← Chapters

တဲများ

Vol. 8 Ch. 131

တဲများ

Vol. 8 Ch. 131

ကုမိသားစုဟိုတယ်အတွက် နေ့စဉ်ခွဲတမ်းကို ဝမ်ကျီမင်လာယူပြီးသည့်နောက် ရှောင်လင်းယွီသည် ဘက်စ်ကားစီးကာ ရှင်းအန်းမြို့သို့ပြန်ခဲ့လေသည်။ သူမ ထောင်ယွမ်ရွာသို့ ပြန်ရောက်လာချိန်မှာတော့ မနက် ၈နာရီဝန်းကျင်ရှိသွားပြီဖြစ်သည်။

“ဝမ်းကွဲအစ်မ။” ရှောင်ရှောင်းဟွေ့က ကျောင်းသွားဖို့ အလောတကြီးထွက်လာချိန်မှာပဲ ရှောင်လင်းယွီနှင့် တိုးသွားခြင်းဖြစ်သည်။ “အစ်မပြန်လာပြီပေါ့။”

“အွန်း။” ရှောင်လင်းယွီ ပြုံးပြလိုက်သည်။

“ဝမ်းကွဲအစ်မ၊ တမြန်နေ့တုန်းက အစ်မရဲ့သူငယ်ချင်းနှစ်ယောက်လာသေးတယ်။ မြို့ကြီးပေါ်ကတဲ့ ကားအကောင်းစားကြီး မောင်းလာကြတာ။ ကျွန်တော်တို့တောင် အဲ့ကားပေါ် တက်ဆော့ကြသေးတယ်။ အရမ်းပျော်ဖို့ကောင်းတာပဲ။”

ရှောင်လင်းယွီ နားမလည်နိုင်စွာဖြင့် ပြန်မေးလိုက်သည်။ “မြို့ပေါ်က ငါ့သူငယ်ချင်းတွေလား။” ဒါပေမယ့် သူမတွင် မြို့ပေါ်မှာ သူငယ်ချင်းတစ်ယောက်မှမရှိပေ။ ရှင်းယင်ခရိုင်တွင်သာ သူငယ်ချင်းတွေရှိခဲ့ပြီး ထိုလူများကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းကမှ သိကျွမ်းခဲ့ခြင်းဖြစ်သည်။ ပြီးတော့ သူမကိုလာရှာချင်တယ်ဆိုရင် အရင်ဆုံးဖုန်းဆက်ရမယ်မဟုတ်ဘူးလား။

ရှောင်လင်းယွီ မျက်မှောင်ကြုတ်သွားလေသည်။ “ရှောင်းဟွေ့၊ သူတို့ ဘယ်မြို့ကလာတယ်ဆိုတာ ပြောကြသေးလား။”

“Zမြို့ကတဲ့။” ရှောင်ရှောင်းဟွေ့ပြန်ဖြေလာသည့်စကားကြောင့် ရှောင်လင်းယွီ ရင်ထဲဒိန်းခနဲဖြစ်သွားတော့သည်။ Zမြို့တွင် သူမသိသည့် ချမ်းသာသည့်လူဆို၍ ယန်စစ်မင်သာရှိလေသည်။ ‘သူ ငါ့နောက်လိုက်လာတာလား။’ ရှောင်လင်းယွီ စိတ်ကို မနည်းပြန်ငြိမ်အောင်ကြိုးစားရင်း ထပ်မေးကြည့်လိုက်သည်။ “ရှောင်းဟွေ့၊ အခု သူတို့နှစ်ယောက်ဘယ်မှာလဲ။”

“သူတို့လား၊ ပြန်သွားကြပြီလေ။” ရှောင်ရှောင်းဟွေ့က ပြောပြီးနောက်၊ “ဝမ်းကွဲအစ်မ၊ သား စကားပြောဖို့အချိန်မရှိတော့ဘူး။ ရှောင်ပေါင်းဇီတို့‌ ကျောင်းသွားဖို့ စောင့်နေကြပြီ။” ခပ်လှမ်းလှမ်းတွင် ရှောင်ပေါင်းဇီ၊ ရှောင်မုထန့်နှင့် ရှောင်ယွဲ့တို့က ရှောင်ရှောင်းဟွေ့ကို လှမ်းခေါ်နေကြသည်။ “ရှောင်နီချိုး၊ မြန်မြန်လာ။ ဒီဒီတစ်ခါ ထပ်နောက်ကျရင် ဆရာမ နင့်ကို အပြစ်ပေးလိမ့်မယ်။”

“ဟုတ်ပြီ၊ ဟုတ်ပြီ၊ ငါလာပြီ။” ရှောင်ရှောင်းဟွေ့က လှမ်းအော်လိုက်သည်။ “အကြီးဆုံးအစ်မ၊ သား သွားပြီနော်။”

“လမ်းမှာ ဂရုစိုက်သွားနော်။” ရှောင်ရှောင်းဟွေ့က သတိလှမ်းပေးလိုက်သည်။

“ဟုတ်ကဲ့ပါ။” ရှောင်ရှောင်းဟွေ့က သူ့သူငယ်ချင်းများထံသို့ ပြေးသွားတော့သည်။

ကလေးများထွက်သွားပြီးနောက်မှာတော့ ရှောင်လင်းယွီလည်း စိတ်အခြေအနေ ပြန်တည်ငြိမ်လာကာ အိမ်သို့ပြန်ခဲ့လေသည်။

သူမအိမ်သို့ရောက်ချိန်တွင် ခြံတံခါးက သော့ခတ်ထားသည်ကို တွေ့လိုက်ရသည်။ သူမမိဘတွေ လယ်ထဲဆင်းကုန်ကြပြီထင်သည်။ မျိုးကျဲသည့်ရာသီရောက်ပြီဖြစ်သည့်အပြင် ရှောင်လင်းယွီတွင် လယ် ၁၇မူရှိတာကြောင့် လူတိုင်း အလွန်အလုပ်ရှုပ်နေကြလေသည်။

ရှောင်လင်းယွီလည်း သော့အပိုကိုထုတ်ကာ တံခါးကိုဖွင့်ပြီး ခြံနောက်သို့ တန်းသွားလိုက်သည်။ သူမက ပလက်စတစ်အအုပ်ကို လှန်လိုက်ချိန်တွင် ထွက်ပြူစ အပင်ပေါက်အညွန့်အသစ်လေးများက သူမကို ကြိုဆိုနှုတ်ဆက်နေကြသည်။ အပင်ပေါက်လေးများမှာ ရေစက်ကလေးများတင်ကျန်နေပြီး အလွန်ကိုမှ ချစ်စရာကောင်းလှသည်။ မေမေရှောင်က မကြာသေးခင်ကမှ သူတို့ကို ရေလောင်းပေးထားတာကြောင့် ဖြစ်နိုင်သည်။ ရှောင်လင်းယွီသည် အရင်က စတော်ဘယ်ရီတစ်ခါမှမစိုက်ဖူးတာကြောင့် သူမ၏တစ်ခုတည်းသော အားကိုးရာမှာစမ်းရေသာဖြစ်သည်။ ကျေးဇူးတင်စရာပင်၊ စမ်းရေ၏အာနိသင်မှာ တကယ်ကိုကောင်းလှကာ တစ်စက်လောက်လောင်းလိုက်ရုံဖြင့် အပင်က သေချာပေါက်, ပေါက်လာမည်ဖြစ်သည်။ ဒါ့အပြင် ပျိုးပင်များကြားရှိ မြက်ပင်များသည်ပင် သန်သန်မာမာကြီးထွားနေကြသည်ကို သတိပြုမိလိုက်သည်။

ရှောင်လင်းယွီလည်း အပင်များ နေရောင်ခံနိုင်စေရန်အတွက် ပလက်စတစ်စကို ဘေးသို့ လှန်ထားလိုက်သည်။ ထို့နောက် ဒူးညွှတ်ထိုင်ကာ မြက်ပင်များကို ဆွဲနှုတ်လေသည်။ ထိုသို့ဖြင့် သူမ၏ မနက်တစ်ပိုင်းကို ကုန်ဆုံးခဲ့သည်။

၁၁နာရီလောက်မှာတော့ ရှောင်လင်းယွီတစ်ယောက် နေ့လည်စာပြင်ဆင်ခဲ့သည်။ သူသည် စတော်ဘယ်ရီစိုက်ခင်းအတွက် ပလက်စတစ်တဲများ ဆောက်လုပ်ရန်အတွက် ရွာသား ၃၀ကို ငှားရမ်းထားခဲ့သည်။ သို့သော်လည်း သူမအနေနှင့် သူမမိသားစုနှင့် စတုတ္ထဦးလေး၏မိသားစုကိုသာ ထမင်းပို့ရန်လိုလေသည်။ ယနေ့က သောကြာနေ့ဖြစ်တာကြောင့် သူမမောင်လေးလည်း အိမ်ပြန်လာလောက်သည်။

မေမေရှောင် ပြန်လာချိန်တွင်တော့ ခြံတံခါးကပွင့်နေကာ မွှေးပျံ့သည့်ဟင်းနံ့များလည်း ပျံ့လွင့်နေတာကြောင့် သူမသမီးအိမ်ပြန်ရောက်နေခြင်းဖြစ်မှန်း သိလိုက်ပေသည်။

“ယွီအာ၊ ဘယ်အချိန်က ပြန်ရောက်တာလဲ။” မေမေရှောင်ကမေးလိုက်ရင်း ပေါက်ပြားကို ဘေးကပ်ထောင်ကာ လက်ဆေးရန်သွားလိုက်လေသည်။

ရှောင်လင်းယွီက ဂေါ်ဖီထုပ်ကို လှီးဖြတ်နေရင်း၊ “အမေ၊ ပြန်လာပြီလား။”

မေမေရှောင်က ရယ်လိုက်ကာ၊ “သမီး ဒီလောက်အစောကြီး ပြန်လာမယ်မထင်လို့ ဟင်းနည်းနည်းပဲ ချက်ထားတာ။ ကျန်တာ အမေဆက်ချက်လိုက်မယ်။ သမီးအဖေနဲ့ ဦးလေးကို သွားခေါ်လိုက်ဦး။”

“ဟုတ်ကဲ့။ အမေ၊ ဂေါ်ဖီနဲ့ပဲတွေက ဆေးပြီးသွားပြီ။ ကြော်ရုံပဲနော်။”

“ဟုတ်ပြီ၊ ဟုတ်ပြီ။” မေမေရှောင်က အေပရွန်ကို ဝတ်လိုက်ပြီး၊ “သမီးအဖေကို နေ့လည်စာစားဖို့ သွားခေါ်လိုက်တော့သည်။”

“ဟုတ်၊ ဒါနဲ့ အဖေက ဘယ်မှာလဲ။”

“အနောက်တောင်တန်းက တဲတွေဘက်မှာ။”

“ဟုတ်၊ သမီးသွားလိုက်ဦးမယ်နော်။”

ရှောင်လင်းယွီရောက်သွားချိန် ဖေဖေရှောင်က တခြားလူများနှင့်အတူ တဲတစ်လုံးဆောက်နေသည်ကို မြင်လိုက်ရသည်။

“အဖေ၊ စတုတ္ထဦးလေး၊ နေ့လည်စာစားချိန်ရောက်ပြီ။”

“လင်းယွီပြန်လာပြီပဲ။” လူတိုင်းက ရှောင်လင်းယွီကိုမြင်သည်နှင့် အလွန်ဝမ်းသာသွားကြလေသည်။ “လင်းယွီ၊ ဒီတဲတွေ ဘယ်လိုနေလဲ။”

ရှောင်လင်းယွီက ပြုံးကာ ပြောလိုက်လေသည်။ “အဆင်ပြေပါတယ်၊ ဒါပေမယ့် ကျွန်မရဲ့ စတုတ္ထဦးလေးကိုပဲ မေးသင့်တယ်။ သူကမှ ဒီလိုနေရာမှာ တကယ်ကျွမ်းကျင်တဲ့သူလေ။”

ရှောင်မင်ယန်းက ရယ်မောလိုက်ကာ၊ “ဒီတဲတွေက ငါ့ကြီးကြပ်မှုမပါပဲ ပုံပေါ်လာမယ်ထင်လို့လား။ မင်းသာ ဒီတဲတွေသာ မင်းရဲ့စံနှုန်းနဲ့ မကိုက်ညီရင် အကုန်ဖျက်ချပြီး အခမဲ့အသစ်ပြန်ဆောက်မယ်။” နောက်ဆုံးစကားကတော့ စနောက်ပြောဆိုခြင်းသာဖြစ်ပေသည်။

“ဟားဟား၊ မင်ယန်း၊ မင်းအနားမှာရှိနေမှတော့ ဒီတဲတွေက ပုံစံမကျတာမျိုး ဖြစ်စရာကိုအကြောင်းမရှိဘူး။”

“ဟုတ်တယ်။”

ပြီးခဲ့သည့် ရက်များအတွင်း ရှောင်မင်ယန်း၏ တင်းကြပ်သည့် ကြီးကြပ်မှုများအောက်တွင် တဲများကို တည်ဆောက်ခဲ့ကြသည်။ နည်းနည်းလေးများလွဲသည့်နေရာရှိသည်နှင့် သူက ချက်ချင်းပြန်ပြင်ဆောက်ခိုင်းလေသည်။ ရွာသားများမှာ ညည်းညူနေကြသော်လည်း သူတို့ကို အခကြေးငွေပေးကာခေါ်ထားခြင်းဖြစ်တာကြောင့် ကိုယ့်အလုပ်ကိုတာဝန်ကျေအောင် လုပ်ရလေသည်။

ရှောင်လင်းယွီက ခိုင်ခံ့လှသည့်တဲများကို ကြည့်လိုက်ပြီးနောက်၊ “အားလုံး အလုပ်ကြိုးစားခဲ့ကြပါတယ်။” ဟု ပြောလိုက်သည်။

“ဒီအတွက် ငါတို့ကိုပိုက်ဆံပေးထားတာပဲလေ။” တစ်ယောက်က နောက်ပြောင်လိုက်သည်။ “လင်းယွီ၊ စတော်ဘယ်ရီတွေ ခူးတဲ့အချိန်ကျရင်တော့ ရွာသားတွေကို မျှပေးဖို့ မမေ့နဲ့နော်။” ဤစကားကလည်း စနောက်နေခြင်းသာဖြစ်ပြီး… စိတ်ရင်းတစ်ဝက်လည်း ပါတာပေါ့။

စတော်ဘယ်ရီသည် ဈေးကြီးလှကာ တစ်ကတ်တီကို ယွမ်၄၀လောက်ပေးရသည်။ ဘယ်လယ်သမားမိသားစုမှ ထိုမျှဈေးကြီးသော အသီးအနှံကို ဝယ်မစားနိုင်ပေ။ ဒါကြောင့် ရှောင်လင်းယွီသာ တကယ်ပဲ စတော်ဘယ်ရီတွေ စိုက်လို့ဖြစ်ထွန်းသွားလျှင်… သူတို့လည်း အရသာခံရနိုင်လျှင် တကယ့်အံ့ဖွယ်ဖြစ်သွားလိမ့်မည်။

“ဒါပေါ့၊ ဒီလုပ်ငန်းသာအောင်မြင်သွားရင် အားလုံးမြည်းစမ်းလို့ရအောင် အသီးတွေ သေချာပေါက် ပေးမှာပါ။” ရှောင်လင်းယွီသည် ကပ်စီးနည်းသူမဟုတ်ပေ။ စတော်ဘယ်ရီသီးများသည် သာမာန်လယ်သမားများအတွက်ဆိုလည်း ဘယ်လောက်တောင် ဈေးကြီးမှန်း သူမသိပေသည်။ သူမသာ အောင်မြင်သွားလျှင် ရွာသားတွေကို နမူနာစမ်းစားကြည့်လို့ရအောင် နည်းနည်းပါးပါးပေးမည်ဖြစ်ကာ သူတို့ကို ဈေးချိုချိုဖြင့်လည်း ရောင်းပေးဦးမည်။ ဒါကလည်း စီးပွားရေးလမ်းကြောင်းတစ်ခုပင်။

ရှောင်လင်းယွီသည် လယ်ကွင်းတစ်ဝိုက် ပတ်လျှောက်ကြည့်ရင်း တဲကို တကယ်ကို ကောင်းကောင်းမွန်မွန် ဆောက်ထားကြသည်အား တွေ့လိုက်ရလေသည်။ လူအယောက်သုံးဆယ်သည် လယ်ဆယ်မူကို အုပ်မိုးထားနိုင်သော တဲကြီးတည်ဆောက်ထားခဲ့ကြသည်။ အသေးစိတ်လုပ်ငန်းများဖြစ်သော မြက်နှုတ်ခြင်းမျိုးကိုလည်း ပြီးစီးနေကြပြီဖြစ်သည်။ ရှောင်လင်းယွီ၏ စတုတ္ထဒေါ်လေးနှင့် အမျိုးသမီးများက ရှောင်လင်းယွီ၏ တောင်းဆိုချက်အရ မြောင်းများတူးထားပေးပြီးဖြစ်သည်။

အခုဆို သူမအနေနှင့် စတော်ဘယ်ရီအပင်ပေါက်များကို ပြောင်းစိုက်ရုံသာ လိုတော့ပေသည်။ ဒါပေါ့၊ ဒီနေရာမှာ မြေပဲနှင့် ပဲပိတ်စပ်တို့လို အပင်တွေလည်း စိုက်နိုင်ပေသေးသည်။

“ဟမ်။ မင်း မြေပဲနဲ့ ပဲပိစပ်တွေပါ စိုက်ဖို့ စိတ်ကူးထားတာလား။” လျိုချွမ်းဟွာက ထိုစကားကိုကြားပြီး အံ့ဩတကြီးပြောလာခဲ့သည်။ “ဘာလို့ မြေပဲနဲ့ ပဲပိစပ်စိုက်မှာကို တဲတွေဆောက်ရတာလဲ။ ဒါ အလကား ပိုက်ဆံဖြုန်းတာပဲမဟုတ်ဘူးလား။”

မြေပဲနှင့် ပဲပိစပ်ပင်များသည် စတော်ဘယ်ရီပင်များလိုမျိုး နူးညံ့သည်မဟုတ်ပေ။ သူတို့အတွက် မြေဩဇာနှင့် ရေကောင်းကောင်း ဖြည့်ဆည်းပေးနေသ၍ အပွင့်ပွင့်ကာ အသီးများတင်လာမည်ဖြစ်သည်။ ထိုသို့ အကြမ်းခံသည့်အပင်မျိုးကို စိုက်ဖို့အတွက် တဲဆောက်သည်က ဖြုန်းတီးနေခြင်းပင်။

ရှောင်လင်းယွီက မျက်တောင်အသာခတ်လိုက်ကာ၊ “စတုတ္ထဒေါ်လေး၊ ကျွန်မက ကျွန်မသူငယ်ချင်းသင်ပေးတဲ့ သိပ္ပံနည်းကျအတိုင်း စိုက်ပျိုးမလို့လေ။ ဒါက လျှို့ဝှက်ချက်တစ်ခုဆိုတော့ ဘေးကင်းအောင် တဲတစ်ခုဆောက်လိုက်တာ။”

သူမ၏စတုတ္ထဒေါ်လေးက မယုံသင်္ကာဖြစ်နေတုန်းပင်။ “တကယ်လား?” လျိုချွမ်းဟွာသည် ရိုးရှင်းသည့် သာမာန်လယ်တောသူတစ်ယောက်ဖြစ်ကာ နည်းလမ်းဟောင်းများကိုသာ သိလေသည်။ တခြားတစ်ဖက်တွင်တော့ ရှောင်လင်းယွီသည် တက္ကသိုလ်တက်ခဲ့ကာ မြို့ကြီးတွင်လည်း အလုပ်လုပ်ခဲ့သူဖြစ်သည်။ ဒါကြောင့် နည်းပညာအသစ်အကြောင်း ထည့်ပြောလာချိန်မှာတော့ သူမလည်း ရှောင်လင်းယွီစကားကို ယုံသွားတော့သည်။

သူတို့မိသားစုအားလုံး မေမေရှောင်စောင့်နေသည့် ရှောင်မိသားစုအိမ်သို့ ရောက်လာခဲ့သည်။ အစားအသောက်များက အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး အစောပိုင်းက စကားကိုဆက်ရင်း နေ့လည်စာစားခဲ့ကြသည်။

“ဒီလိုဆို မြေပဲနဲ့ ပဲပိစပ်မျိုးစေ့တွေလိုမှာပေါ့။ ယွီအာလိုချင်ရင် ဒေါ်လေးအိမ်မှာ ၁၀ကတ်တီလောက်ရှိတယ်။”

“အိမ်မှာပဲ နောက်ထပ် ၁၀ကတ်တီလောက်ရှိဦးမယ်ထင်တယ်။” ဖေဖေရှောင်ကလည်း ဝင်ပြောလာသည်။ “ဒါပေမယ့် ဒီလောက်ပမာဏက လယ်တစ်မူစာတောင် လောက်တယ်ဆိုရုံပဲလေ။”

ထိုအခါ လျိုချွမ်းဟွာက အကြံပေးလာခဲ့သည်။ “ဒီလိုဆိုရင်ရော၊ တခြားရွာသားတွေမှာရော အပိုများရှိမလားလို့ မေးကြည့်ကြမလား။”

ရှောင်လင်းယွီက ခေါင်းယမ်းလိုက်လေသည်။ “ရပါတယ်၊ စတုတ္ထဒေါ်လေး။ ကျွန်မ နောက်ပြီးရင် ခရိုင်မြို့ပေါ်ပြန်သွားဦးမှာ။ အဲ့ကျမှ တခြားလိုတဲ့မျိုးစေ့တွေနဲ့ စမ်းစိုက်ကြည့်လို့ရအောင် နဂါးမောက်သီးမျိုးစေ့တွေပါ ဝယ်လာခဲ့လိုက်မယ်။”

မေမေရှောင်က မျက်မှောင်ကြုတ်သွားကာ၊ “ယွီအာ၊ သမီး ဒီမနက်ကမှ ခရိုင်မြို့ပေါ်က ပြန်လာတာမဟုတ်ဘူးလား။ မပင်ပန်းဘူးလား။”

ရှောင်လင်းယွီက ပြုံးလိုက်လေသည်။ “မပင်ပန်းပါဘူး။” ထို့နောက် သူမက မပြောရသေးသည့်သတင်းတစ်ခုကို အမှတ်ရသွားကာ၊ “အမေ၊ သမီး ကားတစ်စီးဝယ်လိုက်တယ်။”

“ဘာ?” အခြေအနေက ဗုံးတစ်လုံးပေါက်ကွဲသွားသလိုပင်။ “ကားဝယ်လိုက်တယ်?”

“ဟုတ်တယ်။” ရှောင်လင်းယွီက ရှင်းပြလာခဲ့သည်။ “နောက်ဆို သမီး ထောင်ယွမ်ရွာနဲ့ ခရိုင်မြို့ကို အမြဲလိုလို သွားလာနေရတော့မှာဆိုတော့ ကားတစ်စီးရှိထားရင် ပိုပြီး အဆင်ပြေလို့လေ။”

“ဒါပေမယ့်၊ ယွီအာ… သမီး ကားဘယ်လိုမောင်းရမလဲသိလို့လား။” ဖေဖေရှောင်က မေးလိုက်သည်။

“သိတာပေါ့၊ အဖေရဲ့။ သမီး Zမြို့မှာ အလုပ်လုပ်တုန်းက အားတုန်း ယာဉ်မောင်းလိုင်စင် ဖြေထားတယ်လေ။”

“ဒါဆို ကားသစ်ဝယ်တာလား၊ ဒါမှမဟုတ် တစ်ပတ်ရစ်ကားလား။” ဦးလေးရှောင်က မေးလာခဲ့သည်။

“ကားသစ်ပါ။”

“ဘယ်လောက်ပေးရလဲ။”

“ယွမ် ၇သောင်း။”

“အရမ်းဈေးကြီးတာပဲ။” ဒေါ်လေးရှောင်မှာ ထိုမျှများပြားသည့်ပမာဏကြောင့် အလွန်အံ့အားသင့်သွားသည်။

“ယွမ် ၇သောင်းလား။” မေမေရှောင်က မေးလာခဲ့သည်။ “ယွီအာ၊ ဒီလောက်များတဲ့ငွေတွေ ဘယ်ကရတာလဲ။” မြေငှားတယ်၊ တဲတွေဆောက်တယ်၊ ရွာသားတွေကို ငှားတာတွေပါ,ပါရင် ယွမ်၃သောင်း ၄သောင်းလောက် ကုန်နေပြီဖြစ်သည်။ ကားတစ်စီးဝယ်ဖို့လောက်အထိ ငွေအများကြီး ကျန်စရာမကြောင်းမရှိသင့်ပေ။ မေမေရှောင်သည် ငွေကိုင်သည့်လူဖြစ်တာကြောင့် ဒါကို ကောင်းကောင်းသိနေလေသည်။

“ယွီအာ၊ သမီးမှာ ပိုက်ဆံလောက်ရဲ့လား။” လျိုချွမ်းဟွာက မေးလိုက်လေသည်။ “ယွီအာ၊ ဘယ်လောက်ထပ်လိုသေးလဲ။ မင်းရဲ့စတုတ္ထဦးလေးနဲ့ ငါ့မှာ ဒီနှစ်တွေအတွင်း စုဆောင်းထားတာလေးတွေရှိတယ်၊ မင်းကို ချေးပေးမယ်လေ။”

“ဟုတ်တယ်၊ ယွီအာ။ ငွေဘယ်လောက်ထပ်လိုသေးလဲ။” စတုတ္ထဦးလေးကပါ ဝင်မေးလာခဲ့သည်။

ရှောင်လင်းယွီက ခေါင်းကိုယမ်းလိုက်ကာ ပြုံး၍ ပြန်ဖြေလိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ စတုတ္ထဦးလေး၊ စတုတ္ထဒေါ်လေး။ ဒါပေမယ့် မလိုတော့ပါဘူး။ တစ်လကို ယွမ်၂ထောင်သွင်းရုံနဲ့ ကားတစ်စီးဝယ်ဖို့ လုံလောက်ပါပြီ။”

“ယွမ်၂ထောင်?” သူတို့ နားမလည်နိုင်ဖြစ်သွားလေသည်။ “ဒါပေမယ့် မင်းပဲ ယွမ်၇သောင်းကျတယ်လို့ မပြောဘူးလား။ ဘယ်လိုလုပ် ယွမ်၂ထောင်ဖြစ်သွားတာလဲ။ ယွီအာ၊ ဒေါ်လေးတို့ နားမလည်တော့ဘူး။”

သူတို့သည် ကားတစ်စီးကို အရစ်ကျငွေချေသည့်စနစ်ဖြင့် ဝယ်ယူ၍ရကြောင်း မသိကြဘဲ… တစ်ခါတည်း ငွေအပြည့်ချေဖို့လိုသည်ဟုသာ ထင်နေကြခြင်းဖြစ်ပေသည်။

***

All Chapters