နိုင်ငံတကာနံပါတ်တစ်အမှတ်တံဆိပ် ဟွမ်လင်း
Vol. 54 Ch. 877
လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ်ခန့်က ရောင်းအား ကျဆင်းမှုသည် သုည ဒသမ အနည်းငယ်မှ ရာခိုင်နှုန်း အနည်းငယ်ခန့်အထိသာ ရှိခဲ့သည်။ ကျဆင်းမှုပမာဏများစွာမရှိခဲ့သဖြင့် သဘာဝကျစွာပင် ရုံးချုပ်အနေဖြင့်လည်း အလေးအနက် မထားခဲ့ကြချေ။ သို့သော် တာဝန်ရှိသူကို ဝေဖန်သင့်လျှင်လည်း ဝေဖန်ရမည်သာဖြစ်သည်။
သို့ရာတွင် ပြီးခဲ့သည့် တစ်နှစ်အတွင်း၊ အထူးသဖြင့် ဒုတိယနှစ်ဝက်ပိုင်းမှစတင်၍ ဟွာရှ၏ရောင်းအားစုစုပေါင်းသည် ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသကဲ့သို့ ကျဆင်းသွားခဲ့ပြီး တိုက်ရိုက်ဆုံးရှုံးမှုသည် ဘီလီယံ တစ်ရာကျော်အထိ ရှိလာခဲ့သည်။
ဤမျှ ဆိုးရွားလှသော ရောင်းအား ရလဒ်များသည် ရုံးချုပ်ဥက္ကဌ မိုက်ကယ်ကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်မှာ သေချာသည်။
အမည်တပ်ခေါ်ခြင်းခံရသော ဘရူးစ်သည် ခေါင်းငုံ့ကာ အစီရင်ခံတင်ပြလိုက်သည်။
"ဘော့စ် ဟွာရှမှာ လယ်ယာထွက်ကုန်နဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေကို အထူးပြုရောင်းချတဲ့ ကုမ္ပဏီတစ်ခု ပေါ်ပေါက်လာပါတယ်။ ဟွာရှက အာဏာရှိ၊ ငွေရှိတဲ့ သူဌေးတွေက အဲဒီကုမ္ပဏီက ပစ္စည်းတွေကိုပဲ သွားဝယ်နေကြလို့ပါ"
သူ ဟွာရှ၌ရှိနေစဉ်က ထိုကုမ္ပဏီမှပစ္စည်းများကို တိတ်တဆိတ် လူလွှတ်၍ ဝယ်ယူစေခဲ့ဖူးသည်။ သူကိုယ်တိုင် စားကြည့်ပြီးနောက် အစားအစာများမှာ အလွန်အရသာရှိသည်ဟု ခံစားခဲ့ရသဖြင့် သာမန်အချိန်များ၌ပင် လူလွှတ်ကာ ခိုးကြောင်ခိုးဝှက် ဝယ်ယူစားသောက်ခဲ့ရသည်အထိဖြစ်သည်။
သူသည် F နိုင်ငံသားဖြစ်ပြီး သူ့မိသားစုသည်လည်း F နိုင်ငံ၌သာ ရှိသည်။
ဟွာရှသို့ တာဝန်ထမ်းဆောင်ရန် စေလွှတ်ခံရသောအခါ ပုံမှန်အားဖြင့် ဟိုတယ်ကြီးများ၌သာ သွားရောက် စားသောက်လေ့ရှိသည်။
သို့သော် ထိုကုမ္ပဏီမှ ပစ္စည်းများကို စားသုံးဖူးပြီးနောက် သူသည် အိမ်၌သာ ကိုယ်တိုင်ချက်ပြုတ် စားသောက်တော့သည်။ ဟွာရှရှိ ဟွမ်လင်းအုပ်စု၏ဥက္ကဌဖြစ်သူ သူသည် ဟွာရှထွက် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို စားသုံးနေကြောင်း လူများကို အသိပေး၍မဖြစ်ပေ။ အကယ်၍သာ တစ်စုံတစ်ယောက် သိရှိသွားပါက ပါးရိုက်ခံရသကဲ့သို့ အရှက်ကွဲမည်မှာ သေချာသည်။
ဖောက်သည်များနှင့် စီးပွားရေးဆွေးနွေးရန်အတွက် ဧည့်ခံပွဲများကျင်းပကာ ဟိုတယ်ကြီးများ၌ စားသောက်သည့်အခါမှသာလျှင် ထိုဖောက်သည်များက သူ့မျက်နှာကို ထောက်ထား၍ သော်လည်းကောင်း၊ သူ့ကို မျက်နှာလိုမျက်နှာရ ပြုလုပ်ရန်အတွက်သော်လည်းကောင်း ဟိုတယ်ကြီးများ၌ သူတို့ ဟွမ်လင်းအုပ်စုမှ ကုန်ပစ္စည်းများကို မှာယူစားသောက်ကြသည်။
သို့သော် ထိုကုမ္ပဏီမှ ပစ္စည်းများကို စားသုံးပြီးနောက် မိမိကုမ္ပဏီမှပစ္စည်းများကို ပြန်လည်စားသုံးသည့်အခါ အရသာကွာခြားချက်မှာ အလွန်ကြီးမားလွန်းကြောင်း သူကိုယ်တိုင်ဝန်ခံရတော့သည်။ သူသည် ကိုယ့်ကုမ္ပဏီမှ ပစ္စည်းများကိုပင် မစားချင်တော့သည့် အခြေအနေဖြစ်လာသည်။
သူ့စိတ်ထဲတွင် ခံစားချက်များက ရှုပ်ထွေးနေခဲ့သည်။
သို့သော် လကုန်၍ ရုံးချုပ်သို့ သုံးလပတ် ရောင်းအားစာရင်းတင်ပြချိန် ရောက်သောအခါမှသာ ကိစ္စရပ်များ လေးနက်နေပြီး ပြဿနာ ကြီးမားနေကြောင်းတွေ့ရှိရသဖြင့် ချက်ချင်းပင် သူ့ခေါင်း ကြီးလာတော့သည်။
သူသည် ထိုအစီရင်ခံစာများကို ဆွဲဖြဲပစ်ချင်သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ သူ ထိုသို့ ဆွဲဖြဲ၍ မရနိုင်ခြင်းပင်။
ထို့ကြောင့် မတတ်သာဘဲ ခေါင်းမာမာဖြင့် အထက်သို့ အစီရင်ခံစာတင်ပြလိုက်ရခြင်းဖြစ်သည်။
မိုက်ကယ်သည် ဘရူးစ်၏အစီရင်ခံချက်ကို ကြားလိုက်ရသောအခါ သူ့အကြည့်များက ဘရူးစ်၏မျက်နှာပေါ်သို့ စူးရှစွာကျရောက်လာသည်။ သူ့အမူအရာနှင့် အကြည့်များတွင် အထင်အမြင်သေးမှုများပါဝင်နေပြီး ဘရူးစ်၏စကားကို လုံးဝ မယုံကြည်သည့်ပုံ ပေါက်နေသည်။
မိုက်ကယ်က အေးစက်စွာ ပြောလိုက်သည်။
"ဒါဆို မင်း ပြောချင်တာက ဟွာရှက ကုမ္ပဏီတစ်ခုက ငါတို့ နိုင်ငံတကာ နံပါတ်တစ် အမှတ်တံဆိပ် ဟွမ်လင်းအုပ်စုရဲ့ ဖောက်သည်အရင်းအမြစ်တွေကို အကုန်လုယူသွားလို့ ငါတို့ ဟွာရှက ဖောက်သည်တွေ ဒီလောက် အမြန်ဆုံး ဆုံးရှုံးနေရတာပေါ့။ နှစ်ဝက်ဆိုတဲ့အချိန်လေးအတွင်းမှာတင် ထက်ဝက်ကျော်ဆုံးရှုံးပြီး ဘီလီယံ ရာချီ နစ်နာသွားတယ်ပေါ့။ ဟုတ်လား ဘရူးစ်"
မိုက်ကယ် မယုံကြည်ကြောင်း ဘရူးစ် သိသော်လည်း မတတ်သာဘဲ ခေါင်းမာမာဖြင့်ပြောလိုက်ရသည်။
"ဟုတ်ပါတယ် သူဌေး" ထို့နောက် သူက ရှင်းပြလေသည်။ "သူဌေး မသိလို့ပါ၊ ဟွာရှက အဲဒီကုမ္ပဏီက..."
"တော်ပြီ ဘရူးစ်"
မိုက်ကယ်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့ရှင်းပြချက်ကို နားမထောင်ဘဲ တန်းပြောလိုက်သည်။
"ဘရူးစ်... မင်းရဲ့ အရည်အချင်းမရှိမှုအတွက် ဆင်ခြေတွေမပေးစမ်းနဲ့။ မင်း ဟွာရှမှာ တာဝန်ယူချိန်ကစပြီး ရောင်းအားစုစုပေါင်းက နှစ်တိုင်းကျဆင်းလာခဲ့တာကို မင်း သိလား။ အခု ဒီနှစ်ဝက်မှာ ကျဆင်းတာက ပိုဆိုးရွားတယ်။ ဒါကြောင့်..."
မိုက်ကယ် ခေတ္တ ရပ်နားလိုက်ပြီး ဆက်ပြောသည်။
"မင်းမှာ ဒီအရည်အချင်း မရှိမှတော့ တန်းပြီး ဆင်းပေးလိုက်တော့။ ငါ အရည်အချင်းရှိတဲ့သူကို လွှတ်လိုက်မယ်။ ဟွာရှလို ဆင်းရဲတဲ့နေရာမျိုးမှာ ငါတို့ကုန်ပစ္စည်းထက်ပိုကောင်းတဲ့ ကုမ္ပဏီ ပေါ်လာပြီး ငါတို့ ဖောက်သည်အရင်းအမြစ်တွေကို လုယူသွားတယ်ဆိုတာ ငါ လုံးဝ မယုံဘူး"
အတိုချုပ်ပြောရလျှင် ဟွာရှကဲ့သို့ သိပ္ပံနှင့်နည်းပညာ အလွန်နောက်ကျနေသည့်နေရာမျိုးတွင် သူတို့ ဟွမ်လင်းနိုင်ငံတကာနံပါတ်တစ်အမှတ်တံဆိပ်၏ ဖောက်သည်အရင်းအမြစ်များကို လုယူသွားနိုင်လောက်သည့် ကုန်ပစ္စည်းကောင်းများ ထွက်ရှိနိုင်သည်ဟု မိုက်ကယ် တစ်စက်ကလေးမျှ မယုံကြည်ပေ။
ထို့ကြောင့် သူက ဘရူးစ်သည် မိမိ၏အရည်အချင်း မရှိမှုနှင့် ဘာမှမလုပ်တတ်မှုအတွက် ဆင်ခြေပေးနေသည်ဟုသာ ယူဆလေသည်။
ဘရူးစ်သည် ယုံကြည်ခြင်း မခံရသည့်အပြင် အော်ဟစ်ငေါက်ငမ်း ခံရသော်လည်း ခါးသီးစွာ ပြုံးရုံသာ တတ်နိုင်တော့သည်။
ကိုယ်တိုင်မကြုံဖူးပါက မည်သူမျှ ယုံကြည်ကြမည် မဟုတ်ပေ။ အရင်တုန်းက သူကိုယ်တိုင် ဖြစ်ခဲ့သကဲ့သို့ပင်။
မိုက်ကယ်က ဆက်ပြောသည်။
"ဘရူးစ်... ငါ အခု မင်းကို ဟွာရှရုံးခွဲဥက္ကဌရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ မင်းကတော့ ယာယီ ခွင့်ယူထားလိုက်ဦး။ ငါ အထက်လူကြီးတွေနဲ့ အစည်းအဝေးလုပ်ပြီးရင် မင်းနဲ့ သင့်တော်တဲ့ ရာထူးတစ်ခု ပြန်ပေးမယ်"
ဤစကား၏အဓိပ္ပာယ်မှာ ကုမ္ပဏီက သူ့ကို ရာထူးမှဖယ်ရှားပြီးနောက် ဘေးဖယ်ထားမည်။ ထို့နောက် ကုမ္ပဏီတွင် လစ်လပ်သောနေရာရှိသည့်အချိန်ကျမှ သူ့ကို ထိုနေရာသို့ ပို့ဆောင်မည်ဆိုသည့် သဘောဖြစ်သည်။
ဘရူးစ်အတွက်မူ ဤသည်မှာ ကုမ္ပဏီမှ ကန်ထုတ်လိုက်သည်နှင့် ဘာများကွာခြားသေးလို့လဲ။
ဪ... ကွာခြားမှုတော့ ရှိပါသည်။ ကုမ္ပဏီမှ ကန်ထုတ်လိုက်ခြင်းက နာမည်မကောင်းပေ။ ဤသို့ လုပ်ခြင်းက နာမည်ပိုကောင်းသည်။
မိုက်ကယ်သည် အုပ်စု၏အမြင့်ဆုံးတာဝန်ရှိသူဖြစ်ပြီး အမြင့်ဆုံး လုပ်ပိုင်ခွင့်အာဏာကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ရာ သူ့ဆုံးဖြတ်ချက်ကို ဘယ်သူကများ ကန့်ကွက်ရဲမှာလဲ။
ဘရူးစ်က တည်ငြိမ်စွာ ပြောလိုက်သည်။
"မိုက်ကယ်... ခင်ဗျား ကျွန်တော့်ကို မယုံမှတော့ ခင်ဗျား ထုတ်ပယ်စရာ မလိုပါဘူး၊ ကျွန်တော် အခုပဲ နှုတ်ထွက်စာရေးလိုက်ပါ့မယ်"
မိုက်ကယ် ကြားလိုက်ရသောအခါ မျက်နှာပျက်သွားပြီး မေးလိုက်သည်။
"မင်း စကားက ဘာသဘောလဲ"
ဘရူးစ်က အေးစက်စွာရယ်မောရင်းပြောလိုက်သည်။
"ဘာသဘောရှိရမလဲ၊ ကျွန်တော် မလုပ်တော့ဘူးလို့ ပြောတာပေါ့"
မိုက်ကယ်၏မျက်နှာ ချက်ချင်းမည်းမှောင်သွားပြီး ဒေါသအရိပ်အယောင်များဖြင့် "မင်း..."
ဘရူးစ်သည် သူ့ကို ဘာမှ ပြန်မပြောတော့ဘဲ တိုက်ရိုက်ပြောချလိုက်သည်။
"ကျွန်တော် အခုပဲ နှုတ်ထွက်စာ သွားရေးလိုက်မယ်၊ မစ္စတာမိုက်ကယ်အနေနဲ့ အမြန်ဆုံး အတည်ပြုပေးဖို့ မျှော်လင့်ပါတယ်။ ဪ... ဒါနဲ့..."
ဘရူးစ် လှည့်ထွက်ခါနီးတွင် သတိပေးလိုက်သည်။
"ခင်ဗျား ဟွာရှ ကုမ္ပဏီကို တာဝန်ယူမယ့်လူ အမြန်ဆုံးစီစဉ်လိုက်တာကောင်းလိမ့်မယ်။ မဟုတ်ရင် နောက်ကျသွားတာနဲ့ အဲဒီ ၂၀ ရာခိုင်နှုန်းဆိုတဲ့ရောင်းအားကိုတောင် ထိန်းထားနိုင်မှာ မဟုတ်ဘူး"
ထို ၂၀ ရာခိုင်နှုန်းသောရောင်းအားသည်ပင် သူ ဟွာရှ၌ရှိစဉ်က သူ့ကို ခင်မင်ရင်းနှီးသော စီးပွားရေး မိတ်ဆွေများက သူ့မျက်နှာကိုထောက်ထား၍ စာချုပ်ချုပ်ဆိုပေးခဲ့ခြင်းဖြစ်သည်။
ယခု သူ ထွက်ခွာတော့မည်ဖြစ်ရာ ထိုဖောက်သည် အရင်းအမြစ်များကိုလည်း သဘာဝကျစွာပင် သူ ယူဆောင်သွားမည်ဖြစ်သည်။
ဟွန့်... ဟွမ်လင်းအုပ်စုကနေထွက်ပြီးရင် သူက ဟွာရှ ထောင်ယွမ်ရွာ Green Freshအုပ်စုကို တိုက်ရိုက်သွားပြီး အလုပ်လျှောက်လို့ရတာပဲ။
အလုပ်လျှောက်တာအောင်မြင်ရင် သူ့ဇနီးနဲ့သမီးကိုပါ ဟွာရှကို ခေါ်သွားချင်သေးတယ်။
ဘရူးစ်က မလုပ်တော့ဘူးဆိုလျှင် မလုပ်တော့ဘူးပြောပြီး ထွက်ခွာသွားရာ မိုက်ကယ်မှာ ဒေါသထွက်လွန်းသဖြင့် ထွက်ခွာသွားသော ကျောပြင်ကိုကြည့်ပြီး မျက်နှာများ ပြာနှမ်းနေတော့သည်။
ထို့နောက် သူ လျင်မြန်စွာ စိတ်ငြိမ်အောင်ထားလိုက်ပြီး ဝန်ထမ်းရေးရာဌာနသို့ ဖုန်းဆက်ကာ ဝန်ထမ်း ထုတ်ပယ်စာတစ်စောင် ထုတ်လိုက်သည်။
ဘရူးစ်အနေဖြင့် အကောင်းအဆိုး နားမလည်၊ အရည်အချင်းလည်း မရှိမှတော့ တိုက်ရိုက်သာ အလုပ်ထုတ်လိုက်တော့မည်။
သူ့ကို နှုတ်ထွက်စာတင်ခိုင်းလိုက်ရခြင်းက သူ့အတွက် သက်သာလွန်းနေသည်။
ဒီကောင့်ကို ဒီနယ်ပယ်မှာ နေရာမရအောင် ငါ ပိတ်ပင်ပစ်ရမယ်... ဟု မိုက်ကယ် တိတ်တဆိတ် တွေးလိုက်သည်။
သို့သော် မကြာမီ အချိန်အတွင်းမှာပင် မိုက်ကယ် နောင်တကြီးစွာ ရလေတော့သည်။
သူ ရက်စက်လွန်းခဲ့မိသဖြင့် ပြန်လှည့်စရာ လမ်းမရှိ ဖြစ်ခဲ့ရသည်ကို နောင်တရနေမိသည်။ သို့မဟုတ်ပါက...
...
Green Freshအုပ်စု ဥက္ကဌ ရုံးခန်း...
ကျန့်ယောင်ကျူက ရှောင်လင်းယွီအား အစီရင်ခံ တင်ပြနေသည်။
"ဖီးနစ်တောင်တန်းအပန်းဖြေစခန်း၊ ပန်းမျိုးတစ်ရာတောင်ကြား အပန်းဖြေစခန်း... စတဲ့ ဒေသအသီးသီးက အပန်းဖြေစခန်းတွေရဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေက လုံးဝ တည်ငြိမ်သွားပါပြီ။ ခရီးသွားဧည့်သည် အများအပြားကို ဆွဲဆောင်ထားနိုင်ပါပြီ။ ပြီးခဲ့တဲ့လက ဖီးနစ်တောင်တန်းအပန်းဖြေစခန်းရဲ့ ခရီးသွား အရေအတွက်က တစ်နေ့ကို လူဦးရေ နှစ်သောင်း၊ ပန်းမျိုးတစ်ရာတောင်ကြား အပန်းဖြေစခန်းက တစ်နေ့ကို လူဦးရေ သုံးသောင်း ရှိခဲ့ပါတယ်။ ဒီလမှာတော့ ဖီးနစ်တောင်တန်းအပန်းဖြေစခန်းရဲ့ ခရီးသွားအရေအတွက်က တစ်နေ့ကို သုံးသောင်း၊ ပန်းမျိုးတစ်ရာတောင်ကြားက တစ်နေ့ကို လေးသောင်းခွဲအထိ ရောက်ရှိလာပြီး တိုးတက်မှုနှုန်းက..."
ဤအပန်းဖြေစခန်းများ၏ ခရီးသွားအရေအတွက်သည် ထောင်ယွမ်ရွာ၏ တစ်နေ့ လူဦးရေ နှစ်သိန်းနှင့်ယှဉ်လိုက်လျှင် အနည်းငယ်နည်းပါးနေသေးသည်။
သို့သော် သိထားရမည်မှာ ဤအပန်းဖြေစခန်းများသည် ယခုမှ စတင်ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်ပြီး မပြည့်စုံသောနေရာများစွာ ရှိနေသေးသည်။ ဖျော်ဖြေရေး အစီအစဉ်များလည်း အဆင်သင့် မဖြစ်သေးချေ။ ခရီးသွားများ လာရောက်ရခြင်းမှာ Green Freshအုပ်စု၏ နာမည်ဂုဏ်သတင်းကြောင့် စူးစမ်းချင်စိတ်ဖြင့် လာရောက်ကြည့်ရှုကြခြင်း သက်သက်သာဖြစ်သည်။ သို့တိုင်အောင် တစ်နေ့လျှင် လူဦးရေ သုံးလေးသောင်းအထိ ရောက်ရှိနေခြင်းက အလွန်ကောင်းမွန်သောရလဒ် ဖြစ်နေပြီဖြစ်သည်။
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။
"အင်း... အားလုံး လုပ်တာ ကောင်းပါတယ်"
ကျန့်ယောင်ကျူက ဆက်လက်အစီရင်ခံသည်။
"နိုင်ငံတစ်ဝန်းက စူပါမားကတ် ၃၁၈ ဆိုင်ရဲ့ ကုန်ပစ္စည်းဖြန့်ဖြူးမှုနဲ့ ရောင်းအားပမာဏတွေကလည်း အခြေခံအားဖြင့် တည်ငြိမ်သွားပါပြီ၊ ရောင်းအားက ပုံမှန်ပါပဲ"
ရောင်းအား ပုံမှန်ဟုဆိုသော်လည်း စူပါမားကတ်တိုင်းတွင် ရောင်းမလောက်ဖြစ်နေသည်။
သို့သော် ကုန်ပစ္စည်းရင်းမြစ်ပမာဏက ထိုမျှသာရှိပြီး ကုမ္ပဏီ၏မူဝါဒကလည်း ထိုအတိုင်းသာ ဖြစ်သည်။
ထို့ကြောင့် ပစ္စည်း မည်မျှရောင်းကောင်းနေပါစေ ကုန်ပစ္စည်းပမာဏကို တိုးမြှင့်မည် မဟုတ်ပေ။ စူပါမားကတ်များသည် လူတန်းစားမရွေးဝယ်ယူနိုင်ပြီး တန်းစီနိုင်လျှင် မည်သူမဆို ဝယ်ယူနိုင်လေသည်။
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။
"အင်း..." ထို့နောက် သူမ စဉ်းစားလိုက်ပြီး ပြောသည်။ "လကုန်ရင် ဝန်ထမ်းအားလုံးကို ဆုကြေးငွေ ပေးမယ်လို့ ကြေညာထားလိုက်ပါ။"
ကျန့်ယောင်ကျူ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ပါ"
Green Freshအုပ်စု၏ ခံစားခွင့်များမှာ အလွန်ကောင်းမွန်လှသည်။ မကြာခဏဆိုသလို ဝန်ထမ်းများကို ဆုကြေးငွေပေးလေ့ရှိပြီး ဝန်ထမ်းအားလုံး ဆုကြေးရရှိကြသည်။ အောက်ခြေဝန်ထမ်းများပင်လျှင် ဆုကြေးငွေပေးပါကရရှိကြသည်။
နှစ်ဦးသား ကုမ္ပဏီ၌အလုပ်ကိစ္စများ ဆွေးနွေးပြီးနောက် ကိုယ်ရေးကိုယ်တာကိစ္စ အနည်းငယ် ပြောဖြစ်ကြသည်။
ရှောင်လင်းယွီက ပြုံး၍ ပြောလိုက်သည်။
"ယောင်ကျူ... ရှင် တကယ် ပင်ပန်းနေပါပြီ။ ဒီနှစ်ဝက်လုံး အမြဲတမ်း အလုပ်များနေပြီး ဟိုပြေးဒီပြေး လုပ်နေရတာ"
ကျန့်ယောင်ကျူက မျက်ခုံးပင့်ကာ ပြုံး၍ မေးလိုက်သည်။
"ဒါဆို ဥက္ကဌကြီးက ကျွန်တော်မျိုးကို ခွင့်ပေးဖို့ စီစဉ်နေတာလား"
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။
"အင်း... ဟုတ်တယ်"
ကျန့်ယောင်ကျူ နားကြားမှားသည်ဟု ထင်မှတ်သွားသည်။ သူ နားကို ကလော်လိုက်ပြီး မယုံကြည်နိုင်စွာ မေးလိုက်သည်။
"ဘော့စ်... ခင်ဗျား မှားပြောတာလား၊ ကျွန်တော် နားကြားမှားတာလား။ ခင်ဗျား တကယ်ပဲ သဘောထားကြီးပြီး ကျွန်တော့်ကို ခွင့်ပေးမလို့လား"
ရှောင်လင်းယွီ ပြုံးလိုက်ကာ "ဟဟ... ရှင် နားကြားမမှားပါဘူး၊ ကျွန်မလည်း မှားမပြောပါဘူး။ ရှင် ခွင့်ယူဖို့ အခုပဲ ခွင့်ပြုလိုက်ပါပြီ။ ပြီးတော့ နှစ်လတောင် ခွင့်ပေးလိုက်ပါဦးမယ်။ ဘယ်လိုလဲ မန်နေဂျာကျန့်"
ရှောင်လင်းယွီ ကုလားထိုင် နောက်မှီကို မှီချလိုက်ပြီး လက်ပိုက်ကာရယ်မောရင်း မေးလိုက်သည်။
"ဘာလဲ... မန်နေဂျာကျန့်က မကြိုက်ဘူးလား။ ဒါဆိုရင်တော့ ကျွန်မ..." ဒါဆိုရင်တော့ ကျွန်မ ပြန်ရုတ်သိမ်းလိုက်မယ်။
"ကျွန်တော် ကြိုက်တာပေါ့"
ကျန့်ယောင်ကျူက ရှောင်လင်းယွီ ပြန်ရုတ်သိမ်းသွားမည်ကို စိုးရိမ်သဖြင့် စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ ခင်ဗျား ဘာလို့ ရုတ်တရက်ကြီး သဘောကောင်းပြီး ကျွန်တော့်ကို ခွင့်ပေးရတာလဲ"
သိထားရမည်မှာ ရှောင်လင်းယွီဆိုသော ဤမိစ္ဆာမသည် တစ်နေ့တစ်နေ့ သူ့ကို ဖိခိုင်းရန်သာ သိပြီး သူကလည်း ပြန်လှန်ပြောဆို၍ မရပေ။ သို့မဟုတ်ပါက အိမ်မှတစ်စုံတစ်ယောက်က ဒေါသထွက်ပေလိမ့်မည်။
"ဘာမှ မဟုတ်ပါဘူး။ ရှင်းရှင်း ကိုယ်ဝန်ရှိနေတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင် လက္ခဏာတွေ တော်တော် ဆိုးနေတယ်လို့ ကြားလို့ပါ။ ယောက္ခမတွေ ပြုစုစောင့်ရှောက်ပေးနေသလို ရှင့်အဖေနဲ့ အဘိုးလည်း ကူညီစောင့်ရှောက်ပေးနေတယ်ဆိုပေမဲ့ ဒီအချိန်မှာ အမျိုးသမီးတွေ အလိုချင်ဆုံးက ခင်ပွန်းသည် ဘေးမှာရှိနေတာပဲလေ၊ ဒါမှ ပိုပြီး စိတ်ချမ်းသာရမှာ"
ကျန့်ယောင်ကျူ ကြားလိုက်ရသောအခါ အမူအရာတစ်ချက် ကြောင်အသွားပြီးနောက် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
တကယ်တော့ သူ့ဇနီး ကိုယ်ဝန်ရှိနေကြောင်း သိရှိလိုက်ရသည့် အချိန်ကစပြီး ကျန့်ယောင်ကျူသည် အဖေဖြစ်တော့မည်ကို သိလိုက်ရသဖြင့် ပျော်လွန်း၍ ပျံသန်းချင်စိတ်ပင် ပေါက်ခဲ့သည်။ သို့သော် ထိုအချိန်က သူသည် အဝေးတစ်နေရာသို့ရောက်ရှိနေသဖြင့် ချက်ချင်းပြန်လာ၍မရခဲ့ပေ။
ထို့ကြောင့် နေ့စဉ်ဖုန်းဖြင့်ဆက်သွယ်ကာ ကျန့်ယောင်ကျူက သူမတွင် တစ်စုံတစ်ရာ ခံစားရခြင်း ရှိမရှိ မေးမြန်းခဲ့သော်လည်း ရှောင်ရှင်းရှင်းက သူမ အဆင်ပြေကြောင်း၊ စိတ်မပူရန်သာ နေ့စဉ် ပြောကြားခဲ့သည်။
နောက်ပိုင်း အိမ်ပြန်ရောက်မှ ရှောင်ရှင်းရှင်း၏ ကိုယ်ဝန်ဆောင်လက္ခဏာများမှာ အလွန်ပြင်းထန်ကြောင်း၊ အစားမဝင်၊ အိပ်မပျော်၊ နေ့စဉ်ပျို့အန်နေကြောင်း သိရှိလိုက်ရသဖြင့် သူ့ခမျာ အလွန် စိတ်မကောင်းဖြစ်ရသည်။ သို့သော် ဘာမှကူညီမပေးနိုင်သဖြင့် အလွန်စိတ်ပူပန်နေခဲ့ရသည်။
သူမကို ပြုစုရန် ခွင့်ယူဖို့လည်း တွေးခဲ့ဖူးသည်။ သို့သော် မိသားစုဝင်များက တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြသည်။
အိမ်တွင် ရှောင်ရှင်းရှင်းကို ပြုစုစောင့်ရှောက်မည့်သူများစွာရှိနေသည့်အပြင် ဤသည်မှာ ကိုယ်ဝန်ဆောင်လက္ခဏာသာဖြစ်သဖြင့် သူ ဘေးမှာရှိနေလျှင်လည်း ကူညီပေးနိုင်မည်မဟုတ်ဟု ဆိုကြသည်။
ထို့အပြင် ထိုအချိန်က ကုမ္ပဏီ၏လုပ်ငန်းများ တိုးချဲ့နေချိန်ဖြစ်သဖြင့် ကုမ္ပဏီက သူ့ကို လက်လွှတ်၍ မရနိုင်ခဲ့ပေ။ ထို့ကြောင့် သူ ခွင့်မတိုင်ခဲ့သလို ရှောင်လင်းယွီကိုလည်း မပြောခဲ့ပေ။
ယခု ရှောင်လင်းယွီက သူ့ကို ခွင့်ပေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် တကယ်ပင် ဝမ်းသာမိသည်။
ရှောင်လင်းယွီ မတ်တတ်ရပ်ကာ သူ့ပခုံးကိုပုတ်ပြီး ပြုံးလျက်ပြောလိုက်သည်။
"အိမ်ပြန်ပြီး ရှင်းရှင်းကို ကောင်းကောင်း ပြုစုပေးလိုက်ပါ"
ကျန့်ယောင်ကျူ ပြုံးကာ ခေါင်းညိတ်လိုက်သည်။
"အင်း... ကျွန်တော် သေချာပေါက် လုပ်ပါ့မယ်"
***