ကမ္ဘာလှည့်ခရီးသည်များ ပြည့်နှက်နေခြင်း (အပိုင်း ၂)
Vol. 48 Ch. 781
"ဝါး... ဒီနေရာက တကယ် လှတာပဲ"
ဧည့်သည်အများစုသည် ထောင်ယွမ်ရွာ အပန်းဖြေစခန်းသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပြီး နာမည်ကျော်ကြားမှုကြောင့် လာရောက်ကြခြင်း ဖြစ်သည်။
အေးစက်သော ရာသီဥတုတွင် စိမ်းလန်းစိုပြေသော သစ်ပင်ပန်းမန်များနှင့် ပွင့်လန်းနေသော ပန်းများကို မြင်တွေ့လိုက်ရသောအခါ အံ့သြမှင်တက်သွားကြသည်။
"ဆောင်းရာသီ ကုန်ခါစပဲ ရှိသေးတာကို ဒီနေရာက နွေဦးပေါက်နေသလိုပဲ။ ထောင်ယွမ်ရွာ အပန်းဖြေစခန်းက တကယ် ထူးခြားတာပဲ" ဧည့်သည်တစ်ဦးက ချီးကျူးလိုက်သည်။
"မင်းတို့ မနက်စာ စားပြီးပြီလား"
"မစားရသေးဘူး။ မနက်စောစောကတည်းက လာတန်းစီနေရတာ။ အခု ဗိုက်ဆာနေပြီ" တစ်စုံတစ်ယောက်က ဗိုက်ကိုပွတ်ရင်း ပြောလိုက်သည်။ "ဒီမှာ မနက်စာ ဘယ်မှာရလဲ မသိဘူး။ အွန်လိုင်းမှာတော့ ဒီမှာ အစားအသောက်တန်းရှိတယ်လို့ ပြောကြတယ်။ ဘယ်နားမှာလဲ"
"အပန်းဖြေစခန်း မြေပုံကို သွားကြည့်ရအောင်။ ပြီးရင် စားသောက်တန်းကို ရှာကြမယ်။ အွန်လိုင်းကလူတွေ ပြောတာတော့ ထောင်ယွမ်ရွာ အပန်းဖြေစခန်းကို ရောက်ရင် စားသောက်တန်းက အစားအစာတွေကို မစားဘဲ ပြန်မသွားသင့်ဘူးတဲ့"
"အင်း... ငါလည်း ကြားဖူးတယ်။ အထဲက အစားအစာတွေက တကယ် စားကောင်းပြီး ဈေးမကြီးဘူးတဲ့။ ဒါပေမဲ့ နှမြောစရာကောင်းတာက အစားအစာတိုင်းကို အရေအတွက် ကန့်သတ်ထားတာတဲ့။ ငါ စားချင်တိုင်း စားလို့မရဘူး"
"ဟေး... ဒီမှာ လမ်းညွှန်ဆိုင်းဘုတ် ရှိတယ်။ ဒီဘက်ကသွားရအောင်" တစ်စုံတစ်ယောက်က မြှားပြထားသော ဆိုင်းဘုတ်ကို တွေ့ပြီး ပြောလိုက်သည်။
တကယ်တော့ လူအများအပြားသည် မနက်စောစော လာရောက်ကြသဖြင့် မနက်စာ မစားရသေးပေ။
ပထမအချက်မှာ စောစောလာတန်းစီရသဖြင့် မနက်စာဝယ်ရန် အချိန်မရှိခြင်း ဖြစ်သည်။
ဒုတိယအချက်မှာ သူတို့သည် အပန်းဖြေစခန်းအတွင်း မနက်စာစားရန် ရည်ရွယ်ထားကြခြင်း ဖြစ်သည်။ အပန်းဖြေစခန်း၏မနက်စာ မည်သို့ရှိသည်ကို သိချင်ကြသည်။
ထို့ကြောင့် စားသောက်တန်းကို ရှာဖွေနေသူများ မနည်းလှပေ။
မကြာမီ ဧည့်သည်အုပ်စုများသည် စားသောက်တန်းသို့ ရောက်ရှိသွားကြသည်။
"ရောက်ပြီ... ဒါက ထောင်ယွမ်ရွာ အပန်းဖြေစခန်းရဲ့ စားသောက်တန်းပဲ။ ကြီးလိုက်တာ"
ဧည့်သည်ဦးရေ များပြားလာခြင်းနှင့် အစားအစာ နာမည်ကြီးလာခြင်းတို့ကြောင့် မူလစားသောက်တန်းသည် ဧည့်သည်များကို လုံလောက်အောင် ဝန်ဆောင်မှု မပေးနိုင်တော့ပေ။
ထို့ကြောင့် ရှောင်လင်းယွီသည် စားသောက်တန်းကို တိုးချဲ့ခဲ့သည်။
ယခု စားသောက်တန်းသည် တက္ကသိုလ်ကန်တင်းများထက် ကြီးမားပြီး လူသောင်းချီ တစ်ပြိုင်နက်တည်း စားသောက်နိုင်သည်။
သို့သော် အစားအစာ အရည်အသွေးကိုမူ ဧည့်သည်များပြားလာသည့်အတွက် လျော့ကျသွားခြင်း မရှိစေရဘဲ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ထားသည်။
ရှောင်လင်းယွီသည် ဝန်ဆောင်မှုအပိုင်းကိုလည်း တင်းကျပ်ထားသည်။
ပြဿနာရှာသော ဧည့်သည်များ၊ သဘောထားဆိုးသော ဧည့်သည်များနှင့် ကြုံတွေ့ရပါက ဝန်ထမ်းများ မဖြေရှင်းနိုင်လျှင် တာဝန်ရှိသူများက ဖြေရှင်းပေးသည်။
အနိုင်ကျင့်သော ဧည့်သည်များကို အပန်းဖြေစခန်းက လုံးဝ သည်းခံမည် မဟုတ်ပေ။
ဧည့်သည်များက ဆိုင်ကြီးပြီး ဖောက်သည်ကို အနိုင်ကျင့်သည်ဟု အော်ဟစ်သော်လည်း အမှန်တရားသည် လူတိုင်း၏နှလုံးသားထဲတွင် ရှိသည်။ ထို့အပြင် အပန်းဖြေစခန်းတွင် သက်သေအထောက်အထားများ ရှိနေသဖြင့် မည်မျှပင်ခြိမ်းခြောက်ပါစေ အရာထင်မည် မဟုတ်ပေ။
"လူတွေ အများကြီးပဲ" စားသောက်တန်းသို့ ရောက်သောအခါ လူအများ စားသောက်နေကြသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားကြသည်။ ထို့နောက် မွှေးကြိုင်သော အနံ့ကို ရလိုက်သဖြင့် မျက်လုံးများ အရောင်လက်သွားပြီး အာမေဋိတ်သံ ထွက်လာသည်။ "မွှေးလိုက်တာ။ သွား... အထဲဝင်ကြည့်ရအောင်"
စားသောက်တန်းကြီးမားသလို အစားအစာ အမျိုးအစားလည်း စုံလင်လှသည်။ အမျိုးအစားပေါင်း ရာချီရှိပြီး စိတ်ကြိုက်ရွေးချယ်နိုင်သည်။
ဧည့်သည်များသည် မွှေးကြိုင်သော အစားအစာများကို မြင်လိုက်ရသောအခါ သွားရည်ကျလာကြသည်။ "ဒီအစားအစာတွေက အနံ့မွှေးပြီး စားချင်စရာ ကောင်းလိုက်တာ။ အကုန်လုံး မြည်းကြည့်ချင်တယ်"
"ဟားဟား... ဒီလောက်အများကြီး မင်း စားနိုင်ပါ့မလား။ ကဲ... ငါ မင်းကို မပြောတော့ဘူး။ ဗိုက်ဆာနေပြီ။ မြန်မြန်သွားစားတော့မယ်" ပြောပြီးသည်နှင့် သူစားချင်သော အစားအစာများကို သွားရွေးချယ်လေသည်။
စားသောက်တန်းအတွင်းမှ ချီးကျူးသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
"တကယ် စားကောင်းတာပဲ။ တခြားဟာ မပြောနဲ့ဦး... ဆန်ပြုတ်တစ်ခွက်တောင် သာမန်ဆန်ပြုတ်ထက် အများကြီး ပိုစားကောင်းတယ်"
"ပြီးတော့ မန်ထို၊ ပေါက်စီ၊ အီကြာကွေးတွေက စားကောင်းလွန်းလို့ လျှာတောင် မျိုချမိမတတ်ပဲ"
"နေ့တိုင်း စားချင်လိုက်တာ"
"ဒီမှာ လူခေါ်မလား မသိဘူး။ လူခေါ်ရင် ငါ ဒီမှာ လာလုပ်ပြီး နေ့တိုင်း စားတော့မယ်"
"နင့်ရဲ့ တစ်လ သောင်းချီရတဲ့ လစာကို စွန့်လွှတ်နိုင်လို့လား"
ဒီမှာ နေ့တိုင်း အစားကောင်း စားရပေမယ့် လစာက မများဘူး။ သာမန်ဝန်ထမ်းတစ်ဦးဆိုရင် ၂၀၀၀၊ ၃၀၀၀ လောက်ပဲ ရတာ။
ဒါပေမဲ့ တခြားနေရာတွေနဲ့ ယှဉ်ရင်တော့ နည်းနည်း ပိုများပါတယ်။
ထိုသူက ပြုံးကာ ပြောလိုက်သည်။ "ငါက ကုမ္ပဏီကြီးတစ်ခုရဲ့ ရုံးဝန်ထမ်းပဲလေ။ ဒီကိုလာရင် ရိုးရိုးဝန်ထမ်းပဲ လုပ်ရမယ်လို့ ဘယ်သူပြောလဲ။ ရုံးဝန်ထမ်း လုပ်လို့မရဘူးလား"
"ဩော်... ဟုတ်သားပဲ" ထိုသူ သဘောပေါက်သွားသည်။ "ဒီ ထောင်ယွမ်ရွာ အပန်းဖြေစခန်းက Green Fresh အုပ်စုရဲ့ ကုမ္ပဏီခွဲတစ်ခုလို့ ကြားတယ်။ Green Fresh အုပ်စုက အခု ဘီလီယံရာချီတန်တဲ့ ကုမ္ပဏီကြီးဖြစ်နေပြီ။ နင့်ရဲ့ လုပ်သက်နဲ့ ပညာအရည်အချင်းဆိုရင် ဒီမှာ ရုံးဝန်ထမ်းလာလုပ်ဖို့ ပြဿနာမရှိပါဘူး"
သူငယ်ချင်း၏ စကားကို ကြားသောအခါ သူမ၏ မျက်လုံးများ အရောင်လက်သွားသည်။ "ဟုတ်တယ်။ ငါ သွားစမ်းကြည့်လို့ ရတာပဲ။ လစာနည်းနည်း လျော့ရင်တောင် ကိစ္စမရှိဘူး။ ဒီလိုအစားအစာတွေ နေ့တိုင်း စားရရင် တန်ပါတယ်"
သူမနေထိုင်သော မြို့တွင်လည်း ထောင်ယွမ်ရွာ စူပါမားကတ် ရှိသည်။ သို့သော် နာမည်သာ ကြားဖူးပြီး ဝယ်စားလေ့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဝယ်၍ မရသောကြောင့် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် တစ်ခါနှစ်ခါ ဝယ်စားဖူးရာ အရသာကို စွဲလမ်းသွားခဲ့ရသည်။
"ဟုတ်တယ်။ ငါ သွားမေးကြည့်သင့်တယ်" သူမ ဆုံးဖြတ်ချက် ချလိုက်သည်။
ဘေးနားရှိ သူငယ်ချင်းက ခေါင်းခါလိုက်သည်။ "ခဏနေ စားပြီးရင် လျှောက်ကြည့်ကြမယ်လေ။ အားတဲ့အခါကျရင် ကုမ္ပဏီက လူခေါ်မခေါ် သွားမေးကြည့်တာပေါ့"
"ကောင်းပြီ" သူမ ခေါင်းညိတ်လိုက်သည်။
တကယ်တော့ သူမတစ်ယောက်တည်း ထိုသို့တွေးမိသည် မဟုတ်ပေ။ ဧည့်သည်အများစုသည် အစားအသောက်စားပြီးနောက် ထိုသို့တွေးမိကြသည်။
အစားအသောက်ကောင်းခြင်းသည် ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။
အစားအသောက်မက်သူများအတွက် နေ့တိုင်း အစားကောင်းစားရလျှင် ဘယ်နေရာမှာ အလုပ်လုပ်ရလုပ်ရ အတူတူပင် ဖြစ်သည်။
ထို့အပြင် ထောင်ယွမ်ရွာ Green Fresh အုပ်စုသည် လစာနှင့် ခံစားခွင့်များ အလွန်ကောင်းမွန်ကြောင်း သတင်းထွက်နေသည်။
ယခုအခါ ထောင်ယွမ်ရွာ Green Fresh အုပ်စုသည် ကုမ္ပဏီငယ်လေး မဟုတ်တော့ဘဲ အလားအလာရှိသော ကုမ္ပဏီကြီးတစ်ခု ဖြစ်လာသည်။
ထို့ကြောင့် ပညာအရည်အချင်း၊ လုပ်သက်နှင့် အတွေ့အကြုံရှိသော ဝန်ထမ်းကောင်းများ လာရောက်လုပ်ကိုင်ခြင်းသည် နစ်နာစရာ မရှိပေ။
လွန်ခဲ့သော ၂ နှစ်က အတွေ့အကြုံများအရ ရှောင်လင်းယွီသည် တံခါးဖွင့်လှစ်ပြီး နိုင်ငံတစ်ဝန်းမှ လူတော်လူကောင်းများကို ဖိတ်ခေါ်ခဲ့သည်။ စေတနာမှန်ကန်ပြီး အရည်အချင်းရှိသူများကို လက်ခံခဲ့သည်။
ကုမ္ပဏီတစ်ခုအတွက် လူတော်လူကောင်းများ မည်မျှရှိရှိ မလုံလောက်ပေ။
ကုမ္ပဏီတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကသော့ချက်မှာ လူ့စွမ်းအားအရင်းအမြစ်ပင် ဖြစ်သည်။
ထို့ကြောင့် နှစ်သစ်ကူးဒုတိယနေ့တွင် ရှောင်လင်းယွီသည် လက်မှတ်ရောင်းကောင်တာရှိ သတင်းပြန်ကြားရေးဌာနတွင် "အလုပ်လျှောက်ထားနိုင်သည်" ဟူသော ဆိုင်းဘုတ်ကြီးတစ်ခုကို ထောင်ထားလိုက်သည်။
အလုပ်လျှောက်ထားလိုသူများသည် ဤနေရာတွင် စာရင်းပေးသွင်းနိုင်သည်။ အရည်အချင်း ပြည့်မီပါက လူတွေ့စစ်ဆေးခြင်း ပြုလုပ်မည်ဖြစ်သည်။
ရာထူးကြီးများ ခန့်အပ်ခြင်းကို ရှောင်လင်းယွီ ကိုယ်တိုင်စစ်ဆေးသည်။
လျှောက်ထားသူ၏ စိတ်နေသဘောထားကို ရှောင်လင် စစ်ဆေးပေးသည်။
ရှောင်လင်းယွီ၏စစ်ဆေးမှုကို အောင်မြင်ပါက ကုမ္ပဏီတွင် သင့်လျော်သော ရာထူးတစ်ခု ပေးအပ်မည်ဖြစ်သည်။
လွန်ခဲ့သော ၂ နှစ်အတွင်း လူတော်လူကောင်းအချို့ကို အမှန်တကယ် ရရှိခဲ့သည်။
ယခု လုပ်ငန်းတိုးချဲ့ပြီး နိုင်ငံတစ်ဝန်း လွှမ်းခြုံနိုင်ရန် ရည်မှန်းထားသဖြင့် ဝန်ထမ်းခေါ်ယူခြင်းကို အစီအစဉ်ဆွဲပြီး ပြင်ဆင်ထားရမည် ဖြစ်သည်။
……
ရှောင်လင်းယွီ ခန့်မှန်းထားသည့်အတိုင်းပင် ယမန်နှစ် ဆောင်းရာသီ မက်မွန်ပန်းပွင့်ခြင်းကို ကြော်ငြာအဖြစ် အသုံးပြုခဲ့သဖြင့် ယခုအချိန်ထိ မက်မွန်ပန်းများ မကြွေသေးသောကြောင့် ဧည့်သည်အများအပြားသည် ပိတ်ရက်တွင် လာရောက်ကြည့်ရှုကြသည်။
ယမန်နှစ် နှစ်သစ်ကူးတွင် ညနေ ၃ နာရီ၊ ၄ နာရီခန့်မှ လက်မှတ်ရောင်းချမှုကို ရပ်ဆိုင်းခဲ့သည်။
ယခုနှစ်တွင်မူ နေ့လည် ၁၂ နာရီတွင် လူဦးရေ ပြည့်သွားသဖြင့် လက်မှတ်ရောင်းချမှုကို ရပ်ဆိုင်းလိုက်ရသည်။
လက်မှတ်ရောင်းဌာနနှင့် လုပ်ငန်းလည်ပတ်ရေးဌာနတို့က ရှောင်လင်းယွီအား သတင်းပို့ကြသည်။
"ဘော့စ်... အခု ၁၂ နာရီပဲ ရှိသေးတယ်။ လက်မှတ် ၁ သိန်း ၈ သောင်း ရောင်းကုန်သွားပြီ။ အပြင်မှာ ဧည့်သည်တွေ အများကြီး ကျန်နေသေးတယ်။ ဘယ်လိုလုပ်မလဲ။ ပြန်လွှတ်လိုက်လို့ မဖြစ်ဘူးလေ"
"ဘော့စ်... လက်မှတ်မရောင်းတော့ဘူးဆိုတာကြားတော့ ဧည့်သည်တွေ စိတ်လှုပ်ရှားနေကြတယ်။ ဝန်ထမ်းတွေ ထိန်းမရတော့ဘူး။ ဘယ်လိုလုပ်မလဲ"
ရှောင်လင်းယွီသည် သူတို့၏ တင်ပြချက်ကို နားထောင်ပြီးနောက် ခေတ္တမျှ စဉ်းစားပြီး မေးလိုက်သည်။ "အပြင်မှာ ဧည့်သည် ဘယ်လောက် ကျန်သေးလဲ။ ခန့်မှန်းလို့ရလား"
လက်မှတ်ရောင်းဌာန မန်နေဂျာက ပြောလိုက်သည်။ "ခန့်မှန်းရခက်တယ်။ ဒါပေမဲ့ အနည်းဆုံး ၂ သောင်း၊ ၃ သောင်းလောက် ကျန်ဦးမယ် ထင်တယ်။ နောက်ထပ်လည်း လာနေကြတုန်းပဲ"
"အရင် အတွေ့အကြုံအရဆိုရင် ညနေပိုင်း ဘယ်လောက် ထပ်လာနိုင်လဲ" ရှောင်လင်းယွီ မေးလိုက်သည်။
"သိပ်မများလောက်တော့ဘူး။ အများဆုံး ၁ သောင်း၊ ၂ သောင်းလောက်ပဲ ရှိမှာပါ။ ညနေပိုင်းရောက်ရင် သိပ်ကစားလို့မရတော့ဘူးလေ" အရောင်းမန်နေဂျာက ပြောလိုက်သည်။
"အပန်းဖြေစခန်းက လူဦးရေ ကန့်သတ်ထားတော့ လုံခြုံရေးအရ ဒီလူတွေကို ပေးဝင်လို့ မဖြစ်တော့ဘူး" ရှောင်လင်းယွီ စဉ်းစားပြီး ပြောလိုက်သည်။ "ဒီလိုလုပ်ပါ မန်နေဂျာရှောင်... အပြင်က ဧည့်သည်တွေကို ကြေညာပေးလိုက်ပါ။ မနက်ဖြန်အတွက် လက်မှတ်တွေကို ကြိုတင်ရောင်းချပေးမယ်။ လိုချင်တဲ့သူတွေ တန်းစီဝယ်လို့ရတယ်လို့ ပြောလိုက်"
မန်နေဂျာရှောင်က စဉ်းစားပြီး ပြောလိုက်သည်။ "ဧည့်သည်တွေ ပြဿနာရှာကြမလား။ မနက်ဖြန်မှ ဝင်ရမယ်ဆိုရင် ဒီည ဒီမှာ တည်းခိုရမယ်လေ။ ကုန်ကျစရိတ် ပိုများသွားမှာမို့လို့ သူတို့ လက်ခံပါ့မလား"
ရှောင်လင်းယွီက ပြုံးကာ ပြောလိုက်သည်။ "ပြဿနာရှာတာတော့ ရှိမှာပေါ့။ ဒါပေမဲ့ ငါတို့ကို အပြစ်တင်လို့ မရဘူးလေ။ စောစောလာတဲ့သူတွေ ဝင်သွားကြပြီ။ သူတို့ နောက်ကျမှ လာတာကိုး။ ငါတို့ ဘယ်တတ်နိုင်မလဲ"
ဦးသူယူစနစ်ပဲလေ။ အထဲကလူ မထွက်ရင် အပြင်ကလူ ဝင်လို့မရဘူး။
ထောင်ယွမ်ရွာ အပန်းဖြေစခန်းက ရှုခင်းလှတယ်၊ ကစားစရာများတယ်၊ အစားအသောက်ကောင်းတယ်။ ဧည့်သည်အများစုက ညမိုးချုပ် ဆိုင်ပိတ်မှ ပြန်ထွက်ကြတာ။
တခြားအပန်းဖြေစခန်းတွေလို ၂ နာရီ၊ ၃ နာရီလောက် လျှောက်ကြည့်ပြီး ပြန်ထွက်ကြတာ မဟုတ်ဘူး။ လူဝင်လူထွက်များရင် လူဦးရေ ကန့်သတ်စရာ မလိုဘူးလေ။
ထိုအချိန်တွင် လုပ်ငန်းလည်ပတ်ရေးဌာန မန်နေဂျာဆန်းရှစ်က မေးလိုက်သည်။ "ဘော့စ်... ဧည့်သည်တွေ ဆန္ဒပြကြလောက်မလား" မကုန်သင့်တဲ့ပိုက်ဆံ ကုန်သွားရင် ဘယ်သူမှ မကျေနပ်ကြဘူးလေ။
ရှောင်လင်းယွီက ပြုံးကာ ပြောလိုက်သည်။ "အခု သူတို့ကို ပေးဝင်လိုက်ရင်တောင် မနက်ဖြန် ထပ်လာကြဦးမှာပဲ။ ယုံလား"
အရောင်းမန်နေဂျာနှင့် လုပ်ငန်းလည်ပတ်ရေးမန်နေဂျာတို့ ကြောင်အသွားပြီးနောက် သဘောပေါက်သွားကြသည်။
"ဟားဟား... ဟုတ်သားပဲ" နှစ်ယောက်စလုံး ရယ်မောလိုက်ကြသည်။
ရှောင်လင်းယွီက လက်ကာပြလိုက်ပြီး ပြောလိုက်သည်။ "စောစောက ပြောတဲ့အတိုင်း လုပ်လိုက်ပါ။ စကားလုံးကိုတော့ ကိုယ့်ဘာသာ ရွေးသုံးကြ။ ဧည့်သည်တွေ ကျေကျေနပ်နပ် လက်ခံအောင် ပြောကြ"
အစီအစဉ် ချပေးပြီးပြီ။ လက်တွေ့အကောင်အထည်ဖော်မှု အားနည်းရင်တော့ လူလဲဖို့ စဉ်းစားရတော့မယ်။
"ဟုတ်ကဲ့... ဘော့စ်" နှစ်ယောက်စလုံး ရှောင်လင်းယွီ၏ သဘောထားကို နားလည်လိုက်ကြသည်။
အရောင်းမန်နေဂျာနှင့် လုပ်ငန်းလည်ပတ်ရေးမန်နေဂျာတို့သည် ဌာနအတွင်း စာအရေးအသား အကောင်းဆုံးဝန်ထမ်းများကို ခေါ်ယူပြီး ကြေညာချက်ရေးသားစေသည်။ သေချာပြင်ဆင်ပြီးမှ ကြေညာလိုက်လျှင် ဧည့်သည်အများစု လက်ခံကြလိမ့်မည်ဟု ယုံကြည်သည်။
***