ရှောင်လင်းယွီတစ်ယောက် သူမ၏ ချစ်သူထံမှ သစ္စာဖောက်ခံရပြီးနောက် ဆန်ကုန်မြေလေးကောင်နဲ့အတူ လက်ဖက်စိမ်းခွေးမကိုပါ သူမခြေထောက်အောက်တွင် နင်းချေခဲ့သည်။ ထို့နောက်တွင်တော့ နေရာလွတ်ကျောက်စိမ်းဆွဲသီးကို သုံးပြီး သူမ၏ မွေးရပ်မြေသို့ ပြန်ကာ အပင်များ စတင်စိုက်ပျိုးတော့၏။ စိုက်ပြီးရင်းစိုက်၊ စိုက်ပြီးရင်းစိုက် ဆက်တိုက်စိုက်ပျိုးပြီး ရောင်းပြီးရင်းရောင်း၊ ရောင်းပြီးရင်းရောင်း ဆက်တိုက်ရောင်းချခဲ့သည်။ စိုက်ပျိုးရေးပြည်ထောင်စု တည်ထောင်ရေးလမ်းကြောင်းပေါ်တွင် အရူးအမူး လျှောက်လှမ်းရင်း ခရီးအတော်ရောက်လာခဲ့၏။ တစ်နေ့ ထောင်ယွမ်ရွာ၏မက်မွန်ပင်ကြီး တစ်ပင်အောက်တွင်...။ လမ်းလျှောက်တတ်ကာစ လေးငါးနှစ်အရွယ် ကလေးလေးတစ်ယောက်သည် သူ့ခေါင်းကို အတတ်နိုင်ဆုံး မော့ကြည့်ဖို့ရန် ကြိုးစားနေခဲ့သည်။ နောက်ဆုံး သူ့ခေါင်းကို အဆုံးထိမော့ပြီးသွားသည်နှင့် ခန္ဓာကိုယ်ကိုပါ အဖြောင့်ဆုံးအနေအထားဖြစ်အောင် ပြင်လိုက်ပြန်သည်။ ခေါင်းကိုမော့ထားရတာကြောင့် သူ့လည်ပင်းက နာလာခဲ့သော်လည်း ခေါင်းမာမာဖြင့် ထိုပုံစံအတိုင်း ဆက်ထိန်းထားကာ သူ၏ မျက်လုံးဝိုင်းကြီးများကို မှေးကျဉ်းလိုက်ပြီး စပ်စပ်စုစုမေးလိုက်လေသည်။ "ဦးဦးကဘယ်သူလဲ... ဘာလို့ သားနဲ့ရုပ်ချင်းတူနေရတာလဲ..." အမေးခံလိုက်ရသည့် အမျိုးသားသည်လည်း သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော သူငယ်ငယ်ကနှင့် တစ်ထပ်တည်းတူသည့် ချစ်စရာကလေးလေးကို စိုက်ကြည့်နေသည်။ ထိုသူက အရပ်ရှည် ချောမောပြီး သူများထက် သာလွန်သည့် အရှိန်အဝါကိုလဲ ပိုင်ဆိုင်ထားသည်။ သူက မျက်လုံးများကို မှေးကျဉ်း၍ အေးစက်စက်အသံဖြင့် မေးလိုက်သည်။ "မင်းက ဘယ်သူလဲ..." သူ့စိတ်ထဲတွင်တော့ ဘယ်အတင့်ရဲတဲ့ မိန်းမကများ ဒီလိုကိစ္စကိုလုပ်ထားလဲဟု တွေးနေခဲ့သည်။ သူမက ဒါမျိုးလုပ်ရဲမှတော့ ပြန်ပေးဆပ်ရမယ့် တန်ဖိုးအတွက်လဲ အသင့်ပြင်ထားသင့်ပြီ! သို့သော်လည်း သူ ထိုအမျိုးသမီးကို ပြန်ပေးဆပ်အောင်မလုပ်နိုင်သေးခင်တွင်ပဲ ချစ်စရာကောင်ငယ်လေးက သူ့နားကပ်ကာ လက်ကိုဆွဲလာပြီး မျှော်လင့်နေသည့် မျက်ဝန်းကြီးများဖြင့် "ဦးဦး၊ သားလမ်းပျောက်နေလို့။ သားကိုအိမ်ပြန်လိုက်ပို့ပေးလို့ရမလား?" ထိုအမျိုးသားလဲ ကောင်လေးလက်ကိုဆွဲကာ လယ်တောအိမ်လေးဆီသို့ ပြန်ပို့မိသွားချိန် ကလေးငယ်လေး၏ စိတ်လှုပ်ရှားနေသည့် အသံကို မမျှော်ဘဲ ကြားလိုက်ရလေသည်။ "မေမေရေ၊ မေမေလက်ထပ်လို့ရပြီ! သားအခုပဲ သားနဲ့တူတဲ့ လူကြီးတစ်ယောက်ကို ရှာတွေ့ခဲ့တယ်!" လူတိုင်း "......" ဒီကောင်လေးက ပထွေးတစ်ယောက် အရမ်းလိုချင်နေရောပဲဟ! အကျဉ်းချုပ်ရလျှင်တော့ ဒါဟာ ကော်လံဖြူအလုပ်သမလေးတစ်ယောက် ပြန်လည်မွေးဖွားလာသည့် ဇာတ်လမ်းတစ်ပုဒ်ပင်ဖြစ်သည်။ တစ်စုံတစ်ယောက်၏ အကွက်ချ အကောက်ကြံခံရပြီးနောက် နေရာလွတ်အစွမ်းရှိသည့် ကျောက်စိမ်းတစ်ခုကို မတော်တဆရရှိကာ ကျေးလက်သို့ ပြန်၍ လယ်စိုက်ရင်း သူမ၏သားကို ပျိုးထောင်ခဲ့၏။ ထို့အပြင် သူမ၏သား ခေါ်လာသည့် အမျိုးသားကိုလဲ ဂရုစိုက်ပေးရင်း ချမ်းသာသည့် အမျိုးသမီးတစ်ယောက် ဖြစ်လာခဲ့လေသည်။

