အခန်း (၁၀၀၉-၁၀၁၁)
Vol. 62 Ch. 1009-1011
အခန်း ၁၀၀၉ ။ ထျန်းရှန်ဂိုဏ်းသို့ ပြန်လာခြင်း
ရှစ်လဲ့ထုန်သည် မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ သူ့ရဲ့ လိုဏ်ဂူအိမ်တော်ကို တွေ့လိုက်ရပြီး သူ ကျင့်ကြံရေးလောကသို့ ပြန်ရောက်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
သူ့နှုတ်ခမ်းထောင့်များ ကော့တက်သွားပြီး ပြောလိုက်သည်။ "ငါ ပြန်ရောက်ပြီ"
သူက အခု ရှောင်လဲ့ထုန် မဟုတ်တော့ဘူး၊ ကျင့်ကြံရေးလောကက ရှစ်လဲ့ထုန် ဖြစ်သွားပြီ။
ရုတ်တရက် သူ တစ်ခုခုကို သတိရသွားပြီး လက်ဖဝါးကို ဖြန့်လိုက်ရာ အစိမ်းရောင် အလင်းတန်း တစ်ချက် လက်သွားပြီး လက်ဖဝါးပေါ်တွင် ကျောက်စိမ်းဆွဲပြား အစိမ်းရောင် တစ်ခု ပေါ်လာသည်။
အစိမ်းရောင် အလင်းတန်းများ တလက်လက် တောက်ပနေပြီး ကြည်လင်တောက်ပကာ လှပပြီး ချစ်စရာ ကောင်းနေသည်။
ဒီကျောက်စိမ်းဆွဲပြားက ရှောင်လင်းယွီရဲ့ ဖီးနစ်ပုံသဏ္ဍာန် ကျောက်စိမ်းဆွဲပြားပါပဲ။
အစိမ်းရောင် အလင်းတန်း တစ်ချက် လက်သွားပြီး ရှစ်လဲ့ထုန် ရှေ့တွင် လူရိပ်တစ်ခု ပေါ်လာသည်။
ဒီလူက အရပ်ရှည်ပြီး ကျောက်စိမ်းရောင် ဝတ်စုံ ဝတ်ထားကာ ဆံပင်တိုတို၊ ရုပ်ရည်ချောမောပြီး ချစ်စရာ ကောင်းနေသည်။
သူက မျက်လုံးအဝိုင်းသားနဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။ "အစ်ကိုကြီး... ဒီနေရာက ဘယ်နေရာလဲ"
ရှစ်လဲ့ထုန်က ပြုံးပြီး ပြောလိုက်သည်။ "ဒါက ငါ့ရဲ့ လိုဏ်ဂူအိမ်တော်လေ"
"လိုဏ်ဂူအိမ်တော်..." ထို့နောက် ရှောင်လင် မျက်လုံးများ အရောင်တောက်လာပြီး ဝမ်းသာအားရ ပြောလိုက်သည်။ "အစ်ကိုကြီး... အစ်ကိုကြီး ကျင့်ကြံရေးလောကကို ပြန်ရောက်လာပြီပေါ့"
ရှစ်လဲ့ထုန် ခေါင်းညိတ်လိုက်သည်။ "အင်း... ငါ စိတ်နတ်ဆိုးကို အနိုင်ယူပြီး ကျင့်ကြံရေးလောကကို အောင်အောင်မြင်မြင်နဲ့ ပြန်ရောက်လာခဲ့ပြီ"
ရှောင်လင်က သူ့အတွက် ဝမ်းသာအားရ ပြောလိုက်သည်။ "အစ်ကိုကြီး... တကယ် ကောင်းလိုက်တာ။ ဂုဏ်ပြုပါတယ် အစ်ကိုကြီး"
ရှစ်လဲ့ထုန် စဉ်းစားပြီး ပြောလိုက်သည်။ "မားမားနဲ့ ပါပါး အခု ဘယ်လို အခြေအနေ ရှိလဲ"
ရှောင်လင်က ပြုံးပြီး ပြောလိုက်သည်။ "အင်း... သူတို့က အရမ်း လိမ္မာတယ်၊ နေရာလွတ်ထဲမှာ ကျင့်ကြံနေကြတယ်"
ရှစ်လဲ့ထုန် နှုတ်ခမ်းထောင့် စွန်းတက်ကာ အံ့သြသလို မေးလိုက်သည်။ "ဪ... တကယ် နေရာလွတ်ထဲမှာ ကျင့်ကြံနေတာလား၊ နေရာလွတ်ထဲမှာ ကစားနေတာ မဟုတ်ဘူးလား"
ရှောင်လင် ခေါင်းခါလိုက်သည်။ "အင်း... သူတို့ တကယ် နေရာလွတ်ထဲမှာ ကျင့်ကြံနေတာပါ"
ရှစ်လဲ့ထုန် စဉ်းစားပြီး ပြောလိုက်သည်။ "ငါ သွားကြည့်သင့်တယ်လို့ ထင်တယ်"
ရှောင်လင် ကြားလိုက်ရတော့ မျက်နှာပေါ်မှာ ထိတ်လန့်တဲ့ အရိပ်အယောင်တွေ ပေါ်လာပြီး ပြောလိုက်သည်။ "အစ်ကိုကြီး... မားမားနဲ့ ပါပါးက အခု ကျင့်ကြံနေတာ၊ ကျွန်တော်တို့ သူတို့ကို မနှောင့်ယှက်တာ ပိုကောင်းမယ်"
ရှစ်လဲ့ထုန်က ရှောင်လင်ရဲ့ မျက်နှာထားကို ကြည့်ပြီး ချက်ချင်း သံသယ ဝင်သွားကာ မေးလိုက်သည်။ "ရှောင်လင်... မားမားနဲ့ ပါပါးက တကယ် ကျင့်ကြံနေတာလား၊ ကစားနေတာလား"
ရှောင်လင် မျက်နှာထား ချက်ချင်း လေးနက်သွားပြီး ပြောလိုက်သည်။ "အင်း... သူတို့ တကယ် ကျင့်ကြံနေတာပါ"
ရှောင်လင် ပိုလေးနက်လေ ရှစ်လဲ့ထုန် ပိုသံသယ ဖြစ်လေ ဖြစ်နေတယ်။ ထို့နောက် အဖြူရောင် အလင်းတန်းတစ်ချက်လက်သွားပြီး လိုဏ်ဂူအိမ်တော်ထဲကနေ ပျောက်ကွယ်သွားတယ်။
ရှောင်လင် မြင်လိုက်တော့ အစိမ်းရောင် အလင်းတန်း တစ်ချက် လက်သွားပြီး လိုဏ်ဂူအိမ်တော်ထဲကနေ လိုက်ပါ ပျောက်ကွယ်သွားတယ်။
…..
နေရာလွတ် ရောက်တာနဲ့ ရှစ်လဲ့ထုန်က ၂ နှစ်၊ ၃ နှစ် အရွယ် ကလေးနှစ်ယောက် စမ်းချောင်းထဲမှာ ရေကစားနေတာကို တွေ့လိုက်ရတယ်။
မှန်ပါတယ်... ဒီအဝတ်အစား မဝတ်ထားတဲ့ ကလေးနှစ်ယောက်က ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်ပါပဲ။
ဒီအချိန်မှာ သူတို့က စက္ကူဖြူလို ဘာမှ မသိတဲ့ ကလေးငယ်လေးတွေ ဖြစ်နေပြီး ဘာမှ နားမလည်ကြသေးပါဘူး။
ဒါပေမဲ့ သူတို့ ဘာလို့ ဒီလို ဖြစ်သွားရတာလဲ။
...
ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်က ကမ္ဘာ့ အချမ်းသာဆုံး လူတွေ ဖြစ်လာတယ်၊ တစ်ချိန်တည်းမှာပဲ ရှောင်လင်းယွီ ပိုင်ဆိုင်တဲ့ စမ်းရေ နေရာလွတ်လျှို့ဝှက်ချက်လည်း ပေါက်ကြားသွားတယ်။
သူမကို အရင်ဆုံးဖွင့်ချလိုက်တာက သုတေသနဌာနတစ်ခုပါ။
ရှောင်လင်းယွီ ဟင်းသီးဟင်းရွက် စရောင်းခါစ၊ အထူးသဖြင့် Z မြို့မှာ အစွပ်စွဲခံရတုန်းကတည်းက သူမကို ဒီသုတေသနဌာနက စောင့်ကြည့်နေတာ။
နောက်ပိုင်း ဒီသုတေသနဌာနက နှစ်ပေါင်းများစွာ လေ့လာပြီးနောက် စာရေးဆရာတစ်ယောက်ရဲ့ ဝတ္ထုထဲကနေ အကြံဉာဏ် ရသွားတယ်၊ အဲဒီဝတ္ထုက အချိန်ခရီးသွား ဇာတ်လမ်းပါ၊ ဇာတ်ကောင်က အစွမ်းထက်တဲ့ နေရာလွတ်တစ်ခု မတော်တဆ ရရှိသွားတယ်၊ ဒီနေရာလွတ်က အရာအားလုံး လုပ်ဆောင်နိုင်တယ်ဆိုပြီး ရေးထားတာ။
ဒီသုတေသနဌာန ညွှန်ကြားရေးမှူးက မျက်လုံးတွေ အရောင်တောက်လာပြီး အကြိမ်ကြိမ် စမ်းသပ်စစ်ဆေးပြီးနောက် ရှောင်လင်းယွီက အဲဒီဝတ္ထုထဲက နေရာလွတ်နဲ့ နေရာလွတ်ထဲက အရာအားလုံး လုပ်ဆောင်နိုင်တဲ့ စမ်းရေကို ပိုင်ဆိုင်ထားတယ်ဆိုတာ အတည်ပြုနိုင်ခဲ့တယ်။
ဒီလျှို့ဝှက်ချက်ကို သိလိုက်ရတော့ သုတေသနဌာနက လူတွေ ဝမ်းသာအားရ ဖြစ်သွားကြတယ်၊ ပြီးတော့ သူတို့က ရှောင်လင်းယွီကို သွားရှာပြီး နေရာလွတ်ကို ထုတ်ပေးဖို့ ခြိမ်းခြောက်ကြတယ်၊ မဟုတ်ရင် ဖမ်းဆီးပြီး သုတေသနလုပ်မယ်ဆိုပြီး ခြိမ်းခြောက်ကြတယ်။
ဒါပေမဲ့ ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီက ခြိမ်းခြောက်လို့ ရတဲ့သူတွေမှ မဟုတ်တာ၊ ပြီးတော့ သူတို့က အရမ်းအစွမ်းထက်နေတော့ သုတေသနဌာနရဲ့ ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်ဘူး။
အဲဒီ သုတေသနဌာနက အာဏာတချို့ ရှိပေမဲ့ ကုန်းထျန်းဟောက်နဲ့ ကုန်းမိသားစုကို ရင်ဆိုင်ရရင်တော့ ခေါင်းငုံ့ရုံပဲ ရှိတော့တယ်။
ဒါပေမဲ့ သုတေသနဌာန ညွှန်ကြားရေးမှူးက စိတ်သဘောထား သေးသိမ်တဲ့သူ၊ တိတ်တိတ်လေး လုပ်လို့ မရရင် ဗြောင်ကျကျ လုပ်မယ် ဆိုပြီး ဒီကိစ္စနဲ့ နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာထားတဲ့ ရလဒ်တွေကို အွန်လိုင်းမှာ ဖြန့်ချိလိုက်တယ်၊ ပြီးတော့ လူသားတွေ အကျိုးပြုမယ့်ပစ္စည်းမျိုးကို ထုတ်ပေးသင့်တယ်၊ မဟုတ်ရင် တစ်ကိုယ်ကောင်းဆန်တာ၊ အရင်းရှင်ဆန်တာဖြစ်မယ်ဆိုပြီး ပြောဆိုလိုက်တယ်။
ဒီလို ပစ္စည်းကောင်းမျိုး ရှိတယ် ဆိုတာ ကြားလိုက်တော့ ဘယ်သူက မလိုချင်ဘဲ နေမလဲ၊ လူတိုင်း လိုချင်ကြတာပေါ့၊ အဲဒီရေကို သောက်ရင် ကျန်းမာသန်စွမ်းပြီး ရောဂါကင်းမယ် ဆိုတော့လေ။
ဒါကြောင့် ခဏချင်းမှာပဲ အွန်လိုင်းမှာ ရှောင်လင်းယွီကို စမ်းရေ နေရာလွတ် ထုတ်ပေးဖို့ တညီတညွတ်တည်း တောင်းဆိုလာကြတယ်၊ ဒါမှ နိုင်ငံနဲ့ ပြည်သူအတွက် ကောင်းမွန်တဲ့ လုပ်ရပ် ဖြစ်မယ် ဆိုပြီးတော့ပေါ့။
ဒါပေမဲ့ ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်က ဂရုမစိုက်ဘူး၊ နိုင်ငံတော် ခေါင်းဆောင် တစ်ယောက်က တိုက်ရိုက် ကြေညာချက် ထုတ်ပြန်လိုက်တယ်၊ ရှောင်လင်းယွီက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စမ်းရေ နေရာလွတ်ကို နိုင်ငံတော်ကို အပ်နှံခဲ့ပြီးပါပြီတဲ့၊ နိုင်ငံတော်ကို ကာကွယ်ပေးနေတဲ့ စစ်သားတွေရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို လျင်မြန်စွာ တိုးတက်စေခဲ့တယ်၊ နိုင်ငံတော်ကိုလည်း ပိုမို အင်အားကြီးမားလာစေခဲ့တယ်၊ ပြီးတော့ ရှောင်လင်းယွီရဲ့ ရက်ရောမှုနဲ့ ပေးဆပ်မှုကို ကျေးဇူးတင်ပါတယ်တဲ့။
နိုင်ငံတော်က ထွက်ပြောလိုက်တော့ သုတေသနဌာနနဲ့ ရှောင်လင်းယွီကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြစ်တင်ဝေဖန်သူတွေ ပါးရိုက်ခံလိုက်ရသလို ဖြစ်သွားတယ်။
ဟဟ... သူများက ပစ္စည်းကို နိုင်ငံတော်ကို အပ်နှံပြီးပြီ၊ မင်းတို့က အခု လာအော်နေတာ ဘာအဓိပ္ပာယ် ရှိလဲ၊ စွမ်းရည်ရှိရင် နိုင်ငံတော်ကို သွားအော်လေ။ နိုင်ငံတော်က စမ်းရေတွေကို နိုင်ငံတော် ကာကွယ်ရေး စစ်သားတွေဆီ ခွဲဝေပေးထားတာ။
မင်းတို့ စမ်းရေ လိုချင်ရင် ရတယ်လေ၊ စစ်ထဲဝင်၊ စစ်မြေပြင်သွားပြီး ရန်သူတွေကို သွားသတ်လေ။
ဒီလိုသတ္တိမရှိရင်၊ ဒီလိုစွမ်းရည်မရှိရင် ပါးစပ်ပိတ်ထား။
အဲဒီနောက်ပိုင်း ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်ရဲ့ ဘဝက လုံးဝ အေးချမ်းသွားတယ်။
သူတို့က အရာအားလုံး ပိုင်ဆိုင်ထားပြီဆိုတော့ မိဘဆွေမျိုးတွေကို ခေါ်ပြီး ရဟတ်ယာဉ် မောင်းကာ ကမ္ဘာပတ် ခရီးထွက်ကြတယ်။
ရှောင်လဲ့ထုန်လည်း တဖြည်းဖြည်း ကြီးပြင်းလာတယ်၊ ဘိုးဘိုးကြီးနဲ့ဘွားဘွားကြီးတွေ ကွယ်လွန်သွားတုန်းက ဝမ်းနည်းပက်လက် ငိုကြွေးခဲ့တယ်။
နောက်တော့ အဖိုးအဖွားတွေ ကွယ်လွန်သွားတုန်းကလည်း အရမ်းဝမ်းနည်းခဲ့တယ်။
နောက်တော့ မိဘတွေကို နောက်ဆုံးခရီး ပို့ဆောင်ပေးခဲ့တယ်။
ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက် ဇနီးမောင်နှံက စမ်းရေကြောင့် အသက် ၁၂၀ အထိ နေထိုင်ခဲ့ရတယ်၊ ဘာရောဂါမှ မရှိဘဲ ဇနီးမောင်နှံနှစ်ယောက် လက်ချင်းတွဲပြီး ပြုံးလျက် ကွယ်လွန်သွားကြတယ်။
သူတို့ ကွယ်လွန်ချိန်မှာ မျိုးဆက် ၅ ဆက် အတူရှိနေပြီး သားသမီး မြေးမြစ်တွေ ဝိုင်းရံနေတယ်။
သားကြီး ရှောင်လဲ့ထုန်က မိန်းမမယူတာကလွဲရင် နောက်ထပ် သားနှစ်ယောက်နဲ့ သမီးတစ်ယောက် မွေးဖွားခဲ့တယ်၊ မိဘတွေရဲ့ လွှမ်းမိုးမှုကြောင့် သူတို့က ကိုယ်ကြိုက်တဲ့သူကိုပဲ ရှာဖွေခဲ့ကြတယ်၊ မိသားစု နောက်ခံ ဘာညာ မကြည့်ခဲ့ကြဘူး။
မိသားစုတစ်ခုလုံး သဟဇာတ ဖြစ်ပြီး ပျော်ရွှင်နေကြတယ်။
ရှောင်လင်းယွီ မကွယ်လွန်ခင် ရှောင်လဲ့ထုန်က သူမနဲ့ ရှောင်လင်ကြားက စာချုပ်ကို ဖျက်သိမ်းပေးခဲ့တယ်။
ဘာလို့လဲဆိုတော့ ရှောင်လင်းယွီ သေဆုံးသွားရင် နေရာလွတ်က အိပ်ပျော်သွားမှာမို့လို့ပါ။
ရှောင်လင်းယွီက ရှောင်လင် အိပ်ပျော်သွားမှာ မလိုလားလို့ သားကြီးနောက် လိုက်ခိုင်းလိုက်တာ။
ရှောင်လဲ့ထုန်က သူတို့ကြားက စာချုပ်ကို ဖျက်သိမ်းပေးလိုက်ပေမဲ့ သူ လုံးဝ ထင်မှတ်မထားတာက မိဘနှစ်ပါးရဲ့ ဝိညာဉ်တွေက ကျောက်စိမ်းဆွဲပြား နေရာလွတ်ထဲ ကိုယ့်ဘာသာ ဝင်ရောက်သွားတာပါပဲ။
သူ အံ့သြသွားသလို ဝမ်းသာသွားတယ်။
သူ နေရာလွတ်ထဲ ဝင်ကြည့်လိုက်တော့ နှစ်ယောက်စလုံးရဲ့ ဝိညာဉ်တွေက နေရာလွတ်ထဲမှာ တိုက်ရိုက် ကျင့်ကြံလို့ရနေတာ တွေ့လိုက်ရတယ်။
ကျင့်ကြံလို့ အစိုင်အခဲဖြစ်လာတော့ မွေးကင်းစ ကလေးငယ်လေးတွေအဖြစ် ပြောင်းလဲသွားတယ်။
ပြီးတော့ ရှောင်လဲ့ထုန်နဲ့ ရှောင်လင်က နေရာလွတ်ထဲမှာ ကလေးထိန်းတွေ ဖြစ်သွားကြတယ်။
ရှောင်လဲ့ထုန်က မောင်နှမတွေနဲ့အတူ မိဘတွေကို သင်္ဂြိုဟ်ပြီးနောက် နေ့ရက်တစ်ရက် ရွေးပြီး ကိုယ့်ဘာသာ သေဆုံးလိုက်တယ်။
ရှောင်လဲ့ထုန်ရဲ့ ဘဝအကြောင်း တစ်ယောက်ယောက်က အတ္ထုပ္ပတ္တိရေးတဲ့အခါ ဒီလို သုံးသပ်ထားတယ် - သူက ပါရမီရှင် တစ်ယောက်ပါ၊ သူက တစ်ခါမြင်ရင် မှတ်မိတဲ့ စွမ်းရည်ရှိတယ်၊ သူက ထူးချွန်တဲ့သူ၊ ကမ္ဘာ့ ထိပ်တန်း ဟက်ကာ၊ တစ်ချိန်တည်းမှာပဲ သူက ကမ္ဘာ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို ပြောင်းလဲစေခဲ့တဲ့ မဟာလူသား တစ်ယောက်ပါ။
ဒါပေမဲ့ ကမ္ဘာသူကမ္ဘာသားတွေအတွက် နှမြောစရာနဲ့ ဝမ်းနည်းစရာ ကောင်းတာက သူက တစ်သက်လုံး အိမ်ထောင်မပြုခဲ့တာပါပဲ။
…..
ပြန်လည်မွေးဖွားလာတဲ့ ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်က သဘာဝကို လွှတ်ပေးလိုက်သလိုမျိုး အထူးတလည် ကစားကြတယ်၊ သူတို့ရဲ့ သားဖြစ်ခဲ့ဖူးပေမဲ့ အခု ကလေးထိန်းဖြစ်နေရတဲ့ ရှောင်လဲ့ထုန်ကို စိတ်ပူပင်စေတယ်။
ရှစ်လဲ့ထုန် နဖူးက သွေးကြောတွေ ထောင်ထလာပြီး ရှောင်လင်ကို ကြည့်ကာ အံကြိတ်ပြီး မေးလိုက်သည်။ "မင်းပဲ သူတို့ ကျင့်ကြံနေတယ် ဆို၊ ဘာလို့ အခု ကစားနေကြတာလဲ"
ရှောင်လင် မျက်လုံး ကလည်ကလည် လုပ်ပြီး အတည်ပေါက် ပြောလိုက်သည်။ "အစ်ကိုကြီး ကျွန်တော့်ကို လိုဏ်ဂူအိမ်တော်ထဲက ခေါ်တုန်းက သူတို့ တကယ် ကျင့်ကြံနေကြတာပါ။ အစ်ကိုကြီး... ဖြစ်နိုင်တာက သူတို့ ကျင့်ကြံရတာ ပင်ပန်းလို့ ခဏနားပြီး ကစားနေကြတာနေမှာပါ"
ရှစ်လဲ့ထုန် "..." ကျင့်ကြံရတာ ပင်ပန်းတယ်တဲ့လား။
ရှစ်လဲ့ထုန် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ရှောင်လင်ကို လေးနက်စွာ ပြောလိုက်သည်။ "မင်း သူတို့ကို အလိုလိုက်နေတာပဲ။ သူတို့ အခု ကျင့်ကြံရေးလောက ရောက်နေပြီ၊ အားနည်းသူကို အားကြီးသူက အနိုင်ကျင့်တဲ့နေရာ၊ အခု ကောင်းကောင်း မကျင့်ကြံဘဲ ကိုယ့်ကျင့်ကြံမှု အဆင့်ကို မမြှင့်တင်ရင် သူများ ကစားစရာဖြစ်ပြီး အသတ်ခံရမယ့် ဇာတ်သိမ်းပဲ ရှိတော့မှာ"
ရှစ်လဲ့ထုန် ပြောတာ ကြားတော့ ရှောင်လင် ပြဿနာရဲ့ လေးနက်မှုကို ချက်ချင်း သဘောပေါက်သွားပြီး အမှားဝန်ခံလိုက်သည်။ "တောင်းပန်ပါတယ် အစ်ကိုကြီး၊ ကျွန်တော် တွေးတာ ရိုးရှင်းလွန်းသွားတယ်။ သူတို့ကို ပျော်ရွှင်စေချင်ရုံပါပဲ။ မထင်မှတ်ထားဘူး၊ ဒီနေရာက ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာ မဟုတ်တော့ဘူး၊ မားမားနဲ့ ပါပါး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ ကမ္ဘာ မဟုတ်တော့ဘူး၊ ဒီနေရာက ကျင့်ကြံရေးလောက၊ အားနည်းသူကို အားကြီးသူက အနိုင်ကျင့်တဲ့၊ စိတ်ကြိုက် သတ်ဖြတ်လို့ရတဲ့ ကမ္ဘာ ဆိုတာကို"
ရှစ်လဲ့ထုန် ကြားလိုက်ရတော့ စမ်းချောင်းထဲမှာ ပျော်ရွှင်စွာ ကစားနေတဲ့ ကလေးနှစ်ယောက်ကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "ထားလိုက်ပါတော့၊ ဒီနှစ်ရက်တော့ သူတို့ကို ကောင်းကောင်း ကစားခိုင်းလိုက်ပါဦး"
ရှောင်လင် မျက်လုံးများ အရောင်တောက်လာပြီး ခေါင်းညိတ် ပြောလိုက်သည်။ "အင်း... အစ်ကိုကြီး စိတ်ချပါ၊ နောက်ကျရင် ကျွန်တော် မားမားနဲ့ ပါပါးကို ကောင်းကောင်း ကြီးကြပ်ပါ့မယ်"
ရှောင်လဲ့ထုန် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ပြောလိုက်သည်။ "သူတို့က ကလေးဘဝ ပြန်ရောက်သွားပြီဆိုတော့ ငါတို့ သူတို့ကို မားမားနဲ့ ပါပါး လို့ ခေါ်ဖို့ မသင့်တော်တော့ဘူး"
ရှောင်လင် မေးလိုက်သည်။ "ဒါဆို ကျွန်တော် ဘယ်လို ခေါ်မလဲ"
"သူတို့ နာမည်တပ် ခေါ်လိုက်ရင် ရပြီ" ရှစ်လဲ့ထုန် ကစားနေတဲ့ ကလေးနှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။
ရှောင်လင် ချက်ချင်း အော်ခေါ်လိုက်သည်။ "ရှောင်လင်းယွီ၊ ကုန်းထျန်းဟောက်... ပြန်လာပြီး ကျင့်ကြံကြတော့။ မကျင့်ကြံရင် ဖင်ရိုက်မယ်နော်"
ရှစ်လဲ့ထုန် ကြားလိုက်ရတော့ ခံစားချက်တွေက... အဲ... နည်းနည်း ရှုပ်ထွေးသွားတယ်။
ဘာပဲပြောပြော သူတို့က အရင်တုန်းက မိဘတွေလေ၊ အခုတော့ သူတို့ရဲ့ ကလေးတွေ ဖြစ်သွားကြပြီ။
မိဘကို ဖင်ရိုက်မယ်လို့ ပြောတာက တကယ်ပြောမထွက်တဲ့ ခံစားချက်မျိုးပဲ။
...
"ဂုဏ်ယူပါတယ် ဆရာဘိုးဘေး ပြန်လာတာကို ကြိုဆိုပါတယ်" ရှစ်လဲ့ထုန် လိုဏ်ဂူအိမ်တော်ထဲက ထွက်လာတော့ ထျန်းရှန်ဂိုဏ်းက တပည့်တွေအားလုံး ရင်ပြင်မှာ ဒူးထောက်ပြီး အသံကျယ်ကြီးနဲ့ အော်ဟစ် နှုတ်ဆက်နေကြတာကို တွေ့လိုက်ရတယ်။
ဒီအချိန်မှာ ရှစ်လဲ့ထုန်က အဖြူရောင်ဝတ်စုံ ဝတ်ထားတယ်၊ နတ်ဘုရားလို လှပတင့်တယ်တယ်၊ ရုပ်ရည် ချောမောတယ်၊ မျက်လုံးတွေက ကြည်လင်အေးစက်ပြီး ကြယ်တွေလို တောက်ပနေတယ်၊ ပြီးပြည့်စုံတဲ့ လူသားတစ်ယောက်ပါပဲ။
သူ ရင်ပြင်ရဲ့ အမြင့်ဆုံး နေရာမှာ ရပ်ပြီး လူအားလုံး သူ့ကို ဒူးထောက် အရိုအသေပြုနေတာကို ကြည့်ကာ မျက်လုံးမှေးပြီး အေးဆေးစွာ ပြောလိုက်သည်။ "အားလုံး ထကြပါ"
ဆံပင်ဖြူဖြူနဲ့ လူအိုကြီးတစ်ယောက် အပြေးလေး လာပြီး ရှစ်လဲ့ထုန်ကို လက်အုပ်ချီကာ အလွန် လေးစားစွာ ပြောလိုက်သည်။ "ဂုဏ်ယူပါတယ် ဆရာဦးလေး၊ စိတ်နတ်ဆိုးကို အောင်မြင်စွာ ကျော်လွှားပြီး ကပ်ဘေးကနေ ပြန်လာနိုင်ခဲ့ပြီ၊ နတ်ဘုရားဖြစ်ဖို့ မဝေးတော့ပါဘူး"
ဆရာဦးလေးငယ် နတ်ဘုရားဖြစ်သွားရင် ထျန်းရှန်ဂိုဏ်းရဲ့ ကျင့်ကြံရေးလောကက အဆင့်အတန်းက အနည်းဆုံး နှစ်ထောင်ချီ ဂုဏ်ရှိနေဦးမှာ။
"အင်း..." ရှစ်လဲ့ထုန် အေးဆေးစွာ ပြောလိုက်သည်။ "ငါ့ဆရာနဲ့ ဆရာဘိုးဘေးတွေရော"
လူအိုကြီးက ပြောသည်။ "ဆရာဦးလေးရဲ့ ဝိညာဉ်ကို အတိတ်ကို ပြန်ပို့ပေးပြီးကတည်းက သူတို့ တံခါးပိတ် ကျင့်ကြံနေကြပါတယ်" ဒီစကား ပြောတုန်း မျက်လုံးထဲမှာ စိုးရိမ်ပူပန်မှု အနည်းငယ် ရှိနေတယ်။
ဆရာဘိုးဘေးတို့က တန်ခိုးစွမ်းအား အကုန်သုံးပြီး ဆရာဦးလေးငယ်ကို ပြန်ပို့ပေးခဲ့တာ၊ တန်ခိုးစွမ်းအား မရှိတော့တဲ့ သူတို့က ချက်ချင်း အိုစာသွားတယ်၊ အားအင်ကုန်ခမ်းသွားတယ်၊ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်ဦးမလဲ၊ ဘယ်လောက်ကြာကြာ အသက်ရှင်ဦးမလဲ မသိတော့ဘူး။
စဉ်းစားမိတာနဲ့ သူ့ရင်ထဲမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာတယ်။
"အင်း... ဒါဆို ငါ သွားကြည့်လိုက်ဦးမယ်" ရှစ်လဲ့ထုန် ပြောလိုက်သည်။ "မင်း တပည့်တွေကို လုပ်စရာ ရှိတာ သွားလုပ်ခိုင်းလိုက်တော့"
"ဟုတ်ကဲ့... ဆရာဦးလေးငယ် မှာကြားချက်အတိုင်းပါ" ဆံပင်ဖြူ လူအိုကြီး ပြောလိုက်သည်။
ရှစ်လဲ့ထုန် မကြာခင် ဆရာ၊ ဆရာဘိုးဘေးတွေ တံခါးပိတ်ကျင့်ကြံနေတဲ့ လိုဏ်ဂူအိမ်တော် ရှေ့ ရောက်လာတယ်၊ ချက်ချင်း ဒူးထောက်ချလိုက်ပြီး မျက်ရည်ဝဲကာ ပြောလိုက်သည်။ "ဆရာကြီး၊ ဆရာ၊ ဆရာဘိုးဘေး၊ ဂိုဏ်းချုပ်နဲ့ ဆရာဦးလေးကြီးတို့... ကျွန်တော် ရှစ်လဲ့ထုန် ပြန်ရောက်ပါပြီ"
သူ့စကားဆုံးသည်နှင့် သူ့ရှေ့တွင် လူရိပ် ဒါဇင်ချီ ပေါ်လာသည်။
လူရိပ်တိုင်းရဲ့ အသံက အံ့သြဝမ်းသာမှုနဲ့ မယုံကြည်နိုင်မှုတွေ ပါဝင်နေတယ်။
"ထုန်ထုန် ပြန်ရောက်ပြီ"
"ထုန်ထုန် ပြန်ရောက်ပြီ"
ထုန်ထုန် ပြန်ရောက်လာတယ် ဆိုတာ သူ စိတ်နတ်ဆိုးကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီဆိုတဲ့ သဘောပဲ။
"ကောင်းတယ်... ကလေး၊ တကယ် ကောင်းတယ်" ဆံပင်ဖြူဖြူ လူအိုကြီး ဒါဇင်ချီက ထုန်ထုန်ကို ကြည့်ပြီး မျက်ရည်တွေသုတ်ကာ ပြောလိုက်ကြသည်။ "မင်း စိတ်နတ်ဆိုးကို ကျော်လွှားနိုင်ခဲ့ပြီ၊ မင်း နတ်ဘုရားဖြစ်ဖို့ မဝေးတော့ဘူး"
အားလုံး စိတ်လှုပ်ရှားလာကြသည်။
ရှစ်လဲ့ထုန် သူတို့ရှေ့မှာ ဒူးထောက်ပြီး သူတို့ကို လေးလေးစားစား သုံးခါ ဦးတိုက်ကာ ပြောလိုက်သည်။ "ထုန်ထုန်က ဆရာကြီး၊ ဆရာ၊ ဆရာဘိုးဘေး၊ ဂိုဏ်းချုပ်နဲ့ ဆရာဦးလေးကြီးများ၊ ထျန်းရှန်ဂိုဏ်း တပည့်အားလုံးရဲ့ အစွမ်းကုန် ကူညီမှုကြောင့် စိတ်နတ်ဆိုးကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့တာပါ။ အခု ကျွန်တော် ရှစ်လဲ့ထုန် ပြန်ရောက်ပါပြီ၊ ထျန်းရှန်ဂိုဏ်းကို ကျွန်တော့်လက်ထဲ တိုက်ရိုက် အပ်လိုက်ပါ၊ ကျွန်တော် ထျန်းရှန်ဂိုဏ်းကို သေချာပေါက် တိုးတက်အောင် လုပ်မယ်၊ နှစ်ထောင်ချီ ဂုဏ်ရှိစေရမယ်"
ရှစ်လဲ့ထုန် စကားကို ကြားတော့ ရှိနေတဲ့ လူအိုကြီး အားလုံး ကျေနပ်စွာ ခေါင်းညိတ် ပြောလိုက်ကြသည်။ "ကောင်းပြီ... ထုန်ထုန်ရဲ့ ဒီစကားတစ်ခွန်းနဲ့တင် ငါတို့ လူအိုကြီးတွေ၊ အဘွားအိုကြီးတွေ စိတ်ထဲမှာ အရမ်းကျေနပ်သွားပါပြီ၊ အသက်မရှည်တော့ရင်တောင် ငါတို့ ဘာနောင်တမှ မရှိတော့ပါဘူး"
"ဟုတ်တယ်... ဘာနောင်တမှ မရှိတော့ပါဘူး" အားလုံးက ဒီလို ပြောကြသည်။
ဒီအချိန်မှာ ရှစ်လဲ့ထုန်က ခေါင်းခါပြီး ပြောလိုက်သည်။ "ဆရာကြီး၊ ဆရာ၊ ဆရာဘိုးဘေး၊ ဂိုဏ်းချုပ်နဲ့ ဆရာဦးလေးကြီးများ... ထုန်ထုန် ခင်ဗျားတို့ကို နေရာတစ်ခု ဖိတ်ခေါ်ချင်ပါတယ်"
ချက်ချင်းဆိုသလို သူ လက်ဝှေ့လိုက်တော့ လူအားလုံး တခြားနေရာတစ်ခုဆီ ရောက်သွားကြတယ်။
"ဒီနေရာက ဝိညာဉ်စွမ်းအင်တွေ သိပ်သည်းလိုက်တာ" ရောက်တာနဲ့ လူတိုင်း ပြည့်ဝတဲ့ ဝိညာဉ်စွမ်းအင်တွေကို ခံစားလိုက်ရတယ်။ "ထုန်ထုန်... ဒါ ဘယ်နေရာလဲ"
ရှစ်လဲ့ထုန် လေးစားစွာ ပြန်ဖြေလိုက်သည်။ "ဒါက ကျွန်တော် ပြန်သွားခဲ့တဲ့ အချိန်ကာလက ကျွန်တော့်အမေ ရှောင်လင်းယွီ မတော်တဆရရှိခဲ့တဲ့ နတ်ဘုရားပစ္စည်းပါ၊ သီးခြားနေရာလွတ်တစ်ခု ပါတဲ့ နတ်ဘုရားပစ္စည်းပါ"
"ဪ... ငါတို့က နတ်ဘုရားပစ္စည်းရဲ့ နေရာလွတ်ထဲ ရောက်နေတာကိုး" တစ်ယောက်က ချက်ချင်း သဘောပေါက်သွားသည်။
ရှစ်လဲ့ထုန် ချက်ချင်း ရှောင်လင်ကို ပေါ်လာခိုင်းလိုက်တယ်၊ သူ သူတို့ကို မိတ်ဆက်ပေးလိုက်သည်။ "ဒါက နတ်ဘုရားပစ္စည်းရဲ့ ဝိညာဉ်ပါ၊ ကျွန်တော့်အမေက သူ့ကို ရှောင်လင် လို့ နာမည်ပေးထားပါတယ်"
"ရှောင်လင်က ဆရာကြီးတို့ကို ဂါရဝပြုပါတယ်" ရှောင်လင်က အလွန်လေးစားစွာ နှုတ်ဆက်လိုက်သည်။
အစ်ကိုကြီး အလွန်လေးစားတဲ့ လူကြီးတွေကို ရှောင်လင်လည်း သေချာပေါက် လေးစားရမှာပေါ့။
"ကောင်းတယ်... ကောင်းတယ်" အားလုံး ပြန်ဖြေလိုက်ကြသည်။
ရှစ်လဲ့ထုန် သူတို့ကို မိတ်ဆက်ပေးလိုက်သည်။ "ဟို ဝိညာဉ်မြစ်က ခြင်ဆီဆေးကြော၊ အကြောအခြင် သန့်စင်ပေးတဲ့ အာနိသင် ရှိတယ်၊ ဆရာ၊ ဆရာဘိုးဘေး၊ ဂိုဏ်းချုပ်နဲ့ ဆရာဦးလေးကြီးများ ဒီက စမ်းရေကို များများ သောက်လို့ ရပါတယ်၊ ရေချိုးလို့လည်း ရပါတယ်။ ဒီနေရာလွတ်က ဝိညာဉ်စွမ်းအင် ပြည့်ဝတယ်၊ ဒီမှာ ကျင့်ကြံလို့လည်း ရပါတယ်"
ဒီအချိန်မှာ ရှောင်လင်က ပြောလိုက်သည်။ "ဆရာကြီးတို့ ဒီမှာ ကျင့်ကြံရင် မကြာခင် အရင်တုန်းက တန်ခိုးစွမ်းအားနဲ့ ပုံပန်းသဏ္ဍာန် ပြန်ရလာမှာ သေချာပါတယ်"
အရင်တုန်းက တန်ခိုးစွမ်းအားနဲ့ ပုံပန်းသဏ္ဍာန် ပြန်ရနိုင်တယ် ဆိုတာ ကြားတော့ ဒီလူအိုကြီးတွေ ပိုစိတ်လှုပ်ရှားသွားကြတယ်။ "တကယ် ရလား"
"ဒါက မင်းအပေါ် သက်ရောက်မှု ရှိမလား။ ဘာပဲပြောပြော မင်းက နတ်ဘုရားပစ္စည်း ဖြစ်နေရင်တောင် ဝိညာဉ်စွမ်းအင်နဲ့ ပြုစုပျိုးထောင်ဖို့ လိုအပ်တယ်လေ"
...
အားလုံးက အရမ်း စိတ်ဝင်စားကြပေမဲ့ ရှောင်လင်ရဲ့ ခံနိုင်ရည်ကို ထည့်သွင်းစဉ်းစားပေးကြသည်။
ရှောင်လင် ပြုံးပြီး ပြောလိုက်သည်။ "ဆရာကြီးတို့ စိတ်ချပါ၊ ကျွန်တော့် နေရာလွတ်က စိုက်ပျိုးရေး နေရာလွတ်ပါ၊ ဝိညာဉ်စွမ်းအင် လိုအပ်ရင် များများ စိုက်ပျိုးလိုက်ရုံနဲ့ ဝိညာဉ်စွမ်းအင် ထွက်ပေါ်လာပြီး နေရာလွတ် ကျယ်ပြန့်လာမှာပါ။ ကျွန်တော့် အရင်သခင်က အများကြီး စိုက်ပျိုးခဲ့လို့ ကျွန်တော့် နေရာလွတ်က ပိုပို ကျယ်ပြန့်လာပြီး ဝိညာဉ်စွမ်းအင်တွေ ပိုပို ပြည့်ဝလာတာပါ"
"ဪ... ဒီလိုကိုး" ဆရာကြီးတို့ ချက်ချင်း နားလည်သွားကြသည်။
"ဒါဆို ငါတို့ ဘယ်လို စိုက်ပျိုးရမလဲ" သူတို့က ကျင့်ကြံဖို့ပဲ သိတာ၊ ဘယ်လို စိုက်ပျိုးရမလဲ မသိကြဘူး။
"ဘယ်သူမဆို စိုက်ပျိုးလို့ ရတာ မဟုတ်ပါဘူး၊..." ရှောင်လင် စကားမဆုံးသေးခင်မှာပဲ နုနယ်ပြီး ကြည်လင်ပြတ်သားတဲ့ အသံတစ်သံ လူတိုင်း နားထဲ ရောက်လာတယ်။
"ဟီးဟီး... ဒီမှာ ဘာလို့ မုတ်ဆိတ်ဖြူ သခင်ကြီးတွေ အများကြီး ရောက်နေတာလဲ။ ဟောက်ကော... ကြည့်ပါဦး၊ သူတို့ မုတ်ဆိတ်ဖြူ၊ ဆံပင်ဖြူ၊ မျက်ခုံးမွေးတောင် ဖြူနေတယ်၊ ဟားဟား... တကယ် ပျော်စရာ ကောင်းလိုက်တာ" ရှောင်လင်းယွီ အသေးလေးက လက်ခုပ်တီးပြီး အရမ်း ပျော်ရွှင်စွာ ပြောလိုက်သည်။ "ဒါပေမဲ့ ငါ ဒီလောက် လူအများကြီး တစ်ခါမှ မတွေ့ဖူးဘူး"
ကုန်းထျန်းဟောက် အသေးလေးက ရယ်မောပြီး ထောက်ခံလိုက်သည်။ "အင်း... အင်း... ဒီမုတ်ဆိတ်ဖြူ သခင်ကြီးတွေက တစ်ကိုယ်လုံး အမွှေးဖြူတွေချည်းပဲ"
တစ်ကိုယ်လုံး အမွှေးဖြူနေတဲ့ ဆရာကြီးတို့က သူတို့ရှေ့မှာ ရုတ်တရက် ပေါ်လာပြီး ခုန်ပေါက်နေတဲ့ အနီရောင် ဝမ်းဗိုက်စည်း ဝတ်ထားတဲ့ ကလေးနှစ်ယောက်ကို ကြည့်ပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကြောင်နေကြတယ်။
သူတို့ ဒီလောက် ငယ်တဲ့ ကလေးတွေကို မတွေ့ရတာ နှစ်ဘယ်လောက်ကြာပြီလဲ။
ဟာ... မဟုတ်သေးဘူး၊ ဒီကလေးနှစ်ယောက်က ဘယ်သူတွေလဲ။
ထုန်ထုန်ရဲ့ ကလေးတွေတော့ မဟုတ်ပါဘူးနော်။
ဆရာက ချက်ချင်း ရယ်မောပြီး မေးလိုက်သည်။ "ထုန်ထုန်... ဒီကလေးနှစ်ယောက်က..." သူ့ရဲ့ သားသမီးတွေလား။
ဘယ်သူ ထင်ထားမလဲ၊ ရှစ်လဲ့ထုန် ဒီအချိန်မှာ နည်းနည်း နေရခက်သွားတယ်၊ မျက်နှာ နည်းနည်း ရဲသွားပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။ "ဆရာ... ဒါက ဟိုဘက် အချိန်ကာလက ကျွန်တော့် မိဘတွေပါ"
ဟာ... မိဘတွေ ဟုတ်လား။
ဆရာကြီးတို့ ကြောင်သွားကြသည်။ ဒီအဖြေက တကယ် ထင်မှတ်မထားတာပဲ။
လူတိုင်းရဲ့ မျက်လုံးတွေက ခဏ ထုန်ထုန်ကို ကြည့်လိုက်၊ ခဏ ဒီအပြစ်ကင်းစင်ပြီး လွတ်လပ်နေတဲ့ ကလေးနှစ်ယောက်ကို ကြည့်လိုက်နဲ့၊ ဖခင်လို့ ထင်ရတဲ့သူက ပြောင်းပြန် သားဖြစ်နေပြီး သားသမီးလို့ ထင်ရတဲ့သူက ပြောင်းပြန် မိဘတွေ ဖြစ်နေတာကို ဘယ်လိုမှ စိတ်ကူးမရနိုင်ဘူး။
"ထုန်ထုန်... ဒါ ဘယ်လို ဖြစ်တာလဲ" ဂိုဏ်းချုပ်က သံသယဖြင့် မေးလိုက်သည်။
ရှစ်လဲ့ထုန် အမှန်အတိုင်း ပြောလိုက်သည်။ "ကျွန်တော်လည်း ဘယ်လို ဖြစ်တာလဲ မသိပါဘူး။ ဟိုဘက် အချိန်ကာလမှာ ကျွန်တော် မိဘတွေကို နောက်ဆုံးခရီး ပို့ဆောင်ပေးခဲ့တယ်၊ ဒါပေမဲ့ မျက်စိတစ်မှိတ် အတွင်းမှာ သူတို့နှစ်ယောက်ရဲ့ ဝိညာဉ်တွေ နေရာလွတ်ထဲ ဝင်သွားတယ်။ နေရာလွတ်ထဲမှာ သူတို့က ကိုယ့်ဘာသာ ကျင့်ကြံနိုင်ကြတယ်၊ မကြာခင်မှာပဲ ရုပ်ခန္ဓာရရှိလာပြီး အခု ဒီပုံစံဖြစ်သွားတာပါ"
ဤနေရာသို့ ရောက်သောအခါ သူ ခနရပ်လိုက်ပြီး တောင်းဆိုတဲ့ အကြည့်တွေနဲ့ "ကျွန်တော် သူတို့ကို ကျင့်ကြံရေးလောက ပြန်ခေါ်လာခဲ့တယ်၊ ဆရာ၊ ဂိုဏ်းချုပ်နဲ့ ဆရာဦးလေးကြီးများ သူတို့ကို ထားခွင့် ပေးဖို့ မျှော်လင့်ပါတယ်"
သူ အခု သူတို့ကို တကယ် မစွန့်ပစ်နိုင်ဘူး။
အမြင့်ဆုံး ဆရာကြီးက ရုတ်တရက် လေးနက်စွာ မေးလိုက်သည်။ "ထုန်ထုန်... သူတို့ကို ထားတာက မင်းရဲ့ စိတ်နတ်ဆိုး ပြန်ဖြစ်လာစေမလား" တကယ်လို့ နောက်ထပ် စိတ်နတ်ဆိုးတစ်ကောင် ဖြစ်လာမယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို ထားခွင့်ပေးမှာ မဟုတ်ဘူး။
ရှစ်လဲ့ထုန် အလွန် သေချာစွာ ပြောလိုက်သည်။ "ဆရာကြီး... မဖြစ်ပါဘူး။ ကျွန်တော် အခု သူတို့ကို ထျန်းရှန်ဂိုဏ်း ခေါ်လာတာ သူတို့ ဘေးကင်းလုံခြုံစွာ ကြီးပြင်းလာဖို့ပဲ မျှော်လင့်တာပါ"
"ဒီလိုဆိုရင်တော့ ထားလိုက်ပါ" ဆရာကြီးက ပြောလိုက်သည်။
"ငါ ကြည့်ရတာ ဒီကလေးနှစ်ယောက်က ပါရမီ မဆိုးပါဘူး၊ ငါ သူတို့ကို တပည့်အဖြစ် လက်ခံလိုက်မယ်" ဂိုဏ်းချုပ်က ပြောလိုက်သည်။
"ငါတို့ တစ်ယောက် တစ်ယောက်ပေါ့" ဆရာဦးလေးကြီး တစ်ယောက်က ပြောလိုက်သည်။ "သူတို့ ပါရမီက မဆိုးပေမဲ့ ဝိညာဉ်အမြစ် မတူကြဘူး၊ ဒီယောကျ်ားလေးက မီးဝိညာဉ်အမြစ် ဆိုတော့ ဂိုဏ်းချုပ်နဲ့ လိုက်သွားလိုက်။ ဒီမိန်းကလေးက ရေဝိညာဉ်အမြစ်ဆိုတော့ ငါနဲ့ လိုက်ခဲ့၊ ငါ့တပည့် လုပ်လိုက်"
ရှစ်လဲ့ထုန် ချက်ချင်း ကျေးဇူးတင်စွာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဆရာကြီး၊ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်နဲ့ ဆရာဦးလေးကြီး"
"ဪ... ဟုတ်သားပဲ၊ ရှောင်လင်၊ မင်း စောစောက ဘာပြောချင်တာလဲ၊ ဘယ်သူက စိုက်ပျိုးနိုင်တာလဲ" ဆရာက မေးလိုက်သည်။
ရှောင်လင်က ပြောသည်။ "ဆရာတော်ကြီး... ကျွန်တော့် သခင်ဟောင်းက ရှောင်လင်းယွီပါ၊ အခု ကျွန်တော့် သခင်ကလည်း ရှောင်လင်းယွီပါပဲ၊ ဒါကြောင့် သူ စိုက်ပျိုးမှပဲ ကျွန်တော့်နေရာလွတ်က ကျယ်ပြန့်လာပြီး ဝိညာဉ်စွမ်းအင်တွေ ဖြည့်တင်းနိုင်မှာပါ"
"ဪ... ဒီလို ဖြစ်နေတာကိုး" အားလုံးက ရယ်မောပြီး ပြောလိုက်ကြသည်။ "ကြည့်ရတာ နောက်ကျ ငါတို့က ဝိညာဉ်စွမ်းအင် ကလေးလေးတစ်ယောက် မွေးစားထားရတော့မယ့် ပုံပဲ"
"ဟားဟား..."
အားလုံးက အလွန်ပျော်ရွှင်စွာ ရယ်မောလိုက်ကြကာ အရင်တုန်းက မှိုင်းညို့မှုနဲ့ စိုးရိမ်ပူပန်မှုတွေက ခဏချင်း လွင့်ပါးသွားကြလေသည်။
***
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
အခန်း ၁၀၁၀ ။ လျန်ဖျောင့်ရွှယ် ပြန်လည်မွေးဖွားလာခြင်းမတိုင်မီ ကမ္ဘာ (၁)
လျန်ဖျောင့်ရွှယ်သည် ချမ်းသာကြွယ်ဝသော လျန်မိသားစုတွင် မွေးဖွားလာပြီး စစ်မှန်သော အထက်တန်းလွှာ မင်းသမီးလေး၊ ရွှေလင်ဗန်းနှင့် အချင်းဆေးလာသူ ဖြစ်သည်။
ကြားတာတော့ သူမ မမွေးခင်တုန်းက သခင်ကြီးလျန် ဖျားနာနေခဲ့တယ်တဲ့။
အဲဒီတုန်းက လျန်မိသားစုက သခင်ကြီးလျန် ဖျားနာနေလို့ သားကြီးကို လွှဲပြောင်းပေးထားတာ၊ အပြင်လူတွေက လျန်မိသားစုအခြေအနေကို စောင့်ကြည့်နေကြတယ်၊ သခင်ကြီးလျန် သေတာနဲ့ လှုပ်ရှားမှု မငြိမ်သက်တဲ့ လျန်မိသားစု စီးပွားရေးကို ဝင်တိုက်ခိုက်ဖို့ ရည်ရွယ်ထားကြတာ။
နောက်တော့ သူမ မွေးလာပြီးနောက် သခင်ကြီး ရောဂါပျောက်သွားတယ်။
လျန်မိသားစု သားကြီး လျန်စစ်ချန်ကလည်း လျန်မိသားစု စီးပွားရေးကို အမြန်ထိန်းချုပ်လိုက်ပြီး လျန်မိသားစု စီးပွားရေးထဲက ပိုးမွှားတွေကို ရှင်းထုတ်လိုက်တယ်၊ လျန်မိသားစု စီးပွားရေးကို အကြီးစား ပြုပြင်ပြောင်းလဲမှုတွေ လုပ်လိုက်တယ်၊ သူ့မှာ ပြတ်သားတဲ့ လက်ရုံးရည်၊ ပြတ်သားတဲ့ စိတ်ဓာတ်တွေ ရှိတယ်၊ မကြာခင်မှာပဲ လှုပ်ရှားမှု မငြိမ်သက်တဲ့ လျန်မိသားစု စီးပွားရေးကို တည်ငြိမ်သွားစေခဲ့တယ်။
ဒါကြောင့် ဒီအကြီးဆုံး မြေးမလေးကို သခင်ကြီးလျန်က တကယ် ရတနာလေးလို ချစ်ခင်မြတ်နိုးတာ၊ သူမက လျန်မိသားစုရဲ့ ကံကောင်းခြင်း ကြယ်ပွင့်၊ လျန်မိသားစုကို ကံကောင်းခြင်းတွေ ယူဆောင်လာပေးတယ်လို့ အမြဲပြောလေ့ရှိတယ်။
လျန်မိသားစုဝင်တွေကလည်း မျက်နှာသာ ကြည့်တတ်တဲ့သူတွေမို့လို့ သခင်ကြီးလျန်က လျန်ဖျောင့်ရွှယ်ကို ချစ်ခင်မြတ်နိုးတော့ သားကြီးအိမ်တင် မကဘူး၊ တခြား သားနှစ်ယောက်ရဲ့ အိမ်ကလည်း ဒီတူမလေးကို အရမ်း ချစ်ခင်ကြတယ်၊ ပြီးတော့ လျန်မိသားစုက အခု ပိုပို ကောင်းမွန်လာတာ လျန်ဖျောင့်ရွှယ် မွေးပြီးနောက်ပိုင်းဆိုတာလည်း အမှန်ပဲ၊ သဘာဝကျကျပဲ သူမကို လျန်မိသားစုရဲ့ ကံကောင်းခြင်း ကြယ်ပွင့်လို့ သတ်မှတ်ကြတာပေါ့။
နောက်ပိုင်း မွေးလာတဲ့ လျန်မိသားစု မြေးတွေထဲမှာ ဘယ်သူမှ လျန်ဖျောင့်ရွှယ်လောက် အချစ်မခံရတော့ဘူး။
ငယ်ငယ်ကတည်းက လျန်ဖျောင့်ရွှယ် သုံးတာက လျန်မိသားစုရဲ့ အကောင်းဆုံး၊ စားတာက အကောင်းဆုံး၊ မြေးတွေ မုန့်ဖိုး ခွဲဝေရာမှာလည်း လျန်ဖျောင့်ရွှယ်က အများဆုံးပဲ၊ တခြား မောင်နှမတွေထက် နှစ်ဆ ပိုရတယ်။
ဒါက မောင်နှမတွေကို အားကျစေသလို စိတ်ထဲမှာလည်း မသိမသာ မနာလို ဖြစ်စေတယ်၊ ဒါပေမဲ့ သူတို့ ငယ်ငယ်ကတည်းက မိဘတွေက ပြောထားတယ်၊ လျန်ဖျောင့်ရွှယ်က လျန်မိသားစုရဲ့ ကံကောင်းခြင်း ကြယ်ပွင့်၊ လျန်ဖျောင့်ရွှယ် မွေးမလာရင် လျန်မိသားစုက အခု ဘယ်လို အခြေအနေ ရောက်နေမလဲ မသိဘူး၊ ဒါကြောင့် မြေးတွေ အားလုံးက လျန်ဖျောင့်ရွှယ်ကို လေးစားရမယ်လို့ ပြောထားတာ။
လျန်ဖျောင့်ရွှယ်က ငယ်ငယ်ကတည်းက လေလိုရင် လေရ၊ မိုးလိုရင် မိုးရ၊ သူမ လိုချင်တဲ့ ပစ္စည်း မှန်သမျှ ရခဲ့တယ်။
ယောက်ျားတစ်ယောက်ကလွဲရင်ပေါ့... ကျန်းထောင်။
အားလုံးက ထိပ်တန်း အထက်တန်းလွှာ မိသားစုတွေ ဖြစ်ကြလို့ လျန်ဖျောင့်ရွှယ်နဲ့ ကျန်းထောင်က ငယ်ငယ်ကတည်းက သိကျွမ်းခဲ့ကြတာ။
လျန်ဖျောင့်ရွှယ် အသိဉာဏ် ဝင်လာပြီးနောက် ကျန်းထောင်ကို ပထမဆုံး မြင်တွေ့လိုက်ရချိန်မှာ ကျန်းထောင်ရဲ့ အပြုံးက သူမကို ဖမ်းစားလိုက်တယ်။
သူမ ဘယ်ယောကျ်ားလေးရဲ့ အပြုံးမှ သူ့လောက် လှပတာ မတွေ့ဖူးဘူး။
နောက်ပိုင်း ကျန်းထောင် အသေးလေးကို ထပ်တွေ့ရတာက သူမ တစ်ခါတုန်းက ဆော့ကစားရင်း ရေထဲ မတော်တဆ ပြုတ်ကျသွားတုန်းက၊ ရေထဲမှာ ယက်ကန်ယက်ကန် ဖြစ်နေတုန်း အနားမှာ လူကြီးတွေ မရှိဘူး၊ ရေကန်ဘေးက ခုံတန်းလျားပေါ် ထိုင်နေတဲ့ ကျန်းထောင်က တွန့်ဆုတ်မနေဘဲ ရေထဲ ခုန်ဆင်းပြီး သူမကို ဆယ်ပေးခဲ့တယ်။
သူမ အကယ်ခံရပြီးနောက် တစ်ကိုယ်လုံး ရေစိုရွှဲနေတဲ့ ကျန်းထောင်ကိုကြည့်ပြီး မျက်လုံး မျက်တောင်ခတ်လိုက်တယ်၊ အဲဒီအချိန်ကစပြီး ကျန်းထောင်က သူမ ရင်ထဲ ဝင်ရောက်လာခဲ့တယ်။
လိုချင်တာ အကုန်ရတဲ့ လျန်ဖျောင့်ရွှယ်က ကျန်းထောင်နဲ့ တွေ့ရင်တော့ အရမ်းဣန္ဒြေရပြီး ဖုံးကွယ်ထားတတ်တယ်။
သူမ ကျန်းထောင်ကို အမြဲအာရုံစိုက်နေပေမဲ့ ဘယ်သူမှ မူမမှန်တာ သတိမထားမိစေခဲ့ဘူး။
အရင်တုန်းက အပြုံးပန်းတွေ ဝေဆာနေတဲ့ ကျန်းထောင် အသေးလေးက ဘာအပြုံးမှ မရှိတော့တဲ့ ကျန်းထောင် ဖြစ်လာတာ၊ ဘယ်သူ့ကိုမဆို အေးစက်စွာ ဆက်ဆံတာကို သူမ စောင့်ကြည့်နေခဲ့တယ်။
သူမ သူ့အနားသွားပြီး စကားပြောချင်တာ အကြိမ်ကြိမ်ရှိပေမဲ့ သူက လုံးဝ ဂရုမစိုက်ခဲ့ဘူး။
တဖြည်းဖြည်းနဲ့ သူတို့ ကြီးပြင်းလာကြတယ်။
ကျန်းထောင်က ကျန်းမိသားစုရဲ့ စီစဉ်မှုအောက်မှာ မြို့တော်နဲ့ ဝေးကွာတဲ့ နေရာတစ်ခုကို သွားပြီး လေ့ကျင့်ရေးဆင်းတယ်၊ သူမကတော့ မိသားစုရဲ့ စီစဉ်မှုအောက်မှာ နိုင်ငံခြားထွက်ပညာသင်တယ်။
သူမ ထွက်ခွာသွားဖို့ သိပ်ဆန္ဒမရှိပေမဲ့ ကျန်းထောင်က ကျန်းမိသားစုရဲ့ အနာဂတ် ခေါင်းဆောင် ဖြစ်လာမှာဆိုတာ သိတယ်၊ သူ့နဲ့ ထိုက်တန်ဖို့၊ သူ့နဲ့ လက်တွဲဖို့အတွက် သူမလည်း ပညာသင်ပြီး ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ရမယ်။
ဒါပေမဲ့ သူမ လုံးဝ ထင်မှတ်မထားတာက သူမ ထွက်သွားပြီးနောက် ကျန်းထောင် ရင်ထဲမှာ မိန်းမတစ်ယောက် ရောက်လာတာပါပဲ။
အဲဒီမိန်းမ နာမည်က ရှောင်လင်းယွီ။
သူမ အဲဒီ ရှောင်လင်းယွီအကြောင်း စုံစမ်းခိုင်းလိုက်တော့ ရလာတဲ့ သတင်းက ရှောင်လင်းယွီက ထောင်ယွမ်ရွာမှာ မွေးဖွားတဲ့ တောသူမတစ်ယောက်ဆိုတာပဲ။
ထောင်ယွမ်ရွာဆိုတာ ကျန်းထောင် လေ့ကျင့်ရေးဆင်းတဲ့ မြို့နယ်လေးတစ်ခုရဲ့ ရွာငယ်လေး တစ်ရွာပဲ။
ဒါပေမဲ့ သူမ နားမလည်တာက ကျန်းထောင်လို မြင့်မြတ်တဲ့ အဆင့်အတန်း ရှိတဲ့သူက ဘာလို့ တောသူမလေး တစ်ယောက်နဲ့ ပတ်သက်ရတာလဲ၊ ပြီးတော့ ကျန်းထောင်က စိတ်ဝင်စားနေသေးတယ်။
ပိုပြီး စိတ်ပျက်စရာ၊ ဒေါသထွက်စရာ ကောင်းတာက အဲဒီတောသူမလေးက ဟင်းသီးဟင်းရွက် ရောင်းတဲ့သူပဲ၊ ဒါပေမဲ့ ကျန်းထောင် ရင်ထဲမှာ နေရာရရုံတင် မကဘူး၊ မြို့တော်က နတ်ဆိုးကြီး ကုန်းထျန်းဟောက်ကပါ ကြိုက်နှစ်သက်ပြီး သူမကို လိုက်ပိုးနေတယ်။
နောက်တော့ သူမ လွှတ်လိုက်တဲ့ လူတွေက စုံစမ်းသိရှိရတာ ကုန်းထျန်းဟောက်က သူမကို လိုက်ပိုးတာက အဲဒီမိန်းမက သူ့နဲ့ အိပ်ဖူးလို့၊ အိပ်ပြီးနောက် အဲဒီမိန်းမ ကိုယ်ဝန်ရှိလာလို့တဲ့။
ဆိုလိုတာက အဲဒီမိန်းမက ကုန်းမိသားစုရဲ့ ကလေးကို လွယ်ထားလို့ ကုန်းထျန်းဟောက်က သူမကို လိုက်ပိုးတာပေါ့။
လျန်ဖျောင့်ရွှယ် ဒီအဖြစ်မှန်ကို သိလိုက်ရတော့ စိတ်သက်သာရာရသွားတယ်။
ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို တကယ် ကြိုက်လား မကြိုက်လား ဆိုတာ သူမ မသိပေမဲ့ ကျန်းထောင်ကတော့ အဲဒီမိန်းမကိုရနိုင်မယ့် အခွင့်အရေး မရှိတော့ဘူးဆိုတာ သူမ သိတယ်။
သူမ ကျန်းထောင်ကို ကောင်းကောင်းနားလည်ပါတယ်။
သူက ညီအစ်ကိုတွေနဲ့ မိန်းမလုမယ့်သူ မဟုတ်ပါဘူး။
ပြီးတော့ ကျန်းမိသားစုနဲ့ ကုန်းမိသားစုက ကွာခြားချက်ရှိတယ်လေ။
ကုန်းမိသားစုက ကုန်းထျန်းဟောက် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ ရှောင်လင်းယွီ ဆိုတဲ့ တောသူမကို ကုန်းမိသားစုထဲ ဝင်ခွင့်ပေးချင်ပေးနိုင်တယ်။
ဒါပေမဲ့ ကျန်းမိသားစုက မတူဘူး။
ကျန်းမိသားစုကို အခု ဆုံးဖြတ်ပိုင်ခွင့်ရှိတာက သခင်ကြီးကျန်း၊ သခင်ကြီးကျန်းက အရမ်းတင်းကျပ်တဲ့ ရှေးရိုးစွဲကြီး၊ အဆင့်အတန်း ခွဲခြားမှုကို အရမ်းအလေးထားတယ်၊ သေချာပေါက် ကျန်းမိသားစု ဆက်ခံသူကို အဆင့်အတန်းတူညီတဲ့အမျိုးသမီးနဲ့ လက်ထပ်စေချင်မှာ။
လျန်မိသားစုနဲ့ ကျန်းမိသားစုက မြို့တော်က ထိပ်တန်း အထက်တန်းလွှာ မိသားစုတွေ၊ ကျန်းထောင်က ကျန်းမိသားစု ဆက်ခံသူ၊ သူမ လျန်ဖျောင့်ရွှယ်က လျန်မိသားစုရဲ့ အချစ်ရဆုံး မင်းသမီးလေး။
တကယ်လို့ နှစ်ယောက် ပေါင်းဖက်လိုက်ရင် အဆင့်အတန်း တူညီရုံတင်မကဘူး၊ ရုပ်ရည်ချင်းလည်း လိုက်ဖက်တယ်၊ နတ်ဖန်တီးပေးတဲ့ စုံတွဲပဲ၊ ကျန်းမိသားစုနဲ့ လျန်မိသားစုက သေချာပေါက် မိသားစုနှစ်ခု လက်ထပ်ထိမ်းမြားဖို့ လိုလားမှာပဲ။
ပုံမှန်အတိုင်း ဆိုရင် လျန်ဖျောင့်ရွှယ်က ကျန်းထောင် ရှောင်လင်းယွီကို လက်ထပ်ဖို့ မဖြစ်နိုင်ဘူး ဆိုတာ သိနေပြီ၊ ဒါဆို သူမက စိတ်ကို ပြင်ဆင်ပြီး ကိုယ့်ခံစားချက်ကို ရင်ဆိုင်ရမယ်၊ ပြီးတော့ ကျန်းထောင်ကို ရဲရဲတင်းတင်း လိုက်ပိုးရမယ်၊ ဖြစ်နိုင်တာက ကျန်းထောင်က သူမရဲ့ မဆုတ်မနစ် လိုက်ပိုးမှုအောက်မှာ စိတ်လှုပ်ရှားလာနိုင်တယ်လေ။
ဒါပေမဲ့ လျန်ဖျောင့်ရွှယ်က အိမ်မှာ အလိုလိုက်ခံထားရတာ များလွန်းလို့ မောက်မာ၊ ရိုင်းစိုင်း၊ အကြောင်းအကျိုး မသိ၊ အမြင်ကျဉ်းမြောင်းပြီး ခေါင်းမာတဲ့ စရိုက် ဖြစ်လာတယ်။
သူမကိုယ်တိုင် အချစ်ကို လိုက်ရှာဖို့ သတ္တိမရှိဘဲ ကျန်းထောင် ရင်ထဲက နေရာယူထားတဲ့ ရှောင်လင်းယွီကို မုန်းတီးနေတယ်။
သူမက ကျန်းထောင် ရင်ထဲမှာ ရှောင်လင်းယွီ ရှိနေတာကို ခွင့်မပြုနိုင်ဘူး၊ ဒါကြောင့် ရှောင်လင်းယွီကို ကျန်းထောင် ရင်ထဲကနေ မောင်းထုတ်ချင်ရင် သူမ ဒီကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားမှ ရမယ်။
ရှောင်လင်းယွီ မရှိတော့ရင် ကျန်းထောင် ရင်ထဲမှာ နေရာလွတ်တစ်ခုရှိလာမှာပေ့ါ။
ဒါကြောင့် သူမက လူငှားပြီး ရှောင်လင်းယွီကို လုပ်ကြံခိုင်းတယ်။
ဒါပေမဲ့ လုပ်ကြံမှု မအောင်မြင်ဘူး၊ ကုန်းထျန်းဟောက်ကလည်း နောက်ကွယ်က လူသတ်သမားကို အမြန် စုံစမ်းသိရှိသွားတယ်။
ကုန်းထျန်းဟောက်က လျန်မိသားစုကို လျန်ဖျောင့်ရွှယ် ထုတ်ပေးဖို့ ခြိမ်းခြောက်တယ်၊ မဟုတ်ရင် လျန်မိသားစု စီးပွားရေးတွေကို ဖိအားပေးပြီး လျန်မိသားစု မြို့တော်ကနေ အမြန် ပျောက်ကွယ်သွားအောင်လုပ်မယ် ဆိုပြီးတော့ပေါ့။
လျန်မိသားစုက လျန်ဖျောင့်ရွှယ် ကုန်းထျန်းဟောက် ကြိုက်တဲ့ မိန်းမကို လုပ်ကြံခိုင်းတယ်ဆိုတာ ကြားတော့ ချွေးစေးတွေ ပြန်သွားကြတယ်၊ သူတို့ အိမ်က အမြဲလိမ္မာတဲ့ မင်းသမီးလေးက ဘာလို့ ရုတ်တရက် လူသတ်ခိုင်းတဲ့ ကိစ္စမျိုး လုပ်ရတာလဲဆိုတာ စဉ်းစားမရဘူး။
ဒါပေမဲ့ ဘာပဲပြောပြော လျန်ဖျောင့်ရွှယ်က သူတို့ လျန်မိသားစုရဲ့ မင်းသမီးလေးလေ၊ ဘယ်လိုလုပ် ဒီအတိုင်း ထုတ်ပေးလိုက်နိုင်မှာလဲ။ လူထုတ်ပေးလိုက်ရင် ကုန်းထျန်းဟောက်ရဲ့ နည်းလမ်းတွေနဲ့ ဆိုရင် လျန်ဖျောင့်ရွှယ် မသေတောင် အရေခွံခွာခံရမှာ သေချာတယ် ဆိုတာ သူတို့ သိတယ်။
ဒါပေမဲ့ မထုတ်ပေးရင် လျန်မိသားစုက ကုန်းထျန်းဟောက်ရဲ့ ဖိနှိပ်မှုကို ခံရမယ်။
အခက်တွေ့နေတုန်း သခင်ကြီးလျန်က ကုန်းမိသားစုကို တိုက်ရိုက် သွားတောင်းပန်တယ်၊ ပြီးတော့ ကတိပေးတယ်၊ ကုန်းမိသားစုက လျန်မိသားစုကို လွှတ်ပေးမယ်၊ လျန်ဖျောင့်ရွှယ် အသက်ကို ချမ်းသာပေးမယ်ဆိုရင် သူက လျန်ဖျောင့်ရွှယ်ကို ဝေးဝေးပို့လိုက်ပါ့မယ်၊ ကုန်းကတော်ကို မထိခိုက်စေရပါဘူး ဆိုပြီးတော့ပေါ့၊ လျန်မိသားစုနဲ့ လျန်ဖျောင့်ရွှယ်အတွက် သခင်ကြီးလျန်က ကုန်းထျန်းဟောက်ကို ဒူးထောက်လုနီးပါး ဖြစ်ခဲ့တယ်။
သခင်ကြီးလျန်က မျက်နှာအိုကြီးနဲ့ ဂုဏ်သိက္ခာကို စွန့်လွှတ်လိုက်တာပါပဲ။
သခင်ကြီးကုန်းက သခင်ကြီးလျန် ဒီလို ဖြစ်နေတာမြင်တော့ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "အဘိုးကြီးလျန်... ခင်ဗျား တကယ် ကြိုးစားတာပဲ။ ထားလိုက်ပါတော့၊ ခွင့်လွှတ်ပေးနိုင်ရင် ခွင့်လွှတ်ပေးလိုက်ပါ" နောက်ဆုံး စကားက ကုန်းထျန်းဟောက်ကို ပြောလိုက်တာပါ။
အဘိုးက ပြောလိုက်ပြီဆိုတော့ ကုန်းထျန်းဟောက် ပြောလိုက်သည်။ "နောက်တစ်ကြိမ် မရှိစေနဲ့။ ဒါပေမဲ့ အဘိုးလျန်... လျန်ဖျောင့်ရွှယ် နောက်တစ်ကြိမ် ထပ်လုပ်ရင် ကျွန်တော် သေချာပေါက် လွှတ်ပေးမှာ မဟုတ်ဘူး"
သခင်ကြီးလျန်က ပြောသည်။ "ထျန်းဟောက်... စိတ်ချပါ၊ ငါ သူ့ကို ကောင်းကောင်း စောင့်ကြည့်ထားပါ့မယ်၊ နောက်တစ်ကြိမ် ထပ်မဖြစ်စေရပါဘူး"
အဲဒီနောက်ပိုင်း လျန်မိသားစုက လျန်ဖျောင့်ရွှယ်ကို နိုင်ငံခြား ပို့လိုက်တယ်၊ ခွင့်ပြုချက် မရဘဲ နိုင်ငံပြန်ခွင့် လုံးဝမရှိဘူး။
လျန်ဖျောင့်ရွှယ် နိုင်ငံခြား မသွားချင်ဘူး၊ သူမ မှားတယ်လို့လည်း မထင်ဘူး။
သူမက ရှောင်လင်းယွီကို ကျန်းထောင် ရင်ထဲကနေ မောင်းထုတ်ချင်ရုံပဲလေ၊ ဘာမှားလို့လဲ။ သူမကို မမောင်းထုတ်ရင် သူမ နောက်ကျ ကျန်းထောင်ကို ဘယ်လိုလက်ထပ်မလဲ။
ပြီးတော့ ရှောင်လင်းယွီက တောသူမတစ်ယောက်ပဲလေ၊ အသက်က တန်ဖိုးမရှိပါဘူး။
ဒါပေမဲ့ ဘာလို့ အဲဒီ တောသူမတစ်ယောက်အတွက်နဲ့ သူမကို အဝေးကြီး ပို့ပစ်ရတာလဲ၊ ပြီးတော့ ပြန်လာခွင့် မပေးဘူးတဲ့၊ ပြန်မလာရရင် သူမ ကျန်းထောင်ကို ဘယ်လို တွေ့မလဲ။
ဒါပေမဲ့ သူမ လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ လျန်မိသားစုက လူကို အတင်း နိုင်ငံခြား ပို့လိုက်တယ်၊ ပြီးတော့ လူလွှတ် စောင့်ကြည့်ခိုင်းထားတယ်။
နောက်တော့ လျန်ဖျောင့်ရွှယ် နိုင်ငံခြားမှာ စောင့်ကြည့်ခံနေရတဲ့ နှစ်တွေအတွင်း ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက် လက်ထပ်သွားတယ်၊ သားတစ်ယောက် မွေးတယ်၊ သူတို့က အဲ့ဒီသားကို အရမ်း ချစ်တယ်ဆိုတာ ကြားလိုက်ရတယ်။
ရှောင်လင်းယွီ စိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက အရမ်းထူးခြားတယ်၊ ကိုယ်ခံစွမ်းအား ကောင်းစေတယ်၊ ရောဂါပေါင်းစုံ ကုသနိုင်တယ်တဲ့။
နောက်တော့ ရှောင်လင်းယွီ တည်ထောင်တဲ့ Green Freshအုပ်စုက တစ်နှစ်ထက် တစ်နှစ် ပိုကြီးထွားလာတယ်၊ သူမ ကုမ္ပဏီ နာမည်နဲ့ သူမ နာမည်လည်း ပိုပို ကြီးမားလာတယ်၊ ကုမ္ပဏီက နိုင်ငံခြားအထိ တိုးချဲ့လာပြီး နိုင်ငံတကာ နံပါတ်တစ် အမှတ်တံဆိပ် ဖြစ်လာတယ်။
သတင်းတွေ တစ်ခုပြီးတစ်ခု သူမ နားထဲ ရောက်လာတော့ သူမ ပိုပို ဒေါသထွက်လာတယ်၊ ရှောင်လင်းယွီ အပေါ် အငြိုးအတေးတွေလည်း တစ်နေ့ထက်တစ်နေ့ ပိုနက်ရှိုင်းလာတယ်။
ဒါပေမဲ့ ကျန်းထောင် သတင်းတွေ တွေ့ရတော့ သူမ စိတ်သက်သာရာ ရသွားတယ်။
ကျန်းထောင်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက လေ့ကျင့်ရေးဆင်းတဲ့ မြို့နယ်လေး ကနေ ပြောင်းရွှေ့သွားပြီး နိုင်ငံတော်ဌာနအဆင့်ဆင့် တက်လှမ်းကာ အရေးကြီးတဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်လာတယ်၊ သေချာပေါက် ကျန်းမိသားစု ခေါင်းဆောင်လည်း ဖြစ်လာတယ်။
တကယ်ပဲ သူမ ကြိုက်တဲ့ ယောက်ျားက ဒီလောက်တော်တာပဲ။
ဒါပေမဲ့ သူက အမြဲတမ်း အိမ်ထောင်မပြုဘဲ နေနေတယ်၊ လျန်မိသားစုနဲ့ လက်ထပ်ဖို့ ကိစ္စလည်း မပြောဘူး။
သေချာပေါက် သူ့ရင်ထဲမှာ အဲဒီမိန်းမ ရှိနေတုန်းပဲဖြစ်မယ်။
ရှောင်လင်းယွီက ကျန်းထောင် ရင်ထဲမှာ နေရာယူထားတုန်းပဲ ဆိုတာ တွေးမိရင် သူမ ရင်ထဲမှာ ခံစားရ ခက်တယ်၊ အဲဒီမိန်းမကို သတ်ပြီး ဒေါသဖြေချင်တယ်။
ဒါပေမဲ့ သူမ အခု နိုင်ငံပြန်လို့ မရဘူး။
နောက်တော့ သူမ မျက်လုံး ကလည်ကလည်လုပ်ပြီး လူငှားသတ်တဲ့ နည်းလမ်းကို တွေးမိသွားတယ်။
ဘေးနားက လူတွေက သူမကို စောင့်ကြည့်ဖို့ လာတာဆိုပေမဲ့ နှစ်တွေ ကြာလာတော့ သူမအပေါ် စောင့်ကြည့်မှုတွေ လျော့ရဲလာတယ်၊ သူမ တိတ်တိတ်လေး သိမ်းသွင်းလိုက်ရင် အိမ်ကို တိုင်ပြောမှာ မဟုတ်ဘူး။
တကယ်ပဲ ဘေးနားက လိုက်နေတဲ့ လူတွေက သခင်မလေးကို စောင့်ကြည့်ဖို့ အမိန့်ရထားပေမဲ့ မိုးနတ်မင်းနဲ့ ဝေးကွာလွန်းတယ်၊ ပြီးတော့ လျန်မိသားစုက သခင်မလေးကို မမေးမြန်းတာ ကြာပြီ ဆိုတော့ သခင်မလေးအပေါ် စောင့်ကြည့်မှုတွေ လျော့ရဲလာတယ်။ နောက်တော့ လျန်ဖျောင့်ရွှယ် မြှူဆွယ် သိမ်းသွင်းလိုက်တော့ ဒီစောင့်ကြည့်သူတွေက မျက်စိမှိတ်ပေးလိုက်ကြတယ်။
လျန်ဖျောင့်ရွှယ် နိုင်ငံတကာ လူသတ်သမား အဖွဲ့အစည်းထဲက နာမည်ကြီး လူသတ်သမားတစ်ယောက် ငှားလိုက်တယ်။
နောက်တစ်ကြိမ် ရှောင်လင်းယွီကို လုပ်ကြံဖို့ပေါ့။
သိသာတာက လုပ်ကြံမှု ထပ်ပြီးကျရှုံးသွားတယ်။
ကုန်းထျန်းဟောက် အဖြစ်မှန်ကို အမြန်စုံစမ်းသိရှိသွားတယ်၊ ဒီတစ်ခေါက် ကုန်းထျန်းဟောက်က လျန်မိသားစုကို အခွင့်အရေး ထပ်မပေးတော့ဘဲ လျန်ဖျောင့်ရွှယ်ကို တိုက်ရိုက်ခေါ်သွားတယ်။
ကုန်းထျန်းဟောက်က ကိုယ့်မိန်းမကို ထပ်ခါတလဲလဲ လုပ်ကြံတဲ့ ဒီအရူးမကို သနားညှာတာခြင်း မရှိတော့ဘဲ ပြတ်ပြတ်သားသား ရှင်းပစ်လိုက်တယ်။
လျန်ဖျောင့်ရွှယ် မသေခင် လျန်မိသားစုကိုပါ မုန်းတီးသွားတယ်၊ လျန်မိသားစုက သူမကို ဟန်ဆောင် ချစ်ခင်တာလို့ ထင်တယ်၊ မဟုတ်ရင် သူမ ကုန်းထျန်းဟောက် လက်ထဲ ရောက်သွားပြီး သေလမ်းပဲရှိတော့တာ သိရက်နဲ့ ဘာလို့ မလာကယ်တာလဲ။
ကုန်းထျန်းဟောက် လျန်မိသားစု စီးပွားရေးကို ထပ်ပြီးဖိနှိပ်မှာကြောက်လို့ မဟုတ်ဘူးလား။
ဟဟ... သူမ လျန်ဖျောင့်ရွှယ်က လျန်မိသားစု ပိုက်ဆံလောက် အရေးမပါဘူးတဲ့လား။
လျန်ဖျောင့်ရွှယ် နာကြည်းမှုတွေနဲ့ သေဆုံးသွားတယ်။
သူမ ပြန်နိုးလာတဲ့အခါကျတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကို ပြန်ရောက်နေတာ တွေ့လိုက်ရတယ်။
လက်ထဲမှာ အနီရောင်ကြိုးစလေးတစ်ချောင်း ကိုင်ထားတယ်။
နောက်တော့ ဒီအနီရောင် ကြိုးစလေးရဲ့ ထူးခြားမှုတွေကို သိလာတယ်။
သူမ အဝေးကို ကြည့်ပြီး အေးစက်စွာ ရယ်မောကာ ပြောလိုက်သည်။ "ရှောင်လင်းယွီ၊ ကုန်းထျန်းဟောက်၊ လျန်မိသားစု... ငါ ပြန်လာပြီ။ ဒီတစ်ခေါက် ငါ နင်တို့ရဲ့ ဖိနှိပ်တာကို မခံတော့ဘူး"
တကယ်ပဲ စိတ်ဓာတ်မမှန်တဲ့ လူရဲ့ အတွေးတွေကလည်း မမှန်မကန် ဖြစ်နေတတ်တယ်။
***
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
အခန်း ၁၀၁၁ ။ လျန်ဖျောင့်ရွှယ် ပြန်လည်မွေးဖွားလာခြင်းမတိုင်မီ ကမ္ဘာ (၂)
ရှောင်လင်းယွီ မျက်လုံးပြန်ဖွင့်လိုက်တော့ အရင်တုန်းက ဆေးခပ်ခံရပြီး ယောက်ျားတစ်ယောက်ရဲ့ အခန်းထဲ မှားဝင်ကာ အဲဒီယောက်ျားနဲ့ တစ်ညတာ ဆက်ဆံရေးဖြစ်ခဲ့တဲ့အချိန်ကို ပြန်ရောက်နေတာ တွေ့လိုက်ရတယ်။
စဉ်းစားမိတာနဲ့ သူမ ကိုယ့်ဗိုက်ကို ပွတ်သပ်လိုက်ပြီး တိုးတိုးလေး ခေါ်လိုက်တယ်။ "ထုန်ထုန်"
ထို့နောက် သူမ ဟိုတယ်ကနေ အမြန်ထွက်ခွာသွားခဲ့တယ်။
ဟိုတယ်ကနေ ထွက်လာပြီးနောက် သူမ သိလိုက်တယ်၊ အဲဒီ ယုတ်မာတဲ့ ယောက်ျားနဲ့ မိန်းမက သူမ နာမည်ဖျက်ဖို့ ကြံစည်နေတာ၊ သူမကို နင်းချပြီး နစ်နာသူယောင်ဆောင်ချင်နေကြတာ၊ တကယ်တမ်း နစ်နာသူ ဖြစ်တဲ့ သူမကတော့ လူတိုင်းရဲ့ လက်ညှိုးထိုး ဝေဖန်မှုကို ခံရတော့မယ်။
ဒီတစ်ခေါက်တော့ သူမ အဲဒီ ခွေးကောင်နဲ့ ခွေးမကို အလိုလိုက်တော့မှာ မဟုတ်ဘူး။
သူမ ကံကောင်းတာလား၊ ဘုရားသခင်က သူမကို သနားတာလား မသိဘူး၊ သူမ ကြုံရာဆွဲမိလိုက်တဲ့ ယောက်ျားက Z မြို့ အထက်တန်းလွှာ အသိုင်းအဝိုင်းက ဘယ်သူမှ မပြစ်မှားရဲတဲ့ ဂုဏ်သရေရှိ ပုဂ္ဂိုလ် ဖြစ်နေတယ်။
သူမက ဒီယောက်ျားကို အသုံးပြုပြီး အဲဒီ ခွေးကောင်နဲ့ ခွေးမကို ပြင်းပြင်းထန်ထန် အရှက်ခွဲ လက်တုံ့ပြန်လိုက်တယ်၊ ပြီးတော့ ကိုယ့်နာမည်ဂုဏ်သတင်းကို ပြန်လည် ဆယ်ယူလိုက်တယ်။
နောက်တော့ အဲဒီ မိန်းမယုတ်က သူမကို ဓားနဲ့ ခုတ်ဖို့ ကြိုးစားတုန်း သူမ မတော်တဆ ကျောက်စိမ်းဆွဲပြား နေရာလွတ်ကို ဖွင့်နိုင်ခဲ့တယ်။
ကျောက်စိမ်းဆွဲပြား နေရာလွတ်ကို ယူပြီး သူမ ကျေးလက်ကို ပြန်သွားတယ်၊ ကိုယ်ဝန်ဆောင်၊ ကလေးမွေး၊ စိုက်ပျိုးရေး လုပ်ပြီး စီးပွားရေး တည်ဆောက်ခဲ့တယ်။
ဒါပေမဲ့ သူမ လုံးဝ ထင်မှတ်မထားတာက သူမ ကလေးအဖေနဲ့ တစ်ဘဝလုံး ပတ်သက်ဆက်နွယ်နေရမယ် ဆိုတာကိုပေါ့။
ဖြစ်နိုင်တာက ဒီဘဝ ရွေးချယ်မှုလမ်းကြောင်း မတူတော့လို့ သူမနဲ့ ပတ်သက်တဲ့ လူတွေရဲ့ ကံကြမ္မာတွေလည်း လိုက်ပါ ပြောင်းလဲသွားတာ ဖြစ်မယ်။
ကလေးအဖေက သူမကို အသည်းအသန် လိုက်ပိုးတယ်၊ အဲ... ပြင်းပြင်းထန်ထန် လိုက်ပိုးတယ် ဆိုပါတော့၊ နောက်ဆုံးတော့ ရှောင်လင်းယွီ စိတ်လှုပ်ရှားသွားတယ်။
သူမ ကုန်းထျန်းဟောက်နဲ့ လက်ထပ်လိုက်တယ်။
ကုန်းထျန်းဟောက်က ကိုယ်ဝန်ဆောင် ဖြစ်တဲ့ သူမကို ပိုပြီး ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးတယ်။
နောက်တော့ သူမ ကလေးကို ဘေးကင်းလုံခြုံစွာ မွေးဖွားနိုင်ခဲ့တယ်။
ဒါပေမဲ့ ဆေးရုံဆင်းတဲ့နေ့မှာ မတော်တဆမှု ဖြစ်ခဲ့တယ်၊ မြို့တော်က ချင်မိသားစု သခင်မလေးက ငယ်ငယ်ကတည်းက ကုန်းထျန်းဟောက်ကို ကြိုက်နေတာ၊ သူ လက်ထပ်လိုက်တာသိတော့ မရရင် ဖျက်ဆီးပစ်မယ်ဆိုတဲ့ စိတ်ရောဂါကြောင့် သူတို့ကို လုပ်ကြံခဲ့တယ်။
ကုန်းထျန်းဟောက်က သူမကို ကာကွယ်ပေးရင်း ဒဏ်ရာအပြင်းအထန်ရသွားပြီး ကိုမာဝင်သွားခဲ့တယ်။
ကံကောင်းတာက သူမမှာ စမ်းရေရှိနေလို့ သူ့ကို ကုသပေးနိုင်တယ်၊ ဖြည်းဖြည်းချင်း ပြန်ကောင်းလာအောင် လုပ်ပေးနိုင်တယ်။
သူ ပြန်ကောင်းလာတဲ့ အချိန်မှာ ထုန်ထုန်က မွေးကင်းစကနေ တစ်လပြည့်၊ တစ်လပြည့်ကနေ တစ်နှစ်ပြည့်အထိ တစ်နေ့ထက် တစ်နေ့ ကြီးပြင်းလာခဲ့တယ်။
အရင်ဘဝတုန်းက သူမ ထုန်ထုန်အပေါ် အကြွေးတင်ခဲ့တယ်၊ ဒီဘဝမှာ သူမ ထုန်ထုန်ကို ပြန်ပေးဆပ်ချင်တယ်။
ဒီဘဝမှာ ဂရုစိုက်ပြီးနောက် သူမ တွေ့ရှိလာတာက သူမရဲ့ ထုန်ထုန်က တကယ် ချစ်စရာကောင်းပြီး လှပတယ်၊ လူချစ်လူခင် များတယ်။
သူက တခြား ကလေးတွေလိုပဲ ကြီးပြင်းလာတယ်၊ တစ်လမှာ နားထောင်တတ်တယ်၊ နှစ်လမှာ ကြည့်တတ်တယ်၊ သုံးလမှာ ခေါင်းထောင်တတ်တယ်၊ လေးလမှာ မှောက်တတ်တယ်၊ ငါးလမှာ ဆုပ်ကိုင်တတ်တယ်၊ ခြောက်လမှာ လှိမ့်တတ်တယ်...
တစ်ချိန်တည်းမှာပဲ သူမရဲ့ ထုန်ထုန်က အရမ်းဉာဏ်ကောင်းတယ်၊ ၃၊ ၄ လ အရွယ်မှာ လူကြီးတွေ စကားပြောတာကို အာရုံစိုက် နားထောင်တတ်တယ်၊ တစ်ခါတလေ အသံထွက်ပြီး တုံ့ပြန်တတ်တယ်၊ ရယ်မောရတာ ကြိုက်တယ်၊ ရွာကလူတွေက ဒီကလေးက တကယ် ဉာဏ်ကောင်းတယ်လို့ ပြောကြတယ်။
ထုန်ထုန် ၉ လ၊ ၁၀ လ ရောက်တော့ ရိုးရှင်းတဲ့ စကားလုံးတချို့ ပြောတတ်လာပြီ၊ လူခေါ်တတ်လာပြီ၊ ဥပမာ ပါပါး၊ အဖိုး၊ အဖွား၊ မားမား၊ ပြီးတော့ မလိုချင်ဘူး၊ လိုချင်တယ် ဆိုတာတွေ ပြောတတ်လာပြီ။
ထုန်ထုန် တစ်နှစ်ပြည့်တော့ လမ်းလျှောက်တတ်လာပြီ။
ဒီဘဝက ရှောင်လင်းယွီက ထုန်ထုန် ကြီးပြင်းလာတဲ့ ခြေလှမ်းတိုင်းကို မြင်တွေ့ခဲ့ရတယ်။
ဒီလောက် ချစ်စရာကောင်းပြီး လှပတဲ့ ထုန်ထုန်ကိုကြည့်ပြီး ရှောင်လင်းယွီ ကိုယ့်ကိုယ်ကိုယ် အမြဲ မေးခွန်းထုတ်မိတယ်၊ ထုန်ထုန်က ဒီလောက် ချစ်စရာကောင်း၊ လှပပြီး လူချစ်လူခင်များတာ၊ ဘာလို့ သူမက ထုန်ထုန်ကို လုံးဝ လစ်လျူရှုနိုင်ခဲ့ရတာလဲ။
အရင်ဘဝက သူမက တကယ်ပဲ အမေတစ်ယောက် ဖြစ်ဖို့ မထိုက်တန်ပါဘူး။ ဘယ်အမေက ကိုယ့်ကလေးကို ဒီလောက် ရက်စက်နိုင်မှာလဲ။
ကံကောင်းတာက ဘုရားသခင်က သူမကို သနားလို့ သူမကို နေရာလွတ်ပေးခဲ့တယ်၊ ရှောင်လင်နဲ့ တွေ့ဆုံစေခဲ့တယ်၊ အတိတ်ကို ပြန်သွားခွင့် ပေးခဲ့တယ်၊ သူမရဲ့ နောင်တတွေကို ပြန်ပေးဆပ်ခွင့် ပေးခဲ့တယ်၊ ထုန်ထုန်ကို ပြန်လည် ပိုင်ဆိုင်ခွင့် ပေးခဲ့တယ်၊ သူမကို ပျော်ရွှင်မှုတွေ အများကြီး ပေးခဲ့တယ်။
ထုန်ထုန်က သူမရဲ့ ကောင်းကင်တမန်လေး ဖြစ်နေပါပြီ။
သူမ ဘယ်လောက်ပဲ အခက်အခဲတွေ ကြုံရပါစေ၊ ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ ထုန်ထုန်ရဲ့ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ အပြုံးလေးကို မြင်လိုက်ရရင် ဘာမှ မကြောက်တော့ဘူး၊ အရာအားလုံးက ထိုက်တန်တယ်လို့ ခံစားရတယ်။
အထူးသဖြင့် ခင်ပွန်းသည် ကားတိုက်မှုကြောင့် ကိုမာဝင်သွားတုန်းက ဘုရားသခင်က သူမကို ထပ်မံ မျက်နှာသာ ပေးလိမ့်မယ်၊ အရာအားလုံး ကောင်းမွန်လာလိမ့်မယ်လို့ သူမ ယုံကြည်ခဲ့တယ်။
တကယ်ပဲ ဆရာဝန်တွေက တစ်သက်လုံး ကိုမာဝင်သွားနိုင်တယ်လို့ သတ်မှတ်ထားတဲ့ ကုန်းထျန်းဟောက်က စမ်းရေရဲ့ အာနိသင်ကြောင့် နှစ်နှစ်အကြာမှာ ပြန်သတိရလာခဲ့တယ်။
ကုန်းထျန်းဟောက်က သူတို့ကြားက မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပေမဲ့ ရှောင်လင်းယွီ စိတ်မပျက်ပါဘူး၊ ကုန်းထျန်းဟောက် မကြာခင် မှတ်ဉာဏ်တွေ ပြန်ရလာလိမ့်မယ်လို့ သူမ ယုံကြည်တယ်။
ဒါပေမဲ့ မှတ်ဉာဏ်တွေ မပြန်ရခင် ကုန်းထျန်းဟောက်က သူ အိမ်ထောင်ကျခဲ့တယ်ဆိုတာ မေ့နေပုံရတယ်၊ သူမှာ မိန်းမတစ်ယောက်ရှိတယ်ဆိုတာ မေ့နေပုံရတယ်၊ သူမဆိုတဲ့ ကိုယ့်ဇနီးကိုတောင် ငြင်းပယ်နေတယ်၊ ကုန်းထျန်းဟောက်ရဲ့ အခုမှ ပြန်ကောင်းလာတဲ့ ခန္ဓာကိုယ်ကို ထိခိုက်မှာ စိုးရိမ်လို့ ရှောင်လင်းယွီက သူ့ကို သွားတွေ့ချင်တဲ့ စိတ်ဆန္ဒကို အတင်းထိန်းချုပ်ထားရတယ်။
ရှောင်လင်းယွီ မတတ်သာသလို ခံစားရပေမဲ့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်တယ်၊ သူမ ခင်ပွန်းက တစ်နေ့ကျရင် သူမကို သေချာပေါက် မှတ်မိလာလိမ့်မယ်လို့။
တစ်နေ့ကျတော့ သူမသားက ယောက်ျားတစ်ယောက်ကို လက်ဆွဲပြီး ပြန်ခေါ်လာတယ်။
ထုန်ထုန်က အဲဒီယောက်ျားကို လက်ဆွဲပြီး ရှောင်မိသားစု ခြံဝင်းတံခါးဝမှာ ပေါ်လာတယ်။
"မားမား... မားမား ယောက်ျားယူလို့ ရပြီ။ သားနဲ့ ရုပ်ချင်းအရမ်းတူတဲ့ ယောက်ျားတစ်ယောက် ရှာတွေ့ပြီ"
အားလုံး "..." ဒီကလေးက ကိုယ့်အတွက် ပထွေးရှာပေးဖို့ တကယ်ပဲ စိတ်အားထက်သန်နေတာပဲ။
သူများတွေက အဖေကို ဒုက္ခပေးတာ၊ ဒီကလေးက အမေကို ဒုက္ခပေးနေတာ။
နောက်တော့ အားလုံးက သတိထားမိလိုက်တယ်၊ အဲဒီယောက်ျားက အရပ်ရှည်တယ်၊ ရုပ်ရည်ချောမောတယ်၊ အရှိန်အဝါ ရှိတယ်၊ အထူးသဖြင့် သူ့ရုပ်ရည်က ထုန်ထုန်နဲ့ အရမ်းတူတယ်။
ထုန်ထုန်က ဒီယောက်ျားရဲ့ ပုံတူ အသေးစားလေးလို့ ပြောရင်တောင် မမှားဘူး၊ အကြီးတစ်ယောက် အသေးတစ်ယောက်ပဲ ကွာတာ။
ရွာသား တစ်ယောက်က ချက်ချင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ငါ သတိရပြီ။ ဒါ... ဒါ... သူ... သူက ကုန်းထျန်းဟောက်လေ"
"ဟာ... ကုန်းထျန်းဟောက်ပဲ၊ ရှောင်လင်းယွီရဲ့ ယောကျ်ားပဲ" ခဏချင်းမှာပဲ လူအများကြီးက ကုန်းထျန်းဟောက်ကို မှတ်မိသွားကြတယ်။ "၃ နှစ်ကြာ ပျောက်ဆုံးနေတဲ့ ကုန်းထျန်းဟောက် နောက်ဆုံးတော့ ပြန်ရောက်လာပြီ"
ထို့နောက် တစ်ယောက်က ခြံဝင်းထဲကို အော်ပြောလိုက်သည်။ "ချိုးယင်း၊ ကျန့်ယန်... မြန်မြန် ထွက်လာကြ၊ နင်တို့ သမက် ပြန်ရောက်လာပြီ"
နောက်တစ်ယောက်ကလည်း အော်ပြောလိုက်သည်။ "လင်းယွီ... မြန်မြန် ထွက်လာ၊ နင့်ယောကျ်ား ပြန်ရောက်လာပြီ"
ထုန်ထုန် "..."
မျက်မှောင်လေး ကြုတ်လိုက်ပြီး မျက်နှာပေါ်မှာ သံသယတွေ ပြည့်နေတယ်၊ သူ လက်ဆွဲခေါ်လာတဲ့ ပထွေးလောင်းက တကယ်ပဲ သူ မမြင်ဖူးတဲ့ အဖေအရင်း ဖြစ်နေတာလား။
ချောမောတဲ့ အမျိုးသား "..."
သောက်ကျိုးနည်း... ဒါ ဘယ်လို ဖြစ်တာလဲ။
အစက သူ့နဲ့ ရုပ်ချင်း အရမ်းတူတဲ့ ကလေးတစ်ယောက်ကို မြင်လို့ ဘယ်သတ္တိကောင်းတဲ့ မိန်းမက ခိုးမွေးထားတာလဲလို့ ထင်ခဲ့တာ။ သူ ဘယ်မိန်းမနဲ့မှ မထိတွေ့ဖူးတာ သေချာတယ်လေ၊ မိန်းမတစ်ယောက်က တရားမဝင် နည်းလမ်းသုံးပြီး သူ့ကလေးကို ခိုးမွေးလိုက်တာများလား။
သူ ဘာလို့ ကြည့်လိုက်တာနဲ့ ဒီကလေးက သူ့သားအရင်းဆိုတာ သေချာနေရတာလဲ မမေးနဲ့၊ တကယ်တော့ သူကိုယ်တိုင်လည်း မသိဘူး၊ သူ အဲဒီလို ခံစားနေရတာ။
ဒါကြောင့် ကလေးက လမ်းမှားနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ခေါ်လာတာကို သူက ရေလိုက်ငါးလိုက် လိုက်ကြည့်ချင်တာ၊ တကယ်ပဲ မိန်းမတစ်ယောက်က သူ့ကလေးကို မွေးထားတာလား ဆိုတာ အတည်ပြုချင်လို့။
ဘယ်သူ ထင်ထားမလဲ၊ ဒီမှာ ရှိတဲ့ လူတွေက သူ့ကို မြင်တာနဲ့ အရမ်းရင်းနှီးနေသလိုပဲ၊ ပြီးတော့ သူတို့ ဘာပြောလိုက်လဲ၊ သူက အဲဒီ ရှောင်လင်းယွီရဲ့ ယောကျ်ားတဲ့။
ကုန်းထျန်းဟောက် နားမလည်နိုင် ဖြစ်နေတယ်။
ထုန်ထုန်ကတော့ မကျေနပ်တော့ဘူး၊ သူ မျက်မှောင်လေး ကြုတ်ပြီး ပြောလိုက်သည်။ "ဘွားဘွားတို့... ဘာတွေ ပြောနေကြတာလဲ။ သူက သားရဲ့ အဖေအရင်းလား။ ဒါ မဖြစ်နိုင်ဘူး၊ သားက ကိုယ့်အတွက် ပထွေးရှာလာတာပါ ဆိုနေ"
တစ်ယောက်က မြင်တော့ ပါးစပ်အုပ် ရယ်မောပြီး ပြောလိုက်သည်။ "ဟားဟား... ထုန်ထုန်၊ မင်း အဖေအရင်း နာမည် ဘယ်သူလဲ မှတ်မိလား"
ထုန်ထုန်က စဉ်းစားမနေဘဲ ပြောလိုက်သည်။ "သေချာပေါက် သိတာပေါ့။ မားမားနဲ့ အဖိုးအဖွားတွေ ပြောပြထားတယ်၊ သားအဖေအရင်း နာမည်က ကုန်းထျန်းဟောက်တဲ့"
ကလေးတစ်ယောက် ပါးစပ်ကနေ ကိုယ့်နာမည် ကြားလိုက်ရတော့ ကုန်းထျန်းဟောက် မျက်ခုံးတွေ လှုပ်ရှားသွားပြီး ရင်ထဲမှာလည်း စိတ်လှုပ်ရှားလာတယ်။
မဟုတ်ပါဘူးနော်... ဒါ တကယ် သူ့သားအရင်းလား၊ တရားဝင် သားလား။
ဒါပေမဲ့ သူက ဘယ်လိုလုပ် ကျေးလက်က မိန်းမတစ်ယောက်ကို လက်ထပ်နိုင်မှာလဲ။
ထုန်ထုန် ခေါင်းလေး မော့ပြီး အလွန် လေးနက်စွာ မေးလိုက်သည်။ "ဦးဦး... ဦးဦး နာမည် ဘယ်သူလဲ ပြောပြလို့ ရမလား"
"ငါ့နာမည် ကုန်းထျန်းဟောက်" ကုန်းထျန်းဟောက်လည်း မျက်မှောင်ကြုတ်ပြီး ပြန်ဖြေလိုက်သည်။
"ဟားဟား... တကယ် ကုန်းထျန်းဟောက်ပဲ"
"ထျန်းဟောက်... မင်း ဘယ်တုန်းက သတိရလာတာလဲ"
"ထျန်းဟောက်... မင်း သတိရလာတာ ဘာလို့ ပြန်မလာကြည့်တာလဲ"
"ထျန်းဟောက်... မင်း အခု ကျန်းမာရေး ကောင်းသွားပြီလား။ အို... အသက်ဘေးက လွတ်မြောက်လာရင် ကံကောင်းခြင်းတွေ ရောက်လာတတ်တယ်တဲ့၊ နောက်ကျ မင်းနဲ့ လင်းယွီ သေချာပေါက် တစ်သက်လုံး ပျော်ရွှင်ရမှာ"
...
ခဏချင်းမှာပဲ လူတိုင်း ရှေ့တိုးပြီး မေးမြန်းကြတယ်။
ကုန်းထျန်းဟောက် "..." သူ တကယ် ဘာဖြစ်နေလဲ မသိတော့ဘူး။
ဒီလောက် ရင်းနှီးဖော်ရွေတဲ့ ရွာသားတွေကို ကြည့်ပြီး သူ အခက်တွေ့နေတုန်း ခြံဝင်းတံခါး ပွင့်သွားတယ်။
ခြံဝင်းတံခါး ပွင့်သွားတဲ့ အချိန်မှာ ကုန်းထျန်းဟောက်ရဲ့ အကြည့်က ထွက်လာတဲ့ လူရိပ်ဆီ ချက်ချင်း ရောက်သွားတယ်။
အဲဒီ အချိန်မှာပဲ ဒီမိန်းမနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ် အစအနတွေ အကုန်လုံး ချက်ချင်း ပွင့်ဟသွားတယ်။
သူ လူအုပ်ကြားကနေ ပြေးထွက်သွားပြီး ရှောင်လင်းယွီကို ဖက်လိုက်တယ်၊ မျက်ရည်ဝဲပြီး အသံတုန်တုန်နဲ့ စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။ "ယွီအာ"
နောက်တော့ စိတ်လှုပ်ရှားစရာ မြင်ကွင်းတွေကြောင့် ရှိနေတဲ့ လူတွေ မျက်ရည်ကျကုန်ကြတယ်။
"ကောင်းလိုက်တာ... ထျန်းဟောက်က လင်းယွီကို တကယ် မမေ့သွားဘူး"
"နောက်ဆိုရင် မိသားစု ပြန်ဆုံစည်းနိုင်ပြီ"
...
ထုန်ထုန် "..." ဆိုတော့ သူ ပထွေးလုပ်ဖို့ ခေါ်လာတဲ့ ယောက်ျားက သူ့အဖေအရင်း ဖြစ်နေတာကိုး။
ကုန်းထျန်းဟောက် ရှောင်လင်းယွီနဲ့ မှတ်ဉာဏ်တွေ ပြန်ရလာတော့ ရှောင်မိသားစုနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေလည်း အကုန်ပြန်သတိရလာတယ်။
သူ ထုန်ထုန် ရှေ့ လျှောက်သွားတယ်၊ မျက်ရည်ဝဲပြီး ထိုင်ချကာ ထုန်ထုန်ကို ဂရုတစိုက် ပြောလိုက်သည်။ "သား... ထုန်ထုန်၊ ငါက မင်းအဖေပါ၊ မင်းရဲ့ အဖေအရင်းပါ"
မွေးကတည်းက ခွဲခွာနေရတဲ့ ဒီသားလေးအပေါ် ကုန်းထျန်းဟောက် တကယ် အားနာမိတယ်။
မွေးခါစတုန်းက တစ်ခါ ပွေ့ချီဖူးတာကလွဲရင် ဒီနှစ်တွေအတွင်း တစ်ခါမှ မပွေ့ချီဖူးဘူး။
စဉ်းစားမိတာနဲ့ ကုန်းထျန်းဟောက် ထုန်ထုန်ကို ရင်ခွင်ထဲ ထည့်ဖက်လိုက်ပြီး မျက်ရည်ကျကာ ပြောလိုက်သည်။ "သား... တောင်းပန်ပါတယ်၊ အဖေက အဖေတာဝန် မကျေပွန်ခဲ့ပါဘူး" ဒါကြောင့် သူက ပထွေးရှာဖို့ စိတ်အားထက်သန်နေတာ။
စဉ်းစားမိတာနဲ့ ကုန်းထျန်းဟောက် ကြောက်လန့်သွားတယ်၊ ကံကောင်းလို့ သားက သူ့ကို ဆွဲခေါ်လာတာ၊ တကယ်လို့ တခြားယောက်ျားတစ်ယောက်ကို ဆွဲခေါ်လာရင် ဘယ်လိုလုပ်မလဲ။ တကယ်ပဲ တခြားယောက်ျားတစ်ယောက်က ပထွေး ဖြစ်လာမှာလား။
ထုန်ထုန်လည်း မျက်ရည်ကျပြီး ငိုယိုကာ မယုံကြည်နိုင်စွာ မေးလိုက်သည်။ "ဦးဦးက တကယ် သားအဖေလား"
"အင်း... ငါ တကယ် မင်းအဖေပါ" ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။ "မင်း မမြင်ဘူးလား၊ ငါနဲ့ မင်းက ရုပ်ချင်း ဒီလောက် တူနေတာ"
ဒီအချိန်မှာ ရှောင်လင်းယွီလည်း ပြောလိုက်သည်။ "ထုန်ထုန်... သူက တကယ် သားအဖေပါ၊ အဖေအရင်းပါ၊ ပါပါးလို့ ခေါ်လိုက်"
ထုန်ထုန် ဒီအချိန်မှာ ခေါ်လိုက်သည်။ "ပါပါး"
ပြီးတော့ သူ နောက်ထပ် စကားတစ်ခွန်း ထပ်ပြောလိုက်သည်။ "သားမှာလည်း အဖေ ရှိပြီ"
ဒီစကားတစ်ခွန်းတည်းနဲ့ လူတိုင်းကို စိတ်မကောင်း ဖြစ်စေပြီး သနားသွားစေတယ်။
"အင်း... နောက်ကျ ပါပါး မင်းကို ကာကွယ်ပေးမယ်" ကုန်းထျန်းဟောက် လေးနက်စွာ ကတိပေးလိုက်သည်။
ကုန်းထျန်းဟောက် မှတ်ဉာဏ် ပြန်ရလာပြီးနောက် မိသားစုက ပိုပျော်ရွှင်လာကြတယ်။
နောက်တစ်နေ့မှာ ကုန်းထျန်းဟောက် မေးလိုက်သည်။ "သား... မင်းက ဘာလို့ ပါပါးကို မင်းအဖေအရင်းလို့ တန်းမှတ်မိတာလဲ"
"မဟုတ်ပါဘူး" ထုန်ထုန် မေးစေ့လေးကို ကိုင်ပြီး ပြောလိုက်သည်။ "မားမား ပြောဖူးတယ်၊ သားနဲ့ ရုပ်ချင်းတူတဲ့ ယောက်ျားတစ်ယောက်ကို လက်ထပ်မယ်တဲ့။ ဘယ်သူ ထင်ထားမလဲ၊ ရှာရင်း ရှာရင်းနဲ့ သားနဲ့ ရုပ်ချင်းတူတဲ့ လူတစ်ယောက်ကို တကယ်ရှာတွေ့သွားတာ"
ကုန်းထျန်းဟောက် "..."
သားဖြစ်သူ သူနဲ့ ရုပ်ချင်းတူနေလို့ ဖခင်နဲ့သားမှန်း တစ်ချက်တည်းနဲ့ သိသာနေတာကို သူ တကယ် ကျေးဇူးတင်ရမယ်။
မဟုတ်ရင် သားက တခြားယောက်ျား တစ်ယောက်ကို အဖေလို့ ခေါ်လိုက်ရင် သူ ဆိုတဲ့ အဖေအရင်းက ငိုစရာနေရာတောင်ရှိမှာ မဟုတ်ဘူး။
အဲဒီနောက်ပိုင်း ရှောင်လင်းယွီရဲ့ စီးပွားရေးက အဆင်ပြေချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်လာတယ်၊ ကုန်းထျန်းဟောက်က ဇနီးသည်ကို ပိုထောက်ခံအားပေးတယ်၊ သားက လိမ္မာရေးခြားရှိပြီး စကားနားထောင်တယ်၊ မိသားစု တစ်ခုလုံး ပျော်ရွှင်နေကြတယ်။
လွန်ခဲ့တဲ့ နှစ်တွေက ရှောင်လင်းယွီ နားမလည်နိုင်တဲ့ လုပ်ကြံသတ်ဖြတ်မှု ကြုံခဲ့ရတယ်၊ ကုန်းထျန်းဟောက် အဖြစ်မှန်ကို စုံစမ်းသိရှိပြီးနောက် လူသတ်သမားကို ချက်ချင်း အပြစ်ပေးခဲ့တယ်။ ဒါပေမဲ့ ပထမအကြိမ်မို့လို့ သခင်ကြီးနှစ်ယောက်ရဲ့ မျက်နှာကို ထောက်ပြီး လွှတ်ပေးလိုက်တယ်။
မထင်မှတ်ထားတာက တစ်ဖက်လူက ဒုတိယအကြိမ် ထပ်လာဦးမယ် ဆိုတာပါပဲ၊ ကုန်းထျန်းဟောက် သေချာပေါက် ထပ်ပြီး ညှာတာနေမှာ မဟုတ်တော့ဘူး၊ လူသတ်သမားကို တိုက်ရိုက် သတ်ပစ်လိုက်တယ်၊ နောက်နောင် ဒုက္ခမပေးနိုင်အောင်လို့။
ဒီဘဝက ရှောင်လင်းယွီက ဘေးကင်းလုံခြုံတယ်၊ ဇနီးမောင်နှံ ချစ်ခင်ကြတယ်၊ သားက လိမ္မာရေးခြား ရှိပြီး ရိုသေတယ်၊ မိသားစု ပျော်ရွှင်တယ်၊ ဘဝက အထွတ်အထိပ် ရောက်နေသလိုပါပဲ။
တကယ် အားကျစရာ၊ မနာလိုစရာ ကောင်းလိုက်တာ။
***
တကယ်ပြီးပါပြီ။
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ် (ရှောင်လင်းယွီ) စာစဉ်လေးကို တစ်နှစ်ကျော်ကြာ အဆုံးထိ လိုက်ပါဖတ်ရှုပေးခဲ့ကြတဲ့အတွက် စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်။
BLACK PEARL TRANSLATION TEAM