အရသာလေးမြည်းကြည့်ပါဦး
Vol. 5 Ch. 79
ယန်ယန်းသည် ခရမ်းချဉ်သီးကို တစ်ကိုက်,ကိုက်ကြည့်လိုက်လေသည်။ ခရမ်းချဉ်သီး၏ လတ်ဆတ်လှသည့် ချိုချဉ်ချဉ်အရည်က သူမလျှာကို ထိမိသွားသည်နှင့် သေးသေးလေးကိုက်ရာမှာ နောက်ထပ် အကြီးကြီးတစ်ကိုက်ကိုပါ ကိုက်လိုက်တော့သည်။ သူမစိတ်ထဲမှာ မသက်မသာဖြစ်မှုမှာ မြူမှုန်မျှမကျန်အောင် ပျောက်ကွယ်သွားပြီး အားရပါးရကို စားနေတော့သည်။
လီကျွမ်းရွှမ်မှာ ထိုမြင်ကွင်းကြောင့် ထပ်ပြီးအော်ငိုပြန်တော့သည်။ “မေမေ၊ ဘာလို့ သားခရမ်းချဉ်သီးကို အများကြီး စားပစ်တာလဲ။”
ငိုသံကြားကာမှ သူမသား၏ခရမ်းချဉ်သီးကို တစ်ဝက်နီးနီးစားပစ်မိကြောင်း ယန်ယန်း သဘောပေါက်သွားတော့သည်။ ‘ငါ့ပါးစပ်က ဒီလောက်တောင်ကြီးတာလား။’ ဘာပဲဖြစ်ဖြစ် သူ့မသားကို ချော့ဖို့က ပို၍ အရေးကြီးပေသည်။ “ဟုတ်ပါပြီ။ ရွှမ်အာရယ်၊ မငိုပါနဲ့တော့။ မေမေ သားအတွက် ထပ်ဝယ်ပေးပါ့မယ်။” ယန်ယန်းသည် အသံကို အညင်သာဆုံးနှိမ့်ကာ ချော့မော့လိုက်သည်။
“တကယ်လား။” လီကျွမ်းရွှမ်သည် မျက်ရည်များအပြည့်ဖြင့် မယုံသင်္ကာပြန်မေးလာခဲ့လေသည်။
“တကယ်ပေါ့။” ယန်ယန်းက ပြောလိုက်သည်။ “ဒေါ်လေး၊ ကျွန်မကို ခရမ်းချဉ်သီး ငါးလုံးပေးပါ။” ယန်ယန်းက ၁၀ယွမ်ကိုပေးလိုက်ရင်း တခြားအသီးအရွက်များကိုပါ ကြည့်လိုက်သည်။ အားလုံးသည် လတ်ဆတ်နေတာကြောင့် သူမက ခဏတွေးကြည့်ပြီးနောက် မေးလိုက်လေသည်။ “ဒေါ်လေး၊ ခရမ်းသီးနဲ့ ဟင်းနုနွယ်ရွက်ကရော ဘယ်လိုရောင်းတာလဲ။”
ရှောင်လင်းယွီက ပြုံးလိုက်သည်။ “ခရမ်းသီးက တစ်လုံးကို ၂ယွမ်ပါ။ ဟင်းနုနွယ်ရွက်ကတော့ တစ်ကတ်တီကို ၁၅ယွမ်ပါ။”
ယန်ယန်း အံ့ဩသွားခဲ့သည်။ “မင်းရဲ့အသီးအရွက်တွေက အရမ်းဈေးကြီးကြတာပဲ။”
ရှောင်လင်းယွီက ပြုံးကာ ရှင်းပြလိုက်လေသည်။ “ဒါတွေအားလုံးက သဘာဝအတိုင်း ကောင်းကောင်းကြိုးထားအောင် ပြုစုထားရတာလေ။ သူ့ဈေးနဲ့သူတန်ပါတယ်။ ရှင်လည်း ခရမ်းချဉ်သီး စားကြည့်ပြီးပြီပဲ။ ဒီဈေးနဲ့မတန်ဘူးလို့ ထင်လို့လား။”
ယန်ယန်းက ပြန်တွေးကြည့်မိသွားသည်။ “ဟုတ်ပြီလေ၊ ဒါဆို ကျွန်မကို ခရမ်းသီး ၂လုံးနဲ့ ဟင်းနုနွယ် ကတ်တီဝက်ပေးပါ။”
ရှောင်လင်းယွီသည် ပစ္စည်းများကို ထည့်ပေးပြီးနောက် ခရမ်းချဉ်သီးနှစ်လုံးကိုပါ အပိုထပ်ထည့်ပေးလိုက်သည်။ “ရှင်က ကျွန်မတို့ရဲ့ပထဆုံးဝယ်သူဆိုတော့ ခရမ်းချဉ်သီးနှစ်လုံး အပိုထည့်ပေးလိုက်ပါမယ်။ နောက်ထပ်လာအားပေးဖို့ မမေနဲ့နော်။ အားလုံးပေါင်း ၂၁.၅၀ ယွမ်ကျတယ်။ ၂၀ယွမ်ပဲ ထားပေးလိုက်မယ်နော်။” တကယ်တော့ ကောင်လေး၏ပါးစပ်ထဲကတစ်လုံးကိုပါ ထည့်တွက်လိုက်လျှင် သူတို့ ယန်ယန်းကို ခရမ်းချဉ်သီး ၃လုံး အပိုပေးလိုက်ခြင်းဖြစ်ပေသည်။
ယန်ယန်းသည် ငွေပေးချေပြီးနောက် ပျော်ရွှင်စွာ ထွက်ခွာသွားတော့သည်။ မေမေရှောင်သည် ယွမ်၂၀ကို ကိုင်ထားရင်း မယုံကြည်နိုင်ဖြစ်နေခဲ့လေသည်။ သူမက ရှောင်လင်းယွီတစ်ယောက် ခရမ်းချဉ်သီးတစ်လုံးကို ၂ယွမ်ဖြင့် ရောင်းနိုင်လိမ့်မည်ဟု ထင်ကိုမထင်ထားခဲ့ပေ။
“ယွီအာ၊ အမေ အိပ်မက်များမက်နေတာလား။ ဒီအသီးအရွက်တွေကို ဒီလောက်ဈေးနဲ့တောင် ရောင်းနိုင်တယ်ပေါ့။” မေမေရှောင် စိတ်လှုပ်ရှားနေခဲ့သည်။ “တကယ်ကို ယွမ်၂၀တောင်ရတာပဲ။ အရင်က အမေတို့ ကိုယ်တိုင်စိုက်တုန်းကဆို အသီးအရွက်တွေအကုန်ရောင်းပြီးရင်တောင် တစ်နေ့ကို ယွမ်၂၀ရဖို့ဆိုတာ မသေချာဘူး။”
ရှောင်လင်းယွီ ပြုံးလိုက်မိသည်။ “အမေ၊ ဒါက အစပဲရှိသေးတယ်နော်။”
နှစ်ယောက်သား ခရီးဆက်ခဲ့ကြသည်။ သူတို့က သုံးဘီးဆိုင်ကယ်အား ကုန်းလေးပေါ်သို့ တွန်းသွားကြပြီးနောက် ညာဘက်ရှိနောက်ထပ်လမ်းမတစ်ခုသို့ ချိုးလိုက်သည်။ ထိုလမ်းမတွင် တစ်လျှောက်လုံး သစ်ပင်အကြီးကြီးများ စီတန်းရှိနေခဲ့သည်။ လမ်းနှစ်ဖက်လုံးတွင်လည်း ကုန်စိမ်းသည်လေးများစွာရှိနေကာ ခြေလျင်သွားလာနေသည့်လူများဖြင့် ပြည့်နှက်နေခဲ့သည်။
လမ်းမ၏ဘယ်ဘက်တွင်တော့ ကျောင်းတစ်ကျောင်းရှိကာ ညာဘက်တွင်တော့ လူနေဧရိယာတစ်ခုဖြစ်ပြီး ရှေ့သို့ မီတာအနည်းငယ်ဆက်လျှောက်သွားလျှင်တော့ ဈေးတစ်ခုရှိနေသည်။ ဒါကြောင့်ပဲ ဤနေရာတွင် ခြေလျင်သွားလာနေသူများ အလွန်များနေခြင်းဖြစ်သည်။
ရှောင်လင်းယွီနှင့် မေမေရှောင်တို့ သုံးဘီးဆိုင်ကယ်တစ်စီးနှင့်ရောက်လာသည်နှင့် လူများစွာသည် အသီးအရွက်များကိုကြည့်ကာ စိတ်ဝင်စားလာကြသည်။
“ဒါတွေက လတ်ဆတ်လိုက်တာ။”
“ဟုတ်တယ်၊ အရည်အသွေးမြင့်တဲ့ပုံပဲ။”
“ဒီအသီးအရွက်တွေက ဈေးမှာရောင်းတာတွေက ပိုကြီးတာကိုရော သတိထားမိကြလား။ ကြည့်ရတာ ခရမ်းချဉ်သီးတွေဆို လူကြီးလက်တစ်ဆုပ်စာလောက်တောင် ရှိတဲ့ပုံပဲ။ ဒါပေမယ့် ငါကြားတာတော့ မသမာတဲ့လယ်သမားတချို့က သူတို့အသီးတွေ မြန်မြန်ရင့်မှည့်ပြီး ပိုကြီးအောင် ဆေးတွေသုံးကြတယ်တဲ့။ ဒီအသီးတွေက အရမ်းကြည့်လို့ကောင်းပြီး အရွယ်အစားတွေကလည်း အတူတူပဲ။ လုံးဝသဘာဝမဆန်ဘူး။ သေချာပေါက် ဓာတုဆေးတွေသုံးထားတာပဲဖြစ်ရမယ်။” သက်လတ်ပိုင်းအမျိုးသမီးကြီးက ပြောလိုက်သည်။ မြို့ကြီးများရှိ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို မှန်လုံအိမ်နည်းစနစ်ကိုသုံးကာ စိုက်ပျိုးသည်ဟု သူမ၏တက္ကသိုလ်ကျောင်းသားဖြစ်သော သားဆီမှ ကြားသိထားခဲ့လေသည်။ ထိုအသီးအရွက်များကို ဓာတုဆေးမျိုးစုံသုံးကာ ပြုစုပျိုးထောင်ထားခြင်းကြောင့် အရသာက မကောင်းကြပေ။ ထို့ကြောင့် သူမက ရှောင်လင်းယွီ၏သုံးဘီးဆိုင်ကယ်ပေါ်မှ လှပသည့်အသီးအရွက်များကိုမြင်သည်နှင့် ချက်ချင်းပင် ထိုသို့ ကောက်ချက်ချလိုက်ခြင်း ဖြစ်ပေသည်။
ရှောင်လင်းယွီသည် ထိုသို့ ဝေဖန်စကားများကို အာရုံမထားဘဲ ပြုံးလိုက်သည်။ “ဒေါ်လေးထင်တာ မှားနေပြီ။ ကျွန်မ ဘာဓာတုဆေးကိုမှ မသုံးထားပါဘူး။ ဒါတွေအားလုံးက သဘာဝအတိုင်း အော်ဂဲနစ်အသီးအရွက်တွေချည်းပဲ။ ပိုးသတ်ဆေးလဲ မသုံးထားဘူး။ သူ့ရဲ့အရသာကို မြည်းကြည့်ရုံနဲ့သိနိုင်တယ်။ ဒေါ်လေး ကျွန်မပြောတာမယုံရင် နည်းနည်းလောက် မြည်းကြည့်ပါလား။”
ရှောင်လင်းယွီက ချက်ချင်းပင် အသီးခွဲဓားတစ်ချောင်းကိုထုတ်ကာ ခရမ်းချဉ်သီးကို လှီးလိုက်လေသည်။ သူမက ခရမ်းချဉ်သီးကို အစိတ်လေးတွေပိုင်းလိုက်ပြီးနောက် ထိုသက်လတ်ပိုင်းအမျိုးသမီးကို ကမ်းပေးလိုက်သည်။ “ဒေါ်လေး လာမြည်းကြည့်ပါဦး။” ထို့နောက် တခြားလူများဘက်ကို လှည့်ကာ၊ “အားလုံးလည်း လာမြည်းကြည့်လို့ရတယ်နော်။”
ရှောင်လင်းယွီ ခရမ်းချဉ်သီးကိုလှီးလိုက်ကတည်းက ၎င်း၏အနံ့သည် လူများကို ဆွဲဆောင်နေပြီဖြစ်သည်။ ထို့ကြောင့် ရှောင်လင်းယွီ၏သုံးဘီးဆိုင်ကယ်အနားတွင် ခဏလေးအတွင်း၌ လူအုပ်ကြီးက စုပြုံလာကြတော့သည်။
ရှောင်လင်းယွီက အရသာမြည်းခိုင်းလာမှတော့ သူတို့အနေနှင့် ငြင်းဆိုစရာအကြောင်းမရှိပေ။ ခရမ်းချဉ်သီးအစိတ်လေးများက သူတို့ပါးစပ်ထဲဿို့ရောက် တစ်ခုပြီးတစ်ခု ရောက်သွားကြကာ ခဏလေးအတွင်းမှာပင် ဆယ်စိတ်လုံး အကုန်ကုန်သွားတော့သည်။
“ဝိုး။”
“ဒါ ပုံမှန်ခရမ်းချဉ်သီးရော ဟုတ်ရဲ့လား။ ရှားပါးသစ်သီးတစ်ခုခုမဟုတ်ဘူးလား။”
***