← Chapters

အမှန်တရား

Vol. 21 Ch. 348

အမှန်တရား

Vol. 21 Ch. 348

ချန်လီရန်ရဲ့ တုံ့ပြန်မှုက အရမ်းပြင်းထန်နေသည်။ သူမရဲ့ ထောင်ကိုသွားရမယ့်ကြောက်ရွံ့မှုက သူမလက်ကောက်ဝတ်ကနာကျင်မှုထက် ပိုကြီးမားနေသည်။

သူမခေါင်းကို ပြင်းပြင်းထန်ထန်ခါလိုက်ပြီးတော့၊

“မဟုတ်ဘူး မဟုတ်ဘူး ငါထောင်ထဲမသွားချင်ဘူး။ ငါဘာမှားတာမှ မလုပ်ထားဘဲ။ ငါထောင်ထဲကိုမသွားချင်ဘူး”

အဲ့ဒီအချိန်မှာ ရှောင်လင်းယွင်က ထေ့ငေါ့လိုက်ပြီးတော့

“ရှင်က လူသုံးယောက်ကို သတ်ဖို့ ကြံစည်ခဲ့တာလေ။ ပြီးတော့ ဒါအမှန်တရားပဲ။ ရှင်က ထောင်ထဲသွားမယ် မသွားဘူးဆိုတာကို ဆုံးဖြတ်ရမယ့်လူမဟုတ်ဘူး”

ရှောင်လင်းယွင်မှာ ဒီယောင်းမကြီးအပေါ်မှာ တကယ့်ကို ကောင်းမွန်တဲ့ထင်မြင်ချက်မရှိပေ။ သူမအတွက် နက်ရှိုင်းတဲ့အငြိုးကြီးမှုတစ်ခုတောင် ရှိ‌လိုက်သေးသည်။ ချန်လီရန်က ဘာမှမလုပ်ခဲ့ဘူးဆိုပေမယ့် ချန်မိသားစုနဲ့အတူတူ သူမရဲ့ဘဝကို ပိုခက်ခဲအောင်လုပ်ခဲ့သည်။

ချန်လီရန်ရဲ့ စိတ်ကမှောင်မိုက်နေသည်။ သူမအမေရဲ့ လက်ဖြတ်ခံလိုက်ရပြီးတာတောင် သူမပထမဆုံးတွေးခဲ့တာက လူသတ်မှုကို အပြီးသတ်ဖို့ဖြစ်သည်။ ဒါ့ပြင် တစ်ချိန်လုံးမှာ ချန်မိသားစုက သူတို့မှာ ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ပဲ ယုံကြည်နေခဲ့သည်။

သူတို့က မိန်းကလေးသုံးယောက်ကို အသက်မရှင်စေချင်ခဲ့ပြီး ချန်မိသားစုကို ရဲတွေဆီ အတိုင်မခံလိုပေ။ ဒီကြောက်စရာကောင်းတဲ့မိန်းမက ဘာကြင်နာမှုမျိုးနဲ့မှ မထိုက်တန်ပေ။

“ချန်လီရန်၊ ရှင်ပြန်ဝဍ်လည်မယ်လို့ ကျွန်မပြောသားပဲ။ ပြီးတော့ အခုဒီမှာရောက်နေပြီလေ”

ရှောင်လင်းယွင်က အရမ်းအေးဆေးတဲ့အသံနဲ့ ပြောလိုက်သည်။

“အရင်က ကွာရှင်းပြီးရင် ကျွန်မကလေးနှစ်ယောက်ကို ခေါ်သွားလို့ရတယ်လို့ ချန်တာ့ဝေ့ ကသဘောတူခဲ့တယ်။ ဒါပေမယ့် ရှင်ကကြားဝင်ခဲ့တယ်လေ”

“ကျွန်မရဲ့သမီးနှစ်ယောက်ကိုခေါ်သွားမှာကို တားဆီးဖို့ ရှင့်အဖေကို ရှင်ပြောခဲ့တာလေ။ အဲ့ဒါမှ ရှင့်ရဲ့အဖိုးတန်မောင်လေးကို နှောင့်ယှက်ဖို့ ကျွန်မက သူတို့ကို အသုံးမချမှာတဲ့”

“ကျွန်မသမီးတွေကို မိဘမဲ့ဂေဟာပို့ပစ်ဖို့ အကြံပြုခဲ့တာလည်းရှင်လေ။ အဲ့ဒါမှ သူတို့က ချန်ဖေပင်း ရဲ့အနာဂတ်ကို မထိခိုက်စေမှာတဲ့”

“ရှင်သာ ကျွန်မကို ကျွန်မကလေးနှစ်ယောက်နဲ့ သွားခွင့်ပြုခဲ့ရင် ရှင်တို့ ကျွန်မနဲ့ ရှင်းရှင်းလင်းလင်းဖြစ်သွားမှာပဲ။ ကျွန်မ ချန်ဖေပင်းနဲ့ ဘာမှမဆိုင်ချင်တော့ဘူး။ ရှင်လည်း နိမ့်ကျတဲ့ယောင်းမတစ်ယောက်ရှိလို့ ဆက်ပြီးဝေဒနာခံစားဖို့ မလိုတော့ဘူး”

“အရင်က ကျွန်မမိသားစုက ကလေးတွေကို အဝေးကိုခေါ်ထုတ်ချင်ခဲ့တယ်။ လူကုန်ကူးမှုနဲ့ ကျွန်မရဲ့မိဘတွေနဲ့ အဘိုးအဘွားတွေကို စွပ်စွဲတာလည်း ရှင်ပဲလေ။ ရှင်က သူတို့ကိုရိုက်နှက်ဖို့ လူတွေတောင်ခေါ်ပြီး ရဲစခန်းတောင်ပို့လိုက်သေးတယ်”

“ခုနကလည်း ရှင်က ရှင့်အမေရဲ့ အန္တရာယ်ကင်းမှုကို ဂရုမစိုက်ဘဲ ကျွန်မသမီးလေးတွေနဲ့ ကျွန်မကိုသတ်ဖို့ပဲ စိတ်ရှိနေခဲ့တယ်”

“ချန်လီရန်၊ ကိစ္စတွေတစ်ခုပြီးတစ်ခု ရှင်ဘယ်တုန်းကများ မပါဝင်ခဲ့လို့လဲ?”

ရှောင်လင်းယွင်က စွပ်စွဲလိုက်သည်။

“ချန်မိသားစုကို သားမမွေးပေးတာက အကုန်ကျွန်မအမှားပဲလို့ ရှင်တို့ကပြောတယ်”

“ကျွန်မနားမလည်ဘူး။ ချန်လီရန် ရှင်က‌ရော မိန်းမဟုတ်ဘူးလား? ရှင်က ချန်မိသားစုရဲ့ သမီးမဟုတ်ဘူးလား? ကျွန်မသမီးတွေနဲ့ ကျွန်မကို ဘာလို့အဲ့လောက်မုန်းနေတာလဲ? ချန်လီရန် ဘာလို့ရှင့်စိတ်က အဲ့လောက် အမှောင်ဖုံးနေရတာလဲ?”

ရှောင်လင်းယွင်က ဒီအချက်တွေကိုပြောပြလိုက်တာနဲ့ ချန်မိသားစုကပိုပြီး အရှက်တကွဲဖြစ်ခဲ့သည်။ ပြီးနောက်မှာ ရှောင်လင်းယွင်ရဲ့စူးရှတဲ့အကြည့်က မာမေ့ရှင်းဆီ လှည့်သွားသည်။

သူမမျက်နှာက အထင်သေးမှု စက်ဆုပ်မှုတွေနဲ့ ပြည့်နေပြီး

“မာမေ့ရှင်း ရှင့်မှာ နာမည်လှလှလေးရှိတာပဲ။ ဒါ တရုတ်လိုဆိုရင်‌တော့ လှပတဲ့နှလုံးသားလေးလို့ပြောတာပဲ။ ဒါပေမယ့်လည်း ဒါကလုံးဝကြီးမှားနေတာပဲ”

“ဒါပေမယ့် ရှင်ကသေချာပေါက် ချန်လီရန် ရဲ့အမေပဲလေ။ ရှင်တို့နှစ်ယောက်လုံးမှာ ဆိုးရွားတဲ့စိတ်တွေရှိပြီး အရမ်းရက်စက်ကြတယ်။ ကျွန်မသမီးတွေက အချောင်လိုက်တဲ့သူတွေလို့ ရှင်ကပြောနေတယ်။ ရှင့်သမီးကျတော့ရော? သူလည်း အချောင်သမားပဲမဟုတ်ဘူးလား?”

“ရှင့်သမီးကို ရတနာလေးတစ်ခုလို ဆက်ဆံနိုင်ရင် ရှင့်မြေးတွေကိုကျဘာလို့ လက်မခံပေးတာလဲ? ဘာလို့ သူတို့ကို အရမ်းရက်ရက်စက်စက်ဆက်ဆံနိုင်ရတာလဲ?”

“ကောင်းမွန်တဲ့အိမ်ထောင်ရှင်မတစ်ယောက်က မိသားစုတစ်ခုကို မျိုးဆက်သုံးဆက် ချမ်းသာအောင်လုပ်နိုင်တယ်။ ကျွန်မအမြင်တော့ ချန်မိသားစုက ရှင်တို့နှစ်ယောက်ကြောင့် ဖျက်ဆီးခံလိုက်ရပြီ”

ရှောင်လင်းယွင်က သူမရဲ့ မျိုသိပ်ထားတဲ့ ခါးသီးတဲ့ခံစားချက်တွေကို ချန်လီရန်နဲ့ မာမေ့ရှင်းဆီ ထုတ်ပြောလိုက်တော့သည်။ ဒီနှစ်တွေအားလုံးမှာ သူမက သူတို့ကို တကယ်ပဲမုန်းနေခဲ့သည်။ သူမကိုဆိုးဆိုးရွားရွားဆက်‌ဆံလို့မဟုတ်ဘဲ သူမသမီးတွေကို နှိပ်စက်လို့ မုန်းနေခြင်းဖြစ်သည်။

ဒီလူတွေဘာလို့အဲ့လောက် ရက်စက်ရတာလဲ?

သူတို့ ရှောင်လင်းယွင်ကို အပြင်လူတစ်ယောက်အနေနဲ့ ဆက်ဆံနိုင်ပေမယ့် ချန်လုလု နဲ့ ချန်ရို့ရို့ မှာ ချန်မိသားစုရဲ့သွေးပါတယ်လေ!

“ဘယ်လိုလုပ်တူမှာလဲ?”

မာမေ့ရှင်းက ပြတ်သားတဲ့အသံနဲ့ပြောလိုက်သည်။

“ငါ့သမီးမှာ ငါ့ဗီဇရှိတယ်။ ဒါပေမယ့် အဲ့ဒီကောင်မနှစ်ကောင်မှာ နင့်‌ဗီဇတွေရှိတယ်လေ။ ပြီးတော့ နင့်သွေးက တောသွေးပဲ။ ဒါငါတို့ကို မျက်နှာပျက်စေတယ်”

ဒါက ချန်မိသားစုက ရှောင်လင်းယွင်နဲ့ သူမရဲ့သမီးနှစ်ယောက်ကို ဘာလို့မုန်းရလဲဆိုတဲ့ တကယ့်အကြောင်းရင်းဖြစ်သည်။

“အဲ့လိုဆိုရင်တောင် ကျွန်မကို ရှင့်သားရွေးခဲ့တာလေ”

ရှောင်လင်းယွင်က ဒေါသထွက်နေသင့်ပေမယ့် ထူးထူးခြားခြား တည်ငြိမ်နေသည်။

သူမက ဆက်ပြီး

“အရင်က ကျွန်မကို လိုက်ခဲ့တာ ရှင့်အဖိုးတန်သားလေ။ ရှင် ကျွန်မကို အထင်သေးနေရင် ကျွန်မတို့လက်ထပ်ပွဲကို ဘာလိ့သဘောတူခဲ့လဲ? ဘာလို့ အရှက်ရစရာကို ရှင်တို့မိသားစုထဲ ခေါ်ခဲ့လဲ?”

“ငါတို့ကရော တကယ်မငြင်းချင်ဘူးလို့များ နင်ထင်နေတာလား?”

မာမေ့ရှင်းက ကျယ်ကျယ်လောင်လောင်နဲ့ပြောလိုက်သည်။

“နင်သာ ပင်းအာကို မပြုစားခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး။ သူ့ကို နင်နဲ့လက်ထပ်ဖို့ သဘောမတူမချင်း ပင်းအာက အစာအငတ်ခံဆန္ဒပြခဲ့တယ်။ မဟုတ်လို့ကတော့ နင့်နဲ့နိမ့်ကျတဲ့အဆင့်နဲ့ ဒီမိသားစုထဲ ဝင်လာလို့ရမယ်ထင်နေလား?”

“ဒါဆိုရင်တော့ ဒီဒုက္ခတွေအားလုံးရဲ့ရင်းမြစ်က ရှင့်သားပဲပေါ့”

ရှောင်လင်းယွင်က ပြတ်ပြတ်သားသားနဲ့ပြောလိုက်သည်။

မာမေ့ရှင်း က ရုတ်တရက်ဆို့နင့်သွားပြီး ဘာပြောရမှန်း မသိတော့ချေ။

ရှောင်လင်းယွင်က မျက်နှာမှာ ဘာခံစားချက်မှမရှိဘဲ ချန်ဖေပင်းကိုကြည့်လိုက်သည်။

သူမက နက်နက်နဲနဲအေးစက်မှုနဲ့

“ချန်ဖေပင်း၊ ရှင် ကျွန်မကို လက်ထပ်ခွင့်တောင်းတုန်းက ကျွန်မကို ဘာပြောခဲ့လဲဆိုတာ မှတ်မိလား?

တကယ်တော့ အဲ့ဒီအချိန်က ရှင့်မိသားစုက ကျွန်မတို့လက်ထပ်ပွဲကို သဘောမတူမှာ စိုးရိမ်ခဲ့တာ

ရှင်ဘာပြောခဲ့လဲ‌ဆိုတာ မှတ်မိလား?”

***

All Chapters