆက်ဆံရမည်မှာ မလွဲဧကန်ပင်။ ကုန်းထျန်းဟောက်၏ ဇနီးတစ်ယောက်အနေဖြင့် နာမည်ကြီး အထက်တန်းလွှာ အသိုင်းအဝိုင်းများနှင့် ပေါင်းသင်းဆက်ဆံရမည်မှာလည်း ရှောင်လွှဲ၍ ရမည်မဟုတ်ပေ။
ထို့ကြောင့် စကားတစ်ခွန်း၊ အပြုအမူတစ်ခုတိုင်းကို အထူးဂရုစိုက်ရန် လိုအပ်ပြီး အခြားသူများ အပြစ်တင်စရာ မဖြစ်စေသင့်ပေ။
အမေရှောင်နှင့် အဖေရှောင်တို့သည် တောသားများ ဖြစ်ကြသော်လည်း ကုန်းထျန်းဟောက်၏ အထောက်အထားကို သိရှိပြီးနောက်ပိုင်း ရုပ်မြင်သံကြားမှတစ်ဆင့် ဘော့စ်သူကြွယ် မိသားစုများ၏ ဘဝအကြောင်းကို လေ့လာခဲ့ကြသဖြင့် သူမ,ပြောသော စကားအချို့မှာ အကျိုးအကြောင်းဆီလျော်မှု ရှိလှသည်။
ရှောင်မိသားစုဝင်များသည် စိတ်ထားကောင်းမွန်သူများ ဖြစ်ကြသော်လည်း အားနည်းသူများ မဟုတ်ကြပေ။
"ကျင်းချန်လို နေရာကြီးက ငါတို့လို နေရာသေးသေးလေးနဲ့ မတူဘူးလေ။ အချိန်တိုင်း သတိထားဖို့ လိုတယ်..."
အမေရှောင်နှင့် ရှောင်မိသားစုဝင်များသည် ရှောင်လင်းယွီ မိခင်နှင့်သားတို့ ကုန်းမိသားစုသို့ ပြန်ရောက်သည့်အခါ အရာရာတိုင်းကို သတိထားရန် လိုအပ်ကြောင်း အထပ်ထပ် မှာကြားနေကြသည်။
"အင်း၊ သမီး သိပါတယ်၊ သမီး သတိထားပါ့မယ်။"
ရှောင်လင်းယွီက တစ်ခုချင်း ပြန်လည် ဖြေကြားလိုက်သည်။
"ဒါဆို အမေ သွားပြီး ပစ္စည်းတွေ နည်းနည်း သိမ်းလိုက်ဦးမယ်။ ကုန်းမိသားစုကို ဘာတွေ ယူသွားရမလဲ ကြည့်လိုက်ဦးမယ်။ အမေ သရေစာမုန့်လေးတွေ နည်းနည်း လုပ်ထားတယ်။ နောက်မှ ကုန်းမိသားစုကို ပြန်ရောက်ရင် ထုတ်စားလို့ရတာပေါ့။ ပြီးတော့..."
"..."
အမေရှောင်က ဟိုဟာယူရမည်၊ ဒီဟာယူရမည်ဟု မြည်တွန်နေသည်ကို နားထောင်ရင်း ရှောင်လင်းယွီက၊
"မေမေ၊ နည်းနည်းပါးပါး ယူသွားရုံနဲ့ လုံလောက်ပါပြီ။ ဒီထက်ပိုယူသွားရင် ရဟက်ယာဉ်နဲ့တောင် မဆံ့ဖြစ်နေဦးမယ်။"
"အဲ့ဒါ ဘယ်ဖြစ်မလဲ။ သမီးတို့ ဘယ်တော့မှ ပြန်လာမယ်ဆိုတာ ဘယ်သူက သိမှာလဲ။ အဲ့ဒီပစ္စည်းတွေက ထျန်းဟောက်နဲ့ ထုန်ထုန်၊ ပြီးတော့ သခင်ကြီးတို့ ကြိုက်တာတွေချည်းပဲ။ ဒါကြောင့် များများ ယူသွားရမှာပေါ့။"
ရှောင်လင်းယွီ: "..."
သူတို့အတွက်ပဲ ရှိပြီးတော့ သမီးအတွက် မရှိဘူးလား။
ရှောင်လင်းယွီက၊
"မေမေ၊ သမီးနဲ့ ထုန်ထုန်က ဒီတစ်ခေါက် ကုန်းမိသားစုကို ပြန်တာက အိမ်ကို အသိအမှတ်ပြုရုံ သက်သက်ပဲ။ ခဏနေရင် ပြန်လာမှာပါ၊ သမီးကို ယုံပါနော်။"
ကျင်းချန်တွင် အန္တရာယ်ရှိသော လူတစ်ယောက်ရှိနေသေးရာ ထုန်ထုန်ကို အကြာကြီး နေခွင့်ပြုမည် မဟုတ်သည်မှာ သေချာသည်။ ထိုလူသည် လူကြီးများကို ကိုင်တွယ်ရန် မလွယ်ကူသည်ကို မြင်သောအခါ ကလေးများကို တိတ်တဆိတ် ပစ်မှတ်ထားလာမည် မဟုတ်ဟု မည်သူက သိနိုင်မည်နည်း။
ထို့ကြောင့် သူတို့ ကုန်းမိသားစုသို့ ပြန်၍ အိမ်ကို အသိအမှတ်ပြုပြီးသည်နှင့် ထုန်ထုန်ကို ချက်ချင်း ပြန်ပို့လိုက်မည် ဖြစ်သည်။
"ဟင်၊ အိမ်ကို အသိအမှတ်ပြုရုံ သက်သက်လား။"
အမေရှောင်သည် အနည်းငယ် ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။
"ဒါက ဘာလို့လဲ။"
ရှောင်လင်းယွီသည် ဖုန်းကိုယူကာ အနည်းငယ် ပွတ်ဆွဲကြည့်ရှုပြီးနောက် အမေရှောင်နှင့် အခြားသူများအား ပြသလိုက်သည်။ သူမက အနည်းငယ် မတတ်သာသောလေသံဖြင့် ဆိုသည်။
"အင်တာနက်ပေါ်မှာ သမီးတို့ မိသားစုရဲ့ ဆက်ဆံရေး ပေါက်ကြားသွားလို့ပါ။ အဘိုးရဲ့ သဘောအရတော့ ပေါက်ကြားမှတော့ ပေါ်ပေါ်တင်တင်ပဲ ပြန်လိုက်တော့မယ်။ ဒါမှ ကလေးအပေါ် မကောင်းတဲ့သက်ရောက်မှုတွေရှိစေမယ့် မကောင်းတဲ့ ကောလာဟလတွေ မထွက်တော့မှာတဲ့။ သမီးတို့ ကုန်းမိသားစုကို တရားဝင် ပြန်ပြီး အသိအမှတ်ပြုပြီးသွားရင် ထောင်ယွမ်ရွာကို ပြန်လာခဲ့မှာပါ။ အခု အဘိုးနဲ့ ထျန်းဟောက် ပြန်သွားတာက အရင်ဆုံး ပြန်ပြီး ပြင်ဆင်ထားတာ။"
"အော်၊ ဒီလိုကိုး။"
ရှောင်မိသားစုဝင်များ ရှင်းလင်းစွာ သဘောပေါက်သွားကြသည်။
"အခု သမီးတို့မှာ ကိုယ်ပိုင်ရဟက်ယာဉ် ရှိနေပြီပဲ။ အချိန်မရွေး အသွားအပြန် ပျံသန်းလို့ရတယ်။ အချိန်ကလည်း သိပ်မကြာပါဘူး၊ နှစ်နာရီကျော်ကျော်လောက်ပဲ၊ အရမ်း အဆင်ပြေပါတယ်။"
ရှောင်လင်းယွီက ထပ်ပြောသည်။
"ဒါကြောင့် မေမေတို့ ဘာမှ စိတ်ပူမနေကြနဲ့တော့။"
"အင်း၊ ဒါဆိုရင်လည်း ငါတို့ကတော့ သေသေချာချာ ပြင်ဆင်ထားရမှာပဲ။ သမီးတို့ကို အိမ်ပြန်ပို့တဲ့အခါ တခြားလူတွေ အထင်သေးတာကို မခံရအောင်လို့။"
အမေရှောင်က ထပ်ပြောလိုက်သေးသည်။
ရှောင်လင်းယွီမှာ "..." စကားမပြောနိုင်ဖြစ်သွားတော့သည်။
***