← Chapters

ပြန်လည်စုံစမ်းခြင်း

Vol. 13 Ch. 229

ပြန်လည်စုံစမ်းခြင်း

Vol. 13 Ch. 229

ကုန်းထျန်းဟောက် ကုမ္ပဏီသို့ပြန်ရောက်သည်နှင့် လီယွမ်ဟန်က ပုံးတစ်လုံးနှင့်ရောက်လာခဲ့သည်။ “ထျန်းဟောက်၊ သခင်ကြီးပစ္စည်းပို့လိုက်တယ်။”

ပုံးကိုဖွင့်ကြည့်လိုက်ချိန်မှာတော့ ပလက်စတစ်ဗူးဖြင့်ထည့်ထားသည့် စတော်ဘယ်ရီနှစ်ဗူးပါကြောင်း သိလိုက်ရလေသည်။

“အိုး.. စတော်ဘယ်ရီတွေပဲ။” လီယွမ်ဟန် အံ့ဩဟန်ဖြင့်ပြောလိုက်သည်။ “ဒီစတော်ဘယ်ရီတွေက တော်တော်စိမ်းသေးတယ်လေ။ ဘာလို့ သခင်ကြီးက ပို့လိုက်တာလဲ။” သလည်း စတော်ဘယ်ရီနှစ်ဗူးကို ထုတ်ကာ စားပွဲပေါ်တင်လိုက်ပြီး စူးစမ်းနေခဲ့သည်။ “ဒီစတော်ဘယ်ရီမှာ တစ်ခုခုထူးခြားတာများရှိနေလို့လား။” သခင်ကြီးကတော့ ထူးခြားတစ်ဘာမှမရှိဘဲနှင့် သူတို့ကို ပို့လိမ့်မည်မဟုတ်ပေ။ သို့သော်လည်း စတော်ဘယ်ရီများကိုကြည့်ရသည်မှာ တော်တော်လေးစိမ်းနေသေးလေသည်။

ကုန်းထျန်းဟောက်လည်း စားပွဲပေါ်မှ စတော်ဘယ်ရီနှစ်ဗူးကိုကြည့်လိုက်သည်။ စတော်ဘယ်ရီများသည် ထိပ်ပိုင်းလေးများတွင်သာ အနည်းငယ်နီနေလေသည်။ တစ်လုံးလုံး အပြည့်အဝမမှည့်သေးသော်လည်း ကြည့်ရတာတော့ အလွန်ဆွဲဆောင်မှုရှိနေသည်။

သူက ဘာမှမပြောဘဲ ပလက်စတစ်ဗူးကိုသာ တန်းဖွင့်လိုက်သည်။

ဗူးအဖုံးဖွင့်လိုက်သည်နှင့်တပြိုင်နက် စတော်ဘယ်ရီနံ့များက ချက်ချင်းပွင့်ထွက်လာတော့သည်။

လီယွမ်ဟန်က နှာခေါင်းတရှုံ့ရှုံ့လုပ်ကာ အနံ့ခံလိုက်ပြီးနောက် ချီးကျူးလိုက်မိတော့သည်။ “အနံ့လေးက မွှေးနေတာပဲ။” သူက ဗူးထဲကတစ်လုံးထုတ်ကာ တစ်ကိုက်ကိုက်ကြည့်လိုက်လေသည်။ ရေတောင် မဆေးနေတော့ပေ။

“အရသာရှိလိုက်တာ။” လီယွမ်ဟန် တစ်ကိုက်ကိုက်လိုက်သည်နှင့် စတော်ဘယ်ရီနံ့တို့က သူ့ခံတွင်းတစ်ခုလုံးကို ပြည့်နှက်သွားတော့သည်။

“ဒီစတော်ဘယ်ရီက ဘာလို့ ဒီလောက်တောင်အရသာရှိတာလဲ။” လီယွမ်ဟန် ထပ်ပြီးချီးကျူးလိုက်မိပြန်သည်။

“သခင်ကြီး ငါတို့အတွက်ပို့ပေးလိုက်တာ မထူးဆန်းတော့ပါဘူး။” လီယွမ်ဟန်သည် ကုန်းထျန်းဟောက်နှင့်ရော သခင်ကြီးနှင့်ပါ အလွန်ရင်းနှီးသူဖြစ်တာကြောင့် သူတို့နှစ်ဦး၏ဆက်ဆံရေးအကြောင်း ကောင်းကောင်းသိလေသည်။

မြေးအဖိုးနှစ်ယောက်သည် နေ့စဉ်နေ့တိုင်း ငြင်းခုံကာစကားများနေကြသော်လည်း တစ်ယောက်အပေါ်တစ်ယောက် အရမ်းတွေးပေးကြသည်။ ပစ္စည်းတစ်ကောင်းတစ်ခုခုရှိလာသည်နှင့် တစ်ယောက်နဲ့တစ်ယောက် မျှဝေကြကာ ဘယ်တော့မှ မေ့မသွားကြပေ။

အသန့်ကြိုက်သည့် ကုန်းထျန်းဟောက်ပင်လျှင် စတော်ဘယ်ရီသီးတစ်လုံး ကောက်ယူကာ ရေပင်မဆေးဘဲ ပါးစပ်ထဲ ထည့်လိုက်လေသည်။

ထို့နောက် သူ၏နဂိုတွန့်ချိုးနေသည့် မျက်ခုံးများက ပြေလျော့သွားကာ ခေါင်းတညိတ်ညိတ်ဖြစ်သွားသည်။ “ဒီစတော်ဘယ်ရီရဲ့အရသာက တကယ်ကောင်းတာပဲ။” ကုန်းထျန်းဟောက်သည် ကမ္ဘာပေါ်ရှိ အဆင့်မြင့်သည့်အရာမှန်သမျှကို စားသုံးဖူးသူဖြစ်သော်လည်း ဤမျှအရသာရှိသည့် စတော်ဘယ်ရီသီးမျိုးကိုစားဖူးသည်ကတော့ ပထမဆုံးအကြိမ်ဖြစ်ပေသည်။

“လုံးဝမမှည့်သေးတာတောင် တော်တော်လေးချိုနေပြီ။ ပြီးတော့ အဓိကအချက်က သူ့ရဲ့အနံ့ကကို အရမ်းမွှေးနေတာ။” လီယွမ်ဟန်က မှတ်ချက်ပေးလိုက်သည်။ “သေချာသာရင့်မှည့်သွားရင် အရသာက ပိုတောင် ကောင်းလာလိမ့်ဦးမယ်။”

ကုန်းထျန်းဟောက်သည်လည်း လက်ခံသည့်သဘောဖြင့် ခေါင်းညိတ်လိုက်သည်။

သူတို့မသိလိုက်ခင်မှာပဲ စတော်ဘယ်ရီတစ်ဗူးက ပြောင်သလင်းခါသွားလေသည်။ သူတို့ဗူးထဲ လက်ထပ်နှိုက်လိုက်ချိန်မှာတော့ အချင်းချင်း၏လက်ကိုသာ ထိလိုက်မိကြသည်။ ဗူးထဲတွင် စတော်ဘယ်ရီမကျန်တော့ပေ။

“ကုန်သွားပြီလား?” လီယွမ်ဟန် မကျေမနပ်ပြောလိုက်သည်။ “ထျန်းဟောက် ဒါ သခင်ကြီး တမင်လုပ်တာပဲဖြစ်မယ်။ ငါတို့စားချင်စိတ်ကို ထကြွလာအောင် တမင် အကန့်အသတ်နဲ့ပို့လိုက်တာပဲ။ တစ်ဗူးမှာ စတော်ဘယ်ရီကိုးလုံးပဲရှိတယ်တဲ့။ ဘယ်လိုလုပ် လောက်မှာလဲ။”

ကုန်းထျန်းဟောက်လည်း လီယွမ်ဟန်၏စကားကို သဘောတူလေသည်။ သူ့အဖိုးဆိုသည်က ဒီလိုနောက်ပြောင်ရတာမျိုးကို သဘောကျသူဖြစ်သည်။

“ဒီစတော်ဘယ်ရီသီးတွေက ဘယ်ကများလဲမသိဘူး။” လီယွမ်ဟန်က ပြောလိုက်သည်။

ကုန်းထျန်းဟောက်က ဗူးပေါ်က တံဆိပ်ကိုလက်ညှိုးထိုးပြလိုက်ကာ၊ “ထောင်ယွမ်ရွာက။”

“ဘာ? ထောင်ယွမ်ရွာကလား။” လီယွမ်ဟန် မယုံနိုင်ဖြစ်သွားသည်။ “အဲ့နေရာမှာ စတော်ဘယ်ရီစိုက်လို့ရလို့လား။ ငါတို့စုံစမ်းထားသလောက်ဆို ရှင်းယင်ခရိုင်က စတော်ဘယ်ရီဖြစ်တဲ့ဒေသမျိုးမဟုတ်ပါဘူး။”

ကုန်းထျန်းဟောက်ကတော့ လီယွမ်ဟန်၏အမေးကို မဖြေခဲ့ပေ။ သူက စားပွဲကို လက်ချောင်းများဖြင့် အသာခေါက်နေပြီးနောက် နံပါတ်တစ်ခုကို ဖုန်းခေါ်လိုက်သည်။ နှစ်ကြိမ်မျှဖုန်းမြည်ပြီးနောက်မှာတော့ တစ်ဖက်က ပြန်ဖြေသံကိုကြားလိုက်ရလေသည်။

“ဟဲလို။”

“ရှောင်ဝမ်။”

“အကြီးဆုံးသခင်လေး။” ရှောင်ဝမ် အနည်းငယ် အံ့ဩသွားသည်။ “အကြီးဆုံးသခင်လေး မင်္ဂလာပါ။”

“အဖိုး ဘယ်မှာလဲ။”

“ဗိုလ်ချုပ်နဲ့ ရှောင်ကျန်းက စတော်ဘယ်ရီသွားခူးကြပါတယ်။” ရှောင်ဝမ်က အမှန်အတိုင်းတင်ပြလေသည်။

“စတော်ဘယ်ရီခူးတယ်? ဘယ်မှာသွားခူးတာလဲ။” ကုန်းထျန်းဟောက် မေးလိုက်သည်။

“ထောင်ယွမ်ရွာက မစ္စရှောင်ရဲ့စတော်ဘယ်ရီခင်းမှာပါ။” ရှောင်ဝမ်က ဖြေလေသည်။ “အကြီးဆုံးသခင်လေး၊ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သခင်လေးဆီ အကြီးအကဲက စတော်ဘယ်ရီနည်းနည်းပို့လိုက်သေးတယ်။ ရပြီလား။ အဲ့စတော်ဘယ်ရီတွေကလေ အရမ်းအရသာရှိတာ။ အကြီးအကဲဆိုလည်း အရမ်းကြိုက်နေတယ်။”

ရှောင်ဝမ်၏တင်ပြချက်ကို နားထောင်ပြီးနောက် ကုန်းထျန်းဟောက်၏မျက်လုံးထဲ အလင်းတန်းတစ်ခု ဖြတ်သွားလေသည်။ ထို့နောက် သူက မထူးခြားနားဟန်လေသံဖြင့် ပြန်မေးလိုက်သည်။ “ရှောင်လင်းယွီက စတော်ဘယ်ရီစိုက်နေတာလား။”

“ဟုတ်ပါတယ်ဗျ။” ရှောင်ဝမ်က ခေါင်းညိတ်ရင်းဖြေလိုက်သည်။ “စတော်ဘယ်ရီ ခြောက်မူစိုက်ထားတာပါ။ ဒီရက်တွေအတွင်း စတော်ဘယ်ရီခူးဖို့ လူတွေတော်တော်လာကြတယ်။ ကျွန်တော်ကြားတာတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတင် စတော်ဘယ်ရီ ကတ်တီ ၂သောင်း ၃သောင်းအော်ဒါတင်သွားတဲ့လူတွေရှိတယ်တဲ့။”

ရှောင်ဝမ်သည် ထိုအကြောင်းအရာများကို သတင်းပို့ရန်မလိုအပ်ပေ။ သို့သော်လည်း ထောင်ယွမ်ရွာရှိ ဘဝနေထိုင်မှုမှာ အလွန်ကိုမှ အေးချမ်းလှတာကြောင့် ရှောင်ဝမ်တစ်ယောက် စကားများသူဖြစ်လာခဲ့သည်။

ကုန်းထျန်းဟောက်လည်း အဓိကအချက်ကို ချက်ချင်းဖမ်းဆုပ်လိုက်နိုင်လေသည်။

သူက ပြန်မေးလိုက်သည်။ “သူ့မိသားစုရဲ့စတော်ဘယ်ရီတွေက ရက်ပိုင်းလေးအတွင်းမှာတင် ဒီလောက် ပမာဏအများကြီးရောင်းထွက်တယ်ပေါ့။”

ရှောင်ဝမ် ခဏမျှကြောင်သွားပြီးနောက် ခေါင်းညိတ်လျက် ပြန်ဖြေလိုက်သည်။ “အမှန်ပါပဲ။”

“ဒါဆို ရှောင်လင်းယွီရဲ့မိသားစုမှာ စတော်ဘယ်ရီမစိုက်ခင်တုန်းက လက်ကားဖြန့်မယ့်လူတွေနဲ့ ပူးပေါင်းထားတာမျိုးရှိလား။”

ရှောင်ဝမ် မျက်မှောင်ကြုတ်သွားပြီး စိတ်ရှုပ်ထွေးသွားဟန်ဖြင့် ခေါင်းခါလိုက်သည်။ “ကျွန်တော် အဲ့ဒါတော့ သေချာမသိဘူး အကြီးဆုံးသခင်လေး။ ဒါပေမယ့် စတော်ဘယ်ရီတွေမကြီးသေးခင်တုန်းက ရွာသားတွေဆီကနေကြားသလောက်ကတော့ မစ္စရှောင်က လက်လီလက်ကားယူရောင်းမယ့်လူတွေနဲ့ ချိတ်ဆက်ထားတာမရှိဘူးလို့ပြောတယ်။”

တကယ်သာဆိုပါက ထိုအမျိုးသမီးမှာ တကယ်ကို သတ္တိကောင်းလွန်းသည်ဟုပဲပြောရမည်။ စတော်ဘယ်ရီခြောက်မူကို ဈေးကွက်အတည်တကျမရှိဘဲနဲ့တောင် စိုက်ရဲလေသည်။ ငွေတွေ ဆုံးရှုံးကုန်မှာ သူမ မကြောက်ဘူးလား။

ကုန်းထျန်းဟောက် ခဏမျှတွေးပြီးနောက် အမိန့်ပေးလိုက်သည်။ “ရှောင်ဝမ်၊ ရှောင်လင်းယွီဆီမှာ မရောင်းရသေးတဲ့ စတော်ဘယ်ရီ ဘယ်လောက်များများကျန်သေးလဲ သွားစုံစမ်းခဲ့။ ဘယ်လောက်ပဲကျန်ကျန် အဖိုးအတွက် အားလုံးသိမ်းကြုံးဝယ်ခဲ့လိုက်။”

ရှောင်လင်းယွီသည် သူတို့တွေ့ဆုံတိုင်း ထူးထူးဆန်းဆန်း ပြုမူလေ့ရှိကြောင်း ပြန်တွေးမိတာကြောင့် ကုန်းထျန်းဟောက်သည် အဖိုးဖြစ်သူ၏နာမည်ကိုသုံးလိုက်ခြင်းဖြစ်သည်။ ရှောင်လင်းယွီ သူ့ကိုသိနေတာ သေချာလေသည်။ အဲ့ဒီအမျိုးသမီးက တကယ်ပဲ ရှောင်လင်းယွီဖြစ်နေတာဖြစ်နိုင်တယ်။ ဒါဆိုရင် ရှောင်လင်းယွီရဲ့ကလေးက…

မဟုတ်ဘူး ဒီအကြောင်း သူအရင်ဆုံး သေချာစုံစမ်းမှဖြစ်မယ်။

“အာ…” ရှောင်ဝမ်း နားမလည်နိုင်ဖြစ်သွားသော်လည်း လက်ခံလိုက်လေသည်။ “ဒါဆို စတော်ဘယ်ရီတွေအားလုံး မြို့တော်ကို ပို့ပေးရမှာလား အကြီးဆုံးသခင်လေး။”

“ဟုတ်တယ်။” ကုန်းထျန်းဟောက်က အမိန့်ကို အတည်ပြုလိုက်သည်။

ကုန်းထျန်းဟောက် ဖုန်းချလိုက်ပြီးနောက်မှာတော့ လီယွမ်ဟန်က စိတ်ရှုပ်ထွေးနေဟန်ဖြင့် ကုန်းထျန်းဟောက်ကိုကြည့်ရင်း မေးလာခဲ့သည်။ “ထျန်းဟောက်၊ မင်းတကယ်ပဲ ကျန်တဲ့စတော်ဘယ်ရီတွေအားလုံးကို ဝယ်မလို့လား။”

ကုန်းထျန်းဟောက်က သူ့ကို တစ်ချက်စိုက်ကြည်လိုက်ကာ၊ “ငါဘယ်တုန်းက မဟုတ်တာပြောဖူးလို့လဲ။”

လီယွမ်ဟန် မသင်္ကာဟန်ဖြင့် ထပ်မေးလိုက်သည်။ “ထျန်းဟောက်၊ ငါကိုပြောပါဦး။ မင်း ဘာလို့ဒီလိုတွေလုပ်နေတာလဲ။ ရှောင်လင်းယွီကြောင့်လား။ ဒါပေမယ့် ဘာလို့ သခင်ကြီးရဲ့အကူအညီကိုပါ ယူနေရသေးတာလဲ။”

Zမြို့ရုံးခွဲက တစ်ယောက်ယောက်ကိုလွှတ်ပြီး ဝယ်ခိုင်းလိုက်လဲရတာပဲလေ။ ဒါကို ဘာလို့များ သခင်ကြီးရဲ့အကူအညီကို တဆင့်ယူနေရသေးတာလဲ။

ကုန်းထျန်းဟောက် ခဏမျှတိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် မေးလိုက်လေသည်။ “ယွမ်ဟန်၊ ပြီးခဲ့တဲ့နှစ်ဝက်လောက်က ငါတို့ Zမြို့ကိုသွားတုန်း ငါ့ဟိုတယ်အခန်းထဲမှာ အမျိုးသမီးတစ်ယောက်ပေါ်လာတာကို မင်းမှတ်မိသေးလား။”

“မှတ်မိတာပေါ့။” လီယွမ်ဟန် ခေါင်းညိတ်လိုက်သည်။

ဒါက နှစ်ပေါင်းများစွာကြာပြီးနောက်မှာမှ ကုန်းထျန်းဟောက်တစ်ယောက် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ယောက်နှင့် အိပ်ခဲ့မိခြင်းဖြစ်သည်။ သူတောင်မှ နည်းနည်း အံ့ဩသွားခဲ့သေးသည်။

ထို့နောက် သူက မေးလိုက်သည်။ “မဟုတ်သေးပါဘူး ထျန်းဟောက်၊ မင်းဘာလို့ အခုချိန်မှာ အဲ့အကြောင်းကိုပြောနေတာလဲ။ အကုန်လုံးပြီးသွားပြီလေ။ ပြီးတော့ မင်းလည်း အဲ့ဒီအမျိုးသမီးရဲ့အထောက်အထားကို စိတ်မဝင်စားဘူးလို့ ပြောခဲ့တယ်မဟုတ်လား။”

ကုန်းထျန်းဟောက်၏အမူအရာက အလေးအနက်ဖြစ်သွားသည်။ “ငါဒီနေ့ ထောင်ဇီနဲ့စကားပြောရင်း သဲလွန်တချို့ရလာလို့။”

“ဘာသဲလွန်စလဲ။”

“အဲ့တုန်း ငါ့အခန်းထဲရောက်နေတဲ့ အမျိုးသမီးက ရှောင်လင်းယွီဖြစ်လောက်တယ်။”

“ဟမ်?” လီယွမ်ဟန် မှင်သက်သွားရသည်။ “ဘယ်လိုလုပ် အဲ့လောက်တိုက်ဆိုင်ရတာလဲ။” လီယွမ်ဟန်သည် ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီကို တွဲပေးရန် ကြိုးစားနေခဲ့သော်လည်း ကျန်းထောင်ကြောင့် အရမ်းသိသာအောင်လည်း မလုပ်ပြနိုင်ခဲ့ပေ။

ဒါပေမယ့် အဲ့ဒီအမျိုးသမီးက တကယ်ပဲ ရှောင်လင်းယွီဖြစ်နေရင်ရော။ ကုန်းထျန်းဟောက်နဲ့ကျန်းထောင်ရဲ့ သူငယ်ချင်းဆက်ဆံရေးကို ထိခိုက်စေနိုင်မှာလား။ ကျန်းထောင်က အမှန်တရားကို လက်ခံနိုင်ပါ့မလား။ သူ့သူငယ်ချင်းကောင်းကြီးက သူကြိုက်နေတဲ့အမျိုးသမီးနဲ့ အိပ်ခဲ့တာကိုလေ။

ကုန်းထျန်းဟောက် ထပ်မေးလိုက်သည်။ “ဒါဆို ရှောင်လင်းယွီက ငါတို့နဲ့တွေ့တဲ့အချိန်တိုင်း ထူးထူးဆန်းဆန်းပြုမူနေတာကိုရော မင်းမှတ်မိသေးလား။ သူ့ကြည့်ရတာ ငါ့ကို သိနေတဲ့ပုံပေါ်ပေမယ့် အဲ့ဒါကို မဖော်ထုတ်ချင်တဲ့ပုံစံဖြစ်နေတယ်လေ။ ငါတောင်မှ စိတ်ရှုပ်သွားခဲ့သေးတယ်။ ဒါပေမယ့် သူကသာ တကယ်ပဲ အဲ့ဒီအမျိုးသမီးဆိုရင်တော့ ကိစ္စတွေက အဓိပ္ပါယ်ရှိသွားပြီ။”

လီယွမ်ဟန် မျက်မှောင်ကြုတ်လိုက်သည်။ “ဒါပေမယ့် အဲ့ဒီအမျိုးသမီးက ဟိုတယ်မှာ မင်းရဲ့အထောက်အထားကိုသုံးခဲ့တယ်လေ။ သူက မင်းကိုအသုံးချနေရုံပဲ။”

“ဒါကြောင့်ပဲ ဒီကိစ္စကို ငါရှင်းရှင်းလင်းလင်းသိရအောင် စုံစမ်းချင်တာ။” ဤတစ်ခေါက်တော့ ကုန်းထျန်းဟောက် အလွန်အလေးအနက်ထားကာ ပြောနေခဲ့သည်။ “ငါတို့အဲ့တုန်းက အဖိုးရုတ်တရက်နေမကောင်းဖြစ်တာနဲ့ အလောတကြီး ပြန်ထွက်ခဲ့ရတယ်။ ဒါပေမယ့် တကယ်ပဲ အဲ့အမျိုးသမီးက ရှောင်လင်းယွီသာဆိုရင် နောက်ကွယ်မှာ ဇာတ်လမ်းတစ်ခုခုတော့ ရှိလောက်တယ်။”

သူက ခဏရပ်သွားပြီးနောက် ဆက်ပြီး လေးလေးနက်နက်ပြောလေသည်။ “ပြီးတော့ ရှောင်လင်းယွီမှာ ကိုယ်ဝန်ရှိနေတယ်။”

လီယွမ်ဟန် မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးပြူးသွားကာ စိုးရိမ်တကြီးမေးလိုက်လေသည်။ “ထျန်းဟောက်၊ အဲ့ဒါဘာကိုဆိုလိုတာလဲ”

“အဲ့ညက အမျိုးသမီးက အပျိုတစ်ယောက်ပဲ။” ကုန်းထျန်းဟောက် ရှင်းပြလာသည်။ “ရှောင်လင်းယွီမှာ ဆယ်နှစ်လောက်တွဲခဲ့တဲ့ ရည်းစားရှိပေမယ့် တစ်ခါမှမအိပ်ဖူးဘူး။ သူတို့က မင်္ဂလာဆောင်မယ့်အချိန်ကို စောင့်နေကြတာ။ ဒါပေမယ့် အခု သူ့မှာ ကိုယ်ဝန်ရှိနေပြီ။”

“ဒါဆို ထျန်းဟောက်၊ မင်းပြောချင်တာ ရှောင်လင်းယွီလွယ်ထားတဲ့ကလေးက မင်းကလေးဖြစ်ဖို့များတယ်လား။” လီယွမ်ဟန် စကားပင် ဆက်မပြောနိုင်လောက်အောင် ထိတ်လန့်သွားခဲ့သည်။

ဒီကမ္ဘာပေါ်မှာ အဲ့လောက်တိုက်ဆိုင်တဲ့ကိစ္စမျိုးရှိသေးတာလား။

“ဟုတ်တယ်။” ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။ “ဒါကြောင့် ငါအဲ့တုန်းက ကိစ္စကို ပြန်ပြီးစုံစမ်းဖို့ လိုလာပြီ။” ရှောင်လင်းယွီ ဘာကြောင့် သူ့အထောက်အထားကို ယူသုံးခဲ့တယ်။ ဟိုတယ်ကို ဘာအတွက် မေးမြန်းခဲ့တယ်ဆိုတာကို သိဖို့လိုလာပြီ။

“ဟုတ်ပြီ ဟုတ်ပြီ။ ငါနားလည်ပြီ။” လီယွမ်ဟန်သည်လည်း အလေးအနက်ဖြစ်သွားသည်။ “ငါအခုပဲ သွားစုံစမ်းလိုက်မယ်။”

လီယွမ်ဟန်ထွက်သွားပြီးနောက် ကုန်းထျန်းဟောက်တစ်ယောက် သူ့နဖူးသူ မနေနိုင်စွာ ပွတ်လိုက်မိသည်။ တကယ်လို့ အဲ့ဒီအမျိုးသမီးကသာ ရှောင်လင်းယွီဆိုရင် သူ့ညီအစ်ကိုကောင်းကို တောင်းပန်ရုံသာတတ်နိုင်တော့မည်။

…….

သခင်ကြီးကုန်းတစ်ယောက် စတော်ဘယ်ရီခူးရသည်အား အလွန်ပျော်ရွှင် သဘောကျနေခဲ့သည်။ သူ ထောင်ယွမ်ရွာကို ပြောင်းလာကတည်းက သူ့ခန္ဓာကိုယ်အခြေအနေက တိုးတက်ကောင်းမွန်လာခဲ့သည်။ ကျန်းမာရေးကောင်းမွန်လာသည်နှင့် သူဘာမှမလုပ်ဘဲ ထိုင်မနေနိုင်တော့ပေ။

ပုံမှန်အားဖြင့် ရွာထဲက လူအိုကြီးများနှင့် စကားသွားပြောလေ့ရှိသော်လည်း ရွာထဲရှိ လူအိုကြီးများသည် အမြဲတမ်း အားမနေကြပေ။ မသန်စွမ်းသူများမှလွဲ၍ အများစုက အလုပ်လုပ်ကြလေသည်။

သခင်ကြီးကုန်းမှာ အတော်လေး စိတ်ဓာတ်ကျနေခဲ့သည်။ သူလည်း အလုပ်လုပ်ချင်ပေမယ့် သူလူတွေက သူ့အတွက် အားလုံးကို လုပ်ကိုင်ပေးထားပြီးဖြစ်သည်။ ဒါကြောင့် သူ့အချိန်အများစုကို မြစ်ထဲတွင် ငါးမျှားရင်း ဒါမှမဟုတ် ရှောင်ရှောင်းဟွေ့ နွားကျောင်းသည့်နောက်လိုက်ရင်းဖြင့်သာ ကုန်ဆုံးခဲ့ရသည်။ ထိုသို့ဖြင့် နွားဘုရင်ငယ်လေးကို လေ့လာဖို့ အခွင့်အရေးများရလာခဲ့သည်။ နွားဘုရင်ငယ်လေးမှာ အတော်လေးရယ်စရာကောင်းလှသည်။

၎င်းက အလွန်ဉာဏ်ကောင်းကာ ထက်မြက်ပြီး လူသားများ၏ ရိုးရိုးရှင်းရှင်းအသုံးအနှုန်းများကို နားလည်နိုင်လေသည်။

နွားဘုရင်ငယ်လေးသည် သုံးနှစ်အရွယ် လူသားကလေးတစ်ယောက်၏ ဉာဏ်ရည်မျိုးရှိသည်ဟုပင် သခင်ကြီးကုန်း ခန့်မှန်းမိသည်။ ထိုအရွယ်ကလေးများသည် အသောင်းကြမ်းဆုံးဖြစ်ကာ နေရာအနှံ့လျှောက်ပတ်ပြီး ဒုက္ခပေးလေသည်။ ဒါကြောင့်ပဲ နွားဘုရင်ငယ်လေးသည်လည်း ထိုသို့ဖြစ်နေခြင်းပင်။

၎င်းသည် အလွန်နာခံသော်လည်း မြေပြင်ပေါ်မှ ပစ္စည်းများကို ပေါ့ပေါ့ဆဆနှင့် ဖျက်ဆီးတတ်သည်။ သို့သော်လည်း ရှောင်မိသားစုကို ဒုက္ခပေးသည့်လူများ၏ လယ်ကွင်းများကိုဖြတ်သွားချိန်မျိုးတွင်သာ ‘မတော်တဆ’ဆိုသလို ထိုလူများ၏အသီးအနှံများပေါ်တွင် တက်ရပ်နေခြင်းဖြစ်သည်။ မဟုတ်ရင်လည်း ကလေးတွေငိုသည်အထိ နောက်ကနေ ပတ်လိုက်နေခြင်းဖြစ်သည်။

သို့သော်လည်း ဘယ်သူကမှ နွားဘုရင်ငယ်လေးကို မဆူပူရဲကြပေ။ ဘာပဲဖြစ်ဖြစ် ၎င်း၏ဉာဏ်ရည်ဉာဏ်သွေးကြောင့် သူတို့အားလုံး ဝမ်းသာအားရ ချီးမြှောက်နေခဲ့ကြသည်။

ဘာပဲဖြစ်ဖြစ် ၎င်းသည် နွားဘုရင်ငယ်လေးဖြစ်နေသည်ပင်။

အကြောင်းအရင်တချို့ကြောင့် သခင်ကြီးကုန်းသည် တကယ်ကိုပဲ နွားဘုရင်ငယ်လေးနှင့် မိတ်ဆွေကောင်းများ ဖြစ်သွားခဲ့သည်။

နွားဘုရင်ငယ်လေးသည် သခင်ကြီးကုန်းကို ခပ်လှမ်းလှမ်းမှမြင်ချိန်တိုင်း နှစ်ကြိမ်ခန့်အော်ကာ နှုတ်ဆက်လေသည်။ သခင်ကြီးကုန်းသည်လည်း နွားဘုရင်ငယ်လေးအတွက် အသီးအနှံများ အသီးအရွက်များ ယူလာပေးတတ်သည်။

နှစ်ဦးသား၏ဆက်ဆံရေးက လူတိုင်းကို ရယ်မြူးစေခဲ့သည်။

သခင်ကြီးကုန်းတစ်ယောက် ရှောင်လင်းယွီ၏စတော်ဘယ်ရီသီးများကိုမြင်ချိန်တွင် သူထပ်ပြီး ပျင်းလာပြန်ပြီဖြစ်တာကြောင့် ကိုယ်တိုင်ဝင်ခူးလိုစိတ်များ တဖွားဖွားဖြစ်နေခဲ့သည်။

“ကောင်မလေး၊ ငါစတော်ဘယ်ရီလာခူးကူဦးမယ်။” သခင်ကြီးကုန်းက ရှောင်လင်းယွီကိုမြင်သည်နှင့် ခပ်လှမ်းလှမ်းကတည်းက ပြုံးပြကာ ပြောလိုက်သည်။

ရှောင်လင်းယွီကတော့ မျက်လုံးသာ လှန်လိုက်လေသည်။ ဒီလူအိုကြီးက ငွေမလိုအပ်ပေ။ သူက တခြားလူတွေရဲ့အလုပ်ကို လုနေတာပဲ။

ဒါပေါ့ အခြားအကြောင်းအရင်းတစ်ခုလည်းရှိသေးသည်။

သခင်ကြီးကုန်းအပေါ်ထားရှိသည့် ရှောင်လင်းယွီ၏အပြုအမူက အတော်လေးရှုပ်ထွေးလေသည်။

သခင်ကြီးကုန်းသည် ရှောင်ထုန်၏အဖိုးဖြစ်တာကြောင့် သူနှင့်ရင်းနှီးချင်သည်။ သို့သော်လည်း သခင်ကြီးကုန်းနှင့် အရမ်းကြီးတော့ အဆက်အသွယ်မလုပ်လိုပေ။ ရှောင်ထုန်အကြောင်း အမှန်တရားကို သခင်ကြီးကုန်းသိသွားကာ ဒေါသထွက်သွားမည်ကို သူမ စိုးရိမ်ခြင်းပင်။ သူမနှင့်ရှောင်ထုန်ကိုတောင်မှ ခွဲပစ်နိုင်သည်။

သခင်ကြီးကုန်းသည်လည်း ရှောင်လင်းယွီ၏ထူးဆန်းသည့် အပြုအမူကို သတိထားမိတာကြောင့် စိတ်ဝင်စားစိတ်က ပိုလာခဲ့သည်။ အချိန်ကြာလာသည်နှင့် သူကိုယ်တိုင်ကိုက ရှောင်လင်းယွီရှေ့သို့ ပေါ်ပေါ်လာမိတော့သည်။

သူ့ပုံစံက လူကြီးတစ်ယောက်ထံမှ အာရုံစိုက်မှုလိုချင်နေသည့် ကလေးတစ်ယောက်လိုပင်။

ကလေးဆန်လိုက်တာ

ထိုအပြုအမူတို့က ရှောင်လင်းယွီကို ကူကယ်ရာမဲ့စေသလို ရယ်ချင်စိတ်လည်းဖြစ်စေခဲ့သည်။

ရှောင်လင်းယွီက သက်ပြင်းခပ်ဖွဖွချရင်း၊ “သခင်ကြီးကို ဘယ်လိုလုပ် ကျွန်မအတွက် စတော်ဘယ်ရီခူးခိုင်းဖို့ ဒုက္ခပေးလို့ဖြစ်မလဲ။ ပြန်သွားပြီး အနားသာယူနေပါ။”

သခင်ကြီးကုန်းသည် ကလေးတစ်ယောက်လိုပင် ခေါင်းကြောကလည်း မာလေသည်။ “ဟမ့်၊ ငါရောက်လာပြီဆိုမှတော့ ပြန်မသွားတော့ဘူး။ မင်း ငါ့ကိုစိတ်ရှုပ်စရာကြီးလို့ တွေးနေမှန်း သိသားပဲ။ ဒါကြောင့် မင်းစိတ်ရှုပ်အောင်လို့ ငါကပိုလို့တောင် နေဦးမှာ။”

ရှောင်လင်းယွီ၊ “….”

သခင်ကြီးကုန်းနှင့်အတူပါလာသော ရှောင်ကျန်း၊ “….”

ဒါက သူတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကြီးကျယ်ခမ်းနားလှသည့် သူ့ခေါင်းဆောင်ကြီးမှဟုတ်ပါရဲ့လား။ ဘာလို့ သုံးနှစ်ကကလေးနဲ့ပိုတူနေရတာလဲ။

ရှောင်ကျန်းသည်လည်း သူ့အကြီးအကဲက ရှောင်လင်းယွီကို သဘောကျတာကြောင့် သူ့မြေးချွေးမဖြစ်လာအောင် ဆွဲဆောင်ချင်နေမှန်းသိလေသည်။ ဒါပေမယ့် အကြီးအကဲရယ်၊ အကြီးဆုံးသခင်လေးရဲ့စိတ်ကိုကော မေးကြည့်ပြီးရဲ့လား။

ရှောင်လင်းယွီလည်း ကူကယ်ရဲ့မဲ့ဟန်ဖြင့်ပြုံးလျက် ပြန်ဖြေလိုက်သည်။ “သခင်ကြီး ကူညီချင်သပဆိုမှတော့ ရတာပေါ့။ ဒါပေမယ့် သခင်ကြီး ပင်ပန်းလာပြီဆိုရင်တော့ ချက်ချင်းရပ်ပြီး အနားယူရမယ်နော်။”

သခင်ကြီးကုန်းက လက်အသာယမ်းလိုက်ကာ၊ “ငါ့ကိုပြောနေဖို့မလိုဘူး။ ကောင်မလေး၊ မင်း ဒီနေ့ စတော်ဘယ်ရီဘယ်လောက်တောင် ခူးရမှာလဲ။”

မကြာသေးခင်က ရှောင်လင်းယွီ လက်ခံထားသည့် အော်ဒါများစွာရှိကြောင်း သခင်ကြီးကုန်းသိခြင်းကြောင့် ရောက်လာခြင်းဖြစ်သည်။ အော်ဒါက ကတ်တီ ၂သောင်းမကပေ။ စတော်ဘယ်ရီများကို ခူးကာ ထုပ်ပိုးဖို့လိုအပ်လေသည်။

သူလည်း ကူညီပေးချင်တာပေါ့။

***

All Chapters