← Chapters

အခန်း (၉၄၉-၉၅၀)

Vol. 58 Ch. 949-950

အခန်း (၉၄၉-၉၅၀)

Vol. 58 Ch. 949-950

အခန်း ၉၄၉ ။ အပြီးသတ် ဖြေရှင်းခြင်း (အပိုင်း ၁)

အကယ်၍ အစ်ကိုကြီး၊ မရီးတို့က အန်းယန်ကို အိုးမခွဲစေချင်ဘူးဆိုရင် သူတို့ရဲ့ စီးပွားရေးလမ်းကြောင်း တစ်ခု ပြတ်တောက်သွားသလို ဖြစ်သွားမှာပေါ့။ ဒါက သူတို့ကို သတ်နေတာနဲ့ အတူတူပဲ။

ပြီးတော့ စောစောက အစ်ကိုကြီး ဘာပြောသွားလဲ။ နောက်ပိုင်း အန်းယန်ရဲ့ ကိစ္စတွေကို သူတို့နဲ့ မဆိုင်တော့ဘူးတဲ့။ နောက်ပိုင်း ဆွေမျိုး အရင်းအချာ အနေနဲ့ ဆက်ဆံတာကလွဲရင် သူတို့ ဘာပိုက်ဆံမှ ထပ်ပေးမှာ မဟုတ်ဘူးတဲ့။

ဒါ ဘယ်လို ဖြစ်နိုင်မလဲ။

သူတို့ ပိုက်ဆံမပေးရင် နောက်ပိုင်း အန်းယန် မိန်းမယူဖို့ ဘယ်လိုလုပ်မလဲ။ အနည်းဆုံး ယွမ် တစ်သိန်းကျော် လိုအပ်တာလေ။

သူတို့ လက်ထဲမှာ ပိုက်ဆံတချို့ ရှိပေမဲ့ အဲဒါတွေက သူတို့ အသက်ကြီးလာရင် သုံးဖို့ စုထားတာ၊ ထုတ်မသုံးရက်ဘူး။

ဒါကြောင့် အန်းယန် မိန်းမယူဖို့၊ သူတို့ မြေးချီရဖို့ မျှော်လင့်ချက် အားလုံးက အစ်ကိုကြီး၊ မရီးတို့အပေါ် ပုံအောထားတာ။

ဦးလေးအန်းသည် အံ့သြတုန်လှုပ်ပြီးနောက် မျက်နှာထား တင်းမာသွားသည်။ သူ နှုတ်ခမ်းကို လှုပ်လိုက်ပြီး မယုံကြည်နိုင်စွာ မေးလိုက်သည်။ "အစ်ကိုကြီး... ခင်ဗျား မှားပြောမိတာများလား။ အန်းယန်ကို အိုးမခွဲစေချင်ဘူး ဟုတ်လား။ ခင်ဗျားတို့ အန်းယန် မိန်းမယူဖို့ ပိုက်ဆံမထုတ်ပေးချင်ရင်တောင် ဒီအကြောင်းပြချက်ကို မသုံးသင့်ပါဘူး"

ဦးလေးအန်းက အစ်ကိုကြီး၊ မရီးတို့ရဲ့ စကားကို လုံးဝ မယုံကြည်ဘူး။ အန်းယန် မိန်းမယူဖို့ ပိုက်ဆံမထုတ်ပေးချင်လို့ ပြောတာလို့ပဲ သူ ထင်တယ်။

အဲဒီလို တွေးမိတော့ ဦးလေးအန်း အသက်ပြင်းပြင်းရှိုက်လိုက်ပြီး ပြောလိုက်သည်။ "အစ်ကိုကြီး၊ မရီး... ခင်ဗျားတို့ ယွမ် တစ်သန်းက များတယ်လို့ ထင်ရင် ဒီလိုလုပ်ကြမလား။ ယွမ် ၈ သိန်းပဲ ပေးပါ... ဪ... မဟုတ်ဘူး... ယွမ် ၆ သိန်းပဲ ပေးပါ။ အန်းယန် မိန်းမယူနိုင်အောင်တော့ အရင်လုပ်ပေးသင့်တယ် မဟုတ်လား"

လုံခြုံရေး ဝန်ထမ်းက ဒီလောက် မျက်နှာပြောင်တိုက်တဲ့ စကားကို ကြားတော့ သူ့ရဲ့ အတွေးအခေါ်တွေ ပြောင်းပြန်လှန်သွားသလို ခံစားလိုက်ရတယ်။

ဒါ ဘာယုတ္တိလဲကွာ။ ကိုယ့်သား မိန်းမယူတာကို အစ်ကိုကြီး၊ မရီးက ပိုက်ဆံထုတ်ပေးရမယ် ဟုတ်လား။

လုံခြုံရေး ဝန်ထမ်းက ရယ်ချင်နေပေမဲ့ ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး အသံထွက်မရယ်ရဲလို့ အောင့်ထားရတယ်၊ မျက်နှာကြီးက တုန်နေတယ်။

ရှောင်ဝမ်ကတော့ သူတို့နဲ့ ကွေ့ဝိုက်မနေတော့ဘူး။ သူ လေးနက်တည်ကြည်တဲ့ မျက်နှာထားနဲ့ ပြောလိုက်သည်။ "ခင်ဗျားတို့ မှားနေပြီလား၊ ဒါမှမဟုတ် သေချာ နားမလည်တာလား။ ဦးလေးနဲ့ အဒေါ်က ရှင်းရှင်းလင်းလင်း ပြောပြီးပြီလေ။ နောက်ပိုင်း သူတို့အတွက် ခင်ဗျားတို့သား အန်းယန် အိုးခွဲပေးစရာ မလိုတော့ဘူး။ သဘာဝကျကျပဲ အန်းယန်ရဲ့ ကိစ္စ အားလုံးကို သူတို့ တာဝန်ယူမှာ မဟုတ်တော့ဘူး။ အန်းယန် မိန်းမယူဖို့ ပိုက်ဆံလည်း ထုတ်ပေးမှာ မဟုတ်တော့ဘူး"

စောစောက အန်းယန် ဘာမှဝင်မပြောဘဲ မိဘတွေ ပြောတာပဲ နားထောင်နေတာ။

အခု ရှောင်ဝမ် ပြောတာ ကြားပြီး ရှောင်ဝမ်ရဲ့ ပုံစံကို ကြည့်လိုက်တော့ ရင်ထဲက မကောင်းတဲ့ ခံစားချက်က ပိုပြင်းထန်လာတယ်။ သူ မျက်နှာ မည်းမှောင်သွားပြီး မနေနိုင်ဘဲ မေးလိုက်သည်။ "ခင်ဗျားက ဘယ်သူလဲ။ ကျွန်တော်တို့ အိမ်တွင်းရေးက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။ ကျွန်တော့် ဦးလေးနဲ့အဒေါ်က ကျွန်တော့်ကို အိုးမခွဲစေချင်ဘူး ဟုတ်လား။ ဒါဆို ခင်ဗျားလို အပြင်လူကို အိုးခွဲခိုင်းမလို့လား"

အန်းယန်ရဲ့ စကားကို ကြားပေမဲ့ ရှောင်ဝမ် စိတ်မဆိုးပါဘူး။ ဒါပေမဲ့ သူ့ရဲ့ နောက်ဆက်တွဲ စကားက ဦးလေးအန်းမိသားစုကို မီးလောင်ရာ လေပင့်သလို ဖြစ်သွားစေတယ်။

ရှောင်ဝမ်က ရိုးသားစွာ ပြုံးပြီး ပြောလိုက်သည်။ "ဦးလေးနဲ့ အဒေါ်က ကျွန်တော့်ကို အိုးခွဲမခိုင်းပေမဲ့ နောင်ကျ ကျွန်တော့်သားက သူတို့အတွက် အိုးခွဲပေးလို့ ရတယ်လေ"

"မင်း ဘာပြောလိုက်တာလဲ" သုံးယောက်သား မယုံကြည်နိုင်စွာ အာမေဋိတ်သံ ပြုလိုက်ကြသည်။ မျက်လုံးများ ပြူးကျယ်လျက် ပြောလိုက်ကြသည်။ "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ဘာလို့ မဖြစ်နိုင်ရမှာလဲ" ရှောင်ဝမ်က သူတို့ကို အထင်အမြင်သေးစွာ ကြည့်ပြီး ပြောလိုက်သည်။ "ကျွန်တော်နဲ့ ရှောင်ဟွေ လက်ထပ်ပြီးရင် မွေးလာတဲ့ သားက အန်းမျိုးရိုး ယူမှာလေ။ ဦးလေးနဲ့ အဒေါ်ရဲ့ မြေးအရင်းပဲ။ မြေးအရင်းကလည်း အိုးခွဲပေးလို့ ရတာပဲ မဟုတ်လား"

ရှောင်ဝမ်ရဲ့ စကားကို ကြားတော့ ဦးလေးအန်း သဘောပေါက်သွားတယ်။ ချက်ချင်းပဲ သူ့ရဲ့ အံ့သြတုန်လှုပ်တဲ့ မျက်နှာထားက အထင်အမြင်သေးတဲ့ မျက်နှာထား အဖြစ် ပြောင်းလဲသွားတယ်။ သူ အဖေအန်းကို ကြည့်ပြီး အေးစက်စွာ ရယ်မောရင်း ပြောလိုက်သည်။ "အစ်ကိုကြီး... ဆိုတော့ ခင်ဗျားတို့က အဲဒီကောင်မလေးအတွက် သားမက် အိမ်ခေါ်တင်လိုက်တာပေါ့။ ဒါကြောင့် အားကိုးစရာ ရှိသွားပြီး ကျွန်တော်တို့ အန်းယန် အိုးခွဲပေးတာကို အထင်သေးသွားတာပေါ့။ အစ်ကိုကြီး၊ မရီး... သားမက် အိမ်ခေါ်တင်လိုက်ရင် ရွာပြန်ရောက်တဲ့အခါ လူတွေရဲ့ အတင်းအဖျင်း ပြောတာ၊ လှောင်ပြောင်တာ၊ အထင်သေးတာတွေကို မကြောက်ဘူးလား"

သူတို့ရွာက အဲဒီလိုပဲ။

သမီးမွေးပြီး သားမမွေးတဲ့ အိမ်က ဆွေမျိုးသားချင်းတွေရဲ့ ကလေးကို အိုးခွဲခိုင်းရင် ခိုင်းမယ်၊ သားမက် အိမ်ခေါ်တင်ဖို့တော့ ဝန်လေးကြတယ်။ အဲဒါက လူတွေရဲ့ လှောင်ပြောင်တာ၊ ကဲ့ရဲ့တာ ခံရတတ်လို့လေ။

ဦးလေးအန်းရဲ့ လှောင်ပြောင်တာကို ခံရပေမဲ့ အဖေအန်း စိတ်မဆိုးဘဲ တည်ငြိမ်နေတယ်။

သူ ဦးလေးအန်းကို ကြည့်ပြီး ပြောလိုက်သည်။ "ညီလေး... မင်း နားလည်မှု လွဲနေပြီ။ ငါတို့ ရှောင်ဟွေက သားမက် အိမ်ခေါ်တင်တာ မဟုတ်ဘူး၊ ကလေးကို အိမ်ထောင်ချပေးမှာ။ ဒါပေမဲ့ သူ့အမျိုးသားက သဘောထားကြီးလို့ မွေးလာတဲ့ ပထမဆုံး သားယောကျ်ားလေးကို ငါတို့ အန်းမျိုးရိုး ပေးမယ်လို့ သဘောတူထားတာ"

"ဘာ..." ဦးလေးအန်း သိသိသာသာ မယုံကြည်နိုင် ဖြစ်သွားသည်။ သူ အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ "မဖြစ်နိုင်ဘူး... အန်းရှောင်ဟွေ အဲဒီကောင်မစုတ်က ဘယ်လိုလုပ် ဒီလောက် ကံကောင်းပြီး ဒီလို ယောက်ျားကောင်းမျိုးနဲ့ တွေ့နိုင်မှာလဲ"

သူတို့ ကျေးလက်ဒေသက လူတွေအတွက်ကတော့ အိမ်ထောင်ပြုသွားတဲ့ သမီးမိန်းကလေး ဆိုတာ ရေသွန်လိုက်သလိုပဲ။ မွေးလာတဲ့ကလေးက သေချာပေါက် ယောကျ်ားဘက်က မျိုးရိုးပဲ ယူရမှာ။ ပိုက်ဆံကုန်ခံပြီး မိန်းမယူထားတဲ့ ယောက်ျားက ကိုယ့်ကလေးကို သူများမျိုးရိုး ပေးဖို့ ဘယ်လိုလုပ် သဘောတူမှာလဲ။ သားမက် အိမ်ခေါ်တင်တာကလွဲရင်ပေါ့။

အမေအန်းက အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။ "ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ငါတို့ ရှောင်ဟွေက ကံကောင်းလို့ ဒီလောက်ကောင်းတဲ့ ယောက်ျားနဲ့ တွေ့တာပေါ့။ ဒါပဲလေ... လူက ဒီမှာ ရပ်နေတာပဲ မဟုတ်လား"

ဦးလေးအန်းက သူတို့စကားကို လုံးဝ မယုံကြည်ဘဲ ပြောလိုက်သည်။ "ဟဟ... ဒါ ခင်ဗျားတို့ ပြောနေတာပဲ ရှိသေးတာ။ တကယ်လို့ အန်းရှောင်ဟွေက အိမ်ထောင်ပြုတာဆိုရင် ကျွန်တော်တို့ကို ပြလိုက်လေ။ မဟုတ်ရင်..."

"ကောင်းပြီ" ဦးလေးအန်း စကားမဆုံးခင်မှာပင် ရှောင်ဝမ်က ဖြတ်ပြောလိုက်သည်။ သူ အဖေအန်း၊ အမေအန်းတို့ကို ကြည့်ပြီး ပြောလိုက်သည်။ "အဖေ၊ အမေ... ရှောင်ဟွေကို အဖေတို့ ဇာတိမှာပဲ ဂုဏ်ရှိရှိ မင်္ဂလာဆောင်ပေးမယ်။ ပြီးတော့ နောက်ပိုင်း မွေးလာတဲ့ ပထမဆုံး သားယောကျ်ားလေးက အဖေတို့ အန်းမျိုးရိုးယူမယ်ဆိုတာ လူတိုင်းသိအောင် ကြေညာပေးမယ်။ အန်းရှောင်ဟွေက ယောက်ျားကောင်း တစ်ယောက်ရထားတယ် ဆိုတာ လူတိုင်း မြင်အောင် ပြလိုက်မယ်"

အဖေအန်း၊ အမေအန်းတို့ စိတ်လှုပ်ရှားပြီး မျက်ရည်များ သုတ်ကာ ပြောလိုက်ကြသည်။ "ကောင်းတယ်... ကောင်းတယ်"

သူတို့ အခု နောက်ဆုံးတော့ သူတို့ သေရင် အိုးခွဲပေးမယ့်သူ မရှိမှာကို စိတ်ပူစရာ မလိုတော့ဘူး။

ဦးလေးအန်းမိသားစု ရှောင်ဝမ်ရဲ့ စကားကို ကြားတော့ မျက်နှာပေါ်မှာ အံ့သြတုန်လှုပ်မှုတွေ ထပ်ပေါ်လာပြန်တယ်။ သူတို့ ပိုမို မယုံကြည်နိုင် ဖြစ်နေကြတယ်။

တကယ်ပဲ ဒီလောက် သဘောထားကြီးတဲ့ ယောက်ျားမျိုး ရှိတာလား။

သားမက်က သူတို့အတွက် မျက်နှာရအောင် လုပ်ပေးနေတော့ အဖေအန်းကလည်း အားကျမခံ ပြောလိုက်သည်။ "ညီလေး၊ ညီမလေး... နောက်ရက်နည်းနည်းကြာရင် ငါ့သမီးနဲ့ သားမက် မင်္ဂလာဆောင်မယ့် နေ့ထူးနေ့မြတ် ရောက်တော့မယ်။ အဲဒီကျရင် မင်းတို့ သေချာပေါက် တက်ရောက်ရမယ်နော်"

ဦးလေးအန်းမိသားစု မျက်နှာ ချက်ချင်း ပြာနှမ်းသွားသည်။

ဒါပေမဲ့ ဦးလေးအန်းမိသားစုက သူတို့ မိသားစုရဲ့ စီးပွားရေးလမ်းကြောင်း ဒီလို ပြတ်တောက်သွားတာကို ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ။

အထူးသဖြင့် အန်းယန်ပေါ့။

ငယ်ငယ်ကတည်းက သူ စားသမျှ၊ ဝတ်သမျှ၊ သုံးသမျှ၊ ပိုက်ဆံလိုသမျှ နေရာတိုင်းမှာ သူ့ဦးလေးနဲ့အဒေါ်က ထုတ်ပေးခဲ့တာ။ ပြီးတော့ သူ ငယ်ငယ်ကတည်းက ကြားဖူးတာက ဦးလေးနဲ့အဒေါ်ရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးက သူ့ပစ္စည်းတွေတဲ့။

သူ့ဦးလေးနဲ့အဒေါ်က အရင်တုန်းက ပိုက်ဆံ သိပ်မရှိပေမဲ့ သူတို့ မြို့နယ်မှာ အိမ်တစ်လုံး ဝယ်ထားတယ်။ ပြီးတော့ အန်းရှောင်ဟွေ အလုပ်စလုပ်ကတည်းက တစ်ခါတလေ ပိုက်ဆံ နည်းနည်း ပို့ပေးတတ်တယ်။ နည်းရင် တစ်ထောင်၊ များရင် ငါးထောင်၊ ခြောက်ထောင်။ အဲဒီ ပိုက်ဆံတွေ အကုန်လုံးက သူ့အိတ်ကပ်ထဲ ရောက်လာတာ။

ဒါပေမဲ့ သူ ကောင်းကောင်း သိတာက သခင်ကြီး၊ အဘွားကြီးက သူ့ကို ဒီလောက် ကောင်းတာ၊ သူ တောင်းသမျှ ဖြည့်ဆည်းပေးတာက သူတို့က သူ့ကို အကူအညီ လိုနေလို့လေ။ သူတို့ သေရင် သူက အိုးခွဲပေးရဦးမှာ။

ဒါပေမဲ့ ဒီအကူအညီကို သူတို့ မလိုအပ်တော့ဘူး ဆိုရင်ကော။ ဒါဆိုရင် သူ ဘာမှ မရတော့ဘူးပေါ့။ အိမ်၊ ပိုက်ဆံ...

စဉ်းစားမိသည်နှင့် အန်းယန် ရင်ထဲတွင် ထိတ်လန့်လာသည်။ သူ အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ "ဦးလေး၊ အဒေါ်... ခင်ဗျားတို့က ဒီလို ပြင်ပလူ တစ်ယောက်ကို ယုံကြည်လိုက်တာလား။ တကယ်လို့ သူ ကတိပေးထားတာတွေ နောက်ကျမှ ပြန်ဖျက်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ဒါမှမဟုတ် နောက်ပိုင်း သူတို့ သားယောကျ်ားလေး မမွေးနိုင်ရင် ဘယ်လိုလုပ်မလဲ"

"အန်းယန်" အမေအန်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ "နင်သာ သားယောကျ်ားလေး မမွေးနိုင်မှာ" နောက်ဆုံး စကားက အမေအန်းကို လုံးဝ ဒေါသထွက်စေခဲ့သည်။

"ငါ့သားမက်က ဒီလောက် သန်မာထွားကျိုင်းတာ၊ ပြီးတော့ သူတို့ မိသားစုက သုံးဆက်တိုင်တိုင် သားယောကျ်ားလေးတွေချည်း မွေးလာတာ။ သူနဲ့ ရှောင်ဟွေ သေချာပေါက် သားယောကျ်ားလေးတွေ အများကြီး မွေးလာမှာ။

နင်တို့ အန်းမိသားစုကို ပြန်ကြည့်လိုက်ဦး။ နင့်မိဘတွေက ညီအစ်ကို နှစ်ယောက်ရှိပေမဲ့ ငါ့အိမ်က သားယောကျ်ားလေး မမွေးနိုင်ဘူး။ နင့်အိမ်ကျတော့လည်း သမီးမိန်းကလေး နှစ်ယောက် မွေးပြီးမှ နင်တစ်ယောက်တည်း သားယောကျ်ားလေး မွေးနိုင်တာ။ အန်းမိသားစုတစ်ခုလုံးမှာ နင် တစ်ယောက်တည်း မျိုးဆက် ရှိတာ။ သားယောကျ်ားလေး မမွေးနိုင်ဘူးဆိုရင် နင်ကသာ မမွေးနိုင်မှာ"

အန်းယန်ကို အားမကိုးတော့ဘူး ဆိုကတည်းက အမေအန်းက စကားပြောရင် အားနာစရာအကြောင်း မရှိတော့ဘူး။

သူတို့က ကိုယ့်သမီး သားယောကျ်ားလေး မမွေးနိုင်ဘူး၊ မြေးမရဘူး ဆိုပြီး ကျိန်ဆဲရဲမှတော့ သူမကလည်း သူတို့ သားယောကျ်ားလေး မမွေးနိုင်ဘူး၊ မြေးမရဘူး ဆိုပြီး ပြန်ကျိန်ဆဲလိုက်တာပေါ့။

"လျိုကွေ့ဖန်း... မိန်းမယုတ်မ၊ ငါ့သား အန်းယန်ကို သားယောကျ်ားလေး မမွေးနိုင်ဘူးလို့ ကျိန်ဆဲရဲတယ်ပေါ့။ နင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ်" ဒုတိယအဒေါ်အန်းလည်း ဒေါသထွက်ပြီး အမေအန်း ပါးစပ်ကို ဝင်ဆွဲဖို့ ပြင်လိုက်သည်။

ရှောင်ဝမ်က သူမကို တွန်းထုတ်လိုက်ပြီး မျက်နှာမည်းမှောင်လျက် ပြောလိုက်သည်။ "ခင်ဗျားတို့က ကျွန်တော်တို့ကို သားယောကျ်ားလေး မမွေးနိုင်ဘူးလို့ ပြောလို့ရပြီး ကျွန်တော်တို့ကကျတော့ ခင်ဗျားတို့ကို သားယောကျ်ားလေး မမွေးနိုင်ဘူးလို့ ပြန်ပြောလို့ မရဘူးလား"

ဒီမိသားစုက တကယ့် အစွန်းရောက်တွေပဲ။

ဦးလေးအန်းက ဒေါသတကြီးဖြင့် အဖေအန်းကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။ "မင်း ဒီလိုမျိုး ငါတို့ အန်းမိသားစု မျိုးဆက်ပြတ်မယ်လို့ ကျိန်ဆဲတာ၊ မင်း မိဘတွေကို မျက်နှာချင်းဆိုင်ရဲလား၊ အန်းမိသားစု ဘိုးဘေးတွေကို မျက်နှာချင်းဆိုင်ရဲလား"

အဖေအန်း မျက်နှာလည်း ပြာနှမ်းနေသည်။ သူ အေးစက်စွာ ပြောလိုက်သည်။ "မင်းတို့က အရင် ကျိန်ဆဲတာလေ"

အန်းယန်က ပြောသည်။ "ကျွန်တော် အရင်ပြောမိရင်တောင် ကျွန်တော်က အန်းမျိုးရိုးလေ။ အဘွားကြီးက ကျွန်တော်တို့ကို သားယောကျ်ားလေး မမွေးနိုင်ဘူးလို့ ဘယ်လို ပြောထွက်ရတာလဲ။ ဒါက မိဘဘိုးဘွားတွေကို မရိုသေတာ မဟုတ်ဘူးလား"

အဖေအန်းက ပြောသည်။ "ငါလည်း အန်းမျိုးရိုးပဲလေ။ နောက်ပိုင်း ရှောင်ဟွေ မွေးလာမယ့် သားကလည်း အန်းမျိုးရိုးပဲ"

အန်းယန် "..."

ဒါက ဆက်ပြောလို့ မရတော့ဘူး။

ဒါပေမဲ့ ရင်ထဲမှာ မကျေနပ်ဘူး၊ လုံးဝ မကျေနပ်ဘူး။

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၅၀ ။ အပြီးသတ် ဖြေရှင်းခြင်း (အပိုင်း ၂)

အဖေအန်း၊ အမေအန်းတို့နှင့် အန်းယန် မိသားစုတို့သည် ငြင်းခုံလို့ မဆုံးနိုင် ဖြစ်နေကြသည်။

ဒုတိယအဒေါ်အန်းက ရုတ်တရက် ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီး ရမ်းကားစွာ ပြောလိုက်သည်။ "အို... တကယ် အနိုင်ကျင့်တာပဲ။ တကယ် အနိုင်ကျင့်တာပဲ၊ ငါတို့လို ဆင်းရဲတဲ့ဆွေမျိုးတွေ လာတာကို မဧည့်ခံတဲ့အပြင် မောင်းထုတ်နေကြသေးတယ်"

ထောင်ယွမ်ရွာထဲမှာ မူလကတည်းက လူတွေ အများကြီးရှိတယ်။ ခရီးသွားတွေက ကုမ္ပဏီ နယ်မြေထဲ ဝင်ခွင့်မရှိပေမဲ့ ရွာသားတွေနဲ့ အသွားအလာများတဲ့ ကုမ္ပဏီဝန်ထမ်းတွေ ရှိနေတယ်။

"ဟေ့... ဒါ ဌာနမှူးအန်းရဲ့အိမ် မဟုတ်ဘူးလား" ဖြတ်သွားဖြတ်လာ တစ်ယောက်က သံသယဖြင့် မေးလိုက်သည်။ "ဒါ ဌာနမှူးအန်းရဲ့ ဆွေမျိုးလား"

"ဌာနမှူးအန်းက အိမ်မှာ မရှိဘူး ထင်တယ်၊ စောစောကပဲ ဌာနမှူးအန်း ကုမ္ပဏီ သွားတာ တွေ့လိုက်တယ်။ အိမ်မှာ သူ့မိဘတွေ ရှိလောက်တယ်"

"ဌာနမှူးအန်း မိဘတွေ ရှိနေတာလား။ ဒါဆို အခု သူတို့အိမ်မှာ ရောက်နေတာက ဘယ်ဆွေမျိုးမို့လို့ အိမ်ရှေ့မှာ အော်ဟစ်ဆူညံနေရတာလဲ"

"ငါ ကြားတာတော့ ဌာနမှူးအန်းရဲ့ ဦးလေး မိသားစုတဲ့" တစ်ယောက်က သတင်းရထားပုံရသည်။ မနေ့က ဥက္ကဌက ဧည့်ကြိုဌာနကို အမိန့်ပေးထားတယ်၊ တကယ်လို့ တစ်ယောက်ယောက်က ကုမ္ပဏီကို လာပြီး ဌာနမှူးအန်းရဲ့ ဦးလေးပါ၊ ဆွေမျိုးပါ ဆိုပြီး လာပြောရင် ကုမ္ပဏီထဲ ဝင်ခွင့်မပေးနဲ့တဲ့။

"မဟုတ်ပါဘူး... ဒါ ဘယ်လို ဆွေမျိုးမို့လို့ ရောက်တာနဲ့ အော်ဟစ်ဆူညံနေရတာလဲ"

"သွားကြည့်ကြမလား"

"ကုမ္ပဏီ အလုပ်တွေ ပြီးပြီလား။ သွားကြည့်ရအောင်၊ ဌာနမှူးအန်းအိမ်က ပြဿနာက ကြည့်ကောင်းလို့လား"

"ဟီးဟီး... တကယ်တော့ ငါ သိချင်လို့ပါ၊ ဌာနမှူးအန်းအိမ်က ဆွေမျိုးတွေက ဘယ်လို အစွန်းရောက်တွေလဲ ဆိုတာ"

ကုမ္ပဏီ ဝန်ထမ်းတွေကတော့ စိုးရိမ်စိတ်ရှိလို့ အလွယ်တကူ လာကြည့်ရဲကြမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ထောင်ယွမ်ရွာသားတွေကတော့ မဟုတ်ဘူး။

အန်းရှောင်ဟွေအိမ်မှာ ပြဿနာဖြစ်နေတာ မြင်တော့ ရောက်လာကြတယ်။

"ဟေ့... ဒါ ရှောင်ဟွေအိမ် မဟုတ်ဘူးလား။ ဘာလို့ ပြဿနာ ဖြစ်နေတာလဲ"

"ရှောင်ဟွေက အလုပ်သွားလောက်ပြီ၊ အိမ်မှာ ရှောင်ဟွေ မိဘတွေပဲ ရှိမှာ။ သွား... သွားကြည့်ကြရအောင်၊ ရှောင်ဟွေရဲ့မိဘတွေ အနိုင်ကျင့်ခံရမှာ စိုးလို့"

"အင်း... သွားကြည့်ကြတာပေါ့"

ထို့နောက် ရွာသားများ ဝိုင်းအုံလာကြသည်။

ဒုတိယအဒေါ်အန်း၏ ငိုယိုအော်ဟစ်သံများကို ကြားလိုက်ရသည်။ "အို... တကယ် အနိုင်ကျင့်တာပဲ။ အန်းရှောင်ဟွေ အဲဒီကောင်မလေးက ငါတို့ကို ဖိတ်ခေါ်ထားတာ၊ ဒါပေမဲ့ အိမ်ရှေ့ရောက်တော့ ငါတို့လို ဆင်းရဲတဲ့ ဆွေမျိုးတွေကို အထင်သေးပြီး အိမ်ရှေ့မှာတင် တစ်မိသားစုလုံးကို အနိုင်ကျင့်နေတယ်"

အန်းရှောင်ဟွေ မရှိသော်လည်း ဒုတိယအဒေါ်အန်းက ရေပုပ်ရေစပ်များကို အန်းရှောင်ဟွေအပေါ် တိုက်ရိုက် လောင်းချလိုက်သည်။

ဘာလို့လဲဆိုတော့ ဒီအရာအားလုံးက အန်းရှောင်ဟွေ အဲဒီကောင်မစုတ် နောက်ကွယ်ကနေ သူတို့ကို ဒုက္ခပေးနေတာ။

သူမက သူမမိဘတွေကို လာမခေါ်ရင် အစ်ကိုကြီး၊ မရီးတို့က ပိုက်ဆံပေး၊ အိမ်ဝယ်၊ ကားဝယ်ဖို့ သဘောတူလောက်ပြီ။

သူနဲ့ သူ့ယောက်ျား နောက်ကွယ်ကနေ မရှုပ်ရင် အစ်ကိုကြီး၊ မရီးတို့ သေပြီးနောက် ပိုင်ဆိုင်မှု အားလုံးက သူတို့ အန်းယန် ရမှာ။

ဒီအရာအားလုံးက အန်းရှောင်ဟွေ အဲဒီကောင်မစုတ် နောက်ကွယ်ကနေ မြှောက်ပေးထားတာ သေချာတယ်။

အခု ဒီနေရာက အန်းရှောင်ဟွေ အလုပ်လုပ်တဲ့နေရာလေ၊ သူမက အန်းရှောင်ဟွေရဲ့ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးချင်တာ။ နာမည်ပျက်သွားရင် ကုမ္ပဏီက သူမကို ဆက်ထားမှာ မဟုတ်ဘူး၊ ဒါဆို သူမရဲ့ လစာကောင်းကောင်းတွေလည်း ပျောက်သွားပြီ။

ပိုက်ဆံမရှိတော့ရင် သူမ ရှာထားတဲ့ ဒီယောက်ျားက သူမကို လိုချင်ဦးမလား ကြည့်ရသေးတာပေါ့။

"ငါတို့က အန်းရှောင်ဟွေ အဲဒီကောင်မစုတ်ရဲ့ ဦးလေးနဲ့ ဒေါ်လေးလေ၊ ငါတို့ ရောက်လာတာတောင် ထွက်မတွေ့ဘဲ သူမရဲ့ စေ့စပ်ထားသူကို ငါတို့ကို အနိုင်ကျင့်ခိုင်းတယ်၊ တရားမျှတမှု ရှိသေးရဲ့လား"

ရှောင်ဝမ်က အန်းရှောင်ဟွေရဲ့ ချစ်သူဆိုတာ ထောင်ယွမ်ရွာသားတွေ အကုန် သိကြပါတယ်။

ရှောင်ဝမ်က အန်းရှောင်ဟွေထက် ထောင်ယွမ်ရွာမှာနေတာ ပိုကြာတယ်၊ အဓိကက ရှောင်ဝမ်က အဘိုးကုန်းရဲ့ လူလေ၊ ရှောင်ဝမ်ရဲ့ ကိုယ်ကျင့်တရားကို ထောင်ယွမ်ရွာသားတွေ အကုန်သိကြတယ်။

သူက အန်းရှောင်ဟွေရဲ့ ဆွေမျိုးကို သွားပြီး အနိုင်ကျင့်စရာအကြောင်း မရှိဘူး။

ရွာသား တစ်ယောက်က မနေနိုင်ဘဲ ဝင်မေးလိုက်သည်။ "ရှင်က ရှင့်ကိုယ်ရှင် ရှောင်ဟွေရဲ့ ဦးလေး၊ ဒေါ်လေးလို့ ပြောတယ်နော်။ ရှောင်ဟွေ ထွက်မတွေ့နိုင်ရင်တောင် ရှောင်ဟွေ မိဘတွေနဲ့ ရှောင်ဟွေ ချစ်သူက ရှေ့မှာရှိနေတာပဲ၊ ဘယ်လို ဧည့်ခံစေချင်သေးတာလဲ"

"ဟုတ်တယ်လေ... ရှောင်ဟွေက အခု အလုပ်လုပ်နေတာ။ လင်းယွီရဲ့ ကုမ္ပဏီက စည်းကမ်း တင်းကျပ်တယ်၊ ကုမ္ပဏီ ဝန်ထမ်းတွေ အလုပ်ချိန်မှာ ပျက်ကွက်တာ၊ တာဝန်ပေါ့လျော့တာ လုံးဝ ခွင့်မပြုဘူး"

"ဒါနဲ့... ရှောင်ဟွေတို့အဖေနဲ့အမေ... ဒါ တကယ်ပဲ ရှင်တို့ ညီလေးနဲ့ ညီမလေးလား။ ကြည့်ရတာ တမင် ပြဿနာလာရှာတဲ့ပုံစံ ပေါက်နေသလိုပဲ"

အဖေအန်းက ရွာသားတွေရဲ့ စကားကို ကြားတော့ မျက်နှာ ရဲတက်လာတယ်။

သူက တစ်သက်လုံး မျက်နှာ လိုချင်ခဲ့တာ။

ဒါပေမဲ့ အခု သူ့ညီလေးနဲ့ ညီမလေးက သူ့ကို လူအများကြီး ရှေ့မှာ အရှက်ခွဲနေကြတယ်။

အဖေအန်း ရှင်းပြရန် ပြင်လိုက်စဉ် ဒုတိယအဒေါ်အန်းက မြင်လိုက်ပြီး အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ "အစ်ကိုကြီး၊ မရီး... ကိုယ့်တူ မိန်းမယူဖို့ ပိုက်ဆံ အများကြီး လိုလို့ ကျွန်မတို့က ရှင်တို့ဆီ ပိုက်ဆံ နည်းနည်း လာချေးတာပါ။ ရှင်တို့ မရှိရင်လည်း မရှိဘူး ပြောပေါ့၊ ဘာလို့ ကျွန်မတို့ကို အရှက်ခွဲနေရတာလဲ"

ထို့နောက် သူမသည် ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုနေသော လူများကို ကြည့်ကာ ငိုယိုပြောဆိုလိုက်သည်။ "ငါတို့လည်း တကယ် နည်းလမ်းမရှိတော့လို့ လာရှာရတာပါ။ ကျွန်မတို့ အန်းယန်က အစ်ကိုကြီး၊ မရီးတို့ရဲ့ တူအရင်းပါ၊ အန်းရှောင်ဟွေရဲ့ မောင်ဝမ်းကွဲအရင်းပါ။ တူအရင်း၊ မောင်ဝမ်းကွဲအရင်း မိန်းမယူဖို့ ပိုက်ဆံမလောက်တာ ကူညီဖို့ မပြောနဲ့၊ ချေးတောင် မချေးပေးချင်ကြဘူး။ ပိုက်ဆံချေးမယ်ကြားတာနဲ့ ငါတို့ကို ချက်ချင်း မောင်းထုတ်တော့တာပဲ"

ဒုတိယအဒေါ်အန်းက အဖြူအမည်း ပြောင်းပြန်လှန်ပြီး လုပ်ကြံဖန်တီး ပြောဆိုနေသည်။ အန်းရှောင်ဟွေ မိသားစုကို လူ့ဂရုဏာမရှိ၊ လူအထင်သေးတတ်သူများ အဖြစ် ပြောဆိုနေသည်။

ရှောင်ဝမ်က မျက်နှာမည်းမှောင်လျက် သူမကို ဟိန်းဟောက်လိုက်သည်။ "ခင်ဗျား မဟုတ်ကဟုတ်ကတွေ လျှောက်မပြောနဲ့။ ဦးလေးနဲ့ အဒေါ်က အဲဒီလိုလူမျိုး မဟုတ်ဘူး၊ ခင်ဗျား ဒါ လုံးဝ စွပ်စွဲနေတာ"

ထိုအချိန်တွင် ရွာသား တစ်ယောက်က မေးလိုက်သည်။ "ရှောင်ဝမ်... ဒါ ဘာဖြစ်တာလဲ"

သူစိမ်းတစ်ယောက်ကို ယုံတာထက် သူတို့က ရှောင်ဝမ်ကို ပိုယုံတာပေါ့။

ပြီးတော့ ရှောင်ဝမ်နဲ့ အန်းရှောင်ဟွေရဲ့ ကိုယ်ကျင့်တရားက ရွာထဲမှာ အားလုံးအသိပဲ။

ရှောင်ဝမ်က ပြောသည်။ "အဒေါ်... သူတို့က တကယ်ပဲ ရှောင်ဟွေရဲ့ ဦးလေး၊ ဒေါ်လေးနဲ့ ဝမ်းကွဲမောင်လေးပါ။ ဒါပေမဲ့ သူတို့က ပိုက်ဆံလာချေးတာ မဟုတ်ပါဘူး၊ ပိုက်ဆံလာတောင်းတာပါ။ ပါးစပ်ဟလိုက်တာနဲ့ ယွမ် တစ်သန်းတောင်းတာ"

"ဘာ... ယွမ် တစ်သန်း ဟုတ်လား" ကြည့်ရှုနေသူများ အံ့သြသွားကြသည်။

"ယွမ် တစ်သန်း ချေးဖို့တောင် မဖြစ်နိုင်တာ၊ ယွမ် တစ်သန်း တောင်းတယ် ဟုတ်လား။ သူတို့က ခြင်္သေ့ပါးစပ် ဟနေတာပဲ။ ပြီးတော့ ဒီမှာ မိန်းမယူတာ ဘယ်နေရာက ယွမ် တစ်သန်း လိုလို့လဲ"

သူတို့ မိသားစု အတင်းအဖျင်း ပြောမခံရစေရန် ရှောင်ဝမ်က အမှန်အတိုင်း ပြောပြလိုက်သည်။ "ဒါတင် မကသေးဘူးဗျာ၊ သူတို့က အန်းယန်၊ ဪ... သူတို့သားကို အကြောင်းပြပြီး ဦးလေးနဲ့ အဒေါ် သေရင် အိုးခွဲပေးမယ်ဆိုပြီး ခြိမ်းခြောက်တယ်၊ ပိုက်ဆံလိုချင်တယ်၊ အိမ်လိုချင်တယ်၊ ပြီးတော့ ဦးလေးနဲ့ အဒေါ်ရဲ့ ပိုင်ဆိုင်မှု အားလုံးကို လိုချင်နေတယ်။ အခု ဦးလေးနဲ့ အဒေါ်က မပေးချင်ဘူးဆိုတော့ သူတို့က အိမ်ရှေ့မှာတင် ရမ်းကားနေကြတာ"

"ဒါ... ဒါက တကယ် လွန်လွန်းတာပဲ" ရွာသား တစ်ယောက်က ချက်ချင်း ဒေါသတကြီး ပြောလိုက်သည်။ "ဒါ လွန်လွန်းတယ်။ သူများမှာ ကလေးအရင်းရှိနေတာကို ဘာကိစ္စ ပိုင်ဆိုင်မှုအားလုံးက တူတစ်ယောက်ဆီ ရောက်ရမှာလဲ"

"ဟုတ်တယ်... သူများ ရှောင်ဟွေက ဘယ်လောက်ကောင်းတဲ့ ကလေးလဲ၊ ပြီးတော့ သူများရဲ့ သမီးအရင်းလေ၊ ဘာကိစ္စ ပိုင်ဆိုင်မှုအားလုံးက အပြင်လူဆီ ရောက်ရမှာလဲ။ ဒါ တကယ့် ဟာသပဲ။ အခု ဒီမှာလာပြီး လိမ်ညာရမ်းကားနေသေးတယ်"

တခြားရွာတွေမှာ လူသေရင် အိုးခွဲပေးမယ့်သူ လိုအပ်တဲ့ ဓလေ့ထုံးစံ ရှိချင်ရှိမယ်၊ ဒါပေမဲ့ ထောင်ယွမ်ရွာမှာ မရှိဘူးလေ။

ပြီးတော့ ထောင်ယွမ်ရွာက ရှောင်မိသားစုရဲ့ လွှမ်းမိုးမှုအောက်မှာ ယောက်ျားလေး ဦးစားပေးတဲ့ အတွေးအခေါ်တွေ အများကြီး ပြောင်းလဲသွားပြီ။

ဒါကြောင့် အဖေအန်းနဲ့ ဦးလေးအန်းတို့ရဲ့ သေပြီးရင် သားသမီးမြေးမြစ် အိုးခွဲပေးဖို့ လိုအပ်တယ် ဆိုတဲ့ စွဲလမ်းမှုကို သဘာဝကျကျပဲ နားမလည်နိုင်ကြဘူး။

ဒုတိယအဒေါ်အန်းက ဒီနေရာမှာလည်း အဲဒီလို အခြေအနေမျိုးရှိမယ် ထင်နေတာ၊ အိုးခွဲပေးတဲ့သူက သေဆုံးသူရဲ့ ပိုင်ဆိုင်မှု အားလုံးကိုရမယ် ဆိုတာမျိုးပေါ့။

ဒါကြောင့် သူမက အသံကုန် အော်ဟစ်ပြီး ရန်ရှာနေတာ။

ဒါပေမဲ့ မထင်မှတ်ထားတာက ရလဒ် အခြေအနေက သူမ ထင်ထားတာနဲ့ လုံးဝ ကွဲပြားနေတယ်။

ဒုတိယအဒေါ်အန်းက ရန်ရှာရင်း ရန်ရှာရင်းနဲ့ ကြောင်သွားတယ်။

ထို့နောက် သူမ မနေနိုင်ဘဲ မေးလိုက်သည်။ "ရှင်တို့က သေရင် အိုးမခွဲကြဘူးလား။ ရှင်တို့ဆီမှာ အိုးခွဲတဲ့သူက ပိုင်ဆိုင်မှု အားလုံးရတာ မဟုတ်ဘူးလား"

သူမရဲ့ မေးခွန်းကို ကြားတော့ ရွာသား အများစုက မျက်ဖြူလှန်ပြလိုက်ကြပြီး အထင်အမြင်သေးစွာ ပြောလိုက်ကြသည်။ "ဟွန့်... ငါတို့ဆီမှာ အဲဒီလို ဓလေ့ထုံးစံ မရှိပါဘူး။ ဟဟ... အခုခေတ်မှာ ဘယ်သူ့ ပိုင်ဆိုင်မှုက ကိုယ့်သားသမီးဆီ မပေးဘဲနေမှာလဲ"

"ဟုတ်တယ်... သားယောကျ်ားလေး မရှိရင် ဘာဖြစ်လဲ။ သမီးမိန်းကလေးက ကိုယ့်ကလေး မဟုတ်လို့လား။ ပြီးတော့ အခုခေတ်မှာ သားမွေးမွေး၊ သမီးမွေးမွေး အတူတူပဲ"

"ငါတို့ ထောင်ယွမ်ရွာက မိန်းကလေးတွေ အကုန်လုံးက အရမ်း ထူးချွန်ကြတယ်။ ဘယ်သူက သူတို့ကို အထင်သေးရဲမှာလဲ" ရှောင်လင်းယွီ ဆိုတဲ့ စံပြပုဂ္ဂိုလ်ရှိနေတော့ ထောင်ယွမ်ရွာက မိန်းကလေးတွေက အခုဆို လက်ဖဝါးပေါ်ကရတနာတွေ ဖြစ်နေပြီ။

...

ဒီစကားတွေက ဦးလေးအန်းမိသားစုကို ကြောင်သွားစေရုံမက အဖေအန်း၊ အမေအန်းတို့ မျက်နှာကိုလည်း ပူထူသွားစေတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက သူတို့က ယောက်ျားလေး ဦးစားပေးတဲ့ အတွေးအခေါ် ရှိခဲ့လို့ တူတစ်ယောက်အတွက်နဲ့ သမီးအရင်းကို ထိခိုက်နာကျင်မှုတွေ အများကြီး ပေးခဲ့ဖူးလို့ပါ။

ဦးလေးအန်းမိသားစုက ရွာသားတွေရဲ့ ဝိုင်းဝန်း ပြောဆိုမှုကို ခံနေရတော့ ဦးလေးအန်း မျက်နှာ မကောင်းတော့ဘူး၊ မျက်နှာ မည်းမှောင်နေတယ်။ အထူးသဖြင့် အန်းယန်ပေါ့၊ အန်းမိသားစုရဲ့ တစ်ဦးတည်းသော မျိုးဆက်မို့လို့ ငယ်ငယ်ကတည်းက အဘိုးအဘွားတွေ အလိုလိုက်တယ်၊ မိဘတွေ အလိုလိုက်တယ်၊ ပြီးတော့ ဦးလေး၊ ဒေါ်လေးတွေ အလိုလိုက်တယ်၊ လိုချင်တာ အကုန်ရတယ်၊ မရှိရင်တောင် အိမ်က လူကြီးတွေက နည်းလမ်းရှာပြီး ယူပေးကြတယ်။

ဒါကြောင့် သူ ဘယ်တုန်းကမှ ဒီလို အရှက်ကွဲတာမျိုး မခံစားဖူးဘူး၊ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး မျက်နှာတွေ ပြာနှမ်းနေတယ်။

ဒုတိယအဒေါ်အန်းက အခြေအနေ မကောင်းတာ မြင်တော့ အသံကျယ်ကြီးနဲ့ ပြောလိုက်သည်။ "ဒါက ငါတို့ အိမ်တွင်းရေး၊ နင်တို့နဲ့ ဘာဆိုင်လို့လဲ။ အိုး... ရွာခံတွေက ရွာပြင်က လူတွေကို အနိုင်ကျင့်နေကြပြီ၊ လာကြည့်ကြပါဦး"

လူတိုင်း "..."

အဖေအန်းက သူတို့ ဆက်ပြီး ရန်ရှာနေမှာ မလိုလားတော့ ပြောလိုက်သည်။ "အန်းယန် မိန်းမယူမှာမို့လို့ ဆိုတော့ ကောင်းပြီလေ၊ ငါ ယွမ် ၃ သောင်း ထုတ်ပေးမယ်၊ ငါ ဦးလေးတစ်ယောက်အနေနဲ့ စေတနာပေါ့"

"၃ သောင်း... နည်းလွန်းတယ်" ဒုတိယအဒေါ်အန်းက ဒီ ၃ သောင်းကို ဘယ်ကြည့်မှာလဲ။ သူတို့ လိုချင်တာက ယွမ် တစ်သန်းလေ။

အဖေအန်း မျက်နှာ မည်းမှောင်သွားသည်။ "ဒီ ၃ သောင်း၊ မင်းတို့ ယူရင်ယူ၊ မယူရင် နေ။ ဘာပဲဖြစ်ဖြစ် ငါ ဒီလောက်ပဲပေးမယ်၊ နောက်ပိုင်း မင်းတို့ကိစ္စ ငါ ဆက်မကူညီတော့ဘူး၊ ပိုက်ဆံလည်း တစ်ပြားမှ ထပ်မပေးတော့ဘူး"

ပြောပြောဆိုဆိုနှင့် သူ အမေအန်းကို ပိုက်ဆံသွားယူခိုင်းလိုက်သည်။

ခဏအကြာတွင် အမေအန်းက ငွေစက္ကူ ၃ ထပ် ယူလာသည်။ အဖေအန်း ယူလိုက်ပြီး အန်းယန် လက်ထဲ တိုက်ရိုက် ထည့်ပေးကာ လေးနက်စွာ ပြောလိုက်သည်။ "အန်းယန်... ငယ်ငယ်ကတည်းက မင်းရဲ့ စားဝတ်နေရေး၊ တက္ကသိုလ်တက်တာအပါအဝင် ကုန်ကျစရိတ် အားလုံးနီးပါးကို ငါ ဦးလေးတစ်ယောက် အနေနဲ့ ထုတ်ပေးခဲ့တာ။ မင်းကို ဦးလေးက ကျွေးမွေးပြုစုလာခဲ့တယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် ငါ ဒီမှာ စကားတစ်ခွန်း ပြောလိုက်မယ်၊ လူမိုက် မလုပ်နဲ့၊ လောဘမကြီးနဲ့။ ဒီပိုက်ဆံတွေယူပြီး မင်းတို့ အခုပဲ ပြန်ကြတော့။ ငါတို့ နေရာက သေးငယ်လွန်းလို့ မင်းတို့ကို လက်မခံနိုင်ဘူး ထင်တယ်"

အဖေအန်းက တိုက်ရိုက် မောင်းထုတ်လိုက်သည်။

အန်းယန် မိသားစုကလွဲရင် ဘယ်သူမှ မမှားဘူးလို့ မထင်ကြဘူး။

နောက်ဆုံးတွင် ဦးလေးအန်းမိသားစုသည် ဒီယွမ် ၃ သောင်းကို ယူပြီး မကျေမနပ်ဖြင့် ထွက်ခွာသွားကြသည်။

မကျေနပ်ပေမဲ့ မတတ်သာဘူးလေ။

ဟွန့်... စောင့်ကြည့်နေလိုက်။

သူတို့ရဲ့အကူအညီလိုလာမယ့် နေ့တစ်နေ့ ရှိလာဦးမှာပါ။

***

All Chapters