← Chapters

ဒေဝါလီခံရခြင်း

Vol. 1 Ch. 13

ဒေဝါလီခံရခြင်း

Vol. 1 Ch. 13

ရှောင်လင်းယွီ၏စိတ်ရှုပ်နေသည့်အမူအရာကိုမြင်ပြီး ယန်စစ်မင်မျက်ခုံးအသာပင့်ကာ ပြုံးလိုက်သည်။ “အဲ့လောက်ကြီးစိတ်ရှုပ်မနေနဲ့လေ၊ ကိုယ့်ရဲ့ဗျောက်အိုးလေးရဲ့!”

ရှောင်လင်းယွီခေါင်းထက်တွင် အနက်ရောင်မျဉ်းကြောင်းများပင်ပေါ်လာခဲ့သည်။ သို့သော်လည်း သခင်လေးယန်က သူမဘက်မှာရှိနေပေးသူဖြစ်တာကြောင့် သူနှင့်ပါအချင်းမများလိုပေ။ ဒီလိုဆိုတိုင်း သူခေါ်ချင်သလို သူမကိုခေါ်ခွင့်ပြုမည်ဟု ဆိုလိုခြင်းမဟုတ်။

ရှောင်လင်းယွီ သူမ၏တောင့်တင်းနေသည့်မျက်နှာကြောများကို အားတင်းကာ လှုပ်ရှားလိုက်ကာ အပြုံးတုတစ်ခုပေါ်လာခဲ့သည်။ “သခင်လေးယန် အခုလို ကျွန်မကို တန်ဖိုးကြီးနာမည်ပြောင်တစ်ခုပေးတဲ့အတွက် ကျေးဇူးတင်ရမလား?”

စိတ်ထဲတွင်တော့ မျက်လုံးကိုသာလည်နေမိသည်။ ‘ဗျောက်အိုးလေး? ဘယ်ကနေများ ဒီလိုနာမည်ကိုစဉ်းစားမိသွားတာလဲ?’

သူမမှာသာတကယ်ပဲ ထိုသို့ပေါက်ကွဲလွယ်သည့်စရိုက်မျိုးရှိမည်ဆိုလျှင် အရင်ဘဝက ချန်းယန်ဆီမှ ထိုမျှဆိုးဆိုးဝါးဝါးဆက်ဆံခံရမည်မဟုတ်ပေ။ သူမဂုဏ်သိက္ခာလည်းပျက်စီးခဲ့မည်မဟုတ်သလို ရပ်တည်၍မရသည်ထိဖြစ်မည်လည်းမဟုတ်ပေ။

ရှောင်လင်းယွီက သံသယများစွာဖြင့် ယန်စစ်မင်ကိုကြည့်လိုက်သည်။ သူမအတွက် ဒိုင်းတစ်ခုရအောင် လမ်းပေါ်က တွေ့ရာယောက်ျားတစ်ယောက်ကို ဆွဲခေါ်ခဲ့သော်လည်း ထိုသူက ရွှေပေါင်လုံးကြီးဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။

သူမ လက်စားချေမှုအစစ်အမှန်ကိုမလုပ်ရသေးသော်လည်း ချန်းယန်နှင့်ကျောက်ဝမ်မန့်တို့က ရှောင်လင်းယွီ၏အလုပ်ကို သူမအစားလုပ်ပေးလိုက်ပေပြီ… သူမဘေးတွင် တကယ်ကိုဒဏ္ဍာရီလာ သခင်လေးယန်က ထောက်ပံ့ပေးနေသည်။

ထိုအချိန်တွင် တစ်ယောက်ယောက်၏ဖုန်းက မြည်လာခဲ့သည်။ ဖုန်းသံကိုကြားလိုက်ရတာကြောင့် ကျောက်ဝမ်မန့်ထိတ်လန့်လို့သွားသည်။ သူမဘေးကိုပတ်ကြည့်လိုက်ပြီး ဒေါသတကြီးဖြင့်၊ “ဘယ်-ဘယ်သူ့ဖုန်းကမြည်နေတာလဲ? ငါတို့ကုမ္ပဏီမှာ အလုပ်ချိန်အတွင်း ဖုန်းအသံပိတ်ထားရမယ်ဆိုတဲ့စည်းမျဉ်းရှိတယ်မဟုတ်ဘူးလား? ဘယ်အရူးက ဒီလိုရိုးရှင်းတဲ့စည်းကမ်းချက်လေးကိုတောင် မလိုက်နာနိုင်ရတာလဲ?”

လူတိုင်း၏အကြည့်က သူမထံသို့ရောက်လာခဲ့ကာ သူမ၏ဈေးကြီးလှသည့်လက်ကိုင်အိတ်ပေါ်တွင် ရပ်တန့်သွားကြသည်။ ထိုဖုန်းသံက သူမပိုက်ဆံအိတ်ထဲမှထွက်လာတာ အသိသာကြီးပင်။

ယန်စစ်မင်က လှောင်ရယ်ရယ်လိုက်ကာ၊ “ကြည့်ရတာ ကုမ္ပဏီစည်းမျဉ်းတွေက အထက်ပိုင်းလူတွေအတွက်တော့ မဟုတ်ပုံပဲ။ မစ္စကျောက်၊ မင်းကတော့ ဒီနေ့ ငါ့ကို ဆက်တိုက်ဆိုသလို အမြင်ကျယ်အောင်လုပ်ပေးနေတော့တာပဲ!”

ရှက်စရာကောင်းသည့်အခြေအနေကြောင့် ကျောက်ဝမ်မန့်တောင့်ခဲသွားသော်လည်း အလျင်အမြန်ပင် ပြန်ထိန်းလိုက်နိုင်သည်။ သူမက သူမ၏ဘရန်းလက်ကိုင်အိတ်ကိုဖွင့်လိုက်သည်။ ဖုန်းမြည်သံက တကယ်ပဲသူမအိတ်ထဲမှလာကြောင်းသေချာသွားသည်နှင့် သူမရင်ထဲတင်းကြပ်သွားကာ တုန်တုန်ရီရီဖြင့် အိတ်ကိုဖွင့်လိုက်သည်။

သူမအိတ်ထဲကဖုန်းကိုထုတ်ပြီး ခေါ်ဆိုသူနာမည်ကိုမြင်လိုက်သည်နှင့် ဖုန်းကိုပင် လွှင့်ပစ်မိတော့မလိုဖြစ်သွားရသည်။

သူမတုံ့ဆိုင်းစွာဖြင့် ဖုန်းပြန်ဖြေသည့်ခလုတ်ကိုဆွဲလိုက်သည်။ “ဟယ်လို၊ အဖေ…”

ထို့နောက်တွင် ဖုန်းထဲမှာ ဒေါသထွက်နေသည့်အသံတစ်သံက ပျံ့လွင့်လာတော့သည်။

ကျောက်ဟွေ့ချင်က၊ “ကျောက်ဝမ်မန့်၊ အမိုက်မ၊ နင်ဘယ်တုန်းကဘယ်လိုသွားပြီး သခင်လေးယန်ကိုအာခံလိုက်တာလဲ? နင့်ကိုကျေးဇူးတင်ရမှာပဲ။ အခုယန်လုပ်ငန်းစုက ဟွေ့ချင်လုပ်ငန်းနဲ့ပူးပေါင်းထားတာတွေကို ရုတ်သိမ်းသွားပြီ! ဒီကိစ္စကဘယ်လောက်ကြီးလဲဆိုတာသိရဲ့လား? ငါနင့်ကိုပြောပြမယ်။ ဒီမိနစ်ပိုင်းလေးအတွင်းမှာတင် တခြားဖောက်သည်တွေအများကြီးက ဟွေ့ချင်လုပ်ငန်းနဲ့ချုပ်ထားတဲ့စာချုပ်တွေကို ဖျက်သိမ်းသွားကြပြီ!”

ကျောက်ဟွေ့ချင်မှာ အလွန်ဒေါသထွက်နေသလို ထိတ်လန့်လို့လည်းနေသည်။ လွန်ခဲ့သည့်မိနစ်ပိုင်းလေးကတင် ယန်စစ်မင်၏အတွင်းရေးမှူးထံမှ သူတို့ယန်လုပ်ငန်းစုက ဟွေ့ချင်လုပ်ငန်းနှင့်ပူးပေါင်းထားသမျှကို ရုတ်သိမ်းမည်ဖြစ်ကြောင်း ဖုန်းလက်ခံရရှိခဲံသည်။ သူပြန်မတုံ့ပြန်နိုင်ခင်မှာပဲ ဟွေ့ချင်လုပ်ငန်းနှင့်စာချုပ်ဖျက်သိမ်းချင်သည့် နောက်ထပ်ဖုန်းကောလ်ပေါင်းများစွာကိုပါ တဆက်တည်းလက်ခံရလိုက်ပြန်သည်။ အခုတော့ ကျောက်ဟွေ့ချင်၏ဘဝမှာ ကုန်းဆင်းသို့ရောက်ရှိသွားကာ လူတွေကလည်း လှောင်ပြောင်ထေ့ငေါ့သည့်မျက်နှာကို မဖုံးကွယ်ကြတော့ပေ။ သူတို့က သူ ယန်သခင်လေးကိုအာခံရဲ့တဲ့သတ္တိရှိတဲ့အတွက် ချီးမွမ်းနေကြသည်။ တချို့ဆို ဒီလိုအံ့ဖွယ်သမီးတစ်ယောက်မွေးထားသည့်အတွက် ပြက်ရယ်ပြုနေကြပြန်သည်။ သူမက ယန်သခင်လေးကိုတောင် သွားပြီးဆန့်ကျင်ရဲရအောင် သူမကိုယ်သူမ ကမ္ဘာကြီးရဲ့ အဓိကဇာတ်လိုက်များထင်နေလား?

ကျောက်ဟွေ့ချင်မှာ ဒေါသထွက်တာရော ရှက်တာရောပေါင်းကာ စိတ်ရှုပ်ထွေးနေတော့သည်။ သူအလွန်ချစ်ခဲ့ရသည့်တစ်ဦးတည်းသောသမီးရတနာသည် ဒီတစ်ခေါက်တော့ ပြဿနာအကြီးကြီးကိုရှာလာခဲ့ပေပြီ။ ပုံမှန်ဆိုလျှင် သူမဘယ်လောက်ပဲ ရူးသွပ်စွာပြုမူနေပါစေ ကျောက်ဟွေ့ချင်သည် သူမကိုအမြဲတမ်းကာကွယ်ပေးခဲ့သည်။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ သူမက ကပ်ဘေးကြီးတစ်ခုကိုဖန်တီးပေးလိုက်သည်။ ဟွေ့ချင်လုပ်ငန်းကို တခါတည်းဒေဝါလီပါခံရနိုင်တဲ့ကပ်ဘေးကြီးပေါ့!

ကျောက်ဝမ်မန့် ဖုန်းကိုတင်းတင်းဆုပ်ကိုင်ထားရင်း သူမမျက်နှာမှာ ဖြူသည်ထက်ဖြူဖျော့လာခဲ့သည်။ ထို့နောက် သူမက စိတ်ရှုပ်ထွေးမှုအပြည့်ဖြင့်မေးလိုက်သည်။ “သခင်လေးယန်? ယန်စစ်မင်လား?”

သူမက ရှောင်လင်းယွီကို ကာကွယ်ပေးနေသည့်အမျိုးသားကိုကြည့်လိုက်ကာ ထိတ်လန့်လာခဲ့သည်။

‘တကယ်ပဲယန်စစ်မင်လား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ရှောင်လင်းယွီက ဘယ်လိုလုပ် ယန်စစ်မင်နဲ့အတူရှိနေတာလဲ? သူတို့တကယ်ပဲ မနေ့ညကအတူတူအိပ်ခဲ့တာလား? ယန်စစ်မင်က ရှောင်လင်းယွီနဲ့အတူအိပ်ခဲ့လို့ ရှောင်လင်းယွီကုမ္ပဏီကိုလာပြီး လက်စားလာချေတာမှာ ကူညီပေးနေတာလား?’

ယန်စစ်မင်ဖုန်းတစ်ချက်ခေါ်လိုက်သည်နှင့် ယန်လုပ်ငန်းစုက ဟွေ့ချင်လုပ်ငန်းနှင့်ပူးပေါင်းသမျှကို ဖျက်သိမ်းသွားလေသည်။

ဟွေ့ချင်အုပ်စုသည် Zမြို့တွင် နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်သော်လည်း ယန်လုပ်ငန်းစုနှင့်ယှဉ်လျှင်တော့ ဘာမှဟုတ်မနေပေ။ နှိုင်းယှဉ်ရလျှင် ပုရွက်ဆိတ်နှင့်ဆင်တစ်ကောင်လိုပင်။

ဟွေ့ချင်အုပ်စုက သူတို့ပိုင်ဆိုင်သမျှပုံအောလျှင်တောင် ယန်လုပ်ငန်းစုကို ကိုင်လှုပ်နိုင်မည်မဟုတ်ပေ။ သို့သော်လည်း ယန်လုပ်ငန်းစုကတော့ တစ်လက်မလောက်ရွှေ့လိုက်သည်နှင့် ဟွေ့ချင်အုပ်စုကို အလွယ်လေးမြှုပ်ပစ်နိုင်သည်။

ကျောက်ဝမ်မန့်၏ရင်ထဲ ကြောက်ရွံ့မှုများပြည့်နှက်လာသော်လည်း ရှောင်လင်းယွီကိုကြည့်လိုက်မိသည်နှင့် သူမမျက်လုံးထဲတွင် အမုန်းတရားများတောက်လောင်လာပြန်သည်။ ထိုအမုန်းတရားများအောက်တွင်တော့ မနာလိုမှုများကိန်းဝပ်လို့နေသည်။ သူမအလွန်လည်း ဝမ်းနည်းမိသည်။

ကျောက်ဝေ့ချင်က ဖုန်းထဲကနေက ဆက်ပြီးအကျယ်ကြီးပြောဆိုနေသေးသည်။ “အမိုက်မလေး၊ နင်ဘယ်လိုများ မိုက်မိုက်မဲမဲနဲ့သခင်လေးယန်ကို အာခံလိုက်ရတာလဲ? နင်က ဟွေ့ချင်အုပ်စုကို ချောက်ကမ်းပါးဆီတွန်းပို့နေတာပဲ။ အခုကစပြီး နင် ငါ့သမီးမဟုတ်တော့ဘူး။ ကျောက်မိသားစုဝင်တစ်ယောက်မဟုတ်တော့ဘူး။” ကျောက်ဟွေ့ချင် ထိုစကားများကိုပြောနေချိန်တွင် သူ့အသံမှာ အလွန်အကြင်နာမဲ့လှသည်။

ကျောက်ဝမ်မန့်၏မျက်နှာမှာ အလွန်ဖြူရော်သွားကာ ကြောက်လန့်တကြားအော်ဟစ်တော့သည်။ “အဖေ၊ မဖြစ်ဘူး! သမီးပြောတာနားထောင်ပါဦး… သမီး သူက သခင်လေးယန်မှန်း တကယ်ကိုမသိခဲ့တာပါ။ သူ့ကိုအာခံဖို့လည်း ရယ်ရွယ်ချက်မရှိခဲ့ပါဘူး…” သူမဘယ်လောက်ပဲ ရှင်းပြဖို့ကြိုးစားပါစေ ကျောက်ဟွေ့ချင်က ဒေါသတကြီး သူမကို ဖြတ်ပြောလိုက်သည်။ “ကျောက်ဝမ်မန့်၊ နင်ဒီကိစ္စကို တမင်လုပ်တာတွေ မလုပ်တာတွေ ငါစိတ်မဝင်စားဘူး။ နင် သခင်လေးယန်ကို နင့်ကိုခွင့်လွှတ်အောင်တောင်းပန်ပြီး ဟွေ့ချင်အုပ်စုနဲ့ပူးပေါင်းမှုရုပ်သိမ်းတာကို ရပ်တန့်အောင်မလုပ်နိုင်ရင် နင် ငါ့သမီးမဟုတ်တော့ဘူး။ မစ္စကျောက်၊ ဒီစကားက မင်း ငါ့ဆီက နောက်ထပ်တစ်ပြားတောင် ရတော့မှာမဟုတ်ဘူးလို့ဆိုလိုတာပဲ။ ငါ့ကိုထပ်ပြီးအဖေလိုမခေါ်နဲ့!”

ကျောက်ဝမ်မန့်အလွန်ထိတ်လန့်ကာ မျက်ရည်များနှင့် တဖက်မှမမြင်ရတာတောင် ဆက်တိုက်ခေါင်းညိတ်လိုက်သည်။ “ဟုတ်-ဟုတ်ကဲ့ပါ၊ ဖေဖေ။ သမီး သခင်လေးယန်ရဲ့ခွင့်လွှတ်မှုရအောင် လုပ်ပါ့မယ်!”

သူမရင်ထဲတွင်တော့ အဆုံးမဲ့လှသည့်နောင်တတရားများဖြင့် ပြည့်လို့နေသည်။

သူမသာ အစကတည်းက ယန်စစ်မင်ကို မှတ်မိခဲ့မည်ဆိုလျှင် တမင်တကာအာခံတာမျိုးလုပ်လိမ့်မည်မဟုတ်ပေ။ ဒီလိုသာဆို အခုလိုနောက်ဆက်တွဲတွေလည်းရှိလာလိမ့်မည်မဟုတ်ပေ။

ကျောက်ဝမ်မန့်အတွက်တော့ ကိစ္စအားလုံးမှာ ယန်စစ်မင်၏အမှားသာဖြစ်သည်။ သူသာ သခင်လေးယန်ဆိုလျှင် ဘာလို့ အစောကမေးတုန်းက ငြင်းရတာလဲ? အခုတော့ သူက ဖိနှိပ်သည့်နည်းလမ်းများကိုသုံးကာ သူမကိုရော ဟွေ့ချင်အုပ်စုကိုပါ ဘေးဖြစ်စေသည်။ ဒီလူက အရမ်းဆိုးဝါးတာပဲ။

ကျောက်ဝမ်မန့် ဒေါသထွက်လွန်း၍ အံတင်းတင်းကြိတ်လို့ထားမိသည်။ သူမ၏ရှောင်လင်းယွီအပေါ်အကြည့်များက အဆိပ်ငွေ့များအပြည့်ပင်။ ‘ဒါတွေအားလုံး ဒီခွေးမရဲ့အမှားပဲ။ သူသာ ယန်စစ်မင်ကို ကုမ္ပဏီထဲ ခေါ်မသွင်းခဲ့ရင် ဒီလိုကိစ္စတွေဖြစ်လာစရာအကြောင်းကိုမရှိဘူး။’

ဒါကတော့ လူသားများ၏သဘာဝပင်။ ကျောက်ဝမ်မန့်သည် ရှောင်လင်းယွီကို ဒုက္ခပေးချင်ခဲ့သူဖြစ်သော်လည်း ယန်စစ်မင်ဝင်ရောက်လာမှုကြောင့် သူမအစီအစဉ်တွေအကုန်ပျက်စီးရပေပြီ။

ကျောက်ဝမ်မန့်သာ ရှောင်လင်းယွီကို အကွက်မချခဲ့လျှင် ရှောင်လင်းယွီကလည်း လမ်းပေါ်ကတွေ့ရာယောက်ျားတစ်ယောက်ကို ကုမ္ပဏီထဲဆွဲခေါ်မလာလောက်ဘူးမဟုတ်ဘူးလား?

ထို့အပြင် ကျောက်ဝမ်မန့်သာ ဘဝမြင်ပြီး သူမနဲ့သိတောင်မသိတဲ့လူတစ်ယောက်ကို ယောက်ျားလေးပြည့်တန်ဆာဟုမခေါ်ခဲ့ရင် ယန်စစ်မင်ကလည်း ဒီလိုတန်ပြန်မှုမျိုးလုပ်ရသည်အထိ သူမအပေါ် ဒေါသထွက်မှာမဟုတ်ဘူးမလား?

တိုတိုပြောရရင်တော့ ကိစ္စတွေအားလုံး ကျောက်ဝမ်မန့် ကိုယ်လုပ်လို့ ကိုယ်ခံနေရတာသာဖြစ်သည်။

ကျောက်ဝမ်မန့်သည် ယန်စစ်မင်နှင့်ရှောင်လင်းယွီကို အလွန်မုန်းနေသည်။ သို့သော်လည်း လက်ရှိတွင်တော့ သူမ ယန်စစ်မင်၏ခွင့်လွှတ်မှုကိုရယူကာ ယန်လုပ်ငန်းစုထပ်ပြီး ဟွေ့ချင်အုပ်စုနှင့်ပူးပေါင်းမှုလုပ်စေဖို့က အရေးအကြီးဆုံးကိစ္စဖြစ်ကြောင်း သိပေသည်။

အခုချိန်တွင် ယန်စစ်မင်က ရှောင်လင်းယွီဘေးတွင်ရှိနေပေးသော်လည်း ထိုယောက်ျားက အမြဲတမ်း သူမဘေးမှာကပ်တွယ်နေမည်မဟုတ်ကြောင်း ကျောက်ဝမ်မန့်သိသည်။ ဒီကိစ္စတွေသာ ဖြေရှင်းပြီးသွားရင် ကျောက်ဝမ်မန့်လည်း နောက်ထပ်နည်းလမ်းတွေထပ်ရှာကာ ရှောင်လင်းယွီကို လက်စားပြန်ချေလို့ရပေပြီ။

ကျောက်ဝမ်မန့်က ယန်စစ်မင်ထံသို့လျှောက်သွားကာ နှုတ်ခမ်းကိုကိုက် ခေါင်းကိုအတင်းငုံ့ပြီး နီရဲနေသည့်မျက်နှာဖြင့် ခပ်တိုးတိုးဆိုသည်။ “သခင်လေးယန်၊ ကျွန်မတောင်းပန်ပါတယ်! ကျေးဇူးပြုပြီး သဘောထားကြီးကြီးနဲ့ ကျွန်မရဲ့မသိနားမလည်မှုကို ခွင့်လွှတ်ပေးလို့ရနိုင်မလား?”

***

All Chapters