မင်းရဲ့အစ်မမှာ ကိုယ်ဝန်ရှိနေတာလား
Vol. 14 Ch. 233
ယန်ရူယွီသည် လှပသော ကားနီလေးကို မောင်းနှင်လေသည်။ နောက်ဆုံးတွင် သူမ၏ပန်းတိုင်ဖြစ်သော ထောင်ယွမ်ရွာသို့ ရောက်ခဲ့ချေပြီ။
သူမသည် အင်္ဂတေ ပါးပါးလေးခင်းထားပြီး လမ်းနှစ်ဖက်တွင် လှပဝေဆာနေသော မက်မွန်ပင်များရှိသသည့် လမ်းသို့ မောင်းလာလေသည်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ပြီး ကျက်သရေရှိလှပေသည်။
"ပတ်ဝန်းကျင်က ဒီလောက်ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး" သူမသည် ချီးကျူးလေသည်။ "သိပ်တိတ်ဆိတ်ပြီး ကျက်သရေရှိတာပဲ လေကလည်း လတ်ဆတ်တယ် ပြီးတော့ သိပ်နေလို့ကောင်းတယ်။ မြို့မှာလို အသံတွေဆူနေပြီး ဓါတ်ဆီနံ့တွေ မရဘူး။ ဒါကြောင့်လည်း ဒီလိုအရသာရှိတဲ့ စတော်ဘယ်ရီတွေ စိုက်နိုင်တာ မဆန်းပါဘူး။"
ယန်ရူယွီသည် ရွာကိုရောက်ချိန်တွင် ဇိမ်ခံကားတစ်စီးသည် ရှင်းအန်းမြို့နှင့် ထောင်ယွမ်ရွာသို့ ဆက်သွယ်ထားသော လမ်းသို့ ဆင်းလာလေသည်။
ယန်စစ်မင်သည် ကွန်ကရစ်လမ်းလေးကို မြင်လိုက်သောအခါ အံ့သြသွားလေသည်။
နောက်ဆုံးတစ်ခေါက် ရောက်ခဲ့စဉ်က လမ်းသည်ချိုင့်များဖြင့် ပြည့်နေပြီး မောင်းရန် ခက်ခဲပေသည်။ ကိစ္စများ ပြောင်းလဲခဲ့ချေပြီ။ ထို့ကြောင့်လည်း စတော်ဘယ်ရီများကို Zမြို့တွင် ပို့ဆောင်ရောင်းဝယ်နိုင်ခြင်းမှာ မဆန်းပေ။
သူသည် စတော်ဘယ်ရီများကို မြည်းစမ်းဖူးလေသည်။ ထိုစတော်ဘယ်ရီမှာ အခြားအမျိုးအစားများနှင့် လုံးဝကွဲထွက်နေလေသည်။
ထိုကိစ္စသည် သူ့အား ရှောင်လင်းယွီကို တွေးမိစေသည်။
သူမသည် အသည်းနှလုံးမရှိသော မိန်းမပင်ဖြစ်ချေသည်။ သူမအား အကြိမ်အနည်းငယ် ကူညီဖူးသော်လည်း သူအား မြွေ သို့မဟုတ် ကင်းမြီးကောက်ကို ရှောင်သကဲ့သို့ ရှောင်နေလေသည်။ သူမသည် သူအခွင့်ကောင်းယူကာ လက်ထပ်ခိုင်းမည်ကို စိုးရိမ်နေပုံရသည်။ ထိုကိစ္စသည် သူ့အားရယ်စေ၍ အနည်းငယ်လည်း အကူအညီမဲ့သွားစေသည်။
သူမအား စိတ်ဝင်စားနေသည်မှန်သော်လည်း သူသည် လက်မထပ်ချင်သော မိန်းမတစ်ယောက်ကို ဖိအားပေးမည်မဟုတ်ဘဲ သူ့ကိုစိတ်ဝင်စားမှသာ အတူရှိနေချင်သည်ဖြစ်သည်။
ယခင်က ယန်စစ်မင်ကို မည်သည့်မိန်းမကမှ မငြင်းဖူးချေ။ အမျိုးသမီးအနည်းငယ်က ငြင်းခဲ့ဖူးသော်လည်း သူ၏သရုပ်မှန်ကို သိသွားချိန်တွင် ချက်ချင်းစိတ်ပြောင်းသွားခဲ့ပေသည်။ အချို့မှာ သူတို့ကို လိုက်ရခက်သည်ဟု ထင်စေရန် ငြင်းခဲ့ကြခြင်း ဖြစ်လေသည်။ သူတို့သည် သိက္ခာရှိသော အမျိုးသမီးဟန်ဆောင်ခဲ့ကြပြီး သူနှင့် လုံးဝပတ်သက်ခြင်းမရှိအောင် နေကြသော်လည်း သူအခြားတစ်ယောက်ကို စိတ်ဝင်စားဟန်ပြလိုက်သည်နှင့် ထိုသိက္ခာများကို စွန့်ပစ်ကာ သူ့ဆီလာရန်တောင်းပန်ကြလေသည်။ သူသည်ထိုကဲ့သို့ မိန်းမမျိုးကို ရွံရှာလေသည်။
သူနှင့် ရှောင်လင်းယွီ၏ ဆက်ဆံရေးသည် ရှုပ်ထွေးလေသည်။ သူသည် အစက သူမသည် ရရန်ခက်ခဲသလို ဟန်ဆောင်နေသည်ဟု ထင်လေသည်။ သူမကို အရင်လိုက်ရှာစေရန် ဆေးရုံကပင် ထွက်ပြေးခဲ့လေသည်။ သူ၏အာဏာနှင့်သာဆိုလျှင် သူမ၏ အချက်အလက်နှင့် နေရပ်လိပ်စာကို လွယ်ကူစွာရှာနိုင်မှန်း သူမသိလေသည်။
စိတ်ရှုပ်သည်ဟု ခံစားရသော်လည်း သူသည် စိတ်ဝင်စားမိလေသည်။ မည်သည့်မိန်းမကမှ လိုက်ရန်ခက်ခဲသည်ဟု ထင်စေရန် ဆေးရုံမှ ထွက်မပြေးဖူးချေ။
သို့သော် ဒုတိယအကြိမ်တွေ့ဆုံချိန်တွင် သူမသည် တွေ့တွေ့ချင်း ထွက်ပြေးလေသည်။ တစ်ကယ်တော့ သူမသည် သူ့ကို မသိချင်ဟန်ပင်ဆောင်ခဲ့လေသည်။
ဒုတိအကြိမ်တွေ့ချိန်တွင် သူမသည် အရင်ကထက် ပိုလှလာသည်ကို သူသတိထားမိလေသည်။ မိတ်ကပ်မပါဘဲနဲ့ပင် သူမ၏အသားမှာ ဝင်းနေပြီး ပါးများမှာ ပန်းနုရောင် သန်းနေလေသည်။ ထိုခဏတွင် သူသည် ရင်ခုန်သွားလေသည်။ သူသည် ထိုကဲ့သို့ မခံစားဖူးချေ။ သူသည်ထိုကိစ္စကို သေချာမဆုံးဖြတ်ရသေးခင်မှာပင် ရှောင်လင်းယွီ၏ မိသားစုတွင် ပြဿနာများ တက်လာသောကြောင့် ဖြစ်လေသည်။
ပို၍ စိတ်ဝင်စားစရာ ကောင်းလာသည်မှာ သူ့ကို ရှောင်လင်းယွီသာမက သူမ၏မိသားစုကပါ သတိထားနေခြင်းဖြစ်သည်။ သူတို့သည် ထိခိုက်ပြီး သူအကူအညီပေးခဲ့ခြင်းအပေါ် ကျေးဇူးတင်သော်လည်း သတိထားနေဆဲဖြစ်သည်။ သူသည် လင်းယွီက လိုက်ရန်ခက်ခဲသည်ဟု တွေးထင်ရန် ယုံကြည်ချက်လွန်ကဲခဲ့သည်လား။
သူမသည် အကူအညီ မတောင်းသော်လည်း ပေးလျှင်ကား လက်ခံလေသည်။ သူမ၏မိဘများသည်လည်း သူအကူအညီပေးသည်ကို အသိအမှတ်ပြုသော်လည်း ဝေးဝေးမှ နေလေသည်။ သူသည် ဘာပြောရမယ်မှန်း မသိတော့ချေ။
လွန်ခဲ့သည့်လအနည်းငယ်အတွင်း သူသည် ထူးဆန်းသော ခံစားချက်များဖြစ်ပေါ်လာမည်ကို ရှောင်ရှားခဲ့လေသည်။ သူ့အနေဖြင့် သူလိုလူတစ်ယောက်သည် မိန်းမတစ်ယောက်ကြောင့် အခုလိုစိတ်လှုပ်ရှားနေခြင်းကို ဝန်မခံလိုခြင်းဖြစ်သည်။
ထို့ကြောသို့ သူသည် ရှင်းယင်ခရိုင်မှ ထွက်လာချိန်မှစ၍ အမျိုးသမီးပေါင်း များစွာနှင့် တွဲခဲ့သေည်လည်း သူ့စိတ်ထဲရှိ လစ်ဟာနေသောနေရာကို မဖြည့်နိုင်ခဲ့ချေ။
သူသည် စိတ်ထဲမှ တစ်စုံတစ်ခုကို လိုအပ်နေသော်လည်း ယန်ရူယွီပို့လိုက်သော စတော်ဘယ်ရီများကို မမြင်ခင်အချိန်ထိ ဘာမှန်းမသိချေ။
ထိုအချိန်တွင်မှ သူရှောင်နေခဲ့သော အရာကို တွေးမိသွားပြီး ဘာလိုချင်မှန်းသိလာလေသည်။ သူ၏နှလုံးသား၏ လစ်ဟာမှုသည် မည်သည်ကို တောင့်တနေသည်ကို သိလာခဲ့သည်။ သူသည် အခြေတကျဖြစ်ချင်ပြီး မိသားစုဘဝရချင်နေသည်ဖြစ်သည်။
သူသည် ဆုံးဖြတ်ချက် ချပြီးပြီဖြစ်၍ ရှောင်ပုန်းမနေချင်တော့ချေ။ ထိုသို့လုပ်ခြင်းသည် သူ့ကိုပျော့ညံ့သည်ဟု ထင်နိုင်စေလေသည်။
စဉ်းစားနေရင်းဖြင့် ယန်စစ်မင်၏ နှုတ်ခမ်းများသည် တွန့်သွားပြီး ပြုံးကာ ပြောလေသည်။ "ရှောင်လင်းယွီ ငါဒီကို ထပ်ရောက်လာပြီ" ဒီတစ်ကြိမ်တွင် သူသည် သူမကို စိတ်ရင်းမှန်ဖြင့်သာ ဆက်ဆံတော့မည်ဖြစ်သည်။
ထိုအချိန်တွင် ဖုန်းမြည်လာလေသည်။
"အစ်ကို အခုဘယ်မှာလဲ" ယန်ရူယွီ၏ အသံသည် ထွက်လာလေသည်။
"ထောင်ယွမ်ရွာကို သွားတဲ့လမ်းမှာ"
"ညီမရွာထဲကို အရင်သွားလို့ရမလား" သူမသည် သတိထားကာ မေးလေသည်။
သူမသည် သူမ၏ အကြီးဆုံးအစ်ကိုဝမ်းကွဲနှင့်အတူ မရှိလိုပေ။ ထိုဖိအားမှာ အလွန်များလေသည်။ သူ့တွင် လူအများ ကြောက်ရွံစေနိုင်သော အရှိန်အဝါရှိလေသည်။ ထို့အပြင် သူသည် လွန်စွာချောမောပေသေးသည်။ သူနှင့်ယှဥ်လျှင် သူမ၏အလှမှာ မှေးမှိန်သွားလေသည်။ ဘယ်အမျိုးသမီးကမှ သူမထက် ချောမောသောသူအား ဘေးတွင် မရှိလိုကြချေ။ ထို့ကြောင့် သူ့ကို တတ်နိုင်သမျှ ရှောင်ခဲ့ခြင်းဖြစ်သည်။
"မသွားနှင့်နဲ့ ငါ့ကိုစောင့်" သူသည် သူမ၏အတွေးကို ဂရုမစိုက်ချေ။ သူသည် လေသံဖျော့၍ပြောသော်လည်း အာဏာသံပါလေသည်။
"အို့!" သူမသည် စိတ်ပျက်စွာ ဖြေလေသည်။
ဖုန်းချလိုက်ပြီးနောက်တွင် သူမသည် ရွာ၏ဝင်ပေါက်တွင် ကားရပ်လိုက်လေသည်။ ထို့နောက် ကားထဲမှထွက်ကာ နေကာမျက်မှန်ကို ချွတ်၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည်။
ကွင်းပြင်ကျယ်တွင် ရပ်ထားသော ကားများကို ကြည့်ရင်း သူမသည်အံ့သြမိလေသည်။
သူမသည် မျက်မှောင်ကြုတ်၍ ပြောလေသည်။ "များလိုက်တဲ့ကားတွေ ခြံက ဘယ်လောက်ကျယ်လို့ပါလိမ့်။ အခွင့်အရေးရရင် စတော်ဘယ်ရီတွေ ထပ်မှာဦးမှပဲ" သူမသည် မကြာသေးခင်က နမူနာပေးသည်များကို စမ်းစားကြည့်ပြီးသည်နှင့် ချက်ချင်း ကတ်တီ ၁၀၀ မှာခဲ့လေသည်။
စတော်ဘယ်ရီများမရောက်ခင်က Zမြို့တွင် မကြာသေးခင်က အသစ်ဖွင့်သော စူပါမားကတ်ကြောင့် ဖောက်သည်များ ဆုံးရှုံးကာ ကုမ္ပဏီ၏ စီးပွားရေးကို လွန်စွာထိခိုက်သည်ဟု သူမ၏ အဖေထံမှ ကြားရလေသည်။
ယန်ယီဟိုင်သည် မည်သို့ဖြေရှင်းရမည်ကို အဖြေရှာနေစဉ် ယန်ရူယွီသည် အကြံရခဲ့လေသည်။ စတော်ဘယ်ရီများသည် ကုမ္ပဏီကို ကယ်တင်နိုင်သည်ဟု သူမယုံကြည်လေသည်။
နောက်ရက်စတော်ဘယ်ရီများ ရောက်လာသည်နှင့် သူမသည် ဘုတ်အစည်းအဝေးပွဲသို့ ယူသွားကာ သူမ၏အဖေနှင့် ဒါရိုက်တာများကို မြည်းစေခဲ့သည်။
သူမသည် အစမ်းသဘောဖြင့် စတော်ဘယ်ရီ ၅၀ ကတ်တီကို တင်ရောင်းလေသည်။ ယန်ရူယွီသည် တစ်လုံးလျှင် ၁၅ ယွမ်ဖြင့် ရောင်းရန်အကြံပေးလေသည်။
စတော်ဘယ်ရီများ စင်ပေါ်ယောက်သည်နှင့် ၄င်း၏ပုံစံကြောင့် စျေးဝယ်များ၏ အာရုံကို ဖမ်းစားနိုင်ခဲ့လေသည်။
သို့သော် စျေးနှုန်းကို မြင်လိုက်သောအခါ တန့်သွားကြလေသည်။ ၁၅ ယွမ်မှာ စျေးကြီးသည်ပင်ဖြစ်သည်။
သို့ရာတွင် ဤကဲ့သို့ မြို့ကြီးထဲတွင် စိတ်ကျေနပ်မှုကို လိုလားသော လူချမ်းသာများလည်း ရှိနေသေးပေသည်။ သူတို့သည် ငယ်ရွယ်၍ လိုအင်ဆန္ဒများအတွက် မိုက်ရူးရဲဆန်ကြလေသည်။ သူတို့၏ မိသားစုမှာ ချမ်းသာသဖြင့် စျေးကြီးသော အသီးများကို ဝယ်စားလေ့ရှိကြပေသည်။ ၁၅ ယွမ်မှာ သူတို့အတွက် စျေးကြီးသည်ဟု မဆိုနိုင်သောကြောင့် စတော်ဘယ်ရီများကိုဝယ်၍ စမ်းစားကြည့်ခဲ့ကြလေသည်။
အရသာမှာ ကောင်းလွန်းသောကြောင့် သူတို့သည် စွဲလမ်းသွားကြလေသည်။
"ဒီစတော်ဘယ်ရီတွေက ဒီလောက်ကောင်းတာ ၁၅ ယွမ် ပေးရတာ မဆန်းပါဘူး"
ထို့နောက်သူတို့သည် ထပ်လာကြပြီး ဝယ်ကြလေသည်။ ထိုနည်းဖြင့် မကြာခင်မှာပင် စတော်ဘယ်ရီ ၅၀ ကတ်တီသည် ကုန်သွားလေသည်။ စျေးဝယ်များသည်လည်း ထပ်ရောင်းရန် တောင်းဆိုကြလေသည်။
ထိုအခါ ယန်ယီဟိုင်သည် ယန်ရူယွီကို စတော်ဘယ်ရီ ၁၀၀၀ ကတ်တီမှာစေလေသည်။
သူသည် ထို့ထက်ပိုမှာချင်သော်လည်း ဝယ်လိုအားနှင့် စတော်ဘယ်ရီများ၏ အထားခံနိုင်မှုကို တွက်၍ ၁၀၀၀ ကတ်တီသာ မှာလိုက်ခြင်း ဖြစ်ပေသည်။
တစ်ကတ်တီကို ၆၀ ယွမ် ပေးဝယ်ရသဖြင့် စျေးကြီးသည်ဟုဆိုနိုင်သော်လည်း သူတို့အနေဖြင့် စျေးမြင့်ရောင်း၍ ရနိုင်လေသည်။ ကတ်တီတစ်ခုတွင် စတော်ဘယ်ရီ ၂၀ပါဝင်သည့်အတွက် တစ်ခုကို ၃ ယွမ် ကျသင့်လေသည်။ ထို့ကြောင့် ယခုမှာ ၅ဆမြတ်လေသည်။
သိလိုစိတ်ဖြင့် ယန်ရူယွီသည် ထောင်ယွမ်ရွာကို လာခဲ့ခြင်းဖြစ်လေသည်။ သူမရောက်သောအခါ လူအများအပြားသည် ထိုရွာသို့ လာကြသဖြင့် အံ့သြသွားလေသည်။
ဘယ်ရီလဗ်ဗာအဖွဲ့၏ ခေါင်းဆောင်ထံမှ စတော်ဘယ်ရီ ၆ မူစိုက်ထားသော သူဌေးတစ်ယောက်သည် ရိတ်သိမ်းချိန်တွင် ၃၀၀၀၀မှ ၄၀၀၀၀အတွင်း ရခဲ့ပြီး ယခုရောင်းထွက်ကုန်ပြီဟု သတင်းရလေသည်။
"၁၀၀၀ ကတ်တီကတော့ နည်းလွန်းတယ်။ ဒီထက်ပိုမှာမှဖြစ်မယ်။ မဟုတ်ရင် စတော်ဘယ်ရီတွေ မရလိုက်ဘဲ နေလိမ့်မယ် အဖေ" ယန်ရူယွီသည် သူမ၏ အဖေကိုဖုန်းဆက်ပြောလေသည်။ သူ့သမီး၏စကားကို ကြားလိုက်သောအခါ ယန်ယီဟိုင်သည် ၂၀၀၀ ကတ်တီမှာရန် ပြောလေသည်။ သူတို့သည် ပိုနေသော စတော်ဘယ်ရီများကို အအေးခံကာ သိုလှောင်နိုင်လေသည်။
ယန်ရူယွီသည် ဖုန်းချလိုက်ပြီးနောက် သက်ပြင်းချလိုက်ကာ ကားကိုမှီလေသည်။
ထိုအချိန်တွင် ကလေးတစ်ယောက်သည် သူမထံသို့ လာ၍မေးလေသည်။ "မမလှလှလေး ဒီကို စတော်ဘယ်ရီခူးဖို့ရောက်လာတာလား"
သူမသည် ၁၀နှစ်ကလေးကို တွေ့လေသည်။ သူ၏မျက်နှာသည် လုံးဝန်းပြီး အသားမှာ ညိုသော်လည်း မျက်လုံးများမှာ တောက်ပနေလေသည်။
ယန်ရူယွီသည် ပြုံး၍ပြောလေသည်။ "ဒီကိုလာတာတော့ စတော်ဘယ်ရီ ခူးဖို့ပါပဲ။ တစ်ယောက်ယောက်ကို စောင့်နေသေးလို့။ မင်းကရော ဒီရွာကပဲလား မိတ်ဆွေလေး"
ရှောင်ရှောင်းဟွေ့သည် ခေါင်းညိတ်၍ ဖြေလေသည်။ "ဟုတ်တယ် သားက ထောင်ယွမ်ကပဲ။ ဧည့်သည်တွေကို လမ်းပြလုပ်ပေးဖို့ ရောက်နေတာ"
"လမ်းပြဖို့ဟုတ်လား" သူမသည် နားမလည်ဖြစ်သွားလေသည်။
"ဟုတ်တယ် သားအလုပ်က စတော်ဘယ်ရီခြံကို မတွေ့တဲ့သူတွေကို လမ်းပြပေးဖို့လေ"ဟု ရှင်းပြလေသည်။
သူမသည် ရယ်၍စလိုက်လေ "ပြန်ပေးဆွဲခံရမှာ မကြောက်ဘူးလား"
"မကြောက်ပါဘူး နေရာတိုင်းမှာ လူတွေရှိနေတာပဲ။ ပြီးတော့ လုံခြုံရေး ကင်မရာတွေလည်း တက်ထားတယ်လေ" ရှောင်ရှောင်းဟွေ့သည် ဖုန်းတိုင်ပေါ်တွင် တပ်ထားသော ကင်မရာကို လက်ညိုးထိုး၍ ပြောလေသည်။
သူမသည် တစ်ချက်ကြည့်လိုက်ပြီး ပြုံးမိလေသည်။ ဤနေရာမှာလူများပြီး ကလေးများလည်းရှိသဖြင့် ကြိုတင်ကာကွယ်ထားရမည် ဖြစ်လေသည်။
"မမလှလှလေး ဘယ်လောက်ကြာအောင် စောင့်ရမှာလဲဟင်"
"မမလည်းမသိဘူး"ဟု ခေါင်းခါကာ ပြောလေသည်။
သူမပြောပြီးစဉ်မှာပင် အနက်ရောက်ကားတစ်စီး ရောက်လာလေသည်။
ဤသည်မှာ သူမအစ်ကိုဝမ်းကွဲ၏ ကားပင်ဖြစ်လေသည်။
သူမ၏ အမူအယာများသည် ချက်ချင်း သတိအနေအထားဖြစ်သွားပြီး စိုက်ကြည့်ကာ ပြောလေသည်။ "သူရောက်လာပြီ"
အနီရောင်ကားနောက်တွင် ကားထိုးလိုက်ပြီး ဆင်းလာလေသည်။
ရှောင်ရှောင်းဟွေ့သည် ထိုလူကို မြင်လိုက်သောအခါ မျက်လုံးများ လက်သွားပြီး ရှေ့သို့နည်းနည်းသွားလိုက်ကာ ခေါင်းမော့လိုက်ပြီး အော်ပြောလိုက်လေသည်။ "ဦးလေးလှလှလေး ဦးလေးမလား။ ဒီကို စတော်ဘယ်ရီခူးဖို့ လာတာမလား"
ဦးလေးလှလှလေး?
သူမသည် ခြေပင်ယိုင်သွားချင်လေသည်။
သူမ၏အစ်ကိုသည် လှသည်ဟုခေါ်ခံရခြင်းကို မုန်း၍ ထိုသို့ခေါ်သူများကိုလည်း အမြဲအပြစ်ပေးခဲ့သည်သာဖြစ်သည်။
ထိုသို့တွေးမိလိုက်ချိန်တွင် သူမသည် ကလေးရှေ့တွင် ရပ်လိုက်ပြီး အပြုံးလေးဖြင့် "အစ်ကိုရယ် သူကကလေးပဲရှိသေးတော့ နားမလည်လို့ပါ။ စိတ်ဆိုးမနေပါနဲ့နော်"
သူမသည် ကလေးဘက်သို့လှည့်လိုက်ပြီး "ယောကျ်ားလေးတွေဆိုရင် ချောတယ်လို့ ပြောရတယ်။ လှတယ်လို့ မသုံးရဘူး မိတ်ဆွေလေးရဲ့"ဟု ပြောလေသည်။
ရှောင်ရှောင်းဟွေ့က မျက်မှောင်ကြုတ်သွားကာ သံသယတချို့ဖြင့်ပြောလိုက်သည်။ “ဒါပေမယ့် မမလှလှလေး၊ သားက သူ့ကိုအမြဲတမ်း ဦးလေးလှလှလေးလို့ ခေါ်နေကျပဲလေ။”
"ဟမ်..?" ရှောင်ရှောင်းဟွေ့သည် ကြောင်သွားလေသည်။
'ဒီကလေးက အစ်ကိုဝမ်းကွဲနဲ့သိနေတာလား"
ယန်စစ်မင်သည် နေကာမျက်မှန်ကို ချွတ်လိုက်ပြီး ရှောင်ရှောင်းဟွေ့ကို ကြည့်ကာပြောလေသည်။ "မင်းကိုး။ ရှောင်ရှောင်းဟွေ့။"
သူအစ်ကို နှုတ်ဆက်သည်ကို မြင်လိုက်ရသောအခါ သူမသည် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
'ဘာတွေဖြစ်နေတာလဲဟ'
ချန်းမိသားစုနှင့် ရန်ဖြစ်၍ ရှောင်လင်းယွီ၏မိဘများ ဒဏ်ရာရသွားသောအခါ ကူညီခဲ့သူမှာ ယန်စစ်မင်ဖြစ်လေသည်။
ရှောင်ကျန်းယန် ဆေးရုံတက်နေရချိန်တွင် ရှောင်ရှောင်းဟွေ့သည် သူ၏ဒုတိယဦးလေးကို သွားတွေ့ခဲ့သဖြင့် ယန်စစ်မင်နှင့် တွေ့ခဲ့ခြင်းဖြစ်လေသည်။
ယန်စစ်မင်ကို တွေ့လိုက်ချိန်တွင် လှသည်ဟု တွေးလိုက်မိပြီး "ဦးလေးလှလှလေး"ဟု ခေါ်လိုက်မိလေသည်။
ယန်စစ်မင်သည် ထိုစကားကို ကြားသောအခါ မျက်မှောင်အနည်းငယ် ကြုတ်မိရုံမှတပါး မည်သည်ကိုမှ မပြောချေ။ သူသည် ဆေးရုံတွင် ကြာကြာမနေခဲ့ချေ။
ရှောင်ရှောင်းဟွေ့သည် ယန်ရူယွီ၏ နောက်မှထွက်လိုက်ပြီး အပြုံးလေးဖြင့် မေးလေသည်။ "ဦးလေးလှလှလေးက ဒီကိုဘာလို့လာတာလဲ။ စတော်ဘယ်ရီ လာခူးတာလား။ ဒါမှမဟုတ် သားအစ်မကို လာရှာတာလား"
'သူ့အစ်မကိုရှာတယ်' ယန်ရူယွီသည် အံ့အားသင့်သွားလေသည်။
သူမ၏အစ်ကိုသည် မိန်းမကျမ်းကျေသူဟု သိလေသည်။ သူတစ်စုံတစ်ယောက်ကို စိတ်ဝင်စားပါက ထိုမိန်းကလေးသည် လွတ်မြောက်နိုင်မည် မဟုတ်ချေ။
'သူဒီကိုလာတာ စတော်ဘယ်ရီ ခူးဖို့မဟုတ်ဘဲ မိန်းမတစ်ယောက်အတွက်လား။ ပြီးတော့ သူကအဲ့ကလေးရဲ့ အစ်မဖြစ်နေတာလား။'
"ဒီကို ဦးလေးနဲ့ အဒေါ်ဆီလာလည်ရင်းနဲ့ စတော်ဘယ်ရီခူးဖို့ရော လာလိုက်တာ" ဟု ယန်စစ်မင်က ပြောလေသည်။
သူသည် လင်းယွီကို လာရှာသည်ဟု တိုက်ရိုက်မပြောသော်လည်း သူ့စကားအရ သူမ၏မိသားစုနှင့် သိကြောင်း ပြနေလေသည်။
ယန်ရူယွီသည် အနည်းငယ်ရှုပ်ထွေးသွားလေသည်။
ရှောင်ရှောင်းဟွေ့သည် ခေါင်းညိတ်လိုက်လေသည်။ "ဦးလေးလှလှ...."
"ယန်ကော လို့ခေါ်ရတယ်" ဒီတစ်ကြိမ်တော့ ယန်စစ်မင်သည် အမှားပြင်ပေးလိုက်လေသည်။
"....." ရှောင်ရှောင်းဟွေ့သည် ခေါင်းညိတ်၍ ပြောလေသည်။ "ယန်ကော ဒုတိယဦးလေးနဲ့ အဒေါ်ကတော့ စတော်ဘယ်ရီခြံထဲမှာ အစ်မကတော့ အိမ်မှာ ဒါဆို ခြံထဲကို ခေါ်သွားပေးမယ်နော်"
"မင်းအစ်မဆီ ခေါ်သွားပေး!" ယန်စစ်မင်က ရုတ်တရက်ပြောလေသည်။
ယန်ရူယွီ၊ "....." 'အခုလေးတင်ပဲ သူ့ဦးလေးနဲ့ အဒေါ်ဆီ လာလည်တာလို့ ပြောလိုက်တာ မဟုတ်ဘူးလား"
ရှောင်ရှောင်းဟွေ့သည် ခေါင်းညိတ်ပြီး ပြောလေသည်။ "အစ်မက ကိုယ်ဝန်ရှိနေတာဆိုတော အပြင်သိပ်မထွက်ဘူး"
"ဘာပြောလိုက်တယ်။ မင်းအစ်မမှာ ကိုယ်ဝန်ရှိနေပြီ ဟုတ်လား။" ယန်စစ်မင်သည် မေးလိုက်ရင်း ရှောင်ရှောင်းဟွေ့၏ လက်မောင်းလေးများကို ဖမ်းဆွဲလိုက်လေသည်။ လက်များမှာ တင်းကျပ်လာလေသည်။
ယန်စစ်မင်ကဲ့သို့ လူကြီးတစ်ယောက်၏ အင်အားကို ရှောင်ရှောင်းဟွေ့သည် မည်သို့ခံနိုင်ပါ့မည်နည်း။
ရှောင်ရှောင်းဟွေ့၏ မျက်နှာမှာဖျော့လာပြီး နဖူးတွင် ချွေးစေးများ ပြန်လာလေသည်။ သူသည် ယန်စစ်မင်ကို ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်လိုက်လေသည်။
ယန်ရူယွီသည် တစ်ခုခုလွဲနေသည်ကို သိလိုက်ပြီး အော်ပြောလေသည်။ "အစ်ကို သူနာနေပြီ။ သူ့ကိုအခုလွှတ်လိုက်တော့"
တစ်ချိန်တည်းမှာပင် သူမသည် ရှုပ်ထွေးလာပြီး စိတ်ဝင်စားမိလေသည်။ တောင်တန်းကဲ့သို့ တည်ငြိမ်နေသော သူမ၏အစ်ကိုဝမ်းကွဲကို ယခုလိုပုံစံဖြစ်သွားအောင် လုပ်နိုင်သောမိန်းမသည် ဘယ်လိုမိန်းမမျိုးနည်း။
ယန်စစ်မင်သည် ယန်ရူယွီ၏ အသံကြားလိုက်သောအခါ အသိစိတ်ပြန်ကပ်လာလေသည်။ ရှောင်ရှောင်းဟွေ့၏ ဖျော့နေသောမျက်နှာကို မြင်လိုက်သောအခါ သူသည် ရှက်မိလေသည်။
သူမသည် ရှောင်ရှောင်းဟွေ့၏ လက်မောင်းကို ကိုင်လိုက်ပြီး ကြည့်လိုက်လေသည်။ သူ၏လက်မောင်လေးတွင် အညိုအမည်းအနည်းငယ် စွဲသွားလေသည်။ ရှောင်ရှောင်းဟွေ့သည် လွန်စွာနာကျင်ခဲ့မည်ဖြစ်သည်။
ယန်ရူယွီသည် စိတ်တိုသွားပြီး အပြစ်တင်လေသည်။ "အစ်ကို သူက ကလေးပဲရှိသေးတယ်။ အဲ့လောက်အားသုံးစရာလိုလို့လား။ ကြည့်ဦး အခုသူ အညိုအမည်းစွဲပြီး ထိခိုက်သွားပြီ။ သူ့မိဘတွေကို ဘယ်လိုရှင်းပြရမှာလဲ။"
သူမသည် ထိုသို့ပြောပြီးနောက် ရှောင်ရှောင်းဟွေ့ကို ကြည့်လိုက်ရာ သူသည်ငိုတော့မည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းချော့လေသည်။ "မငိုပါနဲ့။ ယန်ကောက စိတ်မကြည်ဖြစ်သွားလို့ မတော်တဆနာအောင် လုပ်မိသွားတာပါ။ သူ့ကိုတောင်းပန်ခိုင်းလိုက်မယ်လေ နော်"
ရှောင်ရှောင်းဟွေ့၏ မျက်နှာသည် နာကျင်မှုကြောင့် ဖျော့နေသော်လည်း သူသည် မငိုအောင် ထိန်းထားလေသည်။ သူသည်စိတ်တင်းလိုက်ပြီး ပြောလေသည်။ "ယန်ကောက အစ်မနဲ့ တွေချင်တာမလား။ ခေါ်သွားပေးမယ်"
ယန်မောင်နှမ၊ "...."
***