← Chapters

လျန်ဖျောင့်ရွှယ်၏ ခေါ်သံ

Vol. 46 Ch. 749

လျန်ဖျောင့်ရွှယ်၏ ခေါ်သံ

Vol. 46 Ch. 749

"ဟမ်... လျန်ဖျောင့်ရွှယ်ကော" လျန်ဖျောင့်ရွှယ်အကြောင်း ပြောလိုက်သည်နှင့် ရှောင်ဟုန်သည် ချက်ချင်း အသိဝင်လာပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။

ထိုအခါ ဤအခန်းသည် လျန်ဖျောင့်ရွှယ်၏ အခန်းလုံးဝမဟုတ်ဘဲ ကလေးတစ်ဦး၏ အမြင်အာရုံနှင့် ကိုက်ညီအောင် ပြင်ဆင်ထားသော ကလေးအခန်းတစ်ခန်းဖြစ်ကြောင်း သူ တွေ့လိုက်ရလေသည်။

"ဒါ ဘယ်နေရာလဲ" ရှောင်ဟုန် လိုက်ကြည့်လိုက်သည်။

ရှောင်လဲ့ထုန်နှင့် ရှောင်လင်တို့၏အမြင်တွင်မူ ကြိုးနီလေးက အပေါ်အောက် ခုန်ဆွခုန်ဆွ လုပ်နေသည်ကိုသာ မြင်ရ၏။

ရှောင်လင်က ပြောလိုက်သည်။ "ဒါ ငါနဲ့ ငါ့အစ်ကိုကြီးရဲ့ အိမ်လေ"

"လာ... ရှောင်ဟုန်... ငါ မိတ်ဆက်ပေးမယ်။ ဒါ ငါ့အစ်ကို ရှောင်လဲ့ထုန်တဲ့။ သူက တန်ခိုးရှင်တစ်ပါးနော်။ မင်း လေးစားရမယ် သိလား" ရှောင်လင်က ရှောင်ဟုန်ကို သတိပေးလိုက်သည်။

ရှောင်ဟုန်သည် မူလကတည်းက မိုက်မဲသောကိစ္စများစွာ ပြုလုပ်ခဲ့ပြီးဖြစ်ရာ လူတိုင်းကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပြီဖြစ်သည်။

အကယ်၍ သူက သခင်ငယ်လေးအပေါ် လေးစားမှုမရှိဘဲ မာနထောင်လွှားနေမည်ဆိုပါက သေလမ်းနှင့် နီးသွားပေလိမ့်မည်။

ရှောင်ဟုန်နှင့် အေးအတူပူအမျှ၊ သေအတူရှင်မကွဲ ရှိခဲ့ဖူးသော ရှောင်လင်အနေဖြင့် ယခုမှ ကောင်းမွန်သော နေ့ရက်များကို ပိုင်ဆိုင်ခွင့်ရခါစဖြစ်ရာ သေလမ်းမရှာချင်ပေ။

ရှောင်ဟုန်သည် သူ့ရှေ့မှ ကလေးပေါက်စလေးက တန်ခိုးရှင်တစ်ပါးဖြစ်သည်ကို သံသယရှိနေသော်လည်း ဖေ့ဖေ့က တန်ခိုးရှင်ဟု ပြောလျှင် တန်ခိုးရှင် ဖြစ်ရပေမည်။

"မင်္ဂလာပါ အစ်ကို" ရှောင်ဟုန်က ချိုသာစွာ မိတ်ဆက်လိုက်သည်။

ရှောင်လဲ့ထုန်သည် ဝမ်းသာအားရဖြင့် ရှောင်ဟုန်ကို ပွတ်သပ်လိုက်ရာ မူလကတည်းက အနီရောင်ဖြစ်နေသော ရှောင်ဟုန်သည် ရှက်သွေးဖြာသွားပြီး ပို၍ နီရဲတောက်သွားလေတော့သည်။

"ငါ လျန်ဖျောင့်ရွှယ်ဆီမှာ ရှိနေတာ မဟုတ်ဘူးလား" ခဏအကြာတွင် ရှောင်ဟုန် သတိပြန်ဝင်လာပြီး ပြောလိုက်သည်။ "ငါ ဘယ်လိုလုပ် ဒီရောက်နေတာလဲ။ ပြီးတော့ ဖေ့ဖေ့... ဒါ ဘယ်နေရာလဲဟင်"

လျန်ဖျောင့်ရွှယ်အကြောင်း ပြောလိုက်သည်နှင့် ရှောင်လင်၏မျက်နှာလေး တည်သွားသည်။

သူက လေးနက်ပြတ်သားစွာ မေးလိုက်သည်။ "လျန်ဖျောင့်ရွှယ်အကြောင်း ပြောမှတော့ ငါမေးရဦးမယ်။ မင်း ဘယ်လိုလုပ်ပြီး လျန်ဖျောင့်ရွှယ်ကို ရွေးလိုက်တာလဲ။ ပြီးတော့ မင်း လျန်ဖျောင့်ရွှယ်နဲ့ပေါင်းပြီး မကောင်းမှုတွေ ဘယ်လောက်လုပ်ခဲ့လဲ။ ငါ့ကို အမှန်အတိုင်း ပြောပြစမ်း"

ရှောင်ဟုန်ကလည်း လေးနက်စွာ ပြောလိုက်သည်။ "ဖေ့ဖေ့... လျန်ဖျောင့်ရွှယ်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ငါ့ရဲ့ ဝိညာဉ်အသိစိတ်နဲ့ ကိုက်ညီမှုရှိလို့ပါ။ မကောင်းမှု ဘယ်လောက်လုပ်ခဲ့လဲ ဆိုတော့... အဲဒါက... အဲဒါက..." သူ ရေရွတ်နေသော်လည်း စကားတစ်ခွန်းမျှ ထွက်မလာပေ။ နောက်ဆုံးတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုလိုက်သည်။ "ငါ လျန်ဖျောင့်ရွှယ်နဲ့ပေါင်းပြီး မကောင်းမှု မလုပ်ခဲ့ပါဘူး"

ရှောင်လင်က လုံးဝမယုံကြည်သည့် လေသံဖြင့် ပြောလိုက်သည်။ "မကောင်းမှု မလုပ်ဘဲနဲ့ ဘယ်လိုလုပ် ပြန်ကန်အား မိမှာလဲ"

ထို့နောက် သူက ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။ "ရှောင်ဟုန်... မင်း ပါးနပ်ချင်ယောင်ဆောင်မနေနဲ့။ ငါတို့ကို လှည့်စားလို့ရမယ် ထင်နေလား။ လျန်ဖျောင့်ရွှယ်က ကိုယ်ပျောက်အတတ်သုံးပြီး လူသတ်တာတောင် မင်းက မကောင်းမှု မလုပ်ဘူး ပြောရဲသေးတယ်ပေါ့"

"မလုပ်ပါဘူး... မလုပ်ပါဘူး... ငါ... ငါ ဒီကိစ္စတစ်ခုပဲ လုပ်ခဲ့တာပါ" ရှောင်ဟုန်က ရှက်ရွံ့စွာ ပြောလိုက်သည်။ "ဒါပေမဲ့... ဒါပေမဲ့ ငါ ရည်ရွယ်ပြီးလုပ်တာ မဟုတ်ပါဘူး။ ဝါး..."

ရှောင်ဟုန် ရုတ်တရက် အော်ဟစ်ငိုကြွေးလေတော့သည်။

"မငိုနဲ့" ရှောင်လင်က အရှိန်အဝါဖြင့် ဟိန်းဟောက်လိုက်သည်။ "မင်း ထပ်ငိုရင်... ထပ်ငိုရင် မင်းကို လွှင့်ပစ်လိုက်မယ်"

ငိုသံ ချက်ချင်း ရပ်တန့်သွားပြီး ရှိုက်သံဖြင့် ပြောလိုက်သည်။ "ဖေ့ဖေ့... ငါ တကယ်... ငါ တကယ် မရည်ရွယ်ပါဘူး။ ငါ့ကို မလိုချင်တော့ဘူး မလုပ်ပါနဲ့နော်"

ကြိုးနီလေးက ခုန်ဆွခုန်ဆွလုပ်ရင်း ဝမ်းနည်းပက်လက် ဖြစ်နေသည်။ "ငါ လျန်ဖျောင့်ရွှယ်နောက်လိုက်ပြီး မကောင်းမှုလုပ်ဖို့ တကယ် ရည်ရွယ်ချက် မရှိပါဘူး။ ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်လို့ပါ"

"မထိန်းချုပ်နိုင်ဘူး... အဲဒါ ဘာအဓိပ္ပာယ်လဲ" ရှောင်လင်က သံသယဖြင့် မေးလိုက်သည်။

ရှောင်လဲ့ထုန်က သူ့ခေါင်းလေးကို ပုတ်ကာ ရယ်စရာမောစရာအဖြစ် ပြောလိုက်သည်။ "ဘာအဓိပ္ပာယ်ရှိရမလဲ။ ရှောင်ဟုန်က လျန်ဖျောင့်ရွှယ်နဲ့ ချည်နှောင်ထားတာ သေချာတယ်။ အဲဒါက သခင်နဲ့ကျွန် ပဋိညာဉ်ပဲ"

"ဟမ်..." ရှောင်လင် ချက်ချင်း သဘောပေါက်သွားသည်။ "သခင်နဲ့ကျွန် ပဋိညာဉ် ဟုတ်လား"

ထို့နောက်မှ သူ ပြန်အမှတ်ရသွားသည်။

သူနှင့် ရှောင်လင်းယွီတို့ ချုပ်ဆိုထားသော ပဋိညာဉ်သည်လည်း သခင်နှင့်ကျွန် ပဋိညာဉ်ပင် ဖြစ်သည်။

သို့သော် ပဋိညာဉ်ချုပ်ဆိုပြီးကတည်းက ရှောင်လင်းယွီသည် သူ့ကို ကျွန်တစ်ယောက်လို သဘောမထားဘဲ သူငယ်ချင်းလို၊ သားတစ်ယောက်လို သဘောထားကာ ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။

ရှောင်လင်းယွီကို သခင်ဟု နေ့တိုင်းခေါ်ဆိုနေသော်လည်း ကိုယ့်ကိုယ်ကိုယ် ကျွန်ဟု သဘောမထားခဲ့မိပေ။ ထို့ကြောင့် သူနှင့် ရှောင်လင်းယွီကြားက ဆက်ဆံရေးသည် အမှန်တကယ်တွင် သခင်နှင့်ကျွန် ဆက်ဆံရေးဖြစ်ကြောင်း မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။

ထိုအကြောင်းကို တွေးမိလိုက်သောအခါ ရှောင်လင်၏မျက်လုံးများ ရုတ်တရက် နီရဲလာပြီး မျက်ရည်များ ကျဆင်းလာလေသည်။

ရှောင်လဲ့ထုန်နှင့် ရှောင်ဟုန်တို့ မြင်လိုက်ရသောအခါ လန့်ဖျပ်သွားကြသည်။

"ဖေ့ဖေ့... မင်း... မင်း ဘာလို့ ငိုတာလဲ" ရှောင်ဟုန်က သံသယဖြင့် မေးလိုက်သည်။ သူတောင် အငိုရပ်သွားပြီကို ဖေ့ဖေ့က ဘာလို့ ပြန်ငိုနေရတာလဲ။

ရှောင်လဲ့ထုန်ကလည်း စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "ဟုတ်တယ်... လင်အာ... မင်း ဘာလို့ ငိုတာလဲ"

ရှောင်လင်က ရှိုက်ကြီးတငင်ဖြင့် ပြောလိုက်သည်။ "ငါ... ငါ့သခင်အကြောင်း တွေးမိပြီး ငါကံကောင်းတယ်လို့ ခံစားရလို့ပါ"

အကယ်၍ စိတ်နှလုံးယုတ်မာသော သခင်နှင့် တွေ့ဆုံခဲ့ပါက သူ့ဘဝ မည်သို့ဖြစ်မည်ကို မတွေးရဲစရာပင်။

ရှောင်လဲ့ထုန်က ချက်ချင်း ပြောလိုက်သည်။ "ကဲပါ... မင်း ကြည်နူးချင်ရင် နောက်မှ ကြည်နူးတော့။ ငါတို့ ရှောင်ဟုန်နဲ့ လျန်ဖျောင့်ရွှယ်အကြောင်း အရင်မေးရအောင်။ မမေ့နဲ့ဦး... ရှောင်ဟုန်က အခု ကောင်းကင်ဘုံရဲ့ပြစ်ဒဏ်ကို ခံစားနေရတာ။ ခဏနေရင် သူ ပြန်အိပ်ပျော်သွားတော့မှာ"

ရှောင်လင် ချက်ချင်း သတိဝင်လာပြီး ပြောလိုက်သည်။ "ဩော်... ဟုတ်သားပဲ"

ရှောင်လဲ့ထုန်က လေးနက်စွာ မေးမြန်းလိုက်သည်။ "ရှောင်ဟုန်... အရင်ဘဝတုန်းက လျန်ဖျောင့်ရွှယ် ဘယ်လိုသေတာလဲ။ ပြီးတော့ သူ ပြန်လည်မွေးဖွားလာတာက မင်းကြောင့်လား။ ငါကြားတာတော့ မင်းတို့ရှာဖွေမယ့်သခင်က မင်းတို့နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ကိုက်ညီရမယ်ဆို။ နောက်ဆုံးမေးခွန်းက သူ ဘာလို့ ငါ့မိဘတွေကို ဒီလောက် မုန်းတီးနေရတာလဲ"

ရှောင်ဟုန်က ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ်ရဲ့ အရင်ဘဝတုန်းက..."

……

အခြားတစ်ဖက်တွင် လျန်ဖျောင့်ရွှယ်သည် အိပ်ရာထချိန်၌ လက်ကောက်ဝတ်ရှိ ကြိုးနီလေးကို အကျင့်ပါနေသည့်အတိုင်း စမ်းသပ်ကြည့်လိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင် သူမ စမ်းမိလိုက်သည်နှင့် တစ်ခုခု လွဲမှားနေကြောင်း ခံစားလိုက်ရသည်။ သူမ၏မျက်လုံးများ ချက်ချင်း စူးရှသွားပြီး ကုတင်ပေါ်မှ လျင်မြန်စွာ ထထိုင်လိုက်သည်။ လက်ကို မြှောက်ကြည့်လိုက်သောအခါ လက်ကောက်ဝတ်တွင် ဘာမှမရှိတော့သည်ကို တွေ့လိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်သွားလေတော့သည်။

သူမသည် စောင်ကိုလှန်ကာ ကုတင်ပေါ်မှဆင်းပြီး နေရာအနှံ့ လိုက်လံရှာဖွေရင်း အော်ဟစ်ခေါ်လိုက်သည်။ "နတ်ဘုရား... နတ်ဘုရား... ဘယ်ရောက်သွားတာလဲ။ ထွက်ခဲ့ပါ"

"နတ်ဘုရား... နတ်ဘုရား... ကျွန်မကို မခြောက်ပါနဲ့။ ကျွန်မ မှားသွားပါတယ်။ ထွက်လာပါနော်" လျန်ဖျောင့်ရွှယ်သည် ထိတ်လန့်တကြား ရှာဖွေရင်း အော်ဟစ်နေမိသည်။

နတ်ဘုရားမရှိဘဲ၊ ကိုယ်ပျောက်အတတ် မသုံးနိုင်ဘဲ ဒီလူတွေကို သူ ဘယ်လိုထိန်းချုပ်မလဲ။

သူမ လူတွေအများကြီးကို သတ်ခဲ့ပြီးပြီ။ နတ်ဘုရားရဲ့ အကာအကွယ်မရှိရင် အဲဒီလူတွေက လက်စားချေဖို့ လာကြမှာ။ သူမ အသတ်ခံရတော့မှာ။

ပြီးတော့ သူမ အခု ပြန်ကန်အားမိပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာ။ နတ်ဘုရားက သူ့မျက်နှာကို ကုပေးဦးမှာလေ။

အခု နတ်ဘုရားက ဘယ်ရောက်သွားတာလဲ။

တစ်ရေးနိုးလာရုံနဲ့ နတ်ဘုရားက ဘာလို့ ပျောက်သွားရတာလဲ။

ပုံမှန်ဆိုလျှင် ကြိုးနီလေးကို သူမလက်တွင် ဝတ်ဆင်ထားပြီး ကြိုးနီလေးက သူ့သဘောဆန္ဒအရ မဟုတ်ဘဲ မည်သူကမျှ လျန်ဖျောင့်ရွှယ်၏ လက်ကောက်ဝတ်မှ ဖြုတ်ယူ၍ မရနိုင်ပေ။ လျန်ဖျောင့်ရွှယ်ကိုယ်တိုင်ပင် မရချေ။

ယခု ကြိုးနီလေးက အကြောင်းမဲ့ ပျောက်ဆုံးသွားသည်ကို တွေးမိပြီး လျန်ဖျောင့်ရွှယ် ကြောက်လန့်သွားသည်။

နတ်ဘုရားမရှိရင် သူမ တကယ် သေလမ်းပဲ ရှိတော့သည်။

သခင်ကြီးလျန်နှင့် လျန်မိသားစုက သူမကို ချစ်ခင်ကြသော်လည်း သူမ လူအများအပြား သတ်ဖြတ်ခဲ့သည့်ကိစ္စ ပေါက်ကြားသွားပါက သခင်ကြီးလျန်နှင့် လျန်မိသားစုပင် သူမကို ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။

"နတ်ဘုရား... မြန်မြန်ထွက်လာပါ။ တောင်းပန်ပါတယ်" လျန်ဖျောင့်ရွှယ် အဆက်မပြတ် အော်ခေါ်နေမိသည်။

……

"ရှောင်ဟုန်... မင်း ဘာဖြစ်တာလဲ" ရှောင်ဟုန်က အကာအကွယ်စည်းကို အကြိမ်ကြိမ် ဝင်တိုက်နေသည်ကို မြင်ရသဖြင့် ရှောင်လင်က သံသယဖြင့် ပြောလိုက်သည်။ "ငါ မင်းကို ပြောလိုက်မယ်။ ငါ့အစ်ကိုက အရမ်းတော်တာ။ မင်းခွန်အားလောက်နဲ့ အကာအကွယ်စည်းကို ဖောက်ထွက်ပြေးဖို့ မစဉ်းစားနဲ့။ စိတ်ကူးသာ ဖျက်လိုက်တော့"

"ဖေ့ဖေ့... မင်းက အရမ်းတုံးတာပဲ။ ငါက ထွက်ပြေးချင်လို့ တိုက်နေတာ မဟုတ်ဘူး။ လျန်ဖျောင့်ရွှယ်က ငါ့ကို ခေါ်နေလို့။ ငါနဲ့သူက သခင်နဲ့ကျွန် ပဋိညာဉ် ဖွဲ့ထားတာလေ။ သူက သခင်၊ ငါက ကျွန် ဖြစ်နေတာကိုး" ရှောင်ဟုန်က မကျေမနပ် ပြောလိုက်သည်။

ရှောင်လင် ကြောင်အသွားသည်။

***

All Chapters